အလွမ်းရက် ၁,၄၆၁

28

Category:

မောင်ရေ… ဘာလိုလိုနဲ့ မောင့်ကိုလွမ်းရတဲ့ရက်ပေါင်း ထောင်ကျော်ခဲ့ပြီကွယ်။ 

ညကပဲ မောင် ကျွန်မ အိပ်မက်ထဲ အလည်ရောက်လာခဲ့သေးနော်။

မောင်နဲ့မတွေ့ရတဲ့နှစ်လတွေမှာ မောင့်ကို ပြောပြချင်တဲ့ အကြောင်းအရာတွေက အများသားပဲ မောင်…

မောင် အရင်းနှီးဆုံးပေါင်းခဲ့တဲ့ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်တောင် ကလေးအဖေတွေ ဖြစ်ကုန်ကြပြီ။ တစ်ယောက်က ယောက်ျားလေးမွေးပြီး၊ တစ်ယောက်က မိန်းကလေးမွေးတာဆိုတော့ သူတို့နှစ်ယောက် ခမည်းခမက်တော်လို့ရတာပေါ့လို့ ကျွန်မ စနောက်လိုက်သေးတယ်။ 

ဟယ်ရီပေါ်တာမင်းသားလေး ဒန်နီရယ်လ်တောင် လူပျိုကြီးဖားဖားဖြစ်လို့၊ ဟယ်ရီပေါ်တာ နောက်ဆုံး ဇာတ်လမ်းတွဲတောင် ဒီနှစ်နွေရာသီမှာ အဆုံးသတ်တော့မယ် မောင်…။ မင်းသမီးလေး အမ်မာက လှသွေးကြွယ်တဲ့ ချစ်စရာ အပျိုမ ချောချောလှလှလေးတစ်ယောက် ဖြစ်နေပြီ။ 

အစားကောင်းစားမိရင် ချစ်တဲ့သူကို သတိရတတ်ကြတယ်လို့ ပြောကြတယ် မဟုတ်လား မောင်။ ဒါပေမဲ့ ကျွန်မအတွက်တော့ အစားကောင်းမှ မဟုတ်ဘူး၊ စာအုပ်ကောင်းတစ်အုပ် ဖတ်ရတဲ့အခါ၊ ရုပ်ရှင်ကားကောင်းတစ်ကား ကြည့်ရတဲ့အခါမှာလည်း ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်တယ်။ မောင်သိပ်ကြိုက်မယ်လို့ သေချာတဲ့ Avatar လိုကားမျိုး မောင်နဲ့ကျွန်မ အတူတူ ကြည့်ခွင့်မရလိုက်ဘူးနော်။ 

ဟိုအရင် အာရှက ထိတ်လန့်ခြောက်ချားဖွယ်ကောင်းတဲ့ ထိုင်း၊ ဂျပန်သရဲကားတွေကို ဟောလီးဝုဒ်က ပြန်ရိုက်တဲ့ ခေတ်ကနေ  အခုဟောလီးဝုဒ်က ကောင်းပေ့ဆိုတဲ့ နာမည်ကြီး အချစ်ကားတွေကို အာရှက ပြန်ရိုက်နေတဲ့ခေတ် ရောက်နေပြီ မောင်။ မောင်ကြိုက်ခဲ့တဲ့ What Women Want ကို တရုတ်က ပြန်ရိုက်ပြီး၊ Ghost ကို ဂျပန်က ပြန်ရိုက်ထားတယ်။ မောင် ကြည့်ပြီးရင် ဘယ်လိုဝေဖန်မလဲဆိုတာ ကျွန်မ သိချင်နေမိတယ် မောင်။ 

မောင်ရေ… သူငယ်ချင်းလင်း လက်ဆောင်ပေးလို့ ဖတ်လိုက်ရတဲ့ Malcom Gladwell ရဲ့ Outliers ဆိုတဲ့ စာအုပ်လည်း သိပ်ကောင်းတာပဲ သိလား။ မောင်ဖတ်မိရင်လည်း ကြိုက်မယ့်စာအုပ်မျိုးဆိုတာ ကျွန်မ သေချာတယ် မောင်။ 

ကမ္ဘာကြီးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာဘက်မှာ တိုးတက်နေပေမယ့် စိတ်ဓာတ်ရေးရာပိုင်းမှာတော့ သိသိသာသာ ချို့ယွင်းဆုတ်ယုတ်လာနေတာ အမှန်ပဲမောင်။ 

သြော်…မောင်ရေ… အရင်လက်ကိုင်ဖုန်းတွေပေါ်ကာစ Handset တွေက လေးထောင့်စပ်စပ် ထူထူကြီးကြီးတွေကနေ တဖြည်းဖြည်းပါးပြီ သေးအောင် ထုတ်လာခဲ့ကြတာနော်။ အခုကျတော့ ဖုန်းတစ်လုံးရဲ့ features ထက်ပိုတဲ့ function တွေထည့်သွင်းပြီး ဖုန်းတွေက ပါးပါးပြားပြားကနေ နဲနဲပိုကြီးပြီး အလေးချိန်ပိုစီးလာတယ်။ လူတွေအရင်က ဖုန်းပြော၊ မက်ဆေ့ခ်ျပို့ရုံ အသုံးပြုရာကနေ ဖုန်းထဲကနေပဲ သတင်းတွေ၊ စာတွေ မေးလ်တွေဖတ်၊ လူမှုကွန်ယက်တွေဝင်ကြည့်နဲ့ အာရုံငါးပါး တစ်ချက်ကလေးမှ အနားမပေးနိုင်အောင် အလုပ်ရှုပ်နေကြတာ မောင့်ကို ပြချင်တယ်။ 

ခုနေခါမှာ Apple ထုတ်တဲ့ iPhone ကို လူအများ သိသိသာသာ သုံးလာကြတာ တွေ့ရတယ် မောင်။ မောင်သာဆိုရင်လည်း သေချာပေါက် iPhone သုံးမယ့်သူဆိုတာ ကျွန်မက သိနေပြန်တယ်။ iPad လည်း တော်တော်များများ သုံးနေကြပြီ မောင်ရဲ့။ Steve Jobs က Apple ကနေ အကန့်အသတ်မဲ့ ဆေးခွင့်ယူသွားတဲ့အတွက် နှမြောမိတယ် မောင်။ သူတာဝန်မထမ်းဆောင်တော့မယ့် Apple ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်မ မှန်းဆကြည့်နေမိတယ်။ မောင်သာရှိရင်တော့… ဒီအကြောင်းတွေ ကျွန်မ မောင်နဲ့ဆက်ဆွေးနွေးဖြစ်ဦးမှာပေါ့။ နောက်ဆုံးတော့ ဘယ်အရာမှ မသေချာပါဘူး မောင်လို့ ကျွန်မ နိဂုံးချုပ်မိမလားဘဲ။

အီဂျစ်မှာလည်း အနှစ် သုံးဆယ်လုံးကြီးစိုးအုပ်ချုပ်ခဲ့တဲ့ မူဘာရက်အစိုးရကို ပြည်သူနဲ့တပ်မတော် ပူပေါင်းပြီး အောင်မြင်စွာ ဖြုတ်ချနိုင်လိုက်တယ် မောင်။ ကျွန်မစိတ်ထဲ ၀မ်းသာဝမ်းနည်းပေါ့။ ဘာကြောင့်လဲဆိုတာ ကျွန်မ မပြောဘဲ မောင်သိမှာပါ။

သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကလည်း ကမ္ဘာ့နေရာအနှံ့အပြား တစ်နေရာနဲ့တစ်နေရာ ဖြစ်သွားလိုက်တာ လပိုင်းတောင် မခြားဘူး မောင်ရယ်။ ၂၀၀၄ ဒီဇင်ဘာတုန်းက ဖြစ်သွားတဲ့ အင်ဒိုနီးရှားဆူနာမီထက် ပိုပြင်းတဲ့ ဆူနာမီက တစ်နေ့ကပဲ ဂျပန်အရှေ့မြောက်ကမ်းခြေကို ၀င်ရောက်တိုက်စားပစ်ခဲ့တယ် မောင်။ ငလျင်အကြီးကြီးပြီးတော့ အသေးလေးတွေ ဆက်လှုပ်နေတာ တစ်ညလုံးပဲတဲ့။ အသက်ရှင်ကျန်ရစ်တဲ့ လူတွေမှာလည်း စိုးရိမ်သောက ဗျာပါဒတွေနဲ့ ရတက်မအေးကြရပါဘူး မောင်။ 

ကျွန်မအတွက် မောင်စိတ်ပူသွားပြီလားဟင်?

မပူပါနဲ့ မောင်ရယ်။ ကျွန်မက မောင့်ကို သိစေချင်တဲ့အကြောင်းတွေ ပြောပြရုံသက်သက်ပါ။ နောက်ပြီး ကျွန်မက တရားဓမ္မကို အရင်ကထက် အဆများစွာပိုပြီး လေးနက်ယုံကြည်စွာ ကိုးကွယ်နေမိတော့ ဘယ်အရာမဆို တရားနဲ့ဖြေတွေးနှစ်သိမ့်တတ်လာပြီ မောင်။ တရားကလည်း ကျွန်မကို ပြန်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်နေတယ် မောင်။ 

ကျွန်မလေ မောင်နဲ့အတူတူရှိနေစဉ်တုန်းကထက် ပိုပြီးသတ္တိတွေရှိလာခဲ့တယ်။ အရင်က ဘာလေးမဆို မောင့်ကိုအားကိုးတကြီး မေးမြန်းတတ်ခဲ့တဲ့ကျွန်မ အခုဆို တစ်ယောက်တည်း စဉ်းစားဆုံးဖြတ်တတ်ခဲ့ပြီ မောင်။ ဘာလုပ်လုပ် ဘယ်သွားသွား ကျွန်မတစ်ယောက်တည်း လုပ်ရဲ သွားရဲခဲ့ပြီ။ ရုပ်ရှင်လည်း တစ်ယောက်တည်း ကြည့်တတ်ခဲ့ပြီ။ ဈေးလည်း တစ်ယောက်တည်း ၀ယ်တတ်ခဲ့ပြီ။ နိုင်ငံရပ်ခြားခရီးတွေလည်း တစ်ယောက်တည်း သွားရဲခဲ့ပြီ မောင်။ ဘ၀မှာ မောင်မပါဘဲ ကျွန်မတစ်ယောက်တည်း အစစအရာရာရင်ဆိုင်ဖို့ ကျွန်မဘယ်လောက်လေ့ကျင့်ယူခဲ့ရတယ်ဆိုတာ ကျွန်မကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး မောင်။ အခုတော့လည်း တစ်ယောက်တည်းဘ၀မှာ ကျွန်မ ကျင့်သားရနေပါပြီ။ 

တကယ်တော့ မောင်ရယ်…. “သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားပုံဟာ ကျွန်မအတွက် မမှန်ပါဘူးကွယ်။ 


ဇွန်မိုးစက်

ငယ်ငယ်တုန်းက - ၂

11

Category: ,

ဟိုအရင်ပို့စ်မှာတုန်းက ကိုယ်ငယ်ငယ်က အကြောင်းလေးတွေဆိုပြီး အမှတ်တရ ချရေးဖူးတယ်။ စိတ်တွေက အတိတ်ဆီ ရောက်ရောက်သွားတတ်လို့ ငယ်ငယ်တုန်းက ကိုယ်တို့မောင်နှမနှစ်ယောက် ဆော့ကစားခဲ့ပုံလေးတွေ အကြောင်း သတိရတတ်တယ်။ ကိုယ်က အကြီးဖြစ်လေတော့ ကိုယ့်အောက်က အငယ်နဲ့အတူတူ ဆော့ကစားခဲ့ဖူးတာရော၊ သူဘယ်လိုကစားတတ်တယ်ဆိုတာရော မှတ်မိနေတယ်။ 

ကိုယ်တို့ငယ်ငယ်က အပြင်ထွက်ပြီး လမ်းပေါ်မှာ သိပ်မကစားခဲ့ရဘူး။ အဖေက အမြဲလိုခရီးထွက်ပြီး အိမ်မှာမရှိတာတစ်ကြောင်း၊ အမေက ကိုယ်တို့မောင်နှမကို သူမြင်ကွယ်ရာမှာပဲ ရှိစေချင်တာတစ်ကြောင်းမို့ အပြင်ပေးထွက် မဆော့စေခဲ့တာ ဖြစ်လိမ့်မယ်လို့ ကိုယ်ထင်မိတယ်။ အိမ်ထဲမှာနဲ့ ခြံရှေ့မှာတော့ ကြိုက်သလောက် ကစားလို့ရတယ်။ ကိုယ်တို့မောင်နှမနှစ်ယောက် အသက်ကွာပေမယ့် အတူတူ ကစားကြတယ်။ 

သူစစ်သားရုပ်လေးတွေ ဂေါ်လီနဲ့ပစ်တိုင်း ကစားရင် ကိုယ်လည်း လိုက်ပစ်တယ်။ ကိုယ်က စက္ကူအင်္ကျီအရုပ်ကတ်လေးတွေနဲ့ ကစားရင် သူ့အတွက် ယောကျာ်းလေးပါတဲ့ ကတ်လေးဝယ်ပေးပြီး သူလည်း လိုက်ကစားတယ်။ ယောက်ျားလေးအရုပ်က အင်္ကျီနည်းနေရင် သူတတ်သလောက် အင်္ကျီပုံဆွဲ၊ ကတ်ကြေးနဲ့ လိုက်ညှပ်ပြီး အသစ်ချုပ်တယ်။ ကိုယ့်မှာလည်း အရုပ်ကတ်တွေဆိုတာ မနည်းမနောပဲ။ အတန်းတင် စာမေးပွဲကြီးပြီးသွားတဲ့အခါတိုင်း ရှိသမျှအရုပ်တွေထုတ်၊ အလှဆုံးဝတ်စုံဝတ်ပေးပြီး ကမ္ဘာ့ဖက်ရှင်ပြိုင်ပွဲ ကျင်းပတန်းကစားတယ်။ သူကလည်း ရှိတဲ့ယောက်ျားလေးရုပ်ထုတ်၊ အသားနားဆုံးဝတ်စုံပေးဝတ်ပေါ့။ အဲလိုမျိုး ကိုယ် ၁၀တန်းဖြေပြီးတဲ့အချိန်ထိ ကစားခဲ့တယ်။

မောင်လေးက ယောက်ျားလေးပီပီ စစ်ဗိုလ်လုပ်တန်း ကစားလေ့ရှိတယ်။ သူ့မှာ သေနတ်တွေ အတိုအရှည်မျိုးစုံရှိတယ်။ သူ့အကျင့်က ဘာလုပ်တိုင်းကစားကစား ၀တ်စုံပြည့် ၀တ်ဆင်ပြီးမှ ကစားတာ။ စစ်ဗိုလ်လုပ်ရင် စစ်ဦးလေးထုပ်ဆောင်း၊ စစ်အင်္ကျီဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စွပ်၊ ခါးကြားမှာ သေနတ်ထိုးပြီး ကစားတယ်။ စပယ်ယာလုပ်တန်းကစားရင် သူလွယ်နေကျ လွယ်အိတ်အနီလေးကို စလွယ်သိုင်းလွယ်၊  သူ့မှာရှိတဲ့ တစ်ထည်တည်းသော ကလေးပုဆိုးလေးဝတ်၊ အိမ်အပေါ်ထက်တက်တဲ့ လှေကားပေါ်ရပ်၊ ထီလက်မှတ်တွေ လက်ကြားညှပ်ပြီး ခရီးသည်ခေါ်တော့ ကိုယ်က လှေကားထစ်ပေါ်တက်ထိုင်ပြီး ခရီးသည်လုပ်၊ ဆင်းမယ့်မှတ်တိုင် သူ့ကိုပြောရတယ်။

ကိုယ်တို့ငယ်ငယ်က တီဗွီမှာ Air Wolf ဇာတ်လမ်းတွဲ ခေတ်စားနာမည်ကြီးနေချိန်၊ သူကလည်း အဲဝုဖ်မင်းသားကို သဘောကျနေသူဆိုတော့ ထိုင်ခုံတွေစီပြီး မီးခလုပ်တပ်ထားတဲ့ အခန်းထောင့်ကိုကပ်၊ မီးခလုတ်ကို အဖွင့်အပိတ်လုပ်ပြီး သူက ရဟတ်ယာဉ်မောင်းတယ်၊ သူကထုံးစံအတိုင်း ကပ္ပတိန်လုပ်တော့ ကိုယ်ကနောက်ခုံကနေလိုက်ပြီး သည်းထိတ်ရင်ဖို လိုက်စီးပြရတာပေါ့။ သူ့နှုတ်ကလည်း အဲဒီကားထဲက တီလုံးအစအဆုံးအတိုင်း လိုက်ရွတ်ပြီးမှ ရဟတ်ယာဉ်ထွက်တာ။

နောက်ပြီး သူ့အကြိုက်ဆုံး အင်ဒီယာနာဂျူန်းကို မြန်မာမှုပြုပြီး ပြန်ရေးထားတဲ့ မင်းသိုက်ရဲ့ ဇာတ်ကောင် ဒေါက်တာကျော်စွာလုပ်တိုင်း မကြာခဏ ကစားတတ်သေးတယ်။ ဒေါက်တာကျော်စွာလုပ်ပြီဟေ့ဆို သူ့ဂျင်းဂျာကင်လေး အပေါ်ကထပ်ဝတ်၊ ဦးထုပ်ဆောင်း၊ အိတ်လေးကို ဇလွယ်သိုင်းလွယ်၊ နိုင်လွန်ကြိုးကျစ်ကျစ်တစ်ချောင်းကို ကြာပွတ်လုပ်ပြီး စွန့်စွန့်စားစား သူရဲကောင်းလုပ်တမ်း ကစားတယ်။ သူကစားပြီးရင် ၀တ်စုံရော ကြိုးတွေရော သူ့ဖာသာသူ ပြန်သိမ်းလိုက်တာ။ နောက်တစ်ခါ ပြန်ဆော့တဲ့အချိန်ကျမှ ပြန်ထုတ်ပြီး ကစားတယ်။

Home Alone ဗွီဒီယိုကားကြည့်ပြီး အဲဒီ့ထဲကလို ထောင်ချောက်တွေဆင်၊ အိမ်အပေါ်ထပ် လှေကားကနေ အောက်ကို ဆိုဖာတွေနဲ့ ခံပြီး လျှောဆင်းသေးတယ်။ အဲလိုဆင်းတုန်း ဇာတ်ကားထဲမှာ ဆောင်းရာသီဆိုတော့ အဲဒီ့ထဲကလေးလိုပုံစံမျိုးတူအောင် သိုးမွှေးဦးထုပ်ဆောင်း၊ အနွေးထည်တွေဘာတွေ ၀တ်ပြီးမှ ကစားတယ်။ ကိုယ်ကျ အမျိုးမျိုးဆော့ခဲ့ပေမယ့် သူ့လိုတော့ ၀တ်စုံပြည့်ဝတ်ပြီး မကစားခဲ့ဘူး။ 

ဟိုးအရင် နေ့လည်ခင်း တီဗွီမှာပြတဲ့ ဂျာမနီမှာပြုလုပ်ကျင်းပလေ့ရှိတဲ့ Telematch ကစားပွဲတွေထဲကလို လိုက်တုပြီးလည်း ကစားကြသေးတယ်။ ရေထဲမှာ ခင်းထားတဲ့ ဖော့တွေပေါ်လမ်းလျှောက်ပြီး ပြိုင်ပွဲဝင်သလိုမျိုး၊ ရေထဲမှာ လုပ်မရတော့ ကြမ်းခင်းပေါ်မှာပဲ ဖော့ဆိုဖာတွေ ကျဲကျဲခင်းပြီး ဟိုးပြေးဒီလွှားနဲ့ ရေထဲကို ဟန်လုပ်ပြုတ်ကျသလိုမျိုး ကစားကြတယ်။ နောက်ပြီး စကိတ်စီးတိုင်း ကစားချင်လို့ အိမ်ပေါ်ထပ်က ကိုယ့်အခန်းမှာ ပေါင်ဒါမှုန့်တွေဖြူး၊ ခြေထောက်တစ်ဖက်စီမှာ ကျွတ်ကျွတ်အိတ်စွပ်ပြီး ချောနေတဲ့ကြမ်းခင်းပေါ်မှာ  ခြေထောက်ကိုလျှောပြီး စကိတ်စီးကြသေးတယ်။ ဟဲ..ဟဲ... အဲဒါကတော့ ကိုယ့်အိုင်ဒီယာပေါ့လေ။ :D

သူ ဘုန်းကြီးလုပ်တဲ့အခါ၊ အိမ်ကိုဆွမ်းခံကြွတယ်။ ကိုယ်က ဆွမ်းချက်ပြီး ကစားစရာဆွမ်းခွက်လေးကပ်လိုက်တယ်။ သူက စက်ဘီးလေးနဲ့ နောက်ခုံမှာ မိသားစုဘီစကစ်ပုံးလွတ်ထဲမှာ ပုလင်းလေးတွေထည့်ပြီး နွားနို့ပို့၊ ကိုယ်က အိမ်ကနေ နွားနို့ဘယ်လောက်သား ပို့ပေးပါလို့ မှာတယ်။ ကိုယ်ဘဏ်မန်နေဂျာလုပ်ပြီး သူငွေလာထုတ်တဲ့အခါ ကိုယ်က ထီလက်မှတ်တွေကို ရေတွက်ပြီး အထပ်လိုက် ထုတ်ပေးတယ်။ စာအုပ်ဆိုင်ဖွင့်တိုင်းလည်း မကြာခဏ ကစားတယ်။ သူက စာအုပ်ငှားသူ၊ ကိုယ်က ဆိုင်ရှင်ပေါ့။ ကိုယ်က စာအုပ်စာရင်းမှတ်ရတာကို ဘယ်လိုသဘောကျမှန်း မသိဘူး။ ဆိုင်တွေမှာလို စာအုပ်နောက်မှာ ရက်စွဲလေးမျဉ်းစောင်းနဲ့ ရေးရတာကို သဘောကျပြီး အတုခိုးလိုက်ရေးတာ။ 

တခါတလေ သူစိတ်ကောက်နေရင် ကိုယ်က သူ့စိတ်ကျေနပ်အောင် ချော့မြှောက်ပြီး ကစားပေးတယ်။ အဲဒါက တစ်ခြားမဟုတ်ဘူး… သူ့ကိုဘုရင်ပေးလုပ်၊ ကိုယ်က လက်အုပ်ချီပြီး အမတ်လုပ်တာပေါ့။ သူ့က မင်းကြီးများဆိုရင်၊ ကိုယ်က ဖတ်ဖူးတဲ့ကာတွန်းထဲကလို ဘုရားလို့မထူးဘဲ ဖလားလို့ ထူးလိုက်တယ်။ အဲလိုဆော့လိုက်ရင် သူစိတ်ဆိုးပြေပြီး ကျေနပ်သွားရော။ ကဲ…မပိုင်လား။ ;)

ကိုယ်ဆရာဝန်လုပ်တမ်းကစားရင် သူကို့ လူနာလုပ်ခိုင်းတယ်။ မှတ်မှတ်ရရ တစ်ခါတုန်းက သူ့ကို လူနာလုပ်ပြီး ဆက်ထားတဲ့ ခုံတွေပေါ် လှဲအိပ်ခိုင်း၊ ကိုယ်က အကျအန နားကြပ်ထောက်ပြီး ဆေးကုတာပေါ့။ ညနေကျရော မောင်လေးတကယ်ဖျားသွားလို့ ဆေးခန်းသွားပြရပါလေရော။ ကိုယ်တို့ကစားတာကိုသိတဲ့ အမေက ဆရာဝန်ကို ပြောပြလိုက်တော့ ဆရာဝန်က ကဲ... သမီးဆရာဝန်လုပ်လိုက်တာ မောင်လေးတကယ်ဖျားသွားပြီ ဘယ်လိုလုပ်ကြမလဲလို့ စနောက်ပြီးမေးတယ်။ ကိုယ်လည်း မဖြေတတ်ခဲ့ဘူး။ အဲဒီနောက်ပိုင်း ကိုယ်သူ့ကို ဘယ်တော့မှ လူနာမလုပ်ခိုင်းတော့ဘူး။ 

ကိုယ်တို့မောင်နှမနှစ်ယောက် ငါးနှစ်ကျော်ကွာပေမယ့် အတူတူ ဆော့ကစားခဲ့ကြတယ်။ ရန်လည်း မဖြစ်ခဲ့ဘူး။ စာဖတ်တာလည်း ၀ါသနာပါကြတော့ နွေရာသီကျောင်းပိတ်ရက်ဆို မောင်နှမနှစ်ယောက် ဦးထုပ်ကိုယ်စီဆောင်း၊ စာအုပ်ထုပ်လေးဆွဲပြီး တစ်ဖက်လမ်းက စာအုပ်ဆိုင်ရှိရာကို ညနေတိုင်း လမ်းလျှောက်ပြီးသွားကြတယ်။ ကြီးလာတဲ့အခါ စာတစ်အုပ်ဖတ်ပြီး အတူတူ ဆွေးနွေး၊ သဘောထားဖလှယ်ခဲ့ကြတယ်။ သီချင်းတစ်ပုဒ် အတူတူနားထောင်ပြီးတဲ့အခါ၊ ရုပ်ရှင်တစ်ကားကို အတူတူကြည့်ပြီးတဲ့အခါ ကိုယ့်အမြင်သူ့အမြင် ခံစားရသမျှ ပြောဆိုငြင်းခုန်ကြတယ်။ 

ကိုယ်တို့နှစ်ယောက်က စိတ်ချင်းလည်း တော်တော့်ကို နီးစပ်ခဲ့တယ်။ အခုချိန်ထိလည်း ရုပ်ရှင်အတူတူ ကြည့်ပြီး အမြင်တွေဖလှယ်နေကြတုန်းပါပဲ။  သူက ကိုယ့်ကို အကြီးတစ်ယောက်အဖြစ် အားကိုးတိုင်ပင်သလို၊ ကိုယ်ကလည်း သူ့ကို တစ်ဦးတည်းသော မောင်တစ်ယောက်အနေနဲ့ အားကိုးချစ်ခင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့မောင်နှမနှစ်ယောက် ငယ်ငယ်က အတူတူဆော့ကစားခဲ့တဲ့ နေ့ရက်တွေကို ပြန်သတိရတိုင်း ကြည်နူးရပါတယ်။ :)


ဇွန်မိုးစက်