ချစ်သူ့ဝိုင်

14

Category:

ငယ်ငယ်တုန်းကပေါ့။ ၀ိုင်အရက်ဆို ချိုတာလို့ ကျွန်မထင်ခဲ့မိတာ။ ဖတ်ဖူးခဲ့တဲ့ ကဗျာရုပ်ပြ၀တ္ထုတွေ၊ နားထောင်ခဲ့တဲ့ သီချင်းတွေ အားလုံးနီးပါးထဲမှာ တင်စားသမျှ ၀ိုင်ဟာ ချိုပါသတဲ့။ ဒီတော့ ကျွန်မစိတ်ထဲစွဲနေတာ ၀ိုင်အရသာချိုသည်ပေါ့လေ။ နောက်ပြီး ကျွန်မက စပျစ်သီးကို သိပ်ကြိုက်တာ။ စပျစ်သီးက ထုတ်လုပ်တဲ့ စပျစ်ဝိုင်ကို သောက်ဖူးချင်လိုက်တာ အရမ်းပါပဲ။ ကျွန်မစိတ်ထဲထင်တဲ့ နောက်တစ်ချက်က ၀ိုင်ရဲ့အရောင်က စပျစ်သီးလို ခရမ်းရောင်ရင့်ရင့်လေးပေါ့လေ။ အင်း...ဒီလိုထင်ခဲ့မိတာ ကျွန်မ ၀ိုင်ဆိုတာကို မသောက်ဖူးခင် အချိန်အထိပေါ့။ ကျွန်မက ၀ိုင်မပြောနဲ့ ဘီယာတောင် မသောက်ဖူးပါဘူး။ အမေက မှာထားတယ်လေ။ မိန်းကလေးနဲ့ အယ်လ်ကိုဟောနဲ့ မအပ်စပ်ကြောင်း၊ မသောက်သင့်ကြောင်းပေါ့။ ကျွန်မကလည်း သမီးလိမ္မာလေးပီပီ အမေ့စကားနားထောင်ခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာ ကျွန်မပညာဆည်းပူးခဲ့တဲ့ ကာလတစ်ခုအတွင်း အဲဒီ့ဝိုင်ဆိုတာကို မြည်းစမ်းကြည့်ခွင့်ရခဲ့တယ်။ မိဘကွယ်ရာမို့ အမေစကားနားမထောင်တာ မဟုတ်ဘူးနော်။ ကျွန်မ ငယ်ငယ်တည်းက စိတ်ဝင်တစားရှိခဲ့ သောက်သုံးကြည့်ခဲ့ချင်တဲ့ ၀ိုင်ဆိုတာကို အရသာသိရုံ၊ မြည်းကြည့်ချင်ရုံ ဆန္ဒသက်သက်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မချစ်သူက ၀ိုင်စိတ်ဝင်စားတဲ့သူ ဖြစ်နေတာလေ။ သူက ၀ိုင်သိပ်ကြိုက်သူ မဟုတ်ပေမယ့် ၀ိုင်ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ရာ စိတ်ဝင်စားပါတယ်တဲ့။ ၀ိုင်နဲ့ပတ်သက်တဲ့ စာအုပ်တွေဝယ်ပြီးဖတ်တာ စုံလို့။ သူသိသမျှ ၀ိုင်ဗဟုသုတလည်း ကျွန်မကို ပြန်ပြောရတာ မမောနိုင် မပန်းနိုင်။

နေ့စဉ် ၀ိုင်တစ်ခွက်နှုန်းသောက်ပေးရင် အသက်ရှည်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ အသားကင်နဲ့ ပိုလိုက်ဖက် ကြောင်း၊ ညစာမစားခင် ခံတွင်းရှင်းတဲ့အနေနဲ့ သောက်လေ့ရှိကြကြောင်း၊ စပျစ်သီး အမျိုးအစားပေါ် မူတည်ပြီး အရောင်အရသာကွဲကြောင်း၊ နှစ်ချို့ဝိုင်တစ်ပုလင်းရဲ့ဈေးနှုန်း ဘယ်လောက်ကြီးကြောင်း ... အို စုံနေတာပဲ။  ကျွန်မကတော့ ၀ိုင်အကြောင်းအရာထက် ၀ိုင်အရသာ မြည်းဖို့ကိုပဲ ပိုစိတ်ဝင်စားတာ။ သူပြောပြလို့သာ ကျွန်မသိရတာ။ ၀ိုင်ဖြူ၊ ၀ိုင်နီအပြင် ပီနားနွားလို အရောင်မှောင်မှောင်နဲ့ ၀ိုင်လည်းရှိသတဲ့။   ၀ိုင်ဖြူက အမျိုးသမီးတွေအတွက်၊ ၀ိုင်နီက အမျိုးသားတွေ အတွက်ဆိုပဲ။ နှစ်မျိုးလုံးသောက်နေကြတာပါပဲ။ ကျွန်မကတော့ ၀ိုင်ကို စပျစ်ရောင်ထင်မှတ်ထားသူပီပီ ရေသာသာ အရာင်မရှိတဲ့ ၀ိုင်ဖြူတော့ မသောက်ချင်ပါဘူး၊ ၀ိုင်နီလို အရောင်ပါတဲ့ ၀ိုင်ပဲသောက်ချင်တာလို့ ချစ်သူကို ပြန်ပြောလိုက်သေးတာ။ 

ဒါနဲ့တစ်ရက် သူက သြစတေးလျနိုင်ငံထုတ် ၀ိုင်နီတစ်ပုလင်းဝယ်လာပါရော။ ဟန်နီမြည်းကြည့်ရအောင်တဲ့။ ၀ိုင်ပုလင်း ကိုဖွင့်လိုက်တော့ အချဉ်ဓာတ်ပါတဲ့ ရှတတ အနံ့တစ်ခု ရတယ်။ ဖန်ခွက်ထဲထည့်လို့ အားရပါးရ တစ်ကျိုက်မော့အပြီး ကျွန်မ သိပ်အံ့သြသွားတယ်။ ဟင်...မောင်ရယ် ၀ိုင်ကချဉ်ချဉ်ကြီး။ ကျွန်မတစ်သက်လုံး စွဲထင်မှတ်ခဲ့တဲ့ ၀ိုင်အရက်ချိုက ၀ိုင်အရက်ချဉ်ဖြစ်နေပါပေါ့လား။ မောင်ကရယ်ပြီး ၀ိုင်အရသာက ချဉ်တယ်လေ ဟန်နီရဲ့တဲ့။ ကျွန်မရင်ထဲ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိပါဘူး။

နောက်ပိုင်း ပြင်သစ်ဝိုင်နီကိုလည်း စမ်းမြည်းကြည့်လိုက်သေးတယ်။  သူကနဲနဲပေါ့ပေမယ့် ချဉ်တာကချဉ်တာပါပဲ။ သြစကြေးလျဝိုင်ကိုတော့ ပိုကြိုက်တယ်။ ကျွန်မနဲ့ တစ်ဆောင်တည်းနေတဲ့ အင်္ဂလိပ်မလေးသောက်တဲ့ ဂျာမန်ဝိုင်ဖြူ တစ်မျိုးက ချဉ်စူးတဲ့အရသာ သိပ်မထွက်ဘဲ သောက်လို့ ကောင်းသား။ ဒါပေမဲ့ ကျွန်မက ဘယ်လောက် အရသာ ကောင်းကောင်း ၀ိုင်ဆိုအရောင်နဲ့မှ သောက်ချင်တာ။

တစ်ရက် မောင့်ဆီသွားလည်တော့ မောင်က ဖန်ပုလင်းကြီးတစ်လုံး၊ သာမိုမီတာအကြီးကြီးရယ်၊ ဖန်ပြွန်ကတော့တွေရယ်နဲ့ အလုပ်ရှုပ်နေတာ။ မောင် ဘာတွေလုပ်နေတာလဲဆိုတော့ ၀ိုင်စပ်နေတာတဲ့။ Tesco က စပျစ်သီးတွေ အထုပ်လိုက်ဝယ်၊ ပိတ်ဖြူစတွေနဲ့အရည်ညှစ်ပြီး ဖုန်ပုလင်းကြီးထဲထည့်ဖို့ ကြိုးစားနေတာ ကျွန်မမြင်တော့ မအံ့သြဘဲ မနေနိုင်တာအမှန်။ မောင်က အဲလိုပဲ... သူလုပ်ချင်တာ၊ စမ်းသပ်ချင်တာ ရအောင်လုပ်ဖို့ ကြိုးစားစမ်းသပ်ဖို့ ၀န်မလေးသူ။ ပြီးတော့ မောင်က ဉာဏ်အရမ်းကောင်းတယ်။ ကိုယ့်ချစ်သူမို့ ကြွားတာမဟုတ်ပါဘူး။ သူက အကြောင်းအရာတစ်ခုကိုမြင်ပြီး ချက်ခြင်းကြည့်ပြီးဖြစ်ဖြစ်၊ စာထဲမှာဖတ်လိုက်ရတာဖြစ်ဖြစ် အဲဒီ့ထဲကအတိုင်း ပြန်လုပ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်တတ်တယ်။ ခုလည်းကြည့်လေ... စာအုပ်ဖတ်ပြီး ၀ိုင်ကို ကိုယ်တိုင် ဖော်စပ်ကြည့်နေတာ။ မြန်မာပြည် ပြန်ဖြစ်ရင်တောင် ၀ိုင်ထုတ်လုပ်ဖို့ စပျစ်ခြံစိုက်ဖို့ ပုပ္ပါးလိုဒေသမျိုးနဲ့ ရာသီဥတုဟာ သင့်တော်ကြောင်း သူလေ့လာ ထားပြီးပြီဆိုပဲ။ 

မောင်ရဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်လိုက်ပါဘူး။ အပူချိန်ဒီဂရီအတိုင်းအဆ လိုသွားလိုတဲ့။ မောင်က မကျေနပ်လို့ နောက်တစ်ခါထပ်ကြိုးစားတာ ဒုတိယတစ်ခေါက်တော့ အောင်မြင်သွားပါတယ်။  အရောင်ကလည်း သိပ်မနီဘဲ ကျွန်မကြိုက်တဲ့ စပျစ်ရောင်ရင့်ရင့်လေးထွက်လာတယ်။ သူစပ်ထားတဲ့ ၀ိုင်ကို သူနဲ့တစ်ဆောင်တည်းနေ ကျောင်းသားတွေကို  ပေးမြည်းလို့ သူ့ရဲ့ ၀ိုင်ဖွင့်ပွဲ ကျင်းပလိုက်သေးတယ်။ ပထမတစ်ငုံသောက်ပြီးသူတိုင်း မှတ်ချက်ပေးတာ “မင်းစပ်တဲ့ဝိုင်က ချိုလိုက်တာတဲ့” မောင်ပြန်ဖြေပုံလေး ကြည့်လိုက်ပါဦး။ “ဟုတ်ကဲ့၊ ကျွန်တော့်ချစ်သူက ၀ိုင်အရသာချိုချို သောက်ချင်တယ်ဆိုလို့ အချိုဓာတ်ရအောင် ကြိုးစားစပ်ထားတာပါ ခင်ဗျာ” တဲ့။ 

ဒီလိုနဲ့ ကျွန်မဟာ ချစ်သူကိုယ်တိုင်ဖော်စပ်ပေးတဲ့ ၀ိုင်ချိုတစ်ခွက်ကို သောက်သုံးခွင့်ရဖူးတဲ့ ကံထူးသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ရှင်တို့ ယုံကြတယ်မဟုတ်လား...။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

နင်နဲ့ငါ

9

Category: ,

တစ်ယောက်က ဖြူပြီး
တစ်ယောက်ကညိုတယ်

တစ်ယောက်ကသွယ်ပြီး
တစ်ယောက်ကပြည့်တယ်

မွေးချင်းထဲမှာ အကြီးဆုံးဖြစ်တဲ့ငါနဲ့
အငယ်ဆုံးဖြစ်လို့ ချွဲတတ်တဲ့နင်

စိတ်မြန်လက်မြန်လုပ်တတ်၊ လောတတ်တဲ့ငါနဲ့
ဖြည်းဖြည်းအေးအေး နှေးတတ်တဲ့နင်

ည ည ခေါင်းချတိုင်း အိပ်မပျော်တတ်တဲ့ငါနဲ့
မနက် မနက် စောစောနိုးတတ်တဲ့နင်

မြန်မာစာကို မနက်နေ့လည်ည ခုံမင်စွာ စားချင်တဲ့နင်နဲ့
ဆီများတဲ့ မြန်မာစာကို ရှောင်ချင်တဲ့ငါ

အဝတ်တွေ တန်းမှာပြည့်နေရင် ကြည့်မရတဲ့နင်နဲ့
ဘေစင်မှာ ပန်းကန်တွေပုံနေရင် မကြိုက်တဲ့ငါ

တစ်ခုခုဖြစ်တိုင်း ဆေးသောက်တတ်တဲ့နင်နဲ့
ဘာဖြစ်ဖြစ် ဆေးမသောက်ဘဲ ခေါင်းမာတတ်တဲ့ငါ

ဒီလို...နင်နဲ့ငါကြား မတူညီတာတွေရှိသလှို...


ကဗျာစာပေ ဝါသနာပါတာခြင်းတူ

အားပေးတဲ့ ဘောလုံးအသင်းခြင်းတူ

(ကိုငှက်)ရဲ့ အနုပညာကို လေးစားခုံမင်တာခြင်းတူ

ကောင်းကင်နဲ့ကြယ်တွေကို ချစ်တတ်တာခြင်းတူ

မီဆိုဟင်းချိုကြိုက်တတ်တာခြင်းတူ

အစာအိမ်အောင့်တတ်တာခြင်းတူ

ရောမပြည်ကို အရောက်သွားလည်ဖို့ ဆန္ဒရှိတာခြင်းတူ

အရာရာကို သံယောဇဉ်ကြီး စွဲလန်းတတ်တာခြင်းတူ

တူညီတာတွေလည်း ရှိတယ်...


တစ်ယောက်ရဲ့အခက်အခဲ တစ်လှည့်စီကူညီဖြေရှင်းကြရင်း

ဆိုးတူကောင်းဖက် ခံစားချက်တွေ ဖလှယ်ရင်းနဲ့

ရွာသားရေးဖူးတဲ့ ခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာမှာ

တူညီမှု၊ မတူညီမှုတွေနဲ့အတူ နေထိုင်ကြရင်း

ငါတို့ရဲ့   ချစ်ခင်မှုတွေ ၁၉နှစ်တိုင်ခဲ့ပေါ့။
                                                  

အဖြူရောင် သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ဇွန်မိုးစက်


သူငယ်ချင်းရေ... ဒီကဗျာလေး နင်ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။း)

P.S. နှစ်ယောက်စလုံးအတွက် လျှော့လျှော့ပေါ့ပေါ့နဲ့ သွယ်တယ် ပြည့်တယ်လို့ပဲ ငါသုံးလိုက်တယ်နော်။ :P

ကိုတာတင်ဂီမှ အပြန်

10

Category:

လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက  တရုတ်နှစ်ကူးပိတ်ရက် မလေးရှားနိုင်ငံမှာ စီစဉ်ပြုလုပ်ပေးတဲ့ တရားစခန်းဝင်ဖို့ ဆန္ဒရှိခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်ခဲ့ဘဲ ဒီနှစ်ကျမှ လိုက်ဖြစ်ပါတယ်။ မနှစ်က ကိုးရက်စခန်း နှစ်ခါဝင်ဖြစ်ထားလို့ ခွင့်တွေလည်းကုန်သွားပါပြီ။ ဒီနှစ်ထဲမှာ ရက်ရှည်စခန်း ထပ်ဝင်ဖြစ်လိမ့်မယ်လို့ နှစ်စတုန်းက ထင်မထားခဲ့ပေမယ့် ခွင့်သုံးရက်ယူရုံနဲ့ ကိုးရက်စခန်းဝင်နိုင်တာရယ၊် အလုပ်ပိတ်ရက်ကို အကျိုးရှိရှိကုန်လွန်ချင်တာရယ်၊ စိတ်နှလုံးအေးချမ်းမှုကို မက်မောတာရယ်၊  မလေးဗီဇာအဆင်သင့်ရှိနေတာရယ်၊ အများသူငါလို မြန်မာပြည် မပြန်ဖြစ်တဲ့ကိုယ် အနည်းဆုံး တစ်နှစ်မှာတစ်ခါလောက်တော့ စကာင်္ပူကျွန်းလေးပေါ်က ခဏဖြစ်ဖြစ် ခွာချင်တာရယ် ပေါင်းပြီး အနောက်မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ်က ကိုတာတင်ဂီလို့ အမည်ရတဲ့မြို့လေးမှာ ဖေဖော်ဝါရီလ ၁၃ရက်ကနေ ၂၁ရက်နေ့ထိ ကိုးရက်တရားစခန်းဝင်ဖို့ စိတ်အားသန်သန်နဲ့ စာရင်းပေးဖြစ်ခဲ့ပါတယ်။ တကယ်တမ်း စခန်းဝင်ဖြစ်ပြီးမှ ကိုယ့်ဆုံးဖြတ်ချက် သိပ်မှန်သွားကြောင်း သိလိုက်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့နှစ်နှစ်ကပဲ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရားတော်တွေ ပထမဆုံးစတင်နာခဲ့ရတာပါ။ အဲဒီတုန်းက တရားတော်နာခွင့်ရလိုက်ပေမယ့် ဘယ်ဆရာတော်ဆိုတာ မသိခဲ့ပါဘူး။ တရားကောင်းလိုက်တာလို့ပဲ သိလိုက်ပါတယ်။ အခုတစ်ခေါက်တရားစခန်းဝင်ဖြစ်လို့ ဆရာတော်ဘုရားရဲ့တရားတွေ ကိုယ်တိုင်ကိုယ်ကျ နာယူခွင့် ရလိုက်တော့မှ ပြန်မှတ်မိသွားပါတယ်။ အရင်ကနားနဲ့ကြားနာရုံသက်သက်ပဲနာခဲ့၊ ရေးမှတ်လေ့မရှိခဲ့တဲ့ကိုယ်ဟာ ဒီကိုးရက်အတွင်းမှာ ဆရာတော်ဟောကြားတော်မူခဲ့တဲ့ တရားအနှစ်ဗဟုသုတတွေ ရသလောက် လိုက်ရေးမှတ်တဲ့အကျင့် ရသွားပါတယ်။ နားလည်းထောင်၊ မှတ်လည်းမှတ်၊ ရေးလည်းရေးဆိုတော့ ပိုမှတ်မိပြီး ရင်ထဲစွဲသွားပါတယ်။

တရားမှတ်တရားထိုင်ခဲ့တဲ့ အတွေ့အကြုံများကိုတော့ ရေစက်ရှိလို့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ဓမ္မမိတ်ဆွေတစ်ဖြစ်လဲ  ဘလော့ရေးဖော်ရေးဖက် အစ်မ ချစ်ကြည်အေး ရဲ့ 'မဂ္ဂင်ဖောင်စီး ကိုးရက်ခရီး' မှာ သွားရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။ စာတွေဖတ်ပြီး ကိုယ်ထင်ထားတဲ့ပုံစံနဲ့ ကွဲလွဲနေခဲ့တဲ့ အစ်မချစ်ရဲ့အားထုတ်မှုဟာ ကိုယ်တို့လိုယောဂီငယ်တွေအတွက် တကယ့်ကို လေးစားအားကျ အတုယူရလောက်အောင် စံပြဖြစ်ခဲ့တာ အမှန်ပါပဲ။ အစ်မက နာမည်နဲ့လိုက်အောင်လည်း အေးချမ်းကြည်လင်ပြီး ချစ်ခင်စရာကောင်းသူတစ်ယောက်ပါ။း)

ဘုန်းကံကြီးမားလှတဲ့ မြတ်စွာဘုရားရဲ့သာသနာတော်ကို ကြည်ညိုခွင့်၊ မှီခိုခွင့်ရထားတာကို တွေးမိတိုင်း ကြည်နူး ပီတိဖြစ်ရပါတယ်။ ဗျာဒိတ်တော်ရပြီးနောက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ပြီးမှ ရလာခဲ့တဲ့ သစ္စာလေးပါး တရားတော်မြတ်ကို  ကိုယ်တိုင်ထိုးထွင်းသိမြင်ဖို့၊ အသိတရားကနေ လက်တွေ့ကျင့်ကြံအားထုတ်ဖို့  ဆရာတော် အရှင်ဇာနေယျက စေတနာထက်ထက်သန်သန်နဲ့ နေ့စဉ်ဟောပြောလမ်းညွှန်ပေးခဲ့ပါတယ်။ လက်ထောက်တရားပြ ဆရာတော်နှစ်ပါးကလည်း  ယောဂီများအားလုံးအပေါ် မေတ္တာစေတနာရှေ့ထားပြီး တရားပို့ပေးကြပါတယ်။ ဆရာတော်ဘုရားနဲ့ တရားပြဆရာတော်နှစ်ပါးရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ဒီနေရာကနေပဲ ကန်တော့လိုက်ပါတယ်။

အနှိုင်းအဆမရှိအောင်ကြီးမားလှတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ကျေးဇူးတော်ကို ရခဲလှတဲ့ လူ့ဘ၀ရခိုက်လေးမှာ ဒါန၊ သီလနဲ့ တင်မကဘဲ ဘာဝနာတရားနဲ့ပါ အတတ်နိုင်ဆုံး အားထုတ်ကြိုးပမ်းပြီး ဆပ်သင့်ပါလားဆိုတဲ့ အသိက ကိုတာတင်ဂီမှ အပြန်လမ်းတစ်လျှောက် ကိုယ့်ရင်ထဲမှာ စူးစူးနစ်နစ်ဝင်ရောက်ခဲ့ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

(တရားစခန်းဖြစ်မြောက်အောင် အစီအစဉ်တကျ စီမံဆောင်ရွက်ပေးကြတဲ့ SMC မှ ကိုဇော်မိုးစံ၊ မသန်းသန်းဌေးနဲ့တကွ အဖွဲ့သူ၊ အဖွဲ့သားများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။)

true love

9

Category:

ကိုယ့်အချစ်ဆုံးသူငယ်ချင်းက ကိုယ်တို့နှစ်ယောက်ကြား ခံစားမိတာတွေချရေးဖို့ ပေးခဲ့ဖူးတဲ့စာတစ်အုပ်ရဲ့ အဖွင့်မှာ ဒီလိုလေးရေးထားတယ်။

“ဘယ်သူရေးမှန်းလည်းမသိဘူး
ကဗျာလို့ ထင်ရပေမယ့် ကဗျာနဲ့လည်း သိပ်မတူဘူး
သိပ်ကြိုက်တာပဲ

...

ဟိုးအရင်က အရပ်ရှည်ရှည် ဖြူဖြူသွယ်သွယ်နဲ့ သူ့ကို

လူတွေက ချောတယ်လို့ ပြောကြတယ်

ကျွန်တော်ကတော့ မပြောနိုင်ခဲ့ပါဘူး

ဘာဖြစ်လို့လဲဆိုတော့ ...

ကျွန်တော်က သူ့ကို ချစ်နေတာကိုး   ။


ဆံပင်တွေဖြူ သွားတွေကျိုးလို့ လူတွေက သူ့ကို

အဖွားကြီးဖြစ်ပြီလို့ ပြောကြတယ်

ကျွန်တော်ကတော့ မပြောနိုင်ခဲ့ပါဘူး

ဘာဖြစ်လို့လဲဆိုတော့...

ကျွန်တော်က သူ့ကို ချစ်နေတာကိုး   ။

...

ဖတ်ပြီးပြီးချင်း ကိုယ်လည်းသိပ်ကြိုက်သွားတယ်။

အဲဒီ့ကဗျာ(စာ)ထဲက ကျွန်တော်ဆိုတဲ့လူရဲ့ ခံစားချက်ကို အားကျအသိအမှတ်ပြုလိုက်တယ်။ သူ့ဘဝတစ်လျှောက်လုံး သူချစ်ရတဲ့သူကို မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်သွားကြောင်း ဖော်ပြထားတာလေးက သိပ်လှတယ်။ 'true love' လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် အချစ်စစ်ဆိုတာထက် မေတ္တာစစ်လို့ ကိုယ်ပြန်ဆိုချင်ပါတယ်။ ချစ်သူတိုင်း အပြန်အလှန် မေတ္တာစစ်နဲ့ ဆံပင်တွေဖြူ သွားတွေကျိုးတဲ့အထိ မေတ္တာထားနိုင်ကြရင် သိပ်ကောင်းမှာပဲလို့...။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

အိပ်ပျော်သွားတဲ့အဖွား

7

Category:

အဖွားက ကရင်လူမျိုးပီပီ ရိုးတယ်။ အဆောင်အယောင်မာန်မာနမရှိဘဲ အေးအေးဆေးဆေးနေတတ်လို့ အဖွားကို ကြည့်လိုက်ရင် အမြဲအေးချမ်းနေတယ်။ 

အဖွား အိမ်ကို ညအိပ်ညနေလာတဲ့အခါ ကိုယ်တို့မောင်နှမနှစ်ယောက်နဲ့အမြဲအတူအိပ်ပြီး ကျောပြင်ကိုတစ်လှည့်စီ ပွတ်သပ်ပေးလို့ အိပ်ရာဝင်သမ္မာကျမ်းစာထဲက ပုံပြင်တွေပြောပြလေ့ရှိတယ်။

ကိုယ့်ကို ခရစ်ယာန်ဘာသာဝင်ဖြစ်စေချင်ခဲ့တဲ့အဖွား၊ ကိုယ့်မျက်ခုံးကို မရိတ်ဖို့ ပြောကြားခဲ့တဲ့အဖွား၊ ပြီးခဲ့တဲ့ ဒီဇင်ဘာနှစ်ဆယ့်ငါးရက်နေ့က ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေလို့ ဖုန်းထဲကနေ နှုတ်ခွန်းဆက်သခဲ့တဲ့အဖွား လူ့ဘ၀ကိုရှစ်ဆယ့်နှစ်နှစ်ကြာဖြတ်သန်းခဲ့ပြီး ခရစ်တော်ထံပါးမှာ မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်သွားခဲ့ပါပြီ။

အဖွား ကောင်းရာသုဂတိလားပါစေ။

အေးချမ်းသာယာတဲ့ နောက်ဘ၀သစ်ကို ရရှိပါစေလို့ သမီးဆုတောင်းမေတ္တာပို့သလိုက်ပါတယ် အဖွားရေ။


အဖွားကိုသတိရနေတဲ့
အဝေးရောက် မြေးတစ်ယောက်

ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)

14

Category:

ချစ်ခင်ရပါတဲ့ မမသီတာ တဂ်လုပ်တယ်ဆိုတော့ ဘာများလဲလို့ ရင်ထိတ်သွားသေးတယ်။  ဟိုတစ်ခါ လုပ်အားပေးကျောင်းမှာ ဇွန့်ကို မြန်မာဝတ်စုံလေးနဲ့ တွေ့လိုက်လို့ သဘောတွေကျ အထင်တွေကြီးပြီး ဒီညီမလေးမှာတော့ အဲလိုဝတ်စုံတွေ အများကြီးရှိမယ်ထင်လို့များ တဂ်လိုက်ပါသလား မမရေ။ တကယ်တော့ ဇွန်က အဲဒါလေးပဲရှိလို့ ရှိတာလေးကိုပဲ ထုတ်ထုတ်ပြီး လုပ်စား...အဲ.. ဝတ်စားနေသူပါ။

ဇွန်ငယ်ငယ်က လုံချည်သိပ်မဝတ်ဖြစ်ဘူး။ ရှစ်တန်းနှစ်ရောက်မှ ကျောင်းစိမ်းလုံချည်စဝတ်ပါတယ်။ ပိန်ပိန်လေးဆိုတော့ အခုထက်ပိုကြည့်လို့ကောင်းခဲ့မယ်ထင်တယ်။ အပြင်တွေဘာတွေထွက်ဖြစ်ရင်လည်း လုံချည်သိပ်မဝတ်ဖြစ်ဘူး။ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲအတွက် ဆုယူတုန်းက အဖေပို့လိုက်တဲ့ ဂျပန်ကီမိုနိုပန်းရောင်ခံမှာ ချယ်ရီပွင့်လေး တွေပါတဲ့ လုံချည်ဝတ်ခဲ့တယ်။  အမေက အပြာရောင်ဝတ်တယ်။ အရောင်ကွဲပေမယ့် သားအမိနှစ်ယောက် အပွင့်တူအဆင်တူပေါ့။ အဲဒီ့ကီမိုနိုလေးကို သိပ်ကြိုက်ပါတယ်။

ဇွန်က ဂျီးမများတတ်တော့ ငယ်ငယ်တည်းက အမေဆင်ပေးတာမှန်သမျှ အကုန်ဝတ်တယ်။ ဟိုတုန်းက အမေကလည်းပိန်တော့ သားအမိနှစ်ယောက်ဆိုဒ်သိပ်မကွာလို့ တစ်ချို့ဝမ်းဆက်ကောင်းကောင်းလေးတွေဆို အမေမဝတ်တော့ဘဲ ဇွန့်အတွက် သိမ်းထားပေးတယ်။ လုံချည်အမျိုးအစားတော့ သိပ်မခွဲတတ်ဘူး။ ဘီဘဲလ်လုံချည်တွေ ဝတ်ဖူးတယ်။ ယောလုံချည်ဝတ်ဖူးတယ်။ စိန်မိုက်ကယ်ဝတ်ဖူးတယ်။ အိရှန်လိုပျော့ပျော့အသားလေးတွေလည်း ၀တ်ဖူးတယ်။  ရခိုင်လုံချည် ရေညှိစိမ်းရောင်လက်ဆောင်ရဖူးပေမယ့် မ၀တ်ဖြစ်လိုက်ဘူး။ ခုအသက်အရွယ်ထိ တစ်ခါမှ မ၀တ်ဖူးသေးတာတော့ ပါတိတ်ဝမ်းဆက်ပါ။

နောက်ထပ်ကြိုက်မိတဲ့ တစ်ထည်က အပြာနုရောင်လွင်လွင်အခံပေါ်မှာ နီညိုရောင်ကနုတ်သဏ္ဍာန်ဒီဇိုင်းကို ရွှေရောင်ကွပ်ထားတာ။ အမေ့အတွက် အဖေ၀ယ်ပေးတာပါ။ ချုပ်ပြီးတော့ အမေက ဇွန့်ကိုပဲအရင်ပေးဝတ်ပြီး ပွဲထုတ်လိုက်ပါရော။ အဲဒါလေးက ဇွန်နဲ့လည်းလိုက်ပြီး သိပ်ကြိုက်တာမို့ အလျင်းသင့်သလို ခဏခဏ၀တ်ဖြစ်ပါတယ်။ နောက်တစ်ထည်က အ၀ါခံမှာ အမည်းနဲ့ရွှေချည်ထိုးစပ်ထားတာ (အဲဒါလည်း အဖေ၀ယ်ပေးတာပါ)။ အစ်မ၀မ်းကွဲမင်္ဂလာဆောင်မှာ တစ်ခါလားဝတ်ပြီး ထပ်မ၀တ်ဖြစ်တော့ဘူး။ အရောင်တောက်တော့ ပွဲနေပွဲထိုင်ကျမှ ၀တ်လို့ကောင်းတာကိုး။ သိပ်ကြိုက်ပြီး မ၀တ်ဖြစ်ဘဲ အလွမ်းပြေထုတ်ကြည့်ရုံဖြစ်သွားတာ။

ဇွန်ကျောင်းပြီးလို့ မြန်မာပြည်ပြန်သွားတဲ့အခါ အမေ့သမီးပိန်ပိန်လေးဘ၀ကနေ ၀၀လေးဘ၀ပြောင်းသွားလို့ အရင်ဝတ်ခဲ့တဲ့လုံချည်အင်္ကျီတစ်ထည်မှ မတော်တော့ပါဘူး။  စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာတတ်နိုင်မလဲကွယ်။ မျှော်လင့်တကြီးနဲ့ ဓာတ်ပုံစောင့်ကြည့်မယ့် အစ်မသီတာအတွက် ခုလောလောဆယ် ဇွန်ရဲ့ ရှိစုမဲ့စု သုံးထည်ကို ထုတ်ပြရပါတော့မယ်။ ချည်းသားစစ်စစ်တော့မဟုတ်ဘူး၊ ဆီလွန်လို့ သူငယ်ချင်းက ပြောပါတယ်။ သုံးထည်လုံး  ဒူးနားချိတ်ဖြစ်နေတယ်။ ပွဲနေပွဲထိုင် အကောင်းစားလည်း မဟုတ်ပါဘူး။ သင့်ရုံပါပဲ။ ဘုန်းကြီးကျောင်းသွား ကျောင်းတက်အတွက်တော့ အဆင်ပြေပါတယ်။

မသီတာအကြိုက် ခရမ်းပြာလေးက ပွဲတိုင်းကျော်တဲ့ ကိုယ့်ဖာသာကင်ပွန်းတပ်ထားတာ။ ၀မ်းဆက်ဆိုလို့ ဒါလေးပဲရှိတာပါရှင်။ စင်္ကာပူက ဘုန်းကြီးကျောင်းလေးကျောင်းမှာ ငါးခါဝတ်ပြီးပြီဆိုကတည်းက သဘောပေါက်။ အံမယ် ဒါလေးဝတ်လိုက်တိုင်း ကြည့်လို့ကောင်းတယ်လို့ ပြောကြတာပဲ။ (ဓာတ်ပုံထဲမှာကျတော့ အပြင်မှာလောက် အရောင်မတောက်တော့ဘူး အစ်မရေ)

ညာစွန်က အနီရင့်ရောင်က တလောကမှ အမေ့ကိုလှမ်းမှာလို့ ထည့်ပေးလိုက်တာ။  မြန်မာပြည်မှာတုန်းက  ပိတ်ဖောက်ဇာပန်းရောင်နဲ့တွဲဝတ်ဖူးတယ်။ ခုတော့ အဲဒါနဲ့ဝတ်ရမယ့်အင်္ကျီ မတော်တော့လို့  တွဲဝတ်ဖို့ အပေါ်အင်္ကျီ ရှာနေတုန်း။ (ခရမ်းနဲ့အနီကို တစ်ယောက်သောသူက ၀ယ်ပေးခဲ့တာ၊ အမေက ၀ယ်ပေးတဲ့သူကို ချီကျူးလိုက်တာ၊ သူ့သမီးနဲ့လိုက်ဖက်တဲ့အရောင် ၀ယ်တတ်လိုက်တာတဲ့၊ အမှတ်တရတွေပေါ့နော်)

အလယ်က လုံချည်ကို ဇွန့်ငယ်သူငယ်ချင်း မင်္ဂလာဆောင်တက်ဖို့ ရည်ရွယ်ပြီး ၀ယ်ဖြစ်တာ။ အပေါ်အင်္ကျီက ကိုးရီးယားပိုးလို့ပြောတဲ့ ခပ်ပြောင်ပြောင်ကရင်မ်ကာလာလေးနဲ့ သူငယ်ချင်းမင်္ဂလာဆောင်ကို ပထမဆုံးအကြိမ် ကိုယ့်ဖာသာလူကြီးလုပ်ပြီးတက်ရတုန်းက ၀တ်ခဲ့တာ။ ရုံးဒင်နာတွေဘာတွေကျရင် မြန်မာဝတ်စုံ ၀တ်ချင်ဝတ်လို့ရအောင်ဆိုပြီး ယူလာခဲ့ပေမယ့် စကာင်္ပူရောက်ပြီးမှ တစ်ခါမှ အ၀တ်မခံရသေးပါကြောင်း။ 

ရှိစုမဲ့စုသုံးထည်လို့ပြောပေမယ့် ဒီသုံးထည်စလုံးကို ဇွန်သိပ်ကြိုက်ပါတယ်။ လုံချည်အားလုံးစာရင်းချုပ်ကြည့်ရင်တော့ နောက်ထပ် ယောဂီလုံချည်တစ်ထည်၊ သူငယ်ချင်းဝယ်ပေးတဲ့ စိန်မိုက်ကယ်တစ်ထည်နဲ့ ရေလဲတစ်ထည်ပဲ ကျန်ပါတော့တယ်ရှင်။ (ပြန်စဉ်းစားကြည့်မှ လုံချည်အားလုံးလိုလို ကိုယ်တိုင်မ၀ယ်ရဘဲ အဖေအမေ၀ယ်ပေးတာနဲ့ လက်ဆောင်ရတာတွေ များပါတယ်)။

အစ်မသီတာကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ မကျေနပ်လည်း ကျေနပ်လိုက်နော်။  ပထမဆုံးတဂ်ပိုစ့်အနေနဲ့ ရှိစုမဲ့စု ရိုးရာဝတ်စုံအကြောင်းလေးရေးခွင့်ရလို့ ဇွန်က ကျေနပ်ကျေးဇူးတင်ပါတယ်လို့။း)




ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်


(ဆက်တဂ်ချင်ပါသည်)

ညက တဂ်ပို့စ်ကြွေးလေးရေးပြီး publish အမြန်လုပ်လိုက်တာ ဆက်တဂ်ချင်သူများစာရင်းထည့်ဖို့ ကျန်သွားလို့ အခုထပ်ဖြည့်ရေးလိုက်ပါပြီ။ အချိန်ရယင် ကိုယ့်အကြိုက်လေးတွေ ပေးသိပါဦးနော်။ :)

သူငယ်ချင်း မမင်းနဲ့ ကြယ်ပြာ
မမအိန္ဒြာနဲ့ မမပြာ
ညီမလေး မိုးခါး

ချစ်တဲ့
ဇွန် :D
08/02/2010

မ နောက်က ဘဲလိုက်တယ်

15

Category:

“တိမ်မယောင်နဲ့ နက်၊ လွယ်သယောင်နဲ့ ခက်” ဆိုတာ ကိုယ်တို့ မြန်မာစာလို့ပြောရင် ရမယ်ထင်ပါတယ်။ ကိုယ်ပိုင်မိခင်ဘာသာစကားမို့ ပြောရဆိုရလွယ်ပေမယ့် စာရေးတဲ့အချိန်ကျ ထင်သလောက်မလွယ်မှန်း တော်တော် သိသာပါတယ်။ 

ရပင်းလား ရရစ်လား၊ ရေးချသုံးရမှာလား မောက်ချသုံးရမှာလား၊ “ပ” သတ်လား “တ” သတ်လား၊ “နငယ် ” သတ်လား၊ “မ” သတ်လား၊ ယပလက်နဲ့ယင်းရမလား ရကောက်နဲ့ရင်းရမလား၊ ပဲလား ဘဲလား၊ လျောက်လား လျှောက်လား၊ “တ” လား “တစ်” လားနဲ့ လားပေါင်းများစွာ ဇဝေဇ၀ါဖြစ်တတ်ပါတယ်။  ကိုယ်ညံ့တာ၊ လေ့လာမှုအားနည်းတာလည်း ဖြစ်ပါလိမ့်မယ်။

ကိုယ်ဇဝေဇဝါမဖြစ်တဲ့ အသုံးအနှုန်းနှစ်ခုက လျောက်၊ လျှောက် နဲ့ ပဲ၊ ဘဲပါ။ ဘလော့ဂ်တွေလိုက်ဖတ်ရင်း သတိထားမိပါတယ်။ “လျှောက်” သုံးရမယ့်နေရာတော်တော်များများမှာ “လျောက်” လို့ သုံးကြတာတွေ့တယ်။ “ဘဲ” အစား “ပဲ” လို့လည်း သုံးကြတယ်။ လျှောက်နဲ့လျောက်က ကိုယ့်စိတ်ထဲ အလိုလိုခံစားပြီး ဟထိုးပါမပါ ကိုယ်သဲကွဲပါတယ်။ ဘဲနဲ့ပဲကို ကွဲကွဲပြားပြားသုံးတတ်သွားတာကတော့ ကိုယ့်တို့ရှစ်တန်းတုန်းက မြန်မာစာဆရာမ ဒေါ်မြင့်မြင့်သွယ်ရဲ့ ကျေးဇူးကြောင့်ပါ။

ဆရာမက  ကိုယ်တို့မိန်းကလေးတပည့်တွေကို အလွယ်တကူမမေ့စေမယ့် ဆောင်ပုဒ်လေးနဲ့ သင်ပေးလိုက်တာကိုး။ ရှေ့က အငြင်းစကားလုံးဖြစ်တဲ့ “မ” ပါနေရင် နောက်က ဘကုန်းလိုက်ရတယ်။  “မ နောက်က ဘဲလိုက်တယ်” လို့ မှတ်ထားတဲ့။ ကဲ...ဒီလိုဆိုတော့ ကိုယ်တို့လည်း ဘယ်မေ့တော့မလဲနော်။း) မသိဘဲ၊ မရှိဘဲ၊ မသိဘူး မရှိဘူး စသဖြင့် ကွဲသွားတာပေါ့။ ဆရာမက စာအသင်အပြကောင်းရုံမက စည်းကမ်းလည်းကြီးပါတယ်။ သမီးမိန်းကလေးတပည့်တွေကို မိခင်သဖွယ် ဆုံးမလေ့ရှိပါတယ်။ ဆရာမ ကွယ်လွန်သွားပေမယ့် ဆရာမရဲ့ကျေးဇူးကို အောက်မေ့သတိရလျက်ပါ။

ခုလောလောဆယ် ကိုယ့်အတွက် သေချာမကွဲပြားသေးတာက ရင်းနဲ့ယင်း။ မနေ့ညကတောင် ပထမတန်း မြန်မာစာဖတ်စာအုပ်ကိုလှန်ရင်းနဲ့ ကိုယ်မှားရေးနေတာတစ်ခု ပြန်သွားတွေ့တယ်။ မြန်မာစာသည် တို့စာဖြစ်ပါလျက်နဲ့ ဘာလို့ဒီလိုမသေမချာဖြစ်နေရတာလည်းဆိုပြီး ကိုယ့်ကိုယ်ကို စောဒကတက်မိတယ်။  ကိုယ်ငယ်ငယ်က မြန်မာစာမေဂျာတွေဘာတွေ ယူကြည့်ချင်စိတ်ပေါ်သေးတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးပြင်းခဲ့သူ တစ်ယောက်အနေနဲ့ မြန်မာစာကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ရေးချင်စိတ်ဖြစ်ခဲ့ဖူးတယ်။  ခုလိုစာတွေရေးဖြစ်တော့ အဲဒီ့စိတ်ပြန်ပေါ်လာတယ်။ 

ဘာရယ်မဟုတ်ဘူး ကိုယ့်ခေါင်းထဲပေါ်လာလို့ ချရေးလိုက်တယ်။

“ဗမာပြည်သည် တို့ပြည်
 ဗမာစာသည် တို့စာ
 ဗမာစကားသည် တို့စကား
 တို့ပြည်ကို ချစ်ပါ
 တို့စာကို ချီးမြှင့်ပါ
 တို့စကားကို လေးစားပါ” ဆိုတဲ့ တို့ဗမာအစည်းအရုံးရဲ့ ဆောင်ပုဒ်လေးပါ။ (ဆောင်ပုဒ်မှန်မမှန် အတည်ပြုပေးတဲ့ သူငယ်ချင်းညိုကို ကျေးဇူးတင်ပါတယ်)

ကိုယ့်မြန်မာစာကျွမ်းကျင်မှုအဆင့် နည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစာကို လေးစားမြတ်နိုးတာတော့ အသေအချာပါ။ 


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

ဆောင်ပုဒ်ကို လာရောက်အမှန်ပြင်ပေးတဲ့ azyl ကို ကျေးဇူးတင်ပါတယ်။  (01/03/2010)

စတုတ္ထရိပ်သာ

11

Category:

စတုတ္ထရိပ်သာအမည်ရတဲ့ ဒီလမ်းကို သူမစရောက်ခဲ့ဖူးတာ လွန်ခဲ့တဲ့ ကိုးနှစ်ခန့်က။ နိုင်ငံရပ်ခြားကို ပထမဆုံး ရောက်တဲ့နေ့မှာပဲ လေဆိပ်ကနေ သူမနေထိုင်ရမည့်အိမ်သို့ ဖေဖေနှင့်အတူလိုက်ပါခဲ့သည်။ ကားပေါ်က ဆင်းတော့ သူမထင်ထားသလို မိုးထိတိုက်ခန်းတွေ၊ ဆူညံနေသော ကားသံတွေရှိမနေဘဲ တိတ်ဆိတ် ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ တစ်ဆယ့်နှစ်ထပ်မြင့်တိုက်တန်းတွေသာ တွေ့ရသည်။ အုပ်အုပ်ဆိုင်းဆိုင်း ကုက္ကိုပင်ကြီးတွေ တစ်ဘက်တစ်ချက်စီရှိနေသော လမ်းမကြီးကိုကြည့်ပြီး ကျေနပ်သွားသည်။ တိုက်အနောက်မှာလည်း စကားဝါ ပန်းပင်လေးတွေကို အတန်းလိုက်တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုသစ်ပင်ပန်းပင်တွေနှင့် နီးရာပတ်ဝန်းကျင်မှာ နေထိုင်ရမည်ဆိုတော့ သူမ၀မ်းသာသွားမိတာ အမှန်ပင်။

စတုတ္ထရိပ်သာလမ်းကိုလည်း သူမမြင်မြင်ချင်း သဘောကျသည်။ လမ်ဘေးဝဲယာတစ်လျှောက် အပင်ကြီးတွေနှင့် ကားအသွားအလာ ဆူညံမှု သိပ်မရှိသောကြောင့်လည်း ဖြစ်မည်။ တစ်ဘက်မှာ လမ်းဆုံးသွားပြီး ဆက်သွားရန် လမ်းမရှိတော့သောကြောင့်  ဒီလမ်းမပေါ်မှာ ကားတွေ သိပ်မဖြတ်သန်းခြင်းဖြစ်ကြောင်း နောက်ပိုင်းမှာသိရသည်။ သူမက လမ်းအလယ်လောက်မှာ နေထိုင်သူဖြစ်ပြီး လမ်းမကြီးက ဖြောင့်မသွားဘဲ ကွေ့သွားသောကြောင့်  အိမ်ပေါ်မှ လှမ်းကြည့်လျှင် လမ်းဆုံးသို့မမြင်ရပါ။

လမ်း၏ဟိုဘက်မှာ ရေမြောင်းကြီးခံနေ၍ လမ်းဆုံးသွားရကြောင်း အတူနေအန်တီနှင့် လမ်းလျှောက်ထွက်ချိန်မှာ သိလိုက်ရလိုက်သည်။  ကားလမ်းမရှိတော့သော်လည်း တံတားဖြတ်ကာ တစ်ဘက်ရပ်ကွက်ကို လွယ်ကူစွာ သွားလာနိုင်ကြောင်း တွေ့ရသည်။ မြောင်းကြီးဘေးတစ်လျှောက်မှာ အပြေးလေ့ကျင့်ရန် သပ်ရပ်ညီညာသော ကွန်ကရစ်လမ်းငယ်လေး လုပ်ထားပေး၍ ညနေခင်းပိုင်းတွေဆိုလျှင် လေ့ကျင့်ခန်းလုပ်သူ၊ စက်ဘီးစီးသူ၊ အပြေးလေ့ကျင့်သူများဖြင့် အမြဲစည်ကားနေလေ့ရှိသည်။

လမ်းအစမှအဆုံးသို့ သူမနှုန်းထားအတိုင်းလျှောက်လျှင် ဆယ့်ငါးမိနစ်ခန့်သာကြာမြင့်သည်။ သူမနေထိုင်ရာ အနီးအနားရပ်ကွက်မှာ ပထမရိပ်သာမှ ဆဌမရိပ်သာတိုင်အောင် လမ်းမကြီးခြောက်ခုရှိသည်။  ထိုလမ်းအားလုံး သူမရောက်ဖူးသော်လည်း သူမနေထိုင်ရာ စတုတ္ထရိပ်သာလမ်းကိုသာ အနှစ်သက်ဆုံးဖြစ်သည်။ တကယ်ဆို ဒီလမ်းက  နယူးယောက်မြို့တော်မှ ပဉ္စမရိပ်သာလမ်းမကြီးကဲ့သို့ ကမ္ဘာကျော် အဆောက်အဦတွေ၊ နာမည်ကြီးဈေးဆိုင်တွေ ဘာမှမရှိ။ ပျားပန်းခတ်မျှသော လူတွေ ကားတွေ သွားလာနေခြင်းလည်းမရှိပါဘဲ ဘာကြောင့် သူမ ဒီလောက် နှစ်သက်သဘောကျမိမှန်း မသိပါ။

စတုတ္ထရိပ်သာလမ်းနှင့်ခွဲခွာပြီး ခြောက်နှစ်အကြာ တိုင်ဆိုင်စွာပင် ဒီလမ်းပေါ်တစ်ခေါက် ပြန်လည်နေထိုင်ခွင့်ကြုံရတော့ သူမ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ လမ်းမကြီးအစအဆုံးပြန်လျှောက်မိတော့ ကြည်နူးရပြန်သည်။ သူမတို့သာ ကျောင်းသားဘ၀မှ လုပ်ငန်းခွင်ဘ၀သို့၊ တစ်ကိုယ်တည်းဘ၀မှ မိသားစုနှင့်ဘ၀သို့ အမျိုးမျိုးပြောင်းလဲခဲ့ကြသော်လည်း ဒီလမ်းမနှင့်သစ်ပင်ကြီးတွေကတော့ အရင်အတိုင်း ပြောင်းလဲမှုမရှိ။ ဒီလမ်းတစ်လျှောက်မှာ သူမငိုကြွေးခဲ့ဖူးသည်။ ရယ်မောပျော်ရွှင်ခဲ့ဖူးသည်။ စိတ်ဓါတ်တွေ ကျဆုံးခဲ့ဖူးသလို မျှော်လင့်ချက်တွေလည်း  တောက်ပခဲ့ဖူးသည်။

သူမစိတ်လိုလက်ရ ခံစားပေါက်ကွဲသမျှ စောဒကမတက်ဘဲ ငြိမ်သက်စွာလက်ခံနားလည်ပေးသော ဒီလမ်းပေါ်မှာ သူမလမ်းတွေဆက်လျှောက်ဖြစ်နေအုံးမည်။ မျှော်လင့်ချက်တွေ မွေးဖွားနေမိအုံးမည်။ နောက်ထပ်နေရာဒေသအသစ် တစ်ခုသို့ ပြောင်းရွှေ့ခွင့်မကြုံမချင်း စတုတ္ထရိပ်သာလမ်းထက်မှာ သူမ၏ခြေရာတွေ ထင်နေအုံးမှာဖြစ်သည်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်