တကယ်တော့ ဖတ်စာထဲကခရီးစဉ်အကြောင်း အပိုင်း(၂)
ကို မနှစ်ကတည်းက ကျွန်မရေးခဲ့သင့်သော်လည်း အကြောင်းကြောင့်မရေးဖြစ်ခဲ့။ ဒီနှစ်
facebook memory မှာ ကျွန်မသွားခဲ့သောခရီးစဉ်လေးပြန်ပေါ်လာမှ အမေရိကန်ပြည်ထောင်စု၊ မင်နီစိုးတား
(Minnesota) ပြည်နယ်မှ ဟိုးလ်ဒင်းဖို့ဒ် (Holdingford) အမည်ရသော မြို့ငယ်လေးကို အရောက်သွားခဲ့သည့်အကြောင်းရေးရန်
ကျန်နေပါသေးလားဟု သတိရသွားခဲ့သည်။ ကျွန်မ၏ မှတ်စုစာအုပ်သေးသေးလေးထဲက ပထမဆုံးနေရာကိုသွားကြည့်ခွင့်ရပြီး
နောင်ခြောက်နှစ်အကြာမှာ ဒုတိယမြောက်နေရာသို့ ကျွန်မ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း
(၅၀) ရှိသည့်အနက် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိသော မင်နီစိုးတားပြည်နယ်ကို တကူးတကသွားကြည့်ချင်အောင်
လှုံ့ဆော်ခဲ့သောပင်မရင်းမြစ်မှာ ‘ဂစ်ရစ်ဆင်ကိုင်လာ’ (Garrison Keillor) ရေးသားခဲ့သော
‘ပရေရီ (ဝေါဘီဂွန်) မြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ (Lake Wobegon Days) ဟူသော စာတစ်အုပ်ကြောင့်ဖြစ်သည်။
အဲ့သည်စာအုပ်လေးကို ကျွန်မ စတုတ္ထတန်းနှစ်မှာ အမေရိကန်သံရုံးမှဝန်ထမ်းတစ်ဦးဖြစ်သော
ကျွန်မ၏ဦးလေးတော်စပ်သူက အမေ့ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ စာဖတ်ဝါသနာအရင်းခံရှိသော
ကျွန်မသည် နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်စင်ပေါ်မှ အမေလက်ဆောင်ရထားသော ‘အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီ၏ရုပ်ပုံလွှာ’
အတ္ထုပတ္တိနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဖွယ်နေ့များ’ စာအုပ်နှစ်အုပ်စလုံးကို စတင်မြည်းစမ်း
ဖတ်ကြည့်ခဲ့သည်။ အဲ့သည်အချိန်က ရုပ်ပြကာတွန်းများသာအဖတ်များပြီး ဘာသာပြန်စာအုပ်ကို
စစကိုင်ချင်းမို့ ကျွန်မအတွက် စာလေးပေလေးကြီးလိုဖြစ်နေရကား ဖတ်ရမသွက်သောကြောင့် နှစ်အုပ်လုံးကိုပြီးအောင်
ဆက်မဖတ်နိုင်ခဲ့။
Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts
ပဉ္စမတန်းနွေရာသီကျောင်းပိတ်ရက်မှာ ဝေါဘီဂွန်စာအုပ်ကို
ကျွန်မ ကြိုးစား၍ထပ်ဖတ်သည်။
အရင်ကထက် နဲနဲပိုဖတ်လို့ရလာသည်။ ဖတ်ရင်းဖတ်ရင်းနှင့် ကျွန်မ နှစ်ခြိုက်လာသည်။ ဆဌမတန်းကျောင်းပိတ်ရက်မှစ၍
နောင်နှစ်စဉ်နွေကျောင်းပိတ်ရက် ရောက်သည့်အခါတိုင်း ဂယ်ရစ်ဆင်ကိုင်လာ၏စာအုပ်ကို
ကျွန်မအမြဲဖတ်သည်။ သည်လိုနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ စာအုပ်သည် ကျွန်မဖတ်ခဲ့ဖူးသမျှစာအုပ်အားလုံးထဲတွင်
အကြိမ်အရေအတွက်အများဆုံး စာရင်းဝင်သွားခဲ့သည်။ ကျွန်မက စာအုပ်ဖတ်နေရင်း တခစ်ခစ်ရယ်နေသဖြင့်
မောင်လေးကလည်း စိတ်ဝင်တစားရှိလာကာ သူပါ အဲ့သည့်စာအုပ်ကို လိုက်ဖတ်သည်။ သူလည်း သဘောကျသွားပုံပေါ်ပါသည်၊
သူနှစ်သက်ရာအခန်းများကို မကြာခဏ ရွေးဖတ်လေ့ရှိရုံသာမက သူအနှစ်သက်ဆုံးအခန်းကိုလည်း ခဲတံဖြင့်အမှန်ခြစ်
ခြစ်ထားခဲ့သည်။ စာအုပ်လေးခမျာ ကျွန်မတို့မောင်နှမနှစ်ယောက်လက်ထဲမှာပင်
အတော်ဟောင်းနွမ်းသွားခဲ့ရှာသည်။
တကယ်တော့
စာရေးဆရာဂယ်ရစ်ဆင်ကိုင်လာသည် ကျွန်မတို့ငယ်စဉ်က ရုပ်မြင်သံကြားတွင် လူကြိုက်များသော
ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်သည့် ‘A Little House on the Prairie’ ၏ မူလပဲ့ကိုင်ရှင်ဖြစ်သည်။
၁၉၇၄ခုနှစ်တွင် အမေရိကန်နိုင်ငံတ၀ှမ်း ရေဒီယိုအသံလွှင့်ဇာတ်လမ်းအဖြစ် စီစဉ်တင်ဆက်ခြင်းကို
ပရိသတ်များအကြိုက်တွေ့သဖြင့် နောက်ပိုင်းတွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ် ဆက်လက်ထုတ်လွှင့်ရာ
တခဲနက်အောင်မြင်မှုရခဲ့ပြန်သည်။ ‘ဝေါဘီဂွန်နေ့များ’ စာအုပ်သည် သူရေးသားခဲ့သော ဇာတ်လမ်းများထဲမှ
ကောင်းနိုးရာရာကို စုစည်းပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မြန်မာဘာသာပြန်ဆရာ
‘မဟာမိ’ ၏ ပြန်ဆိုမှုအောက်တွင် စာအုပ်လေးသည် ဆေးစက်ကျရာအရုပ်ထင်သောဇာတ်ကောင်များနှင့်
ရုပ်လုံးကြွအသက်ဝင်ခဲ့ပြီး
စာအုပ်ထဲတွင်ဖန်တီးထားသော ဝေါဘီဂွန်မြို့နှင့်မြို့သူမြို့သားများကို သွားကြည့်ချင်စိတ်ပေါ်အောင်
ကျွန်မကို ထူးခြားစွာ ဆွဲဆောင်နိုင်ခဲ့သည်။ စိတ်ကူးယဉ်ဝေါ်ဘီဂွန်မြို့သည် တော့တိုးကျန်စာအုပ်ထဲက
မီးရထားတွဲစာသင်ခန်းလို ပြင်ပမှာအမှန်တကယ် မတည်ရှိခဲ့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်
ကျွန်မ အမေရိကန်ပြည်ထောင်စုသို့ရောက်ခဲ့လျှင် စာအုပ်ထဲကမြို့နှင့် အနီးစပ်ဆုံးတည်ရှိသည့်နေရာသို့
ရောက်အောင်သွားမည်ဟု ပြင်းပြသောဆန္ဒ ထိုစဉ်ကတည်းက ဖြစ်တည်ခဲ့သည်။
၂၀၁၈ခုနှစ်
စက်တင်ဘာလ ၂၂ ရက် ဆောင်းဦးပေါက်ရာသီတွင် Delta လေကြောင်းလိုင်းဖြင့် ၀ါရှင်တန်ဒီစီလေဆိပ်မှ
မင်နီစိုးတားပြည်နယ် မင်နီယာပိုလစ္စ်/စိန့်ပေါလ် လေဆိပ်သို့ ကျွန်မရောက်ရှိခဲ့သည်။ လေယာဉ်ပေါ်ရောက်ကတည်းက
လေယာဉ်စီးခရီးသည်များ၏ ထူးခြားသောရုပ်ဆင်းသဏ္ဍာန်ကို သတိပြုမိသည်။ အဲ့သည့်ခရီးစဉ်မတိုင်မီက
အမေရိကန်အရှေ့ခြမ်းမှနေ၍ ပြည်တွင်းလေကြောင်းလိုင်းအသီးသီးဖြင့်
အနောက်ဘက်ရှိကယ်လီဖိုးနီးယားပြည်နယ်နှင့် တောင်ပိုင်းရှိတက္ကဆက်ပြည်နယ်များကို ခရီးနှင်ခဲ့ဖူးသည်။
ထိုစဉ်အခါက ကျွန်မ၏ရှေ့နောက်ဝဲယာတွင် ထိုင်နေကြသော ခရီးသည်များ၏ အသားအရောင်မျက်နှာပေါက်များသည်
အာရှ၊ ဥရောပ၊ လက်တင်အမေရိက သွေးပေါင်းစုံနှောထားခြင်းခံရသော သူလိုကိုယ်လို အမေရိကန်ကပြားများ၏
ရုပ်ရည်များပင်။ မင်နီစိုးတားပြည်နယ်သို့သွားသောခရီးစဉ်တွင်မူ လေယာဉ်ပေါ်တွင်လိုက်ပါလာသောလူအများစုသည်
အသားဖြူလျော်လျော်၊ မျက်နှာနီစပ်စပ်နှင့် အအေးထူကဲသော ဥရောပမြောက်ပိုင်းမှ စကဲန်ဒီနေးဗီးယားနိုင်ငံသူနိုင်ငံသားများ၏
မျက်နှာမျိုးဖြစ်နေသည်။ အင်းလေ… အဲသည့်ပြည်နယ်ကို ပထမဆုံးအခြေချခဲ့သည်လူမျိုးများသည်
နော်ဝေးနိုင်ငံသားများဖြစ်သည်ဟု စာအုပ်ထဲမှာ ဖော်ပြထားသည် မဟုတ်ပါလား။
စက်တင်ဘာလ
၂၃ရက်တွင် စာရေးဆရာဇာတ်အိမ်ဖွဲ့တည်ရာ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ Google Map ၏ အကူညီဖြင့်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့သည်။ မင်နီစိုးတားခရီးစဉ်မသွားခင် အင်တာနက်မှနေ၍
ဂယ်ရစ်ဆင်ကိုင်လာနှင့်သူ့စာအုပ်အကြောင်းရှာဖတ်ရင်း သူစိတ်ကူးဖြင့်
ဖန်တီးခဲ့သောမြို့သည် ဟိုးလ်ဒင်းဖို့ဒ်နှင့် အနီးစပ်ဆုံးတူညီကြောင်း တွေ့ရှိသွားခဲ့သည်။
စာအုပ်ထဲတွင်ပါသော မင်နီယာပိုလစ်္စ၊ စိန့်ပေါလ်၊ စိန့်ကလောက်၊ စိန့်ဂျိုးဇက်ဖ်၊ အေဗွန်၊
အယ်လ်ဘာနီ၊ ဖရီးပို့တ် မြို့များအားလုံးကိုလည်း ဂူဂဲလ်မြေပုံမှာ ကျွန်မရှာတွေ့သည်။
ဟိုးလ်ဒင်းသည်
အိမ်ခြေ(၃၀၀)ကျော်၊ လူဦးရေစုစုပေါင်း(၇၀၀)ခန့်သာရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည်။ လူဦးရေ၏(၉၇)ရာခိုင်နှုန်းသည်
ဥရောပတိုက်မြောက်ပိုင်းမှဆင်းသက်လာသော လူဖြူမျိုးနွယ်စုများဖြစ်ကြသည်။ မြို့လေးကိုကားဖြင့်တစ်ပတ်ကြည့်ပြီး
သန့်စင်ခန်းဝင်ရန် ကုန်စုံဆိုင်လေးတစ်ဆိုင်ရှေ့မှာ ရပ်နားသည်။ ထိုကုန်စုံဆိုင်လေး၏အရောင်းကောင်တာတွင်
ရပ်နေသောလူငယ်လေးသည် စာအုပ်ထဲမှ ဂယ်ရီ့စကားဖြင့်ညွှန်းဆိုရလျှင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းကိုကိုယ်စားပြုသော
ကျေးလက်တောသားအသွင်ကို သိသိသာသာဆောင်နေသည်။ အိမ်တစ်အိမ်ရှေ့တွင် နေပူစာလှုံနေသော အဖိုးအိုးတစ်ဦး၏
ခေတ်နောက်ပြန်ဆွဲသော မျက်လုံးများသည် တနယ်တကျေးကလာသော အာရှတိုက်သားကျွန်မကို စူးစမ်းသည့်အကြည့်ဖြင့်
ကြည့်နေသည်။ စာအုပ်ထဲမှာဖော်ပြထားသော ရာ့ဖ်ကုန်စုံဆိုင်နှင့် ဘန်ဆင်မော်တော်ကားရောင်းဝယ်ရေးဆိုင်များရှိလေမလားဟု
ကျွန်မရှာကြည့်သော်လည်း မတွေ့ခဲ့ပါ။
သို့သော် 'Gateway to Lake Wobegon' ဆိုသည့် ဆိုင်းဘုတ်ကြီးကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုဆိုင်းဘုတ်ရှေ့တွင်
ကျွန်မယူဆောင်သွားခဲ့သော မူရင်းနှင့်ဘာသာပြန်စာအုပ်နှစ်အုပ်ချပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည်။
ဟိုးလ်ဒင်းဖို့ဒ်မှအပြန် စိန့်ကလောက်မြို့တွင် နေ့လယ်စာဝင်စားခဲ့သည်။ စာအုပ်ထဲက တိုနီဟုအမည်ရသော
ဝေါဘီဂွန်မြို့သားဇာတ်ကောင်တစ်ဦးနှင့် ဂွတီးဂွကျသူ့ဆွေမျိုးတောသားတစ်အုပ် စိန့်ကလောက်မြို့သို့
ပထမဆုံးအကြိမ်ရောက်လာပုံအခန်းကို ပြန်လည်မြင်ယောင်ရင်းပြုံးမိသည်။ ကျွန်မ၏ ဝေါဘီဂွန်ခရီးစဉ်လေး
အတော်အသင့် ပြည့်စုံခဲ့ပြီဟု ဆိုနိုင်ပါသည်။
ဂယ်ရစ်ဆင်ကိုင်လာသည်
အမေရိကားတိုက်/အမေရိကန်ပြည်ထောင်စုကို သူများနှင့်မတူသောအမြင်ဖြင့် ကြည့်တတ်မြင်တတ်အောင်
ကျွန်မကို မိတ်ဆက်ပေးခဲ့သည်။ ဝေါဘီဂွန်စာအုပ်ကြောင့် ကျွန်မအလယ်တန်းကျောင်းသူဘ၀ထဲကပင်
အမေရိကန်နိုင်ငံကို အကြိမ်ကြိမ်ရင်းနှီးခဲ့သည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးပေါင်းစုံတို့
ပြောင်းရွှေ့အခြေချနေထိုင်ရာ နိုင်ငံကြီးတစ်နိုင်ငံသို့ ရောက်ရှိခဲ့သော မူလဇာတိဇစ်မြစ်ဘိုးဘွားများ၏
ခံယူချက်၊ သဘောထားတို့ကို စာအုပ်ထဲမှတဆင့် ကျွန်မဖောက်ထွင်းသိမြင်ခွင့်ရခဲ့သည်။ လက်ရှိတိုးတက်ထွန်းကားနေသောအခြေအနေနှင့်
ကွာဟဒွန်တွဲစွာတည်ရှိနေသော အမေရိကန်ပြည်ထောင်စု၏ လူသိမများလှသော သမိုင်းတစိတ်တပိုင်းကို
လေ့လာမှတ်သားခဲ့ရသည့်အတွက် ထိုစာအုပ်လေးဖတ်ခွင့်ရခြင်းကို ကျွန်မ ၀မ်းမြောက်ဝမ်းသာ
ဖြစ်မိပါသည်။
ကျွန်မရင်တွင်းမှာ အနှစ်အနှစ်အလလ ကိန်းအောင်းခဲ့သော
ဆန္ဒတစ်စုံကို အောင်မြင်စွာ အကောင်ထည်ဖော်ခွင့်ရခြင်းအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရသလို၊
ကျွန်မ ဖတ်(ခဲ့ဖူးသော)စာများထဲက ဒုတိယမြောက်နေရာဖြစ်သော အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းရှိ
မင်နီစိုးတားပြည်နယ်က ဝေါဘီဂွန်တစ်ဖြစ်လဲ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်အရောက်သွားပြီး
ခြေချခွင့်ရခြင်းသည် ကျွန်မ၏အမေရိကားခရီးစဉ်ပန်ချီးကားတစ်ချပ်ကို ပိုမိုပြည့်စုံအောင်
ဆေးခြယ်ဖြည့်စွက်လိုက်သကဲ့သို့ပင် ရှိပါတော့သည်။
ဇွန်မိုးစက်
၂၂ စက်တင်ဘာ ၂၀၁၉
နေ့လယ် ၁နာရီး ၅၂မိနစ်
ဖတ်စာထဲက
ခရီး (၁)
ငါ့စာကို မျှော်နေပြီလား ညို။ ဒီတလော
ငါနဲနဲအလုပ်များသွားလို့ စာကို ချက်ခြင်းအပြီးမသတ်နိုင်ဖြစ်သွားတာ။
တကယ်တော့ ကဒါတ်စိန်ခရီးကိုသွားဖို့
အစက မရည်ရွယ်ခဲ့ဘူးဟ။ အမေ့ကျန်းမာရေးအခြေအနေကြောင့် ကတိုက်ကရိုက်ပြန်ရတာလည်းဖြစ်၊ အမေ့ကို
နေ့စဉ်အနီးကပ်ပြုစုရတဲ့သူလည်းဖြစ်တော့ ဆေးရုံနဲ့အိမ်က လွဲပြီး ဘယ်မှ သွားနိုင်လိမ့်မယ်လို့လည်း
ထင်မထားခဲ့ဘူး။ ဒါပေမယ့် ဖိုးလေးနဲ့ငါ ခြောက်လလောက်အတူနေခွင့်ရခဲ့တဲ့အချိန်တွေမှာ သူပြောပြတတ်တဲ့
ငယ်ဘ၀ အမှတ်တရတွေအကြောင်း ကြားခဲ့ရတဲ့ငါ၊ သူ့သားသမီးတွေကိုတောင် မပြောပြဖြစ်ဘဲ ငါ့တစ်ယောက်တည်းကိုပဲ
ဖွင့်ပြောခဲ့တဲ့ သူ့ဆန္ဒကို သိလိုက်ရတဲ့ငါဟာ သူလွမ်းဆွတ်နေတဲ့ ပဲခူးတိုင်းအတွင်းက နေရာလေးနှစ်နေရာ၊
ရွာလေးနှစ်ရွာရှိရာကို ငါကျောင်းပြီးလို့ မြန်မာပြည်ပြန်တဲ့အချိန်မှာ သူ့ကိုယ်စားသွားကြည့်ဖို့
စိတ်ထဲမှာ ရည်စူးထားခဲ့ဖူးတယ်။
အသက် ၉၁နှစ်ထဲရောက်နေတဲ့ အဖိုးအတွက်
နောက်ထပ်အချိန်ဘယ်လောက်ကျန်မယ်ဆိုတာ မသိနိုင်ဘူးလေ။ ငါကျောင်းပြီးတဲ့အထိဆို နောက်ခြောက်လလောက်
ထပ်စောင့်ရမယ်။ ခြောက်လအတွင်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လား။ အမေ့ကျန်းမာရေးကိုပဲကြည့်လေ။
မသေချာတဲ့ အနာဂတ်ကို မစောင့်ချင်တော့တဲ့ငါ ဆေးရုံမှာ လူနာစောင့်နေရင်းနဲ့ပဲ ဒီတစ်ခေါက် ငါမြန်မာပြည်ပြန်ရောက်နေတုန်း
အဖိုး ပြောပြဖူးတဲ့ ရွာလေးနှစ်ရွာကို ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျသွားတာပဲ။
ငါ့ဆန္ဒကို ငါ့လိုပဲ အဖိုးရဲ့ နောက်မြေးဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အစ်ကိုတစ်ယောက်ကို ပြောပြတော့
သူကလည်း စိတ်ဝင်တစားနဲ့ ငါသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်ဆိုတာနဲ့ ငါ့ရည်ရွယ်ချက်တစ်ဝက် အထမြောက်သွားတယ် ဆိုပါတော့။
ငါ့မောင်လေးရုံးပိတ်ရက်နဲ့တိုက်ပြီး
စနေနေ့မှာသွားဖို့ စီစဉ်လိုက်တယ်။ တစ်ညအိပ်ခရီးဆိုရင် လူပင်ပန်းတာ ပိုသက်သာမှန်း သိနေပေမယ့်
ငါက တနင်္လာနေ့ပြန်ရမှာဆိုတော့ စနေနေ့ညနေမှာ ရန်ကုန်ပြန်ရောက်မှဖြစ်မယ်လေ။ သွားမယ့်ရွာနှစ်ရွာနာမည်နဲ့
တည်နေရာ အကြမ်းမျဉ်းကိုတော့ သိထားပြီ။ ဘယ်လိုရောက်အောင်သွားကြမလဲဆိုတာက နဲနဲခေါင်းစားစရာဖြစ်နေတယ်။
ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ ရွာတစ်ရွာမှာ ဆွေမျိုး မိတ်ဆွေ အသိအကျွမ်း အခံမရှိဘဲ သွားဖို့ဆိုတာ
သိပ်တော့မလွယ်လှဘူး။ ဒါပေမယ့် အဲဒီ့ရွာရဲ့တည်နေရာနဲ့ပတ်သက်ပြီး အတည်ပြုချင်လို့ မဇင်ကို
မျက်နှာစာအုပ်ကနေ လှမ်းမေးခဲ့ဖူးတယ်။ တိုက်ဆိုင်ချင်လို့လားတော့ မသိဘူး ကဒါတ်စိန်နဲ့
ဝဲပဒန်ရွာတွေက စင်္ကာပူမှာ ငါတို့နဲ့အတူနေခဲ့ဖူးတဲ့ မဇင်ရဲ့ ဇာတိဖြစ်တဲ့ က၀မြို့နယ်ရဲ့
ကျေးရွာအုပ်စုဝင် ဖြစ်နေတာ။ ဒါကြောင့် ငါတို့ဘယ်လိုသွားရင် ရောက်နိုင်မလဲဆိုတာ ဇာတိနယ်ချင်းတူတဲ့
အစ်မကိုမေးရင် သိနိုင်တယ်လို့ ငါ့ဦးနှောက်က သတင်းပို့တာနဲ့ သူ့ကို ဆက်သွယ်ပေးဖို့
နင့်ကို အကြောင်းကြားလိုက်တာ။ စင်္ကာပူက မဇင်ပြောတဲ့အတိုင်း ရန်ကုန်က သူ့ညီမ မမိုးကိုဆက်သွယ်၊
မမိုးက ပဲခူးတိုင်းနယ်အတွင်းက အုန်းနှဲရွာကို လှမ်းဖုန်းဆက်… အဲလို အဆင့်ဆင့်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီးတဲ့အခါမှာတော့
ငါတို့မောင်နှမနှစ်ယောက်ကို ကဒါတ်စိန်ရွာအရောက် လိုက်ပို့ဖို့ ကူညီစီစဉ်ပေးလိုက်ကြတယ်
ဆိုပါတော့ဟာ။
ငါတို့ခရီးစဉ်က ဒီလိုဟ။ ရန်ကုန်ကနေ
မနက် ၆နာရီ ပဲခူးကို ထွက်တဲ့ကားနဲ့လိုက်မယ်၊ အင်းတကော်ရောက်ရင်ဆင်းပြီး ကယ်ရီ (ဆိုင်ကယ်)
နဲ့ အုန်းနှဲက မဇင်တို့ ညီမ၀မ်းကွဲ မနှင်းတို့အိမ်ကို သွားရမယ်။ အုန်းနှဲကနေမှ ကဒါတ်စိန်နဲ့
ဝဲပဒန်ကို ကယ်ရီနဲ့ထပ်ခရီးနှင်ရမယ်။ အင်းတကော်ကနေ အုန်းနှဲကို ကယ်ရီခ သုံးထောင်ကနေ
လေးထောင်ကြားကျမယ်ဆိုတာ ကြားသွားတဲ့အဖေက သမီး… ကယ်ရီနဲ့ သုံးထောင်ပေးရတဲ့ခရီးက နီးမှာ
မဟုတ်ဘူးနော်၊ လမ်းကလည်းကြမ်းဦးမှာ၊ သမီး ခါးတွေနာ၊ ဒူးတွေနာလိမ့်မယ်၊ နောက်တစ်ရက်ပြီးတာနဲ့
လေယာဉ်လည်း အကြာကြီးပြန်စီးရဦးမှာ၊ မသွားဘဲနေလို့ရရင် မသွားပါနဲ့ဆိုပြီး တားတယ်။ သူအဲလိုပြောတာနဲ့
ငါလည်း ခရီးစဉ်ကို အုန်းနှဲမှာပဲ ရပ်ထားလိုက်တယ်။ ဟိုဘက်ဆက်သွားမယ့်အကြောင်း အသိမပေးတော့ဘူး။
သူပိုပြီးစိတ်ပူနေမှာစိုးလို့။ ငါဘာကြောင့်သွားတာလဲဆိုတာ အဖေ မသိဘူး။ အဖေ့စိတ်ထဲမှာ
ငါ မြေကွက်သွားကြည့်မှာလို့ ထင်နေတာ။ ငါ့အတွက်တော့ ဒီခရီးက မသွားမဖြစ်အရေးကြီးတယ်ဆိုတာ
ငါပဲသိတယ်။ ငါ့ကို အဖိုးကိုယ်စား မြေးအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဖိုးလေးအတွက်၊ သူ့ရဲ့နောက်ဆုံးဆန္ဒအတွက်
ငါလုပ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။ ဒါကြောင့်လည်း ဒီခရီးကို ပင်ပန်းမှာသိသိကြီးနဲ့
ငါအရောက်သွားမှာ။ အမေ့ကို နေ့မအား၊ ညမအားပြုစုထား၊ သွေးလည်းလှူထားတဲ့ ငါဟာ အရမ်းကြီး
လန်းဆန်းမနေပေမယ့် အားဆေးတွေသောက်ပြီး စိတ်တင်းထားခဲ့တယ်။ ခေါင်းမာတတ်တဲ့ နင့်သူငယ်ချင်းအကြောင်း
နင်အသိဆုံး မဟုတ်လား။ ငါသွားမယ်လို့ ဆုံးဖြတ်ပြီးမှတော့ အဖေသိပ်မသွားစေချင်တဲ့ကြားကပဲ
ထွက်ခဲ့တယ်။ တကယ်တမ်း ငါသွားမယ့်မနက်ရောက်တော့ အဖေလည်း မနက်စောစောလိုက်ထပြီး ငါ့ကို
ကားဂိတ်အထိ လိုက်ပို့ပေးခဲ့တယ်။
ရန်ကုန် သင်္ကန်းကျွန်းဈေးနားက ကမ္ဘာကျော်ကားဂိတ်ကနေ
ဟီးနိုးဘတ်စ်ကားကြီးစီးပြီး ထွက်ခဲ့တာ အင်းတကော်ကို မနက် ခုနစ်နာရီခွဲလောက်မှာ ရောက်သွားတယ်။
အုန်းနှဲကို ကယ်ရီသမားက ၄၀၀၀ တောင်းတယ်။ မမိုးက ဖုန်းထဲကနေ ဈေးလှမ်းစစ်ပေးတော့ ၃၅၀၀နဲ့ရသွားတယ်။
မသွားခင် ငါနဲ့အစ်ကို ကယ်ရီဂိတ်နားကဆိုင်မှာ မနက်စာအရင်ဝင်စားလိုက်တယ်။ ပြီးတော့ အုန်းနှဲကိုသွားဖို့
ဆိုင်ကယ်ပေါ်တက်ရတယ်။ အမှန်အတိုင်းပြောရရင် ငါသွားသာ သွားရမှာ၊ ကယ်ရီနဲ့ ခရီးဝေး မသွားဘူးတော့
စိတ်ထဲမှာ ကြောက်နေတယ်။ ငယ်ငယ်က အစ်ကိုတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်မှာ ငါတို့အငယ်သုံးယောက်လိုက်ပြီး
အပျော်စီးတာမျိုးလောက်ပဲ အတွေ့အကြုံရှိခဲ့တာ။ အခုက တောကိုသွားမှာဆိုတော့ လမ်းကလည်းကြမ်းဦးမှာ။
ဆိုင်ကယ်သမားရှေ့ကထိုင်၊ ငါက အလယ်မှာ၊
ပြီးတော့ အစ်ကိုက ငါ့နောက်မှာ။ ငါထိုင်လိုက်တော့မှ ထိတ်ခနဲဖြစ်သွားတယ်။ ငါ အလယ်ကစီးမှာဆိုတော့
တစ်ခုခုကို ကိုင်ထားစရာ နေရာမှ မရှိတာ။ ဒီအတိုင်းလက်လွှတ်ပြီး တစ်လမ်းလုံးစီးလို့ ဘယ်ဖြစ်ပါ့မလဲ။
ဟယ်… ကိုင်စရာလဲမရှိဘူးလို့ ငါ အလန့်တကြားပြောလိုက်မိတော့ ကယ်ရီဆရာက အစ်မ ကျွန်တော့်ပုခုံးကို
ကိုင်ပြီး လိုက်ခဲ့ပါဆိုတာနဲ့ ငါလည်း သူ့ပုခုံးနှစ်ဘက်ကို မိမိရရ ကိုင်လိုက်တော့မှ
အကြောက်ပြေသွားတယ်။ အစ်ကိုကတော့ ဆိုင်ကယ်နောက်ခုံက တန်းကို လက်ပြန်ကိုင်ပြီး လိုက်ခဲ့တယ်။
တော်သေးတယ် အင်းတကော်ကနေ အုန်းနှဲကို လမ်းကောင်းလို့။ ကတ္တရာလမ်းမို့ ဖုန်လည်း သိပ်မထူဘူး။
လမ်းမှာ ဖြတ်သွားဖြတ်လာ ကယ်ရီအချင်းချင်းတွေ့တော့ သူတို့ခေါင်းကို လက်ညှိုးထိုးပြီး
မေးငေါ့ပြတယ်။ ငါလည်း အဲဒီမှာ သတိရသွားတယ်၊ ငါ့မှာ ဆိုင်ကယ်စီးဦးထုပ်မှ မဆောင်းထားတာ။
သူ့မှာလည်း အပိုရှိပုံမပေါ်ဘူး။ ရဲတွေ့ရင် လမ်းမှာတားပြီး အဖမ်းခံရတော့မလားလို့ စိတ်ပူသွားတယ်။
ပိုက်ဆံဘယ်လောက်ပေးရင် ရနိုင်မလဲလို့လည်း စိတ်က တွက်ကြည့်သေးတယ်။ တကယ်တော့ သူတို့အချင်းချင်း
ဘယ်နားမှာ ရဲရှိတယ်၊ မရှိဘူး အချက်ပြတာ၊ ငါ့မှာ ဦးထုပ်ပါတာ မပါတာနဲ့ မဆိုင်မှန်း ခရီးနီးဆုံးခါနီးမှသိတော့တယ်။
နင့်သူငယ်ချင်း မြို့ကျပုံများ။ :D
မိနစ်ငါးဆယ်လောက်အကြာမှာ အုန်းနှဲက
မနှင်းတို့အိမ် ရောက်တယ်။ ကဒါတ်စိန်ကို ခရီးဆက်ဖို့ ကယ်ရီသမားကလည်း အဆင်သင့်စောင့်နေတယ်။
သူတို့နဲ့ပြောကြည့်မှ ကဒါတ်စိန်ခရီး မနီးမှန်းသိလိုက်တယ်။ အုန်းနှဲကနေ ကဒါတ်စိန်ကို
ကယ်ရီနဲ့ တစ်နာရီခွဲ သွားရမှာ။ လမ်းကြမ်းတယ်၊ ဖုန်တအားထူတယ်လို့ သတိပေးတယ်။ ၀ဲပဒန်က
စစ်တောင်းမြစ်ဝအခြမ်းဘက်ပိုနီးလို့ ခရီးပိုဝေးတယ်။ သရက်ကုန်းကနေ နောက်ထပ် နှစ်နာရီခွဲလောက်
သွားရမယ်ဆိုတာသိလိုက်ရတော့ တစ်ရက်ခရီးနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ပဲခူးကနေ
ရန်ကုန်ပြန်ထွက်မယ့်နောက်ဆုံးကားက ညနေ လေးနာရီခွဲထွက်မှာဆိုတော့ အဲဒါအမှီ ပြန်ရောက်ဖို့
ကဒါတ်စိန်တစ်ရွာထဲကိုပဲ သွားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ရွာရောက်တာ
လုံးဝမရောက်တာထက်စာရင် အများကြီးကောင်းတာပဲ မဟုတ်လား။
မနှင်းအပါအ၀င် သူတို့အိမ်သားတွေက ငါတို့ကို
စိတ်ပူနေတယ်။ အထူးသဖြင့် ငါ့ကိုပေါ့။ မိန်းကလေးလဲဖြစ်၊ တောသူမဟုတ်တဲ့အပြင် နိုင်ငံရပ်ခြားမှာအနေကြာတဲ့သူလည်းဖြစ်နေတော့
သူတို့လို က၀နယ်သားတွေကိုယ်တိုင် ပြောစမှတ်ပြုကြတဲ့ လမ်းကြမ်းဖုန်ထူခရီးကို ငါသွားနိုင်ပါ့မလားဆိုပြီး
စိုးရိမ်နေခဲ့ကြတာ။ ငါလည်း ခရီးကြမ်းအတွက် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ ဒီလိုခရီးကြမ်းကို
အလာတုန်းကလို ကယ်ရီတစ်စီးသုံးယောက်စီးလို့ မဖြစ်နိုင်ဘူးဆိုတာ မှန်းဆမိတော့ နောက်တစ်စီးထပ်မှာလိုက်တယ်။
အဖေဆောင်ခိုင်းတဲ့ မက်စ်ကို အဲတော့မှ စစွပ်လိုက်တယ်။ ဒီတစ်ခါတော့ ညာလက်က ကယ်ရီဆရာပုခုံးကိုကိုင်၊
ဘယ်လက်က နောက်ခုံတန်းကို ကိုင်လိုက်ခဲ့တယ်။ လမ်းသိပ်ကြမ်းလို့ ခုန်လိုက်ရင် ပြုတ်ကျသွားမလား
စိုးရိမ်စိတ်က ရှိသေးတယ်။
၉နာရီသာသာလောက်မှာ အုန်းနှဲကနေထွက်ခဲ့တာ
၁၀နာရီခွဲလောက်မှာ ကဒါတ်စိန်ကို ရောက်တယ်။ လမ်းမှာ ရွာ ခုနစ်ရွာကို ဖြတ်ခဲ့တယ်။ လမ်းတလျှောက်မြင်ရတာ
ပဲကွင်းတွေပေါ့။ စပါးရယ်၊ ပဲရယ် နှစ်သီးစိုက်ကြတယ်။ ပြီးခဲ့တဲ့ဆောင်းမှာ နှင်းခါးရိုက်လို့
ပဲသမားတွေ ရှုံးတယ်လို့ ကယ်ရီဆရာကပြောပြတယ်။ တစ်ချို့တောင်သူတွေ ဖရဲသီး ထပ်တိုးပြီး
စိုက်နေကြတာ တွေ့ရတယ်။ စိုက်ပျိုးလို့မရတဲ့ ဆားမြေတွေလည်း တွေ့ခဲ့တယ်။ ဆားမြေရှိတဲ့အရပ်မှာ
စိုက်ပျိုးလို့ မဖြစ်တော့ ဆားတွင်းလုပ်ပြီး ဆားချက်ကြတယ်။ ငါတို့ကယ်ရီနဲ့သွားတဲ့လမ်းက
လှေသွားလမ်းဆိုတာ အပေါ်က သစ်သားနဲ့ဝါးတံတားလေးတွေကို မြင်တာနဲ့ သိလိုက်တယ်။ ဆောင်းအကုန်နွေအကူး
ခြောက်သွေ့ပြီး ရေမရှိလို့ ဆိုင်ကယ်တွေ သွားနိုင်တာ။ ၀ါဆိုဝါခေါင်မိုးတွင်းဆိုရင်တော့
ရေအပြည့်မို့ လှေနဲ့ပဲ သွားလေ့ရှိကြတာ။ နွေအကုန် မိုးဦးမကျတကျဆို သွားရေးလာရေး သိပ်ခက်တယ်တဲ့။
ရေလည်း မပြည့်သေး၊ လမ်းလည်း မခြောက်သွေ့ဘဲ ဗွက်ထနေတော့ တစ်ရွာနဲ့တစ်ရွာ ခြေကျင်သွားရတာ။ ကယ်ရီလေးတွေပေါ်လာတော့ အရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့ ကျေးတောရွာတွေမှာ သွားရေးလာရေး တော်တော်အဆင်ပြေလာတာကို တွေ့ရတယ်။ အဲဒီ့နားက ရွာအများစုကတော့ သက္ကလပ်လို့ခေါ်တဲ့မြို့လောက်နီးနီးပြည့်စုံတဲ့ ရွာကြီးမှာ
ဈေးသွားဝယ်ကြတယ်။ သက္ကလပ်က အုန်းနှဲနဲ့ သိပ်မဝေးဘူး။ ကိုယ်ထူကိုယ်ထလမ်းဖောက်ပြီး မီးရနေပြီဖြစ်တဲ့
သက္ကလပ်က မြို့အင်္ဂါရပ်နီးပါးညီညွတ်နေပြီဖြစ်လို့ နောင်နှစ်ခါဆို မြို့အဖြစ်တောင် သတ်မှတ်လို့ရနေပြီလို့ ကယ်ရီဆရာက မှတ်ချက်ချတယ်။
သရက်ကုန်းဆိုတဲ့ရွာကြီးကိုဖြတ်အပြီးမှာ
ကဒါတ်စိန်ကိုရောက်တယ်။ ရွာထိပ်ရောက်ရောက်ချင်း အံ့အားသင့်မိတဲ့မြင်ကွင်းက ကြီးမားကျယ်ဝန်းလှတဲ့
ဘုန်းကြီးကျောင်းဝင်းထဲက ရွှေရောင်နဲ့ သပ္ပာယ်စရာကောင်းလှတဲ့ စေတီကြောင့်ပဲ။ တကယ်တော့
ရွာက သိပ်ဖွံ့မဖြိုးလှပါဘူး။ ဆိုင်ကယ်ဆရာနှစ်ယောက်ဦးဆောင်ပြီး ငါတို့ကို ဘုန်းကြီးကျောင်းပေါ်
ခေါ်သွားတယ်။ တကယ်တော့ သူတို့လည်း ဒီရွာကို အခုမှရောက်ဖူးတာ။ ၀ါသိပ်မကြီးသေးတဲ့ ကျောင်းရဲ့ လေးဆက်မြောက်ဆရာတော်က
ငါတို့ကို လာရင်းအကြောင်းရင်းမေးတယ်။ အစ်ကိုက ငါ့ကိုယ်စား သေသေချာချာ ပြည့်ပြည့်စုံစုံ
လျှောက်ပေးတယ်။ အဓိက အဖိုးကိုယ်စား ဒီရွာလေးကိုလာပြီးကြည့်ပေး၊ မှတ်တမ်းယူပေးဖို့ပဲ။
ဒီရွာမှာပဲခေါင်းချခဲ့တယ်ဆိုတဲ့ အဖိုးရဲ့ အမေနဲ့အဖွားတို့အကြောင်း သိမယ့်သူလည်း မရှိလောက်တော့ဘူး။
ဘုန်းဘုန်းက ရွာလူကြီးတစ်ယောက်ခေါ်ပြီး ငါတို့ရွာထဲသွားကြည့်လို့ရအောင် စီစဉ်ပေးတယ်။
ဓာတ်ပုံရိုက်လို့အဆင်ပြေအောင် ခြေကျင်ပဲသွားဖို့ သဘောတူလိုက်တယ်။ မိုးတွင်းဆို လှေနဲ့သာ သွားနိုင်တဲ့ဒေသဖြစ်မှန်း
အိမ်တစ်ချို့ရှေ့က လှေတွေကိုကြည့်ရုံနဲ့ သိနိုင်တယ်။ ရွာလူကြီးက ငါတို့ကို ရွာရဲ့အထင်ကရ
သမိုင်းဝင်နေရာတွေ လိုက်ပြတယ်။ ရွာရဲ့ ပထမဆုံးရေကန်တို့၊ အစောဆုံးစိုက်ခဲ့တဲ့ သစ်ပင်တို့၊ ရွာလယ်လမ်းမ၊
ဗိုလ်တဲစိုက်ခဲ့ရာ နေရာအနီးတစ်ဝိုက်၊ ရွာအထိမ်းအမှတ် ကျောက်တိုင်၊ ရဲစခန်း၊ ကျောင်း၊ ဘောလုံးကွင်း၊ နောက်ဆုံး
သင်္ချိုင်းအထိ လိုက်ပြတယ်။
သင်္ချိုင်းမှာရှိတဲ့ အစောဆုံးဂူလည်း
တွေ့ခဲ့ရတယ်။ ဂူတွေကို လိုက်ကြည့်နေရင်း ဂူတစ်ဂူကို ငါ့စိတ်ဝင်စားမိတော့ ဂူပေါ်က ထွင်းထားတဲ့
စာလုံးတွေကို လိုက်ဖတ်ကြည့်တယ်။ အပင်တွေပေါက်နေလို့ နဲနဲပြန်ရှင်းရသေးတယ်။ ကွယ်လွန်သူက
ဦးဖိုးခွေး၊ ကွယ်လွန်ချိန်မှာ အသက် ၁၀၃နှစ်ရှိပြီ။ သူကွယ်လွန်ခဲ့တာ မြန်မာသက္ကရာဇ်၁၃၄၀မှာဆိုတော့ ငါတောင်မမွေးသေးဘူး။
အသက်ကိုတွက်ကြည့်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ငါတွေးမိပြီး ဓာတ်ပုံသေချာရိုက်ခဲ့တယ်။
ကဒါတ်စိန်သွားရင်း စိတ်ဝင်စားစရာသိခွင့်ကြုံခဲ့တဲ့ နောက်တစ်ချက်က ငါတို့ဆင်းသက်ခဲ့တဲ့
လူမျိုးပဲ။ အဖိုးရဲ့အမေဟာ ရှမ်းသွေးစပ်ခဲ့တယ်လို့ ငါတို့တတွေ ယုံကြည်ခဲ့ပေမယ့် အဖိုးက
မွန် ပိုဖြစ်နိုင်တယ်လို့ ငါ့ကိုပြောဖူးတယ်။ အဲလိုအဖိုးပြောလိုက်ချိန်မှာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်း
ဆက်စပ်မှုကလည်း ငါ့အရင်ယုံကြည်မှုကို ဇဝေဇ၀ါဖြစ်သွားစေတာ အမှန်ပဲ။ အဖိုးမှန်းတာ ဖြစ်နိုင်တယ်လို့
ငါထင်ခဲ့ပေမယ့် အတည်တော့မပြုနိုင်ခဲ့ဘူးပေါ့။
ငါတို့သင်္ချိုင်းကအပြန် လမ်းမှာတစ်ထောက်နားကြရင်း
ရွာလူကြီးကို ငါမေးလိုက်တယ်။ ဒီရွာက မွန်တွေနဲ့အဆက်အစပ်ရှိမရှိဆိုတာကို။ ရွာလူကြီးက
အို ကဒါတ်စိန်က မွန်ရွာကွယ့်၊ က၀နယ်ထဲမှာ မွန်ရွာလေးရွာရှိတယ်… ကဒါတ်စိန်၊ အေးမွန်၊
အောင်ဇေယျနဲ့ ၀ဲပဒန်။ တို့အဖေနဲ့အမေက မွန်အစစ်ပေါ့။ ဒါကြောင့် ရွာကလူတွေ စကားပြောရင်
မွန်သံနဲနဲဝဲသလိုဖြစ်နေတာ။ သူတို့ပြောမှ ငါလည်း သတိထားမိတော့တယ်။ မွန်လူမျိုးအယောက်နှစ်ဆယ်ကနေသုံးဆယ်ရှိတဲ့
အုပ်စုက ဒီရွာမှာ ပထမဆုံးခြေချခဲ့တာတဲ့။ သေချာပါပြီ… ဒါဆို အဖိုးရဲ့အဖွားက မွန်ဖြစ်ရမယ်၊
ဒါကြောင့် အဖိုးရဲ့အမေကလည်း မွန်။ ဒါဆို ငါတို့မှာပါတဲ့တိုင်ရင်းသားသွေးက မွန်ပေါ့။ အဖိုးရဲ့အမေက
ရှမ်းပြည်သိန္ဒီမှာ နေခဲ့ဖူး၊ စော်ဘွားတွေနဲ့ အဆက်အဆံရှိခဲ့ဖူးလို့ ငါ့အဖွားက ရှမ်းလို့များ
ထင်ခဲ့တာလား မသိဘူး။ တိတိပပ သိရအောင် ငါက ဘိုးစဉ်ဘောင်ဆက်အထိလိုက်ပြီး ရှာဖွေသုတေသနပြုချင်တာ။
ဒါပေမယ့် တို့မြန်မာတွေက မိသားစုမျိုးရိုးနာမည်ထည့်လေ့ သုံးလေ့မရှိတော့ နောက်ကြောင်းပြန်လိုက်ရတာ
အရမ်းခက်တယ်။ အဖိုးတို့အဖေဘက်ကျတော့ မျိုးရိုးနာမည်နဲ့ဖြစ်တာရော၊ ဘယ်အရာမဆို စနစ်တကျ
မှတ်တမ်းတင်လေ့ရှိခဲ့တဲ့ အင်္ဂလိပ်တွေဖြစ်နေတာကြောင့်ရော ငါတို့အဘင် အထိ တိတိကျကျ ပြန်သိခွင့်ရတယ်။ ထားပါတော့…
ကဒါတ်စိန်က အပြန်နောက်ပိုင်းမှာတော့ နင့်သူငယ်ချင်းဟာ ရှမ်းသွေးထက် မွန်သွေးပါတဲ့သူတစ်ယောက်အဖြစ်
ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တော့တာပဲ။
ငါတို့ဘုန်းကြီးကျောင်းကို ပြန်ရောက်ချိန်မှာ
မွန်းတည့် ၁၂နာရီဆိုတော့ ဗိုက်ကလည်းတော်တော်ဆာနေပြီပေါ့။ ဘုန်းကြီးကျောင်းက အသားမပါတဲ့
ထမင်းနဲ့ဟင်းကို လက်နဲ့ပဲ အားပါးတရ လွေးခဲ့လိုက်တယ်။ မြေပဲထွက်တဲ့အရပ်မို့လား မသိဘူး၊
ကောင်းလိုက်မြေပဲ၊ နူးအိနေတာပဲဟယ်။ အမေ့ကို ဆေးရုံစောင့်တုန်းက အက်စ်အက်စ်စီရှေ့မှာ
ဝယ်စားခဲ့တဲ့မြေပဲပြုတ်နဲ့များ တခြားစီ။ အင်း… ပဲစိုက်သူတွေက ဆာလာအိတ်တစ်လုံးစာမြေပဲကိုမှ
၇၅၀ကျပ်ပဲရတာ၊ စင်္ကာပူတစ်ဒေါ်လာတောင် မရှိဘူး။ ရန်ကုန်ရောက်တာနဲ့ နို့ဆီဗူးတစ်ခွက်စာ
မြေပဲပြုတ်က ၃၀၀ ဖြစ်နေပြီ။ နယ်စပ်နဲ့ နိုင်ငံခြားပို့တဲ့ ကုန်သည်တွေ ဘယ်လောက်တောင်
မြတ်မလဲ မသိဘူး။ တောင်သူတွေကတော့ သီးနှံစိုက်လိုက်၊ အကြွေးဆပ်လိုက်နဲ့ တစ်နှစ်ပြီးတစ်နှစ်
လုံးလည်ချာလည်လိုက်ရင်း ဘ၀ဆုံးသွားတာပဲ။ ငါ့ထင်မြင်ချက်တွေ မဟုတ်ဘူးနော်၊ ခရီးသွားဟန်လွှဲ
ကြုံရင်ကြုံသလို ငါမေးသွားရင်း သိရတာလေးတွေ နင့်ကို ပြန်ဖောက်သယ်ချတာပါ။
ငါတို့ထမင်းစားပြီး ဘုန်းဘုန်းကို နှုတ်ဆက်ကန်တော့ပြီး
ဝတ္ထုကပ်ခဲ့တယ်။ အရင်ကဆို အလှူရေစက် လက်နဲ့မကွာဖြစ်ခဲ့တဲ့ နင့်သူငယ်ချင်းက အလှူအတန်းနဲ့
အလှမ်းဝေးတာ နဲနဲကြာသွားလို့ထင်တယ်၊ ကဒါတ်စိန် ဘုန်းကြီးကျောင်းကိုမြင်တော့ လှူခွင့်ကြုံပြီဆိုပြီ
ဝမ်းသာသွားလိုက်တာ၊ အပြန်ခရီးစရိတ်ချန်ပြီး ကျန်တာ လှူခဲ့လိုက်တယ်။ အစ်ကိုလည်း ငါနဲ့အတူဒါနပြုခဲ့တယ်။
၈၈နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကျောင်းဟောင်းက မပြုပြင်နိုင်သေးဘူးလေ။ ကျောင်းသစ်ဆောက်ဖို့
အုတ်ပုံလေးတွေတွေ့ရပေမယ့် အုတ်စီနိုင်တဲ့အထိ ခရီးမရောက်သေးတာ အထင်အရှားပဲ။ သြော်… အခုနောက်ပိုင်း
ရွာတွေမှာ ကိုရင်လေးတွေ နည်းသွားပြီသိလား။ သာသနာ့မျိုးဆက်အတွက် သတိပြုစရာအချက်ပဲ။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ်
တို့မြန်မာနိုင်ငံမှာ ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်း တည်ရှိမှု၊ အရေးပါမှုကတော့ အတိုင်းအတာတစ်ခုထိ
အားကိုး၊ လွှမ်းမိုး နေဆဲပါပဲ။
ရွာက လူတွေက ငါတို့ကို တစ်ညအိပ်စေချင်တာဟ။
သူတို့က ၀ဲပဒန်ကိုလည်း လိုက်ပို့ပေးချင်တာ။ ဒီတစ်ခေါက်တော့ ဘယ်လိုမှ မမှီတော့ဘူးလေ။ ကျောင်းကအပြန်မှာ
အုန်းနှဲကနေ ရန်ကုန်တိုက်ရိုက်ထွက်မယ့် ကားအမှီ
တစ်နာရီခွဲခရီးကို တစ်နာရီဆယ်မိနစ်နဲ့ စပိတင်ပြီး ထွက်ခဲ့ကြတာ။ အုန်းနှဲလည်းရောက်ရော လူလည်းဖွေးဖြူလို့ပဲ။ အုန်းနှဲကနေ
၂နာရီ၁၅ ထွက်တဲ့ ဟီးနိုးဘတ်စ်ကြီးက ရန်ကုန်ကို ညနေ ငါးနာရီခွဲမှ ၀င်တယ်။ ခါးတညောင်းပဲ
စီးလိုက်ရတာ။ တော်သေးတယ် အစ်ကိုနဲ့ စကားတွေကောင်းပြီးလိုက်လာလို့။ အိမ်ပြန်ရောက်တော့မှ
ငါသွားခဲ့တဲ့ခရီးစဉ်အစအဆုံး အဖေ့ကိုပြောပြလိုက်တယ်။ အဖေက အံ့သြသွားလို့ ဆူဖို့တောင် သတိမရလိုက်ဘူး
ထင်တယ်။ ကံကောင်းထောက်မစွာနဲ့ ခါးတွေဒူးတွေ ထင်သလောက် မနာလိုက်ပေမယ့် အရမ်းတော့ ပင်ပန်းသွားတာပေါ့ဟယ်။
ဒါပေမဲ့လေ… ငါပင်ပန်းရကျိုး နပ်ပါတယ်။
အဖိုးအပေါ်ထားတဲ့ ငါ့မေတ္တာ၊ စေတနာတွေကို
အဖိုးသိခွင့်ရတာရယ်၊ ငါရိုက်ခဲ့တဲ့ ပုံတွေထဲက တစ်ချို့ကို သူမှတ်မိတာရယ်၊ အဖိုးပြောပြောခဲ့ဖူးတဲ့
အဖိုးအမေရဲ့ မိတ်ဆွေ ဦးလေးဖိုးခွေးရဲ့ အုတ်ဂူကို ပြလိုက်နိုင်တာရယ်၊ နောက်ပြီး အဖိုးတို့
အမေက မွန်ဆက်ဆိုတာကို အတည်ပြုလိုက်နိုင်တာတွေရယ်ပေါ့ဟယ်။ ကဒါတ်စိန်ကို ငါရောက်ခဲ့တယ်လို့ ပြောပြချိန်မှာ သိပ်အံ့သြသွားတဲ့၊ ငါကူးပေးလာတဲ့ပုံတွေကြည့်ပြီး ၀မ်းသာကြည်နူးရိပ်လွှမ်းသွားတဲ့
အဖိုးမျက်ဝန်းကို တွေ့ရလိုက်ချိန်မှာ ငါ့တစ်ရက်တာခရီးစဉ်လေး ဘယ်လောက်တာသွားလဲဆိုတာ
ငါသိလိုက်တယ်။
သြော်… အိတ်ကပ်ထဲ ပါလာတဲ့ ပဲစေ့လေးတွေကိုလေ အဖိုးအိမ်ဘေးက ခြံလေးထဲ ကျဲခဲ့လိုက်တယ်သိလား။
တကယ်ဆို အဲဒီအင်္ကျီကို ကဒါတ်စိန်ကပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ လျှော်ခဲ့တာ။ ဒါပေမယ့်
ပဲစေ့လေးတွေ ထွက်မသွားဘဲ အိတ်ထဲကပ်ပြီး ကျန်နေခဲ့တာ ဘန်ကောက်ရောက်မှ ငါသိလိုက်တာ။
အဖိုးက သူ့အမေနဲ့အဖွားတို့လို ကဒါတ်စိန်မှာပြန်ပြီး ခေါင်းမချနိုင်တော့ပေမယ့် အိပ်ရာဝင်ချိန်ရောက်တိုင်း
ငါသူ့ကိုယ်စားအရောက်သွားပေးခဲ့၊ ရွာရဲ့ပုံရိပ်လေးတွေယူပေးခဲ့တာကိုတွေးပြီး ပိတီဖြစ်နေမှာလို့
ငါယုံကြည်တယ်။ အန္တရာယ်ကင်းကင်းနဲ့ ချောမွေ့တဲ့ကဒါတ်စိန်ခရီးဖြစ်မြောက်အောင် အစစကူညီစီစဉ်ပေးတဲ့
မဇင်၊ မမိုး၊ မနှင်းနဲ့ လိုက်ပို့ပေးတဲ့ ကယ်ရီဆရာတို့ကိုလည်း အရမ်းကျေးဇူးတင်မိတယ်
ညို။ ခုချိန်ထိတော့ နင့်သူငယ်ချင်းက ခရီးနဲ့ပတ်သက်လာရင် ကံကောင်းနေတုန်းပဲ။း)
ကဒါတ်စိန်ခရီးအမှတ်တရ ပုံတစ်ချို့ နင်ကြည့်ရအောင်
ငါထည့်ပေးလိုက်တယ်။
ဒါ လမ်းတလျှောက်မှာ တွေ့ရတဲ့ ဆားတွင်းတွေလေ။ ဒီပုံက အစ်ကို ကယ်ရီပေါ်ကနေ သူ့ဖုန်းနဲ့ လှမ်းရိုက်ထားတာ။ ငါကတော့ ပြုတ်ကျမှာစိုးလို့ မလှုပ်ရဲတာနဲ့ လမ်းတလျှောက် ဘာပုံမှ မရိုက်ဖြစ်ခဲ့ဘူး။
ရွာအ၀င်မှာတွေ့ရတဲ့ ကဒါတ်စိန်ကျောင်းရဲ့ စေတီတော်မြတ်ပေါ့။ တည်ထားတာ လွန်ခဲ့တဲ့ ၂၈နှစ်ကမှပါ။
ဒါ ၈၈နှစ်သက်တမ်းရှိတဲ့ မူလကျောင်းဟောင်းလေ။
ညာခြမ်းက ပင်မကျောင်းတိုက်နဲ့ သူ့နောက်က ဆွမ်းစားကျောင်းဆောင်
အဖိုးတို့ငယ်ငယ်က အိမ်ခြေ ၇၀လောက်ပဲ ရှိခဲ့ပေမယ့် အခု အိမ်ခြေ ၂၄၀ ရှိနေပြီ
ဒီရေကန်က ရွာရဲ့ပထမဆုံးကန်ပေါ့။ ရွာမှာ ကန်လေးကန်ရှိတဲ့အနက် အကြီးဆုံးတဲ့။
ဒီအပင်တွေကလည်း ရွာစတည်ကတည်းက စိုက်ပျိုးခဲ့တဲ့အပင်တွေ၊ ခုဆို သက်တမ်း ကိုးဆယ်ကျော်ပြီပေါ့။
ငါကမြို့သူစစ်စစ်ဖြစ်ပေမယ့် အဲလိုရွာမြင်ကွင်းလေးတွေကို သိပ်ချစ်တာ
ဒါက ရွာလယ်လမ်းမ တစ်နေရာ။ မိုးတွင်းဆို ရေအပြည့်နဲ့ မြင်ရမှာ။
ကျောက်တိုင် အနောက်ဘက်ကခြံမှာ ဗိုလ်တဲရှိတယ်။
ဒီ့ထက်ကောင်းတဲ့ ကဒါတ်စိန်ရောက် သက်သေမရှိတော့ဘူးနော့
တမျှော်တခေါ် မြေပဲခင်းတွေရယ်၊ အဆုပ်လိုက် တန်းနေတဲ့ တိမ်တွေရယ် သိပ်လှတာပဲ ညို
ကဒါတ်စိန်ကနေ ဆစ်ဒနီထိ အိတ်ကပ်ထဲ တွဲခိုလာခဲ့တဲ့ ပဲစေ့ဖြူလေးတွေလေး)
သိပ်ကို နူးညံ့အရသာရှိတဲ့ ဒေသထွက်မြေပဲပေါ့
သင်္ချိုင်းသွားရာလမ်းကလည်း သိပ်သာယာတာ နင်အမြင်ပဲ
အဘွားဂျက်ဆီရဲ့မိတ်ဆွေ၊ ဦးဖိုးခွေးရဲ့ အုတ်ဂူပေါ့
အဖိုးသေသေချာချာ မှတ်မိလိုက်တဲ့ မြင်ကွင်း (ငါ သိပ်ပျော်သွားတာ ပြောမပြတတ်အောင်ဘဲ)
ရောင်နဲ့ကျောင်းသားလေးမို့ အမှတ်တရ ရိုက်ခဲ့သေးတာ
မြိန်ရည်ရှက်ရည် စားခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ထမင်းဝိုင်း
ဒါက က၀နယ်အရောက်သွားခဲ့တဲ့ နင့်သူငယ်ချင်း မြို့လားရဲ့ ပုံ :P
ညိုရေ… အဖိုးအတွက် ဇွန် တာဝန်ကျေပါတယ်နော်။
ချစ်သော ဇွန်
ဒီတစ်ခေါက် လေဆိပ်အကြိုရော အပို့ပါ
မိသားစုဝင်တစ်ယောက်မှ မပါဘဲ ငါတစ်ယောက်တည်း ပြန်သွားပြန်လာလုပ်ခဲ့ရတာလောက် ခြောက်ကပ်ကပ်နိုင်တာရှိဦးမလား
ညိုရယ်။ ငါပြန်လာမယ့်နေ့မှာ အမေဆေးရုံကဆင်းပြီး ဆေးခန်းပြန်ပြရမယ့်ရက်နဲ့ တိုက်နေလို့
ဆေးခန်းကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အမေ့ကို နှုတ်ဆက်၊ သူ့မျက်ရည်စကို လျစ်လျူရှုပြီး
ငါထွက်လာခဲ့ရတယ်။ အဖေ့သူငယ်ချင်းက ငါ့ကို လေဆိပ်မှာချပေးတယ်။ လေဆိပ်ကို အစောကြီးရောက်သွားတဲ့ငါ
နေ့လယ်စာ စားဖို့တောင် သတိမရခဲ့ဘူး။ လေယာဉ်က နေ့လည် ၂နာရီ၄၅မှ ထွက်မှာဆိုတော့ လေယာဉ်ပေါ်မတက်ခင်
တစ်ခုခု စားမှဖြစ်မယ်ဆိုတာ သတိရသွားတယ်။ ဆေးရုံနဲ့အိမ်၊ အိမ်နဲ့ဆေးရုံကြား ဗျာများပြီး
ဘယ်မှမရောက်ခဲ့တဲ့ငါ၊ အမေ့ကျန်းမာရေးကလွဲပြီး ကျန်တာ သတိမရခဲ့တဲ့ငါ၊ အိတ်ထဲမှာ ဒေါ်လာဆောင်ခဲ့ဖို့၊ ပိုက်ဆံထည့်ခဲ့ဖို့မေ့တာ
ဘယ်ဆန်းပါ့မလဲနော်။ ငါ့ပတ်စ်ပို့ထည့်တဲ့ အိတ်လေးထဲက လက်ကျန် မြန်မာငွေခြောက်ထောင်နဲ့
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲက တစ်ခုတည်းသော ဆိုင်လေးရှေ့သွားပြီး ဘာဝယ်စားလို့ရနိုင်မလဲ
အရင်သွားကြည့်ရသေးတယ်။ တော်သေးတာပေါ့ အသားညှပ်ပါမုန့်တစ်ခုနဲ့ ရေတစ်ဗူး ကောင်းကောင်း
ဝယ်သောက်လို့လောက်တဲ့အပြင် နှစ်ထောင်တောင် ပိုသေးတယ်။ အစစဈေးအရမ်းကြီးတဲ့နိုင်ငံမှာ
နေလိုက်ရလို့လားမသိဘူး၊ မြန်မာပြည်က အတော်သက်သာတာပဲလို့ တွေးလိုက်မိတယ်။ ဒါပေမယ့် တို့ပြည်က
အိမ်၊ ခြံမြေဈေးကျတာ့ ကမ္ဘာ့ဈေးအကြီးဆုံးနိုင်ငံတွေနဲ့
နင်လားငါလား ဖြစ်နေပြန်ရောနော်။
လေယာဉ်ပျံပေါ် မတက်ရမချင်း ထွက်ခွာဂိတ်နားက
ထိုင်ခုံမှာပဲ သွားထိုင်နေလိုက်တယ်။ သြော်… ငါ check-in မ၀င်ခင်လေးမှာ အရှင်ဆေကိန္ဒကိုဖူးခဲ့ရသေးတယ်
သိလား။ ဆရာတော်က စင်္ကာပူကို ကြွမလို့ ထင်တယ်။
နောက်ပြီး အဲဒီ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့တစ်ဖွဲ့နဲ့လည်း သွားဆုံတယ်။
သူတို့က အိန္ဒိယလေကြောင်းလိုင်းနဲ့သွားမှာ၊ အချိန်က ဆယ်မိနစ်ပဲကွာပြီး ဂိတ်ကလည်း ကပ်ရပ်ပဲ။
ခရီးသွားရဟန်းတွေရယ်၊ ယောဂီဝတ်စုံနဲ့ ဘုရားဖူးဧည့်သည်တွေ လေယာဉ်တစ်စင်းစာပဲဟ။ ဘုရားဖူးအဖွဲ့ရဲ့
ဝန်ဆောင်မှုက တော်တော်ကောင်းပုံရတယ်။ လေယာဉ်ပေါ်မှာ အိမ်သာတံခါးကို ဘယ်လိုဖွင့်ပြီး ဘယ်လိုပိတ်ရတယ်ဆိုတာကအစ
လူအားလုံးကြားအောင် မိုက်နဲ့သေချာအော်ပြီး ရှင်းပြပေးနေတာ။ ငါလည်း ဖိုးလေးကို ပြန်ပြရအောင်
ကဒါတ်စိန်သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးတွေကို ဓာတ်ပုံစာအုပ်ထဲ သေချာစီပြီး ထည့်နေလိုက်တယ်။
ဓာတ်ပုံတွေထည့်ပြီးသွားတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အလှူခံပုံးလေးမှာ လက်ကျန်မြန်မာငွေလေး
သွားထည့်လိုက်တယ်။ ငါ့ရှေ့မှာထိုင်နေတဲ့ လူဖြူဦးလေးကြီးတစ်ယောက်ကလည်း သူ့အိတ်ကပ်ထဲက
ဒေါ်လာထုတ်ပြီး အလှူငွေ လိုက်ထည့်တာမြင်တော့ စိတ်ထဲ ၀မ်းသာသွားတယ်။ ဒီတစ်ခါ ငါသတိထားမိတဲ့
ခရီးသွားအုပ်စုက အသက်ခြောက်ဆယ်ကျော်ဝန်းကျင်ရှိတဲ့ အီတာလျံတွေပဲ။
နောက်ခဏအကြာမှာ စကားတပြောပြောနဲ့ လူရွယ်တစ်ယောက်ရယ်၊
လူကြီးတစ်ယောက်ရယ် ငါ့ဘေးနားက လွတ်နေတဲ့ခုံမှာ ၀င်ထိုင်ကြတယ်။ လူရွယ်က မုတ်ဆိတ်မွေးနဲ့ဆိုတော့
အရှေ့အလယ်ပိုင်းက တိုးရစ်များလားလို့တောင် ထင်လိုက်တာ။ နောက်သူ့စကားသံခပ်လေးလေးကို
ကြားရတော့ တောင်အမေရိကတိုက်ကလို့ ထင်သွားပြန်ရော။ တကယ်တော့ ငါနားစွင့်မိတာ သူတို့ပြောနေတဲ့
ကိုယ့်တိုင်းပြည်အကြောင်းမို့လို့ပါ။ ပြီးတော့ သူတို့မှတ်ချက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။
သူတို့နှစ်ယောက်လည်း သိတာ သိပ်ကြာသေးပုံ မပေါ်ဘူး။ သူတို့ပြောရင်းနဲ့ လူရွယ်က ဥရောပတိုက်သားဆိုတာ
သိလာရတယ်။ လူကြီးက ဂျာမန်။ ဂျာမန်လူကြီးစကားအရဆို သူက နေပြည်တော်ကိုလာပြီး အထက်လူကြီးတစ်ယောက်နဲ့
စီးပွားရေးကိစ္စတစ်ခု လာဆွေးနွေးတာ။ နောက်ထပ်လည်း လာဖို့ရှိသေးတယ်။ လူရွယ်ကတော့ အလည်သက်သက်
လာတာ၊ မြန်မာပြည်မှာ ခြောက်ပတ်လောက် နေသွားတာ။ သူနေသမျှ ကာလပတ်လုံး ဗိုက်အောင့်တာတွေ
ဝမ်းလျှောတာတွေ မဖြစ်ဘူးလားလို့ လူကြီးကမေးတော့ လူရွယ်က ဟင့်အင်း မဖြစ်ဘူးတဲ့၊ ကျွန်တော်
ဆေးတစ်လုံးကို မနက်တိုင်းသောက်တယ်ဆိုပြီး သူသောက်နေကျ ဆေးဗူးလေး ပြလိုက်တယ်။ တစ်ခါ
လူကြီးက မင်း ရန်ကုန်မြို့မှာ ညဘက်တစ်ယောက်တည်းလျှောက်သွားတော့ အန္တရာယ်မကြုံခဲ့ဖူးလား၊
ဟင့်အင်း… မကြုံခဲ့ဘူး၊ ကျွန်တော် တစ်ရက် ရွှေတိဂုံဘုရားပေါ် ညဘက်သွားကြည့်ပြီး လမ်းလျှောက်အပြန်မှာ
လူတစ်စုနဲ့ မျက်နှာချင်းဆိုင်မိတယ်။ ကျွန်တော့်ကို
ရန်ပြုမလားလို့ အစက ထင်လိုက်ပေမယ့် သူတို့ ဘာမှမလုပ်ပါဘူး။ ကျွန်တော့်ကို သေချာကြည့်ပြီး
ကျွန်တော်က ပြုံးပြလိုက်တော့ သူတို့လည်း ပြန်ပြုံးပြတယ်။ တကယ်တော့ သူတို့က ကျွန်တော့်ကို
နိုင်ငံခြားသားတစ်ယောက်မို့ စူးစမ်းတဲ့အကြည့်နဲ့ ကြည့်ကြတာ၊ နောက်ပြီး သူတို့အနေနဲ့လည်း
နိုင်ငံခြားသားတစ်ယောက်ရဲ့ နှုတ်ဆက်အသိအမှတ်ပြုတာကို ခံချင်တဲ့ သဘောမျိုးရှိရုံသက်သက်ပါပဲ
လို့ပြန်ဖြေတယ်။
ဒီလိုနဲ့ လူကြီးက မြန်မာပြည်နဲ့ပတ်သက်တဲ့
သူ့အမြင်ကိုမေးလိုက်၊ သူက ပြန်ဖြေလိုက်နဲ့ သူတို့နှစ်ယောက်စကားပြောတာ တော်တော်နဲ့မရပ်ဘူးဟ။
တကယ်တော့သူက ကရာတေးဆရာတဲ့။ ဥရောပနိုင်ငံတွေအများကြီးရောက်ဖူးပေမယ့် အာရှကိုတော့ ၂၀၀၉ခုနှစ်မှာ
ဂျပန်ကလွဲပြီး တခြားမရောက်ဖူးသေးဘူးတဲ့။ မြန်မာပြည်ခရီးစဉ်က သူရဲ့ ဒုတိယအကြိမ်မြောက်
အာရှခရီးစဉ်တဲ့။ ဂျပန်သွားတုန်းကတော့ သူ့ကိုသင်ပေးခဲ့တဲ့ ကရာတေးဆရာနဲ့အတူ လိုက်သွားခဲ့တာတဲ့။
မြန်မာပြည်ကိုတော့ တစ်ယောက်တည်းလာတာ။ ဒီကအပြန်မှာ ဘန်ကောက်ကို ခဏ၀င်လည်မယ်လို့ ပြောတယ်။
အင်းလေးက ရက်ကန်းရက်တဲ့ လက်မှုပညာကို သူတော်တော်အထင်ကြီးပြီး စိတ်ဝင်စားပုံရတယ်။ သူပြောတာတွေ
နားထောင်နေရင်း ငါ သူနဲ့စကားပြောကြည့်ချင်စိတ်တွေ အရမ်းပေါ်လာတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ပတ်သက်တဲ့
သူ့အမြင်တွေ ငါနားထောင်ကြည့်ချင်တာ။ မြန်မာပြည်ကို ရောက်ဖူးတဲ့ နိုင်ငံခြားသား တစ်ဦးတစ်လေနဲ့တွေ့တိုင်း
ငါမေးလေ့ရှိတယ်... မြန်မာပြည်ကို သူတို့ဘယ်လိုမြင်သလဲလို့။
သူကိုင်ထားတဲ့ boarding pass ပေါ်က ထိုင်ခုံနံပါတ်ကို
ငါ မသိမသာကြည့်လိုက်တယ်။ တစ်တန်းထဲကျရင် ငါသူနဲ့စကားပြောခွင့် ရချင်ရနိုင်တယ်လေ။ အဲ…
ကပ်ပြီးလွဲသွားတယ်၊ သူနဲ့ငါ ရှေ့နောက်ပဲ၊ ငါ့ထိုင်ခုံက သူ့ရှေ့တန်းရဲ့ ပြတင်းပေါက်ခြမ်းမှာ၊
သူကတော့ ငါ့နောက်တန်းရဲ့ အစွန်ဘက်ခြမ်းမှာ။ ငါ့ဘေးမှာ ကိုးရီယားမလေးတစ်ယောက်၊ အစွန်မှာ
အနောက်တိုင်း အမျိုးသမီးတစ်ယောက်ထိုင်တယ်။ သူ့ဘယ်လက်မှာ ၀တ်လာတဲ့ ယွန်းလက်ကောက်ကြီးကို
မကြာခဏ ကိုင်ကြည့်တတ်တဲ့ ကိုးရီးယားမလေးက ဘာမှမစားဘူး၊ ကော်ဖီပဲသောက်တယ်။ ရန်ကုန်-ဘန်ကောက်ခရီးစဉ်မှာလည်း
နောက်ထပ်ကိုးရီးယားခရီးသွားအုပ်စုတစ်စုကို တွေ့ရပြန်တယ်။
နောက်တန်းမှာတော့ အော်စီတစ်ယောက်ရယ်၊
စောစောက အမေးအမြန်းထူတဲ့ ဂျာမန်လူကြီးရယ်၊ မေးသမျှအားလုံး ကျကျနနပြန်ဖြေတတ်တဲ့ ဟိုလူရွယ်ရယ်။
တစ်လမ်းလုံးလည်း သူတို့နှစ်ယောက်စကားပြောတာမရပ်ဘူး။
အဲဒီလူရွယ်က မြန်မာပြည်အကြောင်း
တော်တော်နှံ့နှံ့စပ်စပ် လေ့လာထား၊ သိထားပုံပေါ်တယ်။ ဘုရားနဲ့စေတီ ခြားနားတဲ့အကြောင်း
သူကောင်းကောင်းပြောနိုင်တယ်။ ဓမ္မစေတီလမ်းမှာ တစ်နာရီ ငွေသုံးထောင်နဲ့ အနှိပ်ခန်းကောင်းကောင်း
ရှိတာလည်း သူသိတယ်။ (သူပြောတဲ့ အနှိပ်ခန်းက ရိုးရိုးအနှိပ်ခန်းပါ) နောက်တစ်ခါ ဂျာမန်လူကြီး
မြန်မာပြည်လာရင်သွားအနှိပ်ခံဖို့ သူက လိပ်စာတောင် ပြန်ညွှန်ပေးလိုက်သေးတယ်။ နောက်ပြီး
ကျိုက်ထီးရိုးသွားတဲ့အခါ သူအံ့သြမိတာ တစ်ခုရှိကြောင်း၊ ယောက်ျားတွေက ဘုရားနားအထိသွားပြီး
ဖူးမြော်ခွင့်ရ၊ ရွှေကပ်ခွင့်ရပေမယ့် အမျိုးသမီးတွေ သွားခွင့်မရှိကြောင်း၊ အဲလို ခွဲခြားထားတာ
ဘာကြောင့်လည်းဆိုတာ သူသိပ်သိချင်ကြောင်း ပြောတာတွေကြားတဲ့အခါ ငါသူ့ကို ပြောပြချင်စိတ်တွေ
တဖွားဖွားပေါ်လာတာ ပြောမနေပါနဲ့တော့။ ဒါပေမယ့် ဘယ်လိုမှ အခွင့်မသာခဲ့တော့ မပြောနိုင်ခဲ့ပါဘူး။
လေယာဉ်ဆိုက်မှ ကယ်ဘင်ပေါ်က ကျောပိုးအိတ်ဆွဲယူရင်း သူ့ကို သေချာကြည့်မိတယ်။ အစိမ်းရောင်မျက်လုံးနဲ့သူက
ငါတို့မြင်ဖူးနေကျ အီတာလျံရုပ်မျိုးတော့ မထွက်ဘူးဟ။ ဒါပေမယ့် သူ အီတာလျံဆိုတာရယ်၊ သူတို့နိုင်ငံကလူတွေက
ငါတို့နိုင်ငံအကြောင်း စိတ်ဝင်တစားရှိကြ၊ သိကြတာတွေရယ် သူပြောတဲ့အထဲမှာ အားလုံးပါသွားတယ်လေ။
ဘာပဲပြောပြော သူ့အနေနဲ့ မြန်မာပြည်နဲ့လူတွေကို အပြုသဘောဆောင်ပြီး မြင်သွားလို့ ငါကျေနပ်တယ်။
သူ့ကိုတွေ့ပြီး သူပြောတာတွေ ကြားလိုက်ရတာဟာ ဘက်ဂျီယိုရဲ့ ငါတို့မြန်မာလူမျိုးနဲ့နိုင်ငံအပေါ်ထားတဲ့
သံယောဇဉ်ကို မြင်ရလိုက်သလိုပဲ ငါခံစားလိုက်ရတယ်လို့ ပြောရင် နင်အံ့သြမလားဘဲ။
ဒီလိုနဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို တစ်ခေါက်ပြန်ရောက်ခဲ့တယ်
ဆိုပါတော့ဟယ်။ ဒီတစ်ခါ ဆစ်ဒနီကို ပြန်ချိတ်ရမယ့် ဂိတ်ကိုကြည့်လိုက်တော့ အဝေးကြီးပဲဟ။
တော်တော့်ကို လျှောက်ယူရတယ်။ ငါလည်း လေဆိပ်ထဲဖြတ်လျှောက်နေရင်း အတွေးဝင်မိပြန်တယ်။
လေယာဉ်ခရီးစဉ်တစ်နာရီလောက်အကွာမှာရှိတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်နှစ်ခုက မြို့ကြီးနှစ်မြို့ရဲ့အခြေအနေဟာ
သိပ်ကိုကွာခြားနေတဲ့အကြောင်းပေါ့။ စဉ်းစားရင်း ရင်ပူလာပြီး ဗိုက်ဆာလာသလိုလို၊ ရေငတ်လာသလိုလိုရှိတော့မှ
ငါ့မှာ ဒေါ်လာပါမလာတာကို သတိရသွားတယ်။ ဒါနဲ့ အေတီအမ်ရှိတဲ့နေရာမေးပြီး စက်ရှေ့ရောက်သွားတော့
ငါ မထုတ်ချင်တော့ဘူး။ မတူညီတဲ့ဒေါ်လာကို နှစ်ဆင့်ခံပြီး လဲလိုက်ရင် နဲနဲနစ်နာသွားမှာစိုးတာနဲ့
မလဲဖြစ်တော့ဘူး။ ခက်တော့လည်း ခက်သား၊ ရေကလည်း အရမ်းငတ်နေပြီ။ ရေဗူးအခွံလွတ်တောင် ပေးမသယ်တော့
ရေဖြည့်ပြီးလည်း သောက်လို့မရ။ တစ်ချို့ဆိုင်တွေမှာ ဗီဇာပါတဲ့ ကတ်နဲ့ပေးလို့ရတယ်လို့
စာတမ်းလေးတွေ ကတ်ထားတာတွေ့တယ်။ အဲဒါနဲ့ ငါ့မှာရှိတဲ့ကတ်တွေထဲက ဗီဇာပါတဲ့ ကတ်တစ်ကတ်ရှာပြီး
ကောင်တာကို သေချာအောင် အရင်သွားမေးလိုက်တယ်။ ဒီကတ်နဲ့ ပေးလို့ရမလားဆိုတော့ ထိုင်းသံဝဲ၀ဲနဲ့
ကောင်မလေးက ရတယ်၊ ဗီဇာလိုဂို အတူတူပဲလေတဲ့။ ငါလည်း အဲဒီကတ်လေးနဲ့ မုန့်တစ်ခုနဲ့ရေတစ်ဗူး
ဝယ်လိုက်နိုင်တယ် ဆိုပါတော့။
မုန့်စားရေသောက်ရင်း ၀င်အံ့ဆဲဆဲနေလုံးကြီးမြင်တော့
ကင်မရာထုတ်ပြီးရိုက်လိုက်တယ်။ ဒီတစ်ခါတော့ နင်သေချာမြင်ရမှာပါ။ ခရီးသည်တစ်ယောက်ကို
စောင့်နေရလို့ လေယာဉ်ပေါ်တက်ခွင့် ကြန့်ကြာမယ်ဆိုတဲ့အကြောင်း ကြေငြာသံထွက်လာတယ်။ ဘာရယ်မဟုတ်
ငါဝတ်ထားတဲ့ ဆွယ်တာအင်္ကျီအိတ်ကပ်ထဲ အမှတ်မထင် လက်နှိုက်မိတယ်။ တိုက်တန်းနစ်ကားထဲလို စိန်လည်ဆွဲထွက်မလာဘဲ
ပဲစေ့လေးတွေ ငါ့လက်ထဲပါလာတာ။ အဲတော့မှ တမြန်နေ့က သွားခဲ့တဲ့ ကဒါတ်စိန်ခရီးကို ပြန်သတိရသွားတယ်။
အဲဒီ့အကြောင်းလည်း နင့်ကို ရေးပြီး ပြောပြချင်သေးတယ်ဟာ။ လေယာဉ်ပေါ်တက်ဖို့သွားနေတုန်း
အစောပိုင်းက ငါ့ကို ရယ်ပြတဲ့ ထိုင်းနဲ့အော်စီစပ်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးက ငါ့နား
ကပ်ပြီးပါလာတယ်။ ငါ့ကို သူနဲ့ရွယ်တူ ဆယ်ကျော်သက် ကောင်မလေးများ အောက်မေ့လို့လား မသိပါဘူး၊
သီချင်းလေးညည်းပြီး ငါ့ကိုကြည့်လိုက်၊ ပြုံးပြလိုက်နဲ့၊ သူ့အဖေအော်စီနဲ့ သူ့အမေထိုင်းက
ရှေ့မှာ။ လေယာဉ်ပေါ်ရောက်တဲ့ထိ သူက ငါနဲ့ဘေးချင်းကပ်ယှဉ်ပြီး လျှောက်လာတာ။ ငါ့သူ့ကို
ထပ်မရယ်ပြတော့ဘူး။ တော်သေးတာပေါ့၊ သူတို့သုံးယောက်က ငါ့နောက်က တစ်တန်းကျော်မှာမို့လို့။
ထုံးစံအတိုင်း ခရီးဝေးစီးရမှာဆိုတော့
ငါ့ထိုင်ခုံက အစွန်မှာ။ ဘေးမှာ ထိုင်းကောင်လေးနဲ့ ကောင်မလေးတစ်ယောက်။ သူတို့လည်း ငါ့ကို
ထိုင်းထင်ပြီး ထိုင်းလိုပြောကြ၊ နှုတ်ဆက်ကြနဲ့ ငါ ထိုင်းမဟုတ်မှန်း သိသွားတော့ ဆက်မပြောတော့ပေမယ့်
ရယ်ပြတယ်။ သူတို့နှစ်ယောက်ကို အကဲခတ်လိုက်တာနဲ့ တစ်ခါမှ နိုင်ငံခြားခရီးမသွားဖူးမှန်း၊
ဒါသူတို့ရဲ့ ပထမဆုံးလေယာဉ်စီးတဲ့ ရပ်ဝေးခရီးပဲဆိုတာ သိလိုက်တယ်။ ဘန်ကောက်မြို့သူမြို့သားတွေတောင်
ဟုတ်ဟန်မတူဘူး။ လေယာဉ်ထိုင်ခုံနောက်မှီချတာ၊ နားကြပ်တပ်တာ အားလုံး ငါလုပ်သလို အကုန်လိုက်လုပ်တယ်။
ထိုင်ခုံလက်ရန်းမှာ ကပ်ထားတဲ့ အဝေးထိန်းခလုပ် ဘယ်လိုဆွဲထုတ်ရမှန်း မသိလို့ ငါထုတ်ပေးရတယ်။
ကုန်ကုန်ပြောရရင် လေယာဉ်မယ်ကို အစားအသောက်မှာတာကအစ ငါမှာတဲ့အတိုင်း လိုက်မှာတယ်ဟ။ လေယာဉ်မယ်ကလည်း
ငါ့ကို ထိုင်းလို့ပဲထင်ပြီး ဘာမေးမေး ထိုင်းလိုချည်းလာမေးတယ်။ ငါကလည်း နောက်မှာ သူတို့အင်္ဂလိပ်လိုမေးတာကြားထားတော့
နားမလည်ပေမယ့် သူဘာမေးမယ်ဆိုတာ သိနေတော့ သူထိုင်းလိုမေးလိုက် ငါကအင်္ဂလိပ်လိုပြန်ဖြေလိုက်နဲ့
အလုပ်တော့ ဖြစ်သွားတာပဲ။ အဲ… အလုပ်သိပ်မဖြစ်လိုက်တာ ဘေးကနှစ်ယောက်နဲ့ပဲ။
သူတို့နှစ်ယောက်ကြောင့်ပဲ ငါ့မှာ ဆစ်ဒနီ မရောက်ခင် ဒရာမားတစ်ဖြစ်ပြီး ငိုရတော့မလို
ဖြစ်ခဲ့ရတာ။
နှစ်ဖက်ဖြည့်ရတဲ့ လိမ္မော်ရောင် အင်မီဂရေးရှင်းကတ်လေးတွေ လာဝေတော့ ငါချက်ခြင်းမဖြည့်သေးဘဲ
နောက်နေ့မနက် မနက်စာစားပြီးတော့မှ ဖြည့်မယ်လို့ ကြံစည်ပြီး သိမ်းထားလိုက်တယ်။ ဒီတစ်ခါတော့
ဘောပင်က ငါ့ပတ်စ်ပို့ထည့်ထားတဲ့အိပ်ရှည်လေးထဲမှာ ရှိနေလို့ ကယ်ဘင်ပေါ်က ကျောပိုးအိတ်ကို တကူးတက
ယူနေစရာမလိုတော့ဘူး။ အဲဒီမှာ ငါ့ဘေးက ထိုင်းကိုယ်တော်က ငါ့ကို ဖယ်ခိုင်းရမှာ အားနာလို့
ထင်ပါတယ်၊ ငါ့ခေါင်းပေါ်က ကယ်ဘင်ကို သူ့ခုံပေါ်ကနေ မတ်တပ်ရပ်၊ အတင်းဖွင့်၊ အိတ်ယူပြီး ဘောပင်ရှာပုံတော်
ဖွင့်တော့တာပဲ။ သူရှာတဲ့အိတ်ထဲမတွေ့တော့ နောက်တစ်အိတ်ဆွဲပြီး ထပ်ရှာ၊ အဲဒါလည်း တွေ့ပုံမပေါ်ဘူး။ ဒါနဲ့ပဲ ငါက ငါ့ဘောပင်ကို ပေးပြီး နင်တို့ ဖြည့်ပါလို့ အင်္ဂလိပ်လိုပဲ ပြောလိုက်တယ်။
သူတို့လည်း ၀မ်းသာသွားပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဖြည့်နေလိုက်တာ တော်တော်ကြာတယ်။
အဲဒီအချိန်မှာ ငါစဉ်းစားမိတယ်၊ သူတို့အင်္ဂလိပ်လို မတတ်ဘဲ ဆိုက်ရောက်ဖောင်ကို ဘယ်လို ဖြည့်ကြမလဲလို့။ စာအုပ်တစ်အုပ်ကို
ဖွင့်ဖွင့်ကြည့်နေတာတွေ့တော့ ထိုင်း-အင်္ဂလိပ် အဘိဓာန်စာအုပ် ထင်တယ်လို့၊ နောက် တော်တော်ကြာတော့မှ
ငါ့ကို ဘောပင်လေး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပြန်ပေး၊ ခေါင်းလေးညွတ်ပြီး ခေါ့ဘ်ခွန်ခကို
သုံးကြိမ်မကပြောတယ်။
နောက်နေ့မနက်စာ စားပြီးတော့ ငါဖောင်ဖြည့်တယ်။
အသွားရောအပြန်ပါ ဟန်းကယ်ရီနဲ့ပဲ လာခဲ့တာမို့ ဒီကလဲလ်လုပ်စရာ ဘာမှ မရှိလို့ အားလုံး
နိုး နိုးနဲ့ ခရော့စ် လုပ်လိုက်တယ်။ ငါလည်း ပြီးသွားရော ငါ့ဆီက ဘောပင်ကို ပြန်တောင်းလို့
ပေးလိုက်တယ်။ သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ထပ်ဖြည့်ကြတယ်။ နောက်တော့ ငါ့ကို
သြစတြေးလျကို အင်္ဂလိပ်လို ပေါင်းပေးပါဆိုလို့ ငါ ပေါင်းပေးလိုက်တယ်။ သိပ်မကြာဘူး၊ ငါ့ကို
သူတို့ကတ်လေးပေးပြီး ဖြည့်ပေးပါလို့ အကူအညီတောင်းလာတယ်။ ငါလည်း ၀မ်းသာအားရနဲ့ ဖြည့်ပေးမယ်ဆိုပြီး
ကတ်ယူကြည့်လိုက်တော့… ထိုင်းဘာသာနဲ့ ဖြစ်နေပါရောလား။ ဒါနဲ့ ငါ့ကတ်ကို ထုတ်ပြီး သူတို့မဖြည့်တတ်တဲ့အကွက်နဲ့
တိုက်ကြည့်ပြီး ဘာဖြည့်ရတယ်ဆိုတာ ငါက ပြောပြ၊ သူတို့က နားမလည်။ သူတို့အမြဲနေထိုင်တဲ့နိုင်ငံမှာ
သြစတြေးလျလို့မှားပြီး ဖြည့်ထားလို့ ငါက မဟုတ်ဘူး၊ ထိုင်းလန်း ဖြစ်ရမယ်လို့ ပြန်ပြော၊
ပေါင်းပြ။ အလုပ်အကိုင် အကွက်ကို လက်ညှိုးထိုးပြီး ရေးပေးပါဆိုတော့ ငါက ဘာအလုပ်လုပ်လဲလို့
လက်ဟန်ခြေဟန်နဲ့မေး၊ သူတို့က လက်ဟန်ခြေဟန်နဲ့ဖြေ၊ ကောင်လေးက ခေါင်းကို ပြပြီး ကတ်ကြေးညှပ်သလို
ပုံစံလုပ်ပြတော့ ငါက hairdresser လားဆိုတော့ ကောင်မလေးက ခေါင်းညိတ်မလိုလို လုပ်ပြီးမှ
မဟုတ်ဘူးဆိုပြီး ကောင်လေးကို ထိုင်းလိုတတွတ်တွတ်ပြော။ ငါကလည်း ကူညီချင်တာ အရမ်းပါ။
အင်္ဂလိပ်လိုဆို ငါကူပြီး ဖြည့်ပေးလိုက်တယ်။ ထိုင်းလိုဖြစ်နေတော့ ငါလည်း ကူမရ။ နောက်တော့
သူတို့ပြန်ငြိမ်သွားပြီး ကတ်ကိုတစ်လှည့်၊ စာအုပ်လေးကိုတစ်လှည့် ထုတ်ပြီး ကြည့်နေပြန်တယ်။
နောက်နာရီဝက်လောက်နေရင် လေယာဉ်ဆင်းတော့မှာဆိုတာနဲ့
ငါလည်း ခဏထသွားလိုက်တယ်။ တော်ကြာ ဟိုတစ်ခေါက်ကလို အင်မီဂရေးရှင်းမှာ လူတန်းအရှည်ကြီးစောင့်ရမှာစိုးတာနဲ့
ကြိုသွားထားလိုက်တာ။ ပြန်လာတော့ သူတို့နှစ်ယောက်က ခုနအခြေအနေအတိုင်းပဲ။ တစ်ခုပဲ ငါသတိပြုလိုက်မိတာ၊
ကောင်မလေး လက်ထဲကိုင်ထားတာ ငါ့ဘောပင်မဟုတ်ဘဲ နောက်ဘောပင်တစ်ချောင်းဖြစ်နေတာ။ ငါလည်း
ခဏစောင့်နေလိုက်တယ်။ ဆင်းဖို့ကလည်း ဆယ့်ငါးမိနစ်လောက် လိုတော့တာ။ ဒါနဲ့ ငါလည်း ဘောပင်ပြန်တောင်းလိုက်တယ်။
ကောင်လေးက ငါဆိုလိုတာ သဘောပေါက်ပုံရတော့ လိုက်ရှာပေးတယ်။ ထူးဆန်းတယ်ဟာ… ငါ ခဏထသွားတဲ့
မိနစ်ပိုင်းအချိန်လေးအတွင်းမှာ ဘောပင်က ရှာမရအောင် ပျောက်သွားတာ။ ငါ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုတာ ငါနားလည်ပေမယ့် စိတ်က ချက်ခြင်းမဖြေနိုင်ဘူး။ တစ်အချက်က
အဲဒီဘောပင်လေးက ငွေရောင်ပတ်ကားတံဆိပ်အကောင်းစားလေး ဖြစ်နေတာ။ ဆိုင်းထိုးတဲ့အချိန်၊
တခြားဘောပင် အိတ်ထဲမှာပါမသွားတဲ့ အချိန်မှာမှ အဲဒါလေးကို ငါထုတ်သုံးဖြစ်တာ။ နောက်တစ်ချက်ကတော့
ငါဆစ်ဒနီမလာခင်မှာ ညီမလေး အင်ကြင်းသန့်က အမှတ်တရ ပေးခဲ့တာ။ ငါ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ပစ္စည်းဆိုရင်
ငါအဲလောက် နှမြောမိမှာ မဟုတ်ဘူး။ ဂျင်ဂျင်းပေးထားတဲ့ ဘောပင်လေးမို့ ပိုလို့စိတ်မကောင်းဖြစ်သွားတာ။
ငါတွေးလေ ၀မ်းနည်းလေ။ ငါသူများကို အမြဲကူညီခဲ့သမျှ ဒီတစ်ခါတော့… သွားပါပြီဆိုပြီး…။
ငါမျက်နှာမကောင်းဖြစ်သွားတာ သူတို့မြင်တော့
ငါ့ကို ကောင်မလေးလက်ထဲက ဘောပင်ရိုးရိုးလေးတစ်ချောင်း ပြန်ပေးတယ်၊ အစားပြန်ယူပါဆိုတဲ့
သဘော။ ငါက မယူဘူး ငြင်းလိုက်တော့ သူတို့လည်း စိတ်မကောင်း ဖြစ်သွားပုံပဲ။ ငါလည်း စိတ်ထဲမှာ
သိပ်မကျေနပ်ချင်တော့ ထိုင်ခုံအောက်ကို ပြန်ကြည့်တယ်၊ သူတို့ခုံအောက်ကိုလည်း ပြန်ကြည့်တယ်။
မိနစ်ပိုင်းလေးအတွင်းမှာ သူတို့လက်ထဲကနေ ရုတ်တရက် ပျောက်သွားတာ စိတ်ထဲမှာ ထူးဆန်းနေတယ်။ နောက်တော့ စိတ်ကို
လုံးလုံးလျှော့ချလိုက်တယ်။ လေယာဉ်လည်း ဆင်းဖို့မိနစ်ပိုင်းပဲလိုတော့တယ်။ အင်ကြင်းသာသိရင်
စိတ်မကောင်းဖြစ်မှာလို့လည်း တွေးနေတယ်။ ကောင်လေးကလည်း ပျောက်သွားတာ ကျေနပ်ပုံမရတော့
ပြန်ရှာတယ်။ သူ့ဂျာကင်အိတ်ထဲ၊ သူ့လက်ဆွဲအိတ်ထဲထပ်ရှာတယ်။ ကောင်မလေး လက်ပွေ့အိတ်ကိုယူပြီး
နောက်တစ်ခေါက် ထပ်ရှာတယ်။ အဲဒီမှာ … ငွေရောင်ပတ်ကားလေး ပြန်ထွက်လာတာပဲ။
ငါ့ကို ကောင်လေးက ၀မ်းသာအားရပြန်ပေးတယ်။
ငါလည်း ၀မ်းသာအားရနဲ့ ပြန်ယူလိုက်တယ်။ ကျေးဇူးတင်စကားလည်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်တယ်။ ကောင်လေးက ကောင်မလေးကို တစ်ခုခုပြောတယ်။ ကောင်မလေး ငြိမ်ကျသွားတယ်။
ပြီးတော့ ငိုသံသဲ့သဲ့ ကြားလိုက်ရတယ်။ လေယာဉ်ဆိုက်တော့ ငါသူတို့ကို ကြည့်လိုက်တယ်။ မပြီးသေးတဲ့
ဆိုက်ရောင်ဖောင်ကို ဖြည့်ဖို့ သူတို့ကြိုးစားနေတုန်းပဲ။ သူတို့စိတ်ထဲ အဲဒါဖြည့်လို့မပြီးရင်
အထဲကိုဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ထင်နေပုံပါပဲ။ အင်မီဂရေးရှင်းအရာရှိနဲ့တွေ့ရင် ဘယ်လိုပြောဆိုဆက်ဆံကြမလဲလို့
ငါမှန်းကြည့်မိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘောပင်လေး ပြန်ရတာကိုပဲ ၀မ်းသာကျေးဇူးတင်ရတယ်။
အင်း… နောက်တစ်ခါ ခရီးသွားတဲ့အခါ ဘာဘာညာညာ ဖြည့်ဖို့ သာမန်ဘောပင်လေးတစ်ချောင်းပဲ ထည့်ထားလိုက်တော့မယ်။
ဒါမှ သူများကို ပေးဖြည့်လို့ ပျောက်သွားရင် နှမြောစရာ မလိုတော့အောင်လေ ညိုရယ်…နော့။
ငါ့စာအရှည်ကြီးဖတ်ပြီး နင်မျက်စိ တော်တော်ညောင်းသွားမှာပဲ။
ငါလည်း အပြန်ခရီးကို နှစ်ပိုင်းမခွဲချင်တာနဲ့ တစ်ဆက်တည်းရေးဖြစ်သွားတာပါ။ နင်လည်း နားလိုက်ဦး။
ငါလည်း အိပ်တော့မယ်။ နင်ထပ်ဖတ်ချင်သေးရင် ငါ ကဒါတ်စိန်ကို သွားခဲ့တဲ့ တစ်ရက်ခရီးအကြောင်း
ရေးဦးမယ်။ အဲဒါလေးက တစ်မျိုးစိတ်ဝင်စားဖို့ကောင်းတယ်ဟ။ အဲဒါ ပြီးရင်တော့ နောက်ထပ်ရေးစရာမရှိတော့ပါဘူးဟယ်။
ဒါပဲနော်။
ချစ်သော ဇွန်
ပီ.အက်စ်. တိုက်ဆိုင်မှုပဲလားတော့ မသိဘူး၊ ငါရွေးထုတ်ပြီး ထည့်လိုက်တဲ့ပုံရဲ့ နံပါတ်စဉ်က IMG_9096 တဲ့။း)
Subscribe to:
Posts
(
Atom
)