ရေမြေခြားက အဆောင်သားများ

9

Category: ,

တရုတ်ကျောင်းသားအများစုက အသံထွက်ခက်တဲ့ သူတို့နာမည်ကိုခေါ်ရလွယ်အောင်  အင်္ဂလိပ်နာမည် ပေးထားလေ့ ရှိပါတယ်။ ကိုယ်တို့အဆောင်က တိုနီလည်း ထိုနည်းလည်းကောင်းပေါ့။ တိုနီက တရုတ်လူမျိုးပီပီ ဒယ်အိုးတစ်လုံး၊ ယောက်မတစ်ချောင်းနဲ့ မီးဖိုခန်းမှာ အားပါးတရ ကြော်လှော် ချက်ပြုတ်လေ့ရှိပါတယ်။  သူက ပီဇာဟတ်မှာ အချိန်ပိုင်းလုပ်သူဖြစ်လို့ တခါတရံ အလုပ်အပြန်မှာ သူကိုယ်တိုင်ဖုတ်ထားတဲ့ ပီဇာယူလာပြီး ကိုယ်တို့ကို ကျွေးတတ်ပါတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်း ဒါလီယန်မြို့ကလာတဲ့ တိုနီမှာ မိန်းကလေးသူငယ်ချင်း တော်တော် များပါတယ်။ သူနဲ့အဆင်ပြေပေမယ့် သူ့ဆီလာလည်တဲ့ တရုတ်မလေးတွေထဲက တစ်ယောက်နဲ့ ကိုယ်အစာမကြေ ဖြစ်ခဲ့ပါတယ်။ ဘယ့်နှယ် .. မိန်းကလေးဖြစ်ပြီး သူများနေတဲ့ အဆောင်လည်း လာလည်သေး၊ မမြင်အပ်တဲ့ သုံးပြီးသား လစဉ်သုံးပစ္စည်းကို ရေချိုးခန်းထဲက ကမုတ်ပေါ်မှာ တင်လိုတင်နဲ့။ အမှိုက်ပုံးလည်းရှိရဲ့သားနဲ့၊ အံ့သြဒေါသ ဖြစ်လိုက်ရတာ။ ကိုယ်လည်း စကားနဲ့မပြောချင်တော့ ရေချိုးခန်းနံရံမှာ စာရေးပြီး ကပ်လိုက်တယ်။ ပြည်မကြီးက တရုတ်မတွေ စည်းကမ်းမရှိဘူးရယ်လို့ တစ်ခါတည်း မှတ်ချက်ချပြီးသား ဖြစ်သွားပါတယ်။ ကိုယ့်တစ်ယောက်ထဲအမြင်လို့ မထင်လိုက်ပါနဲ့။ တစ်ခြားနိုင်ငံရောက် အဆောင်နေ ကိုယ့်သူငယ်ချင်းတွေလည်း ကိုယ်နဲ့မှတ်ချက်အတူတူပါ။ ကြော်လှော်ချက်ပြုတ်ပြီးရင် မီးဖိုခန်းကို သန့်ရှင်းရေးမလုပ်တာက အစ၊ ရေချိုးခန်းအိမ်သာ အသုံးအစွဲအဆုံး  complain တက်ချင်စရာတွေချည်းပါပဲ။

ဂရိနိုင်ငံမြောက်ပိုင်း ကိုဇားနီးမြို့ကနေ အင်္ဂလန်နိုင်ငံမှာ အီတလီစာလာသင်တဲ့ ဂျော်ဂျီ ခေါ် ဂျော့်ခ်ျက (သူ့ မိသားစုနာမည်အပါအ၀င် နာမည်ရင်းကရှည်ပြီး ဖတ်ရခက်လို့ ဂျော်ခ့်ျလို့ပဲ အတိုကောက်ခေါ်ပါတယ်) ဂရိစာက အခက်ဆုံးလို့ ဆိုပါတယ်။ နေမကောင်းရင် ဆေးမသောက်ဘဲ သဘာဝအတိုင်းပဲနေတတ်သူ၊ Godfather နဲ့ ဂျက်လီပါတဲ့ အက်ရှင်ကားတွေ သိပ်ကြိုက်ပြီး ထပ်ပြန်တလဲလဲကြည့်တတ်သူ မျက်လုံးညိုညို ဆံပင်ညိုကောက်ကောက်နဲ့  ဂျောခ့်ျက အင်္ဂလိပ်စာကို အသံလေးလေးဝဲ၀ဲနဲ့ ပြောတတ်သူပါ။  ဂရိစာမှာ အေကို အာလို့ အသံထွက်တော့  သူတစ်ခုခု ကျေနပ်အားရနှစ်သက်ပြီဆို amazing ကို အာမေးဇင်း အာမေးဇင်းလို့ အသံကျယ်ကြီးနဲ့ အော်လေ့ရှိပါတယ်။ ဒါကြောင့် သူတို့အခေါ်မှာ အေသင်မဟုတ်ဘဲ အာသင်ဖြစ်ကြောင်း ကိုယ်မှတ်သားလိုက်ရပါတယ်။ သူ့အဖို့ အင်္ဂလိပ်စာ လေ့လာသင်ယူနေဆဲဖြစ်လို့ တစ်ချို့စကားလုံးတွေ သိပ်မကြွယ်ဝသေးတော့ it looks delicious လို့ ပြောရမယ့်အစား it's beautiful လို့ ပြောတတ်သူပါ။ အင်္ဂလိပ်စာက လွယ်မယောင်နဲ့ ခက်ကြောင်းလည်း ပြောတတ်ပါသေးတယ်။ သူ့အစ်ကိုကြီးက အီတလီနိုင်ငံ မီလန်မြို့မှာ အလုပ်လုပ်ပါတယ်။ သူ့ကို အင်္ဂလန်မှာ ကျောင်းလိုက်အပ်၊ အိမ်ရှာပေးပြီး အစစအရာရာ ပံ့ပိုးထောက်ပံသူပါ။

ဂျော့ခ်ျလည်း အီတလီဘာသာနဲ့ ကျောင်းပြီးတဲ့အခါ  အီတလီမှာပဲ အလုပ်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်တဲ့။ ဂျော်ခ့်ျရဲ့မိဘများက ဂရိနိုင်ငံမှာ အသီးအရွက်နဲ့ပန်းတွေ ရောင်းချသူဆိုပေမယ့် အလယ်အလတ်လောက်ရှိမယ်လို့ ကိုယ်မှန်းလို့ရပါတယ်။ သူကလည်း ချွေတာတတ်သူပါ။ ဒါတောင်သူတို့က အီးယူနိုင်ငံသားတွေမို့ ကိုယ်တို့အာရှတိုက်က ကျောင်းသားတွေထက် ကျောင်းလခအများကြီး ပိုသက်သာပါတယ်။ ချက်စားဖို့ အိုးပဲလိုလို၊ ခရီးထွက်ဖို့ အနွေးထည်ပဲလိုလို ဘာမဆို ဂရိအိမ်ကိုပဲ လှမ်းမှာတတ်သူပါ။ အရှေ့ဆုံး အခန်းမှာနေတဲ့ကိုယ်က သူ့ပစ္စည်းတွေ လာသမျှ စာပို့သမားဆီက ဒိုင်ခံယူပေးရသူပါ။ Pasta နဲ့ Spaghetti တစ်လှည့်စီ ချက်စားပြီး ပထ၀ီဝင်ဘာသာရပ်မှာ ကျွမ်းကျင်သူ ဂျော်ဂျီက မြန်မာနိုင်ငံကို မသိရကောင်းလားဆိုပြီး သူ့ကိုယ်ကိုယ်သူ မကျေမနပ်ဖြစ်လိုက်သေးတာ။ ကျောင်းပိတ်ရက်မှာ ဂရိကို ခါတိုင်းလိုလေယာဉ်နဲ့မပြန်ဘဲ အီတလီကတစ်ဆင့် မြေထဲပင်လယ်တစ်လျှောက် သင်္ဘောစီးပြီး  ပင်လယ်ပြာပြာထဲက သူတို့နိုင်ငံရဲ့ လှပတဲ့ ကျွန်းတွေကို ရှုစားရင်းပြန်မယ်လို့ ကိုယ့်တို့ကို ပြောခဲ့ပါတယ်။ နောက်နှစ်ဥရောပဖလားမှာ ဂရိကဗိုလ်စွဲသွားတော့ ကိုယ်သူ့ကို သတိရမိပါတယ်။ သူသိပ်ပျော်နေမှာပဲလို့။

စနေတနင်္ဂနွေရောက်ပြီဆိုရင် အက်ဒ်လို့ အတိုကောက်ခေါ်တတ်တဲ့ အက်ဒ်ဝုဒ်ရဲ့  အင်္ဂလိပ်မ၀၀လေး ရောက်လာပါပြီ။ သူမကလည်း အက်ဒ်နဲ့အတူ အင်္ဂလန်တောင်ပိုင်းက ကိုယ်သိပ်ကြိုက်တဲ့  ရွှေဝါရောင် daffodils ပန်းတွေ လှိုင်လှိုင်ပွင့်ရာ ၀ိုက်ကျွန်းငယ် (Isle of Wight) ကပါ။ ခက်တာက အက်ဒ်ကောင်မလေးက မီးဖိုထဲဝင်ရင်  တွေ့ရာအိုးခွက်ပန်းကန် ဆွဲပြီးယူသုံး၊ ချက်ပြုတ်ပြီးရင်လည်း  ဘယ်တော့မှ ချက်ခြင်းမဆေးပါဘူး။ ရေချိုးဇလုံထဲမှာသာ အမွှေးအကြိုင်တွေ ဖယောင်းတိုင်မီးတွေ အကျအနထွန်းပြီး နာရီနဲ့ကြာအောင် ဇိမ်ယူချိုးတတ်တာ၊ တစ်ခြားသန့်ရှင်းရေးတော့ ဘာမှမလုပ်သလောက်ပါပဲ။ တစ်ရက်တော့ ကိုယ့်ပစ္စည်းတွေယူသုံးပြီး နှစ်ယောက်စလုံး သူတို့ကျွန်းကို ပြန်သွားပါတယ်။ တကယ်တော့ မီးဖိုချောင်ထဲက cabinet တွေမှာ ကိုယ့်အကန့်နဲ့ကိုယ် ပစ္စည်းတွေအားလုံး သီးခြားစီထားကြတာပါ။ ဒါပေမယ့် အားနေတဲ့အိုးကိုပဲ အလွယ်တကူ ယူသုံးကြတော့ အမြဲပုံမှန်ဆေးကြောပြီး သုံးဖို့အသင့်ဖြစ်နေတဲ့ ကိုယ့်ဒယ်အိုး၊ ပန်းကန်တွေ ပါပါသွားတာ။ သုံးပြီးဘေစင်မှာ  ပြန်မဆေးခဲ့ဘဲ ဒီအတိုင်းထားသွားတာ ကိုယ်တော်တော် စိတ်ဆိုး ဒေါသဖြစ်မိပါတယ်။ တစ်ရက်နဲ့ပေါ်မလာ၊ နှစ်ရက်နဲ့ပေါ်မလာ၊ ကိုယ်လည်း လုံးဝမဆေးဘဲ သူတို့ပြန်မလာမချင်း ဒီတိုင်းထားလိုက်တယ်။ လေးရက်မြောက်နေ့ကျမှ ပေါ်လာတယ်။ ကိုယ်စိတ်ဆိုးနေကြောင်း တိုနီပြောလိုက်လို့ ကိုယ့်ကိုတောင် သူက ပြန်စိတ်ဆိုးချင်သေးတယ်။ နောက်မှ ကိုယ့်ကိုလာတောင်းပန်ပြီး ပြန်ဆေးပေးပါတယ်။ ကိုယ်လည်း ပြောလိုက်တယ်။ သုံးတာသုံးပါ၊ ဒါပေမယ့်ပြီးရင်တော့ အဲလိုပစ်စလတ်ခတ် မထားခဲ့ပါနဲ့လို့။  အင်္ဂလိပ်လူမျိုးတွေဟာ သိပ်ကိုစည်းကမ်းရှိပြီး ယဉ်ကျေးတဲ့လူမျိုးတွေလို့ ငါသိထားတာနဲ့ တစ်ခြားစီပဲလို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။ ဒီတော့ ကိုရွှေအင်္ဂလိပ်က ဘာပြောတယ်ထင်လဲ။ သူက ကျွန်းသားမို့ မြို့ကလူတွေလောက် မယဉ်ကျေးပါဘူးတဲ့။ ကိုယ်လည်း သြော်... လို့ တစ်ခွန်းပဲ ပြောဖြစ်လိုက်တယ်။ နောက်ပိုင်း ကိုယ့်ပစ္စည်းတွေ ဘယ်တော့မှ ယူမသုံးတော့ပါဘူး။

ကိုယ်နဲ့တစ်ဆောင်တည်း အတူမနေရပေမယ့် သူနဲ့တစ်ဆောင်တည်းအတူနေတဲ့ ဂျာမန်ကျောင်းသား တစ်ယောက် ကိုလည်း ကိုယ်သတိထားမိပါတယ်။ ကိုယ်သွားလည်တဲ့အခါ သူကို့ကြည့်လိုက်ရင် အမြဲလို အနွေးထည် ထူထူဝတ်၊ မာဖလာစည်းထားတတ်သူပါ။ သူ့ကိုကိုယ်မေးကြည့်တော့ အင်္ဂလန်က ရာသီဥတုက သိပ်အေးတယ်။ နေလည်းမရှိဘူး။ ဂျာမနီမှာ အေးပေမယ့် နေရောင်ပိုရတယ်။ "no sun in England, more sun in Germany" လို့ ပြောလိုက်ရင် ကိုယ်က သဘောကျပြီး ပြုံးရပါတယ်။ ဂျာမန်ကျောင်းသားတွေဟာ ကိုယ်ထင်ထားတာထက်ကို အများကြီး ဖော်ရွေသဘော ကောင်းပါတယ်။

တစ်နှစ်တာအချိန်ကာလအတွင်းမှာ ဆုံတွေ့ခင်မင်ရသူတွေဖြစ်ပေမယ့် သူတို့နဲ့ပတ်သက်သမျှ အဆိုးအကောင်းတွေက ကိုယ့်မှတ်ဉာဏ်ထဲမှာ အမှတ်တရနဲ့ ရှိနေတုန်းပါပဲ။ 'Gags for Laugh' ကို ကြည့်ရတဲ့အခါ ကယ်ရိုလင်းကို သတိရမိသလို 'My Big Fat Greek Wedding' ကြည့်မိတဲ့အခါ ဂျော်ခ့်ျကို သတိရမိ ပြန်ပါတယ်။ ကမ္ဘာငယ်လေးထဲကထွက်ပြီး ပညာသင်ယူခွင့်ရရုံထက် ကိုယ်မသိသေးတဲ့   ဓလေ့စရိုက်မျိုးစုံနဲ့ လူမျိုးအဖုံဖုံ တွေ့ဆုံခွင့်ရခဲ့လို့ ကိုယ်ကျေနပ်ပါတယ်။ အခုဆိုရင် အားလုံးဟာ မတူညီတဲ့ တိုင်းပြည်အသီးသီးမှာ ကိုယ်ပိုင်ဘ၀တွေ လျှောက်လှမ်းဆောက်တည်လို့ တိုက်ဆိုင်မှုရှိတဲ့အခါ  အဆောင်နေ ကျောင်းသားဘ၀လေးတွေကို လှမ်းအမှတ်ရနေကြလိမ့်မယ်လို့ ကိုယ်ယုံကြည် ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

ရေမြေခြားက အဆောင်သူများ

9

Category: ,

ယူကေမှာကျောင်းတက်တုန်းက အဆောင်မှာ ဆုံတွေ့ခဲ့ရတဲ့ ရေခြားမြေခြားက အဆောင်သူနဲ့ အဆောင်သားတွေ အကြောင်း အမှတ်တရပါ။

ကိုယ်ပထမဆုံးနေတဲ့ ကျောင်းကစီစဉ်ပေးတဲ့အဆောင်က သုံးထပ်ဆောင်ရဲ့ အပေါ်ဆုံးထပ်ဘယ်ခြမ်းမှာ။ တစ်ခြမ်းမှာ ခုနစ်ခန်းရှိပါတယ်။ ရောက်ရောက်ချင်း ကိုယ့်ကို ပျူပျူငှာငှာ ခရီးဦးကြိုနှုတ်ဆက်လာသူက ကနေဒါနိုင်ငံသူလေး ကယ်ရိုလင်းပါ။ အစစအရာရာ အသစ်အဆန်းဖြစ်နေတဲ့ ကိုယ့်ကို တစ်ခြားအဆောင်သူတွေနဲ့ပါ မိတ်ဆက်ပေးပြီး အနေမခက်အောင်၊ စိတ်အားမငယ်အောင် ကူညီပေးခဲ့သူမို့ သူ့ကို သတိတရ ရှိလှပါတယ်။ ကိုယ်မလုပ်တတ်မှာစိုးလို့ ထမင်းပါတဲ့ ရယ်ဒီမိတ်ဗူးပေါ်က အလူမီနီယံဖွိုင်ကို ခက်ရင်းနဲ့ဖောက်ပြီး အာဗန်ထဲကိုထည့်ပေးရုံသာမက ကိုယ်အသင့်စားဖို့ ပန်းကန်နဲ့ဇွန်းခက်ရင်းအစ  ထမင်းစားပွဲပေါ်မှာ ချထားပေးတာ။ မနက်နိုးရင် နွားနို့တစ်ခွက်နဲ့ ယိုသုတ်ထားတဲ့ပေါင်မုန့်ပေါ်မှာ ငှက်ပျောသီးကို အ၀ိုင်းလိုက်လေးတွေလှီးပြီး တင်စားတတ်သူ ကာရိုလင်းက ပြင်သစ်မိဘများက ပေါက်ဖွားလာသူပါ။  ဒါကြောင့်ပဲ သူပြောဆိုတတ်မြောက်ခဲ့တဲ့ ပထမဆုံးဘာသာစကားဟာ ပြင်သစ်ဘာသာ ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ ကိုယ်က အလိုက်မသိသူပီပီ ပြင်သစ်နိုင်ငံက ပြင်သစ်လူမျိုးတွေဟာ မယဉ်ကျေးဘဲ ရိုင်းပျတတ်တာ ကြားဖူးကြောင်း ကိုယ်ပြောတော့ သူက လုံးဝမငြင်းဘဲ လက်ခံပါတယ်။ ပြီးတော့ ကိုယ့်ကိုပြောပြလိုက်ပါသေးတယ်။ ဥရောပလူမျိုးတွေထဲမှာ အိုင်းရစ်လူမျိုးတွေက အဖော်ရွေဆုံးပါတဲ့။ သူပြောတာ မှန်ကြောင်း ကိုယ်နောက်ပိုင်းမှာ သိခဲ့ပါတယ်။ အဲဒီ့အချိန်က ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန်ဖြစ်တော့ သူက ပြင်သစ်ဘက်က အားပေးသူပီပီ အုပ်စုပတ်လည် ပွဲဦးထွက်မှာပဲ  ချန်ပီယံပြင်သစ် မလှမပ ရှုံးနိမ့်သွားတော့ သူ့ခမျာ အားမလို အားမရတွေ ဖြစ်လို့။ ဒေးဗစ်ဘက်ခမ်ကို သဘောကျပြီး  ကိုယ်နဲ့တွေ့ချိန်မှာ အသက်၂၂နှစ်ရှိတဲ့ မွန်ထရီရယ်လ်မြို့သူလေးဟာ ရည်းစားတစ်ခါမှ မထားဘူးသူဆိုလို့ ကိုယ့်မှာအံ့သြရပါသေးတယ်။ သူသဘောကျဖူးတဲ့ ကောင်လေးတစ်ယောက်ရှိပေမယ့် သြစတြေးလျနိုင်ငံကဖြစ်နေလို့ သိပ်ဝေးလွန်းလို့ မစဉ်းစားတော့ဘူးလို့ ကိုယ့်ကို ပြောပြပါတယ်။ အခြား တစ်ဆောင်တည်းနေသူတွေက အမေရိကန်နိုင်ငံသူတွေပါ။ သူတို့တွေနဲ့ ကိုယ်သိပ်မရင်းနှီးခဲ့ ပါဘူး။ ဒါပေမယ့် ကိုယ်မှတ်ချက်ချမိလိုက်တာတစ်ခုက ကနေဒီယန်နဲ့ အမေရိကန်တွေဟာ အခြားအနောက်နိုင်ငံက လူမျိုးတွေထက်ပိုပြီး ဖော်ရွေခင်မင်စရာကောင်းတယ်ဆိုတာပါ။ 
 
နောက်တစ်ယောက်က ကိုယ့်အတန်းဖော်သူငယ်ချင်း အင်ဒိုနီးရှန်းတရုတ်မလေးအေမီရဲ့ အဆောင်က ပြင်သစ်သူပါ။ သူ့နာမည်ကိုယ်မမှတ်မိတော့ဘူး။ တစ်ရက်အေမီ့ဆီမှာ ညနေစာသွားစားဖြစ်ပါတယ်။ သူတို့တွေက ကိုယ့်အဆောင်က လူတွေအားလုံး သဘောကောင်းတော့ ကိုယ့်ဆီမှာပဲ လာစားတာများတယ်။ အေမီ့အဆောင်ကိုတော့ အဲဒီ့နေ့ကမှ ရောက်သွားတာ။ ထမင်းစားခန်းနဲ့တွဲရက် မီးဖိုဆောင်ကျယ်ထဲ ၀င်လိုက်ပြီဆိုတာနဲ့ စာတွေကပ်ထားတာ အများကြီးပဲ။ ရေခဲသေတ္တာအပြင်ဘက်မှာရော အတွင်းမှာရော စာတမ်းတွေနဲ့။ အေမီ့ကိုမေးကြည့်မှ အဲဒါပြင်သစ်သူကပ်ထားပါတဲ့။ သူကသိပ်စည်းကမ်းကြီးတာဆိုပဲ။ အဆောင်တွေမှာ ထုံးစံအတိုင်း လူစုံတော့ (အထူးသဖြင့် ရေခဲသေတ္တာထဲက အစားအသောက်တွေ) သူ့ဟာကိုယ့်ဟာ ရောကုန်မှာစိုးလို့ ကပ်ထားတာရော၊ ပစ္စည်းတွေကို စည်းကမ်းတကျသုံးစွဲဖို့ ညွှန်ကြားထားတာတွေဖြစ်ကြောင်း ကိုယ်သဘောပေါက်လိုက်ပါတယ်။ အဲဒီ့နေ့က သူက ပီဇာကို  ဂျူံနယ်တာကစပြီး နောက်ဆုံး ဘေစ့်လုပ်ပြီး အပေါ်မှာ ချိစ်ဖြူးတာ၊ အစာထည့်တာအထိ အစအဆုံးလုပ်သွားတာ ပီဇာကြိုက်သူကိုယ်က ငေးရတာပေါ့လေ။ သူ့မျက်နှာက ခပ်တည်တည်ပဲ။ ကိုယ်တို့ကို တွေ့တော့လည်း ဖော်ဖော်ရွေရွေသိပ်မရှိဘဲ မရယ်မပြုံးနဲ့။ သူ့အလုပ်ပဲသူလုပ်နေတာ။ သူ့ကြောင့် ကိုယ်တို့အုပ်စု နည်းနည်းအနေရခက်တာပေါ့လေ။ စားပြီးသောက်ပြီးသွားတော့ အေမီက အ၀တ်တစ်ခုယူပြီး စားပွဲကို ရေဆွတ်ပြီးသုတ်ပါတယ်။ အဲဒါကို ပြင်သစ်သူမမ မြင်တော့ အလွန်တရာအံ့သြတဲ့ မျက်လုံးမျိုးနဲ့ကြည့်လို့။ သူ့လက်သုတ်ဝတ်နဲ့ယူပြီး အားရပါးရသုတ်နေတဲ့ အေမီလည်း တန့်သွားပြီး၊ ငါတို့က ဒီလိုပဲ ထမင်းစားပြီးရင် ထမင်းစားပွဲကို သန့်ရှင်းရေးလုပ်တာ၊ different people different culture လို့ ရယ်ကျဲကျဲနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့မှ လက်သုပ်ဝတ်ကို သေချာလျှော်ဖွတ်ပေးခဲ့ရတာ။ တော်သေးတာပေါ့ ကြည့်ရုံပဲကြည့်ပြီး ဘာမှမပြောလိုက်လို့။ တစ်ခါဆို တစ်ခါပါပဲ နောက်ထပ် အေမီ့အဆောင်မှာ ထမင်းမစားဖြစ်တော့ပါဘူး။ စည်းကမ်းကြီးတဲ့ ပြင်သစ်အဆောင်သူမမကို ကိုယ်တို့အားလုံး လန့်သွားတယ်ဆိုတာ ဖွင့်ပြောစရာမလိုဘဲ သိလိုက်ပါတယ်။

နောက်နှစ်မှာတော့ အပြင်ဆောင်ကို ရွှေ့ရပါတယ်။ ကျောင်းနဲ့မနီးမဝေးက လုံးချင်းအိမ်လေးတွေမှာ ကျောင်းသားတွေစုပြီး နေကြတာပါ။ ကိုယ်နေရတဲ့အဆောင်မှာ အင်္ဂလိပ်သူ ကလယ်ရာနဲ့ ကိုယ်တို့နှစ်ယောက်ပဲ မိန်းကလေးပါ။ ကျန်တဲ့သုံးယောက်က ယောက်ျားလေးတွေပါ။ တရုတ်ပြည်မကြီးက တိုနီ၊ ဂရိနိုင်ငံသား ဂျော်ဂျီနဲ့ အင်္ဂလန်တောင်ပိုင်းက ကျွန်းသား အက်ဒ်ဝုဒ်တို့ပါ။ သူတို့တွေအားလုံး သဘောကောင်းကြပါတယ်။

မိသားစုအရေးသိပ်မပြေလည်သူ၊ ချွေတာတတ်သူ ကလယ်ရာက တစ်နေကုန်ကျောင်းတက်၊ ရသလောက် အချိန်ပိုင်း အလုပ်လုပ်ပြီး ပိုက်ဆံစုသူပါ။ နွေရာသီကျောင်းပိတ်ရက်မှာ စုထားတဲ့ပိုက်ဆံနဲ့ တစ်နေရာရာကို ခရီးထွက်လေ့ရှိပါတယ်။ ကိုယ်နဲ့မတွေ့ခင်နှစ်က အရှေ့တောင်အာရှတစ်ဝိုက် ခရီးထွက်ခဲ့သူပါ။ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံဘော်ဒါကတစ်ဆင့် ၀င်ရောက်လည်ပတ်ကြည့်ချင်ပေမယ့် ဗီဇာအလွယ်တကူမရလို့ ၀င်မလည်ခဲ့ရကြောင်း၊ ကမ္ဘောဒီးယားကတော့ ဗီဇာလွယ်လို့ ၀င်လည်ဖြစ်ခဲ့ကြောင်း ပြောပြပါတယ်။ အမေရိကကို သွားလည်တုန်းက အင်္ဂလိပ်နဲ့ အမေရိကန် လေယူလေသိမ်းအတော်ကွာခြားပုံ၊ ဓလေ့စရိုက်ကွဲပြားပုံတွေ တွေ့ရတော့ သူတော်တော် အံ့အား သင့်မိကြောင်း ကိုယ့်ကိုပြောပြပါသေးတယ်။  သူ့ boyfriend က စနေ၊ တနင်္ဂနွေဆို လာတတ်ပါတယ်။ တစ်ချို့အပတ်တွေမှာတော့ သူတို့နှစ်ယောက် အင်္ဂလန်နိုင်ငံထဲက အခြားတစ်မြို့မြို့ကို သွားလည်ကြပါတယ်။ သူနဲ့ သူ့ boyfriend ပြတ်သွားတာ ကိုယ်မသိလိုက်ပါဘူး။ ကိုယ်မမြင်ဘူးတဲ့ ကောင်လေးနောက်တစ်ယောက် သူ့ဆီလာလည်နေတာတော့ တွေ့ပါတယ်။ ကိုယ်နဲ့တွေ့တော့ သူ့ cousin လို့ မိတ်ဆက်ပေးပါတယ်။ ကိုယ်လည်း ယုံပါတယ်။ ဒါပေမယ့် တစ်ခုသောညခင်းအပြီးမှာ အဲဒီ့ကောင်လေးဟာ သူ့ cousin မဟုတ်နိုင်ကြောင်း ကိုယ်သိသွားပါတယ်။ သူ့ဘာလို့များ ကိုယ့်ကိုလိမ်ခဲ့ရတာပါလိမ့်လို့ စဉ်းစားမရဖြစ်ခဲ့ပါတယ်။ အဲဒီ့နှစ် နွေရာသီ ကျောင်းပိတ်ရက်မှာတော့ သူနဲ့သူ့ငယ်ချင်းတို့ သွားလည်ဖို့ ရွေးချယ်ခဲ့တဲ့ နိုင်ငံက ကျူးဘားဆိုတာ ကိုယ်မှတ်မိလိုက်ပါတယ်။

ရေမြေခြားက အဆောင်သားများအကြောင်းကို မနက်ဖြန်မှာ ဆက်ပါ့မယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

ချစ်ခြင်းတစ်စုံ ထားရစ်ခဲ့တဲ့မြို့

15

Category:





 (က)

ကျယ်ဝန်းစိမ်းစိုလှပသော အလယ်ပန်းခြံအတွင်းက တစ်ခုသောရေကန်အနီးရှိ ခုံတန်းလေးမှာ “ငယ်” ထိုင်ရင်း ပြာလွင်သော ကောင်းကင်ကို မော့ကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ ဆူညံစွာ အော်ဟစ် ပြောဆိုနေကြသော ကလေးတစ်သိုက်အသံကြားမှ ပတ်ဝန်းကျင်ကို ပြန်ကြည့်မိသည်။ သာယာသော နွေရာသီ ညနေခင်းမို့ ထင်သည်၊ ဧကရှစ်ရာကျော် ကျယ်ဝန်းလှသော ပန်းခြံတစ်ခုလုံးမှာ  သူ့နေရာနှင့်သူ လာရောက်အပန်းဖြေ အနားယူကြသူ လူကြီးလူငယ် လူရွယ်စုံဖြင့် စည်ကားလို့နေသည်။ ငယ့်ရှေ့မှာ ဖြတ်သန်းသွားလာ ကစားနေကြသော ကလေးများကို ကြည့်ယင်း ကြည်နူးမိသည်။ နာရီကြည့်မိတော့ ၆နာရီထိုးရန် ဆယ်မိနစ်ခန့်မျှသာ လိုတော့သည်။ အစောပိုင်းက ပန်းခြံထဲလျှောက်သွားပြီး ရိုက်ထားသော ဓာတ်ပုံများကို ပြန်ကြည့်နေရင်း ကိုကို့အကြောင်းတွေးမိသည်။

ကိုကိုနှင့်ငယ်မတွေ့ရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးမျှ ကြာခဲ့ပြီ။ အချိန်တွေ တရွေ့ရွေ့ကုန်လွန်ရင်း အဝေးကြီးကို ထွက်သွားသည့် ကိုကို့ကို တစ်နေနေ့မှာ ငယ် ရောက်အောင်သွားတွေ့မည်ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ကိုကိုဒီမြို့ကို စရောက်တဲ့နေ့ကတည်းကလေ။ တကယ်ဆို ကိုကိုနှင့်ငယ်သည် တစ်ဦးခံစားချက် တစ်ဦးနားလည်ခဲ့ပြီး အခြေအနေအကြောင်းကြောင်းကြောင့် ဆုံဆည်းခွင့် မရနိုင်ခဲ့သူတွေလို့  ဆိုနိုင်ပါသည်။ ငယ့်ဘ၀မှာ ကိုကိုနှင့် ပတ်သက်ပြီး ကဗျာတစ်ပုဒ်တည်းသာ စပ်ဖူးသည်။ ကိုကိုစာမေးပွဲတစ်ခုဖြေပြီးသည့် နောက်ဆုံးနေ့က ကိုကို့ကို သွားတွေ့အပြီး ထိုကဗျာလေးကို ပေးခဲ့သည်။ ကဗျာထဲမှာ ကိုကို့ကို ချစ်ကြောင်း၊ နှစ်သက်ကြောင်း မပါခဲ့။ ကိုကိုငယ့်အပေါ်ထားခဲ့သည့် စေတနာတွေအတွက် ကျေးဇူးတင်ကြောင်း၊  ကိုကို့ကို တစ်သက်လုံး သတိရနေမည့် အကြောင်းတွေတော့ပါသည်။ ခုဆို အဲဒီ့ကဗျာလေး ကိုကို မေ့လောက်ရောပေါ့။

ကိုကိုနှင့်မိုင်ပေါင်းထောင်ချီဝေးနေခဲ့သော ကာလတွေမှာ ကောင်းကင်ပြာပြာကို ကြည့်၍ ငယ်အားတင်းခဲ့သည်။ ဘယ်လောက်ဝေးဝေး ငယ်တို့အားလုံးဟာ မိုးကောင်းကင်တစ်ခုအောက်မှာ ရှိနေကြတာမဟုတ်လား။ တစ်နေ့နေ့တော့ တစ်ခုသောကောင်းကင်ပြာအောက်မှာ ငယ်တို့ပြန်ဆုံခွင့်ရဖို့ မျှော်လင့်ခဲ့သည်။ ခုတော့ ငယ့်အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပြီ။ “ဘုတ်” ဆိုသော အသံနှင့်အတူ ငယ်ထိုင်ရာနေရာနားသို့ ဘောလုံးတစ်လုံး ကျရောက်လာသောကြောင့်  ငယ့်အတွေးတွေ ပြတ်တောက်သွားသည်။ ချစ်စရာ ကလေးငယ်လေးတစ်ဦး ငယ့်ဘေးမှာကျနေသော ဘောလုံးကို လာပြန်ယူပြီး ပြေးထွက်သွားသည်။ ကလေးလေးသွားရာ လမ်းတစ်လျှောက် အမှတ်မထင် ငယ်ကြည့်မိတော့.... အို ... ဟိုမှာ....။ ၆နာရီ ထိုးပြီပဲ။ ကိုကိုသည် အချိန်တိကျ လေးစားသူတစ်ဦး ဖြစ်ကြောင်း ငယ် အမှတ်ရသွားသည်။

(ခ)

“ကိုကို” ဟု ငယ့်နှုတ်မှ တိုးတိတ်စွာ ရေရွတ်မိသည်။ ကိုကိုက ငယ်ရှိရာသို့ ဖြေးဖြေးချင်း လှမ်းလာနေသည်။ ကိုကိုအရင်ကထက် အသားပိုဖြူပြီး ပိုဝလာသည်။ ပါဝါထူထူ မျက်မှန်တစ်စုံအောက်က ကိုကို့မျက်ဝန်းတွေက အရင်အတိုင်း နူးညံ့ကြင်နာ ခင်မင်စရာကောင်းဆဲ။ ကိုကိုက ဟိုတုန်းကလို ငယ့်ကို ခေါ်နေကျအတိုင်း “ညီမလေး” ဟု ခေါ်၍  ငယ့်ခေါင်းကို အသာဖွဖွပုတ်ကာ ငယ့်ဘေးမှာ ၀င်ထိုင်သည်။  ဒီလိုခေါ်သံမကြားရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ငယ့်ရင်ထဲမှာ နွေးထွေးမှုတွေ အရှိန်အဟုန်ဖြင့် ဖြတ်စီးသွားသည်။ ကောင်းကင်ကြီး ရုတ်တရက် အရောင်ပြောင်းလဲသွားသည်။ လောကတစ်ခွင်လုံး အခိုက်အတန့်မျှ တိတ်ဆိတ်သွားသည်။ အရောင်အသွေးစုံပန်းတွေ အပြိုင်အဆိုင် ဖူးပွင့်သွားသည်။ ငယ့်ဘ၀မှာ သိပ်ကိုလှပ အမှတ်ရစရာကောင်းခဲ့တဲ့ အချိန်တစ်ခုပေါ့ ကိုကိုရယ်။ 

(ဂ)

ကိုကို ငယ့်ကို လာတွေ့တာ သိပ်ကျေးဇူးတင်ပါတယ်။ ကိုကိုတစ်ယောက်တည်းလာခဲ့လို့လည်း ပိုပြီးကျေးဇူးတင်မိပါတယ်။ ငယ်သူ့ကို မတွေ့ချင်တာထက် ကိုကိုတစ်ယောက်တည်းကိုပဲ တွေ့ချင်တဲ့ ဆန္ဒရှိခဲ့တာ ကိုကိုနားလည်မှာပါ။ ကိုကိုနှင့်ငယ် စကားတွေ တစ်ဝကြီး ပြောဖြစ်ခဲ့သည်။ ငယ်တို့နှစ်ယောက် နောက်ထပ် ဒီလိုဆုံတွေ့ခွင့်ရဖို့ဆိုတာ မသေချာတော့။ တကယ်ဆို  ကိုကိုလက်ထပ်ပြီးကြောင်း ငယ်သိခဲ့သည်ပဲ။ ကိုကို့ကို ငယ်အပြစ်ဆိုစရာ မလိုပါ။ ကိုကို့ဘ၀နှင့် ကိုကိုရွေးချယ်ခွင့်ရှိသည်ပဲလေ။ ငယ့်ဘ၀မှာ ကိုကိုတစ်ယောက်တည်းကိုသာ မေတ္တာစစ်နှင့် ချစ်ခဲ့မိကြောင်း  ဖွင့်ပြောရန်မလိုအပ်တော့။ အချစ်နှင့်မေတ္တာကို ကွဲပြားနားလည်တတ်ခဲ့သည်မှာ ကိုကို့ကြောင့်လို့တော့ ၀န်ခံမိချင်သား။ တစ်ချိန်က ကိုကိုပြောခဲ့ဖူးတဲ့၊ ငယ့်ဘ၀ကို  အချိန်ကာလတစ်ခုအထိ ချည်နှောင်ခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း ပြန်အမှတ်ရမိသည်။ “ညီမလေး ... တစ်ခါတစ်ရံမှာ လက်မထပ်ဖြစ်တဲ့ အချစ်တွေဟာ ပိုခိုင်မြဲတယ်”။

(ဃ)

မကြာခင်အချိန်အတွင်းမှာ ဒီမြို့တော်မှ ငယ် ထွက်ခွာတော့မည်။ တစ်နည်းအားဖြင့် ကိုကို အခြေချ နေထိုင်ရာ မြို့တော်ကနေ မိုင်ပေါင်း မြောက်မြားစွာဝေးကွာသော ငယ့်ဌာနေကို ပြန်ရတော့မည်။ ကိုကို့ကို ဖုန်းဖြင့်သာ နှုတ်ဆက်စကား ပြောကြားပြီး တက္ကဆီပေါ်မှာ တိတ်ဆိတ်စွာ ငယ်လိုက်ပါလာခဲ့သည်။ ရုပ်ရှင်တွေထဲမှာ အကြိမ်ကြိမ် ရင်းနှီးဖူးသော ဒီမြို့ကြီးကို ကိုယ်တိုင်ကိုယ်ကျ အရောက်လာနိုင်ခဲ့၍ ငယ်ကျေနပ်သည်။ ကိုကိုနှင့် တွေ့ခွင့်ရသည့်အတွက်လည်း ပိုကျေနပ်သည်။ ငယ်တစ်ချိန်က စိတ်ကူးယဉ် မျှော်လင့်ခဲ့သလို ပျော်ရွှင်စရာကောင်းသော အဆုံးသတ်တော့ မဟုတ်ခဲ့။

အင်ပါယာစတိတ် အဆောက်အဦပေါ်ကို ကိုကိုနှင့်အတူ တက်ကြည့်ခွင့် မရခဲ့။  အလယ်ပန်းခြံထဲမှာ ကိုကိုနှင့်အတူ လက်တွဲလျှောက်ခွင့် မရခဲ့။ လေဘာတီရုပ်ထုရှိရာကျွန်း နောက်ခံထားပြီး ကိုကိုနှင့်အတူ  နှစ်ယောက်တွဲ၍ ဓာတ်ပုံရိုက်ခွင့် မရခဲ့။ ဖြစ်နိုင်မယ်ဆိုရင်လေ ... “ကိတ်အန်လီယိုပိုး” ဇာတ်ကားထဲလို ဘရွတ်ကလင်းတံတားအောက်နားကို အသာခုန်ဆင်းလို့ အချိန်တွေကို နောက်ပြန်လှည့်ပြီး  ကိုကိုနဲ့အတူ မက်ဟန်တန်မြို့ထဲ လှည့်ပတ်ကြည့်ချင်သေးတယ်။  ပဉ္စမရိပ်သာလမ်းမတစ်လျှောက် ကိုကိုလိုက်ပြသမျှ  အသစ်အဆန်းတွေအားလုံး ကလေးငယ်တစ်ယောက်တစ်ဖွယ် ငေးမောကြည့်ချင်မိသေးတယ်။ တကယ့်တော့ ဒါတွေအားလုံး မဖြစ်နိုင်တော့မှန်း ငယ်သိခဲ့ပါတယ် ကိုကိုရယ်။ ငယ့်အမြင်တွေ ၀ိုးတ၀ါးနဲ့ မှုန်ရီမှိုင်းလာခဲ့သည်။
(င)

လေယာဉ်ပေါ်ကနေ ကိုကိုနှင့်တစ်စုံတစ်ယောက် အတူရှိနေမည့်မြို့ကို နောက်ဆုံးအကြိမ် လှမ်းမျှော်ကြည့်ရင်း ကိုကို့ကို မမေးဖြစ်လိုက်သောမေးခွန်းကို ရင်ထဲမှာပဲ တိတ်တဆိတ် ပြန်မေးမိသည်။ ကိုကိုရေ... လက်မထပ်ဖြစ်တဲ့ ချစ်ခြင်းတွေဟာ တစ်ကယ်ပဲ ခိုင်မြဲတတ်သလားဆိုတာ ငယ်သိချင်ပါတယ်။  ဒါပေမယ့်လေ ....   ဒီဘ၀မှာ ကိုကိုနဲ့ ဆုံခွင့်မရတော့မယ့်အတူတူ ကိုကို့အပေါ်ထားခဲ့မိတဲ့ ငယ့်ချစ်ခြင်းမေတ္တာတွေကို ဟောဒီ့မြို့တော်မှာပဲ  အပြီးအပိုင် ထားရစ်ခဲ့ပါရစေ။ ကိုကိုလည်း ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေရစ်ခဲ့ပါတော့ ... ။


ဇွန်မိုးစက်


(ဒီဝတ္ထုလေးကို စိတ်ကူးထဲမှာ ရေးခဲ့မိတာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပါ။ ကိုယ်သိပ်ရောက်ဖူးချင်တဲ့ နယူးယောက်ခ်မြို့ကို နောက်ခံထားပြီး ချစ်တဲ့သူနဲ့ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ ကောင်မလေးအကြောင်း ရေးချင်ခဲ့တာပါ။ အချိန်ကာလတွေ၊ အခြေအနေတွေ ပြောင်းလဲခဲ့တဲ့အလျောက်  စာရေးသူ ခံစားချက်လည်း လိုက်ပြောင်းသွားတော့ စိတ်ကူးထဲက ဇာတ်သိမ်းနဲ့ ကွဲလွဲသွားကြောင်းပါ။)

ပုံလေးကို ဒီကနေ ယူထားပါတယ်။

နွေဦးနှင့် ဥသြ

7

Category: ,

ကျွန်တော့်ကို အမေက နွေဦး (ကုမ်ရာသီ) မှာ မွေးခဲ့လို့လား မပြောတတ်ပါ။ နွေဦးကိုရောက်တိုင်း ခံစားမှု တစ်မျိုး လွင့်လာတတ်ကာ အလွန်စွဲလန်းသော အာရုံဖြင့် ရှိနေတတ်ပါသည်။ နွေဦးဝင်ပြီဆိုသည်နှင့် တိုက်မြဲ မြောက်လေကလေး ဖယ်ဆုတ်ရာက တောင်လေကလေး သုန်လာတတ်သည်။ အမေက ဘာလိုလိုနဲ့ တောင်လေကလေးတောင် သွေးပြန်ပါပကောလို့ မှတ်မှတ်ရရ ပြောတတ်မြဲလည်း ဖြစ်သည်။ တောင်လေကလေး ပြက်သည်နှင့် နွေနံ့တွေ ကြိုင်ကြိုင်လှောက်လာတော့သည်။ နွေ၏ရနံ့သည် ပန်းရနံ့တွေလည်းမဟုတ်၊ ဖုန်ခိုး မီးနံ့လည်းမဟုတ်။ မြေခိုးမြေငွေ့တွေ အူလာလို့လည်းမဟုတ်။ နွေဦးရာသီကပဲ သယ်ဆောင်လာသည့် သဘာဝရနံ့ဖြစ်သည်။ နွေလေကပဲ သစ်ရွက်ဟောင်းတွေ ခြွေချပေးသည်။ ရွက်ခြွေလေ တစ်ချက်သုတ်လိုက်သည်နှင့် ရွက်ဟောင်းတွေ ဝေ့ဝေ့၀ဲဝဲ ကြွေကြရသည်။ ကျွန်တော်တို့ငယ်ငယ်က သစ်ရွက်ကြွေဖမ်းတမ်း ကစားကြသည်။ မှို့သီးလဲသီးကွဲတွေက လွင့်ပါလာတတ်ကြသော လဲစမှို့စ လူးလူးလိမ့်လိမ့်ကလေးတွေကို လိုက်ဖမ်းရတာကလည်း ပျော်စရာ ဖြစ်ရသည်။ နွေဦးမှာ မွှေ့တတ်ဝှေ့တတ်သော လေပွေခေါ်ကြသည့် “လေပူကတော့” ကို ကျွန်တော် ကြောက်တတ်သည်ဟု အမေပြောဖူးသည်။ “လေပူကတော့” ကြီးတွေက အချိန်အခါမရွေး၊ နေရာမရွေး လေပူချင်း ဆိုင်မိလျှင် ဖုန်နှင့် အမှိုက်တွေကို ဆွဲတင်သွားတတ်တာကို ကလေးပီပီ ကြောက်ခဲ့တာဖြစ်လိမ့်မည်။ ကျွန်တော်တို့ခြံထဲက မာလကာပင်၊ သြဇာပင်၊ ဂွေးသီးပင်၊ သလဲပင် တွေကလည်း အရွက်တွေမကျန်အောင် “ခါ” တတ်သည်။ ညအခါ ကောင်းကင်ရောင်နောက်ခံမှာ အရိုးစုကြီးတွေ ရပ်နေကြသည်နှင့်တူသည်။

စည်းရိုးစပ်မှာရှိကြသော ငုပင်နှင့်ပေါက်ပင်ကတော့ တစ်မျိုးလှကြသည်။ ငုဝါရောင်က ပိတောက်နှင့်မတူ။ ရွှင်သော အ၀ါရောင်ဖြစ်သည်။ ငုတစ်ပင်လုံး ခဲနေအောင် ပွင့်သည့်အတွက် မြင်ရသည်ပင် ခူးချင့်စဖွယ်။ ပေါက်ကတော့ အပင်ကြီးမျိုးဖြစ်သည်။ ပွင့်စမှာ နီနီမြန်းမြန်း၊ တစ်ရက်နှစ်ရက်ကြာတော့ လိမ္မော်ရောင်ဘက်ကူးကာ တစ်သွေး လှနေတော့သည်။ နွေဦးမှာ အမှတ်တရအရှိဆုံးကတော့ ဥသြတွန်သံဖြစ်သည်။ ဥသြတွန်သံကို ခံစားမိရခြင်းမှာလည်း အဓိပ္ပာယ်ရှိသည်။ ဥသြတွေ တွန်ပြီဆိုလျှင် အဖေရောက်လာတော့မည်။ ကျွန်တော် လူမှန်းသိစကတည်းက အဖေက ရန်ကုန်မှာ အလုပ်လုပ်နေသည်။ ကျွန်တော်နှင့်အမေက ရွာမှာ။ တစ်နှစ်တစ်ခါ နွေကျောင်းပိတ်ချိန်မှာ အဖေ ရောက်လာတတ်သည်။ ဟိုတုန်းက သည်ခေတ်လို သွားရေးလာရေး လွယ်လှသည်မဟုတ်။ ရန်ကုန် ပြည် ဘတ်စ်ကား စီးရသည်။ ပြည်ရောက်တော့ တစ်ညအိပ်။ ပြည် ကူးတို့ သဘောင်္ကြီးတွေ စီးကာ သင်္ဘောပေါ်မှာ တစ်ညအိပ်။ သံကိုင်းဆိပ်ကိုရောက်မှ ဆင်းကာ မြင်းလှည်းနှင့် ကုန်းဇောင်းကို လာရသည်။ အဖေရောက်လာတော့ စစ်သုံးတာပေါ်လင် အိပ်ရာလိပ်ကြီးပါသည်။ တစ်လုံးချိုင့်ခေါ်သည့် ထမင်းချိုင့်ပါသည်။ အ၀တ်အစားတွေကတော့ အိပ်ရာလိပ်ထဲမှာ။ အဖေ့အကြောင်း ကျွန်တော်ရေးလျှင် သည်အရုပ်တွေ အရိပ်တွေ မပါလို့မရ။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်က ပြန်လာသော ဂျမဒါတစ်ယောက်နှင့်တူသည်ဟု ကျွန်တော်ရေးဖူးသည်။ အဖေရောက်လာသည့်ရက်တွေက နွေဦး။ ဥသြတွန်တဲ့ လရာသီ။ နှစ်စဉ် ဥသြတွန်သံကြားလျှင် အမေက “မင်းအဖေ လာတော့မယ်” လို့ ပြောတတ်သည်။ အမေလည်း ဥသြတွန်သံကို မျှော်နေတာများလား။

ဥသြတွန်သံက ချိုမြိန်သော အလွမ်းဓာတ်ကလေး ပါသည်။ အလွမ်းဓာတ်ကဲသော သံချိုလို့လည်း ပြောနိုင်သည်။

ဥသြသံက နွေဦး၏ ဖွားဖက်တော်ဖြစ်သည်။

ရှင်အုံးညို၏ ဂါထာ ၆၀ ပျို့မှာ “ရဂုံတောဝယ်၊ ဥသြကျေးငှက်၊ ယှဉ်ဖက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ” လို့ ဖွဲ့သည်။ “ကြွေးရင့်မညံ” သည် မဆူမညံ နားချမ်းသာသော အသံကို ဆိုလိုပုံရသည်။ ကွမ်းရေတော်ကိုင် ဦးယာကတော့ ဥသြကို အလွမ်းဘက်ကို ကူးကာ ခံစားသည်။ သူ၏တပေါင်းလ ဘွဲ့တစ်ပုဒ်မှာ “မြိုင်ခွင်တစ်ကြော၊ ဥသြရင့်ကြွေး၊ ကျူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ ရွှေသည်းညှာလည်း၊ ကြွေရှာလုဖွယ်” လို့ ဖွဲ့သည်။ အသည်းကြွေမတတ် ခံစားရသော မြိုင်ဦးက ဥသြသံကို သူလည်း ခံစားပုံရသည်။

ဥရောပနွေဦးကို ကျွန်တော် ကြုံခဲ့ဖူးသည်။ သူတို့ နွေဦးကို သူတို့ကလည်း မျှော်မောတကြီး ရှိကြတာ သတိထားမိပါသည်။ သူတို့နွေဦးဆိုသော်လည်း သူတို့ပထ၀ီနှင့် အစပ်မတည့်လှသော ကျွန်တော့်အဖို့ နွေဦးလို့မထင်။ ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှာ သမုဒ္ဒရာပိုင်းရာသီဥတုရှိသည်။ တောင်ပိုင်းမှာက မြေထဲပင်လယ်ရာသီဥတု။ အရှေ့နှင့် ဗဟိုပိုင်းမှာတော့ ကွန်တီနင်တယ် ရာသီဥတု ခေါ်ကြသည်။ ကုန်းမြေထုနှင့်ဆိုင်သော ရာသီဥတု ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့တစ်နိုင်ငံလုံး၏ နွေဦးသည် အေးမြ၍ ခြောက်သွေ့သော လေတွေ တိုက်နေတတ်သည်။ ဆီးနှင်းမိုး ရွာတတ်သော နွေဦးဖြစ်သည်။ မိုးနှင့် နှင်းကြွင်း၊ မြူနှင့် ဆောင်းနံ့ထုံသောရာသီကို နွေဦး ခေါ်နေကြသည်။ နွေဦးမှာမှ မြင်ရတတ်သော သစ်ရွက်တွေကတော့ အရောင်ဆန်းပါသည်။ ဒန်ရောင်၊ ဖန်ရောင်၊ သံမဏိရောင်တွေပင် ပါလိုက်သေးသည်။ ပါရီမှာပင် သဘာဝသစ်တော၊ မြို့လယ်ရပ်ကွက်အလိုက်သစ်တော၊ အမျိုးသားသစ်တော စသည်ဖြင့်ရှိသည်။ သဘာဝ သစ်တောများကို ပသာဒဖြစ်အောင် ပြုပြင်ထားသဖြင့် စိုက်ခင်းသစ်တော ထင်စရာရှိသော်လည်း တောကြီးဟေ၀န်မှန်း သိသာပါသည်။ ကျွန်တော် သတိထားမိသလောက်တော့ အောက်ချင်းသောင်းသောင်း၊ ဥဒေါင်းထိတ်ထိတ်၊ ကရ၀ိတ်သံသာ၊ ခါလည်းငေါ်ငေါ်၊ ငှက်တော်သဲသဲ၊ လင်းဆွဲသက်သက်၊ ဆက်ရက်လေးမျိုး၊ ကျေးရှစ်မျိုးနှင့် ချိုးမျိုးလေးတန်၊ သိန်းစွန် ခင်ပုပ်တို့ မြိုင်လုံးချုပ်အောင် ရှိနိုင်သော်လည်း သည်ကန္တာတောခြေတွေမှာ နွေဦးဥသြသံ မကြားခဲ့ရ။ ဥရောပကဗျာတွေမှာ ဥသြ (cuckoo)၊ ဥသြသံထွက်သည့် သံစုံနာရီ (cuckoo clock) ဆိုတာတွေ ကျွန်တော်ဖတ်ဖူးပါလျက် ဥသြသံကို အကြောင်းမဆိုက်၍ဘဲလားမသိ။ ကျွန်တော် မကြားခဲ့ရိုး အမှန်။

မနေ့တစ်နေ့ကမှ ရောက်ခဲ့ရသော မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာတော့ ဥသြသံတွေ အီလောက်အောင် ကြားခဲ့ရသည်။ ဥသြသံမှ ဥသြတွန်သံအစစ်။ အထပ်မြင့်တိုက်ခန်းတွေမှာ နေခွင့်ရခဲ့သဖြင့် ကွာလာလမ်ပူတစ်မြို့လုံးကို ဆီးမြင်နေရသော ကျွန်တော့်မှာ သည်ဥသြသံ ဘယ်ကလာသလဲ မရှာတတ်အောင် ဖြစ်နေရသည်။ ကျွန်တော် မြင်ရသလောက် အထပ်အထပ် လမ်းမကြီးတွေ၊ မြင့်မားသော မိုးမျှော်တိုက်ကြီးတွေ၊ ကွန်ကရိ တံတားကြီးတွေသာ ရှိသည်။ ရှိနေသည့် သစ်ပင်တွေကလည်း ဥသြခိုလောက်စရာ မရှိ။ တောမြိုင်ခြေလမ်း မဟုတ်။

“ဥသြသံက သည်မှာ ဆယ့်နှစ်ရာသီကြားရတယ်။ ကျွန်တော်တို့လည်း ရောက်စက ဥသြသံကြားတော့ ဇာတိ လွမ်းရသေးတယ်။ မဟုတ်ဘူးဗျ၊ ဥသြက တစ်နှစ်လုံး တွန်နေတာ။ အီကွေတာရာသီဥတု ရှိလို့လားတော့ မပြော တတ်ဘူး”

မလေးရှားရောက် မြန်မာမိတ်ဆွေတွေက ပြောပြခြင်းဖြစ်သည်။ မလေးရှားတွင်နေရသည့် ရက်များအတွင်း ကွာလာလမ်ပူမြို့ကြီး၏ တောင်ပိုင်းမှာရော မြောက်ပိုင်းမှာပါ တည်းခိုခွင့် ရခဲ့ပါသည်။ ဥသြသံကိုတော့ နေရာတိုင်းမှာ ကြားခဲ့ရသည်။ ကေဒါ (ကဒါး) ပြည်နယ်၊ ဆလန်ဂေါပြည်နယ်တွေ ရောက်တော့လည်း ကြားခဲ့ရသည်။ တောစိုး သစ်ပင်ကြီးတွေပေါ်က တဖွဲ့တနွဲ့ လွမ်းယဲ့ယဲ့ကြားရတာမျိုးတော့ မဟုတ်။ ဖုတ်ပူမီးတိုက် တွန်းသံမျိုးဖြစ်သည်။ မလေးရှားသည် ပထ၀ီဝင်အရ ပင်လယ်လွှမ်းမိုးမှုရှိသော ရာသီဥတုရှိသည်။ အိန္ဒိယသမုဒ္ဒရာလေထုနှင့် တောင်တရုတ် ပင်လယ်လေထုက ရာသီဥတုနှစ်မျိုးကို ဖြစ်ပေါ်စေသည်။ ပျမ်းမျှ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်ကြားမှာ ရှိနေတတ်သည်။ ညှို့လာသောမိုးက ရွာချင်ရွာသလို လင်းလာသော နေက သာချင်သာသည်။ ပုံမှန်အားဖြင့် နွေးနွေးထွေးထွေး ရာသီဥတုမျိုးဟု ဆိုနိုင်သည်။

“အရှေ့မြောက်မုတ်သုံရာသီနဲ့ အနောက်တောင်မုတ်သုံရာသီရယ်လို့ နှစ်မျိုးရှိတယ်။ စိုထိုင်းစလည်း များတယ်။ ဒါပေမဲ့ အပူပိုင်း အီကွေတာ ရာသီဥတုရယ်လို့လည်း ရှိပြန်တယ်။ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အနောက်ဘက် ကမ်းရိုးတန်းတွေမှာ ခြွင်းချက်ရှိပေမဲ့ ပုံမှန်အားဖြင့် နွေဦးနဲ့ဆင်တယ်”

ဥသြတို့ မျက်စိလည်ကြပုံပေါ်သည်။ သည်တော့လည်း ကြားရဖန်များတော့ ကျွန်တော့်မှာ မချိုစကောင်း ချိုစကောင်း ဖြစ်ရသည်။ မလွမ်းစကောင်း လွမ်းစကောင်း ဖြစ်ရသည်။

စင်ကာပူမှာလည်း ဥသြသံကြားရသည်။ မြို့ပြခေတ်ဆန်မှုတွေကြားက ကြားရသော ဥသြသံကို ကျွန်တော် နားမလည်နိုင်ဘဲ ရှိခဲ့သည်။ ကျွန်တော် တည်းနေသည့်တိုက်ခန်းက ကြည့်လျှင် ကုန်သင်္ဘောကြီးတွေပေါ်ကို ကုန်သေတ္တာ ကြီးတွေ တင်ပေးနေသော စင်ကာပူဆိပ်ကမ်း လုပ်ငန်းခွင်ကြီးကို မြင်နေရသည်။ ခေတ်လွန် ဗိသုကာ အဆောက်အအုံ တွေကို မြင်နေရသည်။ သည်ကြားထဲက ဥသြတွန်သံ ကြားရခြင်းဖြစ်သည်။ လွမ်းစရာမကောင်းလိုက်ပုံများ။

သည်ရက်ထဲမှာပဲ အညာခေါင်ခေါင်နယ်မြို့ကလေးတွေဆီ ရောက်ခဲ့သည်။ ဘယ်ကိုကြည့်ကြည့် ကျောက်စရစ်ကုန်းနှင့် အင်တိုင်းတောခြောက်ကိုသာ မြင်နေရသည်။ တောခြောက်တွေထဲက တောပန်း တောင်ပန်းတွေ မြင်ရသည်။ လက်ပံပွင့် ၀တ်ရည်ချိုကို သောက်ကြရင်း မူးယစ်နေကြသော ဆက်ရက်တွေကို မြင်ရသည်။

“ကြောင်ရှာနှင့် နဘဲ၊ ရှင်ကစ္စဲနှင့် ရှင်ပါကူ၊ လဲလူ မ ဖို၊ ကုတ်ကိုနှင့် ကုတ်ဟီး၊ မန်ကျည်းနှင့် သနပ်၊ ဒဟပ်နှင့် သန်းထိမ်၊ ကျည်းဖြူနှင့် ပျဉ်းတော်သိမ်၊ လွန်လိမ်ဖလန်၊ သီးပေါင်မဲ့ ဆီးခံ၊ လက်ပံနှင့် လပ်ခုပ်၊ ကြက်မအုပ် ကြက်မောက်၊ တောရှောက်ခပေါင်း၊ ထနောင်းနှင့် ထောက်ရှာ၊ ယင်းမာနှင့် ရင်းတိုက်”

အင်တိုင်းတောကလေးတွေဆီက ဥသြသံကိုပါ ကြားရသည်။ သည်တစ်ခါတော့ အလွမ်းဓာတ်ပါသော သံအေးချိုချိုသည် ကျွန်တော့်ရင်ကို ပုတ်နှိုးလိုက်သည်။ မြန်မာ့နွေဦးနှင့် မြန်မာ့ဥသြ အတူနှောပါမှ လွမ်းရသည်ကော။


နေ၀င်းမြင့်

-----------------------------------------------------------------------------------------------------------------------

ဒီမှာကြားရတဲ့ ဥသြတွန်သံနဲ့ ပတ်သက်ပြီး ခံစားချက်ခြင်း သွားတူနေကြတဲ့ သူငယ်ချင်းမိတ်ဆွေများအတွက် ဆရာနေ၀င်းမြင့်ရဲ့ “ချစ်သူနှင့် ခရီးသွားခြင်း” (အနယ်နယ်အရပ်ရပ် စာပေဟောပြောပွဲ အတွေ့အကြုံ ခရီးသွား ဆောင်းပါးများ စုစည်းမှု) စာအုပ်မှ “နွေဦးနှင့် ဥသြ” ကို ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

တနင်္ဂနွေနဲ့ သင်ပုန်းကြီးဖတ်စာ

10

Category: ,




တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို (အကြောင်းထူးမရှိရင်) တစ်ခြားဘယ်မှမသွားဘဲ အမြဲ reserve လုပ်ထားပါတယ်။ တရားစခန်း၊ တရားပွဲနဲ့ကြုံကြိုက်တဲ့အခါမျိုး၊ နေမကောင်းတဲ့အခါ၊ ဟိုတစ်ခါ စာပေဟောပြောပွဲကို သွားတဲ့အခါမျိုးလောက်မှာ စာသင်သွားဖို့ ပျက်ကွက်ပါတယ်။  အိမ်မှာအချိန်ပြည့်မပေးနိုင်တဲ့ တနင်္ဂနွေဟာ အားလပ်ရက်မပီပေမယ့် ကိုယ်ကျေနပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အချိန်ပေးရကျိုးလည်း နပ်ပါတယ်။

စိတ်ကူးယဉ်ဆရာမဘ၀မှာ ပထ၀ီနဲ့အင်္ဂလိပ်စာပဲ သင်ကြည့်ဖူးပါတယ်။ မြန်မာစာတစ်ခါမှ မသင်ဖူးပါဘူး။ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် ဂုဏ်ယူလေးစားတဲ့ စိတ်ရယ်၊ အဝေးရောက်ကလေးများကို မြန်မာစာတတ်စေချင်တဲ့စိတ်ရယ်၊ မြန်မာစာကတစ်ဆင့် ဘုရားစာ၊ ပါဠိစာပေတွေတတ်မြောက်ပြီး ဘာသာတရားနဲ့ ကလေးတွေကို ပိုမိုနီးစပ်စေချင်တဲ့စိတ်ရယ်ပေါင်းပြီး တစ်ပတ်မှာ လုပ်အားပေးစာသင်ချိန် ၃နာရီ (ခွဲ)၊ ခရီးအသွားအပြန် ၂နာရီ စုစုပေါင်း ၅နာရီကနေ ၆နာရီအချိန်ပေးပြီး Sembawang  က SMC  မှာ မြန်မာမိဘဖွား မြန်မာကလေးတွေကို မြန်မာစာသင်ပေး ဖြစ်ခဲ့ပါတယ်။ 

အဲဒီ့အချိန်လေးကို ကိုယ်သိပ်ကြည်နူးပါတယ်။ ကလေးတွေကို သင်ပုန်းကြီးဖတ်စာသင်ပေးရင်း ကိုယ်ကိုယ်တိုင် ငယ်ငယ်ကစာသင်ချိန်တွေ ပြန်ရောက်သွားသလို ခံစားရလို့ပါ။ ပြီးတော့  ဝေးကွာနေတဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အဲဒီ့အချိန်ပိုင်းလေးမှာ ပိုပြီးနီးနီးစပ်စပ် ခံစားရတာလည်းပါပါတယ်။ စာသင်သားအဖြစ် စာတွေအံခဲ့တုန်းက ခံစားချက်နဲ့ အခုစာသင်သူအဖြစ် ခံစားချက်က မတူညီတော့ပါဘူး။

စာတွေသင်ပေးရင်း ကောင်းလိုက်တဲ့ မြန်မာစာသင်ရိုးညွှန်းတမ်းပါလားလို့ အကြိမ်ကြိမ်တွေးမိပါတယ်။ ချစ်စရာ့ ကဗျာလေးတွေ၊ အတုယူလိုက်နာကျင့်သုံးဖွယ် အမူအကျင့်စည်းကမ်းတွေကို သင်ခန်းစာတွေကတစ်ဆင့် ပေးသွားတာ ကိုယ်သိပ်သဘောကျပါတယ်။ ဘာသာစကား၊ စာပေတင်မက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိတရားလေးတွေကို သင်ခန်းစာအလိုက် ပေးပေးသွားတာ ခုကိုယ်တိုင်စာသင်မှ သေသေချာချာပိုမြင်လာပါတယ်။

မြန်မာစာခက်တယ်လို့ ညည်းတဲ့ကလေးကညည်း၊ အသီးအနှံအရွက် သူတို့မစားဘူး၊ မမြင်ဘူးတဲ့ဟာ မေးတန်မေးနဲ့ စာသင်ခန်းလေးက ဆူညံနေပါတယ်။ ကိုယ့်မှာ မြန်မာစာတင်မက အင်္ဂလိပ်စာပါ ပြန်ပြန်နွှေးရတာ၊ သူတို့မသိတာလေးတွေ အင်္ဂလိပ်လို ပြန်ပြောလို့ရအောင်လို့။ ပဲပြုတ်မစားဖူးသူ၊ ခရမ်းသီးမသိသူ၊ ထန်းပင်မမြင်ဖူးသူ၊ လယ်ကွင်း၊ ကျေးရွာ၊ စပါးလှေ့ စတာတွေနဲ့ မရင်းနှီးတဲ့သူလေးတွေကို သူတို့မြင်အောင်သိသွားအောင် ပုံဖော်ပြောဆိုရတဲ့ ဆရာမတွေ ခေါင်းစား အလုပ်များ ပင်ပန်းကြပါတယ်။ 

ပညာရေးစနစ်ကွာခြားမှုအောက်မှာ ကြီးပြင်းလာသူတွေဖြစ်တော့ ကိုယ်တို့ငယ်ငယ်တုန်းကလို ဆရာဒါဆိုဒါ မလိုက်တာ သိသိသာသာတွေ့ရပါတယ်။ Complain သိပ်တက်တဲ့ ကလေးတွေလည်းရှိတယ်။ သင်ခန်းစာတစ်ခုမှာ “လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ” လို့ ဘေးက လဲနေသူကို ဆွဲထူပေးတဲ့ပုံလေးတွေ့တော့ ကိုယ့်တပည့် ကျောင်းသူလေးက ကြည့်ပြီးမေးပါတယ်။ “ဘာလို့ သူ့ဖာသာသူ မထတာလဲတဲ့”။ ကိုယ့်တုန်းကတော့ အဲလိုမတွေးမိတာ အမှန်ပါ။ လဲနေသူဆို ထူပေးရမယ်ဆိုတဲ့အသိပဲ ၀င်သွားတာ။ မြန်မာစာကို (စိတ်ပါပါ မပါပါ) ကြိုးစားသင်အံနေကြတာမြင်ရင်ပဲ စိတ်ကြည်နူးရပါတယ်။ 

မမသီတာပြောတဲ့စကားလေး အမှတ်ရမိပါတယ်။ မြန်မာစာတတ်တာမတတ်တာတစ်ပိုင်း၊ ဒါပေမယ့် စာသင်ရင်းကနေ စာတွေကတစ်ဆင့် မြန်မာပြည်နဲ့ရင်းနှီးသွားပြီး မြန်မာပြည်ချစ်စိတ်ကလေးတွေ  သူတို့ရင်ထဲမှာ ကိန်းအောင်း ၀င်ရောက်သွားတယ်ဆိုတာပါ။ ကိုယ်လည်း အဲလိုပဲ ယုံကြည်မိတယ်။ အသိအလိမ္မာပေးတဲ့ ချစ်စရာ သူငယ်တန်းဖတ်စာ တစ်ချို့ ကိုယ်ကောက်နုတ်ထားတာလေးတွေ ဖတ်ကြည့်ပါဦး။

“စားစရာ လာယူပါ။
ညီညီညာညာ လာပါ။
လုမယူရ။
အတူတူစားပါ။”

“ဖေဖေ မေမေ
မာပါစေ။
မေမေ့ စကား
အရေးထား။
ဖေဖေ့ စကား
သား လေးစား။”

“သူသည် နုနယ်၏။
လဲနေသူ ထူပေးပါ။
အားငယ်သူ အားပေးပါ။
အတူတူ သယ်ယူပါ။”

“မိဘဆရာ ရိုသေပါ။
ရိုးရိုးသားသား နေပါ။
သာသာယာယာ စကားဆိုပါ။
အဘိုးအိုကို ကန်တော့ပါ။”

“ပညာကို ရှာမှီးပါ။
အမှားအမှန် ခွဲခြားပါ။
သတိရှိရမည်။
သနားညှာတာမှု ရှိကြပါ။” 

ဒီလိုဖတ်စာတွေသင်အံရင်း သူတို့ရင်ထဲ အတိုင်းအတာတစ်ခုအထိ အသိအလိမ္မာ ယဉ်ကျေးမှုဓလေ့တွေ ၀င်ရောက်ခဲ့မယ် ဆိုရင်ဖြင့် ကိုယ်ရဲ့တနင်္ဂနွေဟာ သိပ်ကို တန်ဖိုးရှိသွားမှာပါပဲလို့။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

နှစ်သစ် (မေတ္တာပို့) ဆုတောင်း

6

Category:

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်သစ် တစ်ထောင့်သုံးရာ ခုနှစ်ဆယ့်နှစ် ဖြစ်ပါစေ။

ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအပေါင်းတို့ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေ။


ဆုမွန်ကောင်းများစွာဖြင့်
ဇွန်မိုးစက်

Blog Silence Day-16 Apr 2010

5

Category:

တစ်နေ့ကပဲ သူငယ်ချင်းကို ပြောမိသေးတယ်။ ငါတို့နိုင်ငံ သူများနိုင်ငံတွေလို မတိုးတက်၊ မချမ်းသာရင်နေပါစေဟာ။ ရေ၊ မီးလေးမှန်ရင်ပဲ တော်ပါပြီလို့။ ခုတော့ ရေ၊ မီး မမှန်လည်း နေပါစေဟာ ... ဘေးအန္တရာယ်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေလို့ရယင် တော်ပါပြီလို့ ပြောင်းပြောချင်တယ်။

တစ်ခြားကိုယ်ပြောချင်တဲ့ စကားများအားလုံး ဟောဒီမှာ အစ်မချစ်က ပြောထားပါတယ်။ 

သေဆုံးသွားသူများ၊ ဒဏ်ရာရသူများ၊ ကျန်ရစ်သူမိသားစုဝင်များအားလုံးအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ်ပါ။


ဇွန်မိုးစက်

ဒီနှစ်သင်္ကြန်

10

Category:

သင်္ကြန်နဲ့ဝေးခဲ့တာ၊ သင်္ကြန်မှာ ရေမဆော့ မကစားဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ နောက်ဆုံးရေပက်ခံထွက်၊ ရေကစားဖြစ်ခဲ့တာ ၉တန်းစာမေးပွဲဖြေပြီးတဲ့နှစ်ကပါ။ နောက်ပိုင်းနှစ်တွေမှာ အမေနဲ့ဘုန်းကြီးကျောင်းလိုက်၊ တရားစခန်းဝင်၊ အပြင်သင်တန်းက စာမေးပွဲတွေနဲ့ ရက်တိုက်၊  ဘယ်မှမသွားဖြစ်ရင်လည်း အိမ်မှာစာအုပ်တွေဖတ်၊ ရုပ်ရှင်တွေကြည့်၊ နောက်မြန်မာပြည်နဲ့ ဝေးတဲ့နေရာရောက်နဲ့ တောက်လျှောက်သင်္ကြန်ရေနဲ့ မထိတွေ့ခဲ့ပါဘူး။ မြန်မာပြည်မှာ ဒီအချိန် သင်္ကြန်ကျနေပြီဆိုတာတဲ့ အတွေးလောက်ပဲရှိလိုက်တယ်။ ထူးထူးခြားခြားတော့ သိပ်မခံစားမိခဲ့တာ အမှန်ပါ။

ဒီနှစ်သင်္ကြန်ကတော့ ခါတိုင်းနှစ်တွေလို ဖာသိဖာသာ ဝေးရာမနေတော့ဘဲ ကိုယ့်အနီးရောက်လာပါတယ်။ gtalk  နဲ့ mobile က  message တွေ၊ Forward လုပ်လာတဲ့ email တွေအပြင် ဘလော့ဂ်စာမျက်နှာတွေမှာ ပိတောက်ပန်းတွေ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာကြ၊ တစ်အိမ်တက်ဆင်း ရေတွေလိုက်လောင်းကြ၊ အိုးမဲသုတ်ကြ၊ ဆုတောင်းပေးကြ၊ သံချပ်တွေ သံပြိုင်ထိုးကြနဲ့ သင်္ကြန်အငွေ့အသက်တွေ ကိုယ့်ဆီကို လွှမ်းခြုံလာသလိုပါပဲ။

ချစ်ခင်ရတဲ့ ဘလော့ဂ်ရေးဖော်ရေးဖက် မောင်နှမတွေနဲ့အတူ သင်္ကြန်ကဗျာလေးတစ်ပုဒ် စုပေါင်းစပ်ခွင့်ရခဲ့တာရော၊   ဘလော့ဂ်ဂါ ရိပ်မြုံလေးတစ်ခုမှာ ကျင်းပတဲ့ ဧပြီညီအစ်ကိုမွေးနေ့ပွဲကို တပျော်တပါး တက်ရောက်ခွင့်ရတာရော ကိုယ့်အတွက် ဒီနှစ်သင်္ကြန်က အမှတ်တရဖြစ်သွားစေတာအမှန်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
 
ခုတစ်လော ရုံးမှာ pressure တွေ သိပ်များပါတယ်။ မန်နေဂျာကလည်း ကိုယ့်ကိုမှရွေးပြီး တော်တော် push လုပ်တယ်လို့ ထင်ရတဲ့အနေအထားပါ။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်စလုံး ခါတိုင်းထက်ပိုပြီး အလုပ်တွေများနေလို့ အွန်လိုင်းတောင် မတက်နိုင်ဘူး။ သူများတွေကို ရေပက်ချင်တာရော .. ကိုယ်တိုင်ရေလောင်းခံချင်တာရောပေါင်းပြီး မန်နေဂျာအလစ်မှာ ၀င်လိုက်သေးတယ်။ အကုန်လုံးမှာလည်း သင်္ကြန်ဆုတောင်းတွေနဲ့ ဝေေ၀ဆာလို့။ သင်္ကြန်မုဒ်တောင် ၀င်လာသလိုလို။

ညနေ ၄ နာရီလောက်မှာ အံ့သြပျော်ရွှင်စွာ သိလိုက်တာက သင်္ကြန်ဟောလီးဒေးမုဒ်ဝင်သူက ကိုယ်မဟုတ်ဘဲ မန်နေဂျာဖြစ်နေပါရော့လား။ မနက်ဖြန်ကစပြီး သောကြာနေ့ထိ သူခွင့်ယူသွားတယ်လေ။ ဒါဆို ကိုယ်လည်း မနက်ဖြန်အွန်လိုင်းပေါ်တက်ပြီး သင်္ကြန်ဝင်ကျလို့ရပြီပေါ့။ မန်နေဂျာခွင့်ယူတဲ့ ဒီနှစ်သင်္ကြန်က  ပိုပျော်စရာ ကောင်းတယ်နော်။ ရှူး..... တိုးတိုး .... သူကြားသွားဦးမယ်။ ;)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Remix Thingyan 2010

8

Category: ,

ဘလော့ဂ်ဂါပီပီ အထိမ်းအမှတ်နေ့ တစ်ရက်ရက်ရောက်ရင် ပို့စ်တစ်ပုဒ်တင်ရမယ်၊ တင်သင့်တယ်ဆိုတာ ဘယ်သူမှမတိုက်တွန်းဘဲ အလိုလိုနားလည်နေသလိုလို... :D

ပို့စ်အသစ်ရေးဖို့ရာလည်း မသေချာတော့...  အစ်မချစ်ရဲ့ အိုင်ဒီယာနဲ့ အကြောင်းတိုက်ဆိုင်စွာ စပ်ဖြစ်ခဲ့တဲ့ ကဗျာအပိုင်းအစလေး ဒီမှာပဲ ဖတ်ကြည့်လိုက်နော်။ 

အားလုံး..အားလုံးပဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။း)


နှစ်သစ်ဆုမွန်ကောင်းများစွာဖြင့်
ဇွန်မိုးစက်

Reading and my favourites

10

Category: ,

ဘယ်နေရာမှာဖြစ်ဖြစ် Favourite Hobby ဆိုရင် စဉ်းစားစရာမလိုဘဲ အရင်ဆုံးဖြည့်ဖြစ်တာ စာဖတ်ခြင်းပါ။ တစ်ခြားဝါသနာတွေက သူ့နောက်မှာပဲ အမြဲရှိပါတယ်။ ကိုယ့်ကို စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့သူက အမေပါ။ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက စာဖတ်ရတာ စိတ်ဝင်စားတယ်၊  နှစ်သက်ပါတယ်။ စာစဖတ်တတ်ကတည်းက အမေ၀ယ်ပေးတဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း အားလုံးဖတ်တယ်။ အိမ်တစ်အိမ်ကို သွားလည်ရင် သိပ်မကစားတတ်ဘဲ ငြိမ်ငြိမ်ထိုင်ပြီး တွေ့တဲ့ ကာတွန်းရုပ်ပြလေးတွေဖတ်တယ်။ အမျိုးတွေအိမ်သွားရင် လူကြီးတွေ စကားပြောနေတဲ့အချိန်  စာအုပ်တစ်အုပ်အုပ်ရှာပြီး ဖတ်တတ်တယ်။ မှတ်မိသေးတယ်၊ တစ်တန်းလောက်က ကိုယ်နဲ့အတူတူ အိမ်ပြန်ဖက် သူငယ်တန်းက ကောင်မလေးနဲ့ ကားပေါ်ကနေပြီး လမ်းပေါ်က တွေ့သမျှ  ဆိုင်နာမည်တွေ၊ ဆိုင်းဘုတ်တွေ လိုက်ဖတ်ဖူးတယ်။ မှားရင်၊ စာလုံးမသိလို့ အသံတိတ်သွားရင် ကိုယ်တို့ကို လာကြိုတဲ့ သူ့အမေက ထောက်ပေးနဲ့ ဘတ်စ်ကားပေါ်မှာ ကိုယ်တို့အသံတွေနဲ့ ညံနေခဲ့တာ။
 
နောက်တော့ ကာတွန်းတွေဖတ်တတ်လာတယ်။ ကာတွန်းဆရာတွေအနေနဲ့ပြောရင် သန်းကြွယ်၊ အောင်ရှိန်၊ မောင်မောင်၊ မောင်မောင်လေး၊ မောင်ဝဏ္ဏ၊ ပိုးဇာ၊ သော်က၊ သက်စု၊ အောင်အောင်၊ မောင်လွင်၊ မြေဇာ၊ ငွေကြည်၊ မြင့်အောင်၊ မင်းဆွေ၊ ဆွေမင်း (ဓနုဖြူ)၊ တင်မောင်ဝင်း .... အများကြီးပဲ။ ခုနောက်ပိုင်းတော့ မပြောတတ်ဘူး။ ကိုယ်တို့တုန်းက ဖတ်စရာတွေ တော်တော်များတယ်။ ပန်းချီရုပ်ပုံရော၊ ဇာတ်လမ်းနောက်ခံတွေပါ အရမ်းကောင်းပြီး  မှတ်သားစရာ ပညာဗဟုသုတ အပြည့်ပဲ။ တေဇနောက်ဖုံးမှာပါတဲ့ ဆွေမင်းရဲ့ ဂွမ်းပု၊ ဂွမ်းဆီဆို ကိုယ်အရမ်းကြိုက်ခဲ့တာ။ တွတ်ပီဇာတ်ကောင်မပေါ်သေးခင်ကတည်းက ရေးဆွဲခဲ့တဲ့ ဇာတ်ကောင်တွေလို့ထင်တယ်။ ကိုပူစီလို မောင်စူပါ၊ ဒီလုံးတို့လို မကောင်းသူပယ် ကောင်းသူကယ်တဲ့ ဟီးရိုးဇာတ်လိုက်တွေလည်း ကြိုက်တယ်။ တွတ်ပီလည်း ကြိုက်တယ်။ ရွှေအိရွှေဘုတ်လည်း အရမ်းကြိုက်...ပြောရယင် အများကြီးပဲ။ 

နောက်နဲနဲကြီးလာတော့ ရုပ်ပြတွေ ဖတ်တတ်လာပြီ။ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် သိပ်ပျော်တယ်။ နေ့တိုင်းစာအုပ်ဆိုင်သွားပြီး စာအုပ်တွေဖတ်ရတာမို့လို့။ စာအုပ်ဆိုင်ကို အမေနဲ့အတူသွား၊ အမေက ၀တ္ထုမဂ္ဂဇင်းငှား၊ ကိုယ်တို့မောင်နှမနှစ်ယောက်က ကာတွန်းရုပ်ပြတွေငှားနဲ့ ပျော်ဖို့သိပ်ကောင်းတယ်။ အမေကိုယ့်ကို ပထမဆုံးရွေးပေးတဲ့ ရုပ်ပြစာအုပ်က ကျော်အောင်မော်ရဲ့ “၀က်သစ်ချပင်အောက်မှာ” ဆိုတဲ့စာအုပ်လေး။ ပန်းချီလေးတွေလှပြီး ဇာတ်လမ်းလေးလည်းကောင်းတယ်။ ကိုယ်အမှတ်ရနေတဲ့ ရုပ်ပြတစ်ချို့ရှိတယ်။ နန်းဦးရဲ့ “ပန်းဆိုတာ အပင်မှာနေပေမယ့်လည်း ကြွေမှာပါဦးရယ်” ၊ စိုင်းလားရှိုးရဲ့ “တကယ်လို့များ” ၊ စိုင်းဗေဒါရဲ့ “ရှန်ဂရီလာဒေ၀ီ” စသဖြင့်ပေါ့လေ။  မြိတ်ဝင်းထိန်၊ ခိုင်တင်၊ တင်မောင်ဝင်း၊ ထွန်းမင်းလတ်တို့၊ စံရွှေမြင့်တို့၊ မင်းသိုက်တို့လည်း ကြိုက်တယ်။ လောလောဆယ် ခေါင်းထဲပေါ်မလာသေးတဲ့ ရုပ်ပြစာအုပ်တွေ ကျန်နေသေးတယ်။

မေမေက (အချစ်)၀တ္ထုဖတ်ရင် မကြိုက်ဖူးဆိုပေမယ့် ဘာသာပြန်နဲ့ တစ်ချို့စာအုပ်ကောင်းတွေကျ ပေးဖတ်ပါတယ်။ မှတ်မှတ်ရရ ခြောက်တန်းနွေရာသီကျောင်းပိတ်ရက်မှာ ကိုယ်ပထမဆုံးဖတ်ခဲ့တဲ့ ဘာသာပြန်စာအုပ်က ဂယ်ရစ်ဆင်ကိုင်လွှာရဲ့ “ပရေရီမြို့ငယ်ငယ် လွမ်းဖွယ်နေများ” တဲ့။ ဒီစာအုပ်ကို အမေရိကန်သံရုံးမှာလုပ်နေတဲ့ ဦးလေးဝမ်းကွဲတစ်ယောက်က အမေ့ကို လက်ဆောင်ပေးတာ။ သူက နှစ်အုပ်ပေးတယ်၊ နောက်တစ်အုပ်က သမ္မတဂျွန်အက်ဖ်ကနေဒီအကြောင်း ဘာသာပြန်ပဲ။ ပရေရီမြို့ငယ်ငယ်စာအုပ်က ကိုယ်သိပ်ကြိုက်ပြီး နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း ပြန်ဖတ်ဖြစ်တဲ့ စာအုပ်ပါ။ ကိုယ်တို့ငယ်ငယ်ကတီဗွီမှာလာတဲ့  "Little House on the Prairie" ဇာတ်လမ်းတွဲကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ တကယ်တော့ အဲဒီ့ဇာတ်လမ်းက အမေရိကားမှာ အပတ်စဉ် ရေဒီယိုကထုတ်လွှင့်ပြီး နာမည်ကျော် လူကြိုက်များသွားရာကနေ ရုပ်မြင်ဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားတဲ့ကြောင်း  အဲဒီ့စာအုပ်ရဲ့အမှာစာမှာ ရေးထားပါတယ်။    အမေရိကန်ကျေးလက် မြို့သူမြို့သား တွေအကြောင်း ဟိုတစ်ကွက်ဒီတစ်ကွက် ဆေးစက်ကျရာ အရုပ်ထင်သလို သူ့နေရာနဲ့ သူ့ဇာတ်ကောင်နဲ့ ရေးဖွဲ့ထားတာ ကိုယ့်အတွက်တော့ မရိုးနိုင်အောင် သိပ်ဖတ်လို့ကောင်းတဲ့ စာအုပ်ပါ။

ခုနစ်တန်းရောက်တော့ ကိုယ်စာဖတ်ဝါသနာပါတာသိတဲ့  ကိုယ့်ကျူရှင်ဆရာမက မြသိန်းရဲ့ ဂျပန်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုထားတဲ့ “တော့တိုးကျန်”နဲ့ မြသန္တာရေးတဲ့ “နော်ရင်မွှေး” ကို ပေးဖတ်ပါတယ်။ နှစ်အုပ်စလုံးက စာအုပ်ကောင်းတွေပါ။ နောက်အဒေါ်အိမ်က ဘာသာပြန်တစ်အုပ်ထပ်ဖတ်ရတယ်။ မောင်ဘသင်ဘာသာပြန်တဲ့ အမျိုးသားစာပေဆုရ “ဇိုယာနဲ့ရှုယာ”၊ ဒုတိယကမ္ဘာစစ်အတွင်းက  နာဇီလက်ထဲမှာ အသက်ပေးသွားတဲ့ (ဖြစ်ရပ်မှန်) ရုရှမောင်နှမနှစ်ယောက်အကြောင်း၊ ကိုယ်ဖတ်ပြီး မျက်ရည်တွေကျခဲ့ရတဲ့ စာတစ်အုပ်ပါ။  နောက်ကိုယ့်ကို အပေါင်းလက္ခဏာနဲ့ ကြည့်တတ်မြင်တတ်အောင် တစ်နည်းတစ်ဖုံ လမ်းညွှန်ပေးခဲ့တဲ့ စာတစ်အုပ်က “ပေါ်လီယာနာ”။

ရှစ်တန်းနှစ်လောက်မှာစပြီး မစန္ဒာ၊ မိုးမိုး (အင်းလျား)၊ ဂျူးတို့ဖတ်ဖြစ်ပါတယ်။ ဆယ်တန်းဖြေပြီး နွေရာသီ ကျောင်းပိတ်တော့ (တရားဝင်) ၀တ္ထုဖတ်ခွင့်ရသွားပြီမို့ ငှားဖတ်လိုက်တဲ့ ၀တ္ထုတွေ၊ စာရေးဆရာ တစ်ယောက်ကို သူရေးသမျှ ထွက်သမျှ စီးရီးအလိုက် (ဆိုင်မှာတင်ထားသမျှ) လိုက်ဖတ်ပါသေးတယ်။ လွန်းထားထား၊ ရှင်မိုး၊ လမင်းမိုမို၊ မိုမို၊ နေနော်၊ မီကိုဇူးဇင်၊ မဟူရာ၊ အစုံပါပဲ။ အမေဖတ်ခဲ့တဲ့ စုလှဖြူတို့ ခိုင်ယဉ်မွန်တို့တောင်ပါသေး။ ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ်ဘယ်လိုစာမျိုးကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ကိုယ့်ဖာသာ သိသွားပါတယ်။

တက္ကသိုလ်ကျောင်းတွေ မဖွင့်သေးခင် အပြင်သင်တန်းတွေတက်ရင်း စာအုပ်ဆိုင်တွေဘက် မကြာခဏရောက်မိတော့ စာအုပ်တွေစပြီး ၀ယ်ဖတ်ရာကနေ စုဖြစ်သွားတာက ဖေမြင့်ရဲ့စာအုပ်တွေပါ။  သူ့စာအုပ်တွေဖတ်ပြီး လူလည်း တော်တော်လေးတက်ကြွခဲ့တယ်။ ဂျာနယ်ကျော်မမလေး၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှားတို့ အဲဒီ့အချိန်ကျမှ ပိုဖတ်ဖြစ်တယ်။ မဂ္ဂဇင်းပါဝတ္ထုတွေလည်း တော်တော်များများဖတ်တတ်လာတယ်။ ဘာသာပြန်စာအုပ်တွေ ဖတ်ရတာလည်း နှစ်ခြိုက်တယ်။ ခရီးသွားဆောင်းပါးတွေ ကြိုက်တယ်။ နောက်ပိုင်း ကိုယ်အင်တာဗျူးတွေ ဖတ်ရတာကြိုက်လို့ အင်တာဗျူးတွေပဲ စွဲစွဲမြဲမြဲဖတ်တဲ့အချိန်တောင် ရှိလိုက်သေးတယ်။ တစ်ခုသတိထားမိတာက တက်ကျမ်း အမျိုးအစား စာတွေဖတ်ပြီးနောက်ပိုင်း စောစောက အပေါ်မှာပြောခဲ့တဲ့ စီးရီးလိုက်ဖတ်ခဲ့တဲ့ ၀တ္ထုအမျိုးအစားတွေ ဖတ်ချင်စိတ်မရှိတော့၊ မဖတ်ဖြစ်တော့တာပါဘဲ။ နောက်ပိုင်းစာရေးဆရာတွေထဲမှာ ထွက်သမျှ စွဲစွဲမြဲမြဲဖတ်ဖြစ်တာ ဂျူးစာအုပ်တွေပဲလို့ပြောရင် ရပါတယ်။ (ကိုယ့်အကြိုက်ဆုံး ဂျူးစာအုပ်က “ပင်လယ်နှင့်တူသော မိန်းမများ”)။ မစန္ဒာဆိုရင်တော့ “အရိပ်” ပါ။

ကိုယ်ပြန်ထွက်မလာခင်ထိ စွဲစွဲမြဲမြဲဖတ်ဖြစ်တဲ့ မဂ္ဂဇင်းနှစ်အုပ်က အပျိုစင်နဲ့ ရွှေအမြူတေပါ။ မဂ္ဂဇင်းအခန်းဆက် ၀တ္ထုရှည်တွေထဲ ခင်ခင်ထူးရဲ့ “အညာသူအညာသား ကျွန်မဆွေမျိုးများ” နဲ့ ၀င်းဝင်းလတ်ရဲ့ “အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ” ၊ နောက် အပျိုစင်မှာပါဘူးတဲ့ ရွှေ (စက်မှု) ရဲ့ ဇာတ်လမ်းလေးတွေ ကြိုက်တယ်။ အထူးသဖြင့် “ခြင်္သေ့မ”။ ရွှေ (စက်မှု) လို့ သိစေခဲ့တဲ့  ၀တ္ထုတိုလို့ပြောရင် ရမယ်ထင်ပါတယ်။  နောက်ဆုံးစာကြောင်းလေး ခုထိနားထဲစွဲနေတုန်း။

အင်္ဂလိပ်စာပေတော့ သိပ်မနှံ့စပ်ဘူး။ ကိုယ်နှစ်သက်မိတဲ့ အမျိုးသမီး အင်္ဂလိပ်စာရေးဆရာက Jane Austen ပါ။ သူရဲ့ဝတ္ထု အကုန်နီးပါး ဖတ်ဖူးပါတယ်။ အမေရိကန်စာရေးဆရာ Mark Twain ရဲ့ Tom Sawyer ကတော့ ကိုယ်အသည်းစွဲ ဇာတ်လိုက်ကလေးပါ။ အကြောင်းတိုက်ဆိုင်မှုမရှိခဲ့လို့ ခုထိ မြန်မာပြန်မဖတ်ရသေးတဲ့ ကိုယ့်အကြိုက်ဆုံး စာနှစ်အုပ်က Margaret Mitchell ရဲ့ Gone with the Wind နဲ့ Leo Tolstoy  ရဲ့ War and Peace ပါ။  ပြင်သစ်စာရေးဆရာ Alexandre Dumas ရဲ့ ဖတ်မိတဲ့ ၀တ္ထုသုံးအုပ် (The Count of Monte Cristo၊ Three Musketeers၊ Black Tulip) ထဲမှာ  အကြိုက်ဆုံးက ခေတ္တာနက်ပါ။ Sir Arthur Conan Doyle နဲ့ Agatha Christie ရဲ့ လျှို့ဝှက်သဲဖို စုံထောက်ဇာတ်လမ်းတွေလည်း စွဲခဲ့ပါတယ်။  ခုနောက်ပိုင်း အင်္ဂလိပ်စာအုပ်တွေ မဖတ်ဖြစ်တာ တော်တော်ကြာနေပါပြီ။  တစ်ခါတုန်းက အပီအပြင်ဖတ်မယ်ဆိုပြီး အမျိုးသားစာကြည့်တိုက်က လေးအုပ်ငှားပြီး မဖတ်ဖြစ်တာနဲ့ ထပ်တောင် မငှားဖြစ်တော့ဘူး။ နောက်ဆုံး တစ်အုပ်လုံး အပြီးဖတ်ခဲ့တဲ့စာအုပ်က Philip Pullman ရဲ့ Northern Lights ။ ဒါဖတ်ပြီးမှ ရုပ်ရှင် (Golden Compass) ကြည့်မယ်ဆိုပြီး ဆုံးဖြတ်ထားလို့ ပြီးသွားတာ။ စာအုပ်ဈေးချတာနဲ့ ကြုံကြိုက်လို့ တစ်ခါဝယ်ရင် သုံးလေးငါးအုပ်ဝယ်ပြီး ခုထိမဖတ်ရသေးတဲ့ စာအုပ်တွေက A4 ပုံးထဲမှာ ဒီအတိုင်း။ 

ကိုယ့်စာဖတ်ပုံက အသက်အရွယ် အချိန်ကာလကိုလိုက်ပြီး သူ့အလိုလို ပြောင်းလဲသွားတယ်လို့ ကိုယ်မြင်ပါတယ်။ ကလေးဘ၀က ရုပ်စုံဂျာနယ်၊ ကာတွန်း၊ နဲနဲကြီးလာတော့ရုပ်ပြ၊ နောက် ၀တ္ထု၊ မဂ္ဂဇင်း၊ တက်ကျမ်း၊ ဘာသာပြန်နဲ့ အခုနောက်ပိုင်း အဖတ်များသွားတာ ဘာသာရေးစာပေတွေ ဖြစ်လာပါတယ်။ ကိုယ့်အိပ်ရာဘေးက စားပွဲပေါ်မှာ အများဆုံးတွေ့ရမှာက မေတ္တာရှင် (ရွှေပြည်သာ) နဲ့ ဒေါက်တာမင်းတင်မွန်တို့ရဲ့ စာအုပ်တွေပါ။ ကိုယ့်စာဖတ်လမ်းကြောင်း တွေ ပြောင်းလဲသွားပြီလားလို့တော့ မဆိုလိုနိုင်ပါဘူး။ အသက်အပိုင်းအခြားအလိုက် စိတ်ဝင်စားမှုလမ်းကြောင်း ပြောင်းလဲသွားတယ်လို့ပဲ ကိုယ်မြင်ပါတယ်။

စာတစ်အုပ်ထဲကနေ ကမ္ဘာအနှံ့ ခရီးတွေသွားလို့ရခဲ့တယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြား ဗျာတွေလည်း များခဲ့ရတယ်။ မသိသေးတဲ့ လူ့စရိုက်အဖုံဖုံနဲ့လည်း ကြုံဆုံရတယ်။ ကိုယ်မမှီလိုက်တဲ့ သမိုင်းကြောင်းတွေလည်း သိခွင့်ရတယ်။ တစ်ထိုင်တည်းနဲ့ ရသမျိုးစုံ၊ အသိပညာမျိုးစုံကို စာအုပ်စာပေတွေကနေပဲ အများကြီး ဆည်းပူးခွင့် လေ့လာမှတ်သားခွင့်၊ ကျင့်သုံးခွင့် ရခဲ့ပါတယ်။ စာတစ်အုပ်ကို အရင်းပြုလို့ ခင်မင်မှုတွေဆက်ပြီး မိတ်ဆွေကောင်းလည်း ရတတ်သေးတယ်။ စာဖတ်များသူတစ်ယောက်နဲ့ စာဖတ်အားနည်းသူတစ်ယောက်တို့ရဲ့ စကားပြောပုံ တွေးခေါ်ပုံခြင်း အနည်းနဲ့အများ ကွာခြားတတ်တာလည်း သတိပြုမိပါတယ်။

ခုနောက်ပိုင်းကလေးတွေ စာအုပ်တွေမှ များများဖတ်ဖြစ်သေးရဲ့လားလို့ ကိုယ်တွေးပြီး စိတ်ပူမိပါသေးတယ်။ ခေတ်မီနည်းပညာအောက်မှာ ဂိမ်းတွေကစား၊ အင်တာနက်တွေ သုံးရင်းနဲ့ပဲ စာဖတ်အားတွေ အတိုင်းအတာတစ်ခုအထိ လျော့ကျနေမယ်လို့ ကိုယ်ထင်နေမိလို့ပါ။ သူတို့ကိုသာပြောတာ၊ လောလောဆယ် ကိုယ်ကိုယ်တိုင် စာဖတ်အားနည်း နေတာ သိတယ်။  ကိုယ်က စာအုပ်ကိုင်ဖတ်မှ အားရကျေနပ်သူပါ။ ebook တောင် ကြာကြာ မဖတ်နိုင်ပါဘူး၊ မျက်စိပါဝါရှိတာလည်း တစ်ကြောင်းပါ။  (ဘလော့ဂ်တွေကတော့ ကွန်ပျူတာမှန်သားက တစ်ဆင့်ဖတ်မှပဲ ရတာမို့ ခြွင်းချက်ထားလိုက်တယ်)။

ဖတ်စရာစာအုပ်တွေသာ တိုးတိုးလာပြီး၊ စာအုပ်ဖတ်နှုန်းက လျော့လျော့နေတာ။ ဖတ်ဖို့ စာအုပ်ကြွေးတွေချေဖို့ တော်တော်များနေပြီ။ ဂျူးရေးသလို  တစ်လလောက် ဘာမှမလုပ်ဘဲ စာချည်းထိုင်ဖတ်လိုက်ရယင် သိပ်ကောင်းမလားလို့နော်။ (ကိုယ့်အချိန်တွေ တော်တော်များများဖဲ့ယူနေတဲ့) ဘလော့လည်တာ၊ ဘလော့ဂင်းတာလည်း ခဏနား၊ စာတွေတစ်အုပ်ပြီးတစ်အုပ်ဖတ်၊ အင်း... စာဖတ်ချိန် သီးသန့်ပေးဖို့ အချိန်ဇယားလေး ဘာလေး သေချာပြန်ဆွဲဖို့ လိုနေပြီထင်ပါရဲ့။


ဇွန်မိုးစက်

ငယ်ငယ်တုန်းက

15

Category: , ,

ဘာရယ်မဟုတ်ဘူး.... ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေ အမှတ်တရ ချရေးချင်စိတ်ပေါ်လာလို့ပါ။ 

ကိုယ်သုံးနှစ်အရွယ်နောက်ပိုင်းကစပြီး အဖြစ်အပျက်လေးတွေ မှတ်မိနေသေးတယ်။ 

သုံးနှစ်ကျော်လေးနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်မှာ မိချောင်းရုပ်ကလေးရှိတယ်။ အိမ်ဘေးက ကိုယ့်ထက်ကြီးတဲ့ကလေးတွေက စက္ကူလှေတို့ဘာတို့လုပ်ပြီး အိမ်ရှေ့က မြောင်းထဲမှာ လွှတ်နေကြတယ်။ ကိုယ်က အရုပ်ကိုင်ပြီး သူတို့ဆော့တာသွားကြည့်တော့ ကိုယ့်မိကျောင်းရုပ်ကို သူတို့မျက်စိကျပြီး ရေထဲချကြည့်ဖို့ အကြံပေးတယ်။ ကိုယ်လည်းမိကျောင်းရုပ် ရေမှာသွားတာကြည့်ချင်တော့ သူတို့ကိုလွှတ်ဖို့ပေးလိုက်တယ်။ တစ်ဘက်အိမ်အောက်က စလွှတ်ပြီး ကိုယ်တို့အိမ်ရှေ့ရောက်တယ်။ နောက်တော့ ရေစီးနဲ့ ဟိုဘက်အိမ်ရှေ့က တံတားအောက်ရောက်သွားတယ်။ ကိုယ်လည်း ကိုယ့်အရုပ်ကလေး အဝေးကြီးမျောပါသွားမှာ စိုးရိမ်ပြီး “မိကျောင်းလေး” “မိကျောင်းလေး” လို့အော်ပြီး  အရုပ်ကိုငုံ့ဆယ်ဖို့ ကြိုးစားတာ အရှိန်လွန်ပြီး မြောင်းထဲစောက်ထိုးကျသွားတယ်။ မြောင်းပေမယ့် ကျယ်ပြီးအနက်ရှိတယ်။ ရွှံ့နွံလည်းရှိတယ်။ မြောင်းထဲကျပြီး ကိုယ်ဘာမှမသိတော့ဘူး။ တစ်ဖက်အိမ်ကလူကြီးက ဆင်းဆယ်ပေးရတာပေါ့။ ဆယ်ပြီးတော့ အမေက ကိုယ့်ကို ခေါင်းကလောင်းပြီး ရေချိုးပေးတော့ ကိုယ်အော်ငိုလိုက်တာ အကျယ်ကြီးပဲတဲ့။ 

ဒီတစ်ခါတော့ ကိုယ် ၄-၅နှစ်လောက်ရောက်သွားပြီ။ ကိုယ့်အဖေက အမြဲလိုခရီးထွက်ရသူမို့ ကိုယ်ကအမေနဲ့ အနေများတယ်။ ဘယ်သွားသွားအမေနဲ့သွားတာများတယ်။ အမေ မောင်လေးကိုယ်ဝန်ဆောင်နေချိန်မှာ အဖေနဲ့ သွားဖြစ်တယ်။ တစ်ရက်ပွဲဈေးတန်းကိုသွားကြည့်ပြီး  ချားရဟတ်ကြီးမြင်တော့ ကိုယ်စီးချင်တယ်၊ စီးချင်တယ်လို့ အဖေ့ကိုပူဆာတယ်။ ဒါနဲ့အဖေလည်း ကိုယ်နဲ့အတူစီးပေးတာပေါ့။ တစ်ဝက်တောင် မရောက်သေးဘူး ကိုယ်ကြောက်လာလို့ အခုချက်ချင်းဆင်းမယ်..ဆင်းမယ်...အတင်းလုပ်လို့ ရဟတ်မောင်းသမားကိုခေါ်ပြီး ရပ်ခိုင်း လိုက်ရတယ်။ ကြီးလာတော့များ ရိုလာကိုစတာစီးမယ်ဆို ရှေ့ဆုံးက။ :D

အံမယ် နောက်တစ်ခါတော့ တော်လှန်ရေးပန်းခြံမှာ ကိုယ်တို့မိသားစုသုံးယောက် အမှတ်တရ ဓာတ်ပုံတွေ သွားရိုက်ကြတယ်။ ကိုယ့်မောင်လေးက အမေ့ဗိုက်ထဲမှာပဲ ရှိတုန်း။ ကိုယ်ကဓာတ်ပုံရိုက်ရတာ သဘောကျပြီး မ၀လို့ ထပ်ရိုက်ချင်တယ်ဆိုလို့ ညနေမှာ အဖေက ကိုယ့်ကို တော်လှန်ရေးပန်းခြံဆီ နောက်တစ်ခေါက်ခေါ်သွားပြီး ဓာတ်ပုံထပ်ရိုက်ပေးလိုက်ရတယ်။ အဲလောက်ထိ ဓာတ်ပုံအရိုက်ခံခဲ့ချင်တာ ဆိုပါတော့။ အဲတုန်းက ပုံလေးတွေ ခုထိရှိသေးတယ်။

ကိုယ်တစ်တန်းလောက်ရောက်တော့ တစ်ခါကျောင်းကားလွတ်ဖူးတယ်။ ခါတိုင်းအမေက လမ်းထိပ်ကို ကျောင်းကားစီးဖို့ လိုက်ပို့ပေးတယ်။ အဲဒီ့နေ့က မောင်လေးနေမကောင်းလို့ထင်တယ်။ အမေက လိုက်မပို့နိုင်ဘူး။ ကိုယ့်ကိုသေချာ မှာလိုက်တယ်။ ဟိုဘက်ထိပ်မှာ ရပ်စောင့်ပြီး ကျောင်းကားလာတာကြည့်ပေါ့။ ကိုယ်က ဒီဘက်ထိပ်မှာရပ်ပြီးစောင့်တာ ကျောင်းကားဟိုဘက်ထိပ်မှာ ရပ်တာမြင်ပြီး၊ လူတင်ပြီးထွက်သွားတော့မှ ကျောင်းကားကြီးသွားပြီဆိုပြီး အော်ငိုပြီး နောက်က ပြေးလိုက်တာ။ အဲဒါဘော့စ်ဝက်ဂွန်ကားပေါ်က လူတစ်ယောက်က ကိုယ့်ကိုခေါ်တင်ပြီး ကျောင်းကား နောက်တစ်မှတ်တိုင်ရပ်တဲ့အထိ လိုက်ပို့ပေးတာ။ ကိုယ်အဲလိုအော်ငိုပြီး ပြေးလိုက်သွားတာ၊ လူတစ်ယောက်က ကိုယ့်ကိုကားနဲ့ခေါ်တင်သွားတာကို လမ်းထိပ်ကလူတွေတွေ့ပြီး အမေ့ကိုသွားသတင်းပို့လို့ အမေစိတ်ပူပြီး ဆိုက်ကားနဲ့ ကျောင်းကားနောက်ကို အပြေးလိုက်လာခဲ့တာ။ အဲဒီ့အချိန်က အမေတစ်ယောက်ရဲ့သောက ဘယ်လောက် ကြီးခဲ့လိမ့်မလဲဆိုတာ ခုချိန်မှာ ကိုယ်တွေးမိတော့ မပြုံးနိုင်တော့ဘူး။

နောက်...ကိုယ်ငယ်ငယ်က အကျင့်တစ်ခုရှိလိုက်သေးတယ်။ ကိုယ်က ကတ်ကြေးသိပ်ကိုင်ချင်တာ။ လူကြီးအလစ်ဆို ကတ်ကြေး (အသေး) ယူပြီး ကိုယ့်အင်္ကျီရှေ့အလယ်လောက်ကို တစ်ချက်ညှပ်ကြည့်တာ။  များများလည်းမဟုတ်ဘူး။ တစ်ချက်ပဲ။ အဲလိုလိုက်ညှပ်တာ ၄ထည်လောက်ရှိသွားတယ်။ အမေသိသွားပြီး ကတ်ကြေးကိုဖွက်လိုက်တယ်ထင်တယ်။ အဲဒီ့အင်္ကျီလေးတွေမှာ (ခပ်သေးသေး) ကတ်ကြေးကိုက်ရာတစ်ခုစီနဲ့။

ကတ်ကြေးကိုင်ချင်တဲ့စိတ်က မပျောက်သေးဘူး။ ဒီတစ်ခါတော့ နဲနဲပိုကြီးလာတော့ ပိုအဆင်မြင့်သွားတယ်။ စောစောက ကိုယ် ၄-၅နှစ်လောက်၊ ခုက ၇နှစ်လောက်မှာ။ တစ်နေ့ အမေဈေးသွားနေတုန်း မှန်ရှေ့ကြည့်ပြီး ကိုယ့်ဆံပင်ကို စိတ်တိုင်းမကျဖြစ်သွားတယ်။ ဒါနဲ့ ကတ်ကြေးယူပြီး ရှေ့တည့်တည့်ကို ညှပ်လိုက်တယ်။ မညီဘူး၊ နောက်တစ်ခေါက် ထပ်ညှပ်တယ်။ တိုသွားပြန်ရော။ ဒါနဲ့ညီအောင်ညှိရင်းညှိရင်းနဲ့ တော်တော်တိုသွားတယ်။ အမေပြန်လာတော့ တစ်ခါတည်း ကိုယ့်လက်ဆွဲပြီး ဆံပင်ညှပ်ဆိုင် ပို့ရပါလေရော။ အဲတုန်းက ကိုယ့်ရှေ့ဆံပင်တွေ တော်တော်တိုသွားမယ် ထင်တယ်နော်။ :D


ကိုTZA ကို အားကျလို့ ငယ်ငယ်က ဓာတ်ပုံလေးတင်မလားလို့ စိတ်ကူးလိုက်သေးတယ်။ ကိုယ်က ငယ်ရုပ် မပျောက်သူ ဆိုတော့ မတင်တော့ပါဘူး။ တော်ကြာလမ်းမှာတွေ့ရင် မှတ်မိနေမှာစိုးလို့။ ကိုယ့်ဖာသာ မြင်ယောင်ကြည့်လိုက်ပေါ့နော်... မျက်လုံးပြူးပြူး ဆံပင်ကောက်ကောက်နဲ့ ကလေးမလေးတစ်ယောက်ပုံကို။း)

(မရည်ရွယ်ဘဲ TZA နာမည်ပါသွားပြီ။ Anyway ခေတ်မီသွားတာပေါ့နော် .... အဟက်) :P


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

အမှတ်တရ မကာအို (၄)

12

Category: ,

ပထမဆုံးပုံက Venetian ထဲမ၀င်ခင်လေး အပြင်ဘက်ကို ခပ်မြန်မြန်ရိုက်လိုက်တော့ အဆောက်အဦတစ်ခုလုံး မမိလိုက်ဘူး။ ပြန်ထွက်မှရိုက်မယ်ဆိုပေမယ့် ထပ်မရိုက်ဖြစ်တော့ဘူး။ goolge image ကနေ ရိုက်ထည့်ပြီး ရှာကြည့်လို့ရတယ်။ အောက်ကပုံက အတွင်းထဲအ၀င်မှာရိုက်တာ။ ဒါပေမယ့် ကာစီနိုကစားခန်းမတွေကို ဓာတ်ပုံရိုက်ခွင့်မပြုပါဘူး။


ဒါက Venetain အတွင်းထဲက food court ပေါ့။ မျက်နှာကျက်ကို ကောင်းကင်သဏ္ဍာန် ဖန်တီးထားတာ ကိုယ်သိပ်သဘောကျတယ်။ ကောင်းကင်ပြာနဲ့တိမ်တွေအောက်မှာ တစ်ညနေစာ ကိုယ်စားခဲ့တယ်။


အောက်ပုံကတော့ ကိုယ့်ရဲ့ အိပ်မက်မြို့တော်ယောင်ပေါ့။


အတွင်းဆီလင်ဒီဇိုင်းကို သဘောကျလို့။ တကယ်တော့ ဓာတ်ပုံရိုက်လို့မရတဲ့နေရာ ရောက်နေပြီ။ မြန်မြန်ရိုက်တော့ လက်တုန်ပြီး သိပ်မကြည်တော့ဘူး။


အောက်မှာ ကစားဝိုင်းတွေ တွေ့လား။ ရှူးတိုးတိုး... ကိုယ်ခိုးရိုက်လာတာ။


ဒါက ကိုယ်တို့သွားခဲ့တဲ့ ဖိလစ်ပင်းနိုးကလပ်လေ။ ရှေ့တည့်တည့်ကတစ်ယောက် တော်တော်သီချင်းဆိုကောင်းတယ်။ မကာအိုမှာ အများဆုံးနိုင်ငံခြားသားဦးရေက ဖိလစ်ပီးနိုးတွေလို့ ဧည့်လမ်းညွှန်ကပြောပါတယ်။


တစ်ယောက်ယောက်ရဲ့စံအိမ်ဖြစ်ခဲ့ဖူးတယ်။ ကိုယ်မမှတ်မိတော့ဘူး။


ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်မှုပေးတဲ့ ကမ္ဘာ့ဒဿမအမြင့်ဆုံး မကာအိုတာဝါ


အဲဒီ့အချိန်က ဆောက်လက်စ Casino Hotel Lisboa နဲ့ မြို့မြင်ကွင်းကို မကာအိုရဲ့ အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ Guia Hill ပေါ်က ရိုက်ထားတာပါ။


Guia Hill ပေါ်မှာ ၁၆၀၀ ပြည့်နှစ်လောက်က ဆောက်လုပ်ခဲ့တဲ့ ခံတပ်ဟောင်း၊ မီးပြတိုက်နဲ့ ပန်းခြံနဲ့ ဘုရားကျောင်းဆောင်ငယ်လေးတွေ ရှိပါတယ်။


ခံတပ်အပေါ်ဆုံးကနေ ရိုက်ထားတာ။


အောက်က နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲ (Princess' Hours) ထဲမှာပါတဲ့ Typical Square ဆိုတဲ့နေရာ။ ကိုယ့်အကျင့်က စာအုပ်ထဲဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာဖြစ်ဖြစ် နေရာတစ်ခုကို သဘောကျမိရင် အခွင့်ကြုံရင် ၀င်လည်ဖို့ နေရာတွေ မှတ်ထားပြီး သွားတတ်ပါတယ်။ ကိုယ်သတိထားမိတာက ပေါ်တူဂီတွေရဲ့ ဗိသုကာလက်ရာပါ။ အဆောက်အဦလက်ရာထက် ရင်ပြင်တွေမှာမြင်ရင်တဲ့ ကျောက်ခင်းဒီဇိုင်းတွေက သာမန်ပြောင်ဒီဇိုင်းထက် အောက်ကပုံမှာလို လှိုင်းတွန့်ပုံစံ အရစ်အခွေဒီဇိုင်းမျိုး အသုံးများတာ တွေ့ရပါတယ်။


Fisherman's Wharf


ဒါက ကိုယ်ရေပုလင်းဝင်ယူခဲ့တဲ့ ဆာနို့စ် ကာစီနို

တစ်မြို့လုံးနီးပါး ကာစီနိုရုံတွေပါပဲ။ အထက်တန်းကျောင်းပြီးသူ ၃၀ရာခိုင်နှုန်းလောက်သာ တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးကြပြီး ကျန်တဲ့သူအများစုက ၀င်ငွေကောင်းတဲ့ ကာစီနိုဝန်ထမ်းများအဖြစ်  ၀င်ရောက်လုပ်ကိုင်ကြတယ်လို့ ဧည့်လမ်းညွှန်က ဆိုပါတယ်။ ဒါကြောင့် အစိုးရက ပညာတတ်ဦးရေ နည်းပါးမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။


သွားရာလမ်းတစ်လျှောက် တွေ့ခဲ့တဲ့ ပုံစံဆန်းဆန်း ကာစီနိုနဲ့ entertainment complex တွေ





ရောမမြို့က ကိုလီစီယမ်ပုံစံဖန်တီးထားတဲ့ ဟင်းလင်းပြင်ဇာတ်ရုံ (Area around Fisherman's Wharf)

ကိုယ့်စိတ်ထဲ ရောမခေတ်ရောက်သွားသလိုလို

လေဆိပ်ရှိရာ တိုင်ပါကျွန်းနဲ့ မကာအိုကျွန်းဆွယ်ကို ဆက်ထားတဲ့ တံတားရှည်ကြီးပေါ့။
အပေါ်ပုံက ဟောင်ကောင်ကျွန်းသွားတဲ့ ferry terminal၊ မြင်နေရတဲ့ ferry တွေနဲ့ကူးကြတာ။


ဥရောပစတိုင် အဆောက်အဦးများ


ကိုယ်မြို့ထဲ လျှောက်သွားပြီး လမ်းပျောက်နေတုန်းက ရိုက်ခဲ့တာ။


မြို့တွင်းတစ်နေရာ


Les Vegas ပိုင် Wynn Casino


ဓာတ်ပုံသာရိုက်ခဲ့တာ ဘာမှန်း၊ ဘယ်လိုခေါ်မှန်းမသိတဲ့အရာတွေပါ။ :D


ပေါ်တူဂီရဲ့ ကာစီနိုအခွဲ Lisboa


၁၉၉၉မှာ ပေါ်တူဂီကိုလိုနီမှ တရားဝင်လွတ်မြောက်ခြင်းအထိမ်းအမှတ်ဆောက်လုပ်ခဲ့တဲ့ ရွှေကြာရင်ပြင် (Golden Lotus Square)


တရုတ်ပြည်နယ်စပ်မြို့ Zhuhai

၁၅၈၂ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ စိန့်ပေါလ် ကက်သလစ်ဘုရားရှိခိုးကျောင်း


၁၈၃၅မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် နောက်ပိုင်းတစ်ခုလုံးမီးလောင်ခံသွားရလို့ ရှေ့ပိုင်းပဲ ကျန်ပါတော့တယ်။


မကာအိုမျှော်စင်အပြင်ဘက်


မျှော်စင်အတွင်းမှ ကြည့်မိသောအခါ


၂၂၃မီတာအမြင့်မှ အောက်ကိုပြန်ကြည့်ခြင်း(338 meter at highest point)


မျှော်စင်အပြင်ထွက်၍ skywalk လျှောက်နေကြသူများ (at observing point, 223 meter)

ကိုယ်မကာအိုမသွားခင်က Amazing Race Series မှာ Team members တွေ အဲဒီ့မျှော်စင်က Bungee Jump ခုန်တာကြည့်ပြီး သွားကြည့်ချင်လိုက်တာလို့ စိတ်ထဲဖြစ်မိပါတယ်။ bungee မခုန်ရဲပေမယ့် skywalk လောက်တော့ လျှောက်ကြည့်ချင်ပါတယ်။ ဒါပေမယ့် အဖော်မရှိလို့ မလျှောက်ခဲ့ရပါဘူး။

ဓာတ်ပုံမျှော်နေသူတွေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။း)

ဒီထဲမှာ ကိုယ်ရောက်ခဲ့ပြီး ဓာတ်ပုံမရိုက်ဖြစ်ခဲ့တဲ့နေရာတွေရှိပါတယ်။ A-Ma Temple  (ရှေးတရုတ်ဘုံကျောင်း)နဲ့ နာမည်ကျော်စီနိုဒါရင်ပြင်တို့ပါ။ တတိယနေ့ ခရီးစဉ်နောက်ဆုံးမှာ သွားခဲ့တဲ့နေရာမို့ လူက အရမ်းပင်ပန်းသွားပြီး ဓာတ်ပုံရိုက်ချင်စိတ်ရော၊ အရိုက်ခံချင်စိတ်ပါ မရှိတော့လို့။ 

အစားအသောက်နဲ့ပတ်သက်ပြီး တစ်ပုံမှ မရိုက်ဖြစ်ခဲ့၊ ရိုက်ဖို့လည်း သတိမရခဲ့၊ စားဖို့ပဲ သိတာဆိုတော့လေ :D ။ ခုလို ဘလော့ဂ်တွေဘာတွေမှာ တင်ဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ရိုက်ထားမိမှာပေါ့နော်။ ;) 

နာမည်ကျော် Portugese Egg Tart နဲ့ မကာအိုထွက် မုန့်မျိုးစုံထုတ်လုပ်တဲ့ စက်ရုံလည်း ရောက်ခဲ့ပါတယ်။
နောက်ဆုံးနေ့က စားခဲ့ရတဲ့ မကန်းနိစ် (Macanese) (ပေါ်တူဂိစ်နဲ့တရုတ်တောင်ပိုင်းက ဟင်းချက်နည်းတို့ ပေါင်းစပ်ထားတဲ့) ညနေစာကတော့ မမေ့နိုင်စရာပါပဲ။ အရှေ့နဲ့အနောက်ချက်နည်းရောမွှေထားတဲ့  ဂဏန်းဟင်းက တော်တော်စားလို့ကောင်းတယ်။ အဲဒါလည်း ကိုယ်တို့တိုးဂိုက်က မပြန်ခင် မကန်းနိစ်ညနေစာကို စားဖြစ်အောင်စားပါလို့ တိုက်တွန်းတာနဲ့ စားဖြစ်သွားတာ။

ညနေစာ စား၊ ဟိုတယ်ပြန်၊ ပစ္စည်းသိမ်း၊ တစ်ချို့က အချိန်ပိုနေတုန်း ဟိုတယ်အောက်ထပ်နဲ့ အနီးအနားက ကာစီနိုတွေမှာ သွားကစားသေးတယ်။ ကိုယ်နဲ့နောက်နှစ်ယောက်က မကစားဘဲ အနီးအနားတစ်ဝိုက်လျှောက်ကြည့်ပြီး ပြန်လာခဲ့တယ်။ သုံးညအိပ်လေးရက်ဆိုပေမယ့် လေးရက်နေ့မနက်အစောကြီး flight နဲ့ ပြန်လာတာပါ။ အလာခရီးမှာရေငတ်လို့ ဈေးကြီးပေးပြီး ရေ၀ယ်ခဲ့ရတဲ့ကိုယ် အပြန်ခရီးမှာလည်း ဗိုက်ဆာလို့ ဘာဂါတစ်လုံး ဈေးကြီးပေးပြီး ၀ယ်စားခဲ့ရ ပါသေးတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်