အားနာတတ်သော အတ္တလူများ (၃)

16

Category: ,




မြင်ကွင်း (၃)

“အမေ”
 
“ဘာတုန်း”

ခရီးရောက်မဆိုက် ဆိုင်ပေါ်တက်တက်ချင်း လှမ်းခေါ်လိုက်တဲ့ မိဥအသံကြောင့် ခပ်ဆပ်ဆပ် ပြန်ထူးလိုက်မိတယ်။ အလကားဟာမ၊ သူအသုံးမကျလို့ ငါ့မှာ အသက်၅၀ကျော်လည်း အေးအေးမနေရဘူး။ ပြောလိုက်ရင်တော့ မျက်နှာလေးက ဇီးရွက်လောက်နဲ့၊ တစ်လောကလုံးကို အားနာဖို့ကလွဲရင် ဘာမှသုံးလို့မရဘူး။

“ဘာပြန်ပြောလိုက်လဲလို့ မေးမလို့ပါ”

“ဘာပြောရမှာလဲ၊ အားနာလိုက်တာ ပြန်လျော်ပေးပါ့မယ်၊ စိတ်မရှိပါနဲ့လို့ပြောတာပေါ့၊ ငါပဲ ညည်းလို ငအမ မဟုတ်တာ”

ပြောရင်းကပဲ ဒေါသထွက်လာမိတယ်။ အဖြစ်က ဒီလို...ဒီလို... ဈေးပိတ်တဲ့တစ်နေ့ ကျွန်မအိမ်မှာ မရှိတုန်း ဟိုဘက်ရုံက ရီရီတို့သားအမိလာပြီး မင်္ဂလာဆောင်သွားမလို့၊ ကြိုးကြီးချိတ်ထမီနဲ့ ငွေလက်ကိုင်အိတ် ခဏပေးပါလို့ လာငှားသတဲ့။ ငွေလက်ကိုင်အိတ်က ထားပါတော့၊ နာမည်ကိုတပ်ပြီးငှားတာဆိုတော့ ပေးရတော့မှာပေါ့။ ကြိုးကြီးချိတ်ဆိုတာကို ငြင်းချင်လည်းငြင်း၊ တော်၏လျော်၏တစ်ထည် ငှားရင်လည်း ငှားလိုက်ပါလား။ ခုတော့ နောက်လတူမတစ်ယောက် မင်္ဂလာဆောင်မှာဝတ်ဖို့ ၀ယ်ထားတဲ့၊ တစ်ခါမှမ၀တ်ရသေးတဲ့ ထောင်ကျော်တန်လွန်းချိတ် အသစ်စက်စက်ကြီးကိုမှ ပေးလိုက်တဲ့အပြင် ပုဝါပါ အဆစ်ပေးလိုက်သေး။ ဟင်း... သူ မရှာရတိုင်း ရက်ရက်ရောရော။

သူ့ကို အားပါးတရဖိဆူပြီး နောက်တစ်နေ့ ရှေ့ဆိုင်က စန္ဒာ့မင်္ဂလာဆောင်လည်းသွားမိရော၊ လားလား... ရီရီ့အမေက ကျွန်မပစ္စည်းတွေကို ပြည်သူ့မုန့်တိုက်မှာလုပ်တဲ့ မင်္ဂလာဆောင်မှာကို ချဝတ်ပစ်တာပါလား။ သူကလွန်းချိတ် ခရမ်းရောင်၊ ပုဝါခရမ်းရောင်၊ ငွေရောင်လက်ကိုင်အိတ်နဲ့ တင့်တယ်နေချိန်မှာ ကျွန်မကတော့ ဇင်းမယ်ကလေးနဲ့ (ပီအက်စ်) အိတ်ကလေးနဲ့၊ ဒေါသထွက်လိုက်တာများလေ၊ အမှန် ဒီချိတ်အသစ်ကို ၀တ်ချင်းဝတ်ရင် ကျွန်မ၀တ်ပစ်ရမှာ မဟုတ်လား။ အခုတော့ ... ဟင်း.. ကျွန်မဒေါသထွက်ထွက်နဲ့ မိဥကိုပဲ ဒုတိယံမိ ထပ်ဆူပစ်လိုက်တယ်။

အမယ်လေး... အဖြစ်က ဒီတင်မရပ်ဘူး၊ မနေ့က ကျွန်မ တစ်တန်းသွားအနီတစ်ကွင်းဈေးညှိဖို့ကိစ္စနဲ့ အပြင်ထွက်အသွား ရီရီက ပစ္စည်းတွေလာပြန်ပေးသွားတယ်ဆိုပြီး မိဥက ပြန်ရောက်ရောက်ချင်း အထုပ်ထိုး ပေးတယ်။ ဘာမှပြန်မပြောဘူးနော်... အိနြေ္ဒနဲ့... အိနြေ္ဒနဲ့၊ ကျွန်မစိတ်ပူပူနဲ့ တစ်ခုချင်းလည်း ဖြန့်ကြည့်မိရော... အို... ငွေရောင် ပိုက်ဆံအိတ်မှာ လက်ဖက်ရည်တွေ စွန်းနေသလို ပုဝါမှာလည်း မီးပေါက်နဲ့။ ဆေးလိပ်မီးပေါက်ရအောင် ဒီမိန်းမက ဘယ်ယောက်ျားနား သွားကပ်ထိုင်နေလို့လဲ၊ ရင်ထဲမှာ လှိုက်ပြီးတော့ ဒေါသထွက်တယ်။

မိဥကို ခေါ်ပြမိတော့ “မီးပေါက်တာတော့ မသိဘူး၊ လက်ဖက်ရည်စွန်းတာတော့ သူသိပါတယ်တဲ့၊ ရီရီ အရမ်းအားနာတာပဲလို့ ပြောပြီးတော့ ပြသွားတယ်” တဲ့။ အားနားပေလို့သာပဲ၊ ဒီလောက် မသိတတ်တဲ့သူတွေကို ကိုယ်ကပြန်သိတတ်နေလို့လဲ အပိုပဲ။ ဒါကြောင့် ဒီမနက် အထုပ်လိုက်ယူလာပြီးတော့ကို သွားပြပစ်လိုက်တယ်။ ဒါတောင် အိမ်က သူတော်ကောင်းမက တဂျီဂျီနဲ့ “အားနာစရာကြီး” တဲ့လေ၊ “သူတို့က အရမ်းအားနာနေကြတာပါတဲ့” ဘာလုပ်ရမှာလဲ သူတို့အားနာတာ၊ ပြုတ်သောက်လို့ ရတာမှ မဟုတ်တာ။

ကျွန်မကတော့ မရဘူး၊ သွားပြလိုက်တယ်။ လေသံပျော့လေးနဲ့ “ရီရေ... အားတော့နာပါရဲ့ကွယ်၊ လူရင်းတွေမို့ ပြရဦးမယ်၊ ဒီမှာကွယ် ကြည့်ပါဦး၊ ညည်းသတိမထားမိဘူးထင်တယ်...၊ ပုဝါမှာလည်း မီးပေါက်ကြီးနဲ့၊ ပိုက်ဆံအိတ်မှာလည်း လက်ဖက်ရည်တွေစွန်းလို့၊ ဘယ်လိုဖြစ်ရတာလဲကွယ်” လို့လဲ ပြောရော၊ ရီရီမျက်နှာကြီး မည်းကနဲပဲ။

ဘာရမလဲ ကျွန်မပဲ ဆက်ပြောတာပေါ့၊ ဘယ်လိုနှမြောကြောင်း၊ အကောင်းစားတွေဖြစ်ကြောင်း၊ နောက်ဆုံး “ပုဝါကတော့ ထားပါတော့ မီးပေါက်ကလဲ သေးပါတယ်၊ ပိုက်ဆံအိတ်ကိုတော့ ကြည့်လုပ်ပါဦး၊ မမလဲ ထပ်မ၀ယ်နိုင်တော့ဘူး” ဆိုတာနဲ့ ပိတ်ရတော့တာပေါ့။ ဈေးထဲမှာမို့ ရှက်လို့လား မသိပါဘူး၊ နာရီဝက်လောက်အကြာမှာတော့ “ကဲ... ကဲ... ရီရီ အစားပြန်ဝယ်ပေးပါ့မယ် အမရယ်” ဆိုတဲ့ စကားကိုရတယ်။ ကျွန်မလည်း မျက်နှာကို ချိုပြုံးပြီး “အားလည်းနာပါရဲ့ရီရယ်၊ အမကလဲ အိမ်ကလူမြင်ရင် ဆူမှာစိုးလို့ပါ” လို့ ရေခဲတုံးကို ခုတုံးလုပ်ပြီး အားနာချင်ယောင် ဆောင်ရတာပေါ့။

အမယ်... ဒါတောင် လာသေးတယ်၊ အားနာတတ်တဲ့ ရီရီက “အဲဒီ စွန်းနေတဲ့ အိတ်ကိုတော့ အမေ့ပဲ ပေးကိုင်လိုက်တော့မယ်၊ ထားခဲ့ပါတော့” တဲ့။ ရှိပါစေတော့လေ၊ ဒီလောက်သိတတ်ရင်ပဲ ကျေးဇူးတင်လှပါပြီ။

“အေး.. ရီ အသစ်ဝယ်ပြီးတော့ လာလဲလှည့်၊ အခုတော့ ဒါကိုပဲ ခဏပြန်ယူသွားလိုက်ဦးမယ်၊ မတွေ့ရင် အိမ်ကလူ မေးနေဦးမယ်” လို့ ပြောခဲ့ရတယ်၊ နို့မို့ဖြင့် ဖွတ်မရ ဓားဆုံး ဖြစ်ဦးမှာ၊ ဟင်း... အလည်မ။

“အမေသွားနေတုန်း အန်တီရိုစီတို့ သားအမိလာသွားတယ်”

“အမယ်တော်... ဘာတွေများ ရောင်းလိုက်သေးလဲ”

မိဥစကားကြောင့် ရင်ဘတ်ဖိပြီး မေးမိတယ်။ ရိုစီတို့က သိပ်လည်တာ၊ လျှော့ပေးမှန်းသိလေ အားမနာ လျှာမကျိုး ဆစ်ချလေပဲ၊ ငယ်သူငယ်ချင်းဆိုတော့ ပြောလို့လဲ မကောင်းဘူး။ ကျွန်မနဲ့ဆိုရင် လျှော့ရင်းတင်းရင်း နောက်ဆုံး အရင်းတော့ ကျန်တာပေါ့။ ဒါတောင် “ညိုက သိပ်ကပ်တာပဲ” လို့ အပြောခံရသေးတာ။ မိဥတစ်ယောက်တည်းများ ဆိုလို့ကတော့လား၊ ဟိုကဆစ်ရင်း၊ သူကလျှော့ရင်းနဲ့ အရင်းတောင် မပြည့်ချင်ချင်ရယ်။ အမြတ်ရချင်လို့ ဈေးရောင်းနေတာပဲ၊ နဲနဲတော့ နားလည်ဖို့ကောင်းတယ်၊ အမယ်... ဒါတောင် ပြောသွားသေးတယ်။ “ခဏခဏ အလုပ်လာရှုပ်ရတာ သိပ်အားနာတာပဲတဲ့လေ” အဲဒီစကားလုံးကိုတော့ စိတ်နာနေပြီ။

ခုတော့ မိဥကိုမှာထားရတယ်၊ ကျွန်မ မရှိတုန်း လာကြရင် “ဈေးတွေ မသိဘူး၊ အမေလာမှဝယ်ပါ” လို့ ပြောလို့၊ ကျွန်မက စတွေ့လို့ကတော့ ရှောင်ကို နေလိုက်တယ်။

“မရောင်းပါဘူး၊ အမေမှာတဲ့အတိုင်းပဲ၊ သူတို့က တစ်ခေါက်ပြန်လှည့်ခဲ့မယ်တဲ့”

ဟော... ပြောရင်းဆိုရင်း ရိုစီတို့သားအမိကို မြင်လိုက်ရတာမို့ ရှုသိုးသိုး မျက်နှာထားကိုပြင်ပြီး အစွမ်းကုန် ပြုံးပြလိုက်ရတယ်။ ဟင်း.. ရှောင်လို့တောင် မမီတော့ဘူး။

“ရိုစီ... လာလေ... မလာတော့တာတောင် ကြာပြီ”
“ဟင်း... ဟင်း... လာပါ့နော်၊ ညိုနဲ့ မတွေ့တာချည်းပဲ”

“အေးကွယ်... အလုပ်ကလဲ များလို့”

“မာမီ... ဟိုကြယ်သီးလေးနဲ့ အနက်လေး လှတယ်နော်”

သူကြည့်နေတဲ့ အင်္ကျီလေးကို ကျွန်မလှမ်းကြည့်လိုက်တယ်၊ ကြယ်သီး အကြီးကြီးတွေပါတဲ့ အင်ဇိုင်းစပို့ရှပ် အနက်လေး...

“လှတယ်... သမီးနဲ့လိုက်မှာပဲ၊ အန်တီ... ဖြုတ်လိုက်မယ်နော်”

ဇိုးဇိုးဇတ်ဇတ်နဲ့ဖြုတ်ပြီး သူ့သမီးလက်ထဲ ထည့်လိုက်တယ်။ သူ့သမီးက အတော့်ကို ကြိုက်နေပုံနဲ့...

“ဘယ်လောက်လဲ မသိဘူး အန်တီ”

“ခေါင်းထဲမှာ ဈေးကို မြန်မြန်တွက်လိုက်ရတယ်၊ ဒီအင်္ကျီရောင်းဈေး (၈၀၀၊ ၈၃၀) ပေါ့ သူတို့ကိုတော့ ...

“အဲဒါလေးတွေက ပေါ်ကာစဆိုတော့ ဈေးကြီးတယ် သမီးရဲ့၊ (၉၅၀) ရောင်းဈေးပဲ”

ရိုစီ မျက်ခုံးနှစ်ဖက် ပင့်တက်သွားတယ်။ “မဟုတ်တာကွယ်... လျှော့ဦး၊ အချင်းချင်းတွေပဲ” 

“အော်... ရိုစီရယ်... ပြောရမဲ့သူတွေမှ မဟုတ်တာ၊ ညိုက အပိုပြောပါ့မလား၊ ဒါသူများအပ်ထားတဲ့ပစ္စည်း၊ (၉၅၀) ရမှ ရောင်းပါဆိုလို့ ညို့ဟာဆိုလို့များကွယ် အမြဲာထက်ဝက်လောက် သက်သာတာသိသားနဲ့”

သူ့သမီးကလည်း အင်္ကျီကို အတော်ကြိုက်နေပုံရတယ်။ ရိုစီကလည်း ကျွန်မဆီမှာဆို ဈေးမှန်မှာပဲလို့ တွေးဟန်တူပါရဲ့၊ အင်္ကျီကို လက်မချတော့ဘဲ ဆစ်ရင်းတင်းရင်းနဲ့ပဲ (၈၇၅) နဲ့ ဈေးတည့်သွားပါလေရော။

“ကဲ... သူတို့က (၉၅၀) ရမှ ရောင်းပြောတာ၊ အန်တီက သိပ်အားနာလာလို့ (၈၇၅) နဲ့ ပေးလိုက်တာ၊ ပြန်ပြော ကြည့်ရဦးမယ်၊ မဟုတ်ဘူး၊ (၉၅၀) ပဲဆိုရင်လည်း အန်တီအိတ်စိုက်ပေါ့ကွယ်၊ သမီးလေးကို အန်တီညို မုန့်ဖိုးပေးတယ်ပဲ သဘောထားလိုက် ဟုတ်လား” 

“ဟာ... အားနာလိုက်တာ အန်တီညိုရယ်” 

“ရပါတယ်ကွယ်”

ရိုစီတို့သားအမိ ပျော်ပြီးထွက်သွားကြတယ်။ ငွေ (၈၇၅) ကို ပိုက်ဆံသေတ္တာထဲ ထည့်လိုက်တော့ မိဥက လှမ်းကြည့်တယ်။

“တွေ့လားမိန်းမ၊ ခါတိုင်းထက်တောင် (၅၀) လောက် မြတ်သွားသေးတယ် မဟုတ်လား၊ အားနာတယ်ဆိုတာ နင့်လိုပဲ စိတ်ထဲကချည်းပဲ အားနာနေလို့ မဖြစ်ဘူး၊ ပါးစပ်က ထုတ်အားနာပြပြီးတော့လည်း လုပ်စားတတ်ရသေးတယ်ဟဲ့” 

xxxxxx

နိဂုံး

အားနာတယ်” ဆိုတဲ့ စကားဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ အားလုံးအတွက် လိုအပ်နေပေမဲ့၊ ဒီ့ပြင် ဘယ်ဘာသာစကားမှာ မရှိဘဲ ဒို့မြန်မာစကားမှာသာ ရှိခဲ့တာ။

ဒီလိုသာ အချင်းချင်း လှီးဖို့ခုတ်ဖို့လောက်ပဲ လူကြားကောင်းရုံ အသုံးပြုနေကြမယ်ဆိုရင်...

ဒီရှားရှားပါးပါး စကားလုံးလေးကို... သိပ်အားနာစရာကောင်းမှာပဲကွယ်...


သင် (ဆေး-၁)

အားနာတတ်သော အတ္တလူများ (၂)

11

Category: ,


မြင်ကွင်း (၂)

ဟော... လာပါပြီ၊ လာပါပြီ၊ သူ့မျက်နှာမြင်ရရင် တစ်နေ့လုံး လုပ်ထားသမျှ ကောင်းမှုကုသိုလ်တွေ ပျောက်သွားတဲ့ အလားပဲ။ ဘယ်လိုအော့ကြောလန်မှန်းမသိဘူး။ ပြီး အနားရောက်လာရင် ကြားရမယ့် “မ၀ါရယ် အားနာလိုက်တာ၊ စိတ်မဆိုးနဲ့နော်၊ မြမှာ ငွေမလွယ်သေးလို့ပါ။ တစ်လုံးတည်း ပြန်ဆပ်ပါ့မယ်၊ ခဏဆိုင်းထားပါဦးနော်” ဆိုတဲ့ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီးကို မကြားချင်တာမို့ တခြားလမ်းကပဲ ပတ်ထွက်ခဲ့တော့တယ်။

တကယ်ပါပဲ၊ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က စချေးသွားတုန်းကလည်း ဒီလေသံပဲ။ အဲဒီတုန်းက မ၀ါက ဒီရုံးကို စရောက်ခါစဆိုတော့ သူ့အကျင့်ကို မသိသေးဘူးလေ။ သူလှီးဖို့ အချဉ်ဖြစ်သွားတာပေါ့။ ငွေစုငွေချေးက ငွေလည်း ထုတ်ချေးရော၊ မ၀ါမယူဘူးဆိုတော့ “မ၀ါမယူရင် မြယူပါရစေ၊ နောက်လ လခထုတ်ရင် ပြန်ပေးပါ့မယ်ဆိုလို့ ချေးလိုက်တဲ့ ငွေနှစ်ရာ၊ နှစ်နှစ်ကျော်တာတောင် ပြန်ပေါ်မလာတော့ဘူး။ မ၀ါလို သာမန်ရုံးစာရေးမလေးအတွက် နှစ်ရာဆိုတဲ့ငွေဟာလည်း အရေးကြီးတာပဲ။ လခထဲက ဆပ် ဆပ်သွားရတော့ မ၀ါတစ်ယောက်တည်း လခနဲ့ ရပ်တည်နေရတဲ့ မ၀ါတို့ သားအဖနှစ်ယောက်အဖို့ ထိခိုက်တာပေါ့...။

အဲ...မ၀ါကလည်း အမှတ်မရှိလိုက်ပုံက၊ တစ်လလောက်ကြာတော့ သူက ပုဆိုးအကွက်စိပ်စိပ်လေးတစ်ထည် ယူလာပြီး “အိမ်ကလူဖို့လေ မ၀ါကြိုက်လား၊ အသိဆိုင်ကဆိုတော့ ဖောက်သည်ဈေးနဲ့ ၁၂၅ကျပ်ပဲ၊ ယူမယ်ဆို မြယူလာခဲ့ပေးမယ်” ဆိုတဲ့ စကားကို ယုံကြည်လွန်းစွာနဲ့ ၁၂၅ကျပ် ထပ်ပေးလိုက်မိပြန်ပါရော။ အမှန်ဆို အဲဒီကတည်းက “ပေး... မြယူထားတဲ့နှစ်ရာနဲ့ နှိမ်ယူလိုက်မယ်” လို့ ပါးစပ်ရဲရဲနဲ့ လုပ်လိုက်ဖို့ကောင်းတာ၊ ကိုယ်ကအားနာလိုက်မိလို့။

ရုံးအပြန်မှာပဲ အဲဒီပုဆိုးမျိုးကို အနော်ရထာလမ်းထိပ်ဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ နှစ်ရာကနေ တစ်ပြားမှ မလျှော့ဘူး။ အဲဒါနဲ့ မ၀ါက ကိုယ့်လုပ်ရပ်ကိုယ် ဟုတ်လှပြီထင်ပြီး ကိုလွင့်ကို ဒီပုဆိုးလေးနဲ့ စိတ်ကူးတောင် ယဉ်ကြည့်မိသေး။ သမီးရည်းစားသက်တမ်း (၃)နှစ်မှာ မောင်နှမများပြီး မချောင်လည်တဲ့ ကိုလွင်ကတောင် မ၀ါကို ပိုက်ဆံအိတ်ကလေးတစ်လုံး ၀ယ်ပေးနိုင်ခဲ့သေးတယ်။ မ၀ါမှာတော့ အိမ်စားစရိတ်ကတစ်ဖက်၊ အဖေ့ဆေးဖိုးက တစ်ဖက်နဲ့ ဘယ်လိုမှငွေပိုမထွက်နိုင်ဘူး။ အခုတောင် ဖျစ်ဖျစ်ညှစ်ညှစ်ဝယ်ပြီး လက်ဆောင်ပေးရမှာ။ 

မှန်းချက်နှင့်နှမ်းထွက်တော့ အလွဲပါပဲ။ အဲဒီငွေ တစ်ရာ့အစိတ်ကို မယ်မင်းကြီးမလက်ထဲ ထည့်လိုက်အပြီးမှာ ငွေရော ပုဆိုးရောပြန်ပေါ်မလာတော့ဘဲ “မ၀ါရယ်... အငယ်ကောင် အသားဝါဖြစ်နေလို့ လှည့်သုံးထားရတယ်၊ မြငွေပေါ်တာနဲ့ ပုဆိုးဝယ်ပေးပါ့မယ်၊ အဲဒီအရောင်လေးလည်း ဖယ်ခိုင်းထားပါတယ်၊ အားလဲနာပါရဲ့ မ၀ါရယ်” ဆိုတဲ့စကားသာ ပြန်ပေါ်လာတော့တာပဲ။

ဒါတင်ဘယ်ကဦးမလဲ၊ တစ်ရက်ရုံးကအပြန် (၃၅) လမ်းထပ်မှာ “မ၀ါ... မ၀ါ” နဲ့ အတင်းလှမ်းဆွဲပြီး “ဖိနပ်ပြတ်သွားလို့ လုပ်ပါဦး၊ ပိုက်ဆံလဲတစ်ပြားမှ မပါဘူး၊ မြ သင်္ကန်းကျွန်းအထိပြန်ရမှာ” ဆိုပြီး လုပ်ပြန်ရော။ ပြန်မရမယ်မှန်း သိနေပေမဲ့လည်း ကိုယ့်ကိုအကူအညီတောင်းနေတဲ့ သူတစ်ယောက်ကို မကူညီနိုင်ဘူးလို့ပြောဖို့ အားနာတာရော၊ သူရုပ်ပျက်ဆင်းပျက်လုပ်ပုံကြီးက ဘေးက၀ိုင်းကြည့်နေတဲ့ သူတွေကို ရှက်တာရော ပေါင်းပြီး အဲဒီတစ်လအတွက် နောက်ဆုံးကျန်တဲ့ငွေ (၇၅) ကျပ်ကို ပေးလိုက်ရပါရောလား။

အားလုံးပေါင်းတော့ သူ့ဆီမှာ မ၀ါပိုက်ဆံ ၄၀၀။ ၄၀၀ ကြီးများတောင်ပါလား။ ခုတော့ နောက်ထပ်နှစ်နှစ်သာ ကြာသွားရော ကိုလွင့်ကိုလဲ ဘာလက်ဆောင်မှ မပေးနိုင်ခဲ့ဘူး၊ တွေးတိုင်း ရင်နာတယ်။

သူ့ကိုတွေ့လိုက်တိုင်းလည်း ကိုယ်က စမပြောရသေးဘူး၊ သူကချည်းပဲ “အားနာလိုက်တာ မ၀ါရယ်” အစချီလို့ ဒီအကြောင်းပြောပြောနေတော့ မ၀ါက ဘယ်လိုတောင်းရတော့မလဲ။ ဒီနေ့လဲ လခထုတ်ရက်၊ သူ့ဆီမှာ ပိုက်ဆံရှိမှာ အမှန်ပဲ။ ဒါပေမဲ့ သူ့နားသွားတာနဲ့ “အားနာလိုက်တာ” က စလာတော့မယ်။ မလှမ်းမကမ်းက စားပွဲက ငွေရေနေတဲ့သူ့ကို မ၀ါစိုက်ကြည့်နေမိတယ်။ တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ။ သူက ငွေ၄၀၀ကို စားပွဲပေါ် သပ်သပ်တင်ပြီး၊ ကျန်တာကို အိတ်ထဲထည့်ရင်းက “စုရေ... မြ ၄၀၀ ပေးလိုက်မယ်၊ ကျန်တာတော့ လကုန်မှပေါ့နော်၊ မနက်က စုပြတဲ့ အစိမ်းရောင်လေးပဲ” တဲ့။

အော်... အော်... လက်စသတ်တော့ မနက်က စုစုပြတဲ့ ဘီဘဲလ်ကို ၀ယ်မလို့ကိုး။ မ၀ါပိုက်ဆံကိုတော့ ဆပ်ဖို့ မစဉ်းစားဘူး၊ သူတို့ကိုကြည့်ရင်း မ၀ါအကြံတစ်ခုရလာတယ်။ ဖုံးနားကို အသာကပ်သွား၊ ဖုံးခွက်ကို ကောက်ကိုင်ပြီး အသံကျယ်ကျယ်နဲ့ “ဘာ... အဖေမူးလဲသွားတယ်... ဟုတ်လား”

ဟော... သူတို့လှမ်းကြည့်နေကြပြီ၊ ဖုန်းထဲက နားအူဖွယ် အော်တိုသံကြီးကို သည်းခံနားထောင်ရင်း... “ဟင်... အခုဘယ်မှာလဲ” “ဆေးရုံတင်လိုက်ရတယ်၊ အေး... ငါအခုလိုက်ခဲ့မယ်၊ အမယ်လေးဒုက္ခပါပဲ။ ဂွပ်”

ဖုန်းခွက်ကို ဟန်ပါပါပစ်ချရင်း အရမ်းကိုစိတ်ပူနေတဲ့ အကယ်ဒမီရှော့မျက်နှာနဲ့ သူ့စားပွဲနားကို ပြေးသွားလိုက်တယ်။ သူက မ၀ါကို ကြောင်တောင်တောင်နဲ့ ပါးစပ်ဟကြည့်နေတုန်း...

“အမယ်လေး... မြရေ... စုရေ... ကယ်ကြပါဦး၊ အဖေဆေးရုံတင်ထားရလို့တဲ့၊ မ၀ါလိုက်သွားမှ ဖြစ်တော့မယ်။ လခလဲ နောက်နေ့မှထုတ်တော့မယ်၊ မစောင့်နိုင်တော့ဘူး၊ မ၀ါကို ပိုက်ဆံလေးရာလောက် ချေးလိုက်စမ်းပါ၊ အဖေ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ မ၀ါမှာ ငွေမပါသွားလို့ မဖြစ်ဘူး၊ မြ... အားတော့နာပါရဲ့ကွယ် ဒီငွေလေးရာ မ၀ါ ခဏယူသွားမယ်နော်၊ မနက်ဖြန်မှ ပြန်ယူတော့၊ မ၀ါမှာ ကူညီမဲ့သူဆိုလို့ မြတို့ပဲရှိတယ်၊ သွားမယ်နော်မြ... မနက်ဖြန် ဆက်ဆက်ပြန်ပေးမယ်”

ပြောပြောဆိုဆို ပိုက်ဆံလေးရာကိုကောက်ပြီး ခြင်းကိုဆွဲလို့ မ၀ါ တစ်ချိုးတည်းလစ်ခဲ့တယ်။ အမလေး... ပိုင်လိုက်တဲ့ ငါ့အမူအရာ၊ လက်ထဲက ငွေလေးရာကို ပီတိပြုံးနဲ့ကြည့်ရင်း မ၀ါခြေလှမ်းတွေက ဗိုလ်ချုပ်ဈေးဆီ၊ အဖေ့ဆေးဖိုးအတွက် တစ်ရာဖယ်ပြီး ကျန်တာကို ကိုလွင့်အတွက် ပုဆိုးလှလှလေးတစ်ထည် မြမာလာမှာ ၀င်ဝယ်ပေးလိုက်မယ်။ မနက်ဖြန် ဟိုမိန်းမ လာတောင်းရင် “အားနာလိုက်တာ မြရယ်၊ မ၀ါလဲ ငွေမလွယ်တော့ဘူး၊ မြယူထားတဲ့ ငွေနဲ့ချေလိုက် ပါတော့နော်” လို့ ပြောပစ်လိုက်မယ်၊ ဘာရမလဲ၊ သူတတ်သမျှ ပညာတွေ မ၀ါလဲတတ်သွားပြီ။

“အားနာတယ်... အားနာတယ်နဲ့ ကိုယ့်ဆီက ရိတ်သွားတဲ့သူတွေကို ကိုယ်ကလည်း အားနာတယ်ဆိုပြီး ပြန်ခုတ် လိုက်တော့လည်း အဆင်ပြေသွားတာပေါ့၊ ဟင်း... ဟင်း... ဟင်း... ။


သင် (ဆေး- ၁)

------------------------------------------------------------------------------------------------------------------------

မြင်ကွင်း (၃) ကို ဆက်လက်ဖော်ပြပါမည်။

အားနာတတ်သော အတ္တလူများ (၁)

6

Category: ,


၁၉၉၄ ခုနှစ်ထုတ် အ.ထ.က (၂) လသာ ပန်းမျိုးတစ်ထောင် မဂ္ဂဇင်းမှာပါတဲ့ “သင် (ဆေး-၁)” ရဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ မြန်မာလူမျိုးတွေ တွင်တွင်ကျယ်ကျယ် သုံးတတ်တဲ့ “အားနာတယ်” ဆိုတဲ့ စကားလုံးကို မြင်ကွင်း (၃) ခု၊ လူတန်းစား သုံးလွှာကြားမှာ ချပြပြီး  ရေးဖွဲ့ထားလို့ နှစ်သက်ခဲ့ရတဲ့ စာတစ်ပုဒ်ပါ။

 -----------------------------------------------------------------------------------------------------------------------
 
မြင်ကွင်း (၁)

မိုးလင်းပြီဆိုမှဖြင့် မိဖြူတို့ မသက်သာတော့ပါဘူး။ (၄) နာရီတုံးခေါက်တဲ့အသံရယ်၊ အပျင်းဆန့်ရင်း ၀ါးကနဲ သန်းလိုက်တဲ့ မိဖြူအသံရယ်၊ ပေါင်ပေါ်ကို ဗြန်းကနဲကျလာတဲ့ အမေ့လက်သံရယ် တပြိုင်တည်းကျလာအပြီးမှာတော့ အလုပ်ကို ဇယ်ဆက်သလို လုပ်ရတော့တာပဲ။

မျက်နှာကိုအမြန်သစ်၊ အမေနဲ့ကီလီမှာ ဟင်းရွက်သွားယူ၊ အိမ်နားကဈေးမှာ အမေ့ကို ကူညီနေရာချပေး၊ အိမ်ပြန်၊ ရေနွေးအိုးတည်၊ ထမင်းတည်၊ ဘိန်းမုန့်ပြေးဝယ်၊ အဖေ့ကိုညက ကျန်တဲ့ဟင်းနဲ့ ထမင်းဗူးထည့်ပေး၊ ဈေးတစ်ခေါက်ပြန်ပြေး၊ အမေ၀ယ်ပေးထားတဲ့ ဟင်းချက်စရာတွေယူ၊ ထမင်းဗူးမမီတော့ပါဘူးလို့ ဟစ်နေတဲ့ အလတ်ကောင်ရဲ့ခေါင်းကိုခေါက်ရင်း ပါးစပ်က ပွစိပွစိရေရွတ်ရင်း ဟင်းချက်၊ ထမင်းဗူးထည့်ပေး၊ အိုးခွက်တွေဆေး၊ အိပ်ရာက နိုးလာတဲ့ (၂) နှစ်သား ဖိုးနီကို မုန့်ကျွေး၊ ပုခက်ထဲက အထွေးလေးကို သေးတွေရွှဲနေပြီလားကြည့်၊ မကြည့်လို့လဲ မရဘူး၊ အမေပြန်လာလို့ သေးအ၀တ်မလဲပေးထားတာတွေ့ရင် အ၀ီစိပွက်ဦးမှာ။

(၁၀) နာရီလောက်ကျရင် အမေ့ကို ထမင်းခူးပေးပြီးတော့ ကျောင်းထိပ်မှာ အမေအကြော်ကြော်ဖို့ ပြင်ဆင်နေရာချပေး၊ ပြန်လာမှ စက္ကူအိတ်ကပ်ဖို့ လုပ်ရတယ်။ အိတ်ကပ်ရင်း ကလေး (၂) ယောက်ရဲ့ ဝေယျာဝိစ္စတွေလုပ်၊ (၂) နာရီထိုးလောက်ကျ အိမ်ရှေ့တံခါးတွေ သေချာပိတ်ပြီး နောက်ဖေးမှာ အ၀တ်လျှော်၊ ထမင်းတည်၊ ဟင်းနွှေး၊ ရေသယ် အမယ်လေး... အိမ်ရှေ့ကိုလည်း ပြေးပြေးကြည့်ရသေးတယ်။ ဖိုးနီက အထွေးကို ဘယ်လိုများ သမထားမလဲလို့ ဒီကောင်ကလဲ လွယ်တာမဟုတ်ဘူး၊ မထင်ရင် မထင်သလိုလုပ်တာ။

ညနေ အဖေနဲ့အမေကို ထမင်းခူးပေး၊ အိပ်ရာတွေ ခင်းပေးပြီးရင်တော့ မိဖြူတာဝန်ပြီးပါပြီ။ (၇) နာရီ ဆိုတာက တခြားသူတွေအတွက်တော့ စောရင်စောမှာ ဖြစ်ပေမဲ့ မိဖြူအတွက်တော့ မစောတော့ဘူး၊ အရမ်းကို ငိုက်နေပြီ။ အထွေးလေး မြန်မြန်အိပ်အောင် ပုခက်ကို နာနာလွှဲပြီး သူအိပ်တာနဲ့ တစ်ပြိုင်နက် မိဖြူလဲ အိပ်ရာထဲထိုးဝင်တော့တာပဲ။ ဖိုးနီအိပ်တာ မအိပ်တော့တာ နောင်ခါလာနောင်ခါဈေးပဲ၊ သူက အားကြီးဂျီကျတယ်။ (၉) နာရီလည်းမအိပ်၊ (၁၀) နာရီလည်း မအိပ်နဲ့ မိဖြူဘယ်ခံနိုင်ပါ့မလဲ။ ဒီဒုက္ခတော့ အမေ့ဘာသာ အမေပဲ ခံတော့ပေါ့။

အဲဒီလို အိမ်အလုပ်တွေ ဖိစီးနေပေမဲ့ (၄) တန်း နှစ်ခါကျပြီး ကျောင်းထွက်ထားရတဲ့ မိဖြူအသက်က (၁၂) နှစ်ပဲ ရှိသေးတာ။ ည သူများထုတ်ဆီးတိုးရင် ပါချင်တုန်း၊ ဒါပေမဲ့ ပါလိုက်မိရင် မနက်ဘယ်လိုမှ မထနိုင်တော့ဘို့ မပါရဲဘူး။ နေ့လည်ဘက် ထိုးရင်တော့ ရသားပဲ။ နေ့ခင်း အထွေးအိပ်ရင် အိမ်သော့ခတ်၊ စက္ကူအိတ်ကပ်တဲ့ အလုပ်ကို ခဏခေါက်၊ ဖိုးနီကိုပါခေါ်ပြီး နာရီဝက် တစ်နာရီတော့ ကောင်းကောင်းထိုးလို့ရတယ်။ ဒါပေမယ့် အဲဒါလုံးဝမဖြစ်ဘူး။

ဘာဖြစ်လို့လဲသိလား။ ဟိုဘက်အိမ်က မ၀င်းဆိုတဲ့ အကုသိုလ်မကြီးကြောင့်ပေါ့။ တစ်နေ့တစ်နေ့ သူ့ယောက်ျား အလုပ်သွားတာနဲ့ ဖုတ်ဖက်ခါပြီး ကလေးနှစ်ယောက်ကို ဒီအိမ်ပို့၊ အရပ်လည်ပြီး စကားပြောနေတော့တာပဲ။ အချိန်ကုန်မှ အိမ်ပြန်လာ၊ သူ့ယောက်ျားပြန်မလာခင် ၀ုန်းဒိုင်းကြဲ၊ ချက်ပြုတ်ရင်း၊ ဆောင့်အောင့်နေတာနဲ့ပဲ သူ့ကလေးတွေကို ပြန်မပို့ရဲသေးဘူး။ (၆) နာရီလောက်မှ သွားပို့ရတယ်။ ဒီကြားထဲ ထမင်းကျွေးတာတို့ ရေချိုးပေးတာတို့ကလဲ လုပ်ထားပေးရသေးတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ် မအားပါဘူးဆိုမှ သူတို့ကတရှုပ်။ ပြီးတော့ ကလေးတွေက ငြိမ်ငြိမ်နေတာလည်း မဟုတ်ဘူး။ ဆိုးမှဆိုး၊ မွှေမှမွှေ၊ ဟိုဆွဲ သည်ဆွဲနှင့် နောက်ကလိုက်နေနိုင်မှ တော်ရုံကျတာ။ တော်ကြာ အကွဲအရှတွေ ဖြစ်ကုန်တော့ မိဖြူပဲ အဆူခံရတာ။ အမေ့ကိုပြောတော့လည်း “ညည်းပဲအစလုပ်ပြီး ခေါ်ထားတာကိုတဲ့”။ အစကတော့ ချစ်လို့ပေါ့၊ အခုတော့ မချစ်တဲ့အပြင် ချဉ်တောင်ချဉ်သေး။ အဲဒီဟာတွေက ဖိုးနီကိုလည်း လစ်ရင်လစ်သလို လုပ်ထည့်ထားကြသေးတာ။

သူအဲဒီလို လာမပို့အောင် မိဖြူထရန်ဖြစ်လိုက်ရင်တော့ ရတောပေါ့။ ဒါပေမဲ့ မိဖြူကမှ လူကြီးကို မမိုက်ရိုင်းချင်တာ။ အမယ်... ပြီးတော့ သူကလဲ မိုက်ရိုင်းဖို့တောင် အားနာနေရလောက်အောင် လေအေးအေးလေးနဲ့ လာတာနော်။ ဒီမှာကြည့်... သူ့လေသံက...

“မိဖြူရေ...ညီမ... အားတော့နာပါရဲ့ကွယ်၊ မောင်လေးတွေကို ခဏကြည့်ပေးထားပါဦး။ မမသွားစရာလေးပေါ်လာလို့၊ ခဏပဲ ညီမ... ခဏပဲ” ဒါမျိုး... ပြီးမှ သူ့ခဏက စကြ၀ဋ္ဌာတစ်ပတ်လောက် ကြာနေတာ။

“မိဖြူရေ...”

ဟော... ပြောရင်းဆိုရင်း လာပါပြီ။ အင်း... ဟိုအငယ်ကောင်တွေလဲ သဲတွေဖုံတွေနဲ့၊ ရေချိုးပေးရဦးမှာ ထင်ပါရဲ့၊ ၀ဋ်ပဲ။ 

“ညီမလေးရေ၊ သူတို့ကို ခဏခေါ်ထားပါဦး။ အဒေါ်အလှူသွားကူရဦးမယ်၊ ကိုယ်ခွဲမရှိတော့ ဒီလိုပဲ ညီမရယ်... အားနာလိုက်တာ၊ အလုပ်ရှုပ်နေသလား”

မချိပြုံးလေး ပြုံးလို့ တံခါးဖွင့်ပေးလိုက်ရင်း စိတ်ထဲက ကျိန်ဆဲမိတယ်။ အားနာပေလို့သာပဲ၊ အားများမနာရင် ဘယ့်နှယ့်နေမလဲ မသိဘူး။ သူတို့အမေလှည့်ထွက်သွားလို့ နှစ်လှမ်းမပြည့်သေးဘူး၊ အငယ်ကောင်က သူ့ပါးစပ်ထဲမှာ ၀ါးလာတဲ့ ဘာမှန်းမသိတာတွေကို အိမ်ရှေ့ကပြင်မှာ ထွေးချလိုက်ပါလေရော။

“ဟဲ့ဟဲ့... ဘယ့်နှယ့်လုပ်လိုက်တာလဲ၊ တယ်လေ...ငါ”

အငယ်ကောင်ကို ဆူပူမာန်မဲရင်း အဲဒီရွံဖွယ်တွေကို ကျုံးပြီး ရေအ၀တ်နဲ့ ပြန်တိုက်ရတယ်။ တောက်... ဘယ်ဘ၀၀ဋ်ကြွေးပါလိမ့်နော်။ ရေအ၀တ်ကို နောက်ဖေးမှာသွားလျှော်နေတုန်း “အန်း... ဟင့်အင်း... တွား... တွား”

ဖိုးနီအသံက ထွက်လာပြန်တာမို့ အိမ်ရှေ့ပြန်ပြေးရပြန်ရော..၊ အလိုလေးလေး၊ အကြီးကောင်က ဖိုးနီနှာခေါင်းကို လက်နဲ့ပိတ်ပြီး ဖိုးနီပါးစပ်ထဲကို ဧရာမဇွန်းအကြီးကြီးတစ်ချောင်း ထိုးထဲ့နေတာပါလား။

“အမယ်လေး... ဘယ်လိုလုပ်တာတုန်း၊ လွှတ်စမ်း၊ လွှတ်စမ်း၊ သေကုန်တော့မှာပဲ”

“ဆေးတိုက်တာ” “တယ်” ဆေးတိုက်သတဲ့...၊ သေလိုက်ပါလား။ မျက်စိက အထွေးပုခက်ဘက် ရောက်သွားတော့ အို... မောင်မင်းကြီးသားအငယ်ကောင်က အထွေးကို ပုခက်ထဲကချ၊ ကြမ်းပြင်ပေါ်မှာ သိပ်ထားပြီး၊ သူကတော့ ပုခက်ပေါ်မှာ အငြိမ့်သား။ အော်ဟောက်ပြီး ကလေးကို ပုခက်ထဲ ပြန်တင်နေတုန်း... ဖိုးနီက “မမရေ” ဆိုလို့ လှည့်ကြည့်လိုက်တော့ ဖိုးနီကလေးဘက်ထောက်ရက်၊ အကြီးကောင်က ဖိုးနီကို ခွစီးရက်၊ မျက်လုံးကိုပြူးပြီး ၀ုန်းကနဲ အနားပြေးလိုက်သွားတော့ အကြီးကောင်က ဖိုးနီကျောပေါ်က မြန်မြန်ဆင်းရင်း... “ငြင်းစီးတာ” “တောက်... ဆေးလဲ မတိုက်နဲ့၊ မြင်းလဲမစီးနဲ့၊ နင့်ဘာသာနင်ဆော့၊ နောက်တစ်ခါဆို ငါလည်ပင်းညှစ်သတ်မိမယ်... သိလား”

ခြေသံကိုပြင်းပြင်းနင်းရင်း နောက်ဖေးပြန်ဝင်လာတော့ ဖိုးနီကိုခွံ့ဖို့ ခုနချထားတဲ့ ထမင်းဇလုံပေါ်မှာ အငယ်ကောင်က ခွထိုင်လို့၊ ဟင်.. သေးပေါက်နေတာပါလား၊ မိဖြူစိတ်တိုလွန်းလို့ ခေါင်းကို ဒေါင်ကနဲ ခေါက်ထည့်လိုက်တော့တယ်။ “အဲဒါ သေးအိုးမဟုတ်ဘူးဟဲ့... ထမင်းပန်းကန်၊ ထမင်းပန်းကန်”

အငယ်ကောင်က မျက်ရည်အ၀ဲသားနဲ့ ပြန်မော့ကြည့်တော့ မိဖြူတွန့်သွားတယ်။ မိဖြူသူများကလေးကို တစ်ခါမှ အဲဒီလို လုပ်ဖူးတာမဟုတ်ဘူး။ ဒါပေမဲ့ အငယ်ကောင်က မျက်နှာသာမဲ့နေတာ၊ လက်ကတော့ စားပွဲပေါ်က ကြက်ဟင်းခါးသီး ပန်းကန်ကို လှမ်းဆွဲတုန်း၊ သူ့ကိုကြည့်ပြီး မိဖြူအကြံတစ်ခုရသွားတယ်။ ငရုတ်သီးစိမ်းတောင့်ကို နှစ်ပိုင်းချိုး၊ ကြက်ဟင်းခါးသီးတစ်ဇွန်းခတ်၊ ဘိန်းမုန့်နဲနဲဖဲ့ပြီး အငယ်ကောင်ပါးစပ်ထဲ ရောထွေးလုံးထည့်လိုက်တယ်။

“၀ါး”

၂ချက်၃ချက်ဝါးပြီးမှ မိဖြူထင်တဲ့အတိုင်းပါဘဲ။ အငယ်ကောင်ငိုသံက အကျယ်ကြီးထွက်လာတယ်။ ပါးစပ်ထဲက ထွေးထုတ်ထားတာတွေကို လက်နဲ့ခံ၊ မြန်မြန်ပါးလုပ်ကျင်းပေးပြီး သူအငိုမတိတ်ခင်၊ အကြီးကောင်ကိုပါဆွဲပြီး အိမ်ပေါ်က ပြေးဆင်းခဲ့တယ်။ ခုချိန်ဆို မမ၀င်း လမ်းထိပ်သူ့အဒေါ်အိမ်မှာ။

ပြေးရင်းလွှားရင်း အကြီးကောင်က ခလုပ်တိုက်လဲလို့ ငိုပြန်ရော၊ အဆင်သင့်လိုက်တာ။ မိဖြူ ငိုတဲ့ ကလေး နှစ်ယောက်နဲ့အတူ လမ်းထိပ်ရောက်လာတယ်။

“မမ၀င်းရေ”

အလှူအိမ်မှာ အလှူလုပ်မယ်ဆိုတဲ့ မမ၀င်းက လက်ဖက်ဝိုင်းထဲကနေ စကား မပြတ်ချင်ပြတ်ချင်နဲ့ လှည့်ကြည့်တယ်။

“ဒီမှာ အကြီးကောင်က ချော်လဲလာတယ်။ အငယ်က ဘာဖြစ်တယ် မသိဘူး။ အရမ်းငိုနေတာ၊ မေမေ့ဆီသွားမယ်ဆိုလို့ လာပြန်ပို့ရတယ်။ မမ၀င်းအလုပ်ရှုပ်နေလား၊ မိဖြူအားနာလို့ တော်တော်နဲ့ ပြန်မပို့သေးဘဲ ချော့ကြည့်နေတာ၊ မနေတော့လို့။

“ဟင်.. ကလေးက ငိုလှချည်လား၊ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားအေ”

“အို...မမကလဲ သွေးရိုးသားရိုးမဟုတ်လို့ ဘယ်လိုဖြစ်ရဦးမှာလဲ၊ မိဖြူမျက်စိအောက်တင် နေ နေကြတာ ဥစ္စာ”

“အကောင်တစ်ကောင်များ ကိုက်သွားလား မသိဘူး”

“မမ၀င်းက ပြောပြောဆိုဆို သူ့သားကို အင်္ကျီတွေဘာတွေ လှန်ကြည့်နေတုန်း မိဖြူထွက်ခဲ့တယ်။ ရှာလေ... ရှာ ရှာ ဘယ်နေရာမှာမှ ဘာမှတွေ့မှာမဟုတ်ဘူး။ နောက်နောင် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မိဖြူ ကောင်းကောင်းကြီး သိသွားပြီ။

မိဖြူပြောခဲ့တဲ့ “အားနာလိုက်တာ မမ၀င်းရယ်” ဆိုတဲ့ စကားလုံးလေးကိုပဲ သဘောကျမိသေးတော့...။


သင် (ဆေး-၁)

------------------------------------------------------------------------------------------------------------------------

မြင်ကွင်း (၂) နှင့် (၃) ကို ဆက်လက် ဖော်ပြပေးပါမည်။ 

ချစ်သူ့လက်ဆောင်

24

Category:



မောင်နှင့်ကျွန်မ အတူဖြတ်သန်းခဲ့သော ချစ်သူ့သက်တမ်း ဆယ်နှစ်ကျော်ကာလအတွင်း မောင်ကျွန်မကို အမှတ်တရ ပေးခဲ့သော လက်ဆောင်ပစ္စည်းများမှာ စာရေးကိရိယာမှသည် အီလက်ထရောနစ်ပစ္စည်းအထိ အမျိုးအစား စုံလင်လှပါသည်။ မောင်နှင့်ချစ်သူဖြစ်ပြီး ပထမဆုံး စတွေ့သောနေ့မှာပင် ဘောပင်တစ်ချောင်းနှင့် နေ့စဉ်မှတ်တမ်း စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။ ကျွန်မက နေ့စဉ်မှတ်တမ်းရေးရတာ ၀ါသနာပါသူပီပီ မောင်ပေးခဲ့သော စာအုပ်မှာ မောင်နဲ့တွေ့ဆုံခဲ့သည့် နေ့ရက်တိုင်းကို တခုတ်တရ ရေးမှတ်ခဲ့ပါသည်။ 

ချစ်သူဖြစ်ပြီးနောက် ပထမဆုံးကြုံရသော ဗယ်လင်တိုင်းနေ့မှာ မောင်နဲ့အတူ Fantasy World မှာ သွားကစားကြပြီး မောင်ကစားရာမှ အနိုင်ရရှိသော အရုပ်ကလေးများကို ကျွန်မအား လက်ဆောင်အဖြစ် မောင်ကပြန်ပေးခဲ့ပါသည်။ ချစ်သူဖြစ်ပြီး ခြောက်လအကြာမှာ ကျရောက်သော ကျွန်မ၏မွေးနေ့အတွက် မောင်က အလယ်တွင် နာရီပါရှိသော ဓာတ်ပုံမှန်ဘောင်သုံးခုတွဲကို ပေးခဲ့သည်။ နောက်နှစ်မွေးနေ့မှာ ဖွေးဖွေးဆွတ်နေသော အဖြူရောင် ကြောင်ရုပ်ကြီး တစ်ကောင်။ ကြောင်မချစ်တတ်သော ကျွန်မ မောင်ပေးသည့် ကြောင်ရုပ်ဖွေးဖွေးကိုတော့ ချစ်ပါသည်။ မောင်က ကျွန်မကြိုက်သော ပစ္စည်းများထက် သူကြိုက်သော ပစ္စည်းများကိုသာ ပေးလေ့ရှိသည်။ ကျွန်မက မောင် ဘာပေးပေး ကျေနပ်စွာ လက်ခံရယူခဲ့သည်ချည်း ဖြစ်သည်။ 

မောင်က နာရီ၊ ဘောပင် အစရှိသည့် ပစ္စည်းများကို ကြိုက်နှစ်သက်သူပီပီ ကျွန်မကိုလည်း ပေးပါသည်။ ကျွန်မဆီမှာ မောင်က ပေးသော လက်ပတ်နာရီသုံးခု၊ အဖိုးတန် ဘောပင်သုံးချောင်းနှင့် (ခေါက်ချိုး) သားရေပိုက်ဆံအိတ်  လေးအိတ်ရှိပါသည်။ ထိုအရာများအားလုံး မောင့်မုန်ဖိုးထဲကစုပြီး ၀ယ်ပေးခဲ့ခြင်းသာ ဖြစ်သည်။  ကျွန်မကို အမှတ်တရ လက်ဆောင်ပေးရုံသက်သက်ထက်  သူကြိုက်သမျှ၊ သုံးသမျှ ပစ္စည်းများကို  ကျွန်မနှင့်အတူတူ သုံးစွဲချင်သည့် ဆန္ဒကပိုကြောင်း မောင်ဖွင့်မပြောဘဲ ကျွန်မသိခဲ့ပါသည်။ 

မောင်ပေးခဲ့သမျှ လက်ဆောင်တွေထဲမှာ ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံး၊ အကြိုက်ဆုံး လက်ဆောင်သုံးခု ရှိပါသည်။ အဲသည့်သုံးခုမှာ “Margaret Mitchell” ၏ “Gone With The Wind” စာအုပ်၊ ကျွန်မအတွက် မောင်ရေးဖွဲ့ခဲ့သော သုံးကြောင်းသာပါသည့် ကဗျာတစ်ပုဒ်နှင့် သားရေဖြင့်ချုပ်ထားသော စာအုပ်အဖုံးမှာ ကျွန်မနာမည် ပုံနှိပ်ထားသော နေ့စဉ်မှတ်တမ်းစာအုပ်တို့ ဖြစ်သည်။

“လေရူးသုန်သုန်” စာအုပ်ကို လက်ခံရရှိသောနေ့ကို ကျွန်မ အမြဲမှတ်ရနေခဲ့သည်။ ထိုနေ့က တစ်နိုင်ငံစီဝေးကွာနေသော ကျွန်မတို့နှစ်ယောက် ဖုန်းပြောနေခဲ့ပြီး ကျွန်မက ၀မ်းနည်းအားနည်းစွာ ငိုနေခဲ့ချိန်၊ စာပို့သမားက ကျွန်မနာမည်ခေါ်ပြီး ပါဆယ်လက်ခံယူပါရန် ပြောလာသည်။ ကျွန်မက မောင့်ကို ဖုန်းခဏကိုင်ထားနော်လို့ ပြောပြီး စာပို့သမားဆီမှ ပါဆယ်ကို လက်မှတ်ထိုးယူလိုက်သည်။ အညိုရောင် ကတ်ထူစက္ကူဖြင့် သေသပ်စွာ ထုပ်ပိုးထားသော ပါဆယ်ထုပ်တစ်ခုသည် ကျွန်မ၏ ၀မ်းနည်းအားငယ်စိတ်များကို ပြောင်းလဲပေးတော့မည်အသွင်ဖြင့် စောင့်ဆိုင်းလျက်။ ကတ်ထူစက္ကူပေါ်က ဖဲပြားနားမှာ အမေဇုန်ဟူသော စာလုံးကို တွေ့မြင်လိုက်တော့ အနည်းငယ် အံ့သြစွာ၊ စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်မိ လိုက်သည်။ အို.. ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ ကျွန်မ ချက်ခြင်းပဲ ချထားသောဖုန်းခွက်ကို ကိုင်လိုက်ပြီး “အမေဇုန်ကနေ မောင်မှာပြီး ပို့လိုက်တာ မဟုတ်လား။” မောင်ကလည်း “ရပြီလား” လို့ ပြန်မေးသည်။ မောင့်အသံမှာ အပြုံးရိပ်တွေ ပါနေကြောင်း ကျွန်မ မမြင်ဘဲ သိလိုက်သည်။ မောင်က တခါတရံမှာ  အဲသည်လို ကျွန်မမျှော်လင့်မထားသော surprise တွေ လုပ်တတ်သူ တစ်ယောက်ဖြစ်သည်။ ကျွန်မငိုကြွေးဝမ်းနည်းနေချိန်မှာ ကျွန်မအကြိုက်ဆုံး စာတွေထဲက တစ်အုပ်ကို ကျွန်မထံ အရောက်ပို့ပေးခဲ့သော မောင့်ကို ကျေးဇူးလည်းတင်၊ အမြဲလည်း အမှတ်ရနေခဲ့ပါသည်။

စာတိုပေစ ကဗျာဝါသနာပါသော ကျွန်မက မောင်နှင့်ချစ်သူ့သက်တမ်းတစ်လျှောက်မှာ ကဗျာတွေစပ်ကာ မောင့်ကို ပေးခဲ့ဖူးသည်။ မောင်က ကျွန်မလို ကဗျာစာပေ ၀ါသနာပါသူ မဟုတ်မှန်းသိ၍ ကဗျာတစ်ပုဒ်တစ်လေသော်မှ မောင့်ဆီက လက်ခံရရှိဖို့ ကျွန်မ မမျှော်လင့်ခဲ့ပါ။ သို့သော်... မောင်နှင့်ခွဲခွာနေရသော ရက်များစွာထဲက တစ်ရက်မှာ ခါတိုင်းလို မောင့်ဆီက ပို့စ်ကတ်လေးတစ်ခု ရောက်လာခဲ့သည်။ ပို့စ်ကတ်၏ အတွင်းညာဘက်စာမျက်နှာမှာ နှင်းဆီပန်းပုံပါပြီး ဘယ်ဘက်အခြမ်းက စာမျက်နှာမှာ မောင့်လက်ရေးဖြင့် ရေးဖွဲ့ထားသော သုံးကြောင်းသာပါသည့် ကဗျာတစ်ပုဒ်။ အဲသည့်နေ့က ကျွန်မ သိပ်ပျော်ခဲ့ပါသည်။ မောင့်အပေါ် ထားရှိခဲ့သော ကျွန်မ၏ သံသယများကို ထိုကဗျာတစ်ပုဒ်တည်း ဖြင့် ကျေပျက်သွားစေခဲ့သည်။ မှတ်မှတ်ရရ ကျွန်မဘ၀မှာ မောင့်ဆီက ထိုကဗျာတစ်ပုဒ်သာ လက်ခံရရှိခဲ့ဖူးပြီး၊ မောင်ပေးခဲ့သမျှထဲမှာ ကျွန်မတန်ဖိုးအထားရဆုံး လက်ဆောင်တစ်ခု ဖြစ်ခဲ့ပါသည်။

တစ်နှစ်တစ်အုပ်နှုန်းဖြင့် နေ့စဉ်မှတ်တမ်း ရေးလေ့ရှိသော ကျွန်မကို လန်ဒန်မြို့ရှိ နာမည်ကျော်  handmade သားရေဖုံးများဖြင့် နေ့စဉ်မှတ်တမ်း သီးသန့်ထုတ်ဝေသော ဆိုင်မှ ၂၀၀၃ခုနှစ်အတွက် နေ့စဉ်မှတ်တမ်းစာအုပ်ကို ကျွန်မ မသိစေဘဲ မောင်က အော်ဒါမှာယူထားခဲ့သည်။ အညိုရောင် သားရေဖုံး ညာဘက်ထိပ်တွင်  ရွှေအိုရောင်ဖြင့် ခုနှစ်သက္ကရာဇ် ရေးထိုးထားပြီး၊ စာအုပ်ညာဘက်ထောင့်တွင် ကျွန်မနာမည် ရေးထိုးထားသော ထိုနေ့စဉ်မှတ်တမ်း စာအုပ်ကို ၂၀၀၃ခုနှစ် ကျွန်မတို့ ချစ်သူ့သက်တမ်း ၆နှစ်မြောက်အတွက် အမှတ်တရ လက်ဆောင်အဖြစ် ရည်ရွယ်၍ ဆိုင်မှ တကူးတက မှာယူပေးခဲ့ခြင်း ဖြစ်သည်။ ထိုမှတ်တမ်းစာအုပ်ကိုလည်း ကျွန်မမြတ်နိုးသည်။ ယခုဆိုလျှင် ထိုစာအုပ်ဖုံးပေါ်က ပုံနှိပ်ထားသော ခုနှစ်နှင့် ကျွန်မနာမည်တို့ အရောင်မှိန်စ ပြုနေခဲ့ပြီ။ စာအုပ်ပေးခဲ့သူလည်း ကျွန်မအနားမှာ မရှိတော့။

ယခုအချိန်ထိ ကျွန်မကိုင်တွယ်သုံးစွဲနေသော ပိုက်ဆံအိတ်၊ ကျွန်မ၀တ်ဆင်မြဲဖြစ်သော လက်ပတ်နာရီတို့သည် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ကြာက မောင်ပေးခဲ့သော ပစ္စည်းများသာဖြစ်သည်။ မောင် ကျွန်မအနားမှာ ဘယ်သောအခါမှ ရှိနိုင်တော့မည် မဟုတ်သော်လည်း ချစ်သူပေးခဲ့သော အမှတ်တရ လက်ဆောင်များသည် မောင့်ကိုယ်စား  ကျွန်မကို အားပေးဆဲ၊ နွေးထွေးနှစ်သိမ့်မှုပေးနေမြဲ...။ 


ဇွန်မိုးစက်

World Cup Fever

10

Category: ,


 


ဇွန်မိုးစက်တစ်ယောက် World Cup fever စရသွားတာ ၁၉၉၄ ခုနှစ်ကပါ။ အဲသည့်နှစ်က အီတလီအသင်းကိုမှ သွားပြီး အားပေးမိရက်သား ဖြစ်ခဲ့တာကိုး။ လေးကြိမ်မြောက်ကမ္ဘာ့ဖလားကို ဘရာဇီးလ်နဲ့ အီတလီ ဘယ်အသင်း အရယူမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ယင်း ကိုယ်အားပေးသင်းတဲ့အသင်း ပယ်လ်နယ်တီနဲ့ ရှုံးသွားတော့ ဘယ်လိုစိတ်မကောင်းဖြစ်သွားမှန်း မသိဘူး။ အဲဒါနဲ့ပဲ ၁၉၉၆ ဥရောပဖလားပွဲမှာ ကိုယ်အားပေးတဲ့ အသင်းများ နိုင်လေနိုးနိုး မျှော်လင့်ချက်နဲ့ ဆက်အားပေးမယ်ကြံတုန်း အုပ်စုပွဲကတောင် မတက်နိုင်ဘဲ ထွက်သွားခဲ့ရလို့ စိတ်ဓာတ်တွေကျခဲ့ရတယ်။

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာတစ်ခါထပ်ပြီး မျှော်လင့်ချက်အသစ် ပြန်မွေးပြီး ကြည့်မိအားပေးမိပြန်တယ်။ ကွာတားအရောက်မှာ အိမ်ရှင်ပြင်သစ်ကို အချိန်ပိုမှာ ရွှေဂိုးနဲ့ရှုံးခဲ့တုန်းက တော်တော်စိတ်မကောင်းဖြစ်ပြီး နောက်နေ့ ကျောင်းတောင် သွားမတက်နိုင်တော့ဘူး။ နောက် ၂၀၀၀ခုနှစ် ဥရောဖလားဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီ ထပ်တွေ့တယ်။ ဒီတစ်ခါ ၉၈က အရှုံးကို ပြန်ချေခွင့်ရပြီလို့ ထင်ခဲ့ပေမယ့် ပယ်လ်နယ်တီနဲ့ပဲ ထပ်ရှုံးပြန်ရော။ ပြောမပြနိုင်လောက်အောင် တော်တော်ခံစားလိုက်ရတယ်။ (မရယ်ကြပါနဲ့)

ကိုယ်အဓိကအားပေးတဲ့ အသင်းက အီတလီပါ။ ပြီးရင် အင်္ဂလန်ပေါ့။ အင်္ဂလန်ကို အားပေးပေမယ့် အားမရဘူး။ တစ်သင်းလုံးနီးပါး ပရီးမီးယားလိဂ်တစ်သင်းစီက နာမည်ကျော် player တွေနဲ့ ဖွဲ့စည်းထားပေးမယ့် တစ်နေရာရာမှာ အားပျော့နေသလို ခံစားရတယ်။ တစ်သင်းရှုံးသွားရင် နောက်ကျန်တဲ့အသင်း လိုက်အားပေးရတာပေါ့။ ကိုယ်အားပေးတဲ့ အသင်းတွေ ကွာတား၊ ဆီမီးမှာ ပြုတ်ကျန်ခဲ့ရင်လည်း ဗိုလ်လုပွဲရောက်တဲ့အထိ ကြည့်တာပါပဲ။ ကိုယ်တိုင်သာ ဘောလုံးမကန်တတ်တာ၊ ဘောလုံးပွဲကြည့်ရတာတော့ သိပ်ကြိုက်တာကိုး။

မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ ကျင်းပစဉ်ကာလတစ်လျှောက်လုံး study trip အတွက် ခရီးထွက်နေတာနဲ့ ကြုံတယ်။ အီတလီအသင်း ကန်တဲ့နေ့များဆို ခရီးသွားနေယင်း ရထားပေါ်မှာ၊ ကားပေါ်မှာ ဘောလုံးပွဲအကြောင်း သူများတွေပြောတဲ့အခါ အနိုင်အရှုံးရလဒ်ကို တစ်ချိန်လုံး နားစွင့်နေခဲ့ရတာ။ အင်္ဂလန်ကနေ စင်္ကာပူအပြန် အမ်စတာဒမ်မှာ ငါးနာရီကြာ transit ၀င်တယ်။ လေဆိပ်ထဲမှာလည်း transit ၀င်သူတွေ ဘောလုံးပွဲ ကြည့်လို့ရအောင် နေရာသီးသန့် စီစဉ်ပေးထားတာရှိတယ်။ ကိုယ်နဲ့ အင်ဒိုးနီးရှန်းမလေး အေမီက တက်ကြွစွာနဲ့ အနားမယူဘဲ သွားကြည့်ကြတယ်။ ဆီမီးဖိုင်နယ်မှာ အီတလီနဲ့  အိမ်ရှင်တောင်ကိုးရီးယား တွေ့ကြတာပေါ့။ ကိုယ်က အီတလီ၊ အေမီက အာရှတိုက်သား အချင်းချင်းမို့  ကိုရီးယားဘက်က အားပေးမယ်ပြောတယ်။ အဇူရီအသင်းအတွက် တရားမျှတမှု မရှိဘဲ ရှုံးချက်နာတဲ့ အဲသည့်နှစ်ကပွဲ ဘယ်တော့မှ ပြန်မကြည့်ချင်ဘူး။ တောင်ကိုးရီးယားလည်း နိုင်ပြီဆိုရော၊ လေဆိပ်တစ်ခုလုံးမှာရှိတဲ့ ကိုးရီးယန်းတွေ ထအော်လိုက်ကြတာများ ကြက်သီးထလောက်တယ်။ အေမီကပျော်ပြီး၊ ကိုယ်က စိတ်မကောင်းကြီးခြင်းများစွာနဲ့ မှိုင်နေတုန်း ကိုယ့်ဘေးက အနောက်နိုင်ငံသားတစ်ယောက်က လာမေးတယ်။ မင်းက ဂျပန်လား၊ ဟင့်အင်းဆိုတော့ ကိုးရီးယားလားတဲ့။ မဟုတ်ဘူးလို့ပြောတော့ သူထပ်မေးရမှာ အားနာသွားတယ်။ အာရှတိုက်သူ ကိုယ်က ကိုးရီးယားအနိုင်ရတာ မပျော်ဘဲ စိတ်မကောင်းဖြစ်နေတာ သူအတော် အံ့အားသင့်နေပုံရတယ်။ ကိုယ်က အီတလီအားပေးသူမှန်း သိသွားတော့ ပိုအံ့သြသွားတယ်။

၂၀၀၄ ခုနှစ် ဥရောပဖလားတုန်းက အင်္ဂလန်မှာ။ ဒီလိုဘောလုံးပွဲရာသီမျိုး အင်္ဂလန်မှာ နေရတာ ကြိုက်တယ်။ တစ်နိုင်ငံလုံး တက်တက်ကြွကြွနဲ့ သိပ်ပျော်စရာကောင်းတယ်။ အိမ်တိုင်း အင်္ဂလန်အလံတွေ လွှင့်ထူ၊ ကားတွေမှာလည်း အင်္ဂလန်အသင်း ကိုယ်စားပြုတဲ့အရောင်နဲ့ အလံဒီဇိုင်းတွေကို ကားဘီးပါမကျန် အရောင်တွေခြယ်သလို့။ တီဗွီဆိုလည်း အားကစားချန်နယ်ပဲ တစ်နေကုန်ဖွင့်ပြီး ကြည့်တာ။ ကျန်တဲ့ဘာအစီအစဉ်မှ စိတ်မ၀င်စားတော့ဘူး။ အဲသည့်နှစ်က အင်္ဂလန်အသင်းကို အားပေးခဲ့တယ်။ ပေါ်တူဂီမှာ ကျင်းပတဲ့ ဥရောပဖလားပွဲဖြစ်လို့ ပေါ်တူဂီအသင်း အနိုင်ရဗိုလ်စွဲမယ်လို့ နာမည်ကြီးခဲ့တာ မထင်မှတ်ထားတဲ့ ဂရိအသင်းက ဥရောပဖလား ရသွားတယ်။ ပေါ်တူဂီက နိုင်ချင်ဇောနဲ့ တအားကစားလို့ အမြင်ကပ်ပြီး ဂရိဘက်က အားပေးခဲ့တာ။ ကိုယ်အားပေးတဲ့အသင်း အနိုင်ရတော့ ပျော်ရတာပေါ့။

ဒီလိုနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲ ရောက်ခဲ့ပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ပွဲနေ့က ဇွန်လ ၉ ရက်။ ကိုယ့်မွေးနေ့မှာ စကန်တယ်ဆိုတော့ ကိုယ်အားပေးတဲ့အသင်း အနိုင်ရမှာလို့ ပြောခဲ့တာ မှတ်မိသေးတယ်။ အဲသည့်တုန်းက မြန်မာပြည်မှာ အလုပ်ဝင်နေချိန်။ အီတလီပွဲစဉ်ကို တစ်ပွဲမှ အလွတ်မခံဘဲ အိပ်ရေးပျက်ခံပြီး အားပေးခဲ့တယ်။ အီတလီအသင်း ကစားမယ့်နေ့ရောက်တိုင်း အပြာရောင်အင်္ကျီပဲ ၀တ်တယ်။ အသင်းပုံနဲ့ အသင်းသားပုံတွေပါတဲ့ ပိုစတာတွေ အစီအရီချပြီး အားပေးခဲ့တာ။ ဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီတို့ တွေ့ကြပြန်ပြီ။ ဟာ... တစ်ခါထပ်ပြီး ပယ်လ်နယ်တီ ကန်ရဦးမယ်။ တကယ်ဆို အဲသည့်တုန်းက ကိုယ်ဖျားနေတာ။ ပယ်လ်နယ်တီနဲ့ အနိုင်အရှုံး ဆုံးဖြတ်တော့မယ်ဆိုတော့ လက်ဖျားခြေဖျားတွေ အေးစက်ပြီး ကိုယ်တွေတောင် ပိုပူလာသလိုပဲ။ ငိုရမလား၊ ရယ်ရမလား မသိရသေးဘူး။ ရင်တွေ အရမ်းတုန်ခဲ့တာ။ အပြန်အလှန် ဂိုးသွင်းပြီးချိန်မှာ အီတလီနိုင်သွားတော့ ဘယ်လိုပျော်မှန်း မသိဘူး။ ကိုယ်ဖျားတာလည်း ဘယ်ပျောက်သွားမှန်း မသိဘူး။ ပျော်လွန်းလို့ မောင်လေးနဲ့ဖက်ပြီး အော်ကြတယ်။ ၁၂နှစ်လုံးလုံး အားပေးခဲ့ရတာ ခုမှပဲ ဗိုလ်စွဲတော့တယ်။ အပျော်လွန်ပြီး ပြန်အိပ်လို့တောင် မရဘူး။ နောက်နေ့ မျက်တွင်းဟောက်ပက်နဲ့ ရုံးကို ပြုံးပြုံးကြီး သွားခဲ့တာ မှတ်မိတယ်။း)

၂၀၀၆ နောက်ပိုင်း ဘောလုံးပွဲနဲ့ အလှမ်းဝေးခဲ့တယ်။ စင်္ကာပူမှာ အလုပ်ဝင်ဖြစ်သွားတာလည်းပါတယ်။ စလုံးက လူတွေ ဘောလုံးပွဲကို မြန်မာတွေလောက် မခုံမင်သလိုပဲ။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် အေးတိအေးစက်နဲ့။ ကိုယ့်မြန်မာတွေကမှ အချင်းချင်းတွေ့ရင် တက်တက်ကြွကြွနဲ့ ဘောလုံးအသင်းတွေအကြောင်း မေးကြပြောကြနဲ့။ သူတို့တွေက အဲလောက် ခရေစီဖြစ်ပုံမပေါ်ဘူး။ ကိုယ်တောင်မှ လွန်ခဲ့တဲ့လေးနှစ်က ကမ္ဘာ့ဖလားပိုးလေး အိပ်မောကျနေပြီထင်တာ သူ့အချိန်ရောက်တော့ အလိုလို ပြန်ထလာတယ်။ ဒါနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား အားပေးတဲ့ အသင်းရဲ့ အင်္ကျီတွေ ၀ယ်ဝတ်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်တာပေါ့။ ဒါကို မြင်တဲ့သူတွေက ပြုံးစိစိနဲ့။ ဂရုမစိုက်ပေါင်။

မနက်က  ဂျီတော့ခ်မှာ သူငယ်ချင်းက လာပြောတယ်။ ငါတော့ World Cup Fever ရနေပြီ။ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးတဲ့။ ကိုယ်က မနက်က သူ့လောက် fever မရသေးဘူး။ ညနေတော့ သိသိသာသာ ရလာပြီ။  စိတ်ကလည်း အလိုလို တက်ကြွလာတယ်။ လေးနှစ်တစ်ခါမှရတဲ့ fever မို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ (ကမ္ဘာ့ဖလား) ရောဂါပိုး အ၀င်ခံလိုက်ပါ့မယ်။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

(ဇွန့်သူငယ်ချင်း တင်စားတဲ့ World Cup Fever ဆိုတဲ့ အသုံးအနှုန်းလေးကို သဘောကျလို့ ခေါင်းစဉ်တပ်မိပါတယ်။)

9 June

22

Category: ,

မိုးတွေရွာစွေခဲ့တဲ့ တစ်ခုသောညနေခင်းမှာ ကိုယ်ဟာရခဲလှတဲ့ လူ့ဘ၀ထဲ ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီနေ့က ဇွန်လ ၉ ရက်ဖြစ်ပြီး မြန်မာလို နယုန်လပြည့်နေ့လည်း ဖြစ်ပါတယ်။ စနေသမီးဖြစ်သည့် အားလျော်စွာ ကိုယ်ဟာ စိတ်ထက်၊ ဒေါသကြီး သွေးဆူလွယ်ခဲ့သူတစ်ယောက်ပါ။ ခေါင်းမာတယ်၊ ပေတယ်၊ မျှတမှုကို ကြိုက်တယ်၊ လွတ်လပ်မှုကို လိုလားတယ်။ တစ်ယောက်ယောက်က ထိန်းချူပ်ထားတာမျိုးကို မနှစ်သက်ဘူး။ ခိုင်းမှ မလုပ်ချင်ဘူး၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ပဲ ကိုယ်လုပ်ချင်တယ်။ လိမ်တာညာတာမကြိုက်ဘူး။ ပွင့်လင်းရိုးသားမှုကို မြတ်နိုးတယ်။ ယေဘုယျအားဖြင့် စိတ်မာပြီး၊ အသည်းလည်း မာပါတယ်။ (လူပုံစံကြည့်တော့ မထင်ရဘူးနော်)း)

ဒီနှစ်မှာ မြန်မာလိုမွေးနေ့နဲ့ အင်္ဂလိပ်လိုမွေးနေ့က နှစ်ပတ်လောက်ကွာသွားပါတယ်။ နယုန်လပြည့်တုန်းက ရန်ကုန်မှာရှိတုန်း မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခွင့် ကြုံပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ စင်္ကာပူမှာ ရှိနေပြီး ကြားရက် (အလုပ်တက်ရက်) ဖြစ်နေလို့ ကိုယ်တိုင်ကိုယ်ကျ ဘုန်းကြီးကျောင်းသွားပြီး အလှူလုပ်ခွင့် မရပေမယ့် မြန်မာပြည်က မော်လမြိုင်ဖားအောက်တောရ ရိပ်သာမှာ သံဃာအပါး ၇၅၀နဲ့ ယောဂီဝင် ၂၅၀ အတွက် အရုဏ်ဆွမ်း လောင်းလှူထားပါတယ်။ တွေးမိတိုင်း ပီတိဖြစ်ရတဲ့ မွေးနေ့အလှူတွေထဲက တစ်ခုပါ။း)

အသက်တစ်နှစ်ကြီးသွားတိုင်း ဘာတွေ တိုးတက်မှုရှိပြီလဲလို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစား သုံးသပ်မိပါတယ်။  ရုပ်ပိုင်းဆိုင်ရာအရတော့ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ အသက်တစ်နှစ်ကြီးတိုင်း တစ်နှစ်ရင့်သွားမှာ အသေအချာပါပဲ။ (အို၊ နာ၊ သေ) ကို လွန်ဆန်လို့မှ မရတာနော့။ အသက်အလိုက် ကိုယ်ကိုယ့်ကို အတန်အသင့် ရင့်ကျက်နေပြီလို့ ထင်ပါတယ်။ :D ဒါတောင် တစ်ချို့နေရာတွေမှာ ကလေးဆန်ချင်စိတ်က သိပ်မပျောက်ချင်ပါဘူး။ ဒါနကုသိုလ်ရေး မှာတော့ အရင်ကထက် သဒ္ဓါတရား နှစ်ဆတိုးခဲ့ပါတယ်။ ဒေါသတွေ အရင်ကထက် လျှော့ချလာနိုင်တယ်။ စိတ်ပိုရှည်ပြီး သည်းခံစိတ် ပိုမွေးလာနိုင်တယ်။ မာနနဲ့ အာဃာတတွေ အရင်ကလောက် မများတော့ဘူး။ အကုသိုလ်ဖြစ်မယ်ထင်တဲ့ စိတ်မှန်သမျှ ကြာကြာမမွေးတော့ဘူး။ ဒါတောင်မှ သတိလက်လွတ်သွားတာနဲ့ အကုသိုလ်စိတ်တွေဟာ ၀င်ဝင်လာသေးတယ်။ အင်းလေ...  အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်ဆိုတော့လည်း သည်လောက်တော့ရှိမှာပေါ့လို့ ဖြေတွေးလိုက်မိပြန်ရော။ ကျန်းမာရေးကတော့ မနှစ်ကလောက် မကောင်းသလိုဘဲ။ အိပ်ရေးတွေ အရင်ကလောက် မ၀တော့ဘူး၊ စာဖတ်နှုန်းလည်း ကျသွားတယ်။ ဘလော့ဂင်းနဲ့ ဖေ့စ်ဘွတ်ကင်းမှာ အချိန်တွေကုန်တာ များနေပြီလို့ သုံးသပ်မိပေမယ့် ၀ုန်းကနဲ ရုန်းမထွက်နိုင်သေးကြောင်း ၀န်ခံပါတယ်။ မိတ်ဆွေသစ်တွေကတော့ အများကြီး တိုးပွားလာပါတယ်။ အထူးသဖြင့် ဓမ္မမိတ်ဆွေနဲ့ ဘလော့ဂါမိတ်ဆွေတွေပါ။ ကိုယ့်ကို ချစ်ကြ၊ ခင်ကြ၊ ဂရုစိုက်ကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးတဲ့ မေမေနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဖေဖေတို့ရဲ့ ကျေးဇူးကို
 အောက်မေ့ကန်တော့ရင်း မြန်မာပြည်အင်တာနက်ကွန်နက်ရှင်ကို စိတ်မချ၍ ကြိုတင် ဆုတောင်းပေးသွားတဲ့ သူငယ်ချင်းများ၊ ဘလော့ကနေ၊ မျက်နှာစာအုပ်ကနေ၊ ဂျီတော့ခ်၊ အီးမေးလ်နဲ့ ဖုန်းမက်ဆေ့ခ်ျမှတစ်ဆင့် မွေးနေ့ ဆုမွန်ကောင်း တောင်းပေးကြသူများ အားလုံး အားလုံးကို ကျေးဇူးအများကြီးတင်ကြောင်း ပြောပါရစေ။း)


ချစ်ခင်လေးစား ကျေးဇူးတင်လျက်
ဇွန်မိုးစက်

ပြည်တော်ပြန်

14

Category: ,

ဟော... ဟိုမှာ... ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေတဲ့ မြစ်တွေ၊ ချောင်းတွေ ဒါဟာ.. ကိုယ်သိပ်ချစ်တဲ့ မြေပေါ်က ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အမှတ်အသားတွေပေါ့။ လေယာဉ်ဆင်းခါနီးတိုင်း လိုက်ကြည့်ဖူးတဲ့ မြေပေါ်မှာ ကိုယ်တို့နိုင်ငံလောက် ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေတဲ့ မြစ်တွေချောင်းတွေ  ပေါများတာ သိပ်မတွေ့ဖူးသေးဘူး။ ဟယ်... ပြောင်ပြောင်လက်လက်တွေ အများကြီးပဲ။ ဘာတွေများပါလိမ့်.. နီးသထက်နီးလာတဲ့ မြင်ကွင်းအဆုံး သိလိုက်ရပြီ။ သွပ်မိုးအိမ်တွေကနေ အလင်းပြန်ပြီး ထွက်လာတဲ့ အရောင်တွေကိုး။ ကျွန်းမဟုတ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ မြေကြီးကို ထိတွေ့ခွင့်ရပြီ။ ဒါဟာ ကိုယ့်မြေ၊ ဒါဟာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သွေးနဲ့အတူ လှည့်ပတ်စီးဆင်းခဲ့တဲ့ရေတွေ၊ ဒီမှာ ကိုယ့်အိမ်ရှိတယ်၊ မြေရှိတယ်၊ အမေရှိတယ်။  ဘာနဲ့မှ မတူတဲ့ ခံစားချက်တွေ ရင်ထဲမှာ တစ်မျိုးတစ်ဖုံစီ ၀င်ရောက်လို့။ ကိုယ်မပြန်ဖြစ်ခဲ့တာ ကြာပြီပဲ။

အရင်ဆုံး သတိထားမိလိုက်တာတစ်ခုက  အရင် “မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်” ကနေ “ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်” ဖြစ်သွားတာကိုပါ။ ကိုယ်ထွက်လာတုန်းက “မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်” ပဲ ရှိသေးတာလေ။ လေယာဉ်ပေါ်ကအဆင်း ပူနွေးနွေးလေတစ်စုံက ကိုယ့်ကို ဆီးကြိုပွေ့ဖက်လို့။ ဒါပေမယ့် ပူတယ်ဆိုတာ ရောက်ရောက်ချင်း တစ်နေ့ပဲ ခံစားလိုက်ရတယ်။ နောက်ရက်တွေကစပြီး မိုးရွာလို့၊ ပူတယ်ဆိုတာ ဘာမှန်းမသိလိုက်တဲ့ ကိုယ့်အဖြစ်ပါပဲ။

လမ်းတွေက အရင်ကထက် ပိုဆိုးကောင်း ပိုဆိုးနေမယ်။ ညာကြောယူစနစ်မှာ ညာမောင်းတဲ့ ကားတွေစီးရတာ ဟိုးအရင်ကတည်းက မကြိုက်ဖူး။ အန္တရာယ်များတယ်။ မြန်မာပြည်လမ်းကြောအရ ဘယ်မောင်းကားတွေနဲ့မှ ပိုသင့်တော်တယ်လို့ ကိုယ်ယူဆမိနေတုန်း။ အတ္တတစ်ခုအတွက် ဘယ်ကြောမောင်းစနစ်ကနေ ညာကြောမောင်းစနစ်ကို ဘာဖြစ်လို့ပြောင်းခဲ့ရတာလဲလို့ တွေးနေမိတုန်း။ ပြီးခဲ့တာတွေ ပြီးပြီပဲလေ။ ခုတော့ ဓာတ်ငွေ့သုံးယာဉ်တွေ ဖြစ်နေပြီပေါ့။ တက္ကစီစီးနေတုန်း၊ ဘတ်စ်ကားစီးနေတုန်း ဓာတ်ငွေ့နံ့ရလာယင် ရင်ထဲ ထိတ်ထိတ်သွားတာတော့အမှန်။ တက္ကစီက ဟိုနားဒီနား တစ်ထောင်ထောင့်ငါးရာ။ ကိုယ်က မြို့ပြင်မှာနေသူ၊ ကိုယ်ပိုင်ကား မရှိလေသူဆိုတော့ ဘတ်စ်ကား စီးတဲ့အခါစီး၊ တက္ကစီ စီးတဲ့အခါစီးပဲ။ အချိန်ကုန်သက်သာချင်တော့ တက္ကစီပဲ အားကိုးရတာ ပိုများပါတယ်။ ပြန်တွက်ကြည့်တော့ တက္ကစီးဖို့နဲ့ အတော်ထောင်းခဲ့တယ်။ ငွေခင်းသောလမ်းမှာ သွားရတာ ဒါမျိုးပဲထင်ပါရဲ့လို့ တွေးလိုက်မိသေး။

မရောက်တာကြာပြီဖြစ်တဲ့ ကိုယ်ကို့ အခြားပြောင်းလဲမှုတွေထက်ပိုပြီး အံ့အားအသင့်စေဆုံးက စုတ်ပြတ်နွမ်းဖတ်နေတဲ့ ငွေစက္ကူတွေပါပဲ။ ပလာစတာတွေ အထပ်ထပ်ကပ်လို့ မာတောင့်တောင့်ဖြစ်နေတာ၊ ဟောင်းနွမ်းလွန်းလို့ ကိုင်လိုက်တာနဲ့ တစ်စစီပြဲသွားတော့မယောင်ဖြစ်နေတဲ့ ငွေစက္ကူတွေနဲ့ ၀ယ်သူ ရောင်းသူ၊ ပေးသူ ယူသူ မငြူစူဘဲ သုံးစွဲနေကြတာ မြင်တော့ တကယ့်ကို အံ့သြမိတာပါပဲ။ တစ်ထောင်တန်နဲ့ နှစ်ရာတန်တွေ အသုံးများပါတယ်။ တန်ဖိုးအနည်းဆုံးက ရာဂဏန်းစပါတယ်။ တစ်ထောင်တန်တစ်ရွက်ဆို ဖြတ်ခနဲ၊ ဖြတ်ခနဲ ဘယ်လိုကုန်သွားမှန်းမသိ။ ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်သုံးတာမို့ တော်သေးတယ်လို့ ပြောရမယ်။ မိဘပိုက်ဆံသာဆို သုံးရဖို့ တွန့်ဆုတ်နေဦးမှာ။

ကိုယ်က ကျန်းမာရေးကိစ္စနဲ့ သွားသူဖြစ်လေတော့ ရသမျှ ရက်တိုတိုလေးအတွင်းမှာ ဆေးရုံ၊ ဆေးခန်းသွားတဲ့ အချိန်ပေးရလို့ ဘယ်သူ့ကိုမှ အကြောင်းမကြားဖြစ်ခဲ့၊ ဘယ်ဆွေမျိုးကိုမှလည်း သွားမတွေ့ဖြစ်ခဲ့။ ကိုယ်ခဏပြန်သွားတာ အကြောင်းမကြားမိလို့ ခုမှသိသူတွေ စိတ်မဆိုးကြပါနဲ့။ နောက်တစ်ခါဆိုရင်တော့ ခွင့်ရက်ရှည်ရှည်ယူပြီး အားလုံးနဲ့ တွေ့ပါ့မယ်။

ဒီကြားထဲကိုယ်က ရန်ကုန်မိုးမိပြီး ဖျားလိုက်သေးတာဆိုတော့ နှစ်ရက်လောက်က အိပ်ရာထဲမှာ နေလိုက်ရသေးတယ်။  မပြန်ခင်တစ်ရက်မှာ ရွှေတိဂုံဘုရားအရောက်သွားဖူးလို့ ဗိုလ်ချုပ်ဈေးမှာ ရုံးကလူတွေကို ပေးဖို့ရာ လက်ဆောင် ပစ္စည်းတွေဝယ် ဒီလောက်ပါပဲ။ စာအုပ်ဆိုင်တွေဖက်တောင် မရောက်လိုက်ဘူး။ ကိုယ့်မြန်မာလိုမွေးနေ့နဲ့ ကြုံကြိုက်တုန်း အိမ်နဲ့သိပ်မဝေးတဲ့ မဟာဂန္ဓာရုံစာသင်တိုက်မှာ ဆွမ်းကပ်ပြီး ကုသိုလ်ယူဖြစ်ခဲ့ပါတယ်။

အပြန်လေယာဉ်မှာ မလေးရှားသွားမယ့် ခရီးသည်တွေနဲ့ အတူ စီးရပါတယ်။ အများစုက အလုပ်သွားလုပ်ကြမယ့် မိန်းကလေးတွေပါ။ အေးဂျင့် အမျိုးသမီးတစ်ယောက်က အပေါ်ထိလိုက်ပို့ပြီး လိုအပ်တာတွေ စီစဉ်မှာကြားနေပါတယ်။ သူတို့လေးတွေ ကြည့်ရတာ ချို့တဲ့နွမ်းပါးလှပါတယ်။ ဘယ်လောက်ထိ အရင်းအနှီး ပွဲခငွေတွေပေးပြီး ထွက်လာကြတာပါလိမ့်။ ဟိုရောက်ရင်ရော အဆင်ပြေပြေနဲ့ မှန်ကန်တဲ့လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်ခွင့် ရကြပါ့မလား... ကိုယ်က သူတို့အစား တွေးတောပူပန်နေမိပါတယ်။ သူတို့လေးတွေကတော့ တိုင်းတစ်ပါးမှာ ကြိုမသိမမြင်နိုင်တဲ့ အနာဂတ်တစ်ခုအတွက် စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေကြမယ်ဆိုတာ ကိုယ်ရိပ်မိပါတယ်။

လေယာဉ်က အရှိန်ယူပြီး မြေကြီးက ခွာလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရင်ထဲ လစ်ဟာ သွားပါတယ်။ အချိန်မတန်သေးတော့လည်း ခွဲရဦးမှာပေါ့ ချစ်တဲ့ရွှေပြည်ရယ်။ မီးမမှန်တာ၊ ရေပြတ်တာ၊ လမ်းတွေ ဆိုးတာ၊ လူတွေ ဆင်းရဲမွဲတေနေကြတာ၊ အကျင့်စာရိတ္တ ပျက်ပြားနေတာ၊ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးစွဲခွင့်မရတာ ... ဒါတွေအားလုံးဟာ ကိုယ့်ကို နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်အောင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ အသေအချာ သိလိုက်ရပါတယ်။ မနက်လင်းတာနဲ့ ဘယ်မှာမှ မကြားရနိုင်တဲ့ “ပဲပြုတ်” ဆိုတဲ့ အသံတွေ၊ လက်ညှိုးထိုးမလွဲတဲ့ စေတီဘုရားတွေ၊ မနက်ခင်းမှာ လောင်းလှူခွင့်ရတဲ့ ဆွမ်းကုသိုလ်တွေ .... တစ်ခြားဘယ်နိုင်ငံမှာမှ မရနိုင်တဲ့၊ အစားထိုးမရတဲ့ အရာတွေအတွက် ကိုယ်က ချစ်နေဦးမှာ၊ ပြန်လာဦးမှာပါ။

လေယာဉ်က ပြာလွင်လွင် မိုးကောင်းကင်ထက်မှာ ပျံသန်းလို့ နေပါပြီ။ အတွေးတွေနဲ့အတူ မျက်စိကို မှိတ်လိုက်တော့ အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားကလေးတွေရဲ့ သံပြိုင်သီဆိုသံက ကိုယ့်နားထဲကို ၀င်ရောက်လို့ ....။

“ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲ ကျွံနေသည်။
ကူ၍ တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။”


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

မှတ်ချက်။     ။ ယုံချင်ယုံ မယုံချင်နေ၊ ကိုယ်ဟာ ဘလော့ဂါ မပီသစွာ ဓာတ်ပုံ တစ်ပုံမှ မရိုက်ဖြစ်ခဲ့ပါဘူး။