ဝေဟင်ပေါ်က အမှတ်တရများ - ၂

5

Category: ,

အမ်စတာဒမ်က စကီးဖူးလ်လေဆိပ်မှာ သုံးနာရီကြာ တစ်ထောက်နားပြီးမှ ကာဒစ်ဖ်သွားမယ့် လေယာဉ်အသေးကို ပြောင်းစီးကြရပါတယ်။ ဟိုဘက်ဒီဘက်နှစ်ခုံစီနဲ့ တစ်တန်းမှာ လေးယောက်သာ စီးနင်းလိုက်ပါခွင့်ရတဲ့ လေယာဉ်ငယ်လေးက လူ၅၀လောက်ပဲ ဆံ့ပါတယ်။ လေယာဉ်ငယ်ပေါ်မှာ ဇွန်တို့လို ကျောင်းသားတစ်ချို့နဲ့ ကျန်တဲ့ခရီးသည်အများစုက ဥရောပတိုင်းသားအမျိုးသားတွေပါ။ အားလုံးက အရေးတကြီး အစည်းအဝေး သွားတက်မယ့်ပုံစံနဲ့ ကျကျနန၀တ်ဆင်ပြီး နက်ခ်တိုင်နဲ့ ဆုကေ့ခ်ျတွေ ကိုယ်စီဆွဲလို့။ အချိန်ကလည်း မနက်ပိုင်းဆိုတော့ အလုပ်ကိစ္စနဲ့ သွားကြတဲ့ပုံတွေပါပဲ။ 

ဒီတစ်ခါ စီးရတဲ့ခရီးက သိပ်မကြာလိုက်ပါဘူး၊ မိနစ် ၄၀၊ ၄၅ မိနစ်သာသာပါ။ လေယာဉ်မယ်တွေက အရေးပေါ် အသက်ကယ်အခြေအနေကျရင် ဘာတွေဘယ်လို လုပ်ရမယ်ဆိုတာကို ဘာသာစကားသုံးလေးမျိုးနဲ့ ပါးစပ်ကပြောပြီး လက်ကလုပ်ပြသွားတာ မနည်းလိုက်နားထောင် ကြည့်ယူရပါတယ်။ အင်္ဂလိပ်၊ ဒတ်ခ်ျ၊ ဂျာမန်နဲ့ ပြင်သစ်လိုတွေ ပြောသွားတယ်လို့ ထင်တာပါပဲ။ ဖျော်ရည်နဲ့ သူတို့ဒေသထွက် ရိုးရာမုန့်အချိုလေးတွေကို ဗန်းလေးထဲထည့်ပြီး လိုက်ဝေပါတယ်။ ဗန်းလေးရှေ့နားချပြီး ကိုယ်ကြိုက်တာရွေးယူပေါ့။ မုန့်က နှစ်မျိုး၊ သုံးမျိုးပါတယ်။ ဇွန်က ဟိုဟာလေးလည်း စားကြည့်ချင်၊ ဒီဟာလေးလည်း စားကြည့်ချင်နဲ့ ဘာရွေးရမှန်း မသိဘူး။ နောက်ဆုံးတော့ ကောင်းမယ်ထင်တာလေး ရွေးယူလိုက်တယ်။ စိတ်ထဲမှာတော့ နောက်တစ်ခေါက် အပြန်ကျရင် အခုတစ်ခေါက် မရွေးလိုက်တဲ့မုန့်ကို ရွေးပြီးစားမယ်လို့ တေးမှတ်ထားလိုက်တယ်။

ဗြိတိန်ကျွန်းမကြီးအပေါ် လေယာဉ်ဖြတ်ပျံနေပြီလို့ သိတဲ့အခိုက်မှာ ရင်တွေတလှပ်လှပ်ခုန်လာတယ်။ ကိုယ်သိပ်ရောက်ဖူးချင်တဲ့၊ စာထဲမှာလည်း သင်ခဲ့ရတဲ့ ဗြိတိန်ကျွန်းနိုင်ငံကို ရောက်ရတော့မှာပါလားဆိုတဲ့အသိနဲ့ လေယာဉ်ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်နေမိတယ်။ ဝေလပြည်နယ်ရောက်ပြီး လေယာဉ်ဆင်းခါနီးမှာ အေမီနဲ့ဆူရီရာက တစ်ယောက်တစ်ပေါက် ငြင်းခုန်နေကြတယ်။ ခပ်လှမ်းလှမ်းအောက်မှာ တွေ့ရတဲ့ အကောင်သေးသေးလေးတွေကို တစ်ယောက်က မြင်း၊ တစ်ယောက်က သိုးဆိုပြီးတော့။ ဇွန်လည်း သေသေချာချာ ကြည့်လိုက်တယ်။ အကောင်လေးတွေက အဖြူရောင်လေးတွေပါ… ဘယ့်နှယ့်လုပ်ပြီး မြင်းဖြစ်နိုင်ပါ့မလဲ။ ဒါနဲ့ ဇွန်လည်း သိုးဖြစ်ကြောင်း တကယ်သိသလိုလိုနဲ့ အေမီ့ဘက်က ၀င်ထောက်တယ်။ 

အမှန်တော့ မှန်းကြည့်ပြီး ကိုယ်လေ့လာထားသမျှ ဗဟုသုတနဲ့ ပေါင်းစပ်ပြီးပြောလိုက်တာ တကယ်လည်း အဲဒါသိုးတွေ ဖြစ်နေကြောင်း  ကျောင်းကလာကြိုတဲ့ကားပေါ်မှာ လမ်းညွှန်အမျိုးသမီးကြီးက ဝေလပြည်နယ်အကြောင်း အကျဉ်းချုံးပြောပြတဲ့အခါ သိလိုက်ရတယ်။ ဝေလပြည်မှာ လူဦးရေထက် သိုးကောင်ရေ ပိုများကြောင်း ဘေးကဖြတ်သွားတဲ့ လယ်ကွင်းကျယ်တွေမှာ အုပ်လိုက်ကျက်စားနေတဲ့ သိုးတွေကို လက်ညှိုးညွှန်ပြီး ပြောပြသွားတယ်။ ဇွန်နဲ့အေမီလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။ နွေဦးကာလမို့ အဖြူအ၀ါအလေ့ကျပန်းလေးတွေ ရောနှောပေါက်ရောက်နေတဲ့ လမ်းတစ်လျှောက်က မြက်ခင်းစိမ်းစိမ်းတွေကို ကြည့်ရတာ သိပ်ကိုကြည်နူးစရာ ကောင်းခဲ့တာပါလား...။ တကယ်မမေ့နိုင်တဲ့ အမှတ်တရ တစ်လခရီးပါပဲ။

အပြန်ကျတော့ ကာဒစ်ဖ်ကနေ အမ်စတာဒမ်ကို တစ်ခေါက်ပြန်စီးကြရတယ်။ အဲဒီ့မှာ အလာတုန်းက အပြန်မှာ မစားလိုက်ရတဲ့ နောက်မုန့်တစ်မျိုးကို ရွေးစားမယ်လို့ စိတ်ကူးထားတဲ့ ဇွန်တစ်ယောက် လေယာဉ်မယ် မုန့်ဗန်းလာချမယ့် အချိန်ကို စောင့်နေတာပေါ့။ သြော်…. အတော်အတွေးခေါင်လိုက်တဲ့ ကိုယ်ပါလားဆိုတာ မုန့်ဗန်းမြင်မှပဲ သိတော့တယ်။ ဒီတစ်ခါ သူတို့ကျွေးတာ နောက်ထပ်အမျိုးအစားမတူတဲ့ မုန့်တွေဖြစ်နေပါရောလား။ အသွားတုန်းက မစားကြည့်လိုက်ရတဲ့ မုန့်အတွက်ပဲ နှမြောမိသလိုလို ဖြစ်သွားသေးတာ။ ဒီတစ်ခါတော့ အဲလိုမဖြစ်ခံဘူးဆိုပြီး မုန့်နှစ်မျိုးစလုံး ယူခဲ့လိုက်တာပေါ့။ ဘာရမလဲ…ဟွန်း။

အမ်စတာဒမ်ရောက်တော့ ငါးနာရီကြာ transit ၀င်ပြီးမှ လေယာဉ်ထပ်စီးရပါတယ်။ ဒီတစ်ခါ ကိုယ်ထိုင်တဲ့ထိုင်ခုံနား အဆော့သန်တဲ့ ကလေးတွေများ ပါလာဦးမလားလို့ အနည်းငယ်ပူပန်စိတ် ရှိခဲ့ကြပေမယ့် အလယ်တန်းမှာ ပါလာတဲ့ ကလေးနှစ်ယောက်က သိပ်မဂျီလို့ ကံကောင်းသွားပါတယ်။ ဇွန့်ရှေ့တည့်တည့်မှာထိုင်တဲ့ လူဖြူတစ်ယောက်ကတော့ လေယာဉ်ထိုင်ခုံအောက်မှာထားတဲ့ သူ့ကျောပိုးအိတ်ထဲကနေ စူပါဟီးရိုးရုပ်ပြစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ထုတ်ပြီးဖတ်တာ တစ်လမ်းလုံးပါပဲ။ အသွားတုန်းကလို လေယာဉ်မောင်ချောချောလေးများ ပါလာမလား စောင့်ကြည့်ပေမယ့် မတွေ့ရပါဘူး။ ဒီလိုနဲ့ပဲ အမ်စတာဒမ်-စင်္ကာပူ ဝေဟင်ခရီးဟာ အမှတ်တရများစွာနဲ့ ပြီးဆုံးခဲ့ပါတယ်။

(၄)
နောက်နှစ်လအကြာမှာ ဗြိတိသျှလေကြောင်းလိုင်းနဲ့ ဇွန်တစ်ယောက် လန်ဒန်ဟီးသရိုးလေဆိပ်ကို ၁၃နာရီကြာစီးပြီး တစ်ယောက်တည်း သွားရပါတယ်။ လေယာဉ်ပေါ်မတက်ခင် နားနေခန်းမှာကတည်းက ကိုယ်နဲ့အတူစီးမယ့် ခရီးသွားတွေကို ဟိုဟိုဒီဒီ လိုက်အကဲခတ်ကြည့်မိတော့ အင်္ဂလိပ်တစ်ယောက်ရဲ့ အမျိုးသမီး တရုတ်မလေးတစ်ယောက်ကလွဲလို့ ကျန်တဲ့ခရီးသည်တွေအားလုံး အနောက်တိုင်းသားတွေချည်းပါပဲ။ ဇွန့်စိတ်ထဲ အားငယ်သလိုလိုတောင် ဖြစ်မိပါတယ်။ နေရာကျတော့လည်း နောက်ဆုံးနားက နှစ်ယောက်ခုံမှာ။ အတွင်းဘက်မှာထိုင်တဲ့ အင်္ဂလိပ်မလေးက အသက်သိပ်မကြီးသေးပေမယ့် အတော်လေးဝပြီး ထွားကျိုင်းပါတယ်။ လေယာဉ်မယ်တွေက အာရှလေကြောင်းလိုင်းကလို ငယ်ငယ်သွယ်သွယ်လေးတွေ မဟုတ်ဘဲ အသက်ကြီးကြီး ၀၀ဖိုင့်ဖိုင့်တွေ ဖြစ်နေတာကို အံ့သြစွာနဲ့ တွေ့ရပါတယ်။ လေယာဉ်မောင်ကလည်း ခပ်ဖြောင့်ဖြောင့်ပေမယ့် အသက်တော့ မငယ်ပါဘူး။ မျက်နှာထားကလည်း တည်လိုက်တာမှ သူ့လုပ်စာ စားနေရတဲ့အတိုင်း။ ဒတ်ခ်ျအဲလိုင်းက လေယာဉ်မောင်နဲ့များကွာပါ့လို့ စိတ်ထဲမှာပဲကြိတ်ပြီး ဝေဖန်လိုက်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဇွန်တို့လေယာဉ်နောက်ပိုင်းကို serve လုပ်တဲ့ လေယာဉ်မယ်လေးက မျက်နှာချိုချိုနဲ့ တရုတ်မလေး ဖြစ်နေပါတယ်။ လေယာဉ်အဆင်းအတက် အရေးပေါ်အခြေအနေများအတွက် အင်္ဂလိပ်၊ တရုတ်ဘာသာစကား နှစ်မျိုးနဲ့ ပြောပြပေးတာကြားရမှ ဗြိတိသျှလေကြောင်းလိုင်းမှာ တရုတ်လေယာဉ်မယ် လိုက်ပါစီးနင်းရခြင်း အကြောင်းကို သဘောပေါက်သွားပါတယ်။ အစားအသောက်ချင်း ယှဉ်ကြည့်ပြန်တော့လည်း ဒတ်ခ်ျအဲလိုင်းက သာတာပါပဲ။ ကိုယ်စားနေကျမဟုတ်တဲ့ အရွက်သုပ်ဆဲလတ်တွေ ဘာတွေကျတော့ ဘေးက အင်္ဂလိပ်မလေးက ဘယ်အထုပ်ကိုဖောက်ပြီး ဘယ်လိုထည့် ဘယ်လိုနယ်သလဲဆိုတာ မသိမသာကြည့်လိုက်ပြီး သူစားတဲ့အတိုင်းပဲ လိုက်စားလိုက်တယ်။

လမ်းသွားရင် ရေငတ်တတ်တဲ့ဇွန်က သွားလေရာ ရေဗူးသယ်ပါတယ်။ (အဲဒီအချိန်က လေယာဉ်ပေါ် ရေဗူးသယ်ခွင့် ရပါသေးတယ်) တစ်ညလုံးအိပ်ပြီးလိုက်လာတဲ့ဇွန် လေယာဉ်မဆင်းခင် လေးဆယ့်ငါးမိနစ်လောက်အလိုမှာ ရေဆာလာပါတယ်။ ပါလာတဲ့ရေဗူးက ရေလည်း ကုန်သွားပြီမို့ လေယာဉ်မယ်လေးကို ရေတောင်းပါတယ်။ လေယာဉ်မယ်လေးက ဟုတ်ကဲ့လို့ပြောပြီး ပေါ်မလာခဲ့ပါဘူး။ နှုတ်ခမ်းတွေခြောက်နေပြီး ရေအလွန်ငတ်နေတဲ့ ဇွန်တစ်ယောက် ရေဆာတဲ့ဒဏ်ကို ကြိတ်မှိတ်သည်းခံပြီး... လေဆိပ်ရောက်မှပဲ သောက်တော့မယ်လို့ စိတ်တင်းလိုက်ပါတယ်။ ရေဆာဆာနဲ့ လေယာဉ်ကို မြန်မြန်ဆင်းစေချင်ပါပြီ။ လေယာဉ်ဘီးချပြီး ပြေးလမ်းပေါ်
ရောက်တဲ့အချိန်မှာ စိတ်နဲနဲသက်သာရာ ရသွားပါတယ်။ ရေသောက်ရတော့မယ်လေ။ အဲဒီအချိန်မှာပဲ လေယာဉ်မယ်လေးက စောစောက ရေမှာထားတာ မင်းမဟုတ်လား၊ ဆောရီးနော်လို့ တောင်းပန်ပြီး ရေတစ်ခွက်လာပေးပါတယ်။ လေယာဉ်မဆင်းခင် မမေ့မလျော့နဲ့ ရေလာပေးတဲ့သူ့ကို ကျေးဇူးတင်ပြီး ဆာဆာနဲ့ သောက်လိုက်ပါတယ်။ တကယ်လို့များ လေယာဉ်မယ်လေးသာ ရေယူပေးဖို့ မေ့လျော့သွားရင် ဒီအဲလိုင်းကို နောက်ထပ်စီးချင်စိတ် ရှိပါဦးမလားလို့ သံသယဖြစ်မိပါတယ်။

(၅)
နောက် ၂နှစ်အကြာမှာ လန်ဒန်ဟီးသရိုးကနေ စင်္ကာပူချန်ဂီ၊ အဲ့ဒီကနေမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စင်္ကာပူလေကြောင်းလိုင်းနဲ့ ပြန်လာခဲ့ပါတယ်။ ဒီတစ်ခါ အိမ်ပြန်တော့ သူနဲ့အတူ နှစ်ယောက်ပါ။ အဲဒီ့တစ်ခေါက်ပဲ ဇွန်နဲ့သူ နှစ်ယောက်အတူ လေယာဉ်စီးပြီး ခရီးသွားဖူးလိုက်ပါတယ်။ ရန်ကုန်လေဆိပ်ရောက်ရင်ပြဖို့ အရေးကြီး စာရွက်စာတမ်းတွေထည့်ထားတဲ့ဖိုင်ဟာ ဘတ်ဂေခ်ျ့လုပ်တဲ့အထဲပါသွားလို့ ဇွန်သူ့ကိုစိတ်ဆိုးပြီး လေယာဉ်ပေါ်မှာ စကားလုံးဝမပြောခဲ့ပါဘူး။ ကိုယ့်မျက်နှာရှေ့တည့်တည့်က တီဗွီမျက်နှာပြင်ပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ အဲဒီ့အချိန်က ပြတဲ့ရုပ်ရှင်ကားတွေက နာမည်ကြီးကားကောင်းတွေဖြစ်နေတော့ ဟိုကားလည်းကြည့်ချင်၊ ဒီကားလည်းကြည့်ချင်နဲ့၊ ကိုရီးယား၊ ဂျပန်လိုင်းတွေလည်းပါနေတော့ ချန်နယ်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ၀င်ကြည့်ပါတယ်။ တစ်လမ်းလုံး ဟိုလိုင်းပြောင်းကြည့်လိုက်၊ ဒီလိုင်းပြောင်းကြည့်လိုက်နဲ့ နောက်ဆုံး ဘယ်ကားမှ မိမိရရ မကြည့်ဖြစ်လိုက်ပါဘူး။ သူကတော့ ‘Troy’ တစ်ကားနဲ့ ဟယ်ရီပေါ်တာကြည့်လိုက်တယ်လို့ နောက်မှပြန်ပြောပြပါတယ်။ ဇွန်လေယာဉ်စီးတဲ့အချိန်တိုင်း ဟယ်ရီပေါ်တာ တစ်ကားကားပြတာနဲ့ ကြုံတတ်တာကို သတိပြုမိပါတယ်။ သူနဲ့နှစ်ယောက်အတူသွားခဲ့တဲ့ တစ်ခုသော ဝေဟင်ခရီးက ဇွန့်အတွက်တော့ အမှတ်တရပါပဲ။

(၆)
နောက်ပိုင်းမှာ စင်္ကာပူ၊ ရန်ကုန်ကို ဂျက်စတား၊ ဆခ်အဲတို့နဲ့ အပြန်ပြန် အလှန်လှန်စီးဖြစ်ပေမယ့် ထွေထွေထူးထူး အမှတ်ရစရာ သိပ်မရှိခဲ့ပါဘူး။ တစ်ခါက ဂျက်စတားမှာ တာဝန်ထမ်းဆောင်လိုက်ပါလာတဲ့ ကရင်လူမျိုး မြန်မာလေယာဉ်မောင် ချောချောလေးတစ်ယောက်ကို သတိပြုမိတယ်။ ဒီလောက်ပါပဲ။ 

၂၀၀၇ စက်တင်ဘာမှာ staff retreat အနေနဲ့ မကာအိုကို တိုင်းဂါးအဲဝေးနဲ့ သွားရပါတယ်။ ဘတ်ဂျတ်အဲလိုင်း ဖြစ်လေတော့ ၄နာရီနီးပါးခရီးမှာ အသွားမှာ ရေတစ်ဗူး၊ အပြန်မှာ ရေတစ်ဗူးနဲ့ ဘာဂါတစ်လုံးကို အပြင်ဈေးထက် အဆပေါင်းများစွာပေးပြီး ၀ယ်စားလိုက်ရတော့ အင့်ကနဲ ဖြစ်သွားပါတယ်။ ပြောတော့ ဘတ်ဂျတ်အဲလိုင်းတဲ့… ကြီးလိုက်တဲ့ဈေး။ လက်စသပ်တော့ ဘတ်ဂျတ်အဲလိုင်းဆိုတာ အစာမကျွေး၊ ရေမပေးဘဲ လိုက်ပါစီးနင်းရတဲ့ခရီးကိုးလို့ သဘောပေါက်လိုက်ပါတယ်။ ခရီးနီးရင် စီးရတာတန်ပါတယ်။ လေးငါးခြောက်နာရီလောက် စီးရမယ့်ခရီးဆို ဇွန့်လို မကြာခဏ ရေဆာ၊ ဗိုက်ဆာတတ်တဲ့သူအဖို့ သိပ်မကိုက်ပါဘူး။

(၇)
ပြီးခဲ့တဲ့မတ်လက သူငယ်ချင်းသုံးယောက်နဲ့အတူ အလှူကိစ္စအတွက် မြန်မာပြည်ကို Silk Air လေကြောင်းလိုင်းနဲ့ အတူတူ ပြန်ဖြစ်ခဲ့ကြတာလည်း အမှတ်တရ ဖြစ်ခဲ့ပါတယ်။ လေးယောက်ဖြစ်နေတော့ check-in အ၀င်မှာ နှစ်ယောက်တစ်တွဲစီ ထိုင်ခုံပေးဖို့ ပြောလိုက်တာ ဟိုဘက်ဒီဘက် emergency exit နှစ်ဖက်ရဲ့ရှေ့တည့်တည့်ထိုင်ခုံမှာ ကျသွားလို့ လေးယောက်သား တစ်လမ်းလုံး မတ်မတ်ကြီးစီးပြီး လိုက်ပါခဲ့ရပါတယ်။ အရင်က တစ်ခါမှ emergency exit seat မှာ မထိုင်ဖူးပါဘူး။ ဒါပေမယ့် နှစ်ယောက်တစ်တွဲစီ စကားတပြောပြောနဲ့ လိုက်ပါခဲ့ကြတာမို့ သုံးနာရီနီးပါး ခရီးစဉ်က အကုန်မြန်သွားပါတယ်။ တစ်ယောက်ထဲသာဆို နေရာကျယ်ပေမယ့် သက်တောင့်သက်သာမရှိတဲ့ ခုံမတ်မတ်မှာ စကားပြောဖော်မရှိဘဲ စီးရမှာ ပျင်းရိငြီးငွေ့စရာ သိပ်ကောင်းမှာပဲလို့ ထင်မိပါတယ်။ အပြန်ခရီးမှာ အေးအေးလူလူ နောက်မှီချပြီး စီးရတော့မယ်ထင်တာ…. တိုက်တိုက်ဆိုင်ဆိုင် အရေးပေါ်ထွက်ပေါက်နားက ခုံမှာပဲ ရပြန်ပါတယ်။ ဒီတစ်ခါလည်း သူငယ်ချင်းနဲ့ စကားတပြောပြော လိုက်ပါသွားတာမို့ ခံသာသွားပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ လေယာဉ်အတူတူ စီးခွင့်ရတာကြောင့်ရော၊ အသွားရောအပြန်ပါ အရေးပေါ် ထွက်ပေါက်ကပ်လျက် ထိုင်ခုံမှာကျတာကြောင့်ရော ဇွန်ကြုံဖူးသမျှ စင်္ကာပူ-ရန်ကုန် ဝေဟင်ခရီးစဉ်တွေထဲမှာ ၂၀၁၁ မတ်လခရီးက တကယ့်ကို အမှတ်တရဖြစ်ခဲ့ပါတယ်။

ဇွန်က ခရီးသွားရတာ၊ လေယာဉ်စီးရတာတွေ ကြိုက်ပါတယ်။ ခရီးသွားတဲ့ အခိုက်အတန့်မှာ တွေ့ရတဲ့ စရိုက်ကိုယ်စီနဲ့လူတွေ၊ လေကြောင်းလိုင်းတွေရဲ့ ၀န်ဆောင်မှုပေးပုံတွေကို စိတ်ဝင်စားပါတယ်။ အခုချိန်ထိ ဇွန်စီးဖူးသမျှ လေကြောင်းလိုင်းထဲမှာ တော်ဝင်ဒတ်ခ်ျလေကြောင်းလိုင်း (KLM–Royal Dutch Airlines) ကို သဘောအကျဆုံးပါပဲ။ အစားအသောက်၊ ၀န်ဆောင်မှု အားလုံးကောင်းပါတယ်။ ၂၀၀၄ခုနှစ် မေလမှာ ပြင်သစ်လေကြောင်းလိုင်းနဲ့ အကျိုးတူ ပူပေါင်းပျံသန်းပြီးတဲ့နောက် Air France–KLM ရယ်လို့လည်း ခေါ်တွင်ပါတယ်။ 

လေယာဉ်အကြာကြီးစီးရတဲ့ ခရီးရှည်တွေ မသွားဖြစ်တာ ကြာပါပြီ။ နောက်တစ်ခါ ဝေဟင်ခရီးရှည် သွားခွင့်ကြုံတဲ့အခါ၊ အမှတ်တရလေးတွေ ကြုံကြိုက်တဲ့အခါ ခုလိုပဲ စာစုလေးအဖြစ် ချရေးမိဦးမယ် ထင်ပါတယ်။


ဇွန်မိုးစက်

ဝေဟင်ပေါ်က အမှတ်တရများ

7

Category: ,

(၁)
ဇွန်ပထမဆုံးလေယာဉ်ပျံ စစီးဖူးတာ အသက် ၉နှစ်လောက်မှာပေါ့။ မေမေမပါဘဲ ဖေဖေရယ်၊မောင်လေးရယ်၊ ဇွန်တို့ သုံးယောက် ရန်ကုန်ကနေ စစ်တွေကို ဖော်ကာဂျက်လေယာဉ်ကြီးစီးပြီး သွားကြတာ။ လေယာဉ်ပေါ်မှာ ရေခဲရေနဲ့ဆွတ်ပြီးလိပ်ထားတဲ့ မျက်နှာသုပ်ပ၀ါအစမျိုးနဲ့ လက်ကိုင်ပ၀ါ လိမ္မော်ရောင် ထူထူကြီးတွေကို လေယာဉ်မယ်တွေက ဗန်းထဲထည့်ပြီး ခရီးသည်တွေကို လိုက်ပေးတာ မှတ်မိတယ်။ ဖေဖေက အဲဒီ့လက်သုပ်ပ၀ါနဲ့ မျက်နှာနဲ့ လည်ပင်းကိုသုပ်တယ်။ ဇွန်က ကိုင်ကြည့်ပြီး အေးအေးကြီးမို့ မသုတ်တော့ဘူး။ ဒါပေမဲ့ ယူထားလိုက်မယ်လို့ စိတ်ကူးတယ်။ သိပ်မကြာပါဘူး… စောစောက လေယာဉ်မယ်က ဗန်းကိုင်ပြီး အဲဒီ့လက်သုပ်ပ၀ါတွေ ပြန်ယူတယ်။ ဇွန်က အပိုင်ပေးတယ်မှတ်လို့ သိမ်းထားမလို့ဟာကို သူက ပြန်ယူတော့ စိတ်ထဲမှာ သိပ်မကျေမနပ်ဖြစ်ပေမယ့် ပြန်ပေးလိုက်ရတာပေါ့။ အသွားခရီးက ဘာမှသိပ်မခံစားလိုက်ရပေမယ့် အပြန်ခရီးမှာ ဂျက်လေယာဉ်ကြီးက သိမ့်သိမ့်တုန်အောင်ခါလိုက်တာ ဇွန်နဲ့မောင်လေး ကြောက်စိတ်တွေဝင်ပြီး တစ်ယောက်လက်တစ်ယောက် လှမ်းကိုင်ထားကြရတယ်။ စိတ်ထဲမှာ မေမေနဲ့ မတွေ့ရတော့ဘူးထင်ပြီး အတော်ဝမ်းနည်းသွားခဲ့တာ။ ဒါပေမယ့် ချောချောမောမောနဲ့ပဲ ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။ ဇွန်ရဲ့ ပထမဆုံးသော ဝေဟင်ခရီးစဉ်က ဂျက်လေယာဉ်ကြီးနဲ့အတူ အမှတ်တရ ရင်သိမ့်တုန်စရာ ကောင်းခဲ့ပါတယ်။

(၂)
အသက်နှစ်ဆယ်ကျော်စ စိတ်ကူးရည်မှန်းချက်တွေအပြည့်နဲ့ လေယာဉ်ပေါ်ကို တက်လာခဲ့တဲ့ ဇွန်ဟာ ဒီတစ်ခေါက်တော့ အဖော်မပါခဲ့ပါဘူး။ မေမေနဲ့မောင်လေးက ရန်ကုန်လေဆိပ်မှာကျန်ခဲ့ပြီး ဖေဖေက စင်္ကာပူလေဆိပ်ကနေ စောင့်ကြိုနေပါတယ်။ သုံးယောက်တွဲခုံမှာ ဘေးက မိန်းကလေးနှစ်ယောက်ကိုကြည့်လိုက်တော့ ကိုယ်နဲ့အသက်မတိမ်းမယိမ်းပါပဲ။ စကားစမြည်ပြောကြတော့ သူတို့လည်း ဇွန့်လိုပဲ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားခရီးသွားတာပါ။ တစ်ခုပဲ… သူတို့က ဇွန့်လို ကျောင်းတက်မှာ မဟုတ်ဘဲ အိမ်တွင်းမှုလုပ်ငန်းလုပ်မှာလို့ ဆိုပါတယ်။ သူ့ရဲ့ အလုပ်လုပ်ခွင့်ပါမစ်စာလည်း ထုတ်ပြပါတယ်။ ဇွန်လည်း ဖတ်သာကြည့်တာ သိပ်နားမလည်ဘူးလေ။ (နောက်မှ အဲ့ဒီစာဟာ  အိမ်ဖော်အတွက် အလုပ်လုပ်ခွင့်ချပေးတဲ့စာဆိုတာ စိတ်မကောင်းစွာနဲ့ သိရပါတယ်) ဇွန့်ကိုပြောပြတဲ့အချိန်မှာ သူတို့ကိုယ်တိုင်လည်း အိမ်ဖော်လုပ်ရမယ်ဆိုတာ သိပုံမပေါ်ပါဘူး။ လေဆိပ်ရောက်တော့ သူတို့ကို ပေးမ၀င်ဘဲ အင်မီဂရေးရှင်းအရာရှိတွေက သပ်သပ်ခေါ်သွားတာ တွေ့ရပါတယ်။ လေယာဉ်ပေါ်မှာတော့ ဇွန့်မျက်စိရှေ့မှာ လေယာဉ်မယ်ရဲ့ အစားအသောက်ဗန်းလေး နိုင်ငံခြားသား မျက်နှာဖြူရှေ့နားအရောက် မှောက်ကျသွားလို့ ကဗျာကယာ သန့်ရှင်းရေးလုပ်လိုက်တာကလွဲလို့ ထူးထူးခြားခြား အမှတ်တရ မရှိခဲ့ပါဘူး။ စိတ်ထဲမှာတော့… သြော်… တို့မြန်မာလေကြောင်းလိုင်းက လေယာဉ်မယ်တွေ သူများအထင်သေးစရာ ဖြစ်ကုန်တော့မှာပဲလို့ ပူပူပင်ပင်နဲ့ တွေးလိုက်မိတာ တစ်ခုပါပဲ။

(၃)
နောက်ကိုးလအကြာမှာ ဇွန့်ရဲ့ တတိယမြောက် လေယာဉ်ခရီးစဉ်နဲ့ ကြုံရပါတယ်။ အဲ့ဒီတစ်ခေါက်က ဝေဟင်ခရီးစဉ်ဟာ ဇွန့်ဘ၀မှာ အမှတ်ရဆုံးနဲ့ အပျော်ရွှင်ဆုံး ဖြစ်ခဲ့ပါတယ်။ တော်ဝင်ဒတ်ခ်ျအဲလိုင်းနဲ့ စင်္ကာပူချန်ဂီကနေ နယ်သာလန်နိုင်ငံ အမ်စတာဒမ်က စကီးဖူးလ်လေဆိပ်၊ အဲဒီ့ကနေမှ ယူကေနိုင်ငံဝေလပြည်နယ်က ကာဒစ်ဖ်မြို့ကို လေယာဉ်ပြောင်းပြီး ဆက်စီးသွားရတာပါ။ စင်္ကာပူနဲ့ အမ်စတာဒမ် လေယာဉ်စီးချိန် ၁၂နာရီလောက် ရှိပါတယ်။ ဒီတစ်ခါတော့ အတန်းဖော်သူငယ်ချင်းတစ်စုနဲ့ သွားတာဖြစ်လို့ မပျင်းရဘဲ အတော်အသင့် ပျော်စရာကောင်းပါတယ်။ အတော်အသင့်လို့ သုံးရတာက ကိုယ့်မြန်မာသူငယ်ချင်းအချင်းချင်းမဟုတ်ဘဲ လူမျိုးခြားအတန်းဖော်သူငယ်ချင်းတွေ ဖြစ်နေလို့ပါ။ ဆူရီရာနီ၊ အေမီနဲ့ ဇွန်တို့သုံးယောက်မှာ ကျန်တဲ့နှစ်ယောက်က လေယာဉ်တစ်ခါမှ မစီးဖူးပါဘူး။ ဇွန်တစ်ယောက်ပဲ ခပ်ကြွားကြွားလေသံဟစ်ပြီး ဒါ…ငါရဲ့ တတိယမြောက် လေယာဉ်စီးခရီး၊ ပထမဆုံး ခရီးစဉ်က ငါတို့နိုင်ငံတွင်းမှာပဲ စီးခဲ့တာလို့ ပြောခွင့်ရလိုက်တာကို အကျေနပ်ကြီး ကျေနပ်ခဲ့သေးတာပါ။ ပြောမယ့်သာပြောတာ ဇွန်လည်း သူတို့လိုပဲ ခရီးရှည်ကြီးကို လေယာဉ်အကြီးကြီးနဲ့ စစီးရမှာဆိုတော့ အနည်းနဲ့အများ စိတ်လှုပ်ရှားနေခဲ့တာပါပဲ။

လေယာဉ်ပေါ်ရောက်တော့ လေယာဉ်စီးဖူးပါတယ်ဆိုတဲ့ ဇွန်တစ်ယောက်လည်း တောသားမြို့ရောက် ခံစားချက်မျိုးရသွားပါတယ်။ ဟယ်…လေယာဉ်ကြီးက အကြီးကြီးပဲ… ရုပ်ရှင်တွေထဲမှာ ပြပြနေတဲ့ ဘိုးအင်းဆဲဗင်းဖိုးဆဲဗင်းဆိုတာ ဒီလိုလေယာဉ်မျိုးကို ခေါ်တာကိုး။ လျှောက်လမ်းနှစ်ခုနဲ့ တစ်တန်းမှာ လူဆယ်ယောက် ထိုင်လို့ရတာ။ ဘေးသုံးခုံစီနဲ့ အလယ်မှာလေးခုံရှိတယ်။ တီဗွီလည်းပါတယ်၊ သီချင်းလည်းနားထောင်လို့ရတယ်။ ဇွန်တို့သုံးယောက် စိတ်လှုပ်ရှားပျော်ရွှင်ပြီး ထိုင်ခုံနေရာယူပြီးတာနဲ့ ဟိုခလုပ်နှိပ်၊ ဒီခလုပ်စမ်းနဲ့ အလုပ်ကို ရှုပ်သွားရော။ အဲ့ဒီအချိန်တုန်းက Shakira ရဲ့ Whenever Wherever သီချင်းခေတ်စားနေတော့ အေမီနဲ့ဇွန်နှစ်ယောက် ရေဒီယိုလိုင်းတစ်ခုကနေ အဲဒီ့သီချင်းလာနေလို့ နားကြပ်ကောက်တပ်ပြီး နားထောင်ရတာအမော။ ဒါတောင် အဲ့ဒီလေယာဉ်မှာ တီဗွီက တစ်ခုံချင်းမှာပါတာ မဟုတ်သေးပါဘူး၊ လေးတန်းတစ်တွဲကို တစ်လုံးစီရှိပေမယ့် ဇွန်တို့က အလယ်ရှေ့နားရောက်တော့ နဲနဲမော့ကြည့်ရတာနဲ့ သိပ်အကြာကြီး မကြည့်ဖြစ်လိုက်ပါဘူး။ ဟယ်ရီပေါ်တာ တစ်ကားလောက်ပဲ ကြည့်ဖြစ်ပါတယ်။ တစ်ညလုံးစီးရတာဆိုတော့ အိပ်လိုက်နိုးလိုက်၊ အစားစားလိုက်နဲ့ ရောက်သွားတာပါပဲ။

လေယာဉ်ထွက်ပြီး သိပ်မကြာခင် snack နဲ့ ဖျော်ရည်တွေ serve လုပ်ပါတယ်။ အဲဒီ့မှာ အမှတ်ရစရာတစ်ခု ကြုံကြိုက်ပါတယ်။ ချောချောလှလှ ထောင်ထောင်မောင်းမောင်း လေယာဉ်မယ်တစ်ယောက် ဇွန်တို့နား ရောက်လာပြီး ဘာသောက်မလဲမေးတယ်။ ကျန်တဲ့နှစ်ယောက်က ရေနဲ့လိမ္မော်ရည်တောင်းပြီး၊ ကိုယ်ကြိုက်တာ ဘာမဆို မှာလို့ရတယ်လို့ထင်နေတဲ့ ဇွန်က နွားနို့ ‘milk’ လို့ပြောလိုက်တယ်။ ဒါကို လေယာဉ်မယ်က အမှတ်မှားပြီး ဘီယာလို့ကြားတယ်။ သူ့ကြည့်ရတာလည်း အံ့သြသွားပုံပဲ။ သူက ထပ်မေးတယ်၊ ဇွန်လည်း နောက်တစ်ခေါက်ပြန်ပြောတယ်။ milk နဲ့ beer အသံထွက်ချင်းကွာတဲ့ဟာကို သူ့နားက ဘယ်လိုဖြစ်လို့ ဘီယာပဲ ကြားကြားနေလဲ မသိပါဘူး။ ဇွန့်သူငယ်ချင်းဝင်ပြောမှ သူကရယ်ပြီး နွားနို့မရတဲ့အကြောင်း ပြောပြတယ်။ ဇွန်လည်း နဲနဲတော့ရှက်သလိုလိုဖြစ်သွားတယ်။ ဒါနဲ့ လိမ္မော်ရည်ပဲ မှာလိုက်တယ်။ အဲဒီ့တုန်းက သောက်ခဲ့ရတဲ့ လိမ္မော်ရည်က ကောင်းလွန်းလို့ စင်္ကာပူပြန်ရောက်တော့ NTUC မှာ အဲ့ဒီ့တံဆိပ်မျိုးလိုက်ရှာပြီး သောက်ချင်တဲ့အထိဖြစ်သွားတာ။ နောက်ပိုင်း လေယာဉ်စီးတဲ့အခါ ဘာသောက်မလဲမေးရင် လိမ္မော်ရည်ပဲပေးပါလို့ ပြောတဲ့အကျင့်တောင် ပါသွားတယ်။

ဇွန်တို့ထဲမှာ ဆူရီရာနီက အစ္စလာမ်ဘာသာဝင်မို့ သူ့အတွက် ညစာကို အရင်သပ်သပ် လာပေးပါတယ်။ သူ့ညစာကို ဒီဘက်က ဇွန်နဲ့အေမီက မျက်စိကျပြီး ဇွန်တို့ညစာကို သူကပြန်သဘောကျတဲ့ အခြေအနေဖြစ်သွားသေးတယ်။ လဲပြီးမှ စားလို့မရတာ… ဘယ်တတ်နိုင်မလဲနော်။ စားပြီးသောက်ပြီး တီဗွီကြည့်၊ သီချင်းနားထောင်၊ စောင်ခြုံပြီး အိပ်ကြတယ်။ ညလယ်လောက်ရောက်တော့ မီးတွေပွင့်လာပြီး ညစာတစ်ခါ လိုက်ကျွေးတယ်။ မစားချင်တဲ့ ခရီးသည်တွေက ဆက်အိပ်နေပြီး ဇွန့်လို ဗိုက်ဆာတတ်တဲ့သူတွေက ခေါင်းထောင်ကြည့်ပြီး ကိုယ်ကိုခပ်မတ်မတ်အနေအထားပြင်လို့ အစားစားဖို့ အဆင်သင့်အနေအထားနဲ့ စောင့်နေတာပေါ့။

အလဲ့… ဒီတစ်ခါ serve လုပ်တဲ့သူက မျက်နှာချိုချိုနဲ့ လေယာဉ်မောင်ချောချောလေးတစ်ယောက်ပါလား။ ဇွန်တို့နား မရောက်ခင်ကတည်းက သူ့လက်ထဲက ခေါက်ဆွဲဗူးကိုမြင်တော့ အရမ်းစားချင်သွားတယ်။ ဟိုနှစ်ယောက်ကတော့ လုံးဝကို မထကြဘူး။ လေယာဉ်မောင်လေးရောက်အလာကို ဇွန်ပြုံးပြီး စောင့်နေလိုက်တယ်။ သူက ဘာစားမလဲမေးတော့ သူ့လက်ထဲက တစ်ခုတည်းသော ခေါက်ဆွဲဗူးကို လက်ညှိုးထိုးပြီး ခေါက်ဆွဲပဲစားမယ်လို့ ပြောလိုက်တယ်။ သူက မင်းသိပ်ကံကောင်းတယ်၊ ခေါက်ဆွဲဗူးက တစ်ဗူးထဲကျန်တော့တာလို့ပြောပြီး ရေနွေးထည့်ပေးပြီး ဇွန့်ကို သေသေချာချာ ကမ်းပေးတယ်။ မင်းသူငယ်ချင်းတွေ အိပ်နေတုန်းနော်တဲ့။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်တယ်။ အင်း… သူတို့နှစ်ယောက်တော့ လေယာဉ်မောင်ချောချောလေးကျွေးတဲ့ ခေါက်ဆွဲဗူးမစားလိုက်ရရှာဘူး၊ ငါ့လောက်ကံမကောင်းပါလားလို့ စိတ်ထဲကတွေးပြီး ကြိတ်ပြုံးလိုက်တယ်။ အဲ့ဒီခေါက်ဆွဲဗူးလေးက သိပ်အရသာရှိလို့ တကယ့်ကို အမှတ်တရပါပဲ။

ဇွန်တို့သုံးယောက်ထိုင်ရတဲ့နေရာဘေးနဲ့ ရှေ့နောက်ပတ်လည်မှာ ကလေးပါတဲ့ မိသားစုတွေ များတယ်။ ညဦးပိုင်းမှာတော့ ကလေးသံတွေ ဟိုနားဒီနားက ကြားရပေမယ့် တစ်ညလုံး အေးအေးဆေးဆေးရှိလို့ တော်သေးတယ်။ ဇွန်တို့နောက်မှာ ကလေးလေးတစ်ယောက်ပါတဲ့ မိသားစုသုံးယောက်ထိုင်တယ်။ မနက်ရောက်တော့ အဲဒီ့ကလေးက သူ့ခြေထောက်နဲ့ ရှေ့က ဇွန်တို့ခုံကို ဆောင့်ဆောင့်ပြီးကန်တာ။ အတော်လည်း ဆော့တယ်။ သူ့အနေနဲ့လည်း ကလေးဆိုတော့ လေယာဉ်အကြာကြီးစီးရတာ ငြီးငွေ့ရှာမှာပေါ့။ အေမီနဲ့သူ့ခုံက တစ်တန်းတည်းဆိုတော့ အေမီ့ခမျာ သူ့ကန်ချက်ကို  တော်တော်သည်းခံလိုက်တာ။ သူ့အဖေနဲ့အမေက ကလေးကို ပြောလည်းမရဘူး၊ ခဏပဲ။ တော်တော်ကြာတော့မှ ရပ်သွားတယ်။ တစ်ခြားကြောင့်တော့ မဟုတ်ဘူး၊ လေယာဉ်ပေါ်မှာ အညောင်းအညာဖြေဖို့ ကိုယ်လက်လေ့ကျင့်ခန်းကို မစ္စတာဘင်းက သူ့မျက်နှာပြောင်ပြောင်နဲ့ လုပ်ပြတာကို ကလေးက သဘောကျလို့ တဟားဟားအော်ရယ်ပြီး တီဗွီကို အာရုံရောက်သွားတာ။ တော်သေးတယ်… မစ္စတာဘင်း ကယ်ပေလို့သာပဲ။ လေယာဉ်မဆင်းခင် နာရီဝက်လောက်မှာ လေယာဉ်မယ်တစ်ယောက်က လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေကို နယ်သာလန်နိုင်ငံနောက်ခံပို့စကတ်နဲ့ သကြားလုံးလေးတွေ လိုက်ဝေတယ်။ အမ်စတာဒမ်က ပြတိုက်တစ်ခုအတွက် ၀င်ကြေးပေးစရာမလိုတဲ့ ၀င်ခွင့်လက်မှတ်တစ်ခုလည်း ပေးလိုက်တယ်။ ကလေးတွေကျတော့ လှလှပပထုပ်ပိုးထားတဲ့ လက်ဆောင်ထုပ်လေးတွေ လိုက်ပေးတယ်။ အဲဒါကို မြင်လိုက်တဲ့ ဇွန်တစ်ယောက် လက်ဆောင်လိုချင်လို့ ကလေးပြန်ဖြစ်ချင်စိတ် ပေါ်သွားသေးတယ်။

လက်ဆောင်မရလို့ ရတာယူလိုက်သလား ထင်ရအောင်ပဲ လေယာဉ်ဆင်းခါနီးကျတော့ ဆူရီရာက ငါတို့ ဒါလေးတွေကို အမှတ်တရ ယူသွားကြရအောင်ဆိုပြီး ခြုံစောင်လေးကိုခေါက်ပြီး သူ့ကျောပိုးအိတ်ထဲ ထည့်တယ်။ ဇွန်လည်း အစက မယူဘဲ နေမလို့ဘဲ။ လေယာဉ်ပေါ်ကပစ္စည်း မယူကောင်းဘူးဆိုတာ သိတယ်လေ။ အေမီ့ကိုကြည့်လိုက်ပြန်တော့ သူကလည်း ကျကျနနခေါက်ပြီး အိတ်ထဲထည့်ဖို့ ပြင်နေပြီ။ သူကလည်း အားပေးတယ်၊ အမှတ်တရပဲ ယူလိုက်ပါ၊ ငါတို့တစ်ယောက်တစ်ခုပေါ့တဲ့။ အဖော်ကောင်းတာနဲ့ ဇွန်လည်း စောင်ကို ခပ်မြန်မြန်ခေါက်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်။ စောင်လေးက အပြာရောင်အစင်းကျားလေး… လှလှပါးပါးလေးနဲ့နွေးနွေးလေးဆိုတော့ သဘောကျတာလည်းပါတာပေါ့လေ။ လေယာဉ်ဆိုက်လို့ အားလုံးအထမှာ နောက်တန်းက အဆော့သန်တဲ့ကလေးနဲ့ မိသားစုကို သုံးယောက်လုံး မတိုင်ပင်ဘဲ လှည့်ကြည့်မိတယ်။ အားပါးပါး… ဒတ်ခ်ျလူမျိုးကလေးလေးရဲ့အဖေနဲ့အမေက ချောလိုက်တာလို့ တညီတညွတ်တည်း မှတ်ချက်ချမိသွားတယ်။ ဇွန်တို့သုံးယောက်လုံး သူတို့မိသားစုကိုကြည့်ပြီး နောက်ကနေ လိုက်သွားကြတာ ကလေးလေး ဆော့ခဲ့ဆိုးခဲ့တာတောင် မေ့သွားတယ်။ ဒီလိုနဲ့ မနက်၎နာရီခွဲ ဝေလီဝေလင်းမှာ ဥရောပမြေကို ပထမဆုံးအကြိမ် ခြေချခွင့်ရလိုက်ပါတယ်။

---------------------------------------------------------------------------------------------------------------------------------
ဆက်လက်ဖော်ပြပါမည်။


ဇွန်မိုးစက်

ငယ်ငယ်တုန်းက သူငယ်ချင်း

4

Category: ,

တစ်နေ့က မျက်နှာစာအုပ်ပေါ်မှာ ငယ်ငယ်က အတန်းတူခဲ့ဖူးသော အတန်းဖော်သူငယ်ချင်းတစ်ယောက်နှင့် အမှတ်မထင် ပြန်ဆုံမိကြသည်။ သူလည်း ကိုယ့်ကိုသိပ်မမှတ်မိ၊ ကိုယ်လည်း သူ့ကို သိပ်မသိပေမယ့် အတန်းလိုက်ရိုက်ထားသော ဓာတ်ပုံဟောင်းတွေမှတစ်ဆင့် နှုတ်ဆက်စကားပြောဖြစ်ကြသည်။ သူက လေးတန်းအထိသာ လသာ၂မှာ နေခဲ့ပြီး နောက်ပိုင်းကျောင်းပြောင်းသွားသူဖြစ်သည်။ ကိုယ်ကျောင်းစနေချိန်မှစ၍ အစောဆုံး ရင်းနှီးခင်မင်ခဲ့ဖူးသော ငယ်သူငယ်ချင်းများထဲမှ လေးတန်းအောင်ပြီးနောက် ကျောင်းပြောင်းသွားသူ၊ နိုင်ငံရပ်ခြားသို့ မိသားစုလိုက် ရွှေ့ပြောင်းသွားသူ သူငယ်ချင်းအချို့ကို သတိရမိသည်။

ကိုယ့်ဘ၀တွင် အမှတ်ရဆုံးသော ပထမဆုံး ကျောင်းနေဖက် ငယ်သူငယ်ချင်းနှစ်ယောက်ရှိခဲ့သည်။ “အေးနှင့်မြတ်”။ သူငယ်တန်းကနေ နှစ်တန်းအထိ တတွဲတွဲ မခွဲဘဲ တွဲခဲ့သော သူငယ်ချင်းသုံးယောက်လုံး၏ အမေများကလည်း သမီးများကြောင့် ခင်မင်ခဲ့ကြသည်။ အေးက နာမည်နှင့်လိုက်အောင် အေးသည်။ မြတ်က ၀၀လေးနှင့် ချစ်ဖို့ကောင်းသည်။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းအဖြစ် ကိုယ့်ကို မျက်လုံးပြုးပြုးနှင့် ကောင်မလေးလို့ လူကြီးများက ချစ်စနိုး ခေါ်ကြသည်။ သူငယ်တန်းတုန်းက ကိုယ်တို့တတွေ မုန့်ဈေးတန်းက သရက်သီးနှင့် လျက်ဆားဗူးလေးတွေ ၀ယ်စားပြီး ပန်းမမတွေ ဖြစ်ခဲ့ကြဖူးသည်ကို အမှတ်ရသည်။

တစ်တန်းတုန်းက အမှတ်မထင် မြတ်ရဲ့ ခဲတံက ကိုယ့်မျက်လုံးကို လာထိုးမိသည်။ အပေါ်ယံလျှပ်ထိသွားခြင်းဖြစ်၍ ဘာမှ မဖြစ်လိုက်ပေမယ့် ကိုယ်က သူတမင်လုပ်သည်ထင်၍ သူ့စာအုပ်ကို ဆွဲယူပြီး စာမျက်နှာပြည့် ခဲတံနှင့် ပြန်ခြစ်လိုက်သည်။ အဲသည်မှာ သူက စိတ်ဆိုးပြီး ဆရာမကို သွားတိုင်သည်။ ကိုယ်ကလည်း ကိုယ့်မျက်လုံးကို သူ့ခဲတံနှင့်ထိုးကြောင်း ဆရာမကို ပြန်ပြောသည်။ အလွန်အေး၍ သဘောကောင်းသော အတန်းပိုင်ဆရာမ ဒေါ်ခင်ခင်ဝင်းက ကိုယ်တို့နှစ်ယောက်လုံးကို မဆူမရိုက်ဘဲ သူငယ်ချင်းအချင်းချင်း ရန်မဖြစ်ဘဲ ချစ်ချစ်ခင်ခင်နေကြဖို့၊ မြတ်က ကိုယ့်ကို တမင်လုပ်တာမဟုတ်ဘဲ မတော်တဆ ထိမိတာဖြစ်လို့ ခွင့်လွှတ်ဖို့အကြောင်း လေသံအေးအေးဖြင့် ချော့မော့ပြောဆိုပြီး နေရာပြန်လွှတ်လိုက်သည်။ အရင်က ကိုယ်၊ မြတ်၊ အေး ယှဉ်ထိုင်ရာမှ ဆရာမဆီမှ ပြန်လာပြီးသောအခါ အေးကို အလည်မှာထားပြီး ထိုင်လိုက်ကြသည်။ ကိုယ်နဲ့မြတ်နှစ်ယောက်လုံး စကားမပြောကြ။ နေ့လည် မုန့်စားဆင်းချိန်အပြီးမှာ အေးက သူ့မှာ ပါလာသော ပန်းသီးနီနီတစ်လုံးကို သုံးယောက်အတူ စားကြရအောင်ဟုဆိုကာ သူအရင်တစ်ကိုက်ကိုက်ပြီး ကိုယ်တို့ နှစ်ယောက်ကို တစ်လှည့်စီ ပေးကိုက်သည်။ ပန်းသီးစားအပြီး ကိုယ်တို့သုံးယောက် အရင်အတိုင်း ပြန်ဖြစ်သွားသည်။ မြတ်နှင့် ကိုယ်လည်း နောက်ထပ် ရန်မဖြစ်ကြတော့။

တစ်ဦးတည်းသောသမီး မြတ်၏ဖေဖေက လေယာဉ်မှုး၊ သမီးသုံးယောက်မှာ (ထိုစဉ်က) အငယ်ဆုံးဖြစ်သော အေး၏ ဖေဖေက ဆရာဝန်ဖြစ်ပြီး အေး မေမေက သူနာပြု။ သူတို့နှစ်ယောက်လုံး၏အိမ်မှာ ကိုယ်တစ်လှည့်စီ သွားနေ၊ ဆော့ကစားဖူးသည်။ ကိုယ်အမှတ်မမှားဘူးဆိုလျှင် မြတ်အိမ်က ရွှေဘုံသာလမ်းရှိ တိုကျိုကြက်ကြော်ဆိုင် အပေါ်ထပ်က တိုက်ခန်းကျယ်မှာ။ သူ့အိမ်မှာ တစ်နေ့ခင်းလုံးဆော့ကစားပြီး မောမောနှင့် သူ့မေမေဖျော်တိုက်သော နို့မလိုင်ဖတ်များနှင့် စတော်ဘယ်ရီလက်ဖျော်ကို အားပါးတရ သောက်ခဲ့ကြသည်ကို ကိုယ်မမေ့ခဲ့။

အေး အိမ်က ၆မိုင်ခွဲက အင်းလေးရိပ်သာမှာ ရှိသည်။ အတန်းတင် စာမေးပွဲကြီးအပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကျရောက်သော အေး မွေးနေ့ကို သူငယ်ချင်းတွေ ခေါ်ပြီး သူ့အိမ်အကြီးကြီးမှာ တပျော်တပါး ကျင်းပကြသည်။ ကိုယ်က မေမေ၏ခွင့်ပြုချက်၊ အေး၏တောင်းဆိုချက်ဖြင့် သူ့အိမ်မှာ ၄၊ ၅ညလောက်အထိ အိပ်ပြီး ကျန်နေခဲ့သည်။ အေးအထက်က အစ်မနှစ်ယောက်သာမက အခြားဝမ်းကွဲအစ်မများလည်း ရှိသဖြင့် အေးတို့အိမ်သည် ကလေးတစ်သိုက်နှင့် ဆူညံပျော်ရွှင်စရာ ကောင်းသည်။ မြေအောက်ထပ်ရှိ ကွယ်လွန်သွားပြီဖြစ်သော အေးအဖိုး၏ အခန်းထဲက စပရိန်မွေ့ယာပေါ်တက်ပြီး ခုန်ကြသည်။ ခြံနောက်ဘက်ရှိ မှို့ပင်များက မှို့သီးများကို သွားခူးပြီး ကစားကြသည်။ ခြံထွက်ပိန္နဲသီးစားပြီး အေးတစ်ယောက် ဗိုက်နာ၍ အိမ်သာတက်သည်ကို ကိုယ်က စောင့်ပေးရသည်။ ခြံရှေ့က ဒန်းပေါ်အတူစီးပြီး အနားမှာရှိသော အပင်ကသီးသော လိမ္မော်သီးသေးသေးကလေးများကိုလည်း ဆွတ်ယူစားခဲ့ကြသေးသည်။ မှတ်မှတ်ရရ ကိုယ်သွားနေသော အဲဒီ့အချိန်ကာလလေးအတွင်း အေးမေမေမှာ ကိုယ်ဝန်ရှိကြောင်း သိခဲ့တာဖြစ်သည်။ အေးက သူအငယ်ဆုံး မဟုတ်တော့ဘူးဆိုတာ သိပေမယ့် ပျော်သည်။ မိန်းကလေးတွေချည်းဖြစ်သော သူတို့မိသားစုက ကိုယ့်လိုပဲ မောင်လေးတစ်ယောက် လိုချင်နေကြတာဖြစ်သည်။ ဒါပေမဲ့ အေးတစ်ယောက် မောင်လေးအစား ညီမလေးတစ်ယောက် ထပ်ရသွားသည်။

သုံးတန်းရောက်တော့ ကိုယ်တို့ တစ်ယောက်တစ်ခန်းစီ ကွဲသွားသည်။ ကိုယ်တို့အားလုံးထဲမှာ အတော်ဆုံးဖြစ်သော အေးက အေတန်းမှာ ဆက်လက်ရှိနေခဲ့ပြီး ကိုယ်နှင့်မြတ်က ဘီနှင့်စီ ရောက်သွားသည်။ လေးတန်းမှာ ကိုယ် အေခန်းပြန်ရောက်ပေမယ့် မြတ်က ဘီတန်းမှာ ကျန်ခဲ့သည်။ အေးက အခြားသူငယ်ချင်းတစ်ယောက်နှင့် ခင်မင်နေခဲ့ပြီ။ စာစီစာကုံးမှာ အခင်ဆုံးသူငယ်ချင်းအကြောင်းရေးပါဆိုတော့ အေးအကြောင်းပဲ ကိုယ်ရေးလိုက်သည်။ လေးတန်းနှစ် မပြီးသေးခင်မှာပင် အေးဖေဖေက တောင်ကြီးသို့ ဆေးရုံအုပ်အဖြစ် ပြောင်းပာင်းရွှေ့တာဝန်ထမ်းဆောင်ရတော့
 အေးတို့မိသားစုလည်း လိုက်ပြောင်းသွားသည်။ မြတ်နှင့်လည်း အတန်းမတူတော့သောကြောင့် အရင်ကလောက် မတွဲဖြစ်တော့။ မြတ်လည်း ကိုယ့်ထက်ပိုခင်ရမယ့်သူ ရှိသွားခဲ့ပြီ။

ခုနစ်တန်းနှစ်မှာ မြတ်တို့မိသားစု နိုင်ငံရပ်ခြားသို့  ပြောင်းရွှေ့ထွက်ခွာသွားသည်။ အေးဖေဖေက စ၀်စံထွန်းဆေးရုံမှာ တာဝန်ထမ်းဆောင်နေစဉ် ရုတ်တရက် ကွယ်လွန်သွား၍ အေးမေမေနှင့် အေးတို့ ညီအစ်မလေးယောက် ရန်ကုန်ကို ပြန်ပြောင်းလာပြီဆိုသည့်သတင်းကြားတော့ ကိုယ်ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဒါပေမဲ့ ကိုယ်မျှော်လင့်ထားသလို သူတို့ညီအစ်မတတွေ လသာ၂ ကို ပြန်ရွှေ့မလာဖြစ်ဘဲ ဒဂုံ-၁ မှာပဲ ဆက်တက်ဖြစ်သွားသည်။ ကိုးတန်းရောက်မှ ကျူရှင်အတူတက်သော ဒဂုံ-၁ မှ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် အေးနှင့် စာအဆက်အသွယ် ပြန်ရသည်။ သူ ဒုတိယနှစ် ဆေးကျောင်းတက်နေချိန် ကိုယ်နှင့် ဘီစီမှာ တစ်ခါချိန်းပြီး တွေ့ကြသည်။ ပြင်ပြင်ဆင်ဆင်နှင့် လှပသွက်လက်နေသော အေးနှင့်ကိုယ် ၁၀နှစ်ကြာပြီးမှ ပြန်တွေ့ရခြင်းဖြစ်သည်။ မြတ်နှင့်တော့ လုံးဝအဆက်အသွယ် ပြတ်သွားခဲ့သည်မှာ ယနေ့တိုင်။ 

ကိုယ်အဝေးရောက်သွားပေမယ့် အေးနှင့် စာအဆက်အသွယ် မပြတ်ခဲ့။ ကိုယ်ကျောင်းအပြီး မြန်မာပြည်ပြန်သွားတော့ အေးနှင့်တစ်ခေါက်ထပ်တွေ့ပြီး သူ့အိမ်မှာ တစ်ညလိုက်အိပ်ဖြစ်သည်။  အယ်လ်ဘမ်တွေထုတ်ကြည့်ရင်း ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောင်းပြောကြသည်။ နောက်တစ်နှစ်အကြာမှာ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပပြုလုပ်သော သူ့မင်္ဂလာပွဲကို ကိုယ်တက်ရောက်ခဲ့သည်။ ခုတော့ အေးသည် ရောဂါဗေဒအထူးပြု ဆရာဝန်မကြီးအဖြစ်နှင့် သားတစ်ယောက် မိခင်ဘ၀ကို ပိုင်ဆိုင်နေခဲ့ပြီ။ 

အေးနှင့်မြတ်တို့နောက်ပိုင်း ကိုယ်ခင်မင်ခဲ့ဖူးသော ငယ်သူငယ်ချင်းတွေ ရှိပါသေးသည်။  လေးတန်းနှင့်ငါးတန်းမှာ “တင်” နှင့် “ချော” ဟူသော သူငယ်ချင်းနှစ်ယောက်ထပ်မံရရှိခဲ့သော်လည်း ငါးတန်းအရောက်မှာ တင်က စင်္ကာပူသို့ မိသားစုလိုက် ထွက်ခွာသွားခဲ့ရာမှ သူနှင့်လည်း အဆက်အသွယ် ပြတ်သွားခဲ့သည်။ ကျန်ခဲ့သော ကိုယ်နှင့်ချော အတော်လေး ခင်လိုက်သေးသည်။ ချောက ကိုယ့်မွေးနေ့မှာ ကိုယ့်အိမ်လိုက်ပြီး ၃ရက်လောက် အတူနေ၊ ကစား၊ စာအုပ်တွေဖတ်ကြသည်။ ကိုယ်လည်း သူ့အိမ်မှာ လိုက်အိပ်ဖူးသည်။ ချောအထက်မှာ အစ်မချောချောသုံးယောက်ရှိပြီး ချောက အငယ်ဆုံး။ ခုနစ်တန်းနှစ်မှာ ချော အချစ်တော်ထားသည့်ကိစ္စနှင့် ပတ်သက်ကာ ကိုယ်နှင့်သူ သဘောထားချင်း ကွဲလွဲပြီးနောက်ပိုင်း သိပ်မခေါ်ပြောဖြစ်တော့။ ချောလည်းပဲ ဆေးကျောင်းတက်ခွင့်ရသည်။ ငယ်ငယ်က အလွန်စိတ်ကူးယဉ်တတ်သော ချောသည် ပထမအိမ်ထောင်နှင့် အဆင်မပြေ၍လမ်းခွဲလိုက်ပြီး ဒုတိယ အိမ်ထောင်ထပ်ပြုကာ အန်ဂျီအိုအဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေကြောင်း ကိုယ်ကြားသိလိုက်ရသည်။

ကိုယ့်ဘ၀တွင် ခင်မင်ရသော သူငယ်ချင်းများ အမြောက်အမြားရှိခဲ့ပါသည်။ ထိုအထဲမှာမှ အေးနှင့်မြတ်သည် ကိုယ့်အတွက် အဦးဆုံးခင်မင်ရင်းနှီးခဲ့သော ငယ်သူငယ်ချင်းနှစ်ဦးဖြစ်ပြီး သူတို့နှင့်ပတ်သက်သော အကြောင်းအရာများသည် ကိုယ့်မှတ်ဉာဏ်ထဲမှာ ယခုတိုင်အောင် ရှိနေဆဲဖြစ်သည်။ အချိန်တွေကုန်လွန်ခဲ့ပြီး ကွဲပြားခြားနားသော နေရာဌာနတွေမှာ  ဘ၀ကိုယ်စီဖြင့် အသီးသီး ရပ်တည်ရှင်သန်နေကြပြီဖြစ်သော်လည်း ကိုယ်ငယ်ငယ်က ရင်းနှီးဖြူစင်စွာ ခင်မင်ခဲ့ရသော သူငယ်ချင်းများကို အခုထက်တိုင် သတိတရရှိနေဆဲပင်...။

 ဇွန်မိုးစက်

ကြက်သွန်မြိတ်ကြားက ချစ်သူ တဲ့

3

Category:

တကယ်တော့ မွေးနေ့ပြီးသွားတာ တစ်လလောက်ရှိပါပြီ။ မွေးနေ့အမှတ်တရပို့စ် တစ်ခုခုတင်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် ဇွန်လတစ်လလုံး အလွန်မအားမလပ်ဖြစ်နေခဲ့တော့ “တစ်ပါးသီလ” ပို့စ်တစ်ပုဒ်ကလွဲလို့ ဘာမှ ထပ်မတင်လိုက်နိုင်ပါဘူး။ 

ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ.... ဇွန့်ကို ချစ်တဲ့သူ၊ ဇွန်က ချစ်တဲ့သူတစ်ယောက်က ဒီပို့စ်လေးနဲ့ အမှတ်တရ မွေးနေ့လက်ဆောင် ဒီကနေ့ညမှ ပေးလာပါတယ်။ ပို့စ်အသစ်လည်း မတင်ဖြစ်သေးတာနဲ့ အမှတ်တရလည်းဖြစ်အောင် သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတူလေးနဲ့စာကို ပြန်ညွှန်းလိုက်ပါတယ်။ အချစ်ဆုံးသူငယ်ချင်း ညိုလေးနေ ရဲ့ ကြက်သွန်မြိတ်ကြားက ချစ်သူ ဖတ်ပြီး ဇွန်မိုးစက်တစ်ယောက် ပြုံးပြုံးကြီးနဲ့ ကျေနပ်ပျော်ရွှင်လို့။ :))