နှုတ်ဆက်လိုက်တယ် ၂၀၁၀

Category:

အလယ်တန်းတုန်းက လက်ရေးသိပ်လှတဲ့ သူငယ်ချင်းတစ်ယောက် ကိုယ့်အော်တိုစာအုပ်ထဲမှာ အမှတ်တရ ရေးဖူးတယ်။ “နေ့တွေ ညတွေ ပြောင်းလဲခဲ့၊ ရာသီတွေလည်း ပြောင်းလဲခဲ့၊ မင်းကိုခင်တာ တို့တသက်” တဲ့။ စလုံးမှာတော့ ရာသီတစ်ခုတည်း မပြောင်းလဲပေမယ့်  နေ့တွေ ညတွေ တလှည့်စီ ပြောင်းလဲခဲ့တာ ၂၀၁၀ တောင် လွန်မြောက်တော့မယ်။ နှစ်တစ်နှစ်ကုန်သွားတိုင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတဲ့ အကျင့်လေး ရနေတော့ အရင်နှစ်တွေကလိုပဲ သုံးသပ်ကြည့်မိပြန်တယ်။

ဒီနှစ်အတွင်း မိတ်ဆွေတွေပိုများ၊ စိတ်တွေ ပိုများ၊ စားရတဲ့ အကြိမ်အရေအတွက်နဲ့ သွားရတဲ့လမ်းတွေ ပိုများတယ်။ ပိုလည်းပင်ပန်းတယ်။ မနှစ်ကနဲ့ ဒီနှစ်ယှဉ်ကြည့်တဲ့အခါ ကုသိုလ်စိတ်က အရင်နှစ်ကို မမှီဘူး။ စိတ်တိုဒေါသထွက် စိတ်ရှုပ်ရတဲ့ အချိန်တွေ ၂၀၀၉ ထက်ပိုများတယ်။ ဘလော့ဂ်လေးကြောင့် အိပ်ရေးအပျက်များခဲ့တဲ့နှစ်ဖြစ်ခဲ့ပေမယ့် ကိုယ်ပေးချင်တဲ့ message လေးတွေကို ဘလော့ဂ်ကနေတဆင့် ဝေမျှခွင့်ရတဲ့အကျိုးကြောင့် ၀မ်းသာပီတိဖြစ်ရလို့ အိပ်ပျက်ညတွေကို ကျေနပ်စွာနဲ့ သင်ပုန်းချေလိုက်ပါတယ်။

တရားစခန်းကတော့ ၂၀၀၉ တုန်းကလိုပဲ ရက်ရှည် ၉ ရက်စခန်း ၂ ခါ ၀င်ဖြစ်တယ်။ ခရီး ၃ ခေါက် ထွက်ဖြစ်တယ်။ မြန်မာပြည် ၁ ခေါက်၊ မလေးရှားက ၂ ခေါက်။ အလှူအတန်းက မနှစ်ကထက် အများကြီး ပိုလှူဖြစ်တယ်၊ ပိုလည်း လှူနိုင်လာတယ်။ သဒ္ဓါတရား ပိုကောင်းလာတဲ့အတွက် ကိုယ်ကိုယ်တိုင်တော့ ကျေနပ်မိပါတယ်။ 

အရင်နှစ်တွေက လုပ်မယ်လုပ်မယ်နဲ့ စိတ်သာရှိပြီး အကောင်အထည် မဖော်ဖြစ်တဲ့ ကိစ္စတစ်ချို့ ၂၀၁၀ မှာ လက်တွေ့ အကောင်အထည်ဖော်ဖြစ်သွားတယ်။ ဥပမာ-နာဂစ်ကြောင့် မိဘဆုံးပါး စီးပွားချို့တဲ့သွားလို့ ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိနေတဲ့ မူလတန်းကလေးတစ်ယောက်ကို တစ်နှစ်စာ ပညာသင်စရိတ် ပံ့ပိုးပေးဖြစ်ခဲ့တယ်။ (လာမယ့်နှစ်မှာလည်း ဆက်လက်ပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားတယ်)။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် သွေးလှူဖြစ်ခဲ့တယ်။ 

နောက်ပြီး ကိုယ်ပြုခဲ့သမျှ ဒါနအဖုံဖုံ အတွက် အလှူစာရင်းကို စာအုပ်နဲ့ ရေးမှတ်ဖြစ်တယ်။ ၂၀၀၈ ကနေစပြီး အခု ၂၀၁၀ထိ လှူခဲ့သမျှ ဆွမ်း၊ ခဲဖွယ် န၀ကမ္မအားလုံး မှတ်မိသလောက် ချရေးကြည့်တော့ ၂၀၀၈ အတွက် ကျောင်းသုံးဗလာစာမျက်နှာတစ်ဝက်၊ ၂၀၀၉ အတွက် တစ်မျက်နှာခွဲ နဲ့ ၂၀၁၀ အတွက် သုံးမျက်နှာနီးပါး ရှိနေတယ်။ စိတ်မကြည်တဲ့အခါ အဲဒီစာမျက်နှာတွေကို ပြန်ဖတ်ကြည့်လိုက်ရင် ကြည်နူးစိတ်တွေပေါ်ပြီး ကုသိုလ်စိတ်ပါ တခါတည်း ရသွားတော့ ကိုယ့်အတွက် အကျိုးများလှပါတယ်။ 

ကုသိုလ်ဖြစ်လူမှုရေး အသင်းအဖွဲ့တွေမှာလည်း တတ်အားသရွေ့ပါဝင်ပြီး ဒါနကုသိုလ်တွေ စုခွင့်ရခဲ့တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုနိုင်ပါတယ်။ ကျန်းမာရေးကတော့ အရင်နှစ်တွေကလောက် မကောင်းဘူး။ ၂၀၁၀အတွက် စုစုပေါင်း အမ်စီ ၁၁ရက် ယူခဲ့ရတယ်။ ကိုယ်အလေးချိန်က သိသိသာသာ တိုးလာတယ်။ ဒါကြောင့် ၂၀၁၁ အတွက် New Year resolution ကို “Lose Weight, Look Great” လို့ ကြွေးကြော်ထားတယ်။ လှဖို့ထက် ကျန်းမာရေးကောင်းဖို့က အဓိကပါ။ ဒါမှ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တောတွေကို စိတ်သွားတိုင်း ကိုယ်ပါပြီး ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ချင်လို့။

ဒီနှစ်ထဲမှာ စံချိန်ချိုးတာ တစ်ခုရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ ရုပ်ရှင်ပွဲတော်တော်များများ ကြည့်ဖြစ်လိုက်တယ်။ ကားပေါင်း ၂၀ လောက် ရှိမယ်ထင်တယ်။ အရင်နှစ်တွေက ၄၊ ၅ ကားလောက်ပဲ ကြည့်ဖြစ်တာ။ ပွဲ၂၀ မှာ တစ်ဝက်လောက်က Free ticket တွေနဲ့ ကြည့်တာပါ။ GV member ၀င်ထားလို့ online draw ကနေ free ရတာနဲ့ m1 က redeem လုပ်တာနဲ့ပေါင်းပြီး ကြည့်ဖြစ်သွားတာ။ ပွဲဆက်တွေများပြီး အရှိန်တက်နေတော့၂၀၁၁ အတွက် ကြည့်မယ့်ကားတောင် book လုပ်ပြီးသွားပြီ။ The Tourist တဲ့။ :D

ကဲ… ၂၀၁၀ အတွင်းက ပြုခဲ့သမျှ မကောင်းစိတ်တွေကို ဖယ်ရှားထုတ်နှုတ်ခဲ့ပြီး၊ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေနဲ့အတူ ၂၀၁၁ ကို ဆက်ကြရအောင်နော်။ 

စိတ္တသုခ၊ ကာယသုခအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ အားလုံးကို ဒီပို့စ်လေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။


ဇွန်မိုးစက်

Comments ( 9 )

Loose Weight, Look Great အတွက် ပူပေါင်းရအောင်လေ.. ဘယ်လိုလဲ.. လေ့ကျင့်ခန်းတူတူလုပ်ကြမယ်..

ဟုတ်တယ်
ဒီနှစ်ထဲမှာ သူငယ်ချင်းတွေ ပိုများလာသလို စိတ်တွေလည်း ပိုများတယ်
ကုသိုလ်ရေးကတော့ အလှူတွေ ပိုလှူဖြစ်တယ်
ကောင်းပါတယ်
ပုံမှန်ပါပဲ .. :D

ရတယ်လေ မြူးမြူး... တို့က မနက်အစောကြီး ထပြီး လမ်းလျှောက်မှာ။း)

မိုးခါးရေ... ၂၀၁၁ ကို ကောင်းခြင်းများစွာနဲ့ ထပ်မံဖြစ်ကျော်နိုင်ပါစေလို့ မဇွန် ဆန္ဒပြုလိုက်ပါတယ်။း)

မင်္ဂလာနှစ်သစ်ပါဇွန်...
ဒီထက်ပိုလှူနိုင်ပါစေ.. ဒီထက်ပိုပြီး ရုပ်ရှင်တွေလည်း ကြည့်နိုင်ပါစေ.. အစစဆင်ပြေပျော်ရွှင်ပါစေကွယ်..

ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ ညီမ ဇွန်ရေ....“Lose Weight, Look Great” လည်း ဖြစ်ပါစေလို့....
ချစ်သော...
အမချစ်

အစ်မ က စာရေး ကောင်းတယ်နော် ။ ဖေ့ဘုတ်က နေတဆင့် တွေ့ လို့  ၀င်ဖတ်နေတာ ။ မနားတမ်းပဲ ။ :)

ရက်ရှည်(၉)ရက် တရားစခန်းကို ၂ခါတောင် ဝင်ခဲ့တယ်ဆိုတော့ အရမ်းအားလည်းကျ သာဓုလည်း ခေါ်မိပါတယ် အစ်မဇွန်ရေ...

၂၀၁၁ ဟာ အစ်မဇွန်အတွက် ဒါနတွေ၊ ကုသိုလ်တွေ၊ ဘာဝနာတွေ ပို၍ ပို၍ ပြုလုပ်အားထုတ်နိုင်တဲ့ ချမ်းမြေ့သော နှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...

အဲလိုလေးတွေပြန်သုံးသပ်တာ ကောင်းတယ်မမရေ...
ဂျင်းလည်းအလေ့အကျင့်လုပ်ဦးမှပဲ....။

ငါ့အစ်မတစ်ယောက်တောင်းသောဆု၊ လိုရာဆန္ဒတွေအကုန်ပြည့်ဝတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ.....:)

ချစ်တဲ့
ဂျင်း

ကုသိုလ်စာအုပ်လေးထားတာကောင်းတယ်ဇွန်။
မကောင်းတာတွေကို များများ နှုတ် နိုင်ပြီး ကောင်းမှုတွေ
များများဆက်နိုင်ပါစေ...