ညီမငယ်သို့ပေးစာ

Category:

ညီမလေးရေ…

တစ်နေ့က ညီမလေးနဲ့ဖုန်းပြောဖြစ်တုန်း ညီမလေးဝယ်ချင်တဲ့ တံဆိပ်အကောင်းစားနဲ့အိတ် မ၀ယ်နိုင်သေးလို့ အားငယ်စိတ်နဲ့ပြောသံကိုနားထောင်မိပြီး မမပြုံးမိသွားတယ်။ မမလည်း ညီမလေးလို အဖြစ်မျိုးဆင်ဆင် ခံစားဖူးလို့ မနှစ်က ဒီပို့စ်မှာ ရေးခဲ့သေးတာ မှတ်မိလား။ 

ညီမလေး ခံစားနေရတာနဲ့ ဆက်စပ်မိပြီး မမတွေးမိသွားတာလေးတွေ ငါ့ညီမကို ပြောပြချင်ပါတယ်။ ညီမရေ… တံဆိပ်ကောင်းနဲ့ တန်ဖိုးကြီးပေးရတဲ့အိတ် ၀ယ်မကိုင်နိုင်တိုင်း စိတ်အားငယ်စရာ မဟုတ်ပါဘူးကွယ်။ ကိုယ့်ရဲ့ လုပ်အားခနဲ့ ထိုက်သင့်တဲ့ အိတ်မျိုး၊ ပစ္စည်းမျိုးကို ၀ယ်ကိုင်နိုင်တာလည်း ဂုဏ်မငယ်ပါဘူး။ ညီမလေး ကိုယ်လိုချင်တဲ့အိတ် မ၀ယ်နိုင်ပေမယ့် ကိုယ့်မိဘ၊ မောင်နှမကိုတော့ လစဉ်မှန်မှန် ထောက်ပံ့နိုင်တယ် မဟုတ်လား။ နောက်ပြီး လစဉ်လစဉ် မြန်မာပြည်အတွက် လိုအပ်တဲ့နေရာတွေမှာလည်း သဒ္ဓါတရားအလျောက် အလှူဒါနပြုနိုင်တယ် မဟုတ်လား။ ဒါတွေကိုတွေးပြီး ကြည်နူးကျေနပ် မုဒိတာပွားလိုက်ပါ ညီမလေး။ 

တလောက အရှင်ရေ၀တတရားတော်ထဲမှာ ဟောသွားတာလေး မမသတိရသွားတယ်။ လူတွေက ကိုယ့်ကိုယ်ပိုင်စိတ်နဲ့ ရှင်သန်တာထက် သူများအမြင်နဲ့ ရှင်သန်ကြတယ်ဆိုတာလေ။ ပတ်ဝန်းကျင်နဲ့အများအမြင် အထင်ကြီးဖို့၊ လေးစားဖို့၊ အများအမြင်မှာ ပြည့်စုံချမ်းသာစွာ ဂုဏ်သိက္ခာရှိစွာနေနိုင်ဖို့... စသည်စသည်တွေအတွက် ကြိုးစားရှင်သန်သွားလိုက်ကြတာ သေသည်အထိပဲ ဆိုပါတော့ကွယ်။ မမလည်း ပြန်စဉ်းစားမိတော့ ဟုတ်တာပဲလေ။ မိမိကိုယ်တိုင်အတွက်ထက် ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကျောင်းလည်း ကျောင်းအလျောက်၊ အလုပ်လည်းအလုပ်အလျောက်၊ ဆွေမျိုးအသိုင်းအ၀ိုင်းအလျောက် သူများအောက် မကျချင်လို့၊ သူများထက် ပိုထူးချွန်ချင်လို့၊  ကြိုးစားခဲ့ရ၊ ပင်ပန်းခဲ့ကြရတယ်။ ခုချိန်ထိ စိတ်ကျေနပ်မှုအပြည့်အ၀ရပြီလားမေးရင် မရသေးပါဘူးကွယ်။ ကြိုးစားနေတုန်းပါပဲ။ မမလည်း ပြောရင်းနဲ့ တရားအကြောင်းတွေ ရောက်သွားတော့မယ်။

တို့မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေက များသလောက် ဒီနိုင်ငံမှာ ၀ယ်ချင်စရာ လိုချင်စရာတွေကလည်း သိပ်များတာကိုး။ ဒီတော့ မိန်းကလေးပီပီ လှလှပပ အကောင်းစားပစ္စည်းတွေ ၀ယ်ယူသုံးစွဲချင်စိတ်ရှိတာလည်း မဆန်းပါဘူး။ ဒီအထဲမှာမှ အိတ်တို့၊ ဖိနပ်တို့ဆိုတာ အမျိုးသမီးတွေရဲ့စိတ်ဝင်စားမှုအများဆုံးခံရတဲ့ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေ မဟုတ်လား။ 

ဒီစာထဲမှာ branded အိတ်ဝယ်တာနဲ့ပတ်သက်ပြီး မမနဲ့ သူငယ်ချင်းတစ်ချို့ရဲ့ ခံယူချက်နဲ့ သဘောထားကို ညီမလေးသိအောင် ပြောပြချင်တယ်။ ဖတ်ကြည့်ပြီးတဲ့အခါ တွေးကြည့်နော်။ တကယ်တော့ ဒီခံယူချက်တွေက တစ်နေရာတည်း တစ်ပြိုင်နက်တည်းမှာ စုဝေးပြီး ပြောဖြစ်ကြတာ မဟုတ်ဘဲ မမနဲ့ တစ်ယောက်စီ တစ်နေရာစီမှာ တိုက်ဆိုင်မှုနဲ့ စကားပြောဖြစ်ရင်း တစ်ယောက်ခံယူချက် တစ်ယောက် ပြောပြကြရင်း သိသွားတာပါ။ မမရဲ့ သူငယ်ချင်းတွေကိုတော့ အေ၊ ဘီ၊ စီလို့ပဲ မှတ်ထားလိုက်နော်။

မမနဲ့ ပထမဆုံးပြောဖြစ်တဲ့ သူငယ်ချင်းအေက အရေးကြီးအစည်းအဝေးတွေကို သူ့အလုပ်ရှင်ဘော့စ်နဲ့အတူ တက်ရတဲ့အခါမျိုးမှာ ကိုင်လို့ရအောင် အိတ်ကောင်းကောင်းတစ်လုံး ၀ယ်ထားတယ်။ သူ့အတွက် ဒီဇိုင်းစုံ၊ အရောင်စုံ branded အိတ် အများကြီး မလိုအပ်ပါဘူး။ တစ်လုံးကောင်းဝယ်ပြီး သူ့နေရာနဲ့သူ စည်းကမ်းရှိရှိ သုံးစွဲတတ်တဲ့သူ့အဖို့  တစ်အိတ်ဆို လုံလောက်ပါပြီတဲ့။

သူငယ်ချင်းဘီကတော့ သူကြိုက်တဲ့အိတ်တွေ့ရင်တောင် ဈေးကြီးနေရင် ဒီလို ပြန်စဉ်းစားတယ်။ သူရတဲ့လခနဲ့ အိတ်တန်ဖိုးနဲ့ချင့်ချိန်ပြီး၊ ၀ယ်သင့်မသင့်၊ နောက်ပြီး သူ ဒီအိတ်တစ်ခုအတွက် spend လုပ်လိုက်တဲ့ ငွေပမာဏဟာ မြန်မာပြည်က လိုအပ်တဲ့နေရာတွေမှာ လှူလိုက်ရင် ဘယ်လောက်တာသွားမလဲဆိုတဲ့အထိ စဉ်းစားတတ်သူပါ။

သူငယ်ချင်းစီရဲ့ ခံယူချက်ကတော့ ဒီလိုပါ။ သူ့အနေနဲ့ ငွေတစ်ရာကိုတောင်မှ သဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ရက်ရက်ရောရော မလှူနိုင်သေးဘူးဆိုရင် တစ်ရာတန်အိတ်ကို ၀ယ်မကိုင်ဘူးလို့ ပြတ်ပြတ်သားသား ခံယူချက် ထားရှိပါတယ်။ သူလှူနိုင်တဲ့ ငွေပမာဏထက် ကျော်လွန်ပြီး တန်ဖိုးရှိတဲ့အိတ်ကို ၀ယ်ကိုင်ဖို့ သူမစဉ်းစားပါဘူး။ 

မမရဲ့ ကိုယ်ပိုင်ခံယူချက်ကျတော့ ပစ္စည်းတစ်ခုဝယ်ခါနီးရင် needs လား၊ wants လားလို့ အရင်ဆန်းစစ်ပါတယ်။ ကိုယ့်အတွက် အမှန်တကယ် လိုအပ်နေတဲ့၊ အသုံးလိုတဲ့ ပစ္စည်းဖြစ်မှပဲ ၀ယ်ဖို့စဉ်းစားပါတယ်။  လိုချင်မှုသက်သက်အတွက်ဆိုရင် နှစ်ခါသုံးခါ ပြန်စဉ်းစားပြီးတဲ့အခါ ၀ယ်ဖြစ်ဖို့ ရာခိုင်နှုန်း အလွန့်အလွန်နည်းသွားတာ မမ ကိုယ်တွေ့ပါ။ 

ဒီတော့ ညီမလေးရေ… ကိုယ်ဝယ်မယ့်ပစ္စည်းတစ်ခုဟာ တော်ရုံထက်ဈေးကြီးနေမယ်၊ သိပ်ကိုလည်း လိုအပ်နေတယ်ဆိုရင် ညီမလေး ရတဲ့လခထဲက လစဉ်ပမာဏတစ်ခုဖယ်ထားပြီး စုထားလိုက်ပါ။ မ၀ယ်ခင်  needs နဲ့ wants ကို သေချာခွဲခြား၊ ကိုယ်ရတဲ့ဝင်ငွေနဲ့သုံးစွဲဖို့ ထိုက်တန်တဲ့ပမာဏ ဟုတ်ရဲ့လားဆိုတာ  လေးလေးနက်နက် စဉ်းစား၊ တစ်ခုကောင်းကိုဝယ်ပြီး ကိုယ်ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ညီအောင် စည်းကမ်းရှိရှိ အချိန်ကြာကြာ ကိုင်တွယ်သုံးစွဲကြည့်ဖို့ ကြိုးစားပါလို့ မမမှာချင်ပါတယ်။ နောက်ပြီး တစ်ရာတန်ပစ္စည်းကို မစဉ်းစားဘဲ ရက်ရက်ရောရော ၀ယ်တတ်ပေမယ့် တစ်ဆယ်လှူဖို့ကို နှမြောတွန့်ဆုတ်နေတဲ့ လူစားမျိုးလည်း မဖြစ်ပါစေနဲ့ ညီမလေးရေ။ မမက မှာမယ့်သာ မှာရတာ သဒ္ဓါတရားထက်သန်တဲ့၊ လိမ္မာရေးခြားရှိတဲ့ ညီမလေးမှာ အဲလိုစိတ်မျိုး မရှိဘူးဆိုတာ မမယုံကြည်ပြီးသားပါ။ 

ညီမငယ် အဓိကနဲ့ သာမညကို ခွဲခြားတတ်ပြီး ပျော်ရွှင်အောင်မြင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေကွယ်။

ပျော်ရွှင်သော ခရစ္စမတ်နဲ့နှစ်သစ်မင်္ဂလာ ဖြစ်ပါစေလို့ မမ တစ်ခါတည်း ဆုတောင်းပေးလိုက်တယ်။း)


ချစ်တဲ့
မမဇွန် 

စာကြွင်း။  ။ သြော်... ညီမလေးရေ... မမ အခုချိန်ထိ Levi's မ၀ယ်ဖြစ်သေးပါဘူးကွယ်။ 

Comments ( 7 )

ဖတ်မှတ်သွားပါတယ် မမရေးးးးးးးးး
ဟုတ်တယ် မမစဉ်းစားသလိုပဲပေါ့ needs နဲ့ wants တွေးလိုက်ရင်တော့ လိုချင်တာလျော့သွားတာတော့ အမှန်ပဲ မမ

သာယာချမ်းမြေ့ပါစေရှင်းးးး
မိုး

မေ့သွားလို့  မမအိမ်လေး လင်းလင်းလေးနဲ့လှတယ်သိလား

မိုး

အဲဒီညီမလေးဆိုတာ ဂျင်းများလားလို့တွေးမိတယ် မမရေ...း)

ဂျင်းကိုဆုံးမနေသလိုပါပဲ။ ကျေးဇူးပဲ မမ။

ချစ်တဲ့
ဂျင်း

အဲဒီ အဓိက နဲ့ သာမညကို ခွဲသိသလို ရှိပေမယ့် လူက လိုက်မလုပ်နိုင်ဘူး ဖြစ်နေတာ ဇွန်။ ဒါတောင်မှ ဘရန်းနောက် လိုက်တတ်တဲ့သူ မဟုတ်သေးဘူး။ =)

ဒီနှစ် အိမ်ပြောင်းရတော့မှပဲ ၂ နှစ်အတွင်း ပွားလာတဲ့ ပစ္စည်းတွေဆိုတာ မနည်းမနော။

သိပ်အဖိုးတန်တဲ့စာပါဇွန်။ ရတဲ့ဝင်ငွေနဲ့ လိုအပ်တဲ့ နေရာ
မှာ လိုအပ်တာကိုသုံးပြီး ရောင်ရဲတင်းတိမ်နိုင်ဖို့  ကျမ တို့ ကျင့်သင့်ပါတယ်။ ရောင့်ရဲတင်းတိမ်ခြင်းဟာ မင်္ဂလာလို့  မင်္ဂလာသုတ် မှာ ရှိပါတယ်။
ဂျာမန်ဘုန်းကြီး တစ်ပါးက ပြောဖူးပါတယ်။ ဒီက(ဂျာမနီ) လူတွေဟာရုပ်ဝတ္ထုတွေနောက်လိုက်ကြ တာများတော့စိတ်ပင်ပန်း ကြတယ်တဲ့။ သူက ရောင့်ရဲ တင်းတိမ်တတ်ပြီး လိုအပ်သာတာသုံးပြီးရိုးသားစွာနေရင် စိတ် ချမ်းသာစေတယ်ဆိုတာကို ဒီကလူ(ဂျာမန်)တွေကို သိစေချင်ပါတယ်တဲ့။

ဟိုးတလောက Singapore မှာထုတ်တဲ့ မဂ္ဂဇင်းတစ်ခုက အမျိုးသမီးလေးတစ်ယောက်နဲ့ အင်တာဗျူးမှာ “မိန်းကလေးတစ်ယောက်ဟာ ကိုယ်ရတဲ့လခထက် ၂ဆပေးရတဲ့ အိတ်တစ်လုံးလောက်တော့ ကိုင်သင့်တယ်” လို့ ဖြေသွားတာကို ဖတ်လိုက်ရတာ သတိရမိပါတယ်။ ညီမတော့ ဘယ်လိုမှ လက်မခံနိုင်အောင်ပါပဲ။

“ငွေတစ်ရာကိုတောင်မှ သဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ရက်ရက်ရောရော မလှူနိုင်သေးဘူးဆိုရင် တစ်ရာတန်အိတ်ကို ၀ယ်မကိုင်ဘူးလို့ ပြတ်ပြတ်သားသား ခံယူချက် ထားရှိပါတယ်” ဆိုတဲ့ အစ်မဇွန်ရဲ့ သူငယ်ချင်းထားတဲ့ စိတ်ဓာတ်ကိုလည်း သဘောကျ လေးစားမိပါတယ်။

စာကောင်းပေမွန်အတွက် ကျေးဇူးတင်ပါတယ် အစ်မဇွန်။

AaB ကတဆင့် လာဖတ်သွားတယ်...