အမေနှစ်ယောက်

Category: , ,

အမေနှစ်ယောက်ရှိတယ်…။

တစ်ယောက်က ချောမောပိန်သွယ် မြန်မာဆန်ပြီး တစ်ယောက်က တောက်ပထက်မြက်တဲ့ မျက်လုံးတွေ ပိုင်ဆိုင်တယ်။

တစ်ယောက်က မိခင်ဇနီးအိမ်ရှင်မကောင်း ပီသခဲ့ပြီး တစ်ယောက်က လူဦးရေ ၅၉သန်းရှိတဲ့ နိုင်ငံအတွက် ယုံကြည်အားကိုးရာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။

တစ်ယောက်က မိုင်ထောင်ချီဝေးတဲ့ အနောက်အရပ်မှာ ကျန်နေခဲ့တဲ့ မိသားစုအတွက် ပူပင်သောကရှိခဲ့ပေမယ့် တစ်ယောက်က သူယုံကြည်ရာပန်းတိုင်အတွက် ငြိမ်းချမ်းရဲရင့်စွာ၊ တစ်ကိုယ်တည်း အထီးကျန်စွာ တိုက်ပွဲဝင်ခဲ့တယ်။

တစ်ယောက်က သူမအပေါ် သူမတူအောင် နားလည်ပံ့ပိုး ချစ်မြတ်နိုးတဲ့ ခင်ပွန်းဖြစ်သူနဲ့သားနှစ်ယောက်ကို သတိရလွမ်းဆွတ်နေခဲ့ပြီး တစ်ယောက်က သူမချစ်ရတဲ့ တိုင်းသူပြည်သားလူအများ စိတ်လုံခြုံလွတ်လပ်မှုရဖို့အတွက် စဉ်းစားပေးနေခဲ့တယ်။

တစ်ယောက်က နိုဗယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခံရပြီး တစ်ယောက်က သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ လက်လွှတ်ခဲ့ရတယ်။

တစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးခရီး ပို့ဆောင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး တစ်ယောက်က သူ့အသက်ရှင်သန်နေသရွေ့ တိုင်းပြည်အရေးသာ ဦးစားပေးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တစ်ယောက်က နေအိမ်အကျယ်ချုပ်ဘ၀က လွတ်မြောက်ခဲ့ပြီး တစ်ယောက်က နာရီလက်တံတွေ ရွေ့လျား ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခဲ့တယ်။

တစ်ယောက်က သားငယ်ကိုပွေ့ဖက် ပီတိအပြုံးနဲ့ ဆီးကြိုခဲ့ပြီး တစ်ယောက်က မမြင်တာကြာပြီဖြစ်တဲ့ သားကြီးအကြောင်း မျှော်လင့်နားစွင့်နေခဲ့တယ်။

တစ်ယောက်က အသက်ရလာပြီး ပင်ပန်းနွမ်းနယ်မှုတွေရှိလာပေမယ့် တစ်ယောက်က ခရီးတွေသွားပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ မိန့်ခွန်းတွေ ပြောနေခဲ့တယ်။

တစ်ယောက်က သားမြေးတွေနဲ့ အတူနေပြီး အနားယူချင်ပေမယ့် တစ်ယောက်က အနားမနေဘဲ နိုင်ငံနဲ့လူမျိုးအတွက် စွမ်းသမျှ လုပ်ဆောင်ပေးဖို့ ခွန်အားတွေ မွေးနေခဲ့တယ်။

အမေနှစ်ယောက်လုံး ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၆၇နှစ်မြောက် မွေးနေ့မင်္ဂလာကို မိသားစုနဲ့အတူ အမှတ်တရ ကျင်းပခွင့်ရလို့ ကြည်နူးဝမ်းသာနေကြတယ်။


သားနှစ်ယောက်ရဲ့အမေ၊ ကမ္ဘာမှာ မြန်မာကို ကိုယ်စားပြုခဲ့တဲ့အမေ… အသက်ရှည်ကျန်းမာ ဘေးအန္တရာယ်ကင်းပါစေ။ 


၁၉.၆.၂၀၁၂ အတွက်
ဇွန်မိုးစက်

Comments ( 9 )

သားငယ်က ချစ်ကြောင်းပြတတ်ပေမယ့် သားကြီးက.. အမေမရှိခဲ့အခိုက်မှာ...ကောင်းကောင်းမွန်မွန် ပညာတတ်..ဘာသာတရားကို လေးလေးစားစားနဲ့ အမေစိတ်မပူရတဲ့.. လူကောင်းတစ်ယောက်ဖြစ်အောင် နေတယ်လို့ထင်မိတယ်။ အန်တီ့ကို.. သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံစေချင်ပါတယ်။
မမွန်..

အမေလိုချစ်ရတဲ့သူ ၊ သိပ်လေးစားရတဲ့သူ...
မွေးနေ့မှာ ပျော်ရွှင်ပါစေ.. ကျန်းမာပါစေ...

pifpif

ဟုတ်တယ်ဇွန်... အမေ သူ့ မိသားစုတွေနဲ့ ပျော်ရွှင်
စရာကောင်းတဲ့ မွေးနေ့ မှာ အသက်ရည်ကျန်းမာ
ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်ဘဝရယ်..၊ သူချစ်တဲ့ တိုင်းပြည်အတွက် ပေးထားတဲ့ ဘဝရယ်.. ဒီဘဝ နှစ်ခုကြားမှာ အမေစုဟာ မဆုတ်မနစ် ခိုင်ကျည်၊ မြဲမြံ၊ ရဲရင့်စွာနဲ့ လျှောက်လှမ်း ခဲ့တယ်၊ ဒီနေ့ ၆၇ နှစ်တိုင်အောင် တပင်တပန်း သွားလာ၊ လှုပ်ရှားနေ တုန်းပါပဲ၊

ဒီဘဝနှစ်ခုကို ဇွန်က ယှဉ်ပြီး ရေးပြထားတာ အရမ်းကောင်းတယ်..၊ မွေးနေ့ ကျရောက်တဲ့ အမေစုလည်း မိသားစုနဲ့အတူ ပျော်ရွှင်၊ ငြိမ်းချမ်းပါစေလို့ ထပ်တူ ဆုတောင်းပါတယ်...။

အမေ နှစ်ယောက်လုံးကို ချစ်တယ်၊
အမေ နှစ်ယောက်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

ဇွန်ရေးသွားတာလေး သိပ်ကောင်းတယ်။

ဘဝနှစ်ခု ကို ယှဉ်တွေးပြီး ရေးချပြထားတာမို့ သဘောကျမိတယ်။ အမြဲရောက်ဖြစ်ပါတယ်။ ခုမှပဲ ခြေရာချန်နိုင်တော့တယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

မရေးတတ်ပါဘူး
ခံစားတတ်ခဲ့တယ် အမေနှစ်ယောက်ဆိုပြီး
ရေးပြထားတာလေးကိုလဲ သဘောကျနေမိတာပါ

ဇွန်ရေ .... ကြယ်ပြာလဲ ဒီအမေကို သိပ်ချစ်ခဲ့တယ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်ယုံကြည်ချက်နဲ့ ချစ်တဲ့စိတ်က ဘယ်တော့မှ ပြောင်းလဲမသိဘူး။ ဒီစာလေးကို ဖတ်ရတဲ့အချိန်မှာ အမေတစ်ယောက် အတွက် ဂုဏ်ယူရသလို နောက်တစ်ယောက်အတွက် ၀မ်းနည်းရတယ်။ အမေကျန်းမာ အသက်ရှည်ဖို့ ၁၉ ရက်နေ့ မနက်အစောကတည်းက ဖေ့ဘွတ်ခ်မှာ ပဲ ဆုတောင်းမိတယ်။ ဒီလို ပို့စ်လေးတကူးတကန့်ရေးတဲ့အတွက်ကော ဖတ်ခွင့်ရတာအတွက်ကော ကျေးဇူးပါ ....

အစ်မဇွန်ရေးထားတာလေး ချစ်စရာသိပ်ကောင်းတယ်း))