ဖေဖေသင်္ဘောသား

7

Category: ,

ကျွန်မ ဒီလိုခေါင်းစဉ်လိုက်လျှင် စာဖတ်သူတွေက အင်္ကျီဖြူဖြူ၊ ကပ္ပတိန်ဦးထုပ်ဖြူဆောင်းထားသော အသက် ၆၀ခန့် ယောက်ျားတစ်ယောက်ကို မြင်ယောင်မိလေမလား၊ ဒါမှမဟုတ် အဖေသင်္ဘောသားအကြောင်း ကြွားဝါသည့် စာတစ်ပုဒ်များ ဖြစ်နေလေမလားဟူသော  အတွေးမျိုးလည်း ၀င်သွားနိုင်ပါသည်။ တကယ်တမ်းတော့ ဖေဖေသည် အင်္ကျီဖြူဝတ်၊ ဦးထုပ်ဖြူဆောင်းသည့် သင်္ဘောသားအခေါ် ဒက်ဘက်မှ ကပ္ပတိန်တစ်ဦး မဟုတ်ဘဲ စက်ဘက်မှ သင်္ဘောအင်ဂျင်နီယာ (သူတို့အခေါ် စက်ချုပ်) တစ်ဦးသာ ဖြစ်ပါသည်။ ဖေဖေသည် ကျွန်မ မမွေးခင်ကတည်းက မြန်မာပြည်ရှိ အစိုးရပိုင် ရေနံသယ်ယူပို့ဆောင်ရေး (အတိုကောက်အခေါ် ပီအိုင်စီ) သင်္ဘောများပေါ်မှာ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဝန်ထမ်းအဖြစ် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ဖေဖေသင်္ဘောသားဟူသော ခေါင်းစဉ်အောက်မှာ ကျွန်မရေးချင်သည်က အဖေသင်္ဘောလိုက်ခဲ့သော အတွေ့အကြုံမဟုတ်ဘဲ အဖေ့သမီး တစ်ယောက်အနေနှင့် တစ်စိတ်တစ်ပိုင်း ပါဝင်ဖြတ်သန်းခဲ့ရသော အမှတ်တရ အကြောင်းရာတွေသာ ဖြစ်သည်။

ဖေဖေသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အထက်အောက်စုန်ဆန်နေသော ပြည်တွင်းပိုင်သင်္ဘောတွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တစ်လမှ တစ်ကြိမ်လောက်သာ အိမ်ပြန်ခွင့် ရခဲ့ပုံပေါ်သည်။ တစ်ခါပြန်လာလျှင်လည်း ၃ရက်လောက်သာ မိသားစုနှင့်အတူနေပြီး သင်္ဘောပြန်တက်သွားရသည်။ ရှားရှားပါးပါး အချို့လများတွင်သာ ဆယ်ရက်နှစ်ပတ်လောက် အိမ်မှာနေခွင့်ကြုံသည်။ ပြီးလျှင် သင်္ဘောပြန်တက်သွားရပြန်သည်။ ဒါကြောင့်ပင် ကျွန်မတို့မောင်နှမနှစ်ယောက်လုံး အဖေနှင့် ရင်းရင်းနှီးနှီး သိပ်မရှိခဲ့ဘဲ အနေနီးသော အမေ့ကိုသာ ပိုမိုတွယ်တာခဲ့ရခြင်းဖြစ်သည်။

ဖေဖေတို့သင်္ဘော အထက်အညာသို့ ဆန်တက်သွားပြီး ပြန်လာသည့်အခါတိုင်း ပါလာသောမုန့်တွေက ကျွန်မသိပ်ကြိုက်သော မလိုင်လုံး၊ မြေပဲလိပ်၊ ဇိမ်တံဆိပ်ဂျင်းဇီးပြား စတာတွေဖြစ်သည်။ ပုဂံ၊ ညောင်ဦးက ပုံးရည်ကြီးထုပ်တွေလည်း ပါလာတတ်သေးသည်။ ဧရာဝတီတိုင်းဘက်သွားလျှင်တော့ ၄ပေအရွယ်ရှိ ဘိုကလေးမီးသွေးခြင်းရှည်ရှည်တွေ ပါလာလေ့ရှိသည်။ များသောအားဖြင့် ဖေဖေပါလာသော ပုံးရည်ကြီးထုပ်နှင့် မီးသွေးခြင်းများကို မေမေက အိမ်နီးချင်းများသို့ လက်ဆောင်ပေးလေ့ရှိသည်။ ကျွန်မ ၉နှစ်၊ ၁၀နှစ် သမီးအရွယ်လောက်ရောက်တော့ ကျွန်မသိပ်ကြိုက်သော၊ တစ်နိုင်ငံလုံးဟစ်ဖြစ်နေသော ဟေမာနေ၀င်း၏ “ခွင့်လွှတ်နော်” အခွေကို အညာက ပြန်ဝယ်လာပေးတာ မှတ်မိသည်။ ထူးအိမ်သင်၏ “နာရီပေါ်မှ မျက်ရည်စက်များ” အခွေကိုလည်း ဖေဖေသင်္ဘောခရီးတစ်ခုအပြန် နယ်မြို့တစ်မြို့မှ ၀ယ်လာခဲ့ခြင်းဖြစ်သည်။

ဖေဖေပြည်တွင်းသင်္ဘောလိုက်ခဲ့သောအချိန်များထဲမှ ကျွန်မအတွက် ယခုအချိန်အထိ အမှတ်ရဆုံး ဖြစ်ခဲ့သော အကြောင်းအရာတစ်ခုရှိသည်။ အဲဒါက ဖေဖေတာဝန်ထမ်းဆောင်သော သင်္ဘောပေါ်မှာ မေမေနှင့်ကျွန်မ ရက်ရှည်ခရီး အတူလိုက်ပါခွင့်ရခြင်းဖြစ်သည်။ အဲဒီတုန်းက မောင်လေးမမွေးသေးသဖြင့် ကျွန်မ အသက် ၃နှစ်ခွဲ ၄နှစ်လောက်သာ ရှိဦးမည်။ ရန်ကုန်မြစ်မှစတင်ကာ အထက်ဘက် (ရွှေစက်တော်ရာအထိဟုထင်သည်) ရောက်သည်အထိ သင်္ဘောဖြင့် ခရီးနှင်ခဲ့ရခြင်းသည် ကျွန်မအတွက် ထူးခြားပျော်ရွှင်သော အတွေ့အကြုံဖြစ်ခဲ့သည်။ သင်္ဘောပေါ်မှာ ဖေဖေ့သူငယ်ချင်း စားဖိုမှူးကြီးက မေမေနှင့်ကျွန်မ စားချင်သော ဟင်းများကို ဦးစားပေးပြီး လက်စွမ်းပြ ချက်ကျွေးခဲ့သည်။ သင်္ဘောပေါ်က အသက်ကယ်လှေထဲမှာ ၀င်ဆော့ရတာ ကျွန်မပျော်သည်။ ကမ်းရိုးတန်းမြစ်ကြောင်းတစ်လျှောက်က ရှုခင်းတွေ မမောတမ်းလိုက်ကြည့်ရတာကို နှစ်သက်သည်။ ဆိပ်ကမ်းတစ်ခုကပ်တိုင်း ဒေသထွက် အစားအသောက်တွေ စားခွင့်ကြုံရတာ သဘောကျသည်။

ကျွန်မတစ်သက်မှာ တစ်ခါသာကြုံဖူးသော မြန်မာပြည်အလယ်ပိုင်းဒေသ၏ သဲမုန်တိုင်းအတွေ့အကြုံကိုလည်း ခံစားလိုက်ရသေးသည်။ အဲဒီတုန်းက သင်္ဘောက ရေလယ်မှာကျောက်ချပြီး ရပ်နားထားသည်။ ဟိုး... တစ်ဘက်ကမ်းပါးပေါ်မှာ စေတီငယ်တစ်ဆူကို ဖူးမြင်ရသည်။ ကိုရင်နဲ့ကျောင်းသားလေးတွေ တစ်ဘက်ကမ်းစပ်မှာရပ်ပြီး ကျွန်မတို့ သင်္ဘောဘက်ကို လက်လှမ်းပြနေကြသည်။ သိပ်မကြာခင်မှာပဲ သင်္ဘောပဲ့ကိုင်သော ဖေဖေ့သူငယ်ချင်းထွက်လာပြီး မုန်တိုင်းလာတော့မည်ဖြစ်သောကြောင့် ကျွန်မတို့သားအမိအား အိပ်ခန်းထဲဝင်နေပြီး တံခါးလုံအောင်ပိတ်ရန် သေချာမှာသည်။ မေမေနှင့်ကျွန်မလည်း သူတို့ပြောသည့်အတိုင်း တံခါးလုံအောင်ပိတ်ပြီး ဘာတွေများဖြစ်လာမလဲဟူသော စိုးရိမ်စိတ်ဖြင့် မှန်ပြတင်းပေါက်မှတစ်ဆင့်အပြင်ကို လှမ်းကြည့်နေခဲ့ကြသည်။ မကြာမီပင် လေနှင့်အတူပါလာသောသဲတွေက မှန်တံခါးကို အရှိန်ပြင်းပြင်း လာရောက်ရိုက်ခတ်ကြသည်။ မေမေနှင့်ကျွန်မတို့နှစ်ယောက် ကုတင်အောက်မှာ အသာလေးဝပ်ပြီး နေကြရသည်။ မုန်တိုင်းရပ်စဲပြီး အချိန်အနည်းငယ်ကြာ ဖေဖေတံခါးလာခေါက်မှ ကျွန်မတို့သားအမိပုန်းနေရာမှထွက်၊ တံခါးဖွင့်ပြီး အပြင်ဘက်သို့ လှမ်းကြည့်သည်။ သင်္ဘောကုန်းပတ်မှာ သဲတွေကအပြည့်။ စေတီလေးရှိရာ ကမ်းပါးထက်ကို လှမ်းကြည့်တော့ ခပ်ဝါးဝါးပဲ မြင်ရသည်။ စောစောက လက်လှမ်းပြခဲ့သော ကျောင်းသားလေးတွေ မုန်တိုင်းဒဏ်မှ လွတ်ကင်းရဲ့လားလို့ ကျွန်မတွေးခဲ့မိတာ သတိရသည်။

ကျွန်မတို့ခရီးစဉ်ဘယ်လောက်ကြာခဲ့သလဲ ရက်အတိအကျ မမှတ်မိခဲ့ပေမယ် နှစ်ပတ်လောက်ရှိလိမ့်မည်ဟု စာရေးနေရင်း ကျွန်မခန့်မှန်းမိသည်။ ကလေးဘ၀က အခြားသူများထက် တမူထူးခြားစွာ တွေ့ကြုံခဲ့ရသော ထိုသင်္ဘောစီးခရီးကို ကျွန်မပြန်တွေးမိတိုင်း ကျေနပ်ပျော်ရွှင်ရသည်။ သို့သော် တစ်ခါတုန်းက ဖေဖေ့သင်္ဘော ဆိုက်ကပ်ရာအရပ်သို့ ကျွန်မကိုခေါ်ပြီး မေမေလိုက်သွားခဲ့တုန်းက လူကြီးများအတွက် ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ကျွန်မက ခပ်ရေးရေးသာ မှတ်မိသည့်အထဲတွင် သင်္ဘောကမ်းကပ်သည့်အခါ မေမေက ကျွန်မကို ချီပိုးပြီး ကမ်းနားက ရွာထဲသို့ လမ်းလျှောက်သွားသည်။ ခြင်းတောင်းများရက်လုပ်ရောင်းချသည့် အိမ်တစ်အိမ်ရှေ့ရောက်တော့ မေမေက စိတ်ဝင်တစားရပ်ကြည့်သောအခါ အိမ်ထဲမှ ခြင်းတောင်းရက်လုပ်နေသော ညီအစ်မနှစ်ဦးထွက်လာနှုတ်ဆက်ပြီး ကျွန်မကို တစ်လှည့်စီချီပိုးကြသည်။ ထို့နောက်ပိုင်းက အဖြစ်အပျက်တွေ ကျွန်မမမှတ်မိတော့သော်လည်း နောင်အခါ မေမေက အစ်မ၀မ်းကွဲများကို ဇာတ်ကြောင်းပြန်ပြောတော့မှ ကျွန်မသိခဲ့ရသည်။

မေမေ ကျွန်မနှင့်လမ်းလျှောက်ထွက်ပြီး သင်္ဘောပေါ်ပြန်ရောက်သည့်အချိန်မှာ မှောင်ရီပျိုးစဖြစ်နေပြီ။ သင်္ဘောပေါ်ရောက်သည့် အချိန်မှစ၍ ကျွန်မ တစ်ညလုံး ငိုခဲ့သည်။ ငိုယိုဂျီကျတတ်ခြင်းမရှိသောကျွန်မ  ဘယ်လိုချော့ချော့ အငိုမတိတ်ဘဲ စူးစူးဝါးဝါး ငိုယိုနေသည်ကိုတွေ့သောအခါ ဖေဖေနှင့် လုပ်ဖော်ကိုင်ဖက်များလည်း စိုးရိမ်စိတ်ပူလာကြသည်။ ကလေးအစားမှားသလား၊ ဗိုက်အောင့်လို့လား၊ ဘာကျွေးမိသလဲ၊ ဘယ်တွေသွားသေးလည်း အဖြေရှာရင်း မေမေ့ကို ၀ိုင်းမေးကြသည်။ နောက်ဆုံးမေမေက တောင်းရက်လုပ်သော အိမ်သို့ ခဏ၀င်ကြည့်ကြောင်း၊ ကလေးကိုချစ်၍ သူတို့ဝိုင်းဝန်းချီပိုးကြကြောင်း ပြန်ပြောပြလိုက်သည်။ အဲဒီ့အခါကျမှ ကျွန်မပြုစားခံရတာဖြစ်မယ်ဟု ထင်မြင်ယုံကြည်ကြကာ ရွာမှ ဆေးဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး ရေမန်းတိုက်လိုက်မှ ကျွန်မ ချက်ခြင်းအငိုတိတ်သွားတော့သည်။ ထိုတောင်းရက်လုပ်သောအိမ်မှညီအစ်မများသည် ချင်းလူမျိုးများဖြစ်ပြီး ကလေးများကိုချစ်လျှင် ပြုစားတတ်သည်ဟု ထိုအရပ်မှာ နာမည်ကြီးကြောင်း ဒေသခံများမှတစ်ဆင့် ပြန်သိရသည်။ ဒါကြောင့်ပင် ပြီးခဲ့သောဒီဇင်ဘာက တရားပွဲကိစ္စနှင့် ကျွန်မ ကျောက်ကွင်းသွားရမည်ဆိုတော့ မေမေက သတိပေးသည်။ ပြည်၊ အောင်လံ၊ သရက်ဒေသများကို ဖြတ်သန်းရမည့် ခရီးစဉ်သည် တစ်ချိန်က ကျွန်မပြုစားခံခဲ့ရသည့် နေရာတစ်ဝိုက်ဖြစ်နေသောကြောင့် သတိဝီရိယနှင့် ဂရုတစ်စိုက်သွားပါဟု မှာကြားလိုက်သည်။ ကျွန်မပြုံးမိသော်လည်း မိခင်တစ်ယောက်၏ မေတ္တာနှင့် ပူပန်သောကကို နားလည်ခဲ့ပါသည်။

၁၉၈၈နောက်ပိုင်း အခြေအနေတွေပြောင်းလဲခဲ့ပြီး ဖေဖေတို့ ပီအိုင်စီဝန်ထမ်းအားလုံးနီးပါးကို မန်း၊ သံပုရာကန် စသည့် ရေနံချက်စက်ရုံတည်ရှိရာနေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အမိန့်ချလိုက်သည်။ ရန်ကုန်မြို့မှာ အခြေတကျနေထိုင်ကြသော ဖေဖေနှင့်သူ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအတော်များများ အလုပ်ထွက်လိုက်ကြပြီး နီးစပ်ရာစီးပွားရေးလုပ်ငန်းများမှာ ၀င်ရောက်လုပ်သူကလုပ်၊ နိုင်ငံရပ်ခြား သင်္ဘောလိုင်းပေါ်ပြောင်းသူပြောင်းနှင့် တစ်ကွဲစီဖြစ်သွားကြသည်။ ဖေဖေသည် အစိုးရ၀န်ထမ်းဘ၀တွင် အလုပ်တာဝန်ကျေပြွန်သူတစ်ဦးအဖြစ် နာမည်ကောင်းရခဲ့ပြီး စံပြ၀န်ထမ်းဆုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်သည်။ တိုင်းတပါးတွင် ဘယ်သောအခါမှ ကျွန်ခံလိုစိတ်မရှိုသူတစ်ဦးအဖြစ် ရပ်တည်ကြွေးကြော်ခဲ့ဖူးသော်လည်း ပီအိုင်စီမှထွက်ပြီးနောက်ပိုင်း ကုန်းပေါ်မှာ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ အဆင်မပြေခဲ့သောကြောင့် မိသားစုရှေ့ရေးအတွက် နိုင်ငံရပ်ခြားက သင်္ဘောလိုင်းတစ်ခုမှာ ၀င်ရောက်တာဝန်ထမ်းဆောင်လိုက်ရသည်။ ထိုအချိန်မှာ ကျွန်မအသက် ၁၄နှစ် လောက် ရှိနေပြီ။

ဖေဖေနိုင်ငံခြားသင်္ဘောလိုက်နေစဉ် ကျွန်မစာရေးပြီး ပထမဆုံးမှာသောပစ္စည်းက အနာရွတ်ပျောက်ဆေးဖြစ်သည်။ ဘယ်နေရာသွားသွား အရင်ဆုံးခြင်ကိုက်ခံရသော၊ ခြေထောက်မှာ ရှိနေသော ခြင်ကိုက်ဒဏ်ရာအနာရွတ်တွေ သိပ်ပျောက်ချင်သော အပျိုဖော်ဝင်သမီးတစ်ယောက်ရဲ့စာကို ဖတ်ရတုန်းက ဖေဖေပြုံးချင်ပြုံးမိလိမ့်မည်။ ဖေဖေ့ဆီက သမီးမှာသောဆေးမျိုး ရှာမတွေ့ကြောင်း၊ သနပ်ခါးမှန်မှန်လိမ်းရင် ပျောက်နိုင်ကြောင်း ပြန်စာဖတ်ရတော့ ကျွန်မသိပ်မကျေနပ်ချင်။ သို့သော် ကျွန်မ၏ အသားအရေအတွက်၊ ထိခိုက်ဒဏ်ရာအနာရွတ်များအတွက် သနပ်ခါးလောက် မည်သည့်လိမ်းဆေးကမှ မစွမ်းဆောင်နိုင်ကြောင်း ခုချိန်မှာ ကျွန်မ ရာနှုန်းပြည့် လက်ခံနေပါပြီ။

ဖေဖေသည် သြစတြေးလျတိုက်နှင့် အန္တာတိကတိုက်နှစ်တိုက်မှလွဲ၍ ကျန်သည့်တိုက်များသို့ သမုဒ္ဒရာရေပြင်ကျယ်ကို သင်္ဘောဖြင့် ဖြတ်ကူးရင်း ရောက်ခဲ့သည်။ နယူးယောက်ဆိပ်ကမ်းမြို့မှာ ရပ်နားစဉ် သင်္ဘောသားအငယ်များအားလုံး ဆင်းသွားပြီး ပြန်မလာတော့၍ သူနှင့်ကပ္ပတိန်နှစ်ယောက်သား အခက်ကြုံခဲ့ရပုံ၊ တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံသူများ ရဲတင်းသွက်လက်ပုံ၊ ဂျီဘရော်လ်တာရေလက်ကြား ဖြတ်သန်းခဲ့ပုံ၊ အာဖရိကတိုက်မှာ ခြင်ကိုက်ခံရပြီး ငှက်ဖျားဒဏ်ခံခဲ့ရပုံ စသည့်အတွေ့အကြုံများ ပြောပြသည့်အခါ ကျွန်မ စိတ်ဝင်တစား နားထောင်မိသည်။ ယခုချိန်မှာတော့ ဖေဖေသည် ရာသီဥတုပြင်းထန်သော အရှေ့အလယ်ပိုင်းဒေသက ပင်လယ်ရေပြင်ကျယ်တစ်နေရာမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ ဖေဖေနှင့်ကျွန်မ မတွေ့ရတာ ၂နှစ်ခွဲလောက် ရှိသွားပြီ။

မကြာမီကာလအတွင်း အလုပ်တာဝန်မှ အနားယူတော့မည်ဖြစ်သော ဖေဖေသည် ၂၀၁၂ ဇန်န၀ါရီလ ၂၈ရက်တွင် ၆၂နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ မွေးနေ့မွေးရက်တိုက်သော စနေဖွားဖေဖေအတွက် ဖားအောက်တောရကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ မဟာဒါန ဆွမ်းကြီးလောင်းပွဲအတွက် ၀တ္ထုငွေလည်း လှူဒါန်းခဲ့ပါသည်။  ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက် သာဓုခေါ်တတ်သော ဖေဖေတစ်ယောက် ကျန်းမာအသက်ရှည် ဘေးအန္တရာယ်ကင်းစွာဖြင့် လောကီ၊ လောကုတ္တရာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဟု  အဝေးမှနေ၍ ကျွန်မ ဆုတောင်းလိုက်ပါသည်။


ဇွန်မိုးစက်

ကုသိုလ်မှတ်တမ်း - ၂

9

Category: , ,


တရားပွဲအလှူဖိတ်စာ

၂၀၁၁ မတ်လက ဘိုကလေးမှာ ရှင်ပြုအလှူပေးခဲ့တဲ့ ဇွန်တို့ သူငယ်ချင်းတစ်စုဟာ နောက်ထပ် ကုသိုလ်တွေ ဆက်ပြုနိုင်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ၂၀၁၁ နှစ်လယ်ပိုင်းလောက်ကစပြီး အလှူလှူကြတဲ့အခါ အလှူရှင်တစ်ဦးချင်းနာမည် ပေးရတာထက်စာရင် နာမည်တစ်ခုတည်းအောက်မှာ ပေးလှူလိုက်တာ ပိုအဆင်ပြေတာမို့ “ဥတ္တရအလင်း” ဆိုပြီး အမည်တစ်ခု ပေးဖြစ်သွားပါတယ်။ ဆရာဝန်သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် မြန်မာပြည်ရှိ ၂၀၀၀ အဖွဲ့မှ အစ်မမေအေးဦးနဲ့ ဆက်စပ်ပြီး ပြည်ခရိုင် ၀က်ထီးကန်မြို့ကနေ ၄ မိုင်ကျော်အကွာ ပဲခူးရိုးမအနောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ကျောက်ကွင်းရွာရဲ့ ဆင်းရဲနွမ်းပါး ပညာတတ်ရှားပါးတဲ့ အခြေအနေများကို သိခွင့်ရပြီးတဲ့နောက် စာကြည့်တိုက်နဲ့ မူလတန်းလွန်ကျောင်းမှာ လိုအပ်နေတဲ့ ဆရာမနှစ်ဦးအတွက် လစာငွေကို လစဉ် ပံ့ပိုးလှူဒါန်းခဲ့ပါတယ်။

အိမ်ခြေ ၁၃၀ ကျော်ရှိ ပြည်မြို့နယ် ကံကျိုးကျေးရွာအုပ်စုဝင် ကျောက်ကွင်းရွာ

တကယ်တော့ ကျောက်ကွင်းရွာလေးဟာ မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာသမိုင်းမှာ ချန်လှပ်ထားလို့ မရတဲ့ ကျောက်ကွင်းအရေးတော်ပုံ (ကျောက်ကွင်းဝါဒပြိုင်ပွဲ) အစပြုခဲ့ရာ နေရာတစ်ခုပါ။  အရေးတော်ပုံကို အကြောင်းပြုလို့ ရွာလုံးကျွတ် ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့တဲ့အကြောင်း ကြားဖူးနားဝရှိခဲ့ပေမယ့် ၀ါဒပြိုင်ပွဲအကြောင်းစုံကိုတော့ ၂၀၀၉ မတ်လ လောက်မှာမှ အီးမေးလ်ကတစ်ဆင့် ဖတ်ဖူးခဲ့တာပါ။ အကြောင်းတိုက်ဆိုင်လို့ ရွာလေးကို ပံ့ပိုးလှူဒါန်းခွင့်ရလို့လည်း ၀မ်းသာမဆုံး ဖြစ်ခဲ့ရပါတယ်။ တစ်ချိန်က ရွာလုံးကျွတ် ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပေမယ့် အရေးတော်ပုံအပြီး နှစ်ခြောက်ဆယ်အကြာမှာ ခရစ်ယာန်သာသနာ ပြန်လည်ကြီးစိုးခဲ့လို့ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းများမှာ ဗုဒ္ဓဘာသာဝင်ရာခိုင်နှုန်းဟာ နည်းပါးသွားခဲ့ပါတယ်။ မြေပြန့်ချင်းလူမျိုးများ အခြေချနေထိုင်တဲ့ သမိုင်းဝင်ရွာလေးကို ဆရာတော်ဦးသီလာစာရ လည်ပတ်ကြည်ရှုခဲ့ရာမှ အရင်က လစ်လပ်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့ သီတင်းသုံးမယ့် တစ်ပါးတည်းသောသံဃာအဖြစ် ကြွရောက်ပေးလို့ ဗုဒ္ဓသာသနာကို ပြန်လည် ထွန်းတောက်စေခဲ့ပါတယ်။

ရွာအရှေ့ဘက်၌ တည်ရှိသော ကျောက်ကွင်းဘုန်းတော်ကြီးကျောင်းသို့

ကျောက်ကွင်းရွာကို ၂၀၀၀ အဖွဲ့နဲ့ ၂၀၁၁ ဇွန်လမှာ ကိုယ်တိုင်လိုက်သွားဖူးတဲ့ သူငယ်ချင်း မေမဒီဟာ ကျောက်ကွင်းရွာမှာ အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ကိုပင့်ပြီး တရားပွဲလေးလုပ်ချင်တဲ့ ဆန္ဒရှိကြောင်း သြဂုတ်လ တတိယပတ်မှာ သူငယ်ချင်းများကို ပြောပြခဲ့ပါတယ်။ ကျန်တဲ့ သူငယ်ချင်းသုံးယောက်ကလည်း သဘောတူပြီး တရားပွဲအတွက် လိုအပ်မယ်ထင်တာတွေကို စုံစမ်းဆွေးနွေး အကြံပြုပေးကြပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ်မှာ ခွင့်တစ်ပတ်ယူပြီး မေမဒီ မြန်မာပြည်ခဏပြန်ခိုက် မှော်ဘီမှာရှိတဲ့ ဆရာတော်ရဲ့ သုဒ္ဓ၀ိပဿနာရိပ်သာကို သွားရောက်ပြီး တရားပွဲအတွက် ရက်တောင်းလျှောက်ခဲ့ပါတယ်။

ဆရာတော် ဦးသီလာစာရနှင့် ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) အမှတ်တရ

နိုင်ငံကျော်ဓမ္မကထိကတစ်ဦးဖြစ်တဲ့ မေတ္တာရှင် အရှင်ဇ၀နဟာ ၂၀၁၂ တစ်နှစ်တာပတ်လုံး ဓမ္မသဘင်တွေနဲ့ ရက်အပြည့်ဖြစ်နေပေမယ့် ကျောက်ကွင်းရွာမှာ တရားပွဲပြုလုပ်ကျင်းပချင်တဲ့ ရည်ရွယ်ချက်ကို သိတဲ့အခါ ဇန်န၀ါရီလ ၂ ရက်နေ့ လှည်းကူးမှာပြုလုပ်မယ့် ဓမ္မသဘင်ကို ရွှေ့ဆိုင်းပြီး ကျောက်ကွင်းအတွက် ရက်ပေးခဲ့ပါတယ်။ ဆရာတော်ကပဲ သူရဲ့ လက်ထောက်ဓမ္မကထိက ဆရာတော်များဖြစ်တဲ့ စက္ခုပါလ ဦးဇ၀နနဲ့ အရှင်ပညာသီရိ (မေတ္တာရှင် - ကြယ်တစ်ပွင့်) တို့ကို ၃၁ရက်နေ့နဲ့ ၁ ရက်နေ့များမှာပါ တစ်ပါးစီ ဟောပေးဖို့ စီစဉ်ညွှန်ကြားပေးခဲ့ပါတယ်။

၃၁.၁၂.၂၀၁၁၊ ၁.၁.၂၀၁၂နဲ့ ၂.၁.၂၀၁၂ တို့မှာ ပြုလုပ်ကျင်းပမယ့် တရားပွဲ ဗီနိုင်းလ်ကြော်ငြာ

မူလက တရားပွဲကို ကျောက်ကွင်းရွာတစ်ရွာတည်းအတွက်သာ ရည်ရွယ်ခဲ့ပေမယ့် ဆရာတော်များရဲ့ဆန္ဒနဲ့အတူ အနီးပတ်ဝန်းကျင်ရှိ ရွာလူကြီးများက တောင်းဆိုခဲ့တဲ့အတွက် ရွာပေါင်း ၃၃ရွာက လာရောက်တရားနာယူခွင့်ရတဲ့ ပြည်ခရိုင်မှာ အကြီးကျယ်ဆုံးနဲ့ လူပရိသတ်အများဆုံး ဓမ္မသဘင်ကြီး ဖြစ်သွားခဲ့ပါတယ်။ 

ရွာအနောက်ဘက် တရားပွဲ ကျင်းပရာနေရာဆီ

ဓမ္မသဘင် မုခ်ဦး

တရားပွဲကျင်းပဖို့ စပါးတွေရိတ်သိမ်းပြီး လယ်၅ဧက အသုံးပြုခွင့်ပေးခဲ့တဲ့ လယ်မြေပိုင်ရှင်ရဲ့ ဒါနကုသိုလ် နတ်၊ လူ သာဓု ခေါ်စေသော်ဝ်။


တရားပွဲလာပရိသတ်များအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပြုလုပ်ပေးနေစဉ်

မြို့နယ်အသီးသီးမှ ကား၊ ဆိုင်ကယ်၊ နွားလှည်းများ သတ်မှတ်ထားသောနေရာများမှာ သီးခြားစီ ရပ်ပေးပါ

ကျေးလက်မို့ car parking မရှိပေမယ့် စနစ်တကျဖြစ်အောင် မျဉ်းဖြူလေးတွေ တားထားပေးပါတယ်

အလှူခံမဏ္ဍပ်

မြေ၅ဧကအကျယ်မှာ ပြုလုပ်ကျင်းပခွင့်ရတဲ့ သုံးညဆက်တိုက်တရားပွဲကို ၀က်ထီးကန်၊ ပြည်၊ ရွှေတောင်၊ အောင်လံတစ်ဝိုက်မှ တရားနာပရိသတ်များဟာ လှည်း၊ လှေ၊ ကား၊ ကယ်ရီ၊ ခြေကျင် အဆင်ဆင့် ခရီးနှင်လို့ လာခဲ့ကြပါတယ်။ ၃၁ရက်နေ့ ပထမညမှာပဲ လူပေါင်း လေးထောင်ကျော် လာရောက် တရားနာယူခဲ့ပြီး၊ ၁ရက်နေ့ ဒုတိယညမှာ တရားနာပရိသတ် ခြောက်ထောင်ကျော် ရှိခဲ့ပါတယ်။ ၂ ရက်နေ့ တတိယ နောက်ဆုံးညမှာတော့ ပရိတ်သတ်ပေါင်း တစ်သောင်းခန့်ဟာ ရခဲလှတဲ့ ဒုလ္လဘတရား ၅ ပါးထဲက တစ်ပါးဖြစ်တဲ့ လူဖြစ်သော်လည်း နာကြားဖို့ ခဲယဉ်းလှတဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်ကို ၅ဧကအကျယ် ကွင်းလုံးပြည့်သည်အထိ လာရောက်နာယူခဲ့ကြပါတယ်။

တရားပွဲလာ ပရိတ်သတ်များ

သက်ကြီးရွယ်အို ဘိုးဘွားများကို ကူညီတွဲခေါ်ပေးမယ့် စေတနာရှင်လူငယ်များလည်း အသင့်ရှိနေပါတယ်

အလှူတကာ့ အလှူထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ဓမ္မအလှူကို ပေးလှူခွင့်ရခဲ့တဲ့ ဥတ္တရအလင်း အဖွဲ့သူများနဲ့ မိတ်ဆွေများဟာ တရားနာပရိသတ်ကိုကြည့်ပြီး အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါတယ်။ ဗုဒ္ဓဘာသာဝင် ကျေးရွာများ ဖြစ်သော်လည်း မြို့နှင့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မြို့ကြီးများမှာလို တရားပွဲများ လာရောက်ကျင်းပလေ့မရှိတဲ့အတွက် ဓမ္မကထိကများကို ကိုယ်တိုင်ဖူးမြော်ခွင့်၊ ဓမ္မပူဇာကပ်လှူခွင့်တွေ မရခဲ့ရှာပါဘူး။ ခုလိုတရားပွဲနဲ့ ကြုံကြိုက်သွားတဲ့အခါ တရားနာရတဲ့ ကုသိုလ်ရရုံသာမက ရှိနှင့်ပြီးသား ဒါနစိတ်တွေပါ တိုးပွားလာတာမို့ ဓမ္မပူဇာကပ်လှူရင်း ကုသိုလ်တွေ ထပ်ဆင့်တိုးပြီး ရကြပါတယ်။ အလှူရှင်လူငယ်များကိုလည်း ကျေးဇူးတင်ကြောင်း ရွာသူရွာသားများက တဖွဖွ ပြောဆိုနေကြတာမို့ တရားပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဥတ္တရအလင်းက လူငယ်တစ်သိုက် ၀မ်းသာပီတိ ဂွမ်းဆီထိခဲ့ရပါတယ်။


ခုလို လူပေါင်းများစွာလာရောက်ကြတဲ့ ထေရ၀ါဒ အထူးဓမ္မသဘင်ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာ သဒ္ဓါတရားထက်သန်စွာ ထည့်ဝင်ပေးကြတဲ့ အလှူရှင်များကြောင့်သာမက ရွာခံကျောက်ကွင်းဆရာတော် ဦးသီလာစာရနဲ့ စေတနာရှင် လုပ်အားပေးရွာသူရွာသား လေးရာကျော်တို့အပြင် တရားပွဲ မကျင်းပခင်တစ်လအလိုမှစပြီး တရားပွဲပြီးဆုံးသည်အထိ ကဏ္ဍတိုင်းမှာ စေ့စပ်သေချာ စိတ်အားထက်သန်စွာ ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ရန်ကုန်က  သူငယ်ချင်းဝါ၀ါရဲ့ အားထုတ်မှုတွေကြောင့်လည်း ပါပါတယ်။

ဝေယျာဝစ္စနဲ့ ချက်ပြုတ်ရေးအဖွဲ့ဝင်တွေက ပျော်ပျော်ပါးပါး လုပ်အားပေးကြပါတယ်

တရားပွဲကျင်းပရာမြေနေရာမှာ တက်ကြွစွာ ကူညီလုပ်ကိုင်ပေးခဲ့ကြတဲ့ ရွာသားများ

အရှင်ဇ၀နရဲ့ အဆုံးအမတွေအောက်မှာ လူမှုရေးလုပ်ငန်းတွေ စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးနေတဲ့ ကာယကံမေတ္တာအဖွဲ့ကလည်း ဓမ္မသဘင် မဏ္ဍပ်ဆောက်လုပ်ရေး ကိစ္စအ၀၀နဲ့ ဗွီဒီယိုရိုက်ကူးရေးကို မေတ္တာနဲ့ ကူညီပံ့ပိုးပေးခဲ့သလို အစ်မမေအေးဦးနဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်မှကြက်ခြေနီသူနာပြုများကလည်း တရားနာပရိသတ်ရဲ့ ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ စေတနာမွန်ဆေးခန်းနဲ့အတူ အသင့်ရှိနေပေးခဲ့ပါတယ်။ မြွေပွေးပေါပြီး မြွေဆိပ်ဖြေဆေးရှားပါးတဲ့ အရပ်ဒေသမို့ မြွေအန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပညာပေးလက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဝေငှပေးနိုင်ခဲ့ပါတယ်။ ဒါတောင်မှ နောက်ဆုံးညမှာ တရားပွဲလာ ပရိတ်သတ်တစ်ဦး မြွေကိုက်ခံရတဲ့အတွက် ၀က်ထီးကန်တိုက်နယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ပေးခဲ့ရပြီး နောက်တစ်နေ့မနက်မှာ ပြည်ဆေးရုံကို လွှဲပြောင်းပေးလိုက်ရပါတယ်။ ဆရာတော်များနဲ့ အလှူရှင်များရဲ့ ကြီးမားတဲ့ ကရုဏာမေတ္တာကြောင့် ဆေးခုနစ်လုံးထိုးအပြီးမှာ လူနာအခြေအနေ ပြန်လည်ကောင်းမွန်ပြီး အသက်ချမ်းသာရာ ရသွားပါတယ်။ 

ကုသိုလ်ဖြစ် “စေတနာမွန်” ဆေးခန်းနဲ့ ကြက်ခြေနီအဖွဲ့ဝင်များ

ကျောက်ကွင်းသမိုင်း၊ ကျောက်ကွင်းဝါဒပြိုင်ပွဲ ဗီစီဒီနဲ့စာအုပ်တွေ ရောင်းချပေးသလို

မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ စာအုပ်တွေကိုလည်း ၀ယ်ယူအားပေးနိုင်ပါတယ်

တရားပွဲနဲ့ ပတ်သက်ပြီး ထူးခြားမှုလေးတွေ ရှိနေပြန်ပါတယ်။ အခု တရားပွဲကျင်းပခဲ့တဲ့ ရွာအနောက်ဘက်မှာရှိတဲ့ လယ်ကွင်းဟာ တစ်ချိန်က ကျောက်ကွင်းအရေးတော်ပုံ ကျင်းပခဲ့တဲ့ နေရာပဲ ဖြစ်လို့နေတာရယ်၊ ဆောင်းတွင်းမှာ အရိုးကွဲအောင် အေးစိမ့်လှတယ်လို့ ရောက်ဖူးသူတွေက ဆိုကြပေမယ့် တရားပွဲ မကျင်းပခင် တစ်ရက်ကစလို့ အအေးပေါ့ပြီး မနက်အစောပိုင်းနဲ့ ညပိုင်းသာ အေးတယ်ဆိုရုံကလေး ရာသီဥတု သာယာကောင်းမွန်ခဲ့တာရယ်၊ တရားပွဲမတိုင်ခင် နှစ်ရက်အလိုမှာ မိုးရွာခဲ့တာကြောင့် ဖုန်တထောင်းထောင်းထတတ်တဲ့ မြေနီလမ်းဟာ ဓမ္မကထိကများ ကြွလာချိန်မှာ ဖုန်အထ နည်းခဲ့တာရယ်၊ တရားပွဲဖြစ်မြောက်ရေးအတွက် ကူညီပေးကြတဲ့သူတွေထဲမှာ ရွာခံဘာသာခြားတွေ ပါဝင်နေတာတွေရယ်ပါ။


တရားပွဲလာ မြန်မာပရိသတ်သောင်းနဲ့ချီ များပြားခဲ့ပေမယ့် ပြဿနာကြီးငယ်ဖြစ်ခြင်း အလျဉ်းမရှိဘဲ တရားပွဲပြီးဆုံးသည်အထိ ရိုသေအသံတိတ်စွာ နာပေးခဲ့ကြတာမို့ တရားအလှူရှင်များ အံ့အားသင့်ရပါသေးတယ်။ ပိုးထိခံရတဲ့ လူနာရှိခဲ့တာတောင်မှ လူနာရှင်ရဲ့အသိမိတ်ဆွေများဟာ တရားပွဲပျက်မှာ စိုးတဲ့အတွက် အော်ကြီးဟစ်ကျယ်မလုပ်ကြဘဲ တစ်ယောက်ကိုတစ်ယောက် လက်တို့ရုံသာ အသိပေးပြီး ဆေးရုံသွားပို့လိုက်တာကြောင့် ဆရာတော်များ၊ ပရိသတ်များနဲ့ တရားအလှူရှင်များတောင် ညတွင်းချင်း မသိလိုက်ဘဲ နောက်တစ်နေ့မနက်မှ သိခဲ့ရတာပါ။ သုံးညဆက်တိုက် တရားပွဲလာပရိသတ်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအပြင် ညစဉ်ရေသန့်အလှူရှင်နဲ့ ပထမညအတွက် ပူတင်းပေါင်မုန့်၊ ဒုတိယညအတွက် ကြာဇံကြော်၊ တတိယညအတွက် လူပေါင်းတစ်သောင်းစာ ကောက်ညှင်းပေါင်း စတဲ့ အာဟာရဒါန မုန့်အလှူရှင်များ ပေါ်ပေါက်ခဲ့တာဟာလည်း တရားပွဲကို ပိုမိုပြည့်စုံသွားစေပါတယ်။

ညစဉ်ရေသန့်ဗူးအလှူ

ပထမညရဲ့ ပူတင်းပေါင်မုန့်ဒါန

ဒုတိယညအတွက် ကြာဇံကြော်

တတိယညအတွက် ကောက်ညှင်းဆန်တွေ ရေစိမ်ထားပြီ

လူတစ်သောင်းစာ ကောက်ညှင်းပေါင်း ဝေရအောင်

ဥတ္တရအလင်းရဲ့ ပထမဆုံးသော ကျောက်ကွင်းဓမ္မသဘင်မှာ မေတ္တာစေတနာအပြည့်နဲ့ လာရောက် ဟောကြားပေးတော်မူခဲ့တဲ့ ဓမ္မကထိက ဆရာတော် သုံးပါးဖြစ်တဲ့ စက္ခုပါလ ဦးဇ၀န၊ အရှင် ပညာသီရိ (မေတ္တာရှင် ကြယ်တစ်ပွင့်) နဲ့ အရှင် ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တို့ကိုလည်း အလွန်ပဲ ကျေးဇူးတင်ရပါတယ်။ စက္ခုပါလ ဦးဇ၀နဟာ မျက်လုံးနှစ်ဘက်လုံး အလင်းကွယ်နေပေမယ့် မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ ကျောက်ကွင်းအထိ လာရောက်တရားဟောပေးခဲ့ပါတယ်။ ဆရာတော်က နောက်တစ်နေ့ မန္တလေးမှာ တရားပွဲရှိတဲ့အတွက် တရားဟောပြီး ညတွင်းချင်းပဲ ပြန်ကြွရပါတယ်။ အရှင်ပညာသီရိဟာလည်း ဆိပ်ကြီးခနောင်တို တရားပွဲအပြီးမှာ ကျောက်ကွင်းကို ကြွလာ၊ ၃နာရီနဲ့ ၁၅မိနစ်ကြာအောင် အားပါးတရ တရားဟောပေးပြီး နောက်တစ်နေ့ ရန်ကုန်မှာ တရားပွဲရှိတဲ့အတွက် ညတွင်းချင်း ရန်ကုန်ကို ပြန်ကြွရပြန်ပါတယ်။ အရှင်ဇ၀နဟာလည်း တရားပွဲတွေရက်ဆက်နေတဲ့ကြားက မနားဘဲ ကျောက်ကွင်းကို အရောက်ကြွပြီး ဟောပေးခဲ့တာပါ။ ဆရာတော်များရဲ့ မေတ္တာစေတနာတွေကြောင့်ပဲ ထင်ပါတယ်၊ ဓမ္မပူဇာအတွက် ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေက ထင်မှတ်ထားတာထက် အဆပေါင်းများစွာ ပိုခဲ့ပါတယ်။

ဆရာတော် စက္ခုပါလ ဦးဇ၀နမှ "လမ်းနှစ်သွယ်" တရားတော်ကို ဟောကြားပေးနေစဉ် (၃၁.၁၂.၂၀၁၁)

တရားတော်မြတ်ကို ရိုသေစွာ နာယူကြတဲ့ ပရိသတ်များ

မွန်ကျောင်းဆရာတော် အရှင်ပညာသီရိမှ "ချမ်းသာကြောင်း သုံးပါး" တရားတော် ဟောကြားပေးခဲ့စဉ် (၁.၁.၂၀၁၂)

ဒုတိယည တရားနာပရိသတ်

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) မှ ''အထက်တန်းစား ဗုဒ္ဓဘာသာတရားကျင့်စဉ်" ကို ဟောကြားပေးခဲ့ပါတယ် (၂.၁.၂၀၁၂)

တတိယမြောက်ည၌ တွေ့ရသော ငါးဧကအကျယ် ကွင်းလုံးပြည့် လာရောက်တရားနာယူခဲ့တဲ့ ပရိသတ်များ

ဓမ္မပူဇာများ ပေးအပ်လှူဒါန်းစဉ်

တကယ်တော့ ဇွန်တို့တတွေဟာ တစ်ခါမှ တရားပွဲလုပ်ဖူးတဲ့ အတွေ့အကြုံမရှိပါဘူး။ ဒါပေမယ့် ဆန္ဒာအဓိပတိလို့ဆိုတဲ့အတိုင်း ဆန္ဒတစ်ခုကနေ အစပြုပြီး ခုလိုလူပရိသတ်ပေါင်းများစွာ  တရားနာကုသိုလ်ယူနိုင်တဲ့ မျှော်မှန်းထားတာထက်ပိုပြီး  အောင်မြင်ကြီးမားတဲ့ တရားအလှူဖြစ်သွားရတာ ပြန်တွေးမိတိုင်း ကြည်နူးပီတိ ဖြစ်ရပါတယ်။ ဆရာတော်များကလည်း ပြုပြီးသားကုသိုလ်ကို မမေ့လျော့ဘဲ ထပ်ခါထပ်ခါပွားများဖို့ မှာကြားလိုက်ပါတယ်။ ဥတ္တရအလင်းရဲ့ ပထမဆုံးသော ကျောက်ကွင်းတရားအလှူမှာ မေတ္တာ၊ စေတနာ သဒ္ဓါတရား အားကြီးစွာနဲ့ ပါဝင်ကူညီပံ့ပိုး လှူဒါန်းခဲ့ကြသူများ အားလုံးကို သာဓု၊ သာဓု၊ သာဓု သုံးကြိမ်တိုင်အောင် ခေါ်ဆိုပြီး လှိုက်လှဲစွာ ကျေးဇူး ဥပကာရ တင်ရှိပါတယ်။ 

တရားပွဲပြုလုပ်ကျင်းပရာမှ ရရှိသော ကောင်းမှုကုသိုလ်များကိုလည်း ၃၁ဘုံမှာ ကျင်လည်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများအားလုံးကို အမျှပေးဝေပါတယ်။ ပြုပြီး၊ ပြုဆဲ၊ ပြုမည့် ဒါန၊ သီလ၊ ဘာဝနာ အားလုံးဟာလည်း မဂ်ဖိုလ်နိဗ္ဗာန် ရကြောင်းရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်းလို့ ဆုတောင်းရင်း ၂၀၁၂ ကို ကုသိုလ်တရားတွေနဲ့အတူ အစပြု ကူးပြောင်းနိုင်ခဲ့တဲ့ ဥတ္တရအလင်းရဲ့ ကုသိုလ်မှတ်တမ်း-၂ ကို ဒီမှာပဲ နိဂုံးချုပ်ပါရစေရှင်။

စာဖတ်သူများအားလုံးလည်း ကုသိုလ်တရားများ ဆင့်ပွားခံစားနိုင်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ဝမ်းမြောက်ကြည်နူးခြင်းများစွာဖြင့်
ဇွန်မိုးစက်