အဆိုးဆုံးကို အကောင်းဆုံးဖြစ်အောင်

Category:




လွန်ခဲ့သောဆယ်စုနှစ်အတွင်း အမေရိကတိုက်မှ မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၁ရက်တွင် ကမ္ဘာပျက်မည်ဟု ဟောကိန်းထွက်လာသဖြင့် ကမ္ဘာတ၀ှမ်းမှလူများ လှုပ်လှုပ်ရွရွ  စိတ်ပူသွားကြသေးသည်။ ဒီကြားထဲ ၂၀၀၉ခုနှစ် နိုဝင်ဘာတွင် “၂၀၁၂” ဟူသော အမည်ဖြင့် ဟောလီးဝုဒ်ရုပ်ရှင်တစ်ကား  ထွက်လာပြန်ရာ ကမ္ဘာပျက်လျှင် ဘာတွေဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဟု သိချင်သူများက စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့ကြသေးသည်။ ဘလော့ဂ်ရပ်ဝန်းတွင်လည်း ကမ္ဘာပျက်ခါနီးတစ်လလောက်အလိုဟု ကဗျာဆရာမလှလှတစ်ယောက်က အစပြုလိုက်ရာမှ တဂ်ပို့စ်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် တက်လာကြသည်။

အကယ်၍များ ယခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အမှန်တကယ် ကမ္ဘာပျက်မည်ဟုဆိုပါက ယနေ့သည် ကမ္ဘာပျက်ခါနီး တစ်လတိတိအလိုဖြစ်သည်။ ကျွန်မတို့ ဘာတွေ ပြင်ဆင်ထားခဲ့ပြီးပြီလဲ။ စာတွေမှာ ရေးခဲ့ကြသလို ချစ်သောသူများနှင့်အတူတကွ နောက်ဆုံးအချိန်ကို ကျော်ဖြတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလား။ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်၍ အချို့က မေ့လျော့ကောင်း မေ့လျော့နေကြမည်။ မည်သို့ပင်ဖြစ်စေ ထိုဟောကိန်းသည် မမှန်ကန်ကြောင်း သိပ္ပံပညာရှင်တို့ဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားတင်ပြချက်တွေ ထွက်လာသောအခါ ကမ္ဘာ့လူသားတို့ သက်ပြင်းချနိုင်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအရဆိုလျှင်လည်း ကမ္ဘာပျက်ဖို့ အဝေးကြီး လိုပါသေးသည်။  

ကမ္ဘာပျက်တော့မည်ဆိုသည့် ကြိုတင်ဟောကိန်းဖြစ်နိုင်၊ မဖြစ်နိုင်မှ အစချီကာ  ကမ္ဘာပျက်ပုံ၊ ကမ္ဘာတည်ပုံမှသည် နောက်ဆုံး ဆယ်နှစ်တမ်းမြင်ကွင်းအထိ အရှင်ဝိဇယာလင်္ကာရမှ ဘာသာဋီကာ ကျမ်းပြုအကျော် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော သဂြိုလ်ဘာသာဋီကာ၊ သုတ်ပါထေယျပါဋ္ဌိ အဋ္ဌကထာနှင့် သုတ်မဟာဝါပါဋ္ဌိ အဋ္ဌကထာတို့အား မှီငြမ်း၍ စိတ်ဝင်စားဖွယ် စုံစုံလင်လင် ရေးသားဖော်ပြထားသည့် အထက်ပုံပါစာအုပ်ကို ကျွန်မနှစ်ခြိုက်မိသည်။

စာဖတ်သူများအတွက် စာရေးသူအရှင်၏ မွန်မြတ်သောစိတ်စေတနာဖြင့် ပေးချင်သော ကြောင်းကျိုးသတင်းကို ဖတ်ရှုပြီးသောအခါ ကမ္ဘာအမှန်တကယ်ပျက်ခဲ့မည်ဆိုလျှင်တောင် ကျွန်မတို့ ကြောက်လန့်နေဖို့မလိုကြောင်း၊ ကြိုသိခွင့်ရလျှင် ကြိုတင်ပြင်ဆင်ခွင့်ရသည့်အတွက်ကြောင့် ကံကောင်းလှသည်ဟု သဘောပေါက် သိမြင်လာရသည်။ ဟုတ်ပါသည်၊ သိပ်မကြာသော တစ်လအတွင်း ကမ္ဘာပျက်မည်ဟုဆိုဦးတော့ မမေ့မလျော့သော သတိသံဝေဂဖြင့် ကျွန်မတို့ ကုသိုလ်တရားတွေ ပွားများအားထုတ်ကြပြီး အဆိုးဆုံးကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲရယူဖို့ အခွင့်အရေး အပြည့်အ၀ ရှိနေသည့်အတွက် စိုးရိမ်ပူပန်စရာမလိုပါ။

ကျွန်မတို့ အမှန်တကယ်ကြောက်သင့်သည့်အချိန်မှာ ဆုတ်ခေတ်၌ လူဖြစ်ရခြင်းဖြစ်သည်။ သတ္တ၀ါလူသားတိုင်း လောဘ၊ ဒေါသ လောင်မြိုက်နေသော ထိုအချိန်အတွင်းမှာ လူဖြစ်ခဲ့လျှင် သုဂတိဘုံသို့ ပြန်လည်ရောက်ရှိဖို့ရာ ခဲယဉ်းသွားပေလိမ့်မည်။ မဂ်၊ ဖိုလ် နိဗ္ဗာန်နှင့်လည်း လွန်စွာမှ ဝေးကွာသွားပေလိမ့်မည်။ ထို့ကြောင့်ပင် ကျွန်မတို့ ဧည့်သည်အဖြစ်နှင့် တခဏတာလာရောက်ခွင့်ရသော ယခုလူ့ဘ၀မှာ ရသမျှအချိန်လေးကို ဒါန၊ သီလ၊ ဘာဝနာတရားတို့ဖြင့် အတတ်နိုင်ဆုံး ကြိုးစားစောင့်ထိန်းပြီး နေထိုင်သွားသင့်ကြောင်း ဆရာတော်ဝိဇယာလင်္ကာရမှ မေတ္တာဖြင့် သတိပေးထားသည်ကို ထပ်ဆင့် မျှဝေလိုက်ရပါသည်။ 


ဇွန်မိုးစက်

Comments ( 3 )

ကျနော့်မယ် အမေ့မေ့ အလျော့လျော့ နိုင်ပုံများတော့ဗျာ... ကမ္ဘာပျက်မယ့် အကြောင်းလည်းမေ့၊ (ပျက်ခဲ့ရင်...) ဒီနေ့ဟာ တစ်လအလို ဆိုတာလည်းမေ့...၊း)

ဇွန်ပြောတဲ့ စာအုပ်ကို မဖတ်ဖူးသေးဘူး၊ စိတ်ဝင်စားဖို့ ကောင်းမှာ သေချာတယ်၊ ဒီပို့စ်လေးက ကိုယ့်ရဲ့ အာဂန္တု အဖြစ်ကို ပြန်ပြီး သတိကပ်မိစေတာမို့ အကျိုးရှိလှပါတယ် ဇွန်ရေ...။

စာအုပ်အကြောင်းစိတ်ဝင်စားတယ်ဇွန်။
ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးတဲ့ ကမ္ဘာ ပျက်ပုံအကြောင်းတော့ ဖတ်ဖူးတယ်။

မိုးနတ်ဖြင့်မေ့နေတာ...ဇွန်ပြောမှသတိရတယ်ကွယ်.