ဟိုဟို...ဒီဒီ...

11

Category:

မဲလ်ဝဲစွဲမစွဲ စစ်မနေတော့ဘဲ လင့်ခ်တွေအားလုံး ပြန်ချိတ်လိုက်ပြီ။း) virus attack လုပ်ခံရပြီး လင့်ခ်ပျောက်သွားတဲ့ ဘလော့ဂ်တစ်ချို့ကလွဲလို့ အရင်ချိတ်ထားခဲ့တဲ့ ဘလော့ဂ်တွေအကုန် ပြန်ချိတ်လိုက်ကြောင်း အသိပေးလိုက်ပါတယ်။ 

ခုတလောအလုပ်မှာ stress တွေ သိပ်များတယ်။ stress ရတော့ ပိုစားမိတယ်။ ကိုယ်က စိတ်ဖိစီးမှုများရင် အစားပိုစားတတ်သူဆိုတော့ ၀ိတ်ကျမကျတောင် မဆန်းစစ်နိုင်တော့ဘဲ ကိုယ့်ကိုယ်ကို သနားညှာတာပြီး စားလိုက်မိတယ်။း( ဆရာမတစ်ယောက် ပြောဖူးတာ သတိရတယ်။ ကိုယ့်ကိုယ်ကို မညာနဲ့၊ မညှာနဲ့ဆိုတာ။ ကိုယ့်ကိုယ်ကို ညာမညာ မသေချာပေမယ့် ညှာတတ်တာတော့ သေချာတယ်။ သြော်...လူသားဆန်တဲ့ အတ္တလို့ပြောရင် မှားမယ်မထင်ဘူးနော်။

လူကသာ မအားပေမယ့် ရုပ်ရှင်တွေ ကြည့်ချင်သေးတာ။ ဟိုကားကြည့်မယ်၊ ဒီကားကြည့်မယ်နဲ့ တကယ့်တကယ်တမ်း ဘာကားမှ မကြည့်ဖြစ်လိုက်ဘူး။ အော်စကာဆုပေးပွဲတောင် ပြီးသွားပြီ။ နေ့လည်က အလုပ်များနေတဲ့ကြားထဲက Yahoo ထဲဝင်ပြီး ဆုရစာရင်းကို ခပ်မြန်မြန်ဝင်ကြည့်လိုက်တယ်။ ကိုယ်ရစေချင်တဲ့ Christian Bale က Best Supporting Actor ရသွားလို့ ပျော်ပေမယ့် 127 Hours က တစ်ဆုမှ မချိတ်လိုက်လို့ စိတ်မကောင်းဖြစ်သွားတယ်။ Social Network က ၂ဆုချိတ်သွားတော့ မဆိုးဘူးလို့ ပြောရမယ်။ ၂၀၁၀ထဲမှာ ကိုယ်ကြိုက်ခဲ့တဲ့ Inception ဇာတ်ကားက ၄ဆုလား ရသွားတယ်။ မင်းသမီး၊ မင်းသား၊ ဇာတ်ကား၊ ဒါရိုက်တာဆု အားလုံးမှန်းထားတဲ့အတိုင်း ရသွားကြပါတယ်။ တကယ်တော့ Christian Bale ကို ငယ်ငယ်က ကိုယ်သိပ်မကြိုက်ခဲ့ဘူး။ သူကို စစကြည့်မိချင်းကားက American Psycho ဖြစ်နေလို့လား မသိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်လေးကတည်းက talent ရှိပြီး သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဆိုတာ Empire of the Sun ကြည့်ဖူးရုံနဲ့ သိနိုင်တာပါ။  

ပြန်စဉ်းစားကြည့်တော့ တစ်ချို့ငယ်ငယ်က သိပ်မကြိုက်ခဲ့တဲ့ မင်းသားတွေကို ကြီးမှ ကြိုက်လာတာ သတိပြုမိတယ်။ ဥပမာ တွမ်ခရုစ်လိုပေါ့။ ငယ်ငယ်က ကိုယ်ကြိုက်တဲ့မင်းသားထဲမှာ သူမပါဘူး။ နှစ်တွေတော်တော်ကြာပြီးလို့ "Tonight Show with Jay Leno"  မှာ အရယ်သန်တဲ့သူ့ကိုကြည့်ပြီး သဘောကျရင်းနဲ့မှ ကြိုက်သွားတာ၊ တစ်မျိုးပဲနော်။ Nicolas Cage ကျတော့ စကြည့်ကတည်း ကြိုက်တာ။  Con-Airနဲ့ Face Off ကြည့်တုန်းမှာ ခိုက်သွားပြီး City of Angels မှာ နတ်သားအဖြစ်သရုပ်ဆောင်တဲ့ သူ့ကို ကြွေသွားတာ။ Tom Hanks ကတော့ ကိုယ့်အကြိုက်ဆုံး မင်းသားစာရင်းထဲမှာ ထိပ်ဆုံးပေါ့။ Forrest Gump နဲ့ Philadelphia မှာ သူသရုပ်ဆောင်သွားတာကို ဘယ်လိုမှ အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။ ခုတော့ မင်းသားတွေလည်း ကိုယ့်မျက်စိရှေ့မှာတင် တဖြည်းဖြည်း ကြီးရင့်သွားလိုက်တာ တစ်ချိန်က အသည်းကျော် ဒေါက်တာအင်ဒီယာနာဂျူန်း တစ်ဖြစ်လဲ Harrison Ford တောင် ဖိုးဖိုးအရွယ်ဖြစ်နေပေါ့။ 

စကားမစပ် ပြီးခဲ့တဲ့စနေတနင်္ဂနွေမှာ ဖားအောက်တောရ တစ်လတရားစခန်းမှာ လုပ်အားပေးသွားကူတုန်း ပျောက်နေတဲ့ ဘလော့ဂါတစ်ယောက်နဲ့ သွားဆုံတယ်။ သူနဲ့အရင်က ဘုန်းကြီးကျောင်းမှာ ဆုံဖြစ်ပေမယ့် စကားမပြောဖူးဘူး။ ဒီတစ်ခေါက်တွေ့မှ စကားပြောဖြစ်တယ်။ သူက ဘလော့ဂ်ကို သံယောဇဉ်ဖြတ်နိုင်တယ်ဆိုလို့ အံ့သြရသေးတယ်။ စာတွေဆက်ရေးဖြစ်ပေမယ့် ဘလော့ဂ်မှာ publish မလုပ်တော့ဘူးတဲ့။ ဒါ့ထက်ပိုပြီး ကိုယ့်ကိုအံ့အားသင့်စေတာက အခုတစ်လတရားစခန်းကို အလုပ်ထွက်ပြီး ၀င်တယ်ဆိုတာကိုပါ။ ကိုယ် သူ့ကိုချီးကျူးပြီး သာဓုခေါ်မိတယ်။ တကယ်ပဲ သူ့ရဲ့သဒ္ဓါတရားကို လေးစားမိပါတယ်။ ကိုယ်သာ ရည်ရှည်တရားစခန်းတွေ ၀င်လိုတဲ့ဆန္ဒရှိပေမယ့် အလုပ်ထွက်ပြီး ၀င်ရလောက်အောင်ထိ မဆုံးဖြတ်ရသေးဘူး။ ပြီးတော့ သူက ယောက်ျားလေးဆိုလို့ ကိုယ်က ပိုချီးကျူးမိတယ်။ တရားထူးတရားမြတ်ရသည်အထိ အားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

တရားစခန်းမှာလုပ်အားပေးနေတုန်းမှာပဲ လွန်ခဲ့တဲ့ ၁၉၊ ၁၈နှစ်လောက်က ကျောင်းကားအတူစီးဖူးတဲ့ ညီမငယ်နဲ့တစ်ယောက်နဲ့ မထင်မှတ်ဘဲ ပြန်ဆုံရသေးတယ်။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးပါလားလို့ တွေးမိတယ်။ စင်္ကာပူက ပိုလို့သေးငယ်ကျဉ်းမြောင်းတော့ အနှစ်နှစ်အလလက ကွဲကွာခဲ့တဲ့သူများနဲ့ ပြန်ဆုံခွင့်ရတာလည်း ခဏခဏပါပဲ။ မြန်မာတွေကလည်း သိပ်များလာတော့ ခုဆို အရောင်းစာရေးတို့၊ တက္ကစီဒရိုင်ဘာတို့ဆိုတာ ဟိုတုန်းကလို နင်တို့ဘာလူမျိုးလဲ မမေးတော့ဘဲ၊ နင်တို့မြန်မာမဟုတ်လားဆိုတာ တန်းပြောနိုင်ကြတဲ့အဆင့်ကို ရောက်လာကြပြီ။

ဒီနေ့ညနေရုံးအဆင်း ပင်နီဆူလာရောက်တုန်း ပဲပြုတ်တစ်ထုပ်ဝယ်ခဲ့တယ်။ မနက်ဖြန်မနက်စာ အီကြာကွေးနဲ့ပဲပြုတ် စားသွားမယ် စိတ်ကူးတယ်။ ခုတော့ အိပ်လိုက်ဦးမယ်။  အားလုံးပဲ ကောင်းသောညပါ။


ဇွန်မိုးစက်

51 Grenfell Tower

8

Category: ,

51 Grenfell Tower
Grenfell Road
London W.11 1TG
England, United Kingdom
 
ဒီလိပ်စာလေးကို စတင်ရင်းနှီးခဲ့တာ ကျွန်မဆယ်ကျော်သက်လောက်က...။ 

ကျွန်မအရင်ဆုံးကြားဖူးသော နိုင်ငံခြားတိုင်းပြည်တစ်ခု၏ အမည်ကို ပြောပါဆိုလျှင် အင်္ဂလန်နိုင်ငံဟု ဖြေရပါလိမ့်မည်။ သမိုင်းဘာသာရပ်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံကို ကိုလိုနီပြုသိမ်းပိုက်ခဲ့သောကြောင့်ဟု တစ်ချို့က ထင်ကြပါလိမ့်မည်။ အမှန်တကယ်က ကျွန်မသမိုင်းဘာသာရပ် မသင်ကြားမီအချိန်ကတည်းက အမေ့ဆီကတစ်ဆင့် ထိုနိုင်ငံအမည်နှင့် အရင်ဆုံး ကျွမ်းဝင်ခဲ့ရခြင်းဖြစ်သည်။ အထက်ဖော်ပြပါလိပ်စာတွင် အမေ ၁၁နှစ်သမီးကတည်းက ကွဲကွာသွားသော အမေ၏ဖခင်၊ ကျွန်မ၏အဖိုးနေထိုင်ပါသည်။ အဖိုးက စကော့တစ်ရှ်နွယ်ဖွားဖခင်နှင့် ရှမ်းတိုင်းရင်းသူမိခင်မှ မွေးဖွားခဲ့သော အကြီးဆုံးသားဖြစ်သည်။ အဖိုး၏အောက်တွင် ညီတစ်ယောက်၊ ညီမတစ်ယောက်ရှိသည်။ အဖိုးက စိတ်ထက်သည်။ စိတ်မြန်သည်။ ပြတ်သားသည်။ အရာရာကို ယုံကြည်မှုအပြည့်နှင့် တရားမျှတစွာ လုပ်ကိုင်တတ်သည်။ 

အဖိုးကိုယ်တိုင်ကိုယ်ကျ တစ်မှစ၍ထူထောင်ထားသော ယခင်စကော့ဈေး (ယခုဗိုလ်ချုပ်ဈေး) ရှေ့မျက်နှာစာတန်းရှိ အထည်အလိပ် ကောဇောဆိုင်ခန်းကျယ်တစ်ခုလုံး ပြည်သူပိုင် အသိမ်းခံလိုက်ရပြီးနောက်တွင် အဖိုးသည် မိသားစုနှင့်အတူ ရေမြေခြားကို ပြောင်းရွှေ့အခြေချဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သွားသည်။ အခြေချနေထိုင်မည့် နိုင်ငံကိုလည်း ရွေးချယ်ထားပြီး ဖြစ်သည်။ သို့သော် ရိုးသားအေးဆေးသော ကရင်လူမျိုး အဖွားက တစိမ်းများအလယ် တိုင်းတစ်ပါးမှာ အခြေချရပ်တည်ရမည်ကို ကြောက်သည်။ သူမ၏တစ်ဦးတည်းသော မောင်လေးကိုလည်း ခွဲမထားခဲ့ချင်၍ သားသမီး၅ယောက်ကို ခေါ်ပြီး အဖိုးမသိအောင် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ အဲဒီတုန်းက အမေက ၁၁နှစ်သမီးသာ ရှိသေးသည်။ 

အဖိုးက သတင်းစာမှာပင် ကြော်ငြာထည့်၍ လိုက်ရှာခဲ့သော်လည်း အပုန်းကောင်းသော အဖွားနှင့် သားသမီးတစ်စုကို ရှာမတွေ့သွားခဲ့။ နောက်ဆုံး မြန်မာပြည်မှ ထွက်သွားခါနီးတွင် အဖိုးက သူ့ညီအား သူ့ကိုယ်စား ဆက်လက်ရှာဖွေဆက်သွယ်ရန် မှာကြားခဲ့သည်။ ထိုအချိန်က ကျွန်မ၏ အဖိုးလေးမှာ မေယုသဘောင်္၏ ပထမဆုံး ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ချိန်ဖြစ်သည်။ သိပ်မကြာမီမှာပင် အဖိုးလေးအား သူ၏မျိုးရိုးနာမည်ကို ဖြုတ်ပေးပါရန် အစိုးရသစ်မှ သမ္မတကိုယ်တိုင် တောင်းဆိုခဲ့သည်။ ထိုအချိန်က အဖိုးတို့ မိသားစု၏ မျိုးရိုးစဉ်ဆက်မှာ ရိုမန်ကတ်သလစ်ဘာသာဝင် ကိုးကွယ်သူများဖြစ်ပြီး မျိုးရိုးနာမည်လည်းရှိသည်။ ခရစ်ယာန်ဘာသာဝင်တို့၏ မိသားစုနာမည်ကို ဖြုတ်ပေးလျှင် လက်ရှိကပ္ပတိန်ရာထူးမှ အသစ်ဖွဲ့မည့် ရေတပ်ဝန်ကြီးနေရာသို့ တိုးမြှင့်ပေးမည်ဟုဆိုသည်။ အဖိုးလေးက မျိုးရိုးနာမည်ကို မဖြုတ်ပေးနိုင်သောကြောင့် အလုပ်မှ တခါတည်းနှုတ်ထွက်လိုက်သည်။ ထို့နောက် တစ်မိသားစုလုံး သြစတြေးလျနိုင်ငံကို ပြောင်းရွှေ့ဖို့ စီစဉ်လိုက်သည်။ အဖိုးလေးမသွားမီအချိန်ထိ အဖွား၏သတင်းကို စုံစမ်းသော်လည်း မရခဲ့သောကြောင့် အဖိုးလေး၏ညီမ အဖွားလေးကို ဆက်လက်အဆက်အသွယ်ရှာ စုံစမ်းပေးရန် မှာကြားသွားခဲ့သည်။ 

ကျွန်မ၏အဖွားက အဖိုးလေးတို့မိသားစု သြစတြေးလျကိုထွက်သွားကြောင်း သေချာပြီဆိုတော့မှ နယ်မြို့တစ်ခုလေးဆီ ပြန်လာနေပြီး သားသမီးများကို သူမတစ်ယောက်တည်း စီးပွားရှာကျွေးမွေး ပညာသင်ပေးခဲ့သည်။ အချိန်တွေ ကုန်လွန်သွားသော်လည်း အဖိုး၏အချစ်ဆုံးသမီးဖြစ်သူ အမေက အဖိုးအကြောင်း စုံစမ်းထောက်လှမ်းပြီး ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းခဲ့သည်။ အမေ၏ကြိုးစားအားထုတ်မှုကြောင့်ပင် အဖိုး၏နေရပ်လိပ်စာကို ဆက်သွယ်ရရှိခဲ့သည်။ ကျွန်မ ၇တန်းနှစ်မှာ အဖိုးဆီက စာနှင့်ဓာတ်ပုံတွေ အများကြီး လက်ခံရရှိခဲ့သည်။ ဓာတ်ပုံတွေထဲမှာ လန်ဒန်မြို့ရှိ အဖိုး၏အိမ်၊ အဖော်ခွေးကြီးနှစ်ကောင်နှင့် အဖိုး၏နောက်အိမ်ထောင်မှ ဇနီးဖြစ်သူ စပိန်နိုင်ငံသူ အမျိုးသမီးချောချောတစ်ယောက်ကိုလည်း တွေ့ရသည်။ အဖိုးက နောက်အိမ်ထောင်ပြုခဲ့သော်လည်း သားသမီးမထွန်းကားခဲ့။ ထိုစဉ်မှစ၍ နှစ်စဉ်နှစ်တိုင်းလိုလို အဖိုးဆီမှ စာနှင့်ဓာတ်ပုံတွေ လက်ခံရရှိခဲ့သည်။ ခရစ်စ္စမတ်ချိန်ခါရောက်တိုင်း နှစ်သစ်နှင့်အတူ ဆုမွန်ကောင်းတောင်းထားပေးသော ပို့စကတ်လှလှလေးများ ပို့ပေးတတ်သည်။ အမေကလည်း ကျွန်မတို့ မိသားစုဓာတ်ပုံ၊ အထူးသဖြင့် ကျွန်မနှင့်မောင်လေးဓာတ်ပုံများကို ပြန်လည်ပို့ပေးသည်။ အဲဒီအချိန်ကတည်းက အမေ့ရည်မှန်းချက်ထဲမှာ အဖိုးနှင့်ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်တကြီး ရှိခဲ့မည်မှာ သေချာသည်။

ကျွန်မတို့ မိသားစု အဖိုးနောက်လိုက်ဖို့ ကြိုးစားခဲ့သည်။ အဖိုးကလည်း လိုအပ်သော စာရွက်စာတမ်းများကို သံရုံးအထိ တိုက်ရိုက်ပို့ပေးသည်။ သို့သော် ထိုအချိန်က ဗြိတိန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေမှာ ပြောင်းလဲမှုတွေရှိသွားသဖြင့် အဖိုး၏သမီးအရင်းဖြစ်သူသာ အရင်လာရောက်နေထိုင်ခွင့်ရှိသည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှ မြေးဖြစ်သူများက လိုက်လာရမည်။ အဲဒီတုန်းက ကျွန်မအသက် ၁၃နှစ်၊ မောင်လေးက ၇နှစ်။ အမေတစ်ယောက်အနေနှင့် သူမ၏ရင်သွေး ကျွန်မတို့မောင်နှမကို အတူခေါ်မသွားဘဲ အချိန်တစ်ခုအထိ ခွဲထားရမည်ဆိုသောအခါ… အမေက သူ့ဆုံးဖြတ်ချက်၊ အစီအစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပြီး အဖိုးကို စာရေးသည်။ အဖိုးက သူ့ဘက်မှ လိုလေးသေးမရှိ စီစဉ်ပေးထားသည့် ကြားထဲမှ အမေလိုက်မလာတော့ဘူးဆို၍ အမေ့ကို စိတ်ဆိုးသွားပြီး အဆက်အသွယ် ပြန်မလုပ်တော့။ ဒီလိုနှင့် ကျွန်မ၏ အင်္ဂလန်သွားရတော့မည်ဆိုသော စိတ်ကူးယဉ်အိမ်မက်လေး ပျက်ပြယ်သွားခဲ့သည်။ အဖိုးနှင့် အဆက်အသွယ်ပါ ပြတ်သွားခဲ့သည်။ 

ကျွန်မ၁၀တန်းအောင်စာရင်းထွက်ပြီး  သိပ်မကြာခင်မှာ အိမ်အသစ်ကိုပြောင်းသည်။ အမေက အိမ်ပြောင်းသွားသည့် အကြောင်း အဖိုးကို စာရေးပြီး အကြောင်းကြားသည်။ အဖိုး၏ လိပ်စာကတော့ မပြောင်းလဲ။ အဲဒီနှစ် ခရစ်စ္စမတ်မှာ အဖိုးဆီက နှုတ်ဆက်ဆုတောင်းပေးသော ကတ်ပြားလှလှလေး ပြန်ရောက်လာသည်။ အဲဒီ့နောက်မှာ အခြေအနေအကြောင်းကြောင်းကြောင့် ကျွန်မတက္ကသိုလ်မတက်ဖြစ်ဘဲ အပြင်ဒီပလိုမာသင်တန်းများ တက်ရောက်သင်ကြားပြီး နောက်ဆုံးနှစ်ကို ရောက်လာသည်။ နောက်ဆုံးနှစ်ကို ပြည်ပတွင် တက်ရောက်သင်ကြားပါမှ ဘွဲ့ရမည်။ ဘွဲ့မရခင် ပရော်ဖက်ရှင်နယ်လ် ဒီပလိုမာကို စင်္ကာပူတွင် အရင်သင်ကြားရမည်။ ကျွန်မ စင်္ကာပူထွက်မလာခင်မှာပင် နှစ်ပေါင်းများစွာက ကွဲကွာသွားသော အဖိုးလေး၏ သမီးကြီးနှင့်သားလတ်၊ သူတို့၏ သမီးများ မြန်မာပြည်လာလည်သဖြင့် ပြန်လည်ဆုံတွေ့ခွင့်ရသည်။ အဆက်အသွယ်လည်း ပြန်ရသွားသည်။ အဖွားလေးမိသားစုကတော့ ရန်ကုန်မြို့မှာပဲ အခြေချနေထိုင်ခြင်းဖြစ်၍ အမေအပျိုဘ၀ကတည်းက အဆက်အသွယ် ပြန်ရခဲ့သည်။ 

ကျွန်မကျောင်းနောက်ဆုံးနှစ်ကို ယူကေမှာတက်ရောက်သင်ကြားရမည်ဆိုတော့ အမေအရမ်းပျော်ခဲ့သည်။ အဖိုးနှင့် တွေ့သည့်အခါ ပေးဖို့ရာ စာတစ်စောင်နှင့် ကျွန်မတို့မိသားစုဓာတ်ပုံကို ထည့်ပေးလိုက်သည်။ အဖိုး၏လိပ်စာကို အမေ့လိပ်စာ စာအုပ်လေးထဲမှတစ်ဆင့် ကျွန်မ၏လိပ်စာ စာအုပ်လေးထဲသို့ ကူးထည့်ခဲ့သည်။ ကျွန်မယူကေသို့ မသွားခင် လန်ဒန်မြို့ပြမြေပုံစာအုပ်ဝယ်ပြီး အဖိုးလိပ်စာနေရာကို လက်ထောက်ပြီး ရှာခဲ့သည်။ Grenfell Road ကို ရှာတွေ့သည့်အခါ ကျွန်မပျော်သွားသည်။ တကယ်တမ်းကျွန်မကျောင်းတက်ရမည်က ဝေလပြည်နယ်မှာဖြစ်ပြီး၊ အဖိုးက လန်ဒန်မှာဆိုတော့ ခရီးက သိပ်မနီး။ ဒါပေမဲ့ ကျွန်မရောက်အောင် သွားတွေ့ရမည်။ ကျွန်မ မွေးကတည်းက တစ်ခါမှ မမြင်ဖူးခဲ့သော၊ အမေ ငယ်ငယ်ကတည်း ခွဲခဲ့ရသော သက်ရှိထင်ရှား အဖိုးဖြစ်သူကို သွားတွေ့ရခြင်းသည် ကျွန်မအတွက်သာမက အမေ့အတွက်ပါ တာဝန်တစ်ခုထမ်းဆောင်ရမည့်လား ကျွန်မ စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။ 

ကျွန်မစာမေးပွဲတစ်ခုဖြေအပြီး လန်ဒန်သို့ရောက်သည့်အခါ လန်ဒန်မှာ ကျောင်းတက်နေသော သူငယ်ချင်းလင်း၏ အိမ်မှာတည်းပြီး သူ့ကို အဖော်ခေါ်ကာ Grenfell Road ကို အရောက်သွားခဲ့သည်။ အဖိုးနေထိုင်ရာ Grenfell Tower ကို အဝေးကပင် လှမ်းမြင်ရသည်။ အဖိုးလိပ်စာအတိုင်း သူနေထိုင်ရာအခန်းရှေ့အရောက်သွားပြီး တံခါးခေါက်ချိန်သည် ကျွန်မရင်ခုန်သံ အမြန်ဆုံးအချိန်ပင် ဖြစ်လိမ့်မည်။ မှတ်မှတ်ရရ အဲဒီအချိန်က ဇွန်လ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေချိန်ဖြစ်သည်။ အခန်းထဲမှာ တီဗွီဖွင့်ထားပြီး ဘောလုံးပွဲပြနေကြောင်း အပြင်ဘက်မှာ ရပ်နေသောကျွန်မ မှန်းလို့ရသည်။ 

တံခါးရှိရာသို့ လာဖွင့်သူမှာ အဖိုးကိုယ်တိုင်ဖြစ်သည်။ သို့သော် မြန်မာစကားပြောလေ့မရှိတော့သော အင်္ဂလိပ်လိုသာပြောသောအဖိုးကို ကျွန်မတတ်သလောက် အင်္ဂလိပ်စကားနှင့် နှုတ်ခွန်းဆက်ပြောဆိုပြီး ကျွန်မက မြန်မာနိုင်ငံမှ သူ၏မြေးဖြစ်ကြောင်း ပြောပြလိုက်သည်။ အဖိုးက ရုတ်တရက် မယုံကြည်။ ခုလို မိန်းကလေးငယ်နှစ်ယောက် အခန်းတံခါးခေါက်ပြီး သူတစ်ခါမှ မမြင်ဘူးသော မြေးဖြစ်ကြောင်းပြောဆိုသည်ကို အလွယ်တကူယုံကြည်ဖို့ရာ မလွယ်နိုင်မှန်း ကျွန်မနားလည်ပါသည်။ 

ကျွန်မက အမေပေးလိုက်သောစာနှင့် ဓာတ်ပုံကို ထုတ်ပေးလိုက်သည်။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် တံခါးဝမှာရပ်နေဆဲ။ အဖိုးက စာကိုဆုံးအောင်ဖတ်၊ ဓာတ်ပုံကိုကြည့်၊ ကျွန်မမျက်နှာကို သေချာကြည့်ပြီး ယုံကြည်သွားသည့်အနေနှင့် တံခါးဖွင့်ပြီး အထဲကို ဖိတ်ခေါ်လိုက်သည်။ တကယ်တော့ ကျွန်မက အမေနှင့်တူသည်ပဲလေ။ အမေပို့ထားသော ကျွန်မတို့ဓာတ်ပုံ အဖိုးဆီမှာရှိသည်။ ဒါကြောင့်ပဲ ကျွန်မကို သူ့မြေးအဖြစ်လက်ခံသွားခြင်းဖြစ်သည်။ ကျွန်မကို ယုံကြည်သွားသည့်အတွက် ကျွန်မစိတ်ချမ်းသာပျော်ရွှင်သွားသည်။ ထို့ထက်ပို၍ အမေ့မျက်နှာကို မြင်ယောင်မိသည်။ ကျွန်မနေရာမှာ အမေသာဆို…။ ကျွန်မအတွေးတွေ မစုစည်းလိုက်နိုင်စဉ်မှာပင် အဖိုးက သူ၏ဇနီးစပိန်သူကို ကျွန်မအကြောင်းပြောပြီး မိတ်ဆက်ပေးသည်။ အဖိုးက သူ့ဇနီးနှင့်ပြောဆိုသည့်အခါ စပိန်လိုပြောခြင်းဖြစ်ကြောင်း ကျွန်မတွေ့ရသည်။ အဖိုးက အမေ့တို့ငယ်ငယ်က သူဘယ်လိုပြည့်စုံစွာ ထားခဲ့သည့်အကြောင်း၊ သူခေါ်တာကို အမေလိုက်မလာသည့်အတွက် စိတ်ဆိုးခဲ့ကြောင်း ပြန်လည်ပြောပြသည်။ ယခုအခါ ကျွန်မတို့ မြန်မာနိုင်ငံမှ လူငယ်အများအပြား ယူကေသို့ လာရောက်ပညာသင်ကြားနေကြပြီဖြစ်ကြောင်း ပြောပြတော့ အဖိုးက အံ့သြနေသည်။

ကျွန်မကို သူ့ကားဖြင့် လိုက်ပို့ပေးချင်ကြောင်း၊ သို့ပေမယ့် ဒရိုင်ဘာပြန်သွားသည့်အတွက် လိုက်မပို့ နိုင်တော့ကြောင်းပြောပြသည်။ ကျွန်မအတွက် သူ့ဇနီးကို ပေါင်၃၀၀သွားယူဖို့ ပြောပြီး မုန့်ဖိုးပေးသည်။ ကျွန်မက လက်မခံကြောင်း၊ ကျွန်မအနေဖြင့် အဖိုးဖြစ်သူကို လာတွေ့ရုံသက်သက်ဖြစ်ကြောင်း၊ ကျွန်မမိခင်၏ဆန္ဒကို ဖြည့်ဆည်းပေးလိုသည့်အတွက် လာခဲ့ကြောင်း ပြောပြသော်လည်း အဖိုးနှင့်သူ့ဇနီးက အတင်းပေး၍ လက်ခံယူလိုက်ရသည်။ ကျွန်မတို့ ပြန်ခါနီး သူ (နားအနည်းငယ်လေးသည်ကလွဲ၍) ကျန်းမာရေးကောင်းကြောင်း၊ အမေ့ကို စိတ်မပူဖို့ပြောပြလိုက်ပါဟု မှာလိုက်သည်။ ကျွန်မ အပြန်လမ်းတစ်လျှောက်မှာ အတွေးစိတ်ကူးတို့ဖြင့် ပျော်နေခဲ့သည်။ ကျွန်မဘွဲ့ယူသည့်အခါ အမေ့ကိုခေါ်မည်။ အဖိုးနှင့်ပေးတွေ့မည်။ အဲဒီအချိန်သည် ကျွန်မအတွက် အမေ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရသော အကောင်းဆုံးအချိန်တစ်ခုဖြစ်လိမ့်မည်။ 

အဲဒီနှစ်ခရစ်စ္စမတ်ကျောင်းပိတ်ချိန်မှာ အဖိုးဆီသွားလည်ဖို့ ပြင်ဆင်ခဲ့သော်လည်း ကျွန်မလျှောက်ထားသော အချိန်ပိုင်းအလုပ်တစ်ခုရသွား၍ အဖိုးကို နှစ်သစ်ကူးပြီးမှ လာတွေ့မည့်အကြောင်း နှုတ်ခွန်းဆက်ပို့စကတ်လေးထဲ ထည့်ရေးလိုက်သည်။ အမှန်အတိုင်းဝန်ခံရလျှင် ထိုအချိန်၌ ကျွန်မမှာ ငွေကြေးအခက်အခဲရှိနေသောကြောင့် ရလာသည့်အချိန်ပိုင်းအလုပ်ကို လက်လွှတ်၍ မဖြစ်နိုင်သောကြောင့်သာ ကျွန်မအဖိုးဆီ သွားလည်ဖို့ရက်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။ တကယ်တမ်း ကျွန်မနှစ်သစ်ကူးပြီးချိန် ဇန်န၀ါရီလ ကုန်သည်အထိ အရောက် မသွားနိုင်ခဲ့။ 

ဖေဖော်ဝါရီလဆန်းပိုင်းတစ်ရက်မှာ ဆစ်ဒနီမြို့ရှိ ဦးလေးထံမှ အီးမေးလ်ရောက်လာသည်။ အဖိုးဆုံးသွားကြောင်းကို သူ့ဇနီးက အဖိုးလေးဆီ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ကျွန်မကို အသိပေး ရေးထားခြင်းဖြစ်သည်။ ကျွန်မရင်ထဲက မျှော်လင့်ခြင်းတစ်ခု ဆောက်တည်ရာမဲ့သွားသည်။ အဖိုးကျွန်မနဲ့တွေ့ခဲ့တဲ့ အချိန်အထိ ကျန်းမာရေး ကောင်းနေသေးတာပဲ။ ကျွန်မဇဝေဇ၀ါနှင့် မယုံတ၀က် ယုံတ၀က်ဖြစ်ခဲ့သည်။ ဒါဆို အမေနဲ့အဖိုး ဘယ်တော့မှ မဆုံတွေ့နိုင်တော့ဘူးပေါ့။ ကျွန်မငိုသည်။ အမေလည်း အဝေးမှနေ၍ မျက်ရည်ကျခဲ့သည်။ 

ကျွန်မပြန်ခါနီး အဖိုးနေထိုင်ခဲ့ရာ Grenfell Tower ကို တစ်ခေါက်သွားခဲ့သည်။ အဖိုးမရှိတော့ပေမယ့် အဖိုး၏ဇနီးကို နှုတ်ဆက်ချင်သည့်အနေဖြင့် သူတို့အခန်းကို တံခါးခေါက်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မှ ထွက်မလာခဲ့။ အနီးအနားရှိ အခန်းနှစ်ခန်းကို မေးကြည့်သော်လည်း ရေရေရာရာ နှစ်လိုဖွယ်မဖြေခဲ့သဖြင့် စိတ်ပျက်ပြီး ထပ်မမေးကြည့်မိတော့။ ကျွန်မတစ်ခု သတိရသွားသည်။ အဖိုး၏ဇနီးက စပိန်နိုင်ငံ၊ ဘာစီလိုနာဇာတိဖြစ်သည်။ အဖိုးမရှိသည့်နောက်ပိုင်း သူမတစ်ယောက်တည်း လန်ဒန်မြို့မှာ နေထိုင်သည်ထက် သူမဇာတိမှာ ဆွေမျိုးများနှင့် ပြန်လည်နေထိုင်ခြင်းက သူမလို သက်ကြီးရွယ်အိုတစ်ယောက်အတွက် ပိုမိုလုံခြုံနွေးထွေးမှုရှိနိုင်မှာ မဟုတ်ပါလား။ ကျွန်မ စာတိုလေးတစ်စောင်ရေးပြီး တံခါးအောက်မှာ ချထားခဲ့သည်။ အကယ်၍များ သူမဤအိမ်မှာ ဆက်နေဖြစ်သေးမည်ဆိုပါက ကျွန်မမြန်မာနိုင်ငံပြန်တော့မည်ဖြစ်၍ နှုတ်ဆက်ခဲ့ကြောင်း သိစေရန်ဖြစ်သည်။ ကျွန်မ Grenfell Tower မှ Grenfell လမ်းပေါ်သို့၊ နောက်လန်ဒန်မြို့မှ လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။ 

တကယ်တမ်းကျွန်မသည် ဘ၀မှာ အဖိုးဖြစ်သူနှင့် တစ်သက်မှာတစ်ခါသာ ဆုံတွေ့ခွင့်ရလိုက်ခြင်းဖြစ်သည်။ ကျွန်မတို့ မျိုးဆက်တွင် အဖိုး၏မြေး ၈ယောက်ရှိသည့်အနက် ကျွန်မတစ်ယောက်သာ အဖိုးနှင့်ဆုံတွေ့နိုင်လိုက်သည်ဟု ရှာကြံဖြေသိမ့်မိသေးသည်။ အဖိုးအခြေချနေထိုင်ခဲ့ရာ အိမ်လိပ်စာသည် ကျွန်မ၏ လိပ်စာစာအုပ်လေးထဲတွင် ယနေ့ထက်တိုင် ရှိနေပါသေးသည်။ အကယ်၍များ နောက်တစ်ကြိမ် လန်ဒန်သို့ သွားရောက်ခွင့်ရလျှင် အမှတ် ၅၁ ဂရမ်းဖဲလ်တာဝါကို တစ်ခေါက် ထပ်သွားကြည့်မိဦးမလား ကျွန်မ မပြောနိုင်သော်လည်း အဖိုး အနှစ်၄၀ကျော်ကြာ အခြေချနေထိုင်ခဲ့သော နေရာတစ်ခုအဖြစ် ကျွန်မအောက်မေ့သတိရမိမှာ အမှန်ပင်ဖြစ်သည်။ 


ဇွန်မိုးစက်

သြော်... မဲလ်ဝဲလား ... ရှိတယ်

7

Category:


ခုတလော အလုပ်တွေများပြီး အချိန်တွေလုနေရတုန်း မဲလ်ဝဲကိစ္စက ပေါ်လာတယ်။ မိတ်ဆွေဘလော့ဂါတွေ အသီးသီးရှင်းလင်းရေးလုပ်နေချိန်မှာ ဇွန်မိုးစက်တစ်ယောက် ဘလော့ဂ်ဘက်ခြေဦးကို မလှည့်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ဂ်ကို ပစ်ထားလိုက်ရတယ်။ ဒီလိုကိစ္စမျိုးမှာ ကိုယ့်ဘလော့ဂ်လည်း သိသိသာသာ  effect ဖြစ်လိမ့်မယ်ဆိုတာ တွေးမိတယ်။ အခြားသူတွေလိုပဲ ကိုယ့်လင့်ခ်လေးပြန်ထည့်ကြည့်တော့ မဲလ်ဝဲရှိနေတာပါပဲ။ ကိုယ့်ဘလော့ဂ်မှာရှိတဲ့ တစ်ခြားလင့်ခ်တွေကိုလည်း ဒီလိုပဲ လိုက်ထည့်ကြည့်မိတော့ မဲလ်ဝဲကင်းတဲ့ဘလော့ကကင်း၊ မကင်းတဲ့ဘလော့က ရှိနေတာပါပဲ။ ဘလော့ဂ်စပေါ့မှဖြစ်တာလားထင်ပြီး ဒေါ့ကွမ်းတွေကို စစ်ကြည့်တော့လည်း ရှိနေတာပါပဲ။ တစ်ပတ်လောက်အကြာမှာ အရင်ကင်းသွားတဲ့ ဘလော့ဂ်တစ်ချို့ကို ပြန်ထည့်ပြီး စစ်ကြည့်တော့ တစ်ချို့က ပြန်ရှိနေတယ်။ ဒါကြောင့် လင့်ခ်တွေဖြုတ်လိုက်ရုံ၊ ပို့စ်နဲ့ ကော်မန့်တွေ ဖြုတ်ထားလိုက်ရုံနဲ့ မဲလ်ဝဲထာဝရကင်းစင်သွားပြီလားဆိုတာကို သံသယ၀င်မိတာ အမှန်ပဲ။ ပြန်ချိတ်ရင် မဲလ်ဝဲပြန်ရှိမယ့် သဘောပဲလို့ ထင်ပါတယ်။ 

ကိုယ့်အမြင်အရ blogspot က Google က provide လုပ်ထားတဲ့ feature တစ်ခုဆိုတော့ blogspot တွေအားလုံး  malware effect ဖြစ်ပြီး blacklist ထဲရောက်သွားမယ့်အဖြစ်မျိုးကို Google က လက်ပိုက်ပြီး ကြည့်နေလိမ့်မယ်လို့တော့ မထင်ပါဘူး။ blogspot user သန်းနဲ့ချီရှိနေတော့ အဲလိုသာဖြစ်မယ်ဆိုရင် Google အတွက်လည်း  နစ်နာထိခိုက်မှုတွေ ရှိလာမှာ အမှန်ပါပဲ။ ဘယ်အရာမှ မဖြစ်ပါဘူးလို့ မပြောနိုင်၊ မယုံကြည်နိုင်ပေမယ့် လောလောဆယ်တော့ Google ကို ယုံကြည်ပြီး blogspot လေးနဲ့ ချီတက်နေဦးမှာပါ။ 

ဒါပေမဲ့ ကိုယ့်ဘလော့ဂ်လေး  မဲလ်ဝဲစွဲလို့ အပယ်ခံဘလော့ဂ်အဖြစ် ရောက်ရမှာမျိုးကိုလည်း မကြုံချင်တော့ ရှားပါးတဲ့ အားလပ်ချိန်ထဲကနေပဲ  စိတ်မကောင်းစွာနဲ့ လင့်ခ်တွေ၊ ပို့စ်နဲ့ ကော်မန့်တွေဖြုတ်ပြီး မဲလ်ဝဲကင်းစင်ကြောင်း သက်သေယူလိုက်ရပါတယ်။ အားလုံးကို ပြန်ချိတ်ပေးမှာပါ။ အားလုံးပြန်ချိတ်ပြီးလို့ နောက်တစ်ခါ ထပ်စစ်လို့ မဲလ်ဝဲ ဖြစ်နေပါတယ်ဆိုရင်တော့လည်း မဖြုတ်တော့ဘဲ ဒီအတိုင်းထားလိုက်မယ်လို့ စိတ်ကူးတယ်။ စစ်လိုက်၊ ပြန်ဖြုတ်လိုက်၊ ကင်းစင်ကြောင်းသက်သေယူလိုက်နဲ့ အဲ့ဒီ့အတွက်ကို ခဏခဏ အချိန်မပေးချင်၊ မပေးနိုင်လို့ပါ။ အဲဒီ့အခါ ကိုယ့်ဘလော့ဂ်လေးကို မချိတ်ဘူး၊ ဖြုတ်မယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ လာဖတ်မယ့်သူမရှိတော့ရင်လည်း ကိုယ့်ပို့စ်ကို Word ထဲမှာပဲရိုက်ပြီး သိမ်းထားလိုက်တော့မယ်။ တကယ်လို့များ Sucuri ကသာ အခကြေးငွေမယူဘဲ မဲလ်ဝဲအားလုံး သန့်စင်အောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ သူ့စစ်ချက်နဲ့ရလဒ်ကို အကြွင်းမဲ့ ယုံကြည်မိမလားဘဲ။ ခုတော့.... သူ့ကိုလည်း ကိုယ်သိပ်မယုံဘူးလားလို့။


ဇွန်မိုးစက်

Update: မဲလ်ဝဲ၊ Sucuri နဲ့ ပတ်သက်ပြီး အမြင်ချင်း အတွေးချင်းတူနေတဲ့ ကိုညီလင်းသစ်ရဲ့ပို့စ် ပါ။

တိမ်တိုက်ကြားက စခန်းသာ

8

Category:

ပင်လယ်ရေပြင်အထက် မီတာ ၁၅၂၄မှာတည်ရှိပြီး အပူချိန် ၂၀ဒီဂရီ စင်တီဂရိတ်ထက် ဘယ်တော့မှ မကျော်တဲ့ သာယာလှပတဲ့ ကုန်းမြင့်ဒေသကို စတင်တွေ့ရှိသူက ဗြိတိသျှလူမျိုး မြေတိုင်းပညာရှင် ၀ီလီယမ် ကင်မရွန်းပါ။ (သူ့နာမည်ကို အစွဲပြုလို့ ကင်မရွန်းဟိုက်လန်းလို့ ခေါ်တွင်ခဲ့ပါတယ်) ၁၈၈၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပေမယ့် ၁၉၂၀နောက်ပိုင်းမှာမှ  တောင်ပေါ်ရောက်သည်အထိ လမ်းဖောက်နိုင်ခဲ့တာပါ။  လမ်းဖောက်ချိန်အတွင်း ရာသီဥတုဒဏ်၊ ငှက်ဖျားဒဏ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရပြီး ၁၉၃၁ခုနှစ်မှ အပြီးသတ်နိုင်ခဲ့ပါတယ်။

ဗြိတိန်လူမျိုးတွေအဖို့ ဗြိတိန်ကျွန်းမကြီးနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ ဒီဒေသလေးကို  တွေ့ရှိခဲ့ခြင်းက သူတို့အတွက် တနည်းတဖုံ အလွမ်းဖြေစရာ ဖြစ်ခဲ့ရုံမျှမက အဲဒီနေရာကို သူတို့အရပ်နဲ့တူအောင် နှင်းဆီတွေစိုက်ပျိုး၊ အိမ်များကို အနောက်တိုင်းပုံစံအတိုင်းဆောက်ထားလို့ တမင်တူအောင် လုပ်ယူခဲ့ကြပါသေးတယ်။ ဒါတွေကြောင့်ပဲ ခုချိန်မှာ မလေးရှားရဲ့ အကြီးဆုံးအပန်းဖြေစခန်းတစ်ခုအဖြစ် ရပ်နီးရပ်ဝေးက ဧည့်သည်တွေမပြတ် လာရောက် လည်ပတ်ကြည့်ရှုရတဲ့ အထင်ကရ နေရာတစ်ခုဖြစ်နေပါပြီ။

တကယ်တော့ ကိုယ်သွားခဲ့တဲ့ ၂ညအိပ်၃ရက်ခရီးက နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အသွားအပြန် ၂ရက်တိတိ ခရီးနှင်ရပြီး အလယ် ၁ရက်သာ လည်ပတ်ခွင့် ရခဲ့ပါတယ်။ နှင်းဆီဥယျာဉ်၊ လက်ဖက်စိုက်ခင်း၊ ပျားမွေးမြူရေးဂေဟာ၊ စတော်ဘယ်ရီခြံနဲ့ ကန္တာရဆူးပင်တောင်ကြားတို့ကို လေ့လာကြည့်ရှုခဲ့ရပါတယ်။ ဓာတ်ပုံတွေလည်း တဖျပ်ဖျပ်နဲ့ အလုအယက် ရိုက်ခဲ့ကြပါသေးတယ်။ စာတွေအများကြီးရေးချင်သော်လည်း ရေးဖို့အချိန်မပေးနိုင်တာကြောင့် အမှတ်တရပုံလေးတွေ တင်လိုက်ပါတယ်။

နှင်းဆီခြံထဲက ရိုက်ယူခဲ့တာလေးတွေပါ







မြင်ရသူတိုင်း ရင်သပ်ရှုမောဖြစ်ရတဲ့ လက်ဖက်စိုက်ခင်းတွေပေါ့။ ဒီမြင်ကွင်းကို မြင်လိုက်ရတာနဲ့တင် ဒီခရီးတစ်ခုလုံး လာရကျိုးနပ်သွားတယ်လို့ ခံစားလိုက်ရတာပါ



တောင်ထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ခဲ့ကြသေးတယ်

ကိုယ့်စိတ်ကြိုက် စတော်ဘယ်ရီတွေကို ခုလိုခြံတွေထဲမှာ ဆွတ်ယူလို့ရတယ်

အမှတ်တရလက်ဆောင်ပစ္စည်းတွေအားလုံး စတော်ဘယ်ရီဒီဇိုင်းတွေနဲ့လေ

ဒါကတော့ စတော်ဘယ်ရီကော်ဖီတဲ့

ဖြူ၊နီ၊လိမ္မော်၊၀ါ အရောင်စုံနဲ့ ခေါင်ရမ်းပန်းတွေကလည်း အလှချင်းပြိုင်နေတယ်



အရောင်စုံကန္တာရဆူးပင်လေးတွေ





အထက်တန်းတုန်းက ရုက္ခဗေဒမှာ သင်ခဲ့ဖူးတဲ့ Pitcher Plant ဆိုတာ ခုမှ အနီးကပ် မြင်ဖူးတာ

အလေ့ကျပေါက်နေတဲ့ ပန်းလေးတွေကလည်း လှတာပါပဲ

ဒီပန်းလေးတွေကလည်း ချစ်စရာ

ဥရောပစတိုင် အိမ်ပုံစံတွေနဲ့ မြို့လေးက ဘယ်လိုကြည့်ကြည့် အေးချမ်းလှပလို့

လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက သွားချင်ခဲ့တဲ့နေရာတစ်ခုကို ဒီနှစ်မှပဲ ရောက်ဖြစ်ပါတော့တယ်။ အတူလိုက်ပါခဲ့တဲ့ ညီမများကို ကျေးဇူးလည်း တင်ပါတယ်။ မရောက်သေးသူများ တစ်ခေါက်လောက် အရောက်သွားသင့်တဲ့ နေရာတစ်ခုလို့ ဆိုပါရစေ။ ဇွန်ကတော့ အခြေအနေ ပေးဦးမယ်ဆိုရင် Tour Package နဲ့ မဟုတ်ဘဲ အေးအေးဆေးဆေး Free & Easy တစ်ခေါက်လောက် ထပ်သွားချင်ပါသေးတယ်။


ဇွန်မိုးစက်