၂၀၁၅ခုနှစ် ဇွန်လ၃ရက်နေ့
နံနက်၇နာရီ၁၀မိနစ်တွင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ အသိမိတ်ဆွေတစ်ဦး၏ တက္ကစီနှင့်
သူဆိုက်ရောက်လာခဲ့သည်။ မန္တလာမင်းအဝေးပြေးကားအောက်ခန်းတွင် ပစ္စည်းများနေရာချ၊ ကတ်ပြားလေးယူပြီး
ကားပေါ်သို့ တက်လာခဲ့သည်။ ထိုင်ခုံနှစ်ခုံစာဖြတ်ထားသဖြင့် လက်ဆွဲအိတ်နှင့် ကျောပိုးအိတ်ကို
စိတ်ကြိုက်နေရာချခွင့်ရသည်။ လေအေးပေးစက်အရှိန်ဖြင့် အေးစက်နေသော အဝေးပြေးဘတ်စ်ကားထဲတွင်
ခရီးသည် အနည်းငယ်မျှသာ ရှိသေးသည်။ မောပန်းနွမ်းနယ်ခဲ့သမျှ ယခုကားပေါ်ရောက်မှ အေးအေးသက်သာထိုင်ရင်း
အမောဖြေခွင့်ရတော့မည်။ ကြုံလာမည့် အနာဂတ်ရှေ့ရက်များအတွက် မသိမသာ သူ စိတ်လှုပ်ရှားမိသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ်… ငါးနှစ်ကြာကိန်းအောင်းခဲ့သောသူ့ဆန္ဒ ရက်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်တော့မည်
မဟုတ်ပါလား။ နံနက်၈နာရီထိုးလျှင် ကားစက်နှိုးသံကြားရသည်။
ခရီးစခဲ့ပြီ
ကားပေါ်မှလှမ်းမြင်ရသော
လမ်းဘေးဝဲယာရှုခင်းများ သူ့မျက်စိအောက်တွင် တရိပ်ရိပ်ဖြင့် အနောက်မှာကျန်ခဲ့သည်။ သို့သော်
သူ့စိတ်များက မြင်ကွင်းနှင့်ဆန့်ကျင်စွာ မနေ့တစ်နေ့က စိတ်ရှုပ်ရသော အဖြစ်အပျက်များကို
ပြန်မြင်ယောင်သည်။ ကျခဲ့ရသော မျက်ရည်များကို သတိရသည်။ ဒီခရီးအတွက် သူပေးဆပ်ခဲ့ရခြင်းများထဲတွင်
စိတ်ပင်ပန်းနွမ်းနယ်မှုသည် ရာခိုင်နှုန်းအများဆုံးပင် ဖြစ်ပေလိမ့်မည်။ ဖြစ်ပြီးသမျှ အကုသိုလ်စိတ်များ
သယ်ဆောင်မသွားရန် သတိရပြီး စိတ်ကို ပစ္စုပ္ပန်တည့်တည့် ပြန်ရှုလိုက်သည်။ ကားပြတင်းပေါက်မှတစ်ဆင့်
စိမ်းစိုသော သစ်ပင်တွေကို မြင်ရသည့်အခိုက် သူ့စိတ်တွေ လန်းဆန်းသွားသည်။ မြန်မာပြည်တွင်
မိုးရာသီ၌ ခရီးသွားရခြင်း၏ ကောင်းကျိုးတစ်ခုမှာ စိမ်းလန်းသောမြင်ကွင်းများကို လမ်းတလျှောက်
တွေ့မြင်ရခြင်းဖြစ်သည်။
ကျိုက်ထိုမှာ နေ့လယ်စာထမင်းဝင်စားသည့်အချိန်သည်
၁၁နာရီစွန်းစွန်းခန့်သာ ရှိသေးသည်။ လွန်ခဲ့သော တစ်လခန့်က ပြည်ဘက်သို့ ခရီးထွက်စဉ် စားခဲ့ရသော
အရသာ၊ ၀န်ဆောင်မှုနှင့် ယခု ကျိုက်ထိုမှာ စားရသော အရသာသည် ဆီနှင့်ရေလို ကွာခြားကြောင်း
သတိပြုမိသည်။ မွန်ပြည်နယ်မို့ အစားအသောက်ပိုကောင်းပြီး လူတွေ ပိုယဉ်ကျေးပျူငှာနေသလားဟု တွေးမိသည်။ မြန်မာပြည်တနံတလျားက
အဝေးပြေးထမင်းဆိုင်တွေအားလုံး ဒီလိုသာဆိုကောင်းမည်ဟု မျှော်လင့်လိုက်သေးသည်။ ကျိုက်ထိုကနေ
ခရီးဆက်ခဲ့ပြီး ဘီးလင်းကိုလွန်၍ သထုံရောက်သည်တွင် သူ့မျက်နှာကို ကားပြတင်းမှမခွာဘဲ
မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။ အကြောင်းမှာ ရန်ကုန်-မော်လမြိုင်ခရီးစဉ်တလျှောက်
သူ အနှစ်သက်ဆုံးနေရာကို မကြည့်လိုက်ရဘဲ ဖြတ်ကျော်သွားမှာ စိုးရိမ်သောကြောင့်ပင်။
လွန်ခဲ့သော လေးလခန့်က
ရန်ကုန်မှ မော်လမြိုင်သို့ ပထမဆုံးအကြိမ်အဖြစ် လိုက်ထရပ်ကားနှင့် လိုက်ပါလာခဲ့သည်။
ထိုခရီးမတိုင်က သူ့ဘ၀တွင် ကျိုက်ထီးရိုးဘုရားသို့နှစ်ကြိမ်သာ ရောက်ဖူးသဖြင့် ကျိုက်ထိုဟိုဘက်ကိုကျော်လွန်၍
တစ်ခါမှမသွားဖူးခဲ့။ ခရီးသွားခြင်းကို နှစ်သက်သော၊ ခရီးလမ်းတလျှောက်က ရှုခင်းများကို
တငေးတမောကြည့်တတ်သောသူ့အတွက် တောင်စဉ်တောင်တန်းများကို တနံတလျားမြင်ရသော သထုံနယ်ကို
ကျော်ဖြတ်သည်တွင် လွန်စွာနှစ်ခြိုက်သဘောကျ ကြည်နူးခဲ့ရသည်။ ယခုတစ်ခေါက်တွင်မူ သထုံအ၀င်မှာကတည်းက
မိုးဖွဲဖွဲရွာနေသည်နှင့် ကြုံကြိုက်သွားသဖြင့် သူမျှော်လင့်ထားသလို ပြာလဲ့သောကောင်းကင်အောက်က
ညိုမှောင်စိမ်းလဲ့နေသောတောင်တန်းများကို ရှင်းလင်းပြတ်သားစွာ မြင်ခွင့်မရခဲ့။ သို့သော်
ရေစက်များစီးကျနေသော မှန်ပြတင်းမှတစ်ဆင့် မြင်နိုင်စွမ်းသလောက် သူချစ်သော တောင်တန်းများကို
ကြည့်ဖြစ်အောင် ကြည့်လိုက်သည်။ ကြည့်နေရင်းနှင့် ယောက်ျားများသည် တောင်တန်းနှင့်တူကြောင်း
အမျိုးသမီးစာရေးဆရာအချို့၏ တင်စားဖွဲ့ဆိုချက်ကို သတိရသွားသည်။ အမှန်တကယ်ပဲ ယောက်ျားတွေဟာ
တောင်တန်းနှင့်တူသလား သူ သိပ်မသေချာပါ။ သို့သော် ယောက်ျားနှင့်တူသော ထိုတောင်တန်းများကို
အဝေးမှနေ၍ လှမ်းမျှော်ကြည့်မိသောသူ့အား လွမ်းမောခြင်းရသများ ဆောင်ကြဉ်းပေးစွမ်းသည့်နေရာမှာတော့
ထိုအရာနှစ်ခုသည် အတူတူပင်ဖြစ်သည်ဟု သူခံစားရသည်။
ခရီးသည်များကို သယ်ဆောင်လာသော
အဝေးပြေးကားကြီးသည် တောင်တန်းများနှင့်အပြိုင် သထုံ-ပေါင်-မုတ္တမခရီးကို ဆက်သည်။ သံလွင်မြစ်ကူးတံတားကြီးကို
မြင်ရလျှင် ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ မော်လမြိုင်သို့ ရောက်တော့မည်။
”မြစ်သံလွင်ကို ဖြတ်လာခိုက်ဝယ်…” မြန်မာပြည်သိန်းတန်၏
ရွှေမြိုင်မှာပဲနေတော့မယ် သီချင်းသံကို
အလိုလိုကြားယောင်လာသည်။ တံတားကြီးကို ဖြတ်နေစဉ် သူ့အား ရိပ်သာဂိတ်ဝတွင် လာစောင့်ကြိုပေးမည့်
GTC ကျောင်းသား မောင်ငယ်လေးတစ်ယောက်အား ဖုန်းဆက် အကြောင်းကြားလိုက်သည်။ တကယ်တော့ ထိုမောင်လေးနှင့်
အပြင်မှာ တစ်ခါမှမဆုံဖူးသေး။ သူစီးလာသောကားသည် မုဒုံကားဖြစ်၍ ဖားအောက်တောရရိပ်သာရှေ့တွင်
ကားရပ်ပေးဖို့ ကားဆရာကို သတိပေးထားသည့်ကြားမှပင် ကားဆရာက ရိပ်သာရှေ့တည့်တည့်မရပ်ဘဲ
ဂျီတီစီကျောင်းဝင်းရှေ့ မျက်နှာချင်းဆိုင်က ဖားအောက်ရွာအ၀င်လမ်းထိပ်မှာ ရပ်ပေးသည်။
သူ့အား လာကြိုမည့် မောင်ငယ်လေးနှင့် ချိတ်ဆက်ထား၍သာ အထုပ်ကြီး၊ အထုပ်ငယ်နှင့် သူတစ်ယောက်
ရိပ်သာရုံးခန်းသို့ ဆိုင်ကယ်ဖြင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားတော့သည်။
ရိပ်သာရောက် ယောဂီ
ဗုဒ္ဓသာသာနာနုဂ္ဂဟအဖွဲ့ရုံးခန်းမှာ
စာရင်းသွားပေးတော့ ရန်ကုန်မှ တစ်ယောက်တည်းရိပ်သာလာဝင်သော သူ့အား တာဝန်ကျဆရာကြီးတစ်ပါးက
ယောဂီအဖြစ်လက်ခံရန် စိတ်ချဟန်မတူသောကြောင့်ထင်သည်၊ မိဘ ထောက်ခံချက်တောင်းသည်။ သူကြိုတင်သိမထားသောကိစ္စဖြစ်၍
ထောက်ခံချက်မပါလာသော်လည်း သူရိပ်သာသို့လာသည်ကို မိဘသိရှိခွင့်ပြုကြောင်း ရှင်းပြလိုက်သည်။
သူ့အား ရှိရင်းစွဲအသက်ထက် အတော်အတန်ငယ်သည်ဟု ထင်မှတ်နေသော သီလရှင်ဆရာကြီးက ရပ်ဝေးမှ
သူ့အရွယ်မိန်းကလေးတချို့ မိဘခွင့်ပြုချက်မပါဘဲ အိမ်ကထွက်ပြေးပြီး ရိပ်သာကိုရောက်လာတတ်ကြောင်း
ဆက်ပြောသည့်အခိုက်တွင် သူ့အားလက်မခံဘဲ အိမ်ပြန်ခိုင်းလျှင် ဒုက္ခပဲဟူသောအတွေးနှင့် စိုးရိမ်စိတ်ဝင်သွားသည်။
ထိုကြောင့်ပင် သူသည် ဆရာတော်မည်သူမည်ဝါ၏ တပည့်ဖြစ်ကြောင်း၊ အဆောင်မှူးဆရာလေးတစ်ပါးအား
ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ လိုအပ်လျှင် ဖုန်းဆက်ပေးပါမည့်အကြောင်း
လျှောက်ထားရင်း အဆောင်မှူးဆရာလေးအား ရုံးခန်းတွင် သူရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်းဖုန်းခေါ်ဆိုကာ
အကြောင်းကြားလိုက်မှ သူ့ထံကမှတ်ပုံတင်တောင်းပြီး ယောဂီအဖြစ် စာရင်းရေးသွင်းပေးတော့သည်။
တကယ်တော့ သူရောက်ရှိရာ
မော်လမြိုင်ဖားအောက်တောရရိပ်သာတွင် အသိအကျွမ်းများများစားစားမရှိ။ ရှိသည့်ရဟန်းသံဃာအချို့မှာလည်း
နိုင်ငံရပ်ခြားခရီးတွင် ရောက်ရှိသာသာနာပြုနေချိန်နှင့်
တိုက်ဆိုင်နေသောကြောင့် ဤခရီးစတင်မထွက်မီကပင် သူ အားငယ်စိတ်ဝင်ခဲ့သေးသည်။ သို့သော်
လူသည် တစ်ယောက်တည်းလာ၍ တစ်ယောက်တည်းပြန်သွားရမည်ဟူသော သံဝေဂကို နှလုံးသွင်းအားတင်းပြီး
သူထွက်လာခဲ့ခြင်းဖြစ်သည်။ အရေးကြုံတိုင်း တစ်ယောက်တည်း ပဲ့ကိုင်လှော်ခတ်ကာ စီးနင်းခဲ့ရသည့်
ကြမ္မာလှေသည် သူ့အတွက် အစိမ်းသက်သက် မဟုတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုပင် တိုင်တော့မည် မဟုတ်ပါလား။
အဆောင်မှူးဆရာလေးက
သူ့အား ခြင်္သေ့ဝင်းရှိ နှစ်ထပ်ဆောင်အောက်ထပ်မှာ နေရာချပေးသည်။ နှစ်ထပ်ဆောင်ဟုဆိုသော်လည်း
အပေါ်ထပ်သို့တက်သည့်လှေကားအား အဆောင်ဘေးအပြင်ဘက်ကိုထုတ်၍ ဆောက်လုပ်ထားခြင်းကြောင့် အောက်ထပ်နှင့်အပေါ်ထပ်မှာ
သီးခြားစီဖြစ်သည်။ အဆောင်ရှေ့တည့်တည့်တွင် ဂျီတီစီကျောင်းဝင်းနှင့်ဆက်နေသော တောအုပ်ရှိပြီး၊
အဆောင်ညာဘက်ဘေးကပ်ရပ်က လမ်းဖြစ်သည်။ လမ်းတစ်ဘက်ခြမ်း၏ ဟိုဘက်မှာ ဆောက်လုပ်ဆဲ ၄ခန်းတွဲ
အဆောင်များရှိသောကြောင့် နေ့ဘက်တွင် ဆောက်လုပ်ရေးအလုပ်သမားများ၏ ဆူညံသံများ ကြားရသော်လည်း
လမ်းဆုံ၌တည်ရှိသောထောင့်တိုက်ဖြစ်၍ ညဥ့်အခါတွင် တိတ်ဆိတ်သည်။ တစ်ဆောင်လုံးတွင် သူတစ်ယောက်တည်းသာ
ရှိသည့်အတွက် မီးပျက်ပြီး မိုးသည်းထန်စွာရွာသွန်းသောအချို့ညများတွင် နှစ်ခြိုက်စွာ
အိပ်ပျော်လေ့မရှိဘဲ နိုးကြားနေတတ်သည်။
မျှော်လင့်သောနေ့
တကယ်တော့ သူသည် မော်လမြိုင်ဖားအောက်တောရရိပ်သာတွင်
သာသနာ့အနွယ်ဝင် သီလရှင်အဖြစ် ၁၅ရက်တာ အားထုတ်ရန် အရောက်လာခဲ့ခြင်းဖြစ်သည်။ မူလဆံချချိန်မှာ
သူရောက်ပြီး နောက်တစ်နေ့နံနက် ၇နာရီ၃၀မိနစ်ဟု သိထားသော်လည်း နေ့လယ် ၁၂နာရီ၃၀မိနစ်သို့
ပြောင်းရွှေ့သွားခဲ့သည်။ ၀ိသာခါဆောင်ရှေ့မှာ ဆရာလေးတစ်ပါးက ဆံပင်အရင်ဖြတ်ပေးပြီး ဆရာကြီးဒေါ်ဈာနရတီက
ခေါင်းရိတ်ပေးသည်။ သူ့ခေါင်းထက်မှ ကျလာသမျှဆံပင်များကို ကိုယ်တိုင်သတင်းစာဖြင့်ခံယူနေရင်း
ဆရာကြီး၊ ဆရာလေးများက ၃၂ကောဠာသလင်္ကာကို ညီညာဖြဖြရွတ်ဆိုပေးချိန် သူ့စိတ်တွင် အမည်မဖော်နိုင်သော
ဝမ်းနည်းဝမ်းသာ ခံစားချက်တစ်မျိုး ဖြစ်ပေါ်နေခဲ့သည်။ ရန်ကုန်အိမ်တွင်ကျန်ခဲ့သော မိခင်ကြီးအားပြသလို၍
အမျိုးသမီးယောဂီတစ်ဦးအား သူယူဆောင်လာသောကင်မရာနှင့် ဆံချချိန်တွင် ဓာတ်ပုံရိုက်ယူပေးပါရန်
ခွင့်တောင်းထားခဲ့သည်။ ခေါင်းရိတ်ပြီးသွားသောအခါ ဓာတ်ပုံရိုက်ပေးသော ယောဂီအစ်မက စွန့်ပယ်လိုက်သော
ဆံနွယ်ခွေများကို သတင်းစာစက္ကူဖြင့် စုစည်းထုပ်လိုက်ပြီး သူ့ထံပြန်ကမ်းပေးသောအခါ သူကြောင်အမ်းအမ်းဖြစ်သွားသည်။
ပြန်ရောင်းပြီး ဘုရားမှာလှူလိုက်လေဟုပြောမှ သူသဘောပေါက်သွားပြီး ၀မ်းသာအားရ လှမ်းယူလိုက်သည်။
ဆံစွန့်ပြီးသော်လည်း
သီလရှင်မဖြစ်သေး၊ ရဟန်းတစ်ပါးထံတွင် ဆယ်ပါးသီလခံယူပြီး ဘွဲ့နာမည်တောင်းရန် ကျန်နေသေးသည်။
သီလပေးမည့် ဆရာတော်က ညနေ ၆နာရီကျမှ တောင်အောက်ဆင်းလာမည်ဖြစ်၍ ညနေအထိ စောင့်ရမည်ကို
သူသိပ်စိတ်မရှည်ချင်။ သို့သော် ရခဲသောဒုလ္လဘသီလရှင်တစ်ပါးဖြစ်ခွင့်ရဖို့ နှစ်နှင့်ချီ၍စောင့်လာပြီးမှ
နောက်ထပ်နေ့တစ်ဝက်လောက် စောင့်ရခြင်းကို စိတ်ရှည်သင့်ကြောင်း ဘာမဆိုစိတ်မြန်လက်မြန်လုပ်ချင်ဇောအားကြီးသော
ကိုယ့်ကိုယ်ကို ပြန်သတိပေး ဆုံးမရသည်။
အဆောင်ပြန်ပြီး မိမိ၏
ပြောင်းလဲသွားသော ပုံရိပ်ကို ရေချိုးခန်းထဲက မှန်မှာ ပြန်ကြည့်မိသည်။ သူ့ဘ၀မှာ ဒုတိယအကြိမ်မြောက် ခေါင်းတုံးတုံးခြင်းဖြစ်သည်။ သူ သုံးနှစ်သမီးလောက်က ကြီးမားသောဆင်ဝက်သက်များ ပေါက်သဖြင့် ခေါင်းတုံးတုံးပေးခဲ့ရကြောင်း အမေပြောပြဖူးသည်ကို အမှတ်ရသည်။ ယခုဒုတိယအကြိမ်မြောက်တွင် ခေါင်းတုံးတုံးသည်ဟု
သမာရိုးကျဆိုခြင်းထက် ဆံကိုစွန့်ပယ်သည်ဟု သူ သုံးနှုန်းချင်ပါသည်။ တစ်ခါမျှ ကိုယ်ပေါ်တွင်
မဆင်ယဉ်ခဲ့ဖူးသော သီလရှင်ဝတ်စုံကို ယခုမှ စမ်းဝတ်ကြည့်ရသည်။ ၀တ်နေကျမဟုတ်သောကြောင့်
အချိုးတကျ ဖြစ်မနေပေ။ သူ ဆံချသည်မှစ၍ အဆောင်ပြန်ရောက်သည်အထိ အဖော်လိုက်လာပေးသော ဆရာလေးဈာနက
ဝတ်စုံဝတ်နည်းသင်ပေး၊ အချိုးမကျသည်များကို ပြန်ပြင်ပေးနှင့် အလုပ်ရှုပ်သွားရှာသည်။
အစ်မက သီလရှင်ဝတ်စုံနှင့် သိပ်လိုက်တာပဲဟု ဆရာလေးက ပြောသည်တွင် သူသဘောကျသွားသည်။ ညနေ
၆နာရီ တရားပွဲမစခင် တောင်ပေါ်မှကြွလာသော ဆရာတော့်ထံ သီလခံယူပြီး ‘ဓမ္မနန္ဒာ’ဟူသောဘွဲ့အမည်ဖြင့်
သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါး ဖြစ်ခွင့်ရချိန်တွင် အတိုင်းမသိသော ၀မ်းမြောက်ကြည်နူးမှုသည်
သူ့ကိုယ်တွင်းမှ သွေးများနှင့်အတူ လှည့်ပတ်စီးဆင်းသွားတော့သည်။
ဆရာလေးဓမ္မနန္ဒာသည်
ရခဲလှသော ဒုလ္လဘတရားကိုဆင်ခြင်လျက် ဆယ့်ငါးရက်တာကာလအတွင်း ဆယ်ပါးသောသီလကို အနည်းငယ်မျှ
မချို့ယွင်းမကျိုးပေါက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ရိပ်သာမှ ထုတ်ပြန်ထားသော
အချိန်ဇယားနှင့် စည်းကမ်းများကိုလည်း ရာနှုန်းပြည့်လိုက်နာရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်
နေထိုင်စားသောက်မှုပုံစံ ရုတ်တရက်ပြောင်းလဲခြင်းသည် ရံဖန်ရံခါ ကျန်းမာရေးကို အနှောင့်အယှက်ပေးတတ်ကြောင်း
မေ့လျော့နေခဲ့ပေသည်။ သူစားနေမကျသော သက်သက်လွတ် အသီးအရွက်များကို နှစ်ရက်ဆက်တိုက် သုံးဆောင်ပြီးသော်
အစာအိမ်မကောင်းသည့် ဓာတ်ခံအရှိန်နှင့် လေမကြေဖြစ်ကာ စားသမျှမ၀င်တော့ဘဲ သောက်သမျှလည်း
အကုန်ပြန်အန်ထွက်လေတော့သည်။ အစာစားပြီး၊ ရေသောက်ပြီးတိုင်း အစာအိမ်မှလက်မခံဘဲ ပြန်အန်နေသည်ဖြစ်ရာ
ရေသောက်ရမှာကိုပင် ကြောက်ရွံ့လျက် ဘာတစ်ခုမျှ ထပ်မံမစားမသောက်ဘဲ နေလိုက်တော့သည်။
အစာမရှိ၍ လူတစ်ကိုယ်လုံးနုံးချိပြီး
အားအင်နည်းပါးနေလျက်က ဓမ္မာရုံသို့သွားကာ ကြိုးစားတရားမှတ်သော်လည်း အချည်းနှီးပင်။ သူနေထိုင်မကောင်းသည်ကို
ရိပ်မိသော ဘေးနှင့်အနောက်မှ ပန်းရောင်ဝတ်ဆရာလေးများက စိတ်ပူပြီး ဂရုတစိုက်မေးမြန်းကာ
ဆေးပေးသူကပေး၊ ကုဋီသွားရာတွင် စိတ်မချ၍ အဖော်လိုက်ပြီး ကျောထုပေးသူကပေးနှင့် သူနေသာအောင်
တတ်သရွေ့ကူညီလုပ်ကိုင် ပေးကြသည်။ သို့သော် သူ့အခြေအနေ သိပ်မကောင်းကြောင်း သူကိုယ်တိုင်ရိပ်မိသောကြောင့်
ဓမ္မာရုံမှာ ဆက်မနေတော့ဘဲ တာဝန်ကျဆရာလေးအား နေမကောင်း၍ အဆောင်ပြန်နားချင်သည်ဟု ခွင့်ပန်ကာ
ပြန်လာခဲ့ရသည်။
အဆောင်မှာ တစ်ကိုယ်တည်း
လဲလျောင်းနေရင်း အိမ်ကိုသတိရကာ အားငယ်စိတ်တို့ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့တော့သည်။
သြော်… ငါ့မှာ ဘယ်သွားသွား၊ ဘာလုပ်လုပ် တစ်ယောက်တည်းပါလား၊ နေမကောင်းဖြစ်တော့လည်း ငါ့နံဘေးမှာ
ဘယ်သူမှမရှိဘူး၊ ငါ့ဘ၀ကိုက ဘာဖြစ်ဖြစ် တစ်ယောက်တည်း ရင်ဆိုင်ရုန်းကန်ရမယ့်ဇာတာပါတယ်
ထင်ပါရဲ့၊ အခုဆို အားလုံးနဲ့ဝေးရာမှာ ငါတစ်ယောက်တည်း အစရှိသဖြင့် တစ်ယောက်တည်းဋီကာဖွင့်နေမိသည်မှာ
မည်မျှကြာသွားသည် မသိ၊ အဆောင်အပြင်ဘက်မှ ‘မဘုရား’… ‘မဘုရား’ ဟူသောခေါ်သံကြားမှ ရှိစုမဲ့စု
အားအင်လေးဖြင့် အဆောင်ရှေ့တံခါးပေါက်ဆီသို့ ၀မ်းသာအားရ ထွက်ကြည့်မိလေသည်။
အသံရှင်ဆရာလေးဈာနသည်
သူနေထိုင်မကောင်းဖြစ်နေကြောင်း အဖြစ်အပျက်အလုံးစုံကို သိရပြီးသည့်နောက် သူ့အား ထိုနေ့အဖို့
ကျန်ရှိသောအချိန်များတွင် တရားသွားမထိုင်ဘဲ ခွင့်တိုင်ပြီး အဆောင်၌သာ နားနေသင့်ကြောင်း၊
နောက်တစ်ရက်တွင် ရိပ်သာဆေးခန်းမှ ဆရာဝန်နှင့်သွားပြသင့်ကြောင်း အကြံဉာဏ်များပေးပြီး
ခွင့်စာကို သူ့ကိုယ်စား အဆောင်မှူးဆရာလေးထံ သွားရောက်ပို့ပေးလေသည်။ ညရောက်သော် စိတ်မချ၍
အဆောင်ကိုတစ်ခေါက်လာပြန်ကြည့်ပြီး အဖော်အိပ်ပေးသည်။ တစ်ရက်လုံးလုံး အစားမ၀င်ဘဲ အားပြတ်နေသော
သူ့အခြေအနေကိုကြည့်ကာ “မဘုရား မနက်ဖြန် ဆွမ်းခံမကြွပါနဲ့တော့၊ တပည့်တော် နှစ်ယောက်စာ
ခံလာခဲ့မယ်၊ အဆောင်မှာပဲ နားနားနေနေပါ” ဟု ပြောလာရာ အားနာသော်လည်း သူ့ကျန်းမာရေးအခြေအနေကြောင့်
ဆရာလေးကူညီပေးသည်ကို ၀မ်းသာကျေးဇူးတင်စွာဖြင့် လက်ခံလိုက်တော့သည်။
စိတ်ထားကောင်းပြီး
သူတစ်ပါးကိုအမြဲကူညီတတ်သော မြိတ်ဇာတိဆရာလေးဈာန၏ ညီအစ်မအရင်းသဖွယ် ပြုစုစောင့်ရှောက်မှုကြောင့်လည်းကောင်း၊
ဆေးတိုက်မှ သမားတော်ကြီး၏ ဆေးစွမ်းကောင်းများကြောင့်ပါ နောက်နှစ်ရက်အကြာတွင် ဆရာလေးဓမ္မနန္ဒာတစ်ယောက်
ပုံမှန်အတိုင်း ပြန်လည်ကျန်းမာ အားပြည့်လာခဲ့သည်။ အဆာလွန်လျှင် အချဉ်ပေါက်တတ်သော အစာအိမ်ကို
စိတ်မချသောကြောင့် နံနက်အရုဏ်ဆွမ်းတွင် ဆန်ပြုတ်ကိုသာ အဓိကထား၍ သုံးဆောင်ခဲ့လေသည်။
နေပြန်ကောင်းချိန်မှစ၍
သီလရှင်ယောဂီတို့၏ ၀တ္ထရားအတိုင်း နံနက်၎နာရီမှည၈နာရီခွဲအထိ ဘုရားဝတ်ပြု၊ တရားထိုင်၊
တရားလျှောက်၊ တရားနာ အချိန်ဇယားအတိုင်း အချိန်ပြည့် ပြန်လည်လုပ်ဆောင်နိုင်သော်လည်း
တရားထိုင်ချိန်တွင် ပတ်ဝန်းကျင်မှ အသံဗလံများကို အာရုံပြုမိခြင်းကြောင့် သမာဓိကား ကောင်းကောင်းမရ။
အထူးသဖြင့် ထိုအချိန်က နယူးဇီလန်နှင့် စင်ကာပူနိုင်ငံတို့တွင် သွားရောက်ယှဉ်ပြိုင်နေကြသည့်
မြန်မာအသင်းဘောလုံးပွဲကို အနီးပတ်ဝန်းကျင်မှ တခဲနက်အားပေးသည့်အသံများ ထွက်ပေါ်လာချိန်၌လည်းကောင်း၊
မိမိအလွတ်ရွတ်ဆိုခဲ့ဖူးသော ထူးအိမ်သင်၊ လေးဖြူ၊ အငဲ အစရှိသော အဆိုတော်များ၏သီချင်းများကို
ဂျီတီစီကျောင်းသားများစုဝေးကာ ဂစ်တာတီး၍ ၀ိုင်းဖွဲ့သီဆိုသံကို
ကြားရချိန်၌လည်းကောင်း သူ၏စိတ်တို့ပျံ့လွင့်ခြင်းအား စုစည်းဖို့ရာ အခက်တွေ့နေပေသည်။
မြို့ပြမှခွာ၍ ဆိတ်ငြိမ်သောအရပ်ဖြစ်မည်ဟူသော မျှော်လင့်ချက်ဖြင့် လာရောက်အားထုတ်သော
သူ့စိတ်အစဉ်သည် ၀င်လေထွက်လေအပါးမှခွာကာ သီချင်းဟစ်ကြွေးနေသော ကျောင်းသားများထံသွားရောက်ပြီး
ရိပ်သာအနီးတွင် သီချင်းများကို ဆူညံကျယ်လောင်စွာ တီးခတ်မသီဆိုသင့်ကြောင်း၊ သီချင်းသံများကြောင့်
အနီးပတ်ဝန်းကျင်ရှိရိပ်သာမှ တရားမှတ်၊ တရားထိုင်နေသော ယောဂီများစွာတို့၏ စိတ်သမာဓိကို
အနှောင့်အယှက်ပေးရာကျကြောင်း ဆရာတစ်ဦးအသွင် သွားရောက်၍ လက်ချာပေးဆုံးမနေလေသည်။
ဝတ်နေမကျသော သီလရှင်ဝတ်စုံကြောင့်
သူတရားမှတ် ပျက်သည်မျိုးလည်း ကြုံသေး၏။ အကြောင်းမှာ သူရိပ်သာသို့ ရောက်ရှိသောကာလသည်
မိုးဥတုဖြစ်သော်လည်း မိုးရွာချိန်နည်းပါးပြီး မိုးမရွာသောနေ့အချိန်တွင် အပူရှိန်ပြင်းသောကြောင့်
အလွှာအလွှာအထပ်ထပ် ၀တ်ဆင်ထားခြင်းခံရသော သူ့ခန္ဓာပေါ်တွင် မိတ်အိုင်းတို့ ထလာခြင်းဖြစ်သည်။
ကလေးဘ၀က မိတ်ပေါက်ခဲ့ဖူးသော်လည်း လူကြီးဘ၀တွင် မိတ်မပေါက်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ယခုသီလရှင်ဝတ်မှ မိတ်ပြန်ပေါက်ရာ သူအခံရခက်လှသည်။ ၀င်လေထွက်လေအရှိန်ကောင်းနေဆဲ ကျောပြင်ထက်မှ
စူးရှသော ဝေဒနာကို ရုတ်တရက် ခံစားမိသော် အရှိန်ရစသမာဓိမှာ ပျောက်ပျက်သွားလိုက်၊ ပြန်ထူထောင်လိုက်၊
တစ်ဖန်မိတ်စူးလိုက်နှင့် ဂျာအေးသူ့အမေရိုက်နေတော့သည်။ တစ်ပတ်ခန့်ကြာသော် မိတ်များပျောက်သွားသဖြင့်
စိတ်သက်သာရာရကာ ပုံမှန်တရားပြန်ထိုင်နိုင်ခဲ့သည်။ တရားမှတ်၍ရရ၊ မရရ တရားပြဆရာတော်ထံပါးသို့
အချိန်မှန် တရားလျှောက်ရန်တော့ သူမပျက်ကွက်ခဲ့ပေ။
သီလရှင်ဘ၀တွင် မျှော်လင့်မထားဘဲ
တွေ့ကြုံရသော အခက်အခဲ အနည်းငယ်တို့သည် လပေါင်းများစွာ မျှော်လင့်တောင့်တပြီးမှ ရောက်ရှိလာသောနေ့တစ်နေ့ကို
ဖြတ်သန်းရသည်နှင့်တပြိုင်နက် အားလုံးကျေပျက် ပျောက်ကွယ်သွားတော့သည်။
မွေးနေ့မင်္ဂလာဖြစ်ပါစေခြင်း အကျိုးငှာ
တကယ်တော့ မွေးနေ့ပေါင်းများစွာကို
သူဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ဂဏန်းသင်္ချာ အရေအတွက်နှင့် တိတိကျကျ ပြောရလျှင်တော့ မွေးနေ့ပေါင်း
၃၅ခုကို လွန်မြောက်ခဲ့ပြီ။ အနုပညာဆန်ဆန် သုံးနှုန်းမည်ဆိုလျှင်တော့ မိုင်တိုင် ၃၅တိုင်။
မိုင်တိုင်တစ်ခုနှင့်တစ်ခုကြားက အကွာအဝေးတွေ တူညီပေမယ့် ဖြတ်သန်းတွေ့ကြုံခဲ့ရသော အကောင်းအဆိုး
ဘ၀လောကဓံ အတွေ့အကြုံတွေကဖြင့် ခြားနားကွဲပြားခဲ့သည်။ ထိုထိုကြုံတွေ့ခဲ့သော ကောင်းခြင်း၊
ဆိုးခြင်း လောကဓံတရားတို့သည် ကျရောက်လာမည့် မွေးနေ့တိုင်းကို တတ်စွမ်းသမျှ ကုသိုလ်ကောင်းမှုဖြင့်
ဖြတ်သန်းလိုစိတ် ထက်သန်စေခဲ့သော အကြောင်းတရားများအဖြစ် ပံ့ပိုးခဲ့သည်ဟု သူယုံကြည်ပါသည်။
သို့သော် သေချာသည်မှာ သူ့အသက် ၃၀ပြည့်မွေးနေ့မှစပြီး ထိုတစ်နေ့တာကို ဒါန၊ သီလ၊ ဘာဝနာ
ကုသိုလ်စိတ်များဖြင့်သာ ကုန်လွန်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုဖားအောက်တောရရိပ်သာ၌
သီလရှင်အဖြစ်နှင့်လာရောက်တရားအားထုတ်လိုသောဆန္ဒသည် သူ၏ ၃၁နှစ်ပြည့်မွေးနေ့မှ အစပြုသန္ဓေတည်ခဲ့သည်ဟု
ဆိုနိုင်ပါသည်။ ထိုစဉ်က သူသည် စင်ကာပူနိုင်ငံ၌ အမြဲနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိရာ
၃၁နှစ်ပြည့်မွေးနေ့တွင် လုပ်ငန်းခွင်၌ ရောက်ရှိနေခဲ့သည်။ မိမိ၏မွေးနေ့အလှူအဖြစ် မော်လမြိုင်ဖားအောက်တောရရိပ်သာရှိ
ရဟန်းသံဃာ၊ သီလရှင်၊ ယောဂီအားလုံးအတွက် အရုဏ်ဆွမ်းဒါနပြုခဲ့ရာ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်၍
အဝေးမှသာ စိတ်အာရုံလှမ်းပြုကာ အမျှပေးဝေခဲ့ရသည်။ နောင်နှစ်များတွင် ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး
ဒါနပြုခြင်းဖြင့်လည်းကောင်း၊ သီလရှင်ဝတ်ခြင်းဖြင့်လည်းကောင်း မွေးနေ့ကိုဖြတ်သန်းမည်ဟု
ထိုနှစ်မှစတင်ကာ ရည်ရွယ်အားခဲထားခဲ့သော်လည်း အကြောင်းကြောင်းကြောင့် အထမမြောက်ဘဲ လေးနှစ်တာ
ကုန်လွန်ခဲ့သွားသည်။ ၂၀၁၅ခုနှစ်သို့ရောက်သောအခါ ကိန်းအောင်းခဲ့သောသူ့ဆန္ဒကို အကောင်အထည်ဖော်ရန်
အချိန်ကျပြီဖြစ်ကြောင်း စိတ်အာရုံ၏ စေ့ဆော်တိုက်တွန်းမှုကြောင့် သူ၏၃၆နှစ်မြောက်မွေးနေ့ကို
သာသနာ့ဘောင်သို့ ခေတ္တ၀င်ရောက်ခြင်းဖြင့် မြတ်သောကုသိုလ်ရယူနိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်သည်။
မူလက မွေးလတစ်လလုံး
သီလရှင်ဝတ်ဖြင့် ဒါန၊ သီလ၊ ဘာဝနာ အားထုတ်ရန် ရည်ရွယ်ခဲ့သော်လည်း မိမိမရှိသော ကာလအတွင်း
အိမ်၏စားရေးသောက်ရေး၊ မိခင်၏ကျန်းမာရေးအတွက် အနီးကပ်ပြုစုစောင့်ရှောက်ရန် လူရှာမရသဖြင့်
၁၅ရက်သာဝတ်ရန် စိတ်လျှော့လိုက်ရသည်။ သူ၏ မြန်မာလိုမွေးနေ့မှာ နယုန်လပြည့်နေ့ဖြစ်ပြီး၊
ခရစ်သက္ကရာဇ်အရမူ ဇွန်လ ၉ရက်နေ့ဖြစ်သည်။ ၂၀၁၅ခုနှစ်တွင် နယုန်လပြည့်သည် ဇွန်လ ၁ရက်နေ့တွင်
ကျရောက်သောကြောင့် အင်္ဂလိပ်ရက်နှင့် ၈ရက်တိတိ ကွာခြားနေခဲ့သည်။ ရိပ်သာသို့သွားရန် စီစဉ်ထားသောနေ့မှာ
၃ရက်နေ့ဖြစ်သောကြောင့် မြန်မာမွေးနေ့ကို မမှီသော်လည်း ဇွန်လ ၉ရက်နေ့တွင် ကျရောက်သော
ခရစ်နှစ်မွေးနေ့တွင် လူသာမန်ပုဂ္ဂိုလ်တို့ထက် မြင့်မြတ်သော သာသနာ့အနွယ်ဝင် သီလရှင်ဘ၀အဖြစ်
ရောက်ရှိနေမည့်အကြောင်း တွေးကြည့်ရုံနှင့်ပင် သူ ကျေနပ်ဝမ်းမြောက်နေခဲ့သည်။
ဇွန်လ၉ရက်နေ့သို့ရောက်သောအခါ
ဆရာလေးဓမ္မနန္ဒာသည် စနေသမီးဖြစ်သည့်အားလျော်စွာ ဖားအောက်တောရ၀င်းအတွင်းရှိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော
နှီးဘုရားရုပ်ပွားတော်မြတ်ထံတွင် နှင်းဆီဝါ ၃၆ပွင့်ကို ကပ်လှူပူဇော်ခြင်း၊ တောင်အောက်ကျောင်းတွင်
သီတင်းသုံးလျက်ရှိသော သံဃာအပါးသုံးဆယ်နှင့် သီလရှင်ဆရာကြီးများကို ဆေးဆပ်ကပ်လှူဒါန်းခြင်းတို့ဖြင့်
ဒါန၊ သီလ၊ ဘာဝနာနှင့်ပြည့်စုံသော မွေးနေ့ရက်မြတ် ဖြစ်စေခဲ့သည်။ ထိုမျှမကသေးဘဲ ယခုနှစ်မွေးနေ့တွင်မှ
အခါတိုင်းနှင့်မတူသော ဝေယျာဝိစ္စသန့်ရှင်းရေးကုသိုလ် ထပ်တိုးဖို့ရန် အကြောင်းဖန်လာလေသည်။
ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီးသည် ဇွန်လ၁၀ရက်နေ့တွင် ရန်ကုန်မှနေ၍ မော်လမြိုင်ဖားအောက်တောရသို့
ကြွရောက်ပြီး ဆယ်ရက်ခန့် သီတင်းသုံးမည်ဖြစ်သောကြောင့် ဆရာတော်ဘုရားကြီးအား မေတ္တာဝီဟာရီဓမ္မာရုံမှနေ၍
ခရီးဦးကြိုဆိုရန် နယကအဖွဲ့ဝင်ဆရာကြီးများ၊ ပြည်တွင်းပြည်ပဆရာလေး၊ ယောဂီများအားလုံး
ဓမ္မာရုံသန့်ရှင်းရေးနှင့် ပန်းအလှဆင်ခြင်း ကိစ္စရပ်များကို ၉ရက်နေ့မနက်ခင်းတွင် စတင်လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည်။
နေ့လယ်ခင်း ၂နာရီခွဲတွင် တရားထိုင်ချိန် ခေတ္တဖြုတ်ပြီး ဓမ္မာရုံတစ်ခုလုံး၏ သန့်ရှင်းရေးကို
တတပ်တအား ၀ိုင်းဝန်းလုပ်ဆောင်ကြရာ မွေးနေ့ရှင်ဆရာလေးလည်း ပါဝင်ကုသိုလ်ယူခွင့်ရခဲ့လေသည်။
သူကြုံဖူးသမျှ မွေးနေ့ထဲတွင် ယခုနှစ်မွေးနေ့သည် ဒါန၊ သီလ၊ ဘာဝနာသာမကဘဲ ဝေယျာဝိစ္စကုသိုလ်ကိုလည်း
တခဲနက်ပြုခွင့်ရသည့် ရက်စွဲတစ်ခုအဖြစ် မှတ်မှတ်ထင်ထင် ရှိခဲ့ရသည်။
သေခြင်းတရား ရှုပွားထား
ကုသိုလ်စိတ်များဖြင့်
လျှောက်လှမ်းဖြတ်သန်းခဲ့သော ထိုဆယ့်ငါးရက်တာအတွင်း သူ၏မွေးနေ့အပါအ၀င် ကုန်လွန်ခဲ့သောနေ့ရက်တိုင်းကို
ဒါန၊ သီလ၊ ဘာသနာ ကုသိုလ်အစုစုဖြင့် ကုန်ဆုံးလွန်မြောက်ခွင့်ရခဲ့သလို အသုဘရှုပွားခြင်းဖြင့်
သေခြင်းတရားကို ဆင်ခြင်သံဝေဂယူခွင့်လည်း ရခဲ့လေသည်။ အကြောင်းမှာ သူ တရားအားထုတ်စဉ်
သီတင်းနှစ်ပတ်အတွင်း ရိပ်သာအတွင်းမှ လူနှစ်ယောက် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။ သူ ရိပ်သာသို့ရောက်ပြီး
၎ရက်ခန့်အကြာတွင် ရိပ်သာဝင်းအတွင်းမှ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ကားတိုက်ခံရပြီး
ဥပစ္ဆေဒကကံဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ရိပ်သာဝင်းအတွင်းရှိ သချိုင်းမြေထက်က
ဇရပ်ပေါ်တွင် ပြင်ထားသော အသုဘရုပ်အလောင်းအား ဆရာလေးဈာနနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ကျောင်းဝင်းပြင်ပသို့ ဟင်းထွက်ဝယ်ရင်း ကုန်တင်ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး အတိုက်ခံရသဖြင့်
ဆုံးပါးသွားသူ လူရွယ်သည် မိမိ၏အသက်ထက် တစ်နှစ်မျှ ပိုငယ်သေးသည်။ တကယ်တော့ သေခြင်းတရားသည်
အသက်အရွယ်မရွေး၊ အချိန်မရွေး၊ နေရာမရွေး ခေါ်ဆောင်တတ်ကြောင်း လွန်ခဲ့သော ရှစ်နှစ်ကျော်ကပင်
သူကောင်းစွာ သိနားလည်ခဲ့ပြီးဖြစ်သည်။ အဘိဓမ္မာတရားတော်လာ သေခြင်းတရားလေးပါးမှ နောက်ဆုံးဖြစ်သော
မီးစာရော၊ ဆီပါ မကုန်ခမ်းသေးပါလျက် လေပြင်းတိုက်၍ ရုတ်တရက် ဖယောင်းတိုင်မီး ငြိမ်းသွားပုံနှင့်
ဥပမာပေးထားသော ဥပစ္ဆေဒကသေခြင်းတရားကို အမှတ်ရသံဝေဂပွားရင်း ထိုလူရွယ်လေး၏ နောက်ဆုံးခရီးကို
မြေတစ်ဆုပ်ကြဲကာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
နောင်တစ်ပါတ်အကြာတွင်
ရိပ်သာ၌ ရာသက်ပန်အားထုတ်လျက်ရှိသော အသက်၆၈နှစ်အရွယ် ယောဂီအမေကြီးတစ်ဦး ဆုံးပါးသွားခဲ့သည်။
ပညာရေးဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးဖြစ်ခဲ့ပြီး၊ မိမိတွင် ကင်ဆာရောဂါစွဲကပ်နေသည်ကို
သိရချိန်မှစ၍ ရိပ်သာတွင် အမြဲမပြတ် တရားအားထုတ်ရင်း နောက်ဆုံးအချိန်ကို သတိသမာဓိရှိစွာဖြင့်
ဖြတ်ကျော်ကာ ငြိမ်သက်အေးဆေးစွာပင် လူ့ဘ၀ကို စွန့်ခွာသွားခဲ့သည်။ ခေါင်းအတွင်း လှဲလျောင်းနေသော
ကွယ်လွန်သူ၏ ရုပ်မျက်နှာကို မြင်တွေ့ရသူတိုင်း အေးချမ်းလိုက်တာ၊ အိပ်ပျော်နေတဲ့အတိုင်းပဲနော်ဟု
တူညီသောမှတ်ချက်ပေးသံကို ကြားရသည်။ တမလွန်ခရီးကို ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ခြင်းမှာ
တရားဓမ္မ၏ အစွမ်းသတ္တိသာလျှင်ဖြစ်ကြောင်း အသုဘရှုပွားသူတစ်ယောက်အနေနှင့် သူယုံကြည်မိသည်။
ဤလောက၌ ကြီးသူ၊ ငယ်သူ၊ ရုပ်ချောသူ၊ ရုပ်ဆိုးသူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပညာရှိသူ၊ ပညာမဲ့သူ
မည်သူမဆို သေခြင်းတရားကို အနှေးနှင့်အမြန် မလွဲမသွေ ရင်ဆိုင်ကြရမည်ချည်း ဖြစ်သည်။ ထို့အတွက်
နေ့စဉ်မပြတ် ပြုလုပ်အားထုတ်သင့်သော အာစိဏ္ဏကံကို ထူထောင်ထားရန်လိုအပ်ကြောင်း အသိဝင်လာခဲ့သည်။
သို့သော် သူအပါအ၀င်
အရိယာမဟုတ်သော ပုထုဇဉ်ရဟန်းရှင်လူပုဂ္ဂိုလ်အများစုသည် မမြင်ရသောသေမင်းနှင့် ကိုယ်တိုင်ကိုယ်ကျ
စစ်ခင်းချိန်မရောက်မချင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားများ လျှော့ချရန် မေ့လျော့နေကြပေသည်။
မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေအစရှိသော မိမိနှင့်ရင်းနှီးသိကျွမ်းသူတစ်ဦးတစ်ယောက်
ကွယ်လွန်အနိစ္စရောက်သောအခါမှ သေခြင်းတရားကို သတိရပြီး အခိုက်အတန့်အားဖြင့် သံဝေဂရကာ
မိမိနှင့်အတူ သံသရာတလျှောက်လုံး လိုက်ပါခြယ်လှယ်လာသော လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကိလေသာများ
လျော့ပါးစေရန် ကြိုးစားအားထုတ်ကြတော့သည်။
ဤခရီး မဝေးပါ
ဆယ့်ငါးရက်တာကာလသည်
တိုတောင်းလွန်းလှသည်။ သူ့စိတ်ရင်းအမှန်နှင့်ဆိုပါက တစ်လပြည့်သည်အထိ သာသနာ့ဘောင်တွင်
ဆက်လက်ပျော်မွေ့လိုသော်လည်း အခြေအနေမပေး၍ ကိစ္စများမြောင် လူတို့ဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့ရသည်။
သူမပြန်ခင် အသုံးမပြုဖြစ်ဘဲ ကျန်ရှိနေသေးသောဆေးဝါးများနှင့် ခါးကပ်ပလာစတာများအား အလိုရှိသော
ယောဂီတို့ အသုံးပြုနိုင်စေရန် ဓမ္မာရုံ၌ ပေးလှူခဲ့သည်။ သူမော်လမြိုင်မလာခင်ကမှ ၀ယ်လာခဲ့သော
လက်နှိပ်ဓာတ်မီးကိုလည်း လက်နှိပ်ဓာတ်မီးမရှိသော ဆရာလေးတစ်ပါးအား ပြန်လှူခဲ့သည်။ နှစ်ဆန်းတစ်ရက်နေ့ကမှဝယ်ထားပြီး
သူမဖတ်ရသေးသော အရှင်ဇနကာဘိဝံသ၏ ‘နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ’ စာအုပ်ကိုလည်း စာကြည့်တိုက်သို့
လှူဒါန်းခဲ့သည်။ သူလူထွက်ပြီး ရန်ကုန်သို့ပြန်တော့မည်ဟု ရုံးခန်းအား အကြောင်းကြားလိုက်သောအခါ
သူနှင့်မျက်မှန်းတန်းမိ၊ နှုတ်ဆက်စကားဆိုလေ့ရှိသော ဒေါ်ဘုရားတစ်ပါးက သူ့အား လူပြန်မထွက်ဘဲ
သာသနာ့ဘောင်၌သာနေထိုင်ပြီး ရာသက်ပန် အားထုတ်စေချင်ကြောင်း တိုက်တွန်းသောအခါ သူ့အနေနှင့်
အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်လျှောက်ထားခဲ့ရသည်။ “အခုအပြီးမ၀တ်နိုင်သေးလည်း ၀တ်နိုင်တဲ့အချိန်ကျ
ပြန်လာခဲ့နော်၊ အိမ်ထောင်မပြုနဲ့၊ ယောက်ျားတွေကို မယုံနဲ့နော် သမီး” ဟူသော သြ၀ါဒစကားသံအဆုံး
သူပြုံးရသည်။
ရန်ကုန်မှ မော်လမြိုင်သို့
မထွက်ခွာခင် သို့မဟုတ် သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါး မဖြစ်မီက သာသနာ့ဘောင်သို့ ခေတ္တမျှခရီးတစ်ထောက်ဝင်ရောက်ဖို့အရေး
ဝေးလှသည်ဟု သူထင်မှတ်ခဲ့သည်။ မော်လမြိုင်ဖားအောက်တောရတွင် သီလရှင်ဝတ်ပြီး တရားအားထုတ်ချင်သည်ဟု
မိခင်ဖြစ်သူအား ပထမဆုံးအကြိမ် ပြောခဲ့စဉ်က ရာနှုန်းပြည့်ထောက်ခံမှု မရရှိခဲ့။ သူ့အား
သီလရှင်ဘ၀နှင့် တစ်သက်လုံးအားထုတ်သွားမည်ကို စိုးရိမ်သောစိတ်ဖြင့် “သီလရှင်တော့ မ၀တ်ပါနဲ့ သမီးရယ်၊ ယောဂီဘ၀နှင့်ပဲ
ကြိုက်သလောက် အားထုတ်ပါ” ဟု ပြောခဲ့သည်။ မိခင်စကား နားထောင်လေ့ရှိသော သူ့အတွက် မိဘမကြည်ဖြူဘဲ
သာသာနာ့ဘောင်သို့ မ၀င်ရောက်ချင်သည့်အတွက် သူ့ဆန္ဒကို ချိုးနှိမ်ခဲ့သည်။
နောက်ထပ် သူ့အား အတိုင်းအတာတစ်ခုအထိ
ဟန့်တားဝေးကွာစေသောအကြောင်းမှာ သီလရှင်ဝတ်ပြီး လူပြန်ထွက်သည့်အခါ ဆံပင်ပြန်မရှည်မချင်း
ခေါင်းတုံးဘ၀နှင့်နေထိုင်ရမည်ကို အနည်းငယ်ရှက်ရွံ့ စိုးကြောက်မိခြင်းဖြစ်သည်။ သူသည်
အလှအပရေးရာကို အထူးတလည် စိတ်ဝင်စားသော မိန်းမတစ်ယောက် မဟုတ်သည့်တိုင် ဆံပင်ကိုဖြတ်၍
ခေါင်းတုံးရိတ်ပြီးသည့်အခါ ကြည့်မကောင်းဖြစ်မည်ကို စိုးရိမ်စိတ်ဝင်တတ်သော သူသူကိုယ်ကိုယ်
အမျိုးသမီးများထဲက တစ်ယောက်ဖြစ်ခဲ့လေသည်။ (တကယ်တမ်း ခေါင်းတုံးတုံးကြည့်မှ ဆံပင်မရှိခြင်း၏
ကောင်းကျိုးများကို လက်တွေ့သိမြင်ခံစားလိုက်ရ၍ သဘောကျ မဆုံးနိုင်အောင် ဖြစ်ရသည်)
တကယ်တော့ ကားဖြင့်၆နာရီကြာသွားရသော
ရန်ကုန်နှင့်မော်လမြိုင်ခရီး မဝေးသလို လူ့ဘောင်မှ သာသနာ့ဘောင်အတွင်းသို့ ကူးပြောင်းဝင်ရောက်ရန်
ခရီးသည်လည်း မဝေးလွန်းလှပါ။ စစ်မှန်ထက်သန်သော စိတ်ဆန္ဒရှိရန်တော့ လိုအပ်ပါသည်။ ထို့အတူ
ဗုဒ္ဓဘာသာဝင်တိုင်း၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သည်လည်း အမှန်တကယ် လိုချင်စိတ်ဖြင့် ကြိုးစားလျှင်
လက်တကမ်းမှာသာ ရှိပါသည်။ သစ္စာတရားလေးပါးကို ကိုယ်တိုင်ကိုယ်ကျ ထိုးထွင်းသိမြင်နိုင်ရန်
လမ်းကြောင်းမှန်သို့ညွှန်ပြပေးနိုင်သည့် ဆရာသမားရဟန်းကောင်းများနှင့် တွေ့ဆုံခွင့်ရမည်ဆိုလျှင်တော့
ထိုခရီးကား လွန်စွာ နီးကပ်သွားပြီဟု ဆိုနိုင်ပါသည်။
မော်လမြိုင်-ရန်ကုန်ခရီးစဉ်
ရိပ်သာမှအပြန်လမ်းတွင် သူ့စိတ်အစဉ်သည် အလာခရီးနှင့် ဆန့်ကျင်စွာပင် ကြည်သာရွှင်လန်းလျက်ရှိသည်။
နှစ်နှင့်ချီကာ ကိန်းအောင်းခဲ့သော သူ့ဆန္ဒအား အောင်မြင်စွာ အကောင်အထည်ဖော်ခွင့်ရခဲ့သည်သာမက
မော်လမြိုင်ဖားအောက်တောရရိပ်သာတွင် သီလရှင်အဖြစ် သီတင်းသုံးနေစဉ်ကာလအတွင်း ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ဘုရားကြီးအား
သုံးကြိမ်တိုင်တိုင် ဖူးမြော်ခွင့်ရခြင်း၊ ဒါန၊ သီလ၊ ဘာဝနာအစုစုကို နေ့စဉ်မပြတ် ပြုကျင့်ခွင့်ရခြင်း၊
စိတ်စေတနာကောင်းမွန်ပြည့်ဝသော သူတော်ကောင်းများနှင့် ဆုံဆည်းရခြင်းတို့အပြင် သူဆန္ဒရှိခဲ့သည့်အတိုင်း
ကောင်းကျိုးမင်္ဂလာ ကုသိုလ်အဖြာဖြာနှင့် ပြည့်စုံသောမွေးနေ့ရက်မြတ်ကိုလည်း ဖြတ်သန်းခွင့်ရခဲ့လေသည်။
ဆန္ဒာဓိပတိဆိုသည့်အတိုင်း
စိတ်ဆန္ဒဦးစီးလျှင် လောကီခရီးသာမက လောကုတ္တရာခရီးသည်ပင် ထင်သလောက် မဝေးဘဲ နီးကပ်လျက်ရှိကြောင်း
သူလက်တွေ့သိမြင်လိုက်ရသည့်နောက်တွင် နိဗ္ဗာန်ခရီးကိုလည်း ဘ၀တိုတိုနှင့် နီးနိုင်သမျှ
နီးစပ်အောင် သူအားထုတ်ကြိုးပမ်းရပါဦးမည်။
မြတ်စွာဘုရား ပွင့်တော်မူသော
ဘဒ္ဒကမ္ဘာတွင် သဒ္ဓါတရားနှင့်ပြည့်စုံသော ဗုဒ္ဓသာသာဝင် လူသားတိုင်း သီလ၊ သမာဓိ၊ ပညာ ဖြည့်ကျင့်ပြီး မဂ္ဂင်ဖောင်စီး၍ ယခုဘ၀တွင်ပင်
နိဗ္ဗာန်ခရီးသို့ အရောက်သွားနိုင်ကြောင်းကို သူငယ်ငယ်က မြန်မာသင်ပုန်းကြီးဖတ်စာတွင်
ရွတ်ဆိုသင်အံခဲ့သည့် ‘ဤခရီးနီးသလား၊ ငါးနာရီလာရ၏၊၊ မီးရထား စီးလာပါ၊ အလကား မစီးရ’ သင်ခန်းစာကို
အမှီပြုရေးဖွဲ့ကာ နှုတ်ဖြင့်ဖွဖွ ရွတ်ဆိုကြည့်လိုက်မိပါတော့သတည်း။
ဤခရီး မဝေးပါ။
ယခုဘ၀မှာပင် ရောက်နိုင်၏။
မဂ္ဂင်ဖောင် စီးလာပါ။
သီလ၊ သမာဓိ၊ ပညာ ပြည့်ဝပါစေ။
ဇွန်မိုးစက်
ဤနည်းလမ်းသာ
ဒေါ်မြမေသည် ငိုက်မျဉ်းနေသောမျက်စိကို
အသာမှိတ်ပြီး ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ လှဲချလိုက်သည်။ တစ်နေကုန်တင်းထားသမျှ စိတ်တို့ကို
ဖြေလျှော့လိုက်ပြီး အိပ်မည်ဟု စိတ်နှစ်လိုက်စဉ် နံဘေးမှ လင်တော်မောင်ဖြစ်သူ ကိုဘရွှေထံမှ
အရက်နံ့ကို ရှူရှိုက်မိသောကြောင့် အိပ်ချင်စိတ်တို့ လွင့်ပြယ်သွားရသည်။
သက်ပြင်းမောတစ်ချက်ကို
လေးတွဲစွာချလိုက်ပြီး နဖူးပေါ်လက်တင်လိုက်သည်။ အဆင်မပြေသော မိသားစုဘ၀တွင် ထွက်ပေါက်ရှာရန်
အကောင်းဆုံးနည်းလမ်းမှာ မည်သည့်အရာနည်းဟု စဉ်းစားစရာလိုတော့မည်မထင်ပေ။ ဤအတွေးကို တွေးဖြစ်မိသည်မှာလည်း
မကြာခဏပေ။
အဆင်မပြေသောမိသားစုဟု
ခေါင်းစဉ်တပ်ရခြင်းမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းများစွာတို့တွင်
အဆင်မပြေမှုတို့နှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။ ကိုဘရွှေသည် ဘဏ်ခွဲတစ်ခုမှမန်နေဂျာ၊
ဒေါ်မြမေကမူ အစိုးရရုံးတစ်ရုံးမှ ၀န်ထမ်းတစ်ဦးသာဖြစ်သည်။ တစ်ပတ်စာဈေးဖိုးပင်မရှိသော
သူမ၏လခနှင့် ကလေးသုံးယောက်၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့်အရေးတို့တွင် အဘယ်ကဲ့သို့လုံလောက်အောင်
သုံးစွဲနိုင်ပါမည်နည်း။ ဈေးဖိုးကရော။
ကိုဘရွှေ၏လခသည် သူ၏အရက်ဖိုး၊
စာရေးမလေးများအား ပေးရကြွေးရသော အဖိုးအခနှင့် သူကိုယ်တိုင်ပင် မလောက်ချင်။ ဒေါ်မြမေမှာ
တခါတရံ အခြားသူများကပေးလာသော လပေးအထည်များကို အမြတ်တင်၍ ရုံးသို့လပေးဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသည်။
ရုံးရှိအချို့သောသူများ၏ အခက်အခဲများပြေလည်စေရန် သူမတို့နေသောရပ်ကွက်အနီးအနားတွင် အိမ်ငှားပေးခြင်းဖြင့်
ပွဲစားသဘောမှ ရသောပိုက်ဆံနှင့် ဈေးဖိုးသုံးရသည်ကများသည်။
ကလေးတွေကလည်း သိပ်မလိမ်မာချင်။ အကြီးမက အရွယ်ရောက်လာတော့ ၀တ်ချင်၊ စားချင်လာသည်။ လှချင်၊ ပချင်လာသည်။ သည်တော့ မအေကို ပူဆာစကားလေးစလာသည်။ မ၀ယ်ပေးနိုင်မှန်းသိလျှင် စိတ်ကောက်တတ်လာသည်။ မပေးနိုင်မှန်းသိလျက်နှင့်တောင်းကြသည်မှာ သားသမီးတို့၏ ၀တ္တရားတစ်ခုလို့များ အောက်မေ့ကြသလားမသိ။
တကယ်တော့ မိဘဆိုတာ
သားသမီးတွေဘာလိုအပ်သလဲဆိုတာကို အမြဲမျက်စိဒေါက်ထောက်ကြည့်ကာ တတ်နိုင်သလောက် ဖြည့်စွမ်းပေးရသည်ချည်းဖြစ်သည်။
သားသမီးဆိုတာကလည်း မိဘက ငါတို့ကို ဘာများပေးနိုင်မလဲဆိုတာကိုသာ အမြဲမျှော်လင့်နေသူများဖြစ်သည်။
ပညာရေးနှင့်ပတ်သက်လျှင်တော့
ဒေါ်မြမေတတ်နိုင်သလောက် ဖြည့်စွမ်းပေးသည်။ အလှအပ၊ အသုံးအဆောင်များနှင့် ပတ်သက်လျှင်တော့
မသိချင်ယောင်ဆောင်၊ ဆူပူအော်ငေါက်ရသည်။ အလတ်ကောင်ကတစ်မျိုး၊ ဒီကောင်က ဖအေနှင့်တူချင်ချင်ရယ်။
ထစ်ခနဲဆို စိတ်တိုဒေါသထထွက်နှင့်။ ကျောင်းမှာလည်း မကြာခဏ စကားများကြ၊ ထိုးကြကြိတ်ကြနှင့်။
အငယ်ဆုံးသားလေးကတော့ လိမ္မာရှာပါသည်။ ဒါပေမယ့် ကျန်းမာရေးကမကောင်း၊ မကြာခဏချောင်းဆိုး၊ ရင်ကြပ်၊ အပူတက်ချင်သလို ဖြစ်လေ့ရှိသည်။ မွေးကင်းစကပင် ချူချာသည်။ သူ့ကိုကျောင်းသာပို့ရသည်။ စိတ်မချရ။ အလတ်ကောင်ကိုလည်း စိတ်မချရ။ တော်တော်ကြာရန်ပွဲဖြစ်လို့ ဆရာမခေါ်တွေ့မှာကိုလည်း စိတ်ကုန်လှပြီ။ အကြီးမကိုတော့ စိတ်ပူရသည်မှာ တစ်ခြား။ ဒီအရွယ်က စိတ်ကစားတတ်သည့်အရွယ်ဆိုတော့ သူငယ်ချင်းမကောင်းလျှင် သူများမြှောက်ပင့်ပါသွားလျှင်မလွယ်။
ဒီတော့ ဒေါ်မြမေခမျာ
စီးပွားရေးအတွက်သာမက သားသမီးရေးအတွက်ပါ ပူနေရသည်။ အသက်က ၄၀ကျော်ရုံမျှသာရှိသေးသော်လည်း
အတွေးများနှင့်သောကတို့ ကြီးစိုးနေသောကြောင့် ဆံပင်များပင်ဖြူနေပြီ။ အပေါ်ယံဆိုလျှင်
မသိသာပေမယ့် အတွင်းပိုင်းရှိဆံပင်များ အတော်ဖြူနေပြီဖြစ်သည်။
သူမ ကိုဘရွှေကိုလက်ထပ်တုန်းက
ယခုလိုပုံစံမျိုးမဟုတ်ခဲ့။ ဟိုစဉ်ကတော့ ကိုဘရွှေမှာ ရုပ်ရည်ကလဲရှိ၊ ပညာတတ်ဘွဲ့ရ စာရေးတစ်ယောက်လည်းဖြစ်၊
ကိုယ့်ကိုလည်း နှစ်လိုဟန်ပြခဲ့တော့ သြော်… ငါ့အတွက်တော့ တစ်ဘ၀စာ အားကိုးထိုက်မှာပဲလေဟု
ထင်ခဲ့သမျှ အခုတော့ အဖတ်တောင် ဆယ်ယူစရာမရှိတော့ပေ။
ပထမကလေးတစ်ယောက်ရကစကတော့
သိပ်မဆိုးသေး။ နောက်မှရာထူးတက်လာ၊ အပေါင်းအသင်းကလည်းများလာနှင့် အသောက်အစားပါ များလာသည်။
ထိုစဉ်တုန်းက ဒေါ်မြမေသည် ယောက်ျားအပေါ် အထင်ကြီးလေးစားစိတ်အခံဖြင့် မပိတ်ပင်မတားမြစ်ခဲ့။
သူ့ရာထူးနှင့် ဒီလောက်တော့ အလိုက်အထိုက်ရှိမှာပေါ့လေဟုသာ ထင်ခဲ့သည်။ နောက်တော့ ရုံးက
စာရေးမလေးများကိုပါ ကျွေးရမွေးရ၊ ပေးရကမ်းရနှင့် အလုပ်တွေပိုလာသည်။ ထိုစဉ်က ဒေါ်မြမေအကြီးအကျယ်ပေါက်ကွဲခဲ့သော်လည်း
သူကတော့ သွေးအေးလွန်းလှသည်။
ကြာတော့လည်း ဒေါ်မြမေသဘောပေါက်လာသည်။
ပြောလည်းအပိုပဲဆိုတာ သိလာသည်။ ဒါကြောင့် ဘာမှဆက်မပြောတော့။ ကွဲမည်ကွာမည်ဆိုလျှင်လည်း
ကလေးတွေနောင်ရေးက ရှိသေးသည်။ ဒါကြောင့်ပင် သူမပေးလျှင်နေ၊ မကျွေးလျှင်နေ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရောဟူသောသဘောဖြင့်
စိတ်ထား၍ နေခဲ့ရသည်မှာ ကြာလှပြီလေ။
ဒါတွေပြန်တွေးရသည်မှာလည်း
အပ်ကြောင်းထပ်နေပြီ။ မတွေးဘဲနှင့်လည်း ခေါင်းထဲဝင်လာသည်မှာ ခဏခဏ။ ဒါကြောင့် စိတ်သောကတွေနှင့်သာ
ရင်းနှီးနေရသော ဒေါ်မြမေသည် သောကမှန်သမျှ ကင်းဝေးချင်သည်။ ပူပန်မှုတို့ ကုန်ဆုံးချင်သည်။
ဒီတော့နည်းလမ်းကဘာလဲ။ ပူပင်သောကတွေနှင့်ကင်းဝေးသည့်နည်းလမ်းသည် တရားဓမ္မရှာဖွေအားထုတ်ခြင်းပင်ဖြစ်သည်။
တရားဓမ္မသည် ရှာဖွေနိုင်လျှင် ဘ၀တစ်ခုလုံးကို ငြိမ်းအေးစေသည်ကို ဒေါ်မြမေသိပါသည်။ သို့ပေမယ့်
သံယောဇဉ်ဟူသော အမျှင်တန်းကိုတော့ ပြတ်အောင် မဖြတ်နိုင်။
ဒါကြောင့် လောကီရေးရာကိုစွန့်ခွာပြီး
လောကုတ္တရာထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကိုယ်အသက်ရှင်သမျှ ကာလပတ်လုံး ဒီသား၊
ဒီသမီးတွေအတွက်၊ လူမှုစီးပွားရေးအတွက် ပူပန်နေရဦးမည်သာဖြစ်သည်။ ထို့ကြောင့် ဒေါ်မြမေဆန္ဒရှိသောနည်းလမ်းမှာ
သေခြင်းတရားဟူသော ထာဝရအိပ်စက်ခြင်းနည်းလမ်းသာဖြစ်သည်။
သေခြင်းတရား၏နောက်ကွယ်တွင်
ဘာတွေရှိနိုင်မလဲဆိုတာတော့ ဒေါ်မြမေ သေချာမပြောနိုင်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်နှင့်အမျှ
ပူပင်ကြောင့်ကြစိတ်တို့လည်း ပျောက်ကွယ်မှာ သေချာသည်။ တမလွန်မှာ ငြိမ်းအေးဖို့ဆိုတာ
ယခုလက်ရှိဘ၀နှင့် သက်ဆိုင်ကြောင်း ဒေါ်မြမေသိပါသည်။ သို့သော် စိတ်ပင်ပန်းသည်နှင့်အမျှ
သေခြင်းတရားဆိုတာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာသလိုပင်။
မိမိငယ်စဉ်ကတော့ သေဆုံးခြင်းဟူသော
စကားစုကို အလွန်ပင်ကြောက်ခဲ့သည်။ လက်တွေ့သေဖို့မပြောနှင့် စိတ်ကူးထဲသေကြည့်လျှင်တောင်
သေရမှာကို နှမြောလှသည်။
လွန်ခဲ့သောနှစ်အစိတ်တုန်းက
ဒေါ်မြမေခေါ် မမြမေသည် စိတ်ကူးထဲတွင် သေကြည့်ဖူးသည်။ ထိုစဉ်ကမူ မမြမေ၏ စိတ်ကူးထဲတွင်
သူမသေဆုံးသောအခါ သူမ၏ မိဘဆွေမျိုးများ၊ မိတ်ဆွေမောင်နှမများသည် သူမဘေးတွင် ၀ိုင်းအုံလျက်ရှိသည်။
ထို့နောက် “မမြမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့များ သေသွားရရှာပါလိမ့်” “ဒီကောင်မလေး
အသက်ရှိစဉ်က လိမ်လိမ်မာမာပါပဲ” “သူ့ခမျာ လူ့ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ခွာသွားရရှာတယ်”
“သူတမလွန်မှာရော ငြိမ်းအေးရဲ့လား” စသည့် စကားစုပေါင်း မြောက်မြားစွာတို့အား ပြောဆိုကြရင်း
သူမအား ၀မ်းနည်းမဆုံးသော မျက်လုံးများဖြင့် ကြည့်နေကြသည်ဟု မမြမေ ထင်မြင်မိသည်။
သို့သော် ထိုစဉ်က မမြမေသည် ထိုအကြည့်၊ ထိုအပြောတို့ကို
မခံချင်သောကြောင့်သာ သေဖို့ သတ္တိမရှိခြင်း၊ သေခြင်းတရားကို ရင်မဆိုင်ရဲခြင်းဖြစ်ရမည်။
ယခုမူ…
သြော်… ငါသေသွားရင်
လူမှုဒုက္ခအပေါင်းကနေ ကင်းဝေးမှာပဲ။ ထာဝရငြိမ်းချမ်းခြင်းရပါရဲ့၊ လင်ယောက်ျားရဲ့ လျစ်လျူရှုမှုကိုလည်း
ဂရုစိုက်စရာ မလိုတော့ဘူး။ သူ့ဟာသူဘာဖြစ်နေနေ၊ ငါမရှိလဲ သူ့အတွက်ဘာမှထူးမှာမဟုတ်ဘဲ။
ငါမရှိလဲ… ဒါပေမယ့် ငါမရှိရင် ဒီကလေးတွေ ဘယ်လိုများ နေထိုင်စားသောက်ကြမှာပါလိမ့်။ ဖအေကလည်း
အားအားရှိမူးမယ်၊ ပျော်မယ်၊ ပါးမယ်နဲ့ သူ့ကလေးတွေတောင် သတိရမှာ မဟုတ်ပါဘူး။
ခက်တာက အကြီးမလေး
အပျိုဖော်ဝင်စအရွယ်မှာ အမေမရှိဘူးဆိုရင် မတော်တရော်နဲ့များ တွေ့သွားရင်ဒုက္ခ။ အမေမရှိဘူးဆိုပြီး
တစ်ယောက်ယောက်ကများ… အမယ်လေး ရင်လေးစရာပါလားနော်။ ဖအေကလည်း မကောင်းတော့ခက်တာပဲ။
အလတ်ကောင်က မဟုတ်မခံစိတ်ရှိပေမယ့်
သူ့မောင်နှမအတွက်ဆို အနစ်နာခံချင်စိတ်ရှိတယ်။ တော်တော်ကြာ ပညာဆက်မသင်ဘဲ အလုပ်လုပ်လို့
ပညာတစ်ပိုင်းတစ်စနဲ့ ပညာမတတ်ဖြစ်ဦးမယ်။ အငယ်လေးကိုရော ဘယ်သူက ကြည့်မှာလဲ။ သူ့အစ်ကို၊
အစ်မရှိတယ်ဆိုဦးတော့ အခုမှ ကျောင်းနေစအရွယ်ရှိသေးတာ။ သူ့ကျန်းမာရေးကလည်း ရှိသေးတယ်။
ဖအေက ကောင်းလာပြီပဲ ဆိုပါဦးတော့၊ သမီးမိန်းကလေးပဲဖြစ်ဖြစ်၊ သားယောက်ျားလေးပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာ မိခင်နဲ့ကင်းကွာတာ မကောင်းဘူး။ အဖေဆိုတာ စီးပွားရှားဖို့ပဲတတ်တာ၊ သားသမီးအကောင်းအဆိုးကျတော့ အမေနဲ့မှပိုပြီးသင့်တော်တာ။ ငါစိတ်ညစ်လို့ သေတယ်ဆိုရင်တောင် ဒီကလေးတွေကို စိတ်ချလက်ချထားပြီး အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးရတာလည်း တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။ ကိုယ့်ယောက်ျားအတွက် မကြည့်နဲ့ဦး။ အဓိကကတော့ ကိုယ့်ကလေးတွေအတွက်ပဲကြည့်လေ။ ငါသေလို့တော့ မဖြစ်သေးပါဘူး။
လူရယ်လို့ဖြစ်လာမှတော့
တွေ့ကြုံရတဲ့ဒုက္ခကို ရဲရဲရင်ဆိုင်ရုံပဲရှိတာပေါ့။ ကိုယ်က မိဘတစ်ယောက်ဖြစ်နေမှတော့ အရာရာကို
စိတ်ညစ်နေရုံနဲ့ မပြီးသေးပါဘူး။ သားသမီးဆိုတာကလည်း မိဘကသေချာဆုံးမတတ်ရင် လိမ္မာမှာပဲ။
ကိုယ်က အမေဆိုတော့ အကျိုးသင့်၊ အကြောင်းသင့်နဲ့ သူတို့နားဝင်အောင်၊ နားလည်အောင် ပြောဆိုတတ်ရင်
ရမှာပဲလေ။
ခုလိုချိန်တွင် ဒေါ်မြမေ
သေဖို့စိတ်ကူးမရှိတော့ပေ။ သတ္တိမရှိလို့တော့ မဟုတ်ပါဟု ဒေါ်မြမေငြင်းချင်သေးသည်။ သတ္တိဆိုတာကလည်း
အခြေအနေ၊ အကြောင်းအရာပေါ်မူတည်၍ ပျောက်ကွယ်သွားနိုင်တာပဲ မဟုတ်လား။ ရှိစေတော့။
လောလောဆယ်တော့ ဒေါ်မြမေသည်
သူမ၏ ပူပင်သောကများကင်းဝေးစေရေးအတွက် ထာဝရမဟုတ်သော တခဏအိပ်စက်ခြင်းနည်းလမ်းကိုသာ ရွေးချယ်ရမည်မှာ
အသေချာဆုံးပင်ဖြစ်တော့သည်။
ဇွန်မိုးစက်
-----------------------------------------------------------------------------------------------------------------------
၂၀၀၀ပြည့်နှစ်လွန်ကာလတစ်ခုက မြတ်မိခင်စာပေပြိုင်ပွဲမှာ ခပ်တည်တည်နှင့် ၀င်ပြိုင်ခဲ့တဲ့ စာမူကလေးပါ။ ပြိုင်ပွဲဝင်စာမူဖြစ်လို့ တကူးတက ကွန်ပျူတာနဲ့ စာစီဖို့ အပ်ခဲ့တာ၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖူးသေးကြောင်း ၀န်ခံကတိပြုလွှာရေးပြီး လက်မှတ်ထိုးခဲ့တာတွေ မှတ်မိနေပါသေးတယ်။ ခုနေပြန်ဖတ်ကြည့်တော့ အရေးအသားထက် ဟိုတုန်းက စာရေးခိုက်မှာ ရှိခဲ့တဲ့ ကိုယ့်အတွေးလေးကို ပြန်သဘောကျပြီး ပြုံးနေမိပါတယ်။း)
ယွန်းစုငယ်၏ စိတ်ကူးဆန္ဒများ
“တံခါးကို သေချာသော့ခတ်ထား။
ဘယ်သူလာလာဖွင့်မပေးနဲ့။ မေမေပြန်လာရင် ဘဲလ်နှစ်ချက်တီးလိုက်မယ်။ ရေနွေးအိုးတည်ထားတာဆူရင်
မီးပိတ်ပြီး ဓာတ်ဘူးထဲထည့်ထား။ ကြားလား”
“ဟုတ်”
“သြော်… အိမ်ရှေ့မှာနေပူလာရင်
အပင်တွေကို နောက်ဖေးရွှေ့ဖို့ မမေ့နဲ့ဦး။ အ၀တ်တွေခြောက်ရင်လဲ သိမ်းလိုက်ဦး။ မှာတာတွေ
မမေ့နဲ့နော်။”
“အင်းပါ”
မေမေက တံခါးပေါက်နားမှာရပ်ရင်း
အမှာတော်ခြွေနေတာမို့ “စု” ငြိမ်နေရသည်။
“ကဲ… တံခါးသော့ခတ်တော့”
စုက သော့ခတ်ပြီး ၀ရန်တာမှ
ထွက်ကြည့်လိုက်သည်။ စုတို့အခန်းက အပေါ်ဆုံးခြောက်လွှာမြောက်လေ။ မေမေ့ကိုကြည့်ပြီး စု
အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
ပြီးတော့မှ အခန်းထဲဝင်၊
ဗီရိုကိုဖွင့်ကာ မချုပ်ရသေးသော အကျီစများကိုယူ၊ မကြာသေးခင်ကမှ ဖေဖေပို့လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီး၊
အ၀တ်စများကို ကိုယ်ပေါ်တွင် ပုံစံအမျိုးမျိုးတင်၍ လမ်းလျှောက်လိုက်သည်။
“အင်း…ဒီလိုဆိုတော့
ငါက ဘယ်ဆိုးလို့လဲ” ဟု မှန်ထဲ လှည့်ပတ်ကြည့်ရှုရင်း ဘာသာ ရေရွတ်လိုက်သည်။
စုကတော့ ခုလို ဒေါက်ဖိနပ်မြင့်မြင့်ကိုစီး၊
ပြီးတော့ ဟန်ပါပါနဲ့ ကြွကြွရွရွလေး လမ်းလျှောက်ရသော ဖက်ရှင်မယ်လေးတွေကို အားကျသည်။
အထူးသဖြင့် ပြင်သစ်နိုင်ငံက ဖက်ရှင်မယ်လေးတွေဆိုရင် အရမ်းစတိုင်လ်ကျပြီး အရမ်းကြည့်ကောင်းတာပဲ။
အရပ်တွေကလည်း အမြင့်ကြီးပဲ။ နောက်တစ်ခါ ဖေဖေ့ဆီစာရေးရင် ဒီ့ထက်မြင့်တဲ့ဖိနပ် ပို့ပေးဖို့
မှာရဦးမယ်။
စုသည် ဖက်ရှင်မယ်များအတိုင်း
လမ်းလျှောက်ရင်း “အခုနေများ ငါ့ပုံစံကို တစ်ယောက်ယောက်ကမြင်ပြီး ကြော်ငြာရိုက်ဖို့ကမ်းလှမ်းလာရင်
ဘယ်လိုဆုံးဖြတ်ရမလဲ” ဟု တွေးလိုက်သေးသည်။
“အင်း… ကြော်ငြာတစ်ခုရိုက်ရင်
အ၀တ်စားဖိုးတွေ၊ ဖိနပ်ဖိုးတွေ ကုန်ရမှာ။ ဒါပေမယ့် ရမယ့်ပိုက်ဆံကလည်း မနည်းပါဘူးလေ။
အကျီအမျိုးမျိုးဝတ်၊ ဖိနပ်အမျိုးမျိုးကိုစီးပြီး အိုက်တင်လုပ်ရတာ သိပ်တော့မခက်ပါဘူး။”
ထို့နောက်စုသည် တီဗွီမှလာသော ကြော်ငြာများကို သူမရသလောက် သီချင်းဆို၍ ကြော်ငြာတွေတစ်ခုပြီးတစ်ခု
မပြီးနိုင် မစီးနိုင်လုပ်တော့သည်။ ထက်ထက်မိုးဦး၊ မေသန်းနု၊ နန္ဒာလှိုင် စသူတို့၏ကြော်ငြာတွေ
တစ်ခုမကျန် သူမ အမျိုးမျိုးလုပ်ကြည့်သည်။
အံမယ် ငါ့အသံနဲ့ဆိုရင်
သီချင်းဆိုရင်တောင်ဖြစ်သေး။ စုသည် သီချင်းဆိုခြင်းကိုလည်း ၀ါသနာပါသူဖြစ်ရာ အဆိုတော်လုပ်ရင်ကောင်းမလားဟု
စဉ်းစားမိသည်။ ထို့နောက် သူမသည် မှန်တီခုံပေါ်မှဘီးကိုယူ၍ သီချင်းအမျိုးမျိုးကို သီဆိုကျူးရင့်လေတော့သည်။
သူမ ရသမျှ ဟေမာနေ၀င်း၊
ပိုးဒါလီသိန်းတန်၊ ထူးအိမ်သင် စသော အဆိုတော်များ၏ သီချင်းများ ကုန်သလောက်ရှိသွားမှ
သီချင်းဆိုခြင်းအမှု ပြီးစီးလေသည်။
“ဘယ်နှနာရီ ရှိပြီလဲ
မသိဘူး။ ဟင်…ဆယ့်တစ်နာရီတောင် ထိုးတော့မှာပါလား။” စုသည် ထိုအခါမှ အပင်များကို နောက်ဖေးရွှေ့ဖို့
သတိရလေသည်။
စုသည် ၀ရန်တာသို့
အပြေးလေးထွက်၍ အပင်များကို အိမ်နောက်ဖေးသို့ သယ်ယူလေသည်။ “တစ်လက်စတည်း အ၀တ်တွေပါ သိမ်းလိုက်မှနဲ့
တူတယ်။” စုသည် အကျီများကို စုသိမ်းရင်း အိမ်ရှေ့တိုက်ကို အမှတ်မထင်ကြည့်လိုက်ရာ စုတို့နှင့်
မျက်နှာချင်းဆိုင်အခန်းမှ ကောင်လေးတစ်ယောက် သူ့ကို အံ့သြသလိုပုံစံနှင့် ကြည့်နေလေသည်။
“ဟောတော့” ဟု သူမပါးစပ်မှရေရွတ်၍ အိမ်ထဲအမြန်ပြန်ဝင်လာရလေသည်။
ကြည့်မှာပေါ့၊ စုကိုယ်ပေါ်မှာ
အ၀တ်စတွေ ပုံစံအမျိုးမျိုးနဲ့ ဖရိုဖရဲဖြစ်နေတာကိုး။ ပြီးတော့ ဒေါက်ဖိနပ်ကလည်း စီးထားသေးတာ။
စုကိုမှ မကြည့်ရင် ဘယ်သူ့ကို သွားကြည့်မလဲ။ “မဖြစ်သေးပါဘူး၊ ဒီအ၀တ်တွေရော၊ ဖိနပ်ပါ
ပြန်သိမ်းမှပါပဲ။ မေမေပြန်လာရင် ဆူခံထိနေဦးမယ်။”
စုသည် အ၀တ်များ၊ အကျီစများကို
ဗီရိုထဲထည့်နေရင်း ငါ့လိုတီဗွီမှာလဲ ကြော်ငြာတွေရိုက်၊ သီချင်းလည်းဆိုတဲ့ “ယွန်းစုငယ်”
ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာရင် ဘယ်လိုငြင်းရပါ့မလဲဟု စိတ်ကူးလိုက်လေသည်။
အံမယ် ရုပ်ရှင်ရိုက်ဖို့ကိုလည်း
စုက ၀ါသနာပါတာပဲ။ မင်းသမီးဆိုတာ အခန်းကဏ္ဍ အမျိုးမျိုးကနေ သရုပ်ဆောင်ရတယ်ဆိုတော့ ဆရာဝန်လဲ
လုပ်ရမှာပဲ။ အင်ဂျင်နီယာလဲ ဖြစ်ရမှာပဲ။ ဆရာမကော လုပ်ဦးမလား။ အကုန်ဖြစ်တာပါပဲလေ။ မင်းသမီးဖြစ်မှတော့
ကျရာအခန်းကနေ ပီပီပြင်ပြင် သရုပ်ဆောင်ရမှာပဲ။ ပြီးတော့အကယ်ဒမီဆုပေးပွဲကို ဟီးလ်မြင့်မြင့်ချွန်ချွန်လေးစီးပြီး
ကြွကြွကလေးတက်ရောက်။ ပျော်စရာကောင်းလိုက်တာနော်။
ဒါပေမယ့် မင်းသားတွေရဲ့
အဖက်ကိုခံရမှာဆိုတော့… မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်က သူများခိုင်းတာလုပ်ရမှာဆိုတော့…
သိပ်မလုပ်ချင်ဘူး။ ဒါရိုက်တာဆိုရင်တော့ အပိုင်ပဲ။ ကိုယ်ကြိုက်တဲ့ ၀တ္ထုမှန်သမျှ ရုပ်ရှင်ရိုက်။
ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီးတွေကို ဇာတ်ကောင်လုပ်ခိုင်း။ ဟာ… မကောင်းပါဘူး၊ မင်းသမီးလဲ
မလုပ်ဘူး။ ဒါရိုက်တာလဲ မလုပ်ဘူး။ စာရေးဆရာမပဲ လုပ်တော့မယ်။
ဟုတ်တယ်… စာရေးဆရာမသာဖြစ်ရင်
သိပ်ကောင်းမှာပဲ။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ စာထဲထည့်ရေးလိုက်။ ကိုယ်နှစ်သက်တဲ့ပုံစံတွေနဲ့
ဇာတ်ကောင်ဖန်တီး။ ပြီးတော့ “ယွန်းစုငယ်” ဆိုတဲ့ ကလောင်တပ်ပြီး နိုင်ငံကျော်စာရေးဆရာမဘွဲ့ကို
ခံယူ။ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စုက စာရေးပျင်းတယ်။
သြော်… အခုမှပဲ ကိုယ့်အရည်အချင်းကို
သတိရတော့တယ်။ စုက ကဗျာစပ်တာ သိပ်တော်တာ။ ကျောင်းမှာဆို သူငယ်ချင်းတွေကို ခဏခဏ ကဗျာစပ်ပေးတယ်။
ဒါပေမယ့် ကာရန်တော့ မညှိတတ်ဘူး။ အနုပညာနဲ့ပတ်သက်ရင် ပုံဆွဲတာလည်း ၀ါသနာပါတာပဲ။ ကိုယ်သိပ်ကြိုက်တဲ့
မင်းသားတစ်ယောက်ပုံကို ပုံတူဆွဲပြီး သူငယ်ချင်းတွေကို ကြွားလိုက်ရရင် သိပ်ကောင်းမှာပဲနော်။
အဲဒါကြောင့် ပန်းချီလည်း ဆွဲတတ်ချင်သေးတာ။ အကုန်ပါပဲလေ။
တကယ်တမ်းကျတော့ ပညာတတ်ဖြစ်တာ
အကောင်းဆုံးပါပဲလေ။ စုသာ ဆရာဝန်ဖြစ်မယ်ဆို ပါရဂူဘွဲ့ကိုတောင် ယူချင်သေး။ “ဒေါက်တာ ယွန်းစုငယ်”
ဆိုရင် အရမ်းကို ဂုဏ်ရှိမှာပဲနော်။ ဒါပေမယ့်လေ စုက သရဲတော့ ကြောက်တယ်။
အင်ဂျင်နီယာဆိုရင်တော့
တိုက်တွေအများကြီးဆောက်ပြီး ကန်ထရိုက်ဆွဲလိုက်မယ်။ အဲဒါဆိုရင် တစ်လတစ်လ ၀င်ငွေက မနည်းဘူးနေမှာ။
ဒါပေမယ့် ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုရင်တော့ အသားမည်းမှာ သေချာတယ်။ တော်တော်ကြာ “ယွန်းစုငယ်”
ကနေ “ယွန်းစုမည်း” ဖြစ်သွားဦးမယ်။ ဒါဆိုရင်တော့ ဗိသုကာအင်ဂျင်နီယာပဲ လုပ်တော့မယ်။
ပြီးတော့လေ စုက သိပ်ပြီး
ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်။ လုပ်ငန်းရှင် မဖြစ်ရင်တောင်မှ
နာမည်ကြီးကုမ္ပဏီတစ်ခုမှာ သိပ်တော်တဲ့ အတွင်းရေးမှူးမလေးတစ်ယောက်ဖြစ်ဖြစ်ပေါ့။ ဘာသာခြားစကားသုံးလေးမျိုးလောက်
ကျွမ်းကျင်ပြီး ဘယ်အရာမဆို ကွန်ပျူတာလေးနှိပ်ပြီး အလုပ်လုပ်ချင်တယ်။ အဲဒါဆိုရင် ဘယ်မှာ
ပင်ပန်းမှာလဲနော့။ ဦးနှောက်အသုံးပြုပြီး မပင်မပန်းဘဲ လုပ်ချင်ရင်တော့ ဘွဲ့နှစ်ခုလောက်ရမှ
ဖြစ်မှာ။
“ဘွဲ့” ဆိုမှ သတိရတယ်။
ကြည့်စမ်း… စုက ဘွဲ့တစ်ခုမပြောနဲ့။ မနေ့တစ်နေ့ကမှ ဆယ်တန်းဖြေထားတာပဲ။ ဟုတ်ပါရဲ့။ မေမေကတော့
အနည်းဆုံး ဒီလေးငါးလုံးလောက်မှ မပါရင်တော့ အသိပဲတဲ့။ စုက ဒီလောက်လည်း မညံ့ပါဘူး။ စု
သူငယ်ချင်းတွေကတော့ ဘယ်လိုနေမလဲမသိ။ စုကတော့ စာမေးပွဲကို နည်းနည်းမှ သတိမရ။ ဘာပဲဖြစ်ဖြစ်ပေါ့
ခုလိုကျောင်းရက်ရှည်ပိတ်ချိန်မှာ စိတ်ဆင်းရဲစရာတွေ မတွေးချင်ပေါင်။ စိတ်ညစ်စရာတွေ့ရင်လည်း
တွေ့တဲ့အချိန်မှပဲ စိတ်ညစ်တော့မယ်။ အခုနေတော့ ပျော်ပျော်နေလိုက်ဦးမယ်။ ကိုယ်ဖြစ်ချင်တဲ့
ဆန္ဒတွေမှန်သမျှ စိတ်ကူးထဲမှာ ဖြစ်ကြည့်ရဦးမယ်။
ဒါပေမယ့် လောလောဆယ်တော့
ရေနွေးအိုးဆူနေလို့ မီးသွားပိတ်ရဦးမယ်။ ဘယ်အချိန်ထဲက ဆူနေတာလဲ မသိဘူး။ ရေခန်းတာလည်း
တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ မေမေပြန်လာရင် ဘယ်လိုဆင်ခြေပေးရမလဲ မသိဘူး။
“ဟော… ဘဲလ်နှစ်ချက်တီးသံကြားတယ်။
မေမေပြန်လာပြီနဲ့တူတယ်။ ဒုက္ခပါပဲ” စုသည် အိမ်ရှေ့သို့သွားရင်း မေမေ့ကိုဘယ်လို ဆင်ခြေပေးရပါ့မလဲဟု
အပြေးအလွှားစဉ်းစားရလေတော့သည်။
ဇွန်မိုးစက်
--------------------------------------------------------------------------------------------------------------------------------------------
လွန်ခဲ့တဲ့ ၁၇၊ ၁၈နှစ်လောက်က ရေးခဲ့တဲ့ ပထမဆုံး ၀တ္ထုတိုလေးပါ။ စာရေးတာနှင့်ပတ်သက်ပြီး စိတ်ဆန္ဒပြင်းပြချိန်ဖြစ်နေတော့ ဒီလို (အရွေးမခံရမယ့်) စာမျိုးလေးကိုတောင် မဂ္ဂဇင်းတိုက်ကို မျှော်လင့်တကြီး သွားပို့ခဲ့တာပါ။ စာအသစ်မရေးဖြစ်တာလည်းကြာ၊ ဘလော့ဂ်လေးလည်း ဖုန်တက်နေတာနှင့် အသင့်စာစီပြီးသား ငယ်လက်ရာ စာဟောင်းတစ်ပုဒ်ကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အရွေးမခံရတဲ့၊ ပြိုင်ပွဲမှာ ဘာဆုမှမချိတ်ခဲ့တဲ့၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖြစ်တဲ့ ငယ်လက်ရာ စာဟောင်းလေးတွေ ရှိပါသေးတယ်။ အားပေးတဲ့ စာဖတ်သူများရှိခဲ့ရင် ဆက်တင်ဖြစ်မလား မပြောတတ်ဘူး။ :D
Subscribe to:
Posts
(
Atom
)

