Posted by
ဇွန်မိုးစက်
|
Posted on
Friday, February 10, 2012
Category:
Hobby
,
Me
my collection ဆိုပြီး ဒီမှာ တစ်ခါ တင်ဖူးပါတယ်။ အခု collection အပိုင်း - ၂ ကတော့ ၂၀၁၀ နဲ့ ၂၀၁၁ အတွင်းမှာ ထပ်ပြီး စုဆောင်းရမိတဲ့ နိုင်ငံစုံက သော့ချိတ်တွဲလေးတွေ၊ သံလိုက်လေးတွေပါ။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ကိုယ်တိုင် ခရီးတွေသွားဖြစ်သလို လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအတော်များများလည်း သွားဖြစ်တာမို့ အမှတ်တရပစ္စည်းလေးတွေ ထပ်တိုးလာပြီး အရင်ထည့်နေကျ စက္ကူဗူးလေးမှာ မဆံ့တော့တာနဲ့ ဖိနပ်ဗူးသစ် အလွတ်တစ်ခုရှာပြီး ပြောင်းထည့်လိုက်ရပါတယ်။ ဒါတောင် နဲနဲကြီးတဲ့အရုပ်တစ်ချို့ကို သပ်သပ်သိမ်းထားတာပါ။
ဒီတစ်ခါ collection မှာ ထူးခြားတာက ဘလော့ဂါမိတ်ဆွေများရဲ့ အမှတ်တရ လက်ဆောင်လေးများ ပါဝင်နေခြင်းပါ။
ဒါက Asia collection လို့ ပြောလို့ရပါတယ်။
အင်ဒိုနီးရှား၊ ကိုးရီးယား၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ သူငယ်ချင်း
မေမဒီရဲ့ အမှတ်တရ မြန်မာပြည်ချောင်းသာက ခရုခွံလေးလည်း ပါပါတယ်။ နောက်တန်း ညာအစွန်က ဘာလီကားသော့တွဲက
ရီတာ့ဆီကဖြစ်ပြီး၊ အလယ်တန်းက ထိုင်းဆင်ရုပ်လေးက
ကြယ်ပြာ့ လက်ဆောင်ပါ။ ကိုယ့်ဝါသနာကိုသိလို့ မမေ့မလျော့ ယူလာလက်ဆောင်ပေးသူတွေထဲမှာ
မမင်း တစ်ယောက်လည်း အပါအ၀င်။ ရှေ့ဆုံးတန်း တတိယမြောက် သော့တွဲက မမင်းရဲ့ ထိုင်ဝမ်အမှတ်တရနဲ့ သူ့ဘေးကပ်ရပ်က ချော့ကလက်ရောင် အမွေးပွအိတ်သေးလေးကတော့
အစ်မချစ်ရဲ့ ဘိုဟိုးလ်ကျွန်းအပြန်လက်ဆောင်ပေါ့။ ကျန်တာတွေကတော့ သူငယ်ချင်းမိတ်ဆွေတစ်ချို့နဲ့ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ အမှတ်တရ လက်ဆောင်လေးတွေပါ။
စပိန်နိုင်ငံအမှတ်တရ ဘာစီလိုးနားသော့တွဲနဲ့ ပြင်သစ်ပြည်က အီဖယ်လ်မျှော်စင်ကို ကိုယ်တိုင်မရောက်သေးပေမယ့် သွားဖြစ်တဲ့ သူငယ်ချင်းတစ်ချို့က ယူလာပေးပါတယ်။ ဆွစ်စ်နာရီလေးကတော့ somerset 313 က မာရှေး (Marche') ဆိုင်မှာ သွားစားရင်း တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့တာပါ။ ဆွစ်ဇာလန်ကို မရောက်ဖူးသေးပါဘူး။ :D
ကိုယ်ပိုင်ခရီးသွားအမှတ်တရ စုဆောင်းမှုပါ။ နောက်တန်းက ကင်မရွန်းကုန်းမြင့်ဒေသနဲ့ ကွာလာလမ်ပူအမှတ်တရဖြစ်ပြီး၊ ရှေ့တန်းက ဆစ်ဒနီနဲ့ကင်ဘာရာ အမှတ်တရလေးတွေပါ။
တစ်မြို့ရောက်ရင် တစ်ခါဝယ်၊ တစ်နေရာရောက်ရင် တစ်ခုယူ၊ လူကြုံရှိတဲ့အခါ တစ်ခါမှာဆိုတော့ စုဆောင်းမိတဲ့ ဒေသအလိုက် အမှတ်တရ ပစ္စည်းလေးတွေ အတော့်ကို များနေပါပြီ။ ဓာတ်ပုံထဲမှာ မပါတဲ့ သော့တွဲနဲ့ သံလိုက်လေးတွေ ကျန်ပါသေးတယ်။ လောလောဆယ် အိမ်မှာ ထားစရာ နေရာမရှိတော့ သူတို့ကို လှလှပပ စီရရီ အပြင်ထုတ်မထားနိုင်ဘဲ စက္ကူဗူးထဲမှာပဲ ထည့်သိမ်းထားရပါတယ်။ နောက်ထပ် ခရီးတွေသွားဖြစ်ရင် လက်ဆောင်တွေထပ်ရရင် A4 ပုံး ရှာပြီး ထည့်ရတော့မယ် ထင်ပါရဲ့။ :D
ဇွန့်အတွက် သတိတရ လက်ဆောင်ယူလာခဲ့ပေးသူများ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ :))
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Friday, June 11, 2010
Category:
Hobby
,
Me
ဇွန်မိုးစက်တစ်ယောက် World Cup fever စရသွားတာ ၁၉၉၄ ခုနှစ်ကပါ။ အဲသည့်နှစ်က အီတလီအသင်းကိုမှ သွားပြီး အားပေးမိရက်သား ဖြစ်ခဲ့တာကိုး။ လေးကြိမ်မြောက်ကမ္ဘာ့ဖလားကို ဘရာဇီးလ်နဲ့ အီတလီ ဘယ်အသင်း အရယူမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ယင်း ကိုယ်အားပေးသင်းတဲ့အသင်း ပယ်လ်နယ်တီနဲ့ ရှုံးသွားတော့ ဘယ်လိုစိတ်မကောင်းဖြစ်သွားမှန်း မသိဘူး။ အဲဒါနဲ့ပဲ ၁၉၉၆ ဥရောပဖလားပွဲမှာ ကိုယ်အားပေးတဲ့ အသင်းများ နိုင်လေနိုးနိုး မျှော်လင့်ချက်နဲ့ ဆက်အားပေးမယ်ကြံတုန်း အုပ်စုပွဲကတောင် မတက်နိုင်ဘဲ ထွက်သွားခဲ့ရလို့ စိတ်ဓာတ်တွေကျခဲ့ရတယ်။
၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာတစ်ခါထပ်ပြီး မျှော်လင့်ချက်အသစ် ပြန်မွေးပြီး ကြည့်မိအားပေးမိပြန်တယ်။ ကွာတားအရောက်မှာ အိမ်ရှင်ပြင်သစ်ကို အချိန်ပိုမှာ ရွှေဂိုးနဲ့ရှုံးခဲ့တုန်းက တော်တော်စိတ်မကောင်းဖြစ်ပြီး နောက်နေ့ ကျောင်းတောင် သွားမတက်နိုင်တော့ဘူး။ နောက် ၂၀၀၀ခုနှစ် ဥရောဖလားဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီ ထပ်တွေ့တယ်။ ဒီတစ်ခါ ၉၈က အရှုံးကို ပြန်ချေခွင့်ရပြီလို့ ထင်ခဲ့ပေမယ့် ပယ်လ်နယ်တီနဲ့ပဲ ထပ်ရှုံးပြန်ရော။ ပြောမပြနိုင်လောက်အောင် တော်တော်ခံစားလိုက်ရတယ်။ (မရယ်ကြပါနဲ့)
ကိုယ်အဓိကအားပေးတဲ့ အသင်းက အီတလီပါ။ ပြီးရင် အင်္ဂလန်ပေါ့။ အင်္ဂလန်ကို အားပေးပေမယ့် အားမရဘူး။ တစ်သင်းလုံးနီးပါး ပရီးမီးယားလိဂ်တစ်သင်းစီက နာမည်ကျော် player တွေနဲ့ ဖွဲ့စည်းထားပေးမယ့် တစ်နေရာရာမှာ အားပျော့နေသလို ခံစားရတယ်။ တစ်သင်းရှုံးသွားရင် နောက်ကျန်တဲ့အသင်း လိုက်အားပေးရတာပေါ့။ ကိုယ်အားပေးတဲ့ အသင်းတွေ ကွာတား၊ ဆီမီးမှာ ပြုတ်ကျန်ခဲ့ရင်လည်း ဗိုလ်လုပွဲရောက်တဲ့အထိ ကြည့်တာပါပဲ။ ကိုယ်တိုင်သာ ဘောလုံးမကန်တတ်တာ၊ ဘောလုံးပွဲကြည့်ရတာတော့ သိပ်ကြိုက်တာကိုး။
မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ ကျင်းပစဉ်ကာလတစ်လျှောက်လုံး study trip အတွက် ခရီးထွက်နေတာနဲ့ ကြုံတယ်။ အီတလီအသင်း ကန်တဲ့နေ့များဆို ခရီးသွားနေယင်း ရထားပေါ်မှာ၊ ကားပေါ်မှာ ဘောလုံးပွဲအကြောင်း သူများတွေပြောတဲ့အခါ အနိုင်အရှုံးရလဒ်ကို တစ်ချိန်လုံး နားစွင့်နေခဲ့ရတာ။ အင်္ဂလန်ကနေ စင်္ကာပူအပြန် အမ်စတာဒမ်မှာ ငါးနာရီကြာ transit ၀င်တယ်။ လေဆိပ်ထဲမှာလည်း transit ၀င်သူတွေ ဘောလုံးပွဲ ကြည့်လို့ရအောင် နေရာသီးသန့် စီစဉ်ပေးထားတာရှိတယ်။ ကိုယ်နဲ့ အင်ဒိုးနီးရှန်းမလေး အေမီက တက်ကြွစွာနဲ့ အနားမယူဘဲ သွားကြည့်ကြတယ်။ ဆီမီးဖိုင်နယ်မှာ အီတလီနဲ့ အိမ်ရှင်တောင်ကိုးရီးယား တွေ့ကြတာပေါ့။ ကိုယ်က အီတလီ၊ အေမီက အာရှတိုက်သား အချင်းချင်းမို့ ကိုရီးယားဘက်က အားပေးမယ်ပြောတယ်။ အဇူရီအသင်းအတွက် တရားမျှတမှု မရှိဘဲ ရှုံးချက်နာတဲ့ အဲသည့်နှစ်ကပွဲ ဘယ်တော့မှ ပြန်မကြည့်ချင်ဘူး။ တောင်ကိုးရီးယားလည်း နိုင်ပြီဆိုရော၊ လေဆိပ်တစ်ခုလုံးမှာရှိတဲ့ ကိုးရီးယန်းတွေ ထအော်လိုက်ကြတာများ ကြက်သီးထလောက်တယ်။ အေမီကပျော်ပြီး၊ ကိုယ်က စိတ်မကောင်းကြီးခြင်းများစွာနဲ့ မှိုင်နေတုန်း ကိုယ့်ဘေးက အနောက်နိုင်ငံသားတစ်ယောက်က လာမေးတယ်။ မင်းက ဂျပန်လား၊ ဟင့်အင်းဆိုတော့ ကိုးရီးယားလားတဲ့။ မဟုတ်ဘူးလို့ပြောတော့ သူထပ်မေးရမှာ အားနာသွားတယ်။ အာရှတိုက်သူ ကိုယ်က ကိုးရီးယားအနိုင်ရတာ မပျော်ဘဲ စိတ်မကောင်းဖြစ်နေတာ သူအတော် အံ့အားသင့်နေပုံရတယ်။ ကိုယ်က အီတလီအားပေးသူမှန်း သိသွားတော့ ပိုအံ့သြသွားတယ်။
၂၀၀၄ ခုနှစ် ဥရောပဖလားတုန်းက အင်္ဂလန်မှာ။ ဒီလိုဘောလုံးပွဲရာသီမျိုး အင်္ဂလန်မှာ နေရတာ ကြိုက်တယ်။ တစ်နိုင်ငံလုံး တက်တက်ကြွကြွနဲ့ သိပ်ပျော်စရာကောင်းတယ်။ အိမ်တိုင်း အင်္ဂလန်အလံတွေ လွှင့်ထူ၊ ကားတွေမှာလည်း အင်္ဂလန်အသင်း ကိုယ်စားပြုတဲ့အရောင်နဲ့ အလံဒီဇိုင်းတွေကို ကားဘီးပါမကျန် အရောင်တွေခြယ်သလို့။ တီဗွီဆိုလည်း အားကစားချန်နယ်ပဲ တစ်နေကုန်ဖွင့်ပြီး ကြည့်တာ။ ကျန်တဲ့ဘာအစီအစဉ်မှ စိတ်မ၀င်စားတော့ဘူး။ အဲသည့်နှစ်က အင်္ဂလန်အသင်းကို အားပေးခဲ့တယ်။ ပေါ်တူဂီမှာ ကျင်းပတဲ့ ဥရောပဖလားပွဲဖြစ်လို့ ပေါ်တူဂီအသင်း အနိုင်ရဗိုလ်စွဲမယ်လို့ နာမည်ကြီးခဲ့တာ မထင်မှတ်ထားတဲ့ ဂရိအသင်းက ဥရောပဖလား ရသွားတယ်။ ပေါ်တူဂီက နိုင်ချင်ဇောနဲ့ တအားကစားလို့ အမြင်ကပ်ပြီး ဂရိဘက်က အားပေးခဲ့တာ။ ကိုယ်အားပေးတဲ့အသင်း အနိုင်ရတော့ ပျော်ရတာပေါ့။
ဒီလိုနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲ ရောက်ခဲ့ပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ပွဲနေ့က ဇွန်လ ၉ ရက်။ ကိုယ့်မွေးနေ့မှာ စကန်တယ်ဆိုတော့ ကိုယ်အားပေးတဲ့အသင်း အနိုင်ရမှာလို့ ပြောခဲ့တာ မှတ်မိသေးတယ်။ အဲသည့်တုန်းက မြန်မာပြည်မှာ အလုပ်ဝင်နေချိန်။ အီတလီပွဲစဉ်ကို တစ်ပွဲမှ အလွတ်မခံဘဲ အိပ်ရေးပျက်ခံပြီး အားပေးခဲ့တယ်။ အီတလီအသင်း ကစားမယ့်နေ့ရောက်တိုင်း အပြာရောင်အင်္ကျီပဲ ၀တ်တယ်။ အသင်းပုံနဲ့ အသင်းသားပုံတွေပါတဲ့ ပိုစတာတွေ အစီအရီချပြီး အားပေးခဲ့တာ။ ဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီတို့ တွေ့ကြပြန်ပြီ။ ဟာ... တစ်ခါထပ်ပြီး ပယ်လ်နယ်တီ ကန်ရဦးမယ်။ တကယ်ဆို အဲသည့်တုန်းက ကိုယ်ဖျားနေတာ။ ပယ်လ်နယ်တီနဲ့ အနိုင်အရှုံး ဆုံးဖြတ်တော့မယ်ဆိုတော့ လက်ဖျားခြေဖျားတွေ အေးစက်ပြီး ကိုယ်တွေတောင် ပိုပူလာသလိုပဲ။ ငိုရမလား၊ ရယ်ရမလား မသိရသေးဘူး။ ရင်တွေ အရမ်းတုန်ခဲ့တာ။ အပြန်အလှန် ဂိုးသွင်းပြီးချိန်မှာ အီတလီနိုင်သွားတော့ ဘယ်လိုပျော်မှန်း မသိဘူး။ ကိုယ်ဖျားတာလည်း ဘယ်ပျောက်သွားမှန်း မသိဘူး။ ပျော်လွန်းလို့ မောင်လေးနဲ့ဖက်ပြီး အော်ကြတယ်။ ၁၂နှစ်လုံးလုံး အားပေးခဲ့ရတာ ခုမှပဲ ဗိုလ်စွဲတော့တယ်။ အပျော်လွန်ပြီး ပြန်အိပ်လို့တောင် မရဘူး။ နောက်နေ့ မျက်တွင်းဟောက်ပက်နဲ့ ရုံးကို ပြုံးပြုံးကြီး သွားခဲ့တာ မှတ်မိတယ်။း)
၂၀၀၆ နောက်ပိုင်း ဘောလုံးပွဲနဲ့ အလှမ်းဝေးခဲ့တယ်။ စင်္ကာပူမှာ အလုပ်ဝင်ဖြစ်သွားတာလည်းပါတယ်။ စလုံးက လူတွေ ဘောလုံးပွဲကို မြန်မာတွေလောက် မခုံမင်သလိုပဲ။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် အေးတိအေးစက်နဲ့။ ကိုယ့်မြန်မာတွေကမှ အချင်းချင်းတွေ့ရင် တက်တက်ကြွကြွနဲ့ ဘောလုံးအသင်းတွေအကြောင်း မေးကြပြောကြနဲ့။ သူတို့တွေက အဲလောက် ခရေစီဖြစ်ပုံမပေါ်ဘူး။ ကိုယ်တောင်မှ လွန်ခဲ့တဲ့လေးနှစ်က ကမ္ဘာ့ဖလားပိုးလေး အိပ်မောကျနေပြီထင်တာ သူ့အချိန်ရောက်တော့ အလိုလို ပြန်ထလာတယ်။ ဒါနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား အားပေးတဲ့ အသင်းရဲ့ အင်္ကျီတွေ ၀ယ်ဝတ်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်တာပေါ့။ ဒါကို မြင်တဲ့သူတွေက ပြုံးစိစိနဲ့။ ဂရုမစိုက်ပေါင်။
မနက်က ဂျီတော့ခ်မှာ သူငယ်ချင်းက လာပြောတယ်။ ငါတော့ World Cup Fever ရနေပြီ။ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးတဲ့။ ကိုယ်က မနက်က သူ့လောက် fever မရသေးဘူး။ ညနေတော့ သိသိသာသာ ရလာပြီ။ စိတ်ကလည်း အလိုလို တက်ကြွလာတယ်။ လေးနှစ်တစ်ခါမှရတဲ့ fever မို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ (ကမ္ဘာ့ဖလား) ရောဂါပိုး အ၀င်ခံလိုက်ပါ့မယ်။း)
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
(ဇွန့်သူငယ်ချင်း တင်စားတဲ့ World Cup Fever ဆိုတဲ့ အသုံးအနှုန်းလေးကို သဘောကျလို့ ခေါင်းစဉ်တပ်မိပါတယ်။)
Posted by
ဇွန်မိုးစက်
|
Posted on
Friday, April 09, 2010
Category:
Hobby
,
Me
ဘယ်နေရာမှာဖြစ်ဖြစ် Favourite Hobby ဆိုရင် စဉ်းစားစရာမလိုဘဲ အရင်ဆုံးဖြည့်ဖြစ်တာ စာဖတ်ခြင်းပါ။ တစ်ခြားဝါသနာတွေက သူ့နောက်မှာပဲ အမြဲရှိပါတယ်။ ကိုယ့်ကို စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့သူက အမေပါ။ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက စာဖတ်ရတာ စိတ်ဝင်စားတယ်၊ နှစ်သက်ပါတယ်။ စာစဖတ်တတ်ကတည်းက အမေ၀ယ်ပေးတဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း အားလုံးဖတ်တယ်။ အိမ်တစ်အိမ်ကို သွားလည်ရင် သိပ်မကစားတတ်ဘဲ ငြိမ်ငြိမ်ထိုင်ပြီး တွေ့တဲ့ ကာတွန်းရုပ်ပြလေးတွေဖတ်တယ်။ အမျိုးတွေအိမ်သွားရင် လူကြီးတွေ စကားပြောနေတဲ့အချိန် စာအုပ်တစ်အုပ်အုပ်ရှာပြီး ဖတ်တတ်တယ်။ မှတ်မိသေးတယ်၊ တစ်တန်းလောက်က ကိုယ်နဲ့အတူတူ အိမ်ပြန်ဖက် သူငယ်တန်းက ကောင်မလေးနဲ့ ကားပေါ်ကနေပြီး လမ်းပေါ်က တွေ့သမျှ ဆိုင်နာမည်တွေ၊ ဆိုင်းဘုတ်တွေ လိုက်ဖတ်ဖူးတယ်။ မှားရင်၊ စာလုံးမသိလို့ အသံတိတ်သွားရင် ကိုယ်တို့ကို လာကြိုတဲ့ သူ့အမေက ထောက်ပေးနဲ့ ဘတ်စ်ကားပေါ်မှာ ကိုယ်တို့အသံတွေနဲ့ ညံနေခဲ့တာ။
နောက်တော့ ကာတွန်းတွေဖတ်တတ်လာတယ်။ ကာတွန်းဆရာတွေအနေနဲ့ပြောရင် သန်းကြွယ်၊ အောင်ရှိန်၊ မောင်မောင်၊ မောင်မောင်လေး၊ မောင်ဝဏ္ဏ၊ ပိုးဇာ၊ သော်က၊ သက်စု၊ အောင်အောင်၊ မောင်လွင်၊ မြေဇာ၊ ငွေကြည်၊ မြင့်အောင်၊ မင်းဆွေ၊ ဆွေမင်း (ဓနုဖြူ)၊ တင်မောင်ဝင်း .... အများကြီးပဲ။ ခုနောက်ပိုင်းတော့ မပြောတတ်ဘူး။ ကိုယ်တို့တုန်းက ဖတ်စရာတွေ တော်တော်များတယ်။ ပန်းချီရုပ်ပုံရော၊ ဇာတ်လမ်းနောက်ခံတွေပါ အရမ်းကောင်းပြီး မှတ်သားစရာ ပညာဗဟုသုတ အပြည့်ပဲ။ တေဇနောက်ဖုံးမှာပါတဲ့ ဆွေမင်းရဲ့ ဂွမ်းပု၊ ဂွမ်းဆီဆို ကိုယ်အရမ်းကြိုက်ခဲ့တာ။ တွတ်ပီဇာတ်ကောင်မပေါ်သေးခင်ကတည်းက ရေးဆွဲခဲ့တဲ့ ဇာတ်ကောင်တွေလို့ထင်တယ်။ ကိုပူစီလို မောင်စူပါ၊ ဒီလုံးတို့လို မကောင်းသူပယ် ကောင်းသူကယ်တဲ့ ဟီးရိုးဇာတ်လိုက်တွေလည်း ကြိုက်တယ်။ တွတ်ပီလည်း ကြိုက်တယ်။ ရွှေအိရွှေဘုတ်လည်း အရမ်းကြိုက်...ပြောရယင် အများကြီးပဲ။
နောက်နဲနဲကြီးလာတော့ ရုပ်ပြတွေ ဖတ်တတ်လာပြီ။ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် သိပ်ပျော်တယ်။ နေ့တိုင်းစာအုပ်ဆိုင်သွားပြီး စာအုပ်တွေဖတ်ရတာမို့လို့။ စာအုပ်ဆိုင်ကို အမေနဲ့အတူသွား၊ အမေက ၀တ္ထုမဂ္ဂဇင်းငှား၊ ကိုယ်တို့မောင်နှမနှစ်ယောက်က ကာတွန်းရုပ်ပြတွေငှားနဲ့ ပျော်ဖို့သိပ်ကောင်းတယ်။ အမေကိုယ့်ကို ပထမဆုံးရွေးပေးတဲ့ ရုပ်ပြစာအုပ်က ကျော်အောင်မော်ရဲ့ “၀က်သစ်ချပင်အောက်မှာ” ဆိုတဲ့စာအုပ်လေး။ ပန်းချီလေးတွေလှပြီး ဇာတ်လမ်းလေးလည်းကောင်းတယ်။ ကိုယ်အမှတ်ရနေတဲ့ ရုပ်ပြတစ်ချို့ရှိတယ်။ နန်းဦးရဲ့ “ပန်းဆိုတာ အပင်မှာနေပေမယ့်လည်း ကြွေမှာပါဦးရယ်” ၊ စိုင်းလားရှိုးရဲ့ “တကယ်လို့များ” ၊ စိုင်းဗေဒါရဲ့ “ရှန်ဂရီလာဒေ၀ီ” စသဖြင့်ပေါ့လေ။ မြိတ်ဝင်းထိန်၊ ခိုင်တင်၊ တင်မောင်ဝင်း၊ ထွန်းမင်းလတ်တို့၊ စံရွှေမြင့်တို့၊ မင်းသိုက်တို့လည်း ကြိုက်တယ်။ လောလောဆယ် ခေါင်းထဲပေါ်မလာသေးတဲ့ ရုပ်ပြစာအုပ်တွေ ကျန်နေသေးတယ်။
မေမေက (အချစ်)၀တ္ထုဖတ်ရင် မကြိုက်ဖူးဆိုပေမယ့် ဘာသာပြန်နဲ့ တစ်ချို့စာအုပ်ကောင်းတွေကျ ပေးဖတ်ပါတယ်။ မှတ်မှတ်ရရ ခြောက်တန်းနွေရာသီကျောင်းပိတ်ရက်မှာ ကိုယ်ပထမဆုံးဖတ်ခဲ့တဲ့ ဘာသာပြန်စာအုပ်က ဂယ်ရစ်ဆင်ကိုင်လွှာရဲ့ “ပရေရီမြို့ငယ်ငယ် လွမ်းဖွယ်နေများ” တဲ့။ ဒီစာအုပ်ကို အမေရိကန်သံရုံးမှာလုပ်နေတဲ့ ဦးလေးဝမ်းကွဲတစ်ယောက်က အမေ့ကို လက်ဆောင်ပေးတာ။ သူက နှစ်အုပ်ပေးတယ်၊ နောက်တစ်အုပ်က သမ္မတဂျွန်အက်ဖ်ကနေဒီအကြောင်း ဘာသာပြန်ပဲ။ ပရေရီမြို့ငယ်ငယ်စာအုပ်က ကိုယ်သိပ်ကြိုက်ပြီး နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း ပြန်ဖတ်ဖြစ်တဲ့ စာအုပ်ပါ။ ကိုယ်တို့ငယ်ငယ်ကတီဗွီမှာလာတဲ့ "Little House on the Prairie" ဇာတ်လမ်းတွဲကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ တကယ်တော့ အဲဒီ့ဇာတ်လမ်းက အမေရိကားမှာ အပတ်စဉ် ရေဒီယိုကထုတ်လွှင့်ပြီး နာမည်ကျော် လူကြိုက်များသွားရာကနေ ရုပ်မြင်ဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားတဲ့ကြောင်း အဲဒီ့စာအုပ်ရဲ့အမှာစာမှာ ရေးထားပါတယ်။ အမေရိကန်ကျေးလက် မြို့သူမြို့သား တွေအကြောင်း ဟိုတစ်ကွက်ဒီတစ်ကွက် ဆေးစက်ကျရာ အရုပ်ထင်သလို သူ့နေရာနဲ့ သူ့ဇာတ်ကောင်နဲ့ ရေးဖွဲ့ထားတာ ကိုယ့်အတွက်တော့ မရိုးနိုင်အောင် သိပ်ဖတ်လို့ကောင်းတဲ့ စာအုပ်ပါ။
ခုနစ်တန်းရောက်တော့ ကိုယ်စာဖတ်ဝါသနာပါတာသိတဲ့ ကိုယ့်ကျူရှင်ဆရာမက မြသိန်းရဲ့ ဂျပန်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုထားတဲ့ “တော့တိုးကျန်”နဲ့ မြသန္တာရေးတဲ့ “နော်ရင်မွှေး” ကို ပေးဖတ်ပါတယ်။ နှစ်အုပ်စလုံးက စာအုပ်ကောင်းတွေပါ။ နောက်အဒေါ်အိမ်က ဘာသာပြန်တစ်အုပ်ထပ်ဖတ်ရတယ်။ မောင်ဘသင်ဘာသာပြန်တဲ့ အမျိုးသားစာပေဆုရ “ဇိုယာနဲ့ရှုယာ”၊ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီလက်ထဲမှာ အသက်ပေးသွားတဲ့ (ဖြစ်ရပ်မှန်) ရုရှမောင်နှမနှစ်ယောက်အကြောင်း၊ ကိုယ်ဖတ်ပြီး မျက်ရည်တွေကျခဲ့ရတဲ့ စာတစ်အုပ်ပါ။ နောက်ကိုယ့်ကို အပေါင်းလက္ခဏာနဲ့ ကြည့်တတ်မြင်တတ်အောင် တစ်နည်းတစ်ဖုံ လမ်းညွှန်ပေးခဲ့တဲ့ စာတစ်အုပ်က “ပေါ်လီယာနာ”။
ရှစ်တန်းနှစ်လောက်မှာစပြီး မစန္ဒာ၊ မိုးမိုး (အင်းလျား)၊ ဂျူးတို့ဖတ်ဖြစ်ပါတယ်။ ဆယ်တန်းဖြေပြီး နွေရာသီ ကျောင်းပိတ်တော့ (တရားဝင်) ၀တ္ထုဖတ်ခွင့်ရသွားပြီမို့ ငှားဖတ်လိုက်တဲ့ ၀တ္ထုတွေ၊ စာရေးဆရာ တစ်ယောက်ကို သူရေးသမျှ ထွက်သမျှ စီးရီးအလိုက် (ဆိုင်မှာတင်ထားသမျှ) လိုက်ဖတ်ပါသေးတယ်။ လွန်းထားထား၊ ရှင်မိုး၊ လမင်းမိုမို၊ မိုမို၊ နေနော်၊ မီကိုဇူးဇင်၊ မဟူရာ၊ အစုံပါပဲ။ အမေဖတ်ခဲ့တဲ့ စုလှဖြူတို့ ခိုင်ယဉ်မွန်တို့တောင်ပါသေး။ ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ်ဘယ်လိုစာမျိုးကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ကိုယ့်ဖာသာ သိသွားပါတယ်။
တက္ကသိုလ်ကျောင်းတွေ မဖွင့်သေးခင် အပြင်သင်တန်းတွေတက်ရင်း စာအုပ်ဆိုင်တွေဘက် မကြာခဏရောက်မိတော့ စာအုပ်တွေစပြီး ၀ယ်ဖတ်ရာကနေ စုဖြစ်သွားတာက ဖေမြင့်ရဲ့စာအုပ်တွေပါ။ သူ့စာအုပ်တွေဖတ်ပြီး လူလည်း တော်တော်လေးတက်ကြွခဲ့တယ်။ ဂျာနယ်ကျော်မမလေး၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှားတို့ အဲဒီ့အချိန်ကျမှ ပိုဖတ်ဖြစ်တယ်။ မဂ္ဂဇင်းပါဝတ္ထုတွေလည်း တော်တော်များများဖတ်တတ်လာတယ်။ ဘာသာပြန်စာအုပ်တွေ ဖတ်ရတာလည်း နှစ်ခြိုက်တယ်။ ခရီးသွားဆောင်းပါးတွေ ကြိုက်တယ်။ နောက်ပိုင်း ကိုယ်အင်တာဗျူးတွေ ဖတ်ရတာကြိုက်လို့ အင်တာဗျူးတွေပဲ စွဲစွဲမြဲမြဲဖတ်တဲ့အချိန်တောင် ရှိလိုက်သေးတယ်။ တစ်ခုသတိထားမိတာက တက်ကျမ်း အမျိုးအစား စာတွေဖတ်ပြီးနောက်ပိုင်း စောစောက အပေါ်မှာပြောခဲ့တဲ့ စီးရီးလိုက်ဖတ်ခဲ့တဲ့ ၀တ္ထုအမျိုးအစားတွေ ဖတ်ချင်စိတ်မရှိတော့၊ မဖတ်ဖြစ်တော့တာပါဘဲ။ နောက်ပိုင်းစာရေးဆရာတွေထဲမှာ ထွက်သမျှ စွဲစွဲမြဲမြဲဖတ်ဖြစ်တာ ဂျူးစာအုပ်တွေပဲလို့ပြောရင် ရပါတယ်။ (ကိုယ့်အကြိုက်ဆုံး ဂျူးစာအုပ်က “ပင်လယ်နှင့်တူသော မိန်းမများ”)။ မစန္ဒာဆိုရင်တော့ “အရိပ်” ပါ။
ကိုယ်ပြန်ထွက်မလာခင်ထိ စွဲစွဲမြဲမြဲဖတ်ဖြစ်တဲ့ မဂ္ဂဇင်းနှစ်အုပ်က အပျိုစင်နဲ့ ရွှေအမြူတေပါ။ မဂ္ဂဇင်းအခန်းဆက် ၀တ္ထုရှည်တွေထဲ ခင်ခင်ထူးရဲ့ “အညာသူအညာသား ကျွန်မဆွေမျိုးများ” နဲ့ ၀င်းဝင်းလတ်ရဲ့ “အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ” ၊ နောက် အပျိုစင်မှာပါဘူးတဲ့ ရွှေ (စက်မှု) ရဲ့ ဇာတ်လမ်းလေးတွေ ကြိုက်တယ်။ အထူးသဖြင့် “ခြင်္သေ့မ”။ ရွှေ (စက်မှု) လို့ သိစေခဲ့တဲ့ ၀တ္ထုတိုလို့ပြောရင် ရမယ်ထင်ပါတယ်။ နောက်ဆုံးစာကြောင်းလေး ခုထိနားထဲစွဲနေတုန်း။
အင်္ဂလိပ်စာပေတော့ သိပ်မနှံ့စပ်ဘူး။ ကိုယ်နှစ်သက်မိတဲ့ အမျိုးသမီး အင်္ဂလိပ်စာရေးဆရာက Jane Austen ပါ။ သူရဲ့ဝတ္ထု အကုန်နီးပါး ဖတ်ဖူးပါတယ်။ အမေရိကန်စာရေးဆရာ Mark Twain ရဲ့ Tom Sawyer ကတော့ ကိုယ်အသည်းစွဲ ဇာတ်လိုက်ကလေးပါ။ အကြောင်းတိုက်ဆိုင်မှုမရှိခဲ့လို့ ခုထိ မြန်မာပြန်မဖတ်ရသေးတဲ့ ကိုယ့်အကြိုက်ဆုံး စာနှစ်အုပ်က Margaret Mitchell ရဲ့ Gone with the Wind နဲ့ Leo Tolstoy ရဲ့ War and Peace ပါ။ ပြင်သစ်စာရေးဆရာ Alexandre Dumas ရဲ့ ဖတ်မိတဲ့ ၀တ္ထုသုံးအုပ် (The Count of Monte Cristo၊ Three Musketeers၊ Black Tulip) ထဲမှာ အကြိုက်ဆုံးက ခေတ္တာနက်ပါ။ Sir Arthur Conan Doyle နဲ့ Agatha Christie ရဲ့ လျှို့ဝှက်သဲဖို စုံထောက်ဇာတ်လမ်းတွေလည်း စွဲခဲ့ပါတယ်။ ခုနောက်ပိုင်း အင်္ဂလိပ်စာအုပ်တွေ မဖတ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ တစ်ခါတုန်းက အပီအပြင်ဖတ်မယ်ဆိုပြီး အမျိုးသားစာကြည့်တိုက်က လေးအုပ်ငှားပြီး မဖတ်ဖြစ်တာနဲ့ ထပ်တောင် မငှားဖြစ်တော့ဘူး။ နောက်ဆုံး တစ်အုပ်လုံး အပြီးဖတ်ခဲ့တဲ့စာအုပ်က Philip Pullman ရဲ့ Northern Lights ။ ဒါဖတ်ပြီးမှ ရုပ်ရှင် (Golden Compass) ကြည့်မယ်ဆိုပြီး ဆုံးဖြတ်ထားလို့ ပြီးသွားတာ။ စာအုပ်ဈေးချတာနဲ့ ကြုံကြိုက်လို့ တစ်ခါဝယ်ရင် သုံးလေးငါးအုပ်ဝယ်ပြီး ခုထိမဖတ်ရသေးတဲ့ စာအုပ်တွေက A4 ပုံးထဲမှာ ဒီအတိုင်း။
ကိုယ့်စာဖတ်ပုံက အသက်အရွယ် အချိန်ကာလကိုလိုက်ပြီး သူ့အလိုလို ပြောင်းလဲသွားတယ်လို့ ကိုယ်မြင်ပါတယ်။ ကလေးဘ၀က ရုပ်စုံဂျာနယ်၊ ကာတွန်း၊ နဲနဲကြီးလာတော့ရုပ်ပြ၊ နောက် ၀တ္ထု၊ မဂ္ဂဇင်း၊ တက်ကျမ်း၊ ဘာသာပြန်နဲ့ အခုနောက်ပိုင်း အဖတ်များသွားတာ ဘာသာရေးစာပေတွေ ဖြစ်လာပါတယ်။ ကိုယ့်အိပ်ရာဘေးက စားပွဲပေါ်မှာ အများဆုံးတွေ့ရမှာက မေတ္တာရှင် (ရွှေပြည်သာ) နဲ့ ဒေါက်တာမင်းတင်မွန်တို့ရဲ့ စာအုပ်တွေပါ။ ကိုယ့်စာဖတ်လမ်းကြောင်း တွေ ပြောင်းလဲသွားပြီလားလို့တော့ မဆိုလိုနိုင်ပါဘူး။ အသက်အပိုင်းအခြားအလိုက် စိတ်ဝင်စားမှုလမ်းကြောင်း ပြောင်းလဲသွားတယ်လို့ပဲ ကိုယ်မြင်ပါတယ်။
စာတစ်အုပ်ထဲကနေ ကမ္ဘာအနှံ့ ခရီးတွေသွားလို့ရခဲ့တယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြား ဗျာတွေလည်း များခဲ့ရတယ်။ မသိသေးတဲ့ လူ့စရိုက်အဖုံဖုံနဲ့လည်း ကြုံဆုံရတယ်။ ကိုယ်မမှီလိုက်တဲ့ သမိုင်းကြောင်းတွေလည်း သိခွင့်ရတယ်။ တစ်ထိုင်တည်းနဲ့ ရသမျိုးစုံ၊ အသိပညာမျိုးစုံကို စာအုပ်စာပေတွေကနေပဲ အများကြီး ဆည်းပူးခွင့် လေ့လာမှတ်သားခွင့်၊ ကျင့်သုံးခွင့် ရခဲ့ပါတယ်။ စာတစ်အုပ်ကို အရင်းပြုလို့ ခင်မင်မှုတွေဆက်ပြီး မိတ်ဆွေကောင်းလည်း ရတတ်သေးတယ်။ စာဖတ်များသူတစ်ယောက်နဲ့ စာဖတ်အားနည်းသူတစ်ယောက်တို့ရဲ့ စကားပြောပုံ တွေးခေါ်ပုံခြင်း အနည်းနဲ့အများ ကွာခြားတတ်တာလည်း သတိပြုမိပါတယ်။
ခုနောက်ပိုင်းကလေးတွေ စာအုပ်တွေမှ များများဖတ်ဖြစ်သေးရဲ့လားလို့ ကိုယ်တွေးပြီး စိတ်ပူမိပါသေးတယ်။ ခေတ်မီနည်းပညာအောက်မှာ ဂိမ်းတွေကစား၊ အင်တာနက်တွေ သုံးရင်းနဲ့ပဲ စာဖတ်အားတွေ အတိုင်းအတာတစ်ခုအထိ လျော့ကျနေမယ်လို့ ကိုယ်ထင်နေမိလို့ပါ။ သူတို့ကိုသာပြောတာ၊ လောလောဆယ် ကိုယ်ကိုယ်တိုင် စာဖတ်အားနည်း နေတာ သိတယ်။ ကိုယ်က စာအုပ်ကိုင်ဖတ်မှ အားရကျေနပ်သူပါ။ ebook တောင် ကြာကြာ မဖတ်နိုင်ပါဘူး၊ မျက်စိပါဝါရှိတာလည်း တစ်ကြောင်းပါ။ (ဘလော့ဂ်တွေကတော့ ကွန်ပျူတာမှန်သားက တစ်ဆင့်ဖတ်မှပဲ ရတာမို့ ခြွင်းချက်ထားလိုက်တယ်)။
ဖတ်စရာစာအုပ်တွေသာ တိုးတိုးလာပြီး၊ စာအုပ်ဖတ်နှုန်းက လျော့လျော့နေတာ။ ဖတ်ဖို့ စာအုပ်ကြွေးတွေချေဖို့ တော်တော်များနေပြီ။ ဂျူးရေးသလို တစ်လလောက် ဘာမှမလုပ်ဘဲ စာချည်းထိုင်ဖတ်လိုက်ရယင် သိပ်ကောင်းမလားလို့နော်။ (ကိုယ့်အချိန်တွေ တော်တော်များများဖဲ့ယူနေတဲ့) ဘလော့လည်တာ၊ ဘလော့ဂင်းတာလည်း ခဏနား၊ စာတွေတစ်အုပ်ပြီးတစ်အုပ်ဖတ်၊ အင်း... စာဖတ်ချိန် သီးသန့်ပေးဖို့ အချိန်ဇယားလေး ဘာလေး သေချာပြန်ဆွဲဖို့ လိုနေပြီထင်ပါရဲ့။
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Monday, January 25, 2010
Category:
Hobby
,
Me
my collection ဆိုလို့ ဘာတွေများလဲလို့ အထင်မကြီးလိုက်ပါနဲ့။ ခရီးသွားအမှတ်တရ souvenir လေးတွေပါ။ :D ကိုယ်က ခရီးသွားရတာ ၀ါသနာပါသလို ရောက်တဲ့အရပ်က အမှတ်တရပစ္စည်းလေးတွေ စုဆောင်းတာလည်း ၀ါသနာပါတယ်။ ခရီးသွားဝါသနာပါတယ်ဆိုလို့ ခရီးတွေ အများကြီး သွားဖြစ်တယ် ထင်နေအုံးမယ်။ စိတ်ကူးနဲ့ သွားနေတာတော့ ခဏခဏပဲ။ လက်တွေ့မှာတော့ တစ်နှစ်တစ်နိုင်ငံတောင် မသွားဖြစ်သေးပါဘူး။ အလုပ်ကိစ္စနဲ့လည်း ခရီးထွက်စရာမလိုတော့ သွားချင်ရင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြီး သွားမှပဲ ရောက်နိုင်မယ့်အခြေအနေပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်ခဲ့ဖူးတဲ့ဒေသက အမှတ်တရ keychain လေးတွေ၊ refrigerator magnet လေးတွေဝယ်ပြီး သိမ်းထားရတာကို နှစ်သက်သဘောကျပါတယ်။ ကိုယ့်သူငယ်ချင်းတွေ ခရီးသွား ဖြစ်ရင်လည်း သူတို့ရောက်ရာအရပ်က အမှတ်တရ သော့ချိတ်လေးတွေ၊ သံလိုက်လေးတွေ မှာတတ်ပါတယ်။ အရေးကြီးတာက ပစ္စည်းပေါ်မှာ ရောက်ခဲ့တဲ့ မြို့ (သို့မဟုတ်) နိုင်ငံနာမည် ပါဖို့ပါပဲ။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းတွေကလည်း ကိုယ့်အတွက်ဝယ်လာပေးကြပါတယ်။ ၀ယ်လာလက်ဆောင်ပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အောက်က ပုံလေးတွေက ကိုယ်ရဲ့ souvenir collection ပေါ့။
.jpg)
ဒီသုံးခုက ကိုယ်ရောက်ဖူးချင်တဲ့ မရောက်သေးတဲ့နိုင်ငံတွေဆီက
[Canada, Australia, Houston (U.S.A)]
ဒါလေးတွေက ကိုယ့်မိတ်ဆွေတွေ သွားခဲ့တဲ့ဒေသတွေဆီက
(Indonesia, Philippines, Sabah (Malaysia), Cambodia)
Dubai နဲ့ Cyprus အမှတ်တရ
ကိုယ်ရောက်ဖူးတဲ့ ဒေသသုံးခုက အမှတ်တရလေးတွေ
အမြှောက်မဲမဲလေးက Macau အမှတ်တရ၊ ခဲတံလေးက Maleka (Malaysia) က
Big Ben က London (UK) အမှတ်တရပေါ့။ :)
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်