နီနိုး

Category: ,

တစ်ခုသောညခင်းမှာ မိသားစု ၃ယောက် ထမင်းအတူစားပြီး ခါတိုင်းကဲ့သို့ အိမ်ရှေ့ဧည့်ခန်းမှာ စကားလက်ဆုံပြောရင်း အဖေနှင့်အမေဖြစ်သူက တစ်ဦးတည်းသော သမီးငယ်လေးအား ချစ်မြတ်နိုးစွာ ကျီစားနေကြသည်။ အမေဖြစ်သူက “ဒီညဗိုက်နဲနဲ ပိုနာနေတယ်၊ အထဲက ကလေးက ဒီနေ့ကျမှ ပိုလှုပ်နေသလိုပဲ” အမေ့စကားကြောင့် သမီးလေးက အမေ့နားသို့ တိုးကပ်သွားပြီး ၀မ်းဗိုက်ပူပူပေါ်ကို လက်ကလေးတင်ကြည့်လိုက်သည်။ အမေက ပြုံးရယ်ပြီး သမီးလေး အိပ်တော့၊ မနက်ကျရင် ကျောင်းတက်ရဦးမှာဟုပြောရင်း အိပ်ရာထိလိုက်ပို့၍ သိပ်ပေးသည်။ အိမ်စာတွေ လက်တညောင်းလုပ်ထားရသဖြင့် ပင်ပန်းနေသော သမီးလေးသည် များမကြာမီအချိန်အတွင်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

နံနက်မိုးလင်းသောအခါ အရင်နေ့များနှင့်မတူဘဲ တစ်ခုခုထူးခြားနေသည်ကို သမီးလေး သတိပြုမိလိုက်သည်။ သူမအား မနက်တိုင်း လာနှိုးနေကျဖြစ်သော အမေသည် သူမနှင့်အတူရှိမနေဘဲ  သူမကို အိပ်ရာမှလာနှိုးသူမှာ တစ်ဖက်ဘေးခန်းမှ အိမ်ရှင်အန်တီကြီး ဖြစ်နေသည်။ မိန်းကလေးက အိပ်မှုန်စုံမွှားဖြစ်နေသော မျက်လုံးစုံကို လက်ဖြင့်ပွတ်လိုက်ရင်း မေမေရောဘယ်မှာလဲဟု အလျင်စလို မေးလိုက်သည်။ အန်တီကြီးက “သမီးမေမေ ဆေးခန်းမှာကွယ့်၊ ညတွင်းကြီး ဗိုက်နာလို့ ဆေးခန်းသွားလိုက်တာ ရေမွှာပေါက်ပြီး သမီးမောင်လေးကို မွေးလိုက်တယ်။ သမီးဖေဖေလည်း ဆေးခန်းမှာ မေမေနဲ့အတူရှိနေတယ်။” “ရေမွှာပေါက်”ဆိုသော စကားလုံးအဓိပ္ပာယ်ကို သူမ၏ ငါးနှစ်ကျော်ဉာဏ်လေးဖြင့် လိုက်မမှီသော်လည်း အမေက သူမအတွက် ဗိုက်ထဲက မောင်လေးကို မွေးပေးခြင်းဖြစ်ကြောင်းကိုတော့ ပျော်ရွှင်စွာ နားလည်လိုက်သည်။ 

သူမကျောင်းသွားဖို့အတွက် အန်တီကြီးက ပြင်ဆင်ပေးပြီး ကျောင်းကားပေါ်ထိ လိုက်တင်ပေးသည်။ “ညနေကျရင် သမီးဖေဖေလာကြိုပြီး သမီးမေမေနဲ့မောင်လေးကိုကြည့်ဖို့ လာခေါ်လိမ့်မယ်နော်” လို့ ထပ်မှာသည်။ ထိုနေ့က ကျောင်းမှာ ပထမအစမ်းကြိုစာမေးပွဲ ဒုတိယရက်ဖြစ်ပြီး အင်္ဂလိပ်စာဖြေရကြောင်း သူမလေးက အတိအကျ မှတ်မိနေပြန်သည်။ အဖြေလွှာကို ဆရာမထံသွားအပေး “ဆရာမ မေမေမောင်လေးမွေးတယ်” လို့ ၀မ်းသာအားရပြောလိုက်သည်။ သူမမေမေနှင့် ညီမသဖွယ် ခင်မင်နေသူ ဆရာမကလည်း ၀မ်းသာစွာဖြင့် “အို...ဟုတ်လား ဒါဖြင့် သမီးက အစ်မကြီးဖြစ်သွားပြီနော်” လို့ သူမရဲ့ခေါင်းလေးကို အသာပုတ်ပြီး ပြောသည်ကို “ဟုတ်ကဲ့” ဟု သူမက ကျေကျေနပ်နပ် ခေါင်းလေးညိတ်ပြီး ပြန်ဖြေသည်။ စာသင်ခန်းထဲ စရောက်ကတည်းက သူမရဲ့ထိုင်ခုံဘေးနှစ်ဖက်က သူငယ်ချင်း နှစ်ယောက်ကို မေမေက သူမအတွက် မောင်လေးတစ်ယောက် မွေးပေးလိုက်ပြီဖြစ်ကြောင်း  ဂုဏ်ယူဝမ်းမြောက်သော ကလေးတို့လေယူလေသိမ်းဖြင့်  ပြောခဲ့ပြီးပြီ။ ညနေကျောင်းဆင်းချိန်ကို တကယ်ပဲ သူမမျှော်လင့်စိတ်စောနေပါသည်။ မွေးကာစမောင်လေးက ဘယ်လိုနေမှာပါလိမ့်ဆိုတာ မမှီ့တမှီ့ အတွေးစိတ်ကူးတို့ဖြင် ပုံဖော်ကြည့်မိနေသည်။ မောင်လေးကို တွေ့ချင်လှပြီ။

ညနေကျောင်းဆင်းတော့ ဖေဖေနှင့်အတူ ရွှင်မြူးစွာ ဆေးခန်းသို့ လိုက်လာခဲ့သည်။ အထူးကုဆေးတိုက်ထဲက အခန်းတစ်ခန်းမှာ မေမေနှင့်အတူ အသားနီနီထွေးထွေးနှင့် ကလေးသေးသေးလေးကို တွေ့လိုက်ရတော့ စူးစမ်းလိုစိတ်ဖြင့် သူမအနီးထိကပ်ပြီး တိုးကြည့်သည်။ “မောင်လေးက ပေါင်မပြည့်ဘူး သမီးရဲ့။ သူ့ကို ဆေးခန်းက ဆရာမတွေက ကြွက်နီလေးဆိုပြီး ခေါ်နေကြတာ” မေမေက တိုးတိတ်ညင်သာသော အသံဖြင့် ပြောပြသည်။ မောင်လေးက သေးသေးလေးမှ တကယ့်ကို သေးသေးလေးပါလား။ အနှီးဖြူပတ်ထားသောအောက်မှ ပေါ်နေသော ခြေထောက်သေးသေးနီနီလေးကို သူမ၏ လက်ညိုးလေးဖြင့် တို့ထိကြည့်သည်။ ခြေထောက်ကလေး တစ်ချက်လှုပ်၍ အနှီးထုပ်လေး လွန့်လူးသွားသည်ကို သူမ သဘောကျစွာ ကြည့်မိသည်။ အဲဒီ့အချိန်ကစ၍ သူမ၏မောင်ငယ်လေးကို ချစ်သွားခဲ့ပါသည်။

သူမကလေး စာရေးတတ်ကာစ မောင်လေးမမွေးသေးခင်ကတည်းကပင် အိမ်နံရံပေါ်မှာ ခဲတံဖြင့် တစ်စုံတစ်ခု ရေးခြစ်ခဲ့သည်။ လူကြီးတွေက သူမရေးထားကိုတွေ့ပြီး အဲဒါဘာလဲလို့ မေးသည့်အခါ မေမေမောင်လေးမွေးရင် ပေးဖို့နာမည်ဟု မဆိုင်းမတွ ပြောခဲ့သည်။ တကယ်ပဲ မောင်လေးမွေးခဲ့ပြီး သူမရေးခြစ်ထားခဲ့သော နာမည်လေးက အိမ်သူအိမ်သား၊ အိမ်နီးနားချင်းများ၏ နှုတ်ဖျားမှာ အသက်ဝင်သွားတော့သည်။

ဆေးခန်းမှ အမေနှင့်အတူ မောင်လေးအိမ်ပြန်လာသောနေ့မှစ၍ နောက်နေ့တိုင်းလိုလိုပင် တစ်ဖက်အိမ်မှ အန်တီကြီးနှင့် သူ့သမီးတစ်သိုက်က သူမ၏မောင်ကလေးကို တစ်လှည့်စီ လာရောက်ချီပိုးနေကြပြီး လက်ကမချတော့သည့်အတွက် သိပ်မကျေနပ်သော်လည်း သူတို့နှုတ်မှ နီနိုးရေ၊ နီနိုးလေးရေဟု ချစ်စနိုးခေါ်ဆို ရေရွတ်သံကြားတိုင်းတော့ သူမကလေး သိပ်ပျော်ပါသည်။ မောင်လေးကြီးလာတဲ့အခါကျရင် ပြောပြရဦးမယ်။ မမက မောင်လေးမမွေးခင်ကတည်းက နာမည်ပေးထားတဲ့ အကြောင်းကိုပေါ့။

ဟောဒီကမ္ဘာမှာ မောင်လေးမမွေးခင်ကတည်းက နာမည်ပေးခဲ့တဲ့အစ်မ ဘယ်နှစ်ယောက်များ ရှိခဲ့သလဲကွယ်။


ဇွန်မိုးစက်

(စက်တင်ဘာလ ၂၅ရက်တွင် ကျရောက်သော တစ်ဦးတည်းသော အချစ်ဆုံးမောင်လေး၏ မွေးနေ့အတွက် အမှတ်တရ ရေးဖွဲ့ပါသည်)

Comments ( 13 )

ဇွန်ရေးထားတာဖတ်ပြီး မောင်လေးမွေးတဲ့နေ့တုန်းကအကြောင်းလေးတွေတောင် သတိရသွားတယ်..

မမ...ဖတ်ပြီးတော့ အစ်မတစ်ယောက်ရဲ့မေတ္တာကို ထပ်တူထပ်မျှခံစားမိပြီး မျက်ရည်တောင်ဝဲမိတယ်။ ဂျင်းရဲ့ ညီမလေးကို မေမေကမွေးတဲ့နေ့ကိုလည်းဂျင်းစိတ်ထဲမှာ အခုထိမမေ့သေးဘဲ အမှတ်ရသွားမိလို့လေ....။

မွေးနေ့ရှင်မောင်လေးကိုလည်း “ဟက်ပီးဘာဒ့်ဒေး” ပါလို့....

ချစ်တဲ့
ဂျင်း

Happy Birthday to your bro,

Happy Birthday နီနိုး

မသီတာကတော့လေ မသီတာ့ညီမလေးကို စိတ်ပေါက်လာရင် သန်းရွှေ လို့ ခေါ်တယ်။
သူက ရယ်စရာတွေ နောက်ကနေ တကောက်ကောက်လိုက်ပြောတတ်လို့
ဟာသမယ် မသန်းရွှေကို အဖျားစွတ်ပြီးခေါ်တာလေ...

သူက မသီတာကို သီတာပဲ ခေါ်တယ်။
ငယ်ငယ်ကတည်းက မမလို့ ခေါ်ဖို့ သင်မရဘူး။

သူ့ဟာသတွေထဲက တခုပြောပြမယ်...
"သီတာ ငါ့မွေးနေ့ကျရင်လေ ဖာလူဒါ... (ခဏရပ်ထားပြီး)
ငါ့ဖာသာ ၀ယ်သောက်မယ်" လို့ နောက်တတ်တယ်။

သူနဲ့ မသီတာ မွေးနေ့က တလတည်းမှာ ၂၄ နဲ့ ၂၅ရက် ဆိုတော့ အရှေ့က အရင်ကျတဲ့ မသီတာမွေးနေ့နဲ့တင် ပြီးသွားတော့၊ သူ့မွေးနေ့ပွဲရယ်လို့ တခါမှ မလုပ်ရရှာဘူး

အကြီးဖြစ်တဲ့ မသီတာကိုပဲ သူက အလိုလိုက် အလျော့ပေးရတယ်။

ဇွန်ကတော့ မောင်လေးအပေါ် အကြီးပီသစွာ ချစ်ခင် စောင့်ရှောက်နိုင်ပါစေလို့ ထပ်ဆင့် ဆုတောင်းပေးသွားပါတယ်။

စာဖတ်ပြီးမောင်လေး တယောက်ရလိုက်သလိုပဲ။
ညီမရဲ့ တစ်ဦးတည်းသော အချစ်ဆုံးမောင်လေး
ကျန်းမာပျော်ရွှင်ပါစေ....

သိတယ်၊ ဇွန် ပြောပြောနေတာတွေ ကြည့်ပြီး မောင်လေးကို ဘယ်လောက် ချစ်တယ်ဆိုတာ သိနေတယ်။ ဟက်ပီးဘာ့ဒ်ဒေးပါ ဇွန့်မောင်ကလေးရေ....

ပို့စ်လာဖတ်ပြီး မောင်လေးအတွက် ဆုတောင်းပေးကြသူများအားလုံးကို ဇွန်နဲ့မောင်လေးနီနိုးက ကျေးဇူးတင်ပါတယ်လို့။း)

အမတစ်ယောက်ရဲ့ မေတ္တာဖွဲ့လေး သိပ်လှတယ်၊ အသေးစိပ်လေး ပြန်ရေးပြနိုင်တယ်။

ဟက်ပီးဘတ်ဒေးပါ မဇွန်မောင်လေးရှင် .. :D

ရေတမာနဲ့ မွေးနေ့တူတယ် အစ်မး)

ကျေးဇူးပါ အစ်မပြုံး... ဇွန်တကယ်ပဲ အဲဒီ့နေ့က အကြောင်းတွေ မှတ်မိနေခဲ့တယ်။

မိုးခါးရေ...ကျေးဇူးနော်။ ဟုတ်လား ရေတမာ့မွေးနေ့နဲ့ အတူတူပဲလား။ ဒါဖြင့် အစ်မသူ့အတွက်ဆုတောင်းတောင် နောက်ကျသွားပြီ။

မောင်လေးမမွေးခင်တည်းက နာမည်တော့မပးဖူးပါဖူး
မိုးနဲ့က မောင်လေးအသက်နဲ့ ၂ နှစ်ပဲကွာတာလေ
ဒါပေမဲ့ ငယ်ငယ်တည်းက မောင်လေးလိုချင်တယ်လို့ ပူဆာတယ်လို့တော့ အမေတို့ကပြောဖူးပါတယ်။
မမမောင်လေး ဒီနှစ်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘဝရည်မှန်းချက်များအောင်မြင်ပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ပါစေရှင်း
မိုး

ကျေးဇူးပါ မိုး။း)

ညီမလိုပဲ အမမှာလဲ သိပ်ချစ်ရတဲ့ မောင်လေး တယောက် ရှိခဲ့ပါတယ်။ အခုလို မောင်နှမနှစ်ယောက် ချစ်ခင်ကြတာ ဖတ်ရတာ ၀မ်းသာ ၀မ်းနည်း ဖြစ်မိပါတယ်။ ၀မ်းနည်းတာက တို့မောင်လေးက ဆုံးသွားခဲ့ပြီကိုး။
Happy Birthday ပါ မောင်လေး နီနိုးရေ..