ချစ်သူ့ဝိုင်

Category:

ငယ်ငယ်တုန်းကပေါ့။ ၀ိုင်အရက်ဆို ချိုတာလို့ ကျွန်မထင်ခဲ့မိတာ။ ဖတ်ဖူးခဲ့တဲ့ ကဗျာရုပ်ပြ၀တ္ထုတွေ၊ နားထောင်ခဲ့တဲ့ သီချင်းတွေ အားလုံးနီးပါးထဲမှာ တင်စားသမျှ ၀ိုင်ဟာ ချိုပါသတဲ့။ ဒီတော့ ကျွန်မစိတ်ထဲစွဲနေတာ ၀ိုင်အရသာချိုသည်ပေါ့လေ။ နောက်ပြီး ကျွန်မက စပျစ်သီးကို သိပ်ကြိုက်တာ။ စပျစ်သီးက ထုတ်လုပ်တဲ့ စပျစ်ဝိုင်ကို သောက်ဖူးချင်လိုက်တာ အရမ်းပါပဲ။ ကျွန်မစိတ်ထဲထင်တဲ့ နောက်တစ်ချက်က ၀ိုင်ရဲ့အရောင်က စပျစ်သီးလို ခရမ်းရောင်ရင့်ရင့်လေးပေါ့လေ။ အင်း...ဒီလိုထင်ခဲ့မိတာ ကျွန်မ ၀ိုင်ဆိုတာကို မသောက်ဖူးခင် အချိန်အထိပေါ့။ ကျွန်မက ၀ိုင်မပြောနဲ့ ဘီယာတောင် မသောက်ဖူးပါဘူး။ အမေက မှာထားတယ်လေ။ မိန်းကလေးနဲ့ အယ်လ်ကိုဟောနဲ့ မအပ်စပ်ကြောင်း၊ မသောက်သင့်ကြောင်းပေါ့။ ကျွန်မကလည်း သမီးလိမ္မာလေးပီပီ အမေ့စကားနားထောင်ခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာ ကျွန်မပညာဆည်းပူးခဲ့တဲ့ ကာလတစ်ခုအတွင်း အဲဒီ့ဝိုင်ဆိုတာကို မြည်းစမ်းကြည့်ခွင့်ရခဲ့တယ်။ မိဘကွယ်ရာမို့ အမေစကားနားမထောင်တာ မဟုတ်ဘူးနော်။ ကျွန်မ ငယ်ငယ်တည်းက စိတ်ဝင်တစားရှိခဲ့ သောက်သုံးကြည့်ခဲ့ချင်တဲ့ ၀ိုင်ဆိုတာကို အရသာသိရုံ၊ မြည်းကြည့်ချင်ရုံ ဆန္ဒသက်သက်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မချစ်သူက ၀ိုင်စိတ်ဝင်စားတဲ့သူ ဖြစ်နေတာလေ။ သူက ၀ိုင်သိပ်ကြိုက်သူ မဟုတ်ပေမယ့် ၀ိုင်ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ရာ စိတ်ဝင်စားပါတယ်တဲ့။ ၀ိုင်နဲ့ပတ်သက်တဲ့ စာအုပ်တွေဝယ်ပြီးဖတ်တာ စုံလို့။ သူသိသမျှ ၀ိုင်ဗဟုသုတလည်း ကျွန်မကို ပြန်ပြောရတာ မမောနိုင် မပန်းနိုင်။

နေ့စဉ် ၀ိုင်တစ်ခွက်နှုန်းသောက်ပေးရင် အသက်ရှည်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ အသားကင်နဲ့ ပိုလိုက်ဖက် ကြောင်း၊ ညစာမစားခင် ခံတွင်းရှင်းတဲ့အနေနဲ့ သောက်လေ့ရှိကြကြောင်း၊ စပျစ်သီး အမျိုးအစားပေါ် မူတည်ပြီး အရောင်အရသာကွဲကြောင်း၊ နှစ်ချို့ဝိုင်တစ်ပုလင်းရဲ့ဈေးနှုန်း ဘယ်လောက်ကြီးကြောင်း ... အို စုံနေတာပဲ။  ကျွန်မကတော့ ၀ိုင်အကြောင်းအရာထက် ၀ိုင်အရသာ မြည်းဖို့ကိုပဲ ပိုစိတ်ဝင်စားတာ။ သူပြောပြလို့သာ ကျွန်မသိရတာ။ ၀ိုင်ဖြူ၊ ၀ိုင်နီအပြင် ပီနားနွားလို အရောင်မှောင်မှောင်နဲ့ ၀ိုင်လည်းရှိသတဲ့။   ၀ိုင်ဖြူက အမျိုးသမီးတွေအတွက်၊ ၀ိုင်နီက အမျိုးသားတွေ အတွက်ဆိုပဲ။ နှစ်မျိုးလုံးသောက်နေကြတာပါပဲ။ ကျွန်မကတော့ ၀ိုင်ကို စပျစ်ရောင်ထင်မှတ်ထားသူပီပီ ရေသာသာ အရာင်မရှိတဲ့ ၀ိုင်ဖြူတော့ မသောက်ချင်ပါဘူး၊ ၀ိုင်နီလို အရောင်ပါတဲ့ ၀ိုင်ပဲသောက်ချင်တာလို့ ချစ်သူကို ပြန်ပြောလိုက်သေးတာ။ 

ဒါနဲ့တစ်ရက် သူက သြစတေးလျနိုင်ငံထုတ် ၀ိုင်နီတစ်ပုလင်းဝယ်လာပါရော။ ဟန်နီမြည်းကြည့်ရအောင်တဲ့။ ၀ိုင်ပုလင်း ကိုဖွင့်လိုက်တော့ အချဉ်ဓာတ်ပါတဲ့ ရှတတ အနံ့တစ်ခု ရတယ်။ ဖန်ခွက်ထဲထည့်လို့ အားရပါးရ တစ်ကျိုက်မော့အပြီး ကျွန်မ သိပ်အံ့သြသွားတယ်။ ဟင်...မောင်ရယ် ၀ိုင်ကချဉ်ချဉ်ကြီး။ ကျွန်မတစ်သက်လုံး စွဲထင်မှတ်ခဲ့တဲ့ ၀ိုင်အရက်ချိုက ၀ိုင်အရက်ချဉ်ဖြစ်နေပါပေါ့လား။ မောင်ကရယ်ပြီး ၀ိုင်အရသာက ချဉ်တယ်လေ ဟန်နီရဲ့တဲ့။ ကျွန်မရင်ထဲ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိပါဘူး။

နောက်ပိုင်း ပြင်သစ်ဝိုင်နီကိုလည်း စမ်းမြည်းကြည့်လိုက်သေးတယ်။  သူကနဲနဲပေါ့ပေမယ့် ချဉ်တာကချဉ်တာပါပဲ။ သြစကြေးလျဝိုင်ကိုတော့ ပိုကြိုက်တယ်။ ကျွန်မနဲ့ တစ်ဆောင်တည်းနေတဲ့ အင်္ဂလိပ်မလေးသောက်တဲ့ ဂျာမန်ဝိုင်ဖြူ တစ်မျိုးက ချဉ်စူးတဲ့အရသာ သိပ်မထွက်ဘဲ သောက်လို့ ကောင်းသား။ ဒါပေမဲ့ ကျွန်မက ဘယ်လောက် အရသာ ကောင်းကောင်း ၀ိုင်ဆိုအရောင်နဲ့မှ သောက်ချင်တာ။

တစ်ရက် မောင့်ဆီသွားလည်တော့ မောင်က ဖန်ပုလင်းကြီးတစ်လုံး၊ သာမိုမီတာအကြီးကြီးရယ်၊ ဖန်ပြွန်ကတော့တွေရယ်နဲ့ အလုပ်ရှုပ်နေတာ။ မောင် ဘာတွေလုပ်နေတာလဲဆိုတော့ ၀ိုင်စပ်နေတာတဲ့။ Tesco က စပျစ်သီးတွေ အထုပ်လိုက်ဝယ်၊ ပိတ်ဖြူစတွေနဲ့အရည်ညှစ်ပြီး ဖုန်ပုလင်းကြီးထဲထည့်ဖို့ ကြိုးစားနေတာ ကျွန်မမြင်တော့ မအံ့သြဘဲ မနေနိုင်တာအမှန်။ မောင်က အဲလိုပဲ... သူလုပ်ချင်တာ၊ စမ်းသပ်ချင်တာ ရအောင်လုပ်ဖို့ ကြိုးစားစမ်းသပ်ဖို့ ၀န်မလေးသူ။ ပြီးတော့ မောင်က ဉာဏ်အရမ်းကောင်းတယ်။ ကိုယ့်ချစ်သူမို့ ကြွားတာမဟုတ်ပါဘူး။ သူက အကြောင်းအရာတစ်ခုကိုမြင်ပြီး ချက်ခြင်းကြည့်ပြီးဖြစ်ဖြစ်၊ စာထဲမှာဖတ်လိုက်ရတာဖြစ်ဖြစ် အဲဒီ့ထဲကအတိုင်း ပြန်လုပ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်တတ်တယ်။ ခုလည်းကြည့်လေ... စာအုပ်ဖတ်ပြီး ၀ိုင်ကို ကိုယ်တိုင် ဖော်စပ်ကြည့်နေတာ။ မြန်မာပြည် ပြန်ဖြစ်ရင်တောင် ၀ိုင်ထုတ်လုပ်ဖို့ စပျစ်ခြံစိုက်ဖို့ ပုပ္ပါးလိုဒေသမျိုးနဲ့ ရာသီဥတုဟာ သင့်တော်ကြောင်း သူလေ့လာ ထားပြီးပြီဆိုပဲ။ 

မောင်ရဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်လိုက်ပါဘူး။ အပူချိန်ဒီဂရီအတိုင်းအဆ လိုသွားလိုတဲ့။ မောင်က မကျေနပ်လို့ နောက်တစ်ခါထပ်ကြိုးစားတာ ဒုတိယတစ်ခေါက်တော့ အောင်မြင်သွားပါတယ်။  အရောင်ကလည်း သိပ်မနီဘဲ ကျွန်မကြိုက်တဲ့ စပျစ်ရောင်ရင့်ရင့်လေးထွက်လာတယ်။ သူစပ်ထားတဲ့ ၀ိုင်ကို သူနဲ့တစ်ဆောင်တည်းနေ ကျောင်းသားတွေကို  ပေးမြည်းလို့ သူ့ရဲ့ ၀ိုင်ဖွင့်ပွဲ ကျင်းပလိုက်သေးတယ်။ ပထမတစ်ငုံသောက်ပြီးသူတိုင်း မှတ်ချက်ပေးတာ “မင်းစပ်တဲ့ဝိုင်က ချိုလိုက်တာတဲ့” မောင်ပြန်ဖြေပုံလေး ကြည့်လိုက်ပါဦး။ “ဟုတ်ကဲ့၊ ကျွန်တော့်ချစ်သူက ၀ိုင်အရသာချိုချို သောက်ချင်တယ်ဆိုလို့ အချိုဓာတ်ရအောင် ကြိုးစားစပ်ထားတာပါ ခင်ဗျာ” တဲ့။ 

ဒီလိုနဲ့ ကျွန်မဟာ ချစ်သူကိုယ်တိုင်ဖော်စပ်ပေးတဲ့ ၀ိုင်ချိုတစ်ခွက်ကို သောက်သုံးခွင့်ရဖူးတဲ့ ကံထူးသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ရှင်တို့ ယုံကြတယ်မဟုတ်လား...။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 14 )

ညီမလေး ဇွန် ကံကောင်းလိုက်တာ..။
စိတ်ချမ်းမြေ့စရာပါပဲ။

ဝိုင်ချိုချိုလေးသောက်ချင်ရင် ဒီဝိုင်ကို စမ်းသောက်ကြည့်ပါ။ အမတော့ ဒီတခုပဲ ချိုလို့ သဘောကျတယ်။ သူလဲ ဆုရထားတဲ့ ၀ိုင်အမျိုးအစားပါပဲ။ Stella Rosa တဲ့။ ကယ်လီဖိုးနီးယားက ထုတ်တယ် ထင်တာပဲ။ ဒီလင့်ခ်မှာ ကြည့်ပါ ညီမ။ ဈေးလဲ ချိုပါတယ်။

http://www.sanantoniowinery.com/products/index/search:stella%20rosa

ဒါပေမဲ့ ချစ်ချစ်စပ်တဲ့ ၀ိုင်လောက်တော့ ဘယ်ချိုမလဲနော်..:)

ညီမဇွန်...အမလည်း ဝိုင်ဆို ချိုမှ ခုတော့လည်း ဘာမှ မသောက်ဖြစ်တော့ပါဘူး၊ ညီမလို ချစ်သူ စပ်တဲ့ ဝိုင်ဆိုရင်တော့ မြည်းစမ်းကြည့်ချင်သားပဲ...:))

ဇွန်ရေ...သိပ်ညံ့တယ်ပြောတော့

ကိုယ် ခုချိန်ထိ ဘာဝိုင်မှကိုသောက်မကြည့်ဖူးတာ...
ချစ်သူစပ်တဲ့ ၀ိုင် ဆိုရင်တော့ ပိုဝေးပေါ့...

အဲ..အချစ်တွေနဲ့တော့ ရီဝေရီဝေပဲ...ဟဲ...

ဝိုင် အမလည်း သောက်ကြည့်ချင်တယ်... ဟို လူကြီးလား စပ်ပေးဖို့ နေနေသာသာ...

ကံကောင်းလိုက်တာ အစ်မဇွန်ရယ်... ရင်ထဲမှာ တမျိုးလေး ကြည်ကြည်နူးနူး ခံစားလိုက်ရတယ်...း)

ဟုတ်တယ် မဇွန်ရေ
ကြည်နူးစရာပဲ စာလေး ဖတ်ရတာ
း))
ချစ်တတ်သူတိုင်း ကံကောင်းကြပါစေ ..း))

စိတ်ကူးထဲက၀ ၀ိုင် အရသာနဲ့ အပြင်မှာ မတူတော့ တို့လည်း ဘ၀င်မကျ ဖြစ်ဖူးတယ် အမချိုသင်းပြောတဲ့ ၀ိုင် ရှာကြည့်ဦးမယ်... ညီမကတော့ ကံကောင်းသူလေးပါ :)

အချစ်နဲ့ စပ်တဲ့ နှစ်ချို့ အချစ်ဝိုင် ကိုတော့သောက်ချင်သားဗျ...

ကျနော်က ဝိုင်နီကို ကြိုက်တယ်....

သောက်လဲ သောက်နေဆဲ...

း))

မဇွန်စာရေးကောင်းတယ်ဗျ...

အစ်မချိုသင်းရေ လင့်ခ်ပေးတဲ့အတွက် ကျေးဇူးနော်။ ၀ိုင်အရသာချိုတယ်ဆိုလို့ စိတ်ဝင်စားတယ်။ ကြုံရင် NTUC မှာ ၀င်ကြည့်လိုက်ဦးမယ်။

ဇွန်လည်း ၀ိုင်မသောက်ဖြစ်တာကြာပြီ အစ်မချစ်ရေ။

အစ်မအိန္ဒြာ မညံ့ပါဘူး။ ၀ိုင်သောက်စရာမလိုဘဲ အချစ်နဲ့ရီဝေနေတာ ပိုမကောင်းဘူးလား။း)

ကိုဧရာက ငါးပါးသီလ လုံခြုံအောင်ထိန်းသူမို့ မစပ်ပေးတာဖြစ်မှာပါ မသီတာရယ်။း)

ညီမရွှေပြည်သူနဲ့မိုးခါးတို့ ကြည်နူးမိတယ်ဆိုလို့ ၀မ်းသာပါတယ်။

မမီယာက ဇွန့်ထက် ပိုကံကောင်းပါတယ်။

ဖိုးစိန်..အချစ်နဲ့စပ်တဲ့ နှစ်ချို့ဝိုင်သောက်ချင်ရင်တော့ မင်းအဖိုးကြီးဖြစ်တဲ့အထိ စောင့်ရမှာ။ စာရေးကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။

ကျမတို့ နေတဲ့နေရာနားမှာစပျစ်တွေစိုက်တယ်။ ၀ိုင်ထွက်တဲ့နေရာပေါ့။ ကျမတော့တခါမှ မမြည်းကြည့်
ဖူးဘူး။

ပြင်းရှရှ ၀ိုင်ချိုချို
ရနံ့ကလည်း အီသလိုလိုပဲ
မြည်းဖူးတယ်
ယစ်မူးတတ်တဲ့ပုံစံက
အချစ်နဲ့တူသလိုပဲနော်
နှုတ်ခမ်းနဲ့တို့ထိပြီးရင်
ခွက်ကို ပြန်ချရမလား
ခွက်နဲ့နှုတ်ခမ်းနောက်တစ်ခေါက် ပြန်တွေ့ကြဦးမလား
ရီဝေရီဝေနဲ့မို့
ဆက်မသောက်ဖို့ စိတ်ထဲက တားမိတယ်
လက်ထဲကခွက်အကျန်လေးကိုသောက်ရင်း
နောက်တစ်ခေါက်ထပ်ထည့်ပြန်တော့
အင်း သောက်မိပြန်ပြီ

အမဇွန်ရေ စိတ်ထဲရှိတာလေးတွေ ရေးချသွားတယ်ဗျာ

မရှင်လေး..ဂျာမနီကထုတ်တဲ့ Black Tower တံဆိပ် ၀ိုင်ဖြူကောင်းတယ်။ ဂျာမန်ဝိုင်နီတော့ မမြည်းဖူးဘူး။

စိတ်ထဲရှိတာချရေးသွားတဲ့ ရွာသားရေ...ကဗျာလေးအမှတ်တရ သိမ်းထားလိုက်မယ်...သဘောကျလို့။း)

ကြည်နူး သာယာစရာ ချစ်စရာကောင်းတဲ့...
ရီဝေဝေ ချိုမြမြ ပြင်းရှရှ ချစ်သူ့ဝိုင်...