Showing posts with label Feelings. Show all posts
Showing posts with label Feelings. Show all posts

ပီတိ

2

Category: ,

ဂျူဂျူးသည် သွက်လက်ချက်ချာသော သုံးနှစ်ခွဲအရွယ် သမီးကလေး ဖြစ်သည်။ ညအိပ်ရာဝင်ခါနီးတိုင်း တီတီဇွန်က ဂျူဂျူးလေးနှင့်အတူတူ ဘုရားရှိခိုးရင်း ဘုရားစာသင်ပေးခဲ့သည်မှာ ၃လလောက်ရှိပြီ။ ဉာဏ်ကောင်းသော ကလေးမို့ နမောတဿ၊ သြကာသ၊ သရဏဂုံသုံးပါး၊ မေတ္တာပို့၊ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး တို့ကို ၂လအတွင်း အလွတ်ရအောင် ဆိုနိုင်ပြီ။ ညစဉ်ဟုဆိုပေမယ့် တီတီဇွန် ခရီးသွားသော တစ်ပတ်ဆယ်ရက်မှာ သူကလေးလည်း ဘုရားရှိခိုးဖို့ပျက်ကွက်တတ်သည်။ အခြေခံဘုရားရှိခိုးတွင် ရွတ်ဆိုရလွယ်ကူသော်လည်း အရေးကြီးသည့် ငါးပါးသီလကို သိပ်မကြာသေးခင်ကမှ သင်ပေးဖြစ်သည်။ တီတီဇွန့်ခံယူချက်က ငါးပါးသီလ၏ အဓိပ္ပာယ်ကို ဂျူဂျူးလေး သေသေချာချာ သိစေချင်လို၍ နောက်ဆုံးမှ သင်ပေးခြင်းဖြစ်သည်။ ပထမဆုံး ပါဠိလိုနှုတ်တိုက်ကို နားယဉ်သွားအောင် အရင်ချပေးသည်။ ငါးပါးလုံး ချောချောမောမော ရွတ်ဆိုနိုင်သည့်အခါ တစ်ပါးခြင်း၏အဓိပ္ပာယ်ကို မြန်မာလိုပြန်ရှင်းပြသည်။ မြန်မာလိုသင်ပေးကာမှ သုံးနှစ်ခွဲသမီးလေး၏မေးခွန်းများကို သူ့အရွယ်နှင့်နားလည်နိုင်လောက်သော စကားလုံးများဖြင့် တီတီဇွန်ပြန်ဖြေနိုင်ဖို့ ကြိုးစားရတော့သည်။ ခေတ်စကားနှင့်ပြောရရင် အဲသည်မှာ... စတာပဲပေါ့။ 

ဂျူဂျူးရေ... ငါးပါးသီလ ဆိုရအောင်
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့အသက်လည်း... မသတ်ဘဲ....
တစ်ကြောင်း မဆုံးခင်မှာပင် ဂျူဂျူးက.... တီတီ သူ့အသက်လည်း မသတ်ဘဲဆိုတာ ဘာကိုပြောတာလဲ?
သြော်... တိရစ္ဆာန်လေးတွေ သမီးကြောင့် နာနာဖြစ်အောင် မလုပ်ရဘူးလို့ပြောတာ၊ သမီးကိုလာကိုက်တဲ့ ပုရွက်ဆိတ်လေးတွေ၊ ခြင်တွေကိုလည်း လက်နဲ့ဖိမသတ်ရဘူးနော်၊ လေနဲ့အသာလေး မှုတ်ထုတ်လိုက်၊ နောက်ပြီး ငါးလေးတွေကိုလည်း မမျှားရဘူးနော်။
ဘာလို့လဲ တီတီ?
ငါးလေးကို မျှားလိုက်ရင် ငါးမျှားချိတ်က ငါးလေးရဲ့လည်ပင်းကိုချိတ်သွားတော့ နာနာဖြစ်သွားတာပေါ့၊ နောက်ပြီး ငါးလေးတွေက ရေထဲမှာပဲ အသက်ရှင်နိုင်တာလေ၊ သူတို့ကုန်းပေါ်ရောက်လာရင် အသက်ရှူလို့မရတော့ သေသွားတာပေါ့။
အို.... ဂျူဂျူးဆီမှ အာမေဋိတ်သံလေးထွက်လာသည်။
ကဲ... လိုက်ဆိုနော် သူ့အသက်လည်း... မသတ်ဘဲ ... အမြဲရှောင်ကြဉ်မည်
တီတီ... အမြဲရှောင်ကြဉ်မည်ဆိုတာက ဘာလဲဟင်?
အမြဲရှောင်ကြဉ်မည် ဆိုတာက သမီးက တိရစ္ဆာန်လေးတွေကို နာနာဖြစ်အောင်၊ သေသွားအောင် မလုပ်ပါဘူးလို့ ကတိပေးတာ promise လုပ်တာပေါ့။

အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့ဥစ္စာလည်း ... မခိုးဘဲ ...
တီတီ... သူ့ဥစ္စာလည်း မခိုးဘဲဆိုတာ ဘာကိုပြောတာလဲ?
သူ့ဥစ္စာဆိုတာ သူများပစ္စည်းတွေ၊ ကစားစရာတွေကို ပြောတာပေါ့။ သမီးက မမ စကိုင်လာတို့အိမ် သွားကစားတဲ့အခါ သမီးကစားချင်တဲ့အရုပ်ကလေး တွေ့ရင် ခွင့်တောင်းပြီးမှ ဆော့ရသလိုမျိုးလေ။ ဟိုတစ်နေ့က ကျောင်းမှာ သမီးရဲ့ jacket ကို ခွင့်မတောင်းဘဲ ယူသွားတဲ့ လီယာလေးလို မလုပ်ရဘူးလို့ ပြောတာ။
လီယာလေးက သမီးကို sorry လို့ လာပြန်ပြောတယ် တီတီ
အင်းပေါ့ ပြောရမှာပေါ့။ ဒါပေမယ့် သမီးအင်္ကျီကို ခွင့်မတောင်းဘဲ ယူပြီးမှ sorry မှ ပြောတာထက်စာရင် သူက သမီးကို အရင်ခွင့်တောင်းပြီးမှ ယူတာ ပိုကောင်းတယ်မဟုတ်လား? အဲဒါကြောင့် သမီးလည်း သူငယ်ချင်းတွေရဲ့ပစ္စည်းတွေ၊ ကစားစရာတွေကို ယူကြည့်ချင်ရင် အရင်ခွင့်တောင်းရမယ်နော်။ ခွင့်မတောင်းဘဲ မယူရ၊ မကစားရဘူး။ အဲလိုလုပ်တာ မကောင်းဘူး၊ မယဉ်ကျေးဘူး၊ rude ဖြစ်တယ်နော်။ ဂျူဂျူးလေးက နားလည်သွားပြီမို့ထင်သည် ခေါင်းညိတ်ပြသည်။
သူနားလည်သွားမှ တစ်ကြောင်းလုံးကို ပြန်ဆက်ဆိုရသည်၊ သူ့ဥစ္စာလည်း... မခိုးဘဲ... အမြဲရှောင်ပါမည်။ ဒီတစ်ခါတော့ ကလေးလိုက်ဆိုရလွယ်အောင် တီတီဇွန်က ရှောင်ကြဉ်အစား ရှောင်ပါမည်လို့ ပြောင်းလိုက်သည်။

ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့အိမ်ယာလည်း... မမှားဘဲ... အမြဲရှောင်ပါမည်
တီတီ သူ့အိမ်ယာလည်း မမှားဘဲ ဆိုတာ ဘာကိုပြောတာလဲ (အင်း... ဒီမေးခွန်းက ၃နှစ်ခွဲအရွယ် ကလေးတစ်ယောက်ကိုဖြေဖို့ တီတီဇွန့်အတွက် tricky question ဖြစ်နေသည်၊ သို့သော် တီတီဇွန်တစ်ယောက် ကြိုးစားအားထုတ်၍ ဖြေဆိုရပါသည်)
သူ့အိမ်ယာလည်း မမှားဘဲဆိုတာ သမီးက ကိုယ့်အိမ်မဟုတ်တဲ့ သူများအိမ်ကို သမီးအိမ်လို့မှားထင်ပြီး ညအိပ်မသွားရဘူးလို့ဆိုလိုတာ။ သမီးကျောင်းကပြန်လာရင်၊ အပြင်မှာလည်လည်သွားပြီးပြန်လာလို့ မိုးချုပ်သွားရင် သမီးအိမ်မှာပဲ ဖေဖေတို့ မေမေတို့နဲ့ အတူတူအိပ်တာလေ၊ သူများအိမ်မှာ သွားမအိပ်ဘူး မဟုတ်လား။ သူများအိမ်ကို ကိုယ့်အိမ်အမှတ်နဲ့မှားပြီး သွားမအိပ်ပါဘူးလို့ ဆိုလိုတာ။ ဂျူဂျူးက နားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း ဆက်မမေးတော့ဘဲ လိုက်ဆိုသည်မို့ တီတီဇွန် ခေါင်းစားမည့်အရေးမှ သက်သာသွားသည်။

မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
လိမ်ညာမုသား.... မပြောဘဲ... အမြဲရှောင်ပါမည်
တီတီ... လိမ်ညာမုသား ဆိုတာ ဘာကိုပြောတာလဲ?
လိမ်ညာမုသား ဆိုတာ telling lies ကို ပြောတာပေါ့၊ သမီးမှတ်မိတယ် မဟုတ်လား၊ Johny Johny Yes Pa Pa ထဲမှာလေ... ဂျော်နီလေးက သကြားတွေခိုးစားနေတာ၊ သူ့ဖေဖေက eating sugar သကြားတွေစားနေလားဆိုပြီး မေးတာကို ဂျော်နီလေးက အမှန်တိုင်းမဖြေဘဲ No Pa Pa ဆိုပြီး ပြောလိုက်တာလေ။ အဲဒါနဲ့ သူ့ဖေဖေက telling lies... လိမ်ပြောနေတယ်... open your mouth... ပါးစပ်ဟပြစမ်းပါဦးလို့ ပြောလိုက်တော့ ဂျော်နီလေးက ပါးစပ်ဟလိုက်တာ သကြားတွေထွက်ကျလာတယ်လေ။ ဂျော်နီလေးက သကြားတွေစားနေတာကို မစားဘူးလို့ပြောတာ telling lies လိမ်ညာပြောတာပေါ့၊ ဂျူဂျူးလည်း တစ်ခုခုစားချင်ရင် ဂျော်နီလေးလို လိမ်မပြောရဘူးနော်၊ ဖေဖေတို့ မေမေတို့ကို ခွင့်တောင်းပြီးမှ စားရမယ်။ တကယ်လို့ တီတီတို့မသိအောင် သမီးက lollipop တွေယူစားနေတုန်း ဖေဖေတို့မေမေတို့မေးရင် ဟုတ်ကဲ့ သမီး စားနေပါတယ်လို့ အမှန်အတိုင်းပဲပြောရမယ်နော်။ ဂျူဂျူးလေးက နားလည်သွားဟန်နှင့် ခေါင်းညိမ့်သည်။ (နောက်ရက်တွေမှာ လေးပါးမြောက် မုသာဝါဒါဆိုတိုင်း တီတီဇွန့်ခမျာ Johny Johny Yes Pa Pa တစ်ပုဒ်လုံးကိုပါ အမြဲဆိုပြရတော့သည်)

ကဲလိုက်ဆိုပါဦး...
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
အရက်သေစာ... မသောက်ဘဲ...
တီတီ အရက်သေစာ ဆိုတာ ဘာကိုပြောတာလဲ?
အရက်သေစာဆိုတာ alcohol ပါတဲ့ အရည်တွေကို ပြောတာပေါ့၊ အဲဒီအရည်တွေသောက်ရင် သမီးခန္ဓာကိုယ်ထဲက organs တွေ နာနာဖြစ်ပြီး နေမကောင်းဖြစ်သွားမှာ။
ဂျူဂျူးလေးက မဆိုင်းမတွပင် ... ဟိုတစ်ခါ ဂျူဂျူးလက်ကို ဓားရှတုန်းက alcohol wipe နဲ့ သုတ်တာ အနာပျောက်သွားတယ်။
တီတီဇွန်က ဂျူဂျူးမသိအောင် သက်ပြင်းလေးချပြီး... အဲဒီ alcohol wipe နဲ့ သုတ်တုန်းက စပ်စပ်ကြီးဖြစ်လို့ သမီးအော်ငိုသေးတယ်လေ၊ အဲဒါ alcohol ပါတဲ့ wipe သေးသေးလေးနဲ့ထိတာတောင် သမီး တအားစပ်သွားတာ၊ အဲဒါတွေအများကြီးပါတဲ့ အရည်တွေသောက်မိရင် သမီးတစ်ကိုယ်လုံးပူပူစပ်စပ်ကြီး ဖြစ်သွားမှာပေါ့။ အဲလိုပူပူစပ်စပ်ကြီးတွေ သောက်လိုက်ရင် သမီး body ထဲက organ တွေ နာနာဖြစ်ပြီး ပျက်စီးကုန်မှာ၊ အဲဒါဖြစ်သွားရင် သမီးနေမကောင်းဖြစ်ပြီး ဆေးရုံတက်ရမှာ။ ဆေးရုံသွားရင် ဆေးထိုးခံရမည်ဆိုသော အသိလေးရှိနေသော ဂျူဂျူး မျက်လုံးလေးတွေပြူးသွားပြီး၊ အဲဒါဆို fruit ပါတဲ့ juice တွေပဲ သောက်တော့မယ်။
ဒါပေါ့.. သမီးက ရေတွေလည်း သောက်လို့ရတယ်၊ milk တွေလည်း သောက်လို့ရတယ်၊ fruit juice တွေလည်း အများကြီး သောက်လို့ရတယ်။ alcohol ပါတဲ့ အရက်တို့ဘီယာတို့ဝိုင်တို့ကို သောက်လို့မရဘူးနော်။ ဂျူဂျူးက ခေါင်းလေးကို တွင်တွင်ညိတ်ရင်း ဆက်ဆိုရှာသည်။
အရက်သေစာ မသောက်ဘဲ အမြဲရှောင်ပါမည်။

ညစဉ်ငါးပါးသီလဆိုတိုင်း မေးနေကျမေးခွန်းတွေကိုပဲ ဂျူဂျူးလေးက ထပ်ပြန်တလဲလဲမေးသည်၊ တီတီဇွန်ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးရသည်။
ပြီးခဲ့တဲ့တစ်ပတ်က အခြားမြန်မာမိသားစုနှင့်ညနေစာသွားတော့ ဖခင်ဖြစ်သူနှစ်ဦးက ဘီယာသောက်မလားဟု တစ်ဦးနှင့်တစ်ဦးမေးသည်ကို ဂျူဂျူးကြားသည်နှင့် ဘေးနားမှာကပ်ထိုင်နေသော သူ့အမေကို လှမ်းပြောသည်။ မေမေ... ဘီယာက alcohol ပါလို့ မသောက်ရဘူးတဲ့။ ဂျူဂျူးက fruit juice တွေပဲသောက်မှာ။ သမီးလေးအပြောကြောင့် ဂျူဂျူးမေမေက သဘောကျစွာရယ်သည်။

တကယ်တော့ ငါးပါးသီလဆိုတာ လူ့လောကမှာ အရေးကြီးဆုံး စာရိတ္တသီလဖြစ်ကြောင်း၊ အကြောင်းတရား (၄)ပါးဆုံမှ ကံမြောက်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ငါးပါးသီလထဲက must not kill, must not steal.... အစရှိသည်တို့နှင့် ပညတ်တော်ဆယ်ပါးထဲက shall not kill, shall not steal... တို့၏ အဓိပ္ပာယ်ကွာခြားကြောင်း စတာတွေကိုတော့ ဂျူဂျူးလေးနားလည်နိုင်လောက်တဲ့အရွယ်မှ ပြောပြရဦးမည်။ အမေရိကားမှာမွေးပြီး၊ အမေရိကားမှာပင် ဆက်လက်ကြီးပြင်းဦးမည့် ဂျူဂျူးလေး ငါးပါးသီလနှင့်ပတ်သက်ပြီး သူ့အသက်ရွယ်လေးနှင့် ဒီလောက်အသိတရားရှိသွားတာလေးကိုတွေးပြီး ၀မ်းသာနေမိသူက တီတီဇွန်ရယ်ပါ။ 🙂

Moment of cutting the last tie

3

Category: ,


တီ…တီ….တီ….


'ဟဲလို… ကျွန်မနာမည်ရို့စ်ပါ… ဘာများအကူညီပေးရမလဲရှင်?'

'ဟုတ်ကဲ့ ကျွန်မအသုံးပြုနေတဲ့ အမ်ဝမ်းဝန်ဆောင်မှုကို အဆုံးသတ်ချင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ စင်ကာပူမှာ မနေထိုင်ဖြစ်တော့လို့ပါ။'

 'အခုပြောနေတာက?'

'မစ္စ.... ပါ'

'အစ်မရဲ့မှတ်ပုံတင်နံပါတ်လေးတစ်ချက်လောက် ပြောပြပေးပါလားဟင်?'

'S79………..28F'

'မွေးနေ့သက္ကရာဇ်ကရောရှင်?'

'9 of June, 19..'

'ဟုတ်ကဲ့ ရပါပြီ။ ကျေးဇူးတင်ပါတယ်။'

'အစ်မမှာ လက်ရှိ အမ်ဝမ်းရဲ့ဝန်ဆောင်မှုဘယ်နှခုကို အသုံးပြုပါသလဲ?'

'ကျွန်မမှတ်မိသလောက်တော့ တစ်ခုတည်းပါ။'

'အစ်မ အကောင့်နဲ့လေ ဒေါ်လာ၅၀ဘောက်ချာရှိထားတယ်။ တစ်စုံတစ်ယောက်ကိုများ အစ်မနံပါတ်ကိုလွှဲပေးချင်သေးလားဟင်? ဒါဆို အဲဒီဘောက်ချာလည်း အလဟဿမဖြစ်သွားတော့ဘူးလေ။'

သူခေတ္တစဉ်းစားလိုက်ပြီးမှ…
'ရပါတယ်။ ကိစ္စမရှိပါဘူး။ သူငယ်ချင်းတွေအားလုံးက အခြားအော်ပရေတာဝန်ဆောင်မှု အသီးသီးနဲ့ဆိုတော့ လွှဲပေးစရာလူလည်း မရှိတော့ဘူးလေ။'

'အစ်မ စင်ကာပူကို ပြန်မလာဖြစ်တာ တကယ့်ကို သေချာသွားပြီလားရှင်?'

'အင်း… လာဖြစ်ရင်လည်း အလည်အပတ် ဒါမှမဟုတ် အလုပ်ကိစ္စတစ်ခုခုကြောင့်ပဲ လာဖြစ်မှာတော့။'

'အစ်မ အမြဲတမ်းနေထိုင်မယ့်နိုင်ငံအမည်လေး သိပါရစေ။'

'မြန်မာနိုင်ငံပါ။'

'သြော်… မြန်မာ… ဒီလိုဆို ယာယီအကောင့်ရပ်ဆိုင်းထားတာမျိုးရော လုပ်ဖို့စိတ်ဝင်စားသေးလားရှင့်?'

သူ့ဘက်က စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်သွားပြီးမှ
'ကျွန်မလာဖြစ်ရင်တောင် အလွန်ဆုံး နှစ်ပတ် သို့မဟုတ် တစ်လလောက်ပဲ အများဆုံးနေမှာဆိုတော့ ခေတ္တဆိုင်းငံ့ထားလည်း သိပ်မထူးတော့ပါဘူးထင်ပါတယ်။'

'ဒါဆို… အစ်မ ဒီနံပါတ်နဲ့အကောင့်ကို လုံးဝရပ်ဆိုင်းဖို့ သေချာသွားပြီပေါ့နော်။'

'ဟုတ်ကဲ့'

'ခဏလေးစောင့်ပါနော်။'

၂မိနစ်ခန့်ကြာပြီးသည့်နောက်…

'ဖုန်းကိုင်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ အစ်မဆန္ဒအတိုင်း အကောင့်ကိုရပ်ဆိုင်းဖို့ စတင်ဆောင်ရွက်နေပါပြီ။ နောက် ၂၄နာရီအတွင်း ပိတ်သွားတော့မှာပါ။'

'ကျေးဇူးတင်ပါတယ်။'

'ညီမတို့ရဲ့အမ်ဝမ်းဝန်ဆောင်မှုကို အသုံးပြုပေးခဲ့လို့ ကျေးဇူးတင်ပါရှင်။ ကောင်းသောနေ့လေးဖြစ်ပါစေ။'

'ဟုတ်ကဲ့ ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။'

ဖုန်းချပြီးတော့ သူ့ရင်ထဲ ၀မ်းနည်းပြီး ဟာတာတာဖြစ်သွားသည်။ ၁၁နှစ်ကြာအသုံးပြုခဲ့သော ဖုန်းနံပါတ်လေးတစ်ခုကို စွန့်လွှတ်လိုက်ရပြီ။ ဒီ့ထက်ကြီးမားသောအရာကို စွန့်လွှတ်ခဲ့စဉ်ကပင် ခုလောက်မခံစားခဲ့ရ။

သူ စင်ကာပူမှာရှိနေစဉ် ကာလတလျှောက်လုံး m1 မှရသော ပွိုင့်လေးတွေနှင့် ရုပ်ရှင်ကြည့်ခဲ့တာ သတိရသည်။ မွေးနေ့ရောက်တိုင်း m1 ကပေးသော Happy birthday ဘောက်ချာနှင့် Manhattan Fish Market မှာ Dory Fish Set စားခဲ့တာ သတိရသည်။

International roaming လုပ်ထားသဖြင့် ဘယ်နိုင်ငံရောက်ရောက် သူ့ဖုန်းလေးက အလုပ်လုပ်နေခဲ့သည်။ နောက်ဆုံးမြန်မာပြည်ပြန်လာသည်အထိ ဖုန်းလေးက သူ့အလိုလို auto roaming ချိတ်ပြီး ရှင်သန်နေခဲ့သည်။

နံပါတ်လေးကို နှုတ်ဆက်သည့်အနေဖြင့် တီးတိုးရေရွတ်ကြည့်မိသည်။

9 8 7 9 6 7 2 2

ဒီနံပါတ်လေးကို အသုံးမပြုဖြစ်တော့သည်တိုင် ဘယ်အချိန်မေးမေး အလွတ်ဖြေနိုင်သည်အထိ သူ့ဦးနှောက်ထဲ စွဲမြဲစွာကျန်ရစ်နေမှာ သိပ်ကို သေချာပါသည်။



ငါးနှစ်ခရီး

10

Category: ,

 
 
၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှာ စတင်သက်ဝင်လှုပ်ရှားခဲ့သော ဇွန်မိုးစက်၏ Coral Reef ဘလော့ဂ်လေးသည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၅ရက်တွင် ၅နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုစဉ်က အတူနေသူငယ်ချင်းညိုလေး၏ ကွန်ပျူတာဖြင့် ဒီဇင်ဘာတစ်လထဲမှာပင် ပို့စ် ၁၂ပုဒ်ရေးပြီး အားကြိုးမာန်တက် ဘလော့ဂင်းခဲ့သည်။ ၂၀၁၀ မတ်လနောက်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာဖြင့် ဆက်လက်စာရေး ဘလော့ဂင်းရာ တစ်နှစ်အတွင်း ၉၂ပုဒ် ရေးတင်ဖြစ်ခဲ့သည်။ တစ်လလျှင် အနည်းဆုံး ပို့စ်၎ပုဒ်မှနေ၍ အများဆုံး ၁၂ပုဒ်ထိ ရေးခဲ့ဖူးသည်ကို ပြန်ကြည့်မိတော့ အံ့သြရသည်။ ၂၀၁၁တွင် ရေးအားသိသိသာသာကျသွားပြီး တစ်နှစ်လုံးမှာ စုစုပေါင်း ၃၆ပုဒ်၊ ၂၀၁၂တွင် ၂၈ပုဒ်နှင့် ၂၀၁၃တွင် ပို့စ်ပေါင်း ၂၀သာ ရေးဖြစ်ခဲ့သည်။ ၂၀၁၄အတွက် ယခု ငါးနှစ်ခရီး ပို့စ်ပါ ထည့်တွက်လျှင် ၁၉ပုဒ်သာ ရှိသေးသည်။ လုံးဝမရေးဖြစ်တာနှင့်စာလျှင် တစ်လတစ်ပုဒ်နှုန်းလောက် ရေးဖြစ်သေးသည်ဟု တွေးကြည့်လျှင်တော့ သိပ်မဆိုးလှပါ။ တခါတလေ စာမရေးတော့ဘဲ ဘလော့မှနားမည်ဟုကြံလိုက်သော်လည်း အတဂ်ခံရသည်နှင့် ကြုံမိတော့ မထင်မှတ်ဘဲ ဘလော့ဂ်ပေါ်ပြန်ရောက်ပြီး ရေးဖြစ်သွားတာမျိုးတွေလည်း ရှိခဲ့သည်။

နှစ်ပတ်လည်ပို့စ်လေးတွေကို ပြန်ဖတ်ကြည့်တော့ ထိုစဉ်ကရှိခဲ့သော တချို့ဆန္ဒလေးတွေ ခုချိန်မှာ အနည်းနှင့်အများ အကောင်အထည်ပေါ်နေတာကို တွေ့ရသည်။ လွန်ခဲ့သည့် ၄နှစ်အတွင်း ဘလော့ဂ်ပေါ်မှ စာစုလေးတွေက ဘလော့ဂ်ပေါ်မှာပဲရှိနေခဲ့ရာမှ ၅နှစ်သက်တမ်းသို့ ၀င်ရောက်လာချိန်နောက်ပိုင်းမှာတော့ မဂ္ဂဇင်းထက်က စာမျက်နှာတချို့ပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တကယ်တော့ ဇွန်မိုးစက်ကလောင်ဖြင့် စာပေလောကထဲ စတင်ဝင်ရောက်ချိန်က ဘလော့ဂ်ထက် ၄နှစ်နီးပါး ပိုစောပါသည်။ အကယ်၍များ ဇွန်သည် Coral Reef ဘလော့ဂ်လေးကို မတည်ဆောက်ဖြစ်ခဲ့ပါလျှင် စာပေလောကနှင့် လုံးလုံးအဆက်ပြတ်သွားနိုင်သည်ကို ယခုမှ တွေးကြည့်မြင်ယောင်မိသည်။ ဇွန်မိုးစက်၏ စာရေးဝါသနာကို ဆက်လက်တည်တံ့ အကောင်အထည်ဖော်နိုင်စေရန် ဘလော့ဂ်က ဖေးကူဆက်မ ပေးခဲ့သည့်အတွက် ထိုဘလော့ဂ်လေးကိုပင် တဖန်ပြန်လည်၍ ကျေးဇူးတင်မိသည်။

ချစ်သူတစ်ယောက်နှင့် ဆယ်နှစ်ကျော်ကြာအောင်လက်တွဲခဲ့ဖူးသော ဇွန့်အတွက် ငါးနှစ်တာကာလက သိပ်မများလှသေးဟု ဆိုနိုင်ပါသည်။ သို့သော် ဘလော့ဂ်လေးနှင့် နောက်ထပ် ၅နှစ်ကြာအောင် လက်တွဲဖြစ်မည်လားဆိုသည်ကိုတော့ တပ်အပ်သေချာမပြောနိုင်ပါ။ သေချာတာတစ်ခုက ဇွန်မိုးစက်တစ်ယောက် အလုပ်တွေဘယ်လောက်များများ၊ အချိန်တွေဘယ်လောက်ရှားပါးရှားပါး စာရေးချင်သောစိတ်ကလေး အမြဲလိုပင် ရင်ထဲမှာ ကိန်းအောင်းတာစူ နေတတ်ခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲလောက်မှစပြီး ငါ ဘလော့ဂ်မှာ စာတွေမရေးတော့ဘူး၊ နားတော့မယ်ဟု ဆုံးဖြတ်ခဲ့သည်တိုင် စာတွေဆက်ရေးနေမိခဲ့သည်။ စာရေးကျဲသွားသော်လည်း စာရေးချင်စိတ်ရှိနေသေးသရွေ့ အချို့အချို့သောစာများကို ဘလော့ဂ်ပေါ်မှာ ဆက်ရေးဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ထင်ကြေးပေးမိပြန်သည်။ အချိန်မရွေး ကိုယ့်ဆန္ဒရှိတိုင်း စိတ်ကြိုက်ရေးနိုင်၊ တင်နိုင်သော ဘလော့ဂ်လေးသည် ပုံနှိပ်စာမျက်နှာများထက်ပို၍ လွတ်လပ်မှုရှိသည်က အမှန်ပင်ဖြစ်သည်။

ငါးနှစ်ခရီးကို ပျော်ရွှင်၊ ကြည်နူး၊ ၀မ်းနည်း၊ ၀မ်းသာ၊ အံ့သြ၊ ပူဆွေး၊ စိတ်လှုပ်ရှားမှု အဖုံဖုံ ရသစုံနှင့် ဖြတ်သန်းခဲ့သလို နိုင်ငံအနှံ့အပြားမှ ၀ါသနာတူဘလော့ဂ်ရွာသူရွာသားအပေါင်းနှင့် ဆုံတွေ့ခင်မင်ရင်းနှီးခွင့်လည်း ရခဲ့ပြီးဖြစ်သည်။ ငါးနှစ်တာကာလပတ်လုံး ဇွန်မိုးစက် စာရေးဘလော့ဂင်းခဲ့သမျှ လာရောက်လည်ပတ် ဖတ်ရှုအားပေးကြသော သူငယ်ချင်းမိတ်ဆွေမောင်နှမများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။   

၅နှစ်ပြည့်သံယောဇဉ်လေးအတွက် အမှတ်တရ စာဖွဲ့ရင်း အားလုံးအတွက် ချိုမြိန်သာယာသော လဒီဇင်ဘာ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။း)


ဇွန်မိုးစက်
၅.၁၂.၂၀၁၄

အေးအေးဆေးဆေး စာရေးချင်သည်

10

Category: ,

ကုန်လွန်ခဲ့သော တစ်နှစ်ခွဲတာကာလအတွင်း ဖြစ်ပျက်သမျှ အပြောင်းအလဲများနှင့် မတူညီသောဝန်းကျင်နေရာဒေသအသီးသီးက  ကျွန်မဘ၀နေထိုင်မှုပုံစံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ၀န်ထမ်းဘ၀၊ ကျောင်းသူဘ၀ နောက်တော့ (အိမ်ထောင်မရှိသော) အိမ်ရှင်မဘ၀။ အလုပ်လုပ်စဉ်၊ ပညာသင်ယူစဉ်က တစ်ပတ်မှာငါးရက်ရုံးတက်၊ ကျောင်းတက်ပြီး ကျန်သောအားလပ်ရက်မှာ ကျွန်မဆန္ဒရှိရာ၊ ၀ါသနာပါရာကိစ္စတွေကို နောက်ဆံတင်းစရာမလိုဘဲ တစိုက်မတ်မတ် လုပ်ကိုင်နိုင်ခဲ့သည်။ ကျွန်မအသက် ၂၂နှစ်အရွယ်ကတည်းက မိသားစုနှင့်ခွဲပြီး ရပ်ဝေးမြေမှာ တစ်ကိုယ်တည်းနေခဲ့သူမို့ ကိုယ့်အချိန်ကိုယ် အပြည့်အ၀ပိုင်သည့် ဘ၀မျိုးမှာ ဆယ်စုနှစ်ကျော်ကြာအောင် အသားကျနေခဲ့ပြီ။

ခုတော့… ကျွန်မသည် ဟိုတုန်းကအဖြစ်နှင့် လုံးလုံးလျားလျားဆန့်ကျင်ကာ နေ့စဉ်ရက်ဆက် လူမမာမိခင်နှင့် များပြားလှသော အိမ်မှုကိစ္စတွေကြား ဗျာများနေရသည်။ မနက် ၇နာရီခွဲမှ ညအိပ်ရာဝင်ချိန်ထိ အလုပ်တွေ ဇယ်ဆက်သလို တစ်ခုပြီးတစ်ခုလုပ်ရင်း နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့သည်။ ကျွန်မအတွက် အားလပ်ရက်သီးသန့်ဆိုတာမျိုးမရှိ။ ဒီလိုအခြေအနေကြားထဲက ကျွန်မ အချိန်ယူပြီး စာရေးဖို့ ကြိုးစားကြည့်သော်လည်း မအောင်မြင်သည်က များပါသည်။

ကျွန်မ၏ တစ်နေ့တာအချိန်ဇယားကို ပြန်ကြည့်လိုက်တော့ မနက်ခင်းမှာ ဈေးဝယ်ထွက်ပြီး အိမ်ပြန်ရောက်လျှင် ဘုရားပန်းအိုးနှင့် သောက်တော်ရေများ အသစ်လဲကပ်ပြီးသည်နှင့် မီးဖိုချောင်ဝင်ရသည်။ မနက်ဆယ်နာရီမှာ အိမ်သို့ဆွမ်းခံကြွသော သံဃာအမှီ ချက်ပြုတ်ရသည်။ အပတ်စဉ် တနင်္လာနေ့လို ဆွမ်းချိုင့်ကပ်လှူသည့်ရက်မျိုးမှာ အိမ်ဆွမ်းအပြင် ကျောင်းဆွမ်းအတွက် စတီးချိုင့်အကြီးငါးချိုင့်အပြည့်စာ ဆွမ်းနှင့်အချိုပွဲ အချိန်မီထည့်နိုင်အောင် ချက်ပြုတ်စီမံရသည်။ မနက်စာချက်ပြုတ်ပြီး ဘုရားဆွမ်းတော်ကပ်ပြီးလျှင် အမေ့ကို ထမင်းကျွေးရသည်။ အမေထမင်းစားနေစဉ် သံပုရာရည်ဖျော်၊ အမေထမင်းစားပြီး သံပုရာရည်သောက်ချိန်မှာ လျှော်စရာအ၀တ်များကို စက်ထဲထည့်ပြီး ပန်းကန်ခွက်ယောက်များဆေးကြောသည်။ 

၁၁နာရီလောက်မှာ ကျွန်မအမောဖြေရင်း သတင်းစာဖတ်သည်။ ပြီးတော့ ထမင်းစားသည်။ ထမင်းစားသောက်ဆေးကြောပြီး အရင်နေ့ကလှမ်းထားသော အ၀တ်ခြောက်များကိုရုတ်သည်။ မခြောက်သေးသောအ၀တ်များကို နေရာရွှေ့ပြီး လောလောလတ်လတ် လျှော်ပြီးသောအ၀တ်များကို ထုတ်လှန်းသည်။ လူမမာရှိသည့်အတွက် အ၀တ်လျှော်စရာတွေက နေ့တိုင်းရှိပါသည်။ မိုးများသော မိုးတွင်းဖြစ်သည့်အလျောက် လှန်းထားသည့်အ၀တ်များ အချိန်တိုအတွင်းသွေ့ခြောက်ရန် မလွယ်ကူသည့်အတွက် အနည်းငယ်စိတ်ပျက်ရသည်။

ဒီလိုနှင့် မွန်းတည့်ကျော်သွားသည့်အချိန်မှာ ထမင်းလည်းစောစားထား၊ အစားလည်းနည်းပြီး နှစ်နာရီခြားတစ်ခါလောက် စားတတ်သည့်အမေ့အတွက် ထမင်းမဟုတ်သည့် အစားအသောက်တစ်ခုခု အသင့်ဖြစ်နေရန် ပြင်ဆင်ပေးထားရသည်။ အမေ့ခြေထောက်ပြန်လည်သန်စွမ်းပြီး လမ်းပြန်လျှောက်နိုင်ရန်အတွက် နာရီဝက်လေးဆယ့်ငါးမိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပြီးချိန်တွင်တော့ ကျွန်မ ခေတ္တအိပ်စက်ပြီး အနားယူချင်စိတ်ပေါ်လာမြဲဖြစ်သည်။ နေ့လယ်ခင်းတစ်ရေးမှ မအိပ်ရလျှင် ကျွန်မ နောက်ထပ်အိမ်အလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် လုံလောက်သောအားအင်မရှိသည့်အတွက် ခဏဖြစ်ဖြစ်တော့ မျက်စိမှိတ်လှဲလျောင်းရပါသည်။ ဧည့်သည်တစ်ဦးဦး သို့မဟုတ် လေ့ကျင့်ခန်းဆရာမရောက်သည့် နေ့လယ်ခင်းမျိုးမှာတော့ ကျွန်မအိပ်ခွင့်မရတတ်ပါ။ တရေးတမောအိပ်ပြီးနိုးထသည့်အခါ အမေ့ကို လက်ဖက်ရည်တိုက်၊ မုန့်ပဲသရေစာအနည်းငယ်ကျွေးပြီး ရေပတ်တိုက်ပေးရန် ပြင်ဆင်ရတော့သည်။

တစ်ကိုယ်လုံးကိုရေပတ်တိုက်သန့်စင်ပြီး အိပ်ရာခင်းများလဲပြီးချိန်တွင် ညနေ ၄နာရီသို့မဟုတ် ၄နာရီခွဲရှိသွားပြီဖြစ်သည်။ ကျွန်မလည်း နေ့ခင်းစာမုန့်စား၊ ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး ၆၆ပုဒ်ပါသော ရွှေဥဒေါင်း၏ စုံထောက်ဝတ္ထုတိုပေါင်းချုပ်သစ်ထဲမှ ကျဘမ်းတစ်ပုဒ်ကို ရွေးပြီးဖတ်သည်။ တစ်နေ့တာလုံးမှာ ကျွန်မပိုင်သော ထိုမိနစ်သုံးဆယ်စာ အချိန်လေးသည် ကျွန်မအတွက်တော့ “ရွှေ” ဖြစ်သည်။

ညနေငါးနာရီထိုးသည့်အခါ မခြောက်သေးသော အ၀တ်များကို နေရာရွှေ့၊ တံခါးများမပိတ်ခင် ပန်းပင်ရေလောင်း၊ ဘုရားမီးပူဇော်ပြီးသည်နှင့်တပြိုင်နက် ညနေစာအတွက် ပြင်ဆင်ရတော့သည်။ အမေက အချဉ်ပါမှ ထမင်းမြိန်သည့်အတွက် ချဉ်ရည်ဟင်း ဒါမှမဟုတ် အချဉ်အရသာရွှမ်းသော အသုပ်တစ်ခုခုပါအောင် အမြဲထည့်ရသည်။ အသားဟင်းနှင့် အရည်သောက်ကို မနက်ကတည်းက နှစ်နပ်စာချက်ထားသော်လည်း အရွက်ကြော်နှင့် အသုပ်တစ်ပွဲကိုတော့ ညနေမှာ ထပ်ဖြည့်ရပါသည်။ ၆နာရီထိုးလျှင် အမေ့ကို ညနေစာကျွေးပြီး ဆေးတိုက်ရသည်။ ၇နာရီထိုးလျှင် ကျွန်မရေချိုးပြီး၊ ၇နာရီခွဲလျှင်တော့ ကျွန်မ တီဗီရှေ့ခဏထိုင်ကာ တစ်ရက်ကို ၁၀မိနစ်သာပြသော ဂျပန်ကားအတွက် အချိန်ပေးပါသည်။ တီဗီကြည့်ပြီး ကျွန်မထမင်းစား၊  အိုးခွက်ပန်းကန်များဆေးကြောပြီး အမေ့ကို လေ့ကျင့်ခန်းနောက်တစ်ကြိမ်လုပ်ပေးရန် အသင့်ပြင်ရသည်။

ည၈နာရီ၄၅မှာ ဆယ့်ငါးမိနစ်ခန့်ထုတ်လွှင့်သော ဘီဘီစီမြန်မာပိုင်းသတင်းအစီအစဉ်ကို အပြေးအလွှားကြည့်ပြီး အမေ့အတွက် ညအိပ်ရာဝင်ဖို့ ပြင်ဆင်ပေးရသည်။ အမေ့ကို သနပ်ခါးလူးပေးပြီးနောက် အိပ်ရာထဲမှာ ဘုရားရှိခိုး၊ နတ်ပင့်၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေ၊ နတ်ပို့ အားလုံးပြီးချိန်သည် ည၉နာရီခွဲနှင့် ၁၀နာရီကြားမှာဖြစ်သည်။ ဘုရားရှိခိုးပြီးသည်နှင့် ကုတင်ပေါ်မှဆင်းကာ အမေသောက်ဖို့ နွားနို့ပြေးကျို၊ ညလယ်စာအတွက် မုန့်အချို့နှင့်ပန်းသီးစိမ်းကို မုန့်ဗူးများထဲမှာ အစီအရီထည့်ပြီး အမေ့ကို ပေးထားရသည်။ အမေညည ဆီးထသွားနိုင်ဖို့အတွက်လည်း အမေမအိပ်ခင်မှာ ကြိုတင်ပြင်ဆင်ပေးရပါသေးသည်။ အားလုံးအဆင်သင့်မဖြစ်လျှင် အမေကောင်းကောင်း အိပ်မပျော်ပါ။

ဤသို့ဖြင့် ကျွန်မ၏ တစ်နေ့တာဝတ္တရားများသည် စောလျှင် ညဆယ်နာရီခွဲ နောက်ကျလျှင် ဆယ့်တစ်နာရီမှာ ပြီးဆုံးသွားတော့သည်။ မနက်ခင်းမှညရောက်သည်အထိ ကြိုကြားအချိန်များတွင် ဖုန်းပြေးကိုင်ရခြင်း၊ ဧည့်သည်လာလျှင် ဧည့်ခံရခြင်း၊ မကြာခဏဆီးသွားတတ်သော အမေ့ကို ဆီးတည်ပေးရခြင်း၊ ၀မ်းတည်ပေးရခြင်း၊ သန့်ရှင်းရေးလုပ်ပေးရခြင်း၊ တစ်နေ့နှစ်ကြိမ်သွေးပေါင်ချိန်တိုင်းပြီး စာအုပ်ထဲမှာရေးမှတ်ခြင်း၊ သုံးရက်တစ်ခါ သွေးချိုစစ်ပေးခြင်း၊ တစ်နေ့တာအသုံးစရိတ်များ Excel sheet ထဲမှာ စာရင်းမှတ်ရင်း လစဉ်ကျန်းမာရေးအသုံးစရိတ်ကို ထေမိကာမိရန် အခြားနေရာများတွင် ဘယ်သို့ဘယ်ပုံ ခြိုးခြံချွေတာနိုင်ရန် နည်းလမ်းရှာကြံစဉ်းစားရခြင်း၊ အမေ့ကို ဆေးရုံဆေးခန်းသွားပြရန်၊ ဆရာဝန်များနှင့် အပတ်စဉ်ချိန်းဆိုရန် ကြိုတင်စီစဉ်ရခြင်း ဒါတွေအားလုံး မပျက်ကွက်ရအောင် ကျွန်မတစ်ယောက်တည်း နေ့စဉ်လုပ်ဆောင်နေခဲ့တာဖြစ်သည်။

ကျွန်မအတွက် ကိုယ်ပိုင်အချိန်ဟုဆိုနိုင်သည့် အိပ်ရာဝင်ခါနီးအချိန်မှာတော့ ကျွန်မပင်ပန်းပြီး အရမ်းအိပ်ငိုက်နေပြီဖြစ်သည်။ အရေးကြီးသောအီးမေးလ်များပြန်ဖို့အတွက် အလွန်တရာနှေးကွေးလှသော အင်တာနက်ကို စိတ်မရှည်စွာစောင့်ရင်း မျက်လုံးတစ်စုံကို အတင်းပြူးထားရပါသည်။ ဒီလိုအချိန်ဇယားဖြင့် တစ်ပတ်ခုနစ်ရက် နားရက်မရှိ ပုံမှန်လည်ပတ်နေရသူ ကျွန်မအဖို့ စာရေးချိန် ဘယ်မှာ ရှိနိုင်ပါမည်နည်း။ 

ဒါတောင် အဖေနှင့်မောင်လေးက သူတို့အ၀တ်သူတို့လျှော် မီးပူတိုက်ပြီး၊ အဖေက မနက်၎နာရီခွဲမှ၇နာရီခွဲအထိ အမေ့ဝေယျာဝိစ္စတာဝန်ယူပြီး နံနက်စာကို စီစဉ်ပေး၍ ကျွန်မနဲနဲခံသာရသည်။ ဒါပေမယ့် ဟိုအရင်ကလို အပတ်စဉ် မီးပူမတိုက်နိုင်၊ အိမ်သန့်ရှင်းရေးကို စိတ်ရှိသလောက် အပြည့်အ၀မလုပ်နိုင်သေးသည့်အတွက် ကိုယ့်ကိုယ်ကိုအားမရ။ အိမ်သို့အလည်လာသော ကျွန်မ၏ ဦးလေးတစ်ယောက်ကတော့ သမီးက တစ်ယောက်တည်းနဲ့ အရာရာကို ထောင့်စေ့အောင်လုပ်ချင်တာကိုးဟု မှတ်ချက်ပေးသည်။ သူပြောတာလည်း ဟုတ်နေသည်။ ကျွန်မသူငယ်ချင်းတစ်ယောက် သူ့အဒေါ်ခြေကျိုးတုန်းက ခြောက်လလောက် အိမ်လုံးကျွတ်လူကုန် မနားရအောင် ပင်ပန်းကြကြောင်း၊ ကျွန်မအိမ်မှာလူပိုမရှိဘဲ တစ်ယောက်တည်း အမေ့ကိုပြုစုရင်း အိမ်အလုပ်လုပ်နေသည်မှာ အံ့သြစရာကောင်းကြောင်းပြောမှ ဘယ်လိုခွန်အားတွေနှင့် ငါလုပ်နိုင်နေတာပါလိမ့်ဟု ကျွန်မ ကိုယ့်ကိုယ်ကို သတိချပ်မိ၊ အံ့အားသင့်မိရပါသည်။

တကယ်တော့ ကျွန်မတစ်ယောက်တည်း ငါးလဆက်တိုက် သည်လောက်လုပ်နိုင်ခြင်းမှာ အချိန်စီမံခန့်ခွဲမှုကောင်းလွန်း၍ဖြစ်သည်။ နောက်ပြီး ကျွန်မက ဘယ်အရာကိုမဆို မြန်မြန်သွက်သွက် လုပ်တတ်သည့်အကျင့်ရှိသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ဒီလိုအခြေအနေမျိုးမှာမှ ကျွန်မက စာရေးချိန်ကို ကျောက်ခဲရေညှစ်ထုတ်သလို ညှစ်ပြီးယူချင်နေခြင်းသည် ကိုယ့်ကိုယ်ကို မညှာတာရာ ကျလွန်းမှန်းသိနေပါသည်။ နင်ရူးနေပြီလားဟု တစ်စုံတစ်ယောက်က ဝေဖန်ခဲ့လျှင်လည်း ဟင့်အင်း… ကျွန်မစာမရေးရရင်သာ ရူးသွားနိုင်တာ၊ စာရေးနိုင်သရွေ့ရူးမှာမဟုတ်ဘူးဟု ပြန်ပြောမိမှာ သေချာသည်။

တကယ်လည်း ကျွန်မ ရေးချင်သောစာ မရေးရသည့်အခါ၊ စာရေးချိန်မရသည့်အခါ နေမထိထိုင်မသာဖြစ်၍ နေလို့မကောင်းသလိုပင် ခံစားရသည်။ ငယ်ငယ်က လွန်းထားထားနှင့် အင်တာဗျူးတစ်ခုကို မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ရသည့်အခါ စာရေးခြင်းနှင့် ပတ်သက်ပြီး ကျွန်မက စာမရေးရလျှင် လက်တွေဘာတွေတောင် တုန်လာတတ်တယ်ဟု ဆရာမက ပြန်ဖြေသည်ကို နဲနဲပိုသည်ဟု ကျွန်မ ထင်ခဲ့မိသည်။ ခုချိန်မှာတော့ ကျွန်မက အောင်မြင်ကျော်ကြားသော စာရေးဆရာမတစ်ယောက် မဟုတ်သည့်တိုင် ကျွန်မ၀ါသနာပါသော စာရေးခွင့်မရဘဲ အိမ်အလုပ်တွေနှင့် အချိန်ကုန်ဆုံးသွားလျှင် ကျွန်မရူးသွားနိုင်သဖြင့် ဆရာမ မပိုကြောင်းကို ကျွန်မ နားလည်ခံစားတတ်ခဲ့ပြီဖြစ်သည်။

ကျွန်မမွေးနေ့အတွက် ပို့စ်ရေးတုန်းက ကျွန်မအိပ်ချိန်ထဲမှယူပြီး ရေးခဲ့ရသည့်အတွက် နောက်တစ်နေ့မှာ ကျွန်မအိပ်ရေးမ၀ဘဲ အပင်ပန်းပိုခဲ့ရသည်။ ကျွန်မ စာမဖြစ်ဖြစ်အောင် ရေးချင်လျှင်တော့ ကျွန်မအနားယူချိန်၊ အိပ်ချိန်တွေထဲက ဖဲ့ယူပြီးရေးမှရမည်။ တလောက ကျွန်မ သတင်းစာအတွက် ဆောင်းပါးရေးရင်း အချိန်လွန်သွားသဖြင့် အမေ့ကို ရေပတ်တိုက်ပေးဖို့ ပျက်ကွက်ခဲ့ရသည်။ အဲသည်လို လုပ်ဆောင်နေကျ ၀တ္တရားတစ်ခု အပျက်ကွက်ခံပြီး ရေးလျှင်တော့လည်း ရနိုင်သည်ပေါ့။

တကယ်တော့ ကျွန်မရေးချင်သောစာတွေ အများကြီးရှိနေသည်။ ကျွန်မလွမ်းဆွတ်နေမိသော အင်ဒိုရာညနေခင်းအကြောင်းတွေ၊ ကျွန်မတွေ့ဆုံခဲ့ရသော အာရှနဲ့အရှေ့အလယ်ပိုင်းက သူငယ်ချင်းအသစ်အကြောင်းတွေ၊ ညို့ကိုပြောပြချင်တဲ့ ခရီးစဉ်တစ်ခုအကြောင်းတွေ၊ နောက်ပြီး သတင်းစာအတွက် ဆောင်းပါးတွေ၊ အပျိုစင်မဂ္ဂဇင်းအတွက် လစဉ် အခန်းဆက် ခရီးသွားဆောင်းပါးတွေ … အများကြီးရေးဖို့ ရှိနေပါသေးသည်။ ရေးနိုင်ဖို့ကိုလည်း အားထုတ်ရပါမည်။ 

တစ်ခုပဲရှိသည်၊ ကျွန်မ ရေးချင်သောစာတွေ အားလုံးအတွက် အေးအေးဆေးဆေး အချိန်ပေးပြီး မရေးနိုင်သေးတာဖြစ်သည်။ ဆရာမဂျူးက အေးအေးဆေးဆေး စာဖတ်ဖို့ မကြာခဏကြွေးကြော်မိသော်လည်း ဝေးနေဆဲဖြစ်ကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးခဲ့ဖူးသလို ကျွန်မသည်လည်း အေးအေးဆေးဆေး စာရေးနိုင်ဖို့ ဆန္ဒပြင်းပြနေသော်လည်း အကောင်အထည်ဖော်ဖို့ရာ အဝေးကြီးဝေးနေဆဲဖြစ်ကြောင်း လတ်တလောဖြတ်သန်းရသော အခြေအနေက သက်သေထူနေပါသည်။ 

လောလောဆယ်မှာတော့ စာရေးချင်သည့် ဆန္ဒကို မချိုးနှိမ်နိုင်၍ အနားယူချိန်မှာ မယူဘဲ စာရေးနေမိသည့်ကိုယ်ကိုယ်ကို အပြစ်မတင်မိတော့ပါ။

အေးအေးဆေးဆေး စာရေးနေသည့် ကျွန်မပုံရိပ်ကို စိတ်ကူးထဲမှာ မြင်ယောင်တမ်းတရင်း အေးအေးဆေးဆေး စာရေးဖြစ်ခဲ့သောအချိန်များကို ကျွန်မ လွမ်းနေမိပါသည်။

ဇွန်မိုးစက်
၂၈-၇-၂၀၁၄
ညနေ ၄နာရီ၂၀မိနစ်

ပြုံးမိတဲ့စာ

4

Category: ,

ညိုရေ…

ဘာလိုလိုနဲ့ ကမ္ဘာ့ဖလားပွဲရာသီတောင် တစ်ကျော့ပြန်ရောက်ခဲ့ပြီနော်။ လွန်ခဲ့တဲ့လေးနှစ်က တို့နှစ်ယောက် အဇူရီဂျာစီဆင်တူဝတ်ပြီး စတုတ္ထရိပ်သာလမ်းထက်မှာ ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာ ဘာမှသိပ်မကြာလိုက်သလိုဘဲ။ တကယ်တော့ ငါလည်း ဘောလုံးလောကနဲ့ အဆက်ပြတ်နေတာ ကြာပြီဆိုတော့ ကစားသမားအသစ်တွေတောင် သိပ်မသိတော့ပါဘူး။ ၉၄ခုနှစ်ကတည်းက တောက်လျှောက်အားပေးခဲ့တဲ့ ဘောလုံးသမားတွေက အခုဆို ကလပ်အသင်းတွေမှာ နည်းပြတွေဘာတွေတောင် ပြန်ဖြစ်ပြီး တစ်ချို့ကလည်း လက်ရွေးစင်ဘောလုံးသမားဘ၀ကနေ ရာသက်ပန် အနားယူကုန်ကြပြီ။ ရွန်းနီတို့ ဒိုလေးတို့ဆိုတာလည်း ငါတို့မျက်စိအောက်မှာပဲ ကြီးလာကြတဲ့ ကစားသမား အကျော်အမော်တွေ မဟုတ်လား။ ဒီနှစ်တော့ ဘယ်အသင်းအားပေးရမှန်း မသိပါဘူးဟယ်။ နှစ်စဉ်နှစ်တိုင်း အားပေးလာခဲ့တဲ့ တို့အီတလီအသင်းက ဒီနှစ်တော်တော်လေး အားနည်းနေပုံပါပဲ။ ကစားသမားအသစ်တွေနဲ့ပွဲထုတ်မယ့် အင်္ဂလန်ရဲ့ ရလဒ်ကတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး။ သေချာတာကတော့ ဒီနှစ်ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေစာရင်းမှာ သူတို့နှစ်သင်း ပါမလာတာဘဲ။ 

လက်ရှိချန်ပီယံစပိန်ရယ်၊ အိမ်ရှင်ဘရာဇီးရယ်၊ နောက်အာဂျင်တီးနားနဲ့ ဂျာမနီအသင်းရယ်ကတော့ တော်တော်လေး တစ်ပြေးနေတယ်လို့ အားကစားသတင်းတွေမှာ ဖတ်ရတယ်။ တို့အမြဲအားပေးနေတဲ့ အသင်းနှစ်သင်းက ဆော်ပေါ်လိုမြို့က ကွင်းကြီးမှာ အုပ်စုဖွင့်ပွဲ ကန်ရမှာ။ ဒါပေမယ့် ကွင်းကြီးက မဖွင့်ခင် တစ်ရက်အလိုထိ အဆင်သင့်ရာနှုန်းပြည့် မဖြစ်သေးတော့ အချိန်မှီပြီးစီးအောင် သက်ဆိုင်ရာတွေက တော်တော်လေး ကြိုးစားအားထုတ်နေရရှာတယ်။ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းတွေ ထပ်မဖြစ်ဘဲ ကမ္ဘာ့ဖလားပွဲကြီးကို အေးအေးဆေးဆေး ပြီးသွားချင်ပါတယ်ဟာ။ ဒီတစ်ခါတော့ အသင်းလိုက်အားမပေးဘဲ ကာဆီးလက်စ်မျက်နှာနဲ့ စပိန်ကိုပဲ အားပေးလိုက်ရမလား၊ မက်ဆီပါတဲ့ အာဂျင်တီးနား ဗိုလ်စွဲဖို့ပဲ ဆုတောင်းပေးရမလားလို့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတယ်။ နင်ရော… ဒီနှစ် ဘယ်သူ့ကို အားပေးမလဲ။

ဒါနဲ့လေ… လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ဗီရိုရှင်းတော့ ၉၈၊ ၉၉လောက်က ငါရေးထားတဲ့စာတွေ ပြန်တွေ့တယ်သိလား။ အဲဒီ့ထဲမှာ တစ်ပုဒ်က ထူးထူးခြားခြား ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ရေးခဲ့တဲ့ အက်ဆေးစာလေး။ အတိအကျပြောရရင် လွန်ခဲ့တဲ့ ၁၆နှစ်က အီတလီအသင်း ပယ်နယ်တီနဲ့ရှုံးသွားခဲ့လို့ စိတ်မကောင်းဖြစ်ပြီး ခံစားချက်အပြည့်နဲ့ ရေးခဲ့တဲ့စာပေါ့ဟာ။ အခုချိန်မှာ ဖတ်ကြည့်ပြီးတော့ ပြုံးမိတယ်။ နင်မဖတ်ဖူးသေးတဲ့စာလည်းဖြစ်၊ နောက်ပြီး ကမ္ဘာ့ဖလားနဲ့ အီတလီအသင်းရယ်၊ ဘက်ဂီယိုအကြောင်းလည်းပါတော့ နင်ဖတ်ရအောင် လက်ရေးမူကို အမေ့ကို ဆေးရုံမှာ စောင့်ပေးခဲ့တဲ့ ရက်တွေမှာပဲ ငါ ကွန်ပျူတာနဲ့ စာပြန်ရိုက်ထားလိုက်တယ်။ 

တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန် ဇွန်လ ၁၂ရက်နေ့ဆိုတော့ ကမ္ဘာ့ဖလားဖွင့်ပွဲကြီးစပြီ။ ၂၀၀၆ခုနှစ် အီတလီဗိုလ်စွဲတုန်းက ကမ္ဘာ့ဖလားဖွင့်ပွဲစတာ ဇွန်လ ၉ရက် ငါ့မွေးနေ့ဆိုတာ မှတ်မိနေသေးတယ်။ အဲဒီတုန်းက ငါ့မွေးနေ့မှာစတဲ့ ကမ္ဘာ့ဖလားမို့ ငါအားပေးတဲ့အသင်းနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်က တကယ်ဖြစ်လာခဲ့တယ်။ ဒီနှစ် ၁၂ရက်နေ့ကလည်း မြန်မာလို နယုန်လပြည့်ဆိုတော့ ငါ့မွေးနေ့ပဲလေ။ ဒီတော့ ငါတို့အားပေးနေကျ အသင်းတစ်သင်းတစ်လေများ ဗိုလ်လုပွဲတက်ရဦးမလားလို့ မျှော်လင့်ချင်သေးတာ။ တကယ်ဗိုလ်စွဲမယ့်အသင်းကိုတော့ ဇူလိုင် ၁၃ရက်နေ့မှပဲ သိရမှာပေါ့ဟာ။

ဘယ်လိုပဲဖြစ်ဖြစ်… ၉၈တုန်းက ငါရေးခဲ့တဲ့ ငယ်လက်ရာ အတွေးနဲ့အရေးလေး နင်ဖတ်ဖြစ်အောင် ဖတ်လိုက်နော်။ စာနဲ့အပိုဒ်ခွဲတာတွေအားလုံး မူရင်းစာထဲကအတိုင်း ဘာမှပြန်မပြင်ဘဲ စာစီထားတယ် သိလား။း)

လွမ်းဆွတ်သတိရစွာ
ဇွန်
----------------------------------------------------------------------------------------------------------------


ယနေ့သည် ၁၉၉၈ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကို ဇွန်လ (၁၀) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစားလာကြရာ ယနေ့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များ စတင်ကစားမည့်နေ့လည်းဖြစ်သည်။ ကျွန်မတို့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ တွင် ဘရာဇီးနှင့် ဟော်လန်တို့ယှဉ်ပြိုင်ကာ ဗိုလ်လုပွဲသို့ တက်ကြမည့် အသင်းများ၏ ခြေကုန်ကစားမည့်ပွဲဖြစ်သည်။

သို့ရာတွင် ကျွန်မတို့ စိတ်မ၀င်စားတော့ပါ။ ထိုပွဲကို ကြည့်ရုံသာကြည့်ပြီး မည်သည့်ဘက်ကမှ တခဲနက် အားပေးထောက်ခံခြင်း မပြုတော့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ အလွန်အားပေးသော၊ အားထားသော၊ ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်ပြီး ကမ္ဘာ့ဖလားကြီးအား ဆွတ်ခူးစေချင်သော၊ ကျွန်မတို့မိသားစု အလွန်ကြိုက်သော “အီတလီ” အသင်း မပါဝင်တော့သောကြောင့်ဖြစ်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲများကို ၁၉၉၄ မတိုင်မီ 555 မှ sponsor လုပ်၍ မပြသေးမီကာလအထိ ကျွန်မတို့ မသိခဲ့ကြပါ။ ကမ္ဘာ့ဖလားဘောလုံးပွဲရှိသည်ဟုလည်း မကြားမိခဲ့ပါ။ ၁၉၉၄ ရောက်မှ 555 ၏ ကျေးဇူးကြောင့် သိမြင်ကြည့်ရှုအားပေးရခြင်း ဖြစ်ပါသည်။

သို့သော် ထိုစဉ်က မည်သည့်အသင်းကိုမျှ သေချာမသိခဲ့။ ကျွန်မတို့သိသော ဘောလုံးသမားတစ်ယောက်သာရှိသည်။ ထိုသူမှာ အီတလီအသင်းမှ “ဘက်ဂီယို” ဖြစ်သည်။ သူ၏စွမ်းဆောင်မှုဖြင့် အီတလီအသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်လာသည်ဟုဆိုက မမှားပါ။

သို့သော် ဘက်ဂီယို၏ကန်ချက်အပေါ်သို့မြောက်သွားသဖြင့် သရေဖြစ်နေသော ဘရာဇီးနှင့် အီတလီပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်နှင့် ဒုတိယဖြစ်ခဲ့ရသည်။ သို့ရာတွင် ကျွန်မတို့ သူ့ကို အပြစ်မတင်မိခဲ့ပါ။ သူ့ကြောင့်ဟူ၍လည်းအပြစ်ပြောဖို့ရာထက် အသနားစိတ်ကလေးပိုဝင်ခဲ့သည်။ သူ့ခြေထောက်နာနေသည်ဟုလည်း သိရသောကြောင့်ဖြစ်သည်။ ကျွန်မတို့ အီတလီအသင်းအား သနားမဆုံး ဖြစ်ခဲ့ရသည်။ ကျွန်မတို့ ဤအသင်းကို အလွန်နိုင်စေချင်ပါသည်။

၁၉၉၆ခုနှစ်တွင် ဥရောပဖလားပွဲများကျင်းပရာ Philip ၏ အကူအညီဖြင့် ကျွန်မတို့ ထပ်မံ၍ ကြည့်ရှုခွင့်ရခဲ့ပါသည်။ အီတလီအား ဥရောပဖလားတွင် ဗိုလ်စွဲစေချင်စိတ်လည်း ထပ်မံဖြစ်ပေါ်လာပါသည်။ သို့ရာတွင် အသင်းထဲ၌ ဘက်ဂီယို မပါဝင်တော့ဘဲ ဇိုလာ၊ ပေါ်လိုမာဒီနီ အစရှိသောသူများသာ ပါဝင်ကြောင်း တွေ့ရသည်။ ထိုစဉ်က နည်းပြဆရာ၏ဆုံးဖြတ်ချက်မှားသည်ဟု ကျွန်မထင်သည်။ အီတလီသည် ထိုစဉ်က အုပ်စုပွဲကျော်အောင် မကစားနိုင်ခဲ့ပါ။

၁၉၉၈ခုနှစ်ရောက်သောအခါ ကျွန်မတို့ အလွန်ပျော်ခဲ့ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲများအား London King Size အကူအညီဖြင့် ပွဲစဉ်အားလုံး မလွတ်တမ်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့သည် ထိုစဉ်ကတည်းကပင် အီတလီအသင်းအား အားပေးနေခဲ့သည်။ ယခုတစ်ကြိမ်တွင် အီတလီသည် ဗိုလ်လုပွဲသို့တက်ရောက်၍ ကမ္ဘာ့ဖလားအား စတုတ္ထအကြိမ်မြောက် ဆွတ်ခူးနိုင်ရန် အလွန်ပင် မျှော်လင့်ခဲ့ကြသည်။

ပြိုင်ပွဲများမစမီ ကျွန်မမောင်လေးထံမှ ကြားရသောသတင်းစကားကြောင့် ပို၍ပျော်ခဲ့သည်။ အပြီးသတ်လူရွေးရာတွင် ရောဘတ်တိုဘက်ဂီယို ပြန်လည်ပါဝင်လာခြင်းဟုဆိုသောကြောင့် နည်းပြဆရာ ဆီဇာမာလ်ဒီနီအား အလွန်ကျေးဇူးတင်ခဲ့သည်။

ကျွန်မတို့နောက်ထပ်အားပေးသော အသင်းတစ်သင်းမှာ အင်္ဂလန်အသင်းဖြစ်သည်။ အင်္ဂလန်အား ဤတစ်ကြိမ်တွင် ဗိုလ်စွဲမည်ဟု ခုနှစ်သက္ကရာဇ်ဖြင့်တွက်ချက်ကြသူများက ဟောကိန်းထုတ်သည်။ ကျွန်မတို့ အင်္ဂလန်အသင်းအား ယခုနှစ်မှမဟုတ်၊ ၉၆ ဥရောပဖလားမှစတင်၍ အားပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း အင်္ဂလန်အသင်းအား ၉၆ ဥရောပဖလားအား ရယူစေချင်ခဲ့သည်။ သို့သော် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ဂျာမနီတို့အား ရှုံးနိမ့်ခဲ့သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားအား ၁၉၆၆ခုနှစ် တစ်ကြိမ်တွင်သာ ရဖူးသဖြင့် သူ့ကိုလည်း ထပ်မံ၍ ရစေချင်သောကြောင့် ဖြစ်ပါသည်။

ပြိုင်ပွဲများစတင်သောအချိန်မှစ၍ ကျွန်မတို့ အီတလီနှင့် အင်္ဂလန်အား တခဲနက် အားပေးခဲ့ကြသည်။ သို့သော် မြန်မာစံတော်ချိန်နှင့် အီတလီအသင်းပြိုင်ပွဲများမှာ ပို၍ကြည့်ချိန်ကိုက်ညီနေသဖြင့် အီတလီ၏ကစားကွက်ကို ပိုမိုကြည့်မြင်သိရှိခဲ့ရသည်။ အီတလီသည် ခံစစ်အားအလွန်ကောင်းသောအသင်းဖြစ်သည်။ ကျွန်မယခုအချိန်ထိ ကြည့်ပြီးသမျှ ပွဲများစွာထဲတွင် အီတလီ၏ နောက်တန်းသည် အကောင်းဆုံးနှင့် အလုံခြုံစိတ်အချရဆုံးဖြစ်သည်။

အုပ်စု(ခ)မှ အီတလီနှင့် ချီလီအသင်းတို့စတင်ယှဉ်ပြိုင်ကစားသောနေ့၌ပင် ဘက်ဂီယိုပါဝင်သဖြင့် အလွန်ကျေနပ်ခဲ့သည်။ ဘက်ဂီယိုကြောင့် အီတလီအသင်းရှုံးမည့်အနေမှ သရေဖြစ်ခဲ့သောကြောင့် ကျွန်မတို့ စိတ်ပူပင်မှုများ ပြေလျော့သွားရသည်။ ဒုတိယပွဲစဉ်တွင် အီတလီနှင့် ကင်မရွန်းတို့ ယှဉ်ပြိုင်ကစားကြရာ မနက် ၁း၃၀ ပွဲဖြစ်သော်လည်း အိပ်ရေးပျက်ခံ၍ အားပေးကြသည်။ အီတလီက သုံးဂိုးဂိုးမရှိဖြင့်နိုင်သဖြင့် အလွန်ကျေနပ်အားရခဲ့သည်။ သြစတြီးယားနှင့်ပွဲတွင်လည်း နိုင်ခဲ့သဖြင့် ပျော်ရွှင်ခဲ့ရသည်။ အီတလီအား နောက်တစ်ကြိမ်ဗိုလ်လုပွဲတက်ရောက်နိုင်သောအသင်းအဖြစ် အားထားခဲ့သည်။

ရှုံးထွက်ပွဲစဉ်တွင် ဘရားဇီးအား ၂ဂိုး၁ဂိုးဖြင့် အနိုင်ရအောင်ကစားထားသော နော်ဝေးအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသဖြင့် အလွန်ဝမ်းသာခဲ့ရသည်။

သို့သော် ထိုစဉ်ကတည်းကစ၍ အိမ်ရှင်ပြင်သစ်နှင့်တွေ့လျှင်ဟူသော စိုးရိမ်စိတ်က ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် အီတလီ၏ခြေမှာ ပြင်သစ်ထက်သာလွန်ပြီး နောက်တန်းလည်း အလွန်ကောင်းသဖြင့် ဆီမီးဖိုင်နယ်တက်မည်ဟု အီတလီအသင်းမှ အားပေးစိတ်နှင့် စိုးရိမ်မှုများကို ပယ်ဖျောက်ခဲ့ရသည်။

ကျွန်မတို့ထပ်မံအားပေးလျက်ရှိသော အင်္ဂလန်အသင်းမှာ အာဂျင်တီးနားအားနိုင်တော့မည့် အခြေအနေရှိနေပါရက် ဒိုင်လူကြီးနှင့်ဆုံးဖြတ်ချက်အမှားကြောင့် ၁ယောက်ထုတ်ခံရပြီး ဒုတိယပိုင်းနှင့် အချိန်ပိုတို့တွင် ၁၀ယောက်တည်းဖြင့် ခုခံကစားသွားရာမှ ပယ်နယ်တီအဆုံးအဖြတ်ပြုရာ ၄ဂိုး၃ဂိုးနှင့် ရှုံးနိမ့်ကာ ကွာတားဖိုင်နယ် မတက်ရောက်နိုင်သောကြောင့် ကျွန်မတို့ထပ်မံအားပေးချင်၍ မရတော့ပါ။ ထို့ကြောင့် ကျွန်မတို့၏အားပေးမှုသည် အီတလီအသင်းပေါ်တွင် ပိုမိုစုပြုံလာကာ ကွာတားဖိုင်နယ်သာမက ဆီမီးဖိုင်နယ်ကိုပါ ဖြတ်ကျော်ကာ ၉၄ခုနှစ်မှ ဆုံးရှုံးခဲ့ရသောဖလားကို နောက်တစ်ကြိမ်ထပ်မံရစေချင်သည်မှာ အလွန်ပြင်းပြသော ကျွန်မဆန္ဒအမှန်ပင်ဖြစ်သည်။

သို့သော် ပွဲစသည်နှင့်တပြိုင်နက် ပြင်သစ်အသင်း၏ တဖက်သက်ဖိကစားလွန်းမှုကြောင့်လည်းကောင်း၊ ဒိုင်လူကြီး၏ မျက်နှာသာမပေးမှုကြောင့်လည်းကောင်း၊ ပြင်သစ်တို့ဘက်သို့ ဒိုင်လူကြီး ပို၍အခွင့်အရေးပေးခြင်းတို့ကြောင့် အီတလီအသင်းဂိုးသွင်းခွင့်မှာ အလွန်နည်းပါးနေခဲ့ကြောင်း တွေ့ခဲ့ရသည်။ ပြင်သစ်မှလည်း အလွန်အမင်းခုခံကာ ဂိုးသွင်းခွင့်မပေးခဲ့ခြင်းကြောင့် အချိန်ပိုကစားပြီးချိန်အထိ ဂိုးမသွင်းနိုင်ဘဲ သရေဖြစ်ခဲ့သည်။

ပယ်နယ်တီဖြင့် ဆုံးဖြတ်တော့မည့်အချိန်တွင် ကျွန်မတို့ရင်အားလုံး အခုန်မြန်ကာ ခြေဖျားလက်ဖျားများ အေးစက်လျက်ရှိကြသည်။ သို့သော် မနှစ်ကလို အဖြစ်မျိုးထပ်မံ မကြုံတော့ဟု အားတင်းပြီး ဆက်ကြည့်သည်။ ကျွန်မတို့ ဘယ်လိုမှ မမျှော်လင့်ခဲ့သောအရှုံးအား ပြင်သစ်က အလွန်မကောင်းပါဘဲနှင့် ပယ်နယ်တီဖြင့် အနိုင်ရသွားခဲ့သည်။

ကျွန်မတို့မိသားစုသုံးယောက် စကားပင်မပြောနိုင်။ ၉၄မှ အဖြစ်မျိုး မဖြစ်စေချင်ခဲ့သော၊ ကျွန်မတို့အားပေးခဲ့သော အသင်းနှစ်သင်းလုံးမှာ ပယ်နယ်တီ ၄ဂိုး ၃ဂိုးစီဖြင့် မထင်မှတ်သော တူညီတိုက်ဆိုင်မှုများဖြင့် ရှုံးနိမ့်ခဲ့ကြသောကြောင့် အလွန်ပင် ၀မ်းနည်းပက်လက် ဖြစ်ရသည်။

ကျွန်မကိုယ်တိုင် စာလည်းမကျက်နိုင်၊ စာမေးပွဲလည်း သွားမဖြေနိုင်ဘဲ နောက်နေ့တစ်နေ့လုံး စိတ်လေသလိုဖြစ်ကာ ဘယ်လိုမှဖြေ၍ မရနိုင်ဘဲရှိနေခဲ့သည်။ ကျွန်မတို့အားပေးသော အီတလီအသင်းမှာ ကွာတားဖိုင်နယ်၏ ပထမဆုံးပွဲစဉ်ဖြစ်၍ အခြားကျန်သောပွဲများအား ဘယ်လိုမှ စိတ်ဝင်တစားနှင့်ကြည့်၍ မရတော့ချေ။ ရင်ထဲတွင်ဟာတာတာနှင့် ဟင်းလင်းပြင်ဖြစ်ကျန်ခဲ့သည်။ တစ်ဖက်တွင် ဘရာဇီးမှ ဒိန်းမတ်ကိုနိုင်သည်ဟူသော သတင်းကြားလည်း မတုန်လှုပ်တော့။ ဟော်လန်နှင့် အာဂျင်တီးနားပွဲတွင် အင်္ဂလန်အား အနိုင်ယူထားသော အာဂျင်တီးနားရှုံးနိမ့်သွားသဖြင့် ပျော်သည်ဆိုရုံကလေးမျှသာ အနည်းငယ်ပျော်သည်။ ဂျာမနီနှင့်ခရိုအေးရှားပွဲတွင် ခရိုအေးရှားမှ သုံးဂိုး ဂိုးမရှိနိုင်သည်ဟုဆိုသဖြင့် အလွန်ပင်အံ့သြခဲ့ရသည်။ စိတ်မကောင်းလည်းထပ်မံဖြစ်မိသည်။ အကယ်၍သာ အီတလီသာ အိမ်ရှင်ပြင်သစ်အားနိုင်ခဲ့မည်ဆိုပါက ခရိုအေးရှားကို နိုင်လိမ့်မည်ဟု ကျွန်မထင်ပါသည်။ သို့သော်… မျှော်လင့်ထားသလို ဖြစ်မလာခဲ့တော့ပါ။

နောက်တစ်နေ့သတင်းစာများထဲတွင် အီတလီအသင်းမှာ ပယ်နယ်တီဖြင့် အဆုံးအဖြတ်ခံရာတွင် မည်သည့်အခါကမှ နိုင်ခဲ့ခြင်းမရှိကြောင်း သိရသဖြင့် ပို၍ယူကျူံးမရဖြစ်ရသည်။ စိတ်မကောင်းလည်း ဖြစ်ရသည်။ ပို၍စိတ်မကောင်းဖြစ်ရခြင်းမှာ ပွဲစဉ်တလျှောက်လုံးတွင် ဘက်ဂီယိုသည် မိမိအသင်းအတွက် အစွမ်းကုန်ကြိုးစားမည်ဟူသောအသိနှင့် အသင်းဘက်မှ တိုက်စစ်အားပိုမိုကောင်းလာအောင် သူ၏ကြိုးစားမှုဖြင့် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

၁၉၉၄ခုနှစ်ကကဲ့သို့ အမှားမျိုးမဖြစ်ရလေအောင် ကြိုးစားကစားသွားခဲ့သည်။ ပယ်နယ်တီကန်သွင်းရာတွင်လည်း စိတ်အေးဆေးတည်ငြိမ်စွာဖြင့် ကန်သွင်းခဲ့ခြင်းကြောင့် ယခုနှစ်အသင်းရှုံးရခြင်းသည် သူနှင့်မည်သို့မျှမပတ်သက်တော့။ ဂိုးသမားအနေနှင့်လည်း အပြစ်မရှိ။ အသင်းအနေနှင့်လည်း ခြေစွမ်းပြနိုင်ခဲ့သည်။ အသင်းကြီးတစ်သင်းပီသစွာပင် နောက်တန်းမှ ခံစစ်အားကောင်းသကဲ့သို့၊ ရှေ့တန်းမှ ဗီအာရီကလည်း ဘက်ဂီယို၊ ဒယ်ပီအာရိုတို့နှင့် အတွဲညီစွာ ဂိုးများစွာ သွင်းပေးခဲ့သည်မှာ ယနေ့အချိန်ထိ သူ့ထက်ကျော်အောင် ဂိုးသွင်းနိုင်သူ မရှိသေးပါ။ ထို့ကြောင့် အီတလီအသင်းအတွက် ဂိုးသွင်းဘုရင်ဆုရရန် ဆုတောင်းပေးရုံသာရှိတော့သည်။

အင်္ဂလန်အသင်း မရှုံးသင့်ဘဲရှုံးစဉ်က အီတလီရှိနေသေးသဖြင့် ဖြေသာသော်လည်း အီတလီအသင်း မမျှော်လင့် မထင်မှတ်ထားဘဲ ပယ်နယ်တီဖြင့် အရေးနိမ့်သွားသောအခါ တော်တော်နှင့်ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အထူးသဖြင့် နောက်ဆုံးပယ်နယ်တီဂိုးကို ကန်သွင်းသူ ဒီဘက်ဂီယိုမှာ မိမိသွင်းလိုက်သောဘောလုံးတိုင်ထိပြီး ထွက်လာသဖြင့် နေရာမှလဲကျသွားစဉ် ဘက်ဂီယိုမှ လာရောက်ဆွဲထူခဲ့ရာ ဘက်ဂီယိုအတွက်ပို၍ စိတ်မကောင်းဖြစ်ရသည်။ ယခုနှစ်အတွက် သူ၏အစွမ်းဖြင့် ဗိုလ်လုပွဲသို့ အရောက်တက်မည်ဟု မျှော်မှန်းခဲ့ရပုံသူ့အတွက် ကျွန်မတို့ဝမ်းနည်းရသည်။ သူနှင့်အဖြစ်တူသူ အသင်းသားတစ်ယောက်အတွက် သူ၏ခံစားမှုနှင့်နားလည်ပေးကာ အသင်းသားများအား အားပေးခဲ့သောသူ့အတွက် ကျွန်မတို့ စိတ်မကောင်းဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များပြီးဆုံးသွားသော်လည်း ထပ်မံအားပေးရန် အီတလီအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် မရခဲ့ပါ။ အကယ်၍ ဥရောပဖလားပြိုင်ပွဲ (သက္ကရာဇ် ၂၀၀၀) ကျင်းပသောအခါ ဘက်ဂီယိုပါဝင်ကစားနိုင်ခဲ့မည်ဆိုလျှင် သူကစားနေစဉ် အချိန်ကာလအတွင်း ဥရောပဆုဖလားကြီးအား သူနှင့်အတူ အီတလီအသင်းအား ရစေချင်ပါသည်။

သက္ကရာဇ် ၂၀၀၀ ဥရောပဖလားတွင် အီတလီအသင်းအတွက် သူပါဝင်ကစားနိုင်လျှင်၊ ထိုဖလားကို ဆွတ်ခူးနိုင်မည်ဆိုလျှင် ကျွန်မရည်မှန်းချက်တစ်ဝက်ပြည့်ပြီး ဖြစ်လိမ့်မည်။ သူမပါဘဲ ထိုဆုဖလားရခဲ့လျှင် ကျွန်မတို့ ဖြေသိမ့်နိုင်ကြမည်။ ယခုနှစ်အတွက် သူပါဝင်ကစားခဲ့ရသော အချိန်များအတွင်း သူ၏အစွမ်းဖြင့် မိမိအသင်းအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကလိုအဖြစ်မျိုး ထပ်မံကြုံတွေ့စရာအကြောင်း မရှိတော့သော်လည်း ပယ်နယ်တီဖြင့် ကံခေရသော အီတလီအသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိတော့ပါ။

အီတလီအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ကစားခဲ့သော ဘက်ဂီယိုသည် မိမိအနေဖြင့် မိမိအသင်းဘက်မှ အတတ်နိုင်ဆုံး ဆုဖလားကိုရယူပေးစေချင်သော သူ့ဆန္ဒမှာလည်း မပြည့်ဝနိုင်တော့။ နောင်တစ်ကြိမ်တွင် သူ့အသက်အရွယ်နှင့် ပါဝင်ကစားနိုင်ချင်မှ ကစားနိုင်မည်။ သို့သော် မသေချာပါ။ မည်သို့ဆိုစေ ကျွန်မတို့အဖို့ အီတလီအသင်းအား ကမ္ဘာတည်သရွေ့၊ ကျွန်မတို့အသက်ရှင်နေသ၍ အစဉ်အားပေးနေမည်မှာ အလွန်သေချာပါသည်။ ထိုနည်းတူ အင်္ဂလန်အသင်းအားလည်း အားပေးရင်း နောင်လာမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများတွင် အီတလီနှင့်အင်္ဂလန်တလှည့်စီ ဗိုလ်စွဲနိုင်စေရန် ဆုတောင်း၍ ကြည့်ရှုအားပေးနေမည် ဖြစ်ပါသည်။
***