တက်စီတစ်ခေါက် အလည်ရောက် - ၂

5

Category:

လာဗန်ဒါပန်းခင်းကနေ အပြန်မှာ Launceston မြို့ထဲဝင်၊ နေ့လယ်စာစားပြီး အဲဒီမြို့ရောက်ရင် သွားဖြစ်အောင်သွားပါလို့ ရောက်ဖူးသူတိုင်း ညွှန်လေ့ရှိတဲ့ Catarach Gorge ကို သွားလိုက်ပါတယ်။ မိုးစဲသွားပေမယ့် တိမ်တွေက ထူနေတုန်းမို့ တစ်နေ့ကလို နေမသာဘဲ ကောင်းကင်လည်း မပြာတော့ပါဘူး။

သဘာဝသစ်တောနဲ့ ကျောက်တောင်တွေကြား မြစ်ဖျားခံ စီးဆင်းလာတဲ့ အိစ်ခ်မြစ်ရယ်၊ ခပ်ဝေးဝေးမှာ မြင်ရတဲ့ သက်တမ်း တစ်ရာ့တစ်ဆယ်ရှိပြီဖြစ်တဲ့ အလက်ဇန္ဒားကြိုးတံတားရယ်ဟာ ထင်ရှားတဲ့ Cataract Gorge ရဲ့ မြင်ကွင်းတစ်ခုပါပဲ။ ပတ်ပတ်လည် သစ်တောနဲ့ ကျောက်ကမ်းပါးကနေ ကြိုးတံတားအထိ လမ်းလျှောက်လို့ရပါတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် အပြန်အလှန် Chairlift တွေလည်း စီးလို့ရပါတယ်။ ဇွန်တို့ကတော့ လူသက်သာအောင် တစ်ဘက်ကို လမ်းလျှောက်ပြီး တစ်ဘက်ကို chairlift စီးလိုက်ပါတယ်။

များသောအားဖြင့် သြစတြေးလျမှာ တိရစ္ဆာန်လေးတွေကို ဘေးမဲ့ပေးထားသလိုမျိုး အနှောင့်အယှက်မပေးဘဲ လွတ်လွတ်လပ်လပ် ထားကြတာ ဇွန်သတိထားမိပါတယ်။ ဒါကြောင့်လည်း အကောင်လေးတွေဟာ လူမကြောက်၊ ကားမကြောက်ဘဲ လမ်းပေါ်ထွက်ပြီး သွားလာနေတာကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ပန်းခြံနဲ့ သစ်တောထဲက အကောင်လေးတွေကိုလည်း အကာအရံ အတားအဆီးမရှိစေဘဲ သဘာဝအတိုင်းပဲ စောင့်ရှောက်ထားရှိပါတယ်။ ငှက်မျိုးစုံ၊ ဒေါင်းနဲ့၊ သားပိုက်ကောင် အပါအ၀င် သစ်တောကြိုးဝိုင်းဧရိယာအတွင်းက တိရစ္ဆာန်တွေအားလုံး သဘာဝအတိုင်းပဲ သွားလာနေထိုင် ကျက်စားကြတာကို တွေ့ရပါတယ်။

ကြိုးတံတားဖြတ်လျှောက်ဖို့အသွား လမ်းမှာတွေ့ရတဲ့ ချစ်စရာ သစ်လုံးတဲလေးပါ။ အဲဒါလေးကိုမြင်တော့ တောကြီးမျက်မည်းမှာ လမ်းပျောက်သွားတဲ့ ဂျာမန်ပုံပြင်ထဲက မောင်နှမနှစ်ယောက် သတိရမိသေးတယ်။ မြင်လိုက်ရင် ကိုက်စားချင်စရာ ချော့ကလက်တွေနဲ့လုပ်ထားတဲ့ စုန်းမကြီးရဲ့ အိမ်မျိုးတော့ မတွေ့ခဲ့ပါဘူး။ :D

ကာတာရက် ဂေါ့ခ်ျကနေပြန်တော့ နောက်ထပ် ဥရောပအငွေ့အသက်နဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာကို ၀င်ကြည့်ကြပါတယ်။ အပေါ်ပုံမှာ မြင်ရတဲ့ တာမာတောင်ကြား အပန်းဖြေစခန်းရောက်တဲ့အချိန်မှာ ရာသီဥတုက သာသာယာယာ ပြန်ဖြစ်သွားလို့ ၀မ်းသာရပါတယ်။ အဲဒီအပန်းဖြေစခန်းက ဆွစ်ဇာလန်အသွင် ရွာငယ်နဲ့အဆောက်အဦးလေးတွေ၊ အမှတ်တရပစ္စည်း၊ အစားအသောက်ဆိုင်လေးတွေနဲ့ ခင်းကျင်းဖွင့်လှစ်ထားတာမို့ တက်စီကနေ ဝေဟင်ခရီးနှင်စရာမလိုဘဲနဲ့ ဥရောပရောက်သွားတဲ့ ခံစားမှုမျိုးပေးပါတယ်။

ပြန်အထွက်မှာမှ ရိုက်ခဲ့တဲ့ Swiss Shopping Village ရဲ့ အ၀င်ဝပါ။

နောက်တစ်ရက်မှာတော့ တစ်ကျွန်းလုံးရဲ့ ငါးပုံတစ်ပုံနေရာယူထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိပ်ဆုံးဆယ်ခုထဲက စာရင်းဝင်တစ်ခုအဖြစ် ကျော်ကြားတဲ့ Cradle တောင်နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ကို သွားလိုက်ပါတယ်။ ဒယ်ဗွန်ပို့ကနေ တောင်ရှိရာအသွား နံရံပန်းချီနဲ့နာမည်ကျော်တဲ့ Sheffield မြို့လေးမှာ တစ်ထောက်နားပါတယ်။
 
ရှက်ဖ်ဖီးလ်မြို့ထဲက ကုန်စုံဆိုင်မှာ ရောင်းချတဲ့ ဒေသထွက် အသီးအနှံတွေပါ။ တက်စီဟာ ကျွန်းမကြီးနဲ့လှမ်းတဲ့အတွက် စိုက်လို့ရသမျှ စားသောက်ကုန်အသီးအရွက်တွေကို ကျွန်းပေါ်မှာပဲ စိုက်ပျိုးပြီး ပြန်ရောင်းချပါတယ်။ ခရီးသွားခဲ့တဲ့လမ်းတစ်လျှောက် အာလူးခင်းတွေ၊ ဖရုံခင်းတွေ အမြောက်အမြား တွေ့ရပါတယ်။ ထူးခြားတဲ့ စိုက်ခင်းတစ်မျိုးလည်း တွေ့ခဲ့ပါတယ်။ အဲဒါကတော့ ဘိန်းစိုက်ခင်းတွေပါ။ ကမ္ဘာပေါ်မှာ တရားဝင်ဘိန်းစိုက်ပျိုးခွင့်ရတဲ့ ဒေသသုံးခုထဲက တစ်ခုက တက်စ်မေးနီးယားဖြစ်ကြောင်း အဲဒီတော့မှ သိလိုက်ရပါတယ်။ အဖြူရောင်ဘိန်းပန်းတွေနဲ့ သိပ်လှနေတဲ့ ဘိန်းစိုက်ခင်းတွေကိုတော့ ဓာတ်ပုံရိုက်ခွင့် မရခဲ့ပါဘူး။

မြို့လေးအတွင်းမှာရှိတဲ့ မြောက်မြားစွာထဲက နာမည်အကြီးဆုံး နံရံပန်းချီတစ်ခုပါ။ Cradle mountain နဲ့ အနီးပတ်ဝန်းကျင်ကို တက်စမေးနီးယားမှာသာမက ကမ္ဘာကပါ ဂရုတစိုက်နဲ့ အာရုံပြုလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရုက္ခဗေဒနဲ့သဘာဝပညာရှင် သြစတြီးယားလူမျိုး Gustav Weindorfer ရဲ့ ပုံကို ဂုဏ်ပြုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြောင့် ဥရောပလူမျိုးသူ့ကို သူလျှိုလို့ တက်စ်မေးနီးယန်းတွေက အစပိုင်းမှာ အထင်လွဲခဲ့ကြတာပါ။ သူ့အားထုတ်မှုကြောင့် Cradle mountain နဲ့ စိန့်ကလဲလ် အမျိုးသားဥယျာဉ်ဟာ ကမ္ဘာ့ယဉ်ကျေးမှု စာရင်းဝင်ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒေသခံလူတွေရဲ့ ယုံကြည်လေးစားမှုကို ရခဲ့ပါတော့တယ်။ သဘာဝတရားကို ချစ်မြတ်နိုးသူ Gustav ဟာ ကွယ်လွန်ချိန်အထိ တောင်ခြေနားက သစ်လုံးအိမ်လေးမှာ နေထိုင်သွားခဲ့ပါတယ်။

ရှက်ဖ်ဖီးကနေ တစ်နာရီလောက် မောင်းပြီးတဲ့အခါ Cradle တောင်နဲ့ သူ့ခြေရင်းက Dove ရေကန်ကို လှမ်းမြင်ရပါပြီ။ အဲဒီ့နေ့ကလည်း ရာသီဥတု သိပ်မသာယာခဲ့ပြန်ပါဘူး။ ဇွန်တို့ တောင်ပေါ်ရောက်ချိန်ခဏလေးပဲ နေပွင့်ခဲ့တာပါ။ ပုံမှာမြင်ရတဲ့ Dove ရေကန်စပ်က တဲလေးမှာ တစ်ချိန်က Gustav ရဲ့ လှေကို ထားလေ့ရှိတယ်လို့ သိရပါတယ်။ ရေကန်ကနေ တောင်ခြေကို တစ်ပတ်ပြည့်အောင် လမ်းလျှောက်ချိန်က နှစ်နာရီကြာပါတယ်။ ကန်ဘေးပတ်လည်လမ်းဖြစ်ပေမယ့် တစ်ချို့လမ်းတွေကတော့ မိုးသစ် တောအောက်ထဲ ဖြတ်လျှောက်ရပါတယ်။ ကန်ရဲ့ညာဘက်ကနေ စလျှောက်ပြီး သိပ်မကြာခင်မှာပဲ မိုးသီးကြွေတာနဲ့ ကြုံပါတယ်။ အနားကတွေ့ရာ အပင်လေးအောက် ခိုနေရပါတယ်။ အပူချိန်က သုညဒီဂရီနားကပ်လောက်အောင် အေးနေခဲ့ပါတယ်။ အပေါ်ဘက်နားမှာတော့ နှင်းတွေကျခဲ့တယ်လို့ ဘယ်ဘက်ခြမ်းက စလျှောက်လာသူတွေနဲ့ လမ်းမှာဆုံမိတဲ့အခါ ပြောသံကြားရပါတယ်။

ဒီပုံလေးရိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးရွာခဲ့တာပါ။ တောင်ထွတ်နားကို ပီပီပြင်ပြင်ရိုက်ချင်ပေမယ့် ညာဘက်မှာတွေ့ရတဲ့အတိုင်း ခရေဒယ်လ်တောင်ထိပ်ပိုင်းကို တိမ်တွေ အုပ်နေတာကြောင့် စိတ်တိုင်းကျ ပုံမရခဲ့ပါဘူး။

ဒါကတော့ ကန်ဘေးပတ်လည်က လမ်းလေးပါ။ ခရေဒယ်လ်တောင်နဲ့အမျိုးသားဥယျာဉ်တစ်ခုလုံးကို လမ်းလျှောက်မယ်ဆိုရင် ခြောက်ရက်ကြာပါတယ်။ အဲလိုခြောက်ရက်ခရီးကို တစ်ယောက်တည်းလျှောက်ကြတဲ့ တစ်ကိုယ်တော်ခရီးသွားတွေလည်း မနည်းပါဘူး။ ကိုယ့်မှာတော့ နှစ်နာရီလျှောက်ရတာ တော်တော့်ကို ပင်ပန်းသွားပါတယ်။ နာတတ်တဲ့ဒူးကို ညှာရင်း ဖြေးဖြေးချင်းလျှောက်တော့ လူကွဲသွားပြီး တောလမ်းထဲမှာ တစ်ယောက်တည်းဖြစ်ခဲ့ပါသေးတယ်။ လမ်းတစ်လျှောက်မှာ ဥရောပက ခရီးသွားတွေကို အများဆုံးတွေ့ရပါတယ်။ အထူးသဖြင့် ဂျာမန်တွေပါ။ နှစ်နာရီကျော်ကြာအောင် ကန်ကို တစ်ပတ်ပြည့်အောင် ပတ်ပြီးတဲ့အခါမှာတော့ ငါတစ်ခုတော့ လုပ်နိုင်ခဲ့ပြီဆိုတဲ့ ပီတိလေး ရလိုက်ပါတယ်။

အပြန်လမ်းမှာ Wilmot ရွာနဲ့ တာမာစပျစ်ခင်းတွေကြားက ဖြတ်ပြန်ခဲ့ပါတယ်။ အပြန်လမ်းတစ်လျှောက် ရွာငယ်လေးတွေကို ဖြတ်သွားတဲ့အခါ တစ်အိမ်နဲ့တစ်အိမ် မတူညီဘဲ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စာတိုက်ပုံးလေးတွေ ထားရှိတာကို သတိပြုမိပါတယ်။ စာတိုက်ပုံးကို ခွေးပုံလေး လုပ်ထားရုံမက စာထည့်ဖို့အတွက် စာပို့သမားအရုပ်လေးပါ ထားထားတဲ့အိုင်ဒီယာကို သဘောကျမိတာနဲ့ အမှတ်တရ ရိုက်ခဲ့တာပါ။ 

တက်စ်မေးနီးယားမှာ အလုပ်လက်မဲ့ ခြောက်ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် မသေးလှပါဘူး။ အဲ့ဒီအတွက် လက်ရှိပြည်နယ်အစိုးရကို အပြစ်တင်ကြပါတယ်။ လက်ရှိပြည်နယ်အစိုးရဟာ အစိမ်းရောင်များလို့ အမည်ရပြီး သဘာဝစိမ်းလန်းစိုပြေ ထိန်းသိမ်းရေးကို ဦးစားပေးတဲ့အတွက် ဟိုနေရာ၊ ဒီနေရာ ဒါမဆောက်ရ၊ ဟိုစီးပွားရေးမလုပ်ရ ကန့်ကွက်လွန်းတဲ့အတွက် စက်ရုံလုပ်ငန်းအခွင့်အလမ်းများ နည်းပါးပြီး အလုပ်လုပ်ခွင့် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောင်နှစ်မဲပေးတဲ့အခါ အစိုးရပြောင်းပေးမယ်လို့လည်း ဒေသခံတစ်ချို့က ဆန္ဒဖော်နေပါတယ်။ 

ခရီးသွားလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် အားထားကြရတဲ့ အနေအထားမျိုးမှာ လမ်းတစ်လျှောက်က မြို့ငယ်ရွာငယ်တွေဟာ တတ်နိုင်သလောက် ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် သူ့နည်းသူဟန်နဲ့ နည်းလမ်းရှာဖွေ ကြံဆလုပ်ဆောင်ကြပါတယ်။ ဥပမာ ပင်လယ်ကမ်းခြေ၊ အခြား သဘာဝအလှအပတွေနဲ့ အလှမ်းဝေးပြီး ခရီးသွားဧည့်သည် အရောက်နည်းခဲ့တဲ့ ရှက်ဖ်ဖီးလ်မြို့ဟာ နံရံပန်းချီများနဲ့ ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သလို အနီးအနားက မြို့တွေကလည်း သစ်ပင်ပန်းမန်တွေမှာ ပုံဖော်ပြီး အလှဆင်ထားတာမျိုး၊ ဒီဇိုင်းမျိုးစုံနဲ့ စာတိုက်ပုံးတွေထားပြီး တိုးရစ်တွေ တကူးတက လာကြည့်ရအောင် လုပ်ထားတာမျိုးတွေပါ။
 
 
လေးရက်မြောက်နေ့မှာတော့ ခရေဒယ်လဲမောင်တိန်မှာ အနည်းငယ်ပြင်းထန်တဲ့ ရာသီဥတုနဲ့ ကြုံခဲ့ပြီး လမ်းတော်တော်ကြာ လျှောက်ခဲ့တဲ့ဒဏ်ကြောင့် ခရီးပန်းပြီး ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါတောင် အိမ်နဲ့မြို့ထဲကို လေးဆယ့်ငါးမိနစ်တစ်ကြောင်း လမ်းလျှောက်လိုက်ပါသေးတယ်။ ဒယ်ဗွန်ပို့မြို့ထဲကနေ အိမ်အပြန် လမ်းမှာတွေ့ခဲ့တဲ့ ရောင်စုံပန်းဥယျာဉ်လေးနဲ့ ချစ်စရာအိမ်လေးကို အမှတ်တရ ရိုက်ယူခဲ့ပါတယ်။


၂၀၁၃ခုနှစ်အတွက် တက်စီခရီးဟာ နောက်ဆုံးဖြစ်ခဲ့သလို စုဆောင်းခဲ့တဲ့ အမှတ်တရ ပစ္စည်းလေးတွေထဲမှာလည်း ဒီအကောင်ပုံလေးက နောက်ဆုံးပါပဲ။ အပြင်မှာ မတွေ့ခဲ့ရတဲ့ တက်စ်မေးနီးယန်းဒီဗဲလ်ကို ပုံလေးပဲဝယ်ပြီး အမှတ်တရ သိမ်းထားလိုက်ပါတယ်။ တစ်နေ့နေ့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ရေခဲသေတ္တာပေါ်မှာ ကပ်ဖြစ်မှာပေါ့လေ။


ဇွန်မိုးစက်

တက်စီတစ်ခေါက် အလည်ရောက်

2

Category:

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ဒီဇင်ဘာလဆန်းက သွားဖြစ်ခဲ့တဲ့ ခရီးလေးအကြောင်း နှစ်မကုန်ခင် ရေးတင်မယ်လို့ စိတ်ထဲရှိခဲ့ပေမယ့် မရေးနိုင်ခဲ့ပါဘူး။ နွေရာသီကျောင်းပိတ်ရက်မှာ စာတွေရေးမယ်လို့ အားခဲထားခဲ့ပေမယ့် တကယ်တမ်းကျ မရေးဖြစ်ပြန်ပါဘူး။ ဒါပေမယ့် စာရေးချင်တဲ့စိတ်ကလေး လုံးလုံးလျားလျား မပျောက်သေးတာရယ်၊ ခရီးသွားတိုင်း ကိုယ်တွေ့မြင်သိခွင့်ရတဲ့ ဒေသန္တရ အတွေ့အကြုံလေးတွေ ဝေမျှချင်တဲ့စိတ်အခံရှိနေတာရယ်၊ အကြောင်းမဆုံရင် လူတိုင်းမရောက်ဖြစ်တဲ့ သဘာဝအတိုင်း လှပနေတဲ့ တက်စ်မေးနီးယားကျွန်းကို ရောက်ခဲ့တာရယ်ပေါင်းပြီး ရေးဖြစ်သွားပါတယ်။

သြစတြေးလျနိုင်ငံရဲ့ စုစုပေါင်းပြည်နယ်ရှစ်ခုမှာ ဒုတိယအသေးဆုံးပြည်နယ်ဖြစ်တဲ့ တက်စ်မေးနီးယားရဲ့ ဧရိယာအကျယ်အ၀န်းက အိုင်ယာလန်နိုင်ငံနဲ့ အတူတူပါပဲ။ တစ်ပြည်နယ်လုံးရဲ့ လေးဆယ်ရာခိုင်နှုန်းနီးပါးက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နေရာတွေဖြစ်ပြီး အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ကမ်းခြေတော်တော်များများကလည်း လူဝင်လူထွက် နည်းပါးတာမို့ သန့်ရှင်းပြီး ပျက်စီးယိုယွင်းတာတွေ သိပ်မရှိဘဲ တစ်ကျွန်းလုံးနီးပါး သဘာဝအတိုင်း လှနေပါတယ်။ ကျွန်း တောင်နဲ့မြောက်ကိုပဲဖြစ်ဖြစ်၊ အရှေ့နဲ့အနောက်ကိုပဲဖြစ်ဖြစ်  သုံးနာရီကျော်ကျော်မောင်းလိုက်ရင်ပဲ ခရီးရောက်လို့ ကားနဲ့သွားရတာ သိပ်အဆင်ပြေပါတယ်။ 

သြစတြေးလျကျွန်းမကြီးလို ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု မရှိတဲ့အတွက် ကြည့်လိုက်တိုင်း စိမ်းစိုနေတဲ့ လယ်ကွင်းနဲ့ တောင်စဉ်တောတန်းတွေ မျက်စိတစ်ဆုံးတွေ့ရပါတယ်။ ဥရောပရာသီဥတု အထူးသဖြင့် နေသိပ်မပွင့်ဘဲ တစ်နှစ်ပတ်လုံးနီးပါး အေးတတ်တဲ့ အင်္ဂလန်ရာသီဥတုနဲ့ တူတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ တကယ်လည်း ဇွန်ရောက်သွားခိုက် အဲလိုရာသီဥတုမျိုးနဲ့ ကြုံခဲ့ပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို ဥရောပရောက်သွားသလိုပဲ ထင်မိပါတယ်။ သြစတြေးလျန်းတွေဟာ ဖော်ရွေခင်မင် ကူညီတတ်ကြပါတယ်။ အဲဒီထဲမှာမှ တက်စ်မေးနီးယန်းတွေက ဖော်ရွေအကူညီတတ်ဆုံးလို့ လူသိများထင်ရှားပါတယ်။ 

၅ညအိပ်၎ရက်ခရီးပဲ ဖြစ်ခဲ့တာမို့ ကျွန်းတောင်ပိုင်းကို မရောက်ခဲ့ပါဘူး။ မြောက်ပိုင်းမှာတော့ အတော်နှံ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ကျွန်းလုံးအနှံ့ ကားလေးနဲ့ အေးအေးဆေးဆေး မောင်းပြီးသွားမယ်ဆိုရင် နှစ်ပတ်ဆယ်ရက်လောက် အချိန်ပေးသင့်တယ်လို့ ခရီးသွားဆောင်းပါးတစ်ချို့က ညွှန်းပါတယ်။ အချို့ကလည်း တစ်ပတ်ဆိုရင်ပဲ ရောက်သင့်ရောက်ထိုက်တဲ့ နေရာမှန်သမျှ ရောက်တယ်လို့ ဆိုကြပါတယ်။ ဇွန့်အနေနဲ့ ရက်နည်းပေမယ့် ရတဲ့ရက်မှာ ရောက်ခဲ့တဲ့နေရာတိုင်းကို ကျေနပ်ပါတယ်။ ဘယ်နေရာရောက်ရောက် ဘယ်သွားသွား အားလုံးက လှနေလို့ပါ။ ရာသီဥတု၊ သဘာဝမြေနေရာတော်တော်များများက နယူးဇီလန်နဲ့ ဆင်တူတာကြောင့် နယူးဇီလန်ဒါများကလည်း တက်စီကို သဘောကျလေ့ရှိတယ်လို့ သိရပါတယ်။

နောက်တစ်နေ့မနက် ခရီးမစခင် Latrobe မြို့လေးဘက်အရင်ဝင်ပြီး ဘယ်လ်ဂျီယမ်လူမျိုး Igor Van Gerwen လာရောက် တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ Anvers ချော့ကလက်စက်ရုံရဲ့ ကော်ဖီဆိုင်လေးမှာ မနက်စာစားရင်း ချော့ကလက်ပူပူတစ်ခွက် သောက်ခဲ့ပါတယ်။ အခုချိန်ထိ သောက်ဖူးသမျှ ချော့ကလက်ပူပူထဲမှာ အကောင်းဆုံးပါပဲ။

ပန်းတွေမြင်ရင် ဓာတ်ပုံမရိုက်ဘဲ မနေနိုင်တဲ့ဇွန်ဟာ ချော့ကလက်စက်ရုံဝင်းဥယျာဉ်ထဲက ပန်းလေးတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။

ဆစ်ဒနီက ကမ္ဘာ့နာမည်ကြီး စာရင်းဝင် ကမ်းခြေတွေ ရောက်ဖူးခဲ့ပေမယ့် အခုမြင်ရတဲ့ Boat Harbour ကမ်းခြေငယ်လေးကို ရောက်တဲ့အခါမှာတော့ ရင်သပ်ရှုမောဖြစ်သွားပါတယ်။ ကြည်လင်စိမ်းမြနေတဲ့ ပင်လယ်ပြင်၊ ဖြူလွလွသဲသောင်ပြင်နဲ့ ပြာလွင်နေတဲ့ကောင်းကင်ဟာ လိုက်ဖက်ညီစွာ သိပ်လှနေခဲ့တာပါ။ တစ်ရက်တည်းမှာပဲ ဥတုလေးမျိုးရှိတတ်တဲ့ တက်စီဟာ အဲ့ဒီနေ့မှာတော့ ထူးခြားစွာနဲ့ တစ်နေကုန်နေပွင့်ခဲ့ပြီး နွေရာသီဖြစ်ခဲ့တာကြောင့် ဇွန့်အတွက် ကံကောင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။

Devonport ကနေစထွက်ပြီး အနောက်ဘက်ကမ်းခြေလမ်းအတိုင်းမောင်းသွားတဲ့အခါ လမ်းတစ်လျှောက်က မြို့ငယ်လေးတွေဖြစ်တဲ့ Burnie, Wynyard တို့ကို ရောက်ခဲ့ပြီး Stanley အထိ ခရီးဆက်ခဲ့ပါတယ်။ ပုံမှာမြင်ရတဲ့ ကျောက်တောင်တစ်ဖြစ်လဲ မီးတောင်ဟောင်း The Nut ရှိတဲ့အတွက် မြို့ငယ်စတန်လေကို ခရီးသွားတွေ အရောက်များကြပါတယ်။

မြို့လေးသေးပေမယ့် လှပချစ်စရာကောင်းတာ အမှန်ပါပဲ။

စတန်လေကနေ ပြန်အထွက်မှာတော့ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Highfield ကို ရောက်ခဲ့ပါတယ်။ ၁၈၃၀ပြည့်နှစ်များက အစိုးရအိမ်တော်ဖြစ်ခဲ့ပြီး ဒေသခံ aboriginal လူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ခဲ့ရာ နေရာလည်းဖြစ်ပါတယ်။ အခုနေခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။

ဒီပုံကတော့ တက်စ်မေးနီးယားကျွန်းရဲ့ အနောက်မြောက်တည့်တည့် တည်နေရာမှာရှိတဲ့ Port Sorell မြို့အနီးက Hawley ကမ်းခြေပါ။ တကယ်တော့ အဲ့ဒီကမ်းခြေကို နှစ်ပိုင်းခွဲထားပါတယ်။ လူတွေအတွက်ရယ်၊ ခွေးတွေအတွက်ရယ်ပါ။ ရယ်စရာဖြစ်ခဲ့ပုံက ဇွန်တို့ရောက်ခဲ့တဲ့ဘယ်ခြမ်းအပိုင်းက ခွေးကျောင်းထွက်တဲ့ကမ်းခြေ ဖြစ်နေပါတယ်။ ပြန်အထွက်မှာမှ လူတွေအပန်းဖြေဆော့ကစားနေကြတဲ့ ညာခြမ်းကကမ်းခြေကို တွေ့ပါတော့တယ်။ အဲဒီကမ်းခြေက လိမ္မော်ရောင်စွန်းနေတဲ့ သဘာဝကျောက်တွေကြောင့်သာမကဘဲ ဂဏာန်းနီလေးတွေရှိတဲ့ ကမ်းခြေရယ်လို့လည်း လူသိများပါတယ်။ တကယ်လည်း သဲပြင်မှာ ခြေချစရာနေရာမရှိလောက်အောင် ဂဏာန်းနီလေးတွေနဲ့ သူတို့ရဲ့ သဲတွင်းလေးတွေ အပြည့်ပါ။ အရောင်စုံတဲ့ ခရုခွံလေးတွေကို မြင်ရတဲ့အခါမှာတော့ ဦးကြင်ဥရဲ့ ၀င်ကစွပ် ကဗျာလေးကို ရုတ်တရက် သတိရမိပါတယ်။

တက်စ်မေးနီးယားဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မီးတောင်ဟောင်းဖြစ်ခဲ့တဲ့အတွက် ဟာဝိုင်အီလိုပဲ ကမ်းခြေတိုင်းက ကျောက်တုံးကျောက်ခဲတွေဟာ အေးခဲသွားတဲ့ချော်ရည်တွေကြောင့် အမဲရောင်အသွင်ဆောင်ကြတာကို တွေ့ရပါတယ်။

Devonport ကတော့ တက်စ်မေးနီးယားမြောက်ပိုင်းရဲ့ အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ပါ။ မြို့တော် Hobart နဲ့ Launceston မြို့ပြီးရင် တတိယအကြီးဆုံး မြို့လည်း ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့ ဖယ်ရီကတော့ မဲလ်ဘုန်းနဲ့ ဒယ်ဗွန်ပို့အကြား အပြန်အလှန် ညစဉ်ပြေးဆွဲပေးတဲ့ ဖယ်ရီပါ။ မြို့နှစ်မြို့ကနေ ညနေ၇နာရီခွဲပုံမှန်ထွက်ပြီး မနက်၆နာရီမှာ တစ်ဖက်ဆိပ်ကမ်းဆီ ဆိုက်ရောက်ပါတယ်။ များသောအားဖြင့် ကျွန်းမကြီးဘက်က အော်စီတွေဟာ ဟောလီးဒေးထွက်လာကြတဲ့အခါ ကားတွေပါ ဖယ်ရီနဲ့တစ်ပါတည်းသယ်လာပြီး ဒယ်ဗွန်ပို့ရောက်တဲ့အခါ တစ်ကျွန်းလုံးကို ကိုယ်ပိုင်ကားနဲ့ဆက်ပြီး ခရီးနှင်လေ့ရှိပါတယ်။

ဒယ်ဗွန်ပို့ရဲ့ အထင်ကရ မာစီမြစ်ကမ်းနံဘေးက The Spirit of the Sea ကြေးရုပ်ထုပါ

အဖြူမှာ အနီရောင်အစင်းနဲ့ရယ်လို့ ထင်ရှားတဲ့ Mersey Bluff မီးပြတိုက်ရဲ့သက်တမ်းက နှစ်တစ်ရာ့အစိတ်ရှိပါပြီ။ ဒီနေရာလေးဟာလည်း ခရီးသွားဧည့်သည်တွေအတွက် မရောက်မဖြစ် တစ်နေရာပါပဲ။

နောက်တစ်ရက်မှာတော့ Launceston မြို့ကနေ တစ်နာရီသာသာ မောင်းရင်ရောက်တဲ့ ဧက ၂၆၀ကျော် စိုက်ပျိုးထားတဲ့ လာဗန်ဒါ ပန်းခင်းတွေရှိတဲ့ Bridestowe Lavender Farm ကို သွားကြပါတယ်။ အဲဒီ့နေ့မှာတော့ ကံမကောင်းစွာနဲ့ မိုးတွေက ရွာနေခဲ့ပြီး ပန်းတွေက အကုန်အစင်မပွင့်သေးတဲ့အတွက် ခရမ်းပြာရောင်ပန်းခင်းကြီး မြင်ရမယ့်အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။ ဇွန်ရောက်သွားချိန်က ဒီဇင်ဘာအစမို့ နဲနဲစောသွားပါတယ်။ ဒီဇင်ဘာမကုန်ခင်နဲ့ဇန်န၀ါရီလလယ်ကြားချိန်မှာ တစ်ခင်းလုံးအပြည့် လာဗန်ဒါတွေ ပွင့်နေမှာကို စိတ်ကူးနဲ့ပဲ မြင်ယောင်ကြည့်လိုက်ရပါတော့တယ်။

အပိုင်း ၂ ဆက်ရန် ရှိပါသေးသည်။


ဇွန်မိုးစက်



အင်ဒေါင်းအန်ဒါ

0

Category:

ဒေါင်းအန်ဒါမှာ… ကျေးငှက်သာရကာ တိရစ္ဆာန်လေးတွေ အလွန်ပေါပါသည်။ ကျောင်းသွားရာ လမ်းတစ်လျှောက်ဖြစ်စေ၊ ဈေးသွားရာ လမ်းတစ်လျှောက်မှာဖြစ်စေ၊ အမျိုးအမည်သိသော၊ မသိသော ငှက်ပေါင်းစုံတို့၏ အသံစာစာလေးတွေ ကြားရတတ်သည်။ ဥသြသံ၊ ချိုးကူသံ၊ ကျီးအာသံတို့အပြင် ရွှေကျေး (ကြက်တူရွေး)တို့၏ ၀ိုင်းဖွဲ့ဆူညံသံများလည်း အိမ်နားမှာ မကြာခဏကြားရ မြင်ရတတ်ပါသည်။ ရာသီအလိုက်ပွင့်သောပန်းများကလည်း စုံလင်လှပကြသည်။ နွေဦးရာသီမှာ စိန်ပန်းပြာတို့ဝေနေအောင် ပွင့်ကြသည့်အခါ ကျွန်မ၏ဖုန်းကင်မရာလေးမှာ ထောင်လိုက်တစ်ဖုံ၊ အလျားလိုက်တစ်နည်းဖြင့် တဖျတ်ဖျတ်လက်ရတော့သည်။ နွေရာသီခရစ္စမတ်ချိန်ခါမှာ အိမ်ရှေ့က အဆုပ်လိုက် ပင်လုံးကျွတ်အောင် ပွင့်ကြသော ပန်းသွေးရောင်အဆင်းရှိ ပန်းကလေးများကိုလည်းကောင်း၊ မြက်ခင်းစိမ်းများကြားက ခေါင်းထောင်ထိုးထွက်လာသော အ၀ါရောင်ပန်းကလေးများအားလည်းကောင်း ကျွန်မကြည့်၍မ၀နိုင်ပါ။ ပန်းကြိုက်သော်လည်း တစ်ခါမှ ပန်းမပန်ဖူးသောကျွန်မ၏ ဓာတ်ပုံမှတ်တမ်းထဲမှာ ဒေါင်းအန်ဒါက အရောင်အသွေးစုံ ပန်းမျိုးစုံတို့ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာလျက် ရှိနေတော့သည်။

အနောက်၊ အလယ်၊ အရှေ့၊ ကမ္ဘာ့နေရာပေါင်းစုံမှ လူမျိုးကွဲအသီးသီးတို့ အခြေချနေထိုင်ရာဖြစ်သော အနှီကျွန်းကြီးပေါ်မှ လူများကလည်း ဖော်ရွေကြပါသည်။ တစ်ချိန်က လူဖြူသြစတြေးလျန်းပေါ်လစီချမှတ်ပြီး ဥရောပနွယ်ဖွားများကိုသာ ဦးစားပေးခေါ်ယူခဲ့သော အချိန်ကာလ ရှိခဲ့သော်လည်း ယခုအခါမှာတော့ လူမျိုးခွဲခြားဆက်ဆံမှု မတွေ့ရသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။ ဥရောပမှ အလည်အပတ်လာရောက်ကြသူ လူငယ်များသည် ဒေါင်းအန်ဒါ ရောက်သည့်အခါ လွန်စွာ သဘောကျကြသဖြင့် အချိန်ကြာကြာနေခွင့်ရပြီး တစ်ကျွန်းလုံးအနှံ့ခရီးဆန့်နိုင်ရန် သြစတြေးလျန်း တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်လေ့ရှိကြသည်။ သို့ရာတွင် မည်သည့်တက္ကသိုလ်အားကြည့်ကြည့် နိုင်ငံတကာကျောင်းသားဦးရေချင်း ယှဉ်လိုက်လျှင် တရုတ်ပြည်မှကျောင်းသားအရေအတွက်သည်သာ အများဆုံးဖြစ်သည်။ ဆစ်ဒနီမြို့တွင် နေထိုင်ကြသော တရုတ်လူမျိုးများ၏ ရာခိုင်နှုန်းကလည်း မနည်းလှပါ။

၁၈ရာစုအတွင်းက ဤကျွန်းသို့ အစောဆုံးရောက်လာသော အာရှနွယ်ဖွားလူနည်းစုတွင် တရုတ်၊ ပါလက်စတိုင်းနှင့် အိန္ဒိယန်းလူမျိုးတို့ ပါဝင်ခဲ့ကြသည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲပြီးသည့်နောက်ပိုင်းတွင် ဗီယက်နမ်လူမျိုးအများအပြား လာရောက်ခိုလှုံခဲ့ကြသည်မှ ယခုဆိုလျှင် ဗီယက်နမ်အသိုင်းအ၀ိုင်းသည်လည်း အတော်ကြီးမားလျက်ရှိပြီး လမ်းသွားရင်းနှင့်ပင် ဗီယက်နမ်စကားများ မကြာခဏဆိုသလို ကြားရသည့် အနေအထားမှာ ရောက်ရှိနေပြီဖြစ်သည်။ မြေထဲပင်လယ်ဒေသမှ လူမျိုးများသာမက အရှေ့အလယ်ပိုင်းဒေသမှ အာရေဗျ၊ အီဂျစ်ပ်ရှန်း၊ လက်ဘနီစ်၊ ဂျော်ဒန်နိယန်း၊ အီရေးနီးရန်း၊ အာမေးနီယန်း၊ တာကစ်ရှ်လူမျိုးများလည်း မနည်းမနောပင် အခြေချနေထိုင်လျက်ရှိကြသည်။ ထိုလူမျိုးများက မွေးဖွားသော ကလေးအရေအတွက်မှာ အခြားအေရှန်းနှင့် လူဖြူများက မွေးဖွားသော သားသမီးအရေအတွက်ထက် အဆပိုများသဖြင့် နောင်နှစ်ပေါင်းများစွာကြာသည့်အခါ လူဦးရေနှင့်လူမျိုးဘာသာ အချိုး တစ်မျိုးပြောင်းလဲသွားနိုင်သည်ဟု လူကြီးများက မှန်းဆသုံးသပ်လျက်ရှိကြသည်။

ကမ္ဘာပေါ်တွင် မူလဒေသခံမဟုတ်သော လူမျိုးကွဲအများဆုံးနှင့် ဘာသာစကားပေါင်း တစ်ရာကျော်ပြောဆိုနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်ဟု ဂုဏ်ယူစွာရည်ညွှန်းကြသော်လည်း အင်္ဂလိပ်ဘာသာစကားသည်သာ ရုံးသုံး၊ လူသုံးအများဆုံးဖြစ်ပါသည်။ နားမယဉ်သေးလျှင် အော်စီတို့၏ အင်္ဂလိပ်အသံထွက်ကို အစပိုင်းတွင် ကြားနာရခက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘမ်းစကားများ၊ အတိုကောက်များလည်း အလွန်သုံးကြသည်။ အချို့သောလူများက အော်စီတို့ အပျင်းထူသောကြောင့် အတိုကောက်သုံးခြင်းဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။ ဥပမာ - တက်စမေးနီးယားကို တက်စီ၊ afternoon ကို arvo၊ comfortable ဖြစ်မဖြစ် မေးသည့်အခါ comfy ဟုပဲ သုံးလိုက်တာမျိုး။ ကလေးများနှင့် ပြောဆိုကစားကြသည့်အခါမှာလည်း ဒါက  ကြွက်ကလေး၊ ဒါက ဘဲကလေးဟု ခေါ်ဆိုသည့်အစား ၀ိုင်/အိုင်အီးနှင့်အဆုံးသတ်ပြီး မောက်စီ၊ ဒက်ကီ စသဖြင့် သုံးနှုန်းလိုက်သည်ကို တွေ့ရပါသည်။ အချင်းချင်းတွေ့လျှင် နှုတ်ဆက်သည့်အခါမှာတော့ အနည်းငယ်ရှည်ပါသည်။ ဟယ်လို၊ ဟိုင်းဖြင့် ပြီးမသွားဘဲ ဟောင်းအာယူက အမြဲကပ်ပါလေ့ရှိသည်။ အဲသည်လို အမေးခံရသည့်အခါတိုင်း ဟယ်လို၊ ဟုတ်ကဲ့ ကျွန်မ နေကောင်းပါတယ်၊ ရှင်ရော ဘယ်လိုနေသလဲဟု အစအဆုံးပြန်ဖြေမေးစရာမလိုဟု နိုင်ငံတကာ ကျောင်းသားများကြိုဆိုပွဲတွင် အဖွင့်အမှာစကားပြောကြားသော ပါမောက္ခတစ်ဦးက ရှင်းလင်းပြောပြခဲ့ပါသည်။

ကျွန်မ သွားလာလှုပ်ရှားသော ပတ်ဝန်းကျင်မှာ မြင်ရသမျှ အော်စီတို့ သဘောကောင်း စိတ်ရှည်ကြသည်။ အသက်ရှည်နှုန်း မြင့်မားကြပြီး ၉၀ကျော် ၁၀၀နီးပါး ဖိုးဖိုးဖွားဖွားတွေ အများကြီး တွေ့ရသည်။ ကလေးရော လူကြီးများပါ အားကစားတစ်မျိုးမဟုတ်တစ်မျိုး လိုက်စားကြသည်။ တစ်ခါဖြတ်သွားလျှင် ခုနစ်အိမ်၊ ရှစ်အိမ်ကြားရလောက်အောင် သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး ကားမောင်းလေ့ရှိကြသည်။ ရေအလွန်ကြိုက်ကြသည်။ ဆောင်းမကုန်ခင်ကပင် အပူချိန်အနည်းငယ်မြင့်သည်နှင့် ကမ်းခြေသို့ ရေသွားကစားကြ၊ ကူးကြပြီ။ ကိုယ်ကအနွေးထည်အထူချွတ်ပြီး ဆွယ်တာဝတ်ခိုက်မှာပင် သူတို့က တူးပိစ်နှင့် ဖြစ်နေကြပြီ။ နွေဦးရောက်သည်နှင့် အများသုံးဘတ်စ်ကားပေါ် တက်လာကြသူ ကလေးလူငယ်တစ်သိုက်မှာ မျက်နှာသုတ်ပ၀ါကိုယ်စီပါသော်လည်း ဖိနပ်ပါချင်မှပါသည်။ အချို့မိန်းကလေးများက အောက်မှာရေကူးဝတ်စုံဝတ်ထားပြီး အပေါ်မှ အလွယ်တကူ ချွတ်ဝတ်နိုင်သော ခေါင်းစွပ်အင်္ကျီပွပွများ ၀တ်ဆင်ထားသော်လည်း အချို့ကတော့ တူးပိစ်နှင့်ပင် ဘတ်စ်ကားစီးကြတာ တွေ့ရသည်။ လူငယ်လူရွယ်များကြား အယ်လ်ကိုဟော သောက်သုံးမှုနှုန်းမှာမြင့်မားနေပြီး ထိုးကြိတ်ရန်ဖြစ် မူးယစ်ရမ်းကားမှုတွေ နေ့စဉ်နှင့်အမျှ သတင်းထဲမှာ မြင်နေရသည်။ လွန်ခဲ့သော ဆယ်နှစ်ကနှင့်ယှဉ်လျှင်ပင် သေနစ်ပစ်သေဆုံးမှုတွေ သိသိသာသာများလာသည်ဟု ဆိုပါသည်။ တစ်ချိန်က အနောက်ဥရောပ အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုဖြင့် ဆောက်တည်ဖွံ့ဖြိုးခဲ့သောနိုင်ငံဖြစ်သော်လည်း ယခုအခါ အမေရိကန်ယဉ်ကျေးမှုက အမြောက်အမြား လွှမ်းမိုးနေရာယူလာပြီဖြစ်သည်။

ကျွန်မသည် အိမ်နှင့်ကျောင်း၊ အိမ်နှင့်မြို့ထဲကို ရထားထက် ဘတ်စ်ကားဖြင့်သာ နေ့စဉ်သွားလာ ခရီးနှင်ဖြစ်ပါသည်။ ဆစ်ဒနီမှာ ဘတ်စ်ကားစောင့်ချိန်ကြာတတ်သော်လည်း ဘတ်စ်ကားစီးရသည့်အခါ အလွန်စိတ်ချမ်းသာရပါသည်။ အထူးသဖြင့် ဘတ်စ်ကားဒရိုင်ဘာများ၏ စိတ်ရှည်သည်းခံသဘောကောင်းသည်ကို မြင်ရသည့်အခါ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ ခရီးသည်မေးသမျှ စိတ်ရှည်ကျနစွာ ပြန်ရှင်းပြခြင်း၊ ကလေးသူငယ် သက်ကြီးရွယ်အိုများ နေရာတကျ ထိုင်ပြီး၊ ဆင်းပြီးသည်အထိ စောင့်ပြီးမှ မောင်းခြင်း၊ လက်မှတ်မပါလျှင် (သို့မဟုတ်) ကုန်သွားလျှင် ငေါက်ငမ်းဗွေမယူဘဲ အလကားပေးစီးခြင်း၊ လူကူးမျဉ်းအတွက် မီးနီနေသော်လည်း လူတစ်ချို့ စိမ်ပြေနပြေကူးနေသည်ကို စိတ်တိုခြင်း၊ မြန်တွန်တောက်တီးခြင်း အလျဉ်းမရှိဘဲ ရပ်စောင့်ခြင်းတို့ကို လူဖြူဒရိုင်ဘာများက အေးဆေးစွာပင် ပြုမူလေ့ရှိကြသည်။ အချို့သောအာရှနွယ်ဖွား ဒရိုင်ဘာများကမူ သူတို့လောက် စိတ်မရှည်ကြသည်မှာ ဘာကြောင့်လဲဟု ကျွန်မ တွေးမိပါသည်။ မည်သို့ပင်ဖြစ်စေ ယူကေမှာတုန်းက ကားပေါ်မှဆင်းလျှင် ကားမောင်းသူကို ကျေးဇူးတင်ကြောင်းပြောကျင့်ရခဲ့သောကျွန်မ အခုဒေါင်းအန်ဒါမှာ ပြန်ပြောခွင့်ရတော့ ၀မ်းသာကျေနပ်မိသည်မှာ အမှန်ပင်။

ဒေါင်းအန်ဒါက ကားနံပါတ်ပလိတ်ပြားတွေမှာ ကျွန်မသဘောကျမိတာတစ်ခု ရှိပါသေးသည်။ နံပါတ်ပြားတွေပေါ်မှာ ကိုယ်နေထိုင်ရာ ပြည်နယ်ကိုယ်စားပြုစာသားလေးတွေ ရေးထိုးထားခြင်းဖြစ်သည်။ ဥပမာ ကားတစ်စီးက နယူးဆောက်ဝေးလ်ပြည်နယ်ကဆိုလျှင် ‘The Premier State’၊ ဗစ်တိုးရီးယားဆိုလျှင် ‘The Place to be’၊ အက်ဒီလိတ်ကျတော့ ‘The Festival State’၊ ကွင်းစလန်မှကားဆိုလျှင် ‘Sunshine State’၊ အေစီတီ, ကင်ဘာရာကကားတွေမှာ ‘The Nation’s Capital’၊ တက်စ်မေးနီးယားက ကားတွေမှာတော့ နှစ်မျိုးရေးကြတာတွေ့ရသည်။ အများစုက ‘Explore the Possibilities’ ဟုရေးထိုးထားလေ့ရှိကြပြီး တချို့ကားတွေက ‘Your Natural State’ ဟူ၍ရေးထားကြခြင်းဖြစ်သည်။ မြောက်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်က ကားတွေမှာ ဘယ်လိုရေးထားသလဲဟု သိချင်မိ၍ သတိထားပြီး လိုက်ကြည့်သော်လည်း ယခုချိန်ထိ ကျွန်မ မတွေ့ရသေးပါ။

ငှက်ပျောသီးမကြိုက်သော ကျွန်မ ဒေါင်းအန်ဒါမှာ ငှက်ပျောသီးတွေ မမြင်ချင်အဆုံး မြင်ရသည်။ စူပါမားကတ်များတွင်သာမက Seven Eleven လို ဆိုင်မျိုး၊ ကျောင်းကင်တင်း ကော်ဖီဆိုင်မျိုးက ငွေရှင်းကောင်တာနားမှာ အလွယ်တကူ ၀ယ်ယူနိုင်အောင် ငှက်ပျောသီးခြင်းတစ်ခြင်းထားပြီး ရောင်းလေ့ရှိသည်ကို သတိထားမိသည်။ အော်စီတို့ငှက်ပျောသီးအလွန်စားကြောင်း ကျွန်မဖတ်ဖူးသော သင်ခန်းစာတစ်ခုကို သွားအမှတ်ရသည်။ ငှက်ပျောသီးအပြင် ထောပတ်သီးလည်း ကြိုက်ကြသည်။ အော်စီအိမ်တိုင်းမှာ ရှိတတ်သော၊ အော်စီမဟုတ်လျှင် ကြိုက်လေ့မရှိသော အစားအစာတစ်မျိုးကိုတော့ ကျွန်မ ကြိုက်နှစ်သက်သွားပါသည်။ ဗက်ဂျီမိုက် (Vegemite) ဟုခေါ်သော ငန်သလိုခါးသလိုအရသာရှိသည့် ဂျုံ၊ဘာလီမှ ပြုလုပ်ထားသော ယိုတစ်မျိုးဖြစ်သည်။ ပထမဆုံးအကြိမ် စားကာစ ကျွန်မ မျက်နှာရှုံ့တွပြီး နောက်မစားတော့ဘူးဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းသူတစ်မျိုးထဲထက်ပို၍ ထောပတ်နှင့်တွဲပြီးသုတ်စားလျှင် အရသာရှိကြောင်း သိသွားသဖြင့် မနက်စာ ပါမုန့်မီးကင်ထောင်ပတ်သုတ်စားတိုင်း ဗက်ဂျီမိုက်မပါလျှင် မစားတတ်သလိုပင် ဖြစ်သွားတော့သည်။

ဒေါင်းအန်ဒါ၏ နွေရာသီပြယုဂ်တစ်ခုတွင် ယင်ကောင်များလည်း အပါအ၀င်ဖြစ်သည်။ ထိုအကြောင်းကို စာတစ်အုပ်ထဲမှာ ဖတ်ဖူးထားသော်လည်း သတင်းထောက်များစကားပြောသည့်အခါ၊ စပျစ်ခင်းအထက် မင်္ဂလာဆောင်မှ သတို့သားနှင့် သတို့သမီးတို့ မျက်နှာရှေ့က ယင်ကောင်များကို လက်ဖြင့်သပ်၍ မကြာခဏ ဖယ်ရှားရှင်းလင်းနေရသည်ကို မြင်ရသည့်အခိုက်မှာတော့ ဒါ… အော်စီနွေအစစ်ပဲဟု သတိချပ်မိတော့သည်။ နှစ်စဉ်ပွင့်လင်းရာသီရောက်လျှင် တောမီးများ လောင်ကျွမ်းလေ့ရှိသောကြောင့် မီးသတ်သမားများ သက်စွန့်ဆံဖျား အလုပ်များကြရသည်။ ဒေါင်းအန်ဒါရှိ အန္တရာယ်အများဆုံးနှင့် ခြိမ်းခြောက်မှုအရှိဆုံး သဘာဝဘေးဒဏ်မှာလည်း လေပင့်လျှင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းတတ်သော ချူံမီး၊ တောမီးများပင် ဖြစ်သည်။ အလယ်ပိုင်းကန္တာရဒေသမှ ပူပြင်းခြောက်သွေ့သော လေများ ကျွန်း၏တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ ရိုက်ခတ်သည့်အခါ နွေရာသီရောက် အမြင့်ဆုံးအပူချိန်မှာ ၄၀ဒီဂရီစင်တီဂရိတ်ကို ကျော်သွားတတ်ပါသည်။ သို့ရာတွင် ပင်လယ်သမုဒ္ဒရာဘက်မှ လေအေးများတိုက်ခတ်ချိန်တွင်မူ ပျမ်းမျှအပူအချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်မှာရှိ၍ နေလို့ကောင်းပါသည်။ ယခုနှစ်အတွက် တိမ်အုံ့ဆိုင်းပြီး မိုးဖွဲများဖြင့် စိုစွတ်သော နွေရာသီမှ ခရစ္စမတ်အခါသမယကို ဒေါင်းအန်ဒါမှာ ကျွန်မ ကြံကြိုက်ရပြီဖြစ်သည်။


ဇွန်မိုးစက်

ဘယ်သူနဲ့တူသေးလဲကွယ်

11

Category:

တစ်နေ့က စာမေးပွဲဖြေအသွား ဇွန်စီးလာတဲ့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင် မျက်လုံးထောင့်စွန်းက ရိပ်ခနဲ ဖျတ်ပြေးသွားတဲ့ ရွှေရောင်ဆံပင်နောက် လိုက်ကြည့်မိတဲ့အခါ ကားဘယ်ခြမ်းပြတင်းကပ်ရပ်မှာထိုင်ပြီး ဇွန့်လိုပဲ စာမေးပွဲဖြေဖို့ စာကြည့်နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ မြင်ရတဲ့ ဘေးတိုက်အနေအထားက မင်းသားဘရတ်ပစ်အလား ထင်မှတ်မှားစရာပါ။ လက်ဖျံရိုးကလည်း ဘရက်ပစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ လက်ချောင်းတွေကတော့ မင်းသားဘရတ်ပစ်က ပိုလှမယ်ထင်ပါတယ်။ ဒါနဲ့ ဇွန်လည်း စာကြည့်လိုက်၊ ဘရတ်ပစ်… အဲ ရွှေရောင်ဆံပင်နဲ့ကိုယ်တော်လေးကို လှမ်းကြည့်လိုက်နဲ့ ကျောင်းရောက်သွားပါတယ်။ သူကလည်း ဆစ်ဒနီယူနီက ကျောင်းသားမို့ မှတ်တိုင်အတူတူပဲ ဆင်းပါတယ်။ သူဆင်းတော့မှ ရှေ့မျက်နှာကို သေသေချာချာ မြင်ရတဲ့အခါမှာတော့ ဘရက်ပစ်နဲ့ မတူတော့ပါဘူး။ ဘရတ်ပစ်က ပိုချောတယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ တလောကလည်း ဘာသာရပ်တစ်ခုမှာ လက်ခ်ချာလာပေးတဲ့ ဧည့်ဆရာတစ်ယောက်က မင်းသားဘရတ်လေကူးပါးနဲ့ တော်တော်ဆင်ပါတယ်။ အတိအကျဆင်တူနေတာမျိုး မဟုတ်ပေမယ့် မျက်နှာအနေအထား၊ အသက်အရွယ်၊ လှုပ်ရှားပြုမူတာတွေ တူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူက အပြောလည်းကောင်းတော့ တပည့်(မ)တွေအတွက် အတော့်ကို  ဆွဲဆောင်မှုရှိတဲ့ ဆရာတစ်ယောက်ပါပဲ။ :)

လူတူမရှား၊ နာမည်တူမရှားဆိုတဲ့ မြန်မာစကားပုံလေး ခေါင်းထဲဝင်လာရင်း ကိုယ့်အကြောင်းကို ပြန်သတိရသွားပါတယ်။ ဇွန်ငယ်ငယ်က ကိုယ်နဲ့တူတဲ့သူ မရှိဘူးလို့ပဲ ထင်ခဲ့ပါတယ်။ မွေးချင်းညီအစ်မလည်းမရှိ၊ တစ်နေရာစီ ကွဲကွာနေတဲ့ အမြွှာတွေဘာတွေမျိုးလည်း မရှိ၊ ၀မ်းကွဲညီအစ်မတွေထဲမှာလည်း ကိုယ်နဲ့ရုပ်ချင်းဆင်တဲ့သူ မရှိခဲ့ပါဘူး။ ဇွန်သိသလောက် ကိုယ်နဲ့ရုပ်တူတာဆိုလို့ အမေပဲရှိပါတယ်။ လူတွေက ဇွန့်ကိုမြင်တာနဲ့ အမေ့သမီးလို့ တန်းပြောနိုင်ကြတာ ခဏခဏကြုံခဲ့ရလို့ပါ။ (လွန်ခဲ့တဲ့နှစ်အစိတ်ကမေမေ့ကို အန်တီစုနဲ့တူတယ်လို့ လမ်းထဲက လူတွေက ပြောကြပါတယ်) အမေနဲ့သမီးတူတာတော့ အဆန်းတကြယ်မဟုတ်လှပါဘူး။ ဒါပေမယ့် ကိုယ်နဲ့လုံးဝ မပတ်သက်တဲ့၊ လူချင်းတောင် မမြင်ဘူး၊ မရင်းနှီးတဲ့ တစိမ်းတရံဆံလူတွေနဲ့ တူတယ်လို့ အပြောခံရတဲ့အခါမှာတော့ ဇွန် အံ့သြရပါတယ်။

ပထမဆုံး ကိုယ်လုံးဝမသိတဲ့ တစ်စုံတစ်ယောက်နဲ့ တူတယ်လို့ အပြောခံရတာ ဇွန် ၇တန်းနှစ်လောက်ကပါ။ အစ်ကိုဝမ်းကွဲတစ်ယောက်က အိမ်လာလည်ရင်း ညီမလေးက သူတက်နေတဲ့ဘုရားရှိခိုးကျောင်းက ကောင်မလေးတစ်ယောက်နဲ့ အရမ်းတူတာပဲလို့ အမေနဲ့ဇွန့်ကိုပြောပါတယ်။ ဇွန်လည်း အံ့သြသွားပြီး အဲဒီကောင်မလေးကို အရမ်းတွေ့ချင်စိတ်ပေါ်သွားပါတယ်။ ဘယ်လိုတူတာလဲ၊ ဘယ်လောက်တူသလဲဆိုတာ သိချင်သွားတာနဲ့ ဘုရားကျောင်းလိုက်တက်မယ်လို့ အစ်ကို့ကို ပြောမိပါသေးတယ်။ ဒါပေမယ့် အကြောင်းမသင့်စွာနဲ့ ဘုရားကျောင်း လိုက်မလည်ဖြစ်ခဲ့တော့ မတွေ့လိုက်ရပါဘူး။

နောက်တစ်နှစ်လောက်အကြာ စာမေးပွဲခန်းထဲမှာ စာဖြေနေတုန်း အတန်းစောင့်ဆရာမက ဇွန့်အနားလာရပ်ပြီး မေးပါတယ် “သမီးက မေမီလင်းရဲ့ ညီမလား” တဲ့။ ဇွန်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး “ဟင့်အင်း မဟုတ်ပါဘူး ဆရာမ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဆရာမက “သြော်… တီချယ်က သမီးကို သူ့ညီမအောက်မေ့လို့၊ သမီးနဲ့ရုပ်တော်တော်ဆင်တယ်နော်” လို့ ပြောတော့ ဇွန်မှာ အံ့လည်းသြ၊ ၀မ်းလည်းသာပေါ့။ မေမီလင်းရဲ့ ညီမလို့ အထင်ခံရနည်းလားဆိုပြီး...။ သူက လသာ၂ကျောင်းသူဟောင်းလည်းဖြစ်၊ ရုပ်လည်းချော၊ အသံလည်းကောင်း၊ ပြီးတော့ အဲဒီအချိန်က တီဗီမှာ အောင်ရင်နဲ့ နှလုံးသားကျမ်းစာသီချင်းကို စုံတွဲဆိုပြီး နာမည်ကြီးနေတာဆိုတော့… သူနဲ့ရုပ်ချင်းဆင်တယ်လို့ အပြောခံရတာကိုပဲ ဇွန့်မှာ သဘောတကျနဲ့ အကျေနပ်ကြီး ကျေနပ်ခဲ့ပါတယ်။ :D

နောက်တစ်ခါ တူတယ်လို့ အပြောခံရချိန်မှာတော့ အောင့်သက်သက်ဖြစ်ရပါတယ်။ ဒီတစ်ခါလည်း အဆိုတော်ပါပဲ။ ဒါပေမယ့် သူက ယောက်ျားလေး ဖြစ်နေပါတယ်။ သူ့နာမည်က မိုးနဲ့စတာ ဇွန်မှတ်မိပေမယ့် နာမည် အပြည့်အစုံ သုံးလုံးကိုတော့ မမှတ်မိတော့ပါဘူး။ မြန်မာ့အသံကနေ သူ့ရဲ့တစ်ပုဒ်တည်းသော သီချင်းကို မကြာခဏ လွှင့်တတ်ပါတယ်။ Richard Marx ရဲ့ Right Here Waiting For You သီချင်းကို မြန်မာလိုကော်ပီပြန်ဆိုထားတာပါ။ ညက သူ့သီချင်းတီဗီမှာလွှင့်ပြီး နောက်နေ့မနက်ကျောင်းကားပေါ်မှာ သူငယ်ချင်းတွေက ဇွန့်ကို သူနဲ့တူတယ်လို့ ၀ိုင်းပြောကြတော့ ဇွန်က အီလည်လည်ဖြစ်သွားပြီး မတူပါဘူးလို့ အတင်းပြန်ငြင်းပါတယ်။ ကိုယ့်စိတ်ထဲ တူတယ်လို့ မထင်သည့်တိုင် မိန်းကလေးချင်းတူတယ်လို့ အပြောခံရတာခံသာပေမယ့် ယောက်ျားလေးတစ်ယောက်နဲ့ ရုပ်တူတယ်လို့ အပြောခံရတာကျတော့ စိတ်ထဲ တစ်မျိုးဖြစ်ပါတယ်။ သူငယ်ချင်းတွေက ဇွန်မကြိုက်မှန်းသိလို့ သူနဲ့တူတယ်လို့ မကြာခဏ တမင်စတတ်ပါတယ်။

အဲ့ဒီနောက်ပိုင်းတော့ ဘယ်သူနဲ့တူပါတယ်လို့ ထပ်ပြီး အပြောမခံရတော့တာ စင်္ကာပူရောက်တဲ့အထိပါပဲ။ စင်္ကာပူဖားအောက်တောရကျောင်း မကြာခဏသွားဖြစ်တဲ့အခိုက်မှာ တွေ့ရတဲ့၊ မျက်မှန်းတန်းနေတဲ့ အစ်မတစ်ယောက်က တကူးတက လာနှုတ်ဆက်ပြီး ကျောင်းတုန်းက သူ့သူငယ်ချင်းနဲ့အရမ်းတူတဲ့အကြောင်း လာပြောပါတယ်။ ဇွန့်ကို မြင်မြင်ချင်း သူ့သူငယ်ချင်းလို့ပဲ ထင်ခဲ့တာဆိုတော့ တော်တော်လေးတူပုံရပါတယ်။ လူမှားရလောက်အောင် တူတဲ့သူရှိတယ်ဆိုတော့ ဇွန့်မှာထပ်ပြီး အံ့သြရပြန်ပါတယ်။ သူ့သူငယ်ချင်းမဟုတ်မှန်း သေချာသွားပေမယ့်လည်း နောက်ပိုင်း ဇွန်တို့နှစ်ယောက် ဓမ္မမိတ်ဆွေအဖြစ် ခင်မင်ရင်းနှီး သွားပါတယ်။

မြန်မာပြည်က အဆိုတော်နှစ်ယောက်နဲ့ တူတယ်လို့ အပြောခံရဖူးတဲ့ဇွန်ဟာ ဟောလီးဝုဒ်က မင်းသမီးနဲ့တူတယ်လို့ ထင်ကြေးပေးခံရပြန်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အတူနေတဲ့ ညီမလေးတွေ Night at the Museum ရုပ်ရှင်ကြည့်ပြီး ပြန်လာတော့ အဲ့ဒီကားထဲက မင်းသမီး အေမီအဒမ်စ်က ဇွန်နဲ့တူတယ်လို့ တညီတညွတ်တည်း မှတ်ချက်ပေးကြတဲ့အခါ ဇွန် အံ့အားသင့်မိပါတယ်။ ပုံမှန်မျက်နှာချင်းယှဉ်ကြည့်ရင် ဘယ်လိုမှ တူစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲဒီကားထဲမှာ အေမီက အမျိုးသမီးလေယာဉ်မှူးအဖြစ် ၀တ်စားသရုပ်ဆောင်ထားတဲ့အတွက် နဲနဲဆင်သွားတာလို့ ဖြစ်မှာလို့ ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ Enchanted တို့၊ Julie & Julia ဇာတ်ကားထဲက အေမီအဒမ်စ်နဲ့တော့ ဇွန် မတူတာ သေချာပါတယ်။ သူတို့အဲလိုပြောမှ တစ်ခုသတိရသွားပါတယ်။ ဇွန့်ကို  Mary Poppins ကားထဲက မင်းသမီး ဂျူလီအန်ဒရူးနဲ့ တူတယ်လို့ မေမေနဲ့မောင်လေးပြောဖူးတာကိုပါ။ အဲဒီတုန်းက ဇွန် ၅တန်းပဲ ရှိပါသေးတယ်။ အဲဒီကျမှ Mary Poppins အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျူလီနဲ့ Night at the Museum က ပိုင်းလော့အေမီတို့ မျက်နှာကျချင်း ဆင်တာကို သတိပြုမိပါတယ်။ ဒါပေမယ့် ဇွန့်အနေနဲ့ သူတို့နှစ်ယောက်နဲ့ ဘယ်နေရာမှာ ဘယ်လိုတူနေသလဲဆိုတာတော့ ခုချိန်ထိ မကြည့်တတ်ပါဘူး။

ဟိုးတုန်းက မဂ္ဂဇင်းတစ်စောင်မှာ မျက်နှာချင်းဆင်တဲ့ အနုပညာရှင်ကြယ်ပွင့် အကျော်အမော်တွေအကြောင်း ဓာတ်ပုံနဲ့ယှဉ်ပြီး ရေးထားတာကို ဖတ်ဖူးပါတယ်။ ဥပမာ ရှနိုင်းယားတွိုင်းနဲ့ ဆန်ဒရာဘူးလော့ခ်တို့ မျက်နှာဆင်တာမျိုး။ အဲဒီ့ဆောင်းပါးမဖတ်ခင်ကတည်းက သူတို့နှစ်ယောက်ရုပ်ချင်းဆင်တယ်လို့ ဇွန့်ဖာသာမှတ်ချက်ပေးဖူးပါတယ်။ စာရင်းထဲမှာမပါတဲ့ တူတယ်လို့ ဇွန်တို့မောင်နှမနှစ်ယောက်ထင်မိတဲ့ မင်းသားနှစ်ယောက်ရှိပါသေးတယ်။ မြန်မာပြည်မှာ ပြဖူးတဲ့ တရုတ်မင်းသမီးချောပိုင်ဟွေ့နဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသားတစ်ယောက်က မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ငယ်စဉ်က မျက်နှာပေးနဲ့ တော်တော်ဆင်ပါတယ်။ အထူးသဖြင့် ဘေးတိုက်ကြည့်ရင် အတော်လေးတူပါတယ်။ 

တခြားမျက်နှာချင်းဆင်ကြတဲ့ အဆိုတော်တွေ၊ မင်းသား၊ မင်းသမီး၊ အားကစားသမားတွေလည်း အများကြီးရှိဦးမှာပါ။ သူတို့ကတော့ တစ်ယောက်တည်းနဲ့ သိသိသာသာ ဆင်တူတာပါ။ ဇွန့်ကျမှ ဘယ့်နှယ်လုပ်ပြီး လူတွေအများကြီးနဲ့ တူနေရတာလဲလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ် သွေးနှောထားလို့ပဲ ဇွန့်မျက်နှာက ဟိုလူနဲ့တူသလိုလို၊ ဒီလိုနဲ့တူသလိုလို ဖြစ်နေတာလား။ နောက်ထပ် ဘယ်သူနဲ့တူတယ်လို့ အပြောခံရဦးမလဲဆိုတာကို ကိုယ်တိုင်စိတ်ဝင်စားသွားတဲ့အဖြစ်ပါ။ အင်း… ဘယ်လောက်ပဲရုပ်တူတူ၊ စိတ်ချင်းတော့ ဘယ်လိုမှ တူနိုင်မယ် မထင်ပါဘူးလေ…နော်။ :)

 
ဇွန်မိုးစက်