လက်သည်းခွံပေါ်က မြေတစ်မှုန့်

18

Category: , ,


(က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ်ယုံကြည်လျက်ရှိကြသည်။ တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင် မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့် အဒေါ်များအားလုံး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ သူမ ငယ်စဉ်က အဖွား၏ သမ္မာကျမ်းစာပါဇာတ်တော်များ နားထောင်ပြီး အိပ်ရာဝင်ခဲ့ဖူးသည်။ အဖွားတို့မြို့က အပတ်စဉ်ဝတ်ပြုဆုတောင်းသော ဘုရားရှိခိုးကျောင်းမှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသည်။ သူမ မိခင်နှင့်လည်း ရန်ကုန်မြို့ထဲက ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ဝတ်ပြုခဲ့ဖူးသည်။ သူမအစ်ကိုဝမ်းကွဲက လက်ဆောင်ပေးသော ဓမ္မသစ်ကျမ်းစာလည်း ဖတ်ရှုခဲ့ဖူးသည်။ သူမ မှတ်မိသလောက် သူမ၏ မိခင်နှင့်ဖခင်ဖြစ်သူ နှစ်ဦးစလုံးက သူမကို ဘယ်သာသာဝင်ရမည်ဟု တိုက်တွန်းဆွယ်ယူခြင်း လုံးလုံး မပြုခဲ့ပါ။ သူမ အဖေဘက်မှအဖွား အိမ်မှာညအိပ်အလည်အပတ်ရောက်လာသည့်အခါ သူမတို့မောင်နှမကို ဘုရားစင်ရှေ့မှာ အတူဘုရားရှိခိုးစေပြီး ဘုရားစာများကို ရွတ်ဆိုသင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သြကာသကန်တော့ခန်းမှစသော အခြေခံဘုရားစာများကို အလွတ်ရနေခဲ့ပြန်သည်။

သူမ အလယ်တန်းရောက်သောအခါ ခရစ်ယာန်ဘာသာ၌ လွန်စွာယုံကြည်ကိုးစားသော သူငယ်ချင်းတစ်ယောက်နှင့် ခင်မင်မိသည်။ ထိုသူငယ်ချင်းက သူမအား ခရစ်ယာန်ဘာသာသို့ လုံးလုံးကူးပြောင်းရန် တိုက်တွန်းပြီး သူ့အစွမ်းအစနှင့် ရသလောက်ကြိုးစားအားထုတ်ခဲ့သည်။ သူမကလည်း ညစဉ်အိပ်ရာမ၀င်မီ သူငယ်ချင်းပေးသော ၀ိညာဉ်ရိပ်သာ စာအုပ်များဖတ်ပြီး ဘုရားသခင်ထံပါး ဆုတောင်းခဲ့သည်။ သူမ၏ အမေဘက်မှ အဖွားက သူမအား အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ ဘာသာတစ်ခုခုကို ဆုံးဖြတ်ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်သင့်ကြောင်း သူမကို မကြာခဏ မှာကြားခဲ့ဖူးသည်ကို သတိရသည်။ သူမကိုယ်တိုင်လည်း အေးချမ်းလှသောအဖွားနှင့်ဦးလေးတို့ကိုကြည့်ပြီး ခရစ်ယာန်ဘာသာဝင်တို့သည် အစဉ်အေးချမ်းပြီး စိတ်သဘောထားကောင်းမွန်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့မှာ သူတို့နှင့်ယှဉ်လျှင် ပူလောင်ကာ သဘောထားမပြည့်ဝကြောင်း စိတ်မှာစွဲထင်နေပြီး တစ်နေ့ သူမ ယုံကြည်ကိုးကွယ်ရမည့် ဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

သူမ သတ္တမတန်းသို့ရောက်ချိန်တွင် သူမမိခင်သည် ဖခင်၏တိုက်တွန်းမှုလုံးလုံးမပါဘဲ ကိုယ်ပိုင်ယုံကြည်မှုဖြင့် ဗုဒ္ဓဘာသာ၌ သက်ဝင်ဆည်းကပ်မှု ပြုခဲ့သည်။ ခရစ်ယာန်ဘက်သို့ စိတ်ယိုင်နေသော သူမအား ဘုရားသောက်တော်ရေများ လဲလှယ်ကပ်ယူခိုင်းခြင်း၊ ဘုရားပန်းအိုးများ ဆေးကြောစေခြင်းတို့ကို လုပ်ဆောင်ခိုင်းသောအခါ သူမ စိတ်ထဲ သိပ်အလိုမကျခဲ့။ သို့သော် မိခင်ကို ချစ်ကြောက်ရိုသေလေးစားသူပီပီ မိခင်ညွှန်ကြားသမျှ သူမ လုပ်ဆောင်ပေးခဲ့သည်။ သူမတို့ ဆယ်တန်းအောင်ပြီးချိန်တွင် သူမ အသက် ၁၇နှစ် ပြည့်ခဲ့ပြီ။ အသက် ၁၈နှစ်တွင် ဘာသာတစ်ခုခုကို ဆုံးဖြတ်ရွေးချယ်ရမည်ဟူသော အဖွား၏စကားကို ကြားယောင်ကာ သူမ ဘယ်သာသာကို ယတိပြတ်ယုံကြည်ကိုးကွယ်ရမည်လဲဟု တွေဝေစဉ်းစားခဲ့သည်။ သူမ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ ခရစ်ယာန်ဘာသာက အလေးသာနေခဲ့သည်။

ထိုနှစ်များအတွင်း သူမ၏မိခင်သည် ဗုဒ္ဓတရားတော်များအပေါ် အဆတိုး၍ ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်လာပြီး အိမ်၌ရဟန်းသံဃာများကို နေ့စဉ်ဆွမ်းပင့်လောင်းလှူခြင်း၊ သဒ္ဓါတရားကြီးမားစွာဖြင့် အမျိုးမျိုးသော အလှူဒါနများကို ကိုယ်တိုင်ပြုလုပ်လှူဒါန်းရုံသာမက မိသားစုဝင်မိတ်ဆွေများကိုလည်း လှူဒါန်းရန် တိုက်တွန်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ သူမကိုလည်း မနက်စဉ် သံဃာအပါး နှစ်ဆယ်ကျော်အတွက် ဆွမ်းချက်ပြုတ်ပေးရန်၊ ဈေးဝယ်သွားရန် အလှည့်ကျ စီမံဆောင်ရွက်စေခဲ့သည်။ သူမ မိခင်၏ဆန္ဒအရကူညီလုပ်ဆောင်ပေးရသော်လည်း ထိုအချိန်ထိ သူမကိုယ်သူမ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု မမှတ်ယူမိသေး။ သို့သော် ဘုရားရှိခိုးခြင်း၊ ဘုရားစာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များကို (ဟိုးယခင်က ရှိခိုးရန် ၀န်လေးခဲ့ဖူးသော်လည်း) ရှိခိုးကန်တော့ခြင်းများတော့ သူမ လုပ်ဆောင်ခဲ့သည်။ သူမအသက်လည်း နှစ်ဆယ်ပြည့်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်အကြာတွင် သူမ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် အစီအစဉ်တွေရှိနေခဲ့ပြီ။ သူမစိတ်ထဲ တွေးနေခဲ့သည်မှာ သူမ အိမ်မှဝေးရာနိုင်ငံခြားရောက်သည်အခါ သူမဆန္ဒရှိသော ဘာသာဝင်အဖြစ် တစ်ဦးတည်း လွတ်လွတ်လပ်လပ် ခံယူနိုင်ပြီဟူ၍ဖြစ်သည်။ 

(ခ)
သူမအား ကိုယ်ဝန်ဆောင်ထားစဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော မိခင်က အိပ်မက်တစ်ခုမက်သည်။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ပါးက အထုပ်ဖြူဖြူလေးတစ်ခု လာပေးခဲ့သည်။ ထိုအထုပ်လေးထဲမှ ကလေးငယ်သည် သူမဖြစ်သည်။ ထိုအိပ်မက်ကြောင့်လား မသိ၊ သူမငယ်စဉ်က မွေးနေ့ရောက်တိုင်း မိခင်က ဘုရားမကန်တော့သော်လည်း သူမကို ရွှေတိဂုံဘုရားသို့ခေါ်သွားလေ့ရှိသည်ကို အမှတ်ရသည်။ တစ်ခါက သူမတို့အိမ်ကို လာရောက်လည်ပတ်သော အသိ မယ်သီလရှင်ကြီးတစ်ဦးက သူမကို ဘာသာရေးနှင့်ပတ်သက်ပြီး အကျိုးပြုဆောင်ရွက်ရသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဗေဒင်ဟောသောအခါ သူမ စိတ်ထဲသိပ်ဘ၀င်မကျခဲ့။ ဒီလိုကိစ္စရပ်မျိုးဖြစ်လာနိုင်စရာအကြောင်းမရှိဟုသာ သူမ ယုံကြည်ခဲ့သည်။ သို့သော် သူမနိုင်ငံရပ်ခြားသို့ မထွက်မီက ကြုံခဲ့ရသော သင်္ကြန်ကာလတစ်ခုသည် သူမ၏ အတွေးအမြင်ယုံကြည်ချက်များကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့သည်။ 

(ဂ)
သင်္ကြန်ရက်များအတွင်း တစ်ဖက်ခန်းမှ အန်တီအပျိုကြီးနှင့်အတူ မှော်ဘီရှိ သဲအင်းဂူတရားရိပ်သာ၌ ရက်သတ္တပတ်တရားစခန်းဝင်ရန် မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည်။ အစပိုင်းက သိပ်စိတ်မပါခဲ့သော်လည်း နိုင်ငံရပ်ခြား၌ မိမိထက်တစ်နှစ်စောပြီးရောက်ရှိနေသော ချစ်သူရည်းစားကို လွမ်းမိသည်ကတစ်ကြောင်း၊ အများပြောပြောနေသော တရားစခန်းဝင်သည်ဟူသော အတွေ့အကြုံကို သိလိုရယူချင်သည်ကတစ်ကြောင်းမို့ မိခင်၏တိုက်တွန်းချက်ကို လက်ခံပြီး ထိုအန်တီနှင့်အတူ တရားစခန်းဝင်ခဲ့သည်။ ထို့ယခင်က တရားတစ်ခါမျှ မထိုင်ဖူးသော သူမအတွက် သဲအင်းဂူ၏တရားက ပြင်းလွန်းလှသည်။ တရားထိုင်ချိန် နှစ်နာရီကြာအတွင်း နေရာအနေအထားမပြောင်းဘဲ ၀င်လေထွက်လေကို အာရုံစူးစိုက်ရှူမှတ်ရချိန်သည် သူမအတွက် ဒုက္ခဆင်းရဲ အကြီးအကျယ်ခံစားခဲ့ရချိန်ဖြစ်သည်။ တရားပြဆရာတော်များက ယောဂီအသစ်များ တစ်နာရီကြာသာထိုင်လိုကထိုင်နိုင်ပြီး ဝေဒနာပြင်းလွန်း၍ မခံမရပ်နိုင်ဖြစ်လာလျှင် အနေအထားပြောင်းချင်ပြောင်းလို့ရကြောင်း၊ သို့သော် မကြာခဏပြောင်းခြင်းမျိုးတော့ မပြုလုပ်သင့်ကြောင်း ပြောပြပေးသောအခါမှသာ သူမအတွက် အနည်းငယ် အဆင်ပြေသွားခဲ့သည်။ လေးရက်မြောက်နေ့တွင် သူမ၏သမာဓိများလွန်စွာကောင်းလာပြီး နှစ်နာရီကြာသည်အထိလည်း ထိုင်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တွင် သူမသည် ၀င်လေထွက်လေပေါ်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် သတိကပ်နိုင်သွားကာ ၀င်လေထွက်လေကြောင်းကို စိတ်ဖြင့် သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ သူမ၏ စိတ်များ ခန္ဓာနှင့်တဒင်္ဂကင်းကွာသွားပြီး သူမသည် အသက်မှန်မှန်ရှူနေသော ခန္ဓာကြီးကို အပေါ်စီးမှ ပြန်ငုံ့မိုး၍ ကြည့်နေသည့်အလား မြင်နေရသည်။ ထိုအခိုက်အတန့်မှာ ပေးစွမ်းသော စိတ်နှလုံး၏ငြိမ်းအေးမှုသည် ဘယ်အရာနှင့်မျှမတူကြောင်း သူမ သိရှိခံစားလိုက်ရသည်။ သူမ၏ အေးချမ်းမှုအပေါ်သာယာလိုက်သော ပီတိက သတိကိုဆွဲချလိုက်သလိုဖြစ်ပြီး သူမစိတ်နှင့်ခန္ဓာတစ်သားတည်း ပြန်ဖြစ်သွားသည့်အခါ ထိုအေးချမ်းငြိမ်သက်မှုသည်လည်း ပျောက်ဆုံးသွားတော့သည်။ သူမ ထိုအနေအထားရောက်အောင် ပြန်လည်ကြိုးစား ရှူမှတ်သော်လည်း ပြန်မရတော့။ သို့သော်… သူမ ငယ်စဉ်ကတည်းက သိချင်ခဲ့သော တစ်စုံတစ်ခုကို သိလိုက်ရပြီဖြစ်၍ သူမ အလွန်အမင်းကျေနပ်သွားခဲ့သည်။

သူမ သုံးနှစ်သမီးအရွယ်ကပင် အသက်ရှူခြင်းနှင့်အတွေးအာရုံကြား ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဘာကြောင့်ရယ်တော့မသိ ကလေးပီပီ သူမ အသက်ရှူလိုက်အောင့်လိုက် မကြာခဏ လုပ်ကြည့်ဖူးသည်။ အသက်ရှူနေလျှင် တွေးနိုင်ပြီး၊ အသက်အောင့်လိုက်လျှင် ဆက်တွေး၍မရတော့သည်မှာ ဘာကြောင့်လဲဟု သူမ စဉ်းစားမိခဲ့သည်။ ထိုစဉ်က သက်ရှိသတ္တ၀ါမှန်သမျှ အသက်ရှူသွင်းရှူထုတ်သည့်အခါတိုင်း ဖြစ်ပေါ်လာသည့် ၀င်လေထွက်လေ၏ အရေးပါပုံအကြောင်းကိုတော့ သူမ၏ ဦးနှောက်ငယ်ငယ်ဖြင့် မသိနိုင်စွမ်းခဲ့။ ပြီးတော့ သူမ ဆယ်ကျော်သက်အရွယ်မှာဖြစ်ပေါ်ခဲ့သော စိတ်အလိုမကျမှုတွေနှင့် လူ့ဘ၀မှာ အသက်ရှင်နေထိုင်ရခြင်း၏ အဓိပ္ပာယ်ကဘာလဲဆိုသော မေးခွန်းမျိုးအပေါ် မကြာခဏ စမ်းစစ်အဖြေရှာခဲ့သည်။ လူ့ဘ၀ဟာ ပညာတွေသင်ရင်း၊ စီးပွားတွေရှာရင်း ဒီလိုပဲ ကုန်ဆုံးလွန်မြောက်သွားရတော့မှာလား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့ တရားရှာဆိုတာကရော ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ… စသည့်အတွေးမေးခွန်းများကို အနီးအနားမှာ ဖြေပေးနိုင်မည့်သူ မရှိခဲ့။ သူမ၏ ဖခင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးမျှသာ၊ မိခင်ကလည်း ဘာသာခြားအဖြစ်မှ ကူးပြောင်းလာသူမို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတွင်းကျနက်နဲသော တရားတော်များကိုသိမြင်ဖို့ အချိန်ကာလတစ်ခုတော့ ဖြတ်သန်းရဦးမည်။ သူမကလည်း အတွေးထဲမှာသာမေးပြီး လက်တွေ့အပြင်မှာ မည်သူ့ကိုမျှ မမေးမြန်းမိခဲ့။

သဲအင်းဂူတရားစခန်းမှ ခေတ္တခဏမျှ အာရုံစုစည်းငြိမ်အေးမှုသည် သူမ သိချင်ခဲ့သော မေးခွန်းများအားလုံးကို ဖြေဆိုပေးသွားခဲ့သည်။ သတိသမာဓိဖြင့် စိတ်မပျံ့လွင့်ဘဲ အတွေးအာရုံကို ခေတ္တမျှစုစည်းလိုက်နိုင်သော အခိုက်အတန့်သည် ထိုမျှငြိမ်းချမ်းရလျှင် ရုပ်ခန္ဓာချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သည် မည်မျှငြိမ်းအေးလိုက်မည်လဲဟု သူမ တွေးဆဆင်ခြင်မိလိုက်သည်။ ၀င်လေထွက်လေသည် တရားထူးနှင့်မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းရောက်ကြောင်း၏ မူလအစ လွန်စွာအခြေခံကျအရေးပါသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ကြောင်း၊ အသက်ရှင်ခိုက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများ နည်းပါးကင်းဝေးအောင် ဒါနနှင့်သီလသာမက ဘာဝနာနှင့်ပါ အားထုတ်ကြိုးစားသင့်ကြောင်း တရားရှာခြင်း၏ အဓိပ္ပာယ်ကိုလည်း သူမ အထိုက်အလျောက် နားလည်သဘောပေါက်သွားခဲ့သည်။ ချစ်သူခင်သူမိသားစုများနှင့်ဝေးရာ တရားစခန်းဝင်ချိန်ရက်များအတွင်း အရာရာပေါ် ပူပန်စိုးရိမ်ကြောင့်ကြတတ်သော သူမ၏စိတ်နှလုံးသည်လည်း သိသိသာသာ လျော့ပါးအေးချမ်းနေသည်ကို တွေ့သိခံစားခဲ့ရသည်။ မှော်ဘီသဲအင်းဂူမှ အပြန်တွင် သူမသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ခံယူသတ်မှတ်လိုက်တော့သည်။ ထိုစဉ်က သူမအသက် ၂၂နှစ်ပြည့်ရန် လပိုင်းအလို။

(ဃ)
အသက် ၂၂နှစ်မှ ၂၇နှစ် ပြည့်ပြီးသည်အထိ သူမသည် သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေထိုင်ခဲ့သည်။ မမျှော်လင့်သော ဘ၀အချိုးအကွေ့အပြောင်းအလဲတစ်ခုသည် သူမအား ဗုဒ္ဓဘာသာအပေါ် ပိုမိုလေးနက်ကျွမ်းဝင်ယုံကြည်ရန် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ချစ်သူ ကားအက်ဆီးဒင့်ဖြင့် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် သူမ ဆောက်တည်ရာမဲ့ခဲ့သည်။ ပူလောင်လှသော သောကဗျာပါဒ ဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး မတွေးမိအောင် ရုံးအလုပ်များဖိလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်း စသည့် လောကီနည်းလမ်းများဖြင့် ကြိုးစားဖြေဖျောက်ခဲ့သော်လည်း ခေတ္တခဏမျှသာ အာရုံလွှဲနိုင်ခဲ့သည်။ စိတ်နှလုံးဆင်းရဲပူလောင်မှုသည် ပကတိ ပပျောက်မသွားခဲ့ဘဲ ဆယ်လတိုင်တိုင်ကြာမြင့်ခဲ့သည်။ တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက မေတ္တာရှင် (ရွှေပြည်သာ) ၏ တရားတော်များကို အွန်လိုင်းမှာတင်ထားပေးပြီး နာယူကြည့်ရန် တိုက်တွန်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဆရာတော်၏ “မြန်မာတို့၏အသက်” ဟူသော စာအုပ်ကို ဖတ်နေချိန်ဖြစ်ပြီး “မျက်ရည်မကျခင် သိစေချင်” စာအုပ်ကိုလည်း ရှာဖတ်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဆရာတော်၏စာအုပ်များနှင့် တရားတော်များက သူမကို သာမန်ဗုဒ္ဓဘာသာဝင်မှသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်အောင် ထောက်ပံ့ပေးခဲ့သည်။ တရားတော်များနာယူရခြင်းကို နှစ်ခြိုက်ပျော်မွေ့လာသောသူမ၏ စိတ်နှလုံးသည် ငြိမ်းအေးစ ပြုလာခဲ့သည်။ ပူလောင်မြိုက်ကျွမ်းနေသော စိတ်နှလုံးကို တရားဓမ္မကသာ အစဉ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သူမ လက်တွေ့ခံစားခွင့်ရလိုက်သည်။

(င)
ထိုစဉ်မှစ၍ စင်္ကာပူတစ်ကျွန်းလုံးမှာ တစ်နှစ်ပတ်လုံးကျင်းပသော တရားပွဲတိုင်းလိုလို သူမသွားရောက်နာယူခဲ့သည်။ ယခင့်ယခင်က မြန်မာပြည်မှာနေပြီး မဖူးခဲ့ရသော၊ ဖူးခွင့်မကြုံခဲ့ရသော ဓမ္မကထိကအကျော်အမော် ဆရာတော်ကြီးများကိုလည်း ကိုယ်တိုင်ဖူးမြော်ခွင့်ရခဲ့သည်။ အပတ်စဉ်စနေနေ့တိုင်း တိုပါးရိုးဘုန်းတော်ကြီးကျောင်းမှာ ဓမ္မစကြာသွားရွတ်သည်။ တရားပွဲများမှာတစ်ဆင့် ဓမ္မမိတ်ဆွေများတိုးပွားလာပြီး တရားသတင်းများ ဖလှယ်ရာမှ ဆရာကြီး မင်းတင်မွန်၏ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ်သင်တန်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် တစ်ကြိမ်မက တက်ရောက်သင်ယူခွင့်ရခြင်းသည် သူမ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်လေးနက်မှုကို အဆပေါင်းများစွာ ပို၍ ခိုင်ကျည်စွဲမြဲသွားစေခဲ့သည်။ အဘိဓမ္မာကိုလေ့လာသင်ယူခြင်းဖြင့် ကိုယ်တိုင်ဆန်းစစ်သိမြင်ခွင့်ရသော စိတ်၊ စေတသိတ်၊ ကုသိုလ်၊ အကုသိုလ်တို့၏ ကြောင်းကျိုးတရားသည် သူမဘ၀အတွက် အဖိုးမဖြတ်နိုင်သော၊ လောကီပညာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးကြီးမားသော လောကုတ္တရာဆိုင်ရာ ဗဟုသုတကို တွေးဆသိမြင်ရရှိစေခဲ့သည်။ ဆရာကြီး၏ တိုက်တွန်းမှုဖြင့် ဖားအောက်တောရကျောင်းသို့ရောက်ရှိပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရန် ကျင့်ကြံအားထုတ်ရမည့် တရားလမ်းကြောင်းကို သေချာကျနစွာ ရှင်းရှင်းလင်းလင်း နားလည်သိမြင်ခွင့်ရခဲ့သည်။ အချိန်အားရခိုက်မှာ တရားစခန်းတွေ ၀င်ဖြစ်ခဲ့သည်။ သူမ လူဖြစ်ရကျိုး၊ လူ့ဘ၀တွင် အသက်ရှင်နေထိုင်ရကျိုးနပ်ပြီဟု စိတ်ကျေနပ်စွာ သိလိုက်ရသည့်နှင့်တပြိုင်နက် သူမ အတိုင်းမသိ ကြည်နူးသွားခဲ့သည်။

(စ)
ရခဲလှသော လူ့ဘ၀မှာ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြပေးနိုင်သော၊ စစ်မှန်သော ဘာသာတရားကို ယုံကြည်ဆည်းကပ်ခွင့်ရဖို့အတွက် ယခုအချိန်ထိ အသက်ရှင်နေထိုင်ခွင့်ရသော သူမ လွန်စွာကံကောင်းလှသည်ဟု မကြာခဏ တွေးတောဆင်ခြင်မိသည်။ အဂုင်္တ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓဟောကြားထားသော ရခဲခြင်းတရားငါးပါးမှာ - ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊ ရဟန်းဘ၀ကို ရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်၍ သူမသည် ယခုဘ၀တွင် ငါးပါးလုံး မရသော်လည်း သဒ္ဓါတရားရှိသော လူအဖြစ်နှင့် သူတော်ကောင်းတရား နာကြားခွင့်ရသည်နှင့်မျှပင် ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

ဆရာတော်အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ မြန်မာတို့၏အသက် စာအုပ်ကို ဖတ်နေစဉ်က သူမ ဖျတ်ကနဲ အတွေးဝင်ခဲ့သေးသည်။ ရခဲလှသော လူ့ဘ၀ဆိုပေမယ့် ကမ္ဘာမှာ တစ်နေ့တစ်နေ့ မွေးဖွားလာတဲ့သူတွေ မနည်းပါလား၊ လူဦးရေ ဘီလျံနဲ့ချီပြီးမွေးဖွားလာတဲ့သူအားလုံးက လူ့ဘ၀ထဲရောက်လာကြသူတွေပဲ။ ဒါကို ခက်ခဲတယ်လို့ ဆိုနိုင်မလား…။ ထိုသို့ အတွေးဝင်ပြီး နောက်တစ်မျက်နှာအရောက်မှာတော့ ရခဲလှသော လူ့ဘ၀ဆိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းစွာသဘောပေါက်ခဲ့ရသည်။ ဆရာတော်က ဗုဒ္ဓဟောကြားခဲ့သည့် သံယုတ်ပါဠိတော်၊ နခသီခူပမသုတ်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းပေးထားသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက “ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေကြီး ဘယ်ဟာက များသနည်း”

“အောက်မှာရှိသည့် မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”

“ချစ်သား၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီးအထုလောက်ရှိတယ်”

သူမ ထိုတရားတော်ဖတ်အပြီးမှာ ခဏရပ်ပြီး စဉ်းစားကြည့်လိုက်မိသည်။ ဟုတ်သားပဲ… ငရဲ၊ တိရိစ္ဆာန်၊ ပြိတာ၊ အသူရကာယ် အပါယ်လေးဘုံသားထဲက တိရိစ္ဆာန် အရေအတွက်ကိုပဲ ကြည့်လိုက်ပါဦး၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်၊ ခြ၊ ကြမ်းပိုး အကောင်ပေါက်ဖွားနှုန်းက နည်းမှမနည်းဘဲ၊ သမုဒ္ဒရာထဲက အမျိုးအစားမြောက်မြားလှစွာသော ငါးတွေ၊ ရေသတ္တ၀ါတွေ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေ… သူတို့အရေအတွက်အားလုံးနဲ့ယှဉ်လိုက်ရင် လူဖြစ်တဲ့ဦးရေက နည်းနည်းလေးပါလား။ အဲဒီ့ထဲကမှ ရခဲခြင်းတရားငါးပါးကြုံဖို့ဆိုတာ ပိုပြီးတော့တောင် ခဲယဉ်းသေးတယ်။

အပါယ်ဘုံသားတို့ လူ့ဘ၀ပြန်ရဖို့ ခဲယဉ်းကြောင်းကိုလည်း ဆရာတော်မှ မြတ်ဗုဒ္ဓ၏ ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်ပါအတိုင်း ဖွင့်ဆိုရေးသားထားပေးသည်ကို သူမ တစ်ဆက်တည်း ဖတ်မှတ်လိုက်ရသည်။

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်၊ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။

အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်၊ ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျောချင်ရာ မျောနေမယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။

တိုက်တိုက်ဆိုင်ဖြစ်ပေးရမှာက လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့်နေရာ ရောက်နေရမယ်။

ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသာ ဖောက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ဦးခေါင်းဟာ တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”

“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည် ဘုရား”

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ကျနေသူများ လူ့ဘ၀ပြန်ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေတယ်”

ထိုဥပမာကို ဖတ်ပြီးသောအခါ သူမ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။ အကယ်၍များ ယခုနေ ကုသိုလ်၊ အကုသိုလ်ကို မသိလိုက်ဘဲ သူမ ရုတ်တရက်ကွယ်လွန်သွားပါလျှင် အပါယ်ကျရတော့မည်။ အပါယ်ဘ၀မှနေပြီး လူ့ဘ၀ပြန်လည်ရရှိဖို့ဆိုတာ လွန်စွာခဲယဉ်းလှသည်။ ထိုအသိသည် သူမအား ဘယ်နေရာရောက်ရောက် ကုသိုလ်တရားများ ဆက်ကာဆက်ကာ ပွားများပြုလုပ်စေဖို့ ကြီးစွာသော အထောက်အပံ့ပေးခဲ့ပါသည်။

(ဆ)
ယခုအချိန်တွင် ဖြတ်သန်းခဲ့သော သူမဘ၀ကို နောက်ပြန်လှည့်ကြည့်တော့ ကုသိုလ်၊ အကုသိုလ်များနှင့် တစ်လှည့်စီ ဒွန်တွဲနေသော စိတ်အစဉ်ကို မြင်ရသည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပီပီ သူမစိတ်တွေမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် အကုသိုလ်တရားများက ကြီးစိုးနေသေးသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တရားတို့ကို ပြန်လည်အောက်မေ့သတိရမိသောအခါ သူမ စိတ်ကြည်နူးသွားရသည်။ သူမ ဖြစ်တည်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများသည် အစပိုင်းတွင် လွဲချော်မှုများရှိခဲ့သော်လည်း စစ်မှန်သော ဘာသာတရားကို ယုံကြည်ကိုးကွယ်ခွင့်ရအောင် လမ်းကြောင်းတည်ပေးခဲ့သည့်အတွက် သူမ ၀မ်းသာမိသည်။ သူမ၏ လူ့ဘ၀ဖြစ်တည်မှုကို လက်သည်းခွံပေါ်မှ မြေတစ်မှုန့်နှင့် ကိုယ်စားပြုခဲ့ပါလျှင် ယနေ့တွင် ထိုမြေမှုန့်၏သက်တမ်း ၃၄နှစ်ရှိပြီဖြစ်သည်။ နောင်အနှစ်ဘယ်လောက်ကြာသည်အထိ ထိုမြေတစ်မှုန့်၏သက်တမ်းရှည်ကြာခွင့်ရမည်ကို ကြိုတင်မသိနိုင်သော်လည်း ယခုရှင်သန်နေသောပစ္စုပ္ပန်တည့်တည့်မှာ စိတ်စေတနာကောင်းနှင့် ကုသိုလ်များ တတ်အားသရွေ့ ကြိုးစားပွားများ အားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီစပ်ကြားကာလများ၌ လက်သည်းခွံပေါ်မှ မြေတစ်မှုန့်အဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ကြောင်း သူမ တွေးဆဆင်ခြင်မိပါသည်။


ဇွန်မိုးစက်
(၉.၆.၂၀၁၃ တွင် ကျရောက်သော မွေးနေ့အမှတ်တရ)

ခိုနားခွင့်ပေးပါ

4

Category:

(၁)
တိတ်ဆိတ်သောညည့်ယံမှာ ထွက်ပေါ်လာသည့် စားပွဲတင်နာရီလက်တံ၏ ရွေ့လျားသံကို သတိပြုမိတော့မှ နွယ် ရေးလက်စအစီရင်ခံစာကို အစအဆုံးတစ်ခေါက်ပြန်ဖတ်ကြည့်ပြီး မျက်လုံးကို အနားပေးလိုက်သည်။ ဒီနေ့ညတော့ အပြီးသတ်နိုင်မည် မထင်တော့။ မနက်ဖြန်ည ဆေးရုံကပြန်လာမှ လိုအပ်နေသေးသည့် ကိန်းဂဏန်းများကို ထပ်မံဖြည့်စွက်ပြီး အချောသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်အကြောင်း စဉ်းစားမိတော့ ရင်က အလိုလိုပူလာသည်နှင့် တပြိုင်နက် နွယ့် မျက်စိထဲမှာ သေးငယ်ကြုံလှီသော ခန္ဓာကိုယ်နှင့်လက်ချောင်းများကို ပိုင်ဆိုင်ထားသော ကလေးငယ်တစ်ယောက်ကို မြင်ယောင်လာသည်။

တတ်သည့်ပညာ မနေသာသော နွယ် ကြောင့် ကလေးငယ်၏ ကျန်းမာရေးအခြေအနေကို မမျှော်လင့်ဘဲ သိလိုက်ရခြင်းဖြစ်သည်။ တကယ်လို့များ နွယ်သည် ဂျွန်နှင့်စိမ်းတို့နှင့် မသိကျွမ်းခဲ့လျှင်၊ ဒါမှမဟုတ် ဂျွန်က နွယ့်ကို အားကိုတကြီး မေးမြန်းကူညီပါရန် မတောင်းဆိုခဲ့လျှင် ထိုကလေးနှင့် နွယ်သည် ဆက်စပ်ပတ်သက်စရာအကြောင်း ရှိလာမည်မဟုတ်။ ထို့ထက်ပို၍ ကလေးငယ်၏ အဆင်ပြေစွာ နားခိုရာနေရာလေးမှာ ရုတ်တရက် ပျောက်ပျက်စရာ အကြောင်းလည်း ရှိလာမည်မဟုတ်။ အကယ်၍များ မနက်ဖြန် နွယ် လုပ်ဆောင်ရမည့် ကိစ္စအ၀၀တို့ အဆင်မပြေဖြစ်ခဲ့လျှင်…. နွယ် ဆက်မတွေးရဲတော့။ ကလေးငယ်နှင့် စတင်တွေ့ခဲ့သော ထိုနေ့က အဖြစ်အပျက်တို့သည် နွယ့်အတွေးထဲ တစ်ဖန်ပြန်ရောက်လာခဲ့သည်။ ဒီညလည်း နွယ် တော်တော်နှင့် အိပ်ပျော်နိုင်မည် မထင်။

(၂)
“ဟယ်လို…. နွယ်လား၊ ဂျွန်ပါ။ နွယ့်ကို အကူအညီတစ်ခု တောင်းချင်လို့။ ကိုယ်အခု လုပ်အားပေးအင်္ဂလိပ်စာသင်နေတဲ့ ဘုန်းကြီးကျောင်းက ကိုရင်လေးတစ်ယောက်ကို မျက်မှန်လုပ်ပေးချင်လို့၊ အဲဒါ… မျက်မှန်လုပ်ရမယ့်ဆိုင်နဲ့ ကျသင့်ငွေတစ်ချက်လောက် ပြောပြပေးလို့ ရမလား။”

တစ်ဖက်သားကို နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ အမြဲကူညီလိုစိတ်ရှိသော၊ အကူအညီပေးတတ်သော နွယ်က မဆိုင်းမတွ ပြန်ဖြေသည်။ “မျက်မှန်ကတော့ လုပ်တဲ့ကိုင်းအမျိုးအစားပေါ်မူတည်ပြီး ဈေးအစားစားရှိတယ် ဂျွန်။ ဂျွန်တို့ ဘတ်ဂျက်အတိုင်းအတာနဲ့ ကြည့်ပြီး လုပ်ပေးလိုက်လေ။ ဆိုင်တွေလည်း အများကြီးရှိတယ်။ ဂျွန်တို့ ကိုယ့်ဖာသာကိုယ်သွားမယ်ဆိုရင် ဘယ်ဆိုင်မှာ လုပ်ရမှန်း သိမှာမဟုတ်ဘူး။ ဒီတော့ နွယ်တို့အိမ်ကလုပ်နေကျ မျက်မှန်ဆိုင်ကို လိုက်ပို့ပေးမယ်။ မျက်စိစစ်ဖို့ ကလေးပါ ခေါ်လာခဲ့လေ”

“နွယ် လိုက်ပို့ပေးမယ်ဆို သိပ်အဆင်ပြေတာပေါ့။ ဒါဆို ဒီစနေမှာ ကိုယ်နဲ့စိမ်း ကိုရင်လေးကိုခေါ်ပြီး မြို့ထဲကို လာခဲ့မယ်” ဟု ဂျွန်က ၀မ်းသာအားရ ပြန်ပြောသည်။

တကယ်တော့ ဂျွန်နှင့်စိမ်းက မြန်မာနိုင်ငံမှာ တစ်လခွဲခန့် လာရောက်နေထိုင်ကြသော နိုင်ငံခြားသားများဖြစ်ကြသည်မို့ ယခုလို မျက်မှန်ဆိုင်ရှာဖွေသော ကိစ္စမျိုးမှာ နွယ်ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့နိုင်လျှင် သူတို့အတွက်ရော၊ ကလေးအတွက်ပါ ပိုအဆင်ပြေမည်မှန်း နွယ် ခန့်မှန်းမိသောကြောင့် ကူညီပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ပရဟိတစိတ် ထက်သန်သော ဂျွန်က ရောက်လေရာမှာ သူတတ်နိုင်သည့် နည်းလမ်းဖြင့် လုပ်အားပေးတတ်သူဖြစ်ရာ ရန်ကုန်ရောက်ခိုက် ဘုန်းတော်ကြီးသင်ကျောင်းတစ်ခုမှာ အင်္ဂလိပ်စာသွားသင်ပေးနေခြင်းဖြစ်သည်။ သူသင်ပေးရသည့် ကျောင်းသားကိုရင်အများကြီးထဲကမှ မျက်နှာနှင့် စာအုပ်ကို တအားနီးကပ်ပြီးကြည့်မှ ဖတ်ရ၊မြင်ရသော အသက်ကိုးနှစ်အရွယ်ခန့်ရှိသော ကိုရင်ပိန်ပိန်လေးတစ်ယောက်ကို ဂျွန်သတိပြု ကရုဏာသက်မိသွားခြင်းဖြစ်သည်။ ထိုကိုရင်လေးအကြောင်း ဂျွန်စိတ်ဝင်တစား စုံစမ်းမေးမြန်းကြည့်သေးသည်ဟု နွယ့်ကို ပြောသည်။ တကယ်တော့ ထိုဘုန်းကြီးကျောင်းမှ ကိုရင်လေးများ အားလုံးလိုလိုမှာ မိဘမဲ့ကလေးများ ဖြစ်ကြပြီး၊ အချို့မှာ မိဘများကိုပင် မမှတ်မိ၊ မသိကြသော အရွယ်ကပင် ဘုန်းကြီးကျောင်းသို့ ရောက်နေခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ပြောပြသည်ဟုဆိုသည်။

ချိန်းဆိုထားသော စနေနေ့ရောက်တော့ ဂျွန်၊ စိမ်း၊ နွယ် နှင့် ကိုရင်လေးတို့ မျက်မှန်ဆိုင်ကို အတူသွား၍ မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးပြီး၊ ဂျွန်က မျက်မှန်နှစ်လက် လုပ်ပေးကာ လှူလိုက်သည်။ နွယ်က ကိုရင်လေး၏ဘွဲ့အမည်ကို မေးမြန်းကြည့်တော့ ရှင်ဝိဇယ ဟုသိရသည်။ “ဂျွန်… ကိုရင်လေးက သိပ်ပိန်တာပဲ၊ သူ့ကျန်းမာရေး ပုံမှန်မှဟုတ်ရဲ့လားမသိဘူး။ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်ရင် ကောင်းမယ်” ဟု နွယ်က အကြံပြုလိုက်သည်။ နွယ်၏ဦးဆောင်မှုဖြင့် ရှင်ဝိဇယလေးကို ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ သွားရောက်စစ်ဆေးပေးကြသည်။ သူ့မှာအဆုတ်ရောဂါများရှိနေလား မသိဘူးနော်ဟု စိမ်းက ထင်ကြေးပေးသည်။ နွယ်က တွေးတွေးဆဆဖြင့် တို့ကတော့ အိတ်ခ်ျအိုင်ဗွီလို့ ထင်တယ်။ ဂျွန်နှင့်စိမ်းတို့နှစ်ယောက်လုံး အံ့သြတကြီးဖြင့် နွယ့်ကို လှမ်းကြည့်ကြသည်။

သွေးစစ်ထားသည့် အဖြေရလာသောအခါ နွယ်ထင်မှတ်ထားသလိုပင် ကိုရင်လေးမှာ အိတ်ခ်ျအိုင်ဗွီပေါ့စတစ်ဗ်ဖြစ်နေကြောင်း စိတ်မကောင်းစွာ သိလိုက်ရသည်။ ဂျွန်နှင့်စိမ်းတို့လည်း ထိုသတင်းကိုကြားပြီး ရှင်ဝိဇယလေးအတွက် အကြီးအကျယ် စိတ်ထိခိုက်သွားကြသည်။ ကလေးငယ်အပေါ် သံယောဇဉ်တွယ်နေပြီဖြစ်သော ဂျွန်က “နွယ်… ဒီကလေးအတွက် ကိုယ်တို့တတ်နိုင်သလောက် အထောက်အပံ့ ပေးချင်တယ်။ ကိုယ်တို့ပြန်သွားရင်လည်း ဟိုကနေ သူ့အတွက်လှမ်းပြီး လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး စရိတ်တွေ လှမ်းပို့ပေးမယ်။ အဲ့ဒီအတွက် နွယ် အကူအညီပေးနိုင်တယ် မဟုတ်လားဟင်” “အဲ့ဒီအတွက်တော့ ရပါတယ် ဂျွန်၊ တစ်ခုပဲ လောလောဆယ်… သူနေတဲ့ ဘုန်းကြီးကျောင်းကို အသိပေးအကြောင်းကြားရတော့မယ်။ ဒါမှ သူနဲ့အတူနေတဲ့ တခြားကိုရင်လေးတွေကို ကူးစက်ပျံ့ပွားမှု မဖြစ်ရအောင်”

(၃)
နွယ်က ဘုန်းကြီးကျောင်းသွား၍ ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံပြီး ကိုရင်လေး၏ နောက်ကြောင်းကို ထပ်မံသေချာအောင် မေးမြန်းစုံစမ်းရသည်။ ဆရာတော်အမိန့်ရှိသလောက် နွယ်သိရသည်မှာ ရှင်ဝိဇယ၏ အမည်ရင်းမှာ မောင်ဝင်းအောင်ဖြစ်ကြောင်း၊ သူ့မိခင်ရင်းမှာ ကွယ်လွန်သွားပြီး မိထွေးနှင့်အတူ လမ်းပေါ်မှာ တောင်းရမ်းစားသောက်ခဲ့ရကြောင်း၊ သူ့ဖခင်မှာ ကျန်းမာရေးမကောင်းဘဲ အိပ်ရာထဲလဲနေသည့်အတွက် မိထွေးဖြစ်သူကလည်း ကလေးကို တာဝန်မယူချင်တော့ကြောင်း၊ သူနှင့်ဆုံးသွားပြီဖြစ်သောသူ့ညီလေးကို ဆရာတော်က လမ်းပေါ်မှာတွေ့မြင်ခဲ့ရသည်မှစ၍ နောက်ဆုံးကျောင်းကိုခေါ်လာပြီး ကိုရင်ဝတ်ပေးကာ ကြည့်ရှုစောင့်ရှောက်ထားကြောင်းတို့ဖြစ်သည်။ ဆရာတော်ပြောပြသည်အရဆိုလျှင် ကလေး၏ ရောဂါလက်ခံရရှိပုံမှာ သူ့မိဘများမှဖြစ်ကြောင်း  နွယ် ကောက်ချက်ချလိုက်နိုင်သည်။

နွယ်က ရှင်ဝိဇယလေးမှာ အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိနေကြောင်း ဆရာတော့်ကို အသိပေးလျှောက်ထားလိုက်သည်မှစ၍ ကိုရင်လေး၏ လုံခြုံနွေးထွေးနေသော အသိုက်မြုံမှာ ရုတ်တရက် ပျောက်ပျက်မည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားတော့သည်။ နွယ်၏ အသိပေးအကြောင်းကြားမှုကို လွန်စွာ ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော်... အခြားအခြားသော ကျောင်းရှိ ကလေးငယ်များ၊ ကိုရင်ငယ်များ၏ ကျန်းမာရေးလုံခြုံမှုအတွက် ရှင်ဝိဇယကို ကျောင်းမှာဆက်၍လက်သင့်ခံခြင်း မဖြစ်နိုင်တော့ကြောင်း၊ ကိုရင်လေးအတွက် နွယ်မှ အသင့်တော်ဆုံးနေရာကို အမြန်ဆုံးရှာဖွေပေးစေလိုကြောင်း ဆရာတော်ကလည်း ပွင့်ပွင့်လင်းလင်း ပြန်အမိန့်ရှိလာသောကြောင့် ဖြစ်သည်။

(၄)
ထိုနေ့ဘုန်းကြီးကျောင်းမှ ပြန်လာပြီးကတည်းက နွယ့်ရင်ထဲ လေးလံနေသည်။ သူ့ဟာသူဘုန်းကြီးကျောင်းမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေတာ အကောင်းသား၊ ငါရှည်ပြီး ဆေးစစ်ပေးမိလို့ ရောဂါရှိကြောင်း သိလိုက်ရတာ။ အခုငါ့ကြောင့် သူ့မှာ ခိုနားစရာရိပ်မြုံလေး ပျောက်ရရှာပြီ။ နွယ်စိတ်မကောင်းခြင်းကြီးစွာဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ကလေးအတွက် နေရာလေးတစ်ခု ပြန်ရဖို့ နွယ် အတတ်နိုင်ဆုံး ကြိုးစားရတော့မည်။ နွယ် လက်လှမ်းမှီသမျှ၊ ကြားဖူးထားသမျှ ကလေးစောင့်ရှောက်ရေးဂေဟာတွေကို မေးမြန်းစုံစမ်းကြည့်သော်လည်း တကယ်တမ်း ကလေးတစ်ယောက် လက်ခံဖို့အရေးမှာ လက်တွေ့တွင် အခက်အခဲတွေ အများကြီးရှိနေကြောင်း သိလိုက်ရသည်။ ဒါတောင် နွယ်က ကျန်းမာရေးလောကနှင့် တိုက်ရိုက်ပတ်သက်ဆက်ဆံနေသူတစ်ယောက်။

ကလေးအား ဆိုင်ရာဂေဟာသို့ ပို့ပေးရန် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းဌာနတစ်ခု၏ ထောက်ခံချက်၊ ဆေးစစ်မှတ်တမ်း၊ အခြားလိုအပ်သည့် ကျန်းမာရေးစာရွက်စာတမ်းတို့နှင့်အတူ ကလေးကိုယ်တိုင် အသိအမှတ်ပြုလက်ခံထားသည့် ကလေး၏အုပ်ထိန်းသူတစ်ယောက်လည်း ပါဝင်ရန် လိုအပ်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဂေဟာကို တိုက်ရိုက်အပ်နှံခွင့် ခက်ခဲနေသည်ဖြစ်ရာ နွယ်တစ်ယောက် ခေါင်းခဲသွားတော့သည်။ ရှင်ဝိဇယလေးအတွက် ခိုနားရာနေရာလေးတစ်ခု မရမချင်း နွယ်တစ်ယောက် ရတက်မအေးနိုင်တော့။

နိုင်ငံရပ်ခြားမှာ ရောက်ရှိနေသူ နွယ့်ခင်ပွန်းလောင်း ကိုမျိုးနှင့် ခါတိုင်းလို ရွှင်ရွှင်ပျပျ ဖုန်းမပြောနိုင်သည့်အတွက် ကိုမျိုးက “နွယ်… ဘာတွေဖြစ်နေတာလဲ၊ ဘာတွေ အလုပ်များနေပြန်တာလဲ” ဟုမေးသည်ကို “ဒီလိုပါပဲ… လူနာတစ်ယောက်ရဲ့ အခက်အခဲတစ်ခု လိုက်ဖြေရှင်းနေရလို့ပါ” ဟုသာ ပြောဖြစ်ခဲ့သည်။ ကိုမျိုးက နွယ့်လိုပရဟိတစိတ် ထက်သန်သူမဟုတ်သောကြောင့် နွယ် သူများကိစ္စနှင့် မအားမလပ်ဖြစ်ပြီး စိတ်သောကရောက်နေကြောင်းကြားရလျှင် နွယ်တစ်ယောက်ကတော့ လုပ်ပြန်ပြီကွာဟု ပြောမှာစိုး၍ အသေးစိတ် မပြောပြဖြစ်ခဲ့။

(၅)
ကိုရင်လေးအတွက် နေရာအသည်းအသန် စတင်ရှာဖွေသည့်နေ့မှ သုံးရက်မြောက်နေ့တွင် ကံကောင်းထောက်မစွာဖြင့် အန်ဂျီအိုအဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေသည့် သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောမိသည်။ ထိုသူငယ်ချင်းက နယ်ရုံးခွဲတစ်ခုကနေ ရန်ကုန်သို့ ပြန်ပြောင်းရွှေ့လာတာ သိပ်မကြာသေး။ နွယ်ပြောပြသည့် ကိုရင်လေးအကြောင်းကို နားထောင်ပြီး ဂေဟာသို့ အပ်နှံရန် လိုအပ်သည့် ကိစ္စအ၀၀ကို သူတို့အဖွဲ့အစည်း၏လက်အောက်မှနေ၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကလေးကို သူတို့နှင့်သက်ဆိုင်ရာဆေးခန်းမှာ ထပ်မံဆေးစစ်ဖို့ လိုအပ်ကြောင်း၊ ကလေး၏ရှေ့ရေးအတွက် ကိုယ်စားဆုံးဖြတ်ပေးနိုင်ရန် အုပ်ထိန်းသူတစ်ယောက်ကို ရွေးချယ်ရန်အတွက် အင်တာဗျူးလည်း ၀င်ရမည်ဖြစ်ကြောင်း နွယ့်ကို ပြောပြတော့ အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

(၆)
ညက အတွေးတွေများပြီး တော်တော်နှင့် အိပ်မပျော်ခဲ့သော နွယ်တစ်ယောက် ကြီးကြီးမြလာပြီး လှုပ်နှိုးမှပင် နိုးသွားတော့သည်။ ဒီနေ့ နွယ်၊ ကိုရင်လေးနှင့် လျာထားအုပ်ထိန်းသူအဖြစ် ဘုန်းတော်ကြီးသင်ကျောင်းက ဆရာမတစ်ဦး ဆေးခန်းသွားကြရမည်။ ဆေးစစ်ချက်၊ မှတ်တမ်းနှင့် လိုအပ်သောစာရွက်စာတမ်းများ ဖြည့်အပြီးမှာ ရှင်ဝိဇယအား အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက နာရီဝက်ခန့် အမေးအဖြေ ပြုလုပ်သည်။ နွယ်က သူငယ်ချင်းဖြစ်သူအား… “ဟင်… ကိုယ်တို့ကို ဗျူးမှာ မဟုတ်ဘူးလား” “မဟုတ်ဘူး…နွယ်၊ အဓိက ကလေးကို မေးတာ၊ ကလေးရဲ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ အုပ်ထိန်းသူကို ရပြီးမှ သူတို့ခေါ်တွေ့လိမ့်မယ်။”

ကိုရင်လေးက အုပ်ထိန်းသူအဖြစ်ရွေးချယ်လိုက်သူမှာ နွယ် ဖြစ်ကြောင်း ကြားရတော့ အံ့သြသွားမိသည်။ တကယ်ဆို ရှင်ဝိဇယလေးနဲ့ နွယ် သိတာမှ ရက်ပိုင်းပဲ ရှိသေးသည်။ ဂျွန်နှင့်ကမှ နွယ့်ထက်ပိုပြီး ရင်းနှီးလိုက်သေးသည်။ ထို့ထက်ပို၍ ဆရာမလေးနှင့် ကိုရင်လေး ရင်းနှီးသိကျွမ်းမှုက လပေါင်းများစွာ။ နွယ့်စိတ်ထဲ ကျောင်းကဆရာမကိုသာ သူရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ခုတော့ ကလေးက အင်တာဗျူးမှာ သူယုံကြည်စိတ်ချရသူမှာ ဆရာမနွယ်နွယ်တင်ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်တဲ့။ ဒီလိုနှင့် နွယ်တစ်ယောက် နေ့ချင်းညချင်း ရှင်ဝိဇယခေါ် မောင်ဝင်းအောင်၏ အုပ်ထိန်းသူဖြစ်သွားတော့သည်။ နွယ်က လိုအပ်သည့်စာရွက်စာတမ်းများပေါ်မှာ ဆိုင်းထိုးပေးပြီး ကလေးကို ဂေဟာသို့ ပို့ခွင့်ရက်ကျလာသည့်အခါ လူထွက်စေပြီး သုခရိပ်မြုံသို့ သွားရောက်ပို့ဆောင်ပေးပြီးမှပင် နွယ့်ရင်ထဲက စိုးရိမ်သောကပူပန်မှုများ ပျောက်ဆုံးသွားတော့သည်။

(၇)
ဂျွန်နှင့်စိမ်းတို့မှာ မောင်ဝင်းအောင် သုခရိပ်မြုံသို့ မပြောင်းရွှေ့မီကပင် သူတို့ဌာနေကို ပြန်သွားကြပြီဖြစ်၍ ကလေးငယ်၏ အခြေအနေကို အီးမေးလ်ပို့ကာ မပြတ်အကြောင်းကြားပါရန် တောင်းဆိုသွားကြသည်။ သူတို့တောင်းဆိုသည့်အတိုင်းလည်း နွယ် အကြောင်းကြားခဲ့သည်။ တကယ်တော့ နွယ်ကိုယ်တိုင်လည်း နိုင်ငံရပ်ခြားသို့သွားကာ ဘွဲ့လွန်စာမေးပွဲတစ်ခု ထွက်ဖြေရန်ရှိသည်။ ပြီးလျှင် ကိုမျိုးနှင့်လက်ထပ်ပြီး သျှောင်နောက်ဆံထုံးပါ ဟိုမှာပဲ အချိန်ကာလတစ်ခုကြာ နေဖြစ်ချင် နေဖြစ်သွားလိမ့်မည်။ မောင်ဝင်းအောင်လေး အသက်ရှင်နေသရွေ့ သူ၏အုပ်ထိန်းသူအဖြစ် နွယ် ရှိနေပေးရမည်မှာ သေချာသည်။ အခုလောလောဆယ်တော့ မောင်ဝင်းအောင်တစ်ယောက် သုခရိပ်မြုံမှာ သူ့လိုဘ၀တူ ကလေးငယ်များနှင့် ပျော်ရွှင်စွာ ပညာသင်ကြားနေပြီမို့ နွယ် စိတ်အေးသွားရသည်။

(၈)
နောက်သုံးလအကြာ နွယ် နိုင်ငံခြားမထွက်ခင် တစ်ရက်အလိုမှာ သုခရိပ်မြုံကိုသွားပြီး မောင်ဝင်းအောင်နှင့် တွေ့ဆုံခဲ့သည်။ နွယ်နှင့်အတူ ဘုန်းတော်ကြီးသင်ကျောင်းက ဘုန်းကြီးနှင့် ဆရာမလေးလည်း လိုက်တွေ့ကြသည်။ ရိပ်မြုံမှ ဆရာမလေးက သား… သူတို့ဘယ်သူတွေလည်း မှတ်မိလားဟုမေးတော့၊ ကလေးငယ်က နွယ့်ကို ဆရာမဒေါက်တာနွယ်နွယ်တင်ဟု လက်ညှိုးထိုးပြောပြီး ကျန်သူများကိုတော့ မမှတ်မိဘူးဟု ပြန်ဖြေ၍ နွယ့်မှာ အံ့သြ၀မ်းသာရသေးသည်။ ကလေးအတွက် ကျောင်းစိမ်းအင်္ကျီနှင့်ဘောင်းဘီ ငါးစုံဆယ်ထည်၊ စာအုပ်၊ ဘောပင်၊ စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အရုပ်များ လိုလေးသေးမရှိ နွယ်ဝယ်ပြီး ပေးခဲ့သည်။ နွယ် မရှိခိုက် လိုအပ်သည်များ မှာကြားရန် နွယ့်အိမ်၏ ဖုန်းနံပါတ်ကိုလည်း ပေးခဲ့သည်။ “သား ဆရာမကို တစ်ခုခုမှာချင်ပြောချင်တဲ့အခါ ဒီဖုန်းနံပါတ်ကို ဆက်လိုက်နော်။ သားပြောတာတွေ ဆရာမအိမ်ကတစ်ဆင့် ဆရာမကို လှမ်းအကြောင်းကြားပေးလိမ့်မယ်။ တကယ်လို့ တစ်ခုခုအရေးတကြီး လိုတာရှိရင်လည်း အိမ်ကို လှမ်းပြောလို့ရတယ်နော်။” မောင်ဝင်းအောင်က မျက်မှန်အောက်က မျက်ဝန်းမှာ မျက်ရည်တို့ ရစ်ဝဲလျက် ခေါင်းညိတ်ပြသည်။

နွယ်က အားလုံးကိုနှုတ်ဆက်ပြီး ပြန်ထွက်ခါနီးမှာ “ဆရာမနွယ်နွယ်ရေ… မောင်ဝင်းအောင်လေးက အရမ်းမှတ်ဉာဏ်ကောင်းတယ်၊ စာလည်းတော်တယ်” ဟု ရိပ်မြုံက ဆရာမလေးက ပြောတော့ နွယ့်မှာကြည်နူးရသည်။ ဂျွန့်ဆီမှလည်း ကိုရင်လေးက bright ဖြစ်တယ်ဟူသော မှတ်ချက်ပေးဖူးသည်ကို ပြန်အမှတ်ရသည်။ နွယ်နှင့် ကလေးငယ်တွေ့ဆုံမှုသည် ရေစက်ကြောင့်ပဲလို့ ပြောရမလား၊ နွယ့်ကြောင့် သူ့ခမျာ အသိုက်မြုံပျောက်ခါနီး ဖြစ်ရသေးသည်။ ခုတော့လည်း သူ့အတွက် အေးချမ်းစွာ ခိုနားရာနေရာလေးတစ်ခု ရှာတွေ့ခဲ့ပြီ။

နွယ် ကောင်းကင်ကို အမှတ်မထင် လှမ်းမော့ကြည့်လိုက်တော့ ငှက်တစ်အုပ် ပျံသန်းသွားကြသည်။ အသိုက်မဲ့ငှက်လေးတွေ မဖြစ်ကြပါစေနဲ့ဟု နွယ် ဆုတောင်းမိသည်။ သာမန်မိဘမဲ့ကလေးတစ်ယောက်ထက် ကူးစက်ရောဂါဝေဒနာ ခံစားနေရသော ခိုကိုးရာမဲ့ကလေးတစ်ယောက်အတွက် နားခိုရာ နေရာလေးတစ်ခုရရှိဖို့ရာ မည်မျှခက်ခဲကြောင်း နွယ်သဘောပေါက်ခဲ့ရသည်။ ကလေးအသက် မည်မျှရှည်သည်ဖြစ်စေ၊ သူ့အသက်ရှင်ခွင့်ရသော အခိုက်အတန့်လေးမှာ နွယ် အတတ်နိုင်ဆုံး ကူညီဖေးမနိုင်ခဲ့ပြီဖြစ်၍ ၀မ်းသာမိသည်။ ကိုမျိုးကိုတော့ ဒီအကြောင်းတွေ နောက်မှပဲ အေးအေးဆေးဆေး အချိန်ယူကာ ပြောပြရဦးမည်။

ဖုန်းထဲမှာ အမှတ်တရ ရိုက်ယူခဲ့သော မောင်ဝင်းအောင်၏ ဓာတ်ပုံလေးကို ကြည့်မိသော နွယ့်မျက်ဝန်းမှာလည်း မျက်ရည်စတွေနှင့်…။


ဇွန်မိုးစက်

(ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံပြီး ရေးထားတာမို့ ပါဝင်သူဇာတ်ကောင်တွေရဲ့ နာမည်ကို ဆီလျော်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ်အတွက် ခိုလှုံရာနေရာတစ်ခု ရရှိဖို့ အပင်ပန်းခံ ကြိုးစားပေးခဲ့ရုံမျှမက လိုလေးသေးမရှိဝယ်ယူဖြည့်ဆည်းပေးခဲ့တဲ့ သူငယ်ချင်းနွယ်၊ ကလေးအတွက်ရော သုခရိပ်မြုံအတွက်ပါ ငွေကြေးပံ့ပိုးလှူဒါန်းခဲ့တဲ့ ညီမ၀မ်းကွဲစိမ်းနှင့် လက်တွဲဖော်ဂျွန်တို့ရဲ့ မေတ္တာစေတနာကို အသိမှတ်ပြု ကျေးဇူးတင်သောအားဖြင့် ဒီစာလေးကို ရေးဖွဲ့မိပါတယ်)

စတုဒိသာနဲ့ နှစ်သစ်မင်္ဂလာ

10

Category:

ပြီးခဲ့တဲ့စနေနေ့လယ် ပူပြင်းပုံက အညာနွေနဲ့ ဆင်တူပါတယ်။ အိမ်ထဲမှာနေရင်း ချွေးပြိုက်ပြိုက်ကျလာအောင် ပူပါတယ်။ လေတိုက်ပုံကလည်း နွေလေရူးလိုပါပဲ။ နေ့လယ်ပိုင်း လေအေးပေးစက် မဖွင့်ဘဲ နေကြပေမယ့် အိမ်ခန်းထဲအထိ ခပ်ပြင်းပြင်းတိုက်ခတ်ပြီး ၀င်ရောက်လာတဲ့လေကြောင့် အပူဒဏ်ကို အနည်းနဲ့အများ လျော့ပါးသက်သာစေတာမို့ နေလို့ကောင်းပါတယ်။ တနင်္ဂနွေနေ့မှာ ကျွေးမွေးမယ့် စတုဒိသာ ရွှေရင်အေးအတွက် ဂျယ်လီတွေ ၀ိုင်းကူခြစ်နေရင်း၊ သာကူတွေ မွှေကူရင်း၊ ဒီနေ့သိပ်ပူတယ်ဆိုတော့ မနက်ဖြန် မိုးရွာတော့မှာပဲလို့ ခန့်မှန်းမိပြီး စိုးရိမ်စိတ်နဲနဲ ၀င်သွားပါတယ်။ မိုးရွာရင် လူတွေ သွားလာရအဆင်မပြေဖြစ်ပြီး မုန့်တွေ လာမစားမှာကို အလှူရှင်ကိုယ်စား စိတ်ပူနေမိသေးတာပါ။

ကိုရွှေမိုးကတော့ နောက်တစ်နေ့ရောက်အောင် မစောင့်ဘဲ ညကတည်းက ရွာချဖို့ဟန်ပြင်နေပါပြီ။ မုန့်လုံးရေပေါ်ဆွမ်းကပ်ဖို့ မနက် ၆နာရီခွဲထတဲ့အချိန်မှာ အပြင်ဘက်ကို လှမ်းကြည့်တော့ ၀န်းကျင်တစ်ခုလုံးရွှဲစိုလို့။ မိုးကလည်း လုံးလုံးရပ်မသွားဘဲ ဖွဲဖွဲလေး ရွာနေဆဲပါပဲ။ စတုဒိသာကျွေးမယ့် နေရာကိုရောက်တော့ ၉နာရီထိုးနေပြီမို့ နောက်ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ နေပူပူမှာလို နေရာထိုင်ခင်း အဆင်တပြေ လွယ်လင့်တကူ မရတော့တာမို့ အမိုးရှိတဲ့ လျှောက်လမ်းကလေးမှာပဲ စားပွဲချ၊ နေရာယူ၊ ပါလာတဲ့ ပစ္စည်းတွေ ထုတ်ယူခင်းကျင်းပြီး ရာသီဥတု အေးအေးမှာ ရွှေရင်အေး ဝေကြတာပေါ့။ မုန့်ပွဲတွေပြင်ရင်း အသိမိတ်ဆွေတွေကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ရ၊ မမြင်တာကြာပြီဖြစ်တဲ့ အရပ်တွေရှည်ပြီး ထွားလာကြတဲ့ တပည့်လေးတွေကို တအံ့တသြကြည့်ရနဲ့ အာရုံငါးပါးလုံး အလုပ်များတဲ့ကြားက အချိန်လုပြီး ကင်မရာလေး အမြန်ဆွဲထုတ်လို့ မိုးဖွဲဖွဲကြားမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

မိုးအေးအေးနဲ့ အိမ်မှာကွေးကောင်းတဲ့ရာသီဥတုမှာကိုပဲ လူတွေအများကြီးလာပါတယ်။ မုန့်တွေလည်း ထင်မှတ်ထားတဲ့အချိန်ထက် တစ်နာလောက်ပိုစောပြီး ကုန်သွားပါတယ်။ ကိုယ်တို့ရဲ့ ရွှေရင်အေးလည်း ကျောက်ကျောနဲ့ ကောက်ညှင်းအရင်ကုန်သွားရာကနေ အဆင့်လျှောပြီး မုန့်လက်ဆောင်းဖြစ်သွားပါတယ်။ နောက်ဆုံး မုန့်လက်ဆောင်းဖတ်နဲ့ ဂျယ်လီတွေကုန်သွားချိန်မှာတော့ ပေါင်မုန့်အုန့်နို့ဆမ်း ဖြစ်သွားပါတော့တယ်။ ကိုယ်ဖိတ်ထားတဲ့ သူငယ်ချင်းတွေတောင် လာတာနဲနဲနောက်ကျတာနဲ့ သူတို့ခမျာ ရွှေရင်အေးတောင် မသောက်လိုက်ရရှာပါဘူး။ မုန့်ထည့်နေရင်း ညီမလေးတွေ တကူးတက ယူလာပြီးကျွေးတဲ့ မုန့်ဟင်းခါးတစ်ပွဲ၊ မုန့်လက်ကောက်ကြော်တစ်ခုနဲ့ မုန့်လင်မယား နှစ်ခု စားလိုက်ရပါတယ်။ ဒီတစ်ခေါက် သတ္တိပဋ္ဌာန်ရိပ်သာရဲ့ စတုဒိသာအကျွေးအမွေးအလှူပွဲမှာ လူတွေစိတ်ရှည်လက်ရှည်နဲ့ တပျော်တပါး စီတန်းပြီးအားပေးကြတာ မုန့်လင်မယားပါ။

စတုဒိသာအကျွေးအမွေးမှာ ရသလောက်ရိုက်ခဲ့တဲ့ မြန်မာ့ရိုးရာမုန့်အစားအစာပုံလေးတွေ အမှတ်တရ တင်လိုက်ရင်း နှစ်သစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ စာဖတ်သူတွေကို ပုံပြပြီးနှိပ်စက်တယ်လို့တော့ မထင်စေချင်ပါဘူး။ မုန့်အတူစားပြီး နှစ်သစ်ကို ဆာလောင်မွတ်သိပ်ခြင်း မရှိဘဲ ကြိုဆိုရအောင်လို့ ရည်ရွယ်ပါတယ်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံသော အတာချိန်ခါ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။း))


 
 ဆင်ဘောင်ဝမ် ကင်ဘာရာလမ်းမှာ ပြုလုပ်ကျင်းပခဲ့တဲ့ သတ္တိပဋ္ဌာန်ရိပ်သာရဲ့ စတုဒိသာအလှူမြင်ကွင်း


ရွှေမြန်မာတိုင်း အားပေးကြတဲ့ မုန့်ဟင်းခါး


ဘာစားမလဲ... မြီးရှည်နဲ့ ရှမ်းခေါက်ဆွဲ?


 ပွဲတိုင်းကျော်တဲ့ မုန့်လုံးရေပေါ်


ဘိန်းမုန့်လည်း ပါတယ်နော်


တစ်ကွင်းတည်း... ဒါပေမယ့် မုန့်လက်ကောက်


ထမင်းစားလိုက်ရမှ တိမ်းတိမ်တယ်ဆိုသူများအတွက် ...


တို့ဟူးသုတ် တစ်ပွဲပေးပါ


 
ရွှေရင်အေးလေး သောက်သွားပါ


 ဒိုမီနီနဲ့ အချိုတည်း


 ငှက်ပျောပေါင်းလည်း ရသတဲ့


အို... ကြာဇံကြော်နဲ့ ၀က်သားထုတ်ထိုး...


 
ဟောဒီက မုန့်ဖက်ထုပ်


ပါဆယ်ဆွဲဖို့ လက်ဖက်သုပ်တစ်ပွဲ


ဖရဲသီးချိုချိုအေးအေး


 မုန့်လင်မယား အားပေးကြသူများ


 ဒီလောက်အကြာကြီး စောင့်ပြီးမှတော့ အိမ်ကလူတွေကျွေးဖို့ သယ်ရဦးမှာပေါ့ကွယ်



ဇွန်မိုးစက် 

မှတ်ချက်။    ။ ဓာတ်ပုံဆရာမှာ မြင်သာမြင်ရ မကြင်ရ ဘ၀ကဲ့သို့ အထက်ပါပုံများအားလုံးကို ရိုက်သာရိုက်ပြီး မစားလိုက်ရပါကြောင်း။