Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts
တစ်ခါတုန်းက အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။
အနီရောင်မကြိုက်တဲ့ ကောင်မလေးဆိုတော့ သူ့အသုံးအဆောင်ပစ္စည်းတော်တော်များများဟာလည်း အနီကလွဲပြီး
ကျန်တဲ့အရောင်တွေ ဖြစ်နေတာပေါ့ကွယ်။
အနီရောင်မကြိုက်တဲ့ ကောင်မလေးဆယ်ကျော်သက်အရွယ်မှာ
အနီရောင်လွယ်အိတ်လေးတစ်လုံး လက်ဆောင်ရသတဲ့။ ကောင်မလေးက အနီရောင်မကြိုက်ပေမယ့် လွယ်အိတ်လေးကို
ချစ်လို့လက်ခံယူထားလိုက်တယ်။ တခါတလေမှာလည်း အဲဒီ့အနီရောင်လွယ်အိတ်လေးကို ထုတ်လွယ်တတ်တယ်။
ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်တော့ အနီရောင်မကြိုက်တဲ့ကောင်မလေးမှာ
ချစ်သူတစ်ယောက်ရလာတယ်။ ကောင်မလေးရဲ့ချစ်သူဟာ အနီရောင်ကြိုက်သူဖြစ်နေတာကို ကောင်မလေးက
မကြိုက်ဘူးတဲ့။ အရောင်နဲ့ပတ်သက်လာရင် သူတို့နှစ်ယောက် ခဏခဏ စကားများကြတယ်။ ဒါပေမယ့်
ချစ်သူရဲ့ ဗောက်စ်ဝက်ဂွန်ပါဆက်ကားအနီလေးကိုတော့ ကောင်မလေးက ချစ်သတဲ့။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးဟာ
ကားလေးကို ချစ်လွန်းလို့ အိပ်မက်ထဲအထိတောင် ထည့်မက်ကြတဲ့အထိ ဆိုပါတော့ကွယ်။
အနီရောင်မကြိုက်တဲ့ကောင်မလေး အိပ်မက်က
လန့်နိုးလာတဲ့တစ်ရက်မှာ သူ့အသက်ဟာ ရှိရင်းစွဲထက် ၇နှစ်လောက် ပိုကြီးနေတယ်။
အသက်တွေကြီးလာပေမယ့် ကောင်မလေးကတော့ အနီရောင်ကိုဆက်ပြီး မနှစ်သက်နေတုန်းပဲတဲ့။ အနီရောင်ပန်းသီးထက်
အစိမ်းရောင်ပန်းသီးကိုပဲ စားတာမျိုး၊ ပန်းအိုးထိုးတဲ့အခါမှာလည်း အနီရောင်အဆင်းရှိတဲ့
နှင်းဆီထက် အ၀ါနဲ့အဖြူကိုပဲ ရွေးပြီးထိုးတာမျိုးတွေ ဆက်လုပ်နေတယ်။
မမျှော်လင့်တဲ့နေ့တစ်နေ့မှာ ကောင်မလေးဟာ
အနီရောင်ရှိတဲ့ ရေဗူးလေးတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိလိုက်သတဲ့။ အနီရောင်မကြိုက်ပေမယ့်
သာမန်ရေဗူးတွေနဲ့မတူဘဲ အနည်းငယ်ထူးခြားတဲ့ အဲဒီ့ရေဗူးလေးကို ကောင်မလေးက သူ့ရုံးကို
ယူသွားပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ကောင်မလေးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ အနီရဲရဲရေဗူးလေးကိုမြင်လိုက်တယ်ဆိုရင်ပဲ
ဟား…ဟား… အဲဒါ ရေဗူးလား၊ မီးသတ်ဗူးလားဆိုပြီး ကောင်မလေးကို စနောက်ပြီး မေးသတဲ့။ ကောင်မလေးက ရှက်သွားပေမယ့် ရေဗူးပါလို့ ပြန်ဖြေလိုက်တယ်။
သိပ်မကြာခင်မှာဘဲ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆီကို
နောက်ထပ်အနီရောင်လက်ဆောင် သေးသေးလေးတစ်ခု
ရောက်လာပြန်တယ်။ ဒီတစ်ခါ ကောင်မလေးလက်ခံရရှိတဲ့
အနီရောင်ပစ္စည်းလေးက Army Knife လို့ခေါ်တဲ့ တပ်သုံးခေါက်ဓားလေးတစ်ခုဖြစ်နေတယ်။ ကောင်မလေးက
သိပ်မ၀င်စားလို့ ဓားလေးကို ဘယ်ပြန်ညာပြန် သေသေချာချာတောင် မကြည့်မိဘူးတဲ့။
မထင်မှတ်ဘဲ အဲ့ဒီခေါက်ဓားနီလေးဟာ ကောင်မလေးအတွက်
အလွန်အသုံးဝင်တဲ့ပစ္စည်း ဖြစ်လာခဲ့တယ်။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဟာ ခေါက်ဓားနီလေးကို
ကိုယ်နဲ့မကွာဆောင်ယူတတ်တဲ့အကျင့်လည်း ရလာသတဲ့။
တကယ်ဆို ကောင်မလေးဟာ အနီရောင်ကို မကြိုက်ဘူး။
ဒါပေမယ့်… … ….
ကမ္ဘာပေါ်မှာ အဲဒီ့ဓားလေးနဲ့ အရောင်တူ၊
အရွယ်အစားတူ ဓားတွေ သန်းနဲ့ချီပြီး ရှိချင်ရှိလိမ့်မယ်။ ဒါပေမယ့် ကောင်မလေးနာမည် သီးသန့်ရေးထိုးထားတဲ့
အနီရောင်ဆွစ်ဇ်ခေါက်ဓားလေးက ဒီကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတယ်လို့ သိလိုက်ရပြီးနောက်ပိုင်းမှာ
ကောင်မလေးဟာ အဲဒီ့ခေါက်ဓားနီလေးကို အရင်ကထက်ပိုပြီး ဂရုတစိုက်နဲ့ ချစ်တတ်လာခဲ့သတဲ့ကွယ်။
ကဲ... အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့
အနီရောင်ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။
အားလုံးပဲ ဟက်ပီးဘလော့ဂင်းပါ။း)
ဇွန်မိုးစက်
ဂျင်းပန်အပြာဝတ်ပြီး ကျောပိုးအိတ်လွယ်ရခြင်းကို
ကြိုက်နှစ်သက်သော၊ ထိုအကြောင်းကို တခုတ်တရ စာဖွဲ့ခဲ့ဖူးသော ဇွန်သည် သြစတြေးလျနိုင်ငံ၏
ထိပ်တန်းစာရင်းဝင်တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်ကျောင်းသူအဖြစ် တက်ရောက်သင်ကြားခွင့်ရချိန် အစပထမတွင် ကျောပိုးအိတ်လွယ်ပြီး ကျောင်းတက်ဖို့ရာ စိတ်ကူး လုံးလုံးမရှိခဲ့ချေ။ သူမ၏အသက်အတော်အတန်ကြီးပြီဟု ယူဆထားသည်ကတစ်ကြောင်း၊
သူမတက်ရောက်သင်ကြားရမည့် ဘာသာရပ်သည် လူကြီးဆန်သည်ဟု ထင်မြင်မိသည်ကတစ်ကြောင်းတို့ကြောင့်
ကျောပိုးအိတ်အစား ပခုံးတစ်ဖက်တည်းပေါ်မှာ အလွယ်တကူ
တင်လွယ်နိုင်သော၊ ပစ္စည်းပစ္စယ များများစားစား ထည့်နိုင်သော လက်ပွေ့အိတ်ကြီးကြီးတစ်လုံးကိုသာ ဟန်ကျပန်ကျ
ကိုင်မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။ သို့ရာတွင်… လက်တွေ့မှာ စိတ်ကူးနှင့် ခြားနားခဲ့သည့်အလျောက်
မူလဒုံရင်း ကျောပိုးအိတ် လွယ်မြဲဘ၀သာ ပြန်လည်ရောက်ရှိခဲ့လေသည်။
ရာသီဥတုအေးပြီး လေပြင်းများတိုက်ခတ်သည့်အခါ
လက်နှစ်ဖက်ကို အပေါ်ရုံအနွေးထည်ရှေ့ခြမ်းရှိ အိတ်ကပ်ထဲထည့်ထားပြီး လမ်းလျှောက်မှသာ ခံသာသည့်အတွက်ကြောင့်လည်းကောင်း၊
သူမ၏ အလေးချိန်စီးသော လက်ပ်တော့အိုကြီးကို ရံဖန်ရံခါ ကျောင်းသို့သယ်ယူသွားရန်
လိုအပ်သောကြောင့်လည်းကောင်း ကျောပိုးအိတ်ထက်ပို၍ အဆင်ပြေသက်သာသော အခြားအိတ်ကို အစားထိုးရန်
ရှာမတွေ့ခဲ့ချေ။ သို့ဖြစ်ရာ သူမ ထည့်နေကျပစ္စည်းများကို ထိုအိတ်ထဲသို့ အကန့်လိုက်ထည့်ပြီး
နေ့စဉ်ကျော၌ သယ်ပိုးသွားနေရာ အစ်မသက်ဝေ၏ ကောင်းမှုဖြင့် အိတ်အတွင်းရှိ အရာများကို ကိုယ်တိုင်ပြန်လည်
ဆန်းစစ်ကြည့်ရှုမိရုံမျှမက အများသူငါတို့အားလည်း ပေးသိမြင်ခွင့်ရစေရန် အကြောင်းဖန်လာတော့သည်။
ခဲရောင်အဆင်းရှိ ခရီးဆောင်ကျောပိုးအိတ်တွင်း
နေ့စဉ်နှင့်အမျှ ခိုအောင်းလိုက်ပါနေကြသော အရာများကား ပုံပါအတိုင်း ဖြစ်တော့သည်။
ပုံတွင် မပါသော၊ အလွန်တရာပေါ့ပါးသော
အခြားပစ္စည်းနှစ်မျိုးလည်း အတွင်းကျဆုံး အကန့်မှာ ကျန်ရှိနေသေးကြောင်း သူမ ဖျတ်ခနဲသတိရသွားသော်လည်း
တကူးတက ထုတ်မကြည့်ဖြစ်တော့ပေ။ တစ်ခုမှာ အမျိုးသမီးများနှင့်လစဉ် သက်ဆိုင်သည့်အရာဖြစ်ပြီး၊
နောက်တစ်ခုမှာ ကျောင်းသားကတ်ဒ်ထုတ်ချိန်က အခြားမှတ်စုမှတ်ရာ ပစ္စည်းများနှင့်အတူ အခမဲ့ရရှိထားသော၊ သူမ သို့မဟုတ် အခြားတစ်ယောက်အတွက်
ဘယ်အချိန်ဘယ်အခါမှ အသုံးဝင်မည်ဟု တပ်အပ်မပြောနိုင်သော အရာတစ်ခု ဖြစ်လေသည်။
ပုံပါပစ္စည်းများအကြောင်း ကျကျနန စာဖွဲ့ရေးသားချင်ပါသော်လည်း
များများစားစား အချိန်မပေးနိုင်သည့်အတွက် ဤမျှနှင့်သာ အဆုံးသတ်လိုက်ရပါကြောင်း၊ ချစ်သောအစ်မသက်ဝေတစ်ယောက်
နားလည်ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်းဖြင့် အဆုံးသတ်နိဂုံးချုပ်ရင်း သယ်ပိုးရာပါသူတို့၏
တစ်ကဏ္ဍအား ဤတွင် တစ်ခန်း ရပ်လိုက်လေတော့သည်။
ဇွန်မိုးစက်
အချိန်အပိုင်းအစလေးများနှင့်
ဖွဲ့စည်းတည်ဆောက်ထားသော ကျွန်မတို့ဘ၀တွင် ရက်စွဲများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ
အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်လျက် ရှိကြသည်။
တစ်စုံတစ်ယောက်က
ကျွန်မကို အမှတ်ရများဆုံး ရက်စွဲများအကြောင်း မေးလာပါလျှင် မွေးနေ့များဟုသာ ဖြေရပေမည်။
အမှန်တကယ်ပင် ကျွန်မချစ်ခင်ရသော မိသားစု၊ မိတ်ဆွေသူငယ်ချင်းအတော်များများ၏ မွေးနေ့ကို
ငယ်စဉ်ကတည်းက မှတ်မိတတ်သည်။ မမေ့ဘဲ အမှတ်ရနေအောင် မှတ်သားထားသည့်အကျင့်ကလည်း ရှိသည်။ ဥပမာ
ဒိုင်ယာရီစာအုပ်၏ ရှေ့ပိုင်းစာမျက်နှာတစ်ရွက်ရွက်မှာ ပါတတ်သော တစ်နှစ်စာ ပြက္ခဒိန်ပေါ်မှာ တစ်ယောက်စီ၏ မွေးနေ့ကို
လအလိုက် ခဲတံဖြင့် ၀ိုင်းကာ မှတ်သားထားခြင်းမျိုးဖြစ်သည်။
တစ်ချို့မွေးနေ့တွေက
အထူးတလည် မှတ်သားစရာမလိုဘဲ အလိုလို မှတ်မိနေတာမျိုးလည်း ရှိသည်။ ကျွန်မ လွန်ခဲ့သော
၁၁နှစ်က စင်္ကာပူရောက်စမှာ ခင်မင်ခဲ့သော အစ်မကြီးတစ်ယောက်၏ မွေးနေ့က ဒီဇင်ဘာ ၇ရက်။ သူနှင့်ကျွန်မ
အမြဲအဆက်အသွယ်မရှိသော်လည်း သူ့မွေးနေ့ရောက်တိုင်း ကျွန်မ သတိတရ ဖုန်းကနေ လှမ်းနှုတ်ဆက်ဆုတောင်းပေးသည်ကို
လက်ခံရရှိသောသူမက နှစ်တိုင်း အံ့သြသည်။ ပြီးခဲ့သော ၇ရက်နေ့က ကျွန်မကို ဖုန်းပြန်ခေါ်ပြီး ညည်းငါ့မွေးနေ့ကို
မှတ်မိနေတယ်နော်ဟု ၀မ်းသာအားရပြောတော့ ကျွန်မ ပြုံးနေမိသည်။ တကယ်တော့ ကျွန်မတို့နှစ်ယောက်
လူချင်းမဆုံကြသည်မှာ ၃နှစ်လောက်ပင်ရှိပြီ။ သူ့ကို ကျွန်မ အမြဲသတိမရသော်လည်း သူ့မွေးနေ့ရောက်လျှင်တော့ ထူးထူးခြားခြား သတိရတတ်သည်မှာ ကိုယ့်ကိုယ်ကိုပင် အံ့သြရသည်။
ဟိုအရင်တုန်းကတော့
ကျွန်မက အခြားသူတွေ၏ မွေးနေ့ကို မှတ်မိသလိုမျိုး ကျွန်မ၏ မွေးနေ့ကိုလည်း သူငယ်ချင်းတွေက
သတိရတာမျိုး ဖြစ်စေချင်ခဲ့သည်။ အရင်းနှီးဆုံးသူငယ်ချင်းစာရင်းဝင် တစ်ယောက်ယောက်က မမှတ်မိလျှင်တော့
ကျွန်မ စိတ်ဆိုးချင်သည်။ မျက်နှာစာအုပ်ခေတ်မှာတော့ မွေးနေ့ သတိပေး အီးမေးလ်များ ရောက်တတ်သည်မို့
အလုပ်များပြီး မေ့တတ်သူများပင်လျှင် အလွယ်တကူ ဆန္ဒပြုဆုတောင်းဖို့ သတိရသွားတတ်သည်။ မွေးနေ့ကိုသတိမရဘဲ နှုတ်ဆက်ဖို့မေ့လျှင်
ကျွန်မလို စိတ်ဆိုးစိတ်ကောက်ချင်သူများရှိကြောင်း မတ်ခ်ဇုက်ကာဘက်က သိနေပုံရသည်။
မွေးနေ့မဟုတ်သည့်
အချို့သောရက်စွဲများကိုလည်း ကျွန်မက မှတ်မှတ်ထင်ထင် ရှိတတ်ပြန်သည်။ တစ်ခါတုန်းက ကမာရွတ်မှာ
ဖြစ်ပွားခဲ့သည့် ၉တန်းကျောင်းသူလေး အသတ်ခံရသော နိုဝင်ဘာ ၃၀ရက်လိုမျိုး။ ကျွန်မ ဘွဲ့ယူသောနေ့က
အောက်တိုဘာ ၃၁ရက်၊ ကျွန်မချစ်သူဖြစ်လာမည့်သူနှင့် ပထမဆုံး ဆုံတွေ့သောနေ့က ဇူလိုင် ၂၂ရက်၊
ကျွန်မ ပထမဆုံးနိုင်ငံရပ်ခြားသို့ ထွက်ခွာသောနေ့က သြဂုတ်လ ၂၄ ရက်၊ ကျွန်မ ချစ်သူနှင့်
နောက်ဆုံးတွေ့ဆုံခဲ့သောရက်က ဇန်န၀ါရီ ၁၁ရက်… စသည့်ရက်စွဲများသည် ကျွန်မ အထူးတလည် မှတ်သားထားခြင်းမျိုးမဟုတ်ဘဲ
အလိုလို မှတ်မိနေတာမျိုးဖြစ်သည်။
မွေးနေ့မွေးရက်များကို
အမှီပြုပြီး ကိန်းဂဏန်းနံပါတ်များသည်လည်း လူအတော်များများကြားတွင် အရေးပါကြပြန်သည်။ ဥပမာ
၇ရက်နေ့မွေးသောသူများသည် ကံကောင်းတတ်ကြပြီး၊ ၉ရက်နေ့ ဖွားမြင်သူများကျတော့ လှုပ်ရှားရုန်းကန်ရသော
ဘ၀ကို ပိုင်ဆိုင်ရတတ်သည်ဟု အဆိုရှိကြသည်။ အနောက်တိုင်းလူမျိုးများအတွက် ၁၃ရက် ဒါမှမဟုတ်
ဂဏန်းနံပါတ် ၁၃ သည် ကံမကောင်းခြင်းများကို သယ်ဆောင်လာသည်ဟူသော အယူရှိကြပြီး တရုတ်လူမျိုးများအတွက်တော့
၈ ဂဏန်းသည် ကံကောင်းခြင်းနံပါတ်တစ်ခုဟု ယုံကြည်ကြပြန်သည်။ သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီအတွက်
ကံကောင်းခြင်းနံပါတ်များကတော့ ထပ်တူမကျနိုင်ပါ။
ကျွန်မကိုယ်တိုင်
ရက်စွဲနံပါတ်များအပေါ် အယုံကြည်အစွဲလန်း သိပ်မရှိသော်လည်း ကျွန်မဘ၀မှာ အရေးပါသည်ဟု ထင်ရသော
ပြောင်းလဲမှုကြားက တူညီတိုက်ဆိုင်မှုတွေ ရှိနေသော ခုနှစ်ကိန်းဂဏန်း ရက်စွဲတစ်ချို့အပေါ်မှာတော့
စိတ်ဝင်တစား ရှိပါသည်။
၁၂ရက်
၁၂လ ၂၀၁၂ခုနှစ်သည် ကျွန်မအတွက်တော့ သာမန်ရိုးစင်းသော နေ့ကလေးတစ်နေ့ဖြစ်သော်လည်း MRCP
Part II ဖြေဆိုမည့် ကျွန်မသူငယ်ချင်းတစ်ယောက်အတွက် စိတ်လှုပ်ရှားစရာကောင်းသောနေ့ ဖြစ်သည်။
လက်ထပ်မင်္ဂလာပွဲဆင်နွှဲကြမည့် သတို့သား သတို့သမီးတို့အတွက် ရင်ခုန်ပျော်ရွှင်ရသော နေ့ရက်ဖြစ်သော်လည်း
ကွာရှင်းပြတ်စဲမည့် ဇနီးမောင်နှံတို့အတွက် စိတ်ထိခိုက်ရသောနေ့ဖြစ်သည်။ ဤကမ္ဘာမြေပေါ်သို့
လူသားငယ်လေးတစ်ဦး ရောက်ရှိလာမည့်နေ့ ဖြစ်သလို ချစ်ခင်သူများကို ခွဲခွာမည့် တစ်စုံတစ်ယောက်၏
နောက်ဆုံးနေ့ရက်လည်း ဖြစ်နိုင်သည်။
ကျွန်မတို့ဘ၀တစ်လျှောက်
ဖြတ်သန်းခဲ့သော အမှတ်တရ ရက်စွဲများပေါ်က အရောင်မတူ သဏ္ဍာန်ကွဲသည့် အရိပ်များသည် သက္ကရာဇ်များတိုး၍
ပြက္ခဒိန်စာရွက်များ ဖြဲဆုတ်ခြင်းခံရသည့်တိုင် စိတ်နှလုံးမှတ်ဉာဏ်မှာ အလိုလို စွဲထင်ကျန်ရစ်နေဦးမှာဖြစ်သည်။
ဇွန်မိုးစက်
----------------------------------------------------------------------------------------------------------------------
၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက် အတွက် တီတင့်ရဲ့
တဂ်ပို့စ်လေးပါ။ ရေးဖို့အစီအစဉ်မရှိဘဲ မနက်က AAB ရဲ့ status မှာတွေ့လို့ ခုည ၁၀နာရီမှ
ကောက်ရေးဖြစ်သွားတာပါ။ အမှတ်တရ ရေးဖြစ်သွားအောင် သတိတရ
တဂ်လှန့်ဆော်သြော်ပေးတဲ့ အန်တီတင့်ကို ကျေးဇူးတင်ပါတယ်။း)
(၁)
ဝေသည် အိပ်ရာထက်မှနေ၍ မျက်နှာကျက်ကို မော့ကြည့်နေရင်း ဝေ့၀ဲလာသော မျက်ရည်တို့ ပါးပြင်ပေါ်လိမ့်မဆင်းရလေအောင် မျက်တောင်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ အတွေးတို့က ဟိုတစ်စ..ဒီတစ်စ…ပျံ့လွင့်နေသည်။
“နင့်ကို ငါပြောစရာရှိတယ်၊ ညကျရင် ဖုန်းခေါ်လိုက်မယ်” နေ့လည်က လမ်းထိပ်မှာ ဇော်နှင့်တွေ့စဉ် စက်ဘီးပေါ်မှနေ၍ သူမကို လှမ်းပြောသွားခဲ့ခြင်းဖြစ်သည်။ ဒီလိုပဲ…ဇော်တစ်ယောက်က အကြောင်းထူးရှိလည်းဆက်၊ မရှိလည်းဆက်နေကျမို့ ဝေ့အတွက် အထူးတဆန်းတော့ မဖြစ်လှ။ ဇော်နှင့်ဝေက မူလတန်းကတည်းက အတူတူကျောင်းသွား၊ အတူတူဆော့ကစားပြီး ကြီးပြင်းလာကြသူများမို့ တစ်ယောက်အကြောင်းတစ်ယောက် မညာနိုင်အောင်သိကာ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမနေဘဲ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်း ခေါင်းစဉ်အောက်မှာ ဖြူစင်လှပသော သံယောဇဉ်တစ်စုံကို ချည်နှောင်ထားကြသူများဖြစ်သည်။
“ဝေ…ငါလေ ချစ်သူတွေ့နေပြီသိလား” ဒါကလည်း ရည်းစားတစ်ယောက်ရတိုင်း ဇော် ပြောနေကြ။
“ဟုတ်လား၊ ဒါက ဘယ်နှစ်ယောက်မြောက်လဲ” ဝေက စိတ်ဝင်တစားရှိလိုဟန် မပြဘဲ ခပ်ရွတ်ရွတ်လေး ပြန်မေးလိုက်တော့ “ဒီတစ်ခါတော့ ဝေမှားပြီကွာ၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော အချစ်စစ်ဗျ သိလား၊ အချစ်ကို ငါနားလည်တတ်ခဲ့ပြီ ဝေ၊ ငါ…သူ့အရင် ရည်းစား၃ယောက်ထားခဲ့ဖူးလို့ သူ့ကို ရည်းစားအနေနဲ့ နံပါတ် ၄လို့ နင်ပြောချင်ပြောနိုင်တယ်။ ဒါပေမဲ့ ချစ်သူအနေနဲ့ဆိုရင်တော့ သူက ငါ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံး တစ်ဦးတည်းသော ချစ်သူဖြစ်တာ သိပ်ကိုသေချာတယ် ဝေ၊ နင့်ကို ငါ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ အရင်ဆုံးပြောပြတာ။ ဟိုကောင်တွေကိုတောင် မပြောရသေးဘူး”
ဇော့်ရဲ့ တည်ငြိမ်လေးနက်တဲ့စကားသံတွေကြားမှာ ဝေတစ်ယောက် အံ့သြငြိမ်သက်စွာ နားထောင်နေမိသည်။ ငယ်ပေါင်းကြီးဖော်မို့ ဒီတစ်ခါ ဇော့်စကားသံရဲ့ အတိမ်အနက် ခံစားချက် အစစ်အမှန်ကို ဝေနားလည်လိုက်သည်။ အနည်းငယ် ထူးဆန်းစွာပင် ၀မ်းနည်းစိတ်မကောင်းဖြစ်ခြင်းက ဝေ့ရင်ထဲ လှိုက်ကနဲ ပေါ်လာသည်။ “အေးပါ…နင်တကယ် အချစ်ကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင် ငါဝမ်းသာရမှာပေါ့” ဝေက သူမရင်တွင်းဆန္ဒနှင့် ဆန့်ကျင်ပြီး ဇော့်ကို ပြန်ပြောလိုက်သည်။ နောက်ထပ် ဇော်ပြောပြသည့် သူ့အချစ်အကြောင်းတွေ ဝေ မကြားတစ်ချက်၊ ကြားတစ်ချက်။ ဇော်နှင့်ဖုန်းပြောပြီးသည့်အခါ သူမရင်တစ်ခုလုံး နွမ်းလျစွာ ကျန်ခဲ့သည်။ အရင်ကလည်း သူ့ရည်စားအကြောင်းတွေ ဝေ နားထောင်နေကျပါပဲ။ ဒီတစ်ခေါက်ကျမှ ဝေ့ရင့်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မနာလိုဝန်တိုမှုတွေ ကြီးစိုးသွားတာ ဘာကြောင့်များပါလိမ့်…။
တကယ်ဆို… ဝေနှင့်ဇော်ကြားက ပိုင်းခြားထားသည့် အဖြူရောင်စည်းက ပါးပါးလေး။ အချစ်ဆိုသောအရာကို ခံစားသိလိုက်ချိန်တခဏမှာ ဝေ့နှလုံးသားက ၀မ်းနည်းနာကျင်စွာ၊ ဖြည်းနှေးလေးကွေးစွာဖြင့် တစ်စုံတစ်ရာကို တီးတိုးမြည်တမ်းလိုက်သည်။ “နင့် ကို ငါ ချစ် နေ တယ်… ဇော်”
(၂)
ချစ်သောဝေ…
နင်ထည့်လိုက်တဲ့စာ မနေ့ကပဲရတယ်။ နင် သိပ်ဝမ်းနည်းနေလား…။ ၀မ်းမနည်းပါနဲ့ဟာ။ ဇော့်ထက်ပိုချစ်ရတဲ့သူ နင်တစ်ချိန်ကျရင် တွေ့သွားမှာပါ။ နင်တို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက သံယောဇဉ်ရှိလာကြသူတွေဆိုတော့ နင်က အချစ်လို့ထင်ပြီး ၀မ်းနည်းသွားတာလည်း ဖြစ်နိုင်တယ်၊ နောက်ပြီး နင့်ထက်ပိုချစ်ရမယ့်သူ၊ ဂရုစိုက်ရမယ့်သူတွေ့သွားလို့ နင်က အချစ်ဆုံးမိန်းကလေးသူငယ်ချင်းတစ်ယောက်အနေနဲ့ ၀န်တိုမိတာလည်း ပါမှာပေါ့။ ငါသူ့ကိုချစ်နေတာ သေချာပါတယ်လို့ နင် ငါ့ကို ပြန်ပြောလာခဲ့မယ်ဆိုရင်လည်း နင့်ခံစားချက်ကို မြှုပ်နှံလိုက်ပါ သူငယ်ချင်းလို့ပဲ ငါပြောချင်တယ်။
ငါတို့တွေ အချစ်အကြောင်း နားလည်သင့်သလောက် နားလည်တဲ့အရွယ် ရောက်နေပြီဆိုပေမယ့် ငါထပ်ပြောချင်သေးတယ်။ မိန်းကလေးတစ်ယောက်အတွက် သူချစ်က ပိုကောင်းပါတယ် ဝေရယ်။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်ရင်တော့ တစ်မျိုးပေါ့ဟာ။ အဲလိုမှ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကို အနာကျင်ခံပြီး သူချစ်အတွက် မခံစားစေချင်ဘူး။ နင့်အနေနဲ့ရော… ဇော်ရေ နင့်ကိုငါချစ်နေပါတယ်လို့ နင့်သိက္ခာအကျခံ၊ သူများအထင်မြင်သေးခံပြီး ပြောရဲတဲ့လူစားမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်။ နောက်ပြီး သူတကယ်ချစ်မြတ်နိုးတဲ့သူ တွေ့သွားတာလည်း နင်အသိဆုံးပဲ။ ဝေ… နင့်ရဲ့သူ့အပေါ်ထားရှိတဲ့ချစ်ခြင်းကို သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်မှုသစ္စာနဲ့ပဲ လှလှပပ ဖုံးကွယ်ဖျောက်ဖျက်လိုက်ပါနော်။ တစ်နေ့မှာ နင့်အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်လာမယ့်သူ၊ နင်က ပြန်ချစ်ရမယ့်သူ တွေ့လာဦးမှာပါ သူငယ်ချင်း။
ငါလေ… တကယ်တော့ အောင့်ကို အဖြေပေးခဲ့တုန်းက ငါမချစ်တတ်ခဲ့သေးဘူး သိလား။ ငါချစ်တယ်ထင်လို့၊ ငါ့ဘ၀အတွက် လက်တွဲသင့်တယ်ထင်လို့သာ ဦးနှောက်နဲ့ ရွေးချယ်စဉ်းစားပြီး အဖြေပေးခဲ့တာ။ ငါတို့ရည်စားဖြစ်ပြီးနောက်ပိုင်း သူက ငါ့မျက်နှာတစ်ချက် အညိုးမခံဘဲ ဂရုစိုက်ခဲ့တယ်။ နောက်ပြီး… ငါတို့နှစ်ယောက်လုံးက မိဘဆွေမျိုးတွေနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အတူတူ ပညာသင်ရင်း ရုန်းကန်ကြရတော့ ငါဝမ်းနည်းအားငယ်တဲ့အချိန်၊ အိမ်ကိုလွမ်းတဲ့အချိန်၊ စာတွေမကျက်နိုင်လို့ စိတ်ပင်ပန်းတဲ့အချိန်တစ်လျှောက်လုံး သူငါ့ကို ဘေးကနေ အမျိုးမျိုးအားပေးပြီး စိတ်ဓာတ်မကျအောင် စောင့်ရှောက်ပေးခဲ့တာ။ ငါ့အပေါ်ထားတဲ့ သူ့မေတ္တာကို ခံစားမိပြီး သူ့အချစ်ကို တဖြည်းဖြည်း နားလည်လက်ခံလာတယ်၊ သူ့ကိုလည်း ငါတကယ်ပြန်ချစ်မိသွားတယ်။ အခုအချိန်မှာတော့ အောင်က သူချစ်ကနေ၊ ကိုယ်ချစ်သူချစ် အခြေအနေရောက်အောင် ပြောင်းလဲစွမ်းဆောင် နိုင်ခဲ့သူတစ်ဦးပေါ့ဟယ်။
နင်လည်း တစ်ယောက်တည်း ၀မ်းနည်းပြီး ငိုမနေနဲ့နော်။ ငါနင့်ဆီ တစ်လတစ်ကြိမ်တော့ ဖုန်းဆက်ပါ့မယ်။ စာလည်း ထပ်ထည့်ဦးမှာပါ။ အရေးကြီးဆုံးက နင် ဇော့်အပေါ်ထားမိတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ဇော်မရိပ်မိစေဖို့ပဲ။ ဒါနဲ့ နင် မိသော်နဲ့ရော တွေ့ဖြစ်သေးလား။ သူရော ရည်းစားတွေဘာတွေ ရနေပြီလား။ ငါသူ့ကို သတိရကြောင်း ပြောပေးပါ။ ငါတို့သုံးယောက် အထက်တန်းကျောင်းတုန်းက အတူတူပျော်ခဲ့တဲ့ နေ့ရက်တွေကို သတိရတယ်ဟာ။ နောက်နှစ်နွေရာသီကျောင်းပိတ်တဲ့အခါ ငါပြန်လာနိုင်ရင် လာခဲ့မယ်။ အဲဒီ့အခါကျရင် သော်နဲ့လည်း ဆုံရအောင်။
နင်ကျန်းမာရေး ဂရုစိုက်ဦးနော်။
ချစ်ခင်လွမ်းဆွတ်ခြင်းများစွာနဲ့
ထွဋ်ထွဋ်
(၃)
ကိုကိုသည် သော့်ဘ၀အတွက် လမ်းပြကြယ်တစ်စင်းဖြစ်ခဲ့သည်။
စာတော်သော၊ အ၀တ်အစားကို သပ်ရပ်သန့်ရှင်းစွာ ၀တ်ဆင်တတ်သော၊ ဘာလုပ်လုပ် စေ့စပ်သေချာသော၊ ဆုံးဖြတ်ချက် ပြတ်သားသော၊ အရပ်မြင့်မားသော၊ ဘာသာတရား ရိုသေကိုင်းရှိုင်းသောကိုကို့ကို အထင်ကြီးလေးစားစိတ်နှင့် သော် ငယ်ငယ်ကတည်းက ချစ်ခင်တွယ်တာခဲ့ရသည်။ သော့်ဘ၀တွင် ကိုကိုတစ်ယောက်တည်းကိုသာ စွဲမြဲစွာချစ်ခဲ့သည်။ ကိုကိုကလွဲ၍ ဘယ်ယောက်ျားလေးအပေါ်မှ စိတ်မကစားခဲ့၊ စိတ်မ၀င်စားခဲ့။ ခြံခြင်းကပ်ရပ်မှာနေသော ကိုကိုက သော့်ကိုချစ်ကြောင်း တစ်ခါမှဖွင့်ဟမပြောခဲ့။ သော့်အပေါ် ညီမလေးတစ်ယောက်ထက်ပိုသော သံယောဇဉ်ရှိတာတော့ သေချာသည်ဟု သော်ခံစားမိသည်။
စာလုပ်ရမှာပျင်းသော၊ ကစားမက်သော သော့်ကို စာကြိုးစားချင်စိတ်ပေါ်လာအောင် ကိုကိုက လူကြီးတစ်ယောက်လို အမြဲပြောဆိုဆုံးမလေ့ရှိသည့်အပြင် စာလည်း အတူလိုက်ကျက်ပေးသည်။ သော့်အပေါ် စိတ်ရှည်လက်ရှည်နှင့် ဂရုဏာထားပြီး သွန်သင်ညွှန်ပြခဲ့သည်မှာ ကိုကို။ သော် စွာတေးသမျှ သည်းခံပြီး အမြဲပြုံးရယ် ခွင့်လွှတ်တတ်သည်မှာလည်း ကိုကို။ သော် မှားနေကြောင်း သိလျှင်သိခြင်း ထောက်ပြဆုံးမ အမှန်ပြင်ပေးတတ်သည်မှာလည်း ကိုကို။ ကိုကို့ကို … သော် သိပ်ချစ်ပါသည်။ တကယ်လို့များ အဲဒီ့နေ့ကို သော်ကြိုသိမည်ဆိုလျှင် ကိုကို့ကိုချစ်ကြောင်း သော် ဖွင့်ပြောမိမည်လား။ သိပ်တော့ မသေချာပါ။ သေချာသည်ကတော့ ကိုကို့ရည်မှန်းချက်မပြည့်အောင် နည်းလမ်းသုံး၍ ပိတ်ပင်တားဆီးဖို့ သော် ကြိုးစားခဲ့လိမ့်မည်။
ကိုကိုဆယ်တန်းအောင်တုန်းက အဖြစ်အပျက်လေးကို သော်သတိရမိသည်။ ကိုကိုတို့နှစ် အမှတ်စာရင်းတွေထွက်တော့ ကိုကိုက ဆေးကျောင်းကို လွတ်လွတ်ကျွတ်ကျွတ်ဝင်သည်။ မိသားစုဆွေမျိုးနှင့်အများဖြစ်စေချင်သော ဆန္ဒကိုဆန့်ကျင်ပြီး စက်မှုတက္ကသိုလ်ပဲလျှောက်မည်ဟု ကိုကိုက ခိုင်မာသော ဆုံးဖြတ်ချက်ချသည်။ အဲဒီ့တုန်းက ကိုကို့ဘက်မှာ သော် အခိုင်အမာရပ်တည်ခဲ့သည်။ ကိုကို့ဆုံးဖြတ်နိုင်စွမ်းနဲ့ သတ္တိကို သော်က တိတ်တိတ်ကလေးကြိတ်ပြီး အားကျမိသည်။ သော်သာဆို ကိုကို့လို ဆုံးဖြတ်ချက်ချဖို့ သတ္တိရှိမှာမဟုတ်။ ကိုကို့ဘ၀အတွက် ကိုကိုကိုယ်တိုင်ရွေးချယ် လျှောက်လှမ်းမည့်လမ်းသည် ဘယ်တော့မှ မှားလိမ့်မည်မဟုတ်ဟု ထိုစဉ်ကတည်းက သော် ယုံကြည်ခဲ့သည်လေ။
ကိုကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်ရဲ့ နောက်ဆုံးနေ့စာမေးပွဲကို သွားမဖြေဖြစ်ခဲ့။ အိမ်ကိုလည်း ပြန်မလာခဲ့။ ကိုကိုပြန်မရောက်လာတော့ ကိုကို့မိဘ၊ မောင်နှမတွေရော၊ သော်တို့အိမ်ကပါ ၀ိုင်းဝန်းပြီး စိတ်ပူကြ၊ သောကဗျာပါဒတွေ များခဲ့ကြရသည်။ တကယ်တမ်း… ကိုကိုသည် မိမိကိုယ်ပိုင်ဆန္ဒဖြင့် လူဝတ်ကြောင်ကိုစွန့်ကာ ရဟန်းဘ၀သို့ အပြီးတိုင် ကူးပြောင်းသွားသည်ကို နောက်သုံးရက်အကြာမှာ သိခွင့်ရခဲ့သည်။ ကိုကို့မေမေက ၀မ်းနည်းဝမ်းသာ၊ ကိုကို့ဖေဖေက နှုတ်ဆိတ်စွာနှင့်ပင် ကိုကို့ဆန္ဒကို ခွင့်ပြုလိုက်ပြီး ကြည်ဖြူစွာပင် ပစ္စည်းလေးပါးဒါယကာ ခံခဲ့သည်။ သော်တစ်ယောက်သာ ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သောရက်ပေါင်း အတော်ကြာသည်။ နောက်ပိုင်း သွေးအေးသွားမှ သေသေချာချာပြန်တွေးမိပြီး သော်ရှက်သွားသည်။ ကိုကို့ဆုံးဖြတ်ချက်တိုင်း မှန်ကန်သည်ဟု သော်ယုံကြည်ထောက်ခံခဲ့သည်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်သင့်သည်။
ဒီလိုနှင့် သော်သည် ကိုကို့ဆုံးဖြတ်ချက်ကို ယုံကြည်ထောက်ခံဖို့ရာအတွက် ယခင်က စိတ်ဝင်စားမှု နည်းပါးခဲ့သော ဗုဒ္ဓတရားတော်များကို လေ့လာ ကျွမ်းဝင်ခဲ့လေသည်။
(၄)
အချစ်သည်…
ဝေ၊ ထွဋ်ထွဋ်နှင့် သော်တို့သုံးဦး ပြန်ဆုံကြချိန်သည် နောင် ၅နှစ်အကြာ ရန်ကုန်မြို့တွင်းက အေးချမ်းဆိတ်ငြိမ်သော ကော်ဖီဆိုင်တစ်ဆိုင်မှာ ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူမတို့ သုံးယောက်လုံး အိမ်ထောင်မကျသေး။ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောင်းတမ်းတရင်း ငယ်ကျိုးငယ်နာဖော်ကြ၊ စကြနောက်ကြသည်။ ပြီးတော့…. အချစ်အကြောင်း ရောက်သွားကြသည်။
ဝေက “မိထွဋ်… နင်အရင်ဆုံး ရည်းစားရပြီး ဘာလို့ခုထိ ယောက်ျားမယူသေးတာလဲ”
“အေးလေ… ဟုတ်ပ… လင်းစမ်းပါဦး” သော်က ထောက်ခံပြီး အကြောင်းပြချက်တောင်းသည်။
“အချစ်က အနေဝေးရင် မီးအေးသွားတဲ့ ချိတ်ပမာ အေးခဲသွားတတ်တယ်လို့ ဆိုရိုးရှိတာ ကြားဖူးတယ် မဟုတ်လား။ ငါ့ကိုယ်တွေ့ကျတော့ အချစ်ဟာ အနေမဝေးပေမယ့်လည်း အချိန်ကြာလာရင် အေးစက်သွားတတ်တဲ့အရာလို့ပဲ သတ်မှတ်လိုက်တယ်။ ဒီအချိန် ငါနဲ့အောင်ကြားမှာ အချစ်ဆိုတာထက် ချစ်ခဲ့ဖူးလို့ နှောင်တွယ်မိတဲ့ သံယောဇဉ်ပဲ ရှိတော့တာလို့ပြောရင် နင်တို့ယုံချင်မှယုံမှာ။ ဒါပေမဲ့ အဲဒါ… တကယ်ပဲ။ ငါတို့တွေ ကျောင်းပြီးလို့ ကိုယ်ပိုင်ဘ၀ကို settle ဖြစ်အောင် ကြိုးစားရင်းနဲ့ လက်ထပ်ဖို့ကို ရွှေ့ဆိုင်းလာလိုက်တာ ခုချိန်ထိပဲ။ ငါတို့နှစ်ယောက်ရဲ့ အချစ်ဟာ ဟိုးအရင်ကလို မနွေးထွေးတော့ဘူး။ သမီးရည်းစားသက်တမ်း သိပ်ကြာပြီး မယူဖြစ်ခဲ့ရင် အချစ်ကလည်း အထိုက်အလျောက် နောက်မှာကျန်ရစ်ခဲ့တယ်။ ဒါကြောင့် နင်တို့လည်း ရည်းစားထားရင် သိပ်အကြာကြီး မတွဲနဲ့။ ၃ နှစ်ကနေ ၅နှစ်လောက်ဆို တော်ပြီ။ ၅နှစ်ကျော်သွားရင် အချစ်က တစ်နည်းတစ်ဖုံနဲ့ အားလျော့ပြီး သွေးအေးသွားတတ်တယ်။ အဲဒါ… ငါ့ကိုယ်တွေ့အချစ်ပဲ” မိထွဋ်က ဆရာကြီးစတိုင်နဲ့ လက်ချာရိုက်အပြီး အသားညှပ် ပေါင်မုန့်တစ်ခုကို ကိုက်စားလိုက်သည်။
ဝေနှင့်သော် နှစ်ယောက်လုံးရဲ့ မျက်နှာမှာ စိတ်မကောင်းခြင်းတွေ အတိုင်းသား ပေါ်သွားသည်။
မိထွဋ်က “နင်တို့ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အဲဒါ ငါတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူး၊ ဟိုက မယူဖြစ်သေးတဲ့ ငါ့သူငယ်ချင်းစုံတွဲတွေလည်း အဲလိုပဲ။ ငါ့ကိုပဲ မေးမနေကြနဲ့။ နင်တို့ကရော။ ဟို… မိဝေ… နင်က ဘယ်တော့ကျွေးမှာလဲ။”
“သိပ်မလိုတော့ပါဘူး… နောက်နှစ်ထဲလောက် ဖြစ်မယ်ထင်တယ်” ဝေက ရှက်ပြုံးဖြင့် ဖြေသည်။
“မိထွဋ်ရယ်…တစ်ချိန်က နင်နှစ်သိမ့်ပေးခဲ့လို့ ငါ့စိတ်တွေ သက်သာရာရခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ နင်ပြောသလိုပဲ ငါ့အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူ တကယ်ရှိနေခဲ့တယ်၊ သူ့အချစ်ကိုပဲ ငါလက်ခံလိုက်တာ… ကံကောင်းစွာနဲ့ ငါစိတ်ချမ်းသာရတယ်။ ဇော်နဲ့ငါက ခုချိန်ထိ သူငယ်ချင်း အရင်းကြီးတွေပါပဲ။ သူလည်း သူ့တွေ့ခဲ့တဲ့ အဲဒီ့အချစ်နဲ့ပဲ လက်ထပ်တော့မှာ။ ရယူပိုင်ဆိုင်ခြင်း မရှိခဲ့တဲ့ ငါ့အတွက်တော့ အချစ်က ပေးဆပ်ခြင်းပေါ့ဟာ။ မပိုင်ဆိုင်ရသည့်တိုင်အောင် ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာရင်၊ ပြုံးပျော်နေရင် ကိုယ်လည်းလိုက်ပျော်တတ်ခဲ့ပြီ ဆိုတာလေ… အခု ဇော်နဲ့သူ့အချစ်အတွက် ငါဝမ်းသာနိုင်ပါပြီ သူငယ်ချင်းရယ်” ဝေက ပြုံးရွှင်ကျေးဇူးတင်သော အကြည့်ဖြင့် ထွဋ်ထွဋ်ကို ကြည့်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်ကို သဘောကျစွာကြည့်ပြီး သော်က ၀င်အော်သည်။ “ငါကတော့ အပျိုကြီးပဲလုပ်မှာ”
“တကယ်လား” ဝေနှင့်ထွဋ် ပြိုင်တူမေးမိသွားသည်။ “တကယ်ပေါ့” သော်က တည်တံ့စွာနဲ့ ပြန်ဖြေသည်။
“ငါ့ဘ၀မှာ ကိုကို့တစ်ယောက်ကိုပဲချစ်ခဲ့တာ။ အရင်တုန်းက ကိုကိုကလွဲပြီး နောက်ထပ်ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာ သေချာသွားလို့ အပျိုကြီးလုပ်မယ် တွေးခဲ့ပေမယ့် အခုကျတော့ အဲဒါ့ထက်ပိုတွေးမိလာတယ်။ အချစ်ဆိုတာ ငါ့အတွက်တော့ သံသရာရှည်စေခြင်း အကြောင်းအရင်းတစ်ခုပဲ… မိထွဋ်နဲ့ဝေ။ ဒီလိုနှောင်တွယ်တတ်တဲ့ ချစ်ခြင်းမေတ္တာ သမုဒယသစ္စာကို အရင်းခံပြီး ဒုက္ခသစ္စာ ရလာကြတာ မဟုတ်လား။ ကိုကို့ဆုံးဖြတ်ချက်ကို ဘာမဆိုလေးစားယုံကြည့်တဲ့ ငါ့အဖို့ ကိုကို ဘာကြောင့် သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်သွားသလဲဆိုတဲ့ အကြောင်းပြချက်ကို လိုက်ရှာလေ့လာရင်းနဲ့ ငါတွေ့ခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ပေါ့ဟာ။ အချစ်ကြောင့် ငါဟာ ရင်ခုန်ကြည်နူးခဲ့ဖူးတယ်။ ၀မ်းနည်းငိုကြွေးခဲ့ဖူးတယ်။ အချစ်ကြောင့်ပဲ သစ္စာတရားလေးပါးရဲ့ အနက်အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒါကြောင့် ငါကိုကို့အပေါ်ထားခဲ့တဲ့ ချစ်ခြင်းကို ဒီဘ၀မှာပဲ အပြီးတိုင် စွန့်လွှတ်လိုက်ပြီ” သော့်စကားအဆုံးမှာ သူငယ်ချင်းသုံးယောက် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ထွဋ်က အတန်ငယ်အေးစပြုနေသော ကော်ဖီတစ်ကျိုက်အမော့မှာ ခပ်တိုးတိုးပျံ့လွင့်လာသော သီချင်းသံ တစ်ပိုင်းတစ်စက သူမတို့ သုံးယောက်လုံးရဲ့ အကြားအာရုံကို ရိုက်ခတ်သွားသည်။
...တကယ်ဆိုရင်… အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ၊ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ… ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ… တခါတရံမှာ အချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း တခါတရံတော့ အချစ်နဲ့ ဝေးချင်တယ်...
ဇွန်မိုးစက်
--------------------------------------------------------------------------------------------------------------------------------
ဒီစာစုလေး ခေါင်းထဲမှာရှိပြီး ရေးမယ်လို့ ကြံစည်ခဲ့တာ လွန်ခဲ့တဲ့ ၆လလောက်ကပါ။ ခေါင်းစဉ်ကိုလည်း အခုအတိုင်းပေးမယ်လို့ စဉ်းစားထားပေမယ့် ချမရေးဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လကမှ အစ်မသက်ဝေက ချစ်ခင်စွာနဲ့ မျက်နှာစာအုပ်မှာ အချစ်အကြောင်း ပြောရအောင် ခေါင်းစဉ်နဲ့ ပို့စ်ရေးပြီး တဂ်လိုက်တော့မှ အဲဒါလေးကိုရေးဖို့ သတိရသွားပါတယ်။ ဒီစာစုလေး တကယ်ချရေးဖြစ်သွားတဲ့အတွက် အစ်မသက်ဝေကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်။း)
မနက်စောစောထပြီး လမ်းလျှောက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်နဲ့ ကြံစည်ထားတာ ကြာနေပြီ၊ ခုထိ အကောင်အထည် မဖော်နိုင်သေးတာကို မကြိုက်ဘူး
မနက်တိုင်း ရထားပေါ် အလုအယက် တွန်းတွန်းတိုက်တိုက် တိုးတိုးဝှေ့ဝှေ့ တက်ရတာ မကြိုက်ဘူး
ရထားတွေ delay ဖြစ်ပြီး ရုံးကို နောက်ကျရောက်သွားရတာ မကြိုက်ဘူး
ရုံးရောက်ရောက်ချင်း ph. call တွေ ကိုင်ရတာ၊ မန်နေဂျာရဲ့ သြ၀ါဒတွေ အခြွေခံရတာ မကြိုက်ဘူး
နေ့လည်ထမင်းစားခါနီးနဲ့ ရုံးဆင်းခါနီးမှ အစည်းအဝေးတက်ရတာ မကြိုက်ဘူး
တစ်နေကုန် ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်နေရတာ မကြိုက်ဘူး
နေ့စဉ်နဲ့အမျှ တစ်ခုမဟုတ်တစ်ခု သတိမေ့တတ်လာတာကို မကြိုက်ဘူး
ကိုယ်အလေးအချိန်လျှော့ချဖို့ ကြိုးစားနေတဲ့ကြားက stress ဖြစ်ရင် fast food စားမိတဲ့ အကျင့်ဆိုးကို မကြိုက်ဘူး
အလုပ်ထဲမှာ ထိန်းချုပ်နေတဲ့ကြားက ဒေါသထွက်ထွက်သွားတာကို မကြိုက်ဘူး
တစ်နေကုန်လို့ ၁၅ မိနစ်လောက်မှ တရားမထိုင်ဖြစ်ဘဲ ကွန်ပျူတာရှေ့ကျ နာရီပေါင်းများစွာ အချိန်တွေပေးနေမိတာကို သိသိကြီးနဲ့ မကြိုက်ဘူး
အရင်ကလောက် စာအုပ်ဖတ်အား မကောင်းတော့တာ၊ စာဖတ်နှုန်း သိသိသာသာ ကျဆင်းသွားတာကို မကြိုက်ဘူး
အရင်ကလောက် စာအုပ်ဖတ်အား မကောင်းတော့တာ၊ စာဖတ်နှုန်း သိသိသာသာ ကျဆင်းသွားတာကို မကြိုက်ဘူး
စာတွေရေးချင်ရက်နဲ့ အချိန်မပေးနိုင်လို့ မရေးဖြစ်တာကို မကြိုက်ဘူး
ရေးလက်စ စာတစ်ပုဒ် အဆုံးမသတ်ရသေးဘဲ လနဲ့ချီ ကြာနေတာကို မကြိုက်ဘူး
စောစောအိပ်မယ်...စောစောအိပ်မယ် ကြွေးကြော်ပြီး ညစဉ်၁၂နာရီထိုးပြီးမှ အိပ်ရာဝင်ဖြစ်နေတာကို မကြိုက်ဘူး
ညအိပ်ရာဝင်ခါနီးမှ ဗိုက်ဆာလာတာကို မကြိုက်ဘူး
ညအိပ်ခါနီးတိုင်း ဆေးတွေသောက်ရ၊ လိမ်းရတာကို မကြိုက်ဘူး
စောစောမအိပ်နိုင်လို့ စောစောမထဖြစ်တာကိုတော့ တကယ်မကြိုက်ဆုံးပါပဲ။
ဇွန်မိုးစက်
---------------------------------------------------------------------------------------------------------------------------------------------------
အစ်မသက်ဝေရဲ့ တဂ်အိမ်စာ ကျန်တဲ့နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ နေ့စဉ်ဖြစ်ရပ်ထဲက မကြိုက်မိတာလေးတွေကို ဦးစားပေးပြီး ရေးလိုက်ပါတယ်။
နှိုးစက်ပေးစရာမလိုဘဲ အလိုလိုအိပ်ရာက နိုးတတ်တာကို ကြိုက်တယ်
(မိုးမရွာတဲ့နေ့တွေမှာ) ကြည်စင်တဲ့ ကောင်းကင်ပြာကို မော့ကြည့်ပြီး သွားတိုက်ရတာကို ကြိုက်တယ်
မိတ်ကပ်ဘယ်တော့မှ မလိမ်းဖြစ်ဘဲ သနပ်ခါးပါးပါးလေး နေ့စဉ်လူးပြီး ရုံးသွားရတာကို ကြိုက်တယ်
ရုံးမသွားခင် ဘုရားစင်ရှေ့မှာ သရဏဂုံနဲ့၊ ငါးပါးသီလကို မမေ့မလျော့ဆောက်တည်ပြီးမှ အိမ်ကနေထွက်ရတာကို ကြိုက်တယ်
အိမ်ကနေရုံးရောက်တဲ့အထိ ဂုဏ်တော်ပွားများ၊ မေတ္တာသုတ်ရွတ်ပြီး အရပ်ဆယ်မျက်နှာကို တစ်ရက်မပျက် မေတ္တာပို့ရင်းနဲ့ သွားတတ်တဲ့ အလေ့အကျင့်ကို ကြိုက်တယ်
ရုံးရောက်မှ မိုင်လိုတစ်ငုံချင်းသောက်ပြီး အလုပ်အီးမေးလ်တွေ စစ်ရတာကို ကြိုက်တယ်
အလုပ်ချိန်မှာ ဂျီမေးလ်ကနေ ဘီးဇီးစတေးတပ်စ်နဲ့ ၀င်ထားရတာကို ကြိုက်တယ်
နေ့လည်ထမင်းစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းအတူစား၊ လက်ဖက်ရည်သောက်ပြီး အာလာပသလ္လာပ စကားတွေ ပြောရတာကို ကြိုက်တယ်
ထမင်းစားချိန် တစ်နာရီမပြည့်မချင်း ရုံးခန်းထဲ ပြန်မ၀င်တတ်တဲ့ ကိုယ့်အကျင့်ကို ကြိုက်တယ်
အိပ်ငိုက်တဲ့အခါ အင်တာနက်ထဲ ဟိုဟိုဒီဒီ ၀င်ဖတ်ပြီး မျက်လုံးကျယ်အောင် လုပ်ရတာ ကြိုက်တယ်
၆နာရီထိုးလို့ အလုပ်တွေ လက်စသတ်ပြီး ကွန်ပျူတာကို shut down လုပ်ရတာ ကြိုက်တယ်
အိမ်အပြန် ဘူတာရုံကဆင်းတဲ့အခါ စတုတ္တရိပ်သာပေါ်က လမ်းလျှောက်ပြီး ပြန်ရတာကို ကြိုက်တယ်
ရုံးအပြန်ညနေတိုင်း စာတိုက်ပုံးဖွင့်ပြီး စာယူရတာကို ကြိုက်တယ်
အခြားသူတွေထက် အိမ်ကိုစောပြန်ရောက်ပြီး ဘုရားပန်းအိုးနဲ့ သောက်တော်ရေလဲ၊ ဆီမီးခွက်ထဲ ဆီထည့်ပူဇော်ပြီး အေးအေးလူလူ ဘုရားကန်တော့ဖြစ်တဲ့ ညနေခင်းတွေကို ကြိုက်တယ်
ထမင်းစား၊ ရေမိုးချိုးအပြီးမှာ ကွန်ပျူတာခလုတ်လေး အွန်လိုက်ရတာကို ကြိုက်တယ်
ဂျီမေးလ်ထဲဝင်၊ မျက်နှာစာအုပ်ပေါ်တက်ပြီး လူမှုရေးကွန်ယက်ထဲ လမ်းသလားရတာကို ကြိုက်တယ်
တစ်နေကုန်ပင်ပန်းခဲ့သမျှ အိပ်ရာပေါ် ခြေဆန့်လက်ဆန့် ပစ်လှဲပြီး မွေ့ယာနဲ့ကျောပြင် ထိလိုက်တဲ့အခိုက်ကို ကြိုက်တယ်
ညစဉ် အိပ်ရာဝင်တိုင်း အနန္တော အနန္တငါးပါးကို မရှိခိုး၊ဦးမချရသေးရင် ဘယ်တော့မှ အိပ်မပျော်တတ်တဲ့အကျင့်ကို ကြိုက်တယ်
အိပ်မက်မက်ရင် အိပ်ရေးမ၀ဘူးလို့ ဆိုကြပေမယ့် ညစဉ်လိုလို အိပ်မက်တွေ မက်ရတာကို ကြိုက်တယ်
ကြောက်စရာ အိပ်မက်တွေ မက်ခဲ့ရင်တောင် ၂၄ပစ္စည်းနဲ့ သံဗုဒ္ဓေကို အိပ်မက်ထဲမှာ အော်ဆိုဖို့ သတိရတတ်တဲ့ မသိစိတ်ကိုလည်း ကြိုက်တယ်
ကုသိုလ်အကုသိုလ် ခွဲခြားသိပြီး ရိုးရှင်းမှန်ကန် အဓိပ္ပာယ်ရှိစွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ လက်ရှိဘ၀ကို ကျေနပ်စွာနဲ့ ကြိုက်ပါတယ်။
-----------------------------------------------------------------------------------------------------------------------
အစ်မသက်ဝေရဲ့ တဂ်ပို့စ်လေးပါ။ Daily dislikes နဲ့ အချစ်အကြောင်းလည်း ပြောရဦးမှာဆိုတော့ တဂ်ကြွေးက နောက်ထပ် နှစ်ပုဒ်ကြီးများတောင် တင်နေပါသေးတယ်။
အစ်မရေ... ဖြည်းဖြည်းချင်း ရေးပေးမယ်နော်။ :D
ချစ်ခင်စွာဖြင့်
ညီမဇွန်
Subscribe to:
Posts
(
Atom
)