ပါရီဆည်းဆာ

14

Category:

(က)

တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်းက ဆိုဖာထိုင်ခုံရှည်ပေါ် ပင်ပန်းနွမ်းနယ်ခဲ့သမျှ အားပါးတရ ပစ်လှဲချလိုက်ရင်း အမောဖြေလိုက်သည်။ အမှတ်မထင် ဆိုဖာနောက်မှီပေါ်မှာ ရွှေဝါရောင် ဆံပင်ရှည်တစ်ချောင်းတွေ့မိတော့ သူ့ရင်ထဲ နာကျင်လွမ်းမောသွားသည်။

ခါတိုင်းလို အိမ်အပြန် တံခါးဖွင့်ဝင်လာချိန် ဆီးကြိုနေကျ အသံလွင်လွင်လေး မကြားရတော့သည်မှာ လအနည်းငယ်ပင် လွန်မြောက်ခဲ့ပြီ။ ညစာထမင်းဝိုင်းမှာ တိတ်ဆိတ်ခြောက်ကပ်စွာ တစ်ယောက်တည်း စားခဲ့ရသည့်ရက်များကို သူ မရေတွက်ချင်တော့။

သူမပြင်ဆင်ပေးသော ပြင်သစ်ကြက်သွန်နီဟင်းရည်၊ အမဲသားနှပ်နှင့် ပြင်သစ်အာလူးကြော်ကို တမ်းတမိသည်။ ခုလိုသောကြာနေ့ညခင်းများ သူမ သူ့အနားမှာရှိနေလျှင် ဘယ်မှမသွားတော့ဘဲ ညစာကောင်းကောင်းစားပြီးသည့်အခါ နှစ်အလိုက် ထူးချွန်ဆုရ  ရုပ်ရှင်ကားများကို တစ်လှည့်စီရွေးပြီး ကြည့်ကြသည်။ စနေနေ့မနက်ကို နောက်ကျမှ အိပ်ရာကထပြီး နက်စ်ကော်ဖီခါးခါးတစ်ခွက်ကို အချိန်ဆွဲသောက်ရင်း သူမမျက်နှာကို တစိမ့်စိမ့်ကြည့်ရခြင်းသည် သူ့အတွက် ပြီးပြည့်စုံသော နံနက်ခင်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရသွားခြင်းပင်ဖြစ်သည်။

အားလပ်ရက်နေ့လည်ခင်းများတွင် သူမနှင့်အတူ ဈေးဝယ်ထွက်ပြီး ပန်းချီပြခန်းတစ်ခုခု ဒါမှမဟုတ် ရုပ်ရှင်ကားသစ်တစ်ကားကို ၀င်ကြည့်ကြသည်။ ပြီးလျှင် သူနှင့်သူမထိုင်နေကျ ကော်ဖီဆိုင်သွား၍ ကော်ဖီသောက်ရင်း အစောပိုင်းက ကြည့်ခဲ့သော ပန်းချီကား သို့မဟုတ် ရုပ်ရှင်ကားအကြောင်း၊ ဇာတ်လမ်းဇာတ်ကောင် စရိုက်များအကြောင်း သူမနှင့်အတူ အမြင်ဖလှယ်ပြောဆိုကြသည့် အချိန်များကို သူခုံမင်တမ်းတသည်။ အရိုးသားဆုံး ၀န်ခံရလျှင် သူမနှင့်အတူရှိနေသော အချိန်တိုင်းကို မည်သည့်အရာနှင့်မျှမလဲနိုင်လောက်အောင် သူ မက်မောတွယ်တာ နှစ်သက်နေခဲ့မိသည်။

ယခုတော့ သူသည် ရှင်းလင်းမနေသော ဧည့်ခန်းထဲမှာ၊ သန့်ရှင်းမှုလိုအပ်နေသော ထမင်းစားခန်းနှင် မီးဖိုခန်းမှာ တစ်ယောက်တည်း ကြေကွဲစွာ သူမ၏အရိပ်များကို မေ့ဖျောက်ဖို့ ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်နေရသည်။ သူမနှင့်အတူ သွားနေကျနေရာများ၊ ကြည့်နေကျ ရုပ်ရှင်ရုံများသို့ မရောက်ဖြစ်သည်မှာတောင် ကြာခဲ့ပြီ။

သူမ နှုတ်မဆက်ဘဲ၊ အကျိုးအကြောင်းတစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ သူ့အနားမှ တိတ်တဆိတ် ထွက်ခွာသွားခြင်းသည် သူ့ကို ပြတ်ပြတ်သားသားပြော၍ လမ်းခွဲခြင်းထက် အဆပေါင်းများစွာပို၍  ထိခိုက်ခံစားစေခဲ့ကြောင်း သူမကို သိစေချင်ပါသည်။ သူမတစ်နေ့ ပြန်လာနိုးနှင့် စောင့်မျှော်ရင်း နေ့ရက်များ အေးခဲခြောက်သွေ့စွာ လွန်မြောက်သွားသည့်တိုင် သူမ သူ့ဆီ ပြန်မလာခဲ့ပါ။

(ခ)

အဲဒီနေ့က သူဆွဲရမည့် ပန်းချီကားအတွက် ကိုယ်ဟန်ပြမယ်တစ်ဦးလိုအပ်နေချိန် ကျောင်းသားတစ်ယောက်က သူမကို ခေါ်လာပြီး မိတ်ဆက်ပေးခြင်းဖြစ်သည်။ “သူ့နာမည်က မာရီယာတဲ့၊ အချိန်ပိုင်း ကျောင်းသူတစ်ဦးပါ။ ဆရာ့အတွက် ကိုယ်ဟန်ပြမယ်လိုအပ်နေတယ်ဆိုလို့ ကူညီချင်ပါတယ်တဲ့” ဆံပင်ရွှေရောင်အဆင်းနှင့် ကျော့ရှင်းပြေပြစ်သော ကိုယ်ဟန်သည် သူ့ပန်းချီကားအတွက်ထက် သူ့စိတ်အာရုံကိုပို၍ ဆွဲဆောင်နိုင်ခဲ့သည်။ မိန်းကလေးများနှင့် အရောတ၀င်ဆက်ဆံလေ့မရှိသောသူသည် သူမကို စိတ်ဝင်စားသော်လည်း အလုပ်သဘောအရ တည်တည်တံ့တံ့ပင် ပြောဆိုဆက်ဆံခဲ့သည်။

မာရီယာကမူ သူ့ကို ဟိုးအရင်ကတည်းက တွေ့ဖူးမြင်ဖူးနေသူလိုပင် တရင်းတနှီးဆက်ဆံသည့်အတွက် သူစိတ်သက်သာရာရသွားပြီး သူမနှင့်ရင်းနှီးမှု ရခဲ့သည်။ အချို့သောညနေခင်းများတွင် သူ့အတန်းပြီးဆုံးသည့်အခါ မာရီယာရောက်လာပြီး သူမနှင့်အတူ ညစာစားဖို့ လာခေါ်တတ်သည်။ ပါရီမြို့တွင် သူ မရောက်ဖူးသော နေရာများ၊ ဆိုင်များကို သူမကပင် ဦးဆောင်ခေါ်သွားလေ့ရှိသည်။ တဖြည်းဖြည်းနှင့် မာရီယာသည် ခြောက်သွေ့ အထီးကျန်ဆန်သော သူ့နေ့ရက်များကို စိုပြည်ပျော်ရွှင်စရာကောင်းအောင် ပြုလုပ်ဖန်တီးပေးခဲ့သည်။ ထို့အတွက် သူ မာရီယာ့ကို ကျေးဇူးလည်းတင်၊ ချစ်လည်း ခင်ခဲ့ရသည်။

တကယ်တမ်း မိမိမွေးဖွားကြီးပြင်းရာဒေသနှင့် အဝေးကြီးမှာ ရောက်နေသော သူ့နေ့ရက်များသည် သူမနှင့် မတွေ့ခင် အချိန်ထိ အထီးကျန်ခဲ့ရသည်။ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအ၀ိုင်းမှာ မွေးဖွားလာသောသူ့ကို မိဘဆွေမျိုးများက အဆင့်မြင့်အတန်းပညာသင်ယူပြီး ဘိုးစဉ်ဘောင်ဆက် အောင်မြင်ခဲ့သော မိသားစု စီးပွားရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်စေချင်ကြသော်လည်း သူက အားလုံးကိုဆန့်ကျင်၍ သူစိတ်ပါဝင်စားရာ ပန်းချီအနုပညာ ဘာသာရပ်ကိုသာ အေးအေးလူလူ သင်ယူလိုသည်။ ထို့အတွက်ကြောင့်ပင် ဆွေမျိုးအသိုင်းအ၀ိုင်းများနှင့်ဝေးရာ ပါရီမြို့ရှိ နာမည်ကျော် အနုပညာကျောင်းမှာ လာရောက်အပ်နှံ သင်ယူခဲ့ခြင်းဖြစ်သည်။ ပန်းချီဒီဇိုင်း အနုပညာနှင့် ပတ်သက်လျှင် ပါရီမြို့ထက်ပို၍ကောင်းသော နေရာမရှိနိုင်ဟု သူယူဆမိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ပါရီမှာ ကျောင်းတက်ခွင့်ရဖို့အတွက် သူအခက်အခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရသည်။ အရင်ဆုံး ပြင်သစ်ဘာသာကို လေ့လာသင်ယူရသည်။ ကျောင်းစရိတ်အတွက် အချိန်ပိုင်း အလုပ်များကို နေ့ဆိုင်းညဆိုင်းခွဲပြီးလုပ်ကာ ပိုက်ဆံစုခဲ့ရသည်။ မိဘဆွေမျိုးများ၏ ငြိုငြင်အမျက်ရှခြင်းကို ခံခဲ့ရသည်။ သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ချက်အတွက် မွေးရပ်မြေကို စွန့်ခွာပြီး တစိမ်းတရံ လူမျိုးခြားများအလည်မှာ ရပ်တည်ခဲ့ရသည်။

သူ၏ကြိုးစားအားထုတ်မှုနှင့် ဗီဇပါရမီအခံကြောင့် ဒုတိယနှစ်ရောက်သည့်အခါ ဆရာများနှင့် အတန်းဖော်များ၏ အသိအမှတ်ပြု အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အမေရိကန်လူမျိုးဆိုလျှင် အနည်းငယ်ခွဲခြားဆက်ဆံတတ်သော ပြင်သစ်အတန်းဖော်တို့သည် သူ့ကိုတော့ ဖော်ရွေခင်မင်စွာ ပြောဆို ဆက်ဆံလာခဲ့ကြသည်။ တတိယနှစ် အရောက်မှာတော့ သူနှင့်ပါရီသည် အတော့်ကို အသားကျသွားခဲ့ပြီ။ လေးနှစ်တာကျောင်းပြီးဆုံးသည့်တိုင် ပါရီမှ သူမခွာချင်သေး။ ပါရီမြေသည် သူ့အတွက် လေ့လာဆည်းပူးစရာ မကုန်နိုင်အောင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူသင်ယူခဲ့ရာကျောင်း၌ပင် အချိန်ပိုင်း လက်ထောက်ပန်းချီဆရာအဖြစ် အလုပ်ဝင်ခဲ့သည်။ သူ့အတွက် ပုံမှန်လစာငွေ ရရှိသွား၍ အချိန်ကာလတစ်ခုအထိ ပါရီမှာပင် ဆက်လက်နေထိုင်လိုက်ဦးမည်ဟု ဆုံးဖြတ်ချက်ချအပြီးမှာ မာရီယာနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ပါရီသူ မာရီယာသာ သူ့ဘေးမှာ အမြဲရှိမည်ဆိုလျှင် သူ့ဘ၀၏ ကျန်ရှိသောနေ့ရက်များကို ပါရီ၌သာ ကုန်ဆုံးလွန်မြောက်တော့မည်ဟု သူဆုံးဖြတ်ခဲ့သည်အထိပင်။ အဲဒီလောက်အထိ သူမကို သူမြတ်နိုးခဲ့ရသည်။

(ဂ)

နွေဦးဝင်စ သာယာသော စနေနေ့ညနေခင်းတစ်ခုတွင် စိတ်ပြေလက်ပျောက် သူလမ်းလျှောက်ထွက်ခဲ့သည်။ စိန်းမြစ်ဖြင့် ခွဲခြားထားသော လက်ဖ်ဘင့်ခ်နှင့် ရိုက်ဘင့်ခ်မြို့နှစ်မြို့ကို သူ့စိတ်တွင်း နှိုင်းယှဉ်ကြည့်နေမိသည်။ လက်ယာကမ်းပါးက ရိုက်ဘင့်ခ်မြို့တွင် လူချမ်းသာများ နေထိုင်ကြပြီး လက်ဝဲကမ်းပါး လက်ဖ်ဘင့်ခ်မြို့တွင် ပညာဆည်းပူးနေသူ၊ ဘ၀ရည်မှန်းချက် အောင်မြင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူ သူလိုလူအများစု နေထိုင်ကြခြင်းဖြစ်သည်။ လက်ဝဲကမ်းပါးရှိ စိန့်ဂျာမိန်းလမ်းပေါ်မှ ကဖေးဆိုင်များတွင် သူနှင့်ဘ၀တူကျောင်းသားများ မကြာခဏထိုင်လေ့ရှိကြသည်။ မာရီယာနှင့်လည်း ထိုင်ဖူးသည်။ ရူးဒက်စ်က နက်တေးလမ်းပေါ်မှ ဈေးချိုသော စားသောက်ဆိုင်၊  ဒါမှမဟုတ် တက္ကသိုလ်လမ်းက စားသောက်ဆိုင်များတွင် သူတို့သွားရောက်စားသောက်ခဲ့ဖူးသည်ကို အမှတ်ရသည်။

မာရီယာသည် အချိန်ပိုင်းလစာငွေရသောသူ့အား သက်သက်သာသာ သုံးစွဲစားသောက်နိုင်အောင် ဈေးချိုသော ဆိုင်များကို ညွှန်ပြမိတ်ဆက်ပေးလေ့ရှိသည်။ သူမကိုယ်တိုင်လည်း အချိန်အားရလျှင်ရသလို သူ့အတွက် ညနေစာကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူ့အ၀တ်တွေ ကူလျှော်ပေးသည်။ ပန်းကန်တွေ ဆေးပေးသည်။ အိမ်သန့်ရှင်းရေးကို သူ မတောင်းဆိုရပါဘဲ တက်တက်ကြွကြွ လုပ်ဆောင်ပေးသည်။ သူ့အတွက်တော့ အိမ်ရှင်မကောင်းတစ်ယောက် ကောက်ရထားသလိုပင်။ သူမသိနားမလည်သေးသော ပြင်သစ်စာနှင့်စကားကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးသေးသည်။ ပြီးခဲ့သောဆောင်းဦးရာသီ၏ ခြေခင်းလက်ခင်း သာယာသောနေ့တစ်နေ့တွင် မာရီယာတစ်ယောက် အထုတ်ဆွဲကာ သူ့အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။ သူအနည်းငယ် အံ့သြမိသော်လည်း ပျော်ရွှင်ခဲ့သည်။ သို့သော်... သူပျော်ရွှင်ရသော နေ့ရက်များသည် ဟေမာန်စိမ့်အေး နှင်းဖွေးဖွေးကျနေသော ဆောင်းရာသီ မကုန်ခင်  နေ့တစ်ရက်မှာပင် ပျောက်ကွယ်ခဲ့ရသည်။ 

(ဃ)

“ဆရာ…” 

ခေါ်သံတစ်ခုကြောင့် သူ့အတွေးနှင့်အတူ ခြေလှမ်းပါ ရပ်တန့်သွားသည်။ စိန့်မာတင်တူးမြောင်းဘေးက လျှောက်လမ်းပေါ်မှာ တွေ့မြင်ရသော မိန်းကလေးသည် သူ့အတန်းထဲမှ တပည့်တစ်ဦးဖြစ်ကြောင်း သိလိုက်သော်လည်း သူမနာမည်ကို သူ ရုတ်တရက် မေ့နေသည်။ သူမက အံ့သြ၀မ်းသာစွာဖြင့် လက်ကိုင်အိတ်ထဲမှ စာတစ်စောင်ထုတ်ပေးသည်။ သောကြာနေ့က ဆရာ့ကို ကျောင်းမှာ လိုက်ရှာသေးတယ်။ ဆရာ လူဗာပြတိုက်သွားတယ်ဆိုလို့…။ ဆရာ့နာမည်နဲ့ ဒီစာကို ကနေဒါက ကျွန်မမိတ်ဆွေတစ်ယောက်က ပေးခိုင်းလိုက်လို့ပါ။

စာအိတ်ပေါ်က သူ့နာမည်နှင့် ကျောင်းလိပ်စာရေးထားသော အင်္ဂလိပ်လက်ရေးခပ်သော့သော့ကို သူ မရင်းနှီးပါ။ တပည့်မလေးကို သူကျေးဇူးတင်စကားပြောလိုက်ပြီး စာကို လက်ခံယူလိုက်သည်။ နှုတ်ဆက်ခါနီးမှ တပည့်မလေးကပြုံးပြီး သူမနာမည်ကို ပြောသွားခဲ့သည်။ “ကျွန်မနာမည် ရှားလော့ပါဆရာ” တဲ့။ သြော်… ဟုတ်သားပဲ… ရှားလော့…ရှားလော့… သူ့စိတ်ထဲ ရေရွတ်နေယင်း တစ်ခါက သူ၊ မာရီယာနှင့် ရှားလော့တို့ စိန့်ဂျာမိန်းလမ်းပေါ်က ကော်ဖီဆိုင်မှာ တစ်ဝိုင်းထဲ အတူတူ သောက်ခဲ့ဖူးကြသည်ပဲ။ မာရီယာ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံခဲ့သော ကျောင်းသူသည် ရှားလော့တစ်ယောက်သာ ရှိဖူးသည်ကို သူအမှတ်ရသွားသည်။ ဒီစာက မာရီယာနဲ့များ ပတ်သက်နေမလား…။

သူစာကို အလောတကြီး ဖောက်ဖတ်လိုက်သည်။

(င)

မောင်…

ကျွန်မနာမည်ရင်းက “ဗယ်လာရီ” ပါ။ “မာရီယာ” ဆိုတဲ့နာမည်ကို ပါရီရောက်မှ မှည့်ခေါ်သုံးစွဲခဲ့တာပါ။ ကျွန်မရဲ့ မိဘနှစ်ပါးက ကနေဒါမှာအခြေချခဲ့တဲ့ ပြင်သစ်နွယ်ဖွားဇာတိတွေပေါ့။ ဒါကြောင့် ကျွန်မ ပြင်သစ်စာ၊ စကား ကောင်းကောင်းတတ်ကျွမ်းခဲ့တဲ့အပြင် ပြင်သစ်ယဉ်ကျေးမှုနဲ့လည်း နီးစပ်ခဲ့ပါတယ်။ ပါရီကို မလာခင်က ကျွန်မဟာ ကနေဒါနိုင်ငံရဲ့ ကိုယ်ဟန်ပြမယ်အေဂျင်စီတစ်ခုမှာ အချိန်ပြည့် ကိုယ်ဟန်ပြမယ်လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့  ရည်မှန်းချက်က တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့ အပြည်ပြည်ဆိုင်ရာ ကိုယ်ဟန်ပြမယ်တစ်ဦး ဖြစ်ဖို့ပါ။ ဒါကြောင့် ကျွန်မလက်ရှိအနေအထားထက် ပိုအောင်မြင်လူသိများဖို့ အမေရိကားက နာမည်ကျော်အေဂျင်စီတစ်ခုမှာ ပြောင်းလျှောက်ခဲ့ပါတယ်။ အလုပ်လည်းလက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးအရရော၊ နေရာပေးမှု အနေအထားပါ ထင်သလောက် မရခဲ့ဘူး မောင်။

ကျွန်မစိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ မောင့်မေမေနဲ့တွေ့ခဲ့တယ်။ သူက ဒီအေဂျင်စီရဲ့ ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူမို့ သူ့သြဇာအာဏာက အတော်လေးသက်ရောက်မှုရှိတယ် မောင်။ ကျွန်မကို ခေါ်တွေ့ပြီး သူ့ရဲ့ပုဂ္ဂိုလ်ရေးရာ ကိစ္စတစ်ခုမှာ အချိန်တစ်ခုအထိ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတာနဲ့ ကျွန်မကို အကြီးတန်းကိုယ်ဟန်ပြမယ်အဖြစ် ခန့်အပ်ပြီး နိုင်ငံတကာပွဲတွေအတွက် ၃နှစ် စာချုပ်ချုပ်ပေးပါမယ်တဲ့။ ကျွန်မလည်း သဘောတူလက်ခံခဲ့တယ် မောင်။ သူ့ကို အကူအညီပေးရမယ့်ကိစ္စက ကျွန်မအတွက်တော့ သိပ်မခက်ခဲပါဘူး။ တစ်ခုပဲ ပါရီသူ ပီသအောင် ပါရီမှာ ခြောက်လတိတိနေထိုင်ပြီး ပါရီသူတွေရဲ့ အပြောအဆို လေယူလေသိမ်း အမူအကျင့်တွေကို လေ့လာမှတ်သား ကျင့်ကြံရတာပါပဲ။ ပြီးတော့ မောင့်အကြောင်း အနည်းငယ်သိအောင် လေ့လာရပါတယ်။ 

အဓိကကတော့ မောင့်နှလုံးသားကို ကျွန်မဆီပါအောင်လုပ်ပြီး မောင့်ကို အသည်းခွဲခဲ့ဖို့၊ မောင် ပါရီမှာ စိတ်ပျက်လက်ပျက်ဖြစ်ပြီး အမေရိကားပြန်ဖို့ တွန်းအားတစ်ခုဖြစ်အောင် မောင့်မေမေက ကျွန်မကို မောင့်ထံအရောက် ကြံစည်စေလွှတ်ခဲ့တာပါ။ မောင် တတိယနှစ် ကျောင်းမစခင်ကတည်းက ကျွန်မ ပါရီမှာ ရောက်နေခဲ့ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။ ခုလောက်ဆို မောင်ကျွန်မကို သိပ်စိတ်ဆိုးနာကျည်း နေလောက်ရောပေါ့။

တကယ်တမ်း မောင်နဲ့အနီးကပ်ဆက်ဆံရမှ မောင်ဟာ ကျွန်မထင်သလို ရေပေါ်ဆီလူစားမျိုးမဟုတ်ဘဲ ကိုယ်စိတ်ပါဝင်စားရာ အနုပညာတစ်ခုအတွက် အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားနေသူတစ်ယောက်ဆိုတာ သိလာရလို့ မောင့်ကို ကျွန်မ စိတ်ထဲက လေးစားမိပါတယ်။ နောက်ပြီး…. ကျွန်မ… မောင့်ကို…. ချစ်မိခဲ့ပါတယ်။ မောင့်မေမေ့က စာချုပ်မှာ ကျွန်မကို အချိန်ကန့်သတ်ပေးထားတာကြောင့် ပြီးခဲ့တဲ့ဆောင်းရာသီမှာ ကျွန်မ မောင့်ကိုချစ်ပါလျက်နဲ့ အကြောင်းပြချက်မပေးဘဲ လမ်းခွဲခဲ့ရတာပါ မောင်ရယ်။

အချိန်အတိုင်းအတာတစ်ခု လွန်မြောက်ရင် ကျွန်မ မောင့်ကို မေ့သွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ မောင့်ကို တစ်ရက်မှ မေ့မရခဲ့ပါဘူး။

ကျွန်မ မောင့်မေမေနဲ့သဘောတူထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး အေဂျင်စီကနေလည်း နှုတ်ထွက်လိုက်ပါပြီ။ မောင့်မေမေက ဒီကိစ္စအတွက် မောင့်ကို မရိပ်မိစေချင်၊ ကျွန်မကို နှုတ်လုံစေချင်ပေမယ့် မောင့်ယုံကြည်မှုကို ကျွန်မပြန်ရဖို့အတွက် မောင့်ကိုပြောပြလိုက်တာပါ။ ဒါပေမဲ့ သားအတွက် အတ္တကြီးခဲ့တဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်နဲ့လုပ်ရပ်ကို မောင်နားလည်ခွင့်လွှတ်ပေးလိုက်ပါ။ ကျွန်မကတော့ မောင်နဲ့တွေ့ခွင့်ပေးခဲ့တဲ့သူ့ကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုမေ့ပစ်ပြီး မောင်ချစ်တဲ့ပါရီမှာပဲ ကျွန်မတို့နှစ်ယောက် အေးအတူပူအမျှ နေသွားကြရအောင်လို့ ကျွန်မတောင်းဆိုချင်ပါတယ်။  

နွေဦးမကုန်ခင်တစ်ရက်မှာ မောင့်ဆီကို ကျွန်မ ပြန်လာခဲ့ပါ့မယ်။ ကျွန်မတို့နှစ်ယောက် ဆုံနေကျ ကော်ဖီဆိုင်လေးမှာပဲဖြစ်ဖြစ်၊ အခြားသွားဖူးနေကျ နေရာတစ်ခုမှာပဲဖြစ်ဖြစ် ကျွန်မ မောင့်ကို လာတွေ့ပါ့မယ်။ အဲဒီ့အခါကျမှ မောင်ကြိုက်သလို ဆုံးဖြတ်ပါနော်။

မောင့်ကိုလွမ်းတဲ့
မာရီယာ

(စ)

သူစာဖတ်အပြီးမှာ ခံစားချက်ပေါင်းစုံဖြင့် တခဏမျှ ငေးငိုင်သွားသည်။ သြော်….မေမေ၊ မေမေ သူ့နှုတ်မှဖွဖွ ရေရွတ်မိသည်။ မာရီယာပြောသလို အားလုံးကို ဗွေမယူဘဲ မေ့ပစ်လိုက်ရမှာလား။ ဒါမှမဟုတ် ခုချက်ခြင်းပဲ ဖုန်းလှမ်းဆက်ပြီး…. မေမေ့အကြံတွေအားလုံး ကျွန်တော်သိခဲ့ပြီလို့ ပြောပစ်လိုက်ရမှာလား…။ သူဝေခွဲမရဘဲ သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။

ဟင့်အင်း… မဆက်တော့ပါဘူး။ မင်းသာ ကိုယ့်အနားပြန်ရောက်လာမယ်ဆိုရင် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုတော့ပါဘူးကွယ်။

မာရီယာ… မင်းတကယ် ကိုယ့်ဆီပြန်လာမှာလား။ နွေဦးမကုန်ခင် တကယ်ပဲ ကိုယ့်ဆီ အရောက်ပြန်လာမှာလား…။ သူ့အတွေးတွေ မဆုံးသေးခင်… သူ့ခြေလှမ်းတွေက ကော်ဖီဆိုင်လေးရှိရာကို…။ တကယ်ဆို နွေဦးကုန်ဖို့ ရက်အနည်းငယ်သာ လိုတော့ကြောင်း သူသတိရသွားသည်လေ...။

မာရီယာနှင့်သူ ပြန်လည်ဆုံတွေ့ကြသော ညနေခင်းတစ်ခုက ပါရီမြို့၏ ဆည်းဆာချိန်ခါသည် သူ့တစ်သက်တာတွင် အလှဆုံးဖြစ်ကြောင်း ထပ်မံပြောဆိုဖို့ လိုတော့မည်မထင်ပါ။


ဇွန်မိုးစက်

----------------------------------------------------------------------------------------------------------------------
စာရေးဆရာကြီး Sidney Sheldon ရဲ့ Master of the Game ၀တ္တုထဲက စတုတ္တအပိုင်းမှာပါတဲ့ တိုနီ့အကြောင်းကနေ ဆင့်ပွားခံစားပြီး ဒီစာစုလေး ရေးဖြစ်သွားတာပါ။ ရေးထားတာ အတော်ကြာခဲ့ပေမယ့် ဒီနေ့မှပဲ အပြီးသတ်နိုင်ပါတယ်။ ဒီစာရေးလက်စမှာပဲ ငယ်ငယ်ကကြိုက်ခဲ့ဖူးတဲ့ Savage Garden ရဲ့ Truly Madly Deeply Original Music Video ကို YouTube ကနေ အမှတ်မထင် ကြည့်ဖြစ်ပါတယ်။ တိုက်တိုင်ဆိုင်ဆိုင် သူ့သီချင်းနောက်ခံက ပဲရစ်မြို့မှာ ရိုက်ကူးထားတာဖြစ်လေတော့ အဲဒီ့ဗွီဒီယိုလင့်ခ်ကို ထည့်ချင်စိတ်ပေါ်သွားပြီး အဆုံးသတ်ကိုလည်း ဗွီဒီယိုလေးနဲ့ ဆက်စပ်မိသွားအောင် ရေးဖွဲ့လိုက်ပါတယ်။

စာဖတ်ပြီးမှ သီချင်းဗွီဒီယိုလင့်ခ်ကို ကြည့်လိုက်ရင် ပိုကောင်းမယ်လို့ ဇွန် အကြံပြုပါတယ်။း)

စာကြွင်း။ ။ ပါရီမြို့နဲ့ပတ်သက်တဲ့ အချက်အလက် နာမည်အခေါ်အဝေါ်များ မမှန်ကန်ခဲ့ရင် ဇွန်မိုးစက်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။

စိုးရိမ်မိပါသည်

25

Category: ,

(၁)

လွန်ခဲ့တဲ့ သုံးပတ်မြောက် တနင်္ဂနွေတစ်ရက်က ဇွန်အပတ်စဉ် မြန်မာစာ လုပ်အားပေးသွားသင်နေကျ ဘုန်းကြီးကျောင်းကို ကျောင်းသားသစ်တစ်ယောက် လာအပ်ပါတယ်။ ကျောင်းလာအပ်ပေးသူက ကျောင်းသားလေးရဲ့ အဘိုးပါ။ အဖေဖြစ်သူလည်း ပါပါတယ်။ လုပ်အားပေးကျောင်းမှာ ကျောင်းအပ်လက်ခံတော့မယ်ဆိုရင် အချက်နှစ်ချက်နဲ့ ကိုက်ညီရပါမယ်။ တစ်က ကလေးအသက် ၅နှစ်နဲ့အထက် ရှိရပါမယ်။ နှစ်က ကလေးဟာ မြန်မာလို ကောင်းကောင်း ပြောဆိုဆက်ဆံနိုင်ရပါမယ်။ အသက်အရွယ် သတ်မှတ်ချက်ထားရတာက ကလေးတွေ သိပ်ငယ်တဲ့အခါ ဆရာမတွေအတွက် စာသင်ပေးရုံသာမက ကလေးပါထိန်းရတဲ့ဝန် ပိသွားမှာစိုးလို့ပါ။ မြန်မာလို communicate လုပ်နိုင်ရမယ်ဆိုတာကတော့ ကျောင်းမှာ မြန်မာသင်ပုန်းကြီးဖတ်စာအတိုင်း သင်ကြားတာဖြစ်လို့ မြန်မာပြည်မှာ သင်သလိုပဲ ဆရာနဲ့တပည့် မြန်မာလို အပြန်အလှန် စာအံပြီး သင်ပေးတာကြောင့်ပါ။

ကလေးက ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးပါ။ အဘိုးနဲ့အဖေဖြစ်သူတို့ တိုက်တွန်းမှုကြောင့် လိုက်လာခဲ့ရတဲ့ပုံပါပဲ။ ဆရာမက ကျောင်းအပ်လက်မခံခင် ကလေးရဲ့ မြန်မာစကားပြောဆိုဆက်သွယ်နိုင်မှု အခြေအနေ စစ်ဆေးကြည့်တော့မှ ကလေးက မြန်မာစကား လုံးဝ မပြောတတ်ဘူးဆိုတာ သိရပါတယ်။ မြန်မာလိုပြောတာ နားလည်မလည် မေးကြည့်တော့လည်း မဖြေနိုင်ပါဘူး။ ဆရာမ ပြောသမျှကို အဘိုးနဲ့ အဖေဖြစ်သူက အင်္ဂလိပ်လို translate လုပ်ပေးရပါတယ်။ ဒါနဲ့ ဆရာမက သူ့အုပ်ထိန်းသူများကို ထပ်မေးကြည့်ပါတယ်။ ကလေးက ဒီမှာမွေးတာလားပေါ့။ မဟုတ်ပါဘူး၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ ဆယ်နှစ်မတိုင်ခင်အထိ ကြီးလာတာပါတဲ့။ အဖေမြန်မာ၊ အမေလည်းမြန်မာပါ။ ဒါပေမဲ့ သူတက်ခဲ့တဲ့ကျောင်းက ILBC ။

သြော်… ဒီတော့မှ စာသင်ရင်း နားစွင့်နေတဲ့ ဇွန်တစ်ယောက် သဘောပေါက်သွားပါတယ်။ ကလေးက အင်္ဂလိပ်လိုပဲ အားသန်ပြီး အင်္ဂလိပ်လိုပဲ အပြောများတဲ့အပြင် အိမ်မှာလည်း မိသားစုနဲ့ မြန်မာလိုပြောဆိုဆက်ဆံမှု အတော်အားနည်းပုံ ရပါတယ်။ အခု စင်္ကာပူရောက်မှ အိမ်မှာ အဘွားဖြစ်သူက မြန်မာစာ သင်ပေးနေရာနေကနေ ဒီကျောင်းမှာ မြန်မာစာသင်ပေးတယ်ကြားလို့ ရောက်လာတာပါလို့ သူ့အဘိုးက ပြောပြပါတယ်။ လတ်တလော ကလေးရဲ့ အနေအထားက မြန်မာလို လုံးဝ communicate မလုပ်နိုင်တာကြောင့် ဆရာမက သူ့ကို လက်မခံခဲ့ပါဘူး။ အိမ်မှာ သူ့ကို မြန်မာစကား နားရည်ဝအောင် အရင်လုပ်ပေးပြီးမှ ခေါ်လာပါလို့ ပြောလိုက်ပါတယ်။

သူ့အဘိုးက မပြန်ခင် သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ကျွန်တော်…. “ဦး…. ” ပါ။ မင်းသုဝဏ်ရဲ့ သားပါ။ အဲ့ဒီစကားကြားရတဲ့ ဇွန်တို့အားလုံး သူ့ကိုကြည့်ပြီး ရုတ်တရက် အံ့အားသင့်သွားပါတယ်။ သူမိတ်ဆက်လိုက်တဲ့ ဆရာမရဲ့အမျိုးသားဟာ အာမေဋိတ်သံကြီးနဲ့ “ဟာ… မင်းသုဝဏ်ဆိုတာ တကယ့်မြန်မာစာဆရာကြီးပဲ” လို့ နှုတ်က ထွက်ကျသွားတဲ့အထိပါ။ “ဟုတ်ပါတယ်… ကျွန်တော်ပြောရမှာတောင် ရှက်ပါတယ်။ သူ့မြစ်၊ ကျွန်တော့်မြေးက မြန်မာစာ လုံးဝမတတ်ဘူး ဖြစ်နေတယ်”

အဘိုး၊ သားနဲ့ မြေး သုံးဆက် ပြန်ခါနီး ကလေးကို မြန်မာလို နှုတ်ဆက်ခိုင်း ပါတယ်။ “ဆရာမ သားပြန်လိုက်ပါဦးမယ်” လို့။ ဒီတစ်ခွန်းပြောဖို့ ကလေးက မိနစ်အတော်ကြာအောင် အားယူရလို့ ဇွန်တောင် သူ့ကို သနားသွားပါတယ်။ သူ့နှုတ်က တစ်လုံးချင်း ထွက်ကျလာတဲ့ စကားလုံးတွေဟာ မြန်မာစကားလုံးဝ မပြောတတ်တဲ့ အနောက်တိုင်းသားတစ်ယောက် အတိုင်းပါပဲ။ ကလေးရယ်… ဆရာမတို့ ငယ်ငယ်တုန်းကလေ မင်းအဘေးရဲ့ ကဗျာတွေ အော်ဟစ်ရွတ်ဆိုပြီး ကြီးပြင်းခဲ့ရတာလို့ စိတ်ထဲမှာ ပြောနေမိပါတယ်။

(၂)

ဇွန်ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို စိတ်ဝင်စားပါတယ်။ အထင်လည်းကြီးတယ်။ အင်္ဂလိပ်စာက ဘယ်နိုင်ငံသွားသွား အသုံးဝင်တယ်။ အင်္ဂလိပ်စာ တတ်ထားရင် ဘယ်နေရာသွားသွား မျက်နှာမငယ်ဘူးပေါ့… ဒီလိုပဲ အတွေးတွေ ရှိခဲ့ပါတယ်။ တကယ်လည်း အင်္ဂလိပ်စာက အရေးကြီးပါတယ်။ Second Language အနေနဲ့ မြန်မာပြည်မှာ ဆယ့်တစ်နှစ်လုံးလုံး သင်ယူခဲ့ဖူးတဲ့ အခြေခံက တကယ်တော့ မနည်းပါဘူး။ ပြောကျင့်မရှိလို့ အပြောအားနည်းမယ်၊ နားရည်မ၀လို့ အကြားစွမ်းရည် အားနည်းချင်နည်းမယ်၊ ဇွန်တို့မြန်မာတွေ အရေးနဲ့အဖတ် အားမနည်းပါဘူး။ ဇွန်က မြန်မာစာကိုလည်း ချစ်တယ်၊ အင်္ဂလိပ်စာကိုလည်း နှစ်သက်ပေမယ့် မြန်မာပြည်ကနေ ထွက်မလာခင်ထိကတော့ မြန်မာစာကို သိပ်အထင်မကြီးတတ်ခဲ့ပါဘူး။ မြန်မာစာ၊ မြန်မာစကားကို ကိုယ်ပိုင်စာ၊ ဘာသာစကားအနေနဲ့ စပြီးဂုဏ်ယူတတ်ခဲ့တာ စင်္ကာပူကို ရောက်ပြီးမှပါ။ ဒီ့ထက်ပိုပြီး ကိုယ့်စာနဲ့စကားကို ဂုဏ်ယူတတ်ခဲ့တာ အင်္ဂလန်မှာ ကျောင်းသွားတက်ခဲ့စဉ်ကပါ။

တကယ်ပါ… အင်္ဂလိပ်စာကို အထင်ကြီးနှစ်သက်ခဲ့တဲ့ ဇွန်တစ်ယောက် အင်္ဂလန်ရောက်တော့မှ မြန်မာစာကို ပိုချစ်တတ်၊ ဂုဏ်ယူတတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာကျောင်းသားတွေနဲ့ရော လူမျိုးခြားတွေနဲ့ မိတ်ဖွဲ့ပြောဆိုဆက်ဆံရတဲ့အခါ ငါတို့မှာ ကိုယ်ပိုင်စာနဲ့ ဘာသာစကားရှိတယ်လို့ ပြောခွင့်ရတာ သိပ်ကို ကျေနပ်ဂုဏ်ယူစရာကောင်းလို့ပါ။ သွားရင်းလာရင်းနဲ့ လမ်းမှာ၊ မြို့ထဲမှာ တစ်ချို့တစိမ်းတွေနဲ့ အမှတ်မထင်တွေ့ပြီး ကိုယ့်ကိုဘယ်ကလဲ ဘာလူမျိုးလဲမေးပြီး ကိုယ့်ဆီက စကားတစ်ချို့ သင်ယူသွားတဲ့ အင်္ဂလိပ်လူမျိုးတွေနဲ့ တစ်ခါမက ကြုံဖူးပါတယ်။ 

နောက် မှတ်မှတ်ရရ Isle of Wight ကို သွားလည်တုန်းက ဘူတာတစ်ခုရုံက တစ်ဦးတည်းသော အမျိုးသမီး ၀န်ထမ်းဟာ သူ့ဘူတာကို လာလည်သမျှ နိုင်ငံခြားသားတွေကို မှတ်တမ်းတင်ပြီး ဟယ်လိုနဲ့ ဂွတ်ဒ်ဘိုင်ကို ဘာသာစကားအမျိုးမျိုးနဲ့ အသံမပီမချင်း ရအောင် အသံထွက်ပြီးလိုက်ဆို ပြီးရင် သူ့မှတ်တမ်းစာအုပ်မှာ တစ်ခါတည်း ရေးမှတ်ထားပါတယ်။ အဲလိုရေးမှတ်ထားတဲ့အထဲမှာ ဇွန်နဲ့သူဟာ သူမ ပထမဆုံးတွေ့ဖူးတဲ့ မြန်မာတွေပါ။ အဲဒီ့မြို့ကအပြန် သူမက သူ့ဘူတာရုံရဲ့ဧည့်မှတ်တမ်းမှာ ချရေးပြီး ဇွန်တို့နှစ်ယောက်ဆီက မြန်မာလို မင်္ဂလာပါနဲ့ ပြန်တော့မယ် ဆိုတာကို သင်ယူရေးမှတ်ခဲ့လို့ ဇွန်တို့နှစ်ယောက် သိပ်ကိုပီတိဖြစ်ခဲ့ဖူးပါတယ်။

အင်္ဂလိပ်စာတတ်ရင် ကမ္ဘာပတ်လို့ရပြီလို့ ထင်ခဲ့ပေမယ့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိတဲ့ နိုင်ငံတွေ သွားတဲ့အခါ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းနဲ့ communicate မလုပ်နိုင်တော့နိုင်ပါဘူး။ သူတို့ဘာသာစကား အနည်းငယ်တတ်ထားမှ ပြောဆိုဆက်ဆံရ အဆင်ပြေတာပါ။ ဇွန်တွေ့ဖူးတဲ့ ပြင်သစ်၊ ဂျာမန်နဲ့ ဂရိတွေဟာ အင်္ဂလိပ်စာကို အထင်မကြီးတာထက် သူတို့မှာ သူတို့လူမျိုးရဲ့ကိုယ်ပိုင်စာ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုရှိတာကို လက်မထောင် ဂုဏ်ယူတတ်ကြတဲ့ လူမျိုးတွေပါ။ အဲလိုတွေ ကြုံတွေ့ရပြီးတဲ့နောက်ပိုင်း ဇွန်တစ်ယောက် ကိုယ်ပိုင်စာ၊ စကား၊ ယဉ်ကျေးမှုရှိတဲ့ နိုင်ငံသူတစ်ယောက်အဖြစ် သိသိသာသာ ဂုဏ်ယူတတ်သွားပါတယ်။ မြန်မာစာကိုလည်း ပိုလေးစား ချစ်ခင်သွားပါတယ်။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ မကျွမ်းကျင်တာ သိမ်ငယ်စရာမဟုတ်ပေမယ့် မြန်မာစာမတတ်ရင် အခြားကိုယ်ပိုင်ဘာသာစကားတတ်တဲ့ လူမျိုးတွေနဲ့ယှဉ်လိုက်တဲ့အခါ အထင်သေးစရာ ဖြစ်တတ်ပါတယ်။

(၃)

အခုနောက်ပိုင်း မျိုးဆက်သစ်တော်တော်များများက နိုင်ငံရပ်ခြားမှာ ကြီးပြင်း အခြေချတာဖြစ်လို့ မြန်မာစာနဲ့ စကားကို တဖြည်းဖြည်း ကင်းဝေးလာကြတာ မျက်စိရှေ့မှာပဲ နေ့စဉ်နဲ့အမျှ မြင်နေရပါတယ်။ ဇွန်တို့ မျိုးဆက်မှာတင် နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေနဲ့ အိမ်ထောင်ကျသူတွေ အတော်များနေပါပြီ။ မိဘနှစ်ပါးစုံ မြန်မာစစ်စစ် ဖြစ်တာတောင်မှ မြန်မာလိုမပြော၊ မြန်မာစာမတတ်တဲ့ ကလေးတွေ များများလာတာ၊ အဖေ၊ အမေ တစ်ဦးတစ်ယောက်က နိုင်ငံခြားသားဖြစ်နေပြီဆို မြန်မာလို ပြောဖြစ်၊ မြန်မာစာ တတ်ဖြစ်ဖို့ အခွင့်အရေးက သိပ်ကိုနည်းသွားပါပြီ။ 

မြန်မာစာ မတတ်တော့ရော ဘာဖြစ်လဲ။ ဒီကလေးတွေ မြန်မာပြည်မှာ ပြန်နေမှာလည်း မဟုတ်။ သူတို့ဘ၀နဲ့ အသားကျနေတဲ့ နိုင်ငံရပ်ခြားမှာပဲ တစ်အိုးတစ်အိမ် ထူထောင်သွားကြမှာ။ မြန်မာစာ သင်၊ တတ်လို့လည်း အပိုပါပဲ….လို့ တွေးကြတဲ့ မိဘတွေ ခုချိန်မှာ ရာခိုင်နှုန်း အတန်အသင့်ရှိနေပါပြီ။ ဟုတ်ပါတယ်… တစ်ဦးတစ်ယောက် မတတ်ရင် ဘာမှ ဖြစ်မသွားနိုင်ပေမယ့် တစ်ယောက်ကနေတစ်ရာ၊ တစ်ရာကနေ တစ်ထောင်၊ တစ်ထောင်ကနေ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း ဖြစ်လာတဲ့အခါ မြန်မာစကား ပျောက်ကွယ်သွားတော့မှာပါ။  စကားပျောက်ကွယ်သွားရင် စာပေလည်းပျောက်ကွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အားလုံးပျောက်ကွယ်သွားပါပြီ။

တရုတ်လူမျိုးတွေကို သိပ်ချီးကျူးပါတယ်။ သူတို့ ဘယ်နေရာရောက်ရောက်၊ ဘယ်နိုင်ငံကို ရွှေ့ပြောင်းရွှေ့ပြောင်း တရုတ်စာကို သင်ရပါတယ်။ ဇွန်တက်ခဲ့တဲ့ အထက်တန်းကျောင်း အမှတ် ၂ လသာက တရုတ်တန်းနယ်မြေမှာ ရှိတာမို့ ကျောင်းမှာ တရုတ်လူမျိုးကျောင်းသူတွေ တော်တော်များပါတယ်။ သူတို့က ကျောင်းလည်းတက်၊ ဆိုင်ရှိသူတွေက အိမ်ရဲ့ စီးပွားရေးမှာလည်း ၀င်ကူ၊ ကျူရှင်လည်း ယူတဲ့အပြင် တရုတ်စာကိုလည်း သင်ရပါသေးတယ်။ ဒါပေမဲ့ တရုတ်စာပါသင်နေရလို့ သူတို့ဆီက  စိတ်ပျက် ညည်းညူသံ တစ်ခါမှ မကြားရပါဘူး။ တရုတ်လူမျိုးဖြစ်ပြီး တရုတ်စာမတတ်ရင် ရှက်စရာကောင်းတယ်လို့ သူတို့ခံယူထားတဲ့အတွက် အပင်ပန်းခံပြီး တရုတ်စာကို တစ်တန်းပြီးတစ်တန်း ရအောင်သင်တာပါ။ 

အမေရိကန်ပြည်ပေါက် ဟောလီးဝုဒ်မင်းသမီး လူစီးလျူးက တရုတ်လူမျိုး အမေရိကန်နိုင်ငံသူဖြစ်ပေမယ့် တရုတ်စာ တတ်ပါတယ်။ စာတွေသင်ရင်းကနေ တရုတ်ပြည်ကို ချစ်မြတ်နိုးစိတ်တွေပေါ်လို့ ဘေဂျင်းထိအရောက်သွားပြီ ကျောင်းတက်ခဲ့ပါတယ်။ တရုတ်လူမျိုးတွေ ကိုယ့်စာစကားကို အလေးထား၊ အပင်ပန်းခံပြီး သင်ယူခဲ့လို့လည်း ခုနေခါ ကမ္ဘာမှာ တရုတ်စာဟာ အင်္ဂလိပ်စာပြီးနောက် အရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်လာတာပါ။

အိန္ဒိယလူမျိုးတွေလည်း ရောက်တဲ့အရပ်မှာ သူတို့စာ၊ စကား သင်ကြားရတာပါပဲ။ ဂျပန်လူမျိုးတွေဟာလည်း သူတို့စာစကားကို သိပ်ပြီးမြှင့်တင်တဲ့ လူမျိုးတွေပါ။ ဇွန်တို့မြန်မာတွေက သိပ်ပြီး flexible ဖြစ်လွန်းလို့လားတော့မသိ၊ ရောက်တဲ့အရပ်မှာ မြန်မာစာကို အလွယ်တကူ မေ့လိုက်နိုင်ပါတယ်။ စင်္ကာပူလို မြန်မာနိုင်ငံနဲ့လည်း မဝေးလှတဲ့၊ ဘယ်နေရာသွားသွား မြန်မာလူမျိုးတွေ အလွယ်တကူ တွေ့မြင်နိုင်တဲ့၊ မြန်မာစကား ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ ကြားနာခွင့်ရတဲ့၊ မြန်မာ ဘုန်းကြီးကျောင်း ၁၂ ကျောင်းရှိပြီး ကျောင်းတစ်ဝက်လောက်က မြန်မာစာ သင်ပေးတဲ့ နိုင်ငံမျိုးမှာ ကြီးပြင်းရတဲ့ မြန်မာကလေးတွေတောင် မြန်မာစာ သိပ်ကို အားနည်းနေပါပြီ။ 

(၄)

ဒီမှာကျောင်းတက်တုန်းက ဇွန့်သူငယ်ချင်း အင်ဒိုနီးရှားတရုတ်မလေးတစ်ယောက်က ဘာသာစကား ၅ မျိုး တတ်ပါတယ်။ အင်ဒိုနီးရှန်းမို့ ဘဟာဆာ အင်ဒိုနီးရှားဘာသာစကား တတ်ပါတယ်။ အင်္ဂလိပ်လို ကျွမ်းကျင်တယ်။ တရုတ်လူမျိုးမို့ မန်ဒရင်းဘာသာစကားလည်း တတ်တဲ့အပြင် သူတို့အိမ်သုံး တရုတ် dialect တစ်ခုလည်း တတ်ပါသေးတယ်။ နောက် ဘဟာဆာနဲ့ မာလာယု မလေးစာက ဆင်လို့ မလေးလိုလည်း နားလည်ပါတယ်။ ဒါကြောင့် သူကျောင်းပြီးတာနဲ့ စင်္ကာပူလို ဘာသာစကားတစ်မျိုးထက် ပိုသုံးတဲ့နိုင်ငံမှာ အလုပ်ချက်ခြင်းရပါတယ်။

ဘာသာစကားနှစ်မျိုးတတ်တဲ့သူဟာ တစ်မျိုးတတ်တဲ့သူထက် ပိုသာပါတယ်။ သုံးမျိုးတတ်သူက နှစ်မျိုးတတ်တဲ့သူထက် ပိုသာတယ်။ ဘာသာစကားပိုတတ်မြောက်လေ တတ်မြောက်သူအတွက် အကျိုးရှိလေပါပဲ။ ခုဆို စင်္ကာပူမှာ မွေးပြီး ကြီးပြင်းတဲ့ မြန်မာကလေးတွေ အင်္ဂလိပ်စာနဲ့ တရုတ်စာတတ်သွားတာ သူတို့လေးတွေအတွက် သိပ်ကောင်းပါတယ်။ မြန်မာမို့လို့ မြန်မာစာလည်း တတ်ထားရင်လည်း ပိုမကောင်းဘူးလား။ မြန်မာစာတတ်တဲ့အတွက် ဘယ်သူကမှ မကဲ့ရဲ့ မရှုံ့ချပါဘူး။ ကိုယ့်လူမျိုး၊ မိဘဘိုးဘေးရဲ့ စာစကားတတ်မြောက်ထားတာ ဂုဏ်ယူစရာပါ။ တစ်ချိန်ချိန်မှာ အသုံးချခွင့် မကြုံဘူးရယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ 

ကလေးငယ်လေ ဘာသာစကားစွမ်းရည် တတ်မြောက်ဖို့ ပိုမြန်လေပါပဲ။ အသက် ၃နှစ်ကနေ ၁၂ နှစ်အထိ သင်ကြားသမျှ ဘာသာစကားတိုင်းကို သူတို့ဦးနှောက်က absorb လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း စလုံးကလေးတွေ အင်္ဂလိပ်စာ၊ မန်ဒရင်းနဲ့ သူတို့အိမ်သုံး တရုတ် ဒိုင်ယာလက်ခ် နောက်ထပ်တစ်မျိုးမျိုးကို အသာလေး ပြောဆိုတတ်နေတာပါ။ မြန်မာကလေးတွေက အင်္ဂလိပ်စာနဲ့တရုတ်စာ ၂မျိုးတတ်သွားပေမယ့် မြန်မာစာ ပြတ်ကျန်ခဲ့တာ များပါတယ်။ အိမ်က ၀ိုင်းဝန်းပံ့ပိုးပြီး ဂရုတစိုက် သင်ကြားပေးနိုင်တဲ့ ကလေးတွေမှာသာ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တာ တွေ့ရပါတယ်။ အိမ်မှာလည်း မြန်မာစာနဲ့ အမြဲထိတွေ့မှုရှိနေအောင် မြန်မာလို ပြောဆိုဆက်ဆံပေးဖို့ လိုအပ်ပါတယ်။

(၅)

ပြီးခဲ့တဲ့လက စာပေဟောပြောပွဲမှာ မြန်မာစာအားနည်းသွားတဲ့ မျိုးဆက်သစ်တွေအကြောင်းနဲ့ ပတ်သက်ပြီး ဆရာအောင်သင်းကို မေးတော့ ဆရာက သိပ်များများ မပြောပါဘူး။ ခပ်တိုတိုပဲ ပြန်ဖြေပါတယ်။ သားသမီးကို အဆုံးရှုံးခံမလားတဲ့။  ဒါက မိဘတွေရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ သားသမီးတွေ မိခင်ဘာသာစကား မတတ်ရင် လူမျိုး၊ ဘာသာ၊ နိုင်ငံပျောက်တာက နောက်မှ။ မိဘတွေက သားသမီးတွေကို လက်လွှတ်ဆုံးရှုံးရမှာက အရင်ပါ။

ဇွန့်အသိထဲမှာကို တွေ့ဖူးပါတယ်။ အိမ်မှာ မိဘက ကလေးကို မြန်မာလိုပြောပေမယ့် ကလေးက အင်္ဂလိပ်လိုပဲ ပြန်ပြောတယ်။ နားတော့လည်တယ်။ ပြန်မပြောဘူး။ အဲဒါလွန်ခဲ့တဲ့ ၁၀နှစ်က တွေ့ဖူးတဲ့ ကလေးပါ။ အခု အဲဒီကလေးလည်း ကြီးနေပြီ။ မြန်မာလိုလည်း မပြောတတ်တော့ပါဘူး၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးလည်း နွေးထွေးမှုမရှိတော့ဘဲ ကလေးက သူယုံကြည်ရာဘာသာကိုးကွယ်ပြီး တစ်ဂိုဏ်းသက်သက် ဖြစ်သွားပါတယ်။ ဒါတွေက သူ့အမေကိုယ်တိုင် ဇွန့်ကို ပြောပြလို့ သိရတာပါ။ သူ့သူငယ်ချင်းရဲ့ သမီးလေးလည်း အဲလိုပါပဲ။ မြန်မာစာစကားနဲ့ အလှမ်းဝေးရာကနေ ဘာသာတရားနဲ့ပါ အလှမ်းဝေးပြီး ဘာသာခြားဖြစ်သွားလို့ ဘာသာတရား ကိုင်းရှိုင်းတဲ့အမေက မျက်ရည်ကျပြီး စိတ်ဆင်းရဲခဲ့ရပါတယ်။

ဇွန်တို့ မြန်မာလူမျိုးအများစုက ဗုဒ္ဓဘာသာဝင်တွေပါ။ မြန်မာစာ၊ စကားတတ်မှသာ ဘုရားစာတွေရဲ့ အနက်အဓိပ္ပာယ်ကို ကျကျနန ရှင်းပြပေးလို့ရတယ်။ ပီပီသသ ရွတ်ဆိုနိုင်ဖို့ သင်ပေးလို့ရမှာပါ။ ဇာတ်ကြီးဆယ်ဘွဲ့တို့၊ ဗုဒ္ဓ၀င်စာပေတို့ဆိုသာလည်း မြန်မာစာ၊ စကား တတ်မှသာ ဖတ်နိုင်၊ လေ့လာနိုင်၊ လူကြီးတွေပြောပြတာကို နားထောင်မှတ်သားနိုင်မှာပါ။

တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို အသွားအပြန်နဲ့ စာသင်ချိန် စုစုပေါင်း ၆နာရီခွဲ အချိန်ပေးပြီး လုပ်အားပေးသွားတဲ့ ဇွန့်ရည်ရွယ်ချက်က ကလေးတွေကို မြန်မာစာတတ်စေချင်ရုံ ဆန္ဒထက် ပိုပါတယ်။ စာထဲကတစ်ဆင့် ကလေးတွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေအကြောင်း ပြောပြခွင့်ရတယ်။ မြန်မာနိုင်ငံကို ရင်းနှီးအောင်၊ မြန်မာစာကို မြန်မာလူမျိုးရဲ့ ကိုယ်ပိုင်စာပေရယ်လို့ ချစ်မြတ်နိုးတတ်အောင် သင်ပေးခွင့်လည်းရတဲ့အပြင် မြန်မာဖတ်စာ တွေထဲကနေပဲ လိမ္မာယဉ်ကျေးမှုရှိအောင် သွန်သင်ဆုံးမခွင့်လည်း ရလို့ပါ။ 

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို ဖေးမပေးရမယ်ဆိုတာတွေအားလုံး စာထဲမှာပါပါတယ်။ အဲ့ဒီ့ထက်ပိုပြီး ဘုရားရှိခိုးတွေလည်း ရွတ်ဆိုတတ်သွားမယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့ အခြေခံပါ တစ်ခါတည်း ရသွားပါတယ်။ စာတစ်ခုတည်းကနေရလာမယ့် အကျိုးဆက်တွေ အများကြီးပါ။ မြန်မာစာသင်နေတဲ့ ကလေးတစ်ယောက်ဟာ မြန်မာစာနဲ့ မရင်းနှီးတဲ့ ကလေးတစ်ယောက်ထက်ပိုပြီး  မြန်မာပြည်အပေါ် ရင်နှီးခင်တွယ်စိတ်ရှိတာကိုလည်း သိသိသာသာ တွေ့ရပါတယ်။ အဲဒါတွေကြောင့်ပဲ ဇွန်ဟာ တနင်္ဂနွေနေ့ဆို သူများတွေလို အိမ်မှာအနားယူချင်၊ စာရေးစာဖတ်ချင်၊ အင်တာနက်ပေါ် တက်ချင်ပေမယ့် ကိုယ့်အားလပ်ချိန်မှာ ကိုယ်စွမ်းနိုင်သလောက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  အခမဲ့လုပ်အားပေး သွားနေတာပါ။

(၆)

ဆရာကြီး မင်းသုဝဏ်ရဲ့ မြစ်ကလေးက နောက်နှစ်ပတ်မြောက်မှာ ကျောင်းကို ပြန်ရောက်လာပါတယ်။ ဒီတစ်ခါတော့ သူ့ကို ကျောင်းအပ်လက်ခံလိုက်ရပါတယ်။ သူ့ကို မြန်မာစာတတ်မြောက်စေချင်တဲ့ အဓိကပုဂ္ဂိုလ်နှစ်ဦးက အဘိုးနဲ့အဘွားပါ။ ဒီနေရာမှာ မိဘတွေရဲ့ ဆန္ဒက သိပ်မထင်ရှားပါဘူး။ သူကလေးမှာ အစ်မတစ်ယောက် ရှိပါသေးတယ်။ သူလေးကလည်း မြန်မာစကားကို နားတော့လည်တယ် ဒါပေမယ့် နဲနဲပဲ ပြောတတ်ပါတော့တယ်။ တကယ်တော့ ဒီကလေး ကျောင်းကိုပြန်ရောက်လာတာဟာ မြန်မာစာကို တတ်ချင်လွန်းလို့ လာတာထက် သူက တရုတ်စာကို လုံးဝစိတ်မ၀င်စား၊ မသင်ချင်တာကြောင့် GCE ‘O’ Level က Second Language မှာ မြန်မာစာယူပြီး ဖြေလို့ရတဲ့အတွက် မြန်မာစာကိုပဲ ယူတော့မယ်လို့ ဆုံးဖြတ်ပြီး လာသင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အင်း… ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆရာကြီးမင်းသုဝဏ်ရဲ့မျိုးဆက် မြန်မာကလေးတစ်ယောက် မြန်မာစာကို ဒုတိယ ဘာသာရပ်အနေနဲ့ သင်ယူဖို့ ဆုံးဖြတ်လိုက်တာ ၀မ်းသာစရာပဲပေါ့။

ဒါပေမယ့်… ရေမြေခြားကို ပြောင်းရွှေ့အခြေချပြီး ကမ္ဘာအနှံ့အပြားမှာ ရောက်ရှိနေထိုင်ကြတဲ့၊ ခံယူချက် သဘောတရားတွေ ပြောင်းလဲနေတဲ့ မြန်မာမိဘတွေရဲ့ နောက်မျိုးဆက်လက်ထက်မှာ 
 မှေးမှိန်ပျောက်ကွယ်တော့မယ် မြန်မာစာနဲ့ စကားအတွက် ဇွန်တစ်ယောက် စိုးရိမ်နေမိပါတယ်။


ဇွန်မိုးစက်

ဒိုမိန်း

9

Category: ,

တလောက blogspot မှာ error တက်ပြီး ဘလော့ဂ်ထဲ ၀င်မရတဲ့အခါ၊ ကော်မန့်တွေဖတ်မရတဲ့အခါ စိတ်ပူပင်ပြီး ဒိုမိန်းဝယ်ပြောင်းလိုက်ရင်ကောင်းမလား စဉ်းစားပြောဆိုနေကြတဲ့ သူငယ်ချင်းရောင်းရင်း ဘလော့ဂါမောင်နှမတွေရဲ့ မှတ်ချက်တွေ ဖဘမှာ မြင်လိုက်ရလို့ ဒီပို့စ်လေး ရေးမိပါတယ်။

ဇွန်တို့ မြန်မာတွေ ဒိုမိန်းနာမည်ယူတဲ့အခါ ဒေါ့ကွမ်း “.com” ကို ယူသုံးကြတာ တော်တော်များများ တွေ့ရပေမယ့် .com ရဲ့ အဓိပ္ပာယ်ဘာလဲဆိုတာ စူးစမ်းသိရှိကြတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ domain name extension ရဲ့ အတိုကောက် တစ်ခုစီတိုင်းမှာ သူ့အဓိပ္ပာယ် သတ်မှတ်ချက်ကိုယ်စီ ရှိပါတယ်။ com ဆိုတာ commercial ရဲ့ အတိုကောက်ပါ။ အကျိုးအမြတ် စီးပွားကို ရည်ရွယ်တဲ့ လုပ်ငန်းရှင် website များအတွက် domain extension ဖြစ်ပါတယ်။ .info ကတော့ လူတိုင်းသိလွယ်တဲ့ information ကိုရည်ညွှန်းတာပါ။ .net ကျတော့ network ရဲ့အတိုကောက် extension ဖြစ်ပြီး .org ဆိုရင် အသင်းအဖွဲ့ကို ကိုယ်စားပြုတဲ့ organization ကို ရည်ညွှန်းတာပါ။

တကယ်လို့ ကိုယ့် website ဟာ အကျိုးအမြတ်စီးပွားကိုလည်း မရည်ရွယ်ဘူး၊ ၀ါသနာအရ ရေးသားတင်ပြတဲ့၊ သတင်းအချက်အလက်ပေးတဲ့ website မျိုးဆိုရင် .com ကို မသုံးရပါဘူး။ blogspot ကနေ migrate လုပ်သွားတဲ့ domain extension တော်တော်များများ .com ကို ပြောင်းသုံးတာ တွေ့ရတဲ့အခါ သုံးစွဲသူကိုယ်တိုင်ရော၊ .com ကိုလက်ဆောင်ပေးတဲ့သူပါ 'com' ရဲ့အဓိပ္ပာယ်ကို ကျကျနန မသိလို့ပဲ ဖြစ်မှာပါလို့ မှတ်ယူလိုက်ပါတယ်။ 

Twilight ဖန်တီးရှင် Stephenie Meyer တို့လို နာမည်ကြီး စာရေးဆရာတွေရဲ့ website, 'www.stepheniemeyer.com' လိုမျိုးကျတော့ သူတို့ရေးခဲ့၊ ထွက်ခဲ့တဲ့ စာတွေတင်ထားရုံသာမက သူတို့ရဲ့ နောက်ထွက်မယ့် စာအုပ်အသစ်ကိုပါ  website မှာ တစ်ခါတည်း promote လုပ်၊ order လက်ခံပြီး စာအုပ်ပါ ရောင်းကြတာမို့ .com ကို သုံးစွဲကြတာပါ။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကဏ္ဍအလိုက် ဒိုမိန်းအမည်နာမ သုံးစွဲကြပုံလေးတွေလည်း ကွာခြားတတ်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ကျောင်း website တွေမှာ Education ရဲ့ အတိုကောက် ‘edu’ ကို သုံးစွဲပြီး၊ ယူကေနိုင်ငံရဲ့ ပညာရေး website တွေမှာတော့ Academic ရဲ့အတိုကောက် ‘ac’ လို့ သုံးစွဲတာကို တွေ့ရပါတယ်။ ဥပမာ - www.ntu.edu.sg နဲ့ www.nottingham.ac.uk ။ ၀န်ကြီးဌာနနဲ့ အစိုးရသုံး website တွေမှာတော့ domain name နောက်က extension မှာ Government အတိုကောက် ‘gov’၊ အဲ့ဒီနောက်မှာမှ နိုင်ငံအမည် .sg, .uk လိုက်တာကို သတိပြုမိကြမှာပါ။ www.moh.gov.sg (MOH - Ministry of Health) နဲ့ www.dh.gov.uk (DH - Department of Health) လိုမျိုး website တွေပေါ့။

.com, .net, .info, .org, .travel တွေက လူသုံးအများဆုံး international domain extension တွေ ဖြစ်ကြပြီး၊  .im (Instant Messaging), .com.im, .net.im, .tv တို့ကျတော့ co-brand domain name ဖြစ်သွားပါတယ်။

Domain name ၀ယ်ယူသုံးစွဲတဲ့အခါ domain extension ရဲ့ အခြေခံအဓိပ္ပာယ်လေးတွေကို သဘောပေါက်ထားရင် ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီမယ့် domain name ကို ရွေးချယ်သုံးစွဲနိုင်ပြီပေါ့ရှင်။ 


ဇွန်မိုးစက်

နှလုံးသား အာဟာရမှသည် နာမည်တစ်လုံး ရမလာခင်ထိ

6

Category: ,

ဆရာဖေမြင့်၏ စာအုပ်များနှင့် ကျွန်မ စတင်ရင်းနှီးခဲ့ချိန်သည် ဆယ်တန်းဖြေပြီးခါစ ဆယ့်ခုနစ်နှစ်အရွယ်သာသာမှာ။ ပထမဆုံးဖတ်ရှုမိသော စာအုပ်မှာ “နှလုံးသား အာဟာရ ရသစာများ” ဖြစ်သည်။ အဲသည့်အချိန်တုန်းက တက္ကသိုလ်ကျောင်းတွေလည်း ပိတ်ထားသော အချိန်ဖြစ်၍ စာအုပ်မျိုးစုံကို စိတ်တိုင်းကျ ဖတ်ရှုခွင့်ရနေချိန်လည်း ဖြစ်သည်။ အပျော်ဖတ်ဝတ္ထု၊ ဘာသာပြန်၊ တက်ကျမ်း အစရှိသော စာအုပ်အမျိုးအစားများထဲတွင် တက်ကျမ်းကို ကျွန်မ အလွန်နှစ်ခြိုက်သဘောကျပြီး စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့သည်။ အရွယ်ကလည်း ဆယ်ကျော်သက်ရွယ်ဖြစ်ပြန်၊ စိတ်ကူးမျှော်လင့်ချက်များနှင့် ဘ၀ခရီးကို စတင်နှင်တော့မည်ဆိုသည့် ရည်ရွယ်ချက်များလည်း ရှိနေချိန်ဖြစ်၍ တက်ကျမ်းများကို ဖတ်ပြီးလျှင် ကျွန်မ စိတ်ဓာတ်ခွန်အားတွေ ထက်မြက်တက်ကြွပြီး အရာရာကို ရဲဝံ့စွန့်စားရန် အသင့်ဖြစ်နေခဲ့သည်။

တကယ်တော့ ဆရာ့စာအုပ်များထဲတွင် တက်ကျမ်းတွေသာမက စိတ်ခံစားမှု၊ နှလုံးသားခံစားမှုကိုပေးသော စာစုတွေလည်း အများကြီး ရှိပါသည်။ “ဘ၀ဒဿန ရသစာများ” ဆိုလျှင် ဘယ်နှစ်ကြိမ်ပြန်ဖတ်ဖတ် ကျွန်မအတွက် မရိုးနိုင်အောင် စိတ်နှလုံးနူံးညံ့ သိမ်မွေ့မှုတွေကို ပေးသည်။ ဆရာဘာသာပြန်ဆိုသည့် ရုရှားစာရေးဆရာကြီး ချက်ကော့ဗ်၏ “လူနာဆောင် အမှတ်ခြောက်” လို ဘာသာပြန်စာပေကိုလည်း နှစ်ခြိုက်သည်။ “စိန်မြေဧကပေါင်းများစွာ၊ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီးလား၊ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ။ သင့်စိတ်သင့်အတွေးအကြံများ အတိုင်းသာ၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ဒေးလ်ကာနက်ဂျီ၊ စာဖတ်သမား၏ မှတ်စုများ” … အစရှိသည့် ဆရာပြန်ဆိုသော စာအုပ်တော်တော်များကို ၀ယ်ယူစုဆောင်း ဖြစ်ခဲ့သည်။ ကျွန်မနှင့်မောင်လေးက မုန့်ဖိုးများကို စုဆောင်းပြီး နှလုံးသာ အာဟာရစာအုပ်များကို ၀ယ်၍ အရင်းနှီးဆုံး သူငယ်ချင်းများကို လက်ဆောင်ပေးခဲ့သေးသည်။

ဆရာ့စာအုပ်တွေထဲမှာ ထူးထူးခြားခြား ကျွန်မနှင့်မောင်လေး အပါအ၀င် မိတ်ဆွေသူငယ်ချင်းတစ်ချို့ကို လွှမ်းမိုးခဲ့သော စာအုပ်မှာ “စိန်မြေဧကပေါင်းများစွာ” ဖြစ်သည်။ အဲသည်စာအုပ်ကို ညွန်းသူက ကျွန်မလေးစားအားကျမိသူတစ်ယောက်၊ စာအုပ်ကို ၀ယ်လာခဲ့သည်မှာ ကျွန်မမောင်လေး။ စာအုပ်ဖတ်အပြီး နှစ်ခြိုက်သဘောကျလွန်း၍ တစ်ယောက်က တစ်ယောက်ကို ပေးဖတ်ရင်း လက်ဆင့်ကမ်းခဲ့ကြသည်။ ငယ်ရွယ်ပျိုမြစ်တက်ကြွသော ဘ၀အစမှာ အဲသည့်စာအုပ်ကို ဖတ်ခွင့်ရခြင်းအတွက် ကျွန်မ သိပ်ကိုကျေနပ်မိပါသည်။ ကျွန်မဘ၀ကိုလည်း အထိုက်အလျောက် ပြောင်းလဲပေးခဲ့သည်။ 

စာအုပ်ထဲတွင် အခွင့်အရေးဆိုသည်မှာ အဝေးကြီးမှာ သွားရှာစရာမလို၊ မြင်တတ်လျှင် လမ်းတစ်ကမ်းမှာပင် ရှိကြောင်းကို ဖြစ်ရပ်မှန် ပုံတိုပတ်စ ဥပမာများပေးကာ စိတ်ဝင်စားဖွယ် ရေးသားထားသည်။  စာအုပ်ထဲမှာပါသည့် ရပ်ဆယ်ကွန်းဝဲလ်ဆိုသော လူကိုလည်း သိပ်သဘောကျမိသည်။ လူချမ်းသာတစ်ယောက် မဟုတ်ပါဘဲ သူ့အစွမ်းအစကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဆောက်ဖြစ်ခဲ့သည် ဆေးရုံတွေ၊ ကျောင်းတွေက မနည်း။ တစ်နေ့ ၂၄နာရီမှာ လူနှစ်ယောက်စာအတွက် အလုပ်လုပ်သွားသော သူ့ကို အားကျမိသည့်အတွက် ကျွန်မ ကျောင်းနှစ်ခု တစ်ပြိုင်တည်း တက်ဖြစ်သွားသည်။ ပညာရပ်နှစ်ခုအတွက် စာမေးပွဲကို တစ်လအတွင်းမှာ ရက်တွေမခြားဘဲ တပြိုင်နက်တည်း ဆက်တိုက်ဖြေနိုင်ခဲ့သည်။ အဲသည့်အချိန်တုန်းက ရရှိခဲ့သည့် exam result များသည် အခြားအချိန်တွေမှာ ပညာရပ်တစ်ခုတည်းအတွက် ဖြေရသော ရလဒ်များထက် ပို၍ အမှတ်တွေ၊ grade တွေ ကောင်းခဲ့သည်။ တကယ်တော့ လူတစ်ယောက်၏ စွမ်းရည်သည် ကိုယ်မြှင့်လျှင် မြှင့်တင်နိုင်သလောက် အဆတိုးကြောင်း ကျွန်မလက်တွေ့ သိခွင့်ရလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သောတစ်ပတ်က ကျင်းပခဲ့သော စင်္ကာပူနိုင်ငံ တတိယအကြိမ် စာပေဟောပြောပွဲမှာ ဆရာက “ဘ၀တိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းကြောင့် ရလာသည့် အကျိုးကျေးဇူးများ၊ စာအုပ်တစ်အုပ်ကြောင့် ခေတ်စနစ်ပြောင်းလဲသွားပုံများအကြောင်းကို အားပါးတရ ဟောပြောသွားသည်။ ဆရာ့ဟောပြောချက်များကို နားထောင်ရသည်မှာ ဆရာ့စာအုပ်များကို ဖတ်သောအခါ ရရှိသည့် ခံစားချက်နှင့် အတူတူပင်ဖြစ်သည်။

စာအုပ်ဖတ်ကြခြင်း အကြောင်းအရင်း ၄မျိုးကို ဆရာက ပရောဂျက်တာဖြင့် ဖွင့်ဆိုပြောပြသွားသည်။ သတင်းအချက်အလက်တွေ သိရှိဖို့ (Information)၊ စိတ်ပင်ပန်းမှုကို အနားယူဖြေဖျောက်ဖို့ (Entertainment/ Relaxation)၊ ရင်ထဲက အစိုင်အခဲ၊ မကျေနပ်မှုတွေ ချေဖျက်ပေါ့ပါးဖို့ (Sublimation)၊ စိတ်အားတက်ကြွလှုံ့ဆော်မှုတွေရဖို့ (Inspiration) စသည်တို့ ဖြစ်သည်။ တစ်ပတ်ငါးရက် လုပ်ငန်းခွင်ဝင်နေရသော ကျွန်မအဖို့ ယခုအခါ စာအုပ်ကိုင်မိလျှင် အခြားအကြောင်းရင်းတွေထက် အလယ်နှစ်ချက်ကြောင့် ဖတ်မိသည်က ပိုများသည်။ 

စာအုပ်ဖတ်ခြင်းကြောင့် သတင်းအချက်အလက် (Information) ၊ အတွေးအမြင် ဗဟုသုတ (Knowledge) ကြွယ်ဝပြီး အကျိုးအကြောင်း အဆိုးအကောင်း  ပိုင်းခြားဆုံးဖြတ်နိုင်ကာ (Wisdom --> Judgement --> Decision Making --> Achievement – Success in Life) ဘ၀တွင် အောင်မြင်တိုးတက်မှုရသော အကြောင်း ၃မျိုးကို အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းနှင့် ဥပမာပေးပြီး ဟောပြောသွားသည်။ စာဖတ်ခြင်းဖြင့် ဗဟုသုတကြွယ်ဝသူ၊ အမြင်ကျယ်သူ၊ နှိုင်းချိန်စဉ်းစားတတ်သူ၊ ဦးနှောက်ရော နှလုံးသားပါ ရင့်ကျက်ပြည့်ဝသူတစ်ယောက် ဖြစ်လာသည်ဟု ဆရာပြောသွားသည်ကို ကျွန်မပတ်ဝန်းကျင်တွင် စာဖတ်သူ၊ မဖတ်သူများ၏ အတွေးအမြင်ကွာခြားပုံကို နှိုင်းယှဉ်မိပြီး ထောက်ခံယုံကြည်သည်။

ကျွန်မဘ၀ကိုလည်း စာဖတ်ခြင်းက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲမှုအကျိုးတရားတွေ ပေးခဲ့သည်။ တက်ကျမ်းစာအုပ် အမျိုးအစားများဖတ်ပြီးနောက်ပိုင်းတွင် အပျော်ဝတ္ထုများကို လုံးဝမဖတ်ချင်၊ မဖတ်ဖြစ်တော့အောင် စာဖတ်လမ်းကြောင်း သိသိသာသာ ပြောင်းလဲခဲ့သည်။ ထို့ပြင် ကျွန်မ ဘ၀တစ်စိတ်တစ်ပိုင်းနှင့် အတွေးအမြင်ကို သိသိသာသာ ပြောင်းလဲပေးခဲ့သော စာနှစ်အုပ်လည်း ရှိခဲ့သည်။ စိန်မြေဧကပေါင်းများစွာနှင့် ပေါ်လီယာနာ။ ပေါ်လီယာနာကြောင့်  ကိစ္စအတော်အများများတွင် အနှုတ်လက္ခဏာအမြင်ရှိခဲ့သော ကျွန်မသည် အကောင်းမြင်ဝါဒ၊ အပေါင်းလက္ခဏာသဘောဆောင်ပြီး ကြည့်မြင်တတ်သူအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျွန်မအသက် ၂၁နှစ်တွင် ဒီပလိုမာ ၇ခုရရှိခဲ့ပြီး၊ အသက် ၂၃တွင် ဒီပလိုမာ ၈ခုနှင့် ဘွဲ့တစ်ခု ရရှိခဲ့ခြင်းသည် “စိန်မြေဧကပေါင်းများစွာ” စာအုပ်၏ ကျေးဇူးတရားက အရင်းခံပါသည်။

ကျွန်မစိတ်ဓာတ်တွေကျနေချိန် စာအုပ်တွေက စိတ်ဓာတ်ခွန်အားကို ပေးသည်။ ကျွန်မရင်ထဲက အစိုင်အခဲတွေကို စာဖတ်ခြင်းဖြင့် သက်သာရာရစေသည်။ စာဖတ်ခြင်းသည် ကျွန်မဘ၀အတွက် မရှိမဖြစ် အရေးပါလှသည်။ ခုချိန်မှာတော့ ကျွန်မ အရင်ကလို စာအုပ်တွေ စွဲစွဲမြဲမြဲ မဖတ်ဖြစ်တော့တာကို တွေးမိတိုင်း ကျွန်မဘ၀မှာ တစ်ခုခုလိုနေသလိုလို၊ ကျေနပ်အားရမှုမရှိသလို ခံစားရသည်။ ဆရာဖေမြင့်၏ စာအုပ်များကိုတောင် မဖတ်ဖြစ်တာ ကြာသွားပြီ။ ကိုယ်တိုင်က စာဖတ်သူအဖြစ်မှနေ၍ စာရေးသူအဖြစ် ပြောင်းလဲကြိုးပမ်း အားလျော့နေခဲ့ချိန်မှာ ဆရာ့၏ “နာမည်တစ်လုံး ရမလာခင်တုန်းက” စာအုပ်ကို ဖတ်လိုက်ရတော့ ကျွန်မ၏ စာရေးခြင်းနှင့် ပတ်သက်သော စိတ်ကူးရည်မှန်းချက်လေးတွေ ပြန်လည်နိုးထ ရှင်သန်လာခဲ့သည်။ အဲသည့်စာအုပ်လေးကိုဖတ်ပြီး စိတ်ဓာတ် ခွန်အားတွေ တစ်ဖန်ပြန်လည် ရရှိခဲ့သည်။

နှလုံးသား အာဟာရရသစာမှ စတင်ကာ နာမည်တစ်လုံး ရမလာခင်တုန်းကစာအထိ ဆရာ့စာအုပ်များသည် ကျွန်မကို ဆယ်ကျော်သက်စိတ်ကူးယဉ် လူငယ်ဘ၀မှနေ၍ လက်တွေ့ကျသောလူကြီးဘ၀အထိ ယခုချိန်တိုင်အောင် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေဆဲပင်ဖြစ်သည်။  

ဇွန်မိုးစက်

Leisure

3

Category:

What is this life if, full of care,
We have no time to stand and stare.

No time to stand beneath the boughs,
And stare as long as sheep or cows.

No time to see, when woods we pass,
Where squirrels hide their nuts in grass.

No time to see, in broad daylight,
Streams full of stars like skies at night.

No time to turn at Beauty's glance,
And watch her feet, how they can dance.

No time to wait till her mouth can,
Enrich that smile her eyes began.

A poor life this if, full of care,
We have no time to stand and stare.

William Henry Davies 
---------------------------------------------------------------------------------------------------------------------------------------------------- 
အားလပ်ရပ်တွေမှာ တစ်ရက်မှ မနားအားဘဲ အလုပ်တွေများနေတဲ့ ကိုယ်က အထက်တန်းတုန်းက သင်ခဲ့ဖူးတဲ့ Leisure ဆိုတဲ့ ကဗျာလေးကို ပြန်အမှတ်ရသွားလို့ Google ကနေ ပြန်ရှာပြီး တင်ထားလိုက်တယ်။ ကိုယ့်အတွက်တော့ no time to surf net and chat, no time to read, blog and write ပေါ့။


ဇွန်မိုးစက်