ခုတလော (တဂ်ပို့စ်မဟုတ်ပါ)

6

Category:

ကိုယ့်ကို ဘယ်သူမှ တဂ်မထားပါဘူး။ ဒါပေမယ့် ခုတလော စာရေးချင်စိတ်ပျောက်နေတယ်လို့ ပြောချင်လို့ပါ။ ရုံးကပြန်လို့ အိမ်ရောက်ရင် စာတွေရေးမယ်ရေးမယ်ဆိုပြီး တကယ်တမ်းအိမ်ပြန်ရောက်တော့ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး။ တီဗွီကြည့်တယ်၊ စာဖတ်တယ်၊ ဖုန်းပြောတယ်။ ရေးချင်တာတွေ၊ ရေးစရာတွေ ရှိနေပေမယ့် ဘာဖြစ်လို့ ဖြစ်မှန်းမသိအောင် စာရေးဖို့နှောင့်နှေးနေတာ။ စာနှစ်ပုဒ်လောက်ချရေးဖြစ်ပေမယ့် တစ်ပိုဒ်စနှစ်ပိုဒ်စရေးပြီးရင် အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့ ပို့စ်အသစ်တွေဖြစ်မလာဘဲ draft နဲ့ပဲ အဆုံးသတ်သွားတယ်။ 

အရင်က ကိုယ့်သူငယ်ချင်း laptop နဲ့ယူသုံးပြီးရေးခဲ့တာ။ တလောက IT Show မှာ ကိုယ့်စိတ်ကြိုက် စက်ကလေးတစ်လုံးဝယ်ပြီးကာမှ ရေးမယ်ရေးမယ်အားခဲထားသမျှ လက်တွေ့မှာမရေးဖြစ်တာ နည်းနည်းထူးဆန်းနေ သလိုပဲ။  ဟုတ်တယ်...ခုလည်း ရေးချင်စိတ်သိပ်မရှိသေးဘူး။ 

ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

အဲဒီ့နေ့

9

Category: ,

အဲဒီ့နေ့

အဲဒီ့နေ့က ...

ပစ္စုပ္ပန်တစ်ခု ရပ်တန့်သွားတဲ့နေ့
အနာဂတ်မြစ်တစ်စင်း ခြောက်ခမ်းသွားတဲ့နေ့
မျှော်လင့်ခြင်းအတောင်ပံတစ်စုံ ပျောက်ဆုံးသွားတဲ့နေ့

အဲဒီ့နေ့က ...

ဆယ်နှစ်ကြာဇာတ်လမ်း အဆုံးသတ်သွားတဲ့နေ့
ဘ၀နှစ်ခု မဆုံနိုင်အောင် ဝေးကွာသွားတဲ့နေ့

အဲဒီ့နေ့က ...

မိုးတွေ ရွာခဲ့တဲ့နေ့...။


13/03/07 အတွက်
ဇွန်မိုးစက်

13/03/07

11

Category:

မှတ်မှတ်ရရ အဲဒီ့နေ့က မိုးတွေရွာနေခဲ့တယ်...မောင်။

..........................................................................

(က)
ရုံးဆင်းချိန်ရောက်တော့ ပစ္စည်းတွေသိမ်းပြီး အံဆွဲထဲက အသံပိတ်ထားတဲ့ လက်ကိုင်ဖုန်းလေးကို ကြည့်လိုက်တော့ missed call တွေ တွေ့ရသည်။ သူမ ပြန်ခေါ်ကြည့်ပေမယ့် တစ်ဘက်မှ ဖုန်းပြန်ထူးသံမကြားရတာမို့ ဆက်မခေါ်တော့ဘဲ ဟင်လင်နဲ့အတူ ရုံးကထွက်လာခဲ့သည်။ အပြင်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေသည်။ ရုံးဆင်းချိန်တိုင်း လူများပြည့်ကျပ်နေသော ကားမှတ်တိုင်က ခုလို မိုးသည်းညနေခင်းမှာ ခါတိုင်းထက်ပိုလို့ လူတွေအုံခဲနေသည်။ ဘတ်စ်ကားလာတော့ ဟယ်လင်နှင့်နှစ်ယောက်သား အပြေးအလွှားလုတက်ရင်း ကားနောက်ဆုံးက ခုံတန်းရှည်မှာ နှစ်ယောက်စလုံး နေရာရသွားသည်။

ဒီရုံးမှာ သူမအလုပ်စ၀င်တာ ငါးပတ်မျှသာရှိသေးသည်။ နိုင်ငံရပ်ခြားမှာ လူမျိုးခြားတွေနဲ့ ပထမဆုံးလုပ်ရတဲ့ လုပ်ငန်းခွင်မှာ သူမ မျှော်လင့်ထားသလောက် အဆင်ပြေ ပျော်ရွှင်မှုတွေ ရှိမနေခဲ့။ သူတို့ဓလေ့စရိုက်နဲ့ အံဝင်ခွင်ကျမဖြစ်သေးလို့ဖြစ်မှာပါလေလို့ ဖြေတွေးယင်း သက်ပြင်းမောတစ်ချက်ကို ဖြည်းဖြည်းညင်သာ ချလိုက်မိသည်။ ဟယ်လင်က သူမခံစားချက်ကိုနားလည်သူပီပီ အားပေးတတ်သည်။ နောက်နှစ်လသုံးလလောက်ဆို အဆင်ပြေ သွားမှာပါတဲ့။ ဟယ်လင်က သူမထက် တစ်လတိတိစောပြီး အလုပ်ဝင်သူဖြစ်၍ သူမ၏စီနီယာဟု ပြောလျှင်ရသည်။ စိတ်သဘောကောင်းပြီး ဖေးမကူညီတတ်သူ ဟယ်လင်နဲ့အတူ တွဲလုပ်ခွင့်ရတာကပင် သူမကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

မိုးတွေရွာနေတာကြောင့်ရော၊ ရုံးဆင်းချိန်ဖြစ်တာကြောင့်ရောပေါင်းပြီး ကားလမ်းက ကြပ်နေသည်။  မှောင်မည်းနေတဲ့ ကောင်းကင်အောက်က မိုးသည်းတွေကြားထဲမှာ ကားကြီးကားငယ်တွေက တစ်ရွေ့ရွေ့သာ သွားနိုင်သည်။ ခါတိုင်း၁၅မိနစ်စီးလျှင် ရောက်ရမည့်ခရီးက အခုမိနစ်လေးဆယ်လောက် ကြာနေသည်။ စိတ်မြန်တတ်သောသူမက ခုလိုကြာကြာစီးရသည်ကို သိပ်စိတ်မရှည်ချင်။ ဟယ်လင်နှင့် စကားတွေပြောပြီး သွားရလို့သာ တော်တော့သည်။

မှတ်တိုင်ရောက်တော့ သူမတို့နှစ်ယောက်လုံးအတူဆင်းကြပေမယ့် သွားရမယ့်လမ်းက ဆန့်ကျင်ဘက်။ ဟယ်လင်က ဘူတာဘက်ဆက်သွားပြီး သူမက ထမင်းဆိုင်တန်းဘက်သွားကာ ဆာနေသော ၀မ်းဗိုက်ကို အရင်ဖြည့်လိုက်သည်။ စားပြီးတော့ အိမ်ကိုတန်းမပြန်ဖြစ်သေးဘဲ ဘတ်စ်ကားပေါ်တက်ပြီး သူမငွေစာရင်းဖွင့်ထားရာဘဏ်သို့ ခရီးဆက် ရပြန်သည်။ ဒီဘဏ်မှာဖွင့်ဖြစ်တာကလည်း မောင် အကြံပေးလို့ ဖွင့်ဖြစ်တာ။ ဒီနိုင်ငံမှာကျတော့ တစ်ခြားဘဏ်တွေလို နေရာတိုင်းမှာ ငွေထုတ်ငွေသွင်းစက်တွေ မရှိတော့ အနီးဆုံးဘဏ်ခွဲထိ သွားရလာရတာ အချိန်ပိုကုန်ပေမယ့် မောင့်ကြောင့်ရယ်လို့တော့ စိတ်မခုမိ။

(ခ)
ဘဏ်ကပြန်ထွက်လာတော့ ဘတ်စ်ကားမစီးဘဲ ရထားနှင့်သာသွားတော့မည်ဟု ဆုံးဖြတ်ပြီး ဘူတာဆီ လျှောက်လာခဲ့သည်။ ဖုန်းမြည်သံကြားလို့ ကြည့်လိုက်တော့ အရင်အိမ်မှာအတူနေခဲ့သူ အန်တီ့ဆီက ဖြစ်နေသည်။ သူ့လေသံအတိုင်း “ဟေ့ ..... ညည်းအလုပ်မှာ အဆင်ပြေလား။”  “သိပ်အပြေကြီးမဟုတ်ဘူး..အန်တီ၊ လူတွေက တစ်မျိုးပဲ။ အမှန်အတိုင်းပြောရယင် သမီးမပျော်ဘူး။” “ဘာတွေပဲဖြစ်ဖြစ် အားတင်းထားသမီးရေ အားတင်းထား။” အန်တီနဲ့ဖုန်းပြောပြီးတော့ သူမမောင့်ကို လွမ်းဆွတ်စွာ တမ်းတမိသည်။ အင်းလေ...ရှေ့ဆက်ပြီး အလုပ်မှာ အဆင်မပြေ စိတ်ဆင်းရဲနေရဦးမယ်ဆိုရင် အလုပ်ထွက်ပြီး အိမ်ပြန်မှာပေါ့။ ဘာအရေးလဲ။ မောင့်ကိုလက်ထပ်ပြီး မောင့်ရင်ခွင်မှာပဲ တစ်သက်လုံး အေးအေးလူလူ ခိုနားတော့မယ်ဟု တွေးမိလိုက်တော့ သူမစိတ်ထဲ ဖြေသာသလိုရှိသွားသည်။

(ဂ)
ရထားလာတော့ များပြားလှသောလူအုပ်နှင့်အတူ သူမတိုးဝှေ့တွန်းတိုက်ပြီး ရထားတွဲပေါ်ရောက်အောင် တက်လိုက်ရသည်။ ရထားထွက်ပြီး သိပ်မကြာခင် ညနေက missed call ဖြစ်သွားသော မောင့်ညီဝမ်းကွဲဆီမှ ဖုန်းပြန်ဆက်လာ၍ သူမအပြေးအလွှားထူးလိုက်သည်။ “ဇေဇေ...နေ့လည်က ရုံးမှာဖုန်းအသံပိတ်ထားလို့ မင်းဆက်တာမသိလိုက်ဘူး။ အစ်မပြန်ခေါ်တော့လည်း မင်းက ပြန်မကိုင်ဘူး။” သူမ ပြောချင်တာတွေအရင်ပြောပြီးမှ ဇေဇေ့ဘက်ကဖြေသံကို နားစွင့်နေလိုက်သည်။ “အစ်မ........ကိုကိုပန်......ပြီ” ရထားသံနဲ့စကားသံတွေကြားမှာ စကားစုအပြည့်အစုံကို သူမ ကြားတစ်ချက် မကြားတစ်ချက်။  “ဘာလဲဇေဇေ...ဘာလဲ” “ကိုကိုပန်....ဆုံးပြီ... အစ်မ” သူမရုတ်တရက်ကြောင်သွားသည်။ ခဏကြာမှ  “ဟင်...ဘယ်လိုဖြစ်တာလဲ” “ကားအက်ဆီးဒင့်ဖြစ်တာ ပွဲချင်းပြီး....ညကဆုံးသွားတယ်တဲ့ အမေလှမ်းပြောတာ” “သြော်.... သူက ကားမောင်းကြမ်းတာကိုး”  ဒီ့ထက်ပိုပြီး သူမ မပြောနိုင်တော့။  ဖုန်းချလိုက်တော့ ရထားက သွားနေကျနှုန်းအတိုင်း တရိပ်ရိပ်ပြေးနေသည်။

(ဃ)
ဟင့်အင်း.....မောင်မရှိတော့ဘူးဆိုတာ သူမ မယုံချင်ဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မောင်နဲ့ဖုန်းပြောလိုက်ရသေးတာ။ မယုံချင်ဘူး...သူမတစ်ခေါင်းလုံး ငြင်းဆန်မှုတွေနှင့် ပြည့်နှက်သွားသည်။ ရင်တစ်ခုလုံး ဗလာကျင်းသွားသည်။ ဒါအိပ်မက်တစ်ခုမဟုတ်ဘူးဆိုတာလည်း သူမတပ်အပ်သိနေသည်။  သတိလက်ကျန်နဲ့ သူမဆင်းရမယ့်ဘူတာ ရောက်လို့သာ ဆင်းခဲ့သည်။  ပတ်ဝန်းကျင်တစ်ခုလုံး ဘာဖြစ်နေလဲ သူမ သတိမထားမိခဲ့။ မျက်ရည်ကျဖို့ သူမသတိရမနေခဲ့။ ဟောဒီ့ ကမ္ဘာမြေကြီးပေါ်မှာ မောင်မရှိတော့ဘူးဆိုတဲ့ အသိကလွဲလို့ သူမ ဘာကိုမှမသိခဲ့။ အသက်မဲ့ခြေလှမ်းတွေနဲ့အတူ ကားဂိတ်ဆီအသွား စိုစွတ်အေးမြသော အထိအတွေ့ကြောင့် သူမရုတ်တရက် သတိပြန်ဝင်လာသည်။ မိုးတွေရွာကောင်းနေဆဲပါလား။


အဲဒီ့နောက်...

အဲဒီ့နောက်တော့ ...... သူမမျက်ဝန်းမှာ မျက်ရည်တို့ စိုစွတ်နေခဲ့ပြီ။


ဇွန်မိုးစက်


မျက်လုံးများကို ဖတ်ရှုခြင်း

17

Category:

စနေနေ့သာအပြင်ထွက်စရာမရှိရင် ပုံမှန် တစ်ပတ်မှာခြောက်ရက် ရထားစီးဖြစ်တယ်။ ရထားစီးခိုက် ကိုယ်ဖတ်မိတဲ့ မျက်လုံးတွေအကြောင်းပါ။


စလုံးတွေရဲ့ မျက်လုံးမှာ ဂုဏ်ယူဝင့်ကြွားမှုတွေ တွေ့ရတတ်တယ်။ လူမျိုးခြား (အာရှ) တွေအပေါ် အထက်စီး ကနေကြည့်တတ်တဲ့ မျက်လုံးမျိုးတွေ မကြာခဏတွေ့ရတယ်။ အနောက်နိုင်ငံသားတွေအပေါ်မှာတော့ အထင်ကြီးရိုကျိုး၊ သူတို့အတွက် serve လုပ်ဖို့  အမြဲအဆင်သင့်ဖြစ်နေတဲ့ မျက်လုံးမျိုးတွေနဲ့။ အလုပ်သွားချိန်ဆိုရင်တော့ ဘယ်လောက်ပဲ ကျော့နေအောင် ၀တ်စားထားပေမယ့် သူတို့မျက်လုံးမှာ အလုပ်ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု၊ အလျင်လိုမှုတွေနဲ့ ပြည်လျှံနေတယ်။ မလေးတွေမှာတော့ စပ်စုတတ်တဲ့မျက်လုံးတွေရှိတယ်။ သူတို့နိုင်ငံက ခွဲထွက်ပြီး တစ်စင်ထောင်တဲ့ စင်္ကာပူကျွန်းလေးပေါ်က စလုံးတွေကို မကြောက်ဘူး။ တစ်ခြားနိုင်ငံခြားသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အမြင့်ဆုံး အခွင့်ထူးရထားတဲ့  နိုင်ငံခြားသားက မလေးလူမျိုးပေကိုး။ ဒီကျွန်းလေးရဲ့အနာဂတ် မသေချာတော့ရင် လယ်ယာမြေကြီး အများအပြားပိုင်ဆိုင်တဲ့ သူတို့နိုင်ငံပြန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မျက်လုံးတွေ။

မိန်းကလေးတွေဆီ စူးစူးရဲရဲအကြည့်ရောက်တတ်တဲ့ မျက်လုံးပိုင်ရှင်အများစုက အနဲ့ဘကုန်း (အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်)။ အရောင်ဖျော့ဖျော့နဲ့ အားငယ်တဲ့မျက်လုံးမျိုးကို ပိုင်ဆိုင်သူအများစုက ပြည်မကြီးက တရုတ်လူမျိုးတွေ (အထူးသဖြင့် လာရောက်အလုပ်လုပ်ကြတဲ့ ယောကျာ်းတွေမှာ)၊ ဘာလို့မှန်းတော့မသိဘူး။ ကိုယ်အကဲခတ်မိတိုင်း သူတို့မျက်လုံး တွေဟာ အားမာန်အပြည့်ရှိမနေဘဲ အားဖျော့နေတယ်။ ဖ၀ထုပ်(ဖိလစ်ပင်း)တွေကတော့ သူတို့လို ရုပ်ခပ်ဆင်ဆင်ဆို အမျိုးတော်ဖို့ လိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ပေါ့။ ကိုယ်လို rebond မလုပ်ထားတဲ့ ဆံပင်နက်နက်နဲ့ အာရှတိုက်သူရုပ်ဖြစ်နေလို့ကတော့ သူတို့လို ဖ၀ထုပ်လားဆိုပြီး အတင်းလိုက်ကြည့်တတ်တာ။ အခွင့်အရေးရယင် နင်ရောဖိလစ်ပင်းပဲလားလို့ မေးတော့မယ့်မျက်လုံးမျိုး။  (ကိုယ်ကလည်း တစ်ခြားလူမျိုးထက် ဖ၀ထုပ်လားအမေးခံရယင် သိပ်စိတ်ဆိုးတတ်တာ) အနောက်နိုင်ငံသားတွေမှာတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ရှိတဲ့ မျက်လုံးမျိုးတွေသာ အများဆုံးတွေ့ရတတ်တာ။

ဘာလဲ...ကိုယ်တို့ရွှေတွေမှာလား...။ အင်း...သိတဲ့အတိုင်း ကိုယ်တို့ရွှေတွေမှာတော့ ဖော်ရွေရင်းနှီး အားနာတတ်တဲ့ မျက်လုံးတွေ တွေ့ရတာပေါ့။ တစ်ခုတော့ မတွေ့မိဘူး။ ဟုတ်တယ်....ကိုယ်တို့မြန်မာတွေရဲ့ မျက်လုံးမှာ ပျောက်ဆုံးနေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှု (self-confidence) ။ ကိုယ်သတိထားမိသလောက် တွေ့ခဲတယ်။ ကိုယ့်မျက်လုံးမှာလည်း တွေ့ရမယ်မထင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို ရဲရင့်တည်ကြည်ပြတ်သားပြီး ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်လုံးမျိုး  ကိုယ်တို့ဆီမှာ ဘယ်အချိန်ကတည်းက  မတွေ့ရတော့ တာပါလိမ့်...။


မှတ်ချက်။  ။ စာရေးသူတစ်ဦးတည်း၏ အမြင်သာ ဖြစ်ပါသည်။ လွပ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်


ဘ၀နဲ့ဆန္ဒ

15

Category:

ပြီးခဲ့တဲ့အပတ်က နေ့လည်ထမင်းစားချိန်မှာ ရုံးက ကိုယ်နဲ့တစ်ဌာနတည်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာသူငယ်ချင်းက မေးလာပါတယ်။ ကိုယ့်လက်ရှိအနေအထားကို ကျေနပ်မှုရှိလားတဲ့။ ဟိုးအရင် ငယ်စိတ်မျိုးနဲ့ဆိုရင်တော့ ကျေနပ်မှု မရှိသေးဘူး၊ ဒါပေမယ့် ခုလောလောဆယ် စိတ်ထားအရ ဖြေရယင်တော့ ကျေနပ်ပါတယ်လို့။ သူက ခရစ်ယာန် ဘာသာဝင်ဖြစ်ပေမယ့် ကိုယ်က တရားသဘောနဲ့ ဆင်ခြင်မိလို့ ဒီလိုဖြေရကြောင်း ရှင်းပြတာကို လက်ခံ ပါတယ်။ 

သူကတော့ လက်ရှိအနေအထားကို ကျေနပ်မှုမရှိဘူးလို့ ပြောပါတယ်။ သူဆိုလိုတဲ့အနေအထားက ပညာ၊ အလုပ်အကိုင်၊ ၀င်ငွေနဲ့ ရာထူးကို ရည်ရွယ်တာပါ။ သူစင်္ကာပူရောက်ပြီး သုံးနှစ်အတွင်း (လစာတိုးနှုန်းသိပ်မများတဲ့) အလုပ် တစ်ခုတည်းမှာပဲ နေနေရတာရယ်၊ ဘွဲ့လွန်ဆက်မတက် ဖြစ်သေးတာရယ်တွေက အဓိကအချက်တွေပါ။ သူ့သူငယ်ချင်းတွေ ကျောင်းဆက်တက်လို့ ဘွဲ့တစ်ခုထပ်ရပြီး လစာကောင်းတဲ့ အလုပ်သစ်တွေမှာ နေရာကောင်း ရသွားတာကို လက်ရှိသူ့အနေအထားနဲ့ နှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်နေတာပါ။ ဒီရောက်ပြီးရင် တော်တော်များများက ကျောင်းပြန်တက်ပြီး ရာထူး၊ လစာပိုကောင်းတဲ့ အလုပ်တစ်ခုကို ပြောင်းကြတာက အစဉ်အလာတစ်ရပ်လို ဖြစ်နေတာ ကိုယ်မြင်ပါတယ်။ 

ကိုယ်ငယ်ငယ် (အသက် ၁၈၊ ၁၉နှစ်လောက်က) သိပ်ရည်မှန်းချက်ကြီးခဲ့တယ်။ ဖြစ်ချင်တဲ့၊ ဖြစ်လိုတဲ့ဆန္ဒတွေ သိပ်အားကြီးခဲ့တယ်။ အသက်ဘယ်လောက်ရောက်ရင် ဘာဖြစ်ရမယ်ဆိုတာမျိုးတွေ Plan ချခဲ့ဖူးတယ်။ မီလျံနာဖြစ်ချင်တဲ့ ဆန္ဒတောင် ရှိခဲ့ဖူးတာ။ တကယ်တမ်းလက်တွေ့ဘ၀မှာ ကိုယ်မျှော်လင့်ရည်ရွယ်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ့်ဘ၀မှာ ကိုယ်ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာတာနည်းပါတယ်။  အဲသလို ကိုယ့်ဆန္ဒအတိုင်းဖြစ်မလာတဲ့အခါ စိတ်ဓါတ်တွေကျခဲ့ရတယ်။ အရမ်းတက်ကြွ သွက်လက်ခဲ့သူ တစ်ယောက်လို့ မထင်ရအောင်ကို အေးဆေးသွားခဲ့ဖူးတယ်။ အလိုမကျမှုတွေကတော့ ရင်ထဲမှာ ကိန်းအောင်းနေတာပေါ့လေ။

ကိုယ်အလုပ်ဝင်ကာစအချိန်ကလည်း ကိုယ့်ထက်ဝင်ငွေကောင်းသူတွေကိုကြည့်ပြီးအားကျ၊  ကိုယ့်ကိုယ်ကို အားငယ် ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက တရားသဘောတွေကို ခုလောက် မသိမမြင်ခဲ့တာကြောင့်ပါ။ အခုတော့ ကိုယ်ဘယ်သူနဲ့မှ မယှဉ်တော့ အားငယ်တာတို့ စိတ်ဓါတ်ကျတာတို့တွေ မဖြစ်တော့ဘူး။  လစာကောင်းတဲ့သူဆိုရင်တော့ မုဒိတာ ပွားမိပါတယ်။ ကိုယ့်လက်ရှိအနေအထားအရတော့ ကိုယ်ဟာ သာမန်ပါပဲ။ ကိုယ့်မှာ ဘွဲ့လွန်မရှိ၊ လစာလည်း အသင့်အတင့်၊ ရာထူးလည်းမကြီးပါဘူး။ ဒါပေမယ့် ခုအသက်အရွယ်မှာ သင့်တင့်လျောက်ပတ်တဲ့ တရားသဘောတွေ နှလုံးသွင်း ဆင်ခြင်နိုင်သူတစ်ယောက် ဖြစ်ရတာကိုပဲ အတိုင်းထက်အလွန် ကိုယ်ကျေနပ်ပါတယ်။ ကိုယ့်မိသားစုကို အထောက်အပံ့ပေးနိုင်တယ်။ သူငယ်ချင်းမိတ်ဆွေတွေကို တတ်စွမ်းသလောက် အကူအညီပေးတယ်။ ကောင်းမှု ကုသိုလ်တွေ တတ်နိုင်သလောက်ပြုတယ်။   အဲလိုလေး နေခွင့်ရလို့ ကျေနပ်ပါတယ်။

ပုထုဇဉ်ပီပီ ကိုယ့်မှာလည်း ဆန္ဒတွေရှိတာပေါ့လေ။ လောကီရေးအရ ဆန္ဒတွေချပြရယင်တော့ မဆုံးနိုင်ပါဘူး။ ဘွဲ့လွန်တစ်ခု ထပ်ယူချင်တယ်။ လစာပိုကောင်းကောင်းရချင်တယ်။ အသက်အရွယ်အလိုက် ရာထူးကြီးကြီးလိုချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ကြွယ်ဝချမ်းသာ အောင်မြင်ချင်တယ်။ အဲလိုပေါ့လေ...သေသည်အထိ မဆုံးတဲ့ ဆန္ဒတွေ။ ဒါတွေ ပြည့်စုံအောင် လုပ်နေယင်းကနေပဲ လူ့ဘ၀ကို အနှေးနဲ့အမြန်စွန့်ခွာရတော့မှာ။ သတိသာမရှိခဲ့ရင် နောက်ဘ၀မှာ အပ္ပါယ်လေးဘုံကို သွားရဦးမှာ။ အဲဒါကို တွေးမိလိုက်ရင်ပဲ ကိုယ့်ရဲ့အလိုဆန္ဒ (လောဘ) တွေ  အလိုလို အားနည်း သွားပါတယ်။ မကြီးပွား မတိုးတက်ချင်တဲ့စိတ် မရှိလို့တော့ မဟုတ်ပါဘူး။ တစ်ဘ၀စာအတွက်ပဲ အာမခံချက်ပေးမယ့် လောကီပညာဥစ္စာကို တော်ရုံအတိုင်းအတာတစ်ခုအထိ ရှာဖွေပြီး တစ်သံသရာလုံးစာ အထောက်အပံ့ပေးမယ့် လောကုတ္တရာပညာကို ရှာမှီးချင်စိတ်က ပိုများနေလို့ပါ။ ဒါပေမယ့် ကိုယ့်မှာ ကြည့်ရှုစောင့်ရှောက် လှူဒါန်းပေးကမ်းဖို့ရာ ဆန္ဒတွေရှိနေပြန်တော့ လောကီပညာစီးပွားဥစ္စာကို ထိုက်သင့်သလောက်တော့ ရှာရပါဦးမယ်။

ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းကျ မနေခဲ့ပေမယ့် အရာရာကို မြတ်ဗုဒ္ဓရဲ့ တရားတော်အတိုင်း နှလုံးသွင်းလို့ လက်ရှိဘ၀လေးကို အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြောင်း ကိုယ်ပြောဖြစ်ခဲ့ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်