ငယ်ငယ်တုန်းက - ၂

Category: ,

ဟိုအရင်ပို့စ်မှာတုန်းက ကိုယ်ငယ်ငယ်က အကြောင်းလေးတွေဆိုပြီး အမှတ်တရ ချရေးဖူးတယ်။ စိတ်တွေက အတိတ်ဆီ ရောက်ရောက်သွားတတ်လို့ ငယ်ငယ်တုန်းက ကိုယ်တို့မောင်နှမနှစ်ယောက် ဆော့ကစားခဲ့ပုံလေးတွေ အကြောင်း သတိရတတ်တယ်။ ကိုယ်က အကြီးဖြစ်လေတော့ ကိုယ့်အောက်က အငယ်နဲ့အတူတူ ဆော့ကစားခဲ့ဖူးတာရော၊ သူဘယ်လိုကစားတတ်တယ်ဆိုတာရော မှတ်မိနေတယ်။ 

ကိုယ်တို့ငယ်ငယ်က အပြင်ထွက်ပြီး လမ်းပေါ်မှာ သိပ်မကစားခဲ့ရဘူး။ အဖေက အမြဲလိုခရီးထွက်ပြီး အိမ်မှာမရှိတာတစ်ကြောင်း၊ အမေက ကိုယ်တို့မောင်နှမကို သူမြင်ကွယ်ရာမှာပဲ ရှိစေချင်တာတစ်ကြောင်းမို့ အပြင်ပေးထွက် မဆော့စေခဲ့တာ ဖြစ်လိမ့်မယ်လို့ ကိုယ်ထင်မိတယ်။ အိမ်ထဲမှာနဲ့ ခြံရှေ့မှာတော့ ကြိုက်သလောက် ကစားလို့ရတယ်။ ကိုယ်တို့မောင်နှမနှစ်ယောက် အသက်ကွာပေမယ့် အတူတူ ကစားကြတယ်။ 

သူစစ်သားရုပ်လေးတွေ ဂေါ်လီနဲ့ပစ်တိုင်း ကစားရင် ကိုယ်လည်း လိုက်ပစ်တယ်။ ကိုယ်က စက္ကူအင်္ကျီအရုပ်ကတ်လေးတွေနဲ့ ကစားရင် သူ့အတွက် ယောကျာ်းလေးပါတဲ့ ကတ်လေးဝယ်ပေးပြီး သူလည်း လိုက်ကစားတယ်။ ယောက်ျားလေးအရုပ်က အင်္ကျီနည်းနေရင် သူတတ်သလောက် အင်္ကျီပုံဆွဲ၊ ကတ်ကြေးနဲ့ လိုက်ညှပ်ပြီး အသစ်ချုပ်တယ်။ ကိုယ့်မှာလည်း အရုပ်ကတ်တွေဆိုတာ မနည်းမနောပဲ။ အတန်းတင် စာမေးပွဲကြီးပြီးသွားတဲ့အခါတိုင်း ရှိသမျှအရုပ်တွေထုတ်၊ အလှဆုံးဝတ်စုံဝတ်ပေးပြီး ကမ္ဘာ့ဖက်ရှင်ပြိုင်ပွဲ ကျင်းပတန်းကစားတယ်။ သူကလည်း ရှိတဲ့ယောက်ျားလေးရုပ်ထုတ်၊ အသားနားဆုံးဝတ်စုံပေးဝတ်ပေါ့။ အဲလိုမျိုး ကိုယ် ၁၀တန်းဖြေပြီးတဲ့အချိန်ထိ ကစားခဲ့တယ်။

မောင်လေးက ယောက်ျားလေးပီပီ စစ်ဗိုလ်လုပ်တန်း ကစားလေ့ရှိတယ်။ သူ့မှာ သေနတ်တွေ အတိုအရှည်မျိုးစုံရှိတယ်။ သူ့အကျင့်က ဘာလုပ်တိုင်းကစားကစား ၀တ်စုံပြည့် ၀တ်ဆင်ပြီးမှ ကစားတာ။ စစ်ဗိုလ်လုပ်ရင် စစ်ဦးလေးထုပ်ဆောင်း၊ စစ်အင်္ကျီဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စွပ်၊ ခါးကြားမှာ သေနတ်ထိုးပြီး ကစားတယ်။ စပယ်ယာလုပ်တန်းကစားရင် သူလွယ်နေကျ လွယ်အိတ်အနီလေးကို စလွယ်သိုင်းလွယ်၊  သူ့မှာရှိတဲ့ တစ်ထည်တည်းသော ကလေးပုဆိုးလေးဝတ်၊ အိမ်အပေါ်ထက်တက်တဲ့ လှေကားပေါ်ရပ်၊ ထီလက်မှတ်တွေ လက်ကြားညှပ်ပြီး ခရီးသည်ခေါ်တော့ ကိုယ်က လှေကားထစ်ပေါ်တက်ထိုင်ပြီး ခရီးသည်လုပ်၊ ဆင်းမယ့်မှတ်တိုင် သူ့ကိုပြောရတယ်။

ကိုယ်တို့ငယ်ငယ်က တီဗွီမှာ Air Wolf ဇာတ်လမ်းတွဲ ခေတ်စားနာမည်ကြီးနေချိန်၊ သူကလည်း အဲဝုဖ်မင်းသားကို သဘောကျနေသူဆိုတော့ ထိုင်ခုံတွေစီပြီး မီးခလုပ်တပ်ထားတဲ့ အခန်းထောင့်ကိုကပ်၊ မီးခလုတ်ကို အဖွင့်အပိတ်လုပ်ပြီး သူက ရဟတ်ယာဉ်မောင်းတယ်၊ သူကထုံးစံအတိုင်း ကပ္ပတိန်လုပ်တော့ ကိုယ်ကနောက်ခုံကနေလိုက်ပြီး သည်းထိတ်ရင်ဖို လိုက်စီးပြရတာပေါ့။ သူ့နှုတ်ကလည်း အဲဒီကားထဲက တီလုံးအစအဆုံးအတိုင်း လိုက်ရွတ်ပြီးမှ ရဟတ်ယာဉ်ထွက်တာ။

နောက်ပြီး သူ့အကြိုက်ဆုံး အင်ဒီယာနာဂျူန်းကို မြန်မာမှုပြုပြီး ပြန်ရေးထားတဲ့ မင်းသိုက်ရဲ့ ဇာတ်ကောင် ဒေါက်တာကျော်စွာလုပ်တိုင်း မကြာခဏ ကစားတတ်သေးတယ်။ ဒေါက်တာကျော်စွာလုပ်ပြီဟေ့ဆို သူ့ဂျင်းဂျာကင်လေး အပေါ်ကထပ်ဝတ်၊ ဦးထုပ်ဆောင်း၊ အိတ်လေးကို ဇလွယ်သိုင်းလွယ်၊ နိုင်လွန်ကြိုးကျစ်ကျစ်တစ်ချောင်းကို ကြာပွတ်လုပ်ပြီး စွန့်စွန့်စားစား သူရဲကောင်းလုပ်တမ်း ကစားတယ်။ သူကစားပြီးရင် ၀တ်စုံရော ကြိုးတွေရော သူ့ဖာသာသူ ပြန်သိမ်းလိုက်တာ။ နောက်တစ်ခါ ပြန်ဆော့တဲ့အချိန်ကျမှ ပြန်ထုတ်ပြီး ကစားတယ်။

Home Alone ဗွီဒီယိုကားကြည့်ပြီး အဲဒီ့ထဲကလို ထောင်ချောက်တွေဆင်၊ အိမ်အပေါ်ထပ် လှေကားကနေ အောက်ကို ဆိုဖာတွေနဲ့ ခံပြီး လျှောဆင်းသေးတယ်။ အဲလိုဆင်းတုန်း ဇာတ်ကားထဲမှာ ဆောင်းရာသီဆိုတော့ အဲဒီ့ထဲကလေးလိုပုံစံမျိုးတူအောင် သိုးမွှေးဦးထုပ်ဆောင်း၊ အနွေးထည်တွေဘာတွေ ၀တ်ပြီးမှ ကစားတယ်။ ကိုယ်ကျ အမျိုးမျိုးဆော့ခဲ့ပေမယ့် သူ့လိုတော့ ၀တ်စုံပြည့်ဝတ်ပြီး မကစားခဲ့ဘူး။ 

ဟိုးအရင် နေ့လည်ခင်း တီဗွီမှာပြတဲ့ ဂျာမနီမှာပြုလုပ်ကျင်းပလေ့ရှိတဲ့ Telematch ကစားပွဲတွေထဲကလို လိုက်တုပြီးလည်း ကစားကြသေးတယ်။ ရေထဲမှာ ခင်းထားတဲ့ ဖော့တွေပေါ်လမ်းလျှောက်ပြီး ပြိုင်ပွဲဝင်သလိုမျိုး၊ ရေထဲမှာ လုပ်မရတော့ ကြမ်းခင်းပေါ်မှာပဲ ဖော့ဆိုဖာတွေ ကျဲကျဲခင်းပြီး ဟိုးပြေးဒီလွှားနဲ့ ရေထဲကို ဟန်လုပ်ပြုတ်ကျသလိုမျိုး ကစားကြတယ်။ နောက်ပြီး စကိတ်စီးတိုင်း ကစားချင်လို့ အိမ်ပေါ်ထပ်က ကိုယ့်အခန်းမှာ ပေါင်ဒါမှုန့်တွေဖြူး၊ ခြေထောက်တစ်ဖက်စီမှာ ကျွတ်ကျွတ်အိတ်စွပ်ပြီး ချောနေတဲ့ကြမ်းခင်းပေါ်မှာ  ခြေထောက်ကိုလျှောပြီး စကိတ်စီးကြသေးတယ်။ ဟဲ..ဟဲ... အဲဒါကတော့ ကိုယ့်အိုင်ဒီယာပေါ့လေ။ :D

သူ ဘုန်းကြီးလုပ်တဲ့အခါ၊ အိမ်ကိုဆွမ်းခံကြွတယ်။ ကိုယ်က ဆွမ်းချက်ပြီး ကစားစရာဆွမ်းခွက်လေးကပ်လိုက်တယ်။ သူက စက်ဘီးလေးနဲ့ နောက်ခုံမှာ မိသားစုဘီစကစ်ပုံးလွတ်ထဲမှာ ပုလင်းလေးတွေထည့်ပြီး နွားနို့ပို့၊ ကိုယ်က အိမ်ကနေ နွားနို့ဘယ်လောက်သား ပို့ပေးပါလို့ မှာတယ်။ ကိုယ်ဘဏ်မန်နေဂျာလုပ်ပြီး သူငွေလာထုတ်တဲ့အခါ ကိုယ်က ထီလက်မှတ်တွေကို ရေတွက်ပြီး အထပ်လိုက် ထုတ်ပေးတယ်။ စာအုပ်ဆိုင်ဖွင့်တိုင်းလည်း မကြာခဏ ကစားတယ်။ သူက စာအုပ်ငှားသူ၊ ကိုယ်က ဆိုင်ရှင်ပေါ့။ ကိုယ်က စာအုပ်စာရင်းမှတ်ရတာကို ဘယ်လိုသဘောကျမှန်း မသိဘူး။ ဆိုင်တွေမှာလို စာအုပ်နောက်မှာ ရက်စွဲလေးမျဉ်းစောင်းနဲ့ ရေးရတာကို သဘောကျပြီး အတုခိုးလိုက်ရေးတာ။ 

တခါတလေ သူစိတ်ကောက်နေရင် ကိုယ်က သူ့စိတ်ကျေနပ်အောင် ချော့မြှောက်ပြီး ကစားပေးတယ်။ အဲဒါက တစ်ခြားမဟုတ်ဘူး… သူ့ကိုဘုရင်ပေးလုပ်၊ ကိုယ်က လက်အုပ်ချီပြီး အမတ်လုပ်တာပေါ့။ သူ့က မင်းကြီးများဆိုရင်၊ ကိုယ်က ဖတ်ဖူးတဲ့ကာတွန်းထဲကလို ဘုရားလို့မထူးဘဲ ဖလားလို့ ထူးလိုက်တယ်။ အဲလိုဆော့လိုက်ရင် သူစိတ်ဆိုးပြေပြီး ကျေနပ်သွားရော။ ကဲ…မပိုင်လား။ ;)

ကိုယ်ဆရာဝန်လုပ်တမ်းကစားရင် သူကို့ လူနာလုပ်ခိုင်းတယ်။ မှတ်မှတ်ရရ တစ်ခါတုန်းက သူ့ကို လူနာလုပ်ပြီး ဆက်ထားတဲ့ ခုံတွေပေါ် လှဲအိပ်ခိုင်း၊ ကိုယ်က အကျအန နားကြပ်ထောက်ပြီး ဆေးကုတာပေါ့။ ညနေကျရော မောင်လေးတကယ်ဖျားသွားလို့ ဆေးခန်းသွားပြရပါလေရော။ ကိုယ်တို့ကစားတာကိုသိတဲ့ အမေက ဆရာဝန်ကို ပြောပြလိုက်တော့ ဆရာဝန်က ကဲ... သမီးဆရာဝန်လုပ်လိုက်တာ မောင်လေးတကယ်ဖျားသွားပြီ ဘယ်လိုလုပ်ကြမလဲလို့ စနောက်ပြီးမေးတယ်။ ကိုယ်လည်း မဖြေတတ်ခဲ့ဘူး။ အဲဒီနောက်ပိုင်း ကိုယ်သူ့ကို ဘယ်တော့မှ လူနာမလုပ်ခိုင်းတော့ဘူး။ 

ကိုယ်တို့မောင်နှမနှစ်ယောက် ငါးနှစ်ကျော်ကွာပေမယ့် အတူတူ ဆော့ကစားခဲ့ကြတယ်။ ရန်လည်း မဖြစ်ခဲ့ဘူး။ စာဖတ်တာလည်း ၀ါသနာပါကြတော့ နွေရာသီကျောင်းပိတ်ရက်ဆို မောင်နှမနှစ်ယောက် ဦးထုပ်ကိုယ်စီဆောင်း၊ စာအုပ်ထုပ်လေးဆွဲပြီး တစ်ဖက်လမ်းက စာအုပ်ဆိုင်ရှိရာကို ညနေတိုင်း လမ်းလျှောက်ပြီးသွားကြတယ်။ ကြီးလာတဲ့အခါ စာတစ်အုပ်ဖတ်ပြီး အတူတူ ဆွေးနွေး၊ သဘောထားဖလှယ်ခဲ့ကြတယ်။ သီချင်းတစ်ပုဒ် အတူတူနားထောင်ပြီးတဲ့အခါ၊ ရုပ်ရှင်တစ်ကားကို အတူတူကြည့်ပြီးတဲ့အခါ ကိုယ့်အမြင်သူ့အမြင် ခံစားရသမျှ ပြောဆိုငြင်းခုန်ကြတယ်။ 

ကိုယ်တို့နှစ်ယောက်က စိတ်ချင်းလည်း တော်တော့်ကို နီးစပ်ခဲ့တယ်။ အခုချိန်ထိလည်း ရုပ်ရှင်အတူတူ ကြည့်ပြီး အမြင်တွေဖလှယ်နေကြတုန်းပါပဲ။  သူက ကိုယ့်ကို အကြီးတစ်ယောက်အဖြစ် အားကိုးတိုင်ပင်သလို၊ ကိုယ်ကလည်း သူ့ကို တစ်ဦးတည်းသော မောင်တစ်ယောက်အနေနဲ့ အားကိုးချစ်ခင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့မောင်နှမနှစ်ယောက် ငယ်ငယ်က အတူတူဆော့ကစားခဲ့တဲ့ နေ့ရက်တွေကို ပြန်သတိရတိုင်း ကြည်နူးရပါတယ်။ :)


ဇွန်မိုးစက်

Comments ( 11 )

ကျမငယ်ငယ်က အဖွားကအပြင်ထွက်ဆော့တာမကြိုက်
လို့  အကိုတ၀မ်းကွဲနဲ့  ခြံထဲမှာပဲဆော့ရတယ်။
အဖွားနေ့ လည်အိပ်ရင် ခိုးထွက်ပြီးအပြင်မှာသွား ဆော့လို့ အရိုက်ခံရတယ်။ ကျမက ကိုကြီးကို ခေါ်ထုတ်တယ်ဆိုပြီးပိုအရိုက်ခံခဲ့ရတယ်။ နောက်တော့
အဖွာရဲ့ ဒုတ်ကိုအရင်ချိုးပြီး ထွက်ဆော့ကြတယ်။

ငယ်ငယ်ကအကြောင်းတွေ အမှတ်ရမိပါတယ်။

ဝမ်းကွဲမောင်နှမတွေ ဗြောင်းဆန်အောင်ဆော့တယ်။ အိမ်မှာက ငါးယောက်မို့ ငါးမျိုး..ပဲ တည့်လိုက် ရန်ဖြစ်လိုက်၊ တိုင်လိုက်တောလိုက်နဲ့ ဆူညံနေတာပဲ။ စာကလေးသိုက် လုပ်တမ်းဆော့ရင် ရှင်းရတဲ့ အိမ်အကူအစ်မကြီး.. စိတ်ညစ်ရပြီမှတ်။ ခေါင်းအုံးတွေကို စီထားပြီးအလယ်မှာ ၀င်အိပ်အပေါ်က စောင်တွေအုပ်နဲ့..အိပ်ယာခင်းတွေနဲ့ပတ် ပါးစပ်ကလည်း ပိကျိပိကျိလုပ်သေးတယ်။ စာကလေး အသိုက်ထဲ ၀င်လိုက် ထွက်လိုက်လုပ်တာမို့..အစာရှာထွက် တယ်ဆိုပြီး ခြံထဲဆင်း မီးဖိုထဲသွားနဲ့.. ကုတင်ပေါ်ပြန်တက်နဲ့။ အဲလို ဆော့လဲပြီးရော အိပ်ယာခင်းတွေ ညစ်ပတ်..စောင်တွေ ပြန်လျှော်ရမို့ နောက်ပိုင်း လူကြီးတွေက အဲလိုဆော့ရင် ဒဏ်ပေးခံထိတယ်။
mm
း)

(ကိုယ်က စာအုပ်စာရင်းမှတ်ရတာကို ဘယ်လိုသဘောကျမှန်း မသိဘူး။ ဆိုင်တွေမှာလို စာအုပ်နောက်မှာ ရက်စွဲလေးမျဉ်းစောင်းနဲ့ ရေးရတာကို သဘောကျပြီး အတုခိုးလိုက်ရေးတာ။)

ခေတ်ချင်းတူလို့လားတော့ မသိ။ ဆော့နည်းတွေ၊ ကြည့်ခဲ့ဖူးတဲ့ tv prog တွေ တော်တော်လေး ဆင်တူတယ်။ အပေါ်က စာကြောင်းကတော့ ထူးထူးဆန်းဆန်း တူနေလို့ အံ့သြမိသေးတယ်။

ps အပေါ်က စာကလေးသိုက်က တအား ဟားရတာပဲ။ LOL
ငယ်ငယ်က အဲလို အိုင်ဒီယာမရခဲ့တာ နာလိုက်တာ။

မဇွန်တို့ မောင်နှမရဲ့ တဦးနဲ့တဦး အပြန်အလှန် ရှိကြပုံက ကြည်နူးပျော်ရွှင်စရာလေး။ မဇွန်က အကြီးပီပီ ညှာတာသနားတတ်ပြီး ကြင်နာမယ့်ပုံပဲနော်။

နန္ဒာ့ အမ ဧရာနဲ့လဲ နန္ဒာနဲ့ ၇နှစ်ကွာတယ်။ ညီအမတွေ အတူတူ အရုပ်မလေးတွေနဲ့ အင်္ကျီတွေလဲပေးပြီး အလှဆုံး ဝတ်စုံဝတ်ပေးပြီး ကစားတာ တူလို့ ငယ်ငယ်ကအကြောင်း မဇွန့်ရဲ့ ပိုစ့်ဖတ်ပြီး သတိရမိလို့ ပြုံးမိတယ်။

နန္ဒာက အငယ်ဆိုတော့ အရာရာ အလိုလိုက်ခံရလို့ ဆိုးတယ်။ အချော့ကြိုက်တာမို့ ထစ်ကနဲဆို စိတ်လဲ သိပ်ကောက်တာ။ နွဲ့ဆိုး ဆိုးတာ၊ ကိုယ့်ကို ချော့တာ၊ ဂရုစိုက်တာ ကြိုက်သူမို့ အခုထိ စိတ်ကောက်တတ်တုန်း။ :))

ကြင်နာတတ်တဲ့ အကိုကြီး၊ အမကြီးတွေရှိတဲ့ မောင်ငယ်၊ ညီမငယ်တွေ ကံကောင်းကြတယ်လို့ မြင်တယ်။ မောင်နှမတွေ၊ ညီအမတွေဆိုတာ စည်းစည်းလုံးလုံးနဲ့ ချစ်ခင်ကြရင် ဘဝ တလျှောက်လုံးရဲ့ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် မိတ်ဆွေကောင်းတွေပါပဲ။

ချစ်ခင်စွာ
နန္ဒာ

မနက်ကတည်းကတခြား ပီစီနဲ့ ဖတ်ပြီးသား၊
မြန်မာဖော့ ကီးဘုတ်မရှိလို့ အခုမှ လာရေးတယ်။

မောင်နှမ ကစားကြတာကို ရေးပြထားပုံက ပီပြင်တယ်၊ အမကြီးရဲ့ အမူအရာတွေကို ပိုမြင်ရတယ်၊

ကြည်နူးစရာ မြင်ကွင်းလေးတွေပါပဲ၊

ဇွန်တို့ မောင်နှမ ဆော့ပုံလေးတွေက ဆန်းတယ်နော်....ပျော်စရာလေး၊ ဖတ်ရတာ မျက်လုံးထဲ တန်းမြင်လာတော့တာပဲ....:)

အစ်မဇွန်ရဲ့ ငယ်ဘဝက ကစားပုံလေးတွေကို ဖတ်ရင်း ကိုယ့်ငယ်ဘဝကို သတိရလာမိတယ်... ခုနေပြန်တွေးတော့ လွမ်းစရာတွေနော်...

ဖတ်ပြီး ငိုချင်လာတာပဲသိတယ်။ မမင်းမှာလည်း ၅နှစ်ခွဲပိုငယ်တဲ့ မောင်လေးတစ်ကောင်နဲ့ ၁၁နှစ်ပိုငယ်တဲ့ ညီမလေးတစ်ကောင်ပဲ ရှိတယ်။ တူတူတော့ မကစားဖူးပါဘူး။ သူတို့ကို နားရင်းတော့ခဏခဏရိုက်ဖူးတယ်။

i cant stop smiling while reading this. u got all details in your head. i love you sis.. :)

Beautiful story....I miss my sister too .... :((( LLZ

း) ညီမတို့ မောင်နှမက ၂ယောက်တည်းပဲ မတည့်ဘူး .. တွေ့တာနဲ့ သတ်တာပဲ .. တူတူဆော့တယ် .. ရန်ဖြစ်တယ် .. ပြီးရင်ပြန်ခေါ်တာပဲ .. ဘိုကျားသေနတ်ဆွဲပြီး ရှုံးသူ ကော်ဖီဖျော်တိုက်တမ်း ..း)) ဒလိတွေ ရကုန်ဘီ ...း)))