အချစ်အိမ်

Category:



အချစ်နှင့်သူမတို့ နှစ်ဦးသဘောတူ ရွေးချယ်တည်ဆောက်ခဲ့သော အိမ်ကလေးသည် ချစ်ခြင်းတို့ဖြင့် ထုံမွှမ်းလျက်ရှိသည်။ ကောင်းကင်ပြာကိုချစ်သော သူမနှင့် ပင်လယ်ပြာကို ရင်ခုန်သောအချစ်၏ အိမ်ကလေးကို အဖြူရောင်ဆေးသုတ်ထားသည်။ အိမ်ရှေ့မျက်နှာစာ ခြံဝန်းမှာ သူမ တယုတယ စိုက်ပျိုးထားသော နှင်းဆီပင်များကို အချစ်က ဂရုတစိုက် ရေလောင်းပေါင်းသင်းပေးလေ့ရှိသည်။ နှင်းဆီနီများ ဝေနေအောင် ပွင့်ကြသည့်အခါ သူမက တစ်ပွင့်ချင်း ကတ်ကြေးဖြင့် ကိုက်ဖြတ်ပြီး ဧည့်ခန်းထဲက ပန်းအိုးမှာ၊ အိပ်ခန်းထဲက စာကြည့်စားပွဲမှာ၊ မီးဖိုချောင်အနီးက ထမင်းစားစားပွဲပေါ်မှာ လှလှပပ ထိုးထားတတ်သည်။ ဧည့်ခန်းထောင့်မှာ သူမ စိတ်ဖိစီးမှုရသည့်အခါတိုင်း တီးခတ်လေ့ရှိသော တစ်ပတ်နွမ်း ယမဟာအမျိုးအစား ပီယာနိုတစ်လုံးရှိပြီး၊ အချစ်စိတ်အထုံပါစဉ် ရေးဆွဲထားသော လက်ရာမြောက် ပန်းချီကားချပ်တစ်ချို့မှာ  နံရံပေါ်တွင် ချိတ်ဆွဲနေရာယူထားသည်။

ကမ်းခြေသို့ လမ်းလျှောက်လျှင် မိနစ်အနည်းငယ်သာ ကွာဝေးသော ထိုအိမ်လေးရှိ အိပ်ခန်းမှနေ၍ တိတ်ဆိတ်သော ညချမ်းချိန်ခါတွင် ပင်လယ်ရေလှိုင်းပုတ်သံကို နားစွင့်ပြီး အိပ်ယာဝင်ရသည်ကို သူမတို့နှစ်ဦးလုံး ကြည်နူးနှစ်သက်ကြသည်။ စာကြည့်ခန်းသီးသန့်ဖွဲ့ရန် လုံလောက်သောနေရာကျယ်မရသည့်အတွက် နံရံကပ်အ၀တ်ဗီရိုနှင့်တွဲလျက် နံရံကပ်စာအုပ်စင်ကို သူမတို့အိပ်ခန်းအတွင်းမှာပင် ပြုလုပ်ထားရှိခဲ့သည်။ လူနှစ်ယောက်စာ ၀င်သာသော နောက်ဖေးမီးဖိုချောင်ကလေးကိုတော့ သူမစိတ်တိုင်းကျ ပြုပြင်မွမ်းမံထားသည်။ သူမ၏ မိန်းကလေးဖော်သူငယ်ချင်းများ လာရောက်လည်ပတ်သည့်အခါတိုင်း ချစ်စရာကောင်းသော ထိုမီးဖိုချောင်လေးကို ချီးကျူးထောမနာပြုလေ့ရှိကြသည်။ နေ့တာရှည်သော နွေရာသီရက်များရောက်လျှင် ကမ်းခြေသို့ အပန်းဖြေထွက်လာသော သူမနှင့်အချစ်၏ မိတ်ဆွေသူငယ်ချင်းများ ခရီးသွားဟန်လွှဲရောက်ရှိလာတတ်ပြီး အိမ်နောက်ဘက်က မြေကွက်လပ်မှာ  ပင်လယ်စာနှင့်အသားများကင်ပြီး တပျော်တပါး ညနေစာစားလေ့ရှိကြသည်။

xxx

တစ်ခုသောနွေဦးရာသီတွင် ထိုအိမ်ကလေးသို့ သူမ ပြန်လည်ရောက်ရှိလာခဲ့သည်။ လူမနေခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော အဖြူရောင်အိမ်လေးက မှုန်မှိုင်းစွာဖြင့် သူမကို ဆီးကြိုနေခဲ့သည်။ ပြုစုပေါင်းသင်သူမဲ့နေသော နှင်းဆီနီတို့ မပွင့်အာနိုင်သည်မှာလည်း ကြာခဲ့ပြီ။ ပြတင်းတံခါးအဖွင့်မှာ တိုက်ခတ်လာသောလေကြောင့် ခန်းဆီလိုက်ကာများ တလွင့်လွင့်လူးကာ လှုပ်ခတ်သွားသည်။ အနက်ရောင် ပီယာနိုအပေါ် လွှမ်းခြုံထားသော ပိတ်ဖြူစကို ဖယ်လိုက်စဉ် သူမနှာခေါင်းဆီသို့ အလုအယက် တိုးဝင်လာသော ဖုန်မှုန့်များကြောင့် သူမ နှာတစ်ချက်ချေမိသွားသည်။ သိပ်မကြာခင်မှာပင် လွမ်းခြင်းထုံသော ဂီတသံတစ်ခု အိမ်လေးထဲမှ ထွက်ပေါ်လာသည်။ တစ်နေ့ပေါ်လာနိုးနှင့် စောင့်မျှော်ခဲ့ရသော အချစ်သည် သူမဆီ ပြန်မလာနိုင်တော့ဟု စိတ်မှာ သေချာထင်မှတ်သွားသည့်အချိန်မှစပြီး ထိုအိမ်ကလေးမှ သူမ ပြောင်းရွှေ့ခဲ့သည်။ အချစ်ပြန်ရောက်လာသည်ဟု အိပ်မက်မက်သည့်အခါများတွင်တော့ သူမလက်ရှိနေထိုင်ရာတိုက်ခန်းမှ လေးဆယ့်ငါးမိနစ်ခန့်မောင်းရသော ထိုအိမ်ကလေးသို့ တကူးတက လာရောက်ကြည့်ရှုရင်း အလွမ်းဖြေခဲ့သည်။
xxx

အချစ်နှင့်သူမ အတူတကွ ပိုင်ဆိုင်မွမ်းမံခဲ့သော ထိုအချစ်အိမ်လေးကို သူမအသက်ရှင်နေသမျှ ကာလပတ်လုံး စောင့်ရှောက်ထိန်းသိမ်းမည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် အသိမိတ်ဆွေများက ထိုအိမ်ကလေးကို ငှားရမ်း၊ ရောင်းချဖို့ ပြောဆိုအကြံပြုကြသည့်တိုင် သူမလက်မခံခဲ့ပါ။ သို့သော်… ပြောင်းလဲကျပ်တည်းလာသော စီးပွားရေးအခြေအနေက ထိုအိမ်လေးကို အပြီးတိုင်စွန့်လွှတ်ဖို့ရာ တွန်းအားပေးလာသည့်အခါ သူမ စိတ်မကောင်းစွာနှင့်ပင် အိမ်ရောင်းဝယ်ကိုယ်စားလှယ်များကို ဆက်သွယ်လိုက်ရတော့သည်။ နောက်ထပ်ရက်သတ္တပတ်ကြာလျှင် သူမဆန္ဒအရ အိမ်ကလေးကို လေလံတင်ပြီး ရောင်းချတော့မည်။ ထို့ကြော့င်ပင် နောက်ဆုံးအနေဖြင့် အိမ်လေးကို နှုတ်ဆက်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ နံရံထက်က ပန်းချီကားကို မော့ကြည့်ရင်း သူမမျက်လုံးတွေေ၀၀ါးလာခဲ့သည်။ အိမ်ထဲမှ ပြန်ထွက်ခဲ့ပြီး ကမ်းခြေသွားရာ လမ်းအတိုင်း လျှောက်လာခဲ့သည်။ ကမ်းစပ်မှာ နေပူစာလှုံလာကြသော၊ ရေစိမ်ရေကူး ဆော့ကစားရန် လာကြသော လူငယ်လူရွယ်၊ ကလေးသူငယ်၊ မိသားစုဝင်တို့ဖြင့် စည်ကားလျက်ရှိသည်။ လူအနည်းငယ်ပါးသော မြောက်ဘက်စွန်းက ကမ်းခြေငယ်တစ်ခုတိုင်အောင် သူမ လျှောက်သွားပြီး ကမ်းစပ်အနီးက ကျောက်တုံးပေါ်မှာထိုင်ရင်း အဆုံးအစမဲ့ ပင်လယ်ပြင်နှင့် ကောင်းကင်ပြာကို ငေးမော့ကြည့်နေမိသည်။

ရေလွှာလျှောစီးသင်နေသော ကလေးငယ်များကိုတွေ့တော့ အချစ်နှင့်သူမတို့နှစ်ဦး ဆုံဆည်းခဲ့ကြပုံကို ပြန်ပြောင်းသတိရသွားသည်။ အချစ်သည် အပျော်တမ်းရေလွှာလျှောစီးချန်ပီယံတစ်ဦးဖြစ်ခဲ့ပြီး ထိုအချိန်က ကလေးငယ်များ၏ ရေလွှာလျှောစီးနည်းပြဆရာတစ်ဦးလည်း ဖြစ်သည်။ သူမ၏တူမငယ်လေးအတွက် ရေလွှာလျှောစီးသင်တန်းအပ်ချိန်မှာ အချစ်နှင့်တွေ့ခဲ့သည်။ ရေမနစ်ရုံသာ ကူးတတ်သော၊ ရေကြောက်တတ်သော သူမကို အချစ်က ရေထဲဆွဲခေါ်ပြီး စနောက်လေ့ရှိသည်။ သူမလို သေးသွယ်ပိန်ညိုသော အရှေ့တိုင်းသူကလေးကို အရပ်ခြောက်ပေ၊ နေလောင်ထားသော အသားနီနီနှင့် ကုပ်ထိအောင် ရှည်လျားကောက်ကွေ့သော ရွှေဝါရောင် ဆံပင်ပိုင်ရှင်အချစ်က စွေ့ကနဲ ပွေ့ချီကောက်ယူပြီး ရေထဲပစ်ချသောအခါ သူမကြောက်လန့်စိတ်ဆိုးချင်သော်လည်း ပျော်ရွှင်ခဲ့မိသည်။ 

စနေ၊ တနင်္ဂနွေညနေခင်းများတွင် ကမ်းစပ်ရှိသဲပြင်မှာထိုင်ပြီး ကလေးငယ်များအား ရေလွှာလျှောစီးသင်ပေးနေသော အချစ်ကိုတစ်လှည့်၊ တိမ်ကင်းစင်သော ကောင်းကင်ပြာကိုတစ်လှည့် တငေးတမော ထိုင်ကြည့်ရသောအချိန်များကို သူမ အတိုင်းမသိ မက်မောခဲ့ရသည်။ ပင်လယ်ပြာကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလို ချစ်ခင်တွယ်တာသော အချစ်က “ကိုယ်က ပင်လယ်ပြာနဲ့ဝေးဝေးမှာ မနေနိုင်သလိုမျိုးပဲ မင်းနဲ့ဝေးဝေးမှာလည်း မနေနိုင်ဘူး” ဟု ဆိုလာချိန်မှာ သူမကိုယ်တိုင်လည်း အချစ်နှင့်မခွဲချင်တော့ပါ။ သည်လိုနှင့် သူမတို့နှစ်ဦးသဘောတူ ရှာဖွေတွေ့ရှိထားသော၊ ပင်လယ်နှင့်နီးသော ထိုအိမ်လေးမှာပဲ အသက်ထက်ဆုံး အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

xxx

သူမ အလုပ်များနေသော ညနေခင်းတစ်ခုမှာ အချစ်က အမေရိကမှ ရေလွှာလျှောစီးဖော်သူငယ်ချင်းနှင့် ကမ်းခြေသို့ ထွက်သွားခဲ့သည်။ သူမ ပြင်ဆင်ချက်ပြုတ်ထားသော ညနေစာကို စားရန် အချစ် ပြန်ရောက်မလာခဲ့ပါ။ ကမ်းခြေမှာ စုရုံးနေသော အသက်ကယ်လှေတစ်ချို့နှင့်လူများသည် ရေလွှာလျှောစီးရင်း ဧရာမလှိုင်းကြီးတစ်ခုအောက်မှာ ပျောက်ဆုံးသွားသော အချစ်ကို ရှာဖွေနေသူများဖြစ်ကြောင်း သူမ နောက်ကျမှ ရိပ်မိသိရှိခဲ့ရသည်။ အချစ်နှင့် သူ့သူငယ်ချင်းတို့ ရေလွှာလျှောစီးပြိုင်ကြရင်း လှိုင်းလုံးကြီးတစ်ခုအောက်ပြန်အကျမှာ အချစ်ပျောက်သွားကြောင်း၊ သူငယ်ချင်းဖြစ်သူက လိုက်ရှာသော်လည်း မတွေ့တော့သောကြောင့် ကမ်းစပ်မှ အသက်ကယ်ဌာနကို အကြောင်းကြားပြီး ထပ်မံရှာဖွေနေကြောင်း စိုးရိမ်ပူပန်စွာဖြင့် ငိုကြွေးနေသော သူမအား ရဲအရာရှိတစ်ဦးက ရှင်းလင်းပြောပြခဲ့သည်။ အချစ်စီးနေကျ လိမ္မော်ရောင်လျှောပြားကို နောက်တစ်နေ့မနက်ရောက်မှ ရေမိုင်အတော်ဝေးဝေးမှာ ရှာတွေ့ကြသည်။ လှိုင်းခတ်ရာ ကမ်းခြေတစ်လျှောက်နှင့် ရေစီးအတိုင်း မျောပါသွားနိုင်သော ပင်လယ်ရေပြင်ထဲ ရက်အတန်ကြာသည်အထိ ရှာဖွေခဲ့ကြသော်လည်း အချစ်ကို ပြန်မတွေ့တော့ပါ။ သူမ၏ ရေးရေးရှိသော မျှော်လင့်ချက်သည်လည်း တဖြေးဖြေး ပါးလွင့်သွားခဲ့တော့သည်။ ရက်မှလ၊ လမှနှစ်တိုင် ကူးပြောင်းသွားခဲ့သော်လည်း သူမရင်ထဲက အလွမ်းမီးများကို မငြှိမ်းသတ်နိုင်ခဲ့ပါ။ 

“သတိရတိုင်း လွမ်းတယ်” လှိုင်းကျသွားသော သဲပြင်ပေါ်မှာ ခရုံခွံလေးဖြင့် ရေးခြစ်မိသည်။ သူမပါးပြင်နှစ်ဖက်ပေါ်က လိမ့်ဆင်းသွားသော မျက်ရည်နှစ်စက် သူမခြေရင်းသို့ ပြေးတက်ရိုက်ခတ်လာသော လှိုင်းငယ်နှင့်အတူ ရောပါသွားသည်။ သူမ ကားရှိရာသို့ ပြန်လျှောက်လာခဲ့သည်။

xxx

နောက်တစ်ပတ် သူမ၏အိမ်လေးကို လေလံတင်ကြတော့ သူမ အိမ်နားက ကမ်းခြေမှာပဲ သွားထိုင်နေလိုက်သည်။ လေလံပွဲပြီးလျှင် သူမကို ဖုန်းဆက်အကြောင်းကြားရန် အိမ်ကိုယ်စားလှယ် မက်ဆီကို မှာထားခဲ့သည်။ သူမက အိမ်လေးကို မပြင်မဆင်ဘဲ အရှိအတိုင်းရောင်းချခြင်းဖြစ်၍ သင့်တင့်သောဈေးနှုန်းကိုသာ သတ်မှတ်ပေးထား၊ မျှော်လင့်ထားသည်။ တကယ်တမ်း လေလံဆွဲပြီးသည့်အခါ ရလာသည့် ဈေးမှာ သူမထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ပိုနေခဲ့သည်။ “ဘုရားရေ… ကျွန်မ အိမ်ဟောင်းလေးက အဲသလောက်တောင် တန်နေပြီတဲ့လား” သူမက အံ့သြတကြီး မက်ဆီကို ပြန်ပြောမိသည်။ အိမ်ပိုင်ရှင်အသစ်နှင့် ထိုအိမ်လေးထဲမှာပဲ စာချုပ်ချုပ်ပြီး လွှဲပြောင်းရသည့်နေ့က သူမ ရင်ထဲ အတိုင်းအဆမရှိ နာကျင်နေခဲ့သည်။ အချစ်ကို ဆုံးရှုံးရသည့်အခါ၊ အချစ်အိမ်ကို ထပ်မံစွန့်လွှတ်ရသည့်အခါ… သူမ ဟန်မဆောင်နိုင်အောင်ပင် ၀မ်းပန်းတနည်း ငိုရှိုက်မိသည်။

ကြမ်းတမ်းသော်လည်း ညင်သာသောအတွေ့ဖြင့် လက်ဖ၀ါးတစ်စုံက သူမ ပုခုံးနှစ်ဘက်ကို ဖွဖွလာဖျစ် နှစ်သိမ့်သည်။ မယုံကြည်နိုင်သော်လည်း သူမ တွေဝေသွားခဲ့သည်။ ဟင့်အင်း… မဖြစ်နိုင်ပါဘူးဟု စိတ်ကငြင်းဆန်လျက် ခေါင်းမော့ကြည့်မိသည်။ သုံးနှစ်ကြာ ပျောက်ဆုံးသွားခဲ့သော အချစ်သည် သူမရှေ့မှာ ခြေစုံရပ်အုပ်မိုးကာ ပြုံးကြည့်နေသည်။ အံ့သြမင်သက်စွာဖြင့် တစ်ခွန်းမှ စကားမဆိုနိုင်သော်လည်း အချစ်သူမရှေ့က ထပ်မံပျောက်ဆုံးသွားမှာ စိုးကြောက်သည့်အလား တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။ အချစ် အသက်ရှင်ရက်နဲ့ပြန်လာမယ်မှန်းသိခဲ့ရင် ဟောဒီအိမ်ကလေးကို သူမ ဘယ်ရောင်းချမိလိမ့်မလဲကွယ်။ ခုတော့…။

သူမ ပါးပြင်ပေါ်က မျက်ရည်စများကို လက်မဖြင့် ဖယ်ရှားပေးရင်း အချစ်က ဆိုသည်။ “မငိုပါနဲ့… ကလေးရယ်၊ ခုချိန်ကစပြီး ဒီအိမ်လေးမှာ ကိုယ်နဲ့အတူ အရင်ကလိုပဲ ပြန်နေခွင့်ရဦးမှာပါ”

xxx

အားပြင်းသော လှိုင်းတံပိုးရိုတ်ခတ်မှုအောက်မှာ မျောပါပျောက်ဆုံးသွားခဲ့သော အချစ်ကို လူသူအရောက်အပေါက်နည်းသော တောင်ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းလေးတစ်ကျွန်းမှ ကျွန်းသားငါးဖမ်းသမားများက ကယ်ဆယ်တွေ့ရှိခဲ့ပုံ၊ လပေါင်းအတန်ကြာအောင် ဖျားနာခဲ့ပြီး အတိတ်ကို သတိမေ့သွားခဲ့သော်လည်း အချစ်အိမ်လေးကို မကြာခဏ အိပ်မက်မက်ခဲ့ပုံ၊ နှစ်နှစ်ခွဲအကြာမှာ အချစ်ကို ရေလွှာလျှောစီးချန်ပီယံအဖြစ် သိကျွမ်းဖူးသော ကျွန်းမကြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ချို့ ထိုကျွန်းလေးသို့ ရောက်ရှိလာရာမှ သူတို့အကူအညီဖြင့် ပြန်လာနိုင်ခဲ့ပုံ၊ ကျွန်းမကြီးမှ ဆရာဝန်များ၏ ပြုစုကုသမှုဖြင့် ခြောက်လအတွင်း အတိတ်က အဖြစ်အပျက် အကြောင်းရာများကို  တစ်စစီပြန်လည်ဆက်စပ်နိုင်ခဲ့ပြီး သတိရလာပုံတို့ကို အချစ်က သူမနှင့်မက်ဆီကို ပြန်ပြောင်း ပြောပြနေခဲ့သည်။ 

“တကယ်တော့ ဒီအိမ်ကို လေလံဆွဲတဲ့သူက တခြားသူမဟုတ်ပါဘူး၊ ကိုယ့်အတိတ်ကို ပြန်သတိရလာအောင် စွမ်းဆောင်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးပါပဲ။ ကိုယ် အတိတ်ကို သတိရအောက်မေ့တာနဲ့ တပြိုင်နက် မင်းနဲ့အချစ်အိမ်ရှိရာကို အပြေးလာခဲ့တာ။ ဒါပေမယ့် အိမ်ရောင်းဖို့ ဆိုင်ထားလိုက်ပြီဆိုတာ သိလိုက်ရတော့ ကိုယ် တော်တော်စိတ်ထိခိုက်သွားခဲ့တယ်။ ဒီအိမ်လေးနဲ့ မင်းအပေါ်ထားရှိခဲ့တဲ့ ကိုယ့်စွဲလန်းမှုချစ်ခြင်းမေတ္တာကို သိနေခဲ့တဲ့ ဆရာက တခြားသူလက်ထဲမရောက်သွားရအောင် အမြင့်ဆုံးဈေးနဲ့ လေလံပေးဝယ်ခဲ့တာ။ အိမ်ရှင်အနေနဲ့ မဟုတ်တော့ပေမယ့် အိမ်ငှားအနေနဲ့ ကိုယ်တို့ ဟောဒီအချစ်အိမ်လေးမှာပဲ တစ်သက်လုံး ဆက်နေသွားလို့ရအောင် သူကူညီနိုင်ပါတယ်။” အချစ်စကားအဆုံးမှာ ဆရာဝန်ကြီးက စာချူပ်နှင့်အိမ်သော့ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။ မျက်ရည်စများနှင့်သူမ ဆရာဝန်ကြီးကို ကျေးဇူးတင်စကား အထပ်ထပ် ဆိုမိသည်။

xxx

ကြည်စင်ပြာလဲ့နေသော ကောင်းကင်အောက်က ဖြူလွလွ သဲပြင်ပေါ်မှာ အချစ်နှင့်သူမ၏ ခြေရာတို့ အတူယှဉ်တွဲ ထင်ချန်ခွင့်ရခဲ့ပြီ။ ပင်လယ်ကမ်းစပ်က တစ်ဖန်ပြန်ကြည့်လျှင် ပျပျမြင်ရသော အဖြူရောင်အိမ်လေးမှာ သူမတို့နှစ်ဦး ဟိုအရင်ကလိုပဲ ပြန်လည်နေထိုင်ခွင့်ရခဲ့ပြီ။ နှင်းဆီနီများကိုလည်း အသစ်တစ်ဖန် ပြန်လည်စိုက်ပျိုးခွင့်ရခဲ့ပြီ။ အချစ်၏လက်ကို မြဲမြဲဆုပ်ကိုင်ရင်း အချစ်အိမ်၏ နူးညံ့ နွေးထွေးလှသော ကော်ဇောပေါ်မှာ ဖွဖွညင်သာ လျှောက်လှမ်းခွင့်ရခြင်းထက်ပို၍ ပြီးပြည့်စုံသောအရာ သူမကမ္ဘာမှာ မရှိနိုင်တော့ပါ။

xxxxx

ဇွန်မိုးစက်

Comments ( 4 )

ဟင်းးးးးး တော်ပါသေးတယ်။ အချစ်ပြန်ရောက်လာလို့ :)

ဇာတ်လမ်းလေးက ဆွတ်ပျံ့ လွမ်းမောစရာ. အိမ်ကလေးကို လေလံဆွဲလိုက်သူက အချစ်ဖြစ်နေပါစေလို့  တိတ်တိတ်ကလေးဆုတောင်းနေတာ ဆုတောင်းက သွယ်ဝိုက်သောနည်းအားဖြင့်ပြည့်သွားတယ်

အင်မတန်မှကို နူးညံ့လှပတဲ့ လွမ်းမောဆွတ်ပျံ့ဖွယ်ရာ ဝတ္ထုတိုလေး တစ်ပုဒ်ပါ။

ပြီးဆုံးဖြတ်သန်းခဲ့တဲ့ ခရီးစဉ်လေး ဖတ်အပြီး မကြာခင်ဖတ်ခွင့်ရမှာဖြစ်တဲ့ ရှေ့ဆက်မဲ့ ခရီးစဉ်လေးအတွက် စောင့်ကြိုနေတယ် ဇွန်ရေ...

မေတ္တာဖြင့်
တီတင့်