“အမေ”
“ဘာတုန်း”
ခရီးရောက်မဆိုက် ဆိုင်ပေါ်တက်တက်ချင်း လှမ်းခေါ်လိုက်တဲ့ မိဥအသံကြောင့် ခပ်ဆပ်ဆပ် ပြန်ထူးလိုက်မိတယ်။ အလကားဟာမ၊ သူအသုံးမကျလို့ ငါ့မှာ အသက်၅၀ကျော်လည်း အေးအေးမနေရဘူး။ ပြောလိုက်ရင်တော့ မျက်နှာလေးက ဇီးရွက်လောက်နဲ့၊ တစ်လောကလုံးကို အားနာဖို့ကလွဲရင် ဘာမှသုံးလို့မရဘူး။
“ဘာပြန်ပြောလိုက်လဲလို့ မေးမလို့ပါ”
“ဘာပြောရမှာလဲ၊ အားနာလိုက်တာ ပြန်လျော်ပေးပါ့မယ်၊ စိတ်မရှိပါနဲ့လို့ပြောတာပေါ့၊ ငါပဲ ညည်းလို ငအမ မဟုတ်တာ”
ပြောရင်းကပဲ ဒေါသထွက်လာမိတယ်။ အဖြစ်က ဒီလို...ဒီလို... ဈေးပိတ်တဲ့တစ်နေ့ ကျွန်မအိမ်မှာ မရှိတုန်း ဟိုဘက်ရုံက ရီရီတို့သားအမိလာပြီး မင်္ဂလာဆောင်သွားမလို့၊ ကြိုးကြီးချိတ်ထမီနဲ့ ငွေလက်ကိုင်အိတ် ခဏပေးပါလို့ လာငှားသတဲ့။ ငွေလက်ကိုင်အိတ်က ထားပါတော့၊ နာမည်ကိုတပ်ပြီးငှားတာဆိုတော့ ပေးရတော့မှာပေါ့။ ကြိုးကြီးချိတ်ဆိုတာကို ငြင်းချင်လည်းငြင်း၊ တော်၏လျော်၏တစ်ထည် ငှားရင်လည်း ငှားလိုက်ပါလား။ ခုတော့ နောက်လတူမတစ်ယောက် မင်္ဂလာဆောင်မှာဝတ်ဖို့ ၀ယ်ထားတဲ့၊ တစ်ခါမှမ၀တ်ရသေးတဲ့ ထောင်ကျော်တန်လွန်းချိတ် အသစ်စက်စက်ကြီးကိုမှ ပေးလိုက်တဲ့အပြင် ပုဝါပါ အဆစ်ပေးလိုက်သေး။ ဟင်း... သူ မရှာရတိုင်း ရက်ရက်ရောရော။
သူ့ကို အားပါးတရဖိဆူပြီး နောက်တစ်နေ့ ရှေ့ဆိုင်က စန္ဒာ့မင်္ဂလာဆောင်လည်းသွားမိရော၊ လားလား... ရီရီ့အမေက ကျွန်မပစ္စည်းတွေကို ပြည်သူ့မုန့်တိုက်မှာလုပ်တဲ့ မင်္ဂလာဆောင်မှာကို ချဝတ်ပစ်တာပါလား။ သူကလွန်းချိတ် ခရမ်းရောင်၊ ပုဝါခရမ်းရောင်၊ ငွေရောင်လက်ကိုင်အိတ်နဲ့ တင့်တယ်နေချိန်မှာ ကျွန်မကတော့ ဇင်းမယ်ကလေးနဲ့ (ပီအက်စ်) အိတ်ကလေးနဲ့၊ ဒေါသထွက်လိုက်တာများလေ၊ အမှန် ဒီချိတ်အသစ်ကို ၀တ်ချင်းဝတ်ရင် ကျွန်မ၀တ်ပစ်ရမှာ မဟုတ်လား။ အခုတော့ ... ဟင်း.. ကျွန်မဒေါသထွက်ထွက်နဲ့ မိဥကိုပဲ ဒုတိယံမိ ထပ်ဆူပစ်လိုက်တယ်။
အမယ်လေး... အဖြစ်က ဒီတင်မရပ်ဘူး၊ မနေ့က ကျွန်မ တစ်တန်းသွားအနီတစ်ကွင်းဈေးညှိဖို့ကိစ္စနဲ့ အပြင်ထွက်အသွား ရီရီက ပစ္စည်းတွေလာပြန်ပေးသွားတယ်ဆိုပြီး မိဥက ပြန်ရောက်ရောက်ချင်း အထုပ်ထိုး ပေးတယ်။ ဘာမှပြန်မပြောဘူးနော်... အိနြေ္ဒနဲ့... အိနြေ္ဒနဲ့၊ ကျွန်မစိတ်ပူပူနဲ့ တစ်ခုချင်းလည်း ဖြန့်ကြည့်မိရော... အို... ငွေရောင် ပိုက်ဆံအိတ်မှာ လက်ဖက်ရည်တွေ စွန်းနေသလို ပုဝါမှာလည်း မီးပေါက်နဲ့။ ဆေးလိပ်မီးပေါက်ရအောင် ဒီမိန်းမက ဘယ်ယောက်ျားနား သွားကပ်ထိုင်နေလို့လဲ၊ ရင်ထဲမှာ လှိုက်ပြီးတော့ ဒေါသထွက်တယ်။
မိဥကို ခေါ်ပြမိတော့ “မီးပေါက်တာတော့ မသိဘူး၊ လက်ဖက်ရည်စွန်းတာတော့ သူသိပါတယ်တဲ့၊ ရီရီ အရမ်းအားနာတာပဲလို့ ပြောပြီးတော့ ပြသွားတယ်” တဲ့။ အားနားပေလို့သာပဲ၊ ဒီလောက် မသိတတ်တဲ့သူတွေကို ကိုယ်ကပြန်သိတတ်နေလို့လဲ အပိုပဲ။ ဒါကြောင့် ဒီမနက် အထုပ်လိုက်ယူလာပြီးတော့ကို သွားပြပစ်လိုက်တယ်။ ဒါတောင် အိမ်က သူတော်ကောင်းမက တဂျီဂျီနဲ့ “အားနာစရာကြီး” တဲ့လေ၊ “သူတို့က အရမ်းအားနာနေကြတာပါတဲ့” ဘာလုပ်ရမှာလဲ သူတို့အားနာတာ၊ ပြုတ်သောက်လို့ ရတာမှ မဟုတ်တာ။
ကျွန်မကတော့ မရဘူး၊ သွားပြလိုက်တယ်။ လေသံပျော့လေးနဲ့ “ရီရေ... အားတော့နာပါရဲ့ကွယ်၊ လူရင်းတွေမို့ ပြရဦးမယ်၊ ဒီမှာကွယ် ကြည့်ပါဦး၊ ညည်းသတိမထားမိဘူးထင်တယ်...၊ ပုဝါမှာလည်း မီးပေါက်ကြီးနဲ့၊ ပိုက်ဆံအိတ်မှာလည်း လက်ဖက်ရည်တွေစွန်းလို့၊ ဘယ်လိုဖြစ်ရတာလဲကွယ်” လို့လဲ ပြောရော၊ ရီရီမျက်နှာကြီး မည်းကနဲပဲ။
ဘာရမလဲ ကျွန်မပဲ ဆက်ပြောတာပေါ့၊ ဘယ်လိုနှမြောကြောင်း၊ အကောင်းစားတွေဖြစ်ကြောင်း၊ နောက်ဆုံး “ပုဝါကတော့ ထားပါတော့ မီးပေါက်ကလဲ သေးပါတယ်၊ ပိုက်ဆံအိတ်ကိုတော့ ကြည့်လုပ်ပါဦး၊ မမလဲ ထပ်မ၀ယ်နိုင်တော့ဘူး” ဆိုတာနဲ့ ပိတ်ရတော့တာပေါ့။ ဈေးထဲမှာမို့ ရှက်လို့လား မသိပါဘူး၊ နာရီဝက်လောက်အကြာမှာတော့ “ကဲ... ကဲ... ရီရီ အစားပြန်ဝယ်ပေးပါ့မယ် အမရယ်” ဆိုတဲ့ စကားကိုရတယ်။ ကျွန်မလည်း မျက်နှာကို ချိုပြုံးပြီး “အားလည်းနာပါရဲ့ရီရယ်၊ အမကလဲ အိမ်ကလူမြင်ရင် ဆူမှာစိုးလို့ပါ” လို့ ရေခဲတုံးကို ခုတုံးလုပ်ပြီး အားနာချင်ယောင် ဆောင်ရတာပေါ့။
အမယ်... ဒါတောင် လာသေးတယ်၊ အားနာတတ်တဲ့ ရီရီက “အဲဒီ စွန်းနေတဲ့ အိတ်ကိုတော့ အမေ့ပဲ ပေးကိုင်လိုက်တော့မယ်၊ ထားခဲ့ပါတော့” တဲ့။ ရှိပါစေတော့လေ၊ ဒီလောက်သိတတ်ရင်ပဲ ကျေးဇူးတင်လှပါပြီ။
“အေး.. ရီ အသစ်ဝယ်ပြီးတော့ လာလဲလှည့်၊ အခုတော့ ဒါကိုပဲ ခဏပြန်ယူသွားလိုက်ဦးမယ်၊ မတွေ့ရင် အိမ်ကလူ မေးနေဦးမယ်” လို့ ပြောခဲ့ရတယ်၊ နို့မို့ဖြင့် ဖွတ်မရ ဓားဆုံး ဖြစ်ဦးမှာ၊ ဟင်း... အလည်မ။
“အမေသွားနေတုန်း အန်တီရိုစီတို့ သားအမိလာသွားတယ်”
“အမယ်တော်... ဘာတွေများ ရောင်းလိုက်သေးလဲ”
မိဥစကားကြောင့် ရင်ဘတ်ဖိပြီး မေးမိတယ်။ ရိုစီတို့က သိပ်လည်တာ၊ လျှော့ပေးမှန်းသိလေ အားမနာ လျှာမကျိုး ဆစ်ချလေပဲ၊ ငယ်သူငယ်ချင်းဆိုတော့ ပြောလို့လဲ မကောင်းဘူး။ ကျွန်မနဲ့ဆိုရင် လျှော့ရင်းတင်းရင်း နောက်ဆုံး အရင်းတော့ ကျန်တာပေါ့။ ဒါတောင် “ညိုက သိပ်ကပ်တာပဲ” လို့ အပြောခံရသေးတာ။ မိဥတစ်ယောက်တည်းများ ဆိုလို့ကတော့လား၊ ဟိုကဆစ်ရင်း၊ သူကလျှော့ရင်းနဲ့ အရင်းတောင် မပြည့်ချင်ချင်ရယ်။ အမြတ်ရချင်လို့ ဈေးရောင်းနေတာပဲ၊ နဲနဲတော့ နားလည်ဖို့ကောင်းတယ်၊ အမယ်... ဒါတောင် ပြောသွားသေးတယ်။ “ခဏခဏ အလုပ်လာရှုပ်ရတာ သိပ်အားနာတာပဲတဲ့လေ” အဲဒီစကားလုံးကိုတော့ စိတ်နာနေပြီ။
ခုတော့ မိဥကိုမှာထားရတယ်၊ ကျွန်မ မရှိတုန်း လာကြရင် “ဈေးတွေ မသိဘူး၊ အမေလာမှဝယ်ပါ” လို့ ပြောလို့၊ ကျွန်မက စတွေ့လို့ကတော့ ရှောင်ကို နေလိုက်တယ်။
“မရောင်းပါဘူး၊ အမေမှာတဲ့အတိုင်းပဲ၊ သူတို့က တစ်ခေါက်ပြန်လှည့်ခဲ့မယ်တဲ့”
ဟော... ပြောရင်းဆိုရင်း ရိုစီတို့သားအမိကို မြင်လိုက်ရတာမို့ ရှုသိုးသိုး မျက်နှာထားကိုပြင်ပြီး အစွမ်းကုန် ပြုံးပြလိုက်ရတယ်။ ဟင်း.. ရှောင်လို့တောင် မမီတော့ဘူး။
“ရိုစီ... လာလေ... မလာတော့တာတောင် ကြာပြီ”

“ဟင်း... ဟင်း... လာပါ့နော်၊ ညိုနဲ့ မတွေ့တာချည်းပဲ”
“အေးကွယ်... အလုပ်ကလဲ များလို့”
“မာမီ... ဟိုကြယ်သီးလေးနဲ့ အနက်လေး လှတယ်နော်”
သူကြည့်နေတဲ့ အင်္ကျီလေးကို ကျွန်မလှမ်းကြည့်လိုက်တယ်၊ ကြယ်သီး အကြီးကြီးတွေပါတဲ့ အင်ဇိုင်းစပို့ရှပ် အနက်လေး...
“လှတယ်... သမီးနဲ့လိုက်မှာပဲ၊ အန်တီ... ဖြုတ်လိုက်မယ်နော်”
ဇိုးဇိုးဇတ်ဇတ်နဲ့ဖြုတ်ပြီး သူ့သမီးလက်ထဲ ထည့်လိုက်တယ်။ သူ့သမီးက အတော့်ကို ကြိုက်နေပုံနဲ့...
“ဘယ်လောက်လဲ မသိဘူး အန်တီ”
“ခေါင်းထဲမှာ ဈေးကို မြန်မြန်တွက်လိုက်ရတယ်၊ ဒီအင်္ကျီရောင်းဈေး (၈၀၀၊ ၈၃၀) ပေါ့ သူတို့ကိုတော့ ...
“အဲဒါလေးတွေက ပေါ်ကာစဆိုတော့ ဈေးကြီးတယ် သမီးရဲ့၊ (၉၅၀) ရောင်းဈေးပဲ”
ရိုစီ မျက်ခုံးနှစ်ဖက် ပင့်တက်သွားတယ်။ “မဟုတ်တာကွယ်... လျှော့ဦး၊ အချင်းချင်းတွေပဲ”
“အော်... ရိုစီရယ်... ပြောရမဲ့သူတွေမှ မဟုတ်တာ၊ ညိုက အပိုပြောပါ့မလား၊ ဒါသူများအပ်ထားတဲ့ပစ္စည်း၊ (၉၅၀) ရမှ ရောင်းပါဆိုလို့ ညို့ဟာဆိုလို့များကွယ် အမြဲာထက်ဝက်လောက် သက်သာတာသိသားနဲ့”
သူ့သမီးကလည်း အင်္ကျီကို အတော်ကြိုက်နေပုံရတယ်။ ရိုစီကလည်း ကျွန်မဆီမှာဆို ဈေးမှန်မှာပဲလို့ တွေးဟန်တူပါရဲ့၊ အင်္ကျီကို လက်မချတော့ဘဲ ဆစ်ရင်းတင်းရင်းနဲ့ပဲ (၈၇၅) နဲ့ ဈေးတည့်သွားပါလေရော။
“ကဲ... သူတို့က (၉၅၀) ရမှ ရောင်းပြောတာ၊ အန်တီက သိပ်အားနာလာလို့ (၈၇၅) နဲ့ ပေးလိုက်တာ၊ ပြန်ပြော ကြည့်ရဦးမယ်၊ မဟုတ်ဘူး၊ (၉၅၀) ပဲဆိုရင်လည်း အန်တီအိတ်စိုက်ပေါ့ကွယ်၊ သမီးလေးကို အန်တီညို မုန့်ဖိုးပေးတယ်ပဲ သဘောထားလိုက် ဟုတ်လား”
“ဟာ... အားနာလိုက်တာ အန်တီညိုရယ်”
“ရပါတယ်ကွယ်”
ရိုစီတို့သားအမိ ပျော်ပြီးထွက်သွားကြတယ်။ ငွေ (၈၇၅) ကို ပိုက်ဆံသေတ္တာထဲ ထည့်လိုက်တော့ မိဥက လှမ်းကြည့်တယ်။
“တွေ့လားမိန်းမ၊ ခါတိုင်းထက်တောင် (၅၀) လောက် မြတ်သွားသေးတယ် မဟုတ်လား၊ အားနာတယ်ဆိုတာ နင့်လိုပဲ စိတ်ထဲကချည်းပဲ အားနာနေလို့ မဖြစ်ဘူး၊ ပါးစပ်က ထုတ်အားနာပြပြီးတော့လည်း လုပ်စားတတ်ရသေးတယ်ဟဲ့”
xxxxxx
နိဂုံး
“အားနာတယ်” ဆိုတဲ့ စကားဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ အားလုံးအတွက် လိုအပ်နေပေမဲ့၊ ဒီ့ပြင် ဘယ်ဘာသာစကားမှာ မရှိဘဲ ဒို့မြန်မာစကားမှာသာ ရှိခဲ့တာ။
ဒီလိုသာ အချင်းချင်း လှီးဖို့ခုတ်ဖို့လောက်ပဲ လူကြားကောင်းရုံ အသုံးပြုနေကြမယ်ဆိုရင်...
ဒီရှားရှားပါးပါး စကားလုံးလေးကို... သိပ်အားနာစရာကောင်းမှာပဲကွယ်...
သင် (ဆေး-၁)
အားနာတတ်တဲ့စိတ်ကလည်းခက်တယ်နော် ပင်ကိုယ်ဗီဇကပါလာတတ်တော့ပျောက်ဖို့ ခက်တယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး
(“အားနာတယ်” ဆိုတဲ့ စကားဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ အားလုံးအတွက် လိုအပ်နေပေမဲ့၊ ဒီ့ပြင် ဘယ်ဘာသာစကားမှာ မရှိဘဲ ဒို့မြန်မာစကားမှာသာ ရှိခဲ့တာ)
အဲဒီ စကားကို ကြားဖူးခဲ့တယ်။
ဟုတ်ပါ့မလားလို့လည်း အမြဲ တွေးမိတယ်။ ကိုယ်က ဘာသာစကား ကျွမ်းကျင်တဲ့သူ မဟုတ်တော့ အဖြေ အတိအကျတော့ မရဘူးပေါ့။
ဉာဏ်မီသလောက် တွေးကြည့်ရရင်...
ဥပမာ- တရုတ်စာမှာ သဒ္ဒါမရှိဘူး ပြောကြတယ် မဟုတ်လား။ ဒါပေမဲ့ သဒ္ဒါရယ်လို့ သီးသန့် မရှိရင်တောင် သဒ္ဒါသဘောကတော့ ရှိတာပါပဲ။ ဒီလိုပဲ အားနာတယ်ရယ်လို့ တိုက်ရိုက်စကားလုံး မရှိရင်တောင် (မရှိတာတောင် ဖြစ်နိုင်ပါ့မလား တွေးမိတယ်) အားနာတယ်ဆိုတဲ့ သဘောတော့ ရှိကောင်း ရှိနိုင်ပါတယ်။
အားနာတယ် ဆိုတာ ကိုယ် နားလည်သလို ပြောရရင် တဖက်လူ အနေခက်မှာ၊ ကိုယ့်အတွက်နဲ့ သူ တစုံတရာ နစ်နာသွားမှာကို ငဲ့ညှာလိုတဲ့ သဘောပဲ မဟုတ်လား။ ဒါကတော့ လူမျိုးနဲ့ချီပြောရင် လူမျိုးတိုင်းမှာ ရှိမယ့် သဘောထားပါပဲ။
တဦးချင်းစီနဲ့ ပြောရင်တော့ အနည်း အများ ကွာကောင်း ကွာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီဝတ္ထုထဲက တင်တင်စီးစီး အားနာပုံမျိုးတွေကတော့ ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုး တစ်မျိုးပဲ ရှိတယ်လို့ လက်မထောင်ရမယ့် သဘောထားတွေ မဟုတ်တာ သေချာတယ်။
ကိုယ်တော့ ပါးပါးနပ်နပ်နဲ့ ပြန်နှပ်ချလိုက်နိုင်တဲ့ ဇာတ်ကောင်တွေကို သိပ်အားရတာပဲ။ အဲလိုပဲ ဖြစ်နေရမယ်။ တခါတခါ လုပ်ပြဖို့ လိုကို လိုတယ်။
ပြန်ရိုက်တင်ပေးတဲ့ ဇွန့် ကို သိပ်ကျေးဇူးတင်ပါတယ်။
ဟုတ်တယ်... အားနာတယ်ဆိုတာ မြန်မာလူမျိုးမှာပဲရှိတယ်.. ဒါကြောင့်ပဲ ဘယ်နေရာရောက်ရောက် မြန်မာတွေက အနည်းနဲ့အများ ခံနေရတယ်.... ဒီအားနာတဲ့စိတ်က မကောင်းဘူး...... ကျွန်တော့်မှာလည်းရှိတယ်... တအားပျောက်ချင်တာပဲ...
ခင်မင်တဲ့
နေ၀သန်
ကိုယ်ကပဲ ကပ်သီးကပ်သပ် ကပ်ဖဲ့ တွေးတတ်သလားတော့ မသိဘူး။
ခုလေးတင် ခေါင်းထဲဝင်လာတဲ့ အတွေးတစ်ခုရှိတယ်။
မြန်မာလူမျိုးတွေဟာ အားနာတတ်ပါတယ် ဘယ်လောက်ပဲ ပြောပြော...
"အားနာတယ်ဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ မြန်မာလူမျိုး တမျိုးတည်းမှာပဲ ရှိပြီး၊ တခြား ဘယ်လူမျိုးမှာမှ မရှိဘူး" လို့ ပြောဖို့တော့ ဘယ်တော့မှ အားမနာတတ်တဲ့ လူမျိုး ဖြစ်နိုင်တယ် လို့ အတွေးပေါက်နေမိတယ်။
j/k
:D
ရီတာပြောတာ သဘောကျနေတယ်း)
ဟုတ်တယ်.. အားနာတယ်ဆိုတာကို E လို သိချင်နေတာ..။
မြန်မာပြည်တုံးက ရုံးမှာ တစ်ခုခုအဆင်မပြေရင် ပြန်အကြာင်းကြားဖို့ "Do not hesitate to... " ဘာညာတော့ အီးမေးလ်ထဲ အမြဲထည့်ရေးရတယ်။
ကလည်း အားနာတာ အတိအကျမဟုတ်ဘူးနော်။
feel free ဆိုတာ အားမနာပါနဲ့ ဆိုတာလို့ ထင်မိပါတယ်။ အားနာတယ်လို့ တိုက်ရိုက်စကား မရှိပေမယ့် အားမနာပါနဲ့ ဆိုတဲ့ အသုံးမျိုးတော့ သတိထားမိတယ်။
အိမ်လာတဲ့ ဧည့်သည်ကို ကိုယ့်အိမ်လို သဘောထားပါ ဆိုတာမျိုး။
(ဆောရီး။ မဆိုင်တဲ့ဘက်တော့ ရောက်ကုန်ပြီ ထင်တယ်။ အားနာလိုက်တာ)
:)))
စာကောင်းလေး။ အတွေးကောင်းလေးတွေ အတွက်
ကျေးဇူးပါ။
ဒီတစ်ပုဒ်လည်းကောင်းတာပဲ။ အဲဒီလိုစာကောင်းလေးတွေ ရှိသေးရင် ထပ်မျှဝေပေးပါဦးမမ (စာရိုက်ရတဲ့သူကို အားမနာလျှာမကျိုး) :P
ဂျင်ဂျင်း
လာရောက်ဖတ်ကြတဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုယ်ကိုယ်တိုင်က အားနာတတ်သူမို့ အားနာမိလို့ ခံခဲ့ရတွေရှိတယ်။ ဒီဝတ္ထုဖတ်မိချိန်မှာ ကိုယ်က ကိုးတန်း၊ အဲဒီတော့မှ ဒီစကားလုံးရဲ့ နောက်ဆက်တွဲအကျိုးအပြစ်တွေကို သေချာစဉ်းစားမိသွားတာ။ အရင်က ပြောရုံပဲပြောပြီး သေချာမတွေးမိခဲ့ဘူး။
မြန်မာလူမျိုးတွေဟာ မျိုးနဲ့ရိုးနဲ့ချီပြီး အားနာတတ်သူတွေလို့ထင်တာပဲ။
@ရီတာ ... အားမနာပါနဲ့း) ကိုယ်က ဆိုင်တယ်လို့ ယူဆတယ်။ ဟုတ်တယ်... feel free ဆိုတာ အားမနာပါနဲ့ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်။ ဒါပေမဲ့ ဒီစကားလုံးကို လုပ်ငန်းခွင်မှာ၊ အလုပ်သဘောအနေနဲ့ အသုံးများပြီး အပြင်မှာသုံးတာ နည်းတယ်။ နောက်ရီတာပြောသလို ဧည့်သည်ကို ဧည့်ခံတဲ့အချိန်ရယ်။ ဒါနဲ့ စကားစပ်လို့ ရီတာက မြန်မာစာတင်မကဘူး၊ အင်္ဂလိပ်စာပါ ကောင်းတယ်။း)
Very Good Writing and Thinking...
Thanks for the post. Looking forward to read more like these.
Don't feel bad လို့ သုံးတာလည်း တွေ့ဖူးတယ် တဖက်လူ အနေမခက်အောင် Comfort လုပ်တဲ့ သဘောပါပဲ ၊ အားမနာပါနဲ့ ရဲ့ သွယ်ဝိုက် ဗားရှင်းပေါ့ ခပ်ဆင်ဆင်ပါပဲ...။
၃ ပိုင်းလုံး ကြိုက်တယ် ညီမဇွန်ရေ...10Q :)
အားနာတယ်၊
အားနာတယ်ဆိုတဲ့ ခံစားချက်မျိုး မရှိတဲ့လူတွေကိုတော့ ဒီမှာ တကယ်တွေ့ဖူးတယ်၊
ဖတ်ရတာ သိပ်ကောင်းပါတယ် ညီမမိုးစက်၊
အာာ ကိုယ် e အတော် ညံ့ပါတယ် ဇွန်ရယ်။ ဒီရောက်တော့ ပိုတောင် ဆိုးသွားသေးတယ်။
ဇွန်...
လာတာကတော့ ဘောလုံးအကြောင်းပြောမလို့လာတာ..
ဇွန့်စာဖတ်ပြီး လေးလေးနက်နက်ကြီးဖြစ်ပြီး ပြန်သွားဘီလေ..
အားလည်းနာတယ် ခင်လည်းခင်တယ်ဆို ပိုဆိုးးးးးးD