အခုဆို
တရုတ်လူမျိုးတွေရဲ့ လမုန့်ပွဲတော်ရာသီချိန်မို့ ရုံးမှာ၊ အိမ်မှာ လမုန့်တွေ ပေါများနေတာပေါ့။
အစားအသောက်ဆို စိတ်ဝင်စားတဲ့ ဇွန်တစ်ယောက် လမုန့်ဆိုရင်တော့ ကျောပေးပြီး နေနိုင်တယ်။
မျက်နှာစာအုပ်မှာ ဓာတ်ပုံတွေရိုက်ပြီး ဘယ်လိုတင်တင် ဘယ်လောက်တဂ်တဂ် ဇွန်တို့က အေးဆေးပဲ။
ဒီလို နေနိုင်ရခြင်း အကြောင်းရင်းကလည်း ရှိခဲ့တာပေကိုး။
ဟိုးငယ်ငယ်
အသက် ၈ နှစ်လောက်က အဖွားဖြစ်သူနဲ့ ဆွေမျိုးနီးစပ်တော်စပ်တဲ့ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းအလှူရှိလို့
တစ်ညသွားအိပ်တယ်။ ဘုန်းကြီးကျောင်းမို့ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်သည်တွေနဲ့ မုန့်တွေကလည်း
အမျိုးစုံလှပါတယ်။ မန္တလေးက ပြန်လာတဲ့ ဒကာမတစ်ယောက်ကလည်း ထိုးမုန့်၊ လမုန့်နဲ့ အရီးတောင်းလက်ဖက်တွေ
လာလှူတာနဲ့ ကြုံကြိုက်သေးတယ်။ ညရောက်တော့ နေ့လည်က ဆွမ်းတော်စွန့်လိုက်တဲ့ မုန့်တွေက
ဗန်းထဲမှာ အစီအရီနဲ့ အလှူမှာလာအိပ်တဲ့ ဧည့်သည်တွေကို ချကျွေးတာပေါ့။
လူကြီးတွေကြားထဲမှာ
ဇွန်တစ်ယောက်ပဲ ကလေးမို့ လူကြီးဝိုင်းက လက်ဖက်ရော၊ ဗန်းထဲက မုန့်အချိုတွေရော ဟိုစပ်စပ်ဒီစပ်စပ်
အကုန်လိုက်စားတာ။ အဲဒီ့အထဲမှာ ဆီရွှဲရွှဲ၊ စက္ကူနဲ့ထုပ်ထားတဲ့ လမုန့်လည်း ပါလာတယ်။ အချိုသိပ်မကြိုက်တဲ့
ဇွန်က လမုန့်တစ်ခုလုံးတောင် ကုန်အောင်မစားနိုင်ပါဘူး၊ အီလို့။ ညလယ်ခေါင်လည်းရောက်ရော
အိပ်ရာကထပြီး အန်ပါလေရောလား။ အဖွားနဲ့ သူ့သူငယ်ချင်း နောက်အဖွားတစ်ယောက်ခမျာ မအိပ်နိုင်ကြဘဲ
ဇွန့်ကို ထပြီးပြုစုရတာ။ အမှန်တော့ အစားစုံသွားလို့ အန်တာ ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့်
ဇွန့်စိတ်ထဲမယ် အဲဒါ လမုန့်စားလိုက်လို့ အန်တာဆိုတဲ့ အစွဲက ဘယ်လိုဝင်သွားလဲ မသိပါဘူး၊
အဲဒီ့နောက်ပိုင်းကစပြီး… လမုန့်ဆိုရင် နိုးပဲ ဖြစ်သွားတာ။
အသံကြားလိုက်တာနဲ့
ဆီရွှဲရွှဲအိတ်ထဲထည့်ထုပ်ထားတဲ့ မုန့်အ၀ိုင်းချိုချိုကို မြင်ယောင်ပြီး အီတီတီ ပြီတီတီ
အန်ချင်သလိုကြီး ဖြစ်ဖြစ်သွားရတာ ခုချိန်ထိပဲ။ အဲ… စလုံးရောက်ပြီး နောက်ပိုင်း သူတို့တွေရဲ့
ဆီမရွှဲဘဲ ပုံစံမျိုးစုံနဲ လမုန့်မြင်တော့ ဇွန့်အတွက် စားချင်စိတ်မပေါ်သည့်တိုင် စိတ်ဝင်စားစရာတော့
ကောင်းနေပြန်တယ်။ မုန့်ကို ထုပ်ပိုးထားတဲ့ဗူးလေးတွေက ဒီဇိုင်းမျိုးစုံနဲ့ လှတော့လှသား။
ဟိုးအရင်တစ်နှစ်က အတူနေသူငယ်ချင်းနဲ့ညီမတွေ သူတို့ရုံးကရလာတဲ့ လမုန်ု့တော့ စားဖြစ်တယ်။
ပလိန်းထက်စာရင် အထဲမှာ ကြက်ဥအနှစ်ပါတဲ့လမုန့်ကို ပိုသဘောကျတယ်။ ဘာလို့ဆို အဲဒီ့နေရာလေးကိုကွက်ပြီး ရွေးစားလို့ရတာကိုး၊ ပြီးရင် ကျန်တဲ့အသားကို ကုန်အောင်စားချင်မှစားတာ။ ဒါကြောင့်
မတတ်သာလို့ လမုန့်စားရရင် သေးသေးလေးပဲ ပိုင်းပေးပါလို့ ပြောရတယ်။ လက်ဆောင်ရရင်တော့
မငြင်းတော့ပါဘူး၊ ကိုယ်မစားလည်း အိမ်ကလူတွေ စားလို့ရတယ်ဆိုပြီး ယူလာလိုက်တယ်။
အပေါ်ပုံမှာ
မြင်ရတာ ဇွန်တို့ supplier ဆီက လက်ဆောင်ရတဲ့ လမုန့်ပါ။ လမုန့် မကြိုက်ပေမယ့် လမုန့်မကြိုက်ရခြင်း
အကြောင်းရင်းကို စာတစ်ပုဒ် ချရေးချင်စိတ်ပေါ်သွားတာနဲ့ ဗူးကိုဖွင့်၊ ဖုန်းကင်မရာလေးထုတ်ပြီး
ဓာတ်ပုံရိုက်တော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက လှမ်းကြည့်နေကြလေရဲ့။ ဟုတ်တယ်လေ… သူတို့မစားခင်
ကိုယ်ဦးအောင် ဓာတ်ပုံရိုက်ထားမှ မဟုတ်လား။ ဒီက ဘယ်အရာမဆို မှတ်တမ်းတင်ဖို့ အသင့်ဖြစ်နေတဲ့
ဘလော့ဂါ ဇွန်မိုးစက်လေကွယ်။ ;)
ဇွန်မိုးစက်
ကျွန်မ
ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသော ချစ်သူသည် ကျွန်မထက် အသက် ငါးနှစ်မှ ခုနစ်နှစ်ခန့်ကြီးသူ၊ စာတော်ပြီး မွန်ရည်သန့်ပြန်သော ဆေးကျောင်းသားတစ်ဦး ဖြစ်သည်။ ကျောင်းကားပေါ်က အတန်းကြီး
အစ်မများပြောလေ့ရှိသလို လည်ကတုံးအင်္ကျီအဖြူနှင့် ကချင်ပုဆိုးကို ၀တ်ဆင်ထားပြီး ကျွန်မကို
စာပြပေးနိုင်သူလည်း ဖြစ်သည်။
တကယ်တမ်း
လက်တွေ့ဘ၀တွင် ကျွန်မတွေ့ဆုံခဲ့သော ကိုကိုသည် ဆေးကျောင်းသား မဟုတ်ဘဲ စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သည်။
စိတ်ကူးထဲမှာလို အင်္ကျီဖြူလည်ကတုံးနှင့် ကချင်ပုဆိုးမ၀တ်သော်လည်း ကော်လံပါသော အရောင်ဖျော့ရှပ်အင်္ကျီလက်ရှည်နှင့်
ပုဆိုးအကွက်စိပ်များ၊ ရံဖန်ရံခါ ရခိုင်ပုဆိုးအဆင်များကို ၀တ်ဆင်တတ်သူဖြစ်သည်။ စစ်တုရင်ချန်ပီယံဖြစ်သော
ကိုကို့ကို ကျွန်မသဘောအကျဆုံးအချက်မှာ အင်္ဂလိပ်စာတော်ခြင်းဖြစ်သည်။ မညာစတမ်း ၀န်ခံရလျှင်
ကျွန်မထက် အင်္ဂလိပ်စာပိုတော်သော ယောက်ျားများကို ကျွန်မ အထင်ကြီး စိတ်ဝင်စားတတ်ပါသည်။
ကိုကို
ကျွန်မနှင့်စတွေ့သော ပထမဆုံးအကြိမ်မှာကတည်းက ကျွန်မကို သဘောကျခဲ့ကြောင်း နောင်မှာပြန်ပြော၍
ကျွန်မသိခွင့်ရသော်လည်း ကိုကိုနှင့်ထပ်တူ ကျွန်မခံစားရကြောင်း ပြန်မပြောဖြစ်ခဲ့ပါ။
ကျွန်မ၏ဆရာဖြစ်ခဲ့သော ကိုကိုသည် အစ်ကိုမရှိသော၊ အစ်ကိုလိုချင်သော ကျွန်မအတွက် လေးစားအားကျဖွယ်
အစ်ကိုကြီးတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပွင့်လင်းဖော်ရွေ ဆက်ဆံရေးကောင်းမွန်သောကိုကိုသည်
အရာရာတိုင်းကို အကောင်းမြင်ဝါဒဖြင့် ကြည့်မြင်တတ်သောသူဖြစ်ပြီး ကျွန်မမှာရှိနေသော အဆိုးမြင်ဝါဒများကို
ကူညီဖယ်ရှားပေးခဲ့သူလည်း ဖြစ်သည်။
ကိုကိုက
ကျွန်မကဲ့သို့ ရင်းနှီးသော တပည့်များကို “နင်” “ငါ” နာမ်စားဖြင့် သုံးစွဲခေါ်ဝေါ်တတ်သော်လည်း ကျွန်မနားထဲတွင်
ရိုင်းပျသည်ဟု တစ်ခါမှ မထင်မိခဲ့ပါ။ ကျွန်မထက်ငါးနှစ်ခွဲပိုကြီးသောကိုကိုက “ညီမလေး”
ဟု အစချီခေါ်လိုက်သည့် အခါမျိုးတွင်တော့ ဘာကြောင့်ရယ်မသိ ကျွန်မ ကြည်နူးပျော်ရွှင်ခဲ့ရသည်။
တပည့်များအပေါ်
စေတနာအပြည့်အ၀ထားပြီး အားကြိုးမာန်တက် စာသင်ပေးတတ်သော ကိုကိုသည် မိဘနှစ်ပါးကိုရိုသေလေးစားသော၊
ဘာသာတရားယုံကြည်ကိုင်းရှိုင်းသော သားလိမ္မာတစ်ဦးလည်း ဖြစ်နေပြန်သည်။ တပည့်များရှေ့တွင်
လူကြီးဆန်ဆန် နေပြတတ်သော်လည်း ညီမငယ်တစ်ယောက်သာရှိသော သားကြီးသြရသကိုကိုသည် တစ်ခါတစ်ရံ
မိခင်ရင်ခွင်တွင် ခေါင်းတိုးဝှေ့ကာ ချွဲတတ်ကြောင်း ကိုကို့အမေက ပြောပြသည့်အခါ ကျွန်မမပြုံးဘဲ
မနေနိုင်ပါ။
ကိုကို့အပေါ်
နက်နက်နဲနဲ သံယောဇဉ်တွယ်နေမိကြောင်း သိလိုက်ရသည့် မနက်ခင်းတစ်ခုတွင် ကျွန်မက စာသင်ခုံတန်းရှည်များကြားမှာ…။
နေမကောင်းသည့်ကြားထဲက အားပါးတရ စာသင်ပေးနေသော ကိုကို့ကိုကြည့်၍ ကျွန်မ မျက်ရည်ကျခဲ့သည်။
အဲသည့်လောက်အထိ အပင်ပန်းမခံပါနဲ့ ကိုကိုရယ်လို့ ကျွန်မစိတ်ထဲ အကြိမ်ကြိမ်အခါခါ ပြောနေမိသည်။
ကိုကိုအားနည်းပင်ပန်းပြီး တစ်စုံတစ်ခု ဖြစ်သွားမှာ ကျွန်မ အလွန်အမင်း စိုးရိမ်ပူပန်ခဲ့သည်။
ကျွန်မဘ၀တွင် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးခြင်းကြောင့် ကျသောမျက်ရည် ထိုတစ်ကြိမ်သာ
ရှိခဲ့သည်။ ထိုယောက်ျားသည် ကိုကိုဖြစ်ခဲ့သည့်အတွက် ကျွန်မ ကျေနပ်ပါသည်။
ကိုကို့အပေါ်နှစ်သက်စိတ်ဝင်စားနေသော
တပည့်မိန်းကလေးမှာ ကျွန်မတစ်ဦးတည်း မဟုတ်ကြောင်း နောင်သိပ်မကြာမီမှာ သိခဲ့ရသည်။ သူတို့က
ကျွန်မနှင့်ကိုကိုကြားက ရင်းနှီးမှုအပေါ် သံသယရှိခဲ့ကြောင်းကိုမူ အချိန်ကာလ တော်တော်နောက်ကျပြီး
ကိုကိုပြောပြမှ ကျွန်မသိခဲ့ပါသည်။ အစမ်းစာမေးပွဲများမှာ ကျွန်မ အမှတ်များဆုံးရနေလျှင်
ကျွန်မအဖြေလွှာကို ကိုကို့ထံမှ တောင်းယူကြည့်ချင်ကြသည်။ ကျွန်မမို့ ကိုကိုက အမှတ် ပိုပေးလိုက်တာများလားဆိုသော
သံသယအတွေးနှင့် သူတို့ကို ကျွန်မ မအံ့သြဘဲ မနေနိုင်။ ကိုကိုသည် စာနှင့်ပတ်သက်လျှင်
မျက်နှာမလိုက်တတ်သော ဆရာတစ်ယောက်ဆိုတာကို သူတို့မေ့များနေသလား။ ကိုကို့ဘက်ကကျွန်မ မကျေမနပ်နှင့်
ခံပြင်းရသေးသည်။
ကိုကိုနှင့်ကျွန်မ
ခရီးသွားဟန်လွှဲ ပန်းဆိုးတန်းက ဖိုတိုကော်ပီဆိုင်ကို လမ်းအတူလျှောက်၍ မိတ္တူသွားကူးဖူးသည်။
ကိုကို့စာသင်ကျောင်းအောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်မသိပ်မကြိုက်သော ခေါက်ဆွဲပြုတ်ကို
ကိုကိုနှင့်အတူ စားဖူးသည်။ ၄၈လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကိုကိုနှင့် လက်ဖက်ရည်အတူ
တစ်ခါသောက်ဖူးသည်။ ကိုကို့အိမ်မှာ ကျွန်မကြိုက်သော ငါးဖယ်သုပ်နှင့် မျက်နှာချင်းဆိုင်ပြီး
ထမင်းအတူစားခဲ့ဖူးသည်။ တကယ်တမ်း ကိုကိုနှင့်ကျွန်မ၏ ရင်းနှီးခင်မင် ဆက်ဆံမှုအတိုင်းအတာသည်
ဆရာတပည့် မောင်နှမ အနေအထားထက် မပိုခဲ့ကြောင်း ကျွန်မတို့နှစ်ယောက် အသိဆုံးဖြစ်သည်။
ကျွန်မ၏ ရင်တွင်းက
ချစ်ခင်တွယ်တာခြင်းကို ကိုကိုသိအောင် ဖော်ထုတ်ပြရလောက်အောင်အထိလည်း ကျွန်မမှာ သတ္တိမရှိခဲ့ပါ။
လေ့ကျင့်ခန်းစာအုပ်နောက်ကျောမှာ ရေးဖွဲ့ခဲ့သော ကဗျာအပိုင်းအစများကိုတော့
ကျွန်မထံမှ စာအုပ်ငှားယူဖူးသော ကိုကို အမှတ်မထင် မြင်ကောင်း မြင်မိပါလိမ့်မည်။ ကိုကို့အနေဖြင့်
ကျွန်မကို သူချစ်ခင်အားထားရသော တပည့်ညီမလေးတစ်ယောက်အဖြစ်ထက်ပိုပြီး သံယောဇဉ်ရှိမရှိဆိုတာ
သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်လိမ့်မည် မထင်ပါ။
ကိုကိုနှင့်ကျွန်မတို့နှစ်ယောက်လုံးအတွက်
ထူးခြားသော တိုက်ဆိုင်မှုတစ်ခုတော့ ရှိခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်မြင်ရသည့်အခါ ခံစားရသော
စိတ်ချမ်းသာမှုဖြစ်သည်။ “ဘာလို့လဲ မသိဘူး၊ ငါ နင့်ကိုမြင်ရင် အရမ်းစိတ်ချမ်းသာတာပဲသိလား”
ခေါက်ဆွဲပြုတ်စားနေရင်း ကိုကိုက ပြောတော့ ကျွန်မကလည်း ၀မ်းသာအားရဖြင့် “ဟင်… ညီမလေးလည်း
အဲလိုပဲ။ အိမ်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံခဲ့ရ ကိုကို့ကို မြင်လိုက်ရင် စိတ်ညစ်တာတွေ
ပျောက်ပြီး စိတ်ချမ်းသာသွားတာ။” ပူလောင်သော ချစ်ခြင်းထက် အေးမြသော မေတ္တာ၏ အဓိပ္ပာယ်ကို
စတင်အတွေးမိဝင်တာ အဲဒီ့အချိန်ကတည်းက ဖြစ်မည်ဟု ကျွန်မထင်သည်။
ကျွန်မ
ဘ၀မှာ မမျှော်လင့်ဘဲ ပထမဆုံးအကြိမ် စာမေးပွဲကျခဲ့တုန်းက ကိုကို့ရှေ့မှာ အားငယ်ဝမ်းနည်းကာ
ရှိုက်ကြီးတငင်ငိုကြွေးဖူးသည်။ ကိုကိုကျွန်မဘေးနားမှာထိုင်ကာ လက်ကိုဖွဖွဆုပ်ကိုင်ရင်း
အားပေးခဲ့သည်။ ကိုကိုကိုယ်တိုင် စိတ်မကောင်း ဖြစ်နေမှန်းသိသော်လည်း ကျွန်မ မျက်ရည်တွေကို
မတားဆီးနိုင်ခဲ့ပါ။ နှုတ်ခမ်းနွေးနွေးမှ အနမ်းတစ်စုံ ကျွန်မနဖူးပေါ်ကျရောက်လာသောအခါမှသာ
ကျွန်မ အငိုတိတ်ဖို့ သတိရသည်။ တပ်မက်ခြင်းကင်းသော ကိုကို့အနမ်းသည် ကျွန်မကို တစ်စုံတစ်ရာသောခွန်အား
ပေးခဲ့သည်။ အဲဒီ့အတွက် ကိုကို့ကို ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။
ကိုကို
ကျွန်မအိမ်ကို လာလည်သည့်အခိုက် နက်စ်ကော်ဖီတစ်ခွက်ကို ကျွန်မကိုယ်တိုင် စိတ်တိုင်းကျ
ဖျော်ပြီး ဧည့်ခံခဲ့သည်။ ကိုကိုက နောင်ကြုံကြိုက်သည့်အခါ ကျွန်မလက်ရာ နက်စ်ကော်ဖီတစ်ခွက်
ထပ်သောက်ချင်ပါသေးတယ်ဟု ဆိုခဲ့သဖြင့် ကျွန်မ အတိုင်းမသိ ကြည်နူးခဲ့ရသည်။ ကျွန်မစာကြည့်စားပွဲထက်မှာ
ကိုကိုညွှန်းသော စာအုပ်တွေ၊ ကိုကို မကြာခဏရွတ်ဆိုပြောပြတတ်သည့် အင်္ဂလိပ်စကားပုံ တက်ကျမ်း
အတိုအထွာများ ကပ်ထားသည်ကို ကိုကို မြင်သွားသည့်အခါတွင်တော့ ကျွန်မ အနည်းငယ်ရှက်သွားခဲ့သည်။
ကိုကို ဘယ်လောက်အထိ ကျွန်မအပေါ် လွှမ်းမိုးနေကြောင်း သိရှိရိပ်မိသွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။
အောက်တိုဘာလထဲက
သီတင်းကျွတ်တစ်ရက်မှာ ကိုကိုနှင့် ကျွန်မတို့ တပည့်တစ်သိုက် ရွှေတိဂုံဘုရားဖူးမြော်ရင်း
မီးပုံပျံလွှတ်ခဲ့ကြသည်။ အိမ်က လူကြီးများမပါဘဲ ဘုရားပေါ်မှာ ညချမ်းအထိ တစ်ခါမျှ မနေဖူးသောကျွန်မ
ကိုကိုနှင့်အတူ မီးပုံပျံလွှတ်ခဲ့ရသော အဲဒီညနေခင်းကို အမှတ်တရ ရှိနေခဲ့သည်။
ကိုကို
ဗီဇာရပြီဖြစ်၍ နောက်နှစ်ရက်အတွင်း ထွက်ခွာတော့မည်ဟု ဖုန်းဆက်အကြောင်းကြားသောနေ့က ကျွန်မ
ဝမ်းနည်းထိတ်လန့်သွားခဲ့ပါသည်။ ကြိုတင်သိနေခဲ့သော ကိစ္စတစ်ခုဖြစ်သော်လည်း တကယ်တမ်း ဝေးကြရမည်ဆိုသည့်အခါ
ကျွန်မ ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးခဲ့။ သူငယ်ချင်းတစ်ယောက်နှင့်အတူ ကိုကို့ကို
သွားရောက် နှုတ်ဆက်ကန်တော့ရင်း ရစ်ဝဲလာသည့် မျက်ရည်ကို မျက်တောင်ခတ်ပြီး သိမ်းဆည်းလိုက်သည်။
ရှေ့တွင် မမြင်ရသော အနာဂတ်တစ်ခုသည် မိုင်ပေါင်းမြောက်မြားစွာကနေ ကိုကို့ကို စောင့်စားဆီးကြိုနေသည်။
ကိုကိုသည် အရာရာကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသော လူငယ်တစ်ယောက်လို တက်ကြွစိတ်လှုပ်ရှားနေခဲ့သည်။
ကိုကိုနှင့်
အဝေးကြီးဝေးပြီဆိုသော အသိကို နားလည်လက်ခံရင်း ရေရာခြင်းကင်းမဲ့သည့် ပြန်ဆုံနိုင်မည့်
ရက်စွဲတစ်ခုကို မျှော်လင့်စောင့်စားရင်း အလွမ်းရက်ရှည်နှင့် နေသားတကျဖြစ်အောင် ကျွန်မ
ကြိုးစားနေထိုင်ခဲ့သည်။ ထူးအိမ်သင်၏ ကောင်းကင်ထက်က
မြစ်တစ်စင်း သီချင်းကို မကြာခဏ စွဲလန်းနှစ်ခြိုက်စွာ နားထောင်ပြီး ကျွန်မ လိုက်ဆိုညည်းခဲ့သည်။
တကယ်တော့
ကိုကိုသည် ကျွန်မကိုယ်တိုင် အမြတ်တနိုး ရေးဖွဲ့သီစပ်ခဲ့သော်လည်း နှုတ်ဖြင့်ရွတ်ဆိုခွင့်
မရလိုက်သည့် သိမ်မွေ့လှပသော ကဗျာတစ်ပုဒ် ဖြစ်သည်။
ဇွန်မိုးစက်
ဒီက
fast food ဆိုင်တွေမှာ သွားစားတဲ့အခါ အနောက်ဘက်ခြမ်းမှာလို စားပြီးတဲ့အခါ ကိုယ့်
tray ကို ပြန်ရှင်းပြီး သိမ်းပေးစရာမလိုဘူး။ ကိုယ်က အဲလို ပြန်သိမ်းပေးတဲ့ အကျင့်လေးတော့
နိုင်သရွေ့မဖျောက်ဘူး။ ပြန်သိမ်းပေးရလို့ ကိုယ့်အတွက် အပန်းမကြီးသလို၊ နေရာရှာနေစောင့်နေရတဲ့
နောက်လူတွေအတွက်လည်း ပိုအဆင်ပြေတယ်လို့မြင်တယ်။ အရှေ့ခြမ်းက ဆိုင်တွေမှာ ၀န်ဆောင်မှုပေးတဲ့အခါ
(ဈေးသက်သာတဲ့အတွက်) လူအင်အား များများပိုသုံးနိုင်တယ်။ အနောက်ဘက်မှာတော့ လုပ်အားခဈေးကြီးတာနဲ့အမျှ
လူနည်းနည်းနဲ့ပဲ ရအောင် စီမံလုပ်ကိုင်ကြတယ်။ ဒါကြောင့် အမြန်စာရောင်းတဲ့ဆိုင်တွေမှာ
စားပြီးတဲ့အခါ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်သိမ်းပေးတဲ့အလေ့ကို ကျင့်သုံးကြတာတွေ့ရတယ်။
ကိုယ့်အသိတစ်ယောက်ဝင်လုပ်တဲ့
လန်ဒန်က အတန်အသင့်နာမည်ရ ထိုင်းစားသောက်ဆိုင်မှာ ယောက်ျားဖြစ်သူက စားပွဲထိုး၊ ငွေသိမ်းပြီး
မိန်းမက ဟင်းချက်တယ်။ မိန်းမဖြစ်သူ ကိုယ်ဝန်ဆောင်တဲ့အခါကျမှ မီးဖိုချောင်အကူအတွက် လူထပ်ရှာလို့
သူငယ်ချင်းက ၀င်လုပ်ဖြစ်သွားတယ်။ လူနှစ်ယောက်ထဲနဲ့ပဲ ဆိုင်ကို run သွားတာ။ ကိုယ်စားဖူးတဲ့
အမြန်စာဘာဂါ ရောင်းတဲ့ဆိုင်မှာလည်း အနောက်တိုင်းလူမျိုး မန်နေဂျာကိုယ်တိုင် အော်ဒါလက်ခံ၊
ငွေသိမ်းပြီး လူရှင်းတဲ့အခါ သူကိုယ်တိုင် သန့်ရှင်းရေး ၀င်လုပ်နေတာ တွေ့ရတယ်။ သူတို့ဆီက
ဆိုင်တွေမှာ တတ်နိုင်သရွေ့ လူအင်အားချွေတာပြီး လုပ်ကြတာ အရှေ့ခြမ်းနဲ့တော့ အတော်လေးကွာတယ်။
လူနည်းပေမယ့် ၀န်ဆောင်မှုကတော့ အားမလျော့သွားဘူး။
စားသောက်တဲ့နေရာမှာတော့
သူတို့တွေဟာ ဓားနဲ့ခက်ရင်းကို ပိုအသုံးများလို့ထင်တယ်၊ ဇွန်းနဲ့ခက်ရင်းကို တွဲပြီး
စားလေ့သိပ်မရှိဘူး။ ဇွန်းခက်ရင်းတွဲပြီး ချပေးရင်တောင် ဇွန်းထက် ခက်ရင်းကို ပိုသုံးကြတာ
တွေ့ရတယ်။ အင်္ဂလိပ်တွေဟာ formal ကျကျ စားကြတဲ့အခါ ခက်ရင်းကို ဘယ်တော့မှ ပက်လက်လှန်စားတာမတွေ့ဘူးလို့
သူငယ်ချင်းတစ်ယောက်က ပြောပြတော့ ကိုယ်လည်း သတိထားကြည့်မိတယ်။ ဟုတ်တယ်၊ နံနက်စာ စားတဲ့အခါမျိုးမှာ
ပဲစေ့တွေကိုတောင် ခက်ရင်းမှောက်လျက် အနေထားပေါ်မှာပဲ ဓားနဲ့တွန်းတင်ပြီး စားတာတွေ့ရတယ်။ အမေရိကန်တွေကတော့
ခက်ရင်းကို ပုံစံမျိုးစုံကိုင်ပြီး စားနေကြတာပါပဲ။ ပြင်သစ်တွေက သောက်တဲ့ဝိုင်အမျိုးအစားပေါ် မူတည်ပြီး
ဖန်ခွက်ကို ပုံစံမျိုးစုံ ကိုင်သလို၊ ဂျပန်တွေကလည်း တူသုံးတဲ့အခါ စည်မျဉ်းလေးတွေ ရှိပြန်တယ်။
လူမျိုးတစ်မျိုး ပညတ်တစ်ခုစီပေါ့။ အဲလို လူတစ်မျိုးစီ မတူညီကြတဲ့ အပြုအမူ ဓလေ့စရိုက်လေးတွေကို
မြင်ရသိရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်။
ကိုယ်တို့ဆီမှာ
လမ်းညွှန်တဲ့အခါ ဘယ်နှစ်မှတ်တိုင်၊ ဘယ်နှစ်လမ်း၊ မန္တလေးဆို ဘယ်နှစ်ပြ စသဖြင့် အသုံးပြုကြပေမယ့်
သူတို့ကတော့ it’s about 3 mins walk, 5 mins walk လို့ပြောပြီး ညွှန်ကြတယ်။ တစ်ခါတုန်းက
ရပ်ကွက်တစ်ခုက အပြင်ဆောင်ကို ပြောင်းနေတော့ ကုန်စုံဆိုင်လိုက်ရှာရင်း လမ်းမှာတွေ့တဲ့
တစ်ယောက်ကို မေးလိုက်တာ သူက ဒီကနေ သုံးမိနစ်လောက်လျှောက်ရင် ရောက်ပြီတဲ့။ ကိုယ်လည်း
နာရီကြည့်လျှောက်တော့ သုံးမိနစ်ရောက်ပြီ ဆိုင်ကလည်း မတွေ့သေးဘူး၊ ဒါနဲ့ ဆက်လျှောက်တယ်၊
ငါးမိနစ်လောက်ရောက်လည်း မတွေ့ဘူး၊ နောက် ခုနစ်မိနစ်လောက်ရောက်မှ တွေ့တော့တယ်။ ပြောတော့
သုံးမိနစ်တဲ့၊ တကယ်တမ်း ကမှမကတာလို့ စိတ်ထဲမှာ တွေးလိုက်တယ်။ တကယ်တော့ ကိုယ့်ကို ပြောလိုက်တဲ့သူက
မမှားပါဘူး၊ ကိုယ်က သူတို့လောက် လမ်းလျှောက်တာမှ မမြန်တာ။ ကိုယ်မြန်တယ်ဆိုတာတောင် သူတို့ခြေလှမ်းတွေ
လိုက်လို့မမှီဘူး။ ကိုယ့်အရပ်နဲ့ ကိုယ့်နှုန်းနဲ့ကျတော့ သူတို့ညွှန်းလိုက်တဲ့ မိနစ်က
ကိုယ်လို သာမန်အရပ်နဲ့ အာရှတိုက်သူအတွက် အနည်းငယ် လွဲချော်သွားတော့တာ။
သူတို့ဆီက
သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ စာပို့စနစ်နဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေကို
ကိုယ်သိပ်သဘောကျမိတယ်။ ယုံကြည်စိတ်ချမှုလုံးလုံးမရှိရခဲ့တဲ့ စာပို့စနစ်နဲ့ နှစ်ပေါင်းများစွာ
အဆက်အသွယ် ပြုလုပ်ခဲ့ရတာကြောင့် ယူကေရဲ့ Royal Mail ၀န်ဆောင်မှုအပေါ် သိပ်အားရ သဘောကျခဲ့ရတယ်။
နိုင်ငံကူးလက်မှတ်၊ ဗီဇာ အစရှိတာတွေ သက်တမ်းတိုးဖို့ သံရုံးကို တကူးတကသွားစရာမလိုဘဲ
စာတိုက်ကနေ ကျသင့်ငွေနဲ့ ညီမျှတဲ့လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်မူရင်းကို စိတ်ချလက်ချ
ထည့်ပေးလိုက်လို့ရတယ်။ ကိစ္စ၀ိစ္စပြီးတဲ့အခါ ပတ်စ်ပို့လေးဟာ ကိုယ့်ဆီချောချောမောမောနဲ့
စာတိုက်ကနေ ပြန်ရောက်လာတာပါပဲ။ နောက်ထပ် သဘောကျတာတစ်ခုက ကျောင်းသားတွေဟာ အခွင့်ထူးခံတွေလို
ဘယ်နေရာသွားသွား ကျောင်းသားဆိုတဲ့ ကတ်လေးထုတ်ပြလိုက်တာနဲ့ နေရာတော်တော်များများမှာ
ထက်ဝက်နီးပါးလျှော့ဈေးနဲ့ ပြတိုက်ဝင်ကြည့်ခွင့်၊ ရုပ်ရှင်ကြည့်ခွင့်၊ ဈေးဝယ်ခွင့်တွေ
ရတာပါပဲ။ ကျောင်းသားကတ်နဲ့ဆို လေယာဉ်လက်မှတ်လည်း ဈေးချိုချိုနဲ့ ၀ယ်နိုင်တယ်။ စင်္ကာပူမှာ
ပုဂ္ဂိလကျောင်းတက်ခဲ့လို့ အစိုးရကျောင်းသားတွေနဲ့ တန်းတူအခွင့်အရေးမရခဲ့တဲ့ ကိုယ်ဟာ
အနောက်ဘက်ခြမ်းမှာတော့ နိုင်ငံတကာကျောင်းသားတွေနဲ့အတူ အခွင့်အရေး အပြည့်အ၀ရခဲ့လို့
အံ့သြကျေနပ်မိတယ်။
၂၀၁၂
လန်ဒန်အိုလံပစ်ဖွင့်ပွဲမှာ ယူကေနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့
တခုတ်တရ ထည့်သွင်းသရုပ်ဖော်သွားတာ တွေ့ရတယ်။ တကယ်လည်း ဂုဏ်ပြုထိုက်လောက်အောင် သူတို့နိုင်ငံရဲ့
ကျန်းမာရေးဝန်ဆောင်မှုက သိပ်ကောင်းပါတယ်။ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားဆက်ဆံတာမျိုး
မရှိပါဘူး။ GP တစ်ယောက်ဆီမှာ ကိုယ်က မှတ်ပုံတင်ထားလိုက်တာနဲ့ ဖျားနာဆေးရုံတက်တဲ့အခါ
ပုံသေသတ်မှတ်ထားတဲ့ ဆေးဖိုးကလွဲလို့ ကျန်တာ ဘာမှ မပေးရပါဘူး။ ဆေးဖိုးက ၆.၉ပေါင်လို့
သတ်မှတ်ထားရင် အဲဒီ့နှုန်းက ဆေးတစ်လုံးပဲဝယ်ဝယ်၊ တစ်လစာပဲဝယ်ဝယ်၊ ခြောက်လစာပဲဝယ်ဝယ်
၆ပေါင်နဲ့ပြား၉၀ပဲ ပေးရပါတယ်။ နိုင်ငံခြားသားမို့လည်း ပိုပေးစရာမလိုပါဘူး။ သူတို့နိုင်ငံသားတွေအတွက် လူတစ်ယောက်ချင်းစီရဲ့
အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ကြည့်ရှုထောက်ပံ့ပေးသေးတာမို့ ချို့တဲ့ဆင်းရဲ ၀င်ငွေနည်းလို့
ဆေးခန်းမပြနိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု မခံနိုင်တဲ့ အဖြစ်မျိုး မကြုံရတော့ပါဘူး။
ကိုယ်ကိုယ်တိုင်
ဆေးရုံတစ်ခါမှ မတက်ဖူးပေမယ့် ရောက်တဲ့နိုင်ငံမှာ ကိုယ်နဲ့အတူနေ မိသားစု၊ မိတ်ဆွေတွေ
ဆေးရုံတက်တာ မကြာခဏ ကြုံရတတ်ပါတယ်။ အဲဒီထဲမှာမှ ယူကေရောက်ခိုက် သူဆေးရုံတက်ခဲ့တုန်းက
အဖြစ်အပျက်လေးတွေဟာ ရယ်စရာ၊ အမှတ်ရစရာ ကောင်းခဲ့ပါတယ်။ အအေးကြိုက်တဲ့သူဟာ စိတ်ကူးထဲတောင်
တစ်ခါမှ ထင်မထားမိတဲ့ အဆုတ်ရောဂါ ရခဲ့ပါတယ်။ အအေးမိပြီး ချောင်းဆိုးနေတာ လနဲ့ချီပြီး
ကြာသွားတာနဲ့ သူ့ကို ဆေးခန်းပြဖို့ အတင်းတိုက်တွန်းယူရပါတယ်။ ဆေးခန်းပြလိုက်တာနဲ့ ဆရာဝန်က
ဓာတ်မှန်ရိုက်သွေးစစ်ဖို့ ချက်ချင်းဆေးရုံကို လွှတ်ပါတယ်။ ဆေးရုံရောက်တော့ အသက်သိပ်မကြီးသေးပေမယ့်
ထက်ထက်မြက်မြက်ရှိတဲ့ အိန္ဒိယနွယ်ဖွား ယူကေနိုင်ငံသား ဆရာဝန်က လိုအပ်တာတွေ စစ်ဆေးပြီး
အိမ်ပြန်မလွှတ်တော့ဘဲ ဆေးရုံ တန်းတက်ခိုင်းလိုက်တော့တာပါပဲ။ ကူးစက်တတ်တဲ့ရောဂါမို့ ထင်ပါတယ်၊
လူနာတစ်ယောက်ချင်းစီကို ရေချိုးခန်း၊ အိမ်သာ၊ တီဗီ၊ ဆိုဖာဆက်တီ အပြည့်အစုံပါတဲ့ အခန်းကျယ်တစ်ခုထဲမှာ
ထားပါတယ်။ သူနဲ့အနီးကပ်နေတဲ့သူ၊ တစ်အိမ်တည်း၊ တစ်ဆောင်တည်း နေတဲ့သူတွေ အကုန်လုံး ဆေးစစ်ဖို့
စာပို့ပြီး ညွှန်ကြားပါတယ်။ ကိုယ်တို့အဆောင်က ကျောင်းသားတွေကလည်း ခပ်ပြောင်ပြောင်ပါပဲ။
သူ့ရည်းစားဖြစ်တဲ့ကိုယ်တောင် ဘာမှ မဖြစ်တာ၊ သူတို့က ဖြစ်စရာအကြောင်းမရှိဘူးဆိုပြီး
တစ်ယောက်မှ ဆေးရုံကို မသွားပါဘူး။
သူကတော့
ဆေးတွေစားတဲ့ဒဏ်နဲ့ ၀ိတ်တွေကျပြီး သိပ်မလှုပ်နိုင်၊ မရှားနိုင် ဖြစ်နေချိန်မှာ ကိုယ်ကတော့
သူ့ကို သွားကြည့်ပြီး ဆေးရုံမှာ ဇိမ်ကျနေတော့တာ။ အစားအသောက်က မနက်၊ နေ့လည်၊ ညနေစာ တွေကို
မီးနူးနဲ့ကျွေးတာမို့ ကိုယ်ကြိုက်တာ အမှတ်ခြစ်ပြီး မှာစားလို့ရတယ်လေ။ သူမကြိုက်တဲ့အစားအသောက်တွေ၊
ပိုတဲ့ဟာတွေ ကိုယ်ကယူစားပြီး လိုအပ်ရင် သူ့ကို ပိုမှာခိုင်းလိုက်သေးတယ်။ ဥပမာ ကိုယ်ကြိုက်တဲ့
အသီးတို့ ပူတင်းတို့၊ ချော့ကလက်တို့ဆိုရင် ကိုယ်ပါစားရအောင် တစ်ခုပိုယူထားခိုင်းလိုက်တယ်။
တကယ်လို့ ဆေးရုံကကျွေးတာ မစားချင်ရင် အပြင်ဆိုင်ကနေ ကိုယ့်ဘာသာ အော်ဒါမှာလို့ရအောင်လည်း
စီစဉ်ထားပေးတယ်။ ကိုယ်က လူနာကို အမှီပြုပြီး မုန့်တွေစားလိုက်၊ တီဗီကြည့်လိုက်နဲ့ ဧည့်ချိန်ကုန်မှပဲ
မပြန်ချင်ပြန်ချင်နဲ့ ပြန်လာလိုက်တယ်။ တစ်ရက် တီဗီမှာ ကိုယ်သိပ်ကြိုက်တဲ့ အင်ဒီယာနာဂျူံးရုပ်ရှင်ပြနေတုန်း
အားပါးတရနဲ့ ဆိုဖာပေါ်မှီပြီး ကြည့်နေလိုက်တာ သူနာပြုက တံခါးလာခေါက်ပြီး အသံကျယ်နေလို့
တိုးပေးပါလို့ ပြောယူရတယ်။ ကိုယ်လည်း အားနာနာနဲ့ တောင်းပန်ပြီး အသံတိုးပေးလိုက်တယ်။
အဲဒီ့တော့မှ ကိုယ်ဆေးရုံမှာ ရောက်နေပါလား ဆိုတဲ့အသိက ပြန်ဝင်သွားတာ။
တစ်ညနေတော့
ကိုယ်ပြန်ခါနီး သူ့မေးရိုးက မတော်မဆပြုတ်သွားတယ်။ ခါတိုင်းအဲလိုဖြစ်ရင် သူ့ဘာသာ ပြန်တပ်တတ်တယ်။
ခုကျတော့ သူက အားသိပ်မရှိတော့ ပြန်တပ်လို့မရဘဲ ပါးစပ်ကြီးက ဟနေတော့တာ။ ကိုယ်လည်း နိုက်ဂျူတီကျ
ဆရာဝန်ကို ပြေးခေါ်တယ်။ သူနာပြုလည်း ရောက်လာတယ်။ ဖြစ်ချင်တော့ ဆရာဝန်မလေးက ဟောက်စ်ဆာဂျင်လား မသိဘူး၊
တော်တော်ငယ်ပြီး အတွေ့အကြုံရှိပုံ မရဘူး။ သူ့ကိုကြည့်ပြီး ဘာလုပ်ပေးရမှန်း မသိဘူးဖြစ်နေတယ်။
ကိုယ်ကလည်း တတ်သလောက်မှတ်သလောက် ဒီလိုလုပ်ကြည့်ပါလို့ အကြံပြုတယ်။ ဒါပေမယ့် ဆရာဝန်မလေးက
လက်မရဲဘူးဖြစ်နေတယ်။ ဆရာဝန်မလေး အပြင်ထွက်သွားပြီး ခဏနေတော့ နောက်ထပ်ဆရာဝန်တစ်ယောက်ပါလာတယ်။
ကိုယ်က ဆရာဝန်မြင်လိုက်တည်းက သိတယ်၊ ဒီကိစ္စပြေလည်တော့မှာလို့။ ဟုတ်တယ်… ဆရာဝန်က ထောင်ထောင်မောင်းမောင်း
လူမည်းအမျိုးသား၊ သူက လူနာကို တစ်ချက်ကြည့်ပြီးတာနဲ့ မေးရိုးကို အားနဲ့ ဆတ်ကနဲဖိပြီး
ပြန်တပ်ပေးလိုက်တာ ဟနေတဲ့ပါးစပ်လည်း ပိတ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ ကိုယ်တို့အားလုံးလည်း
ဟင်းချ ၀မ်းသာသွားပြီး ဆရာဝန်ကြီးကို ကျေးဇူးဝိုင်းတင်ကြရတာ။ ကိုယ်လည်းပဲ အဲတော့မှ
တက္ကစီခေါ်ပြီး အိမ်ကို စိတ်ချလက်ချ ပြန်နိုင်တော့တယ်။
ဆေးရုံမှာ
ရက်နှစ်ဆယ်လောက်နေပြီး ပြန်ဆင်းတဲ့နေ့မှာ ကိုယ်တို့နှစ်ယောက်လုံး နဲနဲလန့်နေကြတယ်။
နိုင်ငံခြားသား ကျောင်းသားတွေလည်းဖြစ်ပြန်၊ သူများနိုင်ငံမှာ ဆေးရုံတစ်ခါမှ မတက်ဖူးတော့
ဆေးရုံတက်ခတွေ၊ ဆေးဖိုးတွေ ဘယ်လောက်တောင် ပေးရတော့မလဲ ဆိုပြီးတော့…။ ငွေရှင်းကောင်တာရောက်တော့
သူ့ကို နောက်ထပ် ဆက်သောက်ရမယ့် ခြောက်လစာအတွက် ဆေးပေးပြီး သူတို့ သတ်မှတ်ထားတဲ့ ဆေးဖိုးငွေ
ခြောက်ပေါင်ကျော်နဲ့ပဲ ဘီလ်ထွက်လာတယ်။ ဒီတော့မှ ကိုယ်တို့ရင်ထဲက အလုံးကြီးလည်း ကျသွားတော့တယ်။
ခြောက်လအတွင်း သူ့ကို ဆေးမှန်မှန်သောက်ဖို့ မပြတ်သတိပေးရင်း၊ ကြားထဲမှာ နှစ်လတစ်ခါ
ဆေးရုံမှာ ဆေးသွားစစ်ရင်း၊ ဓာတ်မှန်ရိုက်ရင်းနဲ့ ခြောက်လကြာတဲ့အခါမှာတော့ သူ့အဆုတ်ရောဂါလည်း
ပျောက်ချင်းမလှ ပျောက်သွားတော့တယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် သူဆေးရုံတက်နေစဉ်က စားခဲ့သောက်ခဲ့၊
တီဗီကြည့်ခဲ့ရတာလေးတွေကို အမှတ်ရရင်း ပြုံးနေမိတော့တာ...။
အမေနှစ်ယောက်ရှိတယ်…။
တစ်ယောက်က
ချောမောပိန်သွယ် မြန်မာဆန်ပြီး တစ်ယောက်က တောက်ပထက်မြက်တဲ့ မျက်လုံးတွေ ပိုင်ဆိုင်တယ်။
တစ်ယောက်က
မိခင်ဇနီးအိမ်ရှင်မကောင်း ပီသခဲ့ပြီး တစ်ယောက်က လူဦးရေ ၅၉သန်းရှိတဲ့ နိုင်ငံအတွက်
ယုံကြည်အားကိုးရာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။
တစ်ယောက်က
မိုင်ထောင်ချီဝေးတဲ့ အနောက်အရပ်မှာ ကျန်နေခဲ့တဲ့ မိသားစုအတွက် ပူပင်သောကရှိခဲ့ပေမယ့် တစ်ယောက်က
သူယုံကြည်ရာပန်းတိုင်အတွက် ငြိမ်းချမ်းရဲရင့်စွာ၊ တစ်ကိုယ်တည်း အထီးကျန်စွာ တိုက်ပွဲဝင်ခဲ့တယ်။
တစ်ယောက်က
သူမအပေါ် သူမတူအောင် နားလည်ပံ့ပိုး ချစ်မြတ်နိုးတဲ့ ခင်ပွန်းဖြစ်သူနဲ့သားနှစ်ယောက်ကို
သတိရလွမ်းဆွတ်နေခဲ့ပြီး တစ်ယောက်က သူမချစ်ရတဲ့ တိုင်းသူပြည်သားလူအများ စိတ်လုံခြုံလွတ်လပ်မှုရဖို့အတွက်
စဉ်းစားပေးနေခဲ့တယ်။
တစ်ယောက်က
နိုဗယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခံရပြီး တစ်ယောက်က သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
လက်လွှတ်ခဲ့ရတယ်။
တစ်ယောက်က
ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးခရီး ပို့ဆောင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး တစ်ယောက်က သူ့အသက်ရှင်သန်နေသရွေ့ တိုင်းပြည်အရေးသာ ဦးစားပေးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
တစ်ယောက်က
နေအိမ်အကျယ်ချုပ်ဘ၀က လွတ်မြောက်ခဲ့ပြီး တစ်ယောက်က နာရီလက်တံတွေ ရွေ့လျား ခေါ်ဆောင်ရာနောက်ကို
လိုက်ပါလာခဲ့တယ်။
တစ်ယောက်က
သားငယ်ကိုပွေ့ဖက် ပီတိအပြုံးနဲ့ ဆီးကြိုခဲ့ပြီး တစ်ယောက်က မမြင်တာကြာပြီဖြစ်တဲ့ သားကြီးအကြောင်း
မျှော်လင့်နားစွင့်နေခဲ့တယ်။
တစ်ယောက်က
အသက်ရလာပြီး ပင်ပန်းနွမ်းနယ်မှုတွေရှိလာပေမယ့် တစ်ယောက်က ခရီးတွေသွားပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ
မိန့်ခွန်းတွေ ပြောနေခဲ့တယ်။
တစ်ယောက်က
သားမြေးတွေနဲ့ အတူနေပြီး အနားယူချင်ပေမယ့် တစ်ယောက်က အနားမနေဘဲ နိုင်ငံနဲ့လူမျိုးအတွက်
စွမ်းသမျှ လုပ်ဆောင်ပေးဖို့ ခွန်အားတွေ မွေးနေခဲ့တယ်။
အမေနှစ်ယောက်လုံး ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၆၇နှစ်မြောက် မွေးနေ့မင်္ဂလာကို မိသားစုနဲ့အတူ အမှတ်တရ
ကျင်းပခွင့်ရလို့ ကြည်နူးဝမ်းသာနေကြတယ်။
သားနှစ်ယောက်ရဲ့အမေ၊ ကမ္ဘာမှာ မြန်မာကို ကိုယ်စားပြုခဲ့တဲ့အမေ… အသက်ရှည်ကျန်းမာ ဘေးအန္တရာယ်ကင်းပါစေ။
၁၉.၆.၂၀၁၂ အတွက်
ဇွန်မိုးစက်
အဲဒီ့နေ့က
စနေမိုးစွေ ရွာခဲ့ပါသတဲ့။ ထူးခြားတာတစ်ခုက ဘယ်ကလာမှန်းမသိတဲ့ မြွေတစ်ကောင်ဟာ အိမ်နောက်ဖေးပေါက်ကနေ
အိမ်ရှေ့ကို တန်းတန်းမတ်မတ် ဖြတ်ပြီး ဘယ်သူ့ကိုမှ ရန်မမူဘဲ ခြံထဲကို ဆင်းသွားတယ်တဲ့။
မြွေဖြတ်သွားတဲ့အချိန် နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ မိန်းမပျိုတစ်ယောက်က အလန့်တကြား ထခုန်မိခဲ့ပေမယ့်
အိမ်ထဲမှာရှိနေတဲ့ တစ်စုံတစ်ယောက်က အမှတ်မထင် နံရံပေါ်က နာရီကို လှမ်းကြည့်မိသွားတယ်။
ညရောက်တော့ ဆေးရုံကပြန်လာတဲ့သူကို ဖွားမြင်တဲ့ ကလေးအကြောင်း မေးကြည့်ရင်း အိမ်ထဲကို
မြွေဖြတ်သွားတဲ့အချိန်နဲ့ ကလေးမျက်နှာမြင်ချိန် တိုက်ဆိုင်နေတာကို အံ့သြစွာနဲ့ သိလိုက်ရတယ်။
အဲဒီ့မြွေကိုတော့ နောက်ထပ်မတွေ့ရတော့ဘူးတဲ့။
ဒါနဲ့ပဲ
လူကြီးတွေက ဒီကလေးဟာ မြွေနဲ့အဆက်အစပ် ရှိရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ သူတို့ ယုံကြည်သလိုပဲ
အဲဒီ့ကလေးမလေးဟာ မြွေနဲ့အကျိုးပေးတယ်။ မြွေကို မြင်ရင် လိုချင်တာ ဆုတောင်းလို့ ဘေးအိမ်က
ဦးလေးကြီး သင်ပေးထားတဲ့အတိုင်း လိုက်ဆုတောင်းတာ ထူးဆန်းစွာနဲ့ တကယ်ပြည့်ခဲ့တယ်။ မြွေပေါတဲ့အရပ်မှာနေပေမယ့်
မြွေကို နဲနဲလေးမှ မကြောက်ဘူး။ မြွေမြင်ရင် အနီးကပ်ကြည့်ချင်တယ်။ စိတ်ဝင်စားတယ်။ အနီးအနားလမ်းမှာ
မြွေအရှင်အဖြစ်ဖြစ်၊ အသေဖြစ်ဖြစ်တွေ့တယ်လို့ သတင်းကြားရင် သွားကြည့်ချင်တယ်။ တစ်ခါက
အိမ်ရှေ့က အုန်းပင်အောက်မှာ လင်းမြွေလာခွေနေလို့ လူကြီးတွေ မသိအောင် အနီးကပ် သွားကြည့်လိုက်သေးတယ်။
မြွေကိုမြင်ရတဲ့အခါ သူမကို ရန်မမူတဲ့အပြင် ပြုံးပြနေတယ်လို့တောင် ထင်တယ်။
ကလေးဘ၀က
တိရစ္ဆာန်ဥယျာဉ်ကို သွားလည်တဲ့အခါ သူမ အရင်ဆုံးကြည့်ချင်တာ၊ သွားချင်တာ၊ မြွေတွေ ရှိတဲ့နေရာကိုပဲ။
အဲ့ဒီနေရာကို မရောက်မှာ မကြည့်လိုက်ရမှာ စိုးရိမ်တယ်။ ကျန်တဲ့နေရာတွေသာ မမှတ်မိတာ၊
မြွေတွေရှိတဲ့နေရာကိုတော့ တိရစ္ဆာန်ဥယျာဉ် ပထမဆုံးတစ်ခေါက် ရောက်ဖူးကတည်းက မှတ်မိတယ်။ မိုးရာသီမှာ
အိမ်အပေါ်ထပ်ဝရန်တာပေါ်ကနေ အောက်မှာ မြင်ရတဲ့ ရေမြွေသေးသေးလေးတွေကို စာကလေးခွေ ချကျွေးချင်
ကျွေးတတ်တာ။ မြွေကားဆိုလည်း အရမ်းကြိုက်တယ်။ ငယ်ငယ်က တီဗွီမှာပြတဲ့ အဖြူအမည်း မြွေမင်းသားနဲ့
မြန်မာကားလာရင် စိတ်ဝင်တစားကြည့်တယ်။ မြွေမင်းသားနဲ့ပေါင်းဖက်ပြီး မွေးလာတဲ့ ကလေးလေးခေါင်းမှာ
ဆံပင်တွေအစား မြွေလေးတွေ တွဲလောင်းကျနေတာတောင် မှတ်မိသေးတယ်။ မြွေဆို အရမ်းကြောက်တတ်ပြီး
မြွေပုံပါရင် စာအုပ်ကို လွှတ်ချတဲ့ အဒေါ်တစ်ယောက်ကို ဘာကြောင့် သူ ဒီလောက် မြွေကြောက်တတ်ရတာလဲဆိုပြီး
နားမလည်နိုင်ခဲ့ဘူး။
ခုတော့ မြွေမမြင်ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ မြွေအကြောင်း စိတ်ဝင်တစား ရှိသေးပေမယ့် အရင်ကလောက် မရင်းနှီးတော့ဘူး။ အရင်ကထက်စာရင် မြွေကို နဲနဲကြောက်တတ်လာသလိုပဲ။ အသက်ကြီးလာလို့များလား။ မြွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်တာထက်စာရင် အတိတ်ဘ၀ အတော်များများမှာ မြွေဖြစ်ခဲ့ဖူး၊ မြွေနဲ့ပတ်သက်ခဲ့ဖူးတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ပဲ မှတ်ချက်ချမိတယ်။ တကယ်တော့ ဂင်္ဂါဝါဠု သဲစုမကတဲ့ ဘုရားတွေတောင် အဆူဆူ ပွင့်သွားပြီးပြီ။ ကိုယ်က ခုချိန်ထိ သံသရာမှာ ကျင်လည်နေတုန်းပဲဆိုတော့ ကိုယ်မဖြစ်ခဲ့ဖူးတဲ့ သတ္တ၀ါတောင် ရှိချင်မှ ရှိလိမ့်မယ်။
ခက်ခဲလှတဲ့ လူ့ဘ၀ရခိုက်လေး၊ စစ်မှန်တဲ့ဘာသာတရား ယုံကြည်ကိုးကွယ်ခွင့်ရခိုက်လေးမှာ သံသရာက ကျွတ်တမ်းမ၀င်သည့်တိုင်အောင် သံသရာတိုအောင် မလုပ်နိုင်ခဲ့ရင် ကိုယ့်လောက်မိုက်တဲ့သူရှိမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ကုသိုလ်တရားတွေ ဆက်ကာဆက်ကာမလုပ်ဖြစ်ရင် လူဖြစ်ရကျိုးလည်း နပ်မှာမဟုတ်ဘူး။ အသက်တစ်နှစ်ကြီးလာတဲ့နဲ့အမျှ အကုသိုလ်တရားထက် ကုသိုလ်တရားပိုပြုမိဖို့ အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးနေရင်း၊ ဖြစ်လာသမျှ၊ ဖြစ်ခဲ့သမျှ အပါယ်ရောက်နိုင်တဲ့ ဒေါသအကုသိုလ်စိတ်တွေကို ချုပ်တည်းဖြေဖျောက် လျှော့ချဖို့ကြိုးစားရင်းနဲ့ ဂဏန်းနှစ်လုံးထပ်တူဖြစ်သွားတဲ့ မွေးနေ့ကို ကြိုဆိုလိုက်ပါတယ်။
ဟက်ပီပူးဒေး….
ဇွန်မိုးစက်!
Subscribe to:
Posts
(
Atom
)
