ဇွန်နဲ့လမုန့်

4

Category:



အခုဆို တရုတ်လူမျိုးတွေရဲ့ လမုန့်ပွဲတော်ရာသီချိန်မို့ ရုံးမှာ၊ အိမ်မှာ လမုန့်တွေ ပေါများနေတာပေါ့။ အစားအသောက်ဆို စိတ်ဝင်စားတဲ့ ဇွန်တစ်ယောက် လမုန့်ဆိုရင်တော့ ကျောပေးပြီး နေနိုင်တယ်။ မျက်နှာစာအုပ်မှာ ဓာတ်ပုံတွေရိုက်ပြီး ဘယ်လိုတင်တင် ဘယ်လောက်တဂ်တဂ် ဇွန်တို့က အေးဆေးပဲ။ ဒီလို နေနိုင်ရခြင်း အကြောင်းရင်းကလည်း ရှိခဲ့တာပေကိုး။

ဟိုးငယ်ငယ် အသက် ၈ နှစ်လောက်က အဖွားဖြစ်သူနဲ့ ဆွေမျိုးနီးစပ်တော်စပ်တဲ့ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းအလှူရှိလို့ တစ်ညသွားအိပ်တယ်။ ဘုန်းကြီးကျောင်းမို့ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်သည်တွေနဲ့ မုန့်တွေကလည်း အမျိုးစုံလှပါတယ်။ မန္တလေးက ပြန်လာတဲ့ ဒကာမတစ်ယောက်ကလည်း ထိုးမုန့်၊ လမုန့်နဲ့ အရီးတောင်းလက်ဖက်တွေ လာလှူတာနဲ့ ကြုံကြိုက်သေးတယ်။ ညရောက်တော့ နေ့လည်က ဆွမ်းတော်စွန့်လိုက်တဲ့ မုန့်တွေက ဗန်းထဲမှာ အစီအရီနဲ့ အလှူမှာလာအိပ်တဲ့ ဧည့်သည်တွေကို ချကျွေးတာပေါ့။ 

လူကြီးတွေကြားထဲမှာ ဇွန်တစ်ယောက်ပဲ ကလေးမို့ လူကြီးဝိုင်းက လက်ဖက်ရော၊ ဗန်းထဲက မုန့်အချိုတွေရော ဟိုစပ်စပ်ဒီစပ်စပ် အကုန်လိုက်စားတာ။ အဲဒီ့အထဲမှာ ဆီရွှဲရွှဲ၊ စက္ကူနဲ့ထုပ်ထားတဲ့ လမုန့်လည်း ပါလာတယ်။ အချိုသိပ်မကြိုက်တဲ့ ဇွန်က လမုန့်တစ်ခုလုံးတောင် ကုန်အောင်မစားနိုင်ပါဘူး၊ အီလို့။ ညလယ်ခေါင်လည်းရောက်ရော အိပ်ရာကထပြီး အန်ပါလေရောလား။ အဖွားနဲ့ သူ့သူငယ်ချင်း နောက်အဖွားတစ်ယောက်ခမျာ မအိပ်နိုင်ကြဘဲ ဇွန့်ကို ထပြီးပြုစုရတာ။ အမှန်တော့ အစားစုံသွားလို့ အန်တာ ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ဇွန့်စိတ်ထဲမယ် အဲဒါ လမုန့်စားလိုက်လို့ အန်တာဆိုတဲ့ အစွဲက ဘယ်လိုဝင်သွားလဲ မသိပါဘူး၊ အဲဒီ့နောက်ပိုင်းကစပြီး… လမုန့်ဆိုရင် နိုးပဲ ဖြစ်သွားတာ။

အသံကြားလိုက်တာနဲ့ ဆီရွှဲရွှဲအိတ်ထဲထည့်ထုပ်ထားတဲ့ မုန့်အ၀ိုင်းချိုချိုကို မြင်ယောင်ပြီး အီတီတီ ပြီတီတီ အန်ချင်သလိုကြီး ဖြစ်ဖြစ်သွားရတာ ခုချိန်ထိပဲ။ အဲ… စလုံးရောက်ပြီး နောက်ပိုင်း သူတို့တွေရဲ့ ဆီမရွှဲဘဲ ပုံစံမျိုးစုံနဲ လမုန့်မြင်တော့ ဇွန့်အတွက် စားချင်စိတ်မပေါ်သည့်တိုင် စိတ်ဝင်စားစရာတော့ ကောင်းနေပြန်တယ်။ မုန့်ကို ထုပ်ပိုးထားတဲ့ဗူးလေးတွေက ဒီဇိုင်းမျိုးစုံနဲ့ လှတော့လှသား။ ဟိုးအရင်တစ်နှစ်က အတူနေသူငယ်ချင်းနဲ့ညီမတွေ သူတို့ရုံးကရလာတဲ့ လမုန်ု့တော့ စားဖြစ်တယ်။ ပလိန်းထက်စာရင် အထဲမှာ ကြက်ဥအနှစ်ပါတဲ့လမုန့်ကို ပိုသဘောကျတယ်။ ဘာလို့ဆို အဲဒီ့နေရာလေးကိုကွက်ပြီး ရွေးစားလို့ရတာကိုး၊ ပြီးရင် ကျန်တဲ့အသားကို ကုန်အောင်စားချင်မှစားတာ။ ဒါကြောင့် မတတ်သာလို့ လမုန့်စားရရင် သေးသေးလေးပဲ ပိုင်းပေးပါလို့ ပြောရတယ်။ လက်ဆောင်ရရင်တော့ မငြင်းတော့ပါဘူး၊ ကိုယ်မစားလည်း အိမ်ကလူတွေ စားလို့ရတယ်ဆိုပြီး ယူလာလိုက်တယ်။

အပေါ်ပုံမှာ မြင်ရတာ ဇွန်တို့ supplier ဆီက လက်ဆောင်ရတဲ့ လမုန့်ပါ။ လမုန့် မကြိုက်ပေမယ့် လမုန့်မကြိုက်ရခြင်း အကြောင်းရင်းကို စာတစ်ပုဒ် ချရေးချင်စိတ်ပေါ်သွားတာနဲ့ ဗူးကိုဖွင့်၊ ဖုန်းကင်မရာလေးထုတ်ပြီး ဓာတ်ပုံရိုက်တော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက လှမ်းကြည့်နေကြလေရဲ့။ ဟုတ်တယ်လေ… သူတို့မစားခင် ကိုယ်ဦးအောင် ဓာတ်ပုံရိုက်ထားမှ မဟုတ်လား။ ဒီက ဘယ်အရာမဆို မှတ်တမ်းတင်ဖို့ အသင့်ဖြစ်နေတဲ့ ဘလော့ဂါ ဇွန်မိုးစက်လေကွယ်။ ;)



ဇွန်မိုးစက်

ကျွန်မ၏ကဗျာ

6

Category:

ကျွန်မ ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသော ချစ်သူသည် ကျွန်မထက် အသက် ငါးနှစ်မှ ခုနစ်နှစ်ခန့်ကြီးသူ၊ စာတော်ပြီး မွန်ရည်သန့်ပြန်သော ဆေးကျောင်းသားတစ်ဦး ဖြစ်သည်။ ကျောင်းကားပေါ်က အတန်းကြီး အစ်မများပြောလေ့ရှိသလို လည်ကတုံးအင်္ကျီအဖြူနှင့် ကချင်ပုဆိုးကို ၀တ်ဆင်ထားပြီး ကျွန်မကို စာပြပေးနိုင်သူလည်း ဖြစ်သည်။

တကယ်တမ်း လက်တွေ့ဘ၀တွင် ကျွန်မတွေ့ဆုံခဲ့သော ကိုကိုသည် ဆေးကျောင်းသား မဟုတ်ဘဲ စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သည်။ စိတ်ကူးထဲမှာလို အင်္ကျီဖြူလည်ကတုံးနှင့် ကချင်ပုဆိုးမ၀တ်သော်လည်း ကော်လံပါသော အရောင်ဖျော့ရှပ်အင်္ကျီလက်ရှည်နှင့် ပုဆိုးအကွက်စိပ်များ၊ ရံဖန်ရံခါ ရခိုင်ပုဆိုးအဆင်များကို ၀တ်ဆင်တတ်သူဖြစ်သည်။ စစ်တုရင်ချန်ပီယံဖြစ်သော ကိုကို့ကို ကျွန်မသဘောအကျဆုံးအချက်မှာ အင်္ဂလိပ်စာတော်ခြင်းဖြစ်သည်။ မညာစတမ်း ၀န်ခံရလျှင် ကျွန်မထက် အင်္ဂလိပ်စာပိုတော်သော ယောက်ျားများကို ကျွန်မ အထင်ကြီး စိတ်ဝင်စားတတ်ပါသည်။

ကိုကို ကျွန်မနှင့်စတွေ့သော ပထမဆုံးအကြိမ်မှာကတည်းက ကျွန်မကို သဘောကျခဲ့ကြောင်း နောင်မှာပြန်ပြော၍ ကျွန်မသိခွင့်ရသော်လည်း ကိုကိုနှင့်ထပ်တူ ကျွန်မခံစားရကြောင်း ပြန်မပြောဖြစ်ခဲ့ပါ။ ကျွန်မ၏ဆရာဖြစ်ခဲ့သော ကိုကိုသည် အစ်ကိုမရှိသော၊ အစ်ကိုလိုချင်သော ကျွန်မအတွက် လေးစားအားကျဖွယ် အစ်ကိုကြီးတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပွင့်လင်းဖော်ရွေ ဆက်ဆံရေးကောင်းမွန်သောကိုကိုသည် အရာရာတိုင်းကို အကောင်းမြင်ဝါဒဖြင့် ကြည့်မြင်တတ်သောသူဖြစ်ပြီး ကျွန်မမှာရှိနေသော အဆိုးမြင်ဝါဒများကို ကူညီဖယ်ရှားပေးခဲ့သူလည်း ဖြစ်သည်။

ကိုကိုက ကျွန်မကဲ့သို့ ရင်းနှီးသော တပည့်များကို “နင်” “ငါ” နာမ်စားဖြင့် သုံးစွဲခေါ်ဝေါ်တတ်သော်လည်း ကျွန်မနားထဲတွင် ရိုင်းပျသည်ဟု တစ်ခါမှ မထင်မိခဲ့ပါ။ ကျွန်မထက်ငါးနှစ်ခွဲပိုကြီးသောကိုကိုက “ညီမလေး” ဟု အစချီခေါ်လိုက်သည့် အခါမျိုးတွင်တော့ ဘာကြောင့်ရယ်မသိ ကျွန်မ ကြည်နူးပျော်ရွှင်ခဲ့ရသည်။

တပည့်များအပေါ် စေတနာအပြည့်အ၀ထားပြီး အားကြိုးမာန်တက် စာသင်ပေးတတ်သော ကိုကိုသည် မိဘနှစ်ပါးကိုရိုသေလေးစားသော၊ ဘာသာတရားယုံကြည်ကိုင်းရှိုင်းသော သားလိမ္မာတစ်ဦးလည်း ဖြစ်နေပြန်သည်။ တပည့်များရှေ့တွင် လူကြီးဆန်ဆန် နေပြတတ်သော်လည်း ညီမငယ်တစ်ယောက်သာရှိသော သားကြီးသြရသကိုကိုသည် တစ်ခါတစ်ရံ မိခင်ရင်ခွင်တွင် ခေါင်းတိုးဝှေ့ကာ ချွဲတတ်ကြောင်း ကိုကို့အမေက ပြောပြသည့်အခါ ကျွန်မမပြုံးဘဲ မနေနိုင်ပါ။

ကိုကို့အပေါ် နက်နက်နဲနဲ သံယောဇဉ်တွယ်နေမိကြောင်း သိလိုက်ရသည့် မနက်ခင်းတစ်ခုတွင် ကျွန်မက စာသင်ခုံတန်းရှည်များကြားမှာ…။ နေမကောင်းသည့်ကြားထဲက အားပါးတရ စာသင်ပေးနေသော ကိုကို့ကိုကြည့်၍ ကျွန်မ မျက်ရည်ကျခဲ့သည်။ အဲသည့်လောက်အထိ အပင်ပန်းမခံပါနဲ့ ကိုကိုရယ်လို့ ကျွန်မစိတ်ထဲ အကြိမ်ကြိမ်အခါခါ ပြောနေမိသည်။ ကိုကိုအားနည်းပင်ပန်းပြီး တစ်စုံတစ်ခု ဖြစ်သွားမှာ ကျွန်မ အလွန်အမင်း စိုးရိမ်ပူပန်ခဲ့သည်။ ကျွန်မဘ၀တွင် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးခြင်းကြောင့် ကျသောမျက်ရည် ထိုတစ်ကြိမ်သာ ရှိခဲ့သည်။ ထိုယောက်ျားသည် ကိုကိုဖြစ်ခဲ့သည့်အတွက် ကျွန်မ ကျေနပ်ပါသည်။

ကိုကို့အပေါ်နှစ်သက်စိတ်ဝင်စားနေသော တပည့်မိန်းကလေးမှာ ကျွန်မတစ်ဦးတည်း မဟုတ်ကြောင်း နောင်သိပ်မကြာမီမှာ သိခဲ့ရသည်။ သူတို့က ကျွန်မနှင့်ကိုကိုကြားက ရင်းနှီးမှုအပေါ် သံသယရှိခဲ့ကြောင်းကိုမူ အချိန်ကာလ တော်တော်နောက်ကျပြီး ကိုကိုပြောပြမှ ကျွန်မသိခဲ့ပါသည်။ အစမ်းစာမေးပွဲများမှာ ကျွန်မ အမှတ်များဆုံးရနေလျှင် ကျွန်မအဖြေလွှာကို ကိုကို့ထံမှ တောင်းယူကြည့်ချင်ကြသည်။ ကျွန်မမို့ ကိုကိုက အမှတ် ပိုပေးလိုက်တာများလားဆိုသော သံသယအတွေးနှင့် သူတို့ကို ကျွန်မ မအံ့သြဘဲ မနေနိုင်။ ကိုကိုသည် စာနှင့်ပတ်သက်လျှင် မျက်နှာမလိုက်တတ်သော ဆရာတစ်ယောက်ဆိုတာကို သူတို့မေ့များနေသလား။ ကိုကို့ဘက်ကကျွန်မ မကျေမနပ်နှင့် ခံပြင်းရသေးသည်။

ကိုကိုနှင့်ကျွန်မ ခရီးသွားဟန်လွှဲ ပန်းဆိုးတန်းက ဖိုတိုကော်ပီဆိုင်ကို လမ်းအတူလျှောက်၍ မိတ္တူသွားကူးဖူးသည်။ ကိုကို့စာသင်ကျောင်းအောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်မသိပ်မကြိုက်သော ခေါက်ဆွဲပြုတ်ကို ကိုကိုနှင့်အတူ စားဖူးသည်။ ၄၈လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကိုကိုနှင့် လက်ဖက်ရည်အတူ တစ်ခါသောက်ဖူးသည်။ ကိုကို့အိမ်မှာ ကျွန်မကြိုက်သော ငါးဖယ်သုပ်နှင့် မျက်နှာချင်းဆိုင်ပြီး ထမင်းအတူစားခဲ့ဖူးသည်။ တကယ်တမ်း ကိုကိုနှင့်ကျွန်မ၏ ရင်းနှီးခင်မင် ဆက်ဆံမှုအတိုင်းအတာသည် ဆရာတပည့် မောင်နှမ အနေအထားထက် မပိုခဲ့ကြောင်း ကျွန်မတို့နှစ်ယောက် အသိဆုံးဖြစ်သည်။

ကျွန်မ၏ ရင်တွင်းက ချစ်ခင်တွယ်တာခြင်းကို ကိုကိုသိအောင် ဖော်ထုတ်ပြရလောက်အောင်အထိလည်း ကျွန်မမှာ သတ္တိမရှိခဲ့ပါ။ လေ့ကျင့်ခန်းစာအုပ်နောက်ကျောမှာ ရေးဖွဲ့ခဲ့သော ကဗျာအပိုင်းအစများကိုတော့ ကျွန်မထံမှ စာအုပ်ငှားယူဖူးသော ကိုကို အမှတ်မထင် မြင်ကောင်း မြင်မိပါလိမ့်မည်။ ကိုကို့အနေဖြင့် ကျွန်မကို သူချစ်ခင်အားထားရသော တပည့်ညီမလေးတစ်ယောက်အဖြစ်ထက်ပိုပြီး သံယောဇဉ်ရှိမရှိဆိုတာ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်လိမ့်မည် မထင်ပါ။

ကိုကိုနှင့်ကျွန်မတို့နှစ်ယောက်လုံးအတွက် ထူးခြားသော တိုက်ဆိုင်မှုတစ်ခုတော့ ရှိခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်မြင်ရသည့်အခါ ခံစားရသော စိတ်ချမ်းသာမှုဖြစ်သည်။ “ဘာလို့လဲ မသိဘူး၊ ငါ နင့်ကိုမြင်ရင် အရမ်းစိတ်ချမ်းသာတာပဲသိလား” ခေါက်ဆွဲပြုတ်စားနေရင်း ကိုကိုက ပြောတော့ ကျွန်မကလည်း ၀မ်းသာအားရဖြင့် “ဟင်… ညီမလေးလည်း အဲလိုပဲ။ အိမ်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံခဲ့ရ ကိုကို့ကို မြင်လိုက်ရင် စိတ်ညစ်တာတွေ ပျောက်ပြီး စိတ်ချမ်းသာသွားတာ။” ပူလောင်သော ချစ်ခြင်းထက် အေးမြသော မေတ္တာ၏ အဓိပ္ပာယ်ကို စတင်အတွေးမိဝင်တာ အဲဒီ့အချိန်ကတည်းက ဖြစ်မည်ဟု ကျွန်မထင်သည်။

ကျွန်မ ဘ၀မှာ မမျှော်လင့်ဘဲ ပထမဆုံးအကြိမ် စာမေးပွဲကျခဲ့တုန်းက ကိုကို့ရှေ့မှာ အားငယ်ဝမ်းနည်းကာ ရှိုက်ကြီးတငင်ငိုကြွေးဖူးသည်။ ကိုကိုကျွန်မဘေးနားမှာထိုင်ကာ လက်ကိုဖွဖွဆုပ်ကိုင်ရင်း အားပေးခဲ့သည်။ ကိုကိုကိုယ်တိုင် စိတ်မကောင်း ဖြစ်နေမှန်းသိသော်လည်း ကျွန်မ မျက်ရည်တွေကို မတားဆီးနိုင်ခဲ့ပါ။ နှုတ်ခမ်းနွေးနွေးမှ အနမ်းတစ်စုံ ကျွန်မနဖူးပေါ်ကျရောက်လာသောအခါမှသာ ကျွန်မ အငိုတိတ်ဖို့ သတိရသည်။ တပ်မက်ခြင်းကင်းသော ကိုကို့အနမ်းသည် ကျွန်မကို တစ်စုံတစ်ရာသောခွန်အား ပေးခဲ့သည်။ အဲဒီ့အတွက် ကိုကို့ကို ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။

ကိုကို ကျွန်မအိမ်ကို လာလည်သည့်အခိုက် နက်စ်ကော်ဖီတစ်ခွက်ကို ကျွန်မကိုယ်တိုင် စိတ်တိုင်းကျ ဖျော်ပြီး ဧည့်ခံခဲ့သည်။ ကိုကိုက နောင်ကြုံကြိုက်သည့်အခါ ကျွန်မလက်ရာ နက်စ်ကော်ဖီတစ်ခွက် ထပ်သောက်ချင်ပါသေးတယ်ဟု ဆိုခဲ့သဖြင့် ကျွန်မ အတိုင်းမသိ ကြည်နူးခဲ့ရသည်။ ကျွန်မစာကြည့်စားပွဲထက်မှာ ကိုကိုညွှန်းသော စာအုပ်တွေ၊ ကိုကို မကြာခဏရွတ်ဆိုပြောပြတတ်သည့် အင်္ဂလိပ်စကားပုံ တက်ကျမ်း အတိုအထွာများ ကပ်ထားသည်ကို ကိုကို မြင်သွားသည့်အခါတွင်တော့ ကျွန်မ အနည်းငယ်ရှက်သွားခဲ့သည်။ ကိုကို ဘယ်လောက်အထိ ကျွန်မအပေါ် လွှမ်းမိုးနေကြောင်း သိရှိရိပ်မိသွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။

အောက်တိုဘာလထဲက သီတင်းကျွတ်တစ်ရက်မှာ ကိုကိုနှင့် ကျွန်မတို့ တပည့်တစ်သိုက် ရွှေတိဂုံဘုရားဖူးမြော်ရင်း မီးပုံပျံလွှတ်ခဲ့ကြသည်။ အိမ်က လူကြီးများမပါဘဲ ဘုရားပေါ်မှာ ညချမ်းအထိ တစ်ခါမျှ မနေဖူးသောကျွန်မ ကိုကိုနှင့်အတူ မီးပုံပျံလွှတ်ခဲ့ရသော အဲဒီညနေခင်းကို အမှတ်တရ ရှိနေခဲ့သည်။

ကိုကို ဗီဇာရပြီဖြစ်၍ နောက်နှစ်ရက်အတွင်း ထွက်ခွာတော့မည်ဟု ဖုန်းဆက်အကြောင်းကြားသောနေ့က ကျွန်မ ၀မ်းနည်းထိတ်လန့်သွားခဲ့ပါသည်။ ကြိုတင်သိနေခဲ့သော ကိစ္စတစ်ခုဖြစ်သော်လည်း တကယ်တမ်း ဝေးကြရမည်ဆိုသည့်အခါ ကျွန်မ ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးခဲ့။ သူငယ်ချင်းတစ်ယောက်နှင့်အတူ ကိုကို့ကို သွားရောက် နှုတ်ဆက်ကန်တော့ရင်း ရစ်ဝဲလာသည့် မျက်ရည်ကို မျက်တောင်ခတ်ပြီး သိမ်းဆည်းလိုက်သည်။ ရှေ့တွင် မမြင်ရသော အနာဂတ်တစ်ခုသည် မိုင်ပေါင်းမြောက်မြားစွာကနေ ကိုကို့ကို စောင့်စားဆီးကြိုနေသည်။ ကိုကိုသည် အရာရာကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသော လူငယ်တစ်ယောက်လို တက်ကြွစိတ်လှုပ်ရှားနေခဲ့သည်။

ကိုကိုနှင့် အဝေးကြီးဝေးပြီဆိုသော အသိကို နားလည်လက်ခံရင်း ရေရာခြင်းကင်းမဲ့သည့် ပြန်ဆုံနိုင်မည့် ရက်စွဲတစ်ခုကို မျှော်လင့်စောင့်စားရင်း အလွမ်းရက်ရှည်နှင့် နေသားတကျဖြစ်အောင် ကျွန်မ ကြိုးစားနေထိုင်ခဲ့သည်။ ထူးအိမ်သင်၏ ကောင်းကင်ထက်က မြစ်တစ်စင်း သီချင်းကို မကြာခဏ စွဲလန်းနှစ်ခြိုက်စွာ နားထောင်ပြီး ကျွန်မ လိုက်ဆိုညည်းခဲ့သည်။

တကယ်တော့ ကိုကိုသည် ကျွန်မကိုယ်တိုင် အမြတ်တနိုး ရေးဖွဲ့သီစပ်ခဲ့သော်လည်း နှုတ်ဖြင့်ရွတ်ဆိုခွင့် မရလိုက်သည့် သိမ်မွေ့လှပသော ကဗျာတစ်ပုဒ် ဖြစ်သည်။



ဇွန်မိုးစက်