ဘာရယ်မဟုတ်ဘူး.... ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေ အမှတ်တရ ချရေးချင်စိတ်ပေါ်လာလို့ပါ။
ကိုယ်သုံးနှစ်အရွယ်နောက်ပိုင်းကစပြီး အဖြစ်အပျက်လေးတွေ မှတ်မိနေသေးတယ်။
သုံးနှစ်ကျော်လေးနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်မှာ မိချောင်းရုပ်ကလေးရှိတယ်။ အိမ်ဘေးက ကိုယ့်ထက်ကြီးတဲ့ကလေးတွေက စက္ကူလှေတို့ဘာတို့လုပ်ပြီး အိမ်ရှေ့က မြောင်းထဲမှာ လွှတ်နေကြတယ်။ ကိုယ်က အရုပ်ကိုင်ပြီး သူတို့ဆော့တာသွားကြည့်တော့ ကိုယ့်မိကျောင်းရုပ်ကို သူတို့မျက်စိကျပြီး ရေထဲချကြည့်ဖို့ အကြံပေးတယ်။ ကိုယ်လည်းမိကျောင်းရုပ် ရေမှာသွားတာကြည့်ချင်တော့ သူတို့ကိုလွှတ်ဖို့ပေးလိုက်တယ်။ တစ်ဘက်အိမ်အောက်က စလွှတ်ပြီး ကိုယ်တို့အိမ်ရှေ့ရောက်တယ်။ နောက်တော့ ရေစီးနဲ့ ဟိုဘက်အိမ်ရှေ့က တံတားအောက်ရောက်သွားတယ်။ ကိုယ်လည်း ကိုယ့်အရုပ်ကလေး အဝေးကြီးမျောပါသွားမှာ စိုးရိမ်ပြီး “မိကျောင်းလေး” “မိကျောင်းလေး” လို့အော်ပြီး အရုပ်ကိုငုံ့ဆယ်ဖို့ ကြိုးစားတာ အရှိန်လွန်ပြီး မြောင်းထဲစောက်ထိုးကျသွားတယ်။ မြောင်းပေမယ့် ကျယ်ပြီးအနက်ရှိတယ်။ ရွှံ့နွံလည်းရှိတယ်။ မြောင်းထဲကျပြီး ကိုယ်ဘာမှမသိတော့ဘူး။ တစ်ဖက်အိမ်ကလူကြီးက ဆင်းဆယ်ပေးရတာပေါ့။ ဆယ်ပြီးတော့ အမေက ကိုယ့်ကို ခေါင်းကလောင်းပြီး ရေချိုးပေးတော့ ကိုယ်အော်ငိုလိုက်တာ အကျယ်ကြီးပဲတဲ့။
ဒီတစ်ခါတော့ ကိုယ် ၄-၅နှစ်လောက်ရောက်သွားပြီ။ ကိုယ့်အဖေက အမြဲလိုခရီးထွက်ရသူမို့ ကိုယ်ကအမေနဲ့ အနေများတယ်။ ဘယ်သွားသွားအမေနဲ့သွားတာများတယ်။ အမေ မောင်လေးကိုယ်ဝန်ဆောင်နေချိန်မှာ အဖေနဲ့ သွားဖြစ်တယ်။ တစ်ရက်ပွဲဈေးတန်းကိုသွားကြည့်ပြီး ချားရဟတ်ကြီးမြင်တော့ ကိုယ်စီးချင်တယ်၊ စီးချင်တယ်လို့ အဖေ့ကိုပူဆာတယ်။ ဒါနဲ့အဖေလည်း ကိုယ်နဲ့အတူစီးပေးတာပေါ့။ တစ်ဝက်တောင် မရောက်သေးဘူး ကိုယ်ကြောက်လာလို့ အခုချက်ချင်းဆင်းမယ်..ဆင်းမယ်...အတင်းလုပ်လို့ ရဟတ်မောင်းသမားကိုခေါ်ပြီး ရပ်ခိုင်း လိုက်ရတယ်။ ကြီးလာတော့များ ရိုလာကိုစတာစီးမယ်ဆို ရှေ့ဆုံးက။ :D
အံမယ် နောက်တစ်ခါတော့ တော်လှန်ရေးပန်းခြံမှာ ကိုယ်တို့မိသားစုသုံးယောက် အမှတ်တရ ဓာတ်ပုံတွေ သွားရိုက်ကြတယ်။ ကိုယ့်မောင်လေးက အမေ့ဗိုက်ထဲမှာပဲ ရှိတုန်း။ ကိုယ်ကဓာတ်ပုံရိုက်ရတာ သဘောကျပြီး မ၀လို့ ထပ်ရိုက်ချင်တယ်ဆိုလို့ ညနေမှာ အဖေက ကိုယ့်ကို တော်လှန်ရေးပန်းခြံဆီ နောက်တစ်ခေါက်ခေါ်သွားပြီး ဓာတ်ပုံထပ်ရိုက်ပေးလိုက်ရတယ်။ အဲလောက်ထိ ဓာတ်ပုံအရိုက်ခံခဲ့ချင်တာ ဆိုပါတော့။ အဲတုန်းက ပုံလေးတွေ ခုထိရှိသေးတယ်။
ကိုယ်တစ်တန်းလောက်ရောက်တော့ တစ်ခါကျောင်းကားလွတ်ဖူးတယ်။ ခါတိုင်းအမေက လမ်းထိပ်ကို ကျောင်းကားစီးဖို့ လိုက်ပို့ပေးတယ်။ အဲဒီ့နေ့က မောင်လေးနေမကောင်းလို့ထင်တယ်။ အမေက လိုက်မပို့နိုင်ဘူး။ ကိုယ့်ကိုသေချာ မှာလိုက်တယ်။ ဟိုဘက်ထိပ်မှာ ရပ်စောင့်ပြီး ကျောင်းကားလာတာကြည့်ပေါ့။ ကိုယ်က ဒီဘက်ထိပ်မှာရပ်ပြီးစောင့်တာ ကျောင်းကားဟိုဘက်ထိပ်မှာ ရပ်တာမြင်ပြီး၊ လူတင်ပြီးထွက်သွားတော့မှ ကျောင်းကားကြီးသွားပြီဆိုပြီး အော်ငိုပြီး နောက်က ပြေးလိုက်တာ။ အဲဒါဘော့စ်ဝက်ဂွန်ကားပေါ်က လူတစ်ယောက်က ကိုယ့်ကိုခေါ်တင်ပြီး ကျောင်းကား နောက်တစ်မှတ်တိုင်ရပ်တဲ့အထိ လိုက်ပို့ပေးတာ။ ကိုယ်အဲလိုအော်ငိုပြီး ပြေးလိုက်သွားတာ၊ လူတစ်ယောက်က ကိုယ့်ကိုကားနဲ့ခေါ်တင်သွားတာကို လမ်းထိပ်ကလူတွေတွေ့ပြီး အမေ့ကိုသွားသတင်းပို့လို့ အမေစိတ်ပူပြီး ဆိုက်ကားနဲ့ ကျောင်းကားနောက်ကို အပြေးလိုက်လာခဲ့တာ။ အဲဒီ့အချိန်က အမေတစ်ယောက်ရဲ့သောက ဘယ်လောက် ကြီးခဲ့လိမ့်မလဲဆိုတာ ခုချိန်မှာ ကိုယ်တွေးမိတော့ မပြုံးနိုင်တော့ဘူး။
နောက်...ကိုယ်ငယ်ငယ်က အကျင့်တစ်ခုရှိလိုက်သေးတယ်။ ကိုယ်က ကတ်ကြေးသိပ်ကိုင်ချင်တာ။ လူကြီးအလစ်ဆို ကတ်ကြေး (အသေး) ယူပြီး ကိုယ့်အင်္ကျီရှေ့အလယ်လောက်ကို တစ်ချက်ညှပ်ကြည့်တာ။ များများလည်းမဟုတ်ဘူး။ တစ်ချက်ပဲ။ အဲလိုလိုက်ညှပ်တာ ၄ထည်လောက်ရှိသွားတယ်။ အမေသိသွားပြီး ကတ်ကြေးကိုဖွက်လိုက်တယ်ထင်တယ်။ အဲဒီ့အင်္ကျီလေးတွေမှာ (ခပ်သေးသေး) ကတ်ကြေးကိုက်ရာတစ်ခုစီနဲ့။
ကတ်ကြေးကိုင်ချင်တဲ့စိတ်က မပျောက်သေးဘူး။ ဒီတစ်ခါတော့ နဲနဲပိုကြီးလာတော့ ပိုအဆင်မြင့်သွားတယ်။ စောစောက ကိုယ် ၄-၅နှစ်လောက်၊ ခုက ၇နှစ်လောက်မှာ။ တစ်နေ့ အမေဈေးသွားနေတုန်း မှန်ရှေ့ကြည့်ပြီး ကိုယ့်ဆံပင်ကို စိတ်တိုင်းမကျဖြစ်သွားတယ်။ ဒါနဲ့ ကတ်ကြေးယူပြီး ရှေ့တည့်တည့်ကို ညှပ်လိုက်တယ်။ မညီဘူး၊ နောက်တစ်ခေါက် ထပ်ညှပ်တယ်။ တိုသွားပြန်ရော။ ဒါနဲ့ညီအောင်ညှိရင်းညှိရင်းနဲ့ တော်တော်တိုသွားတယ်။ အမေပြန်လာတော့ တစ်ခါတည်း ကိုယ့်လက်ဆွဲပြီး ဆံပင်ညှပ်ဆိုင် ပို့ရပါလေရော။ အဲတုန်းက ကိုယ့်ရှေ့ဆံပင်တွေ တော်တော်တိုသွားမယ် ထင်တယ်နော်။ :D
ကိုTZA ကို အားကျလို့ ငယ်ငယ်က ဓာတ်ပုံလေးတင်မလားလို့ စိတ်ကူးလိုက်သေးတယ်။ ကိုယ်က ငယ်ရုပ် မပျောက်သူ ဆိုတော့ မတင်တော့ပါဘူး။ တော်ကြာလမ်းမှာတွေ့ရင် မှတ်မိနေမှာစိုးလို့။ ကိုယ့်ဖာသာ မြင်ယောင်ကြည့်လိုက်ပေါ့နော်... မျက်လုံးပြူးပြူး ဆံပင်ကောက်ကောက်နဲ့ ကလေးမလေးတစ်ယောက်ပုံကို။း)
(မရည်ရွယ်ဘဲ TZA နာမည်ပါသွားပြီ။ Anyway ခေတ်မီသွားတာပေါ့နော် .... အဟက်) :P
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ကိုTZA ကို အားကျလို့ ငယ်ငယ်က ဓာတ်ပုံလေးတင်မလားလို့ စိတ်ကူးလိုက်သေးတယ်။ ကိုယ်က ငယ်ရုပ် မပျောက်သူ ဆိုတော့ မတင်တော့ပါဘူး။ တော်ကြာလမ်းမှာတွေ့ရင် မှတ်မိနေမှာစိုးလို့။ ကိုယ့်ဖာသာ မြင်ယောင်ကြည့်လိုက်ပေါ့နော်... မျက်လုံးပြူးပြူး ဆံပင်ကောက်ကောက်နဲ့ ကလေးမလေးတစ်ယောက်ပုံကို။း)
(မရည်ရွယ်ဘဲ TZA နာမည်ပါသွားပြီ။ Anyway ခေတ်မီသွားတာပေါ့နော် .... အဟက်) :P
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
အဟက် ဟက်..
ငယ်ငယ်တုန်းက အကြောင်းလေး ဖတ်ရတာ ကိုယ်တိုင်ပြန်ငယ်သွားသလို ခံစားရတယ်။ ကျတော်လည်း သူငယ်ချင်း အိမ်ရှေ့မြောင်းထဲက ဗွက်တွေ တယောက်နဲ့တယောက် မစင်စင်အောင် ပေါက်ဆော့ဘူးတယ်.. ဗွက်တွေ တကိုယ်လုံး ပေသလူးလို့... ပြန်မှတ်မိပီ ကျေးဇူး
ခင်တဲ့
ပေါ့ဆိမ့်
ဖတ်ရင်းနဲ့ ငယ်ငယ်က ရီစရာကောင်းတဲ့ ကလေးသဘာဝ
ကိုသတိရမိတယ်။ ကျမလည်း ကိုယ့်ဆံပင်ထိပ်ကို
တိရင်းနဲ့ တိုသွားဖူးတယ်။ ဆံပင်မှာအုန်းဆီလိမ်းထား
ရင် ပီကေ မကပ်ဘူး လို့ သူငယ်ချင်းကပြောတာ စမ်း
ကြည့်လိုက်လို့  ထိပ်ကွက်ဖြစ်ဖူးတယ်။....
ကားတစီးက ခေါ်တင်သွားတယ်ဆိုတော့ အမအမေတော့ တော်တော် စိတ်ပူသွားမှာပဲ .. :)
ကတ်ကြေးကြိုက်တာချင်းတော့ တူတယ်။ ဆံပင်ကို ညှပ်ပစ်ဖူးတာချင်းလဲ တူတယ်။ ကိုယ်တော့ အင်္ကျီကို မညှပ်ဖူးဘူး။ ကစားစရာ လေမှုတ်ရတဲ့ သစ်ကုလားအုပ်အရုပ်လေးကို ညှပ်ပစ်လိုက်ဖူးတယ်။ လေသွင်းလို့ မရတော့ဘူးပေါ့။ :D
ပြီးတော့ စက္ကူစတွေ ခေါက်ပြီး ကတ်ကြေးနဲ့ညှပ် အခွေလိုက်ကျလာတာတွေကို ခေါက်ဆွဲဆိုပြီး ဆော့ခဲ့ရတာ။
ခေတ်မီသွားတဲ့ ညီမလေးရဲ့ ပိုစ့်ကို ရုံးရောက်ရောက်ချင်း လာဖတ်တယ်...
ဒီတော့... ဘယ်လိုခေါ်မလဲပေါ့နော်...
ခေတ်မီသွားတယ် ပေါ့နော်...း))
လင့်ခ်အတွက် အိုကေပါ... ကျေးဇူး...
အမလဲ လင့်ခ်တွေ update လုပ်ပါအုံးမယ်...
ဟား ဟား ညီမဇွန် ခေတ်မီသွားပြီ...မိချောင်းလေး အကြောင်းက ချစ်စရာလေး။ ဘာပဲဖြစ်ဖြစ်ကွာ ငယ်ငယ်ကပုံလေးတွေ ကြည့်ချင်တယ်...အမမှာက မရှိလို့ မတင်ဖြစ်တာ...:)
မရေ ခုတောင် အမရဲ့ မျက်လုံးဝိုင်းဝိုင်းလေး နဲ့ အေးချမ်းတဲ့အမရဲ့ အပြုံးလေးတွေက တည်ငြိမ်တဲ့အလှနဲ့ ငယ်ငယ်က ချစ်စရာကောင်းတဲ့ အရုပ်လေးနဲ့ တူတဲ့ကောင်မလေးပုံစံကို မြင်ရောင်မိပါတယ်
မိုးလည်းကားတစ်ခါလွတ်ဖူးတယ် ဒါမဲ့  မငိုဖူး ကားနောက်ပြေးလိုက်တာလေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေရန်တောင်းဆုပြုပါတယ်မရယ်
သာယာချမ်းမြေ့ပါစေနော်
မိုး
ဟီးဟီး.. ဆံပင်ညှပ်တာ ကျနော်လည်း ညှပ်ဖူးတယ်၊ ယောက်ျားလေးနော်၊ အလှကြိုက်တယ်နော်.. ဟင်းဟင်း။
ငယ်ငယ်တုန်းက ဆိုင်ပို့ပြီး ဘိုကေပဲညှပ်ခိုင်းတာ၊ တခါတော့ ညှပ်ပြီးအပြန် ညာဖက်ငယ်ထိပ်နားက ဆံပင်တစ်ဆုပ်လောက် ထောင်ထွက်လာလို့ ကိုယ့်ဟာကိုယ် မှန်ရှေ့ထိုင်ပြီး ညှပ်ထည့်တာပဲ၊ အဲဒါနဲ့ ကြွက်ကိုက်သလို ဖြစ်ပြီး ဆံပင်ညှပ်ဆိုင် နောက်တခေါက် ထပ်သွားလိုက်ရတယ်၊ ပြန်လာတော့ ကတုံးဆံပင်ပေါက်သာသာပဲ.. ဟားဟား။
မျက်လုံးပြူးပြူးနဲ့ ဆံပင်ကောက်ကောက် ကလေးမက ငယ်ငယ်က ချစ်စရာကောင်းမှာတော့ အမှန်ပဲ..။
တော်ပြီး အိမ်လာလည်ရင် ကတ်ကြေးသိမ်းထားရမယ်။ တော်ကြာ ကိုယ့်ပါ ရောညှပ်နေမှ ဖြင့်။။။းP
ငယ်ငယ်က ပုံတော့ ကြည့်ချင်သေး...။
မမရေ...အလုပ်တွေရှုပ်နေလို့အခုမှပဲ မမရဲ့ ငယ်ဘ၀ အမှတ်တရလေးတွေကို လာဖတ်ရတော့တယ်... ဟုတ်ပါတယ်... သိပ်ချစ်စရာကောင်းမှာ သေချာနေတဲ့ မျက်လုံးပြူးပြူး ဆံပင်ကောက်ကောက် ပုံလေးတွေကို ကြည့်ချင်ပါတယ်... :)))
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
ပို့စ်နှင့်ကောမန့်များဖတ်ပြီး ကောက်ချက်ဆွဲမိသည်မှာ
"လူများစုသည် ငယ်စဉ်က မိမိဆံပင်မိမိ ကတ်ကြေးဖြင့်လက်တည့်စမ်းဖူးကြသည်။ "
ပုံ/ နဖူးထိပ်ထိ ဆံပင်တိုတက်ဖူးသူတစ်ဦး
အခုတော့ တော်တော် ချစ်စရာ ကောင်းတဲ့ ဇွန်ပါနော်...ဆံပင်လေးတွေလဲ လှ လူကလဲ လှ...း)
မဇွန်ရေ ဖတ်နေရင်း မဇွန်ငယ်ငယ်ကဓာတ်ပုံတွေ အရမ်းကြည့်ချင်လာမိတယ်။ ဒီတစ်ခါကြုံရင် ပြပါနော်။ ဒီပို့စ်လေးက အရမ်းချစ်စရာကောင်းတယ်။ ကြိုက်တယ်ဗျိုး။ မမင်းကတော့ ငယ်ငယ်ကအကြောင်းတွေ မမှတ်မိဘူး။
ငယ်ငယ်တုန်းက တို့ဘ၀ရယ်
ပျော်စရာကောင်းလို့ အောင်းမေ့တယ်...