သူတို့နဲ့ ထပ်ဆုံတယ် (ဘလော့ဂ်ဒေး အမှတ်တရပို့စ်)

Category:


ကျောင်းစာတွေနဲ့ လုံးချာလိုက်နေတဲ့ ဇွန်တစ်ယောက် ဘလော့ဂ်ဒေး ဆိုတာတောင် မေ့နေပါတယ်။ မနေ့ညက ညီမသူသူ (ရွှေအိမ်စည်) က မျက်နှာစာအုပ်မှာ လာပြီးတဂ်တော့မှ သတိရသွားပါတယ်။ အဲဒီ့တော့မှ လွန်ခဲ့တဲ့ လများဆီက ဒီနှစ်ဘလော့ဂ်ဒေးရောက်ရင် ရေးဖို့ရည်စူးခဲ့တာ အမှတ်ရမိပါတယ်။ ၂၀၁၁ ဘလော့ဂ်ဒေးမှာ ဇွန်က ဆုံခဲ့ဖူးတဲ့ ဘလော့ဂ်ရွာသူရွာသားများ ဆိုပြီး အပြင်မှာ ဆုံတွေ့ခဲ့ဖူးတဲ့ ဘလော့ဂါတွေအကြောင်း အမှတ်တရ ရေးခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၃ နှစ်နှစ်တိတိ ကာလအတွင်းမှာ မမျှော်လင့်ဘဲဖြစ်ဖြစ်၊ မျှော်လင့်ထားသလိုပဲဖြစ်ဖြစ် ထပ်မံတွေ့ဆုံခွင့်ရတဲ့ ရေမြေခြားက ဘလော့ဂါများရှိလာခဲ့ရင် ၂၀၁၃ ဘလော့ဂ်ဒေးပို့စ်မှာ ရေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။ တကယ်လည်း အဲဒီ့နှစ်အတွင်းမှာ ထပ်မံဆုံတွေ့ခွင့်ရတဲ့ ဘလော့ရွာသူရွာသားတွေ ရှိလာပါတယ်။ တစ်ရက်နောက်ကျနေပေမယ့် နောက်တစ်နှစ်အထိ မစောင့်ချင်တာကြောင့် တစ်ခါတည်း ချရေးလိုက်ပါတယ်။

၂၀၁၁ အောက်တိုဘာမှာ ဇွန် သြစတြေးလျကို အလည်သွားခိုက် ကင်ဘာရာက ပါလီမန်အိမ်ရာရှေ့မှာ မမျှော်လင့်ဘဲ WeSheMe ဘလော့ဂ်ပိုင်ရှင် ကိုအန်ဒီတို့မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ချိန်းထားရင်တောင် လွဲနေဦးမယ်လို့ ပြောရမလိုပါပဲ၊ စင်္ကာပူက အလည်လာတဲ့သူနဲ့ ဆစ်ဒနီမှာ နေထိုင်တဲ့ မိသားစုဝင်တို့ သြစတြေးလျတိုက်ရဲ့မြို့တော်မှာ ဆုံမိတဲ့အဖြစ်ပါ။ အဲဒီ့တုန်းက အမှတ်တရရိုက်လာတဲ့ ဓာတ်ပုံလေးကို ကိုအန်ဒီ့ကို ခွင့်တောင်းပြီး ဇွန့်ပို့စ်မှာ တင်ခဲ့ပါတယ်။

၂၀၁၂ စက်တင်ဘာလမှာတော့ ဂျာမနီနဲ့ရန်ကုန် အသွားအပြန်ခရီးမှာ စင်္ကာပူကို ထရန်စစ်ဝင်လာခဲ့တဲ့ အစ်မရှင်လေးနဲ့ တွေ့ဆုံခွင့်ရပါတယ်။ အရင်ကတစ်ခါမှ လူချင်းမဆုံဖူးပေမယ့် တကယ်တမ်း အပြင်မှာတွေ့မိတဲ့အခါ စကားတွေရေပက်မ၀င်အောင် ပြောဖြစ်ခဲ့ကြပါတယ်။ နာရီပိုင်းအချိန်တိုလေးသာဖြစ်ခဲ့ပေမယ့် တကယ့်ကို အမှတ်ရစရာပါ။

အောက်တိုဘာလမှာတော့ စင်္ကာပူမှာပဲ တီတင့် (အန်တီတင့်) ရဲ့ ဖိတ်ကြားမှုနဲ့ ဇွန်နဲ့ညိုလေး နှစ်ယောက် ၀မ်းသာအားရ မုန့်ဟင်းခါးစားသွားရင်း ဖော်ရွေနုပျိုသွက်လက်ချက်ချာတဲ့ အန်တီတင့်နဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ဖြစ်ကြပါတယ်။

၂၀၁၃ ဖေဖော်ဝါရီမှာ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ရေခဲတောင်တန်းတွေ ၀ိုင်းကာရံထားခြင်းခံရတဲ့ ဆွစ်ဇာလန်ကုန်းမြေကနေ ရေပတ်လည်ဝိုင်းနေတဲ့ ခြင်္သေ့ကျွန်းကလေးကို ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာပြီး ငါးရက်တိတိ အချိန်ပေး လည်ပတ်သွားတဲ့ အစ်ကိုညီလင်းသစ်နဲ့ ခင်ခင်မင်မင် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာ ဇွန် မြန်မာပြည်ခဏအလည်ပြန်ခိုက် ညီမသူသူနဲ့ အမှတ်တရ ဆုံတွေ့ဖြစ်ပါသေးတယ်။

တွေ့ဆုံချိန်တွေ တိုတောင်းခဲ့ပေမယ့် ခင်မင်မှုအမှတ်တရတွေက နှလုံးအိမ်မှာ ကာလရှည်ကြာစွာ တည်တံ့နေလိမ့်မယ်ဆိုတာတော့ အသေအချာပါပဲ။

အချိန်မရတရကြားက ဘလော့ဂ်ဒေးအမှတ်တရဖြစ်အောင် စာတိုလေးတစ်ပုဒ် ရေးခွင့်ရတဲ့အတွက် သတိတရနဲ့တဂ်တဲ့ ညီမသူသူကို ကျေးဇူးတင်ပါတယ်။

အစ်မသက်ဝေရဲ့ တဂ်ပို့စ်ကို ရေးမယ်လို့ စိတ်ထဲမှာတေးထားပါတယ်။ စာမေးပွဲပြီးလို့ အချိန်ရတဲ့အခါ ကြိုးစားပြီး ရေးကြည့်ပါဦးမယ်။

အားလုံးပဲ တစ်ရက်နောက်ကျခဲ့တဲ့ ဟက်ပီးဘီလိတ်တက် ဘလော့ဂ်ဒေးပါ။း)


ဇွန်မိုးစက်

Comments ( 9 )

အမြဲတမ်း မှတ်မှတ်သားသား ပြီးတော့ မှတ်မှတ်ရရရှိလှတဲ့ ညီမလေး ဇွန်....း-)
အားတဲ့ အချိန်မှ အေးအေးဆေးဆေးရေးနော် ညီမ... ရေးချင်စိတ်ကလေး ရှိနေတာကိုက Blogger တယောက်ပီသနေပါပြီ...း-)

သိပ်ချစ်ဖို့ကောင်းတဲ့ မမဇွန်
မနက်ပိုင်းခဏတက်တုန်း မမဇွန်ရဲ့ ပို့စ်လေးကို အပြေးအလွှားလာဖတ်သွားတယ်...
ဆုံခဲ့ကြချိန်တွေကို သတိရတယ်
နေရာသစ်မှာ အစစ အရာရာအဆင်ပြေပါစေ မမ
ပျော်ရွှင်ချမ်းမြေ့ပါစေ

ချစ်သော
သူသူ

သတိရတယ်ဇွန်။။
ဇွန်အောင်မြင်မှုတွေရရှိပါစေ။ တနေ့ တော့ ပြန်တွေ့ ကြ မယ်နော်။

Happy Belated Blog Day Dear !

မအားလပ်တဲ့ကြားက ရသလောက် အချိန်လုပြီး ဘလော့ဂ်ဒေး အမှတ်တရ တဂ်ပို့စ်တွေမှာ ပါဝင်ရေးသားခဲ့လို့ ကျေးဇူး တင်ပါတယ် ညီမလေးရေ...၊ အင်း.. ဆုံတွေ့ခဲ့ချိန်တွေရဲ့ ကာလအတိုအရှည် duration ထက်စာရင် ဆုံတွေ့ချိန်မှာ ဖြစ်ထွန်းခဲ့တဲ့ intensity က ပိုပြီး အရေးပါတာမို့ တိုတောင်းပေမယ့် အမှတ်တရ ဆုံဖြစ်ခဲ့ချိန် တွေပါပဲ...၊

ပျော်ရွှင်စရာ ဘလော့ဂ်ဒေး ဖြစ်ပါစေနော်...။

ပျော်ရွှင်ချမ်းမြေ့သော ဘလော့ဒေးဖြစ်ပါစေဗျား...ဒီနှစ်ဘလော့ဒေး မင်္ဂလာရှိပုံများကတော့ ဘလော့ဂါတွေအားလုံး တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ အားရစရာ ကောင်းလိုက်ပါဘိတော့...

အစ်မသက်ဝေ... ဒါတောင် ဇွန်က မှတ်မိနေတဲ့ အတိအကျ ရက်စွဲတွေ မထည့်လိုက်ဘူး။ :D ဟုတ်... ညီမရေးပြီးတာနဲ့ အစ်မကို အရင်ဆုံး အကြောင်းကြားလိုက်မယ်နော်။း)

ညီမသူသူ... အပြေးအလွှားလာဖတ်ပြီး မန့်သွားတဲ့အတွက်ရော၊ ဆုတောင်းပေးတဲ့အတွက်ရော ကျေးဇူးတင်တယ်နော်။ ;)

ကျေးဇူးပါ အစ်မရှင်လေး...။ ယုံကြည်တယ်၊ တစ်နေ့တော့ ပြန်တွေ့ကြမယ်နော်။း)

Same to you, my dearest Nyo Lay! :)

ထပ်တူညီတဲ့ ပျော်ရွှင်စရာ ဘလော့ဂ်ဒေးပါ အစ်ကိုညီလင်းသစ်။း) duration နဲ့ intensity တဲ့၊ အီကွေးရှင်းထုတ်တော့မယ် အတိုင်းပဲ။ :P

ကိုဟန်ကြည် ပေးတဲ့ဆုအတိုင်းပါပဲ။ ဘလော့ဂါတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြတဲ့ မင်္ဂလာနေ့လေးပေါ့။း)



Blogging ထဲမှာ ... Blogger တစ်ယောက် အဖြစ် ရပ်တည်ရတာ ... တကယ့် ကို ... မလွယ်တာပါ ... ၀ါသနာပါတာ သက်သက် နဲ့ လုပ်ရတာပါပဲ ... တကယ် လုပ်ဖြစ်ခဲ့ကြတဲ့ ... Blogger အပေါင်းကို တကယ် ပဲ ဦးညွတ်မိပါတယ် ခင်ဗျာ ...

စာတွေကြားက မမေ့လျော့တဲ့ ဇွန် ပဲရယ်...

ချစ်တဲ့
မလေး..