နှုတ်ဆက်လိုက်တယ် ၂၀၀၉

Category:

အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဆုံတွေ့ကြတိုင်း အများဆုံးပြောဖြစ်တဲ့ စကားလုံးလေးက “အချိန်တွေ အကုန်မြန်လိုက်တာ” တဲ့။ “စကာင်္ပူမှာ အချိန်တွေ သိသိသာသာအကုန်မြန်လိုက်တာ၊ မြန်မာပြည်မှာဆို အဲလောက်မမြန်သလိုပဲ” တဲ့။ မြန်ဆို စလုံးကလည်း ဟောင်ကောင်နဲ့ အချိန်တူအောင်ညှိထားကိုး..နော်။ တကယ်လည်းမြန်တယ်။ တစ်နေ့တစ်နေ့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ပတ်ချာလည်နေရင်း ဟော..တစ်နှစ်၊ ဟော..တစ်နှစ်နဲ့ ကုန်သွားလိုက်တာ အခုလည်း ကုန်ပြန်တော့မယ်။

နှစ်တစ်ကုန်တိုင်း ကိုယ်ဖာသာပြန်ဆန်းစစ်တတ်တဲ့ အလေ့အကျင့်ရှိခဲ့တာ စင်္ကာပူရောက်ပြီးမှပါ။ ၂၀၀၉ ကတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀ခရီးတစ်လျှောက် အားအရဆုံးနဲ့ အကျေနပ်ဆုံး နှစ်တစ်နှစ် ဖြစ်နေခဲ့ပါတယ်။

ပြန်တွေးကြည့်တော့ ဒီနှစ်ထဲမှာ ရက်ရှည်တရားစခန်းနှစ်ခါ၊ ရက်တို တရားစခန်းတစ်ခါ ၀င်ဖြစ်ခဲ့တယ်။ သဒ္ဓါဆွမ်းနဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့တွေအတွက် ရည်စူးပြီး အလှူတွေလည်း လုပ်ဖြစ်ခဲ့တယ်။ အဘိဓမ္မာ တရားတော်၊ ၀ိသုဒ္ဓိမဂ္ဂနဲ့ ပဋ္ဌာန်းတရားတော်တွေလည်း သင်ကြားခွင့် ရခဲ့တယ်။

ဒါ့အပြင် မထင်မှတ်ဘဲ ဘလော့တွေလိုက်ဖတ်ရာက  ဆက်စပ်မိပြီး ကိုယ်ဆန္ဒရှိဖူးတဲ့ လုပ်အားပေး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ရခဲ့တယ်။ အဲဒီအတွက် မသီတာနဲ့ မနုသွဲ့ကို  ကျေးဇူတင်ပါတယ်။ အဲဒီကနေဆက်ပြီး စီမံကိန်းလေးတစ်ခုလည်း အကောင်အထည်ဖော်ဖို့ အခွင့်ကြုံခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း ဘလော့လေးလုပ်ဖြစ်တော့ အမှတ်တရ ဖြစ်သွားတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း အများကြီးတိုးပွားခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဓမ္မမိတ်ဆွေ၊ လုပ်အားပေးကျောင်း မိတ်ဆွေတွေအပြင် ဘလော့ဂါမိတ်ဆွေတွေလည်း ရခဲ့တယ်လေ။း)

စိတ်ပျက်စရာမကြုံခဲ့ဘူးလားမေးရင် ကြုံခဲ့တာပေါ့။ အဖေကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ အချိန်မှာ အိမ့်တာဝန်တစ်ခုလုံး ကိုယ့်ပုခုံးမှာ တင်ထားရသလို ဖြစ်ခဲ့လို့ သောကတွေ ဝေခဲ့ရပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းဦးဥက္ကံပြောတဲ့ ကောင်းတာလုပ်ရင် ကောင်းတာတွေပဲဖြစ်မယ်ဆိုတာလေးကို နှလုံးသွင်းပြီး ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ (ကိုယ်အခက်အခဲကြုံခဲ့ချိန်မှာ အကူအညီပေးခဲ့ကြတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ)။ ကိုယ့်ဆီ သူငယ်ချင်းမိတ်ဆွေတွေက အကူအညီ တောင်းလာရင်လည်း တတ်စွမ်းနိုင်သလောက် ကူညီခဲ့ပါတယ်။ နှစ်စကတည်းက ရည်မှန်းပြီး မလုပ်နိုင်၊ မလုပ်ဖြစ်ခဲ့တာက အဘိဓမ္မာစာမေးပွဲဖြေဖို့ပါ။ အတန်းတက်ချိန်ပဲရပြီး စာကျက်ချိန်မရလိုက်ဘူး။ ဒါကြောင့် ဒီနှစ်တော့ အဘိဓမ္မာဖြေမယ်ဟေ့လို့ မကြုံးဝါးရဲတော့ပါဘူး။ :D

၂၀၀၉ ခုနှစ်ထဲမှာ အမှတ်ရစရာတွေကတော့ ကိုယ့်အခင်ဆုံး မိန်းကလေး သူငယ်ချင်းတွေနဲ့ မလက္ကာတစ်ရက်ခရီး သွားခဲ့တာရယ်၊ ထီတစ်ခါပေါက်ဖူး လိုက်တာရယ်၊ အမြဲနေထိုင်ခွင့်ကျခဲ့တာရယ်၊ မရည်ရွယ်ဘဲ ဆရာမဖြစ်ခဲ့တာရယ်၊ အမှတ်တရစာအုပ်မှာ ဆရာမဂျူးရဲ့လက်မှတ် ရလိုက်တာလေးတွေရယ်ပါ။ ဖိုးစိန် အပါအ၀င် အခြားအခြားသော ဘလောဂါမောင်နှမများနဲ့ ဆုံတွေ့ခွင့်ရခဲ့တာလည်း ချန်လှပ်ထားလို့ ဘယ်ရမလဲ နော့။း)

နှစ်တစ်နှစ်ရဲ့ သုံးပုံတစ်ပုံကို တစ်ပတ်ခုနှစ်ရက်လုံးလုံး မနားဘဲ အကျိုးရှိရှိ အသုံးချခွင့်ရခဲ့တာတော့ ကိုယ်အကျေနပ်ဆုံးပါ။ သူငယ်ချင်းတွေက မေးကြ၊ ပြောကြတယ် နင်ပင်ပန်းနေမှာပေါ့တဲ့။ တကယ်လည်း ကိုယ်ပင်ပန်းတာပေါ့၊ စက်တင်ဘာလဆန်းကစပြီး စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်လုံး ကိုယ်မနား ခဲ့ပါဘူး။ ဒါပေမယ့်လည်း တစ်နေ့တာ ကိုယ်လုပ်ခဲ့တာလေးတွေးပြီး အမောဖြေလိုက်နိုင်ပါတယ်။ ကိုယ့်ရဲ့နေ့ရက်တွေကို အကျိုးရှိစွာ အသုံးချခွင့် ရလိုက်တယ်ဆိုရင်ပဲ ကိုယ်ဖြတ်သန်းခဲ့ရတဲ့နေ့တွေက ကိုယ့်အတွက် အဓိပ္ပာယ် ရှိသွားခဲ့ပါတယ်။ အဲလိုနေ့လေးတွေ စုစည်းလိုက်တော့ ကိုယ့်ရဲ့ ၂၀၀၉ က နေပျော်ခဲ့ပါတယ်။

ဒီနှစ် ဒီလိုနေထိုင်နိုင်ခဲ့ပေမယ့် နောက်တစ်နှစ်က အဲလိုဖြစ်ချင်မှဖြစ်မှာ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၀ ကိုလည်း ၂၀၀၉ တုန်းကလိုပဲ အကျိုးရှိစွာ၊ အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းချင်ပါတယ်။ ဖြတ်သန်းခွင့်ရအောင်လည်း ကြိုးစားရပါအုံးမယ်။

နောက်ပြန်မသွားတော့တဲ့ အချိန်တွေထဲ ၂၀၀၉ ကိုလည်း နှုတ်ဆက်ရ ပြန်တော့မယ်။ တရားစခန်းသိမ်းပွဲမှာ ဆရာတော် ပြောလေ့ရှိတဲ့ နှုတ်ဆက်ခြင်းမျိုးနဲ့ပဲ ကိုယ်လည်း နှုတ်ဆက်ချင်ပါတယ်။ မကောင်းတဲ့ အကုသိုလ်စိတ်တွေ နှစ်ဟောင်းမှာ ဖယ်ရှား ထုတ်နှုတ်ခဲ့ပြီး၊ ကောင်းတဲ့ ကုသိုလ်စိတ်တွေနဲ့ အတူ နှစ်သစ်ကို ဆက်ကြရအောင်။

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ။ ပျော်ရွှင်ရတဲ့ ၂၀၁၀ ဖြစ်ပါစေ။ :)


ဆန္ဒမွန်များစွာနဲ့
ဇွန်မိုးစက်


Comments ( 10 )

ဒီနှစ်တခုလုံးကို ဖတ်ကြည့်လိုက်တော့ ဇွန်မိုးစက်မပြောနဲ့ ကိုယ်တောင် အားကျပျော်ရွှင်မိသေးပါတယ် ... ကိုယ်ဘာတွေလုပ်ဖြစ်လဲ ပြန်စဉ်းစားလိုက်ဦးမယ် ....း)
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေနော် ....

ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေ

အားလုံးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

Have a PEACE FILLED NEW YEAR 2010!!!..

ပျော်စရာ နှစ်လေးဖြစ်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်

ဖိုးစိန်ကို ခင်တဲ့အတွက်လည်း ကျေနပ်မိပါတယ်


နှစ်သစ်မှာ ဖိုးစိန်က အလွမ်းနဲ့ စရမှာပါဗျာ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Happy New Year, 2010..may you be filled with joy, love,peace and prosperity..

နွေးထွေးတဲ့ နှစ်သစ်ဆုမွန်ကောင်းတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။

ပျော်ပျော်နေတတ်တဲ့ ဖိုးစိန်က နှစ်သစ်ကို ဘာဖြစ်လို့ အလွမ်းနဲ့ စရမှာတုန်း။ ချွဲစိန်..မင်းပျော်နေမှာ အစ်မသိတယ်။ ;)

ညီမလေးရေ..

စာအရေးအသားကောင်းတဲ့ BLOG တစ်ခုပေါ်လာတဲံ့ အတွက် ၀မ်းသာအားရဖြစ်ရပါတယ်..။

နောက်ပိုင်းလဲ အမြဲလာလာဖတ်နိုင်ဖို့လင့်ခ်လေးလည်းယူသွားပါတယ်။

စိတ်အေးချမ်းတာကို မျက်နှာမှာ အတိုင်းသားမြင်တွေ့နေရတဲ့ငါ့ညီမ
နှစ်သစ်မှာ ကိုယ်ရောစိတ်ရောအေးချမ်းနိုင်ပါစေ။

ချစ်ခင်စွာ

အစ်မအိန္ဒြာ... အားလုံးအတွက် ကျေးဇူးတင်ပါတယ်။း)

၂၀၀၉ စာရင်းချုပ်ကို ဖတ်ပြီး ဇွန်မိုးစက်ကို အားကျလို့...
၂၀၁၀ ကို ချီတက်ရင်လည်း ဒီကအမကြီးကို တွဲခေါ်ပါဦးနော်

မစ,ရ မနေနိုင်တဲ့
မသီတာ

စိတ်ချပါ မသီတာ၊ ဒီကလည်း ကိုယ့်အစ်မကြီးကို အမြဲစချင်နေတာ။ :P