နွေးထွေးတဲ့ လက်ဆောင်မွန်

8

Category: ,




ဇွန့်ဘ၀မှာ အမျိုးမျိုးအထွေထွေသော အမှတ်တရလက်ဆောင်ပစ္စည်းတွေ အများကြီး လက်ခံရရှိဖူးပါတယ်။ ဒါပေမယ့် ခြုံလွှာတဘက်ပ၀ါလေးတွေကတော့ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး ရရှိခဲ့တဲ့ လက်ဆောင်ဖြစ်လို့နေပါတယ်။ ခရီးသွားလက်ဆောင်၊ မွေးနေ့လက်ဆောင်၊ ကျေးဇူးတင်အသိအမှတ်ပြုမှု၊ ခင်မင်မှုအမှတ်တရ အစရှိတဲ့ ခေါင်းစဉ်အောက်မှာ လက်ဆောင်ပေးသူ အများစုက အမျိုးသမီးများ ဖြစ်ကြပြီး တစ်ယောက်ကတော့ အမျိုးသားဖြစ်ပါတယ်။ မနေ့ကပဲ ပိုးပုဝါလေးတစ်ခု လက်ဆောင်ထပ်ရလိုက်ပြန်တော့ ဒီတဘက်ခြုံလွှာလက်ဆောင်လေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရ စာရေးချင်စိတ် ဖြစ်လာခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့ ဘယ်ကနေညာအထိ ခြုံလွှာလေးတွေကို ၂၀၀၇ခုနှစ်ကနေ ခု၂၀၁၄ကုန်ခါနီးအထိ ၇နှစ်အတွင်း ဇွန်လက်ဆောင်ရခဲ့တဲ့ အစဉ်အတိုင်း စီထားပါတယ်။ ဒေါင်လိုက်စင်းလေးတွေနဲ့ ပထမဆုံးမြင်ရတဲ့ ခြုံလွှာကတော့ ဇွန် စင်ကာပူမှာ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ ကုမ္ပဏီက ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ တကယ်တော့ အဲဒီကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ရတဲ့ဆယ့်နှစ်လဟာ ဇွန့်အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကုမ္ပဏီနဲ့ပတ်သက်သမျှ အရာရာကို ခေါင်းထဲကထုတ်ထားပေမယ့် ခြုံလွှာအစင်းစိမ်းလေးက ဇွန်ဘယ်နေရာရောက်ရောက် အိတ်ထဲမှာအမြဲပါခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမျိုးသမီးဒါရိုက်တာဘော့စ်က သူ့လက်အောက်က အမျိုးသမီးဝန်ထမ်းတွေကို ခရစ္စမတ်လက်ဆောင်ပေးဖို့အတွက် တာကာရှီးမားရားကုန်တိုက်က ၀ယ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီရှောလ်လေး မရှိခင်က ချမ်းတတ်တဲ့ဇွန်ဟာ အဲကွန်းလွှတ်ထားတဲ့ ဘတ်စ်ကားနဲ့ရထားပေါ်မှာ ခရီးသွားတဲ့အခါတိုင်း အနွေးထည်တစ်ထည် ဆောင်ယူသွားလေ့ရှိပါတယ်။ ဇွန်ကြိုက်တဲ့အစိမ်းရောင်နဲ့ဖောက်ထားတဲ့ ဒီတဘက်လေးကို ရလာခဲ့ချိန်ကစပြီး သူဟာ ဇွန့်ရဲ့ လက်စွဲတော်ရှောလ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး အသုံးပြုခြင်းခံနေရဆဲ ခြုံလွှာလေးလည်း ဖြစ်ပါတယ်။

ဒုတိယမြောက် ခဲပြာရောင်ခြုံလွှာလေးက စင်ကာပူက ဇွန့်သူငယ်ချင်းရဲ့ ဒူဘိုင်းပြန်လက်ဆောင်ဖြစ်ပါတယ်။ အဲဒီခြုံလွှာကတော့ ဇွန့်မှာရှိသမျှ တဘက်ခြုံလွှာတွေထဲမှာ အလျားရော အနံပါအကြီးဆုံးဖြစ်ပြီး တစ်ကိုယ်လုံးကို ခြုံလွှားလို့ရပါတယ်။ အရှေ့အလယ်ပိုင်းကခြုံလွှာမို့ အသားထူပြီး အရမ်းလည်းနွေးပါတယ်။ လေယာဉ်အကြာကြီးစီးရတဲ့ ခရီးစဉ်တွေမှာ သူတို့ပေးထားတဲ့ စောင်တစ်ထည်နဲ့ မလုံလောက်အောင် ချမ်းတတ်တဲ့ ဇွန့်အတွက် အရမ်းအသုံးဝင်တဲ့ ရှောလ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲအေးရှားအိတ်စ်လို ခရီးရှည်ဆွဲတဲ့ ဘတ်ဂျက်အဲလိုင်းမျိုးမှာ စောင်ယူရင် ပိုက်ဆံထပ်ပေးရပါတယ်။ ဇွန့်အတွက်တော့ ခဲရောင်ခြုံလွှာရှည်ကြီး ဆောင်ထားသရွေ့ ပိုက်ဆံအပိုပေးပြီး စောင်ယူစရာမလိုတော့ပါဘူး။

ခြုံလွှာ၉ခုတိတိ လက်ဆောင်ရခဲ့အထဲမှာ တတိယမြောက်ခြုံလွှာအညိုစင်းလေးကို  ယောက်ျားလေးမိတ်ဆွေတစ်ယောက်ဆီက မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တာဖြစ်ပါတယ်။ ဇွန့်သူငယ်ချင်းဆရာဝန်မတစ်ယောက်နဲ့ပတ်သက်ပြီးသိခဲ့တဲ့ အဲဒီအမျိုးသားဟာ ဇွန် စင်ကာပူမပြန်ခင် သူ့သူငယ်ချင်းအတွက် ပစ္စည်းတစ်ခု လူကြုံပေးချင်တယ်လို့ ဆိုလာတာကြောင့် ဇွန်က အသာတကြည်ပဲ လက်ခံခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီတဘက်ဟာ ဇွန့်အတွက်ပါ။ မွေးနေ့မရောက်ခင် ၁၀ရက်လောက် လိုနေသေးတာမို့ မွေးနေ့ရောက်မှ အဲဒါ ဇွန့်အတွက်လို့ သူက စပရိုက်လုပ်ချင်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ မထင်မှတ်ဘဲ သူက ဇွန့်ကို လက်ထပ်ခွင့်တောင်းတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်း ဇွန့်သူငယ်ချင်းမကို ပြန်အသိပေးချိန်မှာ သူငယ်ချင်းက ခြုံလွှာလေးအကြောင်း ပြောပြခဲ့ပါတယ်။ “ငါထင်သားပဲ၊ သူနင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ။ နင့်အတွက် မွေးနေ့လက်ဆောင်ပေးချင်လို့ ဘာပေးရမှန်းမသိလို့တဲ့ ငါ့ကို လာမေးတယ်လေ။ သူနဲ့ငါ  ခင်လာတာကြာပြီ၊ ဟောက်ဆာဂျင်အတူဆင်းခဲ့တဲ့ တလျှောက်လုံးမှာတောင် မွေးနေ့တို့၊ မွေးနေ့လက်ဆောင်အကြောင်းတို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးလို့ ငါတောင် နဲနဲအံ့သြသွားတယ်။ နင်က ဘုန်းကြီးကျောင်းအမြဲသွားတတ်တဲ့သူဆိုတော့ တဘက်လေးဘာလေးပေးလိုက်ပေါ့လို့ ငါအကြံပေးလိုက်တာ။ ဒါကြောင့် နင့်ကိုပေးဖို့ စကော့ဈေးမှာ သူသွားရှာပြီး ၀ယ်ခဲ့တာ။ ဒါပေမယ့် နင့်ကို အသိမပေးနဲ့ဦး၊ နင့်မွေးနေ့ရောက်မှ ပြောပြပါဆိုပြီး ငါ့ကိုနှုတ်ပိတ်ခဲ့တာလေ။ မသိရင်တော့ သူက ငါ့အတွက် လူကြုံထည့်ပေးလိုက်သလိုလို ဘာလိုလိုပေါ့ဟာ။” ရည်းစားတစ်ခါမှ မထားခဲ့ဘူးတဲ့ ရောဂါဗေဒအထူးပြုပညာရှင်တစ်ယောက်ရဲ့ လုပ်ရပ်က ဇွန့်အတွက် ပြုံးချင်စရာပါ။ သူ့လက်ထပ်ခွင့်ကို ငြင်းခဲ့ပေမယ့် သူပေးတဲ့အညိုရောင်တဘက်လေးကိုတော့ မွေးနေ့လက်ဆောင်အဖြစ် လက်ခံသိမ်းဆည်းထားပြီး ဘုန်းကြီးကျောင်းသွားတဲ့အခါ၊ တရားစခန်းဝင်တဲ့အခါမျိုးတွေမှာ သုံးခဲ့ပါတယ်။

စတုတ္ထမြောက် အနီရောင် ပက်ရှ်မီးယားခြုံလွှာလေးက စောစောက အညိုရောင်ခြုံလွှာလေးနဲ့ အမျိုးစားတူပါတယ်။ အဲဒါကိုတော့ အရှေ့မလေးရှားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသိဆရာဝန်အစ်မတစ်ယောက်က ပေးခဲ့တာပါ။ သူ့ကို ကူညီခဲ့တဲ့ကိစ္စတချို့အတွက် အသိအမှတ်ပြုကျေးဇူးတင်တဲ့အနေနဲ့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ အနီရောင်ဖြစ်နေလို့ ဇွန်ဝတ်တဲ့ အ၀တ်အစားတော်တော်များများနဲ့ အရောင်ကွာဟနေလို့ တော်တော်နဲ့ ထုတ်မသုံးဖြစ်ခဲ့ပါဘူး။ တလောကမှ အလှူတစ်ခုသွားဖို့ ပန်းရောင်ရင်ဖုံးနဲ့ ကြက်သွေးရောင်ချိတ်ထမီအတွက် အလိုက်ဖက်ဆုံး ခြုံလွှာတစ်ခုလိုက်ရှာတဲ့အခါမှာတော့ ဒီအနီရောင်ပက်ရှ်မီးယားတဘက်လေးကို သွားသတိရမိပြီး ပထမဆုံးအကြိမ်အဖြစ် ဇွန့်ပခုံးပေါ်ရောက်လာခဲ့ပါတော့တယ်။

စတုတ္ထရိပ်သာလမ်းမှာ အတူနေခဲ့တဲ့ ညီမလေးတစ်ယောက် ဒူဘိုင်းအလည်သွားပြီး အပြန်မှာ ပဉ္စမမြောက် အစိမ်းရင့်ရောင်ရှောလ်လေးကို လက်ဆောင်ပေးခဲ့ပြန်ပါတယ်။ ချည်နဲနဲကျဲတာမို့ သိပ်မထူဘဲ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ အရောင်လည်းရင့်တာမို့ အပေတေအကြမ်းခံပါတယ်။ တခြားခြုံလွှာတွေ လျှော်ထားတဲ့အခါမျိုး၊ ပေါ့ပေါ့ပါးပါးပဲ သယ်ဆောင်သွားချင်တဲ့အခါမျိုးမှာ ဒီတဘက်လေးကို ယူသွားတတ်ပါတယ်။

ခြောက်ခုမြောက် အပြာရောင်အကွက်နဲ့ လည်စည်းပ၀ါလေးကိုတော့ သြစတြေးလျက ဇွန့်အဒေါ်က လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဆစ်ဒနီကို ပထမဆုံးအကြိမ်အဖြစ် သွားလည်စဉ်က အင်္ဂလန်ဆောင်းရာသီကိုကြုံခဲ့ဖူးတဲ့ဇွန်ဟာ သြဇီနွေဦးကို အထင်သေးပြီး အနွေးထည်တွေ၊ မာဖလာတွေ မယူသွားခဲ့မိပါဘူး။ လေယာဉ်စီးရင်ခြုံဖို့ယူနေကျ တဘက်၂ထည်ပဲ ယူသွားခဲ့ပါတယ်။ အဲဒီနှစ်က ဆစ်ဒနီိမှာ ဆောင်းထွက်နောက်ကျတာနဲ့ သွားကြုံမိတဲ့ ဇွန်တစ်ယောက် ဆစ်ဒနီနွေဦးမှာ ချမ်းချမ်းစီးစီးဖြစ်ပြီး အဒေါ်ဆီက အနွေးထည်နဲ့မာဖလာတွေ ယူဝတ်လိုက်ရပါတယ်။ မြင်စကတည်း သဘောကျနေခဲ့တဲ့ သိုးမွှေးလည်စီးပ၀ါပြာကို အဒေါ်က ပြန်မပေးဘဲ လက်ဆောင်အဖြစ် သမီးယူလိုက်ပါလို့ ပြောလာခဲ့ချိန်မှာ ဇွန်သိပ်ပျော်သွားခဲ့တာပါ။ အဲဒါလေးပတ်ထားလိုက်ရင် တစ်ကိုယ်လုံး နွေးထွေးသွားရုံသာမက ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်တစ်ယောက်လို့တောင် ထင်မြင်ခဲ့မိပါတယ်။

၇ခုမြောက်တဘက်အနက်လေးက စင်ကာပူက ဇွန့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဆောင်ပါပဲ။ သူမြန်မာပြည်က ပြန်အလာမှာ ပါကင်မဖွင့်ရသေးတဲ့ တဘက်သုံးခုထုတ်ပြီး ဇွန်ကြိုက်တဲ့အရောင်ရွေးယူခိုင်းပါတယ်။ ဇွန့်ဆီမှာ အနက်ရောင်မရှိသေးတာမို့ အနက်ခံမှာအပွင့်ရောင်စုံလေးတွေပါတဲ့ အဲဒီခြုံလွှာလေးကိုပဲ ဇွန်ရွေးယူခဲ့ပါတယ်။ မှတ်မှတ်ရရ ဗင်းနစ်သွားလည်ချိန်မှာ  အနက်ရောင်တဘက်ကို လည်စည်းအသွင်ပြောင်းပြီး ပတ်ခဲ့ပါတယ်။ ခုချိန်ထိ တစ်ခါပဲ ထုတ်သုံးရသေးပေမယ့် သိပ်မကြာခင် ထပ်သုံးဖြစ်ဦးမှာပါ။

ရှစ်ခုမြောက် သိုးမွှေးပုဝါလေးကို စတုတ္ထရိပ်သာမှာပဲ အတူနေခဲ့ကြတဲ့ ညီမငယ်များထဲက တစ်ယောက်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဇွန့်မွေးနေ့ဆွမ်းကပ်ပွဲကို လာရောက်ပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးသွားတယ်ဆိုပေမယ့် တကယ်တမ်း သိပ်မကြာခင်မှာ ဇွန်ကြုံတွေ့ရမယ့် ဆစ်ဒနီဆောင်းအတွက် ရည်ရွယ်ပြီးပေးခဲ့တာပါ။ နူးညံ့အိစက်ပြီး အရမ်းလည်းနွေးထွေးတာမို့ သြစတြေးလျဆောင်းရာသီမှာ ကျောင်းတက်ခဲ့တဲ့ဇွန့်အတွက် အရမ်းအသုံးဝင်ခဲ့တဲ့ ဒီဇိုင်းလှလှလေးနဲ့ သိုးမွှေးပ၀ါတစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမြင်ရတဲ့ ကိုးခုမြောက်ပိုးပ၀ါခြုံလွှာလေးကတော့ လောလောလတ်လတ် မနေ့ကမှ ရလာခဲ့တာပါ။ ဒီပ၀ါလေးကို တရုတ်ပြည်ပီကင်းမြို့ကနေ ယူလာလက်ဆောင်ပေးသူက ဇွန်နဲ့အင်းတကော်တရားစခန်းမှာ တွေ့ဆုံခင်မင်ခဲ့တဲ့ ‘ကျင့်ရာ’ ပဲဖြစ်ပါတယ်။ (သူ့အကြောင်းအနည်းငယ်ကို ‘အိုဘယ့်ယောဂီ’ မှာ ရေးခဲ့ဖူးပါတယ်) အင်းတကော်ဖားအောက်ရိပ်သာမှာ သူ့အတွက်စကားပြန်လုပ်ပေးခဲ့ရုံသာမက သူမပြန်ခင်တစ်ရက်အလို စကော့ဈေးမှာ သူလိုချင်တဲ့ ကျောက်စိမ်းဘုရားဆင်းထုတော်အပါအ၀င် အိမ်အပြန်လက်ဆောင်ပစ္စည်းများကို ဈေးဆစ်နိုင်သလောက်ရအောင်ဆစ်ပြီး ဇွန်ကူညီဝယ်ပေးခဲ့ပါတယ်။ သူ့အတွက် အမှတ်တရလက်ဆောင်အဖြစ် တိရစ္ဆာန်အားလုံးထဲမှာ သူအကြိုက်ဆုံးဖြစ်တဲ့ ဆင်ရုပ်ကလေးကို ဇွန်ဝယ်ပြီး ပေးခဲ့ပါတယ်။ သူကျန်းမာရေးပြန်ကောင်းလာပြီး အင်းတကော်မှာပဲ သုံးလတရားစခန်းပြန်လာဝင်မှာဖြစ်လို့ ဇွန့်ကိုတွေ့ချင်ကြောင်း၊ ဇွန့်အတွက် လက်ဆောင်ဝယ်ထားကြောင်း အီးမေးလ်ပို့ပြီး အကြောင်းကြားလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မနေ့ညနေက ကျင့်ရာနဲ့သွားရောက်တွေ့ဆုံချိန်မှာ သူထုတ်ပေးတဲ့ လက်ဆောင်လေးကြောင့် အံ့သြခဲ့ရပါတယ်။ တရားစခန်းမှာ ဇွန်က ယောဂီတဘက်အညိုလေးကို စလွယ်လွယ်ထားလေ့ရှိတာကို သူသတိပြုမိခဲ့ပါတယ်။ သူက အညိုရောင်ပိုးခြုံလွှာပ၀ါလေးထုတ်ပြီး ဇွန့်ပခုံးပေါ်မှာ စလွယ်လွယ်တဲ့ပုံလေး လုပ်ပြပြီး ပေးတာပါ။ သူအင်္ဂလိပ်စကားသိပ်မပြောတတ်ပေမယ့် သူ့အပြုအမူလေးက ဇွန့်ရင်ကို ကြည်နူးစေခဲ့တာ အမှန်ပါပဲ။

ဇွန်လက်ဆောင်ရခဲ့တဲ့ ခြုံလွှာတဘက်ပ၀ါလေးတွေဟာ တစ်ခုနဲ့တစ်ခု အဆင်အသွေးအရောင်ချည်အမျိုးအစားတန်ဖိုး ကွဲပြားခြားနားကြပေမယ့် နွေးထွေးလုံခြုံမှုကို ပေးစွမ်းတဲ့နေရာမှာတော့ တူညီမှုရှိပါတယ်။ ဇွန့်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ ချစ်ခင်သတိတရရှိမှုကိုလည်း မှတ်မှတ်ထင်ထင် ဖြစ်စေပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ခြုံလွှာလက်ဆောင်ပေးခဲ့တဲ့သူတွေထဲက တချို့ဟာ ဇွန်နဲ့ဝေးကွာသွားပြီး၊ တချို့က ခပ်လှမ်းလှမ်းမှာ ရှိနေပါတယ်။ ဇွန့်အပေါ်သူတို့ထားခဲ့တဲ့ ချင်ခင်မှု အတိမ်အနက် ဘယ်လောက်ရှိနေဦးမလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့် ဇွန်ကတော့ သူတို့ပေးခဲ့တဲ့ နွေးထွေးတဲ့လက်ဆောင်မွန်လေးတွေအပေါ် ဂရုတစိုက်ရှိနေတုန်းပဲဆိုတာ ရိုးရှင်းစွာနဲ့ သိစေချင်ပါတယ်။


ဇွန်မိုးစက်
9:15PM
Friday 28.11.2014

လွမ်းဆွတ်မိသော အန်ဒိုရာညနေခင်းများ

14

Category:


တစ်ထပ်လျှင် ဘယ်ညာတစ်ခန်းစီဖြင့် ဘယ်သုံးခန်း၊ ညာသုံးခန်း စုစုပေါင်းခြောက်ခန်းပါဝင်သော သုံးထပ်အုတ်တိုက်ကလေး၏ အမည်မှာ ‘အန်ဒိုရာ’ ဖြစ်သည်။ ကျွန်မအသက် ၁၇နှစ်အရွယ်မှာ ကြည့်ရသော ဓာတ်ပုံများမှတစ်ဆင့် အန်ဒိုရာကို ရင်းနှီးခဲ့တာဖြစ်သည်။ ၂၀၁၁ခုနှစ် အောက်တိုဘာလဆန်းမှာ အန်ဒိုရာရှေ့ကို ပထမဆုံးခြေချမိသောကျွန်မ အနှစ်နှစ်အလလကဆန္ဒတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုသော အသိနှင့် အံ့သြ၀မ်းသာစိတ်တို့ ပြည့်လျှံနေခဲ့သည်။ ကျွန်မမြင်ဖူးနေကျ ဓာတ်ပုံထဲက အန်ဒိုရာမှာ အနှစ်ငါးဆယ်နီးပါး နေထိုင်လျက်ရှိသော အဖိုးလေးကို ပထမဆုံးအကြိမ်အဖြစ် လူချင်းဆုံတွေ့ခွင့်ရခဲ့သောကြောင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်က ဆစ်ဒနီတက္ကသိုလ်မှာ ဘွဲ့လွန်ပညာသင်ယူရင်း အဖိုးနှင့်အတူ အန်ဒိုရာမှာ ခြောက်လခွဲကြာ ကျွန်မ နေထိုင်ခွင့်ရခဲ့သည်။ အင်္ဂလန်မှာ အခြေချနေထိုင်ပြီး ကွယ်လွန်သွားသော ကျွန်မအဖိုးကိုယ်စား အဖိုး၏ညီဖြစ်သူ အဖိုးလေးက ကျွန်မအား မြေးအရင်းနှင့်မခြားဘဲ အန်ဒိုရာမှာ ပြုစုစောင့်ရှောက်ခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။

အဲသည့်မတိုင်ခင်က ကျွန်မဘ၀တွင် နှစ်ဖက်သောအဖိုးများနှင့် အတူနေထိုင်ခွင့် မကြုံဖူးခဲ့ပါ။ အဖေ့ဖခင်သည် အဖေလူပျိုပေါက်ဘ၀မှာကတည်းက ကွယ်လွန်သွားခဲ့ပြီး၊ အမေ့အဖေကျတော့ အမေဆယ့်တစ်နှစ်သမီးအရွယ်ကတည်းက ကွဲကွာသွားခဲ့တာဖြစ်သည်။ ကျန်ရစ်သောအဖွားနှစ်ဦးမှာလည်း ကွယ်လွန်ချိန်အထိ တနယ်တကျေးမှာသာ ခေါင်းချသွားခဲ့သည့်အတွက် ကျွန်မတို့လို ရန်ကုန်မြို့ဖွားမြေးများနှင့် ကာလရှည်ကြာ တရင်းတနှီး နေထိုင်ခွင့် မကြုံခဲ့သည်မှာ သဘာဝကျပါသည်။ ကျွန်မအတွက်တော့ အဖိုးလေးနှင့် အန်ဒိုရာမှာ အတူနေထိုင်ခဲ့သောနေ့ရက်များသည် တစ်သက်တာအမှတ်တရများထဲက ပြန်မရနိုင်သောကာလတစ်ခု ဖြစ်ခဲ့သည်။

အန်ဒိုရာကို ကျွန်မ လွမ်းနေမိတာ ကြာပါပြီ။ အလွမ်းဆုံးအချိန်သည် အဖိုးနှင့်အတူ ညနေ၆နာရီမှ၇နာရီအထိ နိုင်ငံတကာသတင်းနှင့်မိုးလေ၀သကြည့်အပြီး ညစာထမင်းစားပွဲမှာ အဖိုးနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းစားရင်း စကားလက်ဆုံကျချိန်ဖြစ်သည်။ များသောအားဖြင့် ကျွန်မ၏အတန်းချိန်များမှာ  ညနေ၆နာရီမှည၉နာရီအထိဖြစ်၍ အဖိုးနှင့် ညစဉ်ညတိုင်း စကားပြောခွင့်ရခဲ့သည်တော့ မဟုတ်ပါ။ ကျွန်မညနေအတန်းမရှိသော ဗုဒ္ဓဟူးလို ဒါမှမဟုတ် စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်များဆိုလျှင်တော့ ကျွန်မတို့မြေးအဖိုးနှစ်ယောက် ညစာအတူစားနိုင်၊ စကားစမြည် ပြောဆိုနိုင်ပါသည်။ 

ပုံမှန်အားဖြင့် ထမင်းမစားခင် ရေများများရောထားသော ၀ီစကီနှစ်ပက် အဖိုးသောက်လေ့ရှိသည်။ အဖိုးအတွက် အားဆေးဟု ပြုံးရင်းဆိုတတ်ပါသည်။ ကျွန်မ ထမင်းပွဲပြင်ပြီး ညစာစားချိန်မှာ အဖိုးက အားဆေးသောက်ရင်း ကျွန်မရှေ့တည့်တည့်က ခုံမှာထိုင်ရင်း ကျွန်မစားကောင်းမကောင်း အကဲခတ်တတ်ပါသည်။ အဲဒီနောက်မှာတော့ ကျွန်မတို့၏ စကားဝိုင်းလေး အစပျိုးနိဒါန်းချီခဲ့ပြီဖြစ်သည်။ အဖိုး၏ ရှေးဟောင်းနှောင်းဖြစ် ငယ်စဉ်နေ့ရက်များ၊ အဖိုးဖြတ်သန်းခဲ့ရသောဘ၀နှင့် မြန်မာပြည်နိုင်ငံရေး ပြောင်းလဲပြိုကွဲခဲ့သည့် အကြောင်းများ၊ အခြားကမ္ဘာ့သမိုင်းနှင့် နိုင်ငံတကာအရေးအခင်းများ စသည့် ခေါင်းစဉ်ပေါင်းများစွာအောက်မှာ ကျွန်မ မျက်လုံးတွေ တောက်ပခဲ့သည်၊ အာရုံတွေနိုးကြားခဲ့သည်။ မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ စိတ်ဝင်တစားရှိလှသော ကျွန်မကို အဖိုးက အစောပိုင်းမှာ အံ့သြခဲ့ပါသည်။ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် ကျွန်မသိထားသမျှ အထွေထွေဗဟုသုတပေါင်းစုံထဲက အဖိုးထင်မှတ်မထားသော မေးခွန်းများ မေးလေ့ရှိသောကျွန်မကို အဖိုးက သူဖြတ်သန်းခဲ့သော ဘ၀အတွေ့အကြုံမှ ရရှိထားသော ဗဟုသုတများဖြင့် စိတ်ရှည်လက်ရှည် ဖြေဆိုပေးခဲ့ပါသည်။ နော်မန်ဒီလူမျိုးများအကြောင်း၊ အော့တိုမန်အင်ပါရာများအကြောင်း စကားစပ်မိသည့်အခါမှာတော့ သမီးက ဒါတွေလည်း သိနေတာပဲလားဟု အံ့သြရိပ်စွက်သောအပြုံးနှင့် စူးစမ်းတတ်ပါသည်။

ကျွန်မအတွက်တော့ အဖိုးသည် ဗဟုသုတပေါင်းချူပ်စာတစ်အုပ်ဖြစ်သည်။ ကျွန်မစိတ်ပါဝင်စားသော နိုင်ငံတကာရေးရာများကို အဖိုးနှင့်ကျမှ ကျကျနန ဆွေးနွေးပြောဆိုနိုင်သည့် အခွင့်အရေးရခဲ့သည်။ ကျွန်မမမှီခဲ့သော အဖြစ်အပျက် သမိုင်းကြောင်းများကို အဖိုးဆီမှ ကြားနာသိမြင်ခွင့်ရခဲ့သည်။ ကျွန်မ သိလိုသည့် မေးခွန်းအားလုံးလိုလို အဖိုးဖြေပေးနိုင်ခဲ့သည်ချည်းဖြစ်သည်။

“အဖိုး ဗမာတွေက အင်္ဂလန်ကို ဘာဖြစ်လို့ ဘိလပ်လို့ခေါ်ခဲ့တာလဲဟင်”

“အဖိုးစဉ်းစားမိတာပြောရရင်တော့ ပထမကမ္ဘာစစ်နောက်ပိုင်း အိန္ဒိယမှာ အင်္ဂလိပ်တွေကို Blighty လို့ခေါ်လေ့ရှိခဲ့တယ်။ ကုလားအသံထွက်နဲ့ကျတော့ ‘ဘိလာတီ’ ပေါ့။ အိန္ဒိယကကုလားလူမျိုးတွေ မြန်မာပြည်ရောက်လာတဲ့အခါကျတော့ အင်္ဂလိပ်တွေကို ဘိလာတီလို့ ခေါ်ဆိုသုံးနှုန်းတာကို ကြားရာကနေ တဖြည်းဖြည်းနဲ့ မြန်မာတွေနှုတ်ဖျားမှာ ဘိလပ်လို့ အမည်တွင်ခဲ့တာ ဖြစ်နိုင်တယ်။”

အဖိုးအဖြေကို ကျေနပ်စွာနှင့် ကျွန်မ လက်ခံမိပါသည်။

တခါတရံမှာ သူများဆီက တစ်ဆင့်စကားဖြင့် ကျွန်မသိထားတာ သေချာရဲ့လားဟူသောအတွေးကြောင့် အဖိုးနှင့်ထပ်မံအတည်ပြုသော အကြောင်းရာတစ်ချို့လည်းရှိပါသည်။

“အဖိုး.. အဲလိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော်ဖိလစ်မင်းသားက စကော့တစ်ရှ်မင်းသားဆိုတာ ဟုတ်လား၊ စကော့တစ်ရှ်တွေက သွေးဆူလွယ်တဲ့လူမျိုးဆိုတော့  ယူကေကို အလွယ်တကူနဲ့ မပုန်ကန်နိုင်အောင် အင်္ဂလိပ်ဘုရင်မကို စကော့တစ်ရှ်မင်းသားနဲ့ တမင်လက်ဆက်ပေးထားတာဆို”

ကျွန်မမေးခွန်းကိုကြားတော့ အဖိုးကပြုံးရင်း “ဖိလစ်က စကော့တစ်ရှ်မဟုတ်ပါဘူး သမီးရဲ့၊ သူက ဂရိမင်းသားပါ။ မြန်မာပြည်မှာ အမှုတော်ထမ်းသွားတဲ့ မောင့်ဘက်တန်ရဲ့ တူတော်တယ်။ ဘုရင်မကြီးနဲ့လက်ဆက်ထားတဲ့ ကြင်ယာတော်အဖြစ် သူ့ကို စကော့တလန်က အီဒင်ဘရာနယ်ကို အပိုင်စားပေးထားတာပါ။”

သြော်… ဒီလိုကိုးဟု ရေရွတ်ရင်း အဖြစ်မှန်ကို ကျွန်မ သဘောပေါက်သွားခဲ့ပါသည်။ ကျွန်မအတွက် အဖိုးရှိနေလျှင် Google နှင့် Wikipedia ပင် မလိုအပ်တော့ပါ။

အရင်က ကွဲကွဲပြားပြား ကျွန်မ သိပ်မသိခဲ့သော မိသားစုမျိုးရိုးနာမည်တချို့အကြောင်းလည်း အဖိုးပြောပြမှ ကျွန်မ သိလာခဲ့သည်။ အဖိုးတို့ဖခင်မျိုးရိုး Sutherland သည် စကော့တစ်ရှ်ဖြစ်ပြီး၊ Mcgregor မျိုးရိုးနာမည်သည်လည်း စကော့တစ်ရှ် ဖြစ်သည်။ Morgan မျိုးရိုးနာမည်ကို ပိုင်ဆိုင်ခဲ့သော အဖိုးအမေ၏ ဖခင်မှာမူ ဝေလလူမျိုး (Welsh) ဖြစ်ကြောင်း၊ မျိုးရိုးနာမည်ကိုကြည့်ရုံနှင့် ဆင်းသက်လာသော လူမျိုးကို ခန့်မှန်း၍ရကြောင်း အဖိုးက ကျွန်မကို ပြောပြပါသည်။ ကျွန်မအဖိုး၏ ပထမနာမည် Alexander သည် စကော့နာမည်ဖြစ်ပြီး၊ အဖိုးလေး၏နာမည် Kenny မှာ အိုင်းရရှ်ဖြစ်ကြောင်းလည်း ကျွန်မမှတ်သားခဲ့ရပါသည်။

ကျွန်မအဖိုးမှတစ်ဆင့် အဖိုးလေးဆီသို့ လက်ဆင့်ကမ်းရောက်ရှိခဲ့သော Sutherland ဘိုးဘေးဘီဘင် မျိုးရိုး၅ဆက်မှတ်တမ်းကိုလည်း ကျွန်မကြည့်ခွင့်ရခဲ့သည်။ အနှစ်၂၀၀ကျော်မျိုးရိုးစဉ်ဆက်သမိုင်းအား ဗြိတိသျှတို့ စနစ်တကျမှတ်တမ်းတင်ခဲ့ပုံကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ပါ။ ထိုမှတ်တမ်းသက်သေများကြောင့်ပင် ဗြိတိသျှသံရုံးက အဖိုးတို့ညီအစ်ကိုနှစ်ယောက်စလုံးကို ဗြိတိသျှနိုင်ငံကူးလက်မှတ် တရားဝင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗမာ့ရေတပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ဗိုလ်မှူးကြီးဖြစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော အဖိုးအား နိုင်ငံရပ်ခြားခရီးသွားရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်မပေးခဲ့ခြင်းသည် ဗြိတိသျှနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် တွန်းအားပေးခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ကြောင်း အဖိုးပြောပြမှ ကျွန်မသိလိုက်ရပါသည်။ အရာရာကို သမာသမတ်ကျစွာ ဖြောင့်မှန်တိကျစွာ လုပ်ကိုင်တတ်သော အဖိုး၏စိတ်နှင့် ဆန့်ကျင်ဘက်လုံးလုံးဖြစ်ခဲ့သော ထိုစဉ်က အုပ်ချူပ်သူလူတန်းစား၏ စိတ်ဓာတ်နှင့် စနစ်ဆိုးကြောင့် အဖိုးခမျာ သူချစ်သောမြန်မာပြည်နှင့် တစ်သက်တာ ဝေးကွာခဲ့ရခြင်းဖြစ်သည်။

၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးသည့်နောက်တွင် ကျွန်မအဖိုးက အင်္ဂလန်သို့ထွက်ခွာခဲ့ပြီး၊ အဖိုးလေးက သြစတြေးလျကို မိသားစုနှင့် အပြီးအပိုင် ပြောင်းရွှေ့ခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း ကျွန်မက အဖိုးကို မေးမြန်းခဲ့ပါသေးသည်။

“ဖိုးဖိုးက ဘာဖြစ်လို့  အင်္ဂလန်တို့ အမေရိကားတို့ကို မရွေးဘဲ သြစတြေးလျကို ရွေးခဲ့တာလဲ”

“သမီးဖွားဖွား (အဖိုးဇနီး) က အအေးကြောက်တော့ အင်္ဂလန်ဆို မဖြစ်ဘူးလေ။ အမေရိကကျတော့ ဖိုးဖိုးသွားရင် မြန်မာပြည်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူးကို သိနေတော့ သူတို့က ဖိုးဖိုးကို အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွက် အသုံးချမှာကို ကြိုမြင်တယ်။ အဲဒါကြောင့် ဖိုးဖိုး သြစတြေးလျကိုပဲ လာခဲ့တာ။”

ကျွန်မကဆက်ပြီး “ဒါဆို ကမ္ဘာပေါ်မှာ အန်ဂလိုဘားမိစ်လို့ခေါ်တဲ့ ဗမာ-ဘိုကပြားတွေ အများဆုံးရှိတဲ့ သြစတြေးလျအနောက်ပိုင်းက ပါ့သ်မြို့မှာ အခြေမချဘဲ ဘာဖြစ်လို့ ဆစ်ဒနီမှာ အခြေချခဲ့တာလဲဟင်”

“ဟိုတုန်းက ပါ့သ်က သိပ်မဖွံ့ဖြိုးသေးဘူးလေ။ ဆစ်ဒနီကျတော့ ပါ့သ်နဲ့ယှဉ်လိုက်ရင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ တိုးတက်ဖွံ့ဖြိုးနေပြီဆိုတော့ သမီးအဒေါ်၊ ဦးလေးတွေရဲ့ပညာရေး၊ နောင်ရေးအတွက် ဆစ်ဒနီကိုပဲ ရွေးလိုက်တာ” အဖိုး၏ဆုံးဖြတ်ချက်မည်မျှမှန်ကန်ကြောင်း သြစတြေးလျတွင် မွေးဖွားကြီးပြင်းခွင့်ရခဲ့သော အဖိုး၏မြေး၊ မြစ်ဘ၀များက သက်သေထူနေပါသည်။ အဖိုးတို့မိသားစုသည် ဆစ်ဒနီမြို့တွင် ပထမဆုံးအခြေချခဲ့သော မြန်မာကပြားများဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မ သိလိုစိတ်နှင့် မေးမြန်းသမျှ မေးခွန်းတိုင်းကို အဖိုးက စိတ်ရှည်လက်ရှည် ဖြေပေးခဲ့သည့်အတွက် အဖိုးကို ချစ်ခင်စွာဖြင့် ကျွန်မ ကျေးဇူးတင်မိပါသည်။

ဘာသာရေးနှင့်ပတ်သက်လျှင်တော့ ကျွန်မက ဦးဆောင်ဆွေးနွေးသူ ဖြစ်သွားလေ့ရှိသည်။ မိရိုးဖလာခရစ်ယာန်ဘာသာကို ကိုးကွယ်သော အဖိုးက ဘာသာရေးနှင့်ပတ်သက်ပြီး သူ့မှာရှိနေသော သံသယတစ်ချို့ကို ကျွန်မအား ဖွင့်ပြောပြပါသည်။ ကျွန်မကလည်း ကိုယ်တိုင်ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အဖြစ် ဗုဒ္ဓတရားတော်၏အနှစ်ချုပ်ကို ကျွန်မသိသမျှ အဖိုးထံ ပြန်လည်ဝေမျှပေးခဲ့ပါသည်။

မြေးအဖိုးနှစ်ယောက် စကားသံကြားက ထမင်းဝိုင်းသည် အမြဲစိုပြေစိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ အဖိုးလူပျိုဘ၀တွင် ရခိုင်ပြည်နယ် သံတွဲမှာ တာဝန်ထမ်းဆောင် နေထိုင်ခဲ့ဖူးသော အဆိုတော် Cliff Richard ၏ မိဘနှစ်ပါးနှင့် ရင်းနှီးသိကျွမ်းပြီး စားအိမ်သောက်အိမ်ဖြစ်ခဲ့ပုံ၊ အင်္ဂလန်တွင်ရောက်ရှိခဲ့စဉ်က မင်းသမီးမဖြစ်သေးသော အသက်၁၈နှစ်အရွယ် ၀င်းမင်းသန်းကို စောင့်ရှောက်ပေးခဲ့ရပုံ၊ ထိုစဉ်က ၀င်းမင်းသန်း၏ အိမ်ထောင်ဖက်အဖြစ် ဗိုလ်စကြာကို ရွေးချယ်ပေးစားမည့်အကြောင်း သူမ၏မိခင်က အဖိုးအား ဖွင့်ဟပြောဆိုခဲ့ပုံ၊ ဂေါက်သီးရိုက်ဖော်မရှိသည့် အာဏာရှင်ဗိုလ်ချုပ်ကြီးက လူလွှတ်ပြီး ဂေါက်သီးအတူရိုက်ရန် ဖိတ်ခေါ်လေ့ရှိပုံ၊ ဗိုလ်ချုပ်မောင်မောင်ခင်နှင့် ဦးအောင်ကြီးတို့ သြစတြေးလျရောက်တိုင်း အဖိုးကို လာရောက်တွေ့ဆုံကြပုံတို့အပြင် လူနာကတ်ကြေးဖြင့်ထိုး၍သေဆုံးသွားခဲ့သည့် ဆစ်ဒနီမြို့က ပထမဆုံးမြန်မာဆရာဝန်ကြီးအကြောင်း၊ နယူးဇီလန်နိုင်ငံသို့ ပထမဆုံး ပြောင်းရွှေ့အခြေချခဲ့သည့် မြန်မာကပြားများအကြောင်း (ထိုကပြားများ နယူးဇီလန်အား ဘာကြောင့်ရွေးချယ်ပြောင်းရွှေ့ခဲ့တာလဲဟု စပ်စပ်စုစု ကျွန်မက မေးခဲ့၍ အဖိုးက ပြန်ဖြေပေးခဲ့ရပါသေးသည်) စသည့် အကြောင်းရာမျိုးစုံတို့ကို အဖိုးက စိတ်ရှည်လက်ရှည် စိတ်ဝင်စားဖွယ် ပြောပြတတ်ပါသည်။

အနည်းငယ်ထူးဆန်းသည်ကတော့ အဖိုး၏ သားသမီးမြေးမြစ်များပင် မသိခဲ့သော အကြောင်းရာတစ်ချို့ကို ကျွန်မသိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ အဖိုး၏ဗီရိုအံဆွဲထဲမှာ သိမ်းဆည်းထားခဲ့သော နာမည်အတိုကောက်ရေးထိုးထားသည့် ယောက်ျားသုံးလက်ကိုင်ပ၀ါတစ်ခုနှင့် ရွှေကြယ်သီးလေးတစ်ခု၏
နောက်ကြောင်းကို မမျှော်လင့်ဘဲ ကျွန်မသိခွင့်ရခဲ့သည်။ ကျွန်မတစ်စုံတစ်ယောက်နှင့်ပတ်သက်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရသော တစ်ညနေမှာ တိုက်ဆိုင်စွာပင် အဖိုးက သူ့အိပ်မက်အကြောင်း ကျွန်မကို ပြောပြလာပါသည်။ အဖိုး၏အိပ်မက်နှင့် ပတ်သက်ဆက်စပ်နေခဲ့သော အတိတ်က အကြောင်းရာတစ်ခုသည် ကျွန်မ၏ ဝေဒနာကို ဖြေလျှော့ပေးနိုင်စွမ်းရှိခဲ့သည်။ ကျွန်မခံစားနေရသော သောကအပူကို အဖိုးများမြင်သွားသလားဟုပင် ထင်မှတ်သည်အထိ ဖြစ်ခဲ့ရသည်။ အဖိုးကြောင့်ပင် Don’t let your heart rule your head စကားလေးကို ကျွန်မ ဂရုတစိုက် မှတ်သားမိခဲ့တာဖြစ်သည်။ တကယ်တော့ လူရောစိတ်ပါ အကဲခတ်တတ်သည့်နေရာတွင် အဖိုး အလွန်တော်မှန်း ကျွန်မသိနှင့်ခဲ့ပြီးဖြစ်ပါသည်။

အဖိုး၏ထင်မြင်ပြောဆိုချက်ကို ကိုယ်တိုင်ကြားသိလို၍ သမီးကို အဖိုးဘယ်လိုမြင်လဲဟု မေးသည့်အခါ သမီးက စိတ်ထက်တယ်၊ စိတ်မြန်တယ်၊ ခေါင်းလည်းမာတယ်ဟူသော မှတ်ချက်ကို ပေးခဲ့သည့်အတွက် ကျွန်မ ရယ်ကျဲကျဲနှင့် ခေါင်းညိတ်ဝန်ခံရပါသည်။ သမီးက အခက်အခဲတွေ ဘယ်လိုပဲကြုံရကြုံရ အားလုံးကို ကျော်ဖြတ်သွားနိုင်တဲ့ အရည်အချင်းရှိတာ ဖိုးဖိုးမြင်တယ်၊ လက်တွဲဖော်မရှိလည်းဘဲ သမီးတစ်ယောက်တည်း ဘ၀ကို အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်စွမ်းရှိတယ်ဟု အဖိုးပြောလိုက်သည့်အခါမျိုးတွင်တော့ ကျွန်မ ထခုန်မိမတတ် ၀မ်းသာရပါသည်။ အဖိုးနှုတ်မှထွက်သော သုံးသပ်စကားသံကို အားလုံးထက် ကျွန်မ ပိုယုံကြည်သောကြောင့်ဖြစ်သည်။ တခါတရံတော့ အဖိုးအမြင်မှာ ကျွန်မက အနည်းငယ်ထူးခြားသော မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် ကျွန်မ၏အနေအထိုင်၊ အပြောအဆို၊ အမူအရာ၊ ၀တ်စားဆင်ယဉ်ပုံက မြန်မာအရှေ့တိုင်းအလွန်ဆန်သော်လည်း အတွေးအခေါ်ယုံကြည်ယူဆချက်များက အနောက်တိုင်းဆန်လေ့ရှိသောကြောင့်ဟုထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဖိုးဖိုး သမီးကိုသဘောကျတယ်ဟု အပြောခံရလျှင် ကျွန်မ ကြည်နူးကျေနပ်မိသည်မှာ အမှန်ပင်ဖြစ်သည်။

တစ်ရက်ပြီးတစ်ရက် အဖိုးနှင့်ရင်းနှီးလာလေ၊ ကျွန်မ အဖိုးကို အဆတိုး၍ လေးစားချစ်ခင်လာလေဖြစ်သည်။ အဖိုးသည် အင်္ဂလိပ်-မြန်မာကပြားတစ်ဦးဖြစ်၍ အဖိုး၏ရုပ်ရည်သွင်ပြင် အရပ်အမောင်းမှာ အနောက်တိုင်းပိုနွယ်သော်လည်း အဖိုးက ကျွန်မထင်မှတ်ထားသည်ထက်ပို၍ မြန်မာဆန်ပါသည်။ မြန်မာအစားအစာကို နှစ်ခြိုက်သည်။ နွေရာသီ
ရောက်လျှင် မြန်မာပုဆိုးဝတ်ပြီး ကတ္တီပါဖိနပ်ကို  စီးလေ့ရှိသည်။ မြန်မာနိုင်ငံနှင့် အနှစ်၅၀ကျော်ခွဲခွာနေရသော်လည်း မြန်မာစကားကို အထစ်အငေါ့မရှိ ကောင်းစွာပြောဆိုနေနိုင်ဆဲဖြစ်သည်။ တစ်ခါက ဆစ်ဒနီမြို့ရှိ ပုဂံအမည်ရသော မြန်မာစားသောက်ဆိုင်မှာ အဖိုးက မြန်မာလိုမှာကြားသည့်အတွက် ဆိုင်ရှင်ကိုဗစ်တာက “ဟာ… အန်ကယ်ကြီးက မြန်မာလား? ကျွန်တော်က သြဇီကြီးမှတ်လို့” ဟု တအံ့တသြ မှတ်ချက်ချခဲ့ပါသည်။ အင်္ဂလိပ်စာနှင့်ပတ်သက်လျှင်တော့ သြစတြေးလျမှာမွေးပြီး ကြီးပြင်းသော အဖိုး၏မြေးများကပင် သြချယူရလောက်အောင် ပိုင်နိုင်ကျွမ်းကျင်ပါသည်။ အဖိုးသည် ဟိန္ဒူစတန်နီစကားကို ပြောတတ်သည်။ ပြင်သစ်ဘာသာဖြင့် ရေးသားထားသော သတင်းစာတစ်စောင်ကိုလည်း ကောင်းစွာဖတ်ရှုနိုင်ပါသည်။

အရာရာကို တွေးတွေးဆဆ မြော်မြော်မြင်မြင်နှင့် စေ့စပ်သေချာစွာ လုပ်ကိုင်လေ့ရှိသော အဖိုးသည် စည်ကမ်းအရာတွင်လည်း အလွန်ကြီးလှပါသည်။ အဖိုး၏ သားသမီးမြေးမြစ်များသည် စည်းကမ်းကြီးလှသော အဖိုးနှင့် ရက်သတ္တပတ်အနည်းငယ်ထက်ပို၍ မနေနိုင်ကြပါ။ ထို့ကြောင့်ပင် သူတို့အားလုံးက ခြောက်လခွဲမျှ အဖိုး၏စည်းကမ်းအတိုင်း တသွေမတိမ်း လိုက်နာနေနိုင်သော ကျွန်မကို အံ့သြခဲ့ကြတာဖြစ်သည်။ ညနေစာထမင်းစားသောက်ဆေးကြောပြီးသည့်အခါ ဘေစင်တွင် ရေတစ်စက်မျှ မကျန်စေရဘဲ ခြောက်သွေ့အောင် သုတ်ရသည့်အလေ့ကို နှစ်ရက်အတွင်း အဖိုးခြေရာမှီအောင် စိတ်တိုင်းကျ လုပ်ပေးနိုင်ခဲ့သည့်ကျွန်မကို အဖိုး အံ့သြစွာနှင့် ချီးကျူးပါသည်။ ကျွန်မကိုယ်တိုင် စည်းကမ်းတကျ နေထိုင်ရသည်ကို လိုလားနှစ်သက်သောကြောင့် အဖိုး၏စည်ကမ်းကျန သန့်ရှင်းသေသပ်မှုများသည် ကျွန်မအတွက်တော့ တကူးတက စိတ်ကျဉ်းကျပ်စရာ ဖြစ်မနေခဲ့ပါ။

 ၁၉၅၁ခုနှစ်က အင်္ဂလန်ပြည်တွင် ရေကြောင်းဆိုင်ရာ အထူးမွမ်းမံသင်တန်း တက်ရောက်ခဲ့သော ဖိုးဖိုး

အသက် ၉၁နှစ်ကျော်သည်အထိ မည်သူ့အကူအညီမှမယူဘဲ ဘ၀ကို တစ်ယောက်တည်း ကျန်းမာသက်ရှည်စွာ ဖြတ်သန်းနေထိုင်သော အဖိုးဆီက အတုယူစရာ မှတ်သားစရာတွေ ကျွန်မရခဲ့ပါသည်။ အဖိုးသည် အချိန်မှန်စား၊ အချိန်မှန် အိပ်သည်။ ဘုရားရှိခိုးကျောင်း နေ့တိုင်းသွားသည်။ တစ်ရက်ခြားတစ်ခါ ဈေးဝယ်ထွက်သည်။ ညစာကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်သည်။ အဖိုးသည် ဟင်းချက်အလွန်ကောင်းသူတစ်ဦးလည်း ဖြစ်သည်။ အဖိုးလက်ရာ ၀က်သားနှင့်မျှစ်ချဉ်ဟင်း၊ ကြက်သားနှင့်ကြံမဆိုင်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းသည် ကျွန်မစားဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။

အဖိုးသည် ယခုချိန်တိုင်အောင် သတိမှတ်ဉာဏ်အား ကောင်းနေဆဲဖြစ်သည်။ မနက်အိပ်ရာကနိုးသည့်အခါ ပြက္ခဒိန်ကြည့်စရာမလိုဘဲ သား၊ သမီး၊ ချွေးမ၊ သမက်၊ မြေး၊ မြစ်တို့၏ မွေးနေ့ရက်ကို အခြားသူများထက် ဦးစွာသိနှင့်ပြီး ဆုတောင်းနှုတ်ဆက်လေ့ရှိပါသည်။ လွန်ခဲ့သော အနှစ်၆၀ကျော်၇၀က သမိုင်းအဖြစ်အပျက်များကို နေ့စွဲအတိအကျနှင့်တကွ ပြောဆိုနိုင်ပါသည်။ အဖိုးသည် ရံဖန်ရံခါ အသက်အရွယ်ကြောင့် အားနည်းမောပန်းကာ အိပ်ရာထဲ လှဲနေရသော်လည်း အလကားနေလေ့မရှိပါ။ အိပ်ရာထက်မှာ စာတစ်အုပ်ဖတ်ရင်း၊ ဆုဒိုခု ကစားရင်းဖြင့် ဦးနှောက်ကို တစ်စုံတစ်ခု အလုပ်ပေးကာ အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေလေ့ရှိပါသည်။

ကျွန်မ လေ့လာမိသလောက် အဖိုးသည် အသင့်စား အစားအစာများကို စားသုံးလေ့ မရှိပါ။ ကုန်တိုက်များမှ ထုတ်ပိုးရောင်းချသော အသားများထက် ဗီယက်နမ်သားသတ်သမားဆိုင်က ရောင်းချသော လတ်လတ်ဆတ်ဆတ် အသားများကိုသာ ၀ယ်လေ့ရှိပါသည်။ အဖိုးသည် ကော်ဖီ၊ သကြား၊ ဆား၊ ယို၊ ထောပတ် အစရှိသော တာရှည်ခံသည့် စားသောက်ကုန်များကို နှစ်ခုစီဝယ်ကာ တစ်ခုအပိုဆောင်းထားတတ်သောကြောင့် ချက်ပြုတ်နေရင်း၊ စားသောက်နေရင်းတန်းလန်း ကုန်သွားသည်ဟူသော အဖြစ်မျိုး ဘယ်တော့မှ မကြုံရပါ။ ပစ္စည်းအထားအသိုကိုလည်း တစ်နေရာထဲတွင်သာ သတ်သတ်မှတ်မှတ် ထားလေ့ရှိသောကြောင့် အဖိုးမျက်စိမှုန်လာသည့်တစ်နေ့၊ မှတ်ဉာဏ်မကောင်းတော့သည့်အချိန်သို့ ရောက်လာလျှင်ပင် မည်သည့်ပစ္စည်း မည်သည့်နေရာတွင်ရှိသည်ကို တကူးတက ရှာစရာမလိုဘဲ အဖိုးသိနေပြီးဖြစ်သည်။

အဖိုးသည် စာတစ်အုပ်နှင့် နေ့စဉ် ၀င်ငွေထွက်ငွေ စာရင်းမှတ်ပြီး လချုပ်၊ နှစ်ချုပ်ကို ပုံမှန်လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် ၀င်ငွေခွန်တင်ပြခါနီးတွင် အဖိုး၏ သားနှင့်သမက်များက တကုပ်ကုပ်နှင့် တစ်နှစ်စာပြန်တွက်ပြီး အခွန်စာရင်းဖြည့်နေချိန်တွင် အဖိုးသည် စာရင်းစာအုပ်ထဲတွင် အသင့်ရှိနေသော ကိန်းဂဏန်းများကို အရံသင့်ကူးပြီး ဖြည့်စွက်လိုက်ရုံနှင့် ကိစ္စပြီးမြောက်သွားတော့သည်။ ဈေးဝယ်သည့် နေရာတွင်လည်း အဖိုးက ကျွန်မတို့လူငယ်များထက် ပိုစေ့စပ်ပါသည်။ ဈေးမ၀ယ်ခင် လမ်းတစ်ဖက်တစ်ချက်စီမှာရှိသော ကုန်တိုက်နှစ်ခုကို တစ်လှည့်စီသွားရောက်ကြည်ရှုပြီးမှ ပစ္စည်းချင်းအတူတူ သက်သာသောဆိုင်က ၀ယ်ပါသည်။ ဆယ့်နှစ်လုံးတစ်ကတ်ပါ ကြက်ဥ၀ယ်လျှင်လည်း တစ်လုံးချင်းသေချာထုတ်ကြည့်စစ်ဆေးပြီးမှ ယူလေ့ရှိပါသည်။ နွားနို့နှင့်ပေါင်မုန့်ဝယ်လျှင် ရှေ့ဆုံးမှာမြင်ရသည့်ပစ္စည်းကို အလွယ်တကူ လှမ်းမယူဘဲ အနောက်ဘက် အတွင်းကျကျမှာ ထားသိုလေ့ရှိသော သက်တမ်းကုန်ရက် ပိုနောက်ကျသည့် ပုလင်းနှင့်အထုတ်များကိုသာ ရွေးချယ်ဝယ်ယူလေ့ရှိပါသည်။ အဖိုး၏ အသက်အရွယ်နှင့် မိမိကိုယ်ကိုညှာတာသောအားဖြင့် အချို့သောကိစ္စရပ်များကို လျှော့လျှော့ပေါ့ပေါ့ ပြီးစလွယ်ဆောင်ရွက်လျှင်ရသော်လည်း ထိုကဲ့သို့ ဘယ်သောအခါမျှ အဖိုးလုပ်လေ့မရှိပါ။ ထို့ကြောင့်လည်း အဖိုး၏လုပ်ရပ်များကိုကြည့်ပြီး ပိုသည်ဟု မြေးများက ချစ်စနိုးစနောက်တတ်ကြတာဖြစ်သည်။

အဖိုးသည် မိသားစုအပေါ်တွင် အလွန်တာဝန်ကျေသော ဖခင်ကောင်း၊ ဇနီးသည်အပေါ်တွင် သစ္စာရှိသော ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ၁၇နှစ်တိုင်တိုင် ကင်ဆာရောဂါခံစားခဲ့ရသော အဖိုး၏ဇနီး ဖွားဖွားကို တစ်ချက်ကလေးမှ ငြိုငြင်ခြင်းအလျဉ်းမရှိဘဲ ကွယ်လွန်ချိန်အထိ ချစ်ခင်ကြင်နာစွာဖြင့် ဂရုတစိုက် ဖေးမပြုစုစောင့်ရှောက်ခဲ့ပါသည်။ ဟောသည့်ကမ္ဘာပေါ်တွင် ကျွန်မလေးစားအချစ်ခင်ရဆုံး ယောက်ျားတစ်ယောက်ကို ပြောပါဟုဆိုလျှင် အဖိုး၏နာမည်ကိုသာ ကျွန်မ ရေရွတ်မိပါလိမ့်မည်။ အဖိုး၏ အနေအထိုင်၊ အပြောအဆို၊ အကျင့်အကြံ၊ အပြုအမူမှန်သမျှသည် မိသားစုမျိုးရိုးတစ်ခုလုံး၏ပုံရိပ်ဂုဏ်ရောင်ကို မြှင့်တင်ပေးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဖိုးကို ယခုအချိန်ထိ သားသမီးသမက်ချွေးမများအားလုံးက ချစ်ကြောက်ရိုသေကြပြီး နေရာပေးလေ့ရှိပါသည်။ အသက်အရွယ်ကြီးရင့်လာသော်လည်း အဖိုးကို အသုံးမ၀င်တော့သော လူပိုဟူ၍ မည်သူကမှ မသတ်မှတ်သည့်အပြင် အရေးကြီးကိစ္စများကိုပင် အဖိုးကို အရင်ဆုံးအသိပေး တိုင်ပင်ကာ အကြံဉာဏ်ရယူနေကြဆဲဖြစ်သည်။

မြေးများရည်းစားတစ်ယောက်ရတိုင်း အဖိုးထံလာပြကြသည့်အတွက် မိဘများပင်မသိလိုက်သော မြေးများ၏ ရည်စားဟောင်း၊ ရည်းစားသစ်အားလုံးကို အဖိုးသိနေခဲ့သည်။ မင်္ဂလာဆောင်မည့် မြေးမလေးများအတွက် သတို့သမီးဝတ်စုံကိုပင် အဖိုးက ရွေးချယ်အတည်ပြုပေးရပါသည်။ အကြောင်းကြောင်းကြောင့် မြေးများနှင့် ကွဲကွာသွားသော ရည်းစားဟောင်းများသည်ပင် အဖိုးကို ချစ်ခင်သည့်အတွက် လမ်းကြုံလျှင် အဖိုးဆီ အလည်လာစမြဲ၊ အဖိုးနှင့်စကားစမြည် ပြောဆိုမြဲဖြစ်သည်။ ကျွန်မ အဖိုးနှင့်နေထိုင်စဉ်ကာလအတွင်းမှာပင် ကျွန်မမောင်ဝမ်းကွဲက တတိယမြောက်သူ့ချစ်သူအား အိမ်ခေါ်လာပြီး အဖိုးထံမှ ကောင်းချီးမင်္ဂလာ လာရောက်ခံယူခဲ့သေးသည်။ ခရိုအေးရှန်းနွယ်ဖွားဖြစ်သော်လည်း လူကြီးများကို တရိုတသေနှင့် ဂရုတစိုက် ပြောဆိုဆက်ဆံတတ်သော ဆူဇန်ကို အဖိုးသဘောကျသွားပုံပေါ်ပါသည်။

ကျွန်မအဒေါ်နှင့်ဦးလေးများက ဆစ်ဒနီမြို့မြောက်ဘက်၊ အနောက်ဘက်များတွင် နေထိုင်ကြပြီး အဖိုးက ဆစ်ဒနီမြို့အရှေ့ပိုင်းရပ်ကွက်တွင် တစ်ယောက်တည်းနေသော်လည်း အခြားလူဖြူသက်ကြီးရွယ်အိုများကဲ့သို့ အထီးကျန်ခြင်းမရှိပါ။ အဖိုးသည် ဥပဓိရုပ်ရည်ချောမောရုံမျှမက စိတ်ဓာတ်လည်း အလွန်ကောင်းမွန်ကြံ့ခိုင်သူတစ်ဦးဖြစ်ပါသည်။ အနာရောဂါကင်းစွာဖြင့် အသက်ရှည်သောသူများသည် သီလ၊ သမာဓိကောင်းကြသည်ဟု ကျွန်မတို့ မြန်မာများဆိုလေ့ရှိသည့်အတိုင်း အဖိုးသည်လည်း သူဖြတ်သန်းခဲ့ရာဘ၀တလျှောက်လုံးတွင် သီလ၊ သမာဓိကောင်းစွာ၊ ဖြောင့်မှန်တည်ကြည်စွာနှင့် ရပ်တည်နေထိုင်ခဲ့သည့်အတွက် မိမိအထက်အောက်လူကြီးလူငယ်များ၊ ရွယ်တူမိတ်ဆွေများ၊ သားသမီးမြေးမြစ်ဆွေမျိုးများ၏ ချစ်ခင်လေးစားဂရုစိုက်မှုကို ယနေ့တိုင် ခံရဆဲဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။

သိပ်မကြာခင်အချိန်တွင်းမှာ အန်ဒိုရာမှနေ၍ သမီးကြီးရှိရာနေအိမ်သို့ အဖိုးပြောင်းရွှေ့နေထိုင်တော့မည်ဖြစ်သည်။ အဖိုး၏အသက်အရွယ်နှင့် ကိုယ်ခံစွမ်းအားအရ အဖိုးတစ်ယောက်တည်း မနေသင့်တော့ဟု အားလုံးက ၀ိုင်းဝန်းအကြံပြုခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း အဖိုးက သူ့အတွက်နှင့် သားသမီးမြေးများကို ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်သော ဆန္ဒကြောင့် အန်ဒိုရာ၌သာ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း နေထိုင်ခဲ့တာဖြစ်သည်။

တစ်ချိန်က လူဖြူများသာနေထိုင်ခဲ့သော၊ အာရှနွယ်ဖွားများ မတွေ့ရသလောက်နည်းပါးခဲ့သော အန်ဒိုရာဝန်းကျင်မှာ ယခုတော့ တရုတ်လူမျိုးများကို စတင်တွေ့လာရပြီဖြစ်သည်။ နယူးဆောက်ဝေးလ်ယူနီဗာစတီ၊ နာမည်ကျော်ခူဂျီကမ်းခြေ၊ စန်တန်နီရယ်လ်ပန်းခြံ၊ မြင်းပြိုင်ကွင်း၊ ဆေးရုံ၊ ဈေး၊ ရုပ်ရှင်ရုံအားလုံးသည် အန်ဒိုရာမှ လမ်းလျှောက်လျှင် နာရီဝက်ထက်မပိုသော အကွာအဝေးမှာ တည်ရှိနေကြသည်။ မီးရထားဘူတာရုံနှင့် မနီးသော်လည်း လိုင်းပေါင်းစုံရပ်သော ဘတ်စ်ကားမှတ်တိုင်ကို မိနစ်အနည်းငယ်မျှ လမ်းလျှောက်ရုံနှင့် ရောက်ပါသည်။ ဒါတွေကြောင့်ပဲ အန်ဒိုရာတည်ရှိသော ဆစ်ဒနီမြို့အရှေ့ခြမ်းလူနေရပ်ကွက်က သြစတြေးလျ၏ ဈေးအကြီးဆုံးအိမ်ခြံမြေစာရင်းထဲမှာ ပါဝင်နေတာဖြစ်မည်ဟု ကျွန်မ ကောက်ချက်ချမိပါသည်။ အမြော်အမြင်ကြီးစွာဖြင့် ဆောက်လက်စကပင် ၀ယ်ယူခဲ့ပြီး အနှစ်ငါးဆယ်နီးပါး နေထိုင်ခဲ့သော အန်ဒိုရာနှင့် အနီးဝန်းကျင်မှ ခွဲခွာရန် အဖိုးအတွက် အတိုင်းအတာတစ်ခုထိ ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မည်။

အဖိုးချက်သောညစာကို အဖိုးနှင့်အတူစားပြီး အန်ဒိုရာကို နှုတ်ဆက်ခွဲခွာခဲ့သော ညချမ်းကလေးကို ကျွန်မ ယခုတိုင်မြင်ယောင်နေဆဲဖြစ်သည်။ ထိုညက အန်ဒိုရာမှ ကျွန်မပြောင်းရွှေ့နေထိုင်ခဲ့ရာအိမ်သစ်သို့ တော်တော်နှင့်မပြန်ဖြစ်ဘဲ အော်ပရာဟောက်စ်အနီးက Circular Quay မှာ ညည့်နက်သည်အထိ တစ်ယောက်ထဲ သွားထိုင်နေခဲ့ပြီးမှ နောက်ဆုံးရထားနှင့် အိမ်ပြန်လာခဲ့ပါသည်။

နောက်တစ်ကြိမ် ကျွန်မ ဆစ်ဒနီသို့ ပြန်ရောက်ခဲ့လျှင် အဖိုးကို အန်ဒိုရာမှာ တွေ့နိုင်တော့မည် မဟုတ်ပါ။ သို့သော်… ဆယ်စုနှစ်ငါးစုကျော်အောင်  အဖိုးပိုင်ဆိုင်နေထိုင်ခဲ့ရာ နေရာတစ်ခုအဖြစ်၊ အဖိုးနှင့်ကျွန်မ စကားလက်ဆုံ ပြောဆိုခွင့်ရခဲ့သော ညနေခင်းများကို အသက်ဝင်ဖန်ဆင်းပေးခဲ့ရာ နေရာတစ်ခုအဖြစ်နှင့် အန်ဒိုရာကို အလွမ်းပြေ သွားရောက်ကြည့်ရှုမိမှာ သေချာပါသည်။

အခုချိန်မှာတော့ မိုင်ပေါင်းငါးထောင်ကျော်အဝေးက အဖိုးရှိရာ အန်ဒိုရာနှင့် တစ်ချိန်က ညနေခင်းများကို ကျွန်မ သိပ်လွမ်းနေမိပါသည်။


ဇွန်မိုးစက်

အိုဘယ့် ယောဂီ

7

Category: , ,


မိခင်ကြီးအား ခြောက်လခွဲတိုင်တိုင် နေ့စဉ်ရက်ဆက် ပြုစုခဲ့သော သမီးအလိမ္မာ ဇွန်မိုးစက်သည် စိတ်ပန်းလူပန်းဖြစ်နေခြင်းမှ အနားရအောင် ရက်သတ္တပတ်မျှ တရားစခန်းဝင်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် မိမိမရှိသော ကာလတိုတစ်ခုအတွင်း အိမ်၏စားရေးသောက်ရေး အစစ အဆင်ပြေအောင် ငွေကြေးစိုက်ထုတ်၍ စီမံရပေတော့သည်။

တရားစခန်း၌ ၀တ်ဆင်ရန် လုံချည်အညိုများကို တွေ့ပြီးဖြစ်၍ စင်ကျားပူတွင် ရိပ်သာဝင်စဉ်က ၀တ်လေ့ရှိသော အင်္ကျီအဖြူများသည် ဗီရိုသို့မဟုတ်သေတ္တာတစ်ခုခုထဲတွင် ရှိရမည်ဟုတပ်အပ်ယုံကြည်၍ ရိပ်သာမသွားခင် နှစ်ရက်အလိုမှ အင်္ကျီဖြူများကို ထုတ်လျှော်ရန် ကြံစည်ထားလေသည်။ သို့ရာတွင် ၀တ်နေကျ အင်္ကျီဖြူများအား ရှာမတွေ့သဖြင့် အနီးကပ်မှ ခေါင်းစားရတော့သည်။ သို့နှင့် မိခင်ကြီး ဥပုသ်နေ့တွင် ၀တ်ဆင်လေ့ရှိသော အင်္ကျီဖြူမှန်သမျှ ဆွဲထုတ်ပြီး ကိုယ်တွင်ကပ်ကြည့်ဝတ်ကြည့်ရရှာလေ၏။ လွန်ခဲ့သော ခြောက်လအတွင်း ကိုယ်အလေးချိန် ဆယ့်နှစ်ပေါင်ကျသွားခြင်း၏ အကျိုးကျေးဇူးကား မိခင်၏အင်္ကျီများသာမက ယခင်က ကိုယ်နှင့်မတော်သဖြင့် အခြားသူများကိုပေးရန် ကြံစည်ထားသော အင်္ကျီအကောင်းအဟောင်းများကိုပင် ပြန်လည်ဝတ်ဆင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ရိပ်သာမသွားခင် တစ်ရက်အလိုတွင်ကား အရေးကြီးကိစ္စတစ်ခုဖြင့် မင်္ဂလာဒုံသို့ သွားရန်အကြောင်းတစ်ခု ပေါ်လာလေသည်။ ထိုနေ့မှ မသွားလျှင် မဖြစ်သည့်အတွက် သွားရသေးသည်၊ ထိုမှအပြန် ရွှေတိဂုံစေတီတော်ကို ၀င်ရသဖြင့် နေ့တစ်ဝက်စွန်းစွန်း အချိန်ကုန်သွားရာ ပစ္စည်းများသိမ်းဆည်းရန် အချိန်မလောက်ငှတော့ပေ။ ဤတွင် ပရီယောဂီသည် တစ်စုံတစ်ခုကို သတိပြုမိ၏။ အခြားမဟုတ် ခရီးတို၊ ရှည်ထွက်ခါနီးတိုင်းတွင် အကြောင်းကိစ္စကြီးငယ် တစ်စုံတစ်ရာ ပေါ်လာတတ်ခြင်းကြောင့် အချိန်လုရသဖြင့် ခရီးမထွက်ခင်ရက်တွင် အခါတိုင်းထက် အဆပေါင်းများစွာ ပင်ပန်းလေ့ရှိသော မိမိကံကို ဖြစ်လေသည်။

နောက်တစ်နေ့နံနက် ၈နာရီ၁၀မိနစ်ခန့်တွင် ရန်ကုန်မှ တစ်နာရီခွဲခန့်မောင်းရသော အင်းတကော်စံပြကျေးရွာသို့  ဘေးမသီရန်မခ ရောက်ရှိခဲ့ပေသည်။ ယခင်က တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော်လည်း ဧက၂၀ကျယ်ဝန်းပြီး သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးချမ်းလှသော ဖားအောက်တောရရိပ်သာကို ယောဂီတစ်ယောက် မြင်မြင်ချင်း သဘောကျသွားလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သိရသည်မှာကား ဤရိပ်သာတွင် မြန်မာယောဂီဟူ၍ မိမိတစ်ယောက်တည်း ရှိခြင်းဖြစ်လေသည်။ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းတစ်ပါး၊ ဆရာလေးသုံးပါးတို့မှလွဲ၍ ကျန်သံဃာ၊ သီလရှင်နှင့် ယောဂီတို့သည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများ ဖြစ်ကြကုန်၏။ ယောဂီစိတ်တွင်းကား မြန်မာမရှိလေ၊ စကားပြောစရာမလို၍ မိမိတရားအားထုတ်ရန်ပို၍ အဆင်ပြေလေဟု မှတ်ယူထားသူဖြစ်ရာ ၀မ်းသာမိလေသည်။

ဆရာတော်၏ အစ်မဖြစ်သူက သွပ်မိုးထားသော နှစ်ထပ်အုတ်ခံပျဉ်ထောင်အိမ်ဆောင်၏ အပေါ်ထပ်တွင် ယောဂီကို နေရာချပေးသည်။ အပေါ်တစ်ထပ်လုံးတွင် မိမိအရင်ရောက်နှင့်ပြီးသော အခြားယောဂီတစ်ဦးကို မမြင်ရသေးခင်မှာပင် သူနှင့်ကပ်ရပ်အခန်းတွင် ကြိုးတန်းပြီး လှမ်းထားသော အတွင်းခံဘောင်းဘီကို မြင်ရုံနှင့် ထိုယောဂီမည်သည့်နိုင်ငံသားဖြစ်သည်ကို ယောဂီ ကြိုတင်ခန့်မှန်းပြီးဖြစ်လေသည်။ ယောဂီသည် အခန်းတစ်ခန်းဖြင့် သီးခြားနေလိုသော်လည်း လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်ထူနေသော အခန်းကို ရှင်းလင်းရမှာ အနည်းငယ်ပင်ပန်းမည် စိုးသည်ကတစ်ကြောင်း၊  မိမိခေါင်းထက် ကြိုးတန်းမှာ လွှားထားသော အတွင်းခံကို ရုတ်ပေးရန် သူစိမ်းယောဂီတစ်ဦးကို မပြောလိုခြင်းကတစ်ကြောင်း အခန်းအပြင်ဘက်ရှိ ကျယ်ပြောသော ဟောခန်းမထဲတွင်သာ တစ်ကိုယ်တည်းနေမည်ဟု ဆုံးဖြတ်လိုက်လေသည်။ (ရိပ်သာရောက်ပြီး ၅ရက်မြောက်နေ့တွင်မူ ဗီယက်နမ်မှ အမျိုးသမီးဧည့်သည်လေးယောက် ယောဂီတို့အဆောင်တွင် နှစ်ညတာ တည်းခိုအိပ်စက်မည်ဖြစ်ကြောင်း သိရသည့်အတွက် သူတို့အားနေရာပေးနိုင်ရန် ယောဂီခမျာ ပင့်ကူအိမ်များဖြင့် ယှက်နွယ်လျက်ရှိသော အခန်းလွတ်ကို တစ်မနက်ခင်းမျှ အချိန်ပေး သန့်ရှင်းရေးလုပ်ပြီး ပြောင်းရွှေ့ခဲ့ရပေသည်။) ပစ္စည်းများချပြီး နေရာထိုင်ခင်းအတွက် သန့်ရှင်းလှဲကျင်းနေစဉ် အခန်းထဲမှ လူမျိုးခြားယောဂီသည် မိမိအား ဖုန်သုတ်ရန် မျက်နှာသုတ်ပုဝါစလေး ကမ်းပေးသဖြင့် ယောဂီသည် ကြောင်အမ်းအမ်းနှင့် လှမ်းယူလိုက်သော်လည်း ကျေးဇူးတင်စကား မဆိုမိခဲ့ပေ။ သီလယူ၊ နေ့လယ်စာစားပြီး အဆောင်ပေါ်ပြန်တက်လာသည့်အခါတွင်မှ သူမထံသွား၍ ကျေးဇူးတင်ကြောင်း ပြောဆိုဖြစ်တော့သည်။ သူမက ယောဂီအား ရန်ကုန်ကလားဟု မေးသည်ကို ဟုတ်တယ်ဟု ပြန်ဖြေသည်မှလွဲ၍ သူမကို စကားပြန်မဆိုမိ။ ရိပ်သာတွင် စကားနည်းလေ၊ ကောင်းလေဟု ယောဂီခံယူထားသည် မဟုတ်ပါလား။

နံနက် ၃နာရီ၄၅တွင် ဘုရားရှိခိုးတရားထိုင်ရန် ၃နာရီ၁၅တွင် အိပ်ယာမှ ထရသော်လည်း ယောဂီစိတ်အလျဉ်မှာ ကြည်လင်လျက်ရှိနေပေသည်။ မိမိအဆောင်မှ သိမ်ရှိရာကို သွားရာလမ်းတလျှောက်သည် မှောင်မည်းလျက်ရှိရာ လက်နှိပ်ဓာတ်မီးအစွမ်းဖြင့် ခလုတ်မထိဘဲ သွားလာနိုင်သော်လည်း ယောဂီမှာ နက်ပြာရောင်ကောင်းကင်တွင် စုံညီစွာတောက်ပနေသော ကြယ်တာရာများကို မော်ကြည့်မိရာ ဟန်ချက်ပျက်၍ ချော်လဲမလို ဖြစ်သွားလေသည်။ အနှီယောဂီသည်ကား ဖြစ်နိုင်လျှင် မြေကြီးပေါ် ပက်လက်လှဲအိပ်ပြီး လင်းလက်နေသည့် ကြယ်ပွင့်များကို မမှိတ်မသုန် စိုက်ကြည့်ချင်မိ၏။ သို့သော် ယောဂီဟူသော သတိက ကပ်ပါလာလေရာ မိမိအာရုံကို ရှေ့တူရူသို့ ပြန်လွှဲရလေသည်။

လိပ်ပြာရောင်စုံများ၊ ကတ္တီပါရောင်တောက်နေသော ပုဇဉ်းရင်ကွဲများ၊ ၀၀ီဝီမြည်ကာပျံဝဲနေသော ပိတုန်းကောင်များကြားတွင် ယောဂီတစ်ယောက် သာယာကြည်နူးနေမိ၏။ ‘တောတောင်ရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။’ ဆယ်စုနှစ်သုံးခုစာ မရွတ်ဖြစ်သော ကဗျာလေးပင် ယောဂီမှတ်ဉာဏ်ထဲ အလိုလိုဝင်ရောက်လာလေသည်။ သို့ရာတွင် မိမိမြင်ဖူးသမျှ အရွယ်အကြီးဆုံးဖြစ်သော ကင်းခြေများနှင့် ကင်းမြီးကောက်တို့ကို တွေ့ရသည့်အခိုက်တွင်မတော့ ယောဂီ၏နှလုံး အနည်းငယ် တုန်ယင်လာ၏။ အ၀ါရောင်အဆင်းရှိသော ဖားခုံညင်းတစ်ကောင် အိမ်သာထုတ်တန်းပေါ်မှ ခုန်ချရာ ယောဂီခြေထောက်ပေါ်ကျ၍ ကြောက်လန့်တကြား အော်မိသေးသည်။ သြော်… တောထဲတောင်ထဲတွင် တရားအားထုတ်ရသည်မှာ ထင်သလောက် မလွယ်ကူလှကြောင်း ယောဂီကိုယ်တွေ့ သိရှိရလေပြီ။ ဒါတောင် ယောဂီနေထိုင်ရာရိပ်သာသည် တောနက်မဟုတ်သော တောစပ်တွင် တည်ရှိခြင်းဖြစ်သည်။ ညည့်နက်လျှင်တော့ ရှဉ့်ကလေးများ၏ စိန်ခေါ်သံလိုလို ဖိုသံပေးလိုလို အသံများကို ကြားရလေ့ရှိသည်။ ရိပ်သာနောက်ဘက်တွင် အလွန်တရာမှ သာယာပြန့်ပြူးသော လမ်းကလေးကို အရုဏ်တက် နေထွက်ချိန်တစ်ခါ၊ ညနေဆည်းဆာ နေ၀င်ချိန်တစ်ခါ လမ်းလျှောက်ထွက်သည့် အခါမျိုးတွင်တော့ ကင်မရာ မယူဆောင်ခဲ့မိသော ယောဂီသည် နောင်တရခြင်းကြီးစွာ ဖြစ်မိလေတော့သည်။ 

အရုဏ်ဆွမ်းသုံးဆောင်ပြီးလျှင် တံမြက်လှည်းခြင်း၊ ရေချိုးခန်းအိမ်သာသန့်ရှင်းရေးလုပ်ခြင်း အစရှိသည့် ဝေယျာဝိစ္စ သန့်ရှင်းရေး ကုသိုလ်များကို မိမိအသိစိတ်ဖြင့် ပြုကြရ၏။ တံမြက်လှည်းရင်း ပုရွက်ဆိတ်များ ၀ိုင်းအုံခဲကိုက်ခံနေရသော ဧရာမတီကောင်ကြီးကို မြင်လျှင် သံဝေဂရသည်။ ထိုမှဆက်၍ သတ္တ၀ါမျိုးစိတ်ပေါင်း မရေမတွက်နိုင်ရှိနေသော ဘဒ္ဒကမ္ဘာတွင် လူအဖြစ်ကိုရသော မိမိသည် ကံကောင်းပေစွ၊ ကောင်းလေစွဟု ဆင်ခြင်မိပြန်သည်။ တမလွန်မရောက်ခင် ယခုဘ၀ကတည်းက ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုးနပ်မည် မဟုတ်ပါလား။

ထိုကဲ့သို့ အသိတရားရရှိပြီးနောက် ယောဂီတစ်ယောက် အာနပါနကို ကြိုးစားရှုမှတ်လေသည်။ ၀င်လေထွက်လေကား သိမ်မွေ့လွန်း၍ ဟိုခုန်ဒီကူး ဖြစ်နေသော မျောက်လွှဲကျော်ကဲသို့ အာရုံများသောစိတ်ဖြင့် ဖမ်းရမှတ်ရ ခက်လှပေသည်။ သမာဓိရဖို့ကား ဝေးလေစွ။ ယောဂီတရားစခန်းမ၀င်ဖြစ်သည်မှာ ၄နှစ်နီးပါးပင်ရှိခဲ့ပြီ၊ တရားမထိုင်ဖြစ်သည်မှာလည်း ၇လခန့်ပင် ရှိလေရာ ဟိုဒီယောက်ယက်ခတ်နေသော စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းရသည်မှာ ပင်ပန်းလှသည်။ သတိလွတ်လျှင် လွတ်သလို ဥဒိစ္စနှင့် ကုက္ကုစ္စတို့သည်လည်း တစ်လှည့်စီ အပြေးဝင်လာကပ်၏။ လက်ဖျစ်တစ်တွက်လျှင် ကုဋေသိန်းချီဖြစ်သွားသော စိတ်အစဉ်ပေါင်းများစွာတွင် မိမိရေးမည့်စာအကြောင်းကို ကြံစည်စိတ်ကူးခြင်းကလည်း ပါလိုက်သေးသည်။ တရားထိုင်ရင်း တွေးမိသည်ကား စာရေးဆရာမှန်လျှင် တရားကြာကြာရှုမှတ်နိုင်ပါမည်လောဟူ၍ ဖြစ်လေသည်။ ယောဂီကဲ့သို့ သာမန်ဝါသနာရှင်စာရေးသူတစ်ယောက်အနေနှင့် တရားထိုင်ရင်း စာရေးနေပါလျှင် စာမရေးရ မနေနိုင်သော အနှီတန်းဝင်စာရေးဆရာစစ်စစ်များသည်လည်း တရားထိုင်ရင်း မိမိရေးမည့်စာများကို စိတ်တွင်းမှာ အသံတိတ်စီကုံးနေနိုင်သည် မဟုတ်ပါလော။

ပထမသုံးရက်တွင်ကား သမာဓိမတက်သေးသော ယောဂီစိတ်သည် လိပ်ပြာတစ်ကောင်နှယ်၊ ကုန်းပေါ်ရောက်ငါးသဖွယ် ဟိုမှဒီမှ လူးလာပျံသန်း ခုန်ပေါက်ခုန်ဆွ ဖြစ်နေသေး၏။ လေးရက်မြောက်နေ့မှ အတန်ငယ်စိတ်တည်ငြိမ်လာလေသည်။ သို့သော် တရားထိုင်ချိန်တွင် အနီးစပ်ဆုံးတွေ့ထိမိသော အမြင်အကြားအာရုံများကို ပြန်လည်မြင်ယောင် သုံးသပ်နေမိသေးရာ ထိုအာရုံများထဲတွင် ယောဂီနှင့် တစ်ဆောင်ထဲနေ ပီကင်းမြို့သူ ကျင့်ရာ၊ ကြောင်ကလေးဝါဆိုနှင့် ဆရာလေးပီယတို့ ပါဝင်လာလေသည်။

ယောဂီသည် အစောပိုင်းတွင် ကျင့်ရာနှင့် သိပ်မရင်းနှီးသော်လည်း နောက်ပိုင်းတွင် အတော်လေး ခင်မင်သွားခဲ့လေသည်။ ရင်းနှီးသွားရခြင်း၏ အကြောင်းရင်းမှာ ကျင့်ရာသည် သူမနာမကျန်းဖြစ်ချိန်၌ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ် မပြောတတ်၍ ယောဂီက ကူညီဘာသာပြန်ကာ ပြောဆိုပေးရခြင်းကြောင့် ဖြစ်သည်။ အ၀တ်လှန်းသည့်ကိစ္စမျိုးတွင် တရုတ်ပြည်မကြီးသူပီပီ အမြင်မတော် လှန်းတတ်သည့် အကျင့်ရှိသော်လည်း သူမသည် စိတ်ရင်းကောင်းမွန်လှပေသည်။ ယောဂီတွေ့ဖူးသမျှ ပြည်ကြီးတရုတ်မများထဲတွင် စိတ်သဘောအကောင်းဆုံး ဖြစ်လေသည်။ တရားကျင့်ကြံအားထုတ်မှုနှင့် ပတ်သက်လျှင် ကျင့်ရာသည် ယောဂီထက် စီနီယာကျ၏။ မြန်မာပြည်သို့ သုံးခေါက်တိုင်တိုင် လာရောက်ခဲ့ပြီး မော်လမြိုင်ဖားအောက်တောရတွင် တစ်လကြာအောင် သီလရှင်ဝတ်နှင့် သီတင်းသုံးဖူးလေသည်။ ယခုတရားစခန်းတွင်လည်း အနည်းဆုံးသုံးလကြာအောင် အားထုတ်မည်ဟု ရည်ရွယ်ကာ လာခဲ့ခြင်းဖြစ်လေသည်။ သို့သော် ရုတ်တရက်ပြန်ထလာသော သူမ၏ ဝေဒနာဟောင်းက လရှည်ရိပ်သာဝင်ခြင်းကို အနှောင့်အယှက်ပြုလေရာ ကျင့်ရာခမျာ တစ်လနှင့် ပီကင်းပြန်ရန် ဆုံးဖြတ်ရလေတော့သည်။ တရုတ်မလေး ကျင့်ရာ ထေရ၀ါဒကို လေးစားကိုးကွယ်ပုံမှာ ယောဂီတို့ အတုယူအားကျရလောက်၏။ အကြောင်းမှာ သူမ၏ခင်ပွန်းသည် ဗုဒ္ဓဘာသာနှင့် တရားတော်မြတ်ကို သူမကဲ့သို့ လေးစားယုံကြည်မှုမရှိသဖြင့် ကွာရှင်းခဲ့သည်ဟု ဆိုသည်။ သူမနှင့် ကွဲကွာပြီးမှ ထိုယောက်ျားသည် ဘာသာတရားကို လေ့လာလိုက်စားခဲ့ပြီး ယခင်ကထက် စိတ်ထားပိုမိုကောင်းမွန်လာကာ သူမအပေါ်တွင် မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ပြန်လည်ဆက်ဆံလာကြောင်း ယောဂီအား ပြောပြ၍ သိခဲ့ရသည်။

ယောဂီနေထိုင်ရာ အဆောင်အောက်တစ်ဘက်ခြမ်းတွင် မြန်မာဆရာလေးနှစ်ပါးသီတင်းသုံးနေထိုင်လျက်ရှိရာ မကြာခဏ ‘၀ါဆို’ ‘၀ါဆို’ ဟူသော ခေါ်သံကို ကြားရတတ်၏။ နောင်မှ ထိုခေါ်သံသည် ကြောင်ကလေးကို ရှာဖွေခေါ်ဆိုခြင်းဖြစ်ကြောင်း သိလာရသည်။ ယောဂီမပြန်ခင်တစ်ညတွင် ထိုကြောင်ကလေး၏ ၀တ္ထုဆန်သော နောက်ကြောင်းကို သိခွင့်ရလေသည်။ ကြောင်မကြီးမေရီသည် ၀ါဆိုလပြည့်နေ့တွင် သားသုံးကောင်ပေါက်ရာ တစ်ကောင်ကို ၀ါဆို၊ တစ်ကောင်ကို လပြည့်၊ တစ်ကောင်ကို ဂျူလိုင်ဟူ၍ အမည်ပေးထားကြသည်။ လပြည့်သည် ရက်ပိုင်းနှင့်ကွယ်လွန်သွားရာ ၀ါဆိုနှင့်ဂျူလိုင်တို့ ကျန်ခဲ့သည်။ တစ်ညတွင် မေရီအစာရှာသွားခိုက် တောကြောင်ကြီးတစ်ကောင်သည် ၀ါဆို့မျက်စိရှေ့တွင် ဂျူလိုင်ကို ကိုက်ဆွဲသတ်စားလိုက်ရာ ၀ါဆိုလေးခမျာ ထရာမာရသွားရှာလေသည်။ မေရီပြန်ရောက်သော် ၀ါဆိုကို ကိုက်ချီ၍ သူမတို့နေထိုင်ရာ အဆောင်မှ ကြောင်တို့ခြေလှမ်းနှင့် အလွန်တရာဝေးကွာလှသော ယခုယောဂီနေထိုင်ရာအဆောင်အောက်ဘက်က ဆရာလေးတို့ အဆောင်ရှေ့ကို လာပို့လေသည်။ အဘယ်ကြောင့်ဆိုသော် တောကြောင်သည် ယောဂီတို့နေထိုင်ရာအဆောင်သို့ တစ်ခါမှလာရောက်ခြင်းမရှိသည်ကို မေရီသိနေသဖြင့် သူ့သားလေးအတွက် လုံခြုံသောနေရာကို သယ်ယူခေါ်ဆောင်လာခြင်း ဖြစ်လေသည်။ ထိုမနက်က မိုးဖွဲဖွဲလေး ကျနေရာ ၀ါဆိုလေးမှာ ဖုန်၊ သဲလူးပြီး မိုးရေကြားတွင် ခိုက်ခိုက်တုန်နေရှာ၏။ မေရီက အ၀တ်စုတ်လေးတစ်ခုကို ကိုက်ချီပြီး ထိုအ၀တ်လေးပေါ်တွင် ၀ါဆို့ကိုယ်ကို တင်ထားကာ ဆရာလေးတို့ကို အော်ခေါ် ပြသလေသည်။ ထိုအချိန်မှစပြီး ၀ါဆိုလေးကို ဆရာလေးနှစ်ပါးက တောကြောင်အကိုက်မခံရအောင် ကြည့်ရှုစောင့်ရှောက်ရသည့် တာဝန်တိုးခဲ့လေသည်။ မေရီသည် တစ်ကောင်တည်းကျန်သော ၀ါဆိုလေးကို မျက်စိအောက်မှ အပျောက်မခံဘဲ အလွန်ချစ်မြတ်နိုးသည်ဟု ဆရာလေးများက ပြောပြသည်။ ၀ါဆိုသည်လည်း အမေမှလွဲ၍ အခြားသူ အကပ်မခံ၊ လူလည်း အလွန်ကြောက်တတ်သည်။ နောက်ပိုင်းတွင် ဆရာလေးနှစ်ပါး၏ နွေးထွေးကြင်နာမှုကြောင့်လည်းကောင်း၊ မေရီ နောက်ထပ်ကိုယ်ဝန်ဆောင်လာချိန်တွင် ၀ါဆိုကို သူ့အနားအကပ်မခံတော့သောကြောင့်လည်းကောင်း သူ့ကိုယုယကြင်နာစွာ ထွေးပိုက်တတ်သော လူတို့နှင့် နီးနီးကပ်ကပ်နေထိုင်ရန် ယခင်ကထက် ၀ံ့ရဲလာတော့သည်။ ယောဂီမှာ ထိုအကြောင်းကြားသိရသော် သြော်… သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါလားဟု ကြောင်ကလေးဝါဆိုအပေါ် ကရုဏာသက်ခြင်း ကြီးစွာဖြစ်မိလေသည်။

အင်းတကော်ဖားအောက်ရိပ်သာတွင် တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကိုးရီးယား အစရှိသော အရှေ့တိုင်းအာရှနိုင်ငံများမှ ဆရာလေး (သီလရှင်) များ နှစ်ရှည်လများနေထိုင်ပြီး တရားအားထုတ်ကြသလို အနောက်တိုင်းဥရောပနိုင်ငံမှ ဆရာလေးတစ်ပါးလည်း လာရောက်အားထုတ်လျက်ရှိလေသည်။ ၀ိနည်းနှင့်အညီ ပြုမှုလှုပ်ရှား ဆောင်ရွက်နေသော ထိုဆရာလေးကို ယောဂီအာရုံတွင် ထူးထူးခြားခြား ကြည်ညိုစိတ်ဝင်မိသည်နှင့်အမျှ သူ့ကို ဂရုတစိုက် သတိပြုကြည့်မိရာ ဆရာလေးပီယသည် မြန်မာစကားအနည်းငယ်ကို နားလည်သည့်အပြင် မဟာသတိပဋ္ဌာနသုတ်မှလွဲ၍ ကျန်သော ပါဋိဘုရားရှိခိုးဘုရားစာများအားလုံးလိုလိုကို စာအုပ်မကြည့်ဘဲ လက်အုပ်ချီကာ အလွတ်ရွတ်ဆို ပူဇော်နိုင်သည်ကို တွေ့ရလေသည်။ ဝေယျာဝစ္စနှင့် ဆွမ်းပန်းရေချမ်းကပ်လှူခြင်းတို့ကိုလည်း ငယ်ဖြူတစ်ပါးအလား ကျွမ်းကျင်စွာ ဆောင်ရွက်ဆည်းကပ်နိုင်သည်ကိုလည်း တွေ့ရသည်တွင် ယောဂီသည် ဆရာလေး၏ ဗုဒ္ဓဘာသာအပေါ် မည်ကဲ့သို့ ကိုးကွယ်ယုံကြည်ဆည်းကပ်လာပုံ၊ မြန်မာနိုင်ငံသို့ မည်သည့်အဆက်အစပ်ဖြင့် ရောက်ရှိလာပုံတို့ကို လွန်စွာသိချင်စိတ် ဖြစ်ပေါ်လာလေတော့သည်။

နိုင်ငံခြားသားဆရာလေးနှင့် ယောဂီများ ကျင့်ကြံအားထုတ်ရာ အနှီရိပ်သာတွင် ဆရာတော်၊ မလေးဆရာလေးတစ်ပါးနှင့် မြန်မာဆရာလေးတစ်ပါးသာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဖြစ်ရာ တရားလျှောက်ချိန်တွင် တရုတ်ဆရာလေးအတွက် မလေးဆရာလေးမှ အင်္ဂလိပ်လို ဘာသာပြန်လျှောက်တင်ပေးပြီး၊ ကိုရီးယားဆရာလေးနှစ်ပါးတွင် အင်္ဂလိပ်စာအတန်အသင့်ပြောဆိုနိုင်သော ဆရာလေးတစ်ပါးမှ နောက်တစ်ပါးအတွက် ဘာသာပြန်ဆိုပေးကြောင်း သိရသည်။ ဗီယက်နမ် ကိုယ်တော်နှစ်ပါးမှာ အမေရိကတွင် အခြေချနေထိုင်ခဲ့သူများဖြစ်၍ အင်္ဂလိပ်စကား ကောင်းစွာပြောကြားနိုင်သော်လည်း ဗီယက်နမ် ဆရာလေး ၄ပါးတွင် အငယ်ဆုံးဆရာလေး သိရီစန္ဒာတစ်ပါးသာ အင်္ဂလိပ်စကား ပြောဆိုတတ်၍ တရားစစ်ချိန်တွင် ကျန်သုံးပါးကိုယ်စား သူမက ဘာသာပြန်ဆို လျှောက်တင်ပေးမှ အဆင်ပြေလေသည်။

သို့ရာတွင် ဆွမ်းချက်ဆောင်မှ ဝေယျာဝိစ္စ ဒကာ၊ ဒကာမများနှင့် ဆက်သွယ်ပြောဆိုလိုလျှင် မြန်မာစကားတတ်မှ ခရီးပိုတွင်ကြောင်း ထင်ရှားရကား ဆရာလေးတို့သည် မြန်မာစကားကို မဖြစ်မနေ သင်ယူလေ့လာကြရာ မလေးရှားဆရာလေးသုမေဒါနှင့် ဗီယက်နမ်ဆရာလေးသိရီစန္ဒာတို့မှာ မြန်မာစကားကို အတော်အသင့် တီးခေါက်နားလည်ပြီး ပြန်လည်ပြောဆိုနိုင်ကြသည်ကိုတွေ့၍ ယောဂီပင် တအံ့တသြနှင့် အထင်ကြီးမိလေသည်။ ဆရာလေးပီယသည်လည်း  ဆွမ်းချက်ဆောင်တွင် ဒကာမများနှင့် ပြောဆိုဆက်ဆံနိုင်ရေးအတွက် မြန်မာစာကို ကြိုးစားလေ့လာလျက်ရှိရာ သူမအခက်အခဲကြုံတွေ့စဉ် ယောဂီက ၀င်ရောက်ဘာသာပြန်ဆို ဖြေရှင်းပေးခွင့် ရလေသည်။ ယောဂီ ရိပ်သာရောက်စတွင် ကျင့်ရာ၊ ဆရာလေးသုမေဒါနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံသည်ကို ကြားရသူ ကပ္ပိယအချို့သည် ယောဂီအား နိုင်ငံရပ်ခြားမှ လာရောက်အားထုတ်သူဟူ၍ပင် ထင်မှတ်မှားကာ အင်္ဂလိပ်လို ပြောဆိုဆက်ဆံခြင်း ခံရသည်ကို ကြုံလိုက်သေး၏။ နောင် ယောဂီနှုတ်မှ မြန်မာစကားပီပီသသ ပြောသံကြားသောအခါ သြော်… အစ်မက မြန်မာပဲဟု ရယ်မောကာမှတ်ချက်ပေးတော့သည်။ ဤအကျိုးဆက်သည် ယောဂီအား ဆွမ်းချက်ဒကာမများနှင့် ဆရာလေးတို့အကြား စကားပြန်အဖြစ်ရောက်အောင် အလိုလို တွန်းပို့လိုက်သကဲ့သို့ ရှိတော့သည်။ ရောက်ရာအရပ်တွင် သူတစ်ပါးကို ကူညီခွင့်ကြုံသော ယောဂီအဖို့ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ စကားပြန်အဖြစ်ကို ကျေကျေနပ်နပ် ခံယူကူညီပေးခဲ့လေသည်။

ယောဂီသည် မြန်မာအရောက်အပေါက်များပြီး ထေရ၀ါဒဗုဒ္ဓသာသနာအကြောင်း အတန်အသင့်ပေါက်ရောက်သိကြားနိုင်သော အမေရိက၊ အင်္ဂလန်၊ သြစတြးလျ အစရှိသောနိုင်ငံများမှ လာရောက်တရားအားထုတ်သော မျက်နှာဖြူနိုင်ငံခြားသားရဟန်း၊ သီလရှင်များကို မြင်လျှင် အထူးတလည် အံ့သြခြင်း မရှိခဲ့ပေ။ သို့သော် ဖားအောက်တောရတွင် တွေ့ဆုံခဲ့ဖူးသော ရှားရှားပါးပါး အာဖရိကနိုင်ငံ အန်ဂိုလာမှ ရဟန်းတစ်ပါးနှင့် ဥရောပအရှေ့မြောက်ခြမ်း လစ်သူရေးနီးယားနိုင်ငံမှ ဆရာလေးပီယတို့အား များစွာအံ့သြခြင်း ဖြစ်မိလေသည်။ ဆရာလေးပီယကိုယ်တိုင်ကလည်း ရိုမန်ကတ်သလစ်ကိုးကွယ်သော လစ်သူရေးနီးယားနိုင်ငံမှ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားသော မြန်မာပြည်တွင် လာရောက်နေထိုင်သီတင်းသုံးသော သူမတစ်ပါးတည်းသာရှိနိုင်ကြောင်း အခြားဆရာလေးများကို ပြောဆိုခဲ့ဖူးကြောင်း ယောဂီ ပြန်လည်ကြားသိရသည်။

လစ်သူရေးနီးယားနိုင်ငံသူ ဆရာလေးပီယသည် လစ်သူရေးနီးယန်း၊ ရုရှ၊ အင်္ဂလိပ်စာ ဘာသာစကားသုံးမျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်သည့်အပြင် ပါဋိဘာသာရပ်ကိုလည်း အိန္ဒိယနိုင်ငံ၌ လေ့လာဆည်းပူးခဲ့သေးသည်။ အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဖားအောက်တောရတွင် လာရောက်တရားအားထုတ်နေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်သော်လည်း မြန်မာစကားသည် အလွန်ခက်ခဲကြောင်း၊ သို့သော် ဆွမ်းချက်ဆောင်တွင် ဝေယျာဝိစ္စဒကာမများနှင့် လွယ်လင့်တကူ ပြောဆိုဆက်ဆံနိုင်ရေးအတွက် အချို့သောစကားများနှင့် စာကြောင်းများကို မရအရ သူမ သင်ယူကျက်မှတ်ရမည်ဖြစ်ကြောင်း ယောဂီကို ပြောပြလေသည်။ ဆရာလေးပီယသည် လစ်သူရေးနီးယားသို့ပြန်ရန် အစီအစဉ်မရှိဘဲ မြန်မာပြည်တွင်သာ နေထိုင်ပြီး တစ်သက်တာ တရားအားထုတ်သွားမည့်အကြောင်း ယောဂီသိလိုက်ရသည်တွင် မြန်မာစာနှင့် ပတ်သက်ပြီး ဆရာလေး၏ အခက်အခဲကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် ယောဂီမပြန်ခင်တစ်ရက်အလိုတွင် လေးမျက်နှာပါ ဗလာစာရွက်တစ်ရွက်ရှာကာ ဆွမ်းချက်ဆောင်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အခေါ်အဝေါ်အသုံးအနှုန်းများ၊ ဆရာလေးပီယ ကျောင်းသင်္ခမ်းတွင် အသုံးလိုမည်ဟုထင်ရသော ပစ္စည်းပစ္စယများ၊ ဤရိပ်သာတွင် သီတင်းသုံးနေစဉ်တလျှောက် လိုအပ်အသုံးဝင်မည်ထင်သော စကားစုများအား အင်္ဂလိပ်စာ-ဘားဂလစ်ရှ် (အင်္ဂလိပ်အက္ခရာဖြင့်ပေါင်းထားသော မြန်မာအသံထွက်)-မြန်မာစာ သုံးကော်လံခွဲ၍ စုစည်းရေးသားပြီး ဆရာလေးပီယအား ပေးလိုက်ရာ ဆရာလေးမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီး လက်ခံယူလေသည်။ ညနေဘုရားဝတ်တက်ပြီးချိန်တွင် ယောဂီရေးထားပုံကို သူအလွန်ကြိုက်နှစ်သက်ကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက်ပြောဆိုသည့်အပြင် နောက်တစ်ခါ နင်လာရင်တော့ ငါမြန်မာလိုအားလုံးသိသွားတော့မှာဟု ပြုံးရယ်ကာ ပြောခဲ့ခြင်းကြောင့် ယောဂီမှာ ၀မ်းသာကြည်နူးမိလေတော့သည်။

ယခုတစ်ခေါက် တရားစခန်းမှအပြန်တွင် ယောဂီတစ်ယောက် တရားထူးတရားမြတ်များ ရမလာခဲ့သော်လည်း အဖိုးတန်သော အသိတရားတစ်ခုကို ရရှိခဲ့လေသည်။ ဤသည်မှာ ယောဂီသည် မြန်မာလူမျိုးဖြစ်ရခြင်းနှင့်အတူ စစ်မှန်သော ထေရ၀ါဒထွန်းကားရာ တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြန်မာပြည်တွင် ဆရာသမားကောင်းတို့၏ လမ်းညွှန်ပြသမှုဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ခွင့်ရသူဖြစ်ရာ မိမိမည်မျှကုသိုလ်ကံကောင်းကြောင်း ယခင်ကထက်ပို၍ သတိချပ်မိခြင်း ဖြစ်လေသည်။ စစ်မှန်သောတရားကို အလိုရှိသူတို့သည် ဘာသာစကား၊ ရာသီဥတု၊ အစားအသောက် မတူညီကွဲပြားခြားနားသော အရပ်ဒေသတွင် အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အပတ်တကုပ်ကြိုးစားသင်ယူအားထုတ်လျက်ရှိသော်လည်း ထိုအခက်အခဲများကို တကူးတက ကြုံတွေ့ကျော်ဖြတ်စရာမလိုသော ယောဂီတို့ မြန်မာလူမျိုးများသည် မိမိတို့ လက်တကမ်းမှာရှိသော၊ လွယ်လင့်တကူ အရယူနိုင်သော အဖိုးမဖြတ်နိုင်သော တရားရတနာ၏တန်ဖိုးကို အမေ့မေ့အလျော့လျော့ဖြစ်လျက် ဂရုမစိုက်ဘဲ နေမိကြသည်မှာ လွန်စွာမှ နှမြောစရာ ကောင်းလှပေသည်။ 

ယောဂီသည် ကျင့်ရာ၏ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့သော အထက်ပါ ပုံလေးကိုကြည့်ရင်း ကန်စပ်က စုတ်ချာနေသောတဲငယ်သည် ခေတ်အဆက်ဆက် မင်းဆိုးမင်းညံ့တို့လက်ထက် ကျဆင်းခဲ့၍ အဘက်ဘက်က ချို့တဲ့ဆင်းရဲနုံချာရရှာသော မြန်မာပြည်နှင့်တူသော်ငြား ရေကန်ထက်က ကြာများသည် တိုင်းပြည်၏ တစ်ခုတည်းသော ချမ်းသာဂုဏ်ယူစရာ ထေရ၀ါဒ ဓမ္မပန်းကြာများဖြစ်သည်ဟု နှိုင်းယှဉ်ကာ ပီတိပွားလိုက်မိလေတော့သတည်း။

အိုဘယ့် ယောဂီ
စိတ်ကို တည်ကြည်
ငြိမ်အောင် သတိ
ထားကပ်ပါလည်း
တရားမတက်
စိတ်မပျက်ဘဲ
ကြိုးစားထုတ်မည်
နိဗ္ဗာန်ဆီ…။


ဇွန်မိုးစက်