တစ်ခါတုန်းက အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။
အနီရောင်မကြိုက်တဲ့ ကောင်မလေးဆိုတော့ သူ့အသုံးအဆောင်ပစ္စည်းတော်တော်များများဟာလည်း အနီကလွဲပြီး
ကျန်တဲ့အရောင်တွေ ဖြစ်နေတာပေါ့ကွယ်။
အနီရောင်မကြိုက်တဲ့ ကောင်မလေးဆယ်ကျော်သက်အရွယ်မှာ
အနီရောင်လွယ်အိတ်လေးတစ်လုံး လက်ဆောင်ရသတဲ့။ ကောင်မလေးက အနီရောင်မကြိုက်ပေမယ့် လွယ်အိတ်လေးကို
ချစ်လို့လက်ခံယူထားလိုက်တယ်။ တခါတလေမှာလည်း အဲဒီ့အနီရောင်လွယ်အိတ်လေးကို ထုတ်လွယ်တတ်တယ်။
ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်တော့ အနီရောင်မကြိုက်တဲ့ကောင်မလေးမှာ
ချစ်သူတစ်ယောက်ရလာတယ်။ ကောင်မလေးရဲ့ချစ်သူဟာ အနီရောင်ကြိုက်သူဖြစ်နေတာကို ကောင်မလေးက
မကြိုက်ဘူးတဲ့။ အရောင်နဲ့ပတ်သက်လာရင် သူတို့နှစ်ယောက် ခဏခဏ စကားများကြတယ်။ ဒါပေမယ့်
ချစ်သူရဲ့ ဗောက်စ်ဝက်ဂွန်ပါဆက်ကားအနီလေးကိုတော့ ကောင်မလေးက ချစ်သတဲ့။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးဟာ
ကားလေးကို ချစ်လွန်းလို့ အိပ်မက်ထဲအထိတောင် ထည့်မက်ကြတဲ့အထိ ဆိုပါတော့ကွယ်။
အနီရောင်မကြိုက်တဲ့ကောင်မလေး အိပ်မက်က
လန့်နိုးလာတဲ့တစ်ရက်မှာ သူ့အသက်ဟာ ရှိရင်းစွဲထက် ၇နှစ်လောက် ပိုကြီးနေတယ်။
အသက်တွေကြီးလာပေမယ့် ကောင်မလေးကတော့ အနီရောင်ကိုဆက်ပြီး မနှစ်သက်နေတုန်းပဲတဲ့။ အနီရောင်ပန်းသီးထက်
အစိမ်းရောင်ပန်းသီးကိုပဲ စားတာမျိုး၊ ပန်းအိုးထိုးတဲ့အခါမှာလည်း အနီရောင်အဆင်းရှိတဲ့
နှင်းဆီထက် အ၀ါနဲ့အဖြူကိုပဲ ရွေးပြီးထိုးတာမျိုးတွေ ဆက်လုပ်နေတယ်။
မမျှော်လင့်တဲ့နေ့တစ်နေ့မှာ ကောင်မလေးဟာ
အနီရောင်ရှိတဲ့ ရေဗူးလေးတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိလိုက်သတဲ့။ အနီရောင်မကြိုက်ပေမယ့်
သာမန်ရေဗူးတွေနဲ့မတူဘဲ အနည်းငယ်ထူးခြားတဲ့ အဲဒီ့ရေဗူးလေးကို ကောင်မလေးက သူ့ရုံးကို
ယူသွားပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ကောင်မလေးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ အနီရဲရဲရေဗူးလေးကိုမြင်လိုက်တယ်ဆိုရင်ပဲ
ဟား…ဟား… အဲဒါ ရေဗူးလား၊ မီးသတ်ဗူးလားဆိုပြီး ကောင်မလေးကို စနောက်ပြီး မေးသတဲ့။ ကောင်မလေးက ရှက်သွားပေမယ့် ရေဗူးပါလို့ ပြန်ဖြေလိုက်တယ်။
သိပ်မကြာခင်မှာဘဲ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆီကို
နောက်ထပ်အနီရောင်လက်ဆောင် သေးသေးလေးတစ်ခု
ရောက်လာပြန်တယ်။ ဒီတစ်ခါ ကောင်မလေးလက်ခံရရှိတဲ့
အနီရောင်ပစ္စည်းလေးက Army Knife လို့ခေါ်တဲ့ တပ်သုံးခေါက်ဓားလေးတစ်ခုဖြစ်နေတယ်။ ကောင်မလေးက
သိပ်မ၀င်စားလို့ ဓားလေးကို ဘယ်ပြန်ညာပြန် သေသေချာချာတောင် မကြည့်မိဘူးတဲ့။
မထင်မှတ်ဘဲ အဲ့ဒီခေါက်ဓားနီလေးဟာ ကောင်မလေးအတွက်
အလွန်အသုံးဝင်တဲ့ပစ္စည်း ဖြစ်လာခဲ့တယ်။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဟာ ခေါက်ဓားနီလေးကို
ကိုယ်နဲ့မကွာဆောင်ယူတတ်တဲ့အကျင့်လည်း ရလာသတဲ့။
တကယ်ဆို ကောင်မလေးဟာ အနီရောင်ကို မကြိုက်ဘူး။
ဒါပေမယ့်… … ….
ကမ္ဘာပေါ်မှာ အဲဒီ့ဓားလေးနဲ့ အရောင်တူ၊
အရွယ်အစားတူ ဓားတွေ သန်းနဲ့ချီပြီး ရှိချင်ရှိလိမ့်မယ်။ ဒါပေမယ့် ကောင်မလေးနာမည် သီးသန့်ရေးထိုးထားတဲ့
အနီရောင်ဆွစ်ဇ်ခေါက်ဓားလေးက ဒီကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတယ်လို့ သိလိုက်ရပြီးနောက်ပိုင်းမှာ
ကောင်မလေးဟာ အဲဒီ့ခေါက်ဓားနီလေးကို အရင်ကထက်ပိုပြီး ဂရုတစိုက်နဲ့ ချစ်တတ်လာခဲ့သတဲ့ကွယ်။
ကဲ... အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့
အနီရောင်ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။
အားလုံးပဲ ဟက်ပီးဘလော့ဂင်းပါ။း)
ဇွန်မိုးစက်
အရင်နှစ်တွေမှာ Blog Day အမှတ်တရအတွက်
ဇွန်နဲ့ဆုံခဲ့ဖူးတဲ့ ဘလော့ဂ်ရွာသူ၊ ရွာသားများအကြောင်းကို ရေးလေ့ရှိပါတယ်။ တကယ်တမ်း
ဘလော့ဂ်ဒေးမှာ ဘလော့ဂ်အမှတ်တရစာများအပြင် ဘလော့ဂ်အသစ်များကို မိတ်ဆက်ပေးတဲ့ အစဉ်အလာရှိခဲ့ပေမယ့်
ဇွန့်အနေနဲ့ ဘလော့ဂ်အသစ်များကို သိပ်မသိခဲ့တာကြောင့် မိတ်ဆက်ပေးတာမျိုး မရှိခဲ့ပါဘူး။
ဒီနှစ်ဘလော့ဂ်ဒေးအတွက်တော့ ဇွန်ရေးနေကျအတိုင်း ဆုံခဲ့ရတဲ့ ဘလော့ဂါတချို့အပြင် မျှဝေချင်တဲ့
ဘလော့ဂ်တစ်ခု ရှိလာပါတယ်။ အဲဒါနဲ့ဆက်စပ်နေတဲ့ နောက်ထပ်အကြောင်းရာတစ်ခုကိုလည်း ရေးချင်စိတ်ပေါ်လာတာမို့
ဒီပို့စ်လေးကို အပိုင်းသုံးပိုင်းခွဲပြီး ရေးလိုက်ရပါတယ်။
Blogger
ပြီးခဲ့တဲ့နှစ် 31st
August 2013 မှာ ကျရောက်ခဲ့တဲ့ Blog Day နောက်ပိုင်းကနေ အခုဒီစာကို ဇွန်ရေးနေချိန်
30th August 2014 အထိ တစ်နှစ်တိတိအတွင်းမှာ ထပ်မံတွေ့ဆုံခဲ့ရတဲ့ ဘလော့ဂါအစ်မနှစ်ယောက်
ရှိပါတယ်။ အစ်မတီတီဆွိနဲ့ အစ်မမေ (မေဓာဝီ) တို့ပါ။ အစ်မတီတီဆွိနဲ့ စင်္ကာပူမှာ တစ်ခါမှ
လူချင်းမဆုံဖြစ်ခဲ့ဘဲ ဆစ်ဒနီရောက်မှ ဆုံဖူးတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြုလုပ်ကျင်းပခဲ့တဲ့
ဆစ်ဒနီပဏ္ဍိတရာမကျောင်းတိုက်ရဲ့ ကထိန်သင်္ကန်းကပ်ပွဲမှာ အစ်မနဲ့ စတွေ့ခဲ့ပါတယ်။ ဖော်ရွေသွက်လက်တဲ့အစ်မဆွိနဲ့အတူ
သဘောကောင်းတဲ့ဦးခြိမ့်ရော ချစ်စရာကောင်းတဲ့ဂျူဂျူလေးကိုပါ သိခွင့်ရခဲ့ပါတယ်။ ၂၀၁၄
နှစ်ဆန်းပိုင်းမှာ ပဏ္ဍိတရာမကျောင်းက မြန်မာမိသားစုဝင်တွေစုပြီး တော်ဝင်အမျိုးသားဥယျာဉ်ထဲ
ပျော်ပွဲစားထွက်ကြတဲ့နေ့မှာ အစ်မတို့မိသားစုနဲ့အတူတူ လိုက်ပါဆင်နွှဲခွင့်ရခဲ့တာ ဇွန့်အတွက်
အမှတ်တရပါပဲ။ အစ်မတို့အတွက်တော့ ရေလယ်ခေါင်မှာ တက်တစ်ချောင်းနဲ့ တ၀ဲလည်လည်ဖြစ်နေတဲ့
ဇွန့်ကို ပိုအမှတ်ရနေမယ်လို့ ထင်ပါတယ်။း) တစ်သက်နဲ့တစ်ကိုယ် လှေတစ်ခါမှမလှော်ဘူးတဲ့ဇွန်က
ကမ္ဘာ့ဒုတိယသက်တမ်းအရင့်ဆုံး အမျိုးသားပန်းခြံရဲ့ ချောင်းလေးထက်က ကနူးလှေဦးပိုင်းမှာထိုင်ပြီး
ကြိုးစားလှော်ခတ်ပေမယ့် ရေလယ်ခေါင်ကနေ တော်တော်နဲ့ ကမ်းမကပ်၊ ပန်းမ၀င်နိုင်ခဲ့တဲ့အဖြစ်ကို
ပြန်တွေးမိတိုင်း ရယ်နေရပါတယ်။ ဇွန်ကတော့ ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပါပဲ။
:D
ဇွန်မြန်မာပြည်ပြန်ရောက်ခဲ့တဲ့ မတ်လနောက်ပိုင်းကစလို့
တွေ့ဆုံမိတဲ့ ဘလော့ဂါတစ်ယောက်ပဲ ရှိပါသေးတယ်။ မြန်မာစာကို နှံ့နှံ့စပ်စပ်ကျွမ်းကျင်ပြီး
စာတိုပေစ ကဗျာလေးတွေ ထိထိမိမိ ရေးဖွဲ့တတ်တဲ့ မမေလို့ခေါ်တဲ့ အစ်မမေဓာဝီပါ။ မမေနဲ့ဇွန်တို့အိမ်က
နီးပါတယ်။ ကားနဲ့ဆို ပွိုင့်မမိရင် ငါးမိနစ်၊ ပွိုင့်မိရင်ဆယ်မိနစ်အတွင်းရောက်နိုင်တဲ့
အကွာအဝေးမှာရှိပြီး လမ်းလျှောက်ရင်တော့ မိနစ်နှစ်ဆယ်အစိတ်လောက်မှာ ရှိပါတယ်။ မမေက သူ့ဘလော့ဂ်ထိပ်စီးမှာ
တွေ့ရတဲ့ စာသားလေးလိုပဲ အမှန်တရားနဲ့ ပတ်သက်လာရင် မဟုတ်မခံစိတ်အပြည့်နဲ့ တုံ့ပြန်ခေါင်းမော့ပြီး
ရှေ့ကိုရဲရဲချီတက်နေသူနဲ့တူပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မမေကလည်း လသာ၂ကျောင်းသူဟောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ
အဲဒီ့နေ့မှာ သိလိုက်ရပါတယ်။ မမေကိုယ်တိုင်ဦးစီးသင်ကြားပေးနေတဲ့ May International
School မှာ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို သင်ရိုးထဲမှာ ထည့်ထားတဲ့အကြောင်း နားထောင်လိုက်ရတော့
အစ်မကို ခင်မင်စိတ်ထက်ပိုတဲ့ လေးစားစိတ်ပါ ဖြစ်ရပါတယ်။ သူရောကိုယ်ပါ အချိန်ရှားပါးသူတွေ
ဖြစ်ကြပေမယ့် တွေ့တွေ့ချင်း နှုတ်ဆက်ရာကနေ စကားတွေပြောဖြစ်လိုက်တာ တစ်နာရီနီးပါး ကြာသွားတဲ့အထိပါပဲ။
အဲ့ဒီနောက်ပိုင်း ထပ်မတွေ့ဖြစ်ကြပေမယ့် စိတ်ထဲမှာ သတိတရ ရှိနေပါတယ်။
တကယ်လို့များ ရန်ကုန်ပြန်ရောက်နေတဲ့
ဇွန်သာ တီတင့်အိမ်မှာ မုန့်လုပ်ကျွေးလို့ ဖိတ်ခေါ်တိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် သွားဖြစ်ခဲ့ရင်
တခြားဘလော့ဂါတွေနဲ့ တွေ့ဆုံရင်းနှီးခွင့်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အိမ်အလုပ်တစ်ဖက်၊
လူမမာတစ်ဖက်နဲ့ အချိန်ရှားပါးတဲ့ဇွန်တစ်ယောက် တီတင့်ဆီမလာနိုင်တာကို နားလည်ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်မိပါတယ်။
Blog
Blog ဆိုတဲ့အသံကြားလိုက်ရင် အလိုလိုနားစွင့်ပြီးသား
ဖြစ်နေတာ ဘလော့ဂါတစ်ယောက်ရဲ့ ပုံမှန်သဘာဝပဲလို့ထင်ပါတယ်။ ဆစ်ဒနီတက္ကသိုလ်ရဲ့ ကျောင်းသားသစ်တွေကို
မြို့ရဲ့အထင်ကရနေရာတွေဆီ အမှတ်တရ လိုက်ပို့ပေးတဲ့ခရီးစဉ်မှာ ဥရောပတိုက်က ကျောင်းသူလေးတစ်ယောက်က
သူ့ဘလော့ဂ်အကြောင်းပြောနေတာကို ကြားလိုက်ရတာနဲ့ ဇွန်ရဲ့အကြားအာရုံတွေက သူ့စကားသံဆီ
ချက်ခြင်းဆိုသလို ရောက်ရှိသွားခဲ့ပါတယ်။ ဘေးက အဖော်ကောင်လေးနှစ်ယောက်ကို သူရဲ့ ဥရောပသံဝဲ၀ဲလေးလေးနဲ့
ပြောသမျှစကားလုံးတွေ အကုန်နားမလည်ခဲ့ပေမယ့် သူ့ဘလော့ဂ်မှာ စာဖတ်သူတွေ များလာကြောင်း၊
အင်္ဂလိပ်လိုပါရေးဖို့ တောင်းဆိုသူတွေ ရှိလာတဲ့အတွက် အခုခါမှာ ဘာသာနှစ်မျိုးနဲ့ ရေးနေရလို့
သူ့အတွက် အချိန်အရမ်းပေးရကြောင်းတွေကိုတော့ ဇွန်နားလည်လိုက်ပါတယ်။ ပို့စ်အပုဒ်တိုင်းကို
မိခင်ဘာသာရော၊ အင်္ဂလိပ်ဘာသာနဲ့ပါ အချိန်ပေးပြီး ရေးနေတဲ့ ကျောင်းတစ်ဖက်နဲ့သူ့ကိုတော့
စိတ်ထဲက ချီးကျူးမိပါတယ်။ ဒီခေါင်းစဉ်အောက်မှာ ဇွန် မျှဝေပေးချင်တဲ့ဘလော့ဂ်အကြောင်းက
သူနဲ့ မပတ်သက်ပါဘူး။ ဘလော့ဂ်နဲ့ပတ်သက်လာရင် အလိုလိုနိုးကြားတတ်တဲ့ ဇွန့်စိတ်အာရုံအကြောင်း
ဘလော့ဂ်ဒေးမှာ ပြောပြချင်ရုံသက်သက်ပါ။
ဇွန်မျှဝေမိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်တစ်ခုက
တခြားမဟုတ်ပါဘူး။ အလွန်တရာမှ ထက်မြက်ထူးချွန်တဲ့ စုံထောက်အကြံပေး Mr. Sherlock
Holmes ရဲ့ မိတ်ဆွေကြီး Dr. John Watson ရဲ့ Personal Blog ပဲ ဖြစ်ပါတယ်။ တကယ်တော့
နှစ်ဆယ့်တစ်ရာစု အွန်လိုင်းအိုင်တီခေတ်မှာ ဖန်တီးတင်ဆက်ကြတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ တီဗီဇာတ်လမ်းတွေမှာ
blog တွေ၊ forum တွေ၊ လူမှုကွန်ယက်တွေရဲ့ ပါဝင်ပတ်သက်မှုက ထွေထူးပြီး အံ့သြစရာ ကောင်းမနေပါဘူး။
ဟောလီးဝုဒ်က ရိုက်ကူးခဲ့တဲ့ Julie & Julia ဖြစ်ရပ်မှန် ဇာတ်ကားထဲက ဘလော့ဂါဂျူလီရဲ့ဘ၀တစ်စိတ်တစ်ပိုင်းကတော့
ဇွန်တို့လို ဘလော့ဂါတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး
review ရေးခဲ့ဖူးတဲ့ ညီမရွှေပြည်သူကို သတိရမိပါတယ်။ ပုံမှန်အားဖြင့် ရုပ်ရှင်နဲ့အခြားသော
တီဗွီဇာတ်လမ်းတွဲတိုင်းလိုလို ဇာတ်ကားထဲမှာပါတဲ့ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုဒ်တွေကို ဇာတ်ကြောင်းအရ
ဖန်တီးခဲ့တာမျိုးသာဖြစ်ပြီး၊ တကယ့်လက်တွေ့အပြင်မှာ ရှိမနေကြပါဘူး။ (ဂျီူလီနဲ့ဂျူလီယာဇာတ်ကားလို
အမှန်တကယ်အပြင်မှာရှိခဲ့၊ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရာကို ပြန်ရိုက်တဲ့ဇာတ်ကားမျိုးကလွဲလို့ပေါ့)
ဒါပေမယ့် BBC က ရိုက်ကူးတင်ဆက်ပြသတဲ့
နိုင်ငံတကာမှာ လူသိများကျော်ကြားနေတဲ့ ရှားလော့ခ်ဟုမ်း ဇာတ်လမ်းတွဲထဲက ဆာဂျင်ဂျွန်ဝထ်ဆင်ရဲ့
ဘလော့ဂ်ဟာ အပြင်မှာ တကယ်ပဲ ရှိနေပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ဂျွန်က သူ့ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ
ရှားလော့ခ်နဲ့တွေ့ဆုံပုံ၊ သူ့အခန်းဖော်ရဲ့ ထူးခြားတဲ့ အပြုအမှုနဲ့လုပ်ရပ်တွေကြောင့်
အူကြောင်ကြောင်ဖြစ်ရတဲ့ သူ့ခံစားချက်၊ နောက်ပြီး သူပါဝင်စုံစမ်းခဲ့တဲ့ ရှားလော့ခ်ရဲ့
အမှုတွဲအကြောင်းတွေကို ရေးလေ့ရှိပါတယ်။ ရှားလော့ခ်ကိုယ်တိုင်ကတော့ အမှုနဲ့ပတ်သက်တဲ့ သူ့တွေးခေါ်ပုံအချို့နဲ့
ဆင်ခြင်ကောက်ချက်ချပုံတွေကို သူ့ဖိုရမ်ဖြစ်တဲ့ The Science of Deduction မှာ ၀င်ရေးတတ်ပါတယ်။ တကယ်ဆို ခေတ်နဲ့လျော်ညီအောင်
ပြင်ဆင်ဇာတ်ညွှန်းခွဲပြီး ရိုက်တာမို့ ဒီဘလော့ဂ်တွေ၊ ဖိုရမ်တွေဟာ အပြင်မှာမရှိလည်း ပြဿနာမရှိပါဘူး။
ဒါပေမယ့် သဏ္ဍာန်လုပ်သရုပ်တူဆိုတာမျိုးဖြစ်အောင် ဘီဘီစီက ဒီဝက်ဘ်ဆိုဒ်တွေကို အမှန်တကယ်
ပြုလုပ်ဖန်တီးပေးထားတာကို မြင်လိုက်ရတော့ အနုပညာနဲ့ပတ်သက်ပြီး လေးလေးနက်နက်ထားရှိတဲ့
သူတို့ရဲ့လုပ်ဆောင်ချက်ကို လေးစားအသိအမှတ်ပြုမိပါတယ်။ ဂျွန်နဲ့ရှားလော့ခ်တို့ရဲ့ ၀က်ဘ်ဆိုဒ်အပြင်
ရှားလော့ခ်ကို တစ်ဖက်သက်နှစ်သက်စွဲလန်းနေတဲ့ မော်လီရဲ့ဘလော့ဂ်ဒိုင်ယာရီနဲ့ အမှုတွဲတစ်ခုမှာပါဝင်တဲ့
အနုပညာရှင်ကော်နီပရင့်စ်ရဲ့ ၀က်ဘ်ဆိုဒ်ကလည်း တည်ရှိနေတာပါ။
စာရေးဆရာကြီးအာသာကိုနင်ဒွိုင်းလ်ရဲ့
စာပေအရေးအသားကောင်းမွန်ကျွမ်းကျင်မှုကြောင့် ရှားလော့ခ်ဟုမ်း တကယ်ရှိတယ်လို့ စာဖတ်ပရိသတ်များ
ထင်မှတ်မှားခဲ့ဖူးပါတယ်။ တကယ်လို့များ အခုခေတ်မှာ ရှားလော့ဟုမ်းကို မဖတ်ဖူးခဲ့၊ မသိခဲ့တဲ့
တစ်စုံတစ်ယောက်ဟာ ဂျွန့်ဘလော့ဂ်ကို ဖတ်မိပြီး တကယ်လို့ ထင်သွားနိုင်ပါတယ်။ စာဖတ်သူများအတွက်
ဂျွန်ရဲ့ဘလော့ဂ်ကို ပိုပြီး အသက်ဝင်၊ အဟုတ်ထင်မှတ်စေတာကတော့ ပို့စ်တစ်ပုဒ်ပြီးတိုင်း
အောက်က ပေးသွားတဲ့ မှတ်ချက်တွေ၊ တုံ့ပြန်မှုတွေပါ။ ဇာတ်လမ်းထဲမှာပါဝင်ကြတဲ့ အထင်ကရ ဇာတ်ကောင်တွေက
ဂျွန့်ရဲ့ပို့စ်အောက်မှာ ရေးသွားကြတာကိုကြည့်ပြီး ပြုံးရပါတယ်။ ရှားလော့ခ်ကတော့ ပင်တိုင်ကော်မန့်ပေးသူ
တစ်ယောက်ပါ။ ဟယ်ရီဝထ်ဆင်၊ မစ္စဟတ်ဒ်ဆင်၊ မော်လီတို့အပြင် ဂျွန့်ရဲ့ သတို့သမီးဖြစ်လာတဲ့
မေရီတို့ အပြန်အလှန် တစ်ယောက်တစ်ပေါက် ၀င်ရောက်ရေးသားကြ၊ ရန်ဖြစ်စကားနိုင်လုနေကြတာကို
ဖတ်ရတာ တကယ့်ကို အသက်ဝင်လှပါတယ်။ ရှားလော့ခ်ဇာတ်လမ်းတွဲ အစအဆုံးကြည့်ပြီးသူတစ်ယောက်အတွက်
ဂျွန့်ရဲ့ပို့စ်တိုင်းကို ပြန်ဖတ်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဘလော့ဂ်တစ်ခုလို့ ဇွန်ညွှန်းချင်ပါတယ်။
ဒါကြောင့် ဇွန့်ရဲ့ ဘလော့ဂါသူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊ စာဖတ်သူမောင်နှမတွေပဲဖြစ်ဖြစ်
ဘီဘီစီရှားလော့ခ်ရဲ့ ပရိတ်သတ်တွေ ဖြစ်ခဲ့မယ်ဆိုရင် ဇွန်အောက်မှာပေးထားတဲ့လင့်ခ်ကို
တစ်ခေါက်လောက်ပဲဖြစ်ဖြစ် သွားရောက်ကြည့်စေချင်ပါတယ်။
ဂျွန်ဝထ်ဆင်ရဲ့ ဘလော့ဂ်တကယ်ရှိကြောင်း
ဇွန့်မောင်လေးက ရှာဖွေတွေ့ရှိပြီးပြောပြလာချိန်မှာ ဇွန်အရမ်း စိတ်ဝင်စားသွားခဲ့ပါတယ်။
ကိုယ်အရမ်းနှစ်သက်တဲ့ ရှားလော့ခ်ဟုမ်းဇာတ်လမ်းတွဲထဲက ဘလော့ဂ်တစ်ခုက အပြင်မှာရှိကြောင်း
တွေ့လိုက်ရချိန်မှာ ဘလော့ဂါပီပီ ကျေနပ်သွားပါတယ်။ ခုနောက်ပိုင်း ဘလော့ဂ်မှာစာရေးကျဲသွားပေမယ့်
ဘလော့ဂ်ဆိုတဲ့ ဝေါဟာရတစ်ခုနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ ဖန်တီးရေးသားမှုတွေကတော့ ဇွန့်အာရုံနဲ့အတွေးအမြင်ကို
လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲဆိုတာ သိလာရပါတယ်။ ဂျွန့်ဝက်ဘ်ဆိုဒ်နဲ့ ရှားလော့ခ်ရဲ့ဖိုရမ်အကြောင်း
သတင်းပေးခဲ့တဲ့ မောင်လေးကို ကျေးဇူးတင်ပါတယ်။
Sherlock
တဆက်တည်းမှာပဲ ရှားလော့ခ်ဟုမ်းနဲ့ ပတ်သက်ပြီး
ရှားလော့ခ်ဟုမ်း ပရိသတ်များကို ပြောပြဝေမျှချင်တဲ့ အကြောင်းရှိလာပါတယ်။ အင်္ဂလိပ်စာရေးဆရာကြီး
ဆာအာသာကိုနင်ဒွိုင်းလ်ရဲ့ စုံထောက်ကြီးရှားလော့ခ်ဟုမ်းကို စာဖတ်ပရိတ်သတ်အားလုံးလိုလို
ရင်းနှီးပြီးသား ဖြစ်ကြပါတယ်။ ရှားလော့ခ်ဟုမ်းကို တိုက်ရိုက်အကျွမ်းတ၀င်မရှိခဲ့ရင်တောင်
ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်မောင်/ဦးစံရှားဇာတ်လမ်းတွေကတဆင့် သိခွင့်ရခဲ့ကြမှာပါ။
၁၉၀၀ ပြည့်လွန်နှစ်များဆီက ရှားလော့ခ်ဟုမ်းစုံထောက်ဇာတ်လမ်းတွဲအားလုံးကို ဇာတ်ကောင်၊
ဇာတ်လမ်း၊ အခင်းအကျင်း၊ လူနေရာအားလုံး ဆီလျော်အောင် မြန်မာမှုပြီး ဘာသာပြန်ဆို ရေးသားခဲ့တဲ့
ဆရာကြီးရွှေဥဒေါင်းကို အရမ်းပဲလေးစားမိပါတယ်။
ငယ်ငယ်ကတော့ စာအနေနဲ့ ရှားလော့ခ်ကိုရော
ဦးစံရှားကိုပါ ဟိုတစ်ပုဒ်၊ ဒီတစ်ပုဒ် ရင်းနှီးဖူးပါတယ်။ ရှားလော့ခ်ဟုမ်းရုပ်ရှင်ကိုတော့
ဆယ်တန်းပြီးခါစ ဗြိတိသျှကောင်စီစာကြည့်တိုက်ရဲ့ အသင်းဝင်ဖြစ်လာပြီးနောက်မှာမှ ပထမဆုံးစကြည့်ဖူးခဲ့ပါတယ်။
မှတ်မှတ်ရရ မင်းသား Basil
Rathbone ပါဝင်သရုပ်ဆောင်တဲ့ The Hound of Baskervilles (မြန်မာပြန်-ဗာစကေးဗီအင်းခွေးကြီး) ကားဖြစ်ပါတယ်။
စာအုပ်ဖတ်ဖူးပြီး ဇာတ်လမ်းသိနေလို့ စိတ်ဝင်စားစရာကောင်းမယ်အထင်နဲ့ ၀မ်းသာအားရ ကြည့်ခဲ့ပေမယ့်
အဖြူအမည်းကားဖြစ်တဲ့အပြင် ဇာတ်လမ်းရိုက်ကူးတင်ဆက်ပုံက လေးတွဲတွဲဖြစ်နေလို့ ဇွန့်အတွက်
အရမ်းပျင်းစရာကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အဖြူအမည်း ရှားလော့ခ်ဇာတ်လမ်းတွဲတွေ
ထပ်ငှားမကြည့်ဖြစ်တော့ပါဘူး။ ရှားလော့ခ်နဲ့အဆက်ပြတ်သွားခဲ့တာ ၂၀၀၉ခုနှစ်ရောက်တဲ့အထိ
ဆိုပါတော့။ မက်ဒေါနားရဲ့ခင်ပွန်းဟောင်း ဂိုင်းရီချီရိုက်ကူးခဲ့တဲ့ ရောဘတ်ဒေါင်းနီဂျူနီယာနဲ့
ဂျုဒ်လောတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ခပ်သွက်သွက်ရိုက်ချက်များနဲ့ ခေတ်သစ်ရှားလော့ခ်ဟုမ်းရုပ်ရှင်ကို
သဘောကျခဲ့ပါတယ်။ ၂၀၁၁ မှာ ရုံတင်ခဲ့တဲ့ သူ့နောက်ဆက်တွဲကားကိုလည်း သွားကြည့်ခဲ့ပါတယ်။
ခေတ်အဆက်အဆက် ရှားလော့ခ်ဟုမ်းရုပ်ရှင်နဲ့
ရုပ်သံဇာတ်လမ်းတွဲတွေကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးပြသခဲ့ကြပေမယ့် ၂၀၁၀ခုနှစ်မှာ
ဘီဘီစီက စတင်ထုတ်လွှင့်ခဲ့တဲ့ တစ်နာရီခွဲစာ ရှားလော့ခ်ဟုမ်းမီနီစီးရီးသုံးပုဒ်ဟာ အရင့်အရင်ရိုက်ကူးခဲ့သမျှ
ရုပ်ရှင်ဇာတ်လမ်းတွဲ အားလုံးကို ကျော်ဖြတ်ပြီး လူကြိုက်အများဆုံးဖြစ်သွားခဲ့ပါတယ်။
အဲဒီထဲက ရှားလော့ခ်ဟုမ်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Benedit Cumberbatch ရော၊ ဂျွန်ဝထ်ဆင်အဖြစ်
သရုပ်ဆောင်တဲ့ Martin Freeman ပါ ကျော်ကြားသွားခဲ့လို့ နောက်ပိုင်း ဟောလီးဝုဒ်ဇာတ်ကားကြီးတွေမှာ
ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံရပါတော့တယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်နဲ့
လန်ဒန်နောက်ခံ နေရာအခင်းအကျင်း အပြင်အဆင်အားလုံးအပြင် အမှုတွဲတွေကိုလည်း ခေတ်နဲ့အညီပြုပြင်ရေးသား
ဇာတ်ညွှန်းဆွဲထားလို့ အရမ်းကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်သွားတယ်လို့ ဇွန်မြင်ပါတယ်။
ပထမဆုံးစီးရီးထွက်ပြီး တစ်နှစ်ခွဲနှစ်နှစ်လောက်ကြာမှ
Channel 5 က ထုတ်လွှင့်တဲ့ ဘီဘီစီရှားလော့ခ်ကို ဇွန်စကြည့်ဖူးတာပါ။ နောက်ထပ် စီးရီးနှစ်ခုကိုတော့
ဒီနှစ်မြန်မာပြည်ပြန်ရောက်ပြီးမှ အစအဆုံး ကြည့်ဖြစ်သွားပါတယ်။ စီးရီးတစ်ခုကြည့်ဖို့
ပရိတ်သတ်တွေက တစ်နှစ်ခွဲနီးပါးကြာအောင် စောင့်ရပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲက တစ်နာရီခွဲစာ
သုံးပုဒ်ပဲပါတာမို့ ကြည့်ရတာ မ၀ပါဘူး။ ဒါပေမယ့် နောက်ထပ်စီးရီးအသစ်မလာခင်မှာ ရှားလော့ခ်အလွမ်းပြေ
အစားထိုးကြည့်စရာ ကားတစ်ကား ရှိလာပါတယ်။ အဲဒါကတော့ ၂၀၁၂ခုနှစ်မှာ အမေရိကန်ရုပ်သံ
CBS ကထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ဗားရှင်းရှားလော့ခ်ဟုမ်းစီးရီးကြောင့်ပါ။ နယူးယောက်မှာ
အခြေတည်ထားတဲ့ Elementary ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရှားလော့ခ်ဟုမ်းက ဗြိတိသျှမင်းသား
Jonny Lee Miller ဖြစ်ပါတယ်။ Miller ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hackers ကားကို ၉၇၊ ၉၈လောက်မှာ
ကြည့်ဖူးလို့ သူ့ကိုသိနေခဲ့ပါတယ်။ အဲဒီကားမှာပဲ အင်ဂျလီနာဂျိုလီနဲ့ ဆယ်ကျော်သက် Hackers
များအဖြစ် အတူသရုပ်ဆောင်ရင်း မေတ္တာမျှသွားပြီး လက်ထပ်ဖြစ်ခဲ့လို့ ဂျိုလီရဲ့ ပထမဆုံးခင်ပွန်းလို့ဆိုရင်
မမှားပါဘူး။
BBC Sherlock နဲ့ Elementary ကို နှိုင်းယှဉ်ကြည့်လို့တော့
မရနိုင်ပါဘူး။ သူ့အရသာနဲ့သူ တစ်မျိုးစီတော့ ကောင်းနေတာပါပဲ။ နှစ်ကားလုံးကို ကြည့်ဖူးတဲ့သူအများစုက
ဗြိတိသျှဇာတ်လမ်းတွဲကို ပိုကြိုက်ကြပြီး၊ တစ်ချို့ပရိသတ်ကတော့ အမေရိကန်ဗာရှင်းကို ပိုနှစ်သက်တယ်လို့
ဆိုကြပါတယ်။ ဇွန့်အတွက်တော့ ဗြိတိသျှရှားလော့ခ်ဟုမ်းမင်းသားက ပိုဆွဲဆောင်မှုရှိပြီး၊
အမေရိကန်ဇာတ်လမ်းမှာတော့ ဆာဂျင်ဂျူန်းဝထ်ဆင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးလူစီလျူးက
ထူးခြားတဲ့ရသကို ပေးပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အရ Elementary က twist & turn တွေ ပိုများပါတယ်။
Sherlock Holmes, CSI, Criminal Minds နဲ့ The Mentalist လို ဇာတ်လမ်းတွဲများကို နှစ်ခြိုက်ကြတဲ့
ပရိသတ်တွေဟာ Elementary ကိုပါ ကြိုက်နှစ်သက်လိမ့်မယ်လို့ ဇွန်ယုံကြည်ပါတယ်။ ဒါကြောင့်
စာဖတ်သူမောင်နှမတွေထဲက ရှားလော့ခ်ပရိသတ်များရှိခဲ့လို့ Elementary ကို မကြည့်ရသေးသူများရှိရင်
ကြည့်ရအောင် ဇွန်က ပြန်လည်ညွှန်းဆို ဝေမျှခြင်းဖြစ်ပါတယ်။ Season တစ်ခုစီမှာ ၄၅မိနစ်စာ
၂၄ ပုဒ်ပါတဲ့အတွက် တစ်နေ့တစ်ပုဒ်နှုန်းနဲ့ တစ်လလောက် အေးအေးဆေးဆေး ကြည့်နိုင်ပါတယ်။
ဇွန်ကတော့ Season 1 ဇာတ်လမ်းတွဲအားလုံး ကြည့်ပြီးသွားပါပြီ။ Season 2 ကိုတော့ နောက်တစ်လလောက်နေမှ
ဆက်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီနှစ် Blog Day အတွက် တွေ့ဆုံခဲ့ရတဲ့
Blogger များအကြောင်းရော၊ John Watson ရဲ့ Blog အကြောင်းအပြင် Sherlock Holmes အကြောင်းပါ
ဆက်စပ်ပြီး တစ်ပုဒ်ထဲမှာ ရေးလိုက်ရလို့ ဇွန်ကျေနပ်သွားပါပြီ။ စာရှည်သွားရင်တော့ ခွင့်လွှတ်ပြီး
ဖတ်ပေးကြပါလို့။ အားလုံးပဲ Happy Blog Day ပါ။ :)
ဇွန်မိုးစက်
၃၁-၈-၂၀၁၄
နံနက် ၁၂နာရီ ၃၅မိနစ်
ကုန်လွန်ခဲ့သော တစ်နှစ်ခွဲတာကာလအတွင်း ဖြစ်ပျက်သမျှ
အပြောင်းအလဲများနှင့် မတူညီသောဝန်းကျင်နေရာဒေသအသီးသီးက ကျွန်မဘ၀နေထိုင်မှုပုံစံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
ဝန်ထမ်းဘ၀၊ ကျောင်းသူဘ၀ နောက်တော့ (အိမ်ထောင်မရှိသော) အိမ်ရှင်မဘ၀။ အလုပ်လုပ်စဉ်၊ ပညာသင်ယူစဉ်က
တစ်ပတ်မှာငါးရက်ရုံးတက်၊ ကျောင်းတက်ပြီး ကျန်သောအားလပ်ရက်မှာ ကျွန်မဆန္ဒရှိရာ၊ ၀ါသနာပါရာကိစ္စတွေကို
နောက်ဆံတင်းစရာမလိုဘဲ တစိုက်မတ်မတ် လုပ်ကိုင်နိုင်ခဲ့သည်။ ကျွန်မအသက် ၂၂နှစ်အရွယ်ကတည်းက
မိသားစုနှင့်ခွဲပြီး ရပ်ဝေးမြေမှာ တစ်ကိုယ်တည်းနေခဲ့သူမို့ ကိုယ့်အချိန်ကိုယ် အပြည့်အ၀ပိုင်သည့်
ဘ၀မျိုးမှာ ဆယ်စုနှစ်ကျော်ကြာအောင် အသားကျနေခဲ့ပြီ။
ခုတော့… ကျွန်မသည် ဟိုတုန်းကအဖြစ်နှင့်
လုံးလုံးလျားလျားဆန့်ကျင်ကာ နေ့စဉ်ရက်ဆက် လူမမာမိခင်နှင့် များပြားလှသော အိမ်မှုကိစ္စတွေကြား
ဗျာများနေရသည်။ မနက် ၇နာရီခွဲမှ ညအိပ်ရာဝင်ချိန်ထိ အလုပ်တွေ ဇယ်ဆက်သလို တစ်ခုပြီးတစ်ခုလုပ်ရင်း
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့သည်။ ကျွန်မအတွက် အားလပ်ရက်သီးသန့်ဆိုတာမျိုးမရှိ။
ဒီလိုအခြေအနေကြားထဲက ကျွန်မ အချိန်ယူပြီး စာရေးဖို့ ကြိုးစားကြည့်သော်လည်း မအောင်မြင်သည်က
များပါသည်။
ကျွန်မ၏ တစ်နေ့တာအချိန်ဇယားကို ပြန်ကြည့်လိုက်တော့
မနက်ခင်းမှာ ဈေးဝယ်ထွက်ပြီး အိမ်ပြန်ရောက်လျှင် ဘုရားပန်းအိုးနှင့် သောက်တော်ရေများ
အသစ်လဲကပ်ပြီးသည်နှင့် မီးဖိုချောင်ဝင်ရသည်။ မနက်ဆယ်နာရီမှာ အိမ်သို့ဆွမ်းခံကြွသော
သံဃာအမှီ ချက်ပြုတ်ရသည်။ အပတ်စဉ် တနင်္လာနေ့လို ဆွမ်းချိုင့်ကပ်လှူသည့်ရက်မျိုးမှာ အိမ်ဆွမ်းအပြင်
ကျောင်းဆွမ်းအတွက် စတီးချိုင့်အကြီးငါးချိုင့်အပြည့်စာ ဆွမ်းနှင့်အချိုပွဲ အချိန်မီထည့်နိုင်အောင်
ချက်ပြုတ်စီမံရသည်။ မနက်စာချက်ပြုတ်ပြီး ဘုရားဆွမ်းတော်ကပ်ပြီးလျှင် အမေ့ကို ထမင်းကျွေးရသည်။
အမေထမင်းစားနေစဉ် သံပုရာရည်ဖျော်၊ အမေထမင်းစားပြီး သံပုရာရည်သောက်ချိန်မှာ လျှော်စရာအ၀တ်များကို
စက်ထဲထည့်ပြီး ပန်းကန်ခွက်ယောက်များဆေးကြောသည်။
၁၁နာရီလောက်မှာ ကျွန်မအမောဖြေရင်း သတင်းစာဖတ်သည်။
ပြီးတော့ ထမင်းစားသည်။ ထမင်းစားသောက်ဆေးကြောပြီး အရင်နေ့ကလှမ်းထားသော အ၀တ်ခြောက်များကိုရုတ်သည်။
မခြောက်သေးသောအ၀တ်များကို နေရာရွှေ့ပြီး လောလောလတ်လတ် လျှော်ပြီးသောအ၀တ်များကို ထုတ်လှန်းသည်။
လူမမာရှိသည့်အတွက် အ၀တ်လျှော်စရာတွေက နေ့တိုင်းရှိပါသည်။ မိုးများသော မိုးတွင်းဖြစ်သည့်အလျောက်
လှန်းထားသည့်အ၀တ်များ အချိန်တိုအတွင်းသွေ့ခြောက်ရန် မလွယ်ကူသည့်အတွက် အနည်းငယ်စိတ်ပျက်ရသည်။
ဒီလိုနှင့် မွန်းတည့်ကျော်သွားသည့်အချိန်မှာ
ထမင်းလည်းစောစားထား၊ အစားလည်းနည်းပြီး နှစ်နာရီခြားတစ်ခါလောက် စားတတ်သည့်အမေ့အတွက်
ထမင်းမဟုတ်သည့် အစားအသောက်တစ်ခုခု အသင့်ဖြစ်နေရန် ပြင်ဆင်ပေးထားရသည်။ အမေ့ခြေထောက်ပြန်လည်သန်စွမ်းပြီး
လမ်းပြန်လျှောက်နိုင်ရန်အတွက် နာရီဝက်လေးဆယ့်ငါးမိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပြီးချိန်တွင်တော့
ကျွန်မ ခေတ္တအိပ်စက်ပြီး အနားယူချင်စိတ်ပေါ်လာမြဲဖြစ်သည်။ နေ့လယ်ခင်းတစ်ရေးမှ မအိပ်ရလျှင်
ကျွန်မ နောက်ထပ်အိမ်အလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် လုံလောက်သောအားအင်မရှိသည့်အတွက်
ခဏဖြစ်ဖြစ်တော့ မျက်စိမှိတ်လှဲလျောင်းရပါသည်။ ဧည့်သည်တစ်ဦးဦး သို့မဟုတ် လေ့ကျင့်ခန်းဆရာမရောက်သည့်
နေ့လယ်ခင်းမျိုးမှာတော့ ကျွန်မအိပ်ခွင့်မရတတ်ပါ။ တရေးတမောအိပ်ပြီးနိုးထသည့်အခါ အမေ့ကို
လက်ဖက်ရည်တိုက်၊ မုန့်ပဲသရေစာအနည်းငယ်ကျွေးပြီး ရေပတ်တိုက်ပေးရန် ပြင်ဆင်ရတော့သည်။
တစ်ကိုယ်လုံးကိုရေပတ်တိုက်သန့်စင်ပြီး
အိပ်ရာခင်းများလဲပြီးချိန်တွင် ညနေ ၄နာရီသို့မဟုတ် ၄နာရီခွဲရှိသွားပြီဖြစ်သည်။ ကျွန်မလည်း
နေ့ခင်းစာမုန့်စား၊ ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး ၆၆ပုဒ်ပါသော ရွှေဥဒေါင်း၏ စုံထောက်ဝတ္ထုတိုပေါင်းချုပ်သစ်ထဲမှ
ကျဘမ်းတစ်ပုဒ်ကို ရွေးပြီးဖတ်သည်။ တစ်နေ့တာလုံးမှာ ကျွန်မပိုင်သော ထိုမိနစ်သုံးဆယ်စာ
အချိန်လေးသည် ကျွန်မအတွက်တော့ “ရွှေ” ဖြစ်သည်။
ညနေငါးနာရီထိုးသည့်အခါ မခြောက်သေးသော
အ၀တ်များကို နေရာရွှေ့၊ တံခါးများမပိတ်ခင် ပန်းပင်ရေလောင်း၊ ဘုရားမီးပူဇော်ပြီးသည်နှင့်တပြိုင်နက်
ညနေစာအတွက် ပြင်ဆင်ရတော့သည်။ အမေက အချဉ်ပါမှ ထမင်းမြိန်သည့်အတွက် ချဉ်ရည်ဟင်း ဒါမှမဟုတ်
အချဉ်အရသာရွှမ်းသော အသုပ်တစ်ခုခုပါအောင် အမြဲထည့်ရသည်။ အသားဟင်းနှင့် အရည်သောက်ကို မနက်ကတည်းက
နှစ်နပ်စာချက်ထားသော်လည်း အရွက်ကြော်နှင့် အသုပ်တစ်ပွဲကိုတော့ ညနေမှာ ထပ်ဖြည့်ရပါသည်။
၆နာရီထိုးလျှင် အမေ့ကို ညနေစာကျွေးပြီး ဆေးတိုက်ရသည်။ ၇နာရီထိုးလျှင် ကျွန်မရေချိုးပြီး၊
၇နာရီခွဲလျှင်တော့ ကျွန်မ တီဗီရှေ့ခဏထိုင်ကာ တစ်ရက်ကို ၁၀မိနစ်သာပြသော ဂျပန်ကားအတွက်
အချိန်ပေးပါသည်။ တီဗီကြည့်ပြီး ကျွန်မထမင်းစား၊ အိုးခွက်ပန်းကန်များဆေးကြောပြီး အမေ့ကို လေ့ကျင့်ခန်းနောက်တစ်ကြိမ်လုပ်ပေးရန်
အသင့်ပြင်ရသည်။
ည၈နာရီ၄၅မှာ ဆယ့်ငါးမိနစ်ခန့်ထုတ်လွှင့်သော
ဘီဘီစီမြန်မာပိုင်းသတင်းအစီအစဉ်ကို အပြေးအလွှားကြည့်ပြီး အမေ့အတွက် ညအိပ်ရာဝင်ဖို့ ပြင်ဆင်ပေးရသည်။
အမေ့ကို သနပ်ခါးလူးပေးပြီးနောက် အိပ်ရာထဲမှာ ဘုရားရှိခိုး၊ နတ်ပင့်၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေ၊
နတ်ပို့ အားလုံးပြီးချိန်သည် ည၉နာရီခွဲနှင့် ၁၀နာရီကြားမှာဖြစ်သည်။ ဘုရားရှိခိုးပြီးသည်နှင့်
ကုတင်ပေါ်မှဆင်းကာ အမေသောက်ဖို့ နွားနို့ပြေးကျို၊ ညလယ်စာအတွက် မုန့်အချို့နှင့်ပန်းသီးစိမ်းကို
မုန့်ဗူးများထဲမှာ အစီအရီထည့်ပြီး အမေ့ကို ပေးထားရသည်။ အမေညည ဆီးထသွားနိုင်ဖို့အတွက်လည်း
အမေမအိပ်ခင်မှာ ကြိုတင်ပြင်ဆင်ပေးရပါသေးသည်။ အားလုံးအဆင်သင့်မဖြစ်လျှင် အမေကောင်းကောင်း
အိပ်မပျော်ပါ။
ဤသို့ဖြင့် ကျွန်မ၏ တစ်နေ့တာဝတ္တရားများသည်
စောလျှင် ညဆယ်နာရီခွဲ နောက်ကျလျှင် ဆယ့်တစ်နာရီမှာ ပြီးဆုံးသွားတော့သည်။ မနက်ခင်းမှညရောက်သည်အထိ
ကြိုကြားအချိန်များတွင် ဖုန်းပြေးကိုင်ရခြင်း၊ ဧည့်သည်လာလျှင် ဧည့်ခံရခြင်း၊ မကြာခဏဆီးသွားတတ်သော
အမေ့ကို ဆီးတည်ပေးရခြင်း၊ ၀မ်းတည်ပေးရခြင်း၊ သန့်ရှင်းရေးလုပ်ပေးရခြင်း၊ တစ်နေ့နှစ်ကြိမ်သွေးပေါင်ချိန်တိုင်းပြီး
စာအုပ်ထဲမှာရေးမှတ်ခြင်း၊ သုံးရက်တစ်ခါ သွေးချိုစစ်ပေးခြင်း၊ တစ်နေ့တာအသုံးစရိတ်များ
Excel sheet ထဲမှာ စာရင်းမှတ်ရင်း လစဉ်ကျန်းမာရေးအသုံးစရိတ်ကို ထေမိကာမိရန် အခြားနေရာများတွင်
ဘယ်သို့ဘယ်ပုံ ခြိုးခြံချွေတာနိုင်ရန် နည်းလမ်းရှာကြံစဉ်းစားရခြင်း၊ အမေ့ကို ဆေးရုံဆေးခန်းသွားပြရန်၊
ဆရာဝန်များနှင့် အပတ်စဉ်ချိန်းဆိုရန် ကြိုတင်စီစဉ်ရခြင်း ဒါတွေအားလုံး မပျက်ကွက်ရအောင်
ကျွန်မတစ်ယောက်တည်း နေ့စဉ်လုပ်ဆောင်နေခဲ့တာဖြစ်သည်။
ကျွန်မအတွက် ကိုယ်ပိုင်အချိန်ဟုဆိုနိုင်သည့်
အိပ်ရာဝင်ခါနီးအချိန်မှာတော့ ကျွန်မပင်ပန်းပြီး အရမ်းအိပ်ငိုက်နေပြီဖြစ်သည်။ အရေးကြီးသောအီးမေးလ်များပြန်ဖို့အတွက်
အလွန်တရာနှေးကွေးလှသော အင်တာနက်ကို စိတ်မရှည်စွာစောင့်ရင်း မျက်လုံးတစ်စုံကို အတင်းပြူးထားရပါသည်။
ဒီလိုအချိန်ဇယားဖြင့် တစ်ပတ်ခုနစ်ရက် နားရက်မရှိ ပုံမှန်လည်ပတ်နေရသူ ကျွန်မအဖို့ စာရေးချိန်
ဘယ်မှာ ရှိနိုင်ပါမည်နည်း။
ဒါတောင် အဖေနှင့်မောင်လေးက သူတို့အ၀တ်သူတို့လျှော် မီးပူတိုက်ပြီး၊
အဖေက မနက်၎နာရီခွဲမှ၇နာရီခွဲအထိ အမေ့ဝေယျာဝိစ္စတာဝန်ယူပြီး နံနက်စာကို စီစဉ်ပေး၍ ကျွန်မနဲနဲခံသာရသည်။ ဒါပေမယ့် ဟိုအရင်ကလို အပတ်စဉ် မီးပူမတိုက်နိုင်၊
အိမ်သန့်ရှင်းရေးကို စိတ်ရှိသလောက် အပြည့်အ၀မလုပ်နိုင်သေးသည့်အတွက် ကိုယ့်ကိုယ်ကိုအားမရ။
အိမ်သို့အလည်လာသော ကျွန်မ၏ ဦးလေးတစ်ယောက်ကတော့ သမီးက တစ်ယောက်တည်းနဲ့ အရာရာကို ထောင့်စေ့အောင်လုပ်ချင်တာကိုးဟု
မှတ်ချက်ပေးသည်။ သူပြောတာလည်း ဟုတ်နေသည်။ ကျွန်မသူငယ်ချင်းတစ်ယောက် သူ့အဒေါ်ခြေကျိုးတုန်းက
ခြောက်လလောက် အိမ်လုံးကျွတ်လူကုန် မနားရအောင် ပင်ပန်းကြကြောင်း၊ ကျွန်မအိမ်မှာလူပိုမရှိဘဲ
တစ်ယောက်တည်း အမေ့ကိုပြုစုရင်း အိမ်အလုပ်လုပ်နေသည်မှာ အံ့သြစရာကောင်းကြောင်းပြောမှ
ဘယ်လိုခွန်အားတွေနှင့် ငါလုပ်နိုင်နေတာပါလိမ့်ဟု ကျွန်မ ကိုယ့်ကိုယ်ကို သတိချပ်မိ၊
အံ့အားသင့်မိရပါသည်။
တကယ်တော့ ကျွန်မတစ်ယောက်တည်း ငါးလဆက်တိုက်
သည်လောက်လုပ်နိုင်ခြင်းမှာ အချိန်စီမံခန့်ခွဲမှုကောင်းလွန်း၍ဖြစ်သည်။ နောက်ပြီး ကျွန်မက ဘယ်အရာကိုမဆို မြန်မြန်သွက်သွက် လုပ်တတ်သည့်အကျင့်ရှိသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ဒီလိုအခြေအနေမျိုးမှာမှ
ကျွန်မက စာရေးချိန်ကို ကျောက်ခဲရေညှစ်ထုတ်သလို ညှစ်ပြီးယူချင်နေခြင်းသည် ကိုယ့်ကိုယ်ကို
မညှာတာရာ ကျလွန်းမှန်းသိနေပါသည်။ နင်ရူးနေပြီလားဟု တစ်စုံတစ်ယောက်က ဝေဖန်ခဲ့လျှင်လည်း
ဟင့်အင်း… ကျွန်မစာမရေးရရင်သာ ရူးသွားနိုင်တာ၊ စာရေးနိုင်သရွေ့ရူးမှာမဟုတ်ဘူးဟု ပြန်ပြောမိမှာ
သေချာသည်။
တကယ်လည်း ကျွန်မ ရေးချင်သောစာ မရေးရသည့်အခါ၊
စာရေးချိန်မရသည့်အခါ နေမထိထိုင်မသာဖြစ်၍ နေလို့မကောင်းသလိုပင် ခံစားရသည်။ ငယ်ငယ်က လွန်းထားထားနှင့်
အင်တာဗျူးတစ်ခုကို မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ရသည့်အခါ စာရေးခြင်းနှင့် ပတ်သက်ပြီး ကျွန်မက
စာမရေးရလျှင် လက်တွေဘာတွေတောင် တုန်လာတတ်တယ်ဟု ဆရာမက ပြန်ဖြေသည်ကို နဲနဲပိုသည်ဟု ကျွန်မ ထင်ခဲ့မိသည်။ ခုချိန်မှာတော့ ကျွန်မက အောင်မြင်ကျော်ကြားသော စာရေးဆရာမတစ်ယောက်
မဟုတ်သည့်တိုင် ကျွန်မ၀ါသနာပါသော စာရေးခွင့်မရဘဲ အိမ်အလုပ်တွေနှင့် အချိန်ကုန်ဆုံးသွားလျှင်
ကျွန်မရူးသွားနိုင်သဖြင့် ဆရာမ မပိုကြောင်းကို ကျွန်မ နားလည်ခံစားတတ်ခဲ့ပြီဖြစ်သည်။
ကျွန်မမွေးနေ့အတွက် ပို့စ်ရေးတုန်းက
ကျွန်မအိပ်ချိန်ထဲမှယူပြီး ရေးခဲ့ရသည့်အတွက် နောက်တစ်နေ့မှာ ကျွန်မအိပ်ရေးမ၀ဘဲ အပင်ပန်းပိုခဲ့ရသည်။
ကျွန်မ စာမဖြစ်ဖြစ်အောင် ရေးချင်လျှင်တော့ ကျွန်မအနားယူချိန်၊ အိပ်ချိန်တွေထဲက ဖဲ့ယူပြီးရေးမှရမည်။
တလောက ကျွန်မ သတင်းစာအတွက် ဆောင်းပါးရေးရင်း အချိန်လွန်သွားသဖြင့် အမေ့ကို ရေပတ်တိုက်ပေးဖို့
ပျက်ကွက်ခဲ့ရသည်။ အဲသည်လို လုပ်ဆောင်နေကျ ၀တ္တရားတစ်ခု အပျက်ကွက်ခံပြီး ရေးလျှင်တော့လည်း
ရနိုင်သည်ပေါ့။
တကယ်တော့ ကျွန်မရေးချင်သောစာတွေ အများကြီးရှိနေသည်။
ကျွန်မလွမ်းဆွတ်နေမိသော အင်ဒိုရာညနေခင်းအကြောင်းတွေ၊ ကျွန်မတွေ့ဆုံခဲ့ရသော အာရှနဲ့အရှေ့အလယ်ပိုင်းက
သူငယ်ချင်းအသစ်အကြောင်းတွေ၊ ညို့ကိုပြောပြချင်တဲ့ ခရီးစဉ်တစ်ခုအကြောင်းတွေ၊ နောက်ပြီး
သတင်းစာအတွက် ဆောင်းပါးတွေ၊ အပျိုစင်မဂ္ဂဇင်းအတွက် လစဉ် အခန်းဆက် ခရီးသွားဆောင်းပါးတွေ
… အများကြီးရေးဖို့ ရှိနေပါသေးသည်။ ရေးနိုင်ဖို့ကိုလည်း အားထုတ်ရပါမည်။
တစ်ခုပဲရှိသည်၊
ကျွန်မ ရေးချင်သောစာတွေ အားလုံးအတွက် အေးအေးဆေးဆေး အချိန်ပေးပြီး မရေးနိုင်သေးတာဖြစ်သည်။
ဆရာမဂျူးက အေးအေးဆေးဆေး စာဖတ်ဖို့ မကြာခဏကြွေးကြော်မိသော်လည်း ဝေးနေဆဲဖြစ်ကြောင်း ဆောင်းပါးတစ်ပုဒ်မှာ
ရေးခဲ့ဖူးသလို ကျွန်မသည်လည်း အေးအေးဆေးဆေး စာရေးနိုင်ဖို့ ဆန္ဒပြင်းပြနေသော်လည်း အကောင်အထည်ဖော်ဖို့ရာ
အဝေးကြီးဝေးနေဆဲဖြစ်ကြောင်း လတ်တလောဖြတ်သန်းရသော အခြေအနေက သက်သေထူနေပါသည်။
လောလောဆယ်မှာတော့
စာရေးချင်သည့် ဆန္ဒကို မချိုးနှိမ်နိုင်၍ အနားယူချိန်မှာ မယူဘဲ စာရေးနေမိသည့်ကိုယ်ကိုယ်ကို
အပြစ်မတင်မိတော့ပါ။
အေးအေးဆေးဆေး စာရေးနေသည့် ကျွန်မပုံရိပ်ကို
စိတ်ကူးထဲမှာ မြင်ယောင်တမ်းတရင်း အေးအေးဆေးဆေး စာရေးဖြစ်ခဲ့သောအချိန်များကို ကျွန်မ
လွမ်းနေမိပါသည်။
ဇွန်မိုးစက်
၂၈-၇-၂၀၁၄
ညနေ ၄နာရီ၂၀မိနစ်
၂၈-၇-၂၀၁၄
ညနေ ၄နာရီ၂၀မိနစ်
ယခုအခါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများနှင့်အတူ
အမှတ်စာရင်းများပါ တရားဝင်ထုတ်ယူ သိရှိခွင့်ရနေပြီဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့်
မိမိရရှိထားသည့် အမှတ်များအလိုက်သော်လည်းကောင်း၊ မိမိစိတ်ပါဝင်စားနှစ်သက်ရာ ဘာသာရပ်အလိုက်သော်လည်းကောင်း
ဦးစားပေးတက္ကသိုလ်ဝင်ခွင့်များကို ဖြည့်စွက်လျှောက်ထားကြတော့မည်။
ထိုကဲ့သို့လျှောက်ထားရာတွင်
မိဘမောင်နှမဆွေမျိုးများ၏ဆန္ဒထက် မိမိတစိုက်မတ်မတ် ၀ါသနာပါစိတ်ဝင်စားရာ ရည်မှန်းချက်ဆန္ဒနှင့်
ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးစားပေး၍ လျှောက်ထားပညာယူသင့်သည်။ သို့မှသာ
လုပ်ငန်းခွင်ဝင်ရာ၌လည်း မိမိစိတ်ပါဝင်စားကျွမ်းကျင်သော နယ်ပယ်တွင် တစ်သက်တာလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်
အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင်ရှိသော
အစဉ်အလာတစ်ခုမှာ ဆယ်တန်းအောင်မြင်ပြီးသည့်အခါ အမှတ်မီသောလိုင်းကို ဦးစားပေးလျှောက်ထားခြင်းဖြစ်သည်။
မိဘဆွေမျိုးများကလည်း အမှတ်အမြင့်ဆုံးမီသော လိုင်းကိုသာ လျှောက်ထားရွေးချယ်စေချင်ကြသည်။
ထို့အတွက် နောင်ကာလမှာ ထိုကျောင်းသား၏ဘ၀တစ်ခုသာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးနစ်နာမှုတွေ
ရှိခဲ့ကြောင်း ကျွန်မတွေ့ဆုံကြုံခဲ့ရသော သူငယ်ချင်းမိတ်ဆွေများ၏ သာဓကများက သက်သေထူခဲ့ကြသည်။
ကျွန်မနှင့် သူငယ်ချင်းအတော်များများ၏
မိဘများသည်လည်း ကျွန်မတို့ကို ဆရာဝန်ဖြစ်စေချင်ခဲ့ကြသည်။ ကျွန်မအား သမီးကြီးဖြစ်သည့်အားလျော်စွာ
အမေက ဆရာဝန်ဖြစ်စေချင်ခဲ့သလို ကျွန်မ၏သူငယ်ချင်းများကျပြန်တော့ အငယ်ဆုံးဖြစ်သော်လည်း
သူ့အရှေ့မှ အကိုအမများ ဆရာဝန်မဖြစ်ခဲ့ကြသောကြောင့် အငယ်ဆုံးဖြစ်သော သူတို့ကို ဖြစ်စေချင်ကြသည်။
အလတ်ကျပြန်တော့ မောင်နှမသုံးယောက်တွင် အထက်မြက်ဆုံးဖြစ်၍ အင်ဂျင်နီယာဝါသနာပါသောသူ့ကို
ဆရာဝန်သာလုပ်စေချင်ကြပြန်သည်။ အဖေနှင့်အမေတစ်ဦး၊ ဒါမှမဟုတ် ဆရာဝန်နှစ်ဦးလုံး၏ သားသမီးများ
အနေဖြင့်လည်း ဆရာဝန်ဖြစ်သင့်သည်ဟူသော သတ်မှတ်ချက်မျိုး ရှိခဲ့ကြပါသေးသည်။ ဆရာဝန်တစ်ယောက်ရှိသော
မိသားစုသည် ဂုဏ်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်မအတန်းဖော်သူငယ်ချင်းတစ်ယောက်၏
အကြောင်းကို ပြောပြလိုပါသည်။ ကျွန်မ အထက်တန်းကျောင်းတွင် ခင်မင်ခဲ့ရသော ထိုသူငယ်ချင်းသည်
ညီအစ်မငါးယောက်တွင် စတုတ္ထမြောက်သမီးဖြစ်ပြီး စာအတော်ဆုံးလည်းဖြစ်သည်။ ဆယ်တန်းအောင်သည့်အခါ
ထူးထူးချွန်ချွန်နှင့် အောင်မြင်သည့်အတွက် ဆေးတက္ကသိုလ်ကို လွတ်လွတ်ကျွတ်ကျွတ် ၀င်ခဲ့သည်။
မိဘညီအစ်မများ၏ ဆန္ဒအရလည်း ဆေးကျောင်းတက်ခဲ့ပါသည်။
ဒုတိယနှစ်ရောက်သည့်အခါ
သူမလုံးဝစိတ်မ၀င်စားသည့်အပြင် ဆရာဝန်လည်း မလုပ်ချင်တော့ကြောင်း သေချာသွားသည့်အတွက်
ကျောင်းပြောင်းတက်ရန် အိမ်ကိုဖွင့်ဟပြောဆို တိုင်ပင်သော်လည်း သဘောတူညီမှုမရခဲ့ပါ။ အိမ်တွင်
ရှားရှားပါးပါး သူမတစ်ယောက်တည်း ဆေးကျောင်းတက်ခွင့်ရသဖြင့် ကျောင်းပြီးသည်အထိ ဆက်တက်ရန်သာ
တိုက်တွန်းခံခဲ့ရပါသည်။ သည်လိုနှင့် ကျွန်မသူငယ်ချင်းခမျာ ဆေးကျောင်းကို ကြိတ်မှိတ်တက်ပြီး
ဆရာဝန်ဖြစ်ခဲ့လေသည်။
သို့သော် သူစိတ်ပါဝင်စားမှု
မရှိသော ပညာရပ်တွင် သင်ကြားဘွဲ့ယူခဲ့ရသည်ဖြစ်ရာ အလုပ်သင်ဆရာဝန်ဘ၀မှာပင် အခက်အခဲများ
ကြုံတွေ့ခဲ့ရပြီး ဆရာဝန်ဆက်လုပ်ရန် ယုံကြည်ချက် ပျောက်ဆုံးသွားတော့သည်။ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင်
ခေတ္တမျှတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သူမ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်မလုပ်တော့ဘဲ
ဆေးကုမ္ပဏီတစ်ခုတွင်သာ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအခါကျမှပင် သူ့မှာ စိတ်ပိုလွတ်လပ်ပြီး
ပျော်ရွှင်မှုကို ခံစားရတော့သည်။
နောင်နှစ်အနည်းငယ်ကြာသည့်အခါ
သူမသည် ဘွဲ့လွန်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက်သင်ယူပါသည်။ တကယ်တမ်း သူမစိတ်ပါဝင်စားသည့်
ဘာသာရပ်ဖြစ်ခဲ့သော်လည်း သူမ၀ါသနာမပါသော ဆေးပညာရပ်တွင် နှစ်ပေါင်းများစွာ အချိန်နှင့်ငွေသာမက
စိတ်ပင်ပန်းဆင်းရဲမှုများစွာ ရင်းနှီးလိုက်ရပါသည်။ ကံကောင်းထောက်မ၍သာ အသက်သုံးဆယ်ကျော်တွင်
မိမိဝါသနာဆန္ဒနှင့် ကိုက်ညီသော ပညာကို ထပ်မံသင်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။
ကျွန်မ၏သူငယ်ချင်းကဲ့သို့ပင်
ကျွန်မတို့နိုင်ငံတွင် မိဘဆွေမျိုးများတိုက်တွန်းမှုကြောင့် ဆရာဝန်မဖြစ်ချင်ဘဲ ဖြစ်လာရသူတွေ
အများကြီးရှိနိုင်ပါသည်။ စာရေးဆရာမင်းခိုက်စိုးစန်သည်ပင် မြန်မာစာမေဂျာ ယူချင်လျက်နှင့်
မိခင်ကြီး၏ ဆန္ဒကိုငဲ့ကွက်ပြီး ဆေးကျောင်းတက်ခဲ့ရကြောင်း ဆရာနှင့်အင်တာဗျူးတစ်ခုတွင်
ကျွန်မ ဖတ်ဖူးပါသည်။ ဆရာဝန်လုပ်နေရသော်လည်း အင်ဂျင်နီယာ သို့မဟုတ် အခြားသောနည်းပညာရပ်နယ်ပယ်ရပ်များ၌
အလွန်ဝါသနာကြီးရှာသော ဆရာဝန်များအကြောင်းကိုလည်း ကျွန်မကြားဖူးပါသည်။ ကိုယ်တိုင် ဆုံခဲ့ဖူးပါသည်။
ဝါသနာမပါဘဲ သင်ယူလိုက်ရသောပညာရပ်တစ်ခုအတွက်
သင်ယူရသူကိုယ်တိုင် ခက်ခဲပင်ပန်းဆင်းရဲရသလို အမှန်တကယ်ဝါသနာပါသူတို့အတွက် ထိုက်တန်သော
နေရာတစ်ခုလည်း ဆုံးရှုံးရပါသည်။ တိုင်းပြည်အတွက်လည်း ထိခိုက်နစ်နာရပါသည်။
တကယ်တော့ ကျောင်းသားကျောင်းသူတိုင်းတွင်
သူတို့၏၀ါသနာအထုံဗီဇသည် မွေးဖွားစဉ်ငယ်နုချိန်ကတည်းက ပါလာခဲ့ပြီးဖြစ်ရာ ထိုဗီဇအထုံကို
ကျောင်းသားဘ၀ သက်တမ်းတလျှောက်တွင် မှန်မှန်ကန်ကန် သွေးတင်ပေးနိုင်ခဲ့လျှင် မိမိစိတ်ဝင်စားရာ
ဘာသာရပ်အလိုက် ပါရဂူများဖြစ်သည်အထိ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်နိုင်ပါသည်။ နိုင်ငံအတွက်လည်း
ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော ဆရာဝန်၊ အင်ဂျင်နီယာများသာမက သိပ္ပံသုတေသနပညာရှင်များ၊
လူမှုစီးပွားဥပဒေပညာရှင်များအပြင် ထူးချွန်ပြောင်မြောက်သော စာပေ၊ ဂီတ၊ ပန်းချီ အနုပညာရှင်များလည်း
ကဏ္ဍအသီးသီး၌ အမြောက်အမြား ပေါ်ထွက်လာမည် ဖြစ်သည်။
ထို့အတွက် မိဘဆရာများက
မိမိတို့ဖြစ်စေသောဆန္ဒထက် မိမိရင်သွေးတပည့်တို့၏ ကောင်းမြတ်သော ဆန္ဒရည်မှန်းချက်များအလိုက်
ဝိုင်းဝန်းအားပေး ထောက်ပံ့ကြရန် အထူးလိုအပ်ပေသည်။ ကလေးငယ်တို့၏ ရင်တွင်းဝယ်ကိန်းအောင်းနေသော
ဗီဇ၀ါသနာ ပါရမီများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ် ဖော်ထုတ်ပေးနိုင်သော ပညာရေးစနစ်ကိုလည်း
လိုအပ်သလို ပြုပြင်လမ်းကြောင်း တည်ဆောက်ရမည် ဖြစ်ပါသည်။ သမီးကျောင်းသူ၊ သားကျောင်းသားများလည်း
မိမိဝါသနာပါရာ ရည်မှန်းချက်အတိုင်း မှန်မှန်ကန်ကန် ရွေးချယ်လျှောက်လှမ်းနိုင်ပြီး အောင်မြင်ပျော်ရွှင်သောဘ၀ကိုယ်စီ
ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။
နယုန်လပြည့်
၂၅-၆-၂၀၁၄
ကြေးမုံသတင်းစာ ဆောင်းပါးကဏ္ဍ
--------------------------------------------------------------------------------------------------------------------
ဇွန်မိုးစက်အနေနဲ့ ဘလော့ဂ်မှာ စာတွေအများကြီးရေးခဲ့ပေမယ့် တကယ်တမ်းပုံနှိပ်စာဆောင်းပါးတွေကို “နယုန်လပြည့်” ကလောင်နဲ့ ၂၀၀၆ခုနှစ် ဇန်န၀ါရီလမှာ စတင်ရေးသားခဲ့ပါတယ်။ အမေပေးခဲ့တဲ့ အဲဒီကလောင်လေးနဲ့ မဂ္ဂဇင်းဆောင်းပါး စုစုပေါင်း ၈ပုဒ် ရေးခဲ့ပြီး၊ ကလောင်အမည်သီးခြားမဖော်ပြဘဲ အယ်ဒီတာတစ်ဦးအနေနဲ့ ၉ပုဒ် ရေးသားခဲ့ပါတယ်။ ဇွန်မိုးစက်ကလောင်အမည်နဲ့ မဂ္ဂဇင်းဆောင်းပါးကတော့ ၂၀၀၆ခုနှစ်မှာ ၄ပုဒ်ပဲ ရေးခဲ့တာပါ။ တကယ်လို့များ သတင်းစာအတွက် ဆောင်းပါးတွေထပ်ရေးဖြစ်မယ်ဆိုရင် နယုန်လပြည့်အနေနဲ့ပဲ ဆက်ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ အခုဆောင်းပါးမှာ မူရင်းစာသားတစ်ချို့ပြုပြင်ပြောင်းလဲခြင်းကို ခံရပေမယ့် ဇွန့်အတွက် ကြေးမုံသတင်းစာမှာပါခဲ့တဲ့ ပထမဆုံးဆောင်းပါးမို့ တကယ်ပဲ ၀မ်းသာမိပါတယ်။း)
Subscribe to:
Posts
(
Atom
)
