စင်ဒရဲလားနဲ့ ကျီးမနိုးပွဲ

Category:

”စင်စင်” တစ်ယောက် မနက် ၇နာရီခွဲမှာ အပြေးအလွှားထ၊ ရေချိုးခန်းဝင်၊ မျက်နှာသစ်ပြီး ညက ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ ထမင်းကြမ်းကို ကြက်ဥလေးနဲ့ အမြန်ကြော်၊ ပဲပြုတ်ဖြူးလို့ နံနက်စာ ထမင်းဗူးလေး ပြင်ဆင်ပြီး သွားတယ်။ ညနေရုံးအပြန်မှာ သူငယ်ချင်းတစ်ယောက်နဲ့ မင်္ဂလာညစာစားပွဲ သွားစရာကလည်း ရှိနေတာမို့ မီးပူတိုက်ပြီးသားထဲက အဖြူရောင်ဖဲသားအင်္ကျီနဲ့ ဘောင်းဘီတစ်ထည်ကိုပဲ ၀တ်လိုက်တယ်။ ရုံးသွားရုံးပြန် လွယ်နေကျအိတ်လေးက ရိုးတာမို့ ဘောင်းဘီအရောင်နဲ့လည်း လိုက်ဖက်တဲ့ မွေးနေ့လက်ဆောင်ရဖူးတဲ့ ခဲရောင်အိတ်လေးပဲ လွယ်သွားမယ်လို့ စိတ်ကူးပြီး ပစ္စည်းတွေကို ပြောင်းထည့်ရပြန်တယ်။ တစ်နေ့က ဘက်ထရီအားသွင်းရင်း ဖုန်းမေ့ကျန်ခဲ့လို့ ဗျာများခဲ့တာကို သတိရသွားပြီး ဖုန်းကို အိတ်ကပ်လေးထဲ မမေ့မလျော့ ထိုးသွင်းလိုက်ပြီးပြီဆိုရင် စင်စင်တစ်ယောက် ရုံးသွားဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒါတောင်… လေအေးပေးစက် အခန်းထဲရောက်နေရင် အလိုလိုချမ်းတတ်သူမို့ ညစာစားပွဲသွားတဲ့အခါ လိုရမယ်ရ အပေါ်ကထပ်ရုံဖို့ ပ၀ါ မေ့ကျန်နေတာ သတိရသွားလို့ ဧည့်ခန်းထဲရောက်ပြီးမှ အိပ်ခန်းထဲတစ်ခေါက် ပြန်ဝင်ယူလိုက်ရသေးတယ်။

တန်ဆောင်မုန်းလပြည့်နေ့ညက ၀ယ်ပြီးတင်ထားတဲ့ သစ်ခွပန်းပန်းဖြူဖြူလေးတွေနဲ့ ဘုရားစင်က ကြည်ညိုသပ္ပာယ်စရာကောင်းလိုက်တာလို့ တွေးရင်း ကြည်နူးစွာနဲ့ ဘုရားကန်တော့ပြီး အိတ်လွယ်လို့ အိမ်တံခါး ဖွင့်လိုက်တယ်။

“ဟင်….” 

ဖိနပ်စင် အပေါ်ဆုံးကို လှမ်းအကြည့်မှာ စင်စင် တစ်ယောက် အံ့သြသွားတယ်။ စင်စင် ရုံးသွားတိုင်း စီးနေကျဖိနပ်က ဘယ်တစ်ရံပဲ ရှိတော့တယ်။ စင်ပေါ်က အောက်ကို ပြုတ်ကျစရာ အကြောင်းမရှိတာ သိနေပေမယ့် တွေ့လိုတွေ့ငြား ရှာကြည့်လိုက်တယ်။ မတွေ့ဘူး... လုံးဝကို မတွေ့ဘူး။ အဲဒါမှ… ပြဿနာပဲ။ နောက်ထပ်စီးစရာ အရံ formal ဖိနပ်က အဆင်သင့် ရှိမနေဘူး။ ၀တ်ထားတာက ဘောင်းဘီ၊ ညနေကျရင်လည်း ညစာစားပွဲ သွားရဦးမှာ။ ဒီဖိနပ်လေးက ရုံးသွားရုံးပြန်အပြင်၊ ပွဲနေပွဲထိုင် စီးလို့လည်း အဆင်ပြေတယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ၀ယ်ထားတာ။ အရွတ်ပါးနေတဲ့ဒူးကြောင့် မြင့်လွန်း၊ နိမ့်လွန်းရင် စီးမရတဲ့ စင်စင်တစ်ယောက် ကိုယ့်ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်ကို သေသေချာချာ အချိန်ပေးရှာထားတာ။ ကိုယ်ပုံမှန်သုံးနေကျတန်ဖိုးထက် အဆပေါင်းများစွာပေးရပေမယ့် ကိုယ့်ခြေထောက်နဲ့ သက်တောင့်သက်သာ အဆင်ပြေဖို့အတွက် မျက်စိမှိတ်ပြီး ၀ယ်ခဲ့ရတာ။ ၀ယ်တဲ့ဈေးနဲ့ထိုက်တန်အောင် အဆင်ပြေပြေစီးလို့ရပြီး ခြေထောက်လည်း မနာတော့တာမို့ ၀မ်းသာခဲ့ရတာ။

အတွေးတွေဆက်ပြီး စင်စင် ဒေါသတွေ ထွက်လာတယ်။ ဖိနပ်တစ်ဖက်တည်းကို ယူသွားတဲ့သူကိုလည်း အရမ်း စိတ်ဆိုးတယ်။ ဘယ်ညာနှစ်ရံလုံး ပျောက်ရင် လှူတယ်လို့ သဘောထားပြီး စိတ်ဖြေလို့ရတယ်။ ကိုယ်မစီးဖြစ်ရင်တောင် အခြားတစ်ယောက်စီးဖြစ်သွားတယ်ဆိုပြီး စိတ်ကျေနပ်လို့ ရသေးတယ်။ အခုဟာက…. တောက်!

လောလောဆယ် အတွေးတွေဖြတ်ပြီး ရုံးစီးသွားဖို့ ဖိနပ်ရှာရမယ်၊ ဟိုးအရင်က ၀ယ်ထားတဲ့ ဖိနပ်အမည်းတစ်ရံတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါစီးလိုက်ရင် ခြေထောက်နာလို့ မစီးဖြစ်တာကြာပြီ၊ ဖုန်တွေတောင်တက်နေတယ်။ ကျန်တဲ့ဖိနပ်တွေကလည်း ရုံးစီးဖို့ အဆင်မပြေဘူး။ နောက်ဆုံးတော့ အိတ်ထဲက တစ်ရှူးကိုထုတ်၊ ဖုန်တက်နေတဲ့ ဖိနပ်ကိုသုတ်ပြီး ခြေထောက်နာနာနဲ့ပဲ ရုံးရောက်အောင် သွားခဲ့ရတယ်။ ဒီဖိနပ်ကိစ္စကြောင့် ရုံးကို ၁၅ မိနစ် နောက်ကျပြီးမှ ရောက်သွားတယ်။

တကယ်လို့များ ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်ဟာ သာမန်ရိုးရိုးဖိနပ်တစ်ရံပဲ ဖြစ်ခဲ့မယ်ဆိုရင်၊ ဖိနပ်ပိုင်ရှင် စင်စင့်ခြေထောက်ဟာ ဘယ်ဖိနပ်ပဲဖြစ်ဖြစ် အဆင်ပြေပြေကောက်စီးလို့ရတဲ့၊ ဒူးနာဝေဒနာသာ မရှိခဲ့ဘူးဆိုရင်… စင်စင် အဲ့သည့်လောက်ထိ ခံစားရမှာ မဟုတ်ဘူး။ အခုတော့ ပြန်တွေးကြည့်တိုင်း တနုံနုံနဲ့ ခံစားနေရတယ်။

ဖိနပ်တစ်ဖက်ပဲကျန်တာ မြင်ကတည်းက စင်စင် သတိရလိုက်ပါတယ်။ ညက ကျီးမနိုးပွဲလုပ်ကြတယ်ဆိုတာ။ စင်စင်တို့နေတဲ့တိုက်မှာ မြန်မာတွေရှိတယ်။ ဒီကျီမနိုးပွဲကို ဖိနပ်တစ်ရံဝှက်ပြီး ဆင်နွှဲတယ်လို့ စင်စင့်စိတ်ထဲမှာ အသေအချာကို သိနေတယ်။ ဒါပေမယ့် တစ်ချို့ ရိုးရာယဉ်ကျေးမှုဓလေ့ဆိုတာ သူ့နိုင်ငံ၊ သူ့ရေမြေနဲ့ သင့်တော်ပေမယ့် တစ်ခြားတစ်နေရာအတွက် မသင့်တော်တာမျိုးတွေရှိတယ်။ မြန်မာပြည်က ကျီးမနိုးပွဲတွေမှာ ဖိနပ်တစ်ဖက်ကို လမ်းထိပ်မှာထားပြီး နောက်တစ်ဖက်ကို လမ်းဆုံးမှာ ထားလိုက်ရင် ပြန်ရသေးတယ်။ ဒါပေမယ့် စင်္ကာပူလိုနိုင်ငံလိုမျိုးမှာ တစ်ဖက်တည်းသော ဖိနပ်ကို တိုက်ရဲ့ထောင့်တစ်နေရာမှာ သွားထားလိုက်ရင် မနက်တိုင်း ရောက်လာတတ်တဲ့ သန့်ရှင်းရေး အလုပ်သမားတွေက အမှိုက်ပုံးထဲကို တန်းပြီး ပစ်ထည့်လိုက်မှာပဲ။

မနက်မိုးလင်းရင် အလုပ်ကို သုတ်သုတ်သွားရတဲ့ နိုင်ငံမှာ စီးနေကျ ဖိနပ်တစ်ဖက် ရုတ်တရက်ပျောက်သွားတာ အတော်ပဲ စိတ်ကသိကအောင့် ဖြစ်ရတယ်။ ဖိနပ်တစ်ရံရဲ့နောက်မှာ ယူသူမသိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေရှိတယ်၊ ဖိနပ်ပိုင်ရှင်ဟာ နောက်ထပ်ဆင်တူအသစ်တစ်ရံ ထပ်ဝယ်ဖို့ အားထုတ်နိုင်သူ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဈေးကြီးပေးပြီးမှ ၀ယ်ဖြစ်တဲ့ ဖိနပ်တစ်ရံရဲ့ နောက်ကြောင်းရာဇ၀င်ဆိုတာလည်းရှိတယ်။ ဖိနပ်ပိုင်ရှင်ရဲ့ သက်သာနေတဲ့ ခြေထောက်က အခြားအဆင်မပြေတဲ့ ဖိနပ်ပြောင်းစီးလိုက်ရလို့ ပြန်နာသွားတဲ့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်တယ်။ သူများစိတ်ဆင်းရဲပြီးမှ ပျော်ရတဲ့ ဒီလိုကျီးမနိုးပွဲမျိုးကိုတော့ စင်စင် မကြိုက်ဘူး။ တစ်စုံတစ်ယောက်ရဲ့တစ်နေ့တာ အစကနေ အဆုံး ဘယ်လောက်ထိ ထိခိုက်သွားရသလဲဆိုတာ… ကာယကံရှင် စင်စင်တစ်ယောက်ထက်ပိုပြီး ဘယ်သူသိနိုင်ဦးမှာလဲ။

ခုတော့ စင်စင်တစ်ယောက် ဖိနပ်လေးတစ်ဖက်ကိုင်လို့ ပျောက်တဲ့တစ်ဖက်ပဲ ရှာပုံတော် ဖွင့်မရလိုလို။ တစ်ခုတော့ရှိတယ်… ပျောက်သွားတဲ့ဘက်က ညာဆိုတော့ ဘယ်နဲ့ယှဉ်ရင် နဲနဲလေးတော့ ချောင်နေတယ်။ ဖိနပ်စွပ်လိုက်ရင် ကွက်တိဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ဖိနပ်ပိုင်ရှင်က ကျီးမနိုးပွဲမှာ မထင်မှတ်ဘဲ ဖိနပ်တစ်ဖက်နဲ့ ကျန်ရစ်ခဲ့ရှာတဲ့ စင်ဒရဲလားတစ်ဖြစ်လဲ စင်စင်ဆိုတာ အသေအချာပါပဲ။




ဇွန်မိုးစက်
(၁၁ရက် ၁၁လ ၂၀၁၁ မှာ ပျောက်ဆုံးသွားသော ဖိနပ်တစ်ဖက်အတွက်)

Comments ( 11 )

ဖြစ်မှ ဖြစ်ရလေဗျာ၊ ကျီးမနိုးပွဲ ကြောင့်ဆိုတော့ စိတ်မကောင်းပါဘူး၊ အဆင်ပြေမယ့် ဖိနပ်နောက် တစ်ရန် အမြန်ဆုံး တွေ့နိုင်ပါစေဗျာ...။

ဟင်... ဆိုးလိုက်တာ ညီမရယ်... :-(
ဒါနဲ့  စကားမစပ် ဖိနပ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့  ချစ်စရာလေး...

ပျော်တာတော့ ပျော်တာပေါ့နော်...
ဒါပေမယ့်လို့ အချိန်နဲ့ နေရာလေးတော့ ရွေးပျော်သင့်တယ်...
ခုလို တဘက်သားကို ထိခိုက်စေတဲ့ ပျော်နည်းကတော့ မကောင်းပါဘူး...

ဖိနပ်လေး..နှမြောစရာကွယ်
နောက်သွားတဲ့သူက..လာပြန်မပေးဘူးလားဟင်

ဟင်... ထူးဆန်းတာ..

စင်ဒရဲလားကို ရှာနေတဲ့ ရွှေမင်းသားလေး များ သူ့ ရှာနေတဲ့  ချစ်သူရဲ့  ဖိနပ်တွေပြီဆိုပြီး ကျီးမနိုးပွဲမှာ မမြင်မကန်းနဲ့ များမှား မသွားလားမသိ

စင်စင်ဆိုလို့..ကလေးအမေအသစ်လေး အကြောင်းရေးထားတယ် ထင်နေတာ..သူဖိနပ်ပျောက်တယ်ထင်ပြီး ၀မ်းသာ အဲလေ..၀မ်းနည်းသွားတာ။ သူမှ မဟုတ်ပဲကိုး။ နာမည်တူတာ။
mm

ဖိနပ်ကို ဘယ်မင်းသားလေးလာပေးမလည်းဆိုတာ စောင့်မျှော်နေပါသည်...

မင်းသားလေးနဲ့ ဆုံရင် ပြောဦးနော် ..း)

မဒီလည်းဖြစ်ဘူးတယ်...ဖိနပ်တဖက်ပဲပျောက်သွားတာ..အသစ်စက်စက်ကလေး..

တကယ်လို့များ အဲဒီဖိနပ်လေးတစ်ဖက်ကို တကယ်ပဲ ကျီးမနိုးပွဲအတွက် နောက်ပြောင်ချင်စိတ်နဲ့ယူသွားတယ်ဆိုရင်တော့ အဲဒီလူကို နောင်ကို ဘာပဲလုပ်လုပ် "Think before you act!" လို့ပဲ ပြောချင်ပါတယ်....:(