မြင်းမိုရ်တောင်နှင့် အမြင့်ပျံငှက်များ

1

Category:

“သားက နောက်တစ်ပတ်နေရင် ပြန်တော့မှာ၊ သုံးပတ်ဆိုတာ ခဏလေးပဲ သမီးရယ်။ သူပြန်လာမယ်ဆိုတုန်းက အန်တီဖြင့် လက်ချိုးရေတွက်ပြီး ပျော်လိုက်ရတာ၊ အခု ပြန်မယ့်ရက်နီးလေ၊ သူပြန်သွားမယ့်ရက်ကို အန်တီ မရောက်ချင်လေပဲ”

“အန်တီလေ… သမီးတွေနဲ့ ဖုန်းပြောတဲ့အပတ်တိုင်း မျက်ရည်ကျရတယ်။ အိမ်မှာ အန်တီ ဖျားနာနေတဲ့အချိန်ဆို ပိုဆိုးတာပေါ့ သမီးရယ်။ အသက်ကြီးလာလို့လား မသိဘူး၊ သမီးတွေနဲ့အကြာကြီးခွဲပြီး အန်တီ တစ်ယောက်တည်း အထီးကျန်နေရမှာကို ကြောက်လာတယ်”

“ငါ့ သမီးလေး အနားမှာ မရှိတော့ သမီးဓာတ်ပုံလေးတွေ၊ သမီးဝတ်ခဲ့တဲ့ အင်္ကျီလေးတွေကို ဗီရိုထဲက မကြာခဏ ထုတ်ကြည့်ပြီး အလွမ်းဖြေရတာပေါ့။ သမီးကြီး အနားမှာရှိမှပဲ မေမေ စကားပြောဖော် ရတော့တယ်ကွယ်”

ဒီတစ်ခေါက် သူမ မြန်မာပြည် ပြန်ရောက်တော့ သူမလို အမြင့်ပျံငှက်များ၏ မိခင်များထံမှ အလွမ်းစကားသံတွေ နားထောင်ခွင့်ရခဲ့သည်။ ဟိုတုန်းက ဆယ်ရက်နှစ်ပတ် အိမ်ပြန်လျှင် ကျန်းမာရေးကိစ္စ၊ အလှူကိစ္စ၊ လူမှုရေးကိစ္စများဖြင့် အမေ့အိမ်မှာ သိပ်မနေဖြစ်ဘဲ ခရီးသွားဖြစ်သည်က များခဲ့သည်။ သမီး ဒီတစ်ခေါက် ပြန်လာရင် အမေ့နားမှာ ကြာကြာနေနော်ဟု အမေပြောခဲ့ပြီး နောက်တစ်ခေါက်မှာ သူမ ဘယ်မှ မသွားတော့ဘဲ ဆယ်ရက်လုံး အမေနှင့်အတူ ရှိပေးလိုက်သည်။ အမေ နေမကောင်းဖြစ်ချိန်မှာတော့ အမေ့နားမှာ အကြာကြီးနေဖို့ သူမ ဆုံးဖြတ်ပြီး ပြန်ရောက်လာခဲ့သည်။ သည်တော့မှ အမေ့ဆီက ဖွင့်မပြောဘဲ နှစ်လရှည်ကြာ ရင်တွင်းအောင်းခဲ့သည့် အလွမ်းတွေကို ကိုယ်တိုင် ခံစားသိမြင်လိုက်ရသည်။ အခုဆို အမေ့နံဘေးမှာ သူမ အချိန်ပြည့်ရှိနေပြီဖြစ်သည့်အတွက် ဟိုတုန်းကလို သူမ ဓာတ်ပုံနှင့် အင်္ကျီတွေကို အမေ မကြာခဏ ထုတ်ကြည့်စရာ မလိုတော့ပေ။ အမေအားကိုးတကြီး ဆုပ်ကိုင်ခွင့်ရသော လက်ချောင်းများ၏ ပိုင်ရှင်အဖြစ် သူမ၀မ်းသာကြည်နူးမိရင်းသူငယ်ချင်းမိတ်ဆွေတစ်ချို့၏ ပြောစကားများကို ပြန်လည်ကြားယောင်လာသည်။

“ညီမလေး… တို့တတွေ ငယ်ငယ်တုန်းက မိဘကို လိုအပ်ခဲ့ကြတယ်၊ အခု မိဘတွေ ကိုယ့်ကို ပြန်လိုအပ်တဲ့အချိန် ရောက်လာပြီ၊ အဲဒါကို ငါ့ညီမ မမေ့နဲ့နော်”

“ငါလား… အဖေနဲ့အမေ မြန်မာပြည်မှာ သက်ရှိထင်ရှား ရှိနေသရွေ့တော့ တခြားနိုင်ငံသားအဖြစ် မခံယူသေးပါဘူးဟာ။ အရေးဟယ် အကြောင်းဟယ်ဆို ချက်ခြင်းထကောက်ပြီး ပြန်မလာနိုင်မှာ စိုးရိမ်လို့”

“အစ်မလည်း စင်္ကာပူမှာ ခြောက်နှစ်လုပ်ခဲ့တာ ညီမလေးရဲ့၊ မေမေ လေတစ်ခြမ်းဖြတ်သွားလို့ ပြန်လာတာ။ နောက်တော့ ဟိုမပြန်ဖြစ်တော့ဘဲ ဒီမှာပဲ အလုပ်ဝင်ပြီး ဖေဖေနဲ့မေမေအနားမှာနေပြီး ပြုစုလိုက်တာ။ မိဘတွေက အသက်ရလာတော့ တဖြည်းဖြည်းနဲ့ အိုမင်းမစွမ်း ဖြစ်လာပြီ မဟုတ်လား။ အမြင့်ကို ပျံတာကတော့ ပျံပေါ့ကွယ်၊ ဒါပေမယ့်…”

အဆုံးမသတ်ခဲ့သော စကားစုနောက်က အသံတိတ်စကားလုံးများကို သူမရင်ထဲက ကြားလိုက်သည်။ 

တစ်ကောင်သော ငှက်ကလေးကမူ ဆယ်စုနှစ်မက ရှည်ကြာခဲ့သော အလွမ်းများကို အဆုံးသတ်ဖို့ မြင်းမိုရ်တောင်ရှိရာသို့ ပျံသန်းလာခဲ့ပြီဖြစ်သည်။


ချစ်သားသမီးများနှင့် အဝေးမှာ ခွဲခွာနေရသော မိခင်များအတွက်

ဇွန်မိုးစက်

ပြောင်းလဲသွားတဲ့နွေ

8

Category: ,


ညို…

ဘာလိုလိုနဲ့ မနက်ဖြန်ဆို မြန်မာနှစ်ဆန်း ရောက်တော့မယ်နော်။ ငါမြန်မာပြည်ပြန်ရောက်နေတာတောင် ရက်သတ္တငါးပတ် ရှိသွားပြီ။ မကြုံတာကြာတဲ့ သင်္ကြန်နဲ့ ဒီတစ်ကြိမ်ဆုံရပေမယ့် ငါ မနွှဲနိုင်ပါဘူးဟာ။ အိမ်အလုပ်လုပ်တွေ လုပ်ရင်း၊ အမေ့ကိုပြုစုရင်း အိမ်ထဲမှာပဲ တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန်သွားတာ။ အနီးအပါးက ဈေးလေးဘာလေးတော့ သွားဝယ်ဖြစ်တာပေါ့။ ဈေးဆိုလို့ နင့်ကိုပြောပြရဦးမယ်။ ငါတို့အိမ်ရှေ့လမ်းမကို ကူးလိုက်ရင် အသောကဈေးကို ရောက်တယ်လေ။ မနက်ခင်းဆို ဈေးသည်တွေ၊ ၀ယ်သူတွေနဲ့ အမြဲစည်ကားနေတာ။ ငါလေ… နိုင်ငံရပ်ခြား စူပါမားကတ်ထဲက တစ်နေ့တစ်နေ့ အမျိုးအစားထပ်နေတဲ့ အသီးအရွက်နဲ့ အသားတွေပဲ မြင်ခဲ့ရ၊ ၀ယ်ခဲ့ရလို့လား မသိဘူး၊ အသောကဈေးထဲက များပြားလှတဲ့ ဟင်းရွက်အမယ်တွေ၊ ရေချိုငါးမျိုးစုံတွေ ပြန်တွေ့ရတော့ ပျော်လိုက်တာဟယ်။ ချက်စားချင်စရာ၊ ၀ယ်စားချင်စရာတွေ များလွန်းလို့ ငါ့မှာ ပိုက်ဆံအိတ်လေးကိုင်ပြီး ဘာဝယ်ရမှန်း မသိအောင် ဖြစ်ခဲ့ရသေးတာ။ ဘုရားပန်းတင်ဖို့ ပန်းတွေကလည်း အများကြီး။ ရွှေ၊ ငွေ၊ စံပယ်၊ ကြက်ရုံးဆို ငွေ ၁၀၀ဖိုးကို ၁၀ကုံးတောင်ရတာ။ ကြည့်လိုက်တိုင်း ဘ၀င်မကျစရာတွေ များနေတဲ့ ကိုယ့်ပြည်မှာ အကျေနပ်ဆုံးအရာက သားငါးသီးရွက် စုံလင်လှတဲ့ ဈေးခင်းကြီးထဲမှာ မနက်ဈေးဝယ်ထွက်ရတာပဲလို့ပြောရင် နင်ပြုံးနေမှာ။

ငါ့အတွက်တော့ ဒီနှစ်နွေဟာ သိပ်ရှည်လျားတယ် ညို။ သြစတြေးလျမှာ နွေဦးနဲ့နွေရာသီကို ခြောက်လတာ ဖြတ်သန်းခဲ့ပြီးမှ မြန်မာပြည်ပြန် ပြန်ရောက်ချိန်က တပေါင်းလဖြစ်နေတော့ ငါ့မှာ နောက်ထပ် နွေရာသီဆက်သွားတာပေါ့။ တို့ရန်ကုန်နွေကလည်း သိပ်ပူတာပဲဟာ။ ကမ္ဘာကြီးပူနွေးလာတာလည်း တစ်ကြောင်းပေါ့၊ ဒါပေမယ့် မြို့တော်ရန်ကုန်က လူတွေ၊ တိုက်တွေ၊ ကားတွေသာ တိုးပွားများပြားနေတာ အပင်အရေအတွက်က ဟိုတုန်းကနဲ့ယှဉ်ရင် နဲသွားပြီဆိုတော့ အပူဒဏ်ကို သိပ်မကာကွယ်နိုင်တော့တာ နင်လည်း သိမှာပါ။ ဒီနှစ်နွေက လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ငါသိခဲ့တဲ့နွေနဲ့ မတူဘဲ ပြောင်းလဲနေပြီ ညို။ လမ်းထဲမှာ ဈေးသည်တွေ အော်ရောင်းတဲ့ နွေရာသီစာမုန့်တွေဟာ စူပါဆေးသကြားတွေသုံးလို့ အချိုကဲနေတာ၊ ပဲဆီအသွင်ပြောင်းထားတဲ့ စားအုန်းဆီတွေ ဖောဖောသီသီ ရောင်းပြီး တိုက်ကြီး၊ ကားကြီးနဲ့ သူ ဌေးတွေ ဖြစ်နေတာ၊ ကလေးအလုပ်သမားဦးရေဟာ ထင်မှတ်ထားတာထက် အဆမတန် ပိုများနေတာ၊ စပွန်ဆာရဲ့ အထောက်အပံ့နဲ့ ရပ်တည်ရှင်သန်ကြတဲ့ မိန်းမပျိုလေးတွေရဲ့ ကြေးနှုန်းတွေ သိသိသာသာ မြင့်တက်နေတာ၊ အရေးပေါ်လူနာတင်ယာဉ်ကားကို လမ်းဖယ်ပေးဖို့ မစဉ်းစားဘဲ အတင်းဝင်လုဖြတ်ကြတာ… အံ့သြလောက်အောင် ပြောင်းလဲနိမ့်ကျသွားတဲ့ လူတွေရဲ့ အသိဉာဏ်၊ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုတွေကြောင့်ပဲ နွေဟာ ပိုပူသွားသလား မသိပါဘူးဟာ။

သြော်… ဒါနဲ့လေ၊ တပေါင်းလတုန်းက ငါ ကိုကိုနဲ့ ဆုံဖြစ်သေးတယ်။ ပြောင်းလဲမှုတွေထဲမှာ ကိုကိုလည်း ပါတယ် ညို။ ငါဆိုလိုချင်တာ သူ့ရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်သွင်ပြင် အချိုးအစားထက် တခြားအခြေအနေနဲ့ စိတ်ကိုပါ။ မောင်အေးကဖီးထဲမှာ ငါ့ကို အကြာကြီးပွေ့ဖက်ထားပြီး သတိရလွမ်းဆွတ်နေတဲ့အကြောင်း ပြောပြခဲ့တဲ့ ကိုကို့ကိုမြင်တော့ ငါ အံ့သြသွားခဲ့တယ် ညို။ ကွဲကွာခဲ့တဲ့ ဆယ့်လေးနှစ်အတွင်းမှာ ငါအများကြီးရင့်ကျက်ပြောင်းလဲသွားတယ်လို့ ကိုကိုက မှတ်ချက်ပေးတယ်။ ဟိုတုန်းက ငါသိခဲ့တဲ့ ကိုကို့နေရာကို ငါရောက်သွားပြီး၊ ငါ့နေရာမှာ ကိုကိုက ပြန်ရောက်နေသလိုမျိုး ဖြစ်သွားတာကိုး။ ကိုကို့တောင်းဆိုချက်နဲ့ ငါရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဘ၀အခက်အခဲ အခြေအနေတွေ၊ အထိုက်အလျောက် သိထားတဲ့ တရားသဘောတွေ ပြောပြဖြစ်တယ်။ ကိုကိုကတော့ ငါ့ကို ဟိုမှာပဲ အခြေချစေချင်တယ်။ ဒါပေမယ့် ငါ အမေ့ကိုပြုစုဖို့ ပြန်လာတာမို့ သူထပ်ပြီး မပြောသာခဲ့ဘူး။ ကိုကို့ဇနီးနဲ့ သမီးလေးနှစ်ယောက်နဲ့လည်း တွေ့ခဲ့တယ် ညို။ သမီးလေးတွေက မြန်မာလို နားလည်ပေမယ့် ပြန်မပြောတတ်တော့ မြန်မာစာသင်ပေးဖို့ ကိုကို့ကို ပြန်တိုက်တွန်းခဲ့ရသေးတယ်။ အဲဒီနေရာမှာတော့ အင်္ဂလိပ်စာဆရာဖြစ်တဲ့ ကိုကို့အဖေနဲ့ငါက တစ်သဘောတည်းပဲ သိလား။ ငါအမှတ်တရ ပေးလိုက်တဲ့ သားပိုက်ကောင်နဲ့ ကွာလာ မွေးပွအရုပ်လေးတွေကို ကလေးနှစ်ယောက်လုံး သိပ်သဘောကျလို့ ၀မ်းသာရသေးတယ်။ ကိုကိုတို့မိသားစုလေးယောက်လုံး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပြီလို့ သိလိုက်ရချိန်မှာ ငါအရင်ဆုံးမြင်ယောင်မိတာ ကိုကို့အမေမျက်နှာကိုပဲ ညို။ တကယ်တော့ အန်တီကိုယ်တိုင် မမေးဖြစ်ခဲ့တဲ့ မေးခွန်းကို ငါမေးခဲ့မိတာ။

အင်းလေ… လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀၊ ကိုယ့်အကြောင်းနဲ့ကိုယ် မဟုတ်လား။ တကယ်တော့ ကိုကိုတို့ ဟိုမှာဆောက်တည်ခဲ့တဲ့  မိသားစုဘ၀မျိုး ဒီမှာ ပြန်မရနိုင်တော့ဘူးဆိုတာ ငါနားလည်ပေးလို့ရပါတယ်။ ဘဏ်ကြီးတစ်ခုမှာ ငွေကြေးဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုကို့အတွက်တော့ ငါဂုဏ်ယူမိတယ် ညို။ ကိုကို မပြန်ခင် ဖုန်းထဲကနေ နှုတ်ဆက်ပြီး ငါ တစ်ခုတော့ ထပ်မေးခဲ့တယ်။ တကယ်လို့များ တစ်ချိန်ချိန်မှာ လိုအပ်မယ်ဆိုရင် မြန်မာပြည်အတွက်ပြန်ပြီး တစ်စုံတစ်ရာ အကူအညီပေးနိုင်မလားဆိုတာကိုလေ။ ကိုကိုက ပေးမှာပေါ့ ညီမလေးရယ်လို့ ရှောရှောရှူရှူ ပြန်ပြောတော့ ငါနဲနဲတော့ ကျေနပ်သွားတယ်။ ဘယ်နေရာရောက်ရောက် ကိုကိုတို့က ဗမာပဲလေလို့ ဆိုပေမယ့် ငါ့စိတ်ထဲမှာတော့ စည်းတစ်ခု ခြားသွားသလို ခံစားလိုက်ရတယ်။ ကောင်းကင်ထက်က မြစ်တစ်စင်းရဲ့ စီးမျောဦးတည်ရာက အချိန်နဲ့အမျှ ပြောင်းလဲသွားခဲ့တာ ဆယ့်လေးနှစ်အကြာမှာ သိလိုက်ရတယ်… ညို။

ငါကတော့ ဒီတစ်နွေရဲ့ ပြောင်းလဲမှုတွေ၊ အဆင်မပြေမှုတွေကြား ကြိုးစားပြီး အသားကျအောင် နေနေရတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်၊ အနေအထား၊ နောက် သိသိသာသာ ပြောင်းလဲဆုတ်ယုတ်လာတဲ့ မိဘတွေရဲ့ ကျန်းမာရေး။ အဲဒီ့အရေးတွေကြားမှာ စိတ်ဓာတ်မကျအောင် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာထဲက ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေဆိုတာလေးကို မပြတ်နှလုံးသွင်းထားရတယ်။ ငါ့အတွက် ဒီအချိန်၊ ဒီနေရာမှာ ပညာနဲ့ဥစ္စာ မရနိုင်ပေမယ့် ကုသိုလ်တော့ ရနေသေးတာပဲ မဟုတ်လား။

စိတ်သစ်လူသစ်ထက် စိတ်ဟောင်းလူဟောင်းကိုပဲ ကြိုက်တဲ့ နင့်အတွက် ကုသိုလ် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးလိုက်တယ်နော်။


ဆုမွန်ကောင်းများစွာဖြင့်
ဇွန်

က၀နယ်သွား မြို့လား

8

Category: , ,

ငါ့စာကို မျှော်နေပြီလား ညို။ ဒီတလော ငါနဲနဲအလုပ်များသွားလို့ စာကို ချက်ခြင်းအပြီးမသတ်နိုင်ဖြစ်သွားတာ။

တကယ်တော့ ကဒါတ်စိန်ခရီးကိုသွားဖို့ အစက မရည်ရွယ်ခဲ့ဘူးဟ။ အမေ့ကျန်းမာရေးအခြေအနေကြောင့် ကတိုက်ကရိုက်ပြန်ရတာလည်းဖြစ်၊ အမေ့ကို နေ့စဉ်အနီးကပ်ပြုစုရတဲ့သူလည်းဖြစ်တော့ ဆေးရုံနဲ့အိမ်က လွဲပြီး ဘယ်မှ သွားနိုင်လိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး။ ဒါပေမယ့် ဖိုးလေးနဲ့ငါ ခြောက်လလောက်အတူနေခွင့်ရခဲ့တဲ့အချိန်တွေမှာ သူပြောပြတတ်တဲ့ ငယ်ဘ၀ အမှတ်တရတွေအကြောင်း ကြားခဲ့ရတဲ့ငါ၊ သူ့သားသမီးတွေကိုတောင် မပြောပြဖြစ်ဘဲ ငါ့တစ်ယောက်တည်းကိုပဲ ဖွင့်ပြောခဲ့တဲ့ သူ့ဆန္ဒကို သိလိုက်ရတဲ့ငါဟာ သူလွမ်းဆွတ်နေတဲ့ ပဲခူးတိုင်းအတွင်းက နေရာလေးနှစ်နေရာ၊ ရွာလေးနှစ်ရွာရှိရာကို ငါကျောင်းပြီးလို့ မြန်မာပြည်ပြန်တဲ့အချိန်မှာ သူ့ကိုယ်စားသွားကြည့်ဖို့ စိတ်ထဲမှာ ရည်စူးထားခဲ့ဖူးတယ်။

အသက် ၉၁နှစ်ထဲရောက်နေတဲ့ အဖိုးအတွက် နောက်ထပ်အချိန်ဘယ်လောက်ကျန်မယ်ဆိုတာ မသိနိုင်ဘူးလေ။ ငါကျောင်းပြီးတဲ့အထိဆို နောက်ခြောက်လလောက် ထပ်စောင့်ရမယ်။ ခြောက်လအတွင်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လား။ အမေ့ကျန်းမာရေးကိုပဲကြည့်လေ။ မသေချာတဲ့ အနာဂတ်ကို မစောင့်ချင်တော့တဲ့ငါ ဆေးရုံမှာ လူနာစောင့်နေရင်းနဲ့ပဲ ဒီတစ်ခေါက် ငါမြန်မာပြည်ပြန်ရောက်နေတုန်း အဖိုး ပြောပြဖူးတဲ့ ရွာလေးနှစ်ရွာကို ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျသွားတာပဲ။ ငါ့ဆန္ဒကို ငါ့လိုပဲ အဖိုးရဲ့ နောက်မြေးဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အစ်ကိုတစ်ယောက်ကို ပြောပြတော့ သူကလည်း စိတ်ဝင်တစားနဲ့ ငါသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်ဆိုတာနဲ့ ငါ့ရည်ရွယ်ချက်တစ်ဝက် အထမြောက်သွားတယ် ဆိုပါတော့။

ငါ့မောင်လေးရုံးပိတ်ရက်နဲ့တိုက်ပြီး စနေနေ့မှာသွားဖို့ စီစဉ်လိုက်တယ်။ တစ်ညအိပ်ခရီးဆိုရင် လူပင်ပန်းတာ ပိုသက်သာမှန်း သိနေပေမယ့် ငါက တနင်္လာနေ့ပြန်ရမှာဆိုတော့ စနေနေ့ညနေမှာ ရန်ကုန်ပြန်ရောက်မှဖြစ်မယ်လေ။ သွားမယ့်ရွာနှစ်ရွာနာမည်နဲ့ တည်နေရာ အကြမ်းမျဉ်းကိုတော့ သိထားပြီ။ ဘယ်လိုရောက်အောင်သွားကြမလဲဆိုတာက နဲနဲခေါင်းစားစရာဖြစ်နေတယ်။ ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ ရွာတစ်ရွာမှာ ဆွေမျိုး မိတ်ဆွေ အသိအကျွမ်း အခံမရှိဘဲ သွားဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ ဒါပေမယ့် အဲဒီ့ရွာရဲ့တည်နေရာနဲ့ပတ်သက်ပြီး အတည်ပြုချင်လို့ မဇင်ကို မျက်နှာစာအုပ်ကနေ လှမ်းမေးခဲ့ဖူးတယ်။ တိုက်ဆိုင်ချင်လို့လားတော့ မသိဘူး ကဒါတ်စိန်နဲ့ ၀ဲပဒန်ရွာတွေက စင်္ကာပူမှာ ငါတို့နဲ့အတူနေခဲ့ဖူးတဲ့ မဇင်ရဲ့ ဇာတိဖြစ်တဲ့ က၀မြို့နယ်ရဲ့ ကျေးရွာအုပ်စုဝင် ဖြစ်နေတာ။ ဒါကြောင့် ငါတို့ဘယ်လိုသွားရင် ရောက်နိုင်မလဲဆိုတာ ဇာတိနယ်ချင်းတူတဲ့ အစ်မကိုမေးရင် သိနိုင်တယ်လို့ ငါ့ဦးနှောက်က သတင်းပို့တာနဲ့ သူ့ကို ဆက်သွယ်ပေးဖို့ နင့်ကို အကြောင်းကြားလိုက်တာ။ စင်္ကာပူက မဇင်ပြောတဲ့အတိုင်း ရန်ကုန်က သူ့ညီမ မမိုးကိုဆက်သွယ်၊ မမိုးက ပဲခူးတိုင်းနယ်အတွင်းက အုန်းနှဲရွာကို လှမ်းဖုန်းဆက်… အဲလို အဆင့်ဆင့်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီးတဲ့အခါမှာတော့ ငါတို့မောင်နှမနှစ်ယောက်ကို ကဒါတ်စိန်ရွာအရောက် လိုက်ပို့ဖို့ ကူညီစီစဉ်ပေးလိုက်ကြတယ် ဆိုပါတော့ဟာ။

ငါတို့ခရီးစဉ်က ဒီလိုဟ။ ရန်ကုန်ကနေ မနက် ၆နာရီ ပဲခူးကို ထွက်တဲ့ကားနဲ့လိုက်မယ်၊ အင်းတကော်ရောက်ရင်ဆင်းပြီး ကယ်ရီ (ဆိုင်ကယ်) နဲ့ အုန်းနှဲက မဇင်တို့ ညီမ၀မ်းကွဲ မနှင်းတို့အိမ်ကို သွားရမယ်။ အုန်းနှဲကနေမှ ကဒါတ်စိန်နဲ့ ၀ဲပဒန်ကို ကယ်ရီနဲ့ထပ်ခရီးနှင်ရမယ်။ အင်းတကော်ကနေ အုန်းနှဲကို ကယ်ရီခ သုံးထောင်ကနေ လေးထောင်ကြားကျမယ်ဆိုတာ ကြားသွားတဲ့အဖေက သမီး… ကယ်ရီနဲ့ သုံးထောင်ပေးရတဲ့ခရီးက နီးမှာ မဟုတ်ဘူးနော်၊ လမ်းကလည်းကြမ်းဦးမှာ၊ သမီး ခါးတွေနာ၊ ဒူးတွေနာလိမ့်မယ်၊ နောက်တစ်ရက်ပြီးတာနဲ့ လေယာဉ်လည်း အကြာကြီးပြန်စီးရဦးမှာ၊ မသွားဘဲနေလို့ရရင် မသွားပါနဲ့ဆိုပြီး တားတယ်။ သူအဲလိုပြောတာနဲ့ ငါလည်း ခရီးစဉ်ကို အုန်းနှဲမှာပဲ ရပ်ထားလိုက်တယ်။ ဟိုဘက်ဆက်သွားမယ့်အကြောင်း အသိမပေးတော့ဘူး။ သူပိုပြီးစိတ်ပူနေမှာစိုးလို့။ ငါဘာကြောင့်သွားတာလဲဆိုတာ အဖေ မသိဘူး။ အဖေ့စိတ်ထဲမှာ ငါ မြေကွက်သွားကြည့်မှာလို့ ထင်နေတာ။ ငါ့အတွက်တော့ ဒီခရီးက မသွားမဖြစ်အရေးကြီးတယ်ဆိုတာ ငါပဲသိတယ်။ ငါ့ကို အဖိုးကိုယ်စား မြေးအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဖိုးလေးအတွက်၊ သူ့ရဲ့နောက်ဆုံးဆန္ဒအတွက် ငါလုပ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။ ဒါကြောင့်လည်း ဒီခရီးကို ပင်ပန်းမှာသိသိကြီးနဲ့ ငါအရောက်သွားမှာ။ အမေ့ကို နေ့မအား၊ ညမအားပြုစုထား၊ သွေးလည်းလှူထားတဲ့ ငါဟာ အရမ်းကြီး လန်းဆန်းမနေပေမယ့် အားဆေးတွေသောက်ပြီး စိတ်တင်းထားခဲ့တယ်။ ခေါင်းမာတတ်တဲ့ နင့်သူငယ်ချင်းအကြောင်း နင်အသိဆုံး မဟုတ်လား။ ငါသွားမယ်လို့ ဆုံးဖြတ်ပြီးမှတော့ အဖေသိပ်မသွားစေချင်တဲ့ကြားကပဲ ထွက်ခဲ့တယ်။ တကယ်တမ်း ငါသွားမယ့်မနက်ရောက်တော့ အဖေလည်း မနက်စောစောလိုက်ထပြီး ငါ့ကို ကားဂိတ်အထိ လိုက်ပို့ပေးခဲ့တယ်။

ရန်ကုန် သင်္ကန်းကျွန်းဈေးနားက ကမ္ဘာကျော်ကားဂိတ်ကနေ ဟီးနိုးဘတ်စ်ကားကြီးစီးပြီး ထွက်ခဲ့တာ အင်းတကော်ကို မနက် ခုနစ်နာရီခွဲလောက်မှာ ရောက်သွားတယ်။ အုန်းနှဲကို ကယ်ရီသမားက ၄၀၀၀ တောင်းတယ်။ မမိုးက ဖုန်းထဲကနေ ဈေးလှမ်းစစ်ပေးတော့ ၃၅၀၀နဲ့ရသွားတယ်။ မသွားခင် ငါနဲ့အစ်ကို ကယ်ရီဂိတ်နားကဆိုင်မှာ မနက်စာအရင်ဝင်စားလိုက်တယ်။ ပြီးတော့ အုန်းနှဲကိုသွားဖို့ ဆိုင်ကယ်ပေါ်တက်ရတယ်။ အမှန်အတိုင်းပြောရရင် ငါသွားသာ သွားရမှာ၊ ကယ်ရီနဲ့ ခရီးဝေး မသွားဘူးတော့ စိတ်ထဲမှာ ကြောက်နေတယ်။ ငယ်ငယ်က အစ်ကိုတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်မှာ ငါတို့အငယ်သုံးယောက်လိုက်ပြီး အပျော်စီးတာမျိုးလောက်ပဲ အတွေ့အကြုံရှိခဲ့တာ။ အခုက တောကိုသွားမှာဆိုတော့ လမ်းကလည်းကြမ်းဦးမှာ။

ဆိုင်ကယ်သမားရှေ့ကထိုင်၊ ငါက အလယ်မှာ၊ ပြီးတော့ အစ်ကိုက ငါ့နောက်မှာ။ ငါထိုင်လိုက်တော့မှ ထိတ်ခနဲဖြစ်သွားတယ်။ ငါ အလယ်ကစီးမှာဆိုတော့ တစ်ခုခုကို ကိုင်ထားစရာ နေရာမှ မရှိတာ။ ဒီအတိုင်းလက်လွှတ်ပြီး တစ်လမ်းလုံးစီးလို့ ဘယ်ဖြစ်ပါ့မလဲ။ ဟယ်… ကိုင်စရာလဲမရှိဘူးလို့ ငါ အလန့်တကြားပြောလိုက်မိတော့ ကယ်ရီဆရာက အစ်မ ကျွန်တော့်ပုခုံးကို ကိုင်ပြီး လိုက်ခဲ့ပါဆိုတာနဲ့ ငါလည်း သူ့ပုခုံးနှစ်ဘက်ကို မိမိရရ ကိုင်လိုက်တော့မှ အကြောက်ပြေသွားတယ်။ အစ်ကိုကတော့ ဆိုင်ကယ်နောက်ခုံက တန်းကို လက်ပြန်ကိုင်ပြီး လိုက်ခဲ့တယ်။ တော်သေးတယ် အင်းတကော်ကနေ အုန်းနှဲကို လမ်းကောင်းလို့။ ကတ္တရာလမ်းမို့ ဖုန်လည်း သိပ်မထူဘူး။ လမ်းမှာ ဖြတ်သွားဖြတ်လာ ကယ်ရီအချင်းချင်းတွေ့တော့ သူတို့ခေါင်းကို လက်ညှိုးထိုးပြီး မေးငေါ့ပြတယ်။ ငါလည်း အဲဒီမှာ သတိရသွားတယ်၊ ငါ့မှာ ဆိုင်ကယ်စီးဦးထုပ်မှ မဆောင်းထားတာ။ သူ့မှာလည်း အပိုရှိပုံမပေါ်ဘူး။ ရဲတွေ့ရင် လမ်းမှာတားပြီး အဖမ်းခံရတော့မလားလို့ စိတ်ပူသွားတယ်။ ပိုက်ဆံဘယ်လောက်ပေးရင် ရနိုင်မလဲလို့လည်း စိတ်က တွက်ကြည့်သေးတယ်။ တကယ်တော့ သူတို့အချင်းချင်း ဘယ်နားမှာ ရဲရှိတယ်၊ မရှိဘူး အချက်ပြတာ၊ ငါ့မှာ ဦးထုပ်ပါတာ မပါတာနဲ့ မဆိုင်မှန်း ခရီးနီးဆုံးခါနီးမှသိတော့တယ်။ နင့်သူငယ်ချင်း မြို့ကျပုံများ။ :D

မိနစ်ငါးဆယ်လောက်အကြာမှာ အုန်းနှဲက မနှင်းတို့အိမ် ရောက်တယ်။ ကဒါတ်စိန်ကို ခရီးဆက်ဖို့ ကယ်ရီသမားကလည်း အဆင်သင့်စောင့်နေတယ်။ သူတို့နဲ့ပြောကြည့်မှ ကဒါတ်စိန်ခရီး မနီးမှန်းသိလိုက်တယ်။ အုန်းနှဲကနေ ကဒါတ်စိန်ကို ကယ်ရီနဲ့ တစ်နာရီခွဲ သွားရမှာ။ လမ်းကြမ်းတယ်၊ ဖုန်တအားထူတယ်လို့ သတိပေးတယ်။ ၀ဲပဒန်က စစ်တောင်းမြစ်ဝအခြမ်းဘက်ပိုနီးလို့ ခရီးပိုဝေးတယ်။ သရက်ကုန်းကနေ နောက်ထပ် နှစ်နာရီခွဲလောက် သွားရမယ်ဆိုတာသိလိုက်ရတော့ တစ်ရက်ခရီးနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ပဲခူးကနေ ရန်ကုန်ပြန်ထွက်မယ့်နောက်ဆုံးကားက ညနေ လေးနာရီခွဲထွက်မှာဆိုတော့ အဲဒါအမှီ ပြန်ရောက်ဖို့ ကဒါတ်စိန်တစ်ရွာထဲကိုပဲ သွားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ရွာရောက်တာ လုံးဝမရောက်တာထက်စာရင် အများကြီးကောင်းတာပဲ မဟုတ်လား။

မနှင်းအပါအ၀င် သူတို့အိမ်သားတွေက ငါတို့ကို စိတ်ပူနေတယ်။ အထူးသဖြင့် ငါ့ကိုပေါ့။ မိန်းကလေးလဲဖြစ်၊ တောသူမဟုတ်တဲ့အပြင် နိုင်ငံရပ်ခြားမှာအနေကြာတဲ့သူလည်းဖြစ်နေတော့ သူတို့လို က၀နယ်သားတွေကိုယ်တိုင် ပြောစမှတ်ပြုကြတဲ့ လမ်းကြမ်းဖုန်ထူခရီးကို ငါသွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်နေခဲ့ကြတာ။ ငါလည်း ခရီးကြမ်းအတွက် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ ဒီလိုခရီးကြမ်းကို အလာတုန်းကလို ကယ်ရီတစ်စီးသုံးယောက်စီးလို့ မဖြစ်နိုင်ဘူးဆိုတာ မှန်းဆမိတော့ နောက်တစ်စီးထပ်မှာလိုက်တယ်။ အဖေဆောင်ခိုင်းတဲ့ မက်စ်ကို အဲတော့မှ စစွပ်လိုက်တယ်။ ဒီတစ်ခါတော့ ညာလက်က ကယ်ရီဆရာပုခုံးကိုကိုင်၊ ဘယ်လက်က နောက်ခုံတန်းကို ကိုင်လိုက်ခဲ့တယ်။ လမ်းသိပ်ကြမ်းလို့ ခုန်လိုက်ရင် ပြုတ်ကျသွားမလား စိုးရိမ်စိတ်က ရှိသေးတယ်။

၉နာရီသာသာလောက်မှာ အုန်းနှဲကနေထွက်ခဲ့တာ ၁၀နာရီခွဲလောက်မှာ ကဒါတ်စိန်ကို ရောက်တယ်။ လမ်းမှာ ရွာ ခုနစ်ရွာကို ဖြတ်ခဲ့တယ်။ လမ်းတလျှောက်မြင်ရတာ ပဲကွင်းတွေပေါ့။ စပါးရယ်၊ ပဲရယ် နှစ်သီးစိုက်ကြတယ်။ ပြီးခဲ့တဲ့ဆောင်းမှာ နှင်းခါးရိုက်လို့ ပဲသမားတွေ ရှုံးတယ်လို့ ကယ်ရီဆရာကပြောပြတယ်။ တစ်ချို့တောင်သူတွေ ဖရဲသီး ထပ်တိုးပြီး စိုက်နေကြတာ တွေ့ရတယ်။ စိုက်ပျိုးလို့မရတဲ့ ဆားမြေတွေလည်း တွေ့ခဲ့တယ်။ ဆားမြေရှိတဲ့အရပ်မှာ စိုက်ပျိုးလို့ မဖြစ်တော့ ဆားတွင်းလုပ်ပြီး ဆားချက်ကြတယ်။ ငါတို့ကယ်ရီနဲ့သွားတဲ့လမ်းက လှေသွားလမ်းဆိုတာ အပေါ်က သစ်သားနဲ့ဝါးတံတားလေးတွေကို မြင်တာနဲ့ သိလိုက်တယ်။ ဆောင်းအကုန်နွေအကူး ခြောက်သွေ့ပြီး ရေမရှိလို့ ဆိုင်ကယ်တွေ သွားနိုင်တာ။ ၀ါဆိုဝါခေါင်မိုးတွင်းဆိုရင်တော့ ရေအပြည့်မို့ လှေနဲ့ပဲ သွားလေ့ရှိကြတာ။ နွေအကုန် မိုးဦးမကျတကျဆို သွားရေးလာရေး သိပ်ခက်တယ်တဲ့။ ရေလည်း မပြည့်သေး၊ လမ်းလည်း မခြောက်သွေ့ဘဲ ဗွက်ထနေတော့ တစ်ရွာနဲ့တစ်ရွာ ခြေကျင်သွားရတာ။ ကယ်ရီလေးတွေပေါ်လာတော့ အရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့ ကျေးတောရွာတွေမှာ သွားရေးလာရေး တော်တော်အဆင်ပြေလာတာကို တွေ့ရတယ်။ အဲဒီ့နားက ရွာအများစုကတော့ သက္ကလပ်လို့ခေါ်တဲ့မြို့လောက်နီးနီးပြည့်စုံတဲ့ ရွာကြီးမှာ ဈေးသွားဝယ်ကြတယ်။ သက္ကလပ်က အုန်းနှဲနဲ့ သိပ်မဝေးဘူး။ ကိုယ်ထူကိုယ်ထလမ်းဖောက်ပြီး မီးရနေပြီဖြစ်တဲ့ သက္ကလပ်က မြို့အင်္ဂါရပ်နီးပါးညီညွတ်နေပြီဖြစ်လို့ နောင်နှစ်ခါဆို မြို့အဖြစ်တောင် သတ်မှတ်လို့ရနေပြီလို့ ကယ်ရီဆရာက မှတ်ချက်ချတယ်။

သရက်ကုန်းဆိုတဲ့ရွာကြီးကိုဖြတ်အပြီးမှာ ကဒါတ်စိန်ကိုရောက်တယ်။ ရွာထိပ်ရောက်ရောက်ချင်း အံ့အားသင့်မိတဲ့မြင်ကွင်းက ကြီးမားကျယ်ဝန်းလှတဲ့ ဘုန်းကြီးကျောင်းဝင်းထဲက ရွှေရောင်နဲ့ သပ္ပာယ်စရာကောင်းလှတဲ့ စေတီကြောင့်ပဲ။ တကယ်တော့ ရွာက သိပ်ဖွံ့မဖြိုးလှပါဘူး။ ဆိုင်ကယ်ဆရာနှစ်ယောက်ဦးဆောင်ပြီး ငါတို့ကို ဘုန်းကြီးကျောင်းပေါ် ခေါ်သွားတယ်။ တကယ်တော့ သူတို့လည်း ဒီရွာကို အခုမှရောက်ဖူးတာ။ ၀ါသိပ်မကြီးသေးတဲ့ ကျောင်းရဲ့ လေးဆက်မြောက်ဆရာတော်က ငါတို့ကို လာရင်းအကြောင်းရင်းမေးတယ်။ အစ်ကိုက ငါ့ကိုယ်စား သေသေချာချာ ပြည့်ပြည့်စုံစုံ လျှောက်ပေးတယ်။ အဓိက အဖိုးကိုယ်စား ဒီရွာလေးကိုလာပြီးကြည့်ပေး၊ မှတ်တမ်းယူပေးဖို့ပဲ။ ဒီရွာမှာပဲခေါင်းချခဲ့တယ်ဆိုတဲ့ အဖိုးရဲ့ အမေနဲ့အဖွားတို့အကြောင်း သိမယ့်သူလည်း မရှိလောက်တော့ဘူး။ ဘုန်းဘုန်းက ရွာလူကြီးတစ်ယောက်ခေါ်ပြီး ငါတို့ရွာထဲသွားကြည့်လို့ရအောင် စီစဉ်ပေးတယ်။ ဓာတ်ပုံရိုက်လို့အဆင်ပြေအောင် ခြေကျင်ပဲသွားဖို့ သဘောတူလိုက်တယ်။ မိုးတွင်းဆို လှေနဲ့သာ သွားနိုင်တဲ့ဒေသဖြစ်မှန်း အိမ်တစ်ချို့ရှေ့က လှေတွေကိုကြည့်ရုံနဲ့ သိနိုင်တယ်။ ရွာလူကြီးက ငါတို့ကို ရွာရဲ့အထင်ကရ သမိုင်းဝင်နေရာတွေ လိုက်ပြတယ်။ ရွာရဲ့ ပထမဆုံးရေကန်တို့၊ အစောဆုံးစိုက်ခဲ့တဲ့ သစ်ပင်တို့၊ ရွာလယ်လမ်းမ၊ ဗိုလ်တဲစိုက်ခဲ့ရာ နေရာအနီးတစ်ဝိုက်၊ ရွာအထိမ်းအမှတ် ကျောက်တိုင်၊ ရဲစခန်း၊ ကျောင်း၊ ဘောလုံးကွင်း၊ နောက်ဆုံး သင်္ချိုင်းအထိ လိုက်ပြတယ်။

သင်္ချိုင်းမှာရှိတဲ့ အစောဆုံးဂူလည်း တွေ့ခဲ့ရတယ်။ ဂူတွေကို လိုက်ကြည့်နေရင်း ဂူတစ်ဂူကို ငါ့စိတ်ဝင်စားမိတော့ ဂူပေါ်က ထွင်းထားတဲ့ စာလုံးတွေကို လိုက်ဖတ်ကြည့်တယ်။ အပင်တွေပေါက်နေလို့ နဲနဲပြန်ရှင်းရသေးတယ်။ ကွယ်လွန်သူက ဦးဖိုးခွေး၊ ကွယ်လွန်ချိန်မှာ အသက် ၁၀၃နှစ်ရှိပြီ။ သူကွယ်လွန်ခဲ့တာ မြန်မာသက္ကရာဇ်၁၃၄၀မှာဆိုတော့ ငါတောင်မမွေးသေးဘူး။ အသက်ကိုတွက်ကြည့်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ငါတွေးမိပြီး ဓာတ်ပုံသေချာရိုက်ခဲ့တယ်။ ကဒါတ်စိန်သွားရင်း စိတ်ဝင်စားစရာသိခွင့်ကြုံခဲ့တဲ့ နောက်တစ်ချက်က ငါတို့ဆင်းသက်ခဲ့တဲ့ လူမျိုးပဲ။ အဖိုးရဲ့အမေဟာ ရှမ်းသွေးစပ်ခဲ့တယ်လို့ ငါတို့တတွေ ယုံကြည်ခဲ့ပေမယ့် အဖိုးက မွန် ပိုဖြစ်နိုင်တယ်လို့ ငါ့ကိုပြောဖူးတယ်။ အဲလိုအဖိုးပြောလိုက်ချိန်မှာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်း ဆက်စပ်မှုကလည်း ငါ့အရင်ယုံကြည်မှုကို ဇဝေဇ၀ါဖြစ်သွားစေတာ အမှန်ပဲ။ အဖိုးမှန်းတာ ဖြစ်နိုင်တယ်လို့ ငါထင်ခဲ့ပေမယ့် အတည်တော့မပြုနိုင်ခဲ့ဘူးပေါ့။

ငါတို့သင်္ချိုင်းကအပြန် လမ်းမှာတစ်ထောက်နားကြရင်း ရွာလူကြီးကို ငါမေးလိုက်တယ်။ ဒီရွာက မွန်တွေနဲ့အဆက်အစပ်ရှိမရှိဆိုတာကို။ ရွာလူကြီးက အို ကဒါတ်စိန်က မွန်ရွာကွယ့်၊ က၀နယ်ထဲမှာ မွန်ရွာလေးရွာရှိတယ်… ကဒါတ်စိန်၊ အေးမွန်၊ အောင်ဇေယျနဲ့ ၀ဲပဒန်။ တို့အဖေနဲ့အမေက မွန်အစစ်ပေါ့။ ဒါကြောင့် ရွာကလူတွေ စကားပြောရင် မွန်သံနဲနဲဝဲသလိုဖြစ်နေတာ။ သူတို့ပြောမှ ငါလည်း သတိထားမိတော့တယ်။ မွန်လူမျိုးအယောက်နှစ်ဆယ်ကနေသုံးဆယ်ရှိတဲ့ အုပ်စုက ဒီရွာမှာ ပထမဆုံးခြေချခဲ့တာတဲ့။ သေချာပါပြီ… ဒါဆို အဖိုးရဲ့အဖွားက မွန်ဖြစ်ရမယ်၊ ဒါကြောင့် အဖိုးရဲ့အမေကလည်း မွန်။ ဒါဆို ငါတို့မှာပါတဲ့တိုင်ရင်းသားသွေးက မွန်ပေါ့။ အဖိုးရဲ့အမေက ရှမ်းပြည်သိန္ဒီမှာ နေခဲ့ဖူး၊ စော်ဘွားတွေနဲ့ အဆက်အဆံရှိခဲ့ဖူးလို့ ငါ့အဖွားက ရှမ်းလို့များ ထင်ခဲ့တာလား မသိဘူး။ တိတိပပ သိရအောင် ငါက ဘိုးစဉ်ဘောင်ဆက်အထိလိုက်ပြီး ရှာဖွေသုတေသနပြုချင်တာ။ ဒါပေမယ့် တို့မြန်မာတွေက မိသားစုမျိုးရိုးနာမည်ထည့်လေ့ သုံးလေ့မရှိတော့ နောက်ကြောင်းပြန်လိုက်ရတာ အရမ်းခက်တယ်။ အဖိုးတို့အဖေဘက်ကျတော့ မျိုးရိုးနာမည်နဲ့ဖြစ်တာရော၊ ဘယ်အရာမဆို စနစ်တကျ မှတ်တမ်းတင်လေ့ရှိခဲ့တဲ့ အင်္ဂလိပ်တွေဖြစ်နေတာကြောင့်ရော ငါတို့အဘင် အထိ တိတိကျကျ ပြန်သိခွင့်ရတယ်။ ထားပါတော့… ကဒါတ်စိန်က အပြန်နောက်ပိုင်းမှာတော့ နင့်သူငယ်ချင်းဟာ ရှမ်းသွေးထက် မွန်သွေးပါတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တော့တာပဲ။

ငါတို့ဘုန်းကြီးကျောင်းကို ပြန်ရောက်ချိန်မှာ မွန်းတည့် ၁၂နာရီဆိုတော့ ဗိုက်ကလည်းတော်တော်ဆာနေပြီပေါ့။ ဘုန်းကြီးကျောင်းက အသားမပါတဲ့ ထမင်းနဲ့ဟင်းကို လက်နဲ့ပဲ အားပါးတရ လွေးခဲ့လိုက်တယ်။ မြေပဲထွက်တဲ့အရပ်မို့လား မသိဘူး၊ ကောင်းလိုက်မြေပဲ၊ နူးအိနေတာပဲဟယ်။ အမေ့ကို ဆေးရုံစောင့်တုန်းက အက်စ်အက်စ်စီရှေ့မှာ ၀ယ်စားခဲ့တဲ့မြေပဲပြုတ်နဲ့များ တခြားစီ။ အင်း… ပဲစိုက်သူတွေက ဆာလာအိတ်တစ်လုံးစာမြေပဲကိုမှ ၇၅၀ကျပ်ပဲရတာ၊ စင်္ကာပူတစ်ဒေါ်လာတောင် မရှိဘူး။ ရန်ကုန်ရောက်တာနဲ့ နို့ဆီဗူးတစ်ခွက်စာ မြေပဲပြုတ်က ၃၀၀ ဖြစ်နေပြီ။ နယ်စပ်နဲ့ နိုင်ငံခြားပို့တဲ့ ကုန်သည်တွေ ဘယ်လောက်တောင် မြတ်မလဲ မသိဘူး။ တောင်သူတွေကတော့ သီးနှံစိုက်လိုက်၊ အကြွေးဆပ်လိုက်နဲ့ တစ်နှစ်ပြီးတစ်နှစ် လုံးလည်ချာလည်လိုက်ရင်း ဘ၀ဆုံးသွားတာပဲ။ ငါ့ထင်မြင်ချက်တွေ မဟုတ်ဘူးနော်၊ ခရီးသွားဟန်လွှဲ ကြုံရင်ကြုံသလို ငါမေးသွားရင်း သိရတာလေးတွေ နင့်ကို ပြန်ဖောက်သယ်ချတာပါ။

ငါတို့ထမင်းစားပြီး ဘုန်းဘုန်းကို နှုတ်ဆက်ကန်တော့ပြီး ၀တ္ထုကပ်ခဲ့တယ်။ အရင်ကဆို အလှူရေစက် လက်နဲ့မကွာဖြစ်ခဲ့တဲ့ နင့်သူငယ်ချင်းက အလှူအတန်းနဲ့ အလှမ်းဝေးတာ နဲနဲကြာသွားလို့ထင်တယ်၊ ကဒါတ်စိန် ဘုန်းကြီးကျောင်းကိုမြင်တော့ လှူခွင့်ကြုံပြီဆိုပြီ ၀မ်းသာသွားလိုက်တာ၊ အပြန်ခရီးစရိတ်ချန်ပြီး ကျန်တာ လှူခဲ့လိုက်တယ်။ အစ်ကိုလည်း ငါနဲ့အတူဒါနပြုခဲ့တယ်။ ၈၈နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကျောင်းဟောင်းက မပြုပြင်နိုင်သေးဘူးလေ။ ကျောင်းသစ်ဆောက်ဖို့ အုတ်ပုံလေးတွေတွေ့ရပေမယ့် အုတ်စီနိုင်တဲ့အထိ ခရီးမရောက်သေးတာ အထင်အရှားပဲ။ သြော်… အခုနောက်ပိုင်း ရွာတွေမှာ ကိုရင်လေးတွေ နည်းသွားပြီသိလား။ သာသနာ့မျိုးဆက်အတွက် သတိပြုစရာအချက်ပဲ။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် တို့မြန်မာနိုင်ငံမှာ ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်း တည်ရှိမှု၊ အရေးပါမှုကတော့ အတိုင်းအတာတစ်ခုထိ အားကိုး၊ လွှမ်းမိုး နေဆဲပါပဲ။

ရွာက လူတွေက ငါတို့ကို တစ်ညအိပ်စေချင်တာဟ။ သူတို့က ၀ဲပဒန်ကိုလည်း လိုက်ပို့ပေးချင်တာ။ ဒီတစ်ခေါက်တော့ ဘယ်လိုမှ မမှီတော့ဘူးလေ။ ကျောင်းကအပြန်မှာ အုန်းနှဲကနေ ရန်ကုန်တိုက်ရိုက်ထွက်မယ့် ကားအမှီ  တစ်နာရီခွဲခရီးကို တစ်နာရီဆယ်မိနစ်နဲ့ စပိတင်ပြီး ထွက်ခဲ့ကြတာ။ အုန်းနှဲလည်းရောက်ရော လူလည်းဖွေးဖြူလို့ပဲ။ အုန်းနှဲကနေ ၂နာရီ၁၅ ထွက်တဲ့ ဟီးနိုးဘတ်စ်ကြီးက ရန်ကုန်ကို ညနေ ငါးနာရီခွဲမှ ၀င်တယ်။ ခါးတညောင်းပဲ စီးလိုက်ရတာ။ တော်သေးတယ် အစ်ကိုနဲ့ စကားတွေကောင်းပြီးလိုက်လာလို့။ အိမ်ပြန်ရောက်တော့မှ ငါသွားခဲ့တဲ့ခရီးစဉ်အစအဆုံး အဖေ့ကိုပြောပြလိုက်တယ်။ အဖေက အံ့သြသွားလို့ ဆူဖို့တောင် သတိမရလိုက်ဘူး ထင်တယ်။ ကံကောင်းထောက်မစွာနဲ့ ခါးတွေဒူးတွေ ထင်သလောက် မနာလိုက်ပေမယ့် အရမ်းတော့ ပင်ပန်းသွားတာပေါ့ဟယ်။ ဒါပေမဲ့လေ… ငါပင်ပန်းရကျိုး နပ်ပါတယ်။

အဖိုးအပေါ်ထားတဲ့ ငါ့မေတ္တာ၊ စေတနာတွေကို အဖိုးသိခွင့်ရတာရယ်၊ ငါရိုက်ခဲ့တဲ့ ပုံတွေထဲက တစ်ချို့ကို သူမှတ်မိတာရယ်၊ အဖိုးပြောပြောခဲ့ဖူးတဲ့ အဖိုးအမေရဲ့ မိတ်ဆွေ ဦးလေးဖိုးခွေးရဲ့ အုတ်ဂူကို ပြလိုက်နိုင်တာရယ်၊ နောက်ပြီး အဖိုးတို့ အမေက မွန်ဆက်ဆိုတာကို အတည်ပြုလိုက်နိုင်တာတွေရယ်ပေါ့ဟယ်။ ကဒါတ်စိန်ကို ငါရောက်ခဲ့တယ်လို့ ပြောပြချိန်မှာ သိပ်အံ့သြသွားတဲ့၊ ငါကူးပေးလာတဲ့ပုံတွေကြည့်ပြီး ၀မ်းသာကြည်နူးရိပ်လွှမ်းသွားတဲ့ အဖိုးမျက်ဝန်းကို တွေ့ရလိုက်ချိန်မှာ ငါ့တစ်ရက်တာခရီးစဉ်လေး ဘယ်လောက်တာသွားလဲဆိုတာ ငါသိလိုက်တယ်။

သြော်… အိတ်ကပ်ထဲ ပါလာတဲ့ ပဲစေ့လေးတွေကိုလေ အဖိုးအိမ်ဘေးက ခြံလေးထဲ ကျဲခဲ့လိုက်တယ်သိလား။ တကယ်ဆို အဲဒီအင်္ကျီကို ကဒါတ်စိန်ကပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ လျှော်ခဲ့တာ။ ဒါပေမယ့် ပဲစေ့လေးတွေ ထွက်မသွားဘဲ အိတ်ထဲကပ်ပြီး ကျန်နေခဲ့တာ ဘန်ကောက်ရောက်မှ ငါသိလိုက်တာ။ အဖိုးက သူ့အမေနဲ့အဖွားတို့လို ကဒါတ်စိန်မှာပြန်ပြီး ခေါင်းမချနိုင်တော့ပေမယ့် အိပ်ရာဝင်ချိန်ရောက်တိုင်း ငါသူ့ကိုယ်စားအရောက်သွားပေးခဲ့၊ ရွာရဲ့ပုံရိပ်လေးတွေယူပေးခဲ့တာကိုတွေးပြီး ပိတီဖြစ်နေမှာလို့ ငါယုံကြည်တယ်။ အန္တရာယ်ကင်းကင်းနဲ့ ချောမွေ့တဲ့ကဒါတ်စိန်ခရီးဖြစ်မြောက်အောင် အစစကူညီစီစဉ်ပေးတဲ့ မဇင်၊ မမိုး၊ မနှင်းနဲ့ လိုက်ပို့ပေးတဲ့ ကယ်ရီဆရာတို့ကိုလည်း အရမ်းကျေးဇူးတင်မိတယ် ညို။ ခုချိန်ထိတော့ နင့်သူငယ်ချင်းက ခရီးနဲ့ပတ်သက်လာရင် ကံကောင်းနေတုန်းပဲ။း)

ကဒါတ်စိန်ခရီးအမှတ်တရ ပုံတစ်ချို့ နင်ကြည့်ရအောင် ငါထည့်ပေးလိုက်တယ်။

 ဒါ လမ်းတလျှောက်မှာ တွေ့ရတဲ့ ဆားတွင်းတွေလေ။ ဒီပုံက အစ်ကို ကယ်ရီပေါ်ကနေ သူ့ဖုန်းနဲ့ လှမ်းရိုက်ထားတာ။ ငါကတော့ ပြုတ်ကျမှာစိုးလို့ မလှုပ်ရဲတာနဲ့ လမ်းတလျှောက် ဘာပုံမှ မရိုက်ဖြစ်ခဲ့ဘူး။

 
ရွာအ၀င်မှာတွေ့ရတဲ့ ကဒါတ်စိန်ကျောင်းရဲ့ စေတီတော်မြတ်ပေါ့။  တည်ထားတာ လွန်ခဲ့တဲ့ ၂၈နှစ်ကမှပါ။

 ဒါ ၈၈နှစ်သက်တမ်းရှိတဲ့ မူလကျောင်းဟောင်းလေ။

 ညာခြမ်းက ပင်မကျောင်းတိုက်နဲ့ သူ့နောက်က ဆွမ်းစားကျောင်းဆောင်

 အဖိုးတို့ငယ်ငယ်က အိမ်ခြေ ၇၀လောက်ပဲ ရှိခဲ့ပေမယ့် အခု အိမ်ခြေ ၂၄၀ ရှိနေပြီ

 ဒီရေကန်က ရွာရဲ့ပထမဆုံးကန်ပေါ့။ ရွာမှာ ကန်လေးကန်ရှိတဲ့အနက် အကြီးဆုံးတဲ့။

 ဒီအပင်တွေကလည်း ရွာစတည်ကတည်းက စိုက်ပျိုးခဲ့တဲ့အပင်တွေ၊ ခုဆို သက်တမ်း ကိုးဆယ်ကျော်ပြီပေါ့။

 ငါကမြို့သူစစ်စစ်ဖြစ်ပေမယ့် အဲလိုရွာမြင်ကွင်းလေးတွေကို သိပ်ချစ်တာ

 ဒါက ရွာလယ်လမ်းမ တစ်နေရာ။ မိုးတွင်းဆို ရေအပြည့်နဲ့ မြင်ရမှာ။

 ကျောက်တိုင် အနောက်ဘက်ကခြံမှာ ဗိုလ်တဲရှိတယ်။

 ဒီ့ထက်ကောင်းတဲ့ ကဒါတ်စိန်ရောက် သက်သေမရှိတော့ဘူးနော့

 တမျှော်တခေါ် မြေပဲခင်းတွေရယ်၊ အဆုပ်လိုက် တန်းနေတဲ့ တိမ်တွေရယ် သိပ်လှတာပဲ ညို

ကဒါတ်စိန်ကနေ ဆစ်ဒနီထိ အိတ်ကပ်ထဲ တွဲခိုလာခဲ့တဲ့ ပဲစေ့ဖြူလေးတွေလေး)

သိပ်ကို နူးညံ့အရသာရှိတဲ့ ဒေသထွက်မြေပဲပေါ့

 သင်္ချိုင်းသွားရာလမ်းကလည်း သိပ်သာယာတာ နင်အမြင်ပဲ

အဘွားဂျက်ဆီရဲ့မိတ်ဆွေ၊ ဦးဖိုးခွေးရဲ့ အုတ်ဂူပေါ့

 အဖိုးသေသေချာချာ မှတ်မိလိုက်တဲ့ မြင်ကွင်း (ငါ သိပ်ပျော်သွားတာ ပြောမပြတတ်အောင်ဘဲ)

 ရောင်နဲ့ကျောင်းသားလေးမို့ အမှတ်တရ ရိုက်ခဲ့သေးတာ

မြိန်ရည်ရှက်ရည် စားခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ထမင်းဝိုင်း

 ဒါက က၀နယ်အရောက်သွားခဲ့တဲ့ နင့်သူငယ်ချင်း မြို့လားရဲ့ ပုံ :P

ညိုရေ… အဖိုးအတွက် ဇွန် တာဝန်ကျေပါတယ်နော်။

ချစ်သော ဇွန်