နှုတ်ဆက်လိုက်တယ် ၂၀၁၀

9

Category:

အလယ်တန်းတုန်းက လက်ရေးသိပ်လှတဲ့ သူငယ်ချင်းတစ်ယောက် ကိုယ့်အော်တိုစာအုပ်ထဲမှာ အမှတ်တရ ရေးဖူးတယ်။ “နေ့တွေ ညတွေ ပြောင်းလဲခဲ့၊ ရာသီတွေလည်း ပြောင်းလဲခဲ့၊ မင်းကိုခင်တာ တို့တသက်” တဲ့။ စလုံးမှာတော့ ရာသီတစ်ခုတည်း မပြောင်းလဲပေမယ့်  နေ့တွေ ညတွေ တလှည့်စီ ပြောင်းလဲခဲ့တာ ၂၀၁၀ တောင် လွန်မြောက်တော့မယ်။ နှစ်တစ်နှစ်ကုန်သွားတိုင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတဲ့ အကျင့်လေး ရနေတော့ အရင်နှစ်တွေကလိုပဲ သုံးသပ်ကြည့်မိပြန်တယ်။

ဒီနှစ်အတွင်း မိတ်ဆွေတွေပိုများ၊ စိတ်တွေ ပိုများ၊ စားရတဲ့ အကြိမ်အရေအတွက်နဲ့ သွားရတဲ့လမ်းတွေ ပိုများတယ်။ ပိုလည်းပင်ပန်းတယ်။ မနှစ်ကနဲ့ ဒီနှစ်ယှဉ်ကြည့်တဲ့အခါ ကုသိုလ်စိတ်က အရင်နှစ်ကို မမှီဘူး။ စိတ်တိုဒေါသထွက် စိတ်ရှုပ်ရတဲ့ အချိန်တွေ ၂၀၀၉ ထက်ပိုများတယ်။ ဘလော့ဂ်လေးကြောင့် အိပ်ရေးအပျက်များခဲ့တဲ့နှစ်ဖြစ်ခဲ့ပေမယ့် ကိုယ်ပေးချင်တဲ့ message လေးတွေကို ဘလော့ဂ်ကနေတဆင့် ဝေမျှခွင့်ရတဲ့အကျိုးကြောင့် ၀မ်းသာပီတိဖြစ်ရလို့ အိပ်ပျက်ညတွေကို ကျေနပ်စွာနဲ့ သင်ပုန်းချေလိုက်ပါတယ်။

တရားစခန်းကတော့ ၂၀၀၉ တုန်းကလိုပဲ ရက်ရှည် ၉ ရက်စခန်း ၂ ခါ ၀င်ဖြစ်တယ်။ ခရီး ၃ ခေါက် ထွက်ဖြစ်တယ်။ မြန်မာပြည် ၁ ခေါက်၊ မလေးရှားက ၂ ခေါက်။ အလှူအတန်းက မနှစ်ကထက် အများကြီး ပိုလှူဖြစ်တယ်၊ ပိုလည်း လှူနိုင်လာတယ်။ သဒ္ဓါတရား ပိုကောင်းလာတဲ့အတွက် ကိုယ်ကိုယ်တိုင်တော့ ကျေနပ်မိပါတယ်။ 

အရင်နှစ်တွေက လုပ်မယ်လုပ်မယ်နဲ့ စိတ်သာရှိပြီး အကောင်အထည် မဖော်ဖြစ်တဲ့ ကိစ္စတစ်ချို့ ၂၀၁၀ မှာ လက်တွေ့ အကောင်အထည်ဖော်ဖြစ်သွားတယ်။ ဥပမာ-နာဂစ်ကြောင့် မိဘဆုံးပါး စီးပွားချို့တဲ့သွားလို့ ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိနေတဲ့ မူလတန်းကလေးတစ်ယောက်ကို တစ်နှစ်စာ ပညာသင်စရိတ် ပံ့ပိုးပေးဖြစ်ခဲ့တယ်။ (လာမယ့်နှစ်မှာလည်း ဆက်လက်ပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားတယ်)။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် သွေးလှူဖြစ်ခဲ့တယ်။ 

နောက်ပြီး ကိုယ်ပြုခဲ့သမျှ ဒါနအဖုံဖုံ အတွက် အလှူစာရင်းကို စာအုပ်နဲ့ ရေးမှတ်ဖြစ်တယ်။ ၂၀၀၈ ကနေစပြီး အခု ၂၀၁၀ထိ လှူခဲ့သမျှ ဆွမ်း၊ ခဲဖွယ် န၀ကမ္မအားလုံး မှတ်မိသလောက် ချရေးကြည့်တော့ ၂၀၀၈ အတွက် ကျောင်းသုံးဗလာစာမျက်နှာတစ်ဝက်၊ ၂၀၀၉ အတွက် တစ်မျက်နှာခွဲ နဲ့ ၂၀၁၀ အတွက် သုံးမျက်နှာနီးပါး ရှိနေတယ်။ စိတ်မကြည်တဲ့အခါ အဲဒီစာမျက်နှာတွေကို ပြန်ဖတ်ကြည့်လိုက်ရင် ကြည်နူးစိတ်တွေပေါ်ပြီး ကုသိုလ်စိတ်ပါ တခါတည်း ရသွားတော့ ကိုယ့်အတွက် အကျိုးများလှပါတယ်။ 

ကုသိုလ်ဖြစ်လူမှုရေး အသင်းအဖွဲ့တွေမှာလည်း တတ်အားသရွေ့ပါဝင်ပြီး ဒါနကုသိုလ်တွေ စုခွင့်ရခဲ့တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုနိုင်ပါတယ်။ ကျန်းမာရေးကတော့ အရင်နှစ်တွေကလောက် မကောင်းဘူး။ ၂၀၁၀အတွက် စုစုပေါင်း အမ်စီ ၁၁ရက် ယူခဲ့ရတယ်။ ကိုယ်အလေးချိန်က သိသိသာသာ တိုးလာတယ်။ ဒါကြောင့် ၂၀၁၁ အတွက် New Year resolution ကို “Lose Weight, Look Great” လို့ ကြွေးကြော်ထားတယ်။ လှဖို့ထက် ကျန်းမာရေးကောင်းဖို့က အဓိကပါ။ ဒါမှ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တောတွေကို စိတ်သွားတိုင်း ကိုယ်ပါပြီး ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ချင်လို့။

ဒီနှစ်ထဲမှာ စံချိန်ချိုးတာ တစ်ခုရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ ရုပ်ရှင်ပွဲတော်တော်များများ ကြည့်ဖြစ်လိုက်တယ်။ ကားပေါင်း ၂၀ လောက် ရှိမယ်ထင်တယ်။ အရင်နှစ်တွေက ၄၊ ၅ ကားလောက်ပဲ ကြည့်ဖြစ်တာ။ ပွဲ၂၀ မှာ တစ်ဝက်လောက်က Free ticket တွေနဲ့ ကြည့်တာပါ။ GV member ၀င်ထားလို့ online draw ကနေ free ရတာနဲ့ m1 က redeem လုပ်တာနဲ့ပေါင်းပြီး ကြည့်ဖြစ်သွားတာ။ ပွဲဆက်တွေများပြီး အရှိန်တက်နေတော့၂၀၁၁ အတွက် ကြည့်မယ့်ကားတောင် book လုပ်ပြီးသွားပြီ။ The Tourist တဲ့။ :D

ကဲ… ၂၀၁၀ အတွင်းက ပြုခဲ့သမျှ မကောင်းစိတ်တွေကို ဖယ်ရှားထုတ်နှုတ်ခဲ့ပြီး၊ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေနဲ့အတူ ၂၀၁၁ ကို ဆက်ကြရအောင်နော်။ 

စိတ္တသုခ၊ ကာယသုခအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ အားလုံးကို ဒီပို့စ်လေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။


ဇွန်မိုးစက်

ကရုဏာမြေ

5

Category: ,

အနောက်တိုင်းမှာ ပြုလုပ်တဲ့ စစ်တမ်းများရဲ့ အလိုအရ ကြွက်ခြောက်ကောင်ရှိတဲ့ ကြွက်မိသားစုဟာ သဘာဝအတိုင်း မျိုးပွားနှုန်း၏ တစ်လအတွင်းမှာ ကြွက်အကောင်ရေခြောက်ဆယ် ရှိလာနိုင်ပါတယ်လို့ ဆိုပါတယ်။ ကြွက်အမတစ်ကောင်ဟာ တစ်ခါသားပေါက်ရင် ကြွက်သား ၅/ ၆ကောင်မွေးနိုင်ပြီး တစ်နှစ်မှာ ၅/ ၁၀ ကြိမ် သားပေါက်နိုင်ပါတယ်။ ဒီအပြင် ကြွက်တစ်ကောင်ဟာ တစ်လသားအရွယ်ရောက်တာနဲ့ သားမွေးနိုင်တယ်လို့ မှတ်သားရဖူးပါတယ်။

ကျွန်မတို့ ခပ်ငယ်ငယ်က လယ်တောထဲမှာ ကြွက်ကြီးတွေက သီးပင်စားပင်တွေကို ကိုက်ဖြတ်စားသောက် ဖျက်ဆီးလေ့ရှိတယ်ဆိုပြီး လူကြီးသူမတွေပြောတာ ကြားဖူးခဲ့ကြပါတယ်။ လယ်ကြွက်သားဆိုပြီး ချက်စားကြတာကိုလည်း တချို့ကျေးလက်တောရွာတွေမှာလည်း တွေ့ဖူးပါရဲ့။ ဟိုတလောဆီက နေပြည်တော်လမ်းမပေါ်မှာ ကြွက်တွေ အုပ်စုလိုက် သောင်းချီပြီး ဖြတ်ပြေးနေကြလို့ ကားတွေတောင် လမ်းပေါ်မသွားရဲဘဲ ဖြစ်နေကြတယ်လို့ ဓာတ်ပုံနှင့်တကွ E-mail သတင်းကို Singapore မှာရှိတဲ့ သူငယ်ချင်းတွေကတဆင့် သတင်းရလိုက်ပါသေးတယ်။ အဲဒီအချိန်အထိ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ကြွက်ဘေးအန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေကြရတယ်ဆိုတာ မသိခဲ့ပါဘူး။ သြဂုတ်လ ၂၀၁၀ ထဲမှာ အိမ်ကို ဖုန်းပြောရင်းနဲ့မှ ညီမငယ်က ဥပဇင်း ဥုးဇ၀နတော့ ရန်ကုန်ကို ခဏရောက်နေတယ်၊ ၀ါကျွတ်ပြီးရင် ကြွက်ဘေးအန္တရာယ်သင့်နေတဲ့အရပ်တွေကို ကူညီထောက်ပံ့ဖို့ အလှူခံထွက်မှာဖြစ်ကြောင်း သတင်းပေးပါတယ်။ အဲဒီ့တော့မှ ညီမငယ်ထံမှတဆင့် ကြွက်ဘေးက ဒေသခံတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆိုးကျိုးသက်ရောက်နေကြောင်း တစွန်းတစသိရပါတော့တယ်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မင်းပြားရပ်တွေမှာ ကြွက်ဘေးအန္တရာယ် သင့်ခဲ့တာ ယခု ၂၀၁၀ နှစ်ပါ အပါအ၀င် (၃)နှစ်တိတိရှိခဲ့ပါပြီ။ တချို့ အိန္ဒိယနှင့်နီးတဲ့ ဒေသတွေမှာတော့ UNDP မှ တစ်နှစ်ပတ်လုံး ၀မ်းစာထောက်ပံ့ပေးနေတဲ့အကြောင်းကိုလည်း ၀မ်းသာစရာ ကြားသိရပါတယ်။ အချို့ဒေသတွေမှာတော့ လူသိနည်းတာကတစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲတာကတစ်ကြောင်းတို့ကြောင့် ကူညီထောက်ပံ့တဲ့ အဖွဲ့တွေ မရောက်နိုင်ကြတဲ့အတွက် ညီနောင်တိုင်းရင်းသားတွေက ခါးသီးလှတဲ့ အစာရေစာ ရှားပါးပြတ်လပ်မှုဘေးကို ခါးစည်းပြီး ခံနေကြရပါတယ်။

ဝေးလံပြီး အကူအညီကင်းမဲ့တဲ့ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ဒေသခံ ညီနောင်သွေးရင်းတွေကို ဥပဇင်း ဥူးဇ၀န ဦးစီးတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာတော်တွေဟာ ၂၀၀၉ ခုနှစ် မေလမှာ တစ်ကြိမ်၊ ၂၀၁၀ ခုနှစ်မှာ တစ်ကြိမ်၊  နှစ်ကြိမ်တိတိ သွားရောက်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း အစရှိတဲ့ ဒေသများမှာ စေတနာရှင်များက လှူဒါန်းထားတဲ့ လှူဖွယ်ပစ္စည်းများ အလှူငွေများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ မေလမှာဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးကို ကိုယ်တိုင် ဥပဇင်းနှင့်အတူ ဟိုင်ကြီးကျွန်းစတဲ့ အစွန်အဖျားဒေသတွေအထိ လိုက်ပါပြီး စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားလှူဒါန်းဖူးတဲ့ ညီမငယ်ရဲ့ ဝေမျှပေးခဲ့ဖူးတဲ့ အတွေ့အကြုံကို ပြန်လည်ကြားယောင်မိရင်း ကျွန်မဟာ တတ်နိုင်တဲ့ဖက်က အစွမ်းကုန်ကူညီဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ကျွန်မနှင့် အိမ်မှာ အတူနေတဲ့ (မလေးရှန်းတရုတ်လူမျိုး) သူငယ်ချင်းကို ဒီဝမ်းနည်းစရာအဖြစ်တွေကို ပြောပြခဲ့တော့ ဒုက္ခရောက်နေသူကို အမြဲတတ်စွမ်းသမျှ ကူညီတတ်တဲ့ သူငယ်ချင်းက သူလဲ အလှူငွေထည့်ချင်ကြောင်း ဆန္ဒပြုခဲ့လို့ ကျွန်မကိုယ်တိုင် အိမ်ကို အကြောင်းကြားပြီး ဥုးပဇင်းရှိနေတဲ့အချိန်မှာာ မြန်မာကျပ်ငွေ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ 

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ **ပေးလည်းပေးရမယ်** ဆိုတဲ့ သြ၀ါဒကို နှလုံးသွင်းပြီး ဒုက္ခရောက်နေသူတွေကို တတ်စွမ်းသမျှ ကူညီခဲ့တဲ့၊ ကူညီနေတဲ့ ဥပဇင်း ဥုးဇ၀နရဲ့ စိတ်ဓာတ်ကိုလည်း လေးစားတဲ့ကျွန်မဟာ ဦးပဇင်းကို ယခုထက်ပိုပြီး ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သံဓိဋ္ဌာန်ချခဲ့ပါတယ်။ 

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး၏သြ၀ါဒ

ဘုန်းကြီးဆိုတာ ကိုယ်က အယူချည်း မဟုတ်ရဘူး။ ပေးလည်းပေးရမယ်၊ ဘာပေးရမလဲ ?

-         -           ကလေးတွေကို ပညာသင်ပေးရမယ်။
-         -           ဒကာ၊ ဒကာမတွေကို တရားဟောပေးရမယ်။
-         -           တိုင်းပြည်ကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရမယ်။

သြဂုတ်လထဲမှာ ရန်ကုန်ကို ရောက်နေတုန်း ဥပဇင်းနဲ့ အဆက်အသွယ်လုပ်ပြီး ဥပဇင်း ဆောင်ရွက်နေတဲ့ ပရဟိတလုပ်ငန်းတွေမှာ ပိုပြီးထိထိရောက်ရောက် ကူညီနိုင်ဖို့အတွက် ဥပဇင်းဦးစီးတဲ့ အဖွဲ့တစ်ခုဖွဲ့ချင်ကြောင်း၊ အဲဒီ့အဖွဲ့မှတစ်ဆင့် နိုင်ငံခြားမှာ ရောက်နေကြတဲ့ မြန်မာပြည်သားတွေထံမှ ကျွန်မ အပါအ၀င် ကိုယ်စားလှယ်တွေခွဲပြီး အလှူခံပေးချင်ကြောင်း ဆန္ဒပြုခဲ့ပါတယ်။ ဥပဇင်းရဲ့ သဘောတူညီချက်အရ ကရုဏာမြေဆိုတဲ့ အမည်ကို ခံယူပြီး ပရဟိတကိစ္စတွေကို ဆောင်ရွက်ဖို့ ယခု နိုဝင်ဘာလ ၂၀၁၀မှာ အတည်ပြုခဲ့ကြပါတယ်။

**ကရုဏာမြေ** အမည် ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်
မြတ်စွာဘုရားအဆုံးအမဖြစ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ တရားလေးပါးထဲမှ တစ်ပါးဖြစ်တဲ့ “ကရုဏာ” **ဆင်းရဲသော သတ္တ၀ါကို သနားကြင်နာခြင်း** ဆိုတဲ့ တရားကို နှလုံးသွင်းပြီး ဆင်းရဲ ဒုက္ခရောက်နေသူ မြန်မာသွေးရင်းညီနောင်များကို ကူညီရန် ရည်ရွယ်ပါတယ်။ “မြေ” ဆိုတဲ့ စကားလုံးကို ရွေးချယ်တဲ့ အဓိပ္ပာယ်ကတော့ **မဟာပထ၀ီမြေကြီးသည် မည်သည့်သတ္တ၀ါမှ စွန့်ပစ်သည့် အကောင်းအဆိုး မှန်သမျှကို မညည်းမညူလက်ခံသည်** ဆိုတဲ့ ရည်ရွယ်ချက်ပါ။

ဥပဇင်း ဥုးဇ၀နရဲ့ သြ၀ါဒထဲမှာ အတိုင်းမသိ ပီတိဖြစ်စေတဲ့ သြ၀ါဒကတော့ “ဂေါတမ မြတ်စွာဘုရားရှင် ဘုရားအလောင်း သုဝဏ္ဏသာမ ရသေ့ဘ၀က မိဘနှစ်ပါး မျက်စေ့ကွယ်သွားတဲ့အခါ ငိုလဲငိုတယ်၊ ရယ်လဲရယ်ပါသတဲ့။ ငိုတာက မိဘနှစ်ပါး မျက်စေ့ကွယ်တာကို စိတ်မကောင်းဖြစ်လို့ပါ။ ရယ်တာကတော့ ငါဟာ မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတဲ့ လူတိုင်းမရနိုင်တဲ့ အခွင့်အရေးကို ငါရပြီဆိုပြီး ၀မ်းသာလို့ပါတဲ့။ အဲဒီလိုပဲ ဥပဇင်းတို့ကလဲ သွေးချင်းညီနောင်တွေ အစာရေစာ ငတ်မွတ်ဒုက္ခရောက်တယ်လို့ ကြားတဲ့အခါ ၀မ်းနည်းဝမ်းသာ ဖြစ်ပါတယ်။ သွေးချင်းညီနောင်တွေ ဒုက္ခရောက်လို့ ၀မ်းနည်းရပေမယ့် ဥပဇင်းတို့ ကူညီခွင့်ရလို့ တဖက်ကလဲ ၀မ်းသာရပါတယ်လို့ ဆိုပါတယ်။

ဥပဇင်းရဲ့ ချင်းပြည်နယ်  ကြွက်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးခရီးစဉ် DVD ကို ကြည့်ရတဲ့အခါ အချို့ရွာတွေဟာ ဗုဒ္ဓဘာသာဝင်ရွာတွေ မဟုတ်ကြောင်း သိရှိရပါတယ်။ ရွာသားတွေရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေနှင့် **ဗုဒ္ဓဘာသာတွေ မဟုတ်ကြတဲ့ရွာတွေ ဖြစ်ပေမယ့် အခုလို ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကလာပြီး ဒုက္ခရောက်တဲ့အချိန်အခါမှာ ဘာသာမရွေး၊ လူမျိုးမရွေး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ခရစ်တော်မှ ကောင်းချီးပေးပါစေ** လို့ ဆုမွန်ကောင်းတောင်း၊ ကျေးဇူးတင်စကား ပြောကြတဲ့ ရွာသားတွေရဲ့ စကားဟာ အတိုင်းမသိ ပီတိဖြစ်စရာပါ။ ချင်းတိုင်းရင်းသားဖြစ်တဲ့ ဥပဇင်း ဥုးဇ၀နရဲ့ ခံယူချက်ဖြစ်တဲ့ **ဝေးလံခေါင်းပါးဒေသ၊ အခြားအဖွဲ့အစည်းတွေမှ အကူအညီကို အလွယ်တကူ မရောက်ရှိနိုင်တဲ့ အစွန်အဖျားဒေသတွေကို အဓိကထား၍ ကူညီရန်** ဆိုတဲ့ လေးစားကြည်ညိုဖွယ် ခံယူချက်ကို ကူညီဖြည့်ဆည်းဖို့ ကျွန်မနဲ့အတူ မြန်မာပြည်ဖွားတွေကလည်း ဆန္ဒထပ်တူရှိကြမယ်လို့ ယုံကြည်ပါတယ်။ 

ဒုဗ္ဘီက္ခန္တရကပ် (အစာရေစာ ရှားပါး ပြတ်လပ်မှုကပ်) ဘေးကို ကယ်တင်ထောက်ပံ့ရေး တတ်စွမ်းသမျှ စွန့်ကြဲပါရမီ ဖြည့်လိုက်ကြပါစို့။

အနှစ်လေး၊ ငါးဆယ်မှာ တစ်ကြိမ် ၀ါးပင်တွေက အသီးတွေ သီးပါးတယ်။ ၀ါးပင်တွေက အသီးတွေကို စားပြီးတော့ ကြွက်သတ္တ၀ါတွေရဲ့ မျိုးပွားနှုန်းဟာ အင်မတန်မှ အားကောင်း၊ သဘာဝထက် လွန်ကဲပြီးတော့ ပေါက်ဖွားလာကြပါတယ်။

ကြွက်တွေဟာ ထောင်သောင်းချီ အုပ်စုဖွဲ့ပြီးတော့ ၀ါးသီတွေ၊ သစ်သီး၊ သစ်ဥ၊ သစ်ဖုတွေကို စားသောက်ပြီးတဲ့အချိန်မှာ လူတွေရဲ့ လယ်တော၊ ယာတော၊ တောင်ယာတွေကို အုပ်စုဖွဲ့ပြီး အင်နဲ့အားနဲ့ ချီတက်ပြီး ဖျက်ဆီးတိုက်ခိုက် စားသောက်ကြပါတော့တယ်။

ကြွက်ကောင်အုပ်စုဝင်ပြီးတဲ့ လယ်ယာတွေဟာ  ဧကကြီးကြီးငယ်ငယ် တစ်ညတည်းနဲ့ ပြောင်စင်ခါသွားတော့တာပါပဲ။ ဒီကြွက်ကောင်တွေအုပ်စုဝင်ရောက်ပြီဆိုရင်တော့ အဲဒီဒေသဟာ ဒုဗ္ဘီက္ခန္တရကပ်ဆိုတဲ့ ငတ်မွတ်ခေါင်းပါး အစာရှားတဲ့ ဘေးဆိုးကြီးနဲ့ ခါးသီးစွာ ကြုံတွေ့ကြရတော့တာပါပဲ။

အဲဒီလို ၀ါးအသီးတွေကို ကြွက်တွေမစားနိုင်အောင် ခုတ်ပစ်ကြပါလားလို့ ဆိုစရာရှိပါတယ်။ ဒါပေမယ့် ၀ါးပင်ဟာ တစ်ပင်လုံး ခုတ်ပစ်ရင်တောင် နည်းနည်းကျန်ခဲ့တဲ့ အမြစ်ကလေးကနေတောင် အသီးသီးပါတယ်တဲ့။ အဲဒီတော့ ထောင်သောင်းမကတဲ့ ၀ါးပင်တွေကို အမြစ်ပါမကျန် ခုတ်ပစ်ဖို့ဆိုတာက မလွယ်ကူ၊ မဖြစ်နိုင်ပါ။ ဒီဝါးသီးတဲ့ ဒေသတွေမှာ အစာရေစာရှားပါးမှုကပ်ဟာ မလွဲမသေ ကြုံရမှာပါပဲ။

အဲဒီ ခါးသီးလှတဲ့ ဒုဗ္ဘီက္ခန္တရကပ်ဘေးကို ညီနောင်သွေးရင်းတွေဖြစ်တဲ့ ဝေးလံခေါင်သီလှတဲ့ မြန်မာ အိန္ဒိယနယ်စပ်က ချင်းတိုင်းရင်းသားတွေ ရင်ဆိုင်နေကြရပါတယ်။

လက်ရှိပကတိ အခြေအနေမှာကတော့ မိသားစုတစ်စုအတွက် ဆန်တစ်ဗူး ဗူးဝက်ကို တောထဲက သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တွေနဲ့ ရောပြွမ်းစားသောက်ပြီး အာဟာရအဖြစ် အသက်ဆက်ရပ်တည်နေကြရပါတယ်။

အစာရေပြတ်လက်မှုဘေးကို ကြုံနေကြရတဲ့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ လလွီးကျေးရွာ၊ ဗန်ကိုင်းကျေးရွာ၊ ၀ါးပုန်းကျေးရွာ၊ ပလက်ဝမြို့နယ် ပိန်ကုန်းကျေးရွာ၊ ၀မော်ကျေးရွာ၊ ခွာဟုန်းကျေးရွာတွေကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာတော်တွေကိုယ်တိုင် ၂၀၀၉ ခုနှစ် မေလပိုင်းတုန်းက ပထမအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြပြီးပါပြီ။

ကန်ပက်လက်မြို့နယ်မှာလည်း ရွာတွေကိုစွန့်ခွာကြလို့ ရွာတွေတောင် ပျက်နေပါပြီ။ သစ်တောထွက် သယံဇာတ ပစ္စည်းတွေဖြစ်တဲ့ သစ်ခွပင်တို့ ဖျံဥတို့ကို တောထဲမှာ ရှာဖွေလို့ရတာတွေကို မြို့ပေါ်ကို ထမ်းပိုးရောင်းချရတဲ့ငွေနဲ့ တစ်ခါဆန်ဝယ်ပြီး ရွာကို ဆန်ပြန်ထမ်း၊ မိသားစုနဲ့စားတော့ တစ်ပတ်စာလောက်ပဲ လုံလောက်တာပါ။

ဒီတော့ ကားလမ်းမပေါက်တဲ့ ဒေသတွေမှာ လူကိုယ်တိုင် ထမ်းပိုးရတာဆိုတော့ သူတို့ခမျာ နားရတယ်လို့ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကြွက်ဘေးကင်းတဲ့အချိန်ကြမှ ရွာပြန်လာမယ်ဆိုပြီး ရွာတွေစွန့်ခွာ ထွက်သွားကြလို့ တစ်ချို့ဒေသတွေမှာ ရွာတွေတောင် ပျက်နေကြပြီလို့ ကြားသိခဲ့ရပါတယ်။ ရွာတွေကို စွန့်ခွာခဲ့သူတွေကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်က ကြွက်ဘေးသင့်တဲ့ ချင်းတိုင်းရင်းသားတွေကို ကူညီထောက်ပံ့ရေးအတွက် အလှူတော်ငွေ၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများကို နည်းများမဟူ ပါဝင်လှူဒါန်းနိုင်ကြပါတယ်။ 

ချင်းပြည်နယ် ကြွက်ဘေးထောက်ပံ့ရေးအတွက် အကျိုးတော်ဆောင်ပေးနိုင်မည့် အသင်းအဖွဲ့အစည်းများ၊ စေတနာရှင်များအနေနဲ့ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က အကျိုးတော်ဆောင် သံဃာတော်တွေကို ဆက်သွယ်နိုင်ကြပါတယ်။

သုခိတာ ဟောထ၊ ဒုက္ခာ မုဉ္စထ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ။


ဥုးဇ၀န
အကျိုးတော်ဆောင်
ချင်းပြည်နယ် ထောက်ပံ့ရေး
အရှေ့ဥယျာဉ်ကျောင်း၊ မဟာဂန္ဓာရုံကျောင်းတိုက်
အမရပူရမြို့။
ဖုန်း - ၀၂ - ၅၉၅၀၃၊ ၇၀၁၅၉ (၅)
---------------------------------------------------------------------------------------------

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရင်းနှီးခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ပို့လာသော အီးမေးလ်ကို ပြန်လည် ဝေမျှလိုက်တာပါ။

 *************************

လွန်ခဲ့တဲ့ လေးငါးလလောက်က နေပြည်တော်သွား ကားလမ်းမမှာ ကြွက်တွေသောင်းသိန်းချီပြီး တွေ့လိုက်ရတဲ့သတင်းကို ညီလင်းဆက် ဘလော့ဂ်ကနေရော၊ အခြားအင်တာနက် သတင်းစာမျက်နှာတွေကတစ်ဆင့် ဖတ်မိ၊ သတင်းကြားမိပါတယ်။ ဒီလောက်များတဲ့ ကြွက်တွေ ရန်ကုန်ဘက်ကို ရောက်လာခဲ့ရင်ဒုက္ခပဲဆိုတဲ့အတွေးမျိုး တွေးမိပြီး အိမ်ရှိရာကို လှမ်းပြီး စိတ်ပူလိုက်ပါသေးတယ်။ 

အဲဒီအကြောင်းနဲ့ဆက်စပ်ပြီး ရုံးမှာ ဌာနတစ်ခုတည်း အတူတွဲလုပ်တဲ့ ချင်းတိုင်းရင်းသား မြန်မာသူငယ်ချင်းကို ပြောပြမိတော့ သူက အပေါ်က သူငယ်ချင်းရေးပြသွားသလိုပဲ “နင်သိလား၊ အဲဒီကြွက်တွေက ၀ါးသီးတွေစား၊ တအားပွားလာပြီး ရှိသမျှလယ်ယာမြေတွေထဲ ၀င်ရောက်စားသောက်ဖျက်ဆီးလို့ ငါတို့ချင်းပြည်နယ် အစာရေစာရှားပါးပြတ်လပ်တဲ့ဒဏ် ခံရတာ နှစ်နှစ်ဆက်တိုက်ရှိပြီ” လို့ ပြောပြခဲ့ဖူးတာ အမှတ်ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကူညီကယ်ဆယ်ရေးအကြောင်းလည်း မကြားမိလို့ ကြွက်ဘေးဒဏ်အကြောင်း  တစ်ခန်းရပ်ခဲ့ပါတယ်။ 

လွန်ခဲ့သော ရက်အနည်းငယ်က သူငယ်ချင်းလင်းရဲ့ အီးမေးလ်ရောက်လာတော့မှ အကြောင်းစုံ သိရပါတော့တယ်။ အခုလိုဒုက္ခရောက်နေတဲ့ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့ မြန်မာပြည်ဖွား ညီနောင်သွေးချင်းများကို တတ်စွမ်းသ၍ ကူညီဖို့အတွက် ကရုဏာမြေအဖွဲ့ဖွဲ့စည်းခဲ့တဲ့ သူငယ်ချင်းရဲ့ လုပ်ဆောင်မှုကို သာဓုခေါ်ဆိုရင်း ဇွန်နဲ့အတူ  နည်းများမဟူ ပါဝင်ကူညီ လှူဒါန်းပြီး ကုသိုလ်ယူနိုင်ပါတယ်လို့ အသိပေး တိုက်တွန်းလိုက်ပါရစေ။

စင်္ကာပူနိုင်ငံမှ ဒါနပြုချင်သူများ မမြတ်သူဇာဝင်းသို့ အီးမေးလ်ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 
Contact Ph. No: 9189 8721
403051527, POSB Saving 

ဇွန့် DBS A/C ကနေလည်း လွှဲအပ်လှူဒါန်းနိုင်ပါတယ်။

020-1-072190,
DBS Savings Plus
zunmoesett@gmail.com

 
ကျေးဇူးတင်စွာဖြင့် 
ဇွန်မိုးစက်

ညီမငယ်သို့ပေးစာ

7

Category:

ညီမလေးရေ…

တစ်နေ့က ညီမလေးနဲ့ဖုန်းပြောဖြစ်တုန်း ညီမလေးဝယ်ချင်တဲ့ တံဆိပ်အကောင်းစားနဲ့အိတ် မ၀ယ်နိုင်သေးလို့ အားငယ်စိတ်နဲ့ပြောသံကိုနားထောင်မိပြီး မမပြုံးမိသွားတယ်။ မမလည်း ညီမလေးလို အဖြစ်မျိုးဆင်ဆင် ခံစားဖူးလို့ မနှစ်က ဒီပို့စ်မှာ ရေးခဲ့သေးတာ မှတ်မိလား။ 

ညီမလေး ခံစားနေရတာနဲ့ ဆက်စပ်မိပြီး မမတွေးမိသွားတာလေးတွေ ငါ့ညီမကို ပြောပြချင်ပါတယ်။ ညီမရေ… တံဆိပ်ကောင်းနဲ့ တန်ဖိုးကြီးပေးရတဲ့အိတ် ၀ယ်မကိုင်နိုင်တိုင်း စိတ်အားငယ်စရာ မဟုတ်ပါဘူးကွယ်။ ကိုယ့်ရဲ့ လုပ်အားခနဲ့ ထိုက်သင့်တဲ့ အိတ်မျိုး၊ ပစ္စည်းမျိုးကို ၀ယ်ကိုင်နိုင်တာလည်း ဂုဏ်မငယ်ပါဘူး။ ညီမလေး ကိုယ်လိုချင်တဲ့အိတ် မ၀ယ်နိုင်ပေမယ့် ကိုယ့်မိဘ၊ မောင်နှမကိုတော့ လစဉ်မှန်မှန် ထောက်ပံ့နိုင်တယ် မဟုတ်လား။ နောက်ပြီး လစဉ်လစဉ် မြန်မာပြည်အတွက် လိုအပ်တဲ့နေရာတွေမှာလည်း သဒ္ဓါတရားအလျောက် အလှူဒါနပြုနိုင်တယ် မဟုတ်လား။ ဒါတွေကိုတွေးပြီး ကြည်နူးကျေနပ် မုဒိတာပွားလိုက်ပါ ညီမလေး။ 

တလောက အရှင်ရေ၀တတရားတော်ထဲမှာ ဟောသွားတာလေး မမသတိရသွားတယ်။ လူတွေက ကိုယ့်ကိုယ်ပိုင်စိတ်နဲ့ ရှင်သန်တာထက် သူများအမြင်နဲ့ ရှင်သန်ကြတယ်ဆိုတာလေ။ ပတ်ဝန်းကျင်နဲ့အများအမြင် အထင်ကြီးဖို့၊ လေးစားဖို့၊ အများအမြင်မှာ ပြည့်စုံချမ်းသာစွာ ဂုဏ်သိက္ခာရှိစွာနေနိုင်ဖို့... စသည်စသည်တွေအတွက် ကြိုးစားရှင်သန်သွားလိုက်ကြတာ သေသည်အထိပဲ ဆိုပါတော့ကွယ်။ မမလည်း ပြန်စဉ်းစားမိတော့ ဟုတ်တာပဲလေ။ မိမိကိုယ်တိုင်အတွက်ထက် ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကျောင်းလည်း ကျောင်းအလျောက်၊ အလုပ်လည်းအလုပ်အလျောက်၊ ဆွေမျိုးအသိုင်းအ၀ိုင်းအလျောက် သူများအောက် မကျချင်လို့၊ သူများထက် ပိုထူးချွန်ချင်လို့၊  ကြိုးစားခဲ့ရ၊ ပင်ပန်းခဲ့ကြရတယ်။ ခုချိန်ထိ စိတ်ကျေနပ်မှုအပြည့်အ၀ရပြီလားမေးရင် မရသေးပါဘူးကွယ်။ ကြိုးစားနေတုန်းပါပဲ။ မမလည်း ပြောရင်းနဲ့ တရားအကြောင်းတွေ ရောက်သွားတော့မယ်။

တို့မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေက များသလောက် ဒီနိုင်ငံမှာ ၀ယ်ချင်စရာ လိုချင်စရာတွေကလည်း သိပ်များတာကိုး။ ဒီတော့ မိန်းကလေးပီပီ လှလှပပ အကောင်းစားပစ္စည်းတွေ ၀ယ်ယူသုံးစွဲချင်စိတ်ရှိတာလည်း မဆန်းပါဘူး။ ဒီအထဲမှာမှ အိတ်တို့၊ ဖိနပ်တို့ဆိုတာ အမျိုးသမီးတွေရဲ့စိတ်ဝင်စားမှုအများဆုံးခံရတဲ့ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေ မဟုတ်လား။ 

ဒီစာထဲမှာ branded အိတ်ဝယ်တာနဲ့ပတ်သက်ပြီး မမနဲ့ သူငယ်ချင်းတစ်ချို့ရဲ့ ခံယူချက်နဲ့ သဘောထားကို ညီမလေးသိအောင် ပြောပြချင်တယ်။ ဖတ်ကြည့်ပြီးတဲ့အခါ တွေးကြည့်နော်။ တကယ်တော့ ဒီခံယူချက်တွေက တစ်နေရာတည်း တစ်ပြိုင်နက်တည်းမှာ စုဝေးပြီး ပြောဖြစ်ကြတာ မဟုတ်ဘဲ မမနဲ့ တစ်ယောက်စီ တစ်နေရာစီမှာ တိုက်ဆိုင်မှုနဲ့ စကားပြောဖြစ်ရင်း တစ်ယောက်ခံယူချက် တစ်ယောက် ပြောပြကြရင်း သိသွားတာပါ။ မမရဲ့ သူငယ်ချင်းတွေကိုတော့ အေ၊ ဘီ၊ စီလို့ပဲ မှတ်ထားလိုက်နော်။

မမနဲ့ ပထမဆုံးပြောဖြစ်တဲ့ သူငယ်ချင်းအေက အရေးကြီးအစည်းအဝေးတွေကို သူ့အလုပ်ရှင်ဘော့စ်နဲ့အတူ တက်ရတဲ့အခါမျိုးမှာ ကိုင်လို့ရအောင် အိတ်ကောင်းကောင်းတစ်လုံး ၀ယ်ထားတယ်။ သူ့အတွက် ဒီဇိုင်းစုံ၊ အရောင်စုံ branded အိတ် အများကြီး မလိုအပ်ပါဘူး။ တစ်လုံးကောင်းဝယ်ပြီး သူ့နေရာနဲ့သူ စည်းကမ်းရှိရှိ သုံးစွဲတတ်တဲ့သူ့အဖို့  တစ်အိတ်ဆို လုံလောက်ပါပြီတဲ့။

သူငယ်ချင်းဘီကတော့ သူကြိုက်တဲ့အိတ်တွေ့ရင်တောင် ဈေးကြီးနေရင် ဒီလို ပြန်စဉ်းစားတယ်။ သူရတဲ့လခနဲ့ အိတ်တန်ဖိုးနဲ့ချင့်ချိန်ပြီး၊ ၀ယ်သင့်မသင့်၊ နောက်ပြီး သူ ဒီအိတ်တစ်ခုအတွက် spend လုပ်လိုက်တဲ့ ငွေပမာဏဟာ မြန်မာပြည်က လိုအပ်တဲ့နေရာတွေမှာ လှူလိုက်ရင် ဘယ်လောက်တာသွားမလဲဆိုတဲ့အထိ စဉ်းစားတတ်သူပါ။

သူငယ်ချင်းစီရဲ့ ခံယူချက်ကတော့ ဒီလိုပါ။ သူ့အနေနဲ့ ငွေတစ်ရာကိုတောင်မှ သဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ရက်ရက်ရောရော မလှူနိုင်သေးဘူးဆိုရင် တစ်ရာတန်အိတ်ကို ၀ယ်မကိုင်ဘူးလို့ ပြတ်ပြတ်သားသား ခံယူချက် ထားရှိပါတယ်။ သူလှူနိုင်တဲ့ ငွေပမာဏထက် ကျော်လွန်ပြီး တန်ဖိုးရှိတဲ့အိတ်ကို ၀ယ်ကိုင်ဖို့ သူမစဉ်းစားပါဘူး။ 

မမရဲ့ ကိုယ်ပိုင်ခံယူချက်ကျတော့ ပစ္စည်းတစ်ခုဝယ်ခါနီးရင် needs လား၊ wants လားလို့ အရင်ဆန်းစစ်ပါတယ်။ ကိုယ့်အတွက် အမှန်တကယ် လိုအပ်နေတဲ့၊ အသုံးလိုတဲ့ ပစ္စည်းဖြစ်မှပဲ ၀ယ်ဖို့စဉ်းစားပါတယ်။  လိုချင်မှုသက်သက်အတွက်ဆိုရင် နှစ်ခါသုံးခါ ပြန်စဉ်းစားပြီးတဲ့အခါ ၀ယ်ဖြစ်ဖို့ ရာခိုင်နှုန်း အလွန့်အလွန်နည်းသွားတာ မမ ကိုယ်တွေ့ပါ။ 

ဒီတော့ ညီမလေးရေ… ကိုယ်ဝယ်မယ့်ပစ္စည်းတစ်ခုဟာ တော်ရုံထက်ဈေးကြီးနေမယ်၊ သိပ်ကိုလည်း လိုအပ်နေတယ်ဆိုရင် ညီမလေး ရတဲ့လခထဲက လစဉ်ပမာဏတစ်ခုဖယ်ထားပြီး စုထားလိုက်ပါ။ မ၀ယ်ခင်  needs နဲ့ wants ကို သေချာခွဲခြား၊ ကိုယ်ရတဲ့ဝင်ငွေနဲ့သုံးစွဲဖို့ ထိုက်တန်တဲ့ပမာဏ ဟုတ်ရဲ့လားဆိုတာ  လေးလေးနက်နက် စဉ်းစား၊ တစ်ခုကောင်းကိုဝယ်ပြီး ကိုယ်ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ညီအောင် စည်းကမ်းရှိရှိ အချိန်ကြာကြာ ကိုင်တွယ်သုံးစွဲကြည့်ဖို့ ကြိုးစားပါလို့ မမမှာချင်ပါတယ်။ နောက်ပြီး တစ်ရာတန်ပစ္စည်းကို မစဉ်းစားဘဲ ရက်ရက်ရောရော ၀ယ်တတ်ပေမယ့် တစ်ဆယ်လှူဖို့ကို နှမြောတွန့်ဆုတ်နေတဲ့ လူစားမျိုးလည်း မဖြစ်ပါစေနဲ့ ညီမလေးရေ။ မမက မှာမယ့်သာ မှာရတာ သဒ္ဓါတရားထက်သန်တဲ့၊ လိမ္မာရေးခြားရှိတဲ့ ညီမလေးမှာ အဲလိုစိတ်မျိုး မရှိဘူးဆိုတာ မမယုံကြည်ပြီးသားပါ။ 

ညီမငယ် အဓိကနဲ့ သာမညကို ခွဲခြားတတ်ပြီး ပျော်ရွှင်အောင်မြင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေကွယ်။

ပျော်ရွှင်သော ခရစ္စမတ်နဲ့နှစ်သစ်မင်္ဂလာ ဖြစ်ပါစေလို့ မမ တစ်ခါတည်း ဆုတောင်းပေးလိုက်တယ်။း)


ချစ်တဲ့
မမဇွန် 

စာကြွင်း။  ။ သြော်... ညီမလေးရေ... မမ အခုချိန်ထိ Levi's မ၀ယ်ဖြစ်သေးပါဘူးကွယ်။ 

ဘ၀ကူးသွားတဲ့အဖွား

13

Category:

ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ကိုယ့်အမေရဲ့အမေ ဆုံးလို့ ဒီပို့စ်ကို ရေးလိုက်သေးတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အဖေ့ရဲ့အမေဆုံးသွားတယ်။ အမှန်ဆို ဒီနေ့ ဒီဇင်ဘာလ ၁၁ရက်မှာ အဖွား အသက် ၉၂နှစ် ပြည့်မှာ။ ဒါပေမဲ့ အဖွားက မွေးနေ့မတိုင်ခင် နှစ်ရက်စောပြီး လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတယ်။ 

ဆေးတံကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်တဲ့အဖွား

ကိုယ့်ကို ဘုရားစာတွေရွတ်တတ်အောင် သင်ပေးခဲ့တဲ့အဖွား

သားပြန်ရောက်ပြီ သတင်းကြားတာနဲ့ အသက် ၇၀ကျော် တစ်ယောက်တည်း လေယာဉ်စီးပြီး ခရီးနှင်တတ်တဲ့အဖွား

အဖွားနဲ့ အနေဝေးလို့ အဖွားအကြောင်း သိပ်မသိခဲ့ပေမယ့် အမေကတစ်ဆင့် ပြန်ပြောလို့ သိရတဲ့ အမှတ်ရစရာလေး တစ်ခုတော့ ရှိတယ်။

မြေးဖြစ်သူကိုယ့်ကို လာကြည့်တဲ့ တနယ်တကျေးကအဖွား အိမ်ရောက်လာပြီး တစ်ရက်မှာ အမေက ဈေးသွားတယ်။ အဖွားက ဟိုနားဒီနားလမ်းလျှောက်ပြီး ပြန်လာတော့ အိမ်တံခါးဖွင့်ဖို့ သော့ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါနဲ့ အိမ်နီးနားချင်းတွေကို လိုက်မေးတယ်။ လက်ခုပ်သီး တွေ့မိလား၊ လက်ခုပ်သီး ရှာမတွေ့ဘူးပေါ့။ အိမ်နီးချင်းတွေက ဒီနားမှာ လက်ခုပ်ပင်လည်း မရှိဘူး၊ လက်ခုပ်သီးလည်း မတွေ့ဖူးဘူးလို့ ပြန်ပြောပြီး သူတို့ကိုယ်တိုင် ဘာကြောင့်အဖွားက လက်ခုပ်သီးလိုက်ရှာနေရသလဲလို့ အံ့အားသင့်နေကြတယ်။ အမေပြန်ရောက်တော့မှ အကြောင်းစုံသိတဲ့အခါ အဖွားပြောတဲ့ လက်ခုပ်သီးက သူတို့အရပ်မှာ သော့ကိုခေါ်မှန်း သိကြရတယ်။ အိမ်နားတစ်ဝိုက်မှာတော့ အဖွားနဲ့ လက်ခုပ်သီးဆိုပြီး ပြောစမှတ်တွင်သွားတယ်တဲ့။ 

ခုတော့ အဖွားလည်း သက်တမ်းစေ့နေပြီး သူချစ်တဲ့မြေမှာပဲ သား၊ သမီး၊ မြေးမြစ်တွေ ခြံရံလို့ ဘ၀တစ်ပါး ကူးပြောင်းသွားခဲ့ပြီ။ ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအားလုံးရည်စူးပြီး အဖွားအတွက် အမျှဝေလိုက်ပါတယ်။ 

အနီးအပါးက ချစ်သူခင်သူ ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးပါးသွားတဲ့အခါတိုင်း မေ့လျော့နေတတ်တဲ့မလွန်ဆန်နိုင်တဲ့ တရားကို  သံဝေဂလင်္ကာလေးရွတ်ဆိုရင်းနဲ့ သတိတရ ပြန်ဆင်ခြင်မိပါတယ်။ 

“တစ်နေကွယ် 
သေနယ်သို့ တစ်ခါကူး
မေ့မူးကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
သေနယ်ရွာ တစ်ခါသွားရမယ်
တားမရဘူး”

အဖွား ကောင်းရာသုဂတိလားပါစေ။


အဝေးရောက် မြေးတစ်ယောက်

တိမ်တိုက်တစ်စုံနှင့်အတူ - ၅

6

Category:



မိန်းကလေးကို သယ်ဆောင်လာတဲ့ တိမ်တိုက်ဖြူဟာ အာဖရိကတိုက်ရဲ့ တောင်ဘက်စွန်းစွန်းက ကိပ်တောင်းမြို့မှာ ရပ်နားတယ်။ ကိပ်တောင်းဟာလည်း ပင်လယ်ပြာ၊ ကောင်းကင်ပြာခြံရံလို့ သိပ်လှတဲ့ မြို့တစ်မြို့ပါပဲ။ အာဖရိကတိုက်က မြို့ဖြစ်ပေမယ့် လူဖြူတွေ တော်တော်လေး ကြီးစိုးနေတာကို မိန်းကလေး သတိပြုမိတယ်။ ဟိုးယခင်က ဘိုးဝါးခေါ် ဒတ်ခ်ျလူမျိုးတွေရဲ့ အဆက်အနွယ်တော်တော်များများလည်း အခြေချ နေထိုင်နေကြတုန်းပဲ။ 

မိန်းကလေး သမိုင်းဖတ်စာမှာ သင်ခဲ့ဖူးတဲ့ ကိပ်တောင်းမြို့နဲ့မနီးမဝေးက ဂွတ်ဟုပ်အငူဆိုတာကို သွားကြည့်ခဲ့တယ်။ ဒီအငူဟာ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာတို့ရဲ့ အပိုင်းအခြား အမှတ်အသားတစ်ခု ဖြစ်တယ်လို့ ရှေးရှေးကတည်းက ယုံကြည်ထားကြတယ်။ သဘောင်္တွေဟာလည်း ဒီအငူကို အမှတ်အသားပြုပြီး အရှေ့ဘက်ကို ဆက်သွားတဲ့အခါ အရှေ့ကမ္ဘာက အိန္ဒိယ (အာရှ) နဲ့ သြစတြေးလျတိုက်ဆီ ရောက်ရှိ ကုန်သွယ်မှု ပြုနိုင်ခဲ့လို့ ဂွတ်ဟုပ်အငူဟာ သမိုင်းဝင်ဖြစ်ခဲ့ကြောင်း မိန်းကလေး သဘောပေါက်သွားတယ်။ အဲဒီ့ကနေပြီးတော့ သူမတို့ဟာ မာဒါဂတ်စကားကျွန်းကို သွားကြတယ်။ 

ကုန်းမြေကနေခွဲထွက်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ သီးခြားတည်ရှိနေရဲ့ ဒီကျွန်းရဲ့ အနေအထားကြောင့် ကမ္ဘာရဲ့တခြားဘယ်နေရာပေါ်မှာမှ မတွေ့နိုင်တဲ့ အပင်နဲ့သတ္တ၀ါမျိုးစိတ်တွေရှိကြောင်း တိမ်တိုက်ဖြူက မိန်းကလေးကို ပြောပြတယ်။ သဘာဝအတိုင်း ဖြစ်ပေါ်တည်ရှိနေတဲ့ ထုံးကျောက်တောင်တွေ၊ မျောက်နဲ့ကိုလာပေါင်းစပ်ပြီး ထွက်လာတဲ့ ပုံသဏ္ဍာန်မျိုးပေါက်နေတဲ့ အင်ဒရိခေါ် သတ္တ၀ါလေးတွေကို တွေ့ရတယ်။ 

မာဒါဂတ်စကားနေပြန်အထွက်မှာ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို သဘာဝအတိုင်း ကြည့်ချင်မြင်ချင်တဲ့ မိန်းကလေးဆန္ဒအရ ကင်ညာနိုင်ငံကို သွားကြတယ်။ မိန်းကလေးက မြေပြင်ပေါ်ကနေ ဆင်းကြည့်ချင်ပေမယ့် အန္တရာယ်များတာကြောင့် တိမ်တိုက်ဖြူက ခွင့်မပြုဘူး။ ဒါကြောင့်မိန်းကလေးဟာ တိမ်တိုက်ပေါ်ကနေပဲလှမ်းပြီး တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ရတယ်။  မိန်းကလေး စိတ်ကျေနပ်အောင် ကြည့်ပြီးတဲ့အခါ   တိမ်တိုက်ဟာ အာဖရိကတိုက် ကုန်းတွင်းပိုင်းကနေ မြောက်ယွန်းယွန်းကို ဦးတည်ခရီးဆက်လိုက်တယ်။ 

တိမ်တိုက်ဖြူက မိန်းကလေးအတွက် အာဖရိကတိုက်ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် အီဂျစ်ကို သတ်မှတ်လိုက်တယ်။ မိန်းကလေး အနှစ်နှစ်အလလကတည်းက ရောက်ဖူးချင်နေတဲ့ နေရာတစ်ခုပါပဲ။ ယခင်က ကမ္ဘာ့အရှည်ဆုံးမြစ်လို့ ခေါ်ဝေါ်သတ်မှတ်ကြတဲ့ အစဉ်အလာကြီးတဲ့ နိုင်းမြစ်ရယ်၊ ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်တဲ့ အံ့ဖွယ်ပိရမစ် အဆောက်အဦတွေသာမက ဘာသာစကား၊ သချာင်္၊ ဆေးပညာ၊ အုပ်ချုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အံ့သြလောက်အောင် ခေတ်မီတိုးတက်ဖွံ့ဖြိုးခဲ့တဲ့ အီဂျစ်ပြည်ကို မိန်းကလေး တကယ်ပဲ စိတ်ဝင်စားလှတယ်။ သဲကန္တာရထဲမှာ သစ်ကုလားအုပ်စီးပြီး ပိရမစ်ရှိရာ သွားခဲ့တဲ့အတွေ့အကြုံဟာ မိန်းကလေးအတွက် အသစ်အဆန်းပါပဲ။ တိမ်တိုက်ကတော့ ခပ်လှမ်းလှမ်းကနေ လိုက်ပါလွင့်ပျံရင်း မိန်းကလေးသွားရာနောက် မျက်ခြေမပြတ်စေဘဲ လိုက်သွားတယ်။ 

မိန်းကလေးဟာ ရှေးခေတ်အီဂျစ်တို့ရဲ့ ဗိသုကာလက်ရာတွေကို တမေ့တမော တစ်နေကုန်အောင် လိုက်လံ ကြည့်ရှုနေမိတာ ကန္တာရဒေသရဲ့ အပူဒဏ်ကိုတောင် မေ့လျော့နေမိတယ်။ ညအချိန် အအေးဓာတ်ပိုလာတဲ့အခါမှ တိမ်တိုက်ဖြူကို သတိရတော့တယ်။ သူမခြေထောက်နဲ့ လက်တွေမှာ သဲတွေဖုန်တွေအလိမ်းလိမ်းပေကျံယင်းကပဲ တိမ်တိုက်ကိုအားကိုးတကြီးလိုက်ရှာပြီး တွေ့တဲ့အခါ ခပ်မြန်မြန်ပဲ တိမ်ထုထဲ တိုးဝင်လိုက်တယ်။ တိမ်တိုက်က ခပ်အက်အက်အသံနဲ့ “ငါ့ကို တနေ့လုံးမေ့နေပြီးတော့ အခုအေးမှပဲ သတိရတယ်” လို့ ပြောလိုက်တယ်။ 

မိန်းကလေးကလည်း မလိမ်ညာဘဲ ချက်ခြင်းပြန်ဖြေတယ် “ဟုတ်တယ်… ပိရမစ်တွေကိုတွေ့ပြီး တိမ်တိုက်ဖြူကို ကျွန်မ တကယ်မေ့သွားတယ်၊ ကျွန်မစိတ်ထဲမှာ မံမီရုပ်အလောင်းတွေရဲ့ ကျိန်စာတွေအကြောင်းပဲ တွေးနေမိတယ်၊ ကျိန်စာသင့်ခံရတဲ့သူတွေအတွက် တိုက်ဆိုင်မှုလား၊ တကယ်ပဲလားဆိုတာ” “မင်းနဲ့ကျိန်စာအကြောင်း မသက်ဆိုင်ပါဘူးလေ။ ခေါင်းရှုပ်ခံပြီး မစဉ်းစားပါနဲ့၊ မင်းအတွက် အိမ်အပြန်ခရီးက ရှိသေးတယ်” ပြောပြောဆိုဆို တိမ်တိုက်ဖြူက အပေါ်ကို မြင့်တက်လိုက်တယ်။ “မိန်းကလေးက သူ့လက်သီးနဲ့ ဆုပ်ယူပါလာတဲ့ သဲတစ်ဆုပ်ကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်ရင်း စိတ်ထဲက ရေရွတ်လိုက်တယ်။ နေရစ်တော့ အီဂျစ်ရယ်…။

တိမ်တိုက်ဟာ ပင်လယ်နီကိုဖြတ်ကျော်ပြီး အရှေ့စူးစူးကို ပျံ့လွင့်တယ်။ မြတ်စွာဘုရားပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသနဲ့ ဟိမ၀န္တာတောင်တန်းတွေကို ဖြတ်ကျော်ပြီးတဲ့အခါ မိန်းကလေးကို မှာတယ်။ “ဒီနေရာတွေကို ငါလိုက်မပို့နိုင်တော့ပေမယ့် မင်းကိုယ်တိုင်ရောက်အောင် သွားရမယ်နော်” မိန်းကလေးဟာ ၀မ်းနည်းသွားတယ်။ 

ကမ္ဘာ့တိုက်ကြီးငါးတိုက်ကို ခရီးအတူတူထွက်ခဲ့ပြီး မကြာခင်မှာ တိမ်တိုက်ဖြူနဲ့ ခွဲရတော့မယ်။ မိန်းကလေးက ၀မ်းနည်းသံစွက်ပြီး “ကျွန်မတို့ သွားရမယ့်နေရာတွေ ကျန်သေးတယ်လေ။ ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းရယ်၊ နယူးဇီလန်ရယ်၊ သြစတေးလျတိုက်ရယ်၊ နောက်ပြီး… နောက်ပြီး ကျွန်မချစ်တဲ့ ကျွန်မရဲ့ မူလဇာတိ နိုင်ငံတစ်ခုလည်း ကျန်သေးတယ်လေ” “ငါလည်း မင်းကို နေရာအစုံ သိပ်ပို့ပေးချင်တာပေါ့၊ ဒါပေမဲ့ ငါက အနောက်တောင် မုတ်သုန်လေနဲ့အတူလိုက်ပါပြီး မိုးအဖြစ် ရွာချပေးရတော့မှာ၊ ငါ့အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာ မင်းနားလည်မှာပါ” 

မိန်းကလေးဟာ ဘာမှဆက်မပြောတော့ပေမယ့် သူမရဲ့ဝမ်းနည်းစိတ်အခံဟာ မျက်ရည်အဖြစ်ကို ပြောင်းလဲသွားတယ်။ တိမ်တိုက်ဖြူလည်း စိတ်မကောင်းပေမယ့် မိန်းကလေးကို နှစ်သိမ့်ဖို့ရာ စကားလုံးမရှာနိုင်ဘူး။ ဒီလိုနဲ့ တိမ်တိုက်ဖြူဟာ မိန်းကလေးချစ်မြတ်နိုးရာ တိုင်းနိုင်ငံအပေါ်ရောက်ရှိလာတယ်။ မြောက်ဘက်မှာ ဆီးနှင်းဖုံးလွှမ်းနေတဲ့ တောင်တန်းတွေ၊ အနောက်ဘက်မှာ သိပ်လှတဲ့ကမ်းခြေနဲ့ ရှေးဟောင်းဘုရားနယ်မြေ၊ တောင်ဘက်က သိပ်လှတဲ့ကျွန်းစုတွေပေါ်ကနေ ဖြတ်သန်းပြီး မိန်းကလေးလက်ရှိနေထိုင်ရာ ကျွန်းသေးသေးလေးပေါ်ကို ပြန်ရောက်လာတယ်။ 

“အရှေ့အနောက်တောင်မြောက် နေရာတိုင်း အလှတွေခြံရံတည်ရှိနေတဲ့ မင်းချစ်တဲ့ပြည်ကို ငါ့အကူအညီမပါဘဲ မင်းကိုယ်တိုင်တစ်နေ့တော့ အနှံ့ရောက်အောင်သွားပါကွယ်” လို့ တိမ်တိုက်က ထပ်တလဲလဲမှာပြီး အနောက်တောင် မုတ်သုံလေနဲ့အတူ လိုက်ပါမျောလွင့်သွားတယ်။ မိန်းကလေးဟာ သူ့မျက်စိအောက်ကနေ တိမ်တိုက်ဖြူ ပျောက်ဆုံးသွားတဲ့အထိ ကောင်းကင်ပြင်ကို မော့ကြည့်နေရင်း သူမပါးပြင်နှစ်ဘက်မှာ မျက်ရည်တွေ စီးကျလာတယ်။ အဲဒီ့နောက်တော့ သူမဟာ ကုတင်ပေါ်မှာ ရှိုက်ကြီးတငင်ငိုကြွေးယင်း အိပ်ပျော်သွားတယ်။


*************************************

မနက်မိုးလင်းတဲ့အခါ နေရောင်ခြည်နုနုက မိန်းကလေးကုတင်ခေါင်းရင်းက ခန်းဆီးချထားတဲ့ ပြတင်းပေါက်ကနေ ဖြာဆင်းလို့။

အခန်းအပြင်ကနေ တံခါးခေါက်သံ ခပ်တိုးတိုးကြားရတယ်၊ နောက်တော့… ခပ်ဖွဖွလှမ်းလာတဲ့ ခြေသံ…။

မနက်စာစားဖို့လာခေါ်တဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက သမီးအိပ်မောကျနေတာတွေ့လို့ ရုတ်တရက် မနှိုးရက်သေးတာနဲ့ သမီးအိပ်ခန်းထဲ မျက်စိဝေ့ပြီးကြည့်လိုက်တယ်။ ခုတင်ဘေးက စာကြည့်စားပွဲပေါ်မှာ ကမ္ဘာ့မြေပုံစာအုပ်က ဖွင့်လျက်သား၊ စာကြည့်စားပွဲဘေးကပ်ရက်က နံရံမှာတော့ ကမ္ဘာ့မြေပုံပိုစတာအကြီးစား ကပ်ထားသည်။ သမီးဖြစ်သူက ကမ္ဘာ့ပထ၀ီဝင်ကို အခြားဘာသာရပ်များထက်ပို၍ စိတ်ဝင်စားကြောင်း သိလျက်နှင့်ပင် ပြုံးမိသည်။ ပိုစတာပေါ်မှာ မိန်းကလေးရောက်ဖူးခဲ့သောနေရာတွေကို အစိမ်းရောင်ပင်အပ်လေးတွေနဲ့ ထိုးစိုက်ထားပြီး၊ ရောက်ဖူးချင်သော နေရာတွေကို အ၀ါရောင်ပင်အပ်နဲ့ စိုက်ထားတာ တွေ့ရသည်။ ကျောင်းပိတ်ရက်မှာ အသွားချင်ဆုံးနဲ့ သွားရမည့်နေရာကျတော့ အနီရောင်ပင်အပ်ကို စိုက်တွယ် အမှတ်အသားပြုထားသည်။ 

မိန်းကလေးရဲ့မိခင်ဟာ အနီရောင်ပင်အပ်စိုက်ရာနေရာကိုမြင်တော့ အံ့အားသင့်သွားတယ်။ ခါတိုင်းနှစ်တွေမှာ တွေ့နေကျမဟုတ်တဲ့နေရာ။ မိခင်ဖြစ်သူရဲ့ မျက်ဝန်းတွေဟာ အပြုံးနဲ့တောက်ပသွားတယ်။ မျက်ရည်စတွေနဲ့ အိပ်မောကျနေတဲ့ သမီးဖြစ်သူရဲ့ နဖူးက ဆံနွယ်တွေကို အသာပွတ်သတ်ပေးရင်း… ၀မ်းသာအားရ ပြောလိုက်တယ်။ “သမီးသွားချင်တဲ့နေရာကို မေမေလိုက်ပို့ပါ့မယ်ကွယ်။ ဒီတခါ တစ်ပြည်လုံး အနှံ့လည်ရအောင် သမီးဖေဖေကိုပြောပြီး မေမေစီစဉ်လိုက်ပါ့မယ်”

မိန်းကလေးက အိပ်မောကျဆဲ...။ 

အဖြူရောင်တိမ်တိုက်တစ်စုံသည်လည်း ဟိုးဝေးဝေးက ချစ်သောမြေမှာ မိုးအဖြစ်ရွာချလိုက်ရင်း ကောင်းကင်ထက်မှ ပျောက်ကွယ်သွားတော့သည်။



ဇွန်မိုးစက်

*အပေါ်က တိမ်ပုံလေးကို အမှတ်တရပို့ပေးပြီး အသုံးပြုခွင့်ပေးခဲ့တဲ့ အမသက်ဝေကို ကျေးဇူးတင်ပါတယ်း))*

အခါလည်မိုး

11

Category: ,

ခေါင်းစဉ်ဖတ်ကြည့်ပြီး အူလည်လည် ဖြစ်သွားမယ်ထင်တယ်နော်။း) အခါလွန်မိုးမဟုတ်ဘဲ ဘယ့်နှယ် အခါလည်မိုး ဖြစ်နေရတာလဲလို့။ 

အမှန်တော့ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဇွန်မိုးစက်ဘလော့ဂ်လေး တစ်နှစ်ပြည့် အခါလည်ပါတယ်။ အခါလည်ဇွန်မိုးစက်လို့ ခေါင်းစဉ်ပေးလိုက်ရင် သိပ်ကဗျာမဆန်ဘူးထင်တာနဲ့ အလယ်က မိုး တစ်လုံးတည်းကွက်ပြီး ယူသုံးလိုက်တာပါ။ :D

ဇွန်မိုးစက် ဘလော့ဂ်လောကထဲ စရောက်ချိန်ဟာ နောက်ကျပါတယ်။ အရင်ပုံမှန်စာရေးနေသူတွေ စာရေးကျဲသွားတဲ့ အချိန်၊ ဘလော့ဂ်လောကနေ အနားယူသူတွေတောင် ရှိနေချိန်ဆိုတော့ ဘလော့ဂ်လုပ်ပြီးပြီးချင်း အားငယ်ပါတယ်။ ဘလော့ဂ်ကမ္ဘာကြီးအရင်လောက် မစည်ကားတော့တဲ့အချိန်မှာမှ ငါဝင်လာရလေခြင်းဆိုပြီးတော့ပါ။ ဒါပေမဲ့ ဇွန် ဒီဘလော့ဂ်ကို လုပ်ဖြစ်တဲ့ စိတ်အခြေခံက စာရေးချင်တဲ့ ၀ါသနာပေါ်မှာ အရင်းတည်ပါတယ်။ အပျော်သက်သက်၊ ဘလော့ဂ်ခေတ်စားလို့ လုပ်ဖြစ်တာ၊ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဘလော့ဂ်လုပ်သင့်မလုပ်သင့် စဉ်းစားအရှိန်ယူခဲ့တာကိုက ၆လလောက်ကြာပါတယ်။ ကိုယ့်ရဲ့ ရှိစုမဲ့စု အားလပ်ချိန်ကလေးကို ဖဲ့ပေးရမယ်ဆိုတာ၊ (အဲဒီ့အချိန်တုန်းက) ကိုယ်ပိုင်ကွန်ပျူတာ မရှိခဲ့တာ... စတဲ့ အကြောင်းတွေနဲ့ နှောင်နှေးခဲ့ပါတယ်။ နောက်ဆုံးတော့လည်း တွန်းအားပေးသူတွေကြောင့် စိတ်ပိုင်းဖြတ်ပြီး လုပ်ဖြစ်သွားပါတယ်။

ဘလော့ဂ်လုပ်ပြီး ၃လအတွင်းမှာ ဇွန်တစ်ယောက် မသိမသာ anti-social ဖြစ်ခဲ့ပါသေးတယ်။ ရုံးကနေ အိမ်ပြန်ရောက်တာနဲ့ စာဝင်ရေးရင်ရေး၊ မရေးဖြစ်တဲ့အခါ အခြားဘလော့တွေထဲဝင်ဖတ်၊ ကော်မန့်တွေပေးနဲ့ပဲ အချိန်ကုန်ပါတယ်။ အတူနေသူငယ်ချင်းနဲ့ အရင်ကလို စကားများများ မပြောဖြစ်၊ အသိမိတ်ဆွေတွေနဲ့ အရင်ကလို ဖုန်းပုံမှန်မပြောဖြစ်၊ လူမှုရေးကိစ္စတွေမှာလည်း သိသာစွာနဲ့ အနည်းငယ် ချို့ယွင်းမှုတွေ ရှိခဲ့ပါတယ်။ 

ဒီကြားထဲ သူများတွေလို စနေ၊တနင်္ဂနွေမှာ အချိန်မပေးနိုင်တဲ့အခါကျတော့ တနင်္လာကနေ သောကြာညပိုင်းတွေမှာပဲ ဘလော့ဂင်းဖြစ်ပါတယ်။ ညည့်နက်ပါများတော့ အိပ်ရေးတွေပျက်ရုံသာမက ဘယ်တုန်းကမှ မကျခဲ့ဘူးတဲ့ မျက်တွင်းတွေ ကျလာတာ ခုထိ ပြန်မပြည့်နိုင်တော့ မှန်ကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရပါသေးတယ်။ စာဖတ်ချိန်တွေ ဖဲ့ယူသွားတာများ အိပ်ရာနံဘေးက မဖတ်ရသေးတဲ့ စာအုပ်ပုံကြီးက ပိုပိုမြင့်လာပြီး စာကြွေးတွေကဖြင့် မရှင်းနိုင်အောင် များလာပါတယ်။ အိပ်ရေးမ၀၊ စိတ်မကြည်တော့ အလုပ်ခွင်မှာ အနည်းနဲ့အများဆိုသလို effect ဖြစ်တာလည်း သတိပြုမိပါတယ်။ 

ဘလော့ဂ်အတွက် ပေးဆပ်ခြင်းတွေ သိပ်များတဲ့အထဲမှာ အချိန်ဟာ ထိပ်ဆုံးကပါပဲ။ ဒါတောင် ဇွန်မိုးစက် တစ်နှစ်အတွင်း ရေးခဲ့တာ အပုဒ်တစ်ရာ မကျော်ပါဘူး။ ရေးခဲ့တဲ့ စာတွေထဲမှာ စိတ်ပျော်စရာတွေ ပါခဲ့သလို၊ စိတ်မကောင်း ဖြစ်စရာတွေလည်း ပါသွားတယ်။ တစ်ချို့စာတွေကို ရေးပြီးတင်လိုက်ရလို့ ကျေနပ်မိသလို၊ တစ်ချို့စာတွေအတွက် နောင်တလည်း ရခဲ့ဖူးပါတယ်။ တစ်နှစ်အတွင်း ဘလော့ဂ်နဲ့ပတ်သက်ပြီး  လျစ်လျူရှုမရတဲ့ စိတ်ခံစားမှုတွေက အမျိုးမျိုးအဖုံဖုံပါပဲ။ 

ဘလော့ဂ်နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေလည်း တနည်းတဖုံ ရခဲ့ပါတယ်။ ကိုယ်နဲ့ ၀ါသနာတူ၊ ခံစားချက်ချင်းတူတဲ့ ဘလော့ဂ်ဂါမိတ်ဆွေတွေ ရခဲ့တယ်။ ကုသိုလ်တွေ အတူတူပြုနိုင်ခဲ့တယ်။ ဘယ်အချိန်မှန်းမသေချာတဲ့ တချိန်ချိန်မှာမှ လုပ်ဖြစ်မယ်ထင်တဲ့ စာရေးခြင်းကိစ္စကို လက်တွေ့လုပ်ဆောင်ဖြစ်ခဲ့တယ်။ ဇွန့်စာတွေကတစ်ဆင့် ရင်းနှီးခင်မင်လာတဲ့ စာဖတ်သူတွေ ရှိလာတယ်။ အားပေးဖော်တွေ ရလာတယ်။

ဇွန့်ရဲ့ ဘလော့ဂ်ကို  လာရောက်လည်ပတ် ဖတ်ရှုသူများကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ 

ဒီဘလော့ဂ်လုပ်ဖြစ်အောင် တိုက်တွန်းပြောပြပေးခဲ့တဲ့ ကိုမိုးကုတ်သား၊ မနှစ်က ဒီဇင်ဘာလ ၅ရက်မှာ စတင်ဖြစ်တဲ့ ပထမဆုံး စကားဦးပို့စ်မှာတင် လာရောက်အားပေးခဲ့တဲ့ သူငယ်ချင်းများ၊ ဘလော့ဂါတွေထဲမှာ အရင်ဦးဆုံးလာမန့်ခဲ့တဲ့ မမခင်ဦးမေနဲ့ အခြားဘလော့ဂါ မောင်နှမများ၊ ဇွန်စာရေးဖို့ ငြူစူခြင်းအလျဉ်းမရှိဘဲ ကွန်ပျူတာပေးသုံးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း၊ ဘလော့ဂ်ရဲ့ template width အတွက် ကူညီပြုလုပ်ပေးခဲ့တဲ့ အတူနေ ညီမငယ်တစ်ဦးနဲ့ ဘလော့ဂါမဟုတ်သော စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဇွန်မိုးစက်က စီပုံးလည်း မထား၊ ပို့စ်တော်တော်များများရဲ့ မှတ်ချက်တွေကို တုံ့ပြန်မှုမပေးနိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ။ ဇွန့်ဆီ လာလည်ဝင်ရောက် စာများဖတ်သွားသော်လည်း ဇွန်ကတဖန်ပြန်၍ သွားမလည်ဖြစ်ခဲ့သော စာရေးဖော် ဘလော့ဂ်ဂါများကိုလည်း ဒီပို့စ်ကနေပဲ တောင်းပန်လိုက်ပါတယ်။ 

နောက်ပိုင်းကျရင် ဒီ့ထက်ပိုပြီး စာရေးကျဲမယ်ဆိုတာ ကြိုတင်အသိပေးထားပါရစေ။ ဆန္ဒရှိသမျှ အမှန်အတိုင်း ပြောရမယ်ဆိုရင်  ဇွန်မိုးစက်က ဘလော့ဂါသက်သက်ထက်ပိုတဲ့ စာရေးဆရာဖြစ်ချင်ပါတယ်။ ဖြတ်သန်းရမယ့် ဘ၀ခရီးမှာ တခြားဘယ်အလုပ်မှ လုပ်စရာမလိုဘူးဆိုရင် အေးအေးဆေးဆေးနဲ့ စာအုပ်တွေဖတ်၊  စာတွေ ထိုင်ရေးချင်ပါတယ်။ ဒီလိုမှမဖြစ်ခဲ့ရင်လည်း Margaret Mitchell လို ဂန္တ၀င်မြောက် ၀တ္ထုရှည်တစ်ပုဒ်လောက် ရေးသားဖန်တီးခွင့် ရချင်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ စာရေးဆရာဘ၀ထဲ ခြေစုံပစ် မ၀င်နိုင်သေးခင် အချိန်ပိုတွေ ရခဲ့မယ်ဆိုရင်၊ စာရေးဖို့စိတ်ကူးဆန္ဒတွေ ရှိနေဦးမယ်ဆိုရင် အရောင်အသွေးစုံလင်လှတဲ့ ဘလော့ဂ် ပန်းခင်းထဲမှာ ဇွန်မိုးစက်ဟာ မထင်မရှား အ၀ါရောင် ပန်းပွင့်လေးတစ်ပွင့်အဖြစ် ရှိနေပါဦးမယ်။

တစ်နှစ်တိတိ လာရောက်အားပေးဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ 

ပျော်ရွှင်သော တနင်္ဂနွေ ဖြစ်ပါစေ။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

တိမ်တိုက်တစ်စုံနှင့်အတူ - ၎

3

Category:

တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေကနေ ကီလိုမီတာ ၉၀၀ကျော် အကွာမှာရှိတဲ့ ဂါလာပါဂိုးစ်ကျွန်းစုမှာ ကျွန်းကြီး ၁၅ကျွန်း၊ ကျွန်းငယ် ၃ကျွန်းနဲ့ အခြားကျွန်းစုပေါင်းများစွာတို့ ပါဝင်ဖွဲ့စည်းထားတယ်။ ဂါလာပါဂိုးစ်ကျွန်းစုအကြောင်းကို အမေရိကန်မိုဇေးခ်ဆိုတဲ့ဂျာနယ်မှာ မိန်းကလေး ဖတ်မိကတည်း သိပ်စိတ်ဝင်စားခဲ့တယ်။ တိမ်တိုက်ဖြူရဲ့ အကူအညီ မပါဘဲ သူမဖာသာရောက်ဖို့ ခဲယဉ်းမယ့် နေရာတစ်ခုလို့ ထင်ထားပေမယ့် တကယ်တမ်း သူမရောက်သွားတဲ့အခါ သဘာဝသုတေသနပညာရှင်တွေသာမက ကမ္ဘာလှည့် ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်ကြတာကို လည်း တွေ့ရတယ်။ 

တိမ်တိုက်ဖြူက သူမကို ရေနဂါးသဏ္ဍာန်ရှိတဲ့ အကြီးဆုံးကျွန်း အစ်ဇ်ဘဲလာမှာ ချပေးတယ်။ အီကွေတာဖြတ်သန်းသွားရာ ပစိဖိတ်မုဒ္ဒရာတွင်းက ဒီကျွန်းစုမှာ အခြားနေရာတွေမှာ တွေ့ရခဲတဲ့ သတ္တ၀ါမျိုးစိတ်တွေကြောင့် အင်္ဂလိပ်သဘာဝပညာရှင် ချားလ်စ်ဒါဝင်က သုတေသနခန်း တည်ဆောက်ပြီး တကူးတက လေ့လာခဲ့တာဖြစ်မယ်လို့ မိန်းကလေး တွေးမိတယ်။ 

မိန်းကလေးသိထားတဲ့ ပင်ဂွင်းငှက်တွေဟာ အအေးပိုင်းဒေသတွေမှာသာ နေလေ့ရှိပေမယ့် ဂါလာပါဂိုးစ်မှာတော့ အီကွေတာအပူပိုင်းဒေသမှာသာ ပေါက်ဖွားနေထိုင်တဲ့ ပင်ဂွင်းငှက်မျိုးတွေ တွေ့ရတယ်။ နောက်ပြီး ရာသီအလိုက် ခန္ဓာကိုယ်အရောင်တွေ ပြောင်းလဲတတ်တဲ့ ရေရော ကုန်းမှာပါ ကျက်စားနိုင်တဲ့ ရေပုတ်သင်အကြီးကြီးတွေ၊ သက်တမ်းရှည်တဲ့ ပင်လယ်လိပ်ကြီးတွေ၊ ပုဇွန်ဆီရောင်သမ်းပြီး သိပ်လှတဲ့ ကြိုးကြာငှက်တွေ အများကြီးပဲ မိန်းကလေး တွေ့ရတယ်။ သူများတွေ လိပ်ကြီးပေါ် တက်စီးတာမြင်လို့ မိန်းကလေးလည်း တက်စီးခဲ့သေးတယ်။

ဂါလာပါဂိုးစ်မှာပဲ တွေ့ရတဲ့ ခြေထောက်ပြာ၊ ခြေထောက်နီကိုယ်စီနဲ့ ဘူဘီငှက်လေးတွေကလည်း သိပ်ချစ်ဖို့ကောင်းတယ်။ အထီးအမရယ်လို့ တိတိပပ မရှိဘဲ အရွယ်ရောက်လာရင် သူ့အလိုလို မျိုးပွားသားပေါက်တဲ့ ပင်လယ်ဇင်ယော်ငှက်တွေ၊ ငှက်ကြီးဝန်ပိုနဲ့ သူ့အမျိုးအနွယ်ဝင်ဖြစ်တဲ့ နှုတ်သီးအောက်က လည်ချောင်းမှာ အနီရောင်အိတ်ကြီးသဖွယ် တွယ်ဆက်လျက်ပါတဲ့ ဖရီးဂိတ်ငှက်မျိုးတွေကိုမြင်တော့ မိန်းကလေးဟာ တအံ့တသြနဲ့ ငေးမောကြည့်ရတယ်။ 

သူမ အရင်က မမြင်ဘူးတဲ့ နာမည်မခေါ်တတ်တဲ့ ပန်းအမျိုးအစားတွေကိုလည်း တွေ့ရတယ်။ မိန်းကလေးဟာ ကျွန်းပေါ်မှာ ကလေးငယ်တစ်ယောက်လိုပဲ ဟိုငေးဒီကြည့်နဲ့ သိပ်ပျော်နေတယ်။ တိမ်တိုက်ဖြူက သူမကို လာခေါ်တော့ သိပ်မလိုက်ချင်သေးဘူး။ ဒါကိုသိတဲ့ တိမ်တိုက်ဖြူက “မိန်းကလေး… တို့တွေ ပီရူးကို ခရီးဆက်ရအောင်၊ မင်းစိတ်ဝင်စားတဲ့ အင်ကာအင်ပါယာမြို့ဟောင်းကို သွားကြည့်မယ်လေ” အဲဒီ့တော့မှ မိန်းကလေးဟာ သတိဝင်သွားပြီး တိမ်တိုက်ဖြူထဲ တိုးဝင်လိုက်တယ်။ 

ဒီတခါတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ကျော်အမြင့်ကို လွင့်တက်ရတာဖြစ်လို့ လေထုဖိအား များလာပြီး အအေးဓာတ်လည်း ပိုလာတယ်။ တိမ်တိုက်ဖြူရဲ့ အနွေးဓာတ်ပေးအားဟာ ဟိုအရင် မိန်းကလေးကို ခေါ်ဆောင်လာကာစထက် ပိုလျော့နည်းလာတာကို သူမ သတိပြုမိတယ်။ မာချုပီချုးတောင်တန်းပေါ်က မာချုပီချူးမြို့ကို ကောင်းကင်ထက်ကမြို့လို့တင်စားကြတာ မိန်းကလေးကြားဖူးတယ်။ တစ်ချိန်က ကိုလံဘီယာ-အမေရိကဒေသမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ အင်ကာအင်ပါယာရဲ့ ပျောက်ဆုံးသွားသော မြို့တော်ဟောင်းဟာ အခုချိန်မှာတော့ လက်တင်အမေရိကမှာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာတဲ့ နေရာတစ်ခုဖြစ်နေပြီဆိုတာ မိန်းကလေး သိထားတယ်။ 

မြင့်မားလှတဲ့ တောင်တန်းပေါ်မှာ တည်ဆောက်ထားတဲ့ မြို့ရဲ့ဖွဲ့စည်းပုံနဲ့အတူ အင်ကာတို့ရဲ့ ရှေးကျတဲ့ ဗိသုကာလက်ရာတွေဟာ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်ထပ် မိန်းကလေး မြင်ခဲ့ရတာတော့ လာမားလို့ခေါ်တဲ့ အမွှေးထူထူ လည်တိုင်ရှည်ရှည်နဲ့ သစ်ကုလားအုပ် အပုအသေးစားနဲ့တူတဲ့ တိရစ္ဆာန်လေးပါပဲ။ မိန်းကလေးဟာ မာချူပီချူးက ရှေးဟောင်းအဆောက်အဦပျက်တွေကြား ၀င်ကြည့်ရင်းနဲ့မှ လက်တင်အမေရိကမှာ သူမသွားကြည့်ဖို့ တစ်နေရာကျန်ခဲ့တာကို သတိရသွားတယ်။ “တိမ်တိုက်ဖြူရေ… ကျွန်မတို့ မာယာမြို့ဟောင်းဒေသတွေ မကြည့်ခဲ့ရဘူးနော်” “ဟုတ်တယ်… မိန်းကလေးရေ၊ ဂါလာပါဂိုးစ်ဆီသွားဖို့ စိတ်ရောက်နေလို့ သတိမရလိုက်ဘူး၊ နောက်ပြန်လှည့်ဖို့ရာလည်း မဖြစ်တော့ဘူး” “မိန်းကလေးက စိတ်ဓာတ်ကျသွားပေမယ့် နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားဖို့ပဲ ပြောလိုက်တယ်။ 

မြင့်မားမတ်စောက်လှတဲ့ တောင်ထွတ်ပေါ်ကနေ ကောင်းကင်ပြာထဲ တိုးထွက်ခဲ့ချိန်မှာ နေလုံးကြီးဟာ ဟိုး... အောက်ဘက်ကို တစစနဲ့ နိမ့်ဝင်နစ်မြုပ်နေပြီ။ တိမ်စိုင်တိမ်လိပ်တွေက သူမတို့အောက်ဘက်မှာ အစီအရီနဲ့ လွင့်မျောလို့...။ တိမ်လွှာတွေအပေါ်ကနေ ဖြတ်သန်းပြီးတဲ့အခါ တောင်အမေရိကရဲ့ ဧရိယာအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးလ်ပေါ် ရောက်ရှိသွားတယ်။ ပင်ပန်းနေတဲ့ မိန်းကလေးဟာ အိပ်ပျော်သွားပြီး တရေးနိုးလာတဲ့အခါ အောက်ဘက်မှာ မြင်တွေ့လိုက်ရတာက စိမ်းစိုလှပတဲ့ တောအုပ်ကြီးပဲ။

“တိမ်တိုက်ဖြူရေ တို့တွေ အခုဘယ်ရောက်နေပြီလဲဟင်” တိမ်တိုက်ဖြူကလည်း ချက်ခြင်းပဲ ပြန်ဖြေတယ်။ “တို့တွေ အမေဇုန်တောနက်ကြီးပေါ်က ဖြတ်သန်းနေတာ မိန်းကလေးရဲ့” “အိုး…” မိန်းကလေးရဲ့ အာမေဋိတ်သံအဆုံး  တိမ်တိုက်က အရှိန်ထပ်မြင့်လိုက်တယ်။ ခဏအကြာမှာတော့ “အောက်ကိုငုံကြည့်ပါဦး မိန်းကလေး…. မလှဘူးလား” မိန်းကလေးဟာ အသာလေး အောက်ကိုကြည့်လိုက်တယ်၊ တိမ်တိုက်ကလည်း ဖြည်းဖြည်းချင်း အရှိန်လျှော့ပြီး နိမ့်ဆင်းပေးတယ်။ 

“ဟုတ်ပါရဲ့ မြစ်ကြီးကွေ့ကောက်စီးဆင်းနေတာ လှလိုက်တာနော်” မိန်းကလေးဟာ ပြောရင်းနဲ့ တစ်စုံတစ်ခုကို သတိရသွားတယ်။ “ကျွန်မသိပြီ တိမ်တိုက်ဖြူ… အဲဒါ အမေဇုန်မြစ် မဟုတ်လား” “သေချာတာပေါ့ မိန်းကလေးရယ်” မိန်းကလေးဟာ တိမ်တိုက်ဖြူနဲ့အတူ ကမ္ဘာ့အကြီးဆုံးသစ်တောနဲ့ ကမ္ဘာ့အရှည်ဆုံးမြစ်ကြီးပေါ်ကနေ ဖြတ်သန်းခွင့်ရလို့ ပျော်ရွှင်မဆုံး တပြုံးပြုံးဖြစ်နေတယ်။ 


Google Image ကနေ ယူသုံးထားတဲ့ အမေဇုန်တောနဲ့မြစ်ကြီးပါ

အမေဇုန်မြစ်ကြောင်းတစ်လျှောက်ကနေ မြစ်ဖျားခံရာဒေသအထိ သွားကြည့်တယ်။ အဲဒီ့ကနေမှ ခရီးတွင်အောင် တောင်အမေရိကရဲ့ တောင်ဘက်ပိုင်းဆုံးထိ မသွားတော့ဘဲ အတ္တလန်န္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အာဖရိကတိုက်ဆီ ဦးတည်လွင့်ပျံခဲ့တယ်ဆိုရင်ပဲ သူမတို့ခရီးစဉ်ဟာ လေးပုံသုံးပုံရှိနေခဲ့ပြီ။


ဆက်ပါဦးမည်။


ဇွန်မိုးစက်

တိမ်တိုက်တစ်စုံနှင့်အတူ - ၃

8

Category:

“မိန်းကလေး”

တိမ်တိုက်ဖြူရဲ့ ခေါ်သံအဆုံး မိန်းကလေး လန့်နိုးလာတယ်။ “တို့ရောက်လုပြီ။ ဟိုးမှာ မြင်နေရတဲ့ ကျွန်းရှည်မျောမျောလေးကို တွေ့လား။ အဲဒါ လောင်းအိုင်လန်ပဲ”

မိန်းကလေးက အိပ်မှုံစုံမွှားဖြစ်နေသေးလို့ တိမ်တိုက်က အရှိန်ပြင်းပြင်းနဲ့ အောက်ကိုဆင်းချလိုက်တော့မှ အောက်က သမုဒ္ဒရာရေပြင်ကျယ်ကို မြင်လိုက်တဲ့အခါ ကြောက်စိတ်နဲ့ မျက်စိကျယ်သွားတယ်။ 

အို… မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်ကို ရောက်ခဲ့ပြီပဲ။ ဒီတခါ မိန်းကလေးပြောစရာမလိုဘဲ တိမ်တိုက်ဖြူက သူမသွားချင်တဲ့နေရာတွေကို လိုက်ပြပေးမယ်ဆိုတာ သိနေတယ်။

လောင်းအိုင်လန်ကနေ မက်ဟက်တန်ကို ဆက်ထားတဲ့ ဘရွတ်ကလင်းတံတားပေါ်ကနေ ဖြတ်သန်းခိုက်မှာ ပျော်လွန်းလို့ မိန်းကလေးရင်တွေခုန်လာတယ်။ စာပေနဲ့ရုပ်ရှင်တွေထဲမှာသာ ရင်းနှီးခဲ့တဲ့ ကမ္ဘာကျော်တံတားကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့ မိန်းကလေးဟာ ၀မ်းသာပျော်ရွှင်နေတယ်။ ဒါတင်ဘယ်ကဦးမလဲ… တိမ်တိုက်ဖြူက မိန်းကလေးကို အင်ပါယာစတိတ်အဆောက်အဦရဲ့ ဟိုးအပေါ်ဆုံးထိအောင် ခေါ်ဆောင်သွားပြီး နယူးယောက်မြို့တော်ကို အပေါ်စီးကနေ ကြည့်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သေးတယ်။ နာမည်ကျော် ပဉ္စမရိပ်သာလမ်းနဲ့ အလယ်ပန်းခြံမှာလည်း လမ်းဆင်းလျှောက်ခွင့်ရခဲ့တယ်။ မိန်းကလေးအတွက် မြင်မြင်သမျှ အရာအားလုံးဟာ တက်ကြွဆန်းသစ်နေတယ်။ နယူးယောက်ကနေ မထွက်ခွာခင်မှာ တိမ်တိုက်ဖြူက လစ်ဘာတီရုပ်ထုရှိရာ လစ်ဘာတီကျွန်းပေါ်ကနေ ပျံလွင့်ပြီးမှ အနောက်မြောက်ကို ဦးတည်လိုက်တယ်။ 

မိန်းကလေးအတွက် မကြည့်မဖြစ်နေရာတစ်ခုကို တိမ်တိုက်ဖြူက ခေါ်ဆောင်သွားပေးတယ်။ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကမ္ဘာ့အလှဆုံးရေတံခွန်များစာရင်းဝင်ရာ “နိုင်ဂရာ” ဆီကိုပေါ့။  မိန်းကလေးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ နိုင်ဂရာရေတံခွန်ရဲ့အလှကို ရှုစားရင်း တပြိုင်တည်းမှာပဲ ကောင်းကင်ပြာအောက်က အွန်တေရီယိုရေကန်အလှမှာလည်း နစ်ဝင်ခံစားနေတယ်။  ပထ၀ီဝင်ဘာသာရပ်မှာ ကျက်မှတ် သင်ကြားခဲ့ရတဲ့ မြောက်အမေရိကတိုက်ရဲ့ ရေကန်ကြီးငါးခုထဲက တစ်ခုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်နေတယ်။ “ဟိုမှာ မြင်နေရတာ ကနေဒါနိုင်ငံရဲ့အကြီးဆုံးမြို့ တိုရွန်တိုလေ၊ အွန်တေရီယိုပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်” တိမ်တိုက်က မိန်းကလေးသိအောင် ပြောပြပေးတယ်။ “ကျွန်မတို့ ကနေဒါဘက်ကိုတော့ မသွားနိုင်တော့ဘူးနော်” “ဟုတ်တယ်… တို့တတွေ အနောက်ဘက်ကမ်းခြေတိုင်အောင် သွားရဦးမှာလေ” မိန်းကလေးက စောဒကမတက်တော့ဘဲ တိမ်တိုက်ဖြူခေါ်ဆောင်ရာသာလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မိန်းကလေးက မပြောပေမယ့် တိမ်တိုက်ဖြူဟာ မြောက်အမေရိကမှာ မိန်းကလေးသွားရောက်ကြည့်ရှုချင်တဲ့ အဓိကနေရာတွေကို ဦးစားပေး ပို့ဆောင်ပေးခဲ့တယ်။ ဥပမာ- မိန်းကလေးအကြိုက်စာအုပ်တွေထဲကနေ ကျွမ်းဝင်နေတဲ့  မတ်ခ်တွိမ်းရဲ့ မြစ်ကြီးမစ္စစ္စပီနဲ့ ဂယ်ရစ်ဆင်ကိုင်လွှာရဲ့ ပရေရီမြက်ခင်းလွင်ပြင်ကျယ် အပေါ်ကနေ ဖြတ်သန်းပြီးမှ အလက်စကားပြည်နယ်ကို သွားတယ်။ မိန်းကလေးဟာ တိမ်တိုက်ဖြူက အနောက်ဘက်ကမ်းခြေကို အရင်မသွားဘဲ အလက်စကားဘက်ကို သွားတာကြောင့် အံ့အားသင့်နေမိတယ်။ ဒါပေမယ့် တိမ်တိုက်ဟာ အကြောင်းမဲ့သက်သက်နဲ့တော့ အလက်စကားကို မသွားလောက်ဘူးဆိုတာသိလို့ ဘာကြောင့်လဲ မမေးတော့ဘဲ နှုတ်ဆိတ်ပြီးသာ လိုက်ခဲ့တယ်။ 

တိမ်တိုက်ဖြူဟာ အလက်စကားပြည်နယ် အစွန်းထိအောင်ရောက်အောင် အပေါ်ဝေးဝေးက လွင့်ပျံပြီးမှ မိန်းကလေးကို ပြောပြတယ်။ “မင်းသိလား… ဟိုးအရင်ရှေးနှစ်သန်းပေါင်းများစွာက ဥရောပတိုက်နဲ့မြောက်အမေရိကတိုက်ဟာ ကုန်းမြေတဆက်တည်းဖြစ်ခဲ့တယ်။ ရေခဲခေတ်အပြီးမှာ ရေခဲတွေပျော်ကျပျက်စီးပြီး ပင်လယ်ရေမျက်နှာပြင် တက်လာတာနဲ့အမျှ ကုန်းမြေနှစ်ခုဟာ ကွဲကွာသွားတယ်။ ဒီနေရာဟာ ဥရောပနဲ့ မြောက်အမေရိက နှစ်တိုက်ရဲ့ ကုန်းမြေအစပ်ဖြစ်ခဲ့ဖူးတာ မင်းကိုပြချင်လို့” 

“တဆက်တည်း အလက်စကားပြည်နယ်အကြောင်းလည်း ပြောပြမယ်။ ပြည်နယ်ပေါင်း၅၀နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဧရိယာအကြီးဆုံးနဲ့ လူဦးရေအနည်းဆုံးနေထိုင်တဲ့ပြည်နယ်ဟာ အလက်စကားပဲ။ ကုန်းမြေအရလည်း တစ်ခြားပြည်နယ်တွေနဲ့ ဆက်စပ်မှုမရှိဘူး။ တကယ်တော့ အလက်စကားဟာ အရင်က ရုရှပိုင်နယ်မြေတစ်ခုဖြစ်ခဲ့တယ်၊ ၁၈၆၇ခုနှစ်မှာ ရုရှအင်ပါယာထံကနေ အမေရိကန်က ၀ယ်ယူလိုက်ပြီးတဲ့နောက်မှာမှ အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ခုမြောက်ပြည်နယ်ဖြစ်လာခဲ့တာ” 

“အို..ဟုတ်လား…ကျွန်မ ဒီအကြောင်းတွေ မသိခဲ့ဘူး။ ကျွန်မစိတ်ထဲမှာလည်း အလက်စကားဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခုဖြစ်နေပေမယ့် အခြားပြည်နယ်တွေနဲ့ မတူဘဲ တစ်ခုခု ကွဲပြားခြားနားနေတယ်လို့  ခံစားနေရတာ။ ခုလိုသိရအောင် တကူးတက ပို့ဆောင်ပေး၊ သမိုင်းကြောင်းပြောပြပေးတဲ့ တိမ်တိုက်ဖြူကို ကျေးဇူးသိပ်တင်တာပဲ” 

အဲဒီ့နောက်မှာမှ တိမ်တိုက်ဖြူဟာ အလက်စကားကပြည်နယ်ကနေမှ တောင်ဘက်တည့်တည့်ကို လွင့်ပျံပြီး အနောက်ဘက်ကမ်းခြေဒေသကို အရောက်သွားတယ်။ အနောက်ဘက်ကမ်းခြေက လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ်မြို့တွေပေါ်ကနေ ဖြတ်သန်းသွားတယ်။ မိန်းကလေးကျေနပ်အောင် Golden Gate အမည်ရတဲ့ နာမည်ကျော် ဆန်ဖရန်စစ္စကို တံတားကြီးပေါ်ကနေလည်း ဖြတ်သန်းပေးတယ်။ 


အမေရိကန်ပြည်ထောင်စုရဲ့ ကုန်းတွင်းပိုင်းခရီးကို အရီဇိုးနားပြည်နယ်က ဂရင်းကင်ညွန်မှာ အဆုံးသတ်တယ်။ မိန်းကလေး အနှစ်နှစ်အလလကတည်းက အရောက်သွားဖို့ ဆန္ဒရှိခဲ့တဲ့ နေရာတစ်ခုဆိုတာ တိမ်တိုက်ဖြူက သိနှင့်နေတယ်။ မိန်းကလေးဟာ သူ့မျက်စိရှေ့အောက်မှာ ကော်လိုရာဒိုမြစ်ဟာ ဂရင်းကင်ညွန်ကိုဖြတ်ပြီး လှပဝေ့၀ိုက်စွာ စီးဆင်းနေပုံကြည့်ပြီး သိပ်ကို ကျေနပ်ပျော်ရွှင်နေတယ်။ သူမပျော်နေတာကိုကြည့်ပြီး တိမ်တိုက်ဖြူကလည်း လိုက်ပျော်နေတယ်။ ဂရင်းကင်ညွန်ရဲ့အလှနဲ့လိုက်ဖက်ညီစွာ ခြံရံထားတဲ့ ကောင်းကင်ပြာထဲမှာ သူ့မိတ်ဆွေ တိမ်မျှင်တစ်ချို့ကိုတွေ့ရလို့ ၀မ်းသာအားရနဲ့ နှုတ်ဆက်လိုက်သေးတယ်။ ဂရင်းကင်ညွန်ရဲ့ အမျိုးသားပန်းခြံမှာ တစ်ညတာနားခိုပြီးနောက် အနောက်ဘက်ကမ်းခြေကနေ မိုင်ပေါင်း ၂,၀၀၀ ကျော်အကွာ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ပြည်နယ်၅၀ထဲက နောက်ဆုံးပြည်နယ်ဖြစ်တဲ့ ဟာဝိုင်အီကို လာခဲ့တယ်။ 

ဒီတခါ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်တော့ မိန်းကလေးဟာ အရင်ကလောက် မကြောက်ရွံတော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ပါလာတယ်။ ခရီးတစ်လျှောက်မှာလည်း သူမကပဲ စကားတွေပြောလာတယ်။ မိန်းကလေးက သူမ လက်ထပ်ဖြစ်တဲ့အခါ ပျားရည်ဆမ်းခရီးကို ဟာဝိုင်အီမှာပဲ ထွက်ချင်တယ်ဆိုတဲ့ အကြောင်းလည်းပါတယ်။ တိမ်တိုက်ဖြူက “ဟာဝိုင်အီကျွန်းစုလေးတွေက သိပ်လှပါရဲ့။ ဒါပေမဲ ငါတော့ အဲဒီ့ကျွန်းတွေပေါ်မှာ ကြာကြာမနေရဲဘူး၊ တော်ကြာမီးတောင်ပေါက်ကွဲတာနဲ့ တိုးနေမှာစိုးလို့” လို့ ပြန်ပြောတယ်။ တိမ်တိုက်ဟာ သူကြောက်တယ်ဆိုပေမယ့် တကယ်တမ်းကျွန်းပေါ်ရောက်တဲ့အခါ မိန်းကလေးကို တစ်နေရာပြီးတစ်နေရာ စိတ်ရှည်ရှည်နဲ့ လိုက်ပြပေးတယ်။ မိန်းကလေးဟာ ဟာဝိုင်အီရောက်ပြီးတဲ့အခါ တစ်ချိန်ကျရင် သူမအတွက် honeymoon destination က Hawaii ဆိုတာ ပိုပြီးသေချာသွားတယ်။ 

မြောက်အမေရိကတိုက်ခရီးကနေ  စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ တောင်အမေရိကတိုက်ဆီကို ပစိဖိတ်သမုဒ္ဒရာ ဖြတ်ပြီးသွားတဲ့အခါ သူမတို့ရဲ့ခရီးရှည်ဟာ တစ်ဝက်ကျော်သွားခဲ့ပြီ။ မိန်းကလေးဟာ ဟိုး…ပစိဖိတ်သမုဒ္ဒရာထဲက ထူးဆန်းတဲ့ လူမျက်နှာနဲ့ ကျောက်ရုပ်အကြီးကြီးတွေရှိတဲ့ ချီလီနိုင်ငံပိုင် အီစတာကျွန်းကို သွားချင်ပေမယ့် တိမ်တိုက်ဖြူရဲ့ သူမကို သယ်ဆောင်နိုင်အားဟာ အကန့်အသတ်ရှိတာကြောင့် အဲဒီကိုသွားဖို့ မတောင်းဆိုတော့ဘဲ သူမဆန္ဒကို ချိုးနှိမ်လိုက်တယ်။ တိမ်တိုက်ဖြူ ဒီတစ်ခါ ဦးတည်ပျံလွင့်တဲ့နေရာက ကမ္ဘာ့ရှားပါးသတ္တ၀ါမျိုးစိတ်တွေ၊ ဧရာမ လိပ်ကြီးတွေရှိတဲ့ အီကွေဒေါနိုင်ငံပိုင် ဂါလာပါဂိုးစ်ကျွန်းစုများဆီကို…။ 

ဆက်ပါဦးမည်။


ဇွန်မိုးစက်

အပေါ်က Grand Canyon နဲ့ Colorado River ပုံကို Google Image ကနေပဲ ယူသုံးထားပါတယ်ရှင်။

childhood sweetheart

15

Category:

ဆယ်ကျော်သက်အရွယ် နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ သူ့ကို စတွေ့ဖူးတယ်။ အမှတ်မထင် တီဗွီကလာတဲ့ သတင်းထဲမှာ ဆံပင်အလယ်ခွဲနဲ့ ချစ်စရာကောင်လေးတစ်ယောက် လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ ပုံရိပ်တစ်ခုကိုမြင်ပြီး ကလေးစိတ်နဲ့ နှစ်သက်မိသွားတယ်။ နောက်တစ်နေ့ သတင်းစာထဲမှာပါလာတဲ့ သူ့ပုံလေးကို ကတ်ကြေးနဲ့ သေချာ ကိုက်ယူပြီး သိမ်းထားတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုယ့်ကွန်ပါဘူးလေးထဲမှာ သူ့ပုံလေးကို အမြဲထည့်ထားခဲ့တာ စာသင်နှစ်ကုန်သွားတဲ့ အထိပါပဲ။ 

သူနဲ့ပတ်သက်တဲ့ သတင်းတွေကို သူ့မိခင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်မှုရှိတဲ့ အစ်မ၀မ်းကွဲတစ်ယောက်ဆီကနေ နားစွင့်တယ်။ အိမ်အလည်လာတဲ့အစ်မကို သူ့အကြောင်းလေးတွေ ကိုယ်မေးကြည့်တယ်။ သူ့ရဲ့မြန်မာနာမည်က ဘယ်လို၊ သူက ထန်းလျက်ကြိုက်တယ် စသဖြင့် သိရသလောက် ကိုယ်ကမှတ်သားထားတယ်။ သူနဲ့ပတ်သက်ပြီး သီးသန့် စာအုပ်လေး တစ်အုပ်မှာ ရေးထားတာတွေရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် အင်္ဂလန်ရောက်ခဲ့ရင် သွားတွေ့မယ်ဆိုပြီး စာအုပ်ထဲမှာ ရေးထားခဲ့ဖူးသေးတယ်။ 

အသက်တွေ တဖြည်းဖြည်းကြီးလာတဲ့အခါ သူ့အကြောင်း အတွေးနဲ့စိတ်ကူးတွေ တဖြည်းဖြည်းလျော့ပါးလာပြီး သူ့ကို မေ့သွားတယ်။ ဒါပေမဲ့ တခါတခါ သတိရမိရင် သူဘယ်ရောက်နေပြီး ဘယ်လိုဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေသလဲဆိုတာကို စိတ်ဝင်စားမိ၊ တွေးမိတတ်တယ်။ သူ့အစ်ကို အိမ်ထောင်ပြုသွားတဲ့အကြောင်း ကြားရတယ်။ သူလူဆိုးကလေး ဖြစ်သွားတယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို ပြောဖူးသေးတယ်။  အဲသည့်သတင်းကြားတုန်းက Google မှာ ရှာကြည့်လိုက်သေးတယ်။ သူ့အကြောင်းထက် သူ့အစ်ကိုအကြောင်းပဲ တွေ့ရတယ်။

တစ်မနက်လုံး အလုပ်တွေကြားနစ်နေတဲ့ကိုယ် နေ့လည်ထမင်းစားချိန်အပြီး   gmail ကိုဝင်ကြည့်တော့ သူငယ်ချင်းက လင့်ခ်တစ်ခုပို့ထားတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ အနှစ်နှစ်ဆယ်နီးပါးလောက် မတွေ့မြင်ခဲ့ရတဲ့ သူ့ကို ကွန်ပျူတာ မျက်နှာပြင်ပေါ်ကတဆင့် ပြန်တွေ့လိုက်ရတယ်။ ကိုယ်ဟာ သတင်းတွေဖတ်ရင်း၊ ပုံတွေကြည့်ရင်း ၀မ်းနည်းဝမ်းသာ ခံစားချက်တွေ တပြိုင်တည်း ခံစားနေမိတယ်။ သူလူဆိုးကလေးဖြစ်ခဲ့တာ ဟုတ်ချင်ဟုတ်မှာလို့ အခုမြင်ရတဲ့ သူ့ပုံရိပ်ကို ကြည့်ပြီး တွေးလိုက်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်ဖြစ်သူ လွတ်မြောက်တာနဲ့ တွေ့ဆုံနိုင်ဖို့ ဘန်ကောက်ကို ကြိုတင်ရောက်ရှိနေခဲ့တဲ့ သားတစ်ယောက်ရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမား ဆန္ဒပြင်းပြခဲ့လိမ့်မလဲဆိုတာ ကိုယ်ခံစားကြည့်နေမိတယ်။ 

သူ့ကို မြင်ရတဲ့အခါ ကိုယ်ကလေးဘ၀က သဘောကျနှစ်သက်မိသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာထက် အများအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပစေတဲ့ အမေတစ်ယောက်ရဲ့မေတ္တာကို တောင့်တခဲ့တဲ့ သားတစ်ယောက်အနေနဲ့ပဲ မြင်မိတော့တယ်။ ကမ္ဘာတစ်ဖက်ခြမ်းစီမှာ အသက်ရှင်ရက်ရှိနေပါသော်လည်း ဆယ်စုနှစ်ကြာမှ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ အမေနဲ့သားအတွက် အတိုင်းမသိ ၀မ်းသာကြည်နူးရင်း မျက်ရည်များတောင် ၀ဲခဲ့မိပါတယ်။


ဇွန်မိုးစက်

(သတင်းဖတ်ပြီးကတည်းက တစ်နေ့လည်ခင်းလုံး ဒီအကြောင်းပဲ ခေါင်းထဲရောက်နေတယ်။ တကယ်လို့များ ကိုယ့်ရဲ့ childhood sweetheart သာ တစ်ခြားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဘယ်တော့မှ ချရေးဖြစ်မှာ မဟုတ်ဘူး။ ခုတော့ တိုက်ဆိုင်သွားတာရော၊ ကိုယ်ခံစားမိသွားတာရောပေါင်းပြီး တိမ်တိုက်နဲ့ ခရီးမဆက်ဖြစ်ဘဲ ဒီအကြောင်းရေးမိသွားတယ်)

တိမ်တိုက်တစ်စုံနှင့်အတူ - ၂

6

Category:

မိန်းကလေးဟာ တိမ်တိုက်နဲ့အတူ အာတိတ်စက်ဝိုင်းဖြတ်သန်းသွားရာ စကန်ဒီနေးဗီးယားဒေသတစ်ခုဖြစ်တဲ့ နော်ဝေးနိုင်ငံမြောက်ပိုင်းကို ရောက်ရှိလာတယ်။ တိမ်တိုက်ဖြူက မိန်းကလေးကို ရွာငယ်တစ်ရွာနားမှာ ချပေးပြီး အင်အားဖြည့် အနားယူစေတယ်။ ညအချိန်ရောက်တဲ့အခါ  မိန်းကလေးဟာ စိတ်လှုပ်ရှားစွာနဲ့ သူမမြင်တွေ့ရမယ့်အရာကို မြေပြင်တစ်နေရာကနေ စောင့်ကြည့်နေတယ်။ သိပ်မကြာခင်မှာဘဲ နက်ပြာရောင်ကောင်းကင်ထက်မှာ လှပစွာတဲ့ ဖြာကျလာတဲ့ အစိမ်းရောင်အလင်းတန်းကို တွေ့ရတယ်။ 

လျှပ်စစ်အမှုန်လေးတွေ တစ်ခုနဲ့တစ်ခု အရှိန်ပြင်းစွာပွတ်တိုက်ထိတွေ့ပြီး ကမ္ဘာမြေရဲ့ သံလိုက်ဓာတ် ဆွဲငင်အားကြီးရာ မြောက်အရပ်ဆီကို ဦးတည်လာရာမှ ထွက်ပေါ်လာတဲ့ သဘာဝအလင်းရောင်ဖြစ်တယ်လို့ တိမ်တိုက်ဖြူက ရှင်းပြတယ်။ အစိမ်းရောင်အပြင် အခြားအရောင်တွေ ရောယှက်ဖြာဆင်း တတ်ကြောင်းကိုလည်း ပြောပြတယ်။ မိန်းကလေးတသက်မှာ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုး မမြင်ခဲ့ဘူးလို့ မျက်တောင်မခတ်ဘဲ Northern Lights ကို အံ့သြမင်သက် ငြိမ်သက်စွာနဲ့ ကြည့်နေမိတယ်။ 


တကယ်တော့ သူမတစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ကမ္ဘာ့ဒေသအနှံ့အပြားကလူတွေလည်း သူမလိုပဲ သဘာဝတရားရဲ့ အံ့မခန်း ဆန်းကြယ်လှပတဲ့အရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစားဖို့ အဝေးကြီးကနေ လာကြည့်ကြတာကို တွေ့ရတယ်။ ခပ်လှမ်းလှမ်းက သူမရဲ့ တိမ်တိုက်ဖြူကို ကျေးဇူးတင်တဲ့ မျက်ဝန်းများနဲ့ မော့ကြည့်မိတယ်။ တိမ်တိုက်ဖြူက သူ့တာဝန်တစ်ခုကျေသွားသလို ၀မ်းမြောက်ပေါ့ပါးစွာနဲ့ လွင့်ကနဲ ပျံတက်ပြတယ်။

အရုဏ်ကျင်းချိန်မှာတော့ သူမတို့ တောင်ဘက်ကို ခရီးဆက်ခဲ့တယ်။ ဒီတစ်ခါ မိန်းကလေးဆန္ဒရှိတဲ့ နေရာတစ်ခုကို အရင်ပို့ပေးမယ်လို့ တိမ်တိုက်ဖြူက ဆိုတာကြောင့် သူမနေရာတစ်ခုကို ပြောလိုက်တယ်။ တကယ်တော့ ဥရောပတိုက်မှာ မိန်းကလေးသွားချင်တဲ့နေရာတွေ သိပ်များတယ်။ ဒါပေမယ့် နေရာအနှံ့ကို တိမ်တိုက်ဖြူက လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့မှာ အချိန်အကန့်အသတ်လည်း ရှိနေတယ်။ 

“ကျွန်မကို မြေထဲပင်လယ်ဒေသက စစ္စလီကျွန်းကို လိုက်ပို့ပေးပါ။ ဒါပေမဲ့ အခုတောင်ဘက်ကို ဖြတ်သန်းတဲ့အခါ ဘရပ်ဆဲလ်မြို့မှာ တစ်ထောက်နားပေးပါ” လို့ မိန်းကလေးက တောင်းဆိုလိုက်တယ်။ တိမ်တိုက်က အံ့သြတဲ့ လေသံနဲ့ “ဘရပ်ဆဲလ်မှာ ဘာရှိလို့လဲ မိန်းကလေး”  လို့ ပြန်မေးတယ်။ “ကျွန်မအချစ်တော် ရုပ်ပြဇာတ်ကောင်လေး တင်တင် မွေးဖွားရာ မူလဇာတိကို သွားကြည့်ချင်လို့ပါ” မိန်းကလေးရဲ့ အဖြေအဆုံး တိမ်တိုက်ဖြူဆီက သဘောကျစွာနဲ့ ရယ်မောသံထွက်လာတယ်။ “ကောင်းပြီ၊ မင်းဆန္ဒအတိုင်းဖြစ်စေရမယ်” လို့ပြောပြီး တောင်ဘက်အရပ်ကို ဦးတည် လွင့်ပျံလိုက်တယ်။ 

ဘရပ်ဆဲလ်မှာ မိန်းကလေးဆန္ဒအတိုင်း တစ်ထောက်နားပြီးတဲ့အခါ မြေထဲပင်လယ်ဒေသကို ဆက်လက်ခရီးနှင်ခဲ့တယ်။ ခရီးတစ်လျှောက် မြင်ကွင်းတွေက သိပ်လှလို့ မိန်းကလေးဟာ ပျော်ရွှင်ကြည်နူးနေတယ်။ ပြင်သစ်ဒေသတစ်ဝိုက်က ၀ိုင်ထုတ်လုပ်ထွက်ရှိရာ စီရရီအတန်းလိုက် စပျစ်ခင်းတွေ၊ လှပတဲ့သဲသောင်ပြင်နဲ့ လူအများအပန်းဖြေအနားယူရာ ပင်လယ်ကမ်းခြေပေါ်ကနေလည်း ဖြတ်သန်းသွားတယ်။ 

လမ်းတလျှောက် ကြည့်စရာတွေများနေတဲ့ မိန်းကလေးဟာ စစ္စလီကျွန်းကို ရောက်သွားမှန်း တိမ်တိုက်ဖြူပြောမှ သိတော့တယ်။ တိမ်တိုက်ဖြူက ကျွန်းပေါ် ဖြည်းဖြည်းချင်း နိမ့်ဆင်းရင်း  “မင်းဘာကြောင့် ဒီနေရာကို လာချင်ရသလဲဆိုတာ ငါသိပြီ” လို့ ပြောတယ်။ ကောင်းကင်ပြာပြာက အုပ်မိုးထားပြီး ပင်လယ်ပြာနဲ့ဝန်းရံထားတဲ့ စစ္စလီကျွန်းရဲ့ အလှဟာ မြင်သူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ညှို့ငင်ယူလိုက်တာ အရာအားလုံးကို မေ့လောက်တဲ့ အထိပါပဲ။

မိန်းကလေးဟာ ကျွန်းပေါ်မှာ ခြေစုံရပ်၊ အသက်ကို ၀၀ရှူသွင်းပြီး ပြာလဲ့နေတဲ့ ကောင်းကင်ပြင်နဲ့ တဆက်တည်းရှိသယောင် ထင်မှတ်မှားရတဲ့ ပင်လယ်ပြင်ကို တမေ့တမော ငေးကြည့်နေမိတယ်။ “ဒီကျွန်းက လှရုံတင် မကဘူး၊ ကျွန်းပေါ်ရှိတဲ့လူတွေကလည်း စိတ်သဘောကောင်းပြီး အသက်ရှည်ကြတယ်တဲ့” မိန်းကလေးက သူကြားဖူးနားဝရှိသမျှ တိမ်တိုက်ကို ပြန်ပြောပြတယ်။ “ဟုတ်လိမ့်မယ် သူတို့က သံလွင်ဆီထွက်တဲ့အရပ်ဆိုတော့ ဘာစားစား သံလွင်ဆီပဲ ထည့်သုံးကြတာ အကြောင်းတစ်ရပ် ဖြစ်မှာပေါ့” တိမ်တိုက်ဖြူပြန်ပြောတာကို မိန်းကလေးက သဘောကျစွာနဲ့ ပြုံးတယ်။ 

“မြေထဲပင်လယ်ထဲက ဂရိပိုင်ကျွန်းတွေလည်း သိပ်လှတယ်လို့ ပြောကြတယ်နော်” “ဟုတ်တယ်… ငါတို့ နောက်ခရီးရှည်တစ်ခု မဆက်ခင် ဂရိကျွန်းဘက်ကို ခဏဖြတ်သွားကြည့်မယ်လေ” ပြီးရင် မြေထဲပင်လယ်ကထွက် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကတိုက်ကို သွားကြမယ်” အမေရိကတိုက် ဆိုတဲ့ အသံကြားရရင်ပဲ မိန်းကလေးဟာ သိပ်ကို စိတ်လှုပ်ရှားသွားတယ်။ ပျော်လည်း ပျော်သွားတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ တိမ်တိုက်ဖြူက သူမကို အလွှာလွှာ အထပ်ထပ်ရစ်ပတ်လို့ သမုဒ္ဒရာကိုဖြတ်ပြီး မြောက်အမေရိကတိုက်ဆီ လွင့်ပျံထွက်ခဲ့တော့တယ်။ 

ဆက်ပါဦးမည်။


ဇွန်မိုးစက်


Northern Lights ပုံကို Google Image ကနေ ယူသုံးထားပါတယ်။

တိမ်တိုက်တစ်စုံနှင့်အတူ

7

Category:

“မိန်းကလေး”

ခပ်အုပ်အုပ်ခေါ်သံတစ်ခုကြောင့် မိန်းကလေး အိပ်ပျော်ရာမှ နိုးလာခဲ့တယ်။ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ ဘယ်သူမှရှိမနေဘူး။ ခေါင်းရင်းဘက် ပြတင်းတံခါးရဲ့ အပေါ်နားဘက်မှာတော့ အဖြူရောင် တိမ်တိုက်တစ်စုံက သူမကို စောင့်ကြိုနေတယ်။

“အချိန်ကျပြီ၊ သွားကြရအောင်”

မိန်းကလေးက တစ်စုံတစ်ခုကို သတိရသွားပြီး ပြတင်းပေါက်ဘောင်ပေါ် တက်ရပ်လိုက်တယ်။ တိမ်တိုက်ထူထူက သူမအနားထိ ရွေ့လျားနိမ့်ဆင်းပေးလာတယ်။ မိန်းကလေးက နူးညံ့နွေးထွေးလှတဲ့ တိမ်စိုင်ထုထဲ သူမခန္ဓာကိုယ်တစ်ခုလုံး နစ်မြှုပ်သွားတဲ့အထိ တိုးဝင်လိုက်ပြီးတဲ့အခါ တိမ်တိုက်ဟာ အပေါ်မြင့်မြင့်ကို လွင့်ပျံထွက်ခဲ့တော့တယ်။ 

“အခုဘယ်ကိုသွားနေတာလဲဟင်” မိန်းကလေးက မ၀ံ့မရဲ စိတ်လှုပ်ရှားသံနဲ့ မေးလိုက်တော့ တိမ်တိုက်ဖြူက “တို့အရှေ့မြောက်ဘက်ကို အရင်သွားကြတာပေါ့၊ အဲဒီ့မှာ မင်းကြည့်ချင်တဲ့၊ စိတ်ဝင်စားတဲ့ နေရာတွေရှိတယ်”

တဖြည်းဖြည်းနဲ့ အေးစိမ့်လာတဲ့ လေထုဒဏ်ကို ကာကွယ်ဖို့ တိမ်တိုက်ဖြူက သူ့ရှိသမျှ တိမ်မျှင်တွေနဲ့ မိန်းကလေးကို အထပ်ထပ် ရစ်ပတ်ထွေးထုပ်လို့ အနွေးဓာတ်ပေးတယ်။ ဒီလိုနဲ့ မိန်းကလေးဟာ တိမ်တိုက်ထူထူနွေးနွေးထဲမှာ အိပ်ပျော်ရင်း လိုက်ပါသွားတယ်။ 

နေရောင်ခြည်ရဲ့ နွေးထွေးတဲ့အလင်းရောင်နဲ့အတူ မိန်းကလေး နိုးလာတော့ သူမရဲ့ တိမ်တိုက်ဖြူဟာ ဖြေးဖြေးချင်း ရွေ့လျားနေပြီး မြေထုကို မြင်နိုင်လောက်တဲ့ အမြင့်ပေမှာပဲ ရှိတော့တယ်။

“ခု ဘယ်ကိုရောက်နေပြီလဲဆိုတာ မင်းခန့်မှန်းကြည့်စမ်း” 

မိန်းကလေးက အပေါ်စီးမြင်ကွင်းကို ပိုထင်ရှားအောင် မျက်လုံးနှစ်ဘက်ကိုပွတ်လို့ သေသေချာချာကြည့်ပြီး ဖြေလိုက်တယ်။ 

“အန်ကောဝပ်”

တိမ်တိုက်ဖြူက ကျေနပ်သွားပြီး မိန်းကလေးကို မြေပေါ်ချပေးလိုက်တယ်။ ဒါ ကမ္ဘာ့အရှေ့ခြမ်းမှာ မိန်းကလေး အသွားချင်ဆုံး နေရာတွေထဲက တစ်ခုပဲလေ။ မိန်းကလေး ပဉ္စမတန်းသမိုင်းဖတ်စာမှာ အန်ကောဝပ်အကြောင်း သင်ကြားခဲ့ရကတည်းက သွားချင်ခဲ့တာမဟုတ်လား။ ခုတော့ တိမ်တိုက်ဖြူကြောင့် သူမဆန္ဒပြည့်ဝခဲ့ပြီ။ အပျက်အစီး ယိုယွင်းမှုတွေကြားက အန်ကောဝပ်ကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုခွင့်ရတယ်။ အင်း… တစ်ခုတော့ ရှိတာပေါ့၊ သူမမှာ ကင်မရာမပါတော့ ဓာတ်ပုံရိုက်ခွင့်မရဘူး။ အို… အန်ကောဝပ် မပြိုကျမပျက်စီး တစ်စုံတစ်ရာ ကြီးကြီးမားမားမဖြစ်ခင်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ပြီပဲ။ မိန်းကလေး စိတ်ကိုဖြေတွေးလိုက်တယ်။ 

ပြီးတော့ တိမ်တိုက်ကိုစီးပြီး နောက်ထပ်ခရီးဆက်ဖို့ ထွက်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ ကျောက်တုံးကြီးတွေနဲ့ စိမ်းလဲ့နေတဲ့ ပင်လယ်ရေပြင်ပေါ် ဖြတ်သန်းသွားနေတာကို မိန်းကလေး သတိပြုမိတယ်။ အောက်ကိုစေ့စေ့မကြည့်ရဲဘဲ ပြုတ်ကျသွားမှာကို စိုးရိမ်စိတ်ပေါ်နေတဲ့ သူမကို တိမ်တိုက်က တင်းကြပ်စွာထွေးပိုက်ထားပြီး မကြောက်ပါနဲ့လို့ပြောတယ်။ “ဖြေကြည့်ပါဦး ဒါဘယ်နေရာလဲ” တဲ့။ “အင်း…” ဒီတစ်ခါတော့ သူမ စောစောကလို ခပ်မြန်မြန် မဖြေနိုင်သေးဘဲ စဉ်းစားနေတယ်။ ပြီးမှ “ဖူးခက်လား” လို့ သိပ်မသေချာတဲ့ အသံစွက်ပြီး ပြောလိုက်တယ်။ 

တိမ်တိုက်က မဟုတ်ဘူးလို့ ခပ်တိုးတိုးပြောတော့ မိန်းကလေး မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်။ သြော်…သိပြီ ဟလောင်ဘေး လို့ ၀မ်းသာအားရ ပြောလိုက်တယ်။ ဟုတ်ပါရဲ့ ဟလောင်ပင်လယ်အော်ပေါ်ရောက်နေမှပဲ။ မိန်းကလေး ပျော်သွားတယ်။ တိမ်တိုက်က ကျောက်တုံးမြင့်မြင့်ချွန်ချွန်ထိပ်နားမှာ ရပ်နားရင်း မိန်းကလေးကျေနပ်တဲ့အထိ ကြည့်စေပြီးတဲ့အခါ အပေါ်ကိုပျံတက် ခရီးဆက်ခဲ့တယ်။ 

ဒီတခါတော့ တနံတလျားရှည်လျားပြီး ကြီးမားကျယ်ပြောတဲ့ ကုန်းမြေကို ဖြတ်သန်းရတယ်။ အအေးဒဏ်ကြောင့် ခပ်မှိန်းမှိန်းဖြစ်နေတဲ့ မိန်းကလေးကို တိမ်တိုက်က လှုပ်နှိုးပြီး တစ်စုံတစ်ခုကိုပြတယ်။ “မင်းတွေ့လား… ဟိုးမှာ... လကမ္ဘာပေါ်ကနေတောင် လှမ်းမြင်ရတဲ့ လူသားတို့ရဲ့အစွမ်းနဲ့တည်ဆောက်ခဲ့တဲ့ တစ်ခုတည်းသော မဟာတံတိုင်းကြီးကို ကြည့်လိုက်ပါဦး” 

မိန်းကလေးက “အို… ဟုတ်ပါရဲ့ သိပ်ပြီးကြီးမားခံ့ထည်ရှည်လျားလိုက်တဲ့ မဟာတံတိုင်းကြီးပါလား” “ကျွန်မ အဲ့ဒီပေါ်မှာ လမ်းလျှောက်ခွင့်ရချင်လိုက်တာ” မိန်းကလေးက မ၀ံ့မရဲ တောင်းဆိုကြည့်တယ်။ “ကောင်းပြီလေ… ခဏတော့ မင်းကိုလျှောက်ခွင့်ပေးမယ်။ ငါတို့မှာ အချိန်သိပ်မရဘူး၊ သွားရမယ့်နေရာတွေ အများကြီးရှိသေးတယ်” “ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်”

တိမ်တိုက်က မိန်းကလေးကို တံတိုင်းကြီးပေါ် လျှောက်လို့ရတဲ့အမြင့်ပေထိ ချပေးလိုက်တယ်။ မိန်းကလေးက တံတိုင်းပေါ်ခြေချလိုက်တာနဲ့ တပြိုင်နက် ပျော်ရွှင်ဝမ်းမြောက်ခြင်းအတိနဲ့ ပြေးလျှောက်သွားတယ်။ တိမ်တိုက်ဖြူက ခပ်လှမ်းလှမ်းမှာ သွားရပ်ပြီး စောင့်ကြိုပေးနေတယ်။ မိန်းကလေးက ကျေနပ်အားရစွာနဲ့ တိမ်တိုက်ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ 

“ဒီတခါ တို့ခရီးဝေးဝေးသွားရမယ်။ မင်းအိပ်ပြီး လိုက်ခဲ့တော့။ ငါတို့ ဆိုက်ဘီးရီးယားရေခဲဒေသကို ဖြတ်ကျော်ပြီး ဥရောပမြောက်ပိုင်းစွန်းဒေသကို သွားမယ်။ အဲဒီ့မှာ မင်းကို ပြစရာတစ်ခုရှိနေတယ်။ အအေးဒဏ်အတွက်တော့ မင်းမပူပါနဲ့။ ငါ့မှာ မင်းကိုလုံခြုံနွေးထွေးအောင်ထားနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတာ မင်းယုံတယ်မဟုတ်လား” မိန်းကလေးက အချိန်မဆိုင်းဘဲ ခေါင်းညိတ်ပြလိုက်တယ်။ “ကောင်းပြီ…သွားကြစို့” 

တိမ်တိုက်က အရှိန်မြှင့်ပြီး အပေါ်မြင့်မြင့်ရောက်အောင် လွင့်တက်လိုက်တယ်။ မိန်းကလေးက တိမ်တိုက်ထူထူထဲ သူမခေါင်းလေးပါ ပုဝင်ပြီး တစ်ကိုယ်လုံး ကျုံ့ထားလိုက်တယ်။ ရေခဲဒေသမရောက်ခင် ကုန်းမြင့်ချိုင့်ဝှမ်း တောင်တန်းတွေသာမက မြစ်နီ၊ မြစ်ဝါ၊ ကန္တာရဒေသတွေကိုလည်း ဖြတ်ကျော်ခဲ့သေးတယ်။ ကြီးမားစိမ်းလန်းတဲ့ မွန်ဂိုဒေသရဲ့ မြက်ခင်းလွင်ပြင်ပေါ် ဖြတ်သန်းအပြီးမှာတော့ ရေခဲတမျှ အေးစက်လွန်းတဲ့လေတွေတိုးတာ သူမခံစားရတယ်။ အေးလွန်းလို့ မလှုပ်ရဲအောင်ဘဲ။ တိမ်တိုက်ဖြူဆီက ပိုမိုတဲ့ အနွေးဓာတ်တွေ သူမကိုယ်ထဲ စီးဝင်လာတယ်။  မျက်လုံးတွေကို မှေးစင်းလိုက်ပြီး သိပ်မကြာခင်မှာဘဲ မိန်းကလေး အိပ်မောကျသွားတယ်။ တိမ်တိုက်ဖြူကတော့ အရှိန်ပြင်းပြင်းနဲ့ လွင့်ပျံနေတုန်းပဲ…။ 

ဆက်ပါဦးမည်။ 


ဇွန်မိုးစက်

Across the Universe

3

Category:


Across the Universe
We travelled so far 

Across the land, across the sea
We flew to see each other 

Across the road, across the street
We came to meet face to face

Day by day, and month by month
We fond of each other in much 

Across the earth, across the ocean
We find a way to end our love

Across this planet
We step back and swept the love

Across the Universe
We try not to meet again
Till the world at its end.  


ဇွန်မိုးစက်


(စိတ်ကူးထဲမှာ ကြံစည်နေပြီး ဘယ်အချိန်ကျမှ ချရေးဖြစ်မယ်မှန်း မသိတဲ့ ၀တ္တုတစ်ပုဒ်ထဲက အိုင်ဒီယာရလို့ ဒီကဗျာလေး ချရေးမိပါတယ်။ Across the Universe ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရှင်ကားတစ်ကား ရှိပါတယ်။ ဇွန်မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ကဗျာအရ ဒီစကားစုလေးပါနေတာရော ကိုယ်တိုင်လည်း သဘောကျမိတာနဲ့ ကဗျာခေါင်းစဉ်ကို Across the Universe လို့ပဲ ပေးလိုက်ပါတယ်။)