နွေးထွေးတဲ့ လက်ဆောင်မွန်

Category: ,




ဇွန့်ဘ၀မှာ အမျိုးမျိုးအထွေထွေသော အမှတ်တရလက်ဆောင်ပစ္စည်းတွေ အများကြီး လက်ခံရရှိဖူးပါတယ်။ ဒါပေမယ့် ခြုံလွှာတဘက်ပ၀ါလေးတွေကတော့ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး ရရှိခဲ့တဲ့ လက်ဆောင်ဖြစ်လို့နေပါတယ်။ ခရီးသွားလက်ဆောင်၊ မွေးနေ့လက်ဆောင်၊ ကျေးဇူးတင်အသိအမှတ်ပြုမှု၊ ခင်မင်မှုအမှတ်တရ အစရှိတဲ့ ခေါင်းစဉ်အောက်မှာ လက်ဆောင်ပေးသူ အများစုက အမျိုးသမီးများ ဖြစ်ကြပြီး တစ်ယောက်ကတော့ အမျိုးသားဖြစ်ပါတယ်။ မနေ့ကပဲ ပိုးပုဝါလေးတစ်ခု လက်ဆောင်ထပ်ရလိုက်ပြန်တော့ ဒီတဘက်ခြုံလွှာလက်ဆောင်လေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရ စာရေးချင်စိတ် ဖြစ်လာခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့ ဘယ်ကနေညာအထိ ခြုံလွှာလေးတွေကို ၂၀၀၇ခုနှစ်ကနေ ခု၂၀၁၄ကုန်ခါနီးအထိ ၇နှစ်အတွင်း ဇွန်လက်ဆောင်ရခဲ့တဲ့ အစဉ်အတိုင်း စီထားပါတယ်။ ဒေါင်လိုက်စင်းလေးတွေနဲ့ ပထမဆုံးမြင်ရတဲ့ ခြုံလွှာကတော့ ဇွန် စင်ကာပူမှာ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ ကုမ္ပဏီက ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ တကယ်တော့ အဲဒီကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ရတဲ့ဆယ့်နှစ်လဟာ ဇွန့်အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကုမ္ပဏီနဲ့ပတ်သက်သမျှ အရာရာကို ခေါင်းထဲကထုတ်ထားပေမယ့် ခြုံလွှာအစင်းစိမ်းလေးက ဇွန်ဘယ်နေရာရောက်ရောက် အိတ်ထဲမှာအမြဲပါခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမျိုးသမီးဒါရိုက်တာဘော့စ်က သူ့လက်အောက်က အမျိုးသမီးဝန်ထမ်းတွေကို ခရစ္စမတ်လက်ဆောင်ပေးဖို့အတွက် တာကာရှီးမားရားကုန်တိုက်က ၀ယ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီရှောလ်လေး မရှိခင်က ချမ်းတတ်တဲ့ဇွန်ဟာ အဲကွန်းလွှတ်ထားတဲ့ ဘတ်စ်ကားနဲ့ရထားပေါ်မှာ ခရီးသွားတဲ့အခါတိုင်း အနွေးထည်တစ်ထည် ဆောင်ယူသွားလေ့ရှိပါတယ်။ ဇွန်ကြိုက်တဲ့အစိမ်းရောင်နဲ့ဖောက်ထားတဲ့ ဒီတဘက်လေးကို ရလာခဲ့ချိန်ကစပြီး သူဟာ ဇွန့်ရဲ့ လက်စွဲတော်ရှောလ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး အသုံးပြုခြင်းခံနေရဆဲ ခြုံလွှာလေးလည်း ဖြစ်ပါတယ်။

ဒုတိယမြောက် ခဲပြာရောင်ခြုံလွှာလေးက စင်ကာပူက ဇွန့်သူငယ်ချင်းရဲ့ ဒူဘိုင်းပြန်လက်ဆောင်ဖြစ်ပါတယ်။ အဲဒီခြုံလွှာကတော့ ဇွန့်မှာရှိသမျှ တဘက်ခြုံလွှာတွေထဲမှာ အလျားရော အနံပါအကြီးဆုံးဖြစ်ပြီး တစ်ကိုယ်လုံးကို ခြုံလွှားလို့ရပါတယ်။ အရှေ့အလယ်ပိုင်းကခြုံလွှာမို့ အသားထူပြီး အရမ်းလည်းနွေးပါတယ်။ လေယာဉ်အကြာကြီးစီးရတဲ့ ခရီးစဉ်တွေမှာ သူတို့ပေးထားတဲ့ စောင်တစ်ထည်နဲ့ မလုံလောက်အောင် ချမ်းတတ်တဲ့ ဇွန့်အတွက် အရမ်းအသုံးဝင်တဲ့ ရှောလ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲအေးရှားအိတ်စ်လို ခရီးရှည်ဆွဲတဲ့ ဘတ်ဂျက်အဲလိုင်းမျိုးမှာ စောင်ယူရင် ပိုက်ဆံထပ်ပေးရပါတယ်။ ဇွန့်အတွက်တော့ ခဲရောင်ခြုံလွှာရှည်ကြီး ဆောင်ထားသရွေ့ ပိုက်ဆံအပိုပေးပြီး စောင်ယူစရာမလိုတော့ပါဘူး။

ခြုံလွှာ၉ခုတိတိ လက်ဆောင်ရခဲ့အထဲမှာ တတိယမြောက်ခြုံလွှာအညိုစင်းလေးကို  ယောက်ျားလေးမိတ်ဆွေတစ်ယောက်ဆီက မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တာဖြစ်ပါတယ်။ ဇွန့်သူငယ်ချင်းဆရာဝန်မတစ်ယောက်နဲ့ပတ်သက်ပြီးသိခဲ့တဲ့ အဲဒီအမျိုးသားဟာ ဇွန် စင်ကာပူမပြန်ခင် သူ့သူငယ်ချင်းအတွက် ပစ္စည်းတစ်ခု လူကြုံပေးချင်တယ်လို့ ဆိုလာတာကြောင့် ဇွန်က အသာတကြည်ပဲ လက်ခံခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီတဘက်ဟာ ဇွန့်အတွက်ပါ။ မွေးနေ့မရောက်ခင် ၁၀ရက်လောက် လိုနေသေးတာမို့ မွေးနေ့ရောက်မှ အဲဒါ ဇွန့်အတွက်လို့ သူက စပရိုက်လုပ်ချင်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ မထင်မှတ်ဘဲ သူက ဇွန့်ကို လက်ထပ်ခွင့်တောင်းတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်း ဇွန့်သူငယ်ချင်းမကို ပြန်အသိပေးချိန်မှာ သူငယ်ချင်းက ခြုံလွှာလေးအကြောင်း ပြောပြခဲ့ပါတယ်။ “ငါထင်သားပဲ၊ သူနင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ။ နင့်အတွက် မွေးနေ့လက်ဆောင်ပေးချင်လို့ ဘာပေးရမှန်းမသိလို့တဲ့ ငါ့ကို လာမေးတယ်လေ။ သူနဲ့ငါ  ခင်လာတာကြာပြီ၊ ဟောက်ဆာဂျင်အတူဆင်းခဲ့တဲ့ တလျှောက်လုံးမှာတောင် မွေးနေ့တို့၊ မွေးနေ့လက်ဆောင်အကြောင်းတို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးလို့ ငါတောင် နဲနဲအံ့သြသွားတယ်။ နင်က ဘုန်းကြီးကျောင်းအမြဲသွားတတ်တဲ့သူဆိုတော့ တဘက်လေးဘာလေးပေးလိုက်ပေါ့လို့ ငါအကြံပေးလိုက်တာ။ ဒါကြောင့် နင့်ကိုပေးဖို့ စကော့ဈေးမှာ သူသွားရှာပြီး ၀ယ်ခဲ့တာ။ ဒါပေမယ့် နင့်ကို အသိမပေးနဲ့ဦး၊ နင့်မွေးနေ့ရောက်မှ ပြောပြပါဆိုပြီး ငါ့ကိုနှုတ်ပိတ်ခဲ့တာလေ။ မသိရင်တော့ သူက ငါ့အတွက် လူကြုံထည့်ပေးလိုက်သလိုလို ဘာလိုလိုပေါ့ဟာ။” ရည်းစားတစ်ခါမှ မထားခဲ့ဘူးတဲ့ ရောဂါဗေဒအထူးပြုပညာရှင်တစ်ယောက်ရဲ့ လုပ်ရပ်က ဇွန့်အတွက် ပြုံးချင်စရာပါ။ သူ့လက်ထပ်ခွင့်ကို ငြင်းခဲ့ပေမယ့် သူပေးတဲ့အညိုရောင်တဘက်လေးကိုတော့ မွေးနေ့လက်ဆောင်အဖြစ် လက်ခံသိမ်းဆည်းထားပြီး ဘုန်းကြီးကျောင်းသွားတဲ့အခါ၊ တရားစခန်းဝင်တဲ့အခါမျိုးတွေမှာ သုံးခဲ့ပါတယ်။

စတုတ္ထမြောက် အနီရောင် ပက်ရှ်မီးယားခြုံလွှာလေးက စောစောက အညိုရောင်ခြုံလွှာလေးနဲ့ အမျိုးစားတူပါတယ်။ အဲဒါကိုတော့ အရှေ့မလေးရှားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသိဆရာဝန်အစ်မတစ်ယောက်က ပေးခဲ့တာပါ။ သူ့ကို ကူညီခဲ့တဲ့ကိစ္စတချို့အတွက် အသိအမှတ်ပြုကျေးဇူးတင်တဲ့အနေနဲ့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ အနီရောင်ဖြစ်နေလို့ ဇွန်ဝတ်တဲ့ အ၀တ်အစားတော်တော်များများနဲ့ အရောင်ကွာဟနေလို့ တော်တော်နဲ့ ထုတ်မသုံးဖြစ်ခဲ့ပါဘူး။ တလောကမှ အလှူတစ်ခုသွားဖို့ ပန်းရောင်ရင်ဖုံးနဲ့ ကြက်သွေးရောင်ချိတ်ထမီအတွက် အလိုက်ဖက်ဆုံး ခြုံလွှာတစ်ခုလိုက်ရှာတဲ့အခါမှာတော့ ဒီအနီရောင်ပက်ရှ်မီးယားတဘက်လေးကို သွားသတိရမိပြီး ပထမဆုံးအကြိမ်အဖြစ် ဇွန့်ပခုံးပေါ်ရောက်လာခဲ့ပါတော့တယ်။

စတုတ္ထရိပ်သာလမ်းမှာ အတူနေခဲ့တဲ့ ညီမလေးတစ်ယောက် ဒူဘိုင်းအလည်သွားပြီး အပြန်မှာ ပဉ္စမမြောက် အစိမ်းရင့်ရောင်ရှောလ်လေးကို လက်ဆောင်ပေးခဲ့ပြန်ပါတယ်။ ချည်နဲနဲကျဲတာမို့ သိပ်မထူဘဲ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ အရောင်လည်းရင့်တာမို့ အပေတေအကြမ်းခံပါတယ်။ တခြားခြုံလွှာတွေ လျှော်ထားတဲ့အခါမျိုး၊ ပေါ့ပေါ့ပါးပါးပဲ သယ်ဆောင်သွားချင်တဲ့အခါမျိုးမှာ ဒီတဘက်လေးကို ယူသွားတတ်ပါတယ်။

ခြောက်ခုမြောက် အပြာရောင်အကွက်နဲ့ လည်စည်းပ၀ါလေးကိုတော့ သြစတြေးလျက ဇွန့်အဒေါ်က လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဆစ်ဒနီကို ပထမဆုံးအကြိမ်အဖြစ် သွားလည်စဉ်က အင်္ဂလန်ဆောင်းရာသီကိုကြုံခဲ့ဖူးတဲ့ဇွန်ဟာ သြဇီနွေဦးကို အထင်သေးပြီး အနွေးထည်တွေ၊ မာဖလာတွေ မယူသွားခဲ့မိပါဘူး။ လေယာဉ်စီးရင်ခြုံဖို့ယူနေကျ တဘက်၂ထည်ပဲ ယူသွားခဲ့ပါတယ်။ အဲဒီနှစ်က ဆစ်ဒနီိမှာ ဆောင်းထွက်နောက်ကျတာနဲ့ သွားကြုံမိတဲ့ ဇွန်တစ်ယောက် ဆစ်ဒနီနွေဦးမှာ ချမ်းချမ်းစီးစီးဖြစ်ပြီး အဒေါ်ဆီက အနွေးထည်နဲ့မာဖလာတွေ ယူဝတ်လိုက်ရပါတယ်။ မြင်စကတည်း သဘောကျနေခဲ့တဲ့ သိုးမွှေးလည်စီးပ၀ါပြာကို အဒေါ်က ပြန်မပေးဘဲ လက်ဆောင်အဖြစ် သမီးယူလိုက်ပါလို့ ပြောလာခဲ့ချိန်မှာ ဇွန်သိပ်ပျော်သွားခဲ့တာပါ။ အဲဒါလေးပတ်ထားလိုက်ရင် တစ်ကိုယ်လုံး နွေးထွေးသွားရုံသာမက ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်တစ်ယောက်လို့တောင် ထင်မြင်ခဲ့မိပါတယ်။

၇ခုမြောက်တဘက်အနက်လေးက စင်ကာပူက ဇွန့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဆောင်ပါပဲ။ သူမြန်မာပြည်က ပြန်အလာမှာ ပါကင်မဖွင့်ရသေးတဲ့ တဘက်သုံးခုထုတ်ပြီး ဇွန်ကြိုက်တဲ့အရောင်ရွေးယူခိုင်းပါတယ်။ ဇွန့်ဆီမှာ အနက်ရောင်မရှိသေးတာမို့ အနက်ခံမှာအပွင့်ရောင်စုံလေးတွေပါတဲ့ အဲဒီခြုံလွှာလေးကိုပဲ ဇွန်ရွေးယူခဲ့ပါတယ်။ မှတ်မှတ်ရရ ဗင်းနစ်သွားလည်ချိန်မှာ  အနက်ရောင်တဘက်ကို လည်စည်းအသွင်ပြောင်းပြီး ပတ်ခဲ့ပါတယ်။ ခုချိန်ထိ တစ်ခါပဲ ထုတ်သုံးရသေးပေမယ့် သိပ်မကြာခင် ထပ်သုံးဖြစ်ဦးမှာပါ။

ရှစ်ခုမြောက် သိုးမွှေးပုဝါလေးကို စတုတ္ထရိပ်သာမှာပဲ အတူနေခဲ့ကြတဲ့ ညီမငယ်များထဲက တစ်ယောက်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဇွန့်မွေးနေ့ဆွမ်းကပ်ပွဲကို လာရောက်ပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးသွားတယ်ဆိုပေမယ့် တကယ်တမ်း သိပ်မကြာခင်မှာ ဇွန်ကြုံတွေ့ရမယ့် ဆစ်ဒနီဆောင်းအတွက် ရည်ရွယ်ပြီးပေးခဲ့တာပါ။ နူးညံ့အိစက်ပြီး အရမ်းလည်းနွေးထွေးတာမို့ သြစတြေးလျဆောင်းရာသီမှာ ကျောင်းတက်ခဲ့တဲ့ဇွန့်အတွက် အရမ်းအသုံးဝင်ခဲ့တဲ့ ဒီဇိုင်းလှလှလေးနဲ့ သိုးမွှေးပ၀ါတစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမြင်ရတဲ့ ကိုးခုမြောက်ပိုးပ၀ါခြုံလွှာလေးကတော့ လောလောလတ်လတ် မနေ့ကမှ ရလာခဲ့တာပါ။ ဒီပ၀ါလေးကို တရုတ်ပြည်ပီကင်းမြို့ကနေ ယူလာလက်ဆောင်ပေးသူက ဇွန်နဲ့အင်းတကော်တရားစခန်းမှာ တွေ့ဆုံခင်မင်ခဲ့တဲ့ ‘ကျင့်ရာ’ ပဲဖြစ်ပါတယ်။ (သူ့အကြောင်းအနည်းငယ်ကို ‘အိုဘယ့်ယောဂီ’ မှာ ရေးခဲ့ဖူးပါတယ်) အင်းတကော်ဖားအောက်ရိပ်သာမှာ သူ့အတွက်စကားပြန်လုပ်ပေးခဲ့ရုံသာမက သူမပြန်ခင်တစ်ရက်အလို စကော့ဈေးမှာ သူလိုချင်တဲ့ ကျောက်စိမ်းဘုရားဆင်းထုတော်အပါအ၀င် အိမ်အပြန်လက်ဆောင်ပစ္စည်းများကို ဈေးဆစ်နိုင်သလောက်ရအောင်ဆစ်ပြီး ဇွန်ကူညီဝယ်ပေးခဲ့ပါတယ်။ သူ့အတွက် အမှတ်တရလက်ဆောင်အဖြစ် တိရစ္ဆာန်အားလုံးထဲမှာ သူအကြိုက်ဆုံးဖြစ်တဲ့ ဆင်ရုပ်ကလေးကို ဇွန်ဝယ်ပြီး ပေးခဲ့ပါတယ်။ သူကျန်းမာရေးပြန်ကောင်းလာပြီး အင်းတကော်မှာပဲ သုံးလတရားစခန်းပြန်လာဝင်မှာဖြစ်လို့ ဇွန့်ကိုတွေ့ချင်ကြောင်း၊ ဇွန့်အတွက် လက်ဆောင်ဝယ်ထားကြောင်း အီးမေးလ်ပို့ပြီး အကြောင်းကြားလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မနေ့ညနေက ကျင့်ရာနဲ့သွားရောက်တွေ့ဆုံချိန်မှာ သူထုတ်ပေးတဲ့ လက်ဆောင်လေးကြောင့် အံ့သြခဲ့ရပါတယ်။ တရားစခန်းမှာ ဇွန်က ယောဂီတဘက်အညိုလေးကို စလွယ်လွယ်ထားလေ့ရှိတာကို သူသတိပြုမိခဲ့ပါတယ်။ သူက အညိုရောင်ပိုးခြုံလွှာပ၀ါလေးထုတ်ပြီး ဇွန့်ပခုံးပေါ်မှာ စလွယ်လွယ်တဲ့ပုံလေး လုပ်ပြပြီး ပေးတာပါ။ သူအင်္ဂလိပ်စကားသိပ်မပြောတတ်ပေမယ့် သူ့အပြုအမူလေးက ဇွန့်ရင်ကို ကြည်နူးစေခဲ့တာ အမှန်ပါပဲ။

ဇွန်လက်ဆောင်ရခဲ့တဲ့ ခြုံလွှာတဘက်ပ၀ါလေးတွေဟာ တစ်ခုနဲ့တစ်ခု အဆင်အသွေးအရောင်ချည်အမျိုးအစားတန်ဖိုး ကွဲပြားခြားနားကြပေမယ့် နွေးထွေးလုံခြုံမှုကို ပေးစွမ်းတဲ့နေရာမှာတော့ တူညီမှုရှိပါတယ်။ ဇွန့်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ ချစ်ခင်သတိတရရှိမှုကိုလည်း မှတ်မှတ်ထင်ထင် ဖြစ်စေပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ခြုံလွှာလက်ဆောင်ပေးခဲ့တဲ့သူတွေထဲက တချို့ဟာ ဇွန်နဲ့ဝေးကွာသွားပြီး၊ တချို့က ခပ်လှမ်းလှမ်းမှာ ရှိနေပါတယ်။ ဇွန့်အပေါ်သူတို့ထားခဲ့တဲ့ ချင်ခင်မှု အတိမ်အနက် ဘယ်လောက်ရှိနေဦးမလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့် ဇွန်ကတော့ သူတို့ပေးခဲ့တဲ့ နွေးထွေးတဲ့လက်ဆောင်မွန်လေးတွေအပေါ် ဂရုတစိုက်ရှိနေတုန်းပဲဆိုတာ ရိုးရှင်းစွာနဲ့ သိစေချင်ပါတယ်။


ဇွန်မိုးစက်
9:15PM
Friday 28.11.2014

Comments ( 8 )

ပုဝါကလေးတွေရဲ့ ရာဇ၀င်ကို တစ်ခုချင်းဆီ စိတ်ဝင်တစားနဲ့လာဖတ်သွားပါတယ်နော် ညီမလေး..း)

ရေးထားတာ ချစ်စရာကောင်းလိုက်တာ... ပုဝါလေးတွေအပေါ်ထားတဲ့ ဇွန့်ရဲ့ နွေးထွေး ကြင်နာမှုကို အတူတူ ကူးစက်ခံစားခဲ့ရတယ် သင်္ဂါရ ရသမြောက်တဲ့ စာတစ်ပုဒ်ပါ...

အမမိုးငွေ့... ကောက်ဖီတစ်ခွက်သောက်ပြီး ပဝါတစ်ခုချင်းစီအကြာင်း စိတ်ဝင်တစားနဲ့လာဖတ်သွားလို့ ကျေးဇူးတင်တယ်နော်။း)

အမသက်ဝေရေ ... ပဝါတွေရဲ့နွေးထွေးမှုနဲ့ ဇွန့်ရင်ထဲက နွေးထွေးမှုကို ယှဉ်တွဲမြင်သွားလို့ ဝမ်းသာမိတယ်။း) သူတို့လည်း အဲလိုမြင်တတ်ရင် သိပ်ကောင်းမှာပဲ။

အမှတ်သညာလေးတွေ စီစီရီရီနဲ့ လက်ဆောင်ပုဝါလေးတွေကို အမြတ်တနိုးတန်ဘိုးထား ဖေါ်ပြသွားတာလေးတွေဖတ်ရင်း တစ်စိတ်တစ်ဒေသ သိပြီးသား ချစ်စရာကောင်းတဲ့ ဇွန့်ရဲ့ စိတ်ရင်းလေး ပိုပြီးပေါ်လွင်လာတယ်လို့ ခံစားမိတယ်။

ပ၀ါလေးတွေအကြောင်း သေသေချာချာလာဖတ်ပြီး ဇွန့်စိတ်ရင်းကို ခန့်မှန်းသွားတဲ့ တီတင့်ကိုချစ်သွားပြီ။း)

ချစ်စရာပို့စ်လေးပါ မဇွန် ပုဝါ တခုအကြောင်းဖတ်လိုက် ညွှန်းထားတဲ့ ပုဝါလေး သွားပြန်ကြည့်လိုက် ဖတ်လိုက် ပြန်ကြည့်လိုက် ၉ ကြိမ် လုပ်သွားပါတယ်း)

HP

စာဖတ်လိုက် ပဝါကြည့်လိုက်ဆိုတော့ HP မျက်စိညောင်းသွားမှာပဲနော်။ ပုံနဲ့စာတစ်လှည့်စီ ၉ကြိမ်တိုင်အောင် စိတ်ရှည်လက်ရှည်နဲ့ ဖတ်သွားပေးလို့ ကျေးဇူးပါ။း)

ပုဝါလေးတွေအကြောင်း တစ်စေ့တစ်စောင်းရေးထားတာ သဘောကျတယ်