ပြုံးမိတဲ့စာ

4

Category: ,

ညိုရေ…

ဘာလိုလိုနဲ့ ကမ္ဘာ့ဖလားပွဲရာသီတောင် တစ်ကျော့ပြန်ရောက်ခဲ့ပြီနော်။ လွန်ခဲ့တဲ့လေးနှစ်က တို့နှစ်ယောက် အဇူရီဂျာစီဆင်တူဝတ်ပြီး စတုတ္ထရိပ်သာလမ်းထက်မှာ ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာ ဘာမှသိပ်မကြာလိုက်သလိုဘဲ။ တကယ်တော့ ငါလည်း ဘောလုံးလောကနဲ့ အဆက်ပြတ်နေတာ ကြာပြီဆိုတော့ ကစားသမားအသစ်တွေတောင် သိပ်မသိတော့ပါဘူး။ ၉၄ခုနှစ်ကတည်းက တောက်လျှောက်အားပေးခဲ့တဲ့ ဘောလုံးသမားတွေက အခုဆို ကလပ်အသင်းတွေမှာ နည်းပြတွေဘာတွေတောင် ပြန်ဖြစ်ပြီး တစ်ချို့ကလည်း လက်ရွေးစင်ဘောလုံးသမားဘ၀ကနေ ရာသက်ပန် အနားယူကုန်ကြပြီ။ ရွန်းနီတို့ ဒိုလေးတို့ဆိုတာလည်း ငါတို့မျက်စိအောက်မှာပဲ ကြီးလာကြတဲ့ ကစားသမား အကျော်အမော်တွေ မဟုတ်လား။ ဒီနှစ်တော့ ဘယ်အသင်းအားပေးရမှန်း မသိပါဘူးဟယ်။ နှစ်စဉ်နှစ်တိုင်း အားပေးလာခဲ့တဲ့ တို့အီတလီအသင်းက ဒီနှစ်တော်တော်လေး အားနည်းနေပုံပါပဲ။ ကစားသမားအသစ်တွေနဲ့ပွဲထုတ်မယ့် အင်္ဂလန်ရဲ့ ရလဒ်ကတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး။ သေချာတာကတော့ ဒီနှစ်ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေစာရင်းမှာ သူတို့နှစ်သင်း ပါမလာတာဘဲ။ 

လက်ရှိချန်ပီယံစပိန်ရယ်၊ အိမ်ရှင်ဘရာဇီးရယ်၊ နောက်အာဂျင်တီးနားနဲ့ ဂျာမနီအသင်းရယ်ကတော့ တော်တော်လေး တစ်ပြေးနေတယ်လို့ အားကစားသတင်းတွေမှာ ဖတ်ရတယ်။ တို့အမြဲအားပေးနေတဲ့ အသင်းနှစ်သင်းက ဆော်ပေါ်လိုမြို့က ကွင်းကြီးမှာ အုပ်စုဖွင့်ပွဲ ကန်ရမှာ။ ဒါပေမယ့် ကွင်းကြီးက မဖွင့်ခင် တစ်ရက်အလိုထိ အဆင်သင့်ရာနှုန်းပြည့် မဖြစ်သေးတော့ အချိန်မှီပြီးစီးအောင် သက်ဆိုင်ရာတွေက တော်တော်လေး ကြိုးစားအားထုတ်နေရရှာတယ်။ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းတွေ ထပ်မဖြစ်ဘဲ ကမ္ဘာ့ဖလားပွဲကြီးကို အေးအေးဆေးဆေး ပြီးသွားချင်ပါတယ်ဟာ။ ဒီတစ်ခါတော့ အသင်းလိုက်အားမပေးဘဲ ကာဆီးလက်စ်မျက်နှာနဲ့ စပိန်ကိုပဲ အားပေးလိုက်ရမလား၊ မက်ဆီပါတဲ့ အာဂျင်တီးနား ဗိုလ်စွဲဖို့ပဲ ဆုတောင်းပေးရမလားလို့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတယ်။ နင်ရော… ဒီနှစ် ဘယ်သူ့ကို အားပေးမလဲ။

ဒါနဲ့လေ… လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ဗီရိုရှင်းတော့ ၉၈၊ ၉၉လောက်က ငါရေးထားတဲ့စာတွေ ပြန်တွေ့တယ်သိလား။ အဲဒီ့ထဲမှာ တစ်ပုဒ်က ထူးထူးခြားခြား ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ရေးခဲ့တဲ့ အက်ဆေးစာလေး။ အတိအကျပြောရရင် လွန်ခဲ့တဲ့ ၁၆နှစ်က အီတလီအသင်း ပယ်နယ်တီနဲ့ရှုံးသွားခဲ့လို့ စိတ်မကောင်းဖြစ်ပြီး ခံစားချက်အပြည့်နဲ့ ရေးခဲ့တဲ့စာပေါ့ဟာ။ အခုချိန်မှာ ဖတ်ကြည့်ပြီးတော့ ပြုံးမိတယ်။ နင်မဖတ်ဖူးသေးတဲ့စာလည်းဖြစ်၊ နောက်ပြီး ကမ္ဘာ့ဖလားနဲ့ အီတလီအသင်းရယ်၊ ဘက်ဂီယိုအကြောင်းလည်းပါတော့ နင်ဖတ်ရအောင် လက်ရေးမူကို အမေ့ကို ဆေးရုံမှာ စောင့်ပေးခဲ့တဲ့ ရက်တွေမှာပဲ ငါ ကွန်ပျူတာနဲ့ စာပြန်ရိုက်ထားလိုက်တယ်။ 

တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန် ဇွန်လ ၁၂ရက်နေ့ဆိုတော့ ကမ္ဘာ့ဖလားဖွင့်ပွဲကြီးစပြီ။ ၂၀၀၆ခုနှစ် အီတလီဗိုလ်စွဲတုန်းက ကမ္ဘာ့ဖလားဖွင့်ပွဲစတာ ဇွန်လ ၉ရက် ငါ့မွေးနေ့ဆိုတာ မှတ်မိနေသေးတယ်။ အဲဒီတုန်းက ငါ့မွေးနေ့မှာစတဲ့ ကမ္ဘာ့ဖလားမို့ ငါအားပေးတဲ့အသင်းနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်က တကယ်ဖြစ်လာခဲ့တယ်။ ဒီနှစ် ၁၂ရက်နေ့ကလည်း မြန်မာလို နယုန်လပြည့်ဆိုတော့ ငါ့မွေးနေ့ပဲလေ။ ဒီတော့ ငါတို့အားပေးနေကျ အသင်းတစ်သင်းတစ်လေများ ဗိုလ်လုပွဲတက်ရဦးမလားလို့ မျှော်လင့်ချင်သေးတာ။ တကယ်ဗိုလ်စွဲမယ့်အသင်းကိုတော့ ဇူလိုင် ၁၃ရက်နေ့မှပဲ သိရမှာပေါ့ဟာ။

ဘယ်လိုပဲဖြစ်ဖြစ်… ၉၈တုန်းက ငါရေးခဲ့တဲ့ ငယ်လက်ရာ အတွေးနဲ့အရေးလေး နင်ဖတ်ဖြစ်အောင် ဖတ်လိုက်နော်။ စာနဲ့အပိုဒ်ခွဲတာတွေအားလုံး မူရင်းစာထဲကအတိုင်း ဘာမှပြန်မပြင်ဘဲ စာစီထားတယ် သိလား။း)

လွမ်းဆွတ်သတိရစွာ
ဇွန်
----------------------------------------------------------------------------------------------------------------


ယနေ့သည် ၁၉၉၈ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကို ဇွန်လ (၁၀) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစားလာကြရာ ယနေ့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များ စတင်ကစားမည့်နေ့လည်းဖြစ်သည်။ ကျွန်မတို့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ တွင် ဘရာဇီးနှင့် ဟော်လန်တို့ယှဉ်ပြိုင်ကာ ဗိုလ်လုပွဲသို့ တက်ကြမည့် အသင်းများ၏ ခြေကုန်ကစားမည့်ပွဲဖြစ်သည်။

သို့ရာတွင် ကျွန်မတို့ စိတ်မ၀င်စားတော့ပါ။ ထိုပွဲကို ကြည့်ရုံသာကြည့်ပြီး မည်သည့်ဘက်ကမှ တခဲနက် အားပေးထောက်ခံခြင်း မပြုတော့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ အလွန်အားပေးသော၊ အားထားသော၊ ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်ပြီး ကမ္ဘာ့ဖလားကြီးအား ဆွတ်ခူးစေချင်သော၊ ကျွန်မတို့မိသားစု အလွန်ကြိုက်သော “အီတလီ” အသင်း မပါဝင်တော့သောကြောင့်ဖြစ်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲများကို ၁၉၉၄ မတိုင်မီ 555 မှ sponsor လုပ်၍ မပြသေးမီကာလအထိ ကျွန်မတို့ မသိခဲ့ကြပါ။ ကမ္ဘာ့ဖလားဘောလုံးပွဲရှိသည်ဟုလည်း မကြားမိခဲ့ပါ။ ၁၉၉၄ ရောက်မှ 555 ၏ ကျေးဇူးကြောင့် သိမြင်ကြည့်ရှုအားပေးရခြင်း ဖြစ်ပါသည်။

သို့သော် ထိုစဉ်က မည်သည့်အသင်းကိုမျှ သေချာမသိခဲ့။ ကျွန်မတို့သိသော ဘောလုံးသမားတစ်ယောက်သာရှိသည်။ ထိုသူမှာ အီတလီအသင်းမှ “ဘက်ဂီယို” ဖြစ်သည်။ သူ၏စွမ်းဆောင်မှုဖြင့် အီတလီအသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်လာသည်ဟုဆိုက မမှားပါ။

သို့သော် ဘက်ဂီယို၏ကန်ချက်အပေါ်သို့မြောက်သွားသဖြင့် သရေဖြစ်နေသော ဘရာဇီးနှင့် အီတလီပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်နှင့် ဒုတိယဖြစ်ခဲ့ရသည်။ သို့ရာတွင် ကျွန်မတို့ သူ့ကို အပြစ်မတင်မိခဲ့ပါ။ သူ့ကြောင့်ဟူ၍လည်းအပြစ်ပြောဖို့ရာထက် အသနားစိတ်ကလေးပိုဝင်ခဲ့သည်။ သူ့ခြေထောက်နာနေသည်ဟုလည်း သိရသောကြောင့်ဖြစ်သည်။ ကျွန်မတို့ အီတလီအသင်းအား သနားမဆုံး ဖြစ်ခဲ့ရသည်။ ကျွန်မတို့ ဤအသင်းကို အလွန်နိုင်စေချင်ပါသည်။

၁၉၉၆ခုနှစ်တွင် ဥရောပဖလားပွဲများကျင်းပရာ Philip ၏ အကူအညီဖြင့် ကျွန်မတို့ ထပ်မံ၍ ကြည့်ရှုခွင့်ရခဲ့ပါသည်။ အီတလီအား ဥရောပဖလားတွင် ဗိုလ်စွဲစေချင်စိတ်လည်း ထပ်မံဖြစ်ပေါ်လာပါသည်။ သို့ရာတွင် အသင်းထဲ၌ ဘက်ဂီယို မပါဝင်တော့ဘဲ ဇိုလာ၊ ပေါ်လိုမာဒီနီ အစရှိသောသူများသာ ပါဝင်ကြောင်း တွေ့ရသည်။ ထိုစဉ်က နည်းပြဆရာ၏ဆုံးဖြတ်ချက်မှားသည်ဟု ကျွန်မထင်သည်။ အီတလီသည် ထိုစဉ်က အုပ်စုပွဲကျော်အောင် မကစားနိုင်ခဲ့ပါ။

၁၉၉၈ခုနှစ်ရောက်သောအခါ ကျွန်မတို့ အလွန်ပျော်ခဲ့ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲများအား London King Size အကူအညီဖြင့် ပွဲစဉ်အားလုံး မလွတ်တမ်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့သည် ထိုစဉ်ကတည်းကပင် အီတလီအသင်းအား အားပေးနေခဲ့သည်။ ယခုတစ်ကြိမ်တွင် အီတလီသည် ဗိုလ်လုပွဲသို့တက်ရောက်၍ ကမ္ဘာ့ဖလားအား စတုတ္ထအကြိမ်မြောက် ဆွတ်ခူးနိုင်ရန် အလွန်ပင် မျှော်လင့်ခဲ့ကြသည်။

ပြိုင်ပွဲများမစမီ ကျွန်မမောင်လေးထံမှ ကြားရသောသတင်းစကားကြောင့် ပို၍ပျော်ခဲ့သည်။ အပြီးသတ်လူရွေးရာတွင် ရောဘတ်တိုဘက်ဂီယို ပြန်လည်ပါဝင်လာခြင်းဟုဆိုသောကြောင့် နည်းပြဆရာ ဆီဇာမာလ်ဒီနီအား အလွန်ကျေးဇူးတင်ခဲ့သည်။

ကျွန်မတို့နောက်ထပ်အားပေးသော အသင်းတစ်သင်းမှာ အင်္ဂလန်အသင်းဖြစ်သည်။ အင်္ဂလန်အား ဤတစ်ကြိမ်တွင် ဗိုလ်စွဲမည်ဟု ခုနှစ်သက္ကရာဇ်ဖြင့်တွက်ချက်ကြသူများက ဟောကိန်းထုတ်သည်။ ကျွန်မတို့ အင်္ဂလန်အသင်းအား ယခုနှစ်မှမဟုတ်၊ ၉၆ ဥရောပဖလားမှစတင်၍ အားပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း အင်္ဂလန်အသင်းအား ၉၆ ဥရောပဖလားအား ရယူစေချင်ခဲ့သည်။ သို့သော် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ဂျာမနီတို့အား ရှုံးနိမ့်ခဲ့သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားအား ၁၉၆၆ခုနှစ် တစ်ကြိမ်တွင်သာ ရဖူးသဖြင့် သူ့ကိုလည်း ထပ်မံ၍ ရစေချင်သောကြောင့် ဖြစ်ပါသည်။

ပြိုင်ပွဲများစတင်သောအချိန်မှစ၍ ကျွန်မတို့ အီတလီနှင့် အင်္ဂလန်အား တခဲနက် အားပေးခဲ့ကြသည်။ သို့သော် မြန်မာစံတော်ချိန်နှင့် အီတလီအသင်းပြိုင်ပွဲများမှာ ပို၍ကြည့်ချိန်ကိုက်ညီနေသဖြင့် အီတလီ၏ကစားကွက်ကို ပိုမိုကြည့်မြင်သိရှိခဲ့ရသည်။ အီတလီသည် ခံစစ်အားအလွန်ကောင်းသောအသင်းဖြစ်သည်။ ကျွန်မယခုအချိန်ထိ ကြည့်ပြီးသမျှ ပွဲများစွာထဲတွင် အီတလီ၏ နောက်တန်းသည် အကောင်းဆုံးနှင့် အလုံခြုံစိတ်အချရဆုံးဖြစ်သည်။

အုပ်စု(ခ)မှ အီတလီနှင့် ချီလီအသင်းတို့စတင်ယှဉ်ပြိုင်ကစားသောနေ့၌ပင် ဘက်ဂီယိုပါဝင်သဖြင့် အလွန်ကျေနပ်ခဲ့သည်။ ဘက်ဂီယိုကြောင့် အီတလီအသင်းရှုံးမည့်အနေမှ သရေဖြစ်ခဲ့သောကြောင့် ကျွန်မတို့ စိတ်ပူပင်မှုများ ပြေလျော့သွားရသည်။ ဒုတိယပွဲစဉ်တွင် အီတလီနှင့် ကင်မရွန်းတို့ ယှဉ်ပြိုင်ကစားကြရာ မနက် ၁း၃၀ ပွဲဖြစ်သော်လည်း အိပ်ရေးပျက်ခံ၍ အားပေးကြသည်။ အီတလီက သုံးဂိုးဂိုးမရှိဖြင့်နိုင်သဖြင့် အလွန်ကျေနပ်အားရခဲ့သည်။ သြစတြီးယားနှင့်ပွဲတွင်လည်း နိုင်ခဲ့သဖြင့် ပျော်ရွှင်ခဲ့ရသည်။ အီတလီအား နောက်တစ်ကြိမ်ဗိုလ်လုပွဲတက်ရောက်နိုင်သောအသင်းအဖြစ် အားထားခဲ့သည်။

ရှုံးထွက်ပွဲစဉ်တွင် ဘရားဇီးအား ၂ဂိုး၁ဂိုးဖြင့် အနိုင်ရအောင်ကစားထားသော နော်ဝေးအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသဖြင့် အလွန်ဝမ်းသာခဲ့ရသည်။

သို့သော် ထိုစဉ်ကတည်းကစ၍ အိမ်ရှင်ပြင်သစ်နှင့်တွေ့လျှင်ဟူသော စိုးရိမ်စိတ်က ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် အီတလီ၏ခြေမှာ ပြင်သစ်ထက်သာလွန်ပြီး နောက်တန်းလည်း အလွန်ကောင်းသဖြင့် ဆီမီးဖိုင်နယ်တက်မည်ဟု အီတလီအသင်းမှ အားပေးစိတ်နှင့် စိုးရိမ်မှုများကို ပယ်ဖျောက်ခဲ့ရသည်။

ကျွန်မတို့ထပ်မံအားပေးလျက်ရှိသော အင်္ဂလန်အသင်းမှာ အာဂျင်တီးနားအားနိုင်တော့မည့် အခြေအနေရှိနေပါရက် ဒိုင်လူကြီးနှင့်ဆုံးဖြတ်ချက်အမှားကြောင့် ၁ယောက်ထုတ်ခံရပြီး ဒုတိယပိုင်းနှင့် အချိန်ပိုတို့တွင် ၁၀ယောက်တည်းဖြင့် ခုခံကစားသွားရာမှ ပယ်နယ်တီအဆုံးအဖြတ်ပြုရာ ၄ဂိုး၃ဂိုးနှင့် ရှုံးနိမ့်ကာ ကွာတားဖိုင်နယ် မတက်ရောက်နိုင်သောကြောင့် ကျွန်မတို့ထပ်မံအားပေးချင်၍ မရတော့ပါ။ ထို့ကြောင့် ကျွန်မတို့၏အားပေးမှုသည် အီတလီအသင်းပေါ်တွင် ပိုမိုစုပြုံလာကာ ကွာတားဖိုင်နယ်သာမက ဆီမီးဖိုင်နယ်ကိုပါ ဖြတ်ကျော်ကာ ၉၄ခုနှစ်မှ ဆုံးရှုံးခဲ့ရသောဖလားကို နောက်တစ်ကြိမ်ထပ်မံရစေချင်သည်မှာ အလွန်ပြင်းပြသော ကျွန်မဆန္ဒအမှန်ပင်ဖြစ်သည်။

သို့သော် ပွဲစသည်နှင့်တပြိုင်နက် ပြင်သစ်အသင်း၏ တဖက်သက်ဖိကစားလွန်းမှုကြောင့်လည်းကောင်း၊ ဒိုင်လူကြီး၏ မျက်နှာသာမပေးမှုကြောင့်လည်းကောင်း၊ ပြင်သစ်တို့ဘက်သို့ ဒိုင်လူကြီး ပို၍အခွင့်အရေးပေးခြင်းတို့ကြောင့် အီတလီအသင်းဂိုးသွင်းခွင့်မှာ အလွန်နည်းပါးနေခဲ့ကြောင်း တွေ့ခဲ့ရသည်။ ပြင်သစ်မှလည်း အလွန်အမင်းခုခံကာ ဂိုးသွင်းခွင့်မပေးခဲ့ခြင်းကြောင့် အချိန်ပိုကစားပြီးချိန်အထိ ဂိုးမသွင်းနိုင်ဘဲ သရေဖြစ်ခဲ့သည်။

ပယ်နယ်တီဖြင့် ဆုံးဖြတ်တော့မည့်အချိန်တွင် ကျွန်မတို့ရင်အားလုံး အခုန်မြန်ကာ ခြေဖျားလက်ဖျားများ အေးစက်လျက်ရှိကြသည်။ သို့သော် မနှစ်ကလို အဖြစ်မျိုးထပ်မံ မကြုံတော့ဟု အားတင်းပြီး ဆက်ကြည့်သည်။ ကျွန်မတို့ ဘယ်လိုမှ မမျှော်လင့်ခဲ့သောအရှုံးအား ပြင်သစ်က အလွန်မကောင်းပါဘဲနှင့် ပယ်နယ်တီဖြင့် အနိုင်ရသွားခဲ့သည်။

ကျွန်မတို့မိသားစုသုံးယောက် စကားပင်မပြောနိုင်။ ၉၄မှ အဖြစ်မျိုး မဖြစ်စေချင်ခဲ့သော၊ ကျွန်မတို့အားပေးခဲ့သော အသင်းနှစ်သင်းလုံးမှာ ပယ်နယ်တီ ၄ဂိုး ၃ဂိုးစီဖြင့် မထင်မှတ်သော တူညီတိုက်ဆိုင်မှုများဖြင့် ရှုံးနိမ့်ခဲ့ကြသောကြောင့် အလွန်ပင် ၀မ်းနည်းပက်လက် ဖြစ်ရသည်။

ကျွန်မကိုယ်တိုင် စာလည်းမကျက်နိုင်၊ စာမေးပွဲလည်း သွားမဖြေနိုင်ဘဲ နောက်နေ့တစ်နေ့လုံး စိတ်လေသလိုဖြစ်ကာ ဘယ်လိုမှဖြေ၍ မရနိုင်ဘဲရှိနေခဲ့သည်။ ကျွန်မတို့အားပေးသော အီတလီအသင်းမှာ ကွာတားဖိုင်နယ်၏ ပထမဆုံးပွဲစဉ်ဖြစ်၍ အခြားကျန်သောပွဲများအား ဘယ်လိုမှ စိတ်ဝင်တစားနှင့်ကြည့်၍ မရတော့ချေ။ ရင်ထဲတွင်ဟာတာတာနှင့် ဟင်းလင်းပြင်ဖြစ်ကျန်ခဲ့သည်။ တစ်ဖက်တွင် ဘရာဇီးမှ ဒိန်းမတ်ကိုနိုင်သည်ဟူသော သတင်းကြားလည်း မတုန်လှုပ်တော့။ ဟော်လန်နှင့် အာဂျင်တီးနားပွဲတွင် အင်္ဂလန်အား အနိုင်ယူထားသော အာဂျင်တီးနားရှုံးနိမ့်သွားသဖြင့် ပျော်သည်ဆိုရုံကလေးမျှသာ အနည်းငယ်ပျော်သည်။ ဂျာမနီနှင့်ခရိုအေးရှားပွဲတွင် ခရိုအေးရှားမှ သုံးဂိုး ဂိုးမရှိနိုင်သည်ဟုဆိုသဖြင့် အလွန်ပင်အံ့သြခဲ့ရသည်။ စိတ်မကောင်းလည်းထပ်မံဖြစ်မိသည်။ အကယ်၍သာ အီတလီသာ အိမ်ရှင်ပြင်သစ်အားနိုင်ခဲ့မည်ဆိုပါက ခရိုအေးရှားကို နိုင်လိမ့်မည်ဟု ကျွန်မထင်ပါသည်။ သို့သော်… မျှော်လင့်ထားသလို ဖြစ်မလာခဲ့တော့ပါ။

နောက်တစ်နေ့သတင်းစာများထဲတွင် အီတလီအသင်းမှာ ပယ်နယ်တီဖြင့် အဆုံးအဖြတ်ခံရာတွင် မည်သည့်အခါကမှ နိုင်ခဲ့ခြင်းမရှိကြောင်း သိရသဖြင့် ပို၍ယူကျူံးမရဖြစ်ရသည်။ စိတ်မကောင်းလည်း ဖြစ်ရသည်။ ပို၍စိတ်မကောင်းဖြစ်ရခြင်းမှာ ပွဲစဉ်တလျှောက်လုံးတွင် ဘက်ဂီယိုသည် မိမိအသင်းအတွက် အစွမ်းကုန်ကြိုးစားမည်ဟူသောအသိနှင့် အသင်းဘက်မှ တိုက်စစ်အားပိုမိုကောင်းလာအောင် သူ၏ကြိုးစားမှုဖြင့် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

၁၉၉၄ခုနှစ်ကကဲ့သို့ အမှားမျိုးမဖြစ်ရလေအောင် ကြိုးစားကစားသွားခဲ့သည်။ ပယ်နယ်တီကန်သွင်းရာတွင်လည်း စိတ်အေးဆေးတည်ငြိမ်စွာဖြင့် ကန်သွင်းခဲ့ခြင်းကြောင့် ယခုနှစ်အသင်းရှုံးရခြင်းသည် သူနှင့်မည်သို့မျှမပတ်သက်တော့။ ဂိုးသမားအနေနှင့်လည်း အပြစ်မရှိ။ အသင်းအနေနှင့်လည်း ခြေစွမ်းပြနိုင်ခဲ့သည်။ အသင်းကြီးတစ်သင်းပီသစွာပင် နောက်တန်းမှ ခံစစ်အားကောင်းသကဲ့သို့၊ ရှေ့တန်းမှ ဗီအာရီကလည်း ဘက်ဂီယို၊ ဒယ်ပီအာရိုတို့နှင့် အတွဲညီစွာ ဂိုးများစွာ သွင်းပေးခဲ့သည်မှာ ယနေ့အချိန်ထိ သူ့ထက်ကျော်အောင် ဂိုးသွင်းနိုင်သူ မရှိသေးပါ။ ထို့ကြောင့် အီတလီအသင်းအတွက် ဂိုးသွင်းဘုရင်ဆုရရန် ဆုတောင်းပေးရုံသာရှိတော့သည်။

အင်္ဂလန်အသင်း မရှုံးသင့်ဘဲရှုံးစဉ်က အီတလီရှိနေသေးသဖြင့် ဖြေသာသော်လည်း အီတလီအသင်း မမျှော်လင့် မထင်မှတ်ထားဘဲ ပယ်နယ်တီဖြင့် အရေးနိမ့်သွားသောအခါ တော်တော်နှင့်ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အထူးသဖြင့် နောက်ဆုံးပယ်နယ်တီဂိုးကို ကန်သွင်းသူ ဒီဘက်ဂီယိုမှာ မိမိသွင်းလိုက်သောဘောလုံးတိုင်ထိပြီး ထွက်လာသဖြင့် နေရာမှလဲကျသွားစဉ် ဘက်ဂီယိုမှ လာရောက်ဆွဲထူခဲ့ရာ ဘက်ဂီယိုအတွက်ပို၍ စိတ်မကောင်းဖြစ်ရသည်။ ယခုနှစ်အတွက် သူ၏အစွမ်းဖြင့် ဗိုလ်လုပွဲသို့ အရောက်တက်မည်ဟု မျှော်မှန်းခဲ့ရပုံသူ့အတွက် ကျွန်မတို့ဝမ်းနည်းရသည်။ သူနှင့်အဖြစ်တူသူ အသင်းသားတစ်ယောက်အတွက် သူ၏ခံစားမှုနှင့်နားလည်ပေးကာ အသင်းသားများအား အားပေးခဲ့သောသူ့အတွက် ကျွန်မတို့ စိတ်မကောင်းဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များပြီးဆုံးသွားသော်လည်း ထပ်မံအားပေးရန် အီတလီအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် မရခဲ့ပါ။ အကယ်၍ ဥရောပဖလားပြိုင်ပွဲ (သက္ကရာဇ် ၂၀၀၀) ကျင်းပသောအခါ ဘက်ဂီယိုပါဝင်ကစားနိုင်ခဲ့မည်ဆိုလျှင် သူကစားနေစဉ် အချိန်ကာလအတွင်း ဥရောပဆုဖလားကြီးအား သူနှင့်အတူ အီတလီအသင်းအား ရစေချင်ပါသည်။

သက္ကရာဇ် ၂၀၀၀ ဥရောပဖလားတွင် အီတလီအသင်းအတွက် သူပါဝင်ကစားနိုင်လျှင်၊ ထိုဖလားကို ဆွတ်ခူးနိုင်မည်ဆိုလျှင် ကျွန်မရည်မှန်းချက်တစ်ဝက်ပြည့်ပြီး ဖြစ်လိမ့်မည်။ သူမပါဘဲ ထိုဆုဖလားရခဲ့လျှင် ကျွန်မတို့ ဖြေသိမ့်နိုင်ကြမည်။ ယခုနှစ်အတွက် သူပါဝင်ကစားခဲ့ရသော အချိန်များအတွင်း သူ၏အစွမ်းဖြင့် မိမိအသင်းအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကလိုအဖြစ်မျိုး ထပ်မံကြုံတွေ့စရာအကြောင်း မရှိတော့သော်လည်း ပယ်နယ်တီဖြင့် ကံခေရသော အီတလီအသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိတော့ပါ။

အီတလီအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ကစားခဲ့သော ဘက်ဂီယိုသည် မိမိအနေဖြင့် မိမိအသင်းဘက်မှ အတတ်နိုင်ဆုံး ဆုဖလားကိုရယူပေးစေချင်သော သူ့ဆန္ဒမှာလည်း မပြည့်ဝနိုင်တော့။ နောင်တစ်ကြိမ်တွင် သူ့အသက်အရွယ်နှင့် ပါဝင်ကစားနိုင်ချင်မှ ကစားနိုင်မည်။ သို့သော် မသေချာပါ။ မည်သို့ဆိုစေ ကျွန်မတို့အဖို့ အီတလီအသင်းအား ကမ္ဘာတည်သရွေ့၊ ကျွန်မတို့အသက်ရှင်နေသ၍ အစဉ်အားပေးနေမည်မှာ အလွန်သေချာပါသည်။ ထိုနည်းတူ အင်္ဂလန်အသင်းအားလည်း အားပေးရင်း နောင်လာမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများတွင် အီတလီနှင့်အင်္ဂလန်တလှည့်စီ ဗိုလ်စွဲနိုင်စေရန် ဆုတောင်း၍ ကြည့်ရှုအားပေးနေမည် ဖြစ်ပါသည်။
***


သုံးသပ်ခံစား သုံးဆယ့်ငါး

5

Category:

သည်နေ့မနက်အိပ်ရာကထတော့ မှန်ထဲကပုံရိပ်ကို သေချာကြည့်မိသည်။ သိသိသာသာ ချောင်ကျနေသောမျက်တွင်းနှင့် အရင်ကထက် ပိုသွယ်လျသွားသော မျက်နှာကို တွေ့ရသည်။ အသက်တစ်နှစ်ပိုကြီးလာသောကြောင့်လား၊ အမေ့ကို သုံးလဆက်တိုက် နေ့ရောညပါ ပြုစုခဲ့ရသောကြောင့်လား…၊ သေချာတာကတော့ ကျွန်မရဲ့နုပျိုမှုတွေ သိသိသာသာ လျော့ပါးလွင့်ပြယ်လာခဲ့ခြင်းဖြစ်သည်။ အင်းလေ… ကျွန်မ အသက် သုံးဆယ့်ငါးရှိပြီပဲ။ ဗုဒ္ဓမြတ်စွာတရားတော်လာအတိုင်းဆိုလျှင် ယနေ့လူ့သက်တမ်းသည် ဆုတ်ကပ်၏ ၇၅နှစ်သက်တမ်းမှာ ရောက်နေသည်။ တစ်နေ့ကဖတ်မိသော ကြေးမုံသတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် ယနေ့မြန်မာလူမျိုးများ၏ ပျမ်းမျှသက်တမ်းသည် ၆၅နှစ်ဟု ဖော်ပြထားသည်။ ပျမ်းမျှအချိုးချကြည့်လျှင်တော့ ကျွန်မတို့သက်တမ်း ၇၀ဟု မှတ်ယူနိုင်သည်။ သည်လိုဆိုလျှင် ကျွန်မ လူ့သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ကုန်လွန်ခဲ့သောအချိန်များကို ပြန်လှည့်စောင်းငဲ့ကြည့်တော့ မယုံနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။

စေ့စေ့ငုငုပြန်တွေးမိတော့ ကျွန်မလျှောက်လှမ်းခဲ့ရာ သုံးဆယ့်ငါးနှစ်အတွင်း ၇နှစ်တစ်ကြိမ်ရောက်တိုင်း ဘ၀အပြောင်းအလဲများကို ကြုံတွေ့ရလေ့ရှိသည်။ ကျွန်မကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်၊ နောက်ပြီးချစ်ခင်ရသူတွေနှင့် ပတ်သက်သော အဆိုးအကောင်း၊ အကျိုးအကြောင်းတွေက ကျွန်မရပ်တည်ရှင်သန်မှုကို လာရောက်ထိခတ်ပြောင်းလဲခဲ့သည်မှာ ငါးကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထိုအပြောင်းအလဲများကြားမှာ ကျွန်မ ယိုင်လဲမသွားစေဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ရ၊ ကြိုးစားနေရဆဲမှာပင် ကျွန်မအသက်က နေ့စဉ်နှင့်အမျှ ကြီးလာခဲ့သည်။ အယူအဆ၊ အတွေးအခေါ်၊ ခံစားချက်တွေလည်း အထိုက်အလျောက် ပြောင်းလဲလာခဲ့သည်။

သင်္ကြန်တွင်း အိမ်ရှေ့မဏ္ဍပ်မှ နေ့စဉ်ရက်ဆက်ဖွင့်သော ဆူညံဂီတသီချင်းသံစဉ်များကို ငယ်စဉ်ကလို နားထောင်နိုင်စွမ်းမရှိတော့၍ သင်္ကြန်မြန်မြန်ပြီးပါစေဟု ဆုတောင်းရသည့်အဖြစ်၊ Wolf of Wall Street ဇာတ်ကားမှ ကာမဂုဏ်အာရုံကို အလွန်အကျူးလိုက်စားနေကြသော ဇာတ်ဝင်ခန်းများကို ကြည့်နေရင်း သရုပ်ဆောင်လူများအစား အဟိတ်တိရစ္ဆာန်များကိုသာ မြင်ယောင်မိသည့်အဖြစ် စသည်များကို တစ်စုံတစ်ယောက်အား ပြောပြမိလျှင် “နင် အသက်ကြီးလာပြီ၊ အဘွားကြီးဖြစ်နေပြီ” ဟု ပြုံးရယ်ဝေဖန်ခြင်းခံရမှာ သေချာသည်။ ဟုတ်ပါသည်၊ ကျွန်မအသက် တကယ်ကို ကြီးလာနေပါပြီ။ မညှာစတမ်း တည့်တည့်ပြောရလျှင်တော့ သေခြင်းတံခါးဝနှင့် တစ်နှစ်ပိုနီးလာပါပြီ။ သေခြင်းဟူသောဝေါဟာရ ကျွန်မခေါင်းထဲရောက်လာသည်နှင့်တပြိုင်နက် ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိသည်မှာ “ကျွန်မသေဖို့ အဆင်သင့်ဖြစ်ပြီလား” ဟူ၍ဖြစ်သည်။

ဟိုတုန်းကတော့ ကျွန်မသေရမှာကိုကြောက်သည်၊ သေပြီးနောက်ဘ၀ကိုပို၍ကြောက်သည်။ လွန်ခဲ့သော ခုနစ်နှစ်အတွင်း ကျွန်မကုသိုလ်ကောင်းမှုတွေ၊ ပရဟိတလူမှုရေးလုပ်ငန်းတွေ တစိုက်မတ်မတ်လုပ်ပြီးသည့်နောက်တွင်တော့ ကျွန်မသေရမှာကို မကြောက်တော့။ ၀င်လေထွက်လေ မှတ်ချိန်မရဘဲ၊ မိမိပြုခဲ့သောကောင်းမှုကုသိုလ်များကို အာရုံမပြုနိုင်ဘဲ ရုတ်တရက် ဆုံးပါးသွားမှာကိုတော့ အနည်းငယ်စိုးရိမ်ပါသည်။ ဒါပေမယ့် ကျွန်မလှူဒါန်းခဲ့သော၊ စောင့်ထိန်းခဲ့သော၊ ပွားများအားထုတ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာတွေရှိနေသည့်အတွက် ကျွန်မ ဘ၀ကူးမကောင်းမှာကို ကြိုတင်စိုးရိမ်ကြောင့်ကြစိတ်မျိုး မရှိတော့သည့်အတွက် ကျွန်မ၀မ်းသာမိသည်။

တကယ်တော့ ကျွန်မဘ၀မှာ ဆန္ဒနှင့်ထပ်တူကျခဲ့ခြင်းမျိုး သိပ်မရှိခဲ့ပါ။ ဘယ်အရာကိုမှလည်း ကျွန်မအလွယ်တကူ ရလေ့မရှိခဲ့ပါ။ အခက်အခဲ အနည်းနှင့်အများကို ရင်ဆိုင်ဖြတ်သန်းပြီးမှသာ ကျွန်မရည်မှန်းချက်တွေ အောင်မြင်အထမြောက်လေ့ရှိသည်။ အဲသည့်အတွက်ကြောင့်ပဲ တော်ရုံနှင့် အလွယ်တကူ အရှုံးမပေးတတ်သောအကျင့်ကို ကျွန်မရလာခဲ့ခြင်းဖြစ်မည်။ ကျွန်မငယ်စဉ်က အရာရာပြီးပြည့်စုံသောလူတစ်ယောက် ဖြစ်ချင်ခဲ့သည်။ ကျွန်မမျှော်လင့်ထားသလို ဖြစ်မလာသည့်အခါ စိတ်မကျေနပ်မှုတွေဖြစ်ခဲ့ရသည်။ ကျွန်မအသက်ဆယ့်ရှစ်နှစ်တုန်းက အိပ်မက်ထားသလို အသက်အစိတ်မှာ အောင်မြင်ထူးချွန်သော ဆရာဝန် သို့မဟုတ် ဗိသုကာအင်ဂျင်နီယာ၊ ဒါမှမဟုတ် သန်းကြွယ်စီးပွားရေးလုပ်ငန်းပိုင်ရှင် အမျိုးသမီးဖြစ်ခွင့်မရဘဲ ကျွန်မထဲထဲဝင်ဝင် စိတ်သိပ်မ၀င်စားလှသော အိုင်တီနယ်ပယ်၌သာ ကျင်လည်ခဲ့ရသည်။ ကျွန်မအသက်နှစ်ဆယ့်ရှစ်နှစ်မှာ ချစ်သူနှင့်လက်ထပ်ပြီး ဘ၀တစ်ခုထူထောင်မည်ဟူသော မိန်းမသားတစ်ဦး၏ စိတ်ကူးမျှော်လင့်ချက်တို့သည်ပင် မထင်မှတ်ထားသော ကြမ္မာဆိုးအောက်မှာ ပြိုကွဲပျောက်ဆုံးသွားခဲ့ရသည်။ ကျွန်မကံဇာတာ အဲသည်လောက်အထိ ညံ့ခဲ့ဖူးပါသည်။

ယခုအချိန်ထိ ကျွန်မဘ၀မှာ ငွေကြေးဥစ္စာ၊ စည်းစိမ်ရာထူး မယ်မယ်ရရ ပြောပြလောက်စရာ အောင်မြင်မှုမျိုး မရှိသေးပါ။ ကျွန်မပိုင်ဆိုင်သော တိုက်တာခြံမြေအဆောက်အဦလည်း မရှိသေးပါ။ ကျွန်မနှင့်ရွယ်တူ သူငယ်ချင်းမိတ်ဆွေများလို အားကိုးတွယ်တာချစ်မြတ်နိုးစရာကောင်းသော ခင်ပွန်းနှင့်ရင်သွေးတို့ကိုလည်း မပိုင်ဆိုင်ခဲ့ပါ။ ဒါပေမယ့် ကျွန်မမှာ အမေမွေးကတည်းပါလာသည့် စိတ်ရင်းစေတနာ သဒ္ဓါကောင်းလေးရှိနေသည်။ ကျွန်မအခက်အခဲကြုံတိုင်း တကူးတက အကူအညီတောင်းစရာမလိုဘဲ အလိုက်တသိနှင့် ကူညီဖြေရှင်းပေးတတ်သော ချစ်စရာကောင်းသည့် သူငယ်ချင်းတွေရှိသည်။ ကျွန်မပေးဆပ်အနစ်နာခံမှုများအတွက် နားလည်စာနာပေးသော မိဘနှစ်ပါးနှင့်မောင်ငယ်ရှိသည်။ နောက်ပြီး လွန်ခဲ့သော ခုနစ်နှစ်အတွင်းက ကျွန်မ ပြုခဲ့သမျှသော ကောင်းမှုဒါနအစုစု၏ ကုသိုလ်မှတ်တမ်းစာအုပ်လေးရှိသည်။ အဲဒါတွေရှိရုံနှင့်ပင် လူဖြစ်ခွင့်ရသောကျွန်မ ယခုဘ၀အတွက် ကျေနပ်သင့်ပါသည်။

ကျွန်မအသက်သုံးဆယ်ငါးနှစ်ပြည့်သောအချိန်ထိ ကျွန်မဖြစ်ချင်သော ဆန္ဒအိပ်မက်တွေအားလုံး ရာနှုန်းပြည့် အကောင်အထည်ဖော်ခွင့်မရခဲ့သော်လည်း တချို့တလေတော့ အထိုက်အလျောက် ရခဲ့ပါသည်။ ဥပမာ - စာရေးဝါသနာပါသောကျွန်မ ကလောင်တစ်ခုမကနှင့် စာတွေပြန်ဆိုရေးသားနိုင်ခဲ့ခြင်းမျိုး၊ အချိန်အခါနှင့် အခြေအနေပေးသည့်အခါတိုင်း ခရီးသွားလာနိုင်ခဲ့ခြင်းမျိုး၊ ပရဟိတလူမှုရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ ပါဝင်ကူညီလုပ်ဆောင်နိုင်ခဲ့ခြင်းမျိုး၊ သာသနာတော်အတွက် တစ်ထောင့်တစ်နေရာမှ ကိုယ်တတ်စွမ်းသလောက် အထောက်အပံ့ပေးခွင့်ကြုံရခြင်းမျိုးတွေဖြစ်သည်။ ထို့ထက်ပို၍ မိသားစုမောင်နှမဆွေမျိုးများအတွက် သမီးကောင်းသမီးအလိမ္မာအဖြစ် ဂုဏ်သိက္ခာနှင့်တန်ဖိုးရှိစွာ ရပ်တည်ရှင်သန်ခွင့်ရခြင်းအတွက် ကျွန်မ အမှန်တကယ်ပဲ ၀မ်းသာကျေနပ်မိပါသည်။

ယခုဘ၀အတွက်တော့ ကျွန်မ သုံးဆယ့်ငါးနှစ်တာ ဖြတ်သန်းခဲ့ပြီဖြစ်သည်။


၉. ၆. ၂၀၁၄ အတွက်
ဇွန်မိုးစက်