အလွဲများနဲ့ စနေသား ကိုမိုးကုတ်သားအတွက် မွေးနေ့အမှတ်တရ

7

Category: ,

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃နှစ်က ဆံပင်ကောက်ကောက်၊ မျက်လုံးမမှေးတမှေး၊ အောက်နှုတ်ခမ်းထူထူနဲ့ ခင်မင်စရာ ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ၃၃နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်ခဲ့ရပါတယ်။  သူကိုယ်တိုင်လုပ်ကျွေးတဲ့ ရှမ်းခေါက်ဆွဲ (ကောင်းမှကောင်း) ကိုလည်း စားခွင့်ကြုံခဲ့ရပါတယ်။ ခုတော့ အဲဒီအစ်ကိုကြီးက ဘလော့ဂါ မောင်နှမတွေကြား ရေပန်းစားပြီး ခင်မင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကိုမိုးကုတ်သားဖြစ်နေပါပြီ။ မစွံသေးတဲ့ ကိုလူပျိုကြီးရဲ့ ၃၆နှစ်မြောက် မွေးနေ့အတွက် ဇွန်မိုးစက်အကြိုက် ကဗျာနှစ်ပုဒ်၊ စာနှစ်ပုဒ်ကို မွေးနေ့အမှတ်တရ အတွက်ရော ခင်မင်မှု ၃နှစ်ပြည့် အမှတ်တရအတွက်ပါ ပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့မင်္ဂလာဖြစ်ပါစေလို့ အဝေးရောက်ဇွန်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ကိုမိုးကုတ်သား ဟိုးအရင်က ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲက အကြိုက်ဆုံး တစ်ပုဒ်ပါ။ “အိပ်မက်ချိန်” တဲ့။ ဇွန်က ကလေးဆန်တယ်ပဲဆိုဆို အဲသည့်ကဗျာလေးဖတ်မိမိခြင်း သိပ်ကြိုက်သွားလို့ တစ်ခါတည်း ကူးယူထားလိုက်ပါတယ်။ ဇွန့်အတွက်တော့ သိပ်ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။း)


အိပ်မက်ချိန်

ချစ်ခြင်းဆိုတဲ့ နယ်မြေမှာ

မြတ်နိုးခြင်းတွေကို

ထွန်ယက်စိုက်ပျိုးခဲ့လိုက်တာ၊

သုံးရာသီပြောင်းတဲ့ထိတိုင်ပေါ့။

အလွမ်းတွေကို ရိတ်သိမ်းနေရတာနဲ့တင်

မောလွန်းလှလို့ ထင်ရဲ့

နှလုံးသားဟာ အိပ်မောကျသွားလိုက်တာ

ခုချိန်ထိ မနိုးတော့ဘူး။

----------------------------


ဒုတိယကဗျာက ဒီနှစ် မတ်လပိုင်းကမှ တင်ထားတာပါ။ ဖွဲ့ဆိုထားပုံလေးကို သဘောကျမိလို့။း)


“ တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ
   ကိုယ်က..
မင်းရဲ့ညတွေမှာ လင်းဖြာခွင့်မရတဲ့ လရောင်

ကိုယ်က..
မင်းရဲ့ကောင်းကင်က ဖယ်ရှားခံရတဲ့ နေ့အလင်း

ကိုယ်က..
မင်း ရှောင်ကွင်းသွားချင်တဲ့ မြစ်တစ်စင်းပေါ့။


အဲဒီလို တငြိမ့်ငြိမ့် စီးဆင်းရင်းး

ကိုယ့်ဈာပနကိုယ် ခင်းကျင်း

ဟော့ဒီ ပြာလွင်လွင်ပင်လယ်ခံတွင်းထဲ

(တစ်စတစ်စ) စိမ့်ဝင်ခါးသက်ခဲ့တော့တယ် ။ ။

-------------------------------------------------------
  ကိုမိုးကုတ်သားရေးထားတဲ့ အက်ဆေးကောင်းတွေ အများကြီးရှိပါတယ်။ ဇွန်အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်က “ရနံ့စိမ်း” ပါ။ Publish မလုပ်ခင် ခေါင်းစဉ်မပေးရသေးခင်ကတည်းက ပေးဖတ်လို့ ကြိုက်ခဲ့ရတဲ့ပို့စ်။ နောက်တစ်ပုဒ်က “ကျွန်းများတဲ့ပင်လယ်”။ ချစ်သူတွေထားခဲ့၊ ရှိခဲ့ပေမယ့် မဆုံဖြစ်ခဲ့တဲ့ အကြောင်းတွေကို အရင်းအတိုင်း ရေးပြထားလို့ နှစ်သက်မိတဲ့ စာတစ်ပုဒ်ပါ။ :D

ပို့စ်က ရှည်နေတာရယ်၊  schedule လုပ်ပြီး တင်ခဲ့တာဖြစ်တဲ့အတွက် copy and paste လုပ်ပြီး ပြန်တင်ပေးလိုက်ရင် template မတူတာကြောင့် spacing အနေအထားတွေ လွဲကုန်ပြီး ကြည့်ရမကောင်းမှာစိုးလို့ link ပဲ ပေးလိုက်နိုင်ပါတယ်။

ယခုနှစ်မွေးနေ့မှစ၍ အသက်ရှင်နေသမျှ ကာလပတ်လုံး အမျိုးမျိုးသော လွဲချော်မှုများမှ ကင်းဝေးပါစေလို့ ညီမငယ် ဇွန်မိုးစက်မှ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။း) 


ဆန္ဒမွန်များစွာဖြင့်
ဇွန်မိုးစက်

နာမ်စား

10

Category: ,

ကိုအန်ဒီရဲ့ ဒီပို့စ် ကိုဖတ်ပြီး ရေးဖြစ်သွားတယ်လို့ ၀န်ခံပါရစေ။ ဘလော့ဂ်စရေးမယ်ဆိုကတည်းက ဘာနာမ်စားသုံးပြီး ရေးမလဲဆိုတာ တွေးမိပါတယ်။ အမျိုးသမီးဖြစ်နေတော့ ကျွန်မလို့သုံးတာ အသင့်တော်ဆုံးလို့ စဉ်းစားမိပေမယ့် အပြင်မှာ ကျွန်မလို့ ပြောနေမကျတော့ ကျွန်မဆိုတဲ့နာမ်စား သုံးပြီးရေးရမှာ တစ်မျိုးဖြစ်နေတယ်။ ကိုယ်လည်နေကျ ဘလော့ဂါမမတွေထဲမှာ “ကိုယ်” နဲ့ သုံးတာတွေ တွေ့ဖူးနေတော့ “ကိုယ်” ပဲ သုံးဖြစ်သွားတယ်။ အပြင်မှာ “ကိုယ်” လို့ သုံးနေကျတော့ မဟုတ်ဘူး။ ဘလော့ဂ်ရေးမှပဲ သုံးဖြစ်သွားတာပါ။

“ကိုယ်” သုံးတာနဲ့ ပတ်သက်ပြီး ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းက ပြောဖူးတယ်။ စာအရေးအသားနဲ့ ပတ်သက်ပြီး သိပ်ဝေဖန်စရာမရှိပေမယ့် နင် “ကိုယ်” လို့သုံးတာ ဖတ်ရတော့ တစ်မျိုးကြီးပဲတဲ့။ နဂိုရင်းနှီးပြီးသားသူအနေနဲ့ “ကိုယ်” လို့ဖတ်ရတာ တစိမ်းဆန်သွားမယ်ထင်တယ်လို့ ကိုယ်တွေးမိသေးတယ်။ အဝေးရောက် ကိုယ့်သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကလည်းပဲ ကိုယ်နာမ်စားသုံးတာနဲ့ ပတ်သက်ပြီး မေးဖူးတယ်။ ကိုယ့်အကြိုက်ပို့စ်မှာ ဇွန်လို့  ထည့်သုံးလို့ နင်က နင့်ကိုယ်နင် ဘာလို့ ဇွန်လို့ ထည့်ထည့်ပြောရတာလဲတဲ့။ သူက ကိုယ့်နာမည်ရင်းနဲ့ပဲ တစ်လျှောက်လုံး သိခဲ့ခင်မင်ခဲ့သူကိုး။ သူ့အတွက် ကိုယ် ဇွန်လို့သုံးတာ တစ်မျိုးဖြစ်နေပုံရတယ်။ ကိုယ်က သူ့ကို ပြန်ရှင်းပြရသေးတယ်။ pen name အနေနဲ့ သုံးတာပါလို့။ နောက်တစ်ချို့ပို့စ်တွေပေါ်မူတည်ပြီး သူမ၊ ကျွန်မလို့လည်း သုံးဖြစ်တယ်။ ဒါပေမယ့် မှတ်မှတ်ရရ ကျွန်မလို့သုံးခဲ့တာ ချစ်သူ့ဝိုင် ပို့စ်တစ်ပုဒ်တည်းပဲ။ အက်ဆေးတစ်ချို့နဲ့ ၀တ္ထုတိုမှာ  ကိုယ်၊ ကျွန်မ ထက် သူမနဲ့ သုံးဖြစ်တယ်။ စကားပြောပို့စ်အားလုံးလိုလို “ကိုယ်” လို့ သုံးဖြစ်တယ်။ စောစောက ကိုယ့်  male friend ကတော့ သူ့အမြင်ကို gtalk မှာ ဒီလိုပြောသွားတယ်။ “ငါကတော့ ကျမ ဆိုတာပဲ ကြိုက်တယ်။ အဖြောင့်ဆန်တယ်... ဘယ်ဘက်မှ မယိုင်ဘူးလို့ထင်တယ်” တဲ့။

အသက်အရွယ်လိုက် ကိုယ့်နာမ်စားတွေ ပြောင်းလဲသုံးနှုန်းရသလို (ကိုယ့်အတွက်) ရေးတဲ့ပို့စ်အပေါ်လိုက်ပြီး နာမ်စား ပြောင်းလဲမှုလေးတွေရှိပါတယ်။ comment ပေးဖြစ်ရင်တော့ ရီတာ့ ဆီမှာလွဲလို့ တစ်ခြားဘလော့ဂ်တွေမှာ ညီမ သို့မဟုတ် ဇွန် လို့ သုံးဖြစ်တာများတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုအန်ဒီ့ပို့စ်မဖတ်မိသေးခင် နှစ်ပတ်လောက်က ရီတာ့ကိုတောင် မေးကြည့်ဦးမယ်လို့။ ရီတာ အရင်က ကျွန်မလို့ နာမ်စားသုံးပြီး နောက်မှ ကိုယ်လို့သုံးဖြစ်သွားတာ ဘာကြောင့်လဲလို့။ ကိုအန်ဒီ့ပို့စ်ဖတ်မိတော့ ကိုယ်သိချင်တဲ့အဖြေကို ရီတာရဲ့ comment မှာ တွေ့လိုက်ရပါတယ်။း)

ခုလောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့ နာမ်စားပြဿနာက တစ်မျိုး။ ကိုယ့်ဘလော့ဂ်ကတစ်ဆင့် ခင်မင်ကြသူများက ဇွန်၊ မဇွန်ဆိုပြီး ကိုယ့်ကို ခေါ်ကြတယ်။ အဲ...ကိုယ်က ဖုန်းပြောရင်ဖြစ်စေ၊ အပြင်မှာတွေ့လို့ ပြောမိရင် ကိုယ့်နာမည်ရင်းကိုပဲ ထည့်ပြောတာအကျင့်ပါနေတော့ တစ်ဖက်က ပြောသူနဲ့ ဒီဘက်က ကိုယ့်မှာ စည်းဝါးမကိုက်ဘဲ တစ်ခုခုလွဲနေသလို ခံစားနေရတာပဲ။ အိမ်မှာဖုန်းလာလို့  မဇွန်ရှိလားလို့ တစ်ဖက်ကမေးရင် အိမ်ကညီမလေးတွေ ချက်ချင်းမဖြေနိုင်ဘဲ ကြောင်ကြောင်သွားလို့ မေးသူက နာမည်ရင်းပြောင်းမေးရတယ်။ သူတို့မပြောနဲ့ ကိုယ်တောင် ဖုန်းထူးလိုက်လို့ တစ်ဘက်က ဇွန်လားဟင်.. မဇွန်လားဟင်... လို့မေးလာရင် ကြောင်တတ်သေးတယ်။ ပြောနေမှ မကျဘဲကိုး။ ဒီတော့ အလိုက်အထိုက်ဖြစ်အောင် ကိုယ့်ကို ဇွန်မိုးစက်လို့ သိထားတဲ့ ဘလော့ဂါမိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကို ဇွန်လို့ပြောတတ်အောင် ကျင့်ယူထားရမယ့်ပုံပဲ။ နာမည်ရင်းနဲ့ သိထားသူများနဲ့တွေ့တော့ နာမည်ရင်းနဲ့ပြောပေါ့နော်။ နာမ်စားနှစ်မျိုးနဲ့ “ကိုယ်” ပေါ့လေ။း)

အမျိုးသားဘလော့ဂါဖြစ်ရတာ ဒီနေရာမှာ တစ်ပန်းသာသွားပြန်တာပဲ။ “ကျွန်တော်” နာမ်စား တစ်ခုတည်းနဲ့တင် ပြီးရော။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

မမြဲတဲ့တရား

9

Category:

ငယ်ငယ်က သေခြင်းတရားဆိုတာ ကိုယ်နဲ့အဝေးကြီးလိုပါပဲ။ မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းအားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့  ရှိနေကြတော့ ဒီတရားကို မေ့နေပါတယ်။ ကိုယ်ပထမဆုံးစပြီး သတိထားမိတာ ကိုယ်တို့မိသားစုနဲ့ နှစ်အိမ့်တစ်အိမ်ခင်ကြတဲ့ ဖေဖေနဲ့လည်း သူငယ်ချင်းကောင်း မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့တဲ့ ကိုယ့်အသိ ဦးလေးတစ်ယောက် ဆုံးသွားတုန်းကပါ။ အဲဒီ့တုန်းက ကိုယ်က ခြောက်တန်း၊ မနက်စောစော စာထကျက်နေတုန်း သူဆုံးသွားတဲ့သတင်းကြားကြားချင်း ၀မ်းနည်းလို့  မျက်ရည်ဝဲခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ ကလေးငယ် ၃ယောက်နဲ့ မိသားစုဝင်အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတာလည်း တစ်ပိုင်းပါ။ အဲဒီ့နောက်ပိုင်းကစပြီး သေခြင်းတရားကို သတိထားခဲ့မိပါတယ်။ ရပ်ကွက်ထဲမှာ သက်ကြီးရွယ်အိုတွေ ကိုယ့်မျက်စိရှေ့က တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာ မြင်လာရပါတယ်။ ဟိုအိမ်က အဖွား၊ ဒီအိမ်က အဖိုး စသဖြင့်... မီးစာလည်းကုန် ကံလည်းကုန်လို့ လူ့ဘ၀ကို စွန့်ခွာသွားသူတွေ များပါတယ်။

ကိုယ်ဆယ်တန်းအောင်ပြီးနောက်ပိုင်း ဘကြီးတစ်ယောက်ဆုံးတယ်။ နောက်နှစ်အနည်းငယ်ကြာတော့ ကိုယ့်အဖိုး၊ နောက် နှစ်ဝမ်းကွဲ ဦးလေးနဲ့ အဒေါ် (ဆုံးသွားတဲ့ ဘကြီးရဲ့ ဇနီး)။ ဆုံးသွားတဲ့  အဲဒီ့ဦးလေးနဲ့အဒေါ်က မောင်နှမအရင်း၊ သူတို့ဆုံးတာ သုံးလပဲခြားတယ်။ (သူတို့မိဘ) ကိုယ့်အဖိုးလေးနဲ့ အဖွားလေးက ကိုးဆယ်ကျော်နေပြီ။ ခုထိသူတို့ အသက်ရှင်လျက် ရှိနေပါတယ်။ ဦးလေးနဲ့အဒေါ်ဆုံးတော့ ကိုယ်ကအဝေးမှာ။ သတင်းကြားတော့ အံ့သြ၀မ်းနည်း ဖြစ်ရပေမယ့် သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေကို သိထားသူမို့ သိပ်မတုန်လှုပ်မိပါဘူး။ နောက်တော့.... သူ။ တလောက ကိုယ့်အဖွား နဲ့ အစ်ကိုဝမ်းကွဲ တစ်လပဲခြားပြီး ဆုံးပြန်တယ်။

မြတ်စွာဘုရားဟောကြားတော်မူတဲ့ အဘိဓမ္မာတရားတော်အရ သေခြင်းအကြောင်းလေးပါး ရှိပါတယ်။ (၁) အာယုက္ခယမရဏ = သက်တမ်းကုန်၍သေခြင်း၊ (၂) ကမ္မက္ခယမရဏ = ကံကုန်၍သေခြင်း၊ (၃) ဥဘယက္ခယမရဏ = သက်တမ်းနှင့်ကံ နှစ်ပါးစုံ ကုန်၍သေခြင်း၊ (၄) ဥပစ္ဆေဒကမရဏ = သက်တမ်းနှင့်ကံ နှစ်ပါးစုံ မကုန်သေးဘဲလျက် ဥပဃတကကံဝင်ဖြတ်၍ လတ်တလောသေခြင်းဟူ၍ သေခြင်း ၄-မျိုးရှိပါတယ်။ မြင်သာအောင် ဥပမာပေးတဲ့အခါ “ထွန်းညှိထားသော ဆီမီးသည် (၁) မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၂) ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၃) မီးစာနှင့်ဆီ နှစ်မျိုးလုံး ကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၄) မီးစာနှင့်ဆီ နှစ်မျိုးလုံး မကုန်သေးဘဲလျက် ရုတ်တရက် လေပြင်းတိုက်ခတ်သောကြောင့် သို့မဟုတ် တမင်ငြိမ်းသတ်သောကြောင့် ငြိမ်း၏” လို့ ဆိုပါတယ်။ 

ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဆုံးပါးသွားတဲ့သူ အတော်များများက အကြောင်းလေးပါးထဲက ပထမသုံးပါးထဲမှာ အကျူံးဝင်ပါတယ်။ သူကလွဲလို့ပေါ့လေ...။ သူဆုံးပါးသွားတဲ့အကြောင်းက ကိုယ့်ကို တော်တော်လေး ထိတ်လန့် တုန်လှုပ်စေမိတာ အမှန်ပါ။ ဘ၀မှာ အစစအရာရာ လိုလေသေးမရှိအောင် ပြည့်စုံသူတစ်ယောက်ဟာ အရွယ်ငယ်ငယ်မှာ ရုတ်တရက်ဆုံးပါးသွားတာ ကိုယ်လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီ့တုန်းက ကိုယ်ဟာ ဘာသာတရားနဲ့ ပတ်သက်ပြီး အခုလောက်မသိခဲ့တာလည်း ပါတယ်။ လပေါင်းများစွာ ငိုကြွေးခဲ့ပြီး တမလွန် ဘ၀ရောက်နေသူကို တသသနဲ့ လွမ်းဆွတ်တမ်းတလို့ မဆုံးနိုင်ပါဘူး။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ တီဗွီရှေ့ထိုင်ပြီး ပြသမျှ အစီအစဉ်တွေ ထိုင်ကြည့်၊ အိပ်မပျော်မချင်း ရေဒီယိုကလွှင့်တဲ့သီချင်းတွေ နားထောင်ပြီး လောကီနည်းလမ်းတွေနဲ့ မေ့ပျောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်တိုင်းမှာ ဒီအကြောင်းတရားက ကိုယ့်စိတ်ကို လွှမ်းမိုး ကြီးစိုးနေတာပါပဲ။

လေးနက်မှန်ကန်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်သာ သိခွင့်မရခဲ့ယင် ကိုယ်ဟာ ဒီအချိန်ထိ ကြေကွဲဝမ်းနည်းမှုတွေ ခံစားနေရဦးမှာ သေချာပါတယ်။ အဘိဓမ္မာသင်တန်း တက်ပြီးသွားတဲ့နောက် သူ့ရဲ့ သေခြင်းတရားဟာ စတုတ္ထမြောက်အကြောင်းရင်းခံတယ်ဆိုတာ သိလာပါတယ်။ နောက်ပြီး  အဘိဓမ္မာသင်ရင်းနဲ့ ဆရာမင်းတင်မွန် ပြောပြသွားတဲ့ ဥပမာလေးတစ်ခုက ကိုယ့်ကို နှလုံးသွင်း မှန်သွားစေပါတယ်။ အတိအကျ မမှတ်မိတော့တဲ့ ကိုယ့်မှတ်ဉာဏ်ကို ဒီနေရာမှာ တော်တော် စိတ်ပျက်မိပါတယ်။း( မူရင်းနဲ့ အနည်းငယ် လွဲမှားနေသည်ရှိသော် ခွင့်လွှတ်ပေးပါလို့ တစ်ခါတည်း တောင်းပန်ထားပါတယ်။

အကျဉ်းချုပ်က ဘုရင်ကြီးတစ်ပါးရဲ့ စုံစုံမက်မက် ချစ်မြတ်နိုးတော်မူရတဲ့ အဂ္ဂမဟာဒေ၀ီမိဖုရားကြီး ဆုံးပါးသွားတော့ ဘုရင်ကြီးမှာ ပူဆွေးသောကရောက်ပြီး မစားနိုင်မအိပ်နိုင် ပြုနေကျ ကုသိုလ်တွေ မပြုနိုင်ဖြစ်ရပါတယ်။ မြတ်စွာဘုရားက အကြောင်းအကျိုးသိမြင်တော်မူပြီး တန်ခိုးတော်နဲ့ ကြည့်လိုက်တော့ ဆုံးသွားတဲ့ မိဖုရာကြီးဟာ နန်းတော်ဝင်းထဲမှာပဲ နောက်ချေးပိုးထိုးကောင်အမဖြစ်နေပြီး ဘုရင်ကြီးကိုလည်း သတိမရတော့ဘဲ ချေးပိုးထိုးအထီး သူ့ယောကျာ်းနဲ့ ပျော်မွေ့ နေပါတယ်။ တန်ခိုးတော်နဲ့ သူ့ကို ခေါ်မေးတော့ အခုသူ့ယောကျာ်း ချေးပိုးထိုးအထီးအတွက်ဆို ဘုရင့်ကြီးရဲ့ လည်မျိုကိုဖောက်ပြီး သွေးစုတ်ပေးဖို့ ၀န်မလေးပါဘူးတဲ့။ အဲဒီမှာပဲ ဘုရင်ကြီးလည်း အကျွတ်တရားရသွားပါတယ်။ နောက်ချေးပိုးထိုးဘ၀မှာ ပျော်နေတဲ့ မိဖုရားကြီးကို မေ့နိုင်သွားပြီး ပြုမြဲကုသိုလ်တွေ ဆက်ပြုနိုင်သွားတယ်။

ကိုယ်လည်း ဘုရင်ကြီးလိုပဲ အဲဒီ့ဇာတ်ကြောင်းနားထောင်ပြီး အဆုံးမှာ အသိတရားကလေး ရသွားတယ်ဆိုပါတော့။ သေပြီးသူက တမလွန်မှာ ရောက်ရာအရပ်မှာ ပျော်မွေ့နေမှာပါပဲ။ ဒါကို ကိုယ်က ဘာလို့ထပ်တလဲလဲ သူ့အကြောင်းတွေ တွေးပြီး ၀မ်းနည်းနေရမှာလဲ။ သူက ဘ၀သစ်တစ်ခုမှာ  ပျော်မွေ့နေပြီး ကိုယ့်ကိုသတိရတော့မှာမှ မဟုတ်တာ။ ဒီလိုနဲ့ ကိုယ်ရဲ့စိတ်ကို နှလုံးသွင်း ဖြေသိမ့်လိုက်နိုင်ပါတယ်။ ကိုယ့်မိသားစုပြီးတဲ့နောက် ကိုယ့်ဘ၀ရဲ့ အရင်းနှီးဆုံးသူတစ်ယောက် ဥပစ္ဆေဒက ကံထိုက်ပြီး ဆုံးပါးသွားခြင်းမှာ ကိုယ်ဟာ အရင်ကထက်ပိုပြီး သတိသံဝေဂတွေ အများကြီး ရလိုက်ပါတယ်။ ကိုယ်နဲ့ရင်းရင်းနှီးနှီးမရှိသူတွေ ကွယ်လွန်တော့ ထူးကဲပြီး မခံစားရ၊ သံဝေဂ မရခဲ့ပေမယ့် ကိုယ့်အရင်းအချာ မိတ်ဆွေချစ်ခင်သူတွေ ဆုံးပါးသွားချိန်မှာတော့ ဒီမမြဲတဲ့တရားကို ဆင်ခြင်မိပြီး အရင်ကလို အမှုမဲ့အမှတ်မဲ့ မနေဖြစ်တော့ပါဘူး။

လူတစ်ယောက် မွေးလာတာနဲ့အမျှ သေခြင်းတရားဆိုတာ အနှေးနဲ့အမြန်ဆိုသလို မလွဲမသွေ ကြုံရဦးမှာပါ။ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မျက်စိအောက်မှာ ထွက်ခွာသွားသူတွေ အရေအတွက် ပိုများလို့သာ လာပါတယ်။ ဒီလိုမြင်ရကြားရတဲ့အခါတိုင်း မမြဲတဲ့တရားသဘောတွေကို ဆင်ခြင်နှလုံးသွင်းမိလို့ အသိလေးတွေ ကပ်ထားနိုင်မယ်ဆိုရင် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှု၊ ပူဆွေးသောက ဗျာပါဒတွေမှ အထိုက်အလျောက် ကင်းဝေးနိုင်ကြမယ်ဆိုတာကို ပြောပြချင်ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်


ကျမ်းကိုး - ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် (ဒေါက်တာမင်းတင်မွန်)

Changes

17

Category: ,

သူမ ဒီကျွန်းလေးကို စရောက်ချိန် ၂၀၀၁နှစ်ခုမှာ ဆောက်လက်စ ဒိုဗာမှတ်တိုင် ဘူတာရုံ မပြီးသေး။ ထိုစဉ်ကတည်းက ရုပ်လုံးပေါ်နေပြီဖြစ်သော Esplanade အဆောက်အဦလည်း အပြီးမသတ်ရသေး။ ခရမ်းရောင်ရထားလိုင်း မပေါက်သေး။ ချန်ဂီလေဆိပ်ကို ရထားဖြင့် တိုက်ရိုက်မသွားနိုင်သေး။  ပထမဆုံး အဲကွန်းဘတ်စ်အင်တာချိန်း ဖြစ်သော တိုးပါးရိုးအင်တာချိန်းက under construction အဆင့်မှာ။ အမ်အာတီကတ်ပြားကို ယခုလို tap လုပ်ရုံနှင့် ဖြတ်သွားနိုင်သော စနစ်မဟုတ်ခဲ့သေး။ Spass ဆိုသော  Work Pass အမျိုးအစားလည်း မပေါ်သေး။ GST က ၃ ရာခိုင်နှုန်းသာ။ 

သူမ ရောက်ပြီး သိပ်မကြာမီပင် ဒိုဗာဘူတာရုံဖွင့်သည်။ ချန်ဂီလေဆိပ်အထိလည်း ရထားဖြင့်သွားနိုင်ပြီ။ ၂၀၀၂ ထဲမှာပင် Esplanade လည်း ဖွင့်လှစ်ခဲ့သည်။ အသက် ၅၀ နှစ်အရွယ်ရှိ Software Engineer အမျိုးသားတစ်ဦး၏ စွမ်းဆောင်မှုဖြင့် MRT ကတ်ပြားများကို စက်အတွင်း ထိုးထည့်ပြီး ပြန်ထွက်လာမှ ယူစရာမလိုဘဲ tap လုပ်ရုံဖြင့် ဖြတ်သွားနိုင်သော စနစ်ကို ကလင်မသီဘူတာရုံတွင် ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုနှစ်က ဖြေရသော Software Engineer ဘာသာရပ်တွင် စနစ်သစ်ကတ်ပြားကို သုံးစွဲခြင်းဖြင့် ရလာမည့် ကောင်းကျိုးဆိုးကျိုးတို့ကို အဓိကထားပြီး စာမေးပွဲတွင် ထည့်မေးသွားခဲ့သေးသည်။ GST လည်း ၅ ရာခိုင်နှုန်းသို့ တက်တော့မည်။

တစ်နှစ်တာပညာသင်ယူအပြီး ထိုကျွန်းပေါ်မှ ထွက်သွားပြီး နောက်လေးနှစ်အကြာပြန်ရောက်တော့  အပြောင်းအလဲတွေ အများကြီးတွေ့လိုက်ရသည်။  ခရမ်းရောင် ရထားလိုင်း စဖွင့်ပြီ။ အ၀ါရောင် စက်ဝိုင်းလိုင်းလည်း ဖောက်နေပြီ။ အစိမ်းလိုင်းကလည်း ယခင် Boonlay မှ Joo Koon အထိ တိုးချဲ့နေခဲ့ပြီ။  Downtown လိုင်း အသစ်လည်း မကြာမီ လာတော့မည်။ အဲကွန်းဘတ်စ်အင်တာချိန်းအသစ်တွေတောင်  ထပ်မံဆောက်လုပ်နေပြီ။ GST က ၂၀၀၇ မှာ ၇ ရာခိုင်နှုန်းသို့ တက်မည်ဆို၍ ထုံးစံအတိုင်း ပြည်သူများထံမှ အသံတွေ ကြားနေရပြီ။ Spass ဆိုသော Work Pass အမျိုးအစားက ရှိနှင့်ပြီးသား WP၊ EP Status များကို ကျော်လွန်ကာ အတော်လေး Popular ဖြစ်နေခဲ့ပြီ။  Marina Bay မှာ ကာစီနိုပရောဂျက်အတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ဒာလုပ်သမားများ နေ့မအား ညမအား အလုပ်တွေ များနေခဲ့ကြပြီ။

Santosa မှ "Sound of the Sea" ကို ယခင်ကလို အခမဲ့ ကြည့်ရှုခွင့်မရတော့။ များမကြာမီက ဖွင့်လှစ်သော Orchard MRT မှာ Ion၊ Somerset မှာ  313  shopping mall  အသစ်များဖြင့် ဘူတာအထွက်ကို မျက်စိလည်ခဲ့စေသည်။ မြန်မာလူမျိုး၊ မြန်မာစကားသံတွေ နေရာတိုင်း၊ ရပ်ကွက်တိုင်းမှာ မြင်ရကြားရလောက်အောင် များပြားလာသလို ပတ်ပို့စ်ပြောင်းကိုင်သူ အရေအတွက်လည်း အထိုက်အလျောက် များလာခဲ့ပြီ။  ဟိုတုန်းက တိုက်တန်းနစ်လိုကားမျိုး ဆင်ဆာဖြတ်ပြီးမှ ပေးကြည့်သော၊ Sex and the City ဇာတ်လမ်းတွဲကို ရုပ်မြင်သံကြားမှာ မပြသခဲ့သော အနေအထားမှ ယှဉ်ကြည့်လိုက်လျှင် ယခုအခြေအနေမှာ  အရင်ကထက် အများကြီးပိုပြီး သိသာ ပွင့်လင်းသော အနေအထားတစ်ခု ဖြစ်နေခဲ့ပြီ။

ဝန်ကြီးချုပ် လီကွမ်ယုမှ ဂိုချောက်တောင်သို့၊ ဂိုချောက်တောင်မှ လီရှန်လွန်းသို့ ပြောင်းလဲသွားသော်လည်း တိုင်းပြည်လေးက အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲ၊ အားကောင်းစွာ ဖွံ့ဖြိုးနေဆဲ၊ စီမံကိန်း အသစ်အသစ်တွေဖြင့် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းသော တိုးတက်ပြောင်းလဲခြင်းတွေ မြင်တော့ အားကျမိသည်။

သူမ၏ မွေးရပ်မြေတွင်လည်း ပြောင်းလဲခြင်းတွေ မရှိမဟုတ်၊ ရှိနေပါသည်။ သို့ပေမယ့် ထိုပြောင်းလဲခြင်းတွေက အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲခြင်းမဟုတ်ဘဲ အနုတ်လက္ခဏာဆောင်သော ပြောင်းလဲခြင်းတွေ ဖြစ်နေသည်က ၀မ်းနည်းစရာကောင်းလှသည်။ ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်ဖို့ သူမတို့လိုလားသည့် ပြောင်းလဲခြင်းက ယခုတိုင်မပြောင်းလဲသည်မှာ ဘာကြောင့်မှန်း သူမ စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ကံ ကံ ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်သော်လည်း ထိုမပြောင်းလဲသေးသော ပြောင်းလဲခြင်းနှင့် ပတ်သက်လျှင်တော့ ယခုတိုင် ဇဝေဇ၀ါ ဖြစ်နေရဆဲ...။


ဇွန်မိုးစက်

Big Eater

12

Category:

ကိုယ်သိပ်ကြိုက်တဲ့ အင်္ဂလိပ်အစားအစာတွေထဲမှာ Jacket Potato က ထိပ်ဆုံးကပဲ။ မြန်မာလိုပြန်ရင် အာလူးဂျက်ကင်လို့ ပြန်ရမလား မသိဘူးနော်။ နောက် English Breakfast ကြိုက်တယ်။ အင်္ဂလိပ်  fish & chips ကြိုက်တယ်။ French fried လို ပါးပါးကျွတ်ကျွတ် အာလူးချောင်းမျိုး မဟုတ်ဘဲ အသားထူထူ အစိပ်ကြီးကြီး အာလူးချောင်းပေါ် ရှလကာရည်ဆမ်းပြီး စားရတာကို ကြိုက်တယ်။  အာလူးပေါတဲ့ နိုင်ငံဆိုတော့လည်း အာလူးကို ချေလိုက်၊ ကြော်လိုက်၊ ပြုတ်လိုက်၊ ဖုတ်လိုက်နဲ့ စုံနေအောင် စားကြတာပါပဲ။

တစ်ရက် အတန်းပြီးတော့ မြို့ထဲက ဈေးဆိုင်တွေလျှောက်ကြည့်ရင်း အမိုးပါတဲ့ တွန်းလှည်းလေးဆီက အနံမွှေးမွှေးလေးရဲ့ ဆွဲဆောင်အားကောင်းတော့ ဘာပါလိမ့်ဆိုပြီး သိချင်စိတ်ပေါ်တာနဲ့ သွားကြည့်မိတယ်။ သြော်... အာဗန်ထဲမှာ အလျူမီနီယံဖွိုင်လ်ထဲ ထည့်အုပ်ထားတဲ့ အာလူးအကြီးကြီးတွေကို နှစ်ခြမ်းခွဲပြီး အပေါ်က  ထောပတ်၊ ချိစ်၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ အမဲသား၊ ကြက်သား..စသဖြင့် ကိုယ်ကြိုက်ရာ ထည့်စားတာပါ။ ထောပတ်က ပါပြီးသား ... ကျန်တာ ကိုယ်ကြိုက်ရာရွေးစားပေါ့။ အဲဒီ့မှာရောင်းတဲ့ ကြက်သားဟင်းက ကိုယ်တို့အရှေ့တိုင်းချက်လိုပဲ အနှစ်နဲ့၊ မဆလာနံ့ သင်းသင်းလေးတောင်ပါသေး... သိပ်ကောင်းတာပဲ။ နဂိုကတည်းက အာလူးကြိုက်သူမို့ ပထမဆုံးအကြိမ်အဖြစ် ၀ယ်စားကြည့်ပြီး သိပ်ကြိုက်သွားတာ။

နောက်တစ်ခါ အဲလိုပဲဈေးသွားရင်း တွေ့ပြန်တော့ မနေနိုင်လို့ ၀ယ်စားမိပြန်ရော။ ကိုယ်နဲ့အတူ သူငယ်ချင်း နှစ်ယောက်လည်းပါတယ်။ ကိုယ်က အဲဒါစားလို့သိပ်ကောင်းကြောင်းပြောတော့ သူတို့လည်း စိတ်ဝင်စားပြီး ကိုယ်နဲ့အတူ လိုက်မှာတယ်။ ကိုယ့်အလှည့်ကျတော့ အရင်တစ်ခေါက်က ကြက်သားဟင်းတစ်မျိုးပဲ ထည့်စားဖူးတာ ဆိုတော့ ဒီတစ်ခေါက် အမဲသားကလွဲလို့ ကျန်တဲ့အစာတွေ အကုန်ထည့်ခိုင်းလိုက်တယ်။ ရောင်းတဲ့ လူကြီးကလည်း ထည့်ပေးပြီးတော့ ကိုယ့်ကို တစ်ခုလှမ်းပြောလိုက်တယ်။ ထုံးစံအတိုင်း ရောက်တာ သိပ်မကြာသေးသူမို့ အင်္ဂလိပ်လေသံအားလုံး နားမယဉ်သေးတော့ သူဘာပြောလိုက်မှန်း၊ မေးမှန်း မသိလိုက်ဘူး။ ဒါနဲ့ ကိုယ်က နောက်တစ်ခေါက် ထပ်မေးတော့ သူက ထပ်ပြောတယ်။ ကိုယ်နားမလည်သေးဘူး။ ကိုယ်လည်း ထပ်မေးရင် မကောင်းဘူးဆိုပြီး နားလည်သလိုလို၊ သူပြောတာ ဟုတ်သလိုလိုနဲ့ အင်း...ဆိုပြီး ထောက်ခံလိုက်တယ်။ ပြီးတော့မှ ကိုယ့်ဘေးက သူငယ်ချင်းကို  ပြန်မေးကြည့်တော့မှ "Are you a big eater?"  လို့ မေးတာတဲ့။ ကိုယ်လည်း နည်းနည်းတော့ ရှက်သွားတယ်။ သူပြောတာနားမလည်တာထက် အစားကြီးသူလို့ အထင်ခံသွားရတာကိုပါ။ :D နောက်တစ်ခါ အစားကြီးသူလို့ အပြောမခံရအောင် အပြင်မှာ ၀ယ်မစားဘဲ အာလူးအထုပ်လိုက်ဝယ်ပြီး အိမ်မှာပဲ ကိုယ့်ဖာသာ စိတ်ကြိုက် အစာတွေထည့်ပြီး လုပ်စားပစ်လိုက်တာပေါ့။ ဘာရမလဲ ဟွန်း ..... ။

ဒါလေးနဲ့ဆက်စပ်ပြီးတော့ ယူကေရောက်စမှာ ကြုံတွေ့ခဲ့ရတဲ့ listening skill အခက်အခဲလေးတွေကို သွားသတိရမိပါတယ်။ ကိုယ်တက်ရတဲ့ကျောင်းက Wales ပြည်နယ်မှာရှိတဲ့ University of Wales ပါ။ ဝေလပြည်နယ်ကပြောတဲ့ အင်္ဂလိပ်အသံထွက်က နည်းနည်းလေး ပိုမြန်ပါတယ်။ အင်္ဂလန်နိုင်ငံတွင်းမှာတောင် လန်ဒန်သူ လန်ဒန်သားတွေ ပြောတဲ့အသံထွက်နဲ့ အလယ်ပိုင်းကသူတွေ ပြောတဲ့အသံထွက် နည်းနည်းကွဲပါတယ်။  ကိုယ်တို့ရန်ကုန်နဲ့မန္တလေး လေယူလေသိမ်းကွဲပုံမျိုးပေါ့။ ကိုယ့်အတွက် တော်တော်လေးအားစိုက်ပြီး နားထောင်ရတာက Scottish တွေပြောတဲ့ အင်္ဂလိပ်စကားပါ။ တော်တော်မြန်ပြီး အသံဝဲပုံကလည်း တစ်မျိုးပါ။ သူတို့ပြောရင် ချက်ချင်းနားမလည်တာ များပါတယ်။ နောက်ပိုင်း Welsh တွေရဲ့ အသံထွက်ရော၊ English တွေရဲ့ အသံထွက်ရော နားလည်သွားပေမယ့် Scottish များ ပြောတဲ့အသံထွက်ကို ခုချိန်ထိ နားမယဉ်သေးပါဘူး။

နောက်ပြီး ကိုယ်တို့အများဆုံးကြုံတွေ့ရတဲ့ အသံထွက်ပြဿနာက A နဲ့ E၊ B နဲ့ P၊ D နဲ့ T ပါ။ P ကို  “ပီ” လို့ပဲ အသံပေါ့ပေါ့လေး ပြောလိုက်ရင် “ဘီ” လို့ ထင်တတ်ပါတယ်။ “တီ” လို့ stress မပါဘဲဒီအတိုင်းပြောရင် “ဒီ” လို့ ထင်ပြန်ရော။ ကိုယ့်အသိတစ်ယောက် စာတိုက်မှာ ပါဆယ်သွားပို့တော့ ပါဆယ်လို့ပြောတာ နားမလည်ဘူး။ သူကလည်း “ပီ” ကို “ဖီ”၊ “ပါ” ကို “ဖာ” လို့ အသံထွက်ဖို့ မ၀ံ့တော့ လက်နဲ့ချရေးပြလိုက်တော့မှပဲ သြော်.. parcel ကို ပြောတာဆိုပြီး နားလည်သွားတာ။ ကိုယ့်နာမည်မှာလဲ A တို့ D တို့ပါတော့ ကိုယ်ပုံမှန်အသံနဲ့ပြောလိုက်ရင် အမြဲမှားလို့ သူတို့လို stress ထည့်ပြီး၊ “တီ” ကို “ထီ”၊ “ပီ” ကို  “ဖီ” လို့ အသံထွက်မှပဲ ချက်ခြင်းနားလည်တယ်။ ကိုယ်က အကျင့်တွေပါပြီး ခုချိန်ထိ  ပီကို ဖီလို့ ထွက်မိတော့  ဒီကလူတွေ နားမလည်ပြန်ဘူး။ အဲတာနဲ့ ပြန်လျှော့ပြီး ပီလို့ပဲ ပြန်အသံထွက်ရတယ်။  အင်္ဂလိပ်စကားပြော နိုင်ငံတွေဖြစ်ပေမယ့်  နိုင်ငံအလိုက် လေယူလေသိမ်းတွေ ကွဲတဲ့အလျောက် ပြောတဲ့သူ၊ နားထောင်တဲ့သူတွေကလည်း နိုင်ငံအလိုက် လိုက်ပြီး ကွဲကွဲပြားပြား နားထောင်၊  လိုက်ပြောနေရတော့တာ ပေါ့လေ။

သြော်... ဒါနဲ့ အာလူးဂျက်ကင်လည်း sg ပြန်ရောက်ပြီးမှ တစ်ခါမှ လုပ်မစားဖြစ်တော့ဘူး သိလား။ လိုသလောက် အရွယ်ကြီးကြီး အာလူးမရတာကတစ်ကြောင်း၊ အိမ်မှာ အာဗန်မရှိတာကတစ်ကြောင်းမို့ ဒီပို့စ်လေးရေးပြီးပဲ အလွမ်းဖြေလိုက်တယ်။ :(


Big Eater
ဇွန်မိုးစက်

Movie, M1 & Me

11

Category:

 

Movie ကို ရုပ်ရှင်ရုံမှာ သွားကြည့်ရတာ ကြိုက်တဲ့ကိုယ်နဲ့ M1နဲ့တော့ အလုပ်ကိုဖြစ်လို့။ sg စရောက်ကတည်းက M1 တစ်လိုင်းပဲသုံးတာ ခုချိန်ထိ။ ဘယ်လိုင်းက ဘယ်လိုဈေးသက်သာလို့ ဘယ်လောက်ပရိုမိုးရှင်းပေးပေး M1 ကို ပဲ မပြောင်းမလဲ သုံးစွဲခဲ့သူက ကိုယ်ရယ်ပါ။ Handset ကျတော့လည်း Model သာ ပြောင်းချင်ပြောင်းမယ်။ Nokia တစ်မျိုးပဲ ကိုင်တယ်။ တစ်ခုဆိုတစ်ခု မပြောင်းမလဲဘဲ သုံးစွဲတတ်တာ ကိုယ့်အကျင့်ကိုး။ 

Point တွေ စုစုထားပြီး redeem လုပ်တဲ့အခါ movie ticket ကိုပဲ claim လုပ်ပါတယ်။  ရုပ်ရှင်ကြည့်ရတာ နှစ်သက်ပေမယ့် တစ်စောင် $10 အကုန်ခံပြီး အမြဲတမ်းလည်း မကြည့်နိုင်တော့ ကိုယ်အရမ်းကြည့်ချင်တဲ့၊ ကောင်းနိုးရာရာ ရုပ်ရှင်ကား တစ်ချို့တစ်လေလောက်သာ ရုံမှာသွားကြည့်ဖြစ်တယ်။ 

ပွိုင့် ၁၅၀၀ဆိုရင် လက်မှတ်နှစ်စောင်ကို ကိုယ်ကြိုက်တဲ့ကား၊ ကိုယ်ကြိုက်တဲ့နေ့ရက်အချိန်၊ ကိုယ်ကြိုက်တဲ့ seat ကိုရွေးပြီး ကြည့်လို့ရပေမယ့် ပွိုင့် ၄၀၀ နဲ့ လက်မှတ်နှစ်စောင်ဆိုရင်တော့ သူတို့ပြတဲ့ကား၊ သူတို့ပေးတဲ့ ရက်နဲ့အချိန်မှာပဲ ကြည့်လို့ရပါတယ်။ redeem လုပ်ရမယ့်နေ့တစ်နေ့ကို တစ်ပတ်ကြိုပြီး အွန်လိုင်းမှာ သတ်မှတ်ပေးပါတယ်။ အဲဒီ့နေ့မှာ သတိတရနဲ့ စောစော redeem နိုင်သူက နေရာကောင်းကောင်း ရပါတယ်။  ဦးသူစနစ်ပေါ့။ ညနေပိုင်းလောက်မှာမှ လုပ်မိရင် ပိတ်ကားနဲ့အနီးဆုံးနေရာပဲ ရပါတော့မယ်။ 

တစ်လတစ်ကား ပုံမှန် တင်ပေးပါတယ်။ ကိုယ်နဲ့ ကိုယ့်မောင်လေးနှစ်ယောက်စလုံးဘီလ်က ကိုယ့်နာမည် တစ်ခုတည်းအောက်က သွားတာဆိုတော့ ဘီလ်နှစ်ခုပေါင်းပြီး  သုံးလတစ်ခါလောက် ပွိုင့် ၄၀၀ ရှိတတ်ပါတယ်။ ပထမဆုံး redeem လုပ်တုန်းက ပွိုင့် ၁၅၀၀ နဲ့ Transformer 2 ကြည့်ဖြစ်တယ်။ နောက်ပိုင်း ပွိုင့် ၁၅၀၀ ပြည့်အောင် မစောင့်နိုင်တော့ ပွိုင့် ၄၀၀ ရတာနဲ့ claim လုပ်လိုက်တာပဲ။ ကားကြီးကားကောင်းတွေ မဟုတ်သည့်တိုင်အောင် 3 stars အဆင့်ရှိ အလယ်အလတ် ကြည့်ကောင်းတဲ့ ကားတွေများပါတယ်။ Pre-show သဘောမျိုးဆိုတော့ ရုံမတင်ခင် ဦးဦးဖျားဖျား ကြည့်ရတာ တစ်ခုသာတယ်။ 

နိုဝင်ဘာတုန်းက A Christmas Carol၊ မတ်လမှာ Green Zone နဲ့ ခုမေလ (မနက်ဖြန်) မှာ The Last Song ။ တော်သေးတာပေါ့... HSBC မှာ  Credit Card လျှောက်လို့ မရပေလို့သာပဲ။ နိုမို့ရင် GV နဲ့ Cathay တစ်လှည့်စီ movie တွေ  လိုက်ကြည့်နေရတာနဲ့ ဘလော့ဂ်တောင် ကောင်းကောင်းဂင်းနိုင်မှာ မဟုတ်ဘူး။ :D

ဒီတစ်ခါ ကိုယ်နဲ့အတူ ရုပ်ရှင်ကြည့်ဖော်ကြည့်ဖက် ဘယ်သူလဲလို့ မမေးကြေး။ :P


ဇွန်မိုးစက်

အဆောင်က သူတို့အကြောင်း

11

Category: ,

မောင်လေးရီနိုမာန်က ရှိသေးရင် ထပ်ရေးပေးပါအုံးလို့ တောင်းဆိုလာတာကြောင့်ရယ်၊ ကိုယ့်မြန်မာသူငယ်ချင်း တစ်ယောက်အကြောင်းလည်း ထည့်ရေးချင်တာနဲ့ အဆောင်က သူတို့အကြောင်းကို ထပ်ဖြည့် ရေးလိုက်ပါတယ်။ 

အရင်ပို့စ်မှာပါတဲ့ ဂျော်ခ်ျ့က ကျောင်းပိတ်ပိတ်ချင်းပြန်တော့ သူနေတဲ့အခန်းကို မလေးရှန်းတရုတ်စုံတွဲ ရောက်လာ ပါတယ်။ ကောင်လေးနာမည်က ၀ိုင်စီ (Y.C) တရုတ်နာမည်ကို အင်္ဂလိပ်လိုပေါင်းပြီး  initial နှစ်ခုရဲ့ အတိုကောက်ကို ယူခေါ်တာပါ။ နာမည်ရင်းတောင် မမှတ်မိတော့ဘူး။ သူတို့စုံတွဲနှစ်ယောက်မှာ ၀ိုင်စီကချည်း ချက်တာပါ။ ကောင်မလေးက ဘေးက ၀ိုင်းကူရုံသက်သက်ပဲ။ သိပ်လည်း ချက်တတ်ပုံ မပေါ်ဘူး။ တစ်ရက် ကိုယ်ဒံပေါက်ချက်တာ စိတ်ဝင်စားပြီး ၀ိုင်စီက ကိုယ့်ဆီက ချက်နည်းပြန်ယူ၊ သူ့ဆီက ကြက်ဆီထမင်းလုပ်နည်း ပြန်ပေးနဲ့ ဟန်ကျလို့။ သူတို့နှစ်ယောက်နဲ့ ပတ်သတ်ပြီး ကိုယ်မှတ်မိတာလေးတစ်ခုက ၀ိုင်စီ ဟင်းမချက်လိုက်ရတဲ့နေ့ပါ။ ကျောင်းသား အများစုတို့ထုံးစံ သူတို့လည်း စက်ဘီးဝယ်ပါတယ်။ စက်ဘီးက ၀ယ်ပြီးပြီးချင်း အသင့်စီးလို့မရသေးပါဘူး။ တစ်စချင်းစီ ကိုယ်တိုင် ပြန်ဆင်ပြီး တပ်ရတာမျိုးပါ။ ၀ိုင်စီလည်း အိမ်ပြန်ရောက်ကတည်းက စက်ဘီးဆင်တာ ချွေးတစ်လုံးလုံးနဲ့ တော်တော်ကြာပါတယ်။ စက်ဘီးတစ်စင်းလုံး အစအဆုံးဆင်ရတာ တကယ်မလွယ်ပါဘူး။  သူလည်း စက်ဘီး ဆင်နေရတာနဲ့တင် ဟင်းလည်း မချက်နိုင်တော့ဘူး။  ဒါနဲ့ သူ့ကောင်မလေးလည်း KFC ၀ယ်ပြီး နေ့လည်စာစားရင်း သူလုပ်တာ ဘေးကနေပဲ တောက်လျှောက် ထိုင်ကြည့်နေတာ.. ညနေရောက်မှပဲ စက်ဘီးတစ်စင်းလုံး ရှောရှောရှူရှူ ဆင်ပြီးသွားတော့တယ်။  ညစာလည်း ၀ိုင်စီတစ်ယောက် မချက်နိုင်တော့ဘူးလေ။ အဲဒီ့နေ့က ၀ိုင်စီ ဟင်းမချက် လိုက်ရတဲ့နေ့ ဖြစ်သွားတာပေါ့။ ကိုယ်လေ့လာတွေ့ရှိသလောက် တရုတ်စုံတွဲ တော်တော်များများမှာ ယောက်ျားလေး တွေက ဟင်းချက်ကျွေးတာ များပါတယ်။ တရုတ်ပြည်မကြီးက တရုတ်ကျောင်းသား အများစု စည်းကမ်း မရှိဘူး ဆိုပေမယ့် မလေး၊ စလုံး နဲ့ ဟောင်ကောင်က တရုတ်ကျောင်းသားတွေက စည်းကမ်းရှိပါတယ်။

ကိုယ့်အဆောင်က မဟုတ်ဘဲ ကိုယ်တို့တစ်ခြားမြန်မာကျောင်းသားတွေနဲ့ အတူနေရတဲ့ သူတို့ပြန်ပြောပြတဲ့ အဆောင်နေ ကျောင်းသားတွေ အကြောင်းကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဟောင်ကောင်က ကျောင်းသား တစ်ယောက်က ပန်းသီးကို အလုံးလိုက် ရေနွေးနဲ့ပြုတ်တာတွေ့တော့ အထူးအဆန်းဖြစ်ကြ။ အာဖရိကတိုက်က သက်ကြီးကျောင်းသားတစ်ယောက်က ကိုယ်တို့မြန်မာတွေလို မီးဖိုခန်းထဲ အားရပါးရ၀င်ပြီး အချိန်ယူ ချက်ပြုတ် တတ်တာချင်း တူရုံသာမက ချက်ပြုတ်ဖို့ ပြင်ဆင်ရတဲ့အချိန်ရယ် စားပြီးသောက်ပြီးတဲ့အခါကျတော့ ပြန်ဆေးကြော ရတာတွေဟာ အချိန်သိပ်ကုန်ကြောင်း၊ စားလိုက်တာတော့ ခဏလေးပဲလို့  ကိုယ်တို့နဲ့ အမြင်တူစွာ ပြောတတ် တာချင်းကလည်း တူနေပြန်ပါတယ်။ သူတို့နိုင်ငံမှာ မဖြစ်မနေစစ်မှုထမ်း၊ အစိုးရ၀န်ထမ်း နှစ်ရှည်လုပ်ပြီးမှ ပညာသင်ဖို့ သူကို့စေလွှတ်လို့ အသက်ကြီးမှ အင်္ဂလန်မှာ ကျောင်းတက်ခွင့်ရကြောင်း သူပြောပြလို့ သိရပါတယ်။ 

(ကိုယ်ရဲ့) သူနဲ့ ပထမနှစ်တုန်းက တစ်ဆောင်တည်းအတူနေ ခင်မင်ခဲ့တဲ့ အစ္စရေးကျောင်းသားတစ်ယောက် ရှိပါတယ်။ အစ္စရေး-အင်္ဂလိပ်ကပြားပါ။ အင်္ဂလိပ်လူမျိုးသူ့အမေက ဂျူးလူမျိုးသူ့အဖေနဲ့ လက်ထပ်ပြီး အစ္စရေးမှာပဲ လိုက်နေတာ။ သူ့ကျတော့ ပတ်စပို့စ်နှစ်ခုကိုင်ထားတဲ့ နှစ်နိုင်ငံသားဖြစ်သွားပါတယ်။  အမေအင်္ဂလိပ်ပေမယ့် အင်္ဂလန်က ထွက်သွားတာကြာပြီဆိုတော့ သူကျောင်းပြန်လာတက်တဲ့အခါ နိုင်ငံခြားသားနှုန်းနဲ့ပဲ ကျောင်းလခ ပေးရတာကို သူသိပ်မကြည်ပါဘူး။ ဒါပေမယ့် အင်္ဂလန်မှာ သူပိုပျော်ပါတယ်။ သူ့မိဘတွေက ဂျူးဘာသာဝင်ဆိုတော့ အီစတာပွဲတော်လရောက်ရင် ဂျူံနဲ့လုပ်တဲ့ မုန့်တွေ၊ ပေါင်မုန့်တွေပဲ စားရတာ သူသိပ်စိတ်ညစ် ပါသတဲ့။ အီစတာကျောင်းပိတ်ရက်ဆို အစ္စရေးကို မပြန်ချင်ဘူး၊ ပေါင်မုန့်တွေချည်းစားရမှာ ကြောက်လို့တဲ့။ (ကိုယ်ရဲ့) သူ အင်္ဂလန်စရောက်တဲ့နေ့ကတည်းက ကိုယ့်ဆီခေါ်ထားတဲ့ ဖုန်းကပ်တစ်ထပ်ကြီး (သူကလည်း မပစ်ဘဲသိမ်းထားတာ၊ ကိုယ့်ကိုပြဖို့တဲ့လေ) ကိုမြင်ပြီး အစ္စရေး-အင်္ဂလိပ်ကပြားလေးက သိပ်အံသြခဲ့ကြောင်း သူပြောပြလို့ သိရပါသေးတယ်။

(ကိုယ်ရဲ့) သူနဲ့ပတ်သက်ပြီး ကိုယ်နဲ့ပါအရမ်းခင်သွားတဲ့ သူတို့ကျောင်းက မြန်မာကျောင်းသားအစ်ကိုကြီး (ကိုယ်တို့ထက် နှစ်နှစ်ကြီးပါတယ်) က ဒုတိယနှစ်မှာ သူနဲ့တစ်ဆောင်တည်း ကျပါတယ်။ နိုင်ငံတူလို့ တစ်ဆောင်တည်း ချပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ့တစ်ယောက်က အရမ်းတော်ပါတယ်။ သူကမန္တလေးဇာတိ၊ အမ်အိုင်တီမှာ ပထမနှစ်တက်ပြီး ၀ိုင်အိုင်တီကို ဒုတိယနှစ်မှာ ပြောင်းတက်တယ်။ ကျောင်းတွေပိတ်သွားတော့ အင်္ဂလန်မှာ Engineering ကို ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တက်သွားတာ။ ပထမနှစ်ကနေ တတိယနှစ်အထိ ဆက်တိုက် Roll. 1 စွဲပါတယ်။ နောက်ဆုံးနှစ်မှာ စာသိပ်မလုပ်ဘဲ ခပ်အေးအေး နေတာတောင်  ဘာသာတိုင်း ဂုဏ်ထူးထွက်ပြီး အမှတ်တွေ သိပ်ကောင်းခဲ့ပါတယ်။ သူက တရုတ်သွေး ၉၀ရာခိုင်နူန်းပါသူဆိုတော့ တရုတ်လိုပြောတတ်ရုံမျှမက English လည်း အသံထွက်ကအစ သိပ်ကောင်းပါတယ်။ မြန်မာစာလည်း  တော်တယ်။ ကိုယ့်ဘ၀မှာ ကိုယ်တကယ် အထင်ကြီး လေးစားမိတဲ့ ယောက်ျားတွေ လက်ချိုးရေကြည့်ရင် ၅ယောက်ထက် မပိုတဲ့စာရင်းမှာ သူပါပါတယ်။  စာပေ ဗဟုသုတနဲ့လည်း တော်တော်ပြည့်စုံတယ်။ စာတော်ရုံတစ်ခုတည်းနဲ့ ကိုယ်အထင်မကြီးတတ်ပါဘူး၊ စိတ်ဓါတ် ရေးရာလည်း တကယ်ကောင်းသူမို့ပါ။ 

သူက စာသိပ်တော်ပြီး တရုတ်လိုလည်း ပြောနိုင်တော့ သူတို့အတန်းထဲက တရုတ်မလေးတွေ သူ့ဆီကို ခဏခဏလာပြီး စာရှင်းခိုင်းပါတယ်။ စာမေးပွဲနီးရင် ပိုဆိုးသေး။ တစ်ချိန်လုံး သူ့အဆောင်လာပြီး စာလာလာမေးတာ။ နောက်တော့ သူ့မှာ စာကောင်းကောင်းမကြည့်ရတာနဲ့ စာမေးပွဲနီးတော့မှ လန်ဒန်အထိဆင်းပြီး သူ့သူငယ်ချင်းအိမ်မှာ study လုပ်ရတဲ့အဖြစ် ရောက်သွားတာ။ နွေရာသီကျောင်းပိတ်ရက်မှာ Sony က အချိန်ပိုင်းအလုပ်ခေါ်လို့ သူသွားလျှောက်ပါတယ်။ နောက်ဆုံးစကာတင်လူရွေးတော့  ဥရောပတိုက်သား နှစ်ယောက်နဲ့သူ သုံးယောက်ပဲကျန်တော့တာ။ သူတို့ဆီမှာ အလုပ်ခန့်ရင် အီးယူကလူကို ဦးစားပေးတော့ သူရမယ်လို့တောင် မထင်ဘူးလို့ ကိုယ်တို့ကို ပြောလိုက်သေးတာ။ တကယ်တမ်းအလုပ်ခန့်လိုက်တော့ သူ့ကိုပါ။ ကိုယ်ကတော့ သူ့လိုသိပ်တော်တဲ့မြန်မာတွေကိုယ်စား ဂုဏ်ယူဝမ်းသာ မိနေတတ်တာ။ “တကယ်ဆို သူက အဆောင်မှာ စာလုပ်တာ ကိုယ်မမြင်သလာက်ပဲ၊ ကိုယ်နဲ့ပဲ တစ်ချိန်လုံး ဂိမ်းဆော့ပြီး၊ ရုပ်ရှင်တွေ download လုပ်ကြည့်၊ စကားတွေပြောနေတာလို့” သူက ကိုယ့်ကို ပြန်ပြောပြပါတယ်။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းက အတန်းတစ်ခါမှ မလစ်ဘဲ Lecture  မပျက်မကွက် လိုက်ပါတယ်။ 
 
(ဒီနေရာမှာ ကိုယ့်အမြင်လေး တစ်ခါတည်း ချရေးလိုက်ချင်ပါတယ်။ အနောက်တိုင်းက ပညာရေးစနစ်က အရှေ့တိုင်းမှာလို တကုန်းကုန်း တရုန်းရုန်းနဲ့ စာတွေ တစ်အား ကျက်မှတ်နေစရာမလိုပါဘူး။ Lecture မှန်မှန်လိုက်ပြီး Practical ကောင်းကောင်းလုပ်နိုင်ရင်ကို ရပါတယ်။ နဂိုဉာဏ်သိပ်ကောင်းပြီး  bright လည်းဖြစ်တဲ့၊ စေ့စပ်သေချာတဲ့ ကျောင်းသားတွေဟာ အပတ်တကုတ် ကြိုးစားစရာမလိုဘဲ ထိပ်ရောက်သွားတာ တွေ့ရပါတယ်။ ခုစင်္ကာပူမှာ ကျောင်းတက်ပြီး စာမေးပွဲနီးရင် စိတ်ဖိစီးမှု သိပ်များနေတဲ့ ကျောင်းသားတွေကို တွေ့မြင်ရတာ စိတ်ပင်ပန်းလှပါတယ်။ ကိုယ်တော့ ဘွဲ့လွန်တက်ဖြစ်မယ်ဆိုရင်တောင် ဒီမှာဆက်မတက်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။)

ကိုယ်တို့မြန်မာသုံးယောက် တွေ့တဲ့အခါ ရောက်စက တောသားမြို့ရောက်ဖြစ်ပုံတွေ တစ်လှည့်စီ ပြန်ပြောပြီး ရယ်ကြရပါတယ်။ သူများအကြောင်းတွေချည်းပြောနေတာ ကိုယ်တို့အကြောင်းလည်း ပြောဦးမှပေါ့နော်။ ကိုယ်က အဆောင်ရောက်ရောက်ချင်းညမှာ အိပ်ခန်းထဲက heater ဘယ်လိုဖွင့်ရမယ်မှန်းမသိလို့ စောင်ထူထူကြားထဲ အတင်းခွေပြီး အိပ်ခဲ့တာ။ ကိုယ့်သူငယ်ချင်းက ရေချိုးခန်းမှာ ရေနွေးရအောင် shower heater ကို temperature ညှိနေတာ အချိန်တော်တော်ကြာသွားလို့ စိတ်မရှည်ဘဲ ရေအေးနဲ့ အံကြိတ်ပြီး ချိုးခဲ့ရတာ။ သူ့အလှည့်ကျတော့  အဆောင်က ရေနွေးပိတ်ထားချိန်ကို မသိဘဲ ည၁၂နာရီနောက်ပိုင်းမှ ရေချိုးခန်းဝင်မိလို့ ခုန်ပေါက်ပြီး ရေအေးနဲ့ ချိုးခဲ့ရတာတွေ ပြန်ပြောပြီး ရယ်ကြရပါတယ်။

Fire alarm နဲ့ပတ်သတ်ပြီးလည်း ကိုယ်တို့တွေ ခံခဲ့ရပါတယ်။ အဆောင်မီးဖိုခန်းတွေမှာ fire alarm တွေတပ်ထားတော့ ချက်ရင်းပြုတ်ရင်းတူးသွားတာ၊ မီးခိုးတွေ အူပြီးထွက်လာတာနဲ့ တစ်ပြိုင်နက် တစ်ဆောင်လုံးက alarm တွေ ထမြည်ပြီး အဆောင်နေကျောင်းသားအားလုံး အဆောင်အောက်ကို ပြေးဆင်းရပါတယ်။ ကိုယ်ရောက်ရောက်ချင်း သိပ်မကြာခင် တစ်ညမှာ fire alarm မြည်တာနဲ့ ကြုံပါလေရော။ မြည်ရင် အဆောင်အောက်ပြေးဆင်းရမယ်ဆိုတာ ကိုယ်မသိခဲ့ လေတော့ အဲ့ဒီ့နားကွဲမတတ် ဆူညံသံကြီးကို ပေကပ်လျစ်လျူရှုပြီး နားကိုခေါင်းအုံးနဲ့ အတင်းဖိထားပြီး အိပ်ရာထဲက တစ်ဖ၀ါးမှ မခွာခဲ့တာကို ပြန်ပြောပြတော့ နားထောင်တဲ့သူတွေက အံ့သြလို့။ အသားကင်အနံ့ကြောင့် မြည်လာတဲ့ alarm မို့လို့သာပဲ။ မီးလောင်လို့မြည်ခဲ့တာများဆိုရင် ကိုယ်အခန်းထဲက မထွက်ပုံနဲ့ အို... မတွေးရဲစရာ။

သူတို့အဆောင်မှာလည်း ညကြီးမိုးချူပ် မြည်ဖူးပါတယ်တဲ့။ သူတို့က ကိုယ့်ထက် ပိုအကင်းပါးကြသူများဆိုတော့ အဆောင်အောက်ကို အလုအယက်ပြေးဆင်းကြတာ ခြေစွပ်တွေဘာတွေတောင် ၀တ်ဖို့သတိမရကြဘူး။ အောက်ရောက် တော့မှ အေးခဲနေတဲ့ ဆောင်းတွင်းညကြီးမှာ ခြေစွပ်မပါဘဲ ညအိပ်ဝတ်စုံနဲ့ လက်ပိုက်မတ်တပ်ရပ်ပြီး  alarm လာပိတ်ပေးမယ့် အဆောင်တာဝန်ရှိ ရောက်မလာမချင်း အအေးဒဏ်ကို အောင့်အည်းသည်းခံပြီး စောင့်ခဲ့ကြရတယ်ဆိုပဲ။ fire alarm နဲ့ပတ်သတ်ပြီး အဲလိုတွေ ခံထားရဖူးတော့ အပြင်ဆောင်ရောက်တဲ့အခါ ကိုယ်တို့အားလုံး သဘောတူညီစွာနဲ့ alarm က  ၀ါယာကြိုးကို ဖြုတ်ထားလိုက်တာ အေးရော။ ဘယ်လောက်ချက်ချက် ဘယ်လောက်တူးတူး ဘယ်လောက် ညှော်ညှော် မမြည်တော့ဘူး...ကဲ။ ကိုယ်တို့ကျောင်းသားတွေ ဆိုးပုံများ...နော်။

ခုလို နေရောင်တော်တော်နဲ့ မပျောက်တဲ့ နေ့တာရှည်တဲ့ နွေဦးရာသီညတွေဆို အဆောင်ခြံဝန်းကျယ်ကြီးထဲက မြက်ခင်းပြင်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ဘာဘီကျူးတွေလုပ်စားကြ၊ စကားတွေဝိုင်းဖွဲ့ပြောကြ၊ ကိုယ်ပိုင်တီဗွီရှိသူတွေက အပြင်ထိထုတ်ပြီး စားရင်းသောက်ရင်း ကြည့်ကြနဲ့ ပျော်စရာကြီးပါ။ ရေးယင်းနဲ့ ကိုယ်တောင်လွမ်းသွားပြီ။ နားမှ။

အဆောင်က သူတို့အကြောင်းကား ဤတွင်ပြီး၏။ 

ရီနို၊ ညီမအင်ကြင်း ... ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်