ဒီက
fast food ဆိုင်တွေမှာ သွားစားတဲ့အခါ အနောက်ဘက်ခြမ်းမှာလို စားပြီးတဲ့အခါ ကိုယ့်
tray ကို ပြန်ရှင်းပြီး သိမ်းပေးစရာမလိုဘူး။ ကိုယ်က အဲလို ပြန်သိမ်းပေးတဲ့ အကျင့်လေးတော့
နိုင်သရွေ့မဖျောက်ဘူး။ ပြန်သိမ်းပေးရလို့ ကိုယ့်အတွက် အပန်းမကြီးသလို၊ နေရာရှာနေစောင့်နေရတဲ့
နောက်လူတွေအတွက်လည်း ပိုအဆင်ပြေတယ်လို့မြင်တယ်။ အရှေ့ခြမ်းက ဆိုင်တွေမှာ ၀န်ဆောင်မှုပေးတဲ့အခါ
(ဈေးသက်သာတဲ့အတွက်) လူအင်အား များများပိုသုံးနိုင်တယ်။ အနောက်ဘက်မှာတော့ လုပ်အားခဈေးကြီးတာနဲ့အမျှ
လူနည်းနည်းနဲ့ပဲ ရအောင် စီမံလုပ်ကိုင်ကြတယ်။ ဒါကြောင့် အမြန်စာရောင်းတဲ့ဆိုင်တွေမှာ
စားပြီးတဲ့အခါ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်သိမ်းပေးတဲ့အလေ့ကို ကျင့်သုံးကြတာတွေ့ရတယ်။
ကိုယ့်အသိတစ်ယောက်ဝင်လုပ်တဲ့
လန်ဒန်က အတန်အသင့်နာမည်ရ ထိုင်းစားသောက်ဆိုင်မှာ ယောက်ျားဖြစ်သူက စားပွဲထိုး၊ ငွေသိမ်းပြီး
မိန်းမက ဟင်းချက်တယ်။ မိန်းမဖြစ်သူ ကိုယ်ဝန်ဆောင်တဲ့အခါကျမှ မီးဖိုချောင်အကူအတွက် လူထပ်ရှာလို့
သူငယ်ချင်းက ၀င်လုပ်ဖြစ်သွားတယ်။ လူနှစ်ယောက်ထဲနဲ့ပဲ ဆိုင်ကို run သွားတာ။ ကိုယ်စားဖူးတဲ့
အမြန်စာဘာဂါ ရောင်းတဲ့ဆိုင်မှာလည်း အနောက်တိုင်းလူမျိုး မန်နေဂျာကိုယ်တိုင် အော်ဒါလက်ခံ၊
ငွေသိမ်းပြီး လူရှင်းတဲ့အခါ သူကိုယ်တိုင် သန့်ရှင်းရေး ၀င်လုပ်နေတာ တွေ့ရတယ်။ သူတို့ဆီက
ဆိုင်တွေမှာ တတ်နိုင်သရွေ့ လူအင်အားချွေတာပြီး လုပ်ကြတာ အရှေ့ခြမ်းနဲ့တော့ အတော်လေးကွာတယ်။
လူနည်းပေမယ့် ၀န်ဆောင်မှုကတော့ အားမလျော့သွားဘူး။
စားသောက်တဲ့နေရာမှာတော့
သူတို့တွေဟာ ဓားနဲ့ခက်ရင်းကို ပိုအသုံးများလို့ထင်တယ်၊ ဇွန်းနဲ့ခက်ရင်းကို တွဲပြီး
စားလေ့သိပ်မရှိဘူး။ ဇွန်းခက်ရင်းတွဲပြီး ချပေးရင်တောင် ဇွန်းထက် ခက်ရင်းကို ပိုသုံးကြတာ
တွေ့ရတယ်။ အင်္ဂလိပ်တွေဟာ formal ကျကျ စားကြတဲ့အခါ ခက်ရင်းကို ဘယ်တော့မှ ပက်လက်လှန်စားတာမတွေ့ဘူးလို့
သူငယ်ချင်းတစ်ယောက်က ပြောပြတော့ ကိုယ်လည်း သတိထားကြည့်မိတယ်။ ဟုတ်တယ်၊ နံနက်စာ စားတဲ့အခါမျိုးမှာ
ပဲစေ့တွေကိုတောင် ခက်ရင်းမှောက်လျက် အနေထားပေါ်မှာပဲ ဓားနဲ့တွန်းတင်ပြီး စားတာတွေ့ရတယ်။ အမေရိကန်တွေကတော့
ခက်ရင်းကို ပုံစံမျိုးစုံကိုင်ပြီး စားနေကြတာပါပဲ။ ပြင်သစ်တွေက သောက်တဲ့ဝိုင်အမျိုးအစားပေါ် မူတည်ပြီး
ဖန်ခွက်ကို ပုံစံမျိုးစုံ ကိုင်သလို၊ ဂျပန်တွေကလည်း တူသုံးတဲ့အခါ စည်မျဉ်းလေးတွေ ရှိပြန်တယ်။
လူမျိုးတစ်မျိုး ပညတ်တစ်ခုစီပေါ့။ အဲလို လူတစ်မျိုးစီ မတူညီကြတဲ့ အပြုအမူ ဓလေ့စရိုက်လေးတွေကို
မြင်ရသိရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်။
ကိုယ်တို့ဆီမှာ
လမ်းညွှန်တဲ့အခါ ဘယ်နှစ်မှတ်တိုင်၊ ဘယ်နှစ်လမ်း၊ မန္တလေးဆို ဘယ်နှစ်ပြ စသဖြင့် အသုံးပြုကြပေမယ့်
သူတို့ကတော့ it’s about 3 mins walk, 5 mins walk လို့ပြောပြီး ညွှန်ကြတယ်။ တစ်ခါတုန်းက
ရပ်ကွက်တစ်ခုက အပြင်ဆောင်ကို ပြောင်းနေတော့ ကုန်စုံဆိုင်လိုက်ရှာရင်း လမ်းမှာတွေ့တဲ့
တစ်ယောက်ကို မေးလိုက်တာ သူက ဒီကနေ သုံးမိနစ်လောက်လျှောက်ရင် ရောက်ပြီတဲ့။ ကိုယ်လည်း
နာရီကြည့်လျှောက်တော့ သုံးမိနစ်ရောက်ပြီ ဆိုင်ကလည်း မတွေ့သေးဘူး၊ ဒါနဲ့ ဆက်လျှောက်တယ်၊
ငါးမိနစ်လောက်ရောက်လည်း မတွေ့ဘူး၊ နောက် ခုနစ်မိနစ်လောက်ရောက်မှ တွေ့တော့တယ်။ ပြောတော့
သုံးမိနစ်တဲ့၊ တကယ်တမ်း ကမှမကတာလို့ စိတ်ထဲမှာ တွေးလိုက်တယ်။ တကယ်တော့ ကိုယ့်ကို ပြောလိုက်တဲ့သူက
မမှားပါဘူး၊ ကိုယ်က သူတို့လောက် လမ်းလျှောက်တာမှ မမြန်တာ။ ကိုယ်မြန်တယ်ဆိုတာတောင် သူတို့ခြေလှမ်းတွေ
လိုက်လို့မမှီဘူး။ ကိုယ့်အရပ်နဲ့ ကိုယ့်နှုန်းနဲ့ကျတော့ သူတို့ညွှန်းလိုက်တဲ့ မိနစ်က
ကိုယ်လို သာမန်အရပ်နဲ့ အာရှတိုက်သူအတွက် အနည်းငယ် လွဲချော်သွားတော့တာ။
သူတို့ဆီက
သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ စာပို့စနစ်နဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေကို
ကိုယ်သိပ်သဘောကျမိတယ်။ ယုံကြည်စိတ်ချမှုလုံးလုံးမရှိရခဲ့တဲ့ စာပို့စနစ်နဲ့ နှစ်ပေါင်းများစွာ
အဆက်အသွယ် ပြုလုပ်ခဲ့ရတာကြောင့် ယူကေရဲ့ Royal Mail ၀န်ဆောင်မှုအပေါ် သိပ်အားရ သဘောကျခဲ့ရတယ်။
နိုင်ငံကူးလက်မှတ်၊ ဗီဇာ အစရှိတာတွေ သက်တမ်းတိုးဖို့ သံရုံးကို တကူးတကသွားစရာမလိုဘဲ
စာတိုက်ကနေ ကျသင့်ငွေနဲ့ ညီမျှတဲ့လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်မူရင်းကို စိတ်ချလက်ချ
ထည့်ပေးလိုက်လို့ရတယ်။ ကိစ္စ၀ိစ္စပြီးတဲ့အခါ ပတ်စ်ပို့လေးဟာ ကိုယ့်ဆီချောချောမောမောနဲ့
စာတိုက်ကနေ ပြန်ရောက်လာတာပါပဲ။ နောက်ထပ် သဘောကျတာတစ်ခုက ကျောင်းသားတွေဟာ အခွင့်ထူးခံတွေလို
ဘယ်နေရာသွားသွား ကျောင်းသားဆိုတဲ့ ကတ်လေးထုတ်ပြလိုက်တာနဲ့ နေရာတော်တော်များများမှာ
ထက်ဝက်နီးပါးလျှော့ဈေးနဲ့ ပြတိုက်ဝင်ကြည့်ခွင့်၊ ရုပ်ရှင်ကြည့်ခွင့်၊ ဈေးဝယ်ခွင့်တွေ
ရတာပါပဲ။ ကျောင်းသားကတ်နဲ့ဆို လေယာဉ်လက်မှတ်လည်း ဈေးချိုချိုနဲ့ ၀ယ်နိုင်တယ်။ စင်္ကာပူမှာ
ပုဂ္ဂိလကျောင်းတက်ခဲ့လို့ အစိုးရကျောင်းသားတွေနဲ့ တန်းတူအခွင့်အရေးမရခဲ့တဲ့ ကိုယ်ဟာ
အနောက်ဘက်ခြမ်းမှာတော့ နိုင်ငံတကာကျောင်းသားတွေနဲ့အတူ အခွင့်အရေး အပြည့်အ၀ရခဲ့လို့
အံ့သြကျေနပ်မိတယ်။
၂၀၁၂
လန်ဒန်အိုလံပစ်ဖွင့်ပွဲမှာ ယူကေနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့
တခုတ်တရ ထည့်သွင်းသရုပ်ဖော်သွားတာ တွေ့ရတယ်။ တကယ်လည်း ဂုဏ်ပြုထိုက်လောက်အောင် သူတို့နိုင်ငံရဲ့
ကျန်းမာရေးဝန်ဆောင်မှုက သိပ်ကောင်းပါတယ်။ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားဆက်ဆံတာမျိုး
မရှိပါဘူး။ GP တစ်ယောက်ဆီမှာ ကိုယ်က မှတ်ပုံတင်ထားလိုက်တာနဲ့ ဖျားနာဆေးရုံတက်တဲ့အခါ
ပုံသေသတ်မှတ်ထားတဲ့ ဆေးဖိုးကလွဲလို့ ကျန်တာ ဘာမှ မပေးရပါဘူး။ ဆေးဖိုးက ၆.၉ပေါင်လို့
သတ်မှတ်ထားရင် အဲဒီ့နှုန်းက ဆေးတစ်လုံးပဲဝယ်ဝယ်၊ တစ်လစာပဲဝယ်ဝယ်၊ ခြောက်လစာပဲဝယ်ဝယ်
၆ပေါင်နဲ့ပြား၉၀ပဲ ပေးရပါတယ်။ နိုင်ငံခြားသားမို့လည်း ပိုပေးစရာမလိုပါဘူး။ သူတို့နိုင်ငံသားတွေအတွက် လူတစ်ယောက်ချင်းစီရဲ့
အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ကြည့်ရှုထောက်ပံ့ပေးသေးတာမို့ ချို့တဲ့ဆင်းရဲ ၀င်ငွေနည်းလို့
ဆေးခန်းမပြနိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု မခံနိုင်တဲ့ အဖြစ်မျိုး မကြုံရတော့ပါဘူး။
ကိုယ်ကိုယ်တိုင်
ဆေးရုံတစ်ခါမှ မတက်ဖူးပေမယ့် ရောက်တဲ့နိုင်ငံမှာ ကိုယ်နဲ့အတူနေ မိသားစု၊ မိတ်ဆွေတွေ
ဆေးရုံတက်တာ မကြာခဏ ကြုံရတတ်ပါတယ်။ အဲဒီထဲမှာမှ ယူကေရောက်ခိုက် သူဆေးရုံတက်ခဲ့တုန်းက
အဖြစ်အပျက်လေးတွေဟာ ရယ်စရာ၊ အမှတ်ရစရာ ကောင်းခဲ့ပါတယ်။ အအေးကြိုက်တဲ့သူဟာ စိတ်ကူးထဲတောင်
တစ်ခါမှ ထင်မထားမိတဲ့ အဆုတ်ရောဂါ ရခဲ့ပါတယ်။ အအေးမိပြီး ချောင်းဆိုးနေတာ လနဲ့ချီပြီး
ကြာသွားတာနဲ့ သူ့ကို ဆေးခန်းပြဖို့ အတင်းတိုက်တွန်းယူရပါတယ်။ ဆေးခန်းပြလိုက်တာနဲ့ ဆရာဝန်က
ဓာတ်မှန်ရိုက်သွေးစစ်ဖို့ ချက်ချင်းဆေးရုံကို လွှတ်ပါတယ်။ ဆေးရုံရောက်တော့ အသက်သိပ်မကြီးသေးပေမယ့်
ထက်ထက်မြက်မြက်ရှိတဲ့ အိန္ဒိယနွယ်ဖွား ယူကေနိုင်ငံသား ဆရာဝန်က လိုအပ်တာတွေ စစ်ဆေးပြီး
အိမ်ပြန်မလွှတ်တော့ဘဲ ဆေးရုံ တန်းတက်ခိုင်းလိုက်တော့တာပါပဲ။ ကူးစက်တတ်တဲ့ရောဂါမို့ ထင်ပါတယ်၊
လူနာတစ်ယောက်ချင်းစီကို ရေချိုးခန်း၊ အိမ်သာ၊ တီဗီ၊ ဆိုဖာဆက်တီ အပြည့်အစုံပါတဲ့ အခန်းကျယ်တစ်ခုထဲမှာ
ထားပါတယ်။ သူနဲ့အနီးကပ်နေတဲ့သူ၊ တစ်အိမ်တည်း၊ တစ်ဆောင်တည်း နေတဲ့သူတွေ အကုန်လုံး ဆေးစစ်ဖို့
စာပို့ပြီး ညွှန်ကြားပါတယ်။ ကိုယ်တို့အဆောင်က ကျောင်းသားတွေကလည်း ခပ်ပြောင်ပြောင်ပါပဲ။
သူ့ရည်းစားဖြစ်တဲ့ကိုယ်တောင် ဘာမှ မဖြစ်တာ၊ သူတို့က ဖြစ်စရာအကြောင်းမရှိဘူးဆိုပြီး
တစ်ယောက်မှ ဆေးရုံကို မသွားပါဘူး။
သူကတော့
ဆေးတွေစားတဲ့ဒဏ်နဲ့ ၀ိတ်တွေကျပြီး သိပ်မလှုပ်နိုင်၊ မရှားနိုင် ဖြစ်နေချိန်မှာ ကိုယ်ကတော့
သူ့ကို သွားကြည့်ပြီး ဆေးရုံမှာ ဇိမ်ကျနေတော့တာ။ အစားအသောက်က မနက်၊ နေ့လည်၊ ညနေစာ တွေကို
မီးနူးနဲ့ကျွေးတာမို့ ကိုယ်ကြိုက်တာ အမှတ်ခြစ်ပြီး မှာစားလို့ရတယ်လေ။ သူမကြိုက်တဲ့အစားအသောက်တွေ၊
ပိုတဲ့ဟာတွေ ကိုယ်ကယူစားပြီး လိုအပ်ရင် သူ့ကို ပိုမှာခိုင်းလိုက်သေးတယ်။ ဥပမာ ကိုယ်ကြိုက်တဲ့
အသီးတို့ ပူတင်းတို့၊ ချော့ကလက်တို့ဆိုရင် ကိုယ်ပါစားရအောင် တစ်ခုပိုယူထားခိုင်းလိုက်တယ်။
တကယ်လို့ ဆေးရုံကကျွေးတာ မစားချင်ရင် အပြင်ဆိုင်ကနေ ကိုယ့်ဘာသာ အော်ဒါမှာလို့ရအောင်လည်း
စီစဉ်ထားပေးတယ်။ ကိုယ်က လူနာကို အမှီပြုပြီး မုန့်တွေစားလိုက်၊ တီဗီကြည့်လိုက်နဲ့ ဧည့်ချိန်ကုန်မှပဲ
မပြန်ချင်ပြန်ချင်နဲ့ ပြန်လာလိုက်တယ်။ တစ်ရက် တီဗီမှာ ကိုယ်သိပ်ကြိုက်တဲ့ အင်ဒီယာနာဂျူံးရုပ်ရှင်ပြနေတုန်း
အားပါးတရနဲ့ ဆိုဖာပေါ်မှီပြီး ကြည့်နေလိုက်တာ သူနာပြုက တံခါးလာခေါက်ပြီး အသံကျယ်နေလို့
တိုးပေးပါလို့ ပြောယူရတယ်။ ကိုယ်လည်း အားနာနာနဲ့ တောင်းပန်ပြီး အသံတိုးပေးလိုက်တယ်။
အဲဒီ့တော့မှ ကိုယ်ဆေးရုံမှာ ရောက်နေပါလား ဆိုတဲ့အသိက ပြန်ဝင်သွားတာ။
တစ်ညနေတော့
ကိုယ်ပြန်ခါနီး သူ့မေးရိုးက မတော်မဆပြုတ်သွားတယ်။ ခါတိုင်းအဲလိုဖြစ်ရင် သူ့ဘာသာ ပြန်တပ်တတ်တယ်။
ခုကျတော့ သူက အားသိပ်မရှိတော့ ပြန်တပ်လို့မရဘဲ ပါးစပ်ကြီးက ဟနေတော့တာ။ ကိုယ်လည်း နိုက်ဂျူတီကျ
ဆရာဝန်ကို ပြေးခေါ်တယ်။ သူနာပြုလည်း ရောက်လာတယ်။ ဖြစ်ချင်တော့ ဆရာဝန်မလေးက ဟောက်စ်ဆာဂျင်လား မသိဘူး၊
တော်တော်ငယ်ပြီး အတွေ့အကြုံရှိပုံ မရဘူး။ သူ့ကိုကြည့်ပြီး ဘာလုပ်ပေးရမှန်း မသိဘူးဖြစ်နေတယ်။
ကိုယ်ကလည်း တတ်သလောက်မှတ်သလောက် ဒီလိုလုပ်ကြည့်ပါလို့ အကြံပြုတယ်။ ဒါပေမယ့် ဆရာဝန်မလေးက
လက်မရဲဘူးဖြစ်နေတယ်။ ဆရာဝန်မလေး အပြင်ထွက်သွားပြီး ခဏနေတော့ နောက်ထပ်ဆရာဝန်တစ်ယောက်ပါလာတယ်။
ကိုယ်က ဆရာဝန်မြင်လိုက်တည်းက သိတယ်၊ ဒီကိစ္စပြေလည်တော့မှာလို့။ ဟုတ်တယ်… ဆရာဝန်က ထောင်ထောင်မောင်းမောင်း
လူမည်းအမျိုးသား၊ သူက လူနာကို တစ်ချက်ကြည့်ပြီးတာနဲ့ မေးရိုးကို အားနဲ့ ဆတ်ကနဲဖိပြီး
ပြန်တပ်ပေးလိုက်တာ ဟနေတဲ့ပါးစပ်လည်း ပိတ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ ကိုယ်တို့အားလုံးလည်း
ဟင်းချ ၀မ်းသာသွားပြီး ဆရာဝန်ကြီးကို ကျေးဇူးဝိုင်းတင်ကြရတာ။ ကိုယ်လည်းပဲ အဲတော့မှ
တက္ကစီခေါ်ပြီး အိမ်ကို စိတ်ချလက်ချ ပြန်နိုင်တော့တယ်။
ဆေးရုံမှာ
ရက်နှစ်ဆယ်လောက်နေပြီး ပြန်ဆင်းတဲ့နေ့မှာ ကိုယ်တို့နှစ်ယောက်လုံး နဲနဲလန့်နေကြတယ်။
နိုင်ငံခြားသား ကျောင်းသားတွေလည်းဖြစ်ပြန်၊ သူများနိုင်ငံမှာ ဆေးရုံတစ်ခါမှ မတက်ဖူးတော့
ဆေးရုံတက်ခတွေ၊ ဆေးဖိုးတွေ ဘယ်လောက်တောင် ပေးရတော့မလဲ ဆိုပြီးတော့…။ ငွေရှင်းကောင်တာရောက်တော့
သူ့ကို နောက်ထပ် ဆက်သောက်ရမယ့် ခြောက်လစာအတွက် ဆေးပေးပြီး သူတို့ သတ်မှတ်ထားတဲ့ ဆေးဖိုးငွေ
ခြောက်ပေါင်ကျော်နဲ့ပဲ ဘီလ်ထွက်လာတယ်။ ဒီတော့မှ ကိုယ်တို့ရင်ထဲက အလုံးကြီးလည်း ကျသွားတော့တယ်။
ခြောက်လအတွင်း သူ့ကို ဆေးမှန်မှန်သောက်ဖို့ မပြတ်သတိပေးရင်း၊ ကြားထဲမှာ နှစ်လတစ်ခါ
ဆေးရုံမှာ ဆေးသွားစစ်ရင်း၊ ဓာတ်မှန်ရိုက်ရင်းနဲ့ ခြောက်လကြာတဲ့အခါမှာတော့ သူ့အဆုတ်ရောဂါလည်း
ပျောက်ချင်းမလှ ပျောက်သွားတော့တယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် သူဆေးရုံတက်နေစဉ်က စားခဲ့သောက်ခဲ့၊
တီဗီကြည့်ခဲ့ရတာလေးတွေကို အမှတ်ရရင်း ပြုံးနေမိတော့တာ...။
အမေနှစ်ယောက်ရှိတယ်…။
တစ်ယောက်က
ချောမောပိန်သွယ် မြန်မာဆန်ပြီး တစ်ယောက်က တောက်ပထက်မြက်တဲ့ မျက်လုံးတွေ ပိုင်ဆိုင်တယ်။
တစ်ယောက်က
မိခင်ဇနီးအိမ်ရှင်မကောင်း ပီသခဲ့ပြီး တစ်ယောက်က လူဦးရေ ၅၉သန်းရှိတဲ့ နိုင်ငံအတွက်
ယုံကြည်အားကိုးရာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။
တစ်ယောက်က
မိုင်ထောင်ချီဝေးတဲ့ အနောက်အရပ်မှာ ကျန်နေခဲ့တဲ့ မိသားစုအတွက် ပူပင်သောကရှိခဲ့ပေမယ့် တစ်ယောက်က
သူယုံကြည်ရာပန်းတိုင်အတွက် ငြိမ်းချမ်းရဲရင့်စွာ၊ တစ်ကိုယ်တည်း အထီးကျန်စွာ တိုက်ပွဲဝင်ခဲ့တယ်။
တစ်ယောက်က
သူမအပေါ် သူမတူအောင် နားလည်ပံ့ပိုး ချစ်မြတ်နိုးတဲ့ ခင်ပွန်းဖြစ်သူနဲ့သားနှစ်ယောက်ကို
သတိရလွမ်းဆွတ်နေခဲ့ပြီး တစ်ယောက်က သူမချစ်ရတဲ့ တိုင်းသူပြည်သားလူအများ စိတ်လုံခြုံလွတ်လပ်မှုရဖို့အတွက်
စဉ်းစားပေးနေခဲ့တယ်။
တစ်ယောက်က
နိုဗယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခံရပြီး တစ်ယောက်က သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
လက်လွှတ်ခဲ့ရတယ်။
တစ်ယောက်က
ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံးခရီး ပို့ဆောင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး တစ်ယောက်က သူ့အသက်ရှင်သန်နေသရွေ့ တိုင်းပြည်အရေးသာ ဦးစားပေးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
တစ်ယောက်က
နေအိမ်အကျယ်ချုပ်ဘ၀က လွတ်မြောက်ခဲ့ပြီး တစ်ယောက်က နာရီလက်တံတွေ ရွေ့လျား ခေါ်ဆောင်ရာနောက်ကို
လိုက်ပါလာခဲ့တယ်။
တစ်ယောက်က
သားငယ်ကိုပွေ့ဖက် ပီတိအပြုံးနဲ့ ဆီးကြိုခဲ့ပြီး တစ်ယောက်က မမြင်တာကြာပြီဖြစ်တဲ့ သားကြီးအကြောင်း
မျှော်လင့်နားစွင့်နေခဲ့တယ်။
တစ်ယောက်က
အသက်ရလာပြီး ပင်ပန်းနွမ်းနယ်မှုတွေရှိလာပေမယ့် တစ်ယောက်က ခရီးတွေသွားပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ
မိန့်ခွန်းတွေ ပြောနေခဲ့တယ်။
တစ်ယောက်က
သားမြေးတွေနဲ့ အတူနေပြီး အနားယူချင်ပေမယ့် တစ်ယောက်က အနားမနေဘဲ နိုင်ငံနဲ့လူမျိုးအတွက်
စွမ်းသမျှ လုပ်ဆောင်ပေးဖို့ ခွန်အားတွေ မွေးနေခဲ့တယ်။
အမေနှစ်ယောက်လုံး ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၆၇နှစ်မြောက် မွေးနေ့မင်္ဂလာကို မိသားစုနဲ့အတူ အမှတ်တရ
ကျင်းပခွင့်ရလို့ ကြည်နူးဝမ်းသာနေကြတယ်။
သားနှစ်ယောက်ရဲ့အမေ၊ ကမ္ဘာမှာ မြန်မာကို ကိုယ်စားပြုခဲ့တဲ့အမေ… အသက်ရှည်ကျန်းမာ ဘေးအန္တရာယ်ကင်းပါစေ။
၁၉.၆.၂၀၁၂ အတွက်
ဇွန်မိုးစက်
အဲဒီ့နေ့က
စနေမိုးစွေ ရွာခဲ့ပါသတဲ့။ ထူးခြားတာတစ်ခုက ဘယ်ကလာမှန်းမသိတဲ့ မြွေတစ်ကောင်ဟာ အိမ်နောက်ဖေးပေါက်ကနေ
အိမ်ရှေ့ကို တန်းတန်းမတ်မတ် ဖြတ်ပြီး ဘယ်သူ့ကိုမှ ရန်မမူဘဲ ခြံထဲကို ဆင်းသွားတယ်တဲ့။
မြွေဖြတ်သွားတဲ့အချိန် နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ မိန်းမပျိုတစ်ယောက်က အလန့်တကြား ထခုန်မိခဲ့ပေမယ့်
အိမ်ထဲမှာရှိနေတဲ့ တစ်စုံတစ်ယောက်က အမှတ်မထင် နံရံပေါ်က နာရီကို လှမ်းကြည့်မိသွားတယ်။
ညရောက်တော့ ဆေးရုံကပြန်လာတဲ့သူကို ဖွားမြင်တဲ့ ကလေးအကြောင်း မေးကြည့်ရင်း အိမ်ထဲကို
မြွေဖြတ်သွားတဲ့အချိန်နဲ့ ကလေးမျက်နှာမြင်ချိန် တိုက်ဆိုင်နေတာကို အံ့သြစွာနဲ့ သိလိုက်ရတယ်။
အဲဒီ့မြွေကိုတော့ နောက်ထပ်မတွေ့ရတော့ဘူးတဲ့။
ဒါနဲ့ပဲ
လူကြီးတွေက ဒီကလေးဟာ မြွေနဲ့အဆက်အစပ် ရှိရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ သူတို့ ယုံကြည်သလိုပဲ
အဲဒီ့ကလေးမလေးဟာ မြွေနဲ့အကျိုးပေးတယ်။ မြွေကို မြင်ရင် လိုချင်တာ ဆုတောင်းလို့ ဘေးအိမ်က
ဦးလေးကြီး သင်ပေးထားတဲ့အတိုင်း လိုက်ဆုတောင်းတာ ထူးဆန်းစွာနဲ့ တကယ်ပြည့်ခဲ့တယ်။ မြွေပေါတဲ့အရပ်မှာနေပေမယ့်
မြွေကို နဲနဲလေးမှ မကြောက်ဘူး။ မြွေမြင်ရင် အနီးကပ်ကြည့်ချင်တယ်။ စိတ်ဝင်စားတယ်။ အနီးအနားလမ်းမှာ
မြွေအရှင်အဖြစ်ဖြစ်၊ အသေဖြစ်ဖြစ်တွေ့တယ်လို့ သတင်းကြားရင် သွားကြည့်ချင်တယ်။ တစ်ခါက
အိမ်ရှေ့က အုန်းပင်အောက်မှာ လင်းမြွေလာခွေနေလို့ လူကြီးတွေ မသိအောင် အနီးကပ် သွားကြည့်လိုက်သေးတယ်။
မြွေကိုမြင်ရတဲ့အခါ သူမကို ရန်မမူတဲ့အပြင် ပြုံးပြနေတယ်လို့တောင် ထင်တယ်။
ကလေးဘ၀က
တိရစ္ဆာန်ဥယျာဉ်ကို သွားလည်တဲ့အခါ သူမ အရင်ဆုံးကြည့်ချင်တာ၊ သွားချင်တာ၊ မြွေတွေ ရှိတဲ့နေရာကိုပဲ။
အဲ့ဒီနေရာကို မရောက်မှာ မကြည့်လိုက်ရမှာ စိုးရိမ်တယ်။ ကျန်တဲ့နေရာတွေသာ မမှတ်မိတာ၊
မြွေတွေရှိတဲ့နေရာကိုတော့ တိရစ္ဆာန်ဥယျာဉ် ပထမဆုံးတစ်ခေါက် ရောက်ဖူးကတည်းက မှတ်မိတယ်။ မိုးရာသီမှာ
အိမ်အပေါ်ထပ်ဝရန်တာပေါ်ကနေ အောက်မှာ မြင်ရတဲ့ ရေမြွေသေးသေးလေးတွေကို စာကလေးခွေ ချကျွေးချင်
ကျွေးတတ်တာ။ မြွေကားဆိုလည်း အရမ်းကြိုက်တယ်။ ငယ်ငယ်က တီဗွီမှာပြတဲ့ အဖြူအမည်း မြွေမင်းသားနဲ့
မြန်မာကားလာရင် စိတ်ဝင်တစားကြည့်တယ်။ မြွေမင်းသားနဲ့ပေါင်းဖက်ပြီး မွေးလာတဲ့ ကလေးလေးခေါင်းမှာ
ဆံပင်တွေအစား မြွေလေးတွေ တွဲလောင်းကျနေတာတောင် မှတ်မိသေးတယ်။ မြွေဆို အရမ်းကြောက်တတ်ပြီး
မြွေပုံပါရင် စာအုပ်ကို လွှတ်ချတဲ့ အဒေါ်တစ်ယောက်ကို ဘာကြောင့် သူ ဒီလောက် မြွေကြောက်တတ်ရတာလဲဆိုပြီး
နားမလည်နိုင်ခဲ့ဘူး။
ခုတော့ မြွေမမြင်ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ မြွေအကြောင်း စိတ်ဝင်တစား ရှိသေးပေမယ့် အရင်ကလောက် မရင်းနှီးတော့ဘူး။ အရင်ကထက်စာရင် မြွေကို နဲနဲကြောက်တတ်လာသလိုပဲ။ အသက်ကြီးလာလို့များလား။ မြွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်တာထက်စာရင် အတိတ်ဘ၀ အတော်များများမှာ မြွေဖြစ်ခဲ့ဖူး၊ မြွေနဲ့ပတ်သက်ခဲ့ဖူးတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ပဲ မှတ်ချက်ချမိတယ်။ တကယ်တော့ ဂင်္ဂါဝါဠု သဲစုမကတဲ့ ဘုရားတွေတောင် အဆူဆူ ပွင့်သွားပြီးပြီ။ ကိုယ်က ခုချိန်ထိ သံသရာမှာ ကျင်လည်နေတုန်းပဲဆိုတော့ ကိုယ်မဖြစ်ခဲ့ဖူးတဲ့ သတ္တ၀ါတောင် ရှိချင်မှ ရှိလိမ့်မယ်။
ခက်ခဲလှတဲ့ လူ့ဘ၀ရခိုက်လေး၊ စစ်မှန်တဲ့ဘာသာတရား ယုံကြည်ကိုးကွယ်ခွင့်ရခိုက်လေးမှာ သံသရာက ကျွတ်တမ်းမ၀င်သည့်တိုင်အောင် သံသရာတိုအောင် မလုပ်နိုင်ခဲ့ရင် ကိုယ့်လောက်မိုက်တဲ့သူရှိမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ကုသိုလ်တရားတွေ ဆက်ကာဆက်ကာမလုပ်ဖြစ်ရင် လူဖြစ်ရကျိုးလည်း နပ်မှာမဟုတ်ဘူး။ အသက်တစ်နှစ်ကြီးလာတဲ့နဲ့အမျှ အကုသိုလ်တရားထက် ကုသိုလ်တရားပိုပြုမိဖို့ အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးနေရင်း၊ ဖြစ်လာသမျှ၊ ဖြစ်ခဲ့သမျှ အပါယ်ရောက်နိုင်တဲ့ ဒေါသအကုသိုလ်စိတ်တွေကို ချုပ်တည်းဖြေဖျောက် လျှော့ချဖို့ကြိုးစားရင်းနဲ့ ဂဏန်းနှစ်လုံးထပ်တူဖြစ်သွားတဲ့ မွေးနေ့ကို ကြိုဆိုလိုက်ပါတယ်။
ဟက်ပီပူးဒေး….
ဇွန်မိုးစက်!
လွန်ခဲ့တဲ့
ဆယ်စုနှစ်တိတိက ကမ္ဘာ့မြေပုံရဲ့ အနောက်ဘက်ခြမ်းကို စရောက်ဖူးတယ်။ အဲ့ဒီမတိုင်ခင် တစ်နှစ်လောက်က
ခြင်္သေ့ကျွန်းလေးမှာ နေခဲ့သူမို့ စက်လှေကားအဆင်းအတက် ဘယ်ခြမ်းကပ်ရပ်တဲ့ အကျင့်ရှိသူကိုယ်ဟာ
ဘက်မှားရပ်နေမှန်း အမ်စတာဒမ်လေဆိပ်အရောက်မှာ သိလိုက်ရတယ်။ သူတို့ဆီမှာ ညာခြမ်းကပ်ရပ်ပေးပြီး
ကျော်သွားချင်သူတွေက ဘယ်ခြမ်းကနေ အပြေးအလွှား သွားကြတာကိုး။ ဒါကြောင့် နောက်ပိုင်း သူတို့ဆီကလူတွေ
အရှေ့တိုင်းကိုလာလို့ ညာဘက်မှာကပ်ရပ်နေတာတွေ့ရင် နားလည်ပေးတတ်သွားတယ်။
ကားလမ်းဖြတ်ကူးတော့လည်း
တစ်ချို့ကားတွေဟာ သိသိသာသာ စိတ်ရှည်လက်ရှည် ရပ်ပေးတာကို တွေ့ရပြန်တယ်။ အဲ… မီးပွိုင့်ဖြတ်ကူးသူတစ်ချို့ကတော့
မီးစိမ်းအောင် စောင့်မနေဘဲ ကားမရှိရင် မရှိသလို ကူးကြတာပါပဲ။ လမ်းပေါ်မှာ ကားတွေက ဥရောပထုတ်
ချစ်စရာ ကားငယ်လေးတွေများတော့ လိုက်ငေးနေရသေးတယ်။ ကားဝယ်တော့လည်း အတော်လေးလွယ်ကူတယ်။
ကျောင်းသားတစ်ယောက် တစ်ပတ်ရစ်ကားဝယ်တာ ဘာမှ အထောက်အထား ထွေထွေထူးထူး ပြစရာမလိုဘူးရယ်။
ဆေးရုံတက်နေတဲ့သူက ပူဆာတာနဲ့ ကိုယ်ဟာ ကားအမျိုးအစားကလွဲပြီး ကားအကြောင်း သိပ်မသိဘဲ
သတင်းစာထဲမှာတွေ့တဲ့ ကားအရောင်းဌာနကို ရောက်သွားပြီး ခပ်တည်တည်နဲ့ ကားသွားကြည့်ပေးရတယ်။
အင်တာနေရှင်နယ်လိုင်စင်လည်းမရှိ၊
ဂီယာထိုးတတ်ရုံနဲ့ ဘီးလှိမ့်ရုံပဲ မောင်းတတ်တဲ့ကိုယ်ဟာ ကားကို ဘေး၊ ဘယ်၊ ညာ လှည့်ပတ်ကြည့်ပြီး
ပြန်လာခဲ့တယ်။ ဘယ်ဘက်ဘမ်ပါမှာ ချိုင့်ရာနဲနဲရှိတာကလွဲလို့ ကားသန့်ကြောင်း ဆေးရုံပေါ်ကသူ့ကို
အကျိုးအကြောင်းပြောပြတဲ့အခါ သူက ခေါ်ဈေး ပေါင်ကိုးရာနဲ့ တစ်ခါတည်း ၀ယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ဆေးရုံဆင်းတဲ့နေ့မှာပဲ သူ ကားလေးတစ်စီး ၀ယ်စီးဖြစ်သွားတယ်။ ခရီးတိုတစ်ချို့ကလွဲပြီး
သိပ်လည်းမသွားဖြစ်ခဲ့၊ တစ်နှစ်အတွင်း မောင်းခဲ့တဲ့မိုင်တိုင်ကလည်း သိပ်မရှိတော့ ဖို့ဒ်စက်ရုံထုတ်
စိမ်းပြာရောင်ကားလေးဟာ သိပ်မဟောင်းသွားခဲ့ဘူး။ ပြန်လာခါနီးမှာ ebay ကနေပဲ လေလံဆွဲပြီး
ပေါင်ရှစ်ရာလောက်နဲ့ ပြန်ရောင်းလိုက်တယ်။ အင်္ဂလိပ်သားအဖနှစ်ယောက် ကားတစ်စီးနဲ့လာ၊ ချက်လက်မှတ်ပေးပြီး၊
အပြန်မှာ သားဖြစ်သူက ဖို့ဒ်ကားလေးကို ပြန်မောင်းသွားတယ်။ ယူကေမှာ ကားတစ်စင်းဝယ်ပြီး
ပြန်ရောင်းဖို့ ဘာမှ သိပ်အခက်အခဲ မရှိလိုက်ဘူး။
အဲဒီ့ကားလေးနဲ့
အမှတ်တရ သွားခဲ့ဖူးတဲ့ ခရီးအချို့ရှိတယ်။ ဘွဲ့ယူတုန်းက ဝေလပြည်နယ်ရဲ့ မြို့တော် Cardiff
ကို သွားခဲ့တာရယ်၊ နာမည်ကျောက် ကျောက်စက်ဝိုင်းတွေရှိရာ Stonehenge ကို သွားရင်း သိပ်လှတဲ့
Bath မြို့ကို အမှတ်မထင် ရောက်သွားခဲ့တာရယ်။ တစ်ခါက Nottingham အသွား လမ်းခွဲမှားဝင်မိလို့
Leicester ထဲရောက်သွားတာနဲ့ ညကြီးမိုးချုပ် လမ်းကလည်း မကျွမ်းကျင်တော့ အဝေးပြေးလမ်းမ
ရောက်အောင် အတော်ပတ်ပြီးမောင်းလိုက်ရတယ်။ သူကားမောင်းတိုင်း မြေပုံကြည့်ပြီး လမ်းညွှန်တဲ့
ကိုယ့်ကို အဲဒီ့ကစပြီး အယုံအကြည် မရှိတော့ဘူး။ တကယ်တော့ သူတို့လမ်းညွှန်ဆိုင်ဘုတ်အတိုင်းမောင်းတာ
အကောင်းဆုံးပဲ။ လမ်းမှားစရာအကြောင်း မရှိအောင် ညွှန်ထားတာတွေ သိပ်ရှင်းတာကိုး။ မြေပုံကြည့်ရတာကမှ
အလုပ်ရှုပ်သေး၊ လွဲချော်နိုင်သေးတာ။
တစ်မြို့နဲ့တစ်မြို့
ရထားစီးသွားရတာကိုလည်း ကြိုက်တယ်။ ရောက်စတုန်းက နော့တင်ဟမ်နဲ့ လန်ဒန်ကို တစ်ယောက်တည်း
ရထားစီးပြီး သွားခဲ့တယ်။ အိမ်သာသွားချင်တော့ ကျောပိုးအိတ်နဲ့ ခရီးဆောင်အိတ်ကို သယ်မသွားချင်တာနဲ့
နေရာမှာ ဒီအတိုင်းထားပြီး သွားလိုက်တယ်။ ပြန်လာတော့လည်း ဒီတိုင်းပါပဲ။ ဘာမှ အပျောက်အရှ
မရှိဘူး။ ကံကောင်းလို့လားတော့ မသိဘူး၊ တစ်ခါစီမှာ ကျကျန်ရစ်တဲ့ ပိုက်ဆံအိတ်နှစ်လုံးစလုံးလည်း
ပကတိအတိုင်း ပြန်ရတယ်။ ရထားစီးတုန်းက ကြုံခဲ့ဖူးတဲ့ အမှတ်တရတစ်ခုရှိသေးတယ်။ ရထားလက်မှတ်တွေ
အစားစားရှိတဲ့အထဲမှာ သူဝယ်မိတဲ့လက်မှတ်က peak hour ဆို စီးလို့မရတဲ့ လက်မှတ်ဖြစ်နေတယ်။
အဲဒါကို မသိဘဲ နှစ်ယောက်စလုံး မနက်ရထားကို သွားစီးမိတယ်။ လက်မှတ်စစ် အင်္ဂလိပ်အဖိုးကြီးက
ရောက်လာပြီးစစ်တော့ နှစ်ယောက်စလုံး ဒဏ်တပ်ခံရတယ်။ ဒဏ်ကြေးပေးရမယ်ပေါ့။
ကိုယ်တို့လဲ
ဘာမှ မတတ်နိုင်ဘူး ပေးလိုက်တာပေါ့ဆိုပြီး ပေးမယ်လုပ်တယ်။ သူက လက်မှတ်ဖြတ်စက်ကလေးကို
ဂျောက်ဂျက်၊ ဂျောက်ဂျက်နှိပ်ပြီး ကိုယ်တို့ကို ပေးရမယ့်ဒဏ်ကြေးပြောတယ်။ ဒါပေမဲ့သူက
နင်တို့ မပေးနဲ့ဦး၊ ငါ့စက်က receipt ထုတ်မရသေးလို့ ထုတ်လို့ရမှ ပေးပါလို့ပြောတယ်။
ဒါနဲ့ ကိုယ်တို့လည်း ပေးဖို့ကို စောင့်နေတာ၊ သူလည်း အနားက ဖြတ်သွားလိုက်၊ အသစ်တက်လာတဲ့
ခရီးသည်တွေကို လက်မှတ်စစ်လိုက်၊ ဖြတ်ပေးလိုက်လုပ်နေတာ လန်ဒန်ကနေ နော့တင်ဟမ်သာ ရောက်သွားတယ်၊
ဒဏ်ကြေးမပေးလိုက်ရဘူး။ receipt မလိုဘူး၊ ဒီအတိုင်းပေးမယ် ပြောပေမယ့် သူ့စက်က ပြေစာဖြတ်မယ့်
function ပျက်သွားလို့ ဒဏ်ကြေးကို လုံးဝယူမသွားဘူး။ ဘုတ်အုတ်ကြီးထဲက စည်ကမ်းအတိုင်း
တစ်သွေမတိမ်း လိုက်နာတဲ့သူလို့ သူက မှတ်ချက်ချပေမယ့် သူ့အပြုအမူနဲ့ လုပ်ရပ်ကို နှစ်ယောက်စလုံး
သဘောကျမိတာအမှန်ပဲ။ ပိုက်ဆံမပေးလိုက်ရလို့တော့ မဟုတ်ခဲ့ဘူး…။
သူတို့ဆီမှာလည်း
နယ်ဘက်က လူတွေက ပိုယဉ်ကျေးတာ တွေ့ရတယ်။ ရှော့ပင်းစင်တာတွေက တံခါးတွေကို ရှေ့က ၀င်သွားတဲ့သူတွေက
နောက်ဝင်လာသူတွေကို စောင့်ပြီး စိတ်ရှည်လက်ရှည် ဖွင့်ထားပေးတတ်ကြတယ်။ နှုတ်ဆက်စကားလည်း
ပိုချိုတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ သွားသုတ်သုတ်၊ လာသုတ်သုတ်တွေ များတယ်။ အင်္ဂလိပ်စကားအသံထွက်လည်း
တစ်နယ်နဲ့တစ်နယ် ကွာခြားပြန်တယ်။ နော့တင်ဟမ်လို ကျောင်းသားများတဲ့ မြို့မှာ ကျောင်းသားတစ်ယောက်နဲ့
တစ်ယောက်တွေ့ရင် ပုံမှန် ဟိုင်း၊ ဟယ်လိုကနေ ဟိုင်းရား ဆိုပြီး နှုတ်ဆက်ကြတယ်။ ရားက ဘယ်ကနေ
ဘယ်လိုပါလာသလဲတော့ မသိဘူး။ အဲဒီ့မြို့မှာတော့ သိသိသာသာ တရုတ်ကျောင်းသားတွေ များတာပါပဲ။
ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တရုတ်ကျောင်းသားတွေ အများဆုံး တွေ့ရတယ်။ ဟော…. လန်ဒန်ကျတော့
အမျိုးစုံလှတဲ့ အိန္ဒိယ၊ ပါကစ္စတန် နွယ်ဖွားတွေရယ်၊ လူမည်းတွေရယ် အများကြီး တွေ့ရပြန်တယ်။
အင်္ဂလိပ်အမျိုးသမီးတွေဟာ
ထင်ထားတာလောက် အရမ်းထွားကြိုင်းပြီး အရပ်ရှည်မနေကြဘူး။ ဂျာမန်နဲ့ ဟော်လန်က အမျိုးသမီးတွေကတော့
အင်္ဂလိပ်မတွေထက် ပိုထွားကြိုင်း အရပ်မြင့်မားတယ်။ အနောက်နိုင်ငံ ရောက်တယ်ဆိုလို့ အဆောက်အဦ
မြင့်မြင့်တွေလည်း တွေ့ရမှာ မဟုတ်ဘူး။ မျက်စိထဲမှာ အနောက်နိုင်ငံဆို နယူးယောက်ကို ပြေးပြေးမြင်မိတဲ့
ကိုယ်တို့ဟာ လန်ဒန်က Canary Wharf လို အဆောက်အဦမြင့်မြင့်ရှိတဲ့နေရာကိုမှရွေးပြီး
ဓာတ်ပုံသွားရိုက်ကြတယ်။ အဲ… စက်လှေကားတွေကတော့ အမြင့်ကြီးပဲ။ အဲဒီအချိန်က ခြင်္သေ့ကျွန်းမှာ
အစိမ်းနဲ့အနီ နှစ်လိုင်းသာ ရှိသေးတာမို့ စီးတီးဟောက စက်လှေကားကို ရှည်လှပြီ ထင်ခဲ့တာ၊
ကနေရီဝှဖ် ဘူတာက စက်လှေကားစီးရမှပဲ အတော်ရှည်ပါလားလို့ သိလိုက်ရတယ်။ အင်းလေ…. ရှည်ဆို…
သိမ်းစ်မြစ်အောက်ထိအောင် ဖောက်ထားတာကိုး။
ရထားလိုင်းတွေကလည်း အများကြီးပဲ။ လန်ဒန်မှာ
မြေအောက်ရထားစီးရတာ ပင်ပန်းတယ်လို့ ထင်မိတယ်။ သွားနေကျ မဟုတ်တော့ တစ်ဘူတာနဲ့တစ်ဘူတာ
အတက်အဆင်း လုပ်ရတာ တစ်မျှော်တစ်ခေါ် တရှည်တလျားပဲ။ တစ်ခါတစ်လေ သပိတ်မှောက်တာနဲ့များကြုံရင်
အောက်မှာ ပိတ်မိချင် မိနေတတ်တာ။ အဲလိုမှ မဟုတ်လည်း အပေါ်ကို ရောက်အောင် မနည်း ပြန်ထွက်ရတယ်။
တစ်ခါတုန်းက အဲလိုပဲ အပေါ်ပြန်တက်တော့ ခပ်တည်တည်နဲ့ ကိုယ်က ရှေ့ကသွား၊ နောက်ကလူအုပ်ကြီးကလည်း
ကိုယ့်နောက်လိုက်၊ လှေကားထစ်တွေ တက်လိုက်ရတာ ဟောဟဲ…ဟောဟဲနဲ့ အပေါ်ရောက်မှ သိတယ် လှေကားအထစ်ပေါင်း
တစ်ရာကျော်ရှိတာကို သတိပေးထားတဲ့ဟာ ကိုယ်က ရှန်းပြီး စာသေချာမဖတ်၊ ဓာတ်လှေကားရှိရာမသွားဘဲ
တွေ့တဲ့လှေကား တက်ချသွားတာ၊ နောက်က လူအုပ်ကလည်းပါတော့ လှည့်တောင် မကြည့်တော့ဘူး… အပြေးတက်သွားလိုက်တာ
ဒူးတောင်ချောင်သွားတယ်။ နောက်ပိုင်း ဘူတာမှာ လှေကားမြင်ရင် ကြောက်သွားတယ်။
ဘတ်စ်ကားစီးတဲ့အခါ
သဘောကျတာလေးတစ်ခုက ဒရိုင်ဘာကို ခရီးသည်တိုင်းလိုလိုက ကျေးဇူးတင်စကား ပြောကြတာကိုပါပဲ။
ကျောင်းအပို့အကြိုကားပဲဖြစ်ဖြစ်၊ အများသုံးဘတ်စ်ကားပဲဖြစ်ဖြစ် ဒရိုင်ဘာနားနီးတဲ့ ရှေ့ပေါက်က
ဆင်းတဲ့အခါတိုင်း ကျေးဇူးတင်စကားပြောကြတယ်။ အဲဒီ့အလေ့ကို သဘောကျတာနဲ့ ဒီရောက်တော့ ပြန်ပြောကြည့်လိုက်သေးတယ်။
သိပ်အသုံးမတည့်လှဘူး၊ အပြောခံရတဲ့ ဒရိုင်ဘာက အူကြောင်ကြောင်နဲ့ ပြန်ကြည့်တော့ ပြောမိတဲ့ကိုယ်သာ
အပြစ်ရှိသွားသလိုလို၊ ဘာလိုလို။ နောက်တော့လည်း မပြောဖြစ်တော့ပါဘူး။
ကိုယ်ရောက်ဖူးတဲ့
အဲဒီ့က မြို့တော်တော်များများမှာ အမှိုက်ပုံးတွေ အလွယ်တကူ တွေ့မြင်ရပေမယ့် လန်ဒန်မြို့လယ်မှာ
သိပ်မတွေ့ရဘူး။ ဒါနဲ့ ကိုယ်က စပ်စုကြည့်တော့ အိုင်ယာလန်အကြမ်းဖက်သမားတွေ ဗုံးထည့်မှာစိုးလို့
အမှိုက်ပုံးတွေ သိပ်မထားဘူးလို့ သူငယ်ချင်းတစ်ယောက်က ပြောတာပဲ။ ဗြိတိသျှပြတိုက်ရှေ့က
အမှိုက်ပုံးထားပုံလေးကိုတော့ သဘောကျတယ်။ ထိုင်ခုံအောက်မှာ ၀ှက်ထားတာ။
တကယ်တော့
လန်ဒန်လိုမြို့ကြီးမှာ လည်စရာတွေ အပုံကြီးပေမယ့် ကိုယ်မရောက်ခဲ့တဲ့၊ မရောက်ဖြစ်လိုက်တဲ့
နေရာတွေ ရှိသေးတယ်။ ကိုယ်နေတာ အခြားမြို့ဆိုတော့ အကြောင်းကိစ္စရှိမှပဲ လန်ဒန်ကို ရောက်ဖြစ်တယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာနိုင်ငံတော်သံရုံးရှိရာ မြို့တော်လန်ဒန်ကို
သွားခဲ့တယ်။ အရင်က သံရုံးကို တစ်ခါမှ မရောက်ဖူးတော့ မေးမြန်းရင်းနဲ့ သံရုံးရှိတဲ့လမ်းကို
ရောက်သွားတယ်။ အရောင်လွင့်နေတဲ့ မြန်မာနိုင်ငံတော်အလံကြီး တွေ့လိုက်ရတော့ ပျော်သွားတာပေါ့။
ဒါနဲ့အလံရှိရာ အဆောက်အဦဆီ ၀မ်းသာအားရ ချီတက်ရင်း စိတ်ထဲမှာ တို့နိုင်ငံသံရုံးက ဘယ်ဆိုးလို့လဲ…
ခမ်းနားသားပဲပေါ့။ အံမယ် အစောင့်ကလဲ အင်္ဂလိပ်လူငယ်လေးတစ်ယောက်၊ သူ့ကိုဖြတ်ပြီး အထဲဝင်မယ်လုပ်တော့
သူက ယဉ်ယဉ်ကျေးကျေးပဲ ပြန်မေးပါတယ်။ ဘယ်ကိုလာတာလဲတဲ့။ မြန်မာသံရုံးလို့ ဖြေလိုက်တော့
ဟိုဘက်အခြမ်းပါလို့ ပြုံးရယ်ပြီး ပြောတယ်။
ဒီလိုမှားပြီး ၀င်တာ ကိုယ်တို့ပဲတော့
ဟုတ်ဟန်မတူဘူး။ နေ့စဉ် သူပြောနေကျစကားမျိုး ပြောလိုက်သလိုက်ပဲ။ ဒါနဲ့ ကိုယ်လည်းရှက်ရှက်နဲ့
လှေကားက ပြန်ဆင်းပြီး ဟိုဘက်ကို ၀င်သွားရတယ်။ အင်း… ဒါမှ မြန်မာသံရုံးအစစ်၊ အ၀င်ဝကတည်းက
မြန်မာနဲ့တူနေတာ၊ စောစောက မှားဝင်သွားတဲ့အခန်းတံခါးကအစ ခမ်းနားလွန်းနေတယ်လေ။ ပြောဆိုဆက်ဆံပုံကအစ
တို့မြန်မာသံရုံးက ဘယ်နေရာရောက်ရောက် မြန်မာနဲ့တူနေတာပါပဲ။ အဲဒီတုန်းက အထဲမှာ မိတ္တူကူးစက်မရှိလို့
အပြင်တစ်ခေါက်ထွက် ဆိုင်ရှာပြီး ကူးရတာ မှတ်မိသေးတယ်။ ရာသီဥတုကအေး၊ ကိုယ်သွားနေကျနေရာမဟုတ်လို့
မိတ္တူဆိုင်က ဘယ်နေရာမှာ ရှိမှန်းမသိနဲ့ အတော့်ကို စိတ်တိုခဲ့ရသေးတာ။ ခုတော့လည်း…. အနောက်ဘက်ခြမ်းမှာ
ကြုံခဲ့ရတဲ့ အမှတ်တရတွေထဲက တစ်ခုအဖြစ်နဲ့ ကျန်ရစ်ခဲ့တာပေါ့လေ။
ဇွန်မိုးစက်
ဇွန်တွေ့ဖူးသမျှ
စလုံးအမျိုးသားတွေထဲမှာ သူဟာ စိတ်ထားအလွန်ရည်မွန်ပြီး စကားပြောရင် လည်း နူးညံ့ချိုသာ အေးဆေးတာမို့ အစက သူ့ကို ရုပ်ရည်ချောမော အရပ်အမောင်း ကောင်းတဲ့ gay တစ်ယောက်များ ဖြစ်နေမလား လို့တောင် ထင်မှတ်မှားခဲ့ဖူးပါတယ်။ သူအလုပ်မပြောင်းခင် ဇွန်နဲ့နှစ်ပတ်သာ
ဆုံတွေ့ လိုက်ရပေမယ့် သူဟာ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်မို့ မမေ့ခဲ့ပါဘူး။
သူနဲ့ဇွန်နေတဲ့
ရပ်ကွက်ကလည်း တူတာမို့ တစ်ခါတစ်လေ ရုံးအပြန် ရထားစီးတဲ့အခါ ဆုံတတ်ပါတယ်။ လမ်းသွားရင်း သူ့မိသားစုအကြောင်း ပြောပြတတ်တဲ့သူက ဇွန့်ထက် တစ်နှစ်ငယ်ပါတယ်။ သူက ပိုလီ ဒီပလိုမာ ကျောင်းဆင်းဖြစ်လို့
ဒီဂရီရထားတဲ့ ဇွန့်ကို အားကျတယ်လို့ ပြောပါတယ်။ တကယ်တမ်း သူက အလုပ် အလွန်ကြိုးစားသူ ဖြစ်တာကြောင့်
Business Development Executive တစ်ယောက်အနေနဲ့ ဇွန်တို့ ရုံးက ထွက်ပြီး နှစ်နှစ်အတွင်းမှာပဲ
Product Manager ဖြစ်သွားသူပါ။ သူအလုပ်ထွက်ပြီး နောက်ပိုင်း အပြင်မှာ သုံးကြိမ်လောက်ပဲ
ဆုံလိုက်ပေမယ့် မျက်နှာစာအုပ်မှာ မိတ်ဆွေအဖြစ် ရှိနေတဲ့သူ ကားဝယ်စီးတာ၊ ခရီးတွေသွားတာ၊
Fullerton မှာ မင်္ဂလာဆောင်တာတွေ အားလုံးကို သိနေခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်က မျက်နှာစာအုပ်မှာ သူ့ status update ရုတ်တရက် တက်လာတဲ့အခါ ဖတ်လိုက်ရတဲ့သူအဖို့
အတော်လေး အံ့သြတုန်လှုပ်ရပါတယ်။ သူ့အမျိုးသမီးက သူ့ wall ကနေပြီး မနေ့နေ့လည်က သူငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီး ဖြစ်တဲ့အတွက်
အသုဘရှုဖို့ အိမ်လိပ်စာပေးပြီး ရေးလိုက်တာပါ။ ကိုယ့်မျက်စိကို ကိုယ် မရုံနိုင် လောက်အောင်
အံ့အားသင့်ခဲ့ရတာ ဇွန်တစ်ယောက်တည်း မဟုတ်မှန်း အောက်က မှတ်ချက်တွေ တစ်ခုချင်း လိုက်ဖတ်ကြည့်မှ
သိရပါတယ်။
ပြီးခဲ့တဲ့
ဖေဖော်ဝါရီ ၁၄ရက်နေ့မှာမှ ကင်ဆာရှိမှန်း သိရပြီး နှစ်လခွဲအကြာမှာ ဆုံးသွားခဲ့တာပါ။
သူဆုံးသွားတဲ့အချိန်မှာ သူ့အိမ်ထောင်သက်က ၈လပဲ ရှိပါသေးတယ်။ များသောအားဖြင့် ကင်ဆာဆိုရင်
ခြောက်လတစ်နှစ်အထိ ခံကြပေမယ့် သူ့အတွက်တော့ သိပ်ကို မြန်သလိုပါပဲ။ သူ့လို လူကောင်း တစ်ယောက်ကို
ဆုံးရှုံးရတဲ့အခါ ကျန်ရစ်ခဲ့သူ အားလုံးက နှမြောတသ စိတ်မကောင်း ဖြစ်ရပါတယ်။ သူက ရောက်တဲ့နေရာမှာ
စိတ်ထားကောင်းသူ အဖြစ်၊ အလုပ်အလွန်ကြိုးစား တာဝန်သိတတ်သူ တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရတဲ့သူမို့
သူအလုပ်ဝင်ခဲ့ဖူးသမျှ လုပ်ငန်းခွင်က လူတွေအားလုံး သူ့အသုဘကို လာကြည့်ကြပါတယ်။
အသက်အရွယ်၊
ရာထူး၊ ငွေကြေးဥစ္စာ အတန်အသင့် ပြည့်စုံပြီး အိမ်ထောင်တစ်ခု ထူထောင်ပြီးကာစ သူလိုလူရွယ် တစ်ယောက်
လူ့လောကထဲကနေ ထွက်သွားပြန်ပါပြီ။ သေခြင်းတရားဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ ရှောင်လွှဲလို့
မရနိုင်တဲ့ သင်္ခါရသဘောမှန်း သိနေပါရက်နဲ့ ကိုယ်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တစ်ခါပြန်ကြုံရတဲ့ အခါတိုင်း
အံ့သြတုန်လှုပ်မှု ဖြစ်ရပြန်ပါတယ်။ နေ့စဉ်ညတိုင်း ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ
အချိန်လေး အတွင်းမှာ လူတွေသေဆုံးသွားတာ ဘယ်နှစ်ယောက်များ ရှိနေပြီလဲလို့ တွေးမိပါတယ်။
အသက်ရှင်ခိုက် အချိန်လေးမှာ ကုသိုလ်စိတ်လေး တတ်နိုင်သမျှ သတိထားမွေးဖို့ ခုတလော အတ္တကြီးပြီး အလွယ်တကူ စိတ်တိုနေတတ်တဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း မှတ်သားဖူးတဲ့ “မနာပ ဒါယီ ဆရာတော်”
ရဲ့ သံဝေဂလင်္ကာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
“ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။”
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)