အင်ဒေါင်းအန်ဒါ

0

Category:

ဒေါင်းအန်ဒါမှာ… ကျေးငှက်သာရကာ တိရစ္ဆာန်လေးတွေ အလွန်ပေါပါသည်။ ကျောင်းသွားရာ လမ်းတစ်လျှောက်ဖြစ်စေ၊ ဈေးသွားရာ လမ်းတစ်လျှောက်မှာဖြစ်စေ၊ အမျိုးအမည်သိသော၊ မသိသော ငှက်ပေါင်းစုံတို့၏ အသံစာစာလေးတွေ ကြားရတတ်သည်။ ဥသြသံ၊ ချိုးကူသံ၊ ကျီးအာသံတို့အပြင် ရွှေကျေး (ကြက်တူရွေး)တို့၏ ၀ိုင်းဖွဲ့ဆူညံသံများလည်း အိမ်နားမှာ မကြာခဏကြားရ မြင်ရတတ်ပါသည်။ ရာသီအလိုက်ပွင့်သောပန်းများကလည်း စုံလင်လှပကြသည်။ နွေဦးရာသီမှာ စိန်ပန်းပြာတို့ဝေနေအောင် ပွင့်ကြသည့်အခါ ကျွန်မ၏ဖုန်းကင်မရာလေးမှာ ထောင်လိုက်တစ်ဖုံ၊ အလျားလိုက်တစ်နည်းဖြင့် တဖျတ်ဖျတ်လက်ရတော့သည်။ နွေရာသီခရစ္စမတ်ချိန်ခါမှာ အိမ်ရှေ့က အဆုပ်လိုက် ပင်လုံးကျွတ်အောင် ပွင့်ကြသော ပန်းသွေးရောင်အဆင်းရှိ ပန်းကလေးများကိုလည်းကောင်း၊ မြက်ခင်းစိမ်းများကြားက ခေါင်းထောင်ထိုးထွက်လာသော အ၀ါရောင်ပန်းကလေးများအားလည်းကောင်း ကျွန်မကြည့်၍မ၀နိုင်ပါ။ ပန်းကြိုက်သော်လည်း တစ်ခါမှ ပန်းမပန်ဖူးသောကျွန်မ၏ ဓာတ်ပုံမှတ်တမ်းထဲမှာ ဒေါင်းအန်ဒါက အရောင်အသွေးစုံ ပန်းမျိုးစုံတို့ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာလျက် ရှိနေတော့သည်။

အနောက်၊ အလယ်၊ အရှေ့၊ ကမ္ဘာ့နေရာပေါင်းစုံမှ လူမျိုးကွဲအသီးသီးတို့ အခြေချနေထိုင်ရာဖြစ်သော အနှီကျွန်းကြီးပေါ်မှ လူများကလည်း ဖော်ရွေကြပါသည်။ တစ်ချိန်က လူဖြူသြစတြေးလျန်းပေါ်လစီချမှတ်ပြီး ဥရောပနွယ်ဖွားများကိုသာ ဦးစားပေးခေါ်ယူခဲ့သော အချိန်ကာလ ရှိခဲ့သော်လည်း ယခုအခါမှာတော့ လူမျိုးခွဲခြားဆက်ဆံမှု မတွေ့ရသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။ ဥရောပမှ အလည်အပတ်လာရောက်ကြသူ လူငယ်များသည် ဒေါင်းအန်ဒါ ရောက်သည့်အခါ လွန်စွာ သဘောကျကြသဖြင့် အချိန်ကြာကြာနေခွင့်ရပြီး တစ်ကျွန်းလုံးအနှံ့ခရီးဆန့်နိုင်ရန် သြစတြေးလျန်း တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်လေ့ရှိကြသည်။ သို့ရာတွင် မည်သည့်တက္ကသိုလ်အားကြည့်ကြည့် နိုင်ငံတကာကျောင်းသားဦးရေချင်း ယှဉ်လိုက်လျှင် တရုတ်ပြည်မှကျောင်းသားအရေအတွက်သည်သာ အများဆုံးဖြစ်သည်။ ဆစ်ဒနီမြို့တွင် နေထိုင်ကြသော တရုတ်လူမျိုးများ၏ ရာခိုင်နှုန်းကလည်း မနည်းလှပါ။

၁၈ရာစုအတွင်းက ဤကျွန်းသို့ အစောဆုံးရောက်လာသော အာရှနွယ်ဖွားလူနည်းစုတွင် တရုတ်၊ ပါလက်စတိုင်းနှင့် အိန္ဒိယန်းလူမျိုးတို့ ပါဝင်ခဲ့ကြသည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲပြီးသည့်နောက်ပိုင်းတွင် ဗီယက်နမ်လူမျိုးအများအပြား လာရောက်ခိုလှုံခဲ့ကြသည်မှ ယခုဆိုလျှင် ဗီယက်နမ်အသိုင်းအ၀ိုင်းသည်လည်း အတော်ကြီးမားလျက်ရှိပြီး လမ်းသွားရင်းနှင့်ပင် ဗီယက်နမ်စကားများ မကြာခဏဆိုသလို ကြားရသည့် အနေအထားမှာ ရောက်ရှိနေပြီဖြစ်သည်။ မြေထဲပင်လယ်ဒေသမှ လူမျိုးများသာမက အရှေ့အလယ်ပိုင်းဒေသမှ အာရေဗျ၊ အီဂျစ်ပ်ရှန်း၊ လက်ဘနီစ်၊ ဂျော်ဒန်နိယန်း၊ အီရေးနီးရန်း၊ အာမေးနီယန်း၊ တာကစ်ရှ်လူမျိုးများလည်း မနည်းမနောပင် အခြေချနေထိုင်လျက်ရှိကြသည်။ ထိုလူမျိုးများက မွေးဖွားသော ကလေးအရေအတွက်မှာ အခြားအေရှန်းနှင့် လူဖြူများက မွေးဖွားသော သားသမီးအရေအတွက်ထက် အဆပိုများသဖြင့် နောင်နှစ်ပေါင်းများစွာကြာသည့်အခါ လူဦးရေနှင့်လူမျိုးဘာသာ အချိုး တစ်မျိုးပြောင်းလဲသွားနိုင်သည်ဟု လူကြီးများက မှန်းဆသုံးသပ်လျက်ရှိကြသည်။

ကမ္ဘာပေါ်တွင် မူလဒေသခံမဟုတ်သော လူမျိုးကွဲအများဆုံးနှင့် ဘာသာစကားပေါင်း တစ်ရာကျော်ပြောဆိုနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်ဟု ဂုဏ်ယူစွာရည်ညွှန်းကြသော်လည်း အင်္ဂလိပ်ဘာသာစကားသည်သာ ရုံးသုံး၊ လူသုံးအများဆုံးဖြစ်ပါသည်။ နားမယဉ်သေးလျှင် အော်စီတို့၏ အင်္ဂလိပ်အသံထွက်ကို အစပိုင်းတွင် ကြားနာရခက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘမ်းစကားများ၊ အတိုကောက်များလည်း အလွန်သုံးကြသည်။ အချို့သောလူများက အော်စီတို့ အပျင်းထူသောကြောင့် အတိုကောက်သုံးခြင်းဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။ ဥပမာ - တက်စမေးနီးယားကို တက်စီ၊ afternoon ကို arvo၊ comfortable ဖြစ်မဖြစ် မေးသည့်အခါ comfy ဟုပဲ သုံးလိုက်တာမျိုး။ ကလေးများနှင့် ပြောဆိုကစားကြသည့်အခါမှာလည်း ဒါက  ကြွက်ကလေး၊ ဒါက ဘဲကလေးဟု ခေါ်ဆိုသည့်အစား ၀ိုင်/အိုင်အီးနှင့်အဆုံးသတ်ပြီး မောက်စီ၊ ဒက်ကီ စသဖြင့် သုံးနှုန်းလိုက်သည်ကို တွေ့ရပါသည်။ အချင်းချင်းတွေ့လျှင် နှုတ်ဆက်သည့်အခါမှာတော့ အနည်းငယ်ရှည်ပါသည်။ ဟယ်လို၊ ဟိုင်းဖြင့် ပြီးမသွားဘဲ ဟောင်းအာယူက အမြဲကပ်ပါလေ့ရှိသည်။ အဲသည်လို အမေးခံရသည့်အခါတိုင်း ဟယ်လို၊ ဟုတ်ကဲ့ ကျွန်မ နေကောင်းပါတယ်၊ ရှင်ရော ဘယ်လိုနေသလဲဟု အစအဆုံးပြန်ဖြေမေးစရာမလိုဟု နိုင်ငံတကာ ကျောင်းသားများကြိုဆိုပွဲတွင် အဖွင့်အမှာစကားပြောကြားသော ပါမောက္ခတစ်ဦးက ရှင်းလင်းပြောပြခဲ့ပါသည်။

ကျွန်မ သွားလာလှုပ်ရှားသော ပတ်ဝန်းကျင်မှာ မြင်ရသမျှ အော်စီတို့ သဘောကောင်း စိတ်ရှည်ကြသည်။ အသက်ရှည်နှုန်း မြင့်မားကြပြီး ၉၀ကျော် ၁၀၀နီးပါး ဖိုးဖိုးဖွားဖွားတွေ အများကြီး တွေ့ရသည်။ ကလေးရော လူကြီးများပါ အားကစားတစ်မျိုးမဟုတ်တစ်မျိုး လိုက်စားကြသည်။ တစ်ခါဖြတ်သွားလျှင် ခုနစ်အိမ်၊ ရှစ်အိမ်ကြားရလောက်အောင် သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး ကားမောင်းလေ့ရှိကြသည်။ ရေအလွန်ကြိုက်ကြသည်။ ဆောင်းမကုန်ခင်ကပင် အပူချိန်အနည်းငယ်မြင့်သည်နှင့် ကမ်းခြေသို့ ရေသွားကစားကြ၊ ကူးကြပြီ။ ကိုယ်ကအနွေးထည်အထူချွတ်ပြီး ဆွယ်တာဝတ်ခိုက်မှာပင် သူတို့က တူးပိစ်နှင့် ဖြစ်နေကြပြီ။ နွေဦးရောက်သည်နှင့် အများသုံးဘတ်စ်ကားပေါ် တက်လာကြသူ ကလေးလူငယ်တစ်သိုက်မှာ မျက်နှာသုတ်ပ၀ါကိုယ်စီပါသော်လည်း ဖိနပ်ပါချင်မှပါသည်။ အချို့မိန်းကလေးများက အောက်မှာရေကူးဝတ်စုံဝတ်ထားပြီး အပေါ်မှ အလွယ်တကူ ချွတ်ဝတ်နိုင်သော ခေါင်းစွပ်အင်္ကျီပွပွများ ၀တ်ဆင်ထားသော်လည်း အချို့ကတော့ တူးပိစ်နှင့်ပင် ဘတ်စ်ကားစီးကြတာ တွေ့ရသည်။ လူငယ်လူရွယ်များကြား အယ်လ်ကိုဟော သောက်သုံးမှုနှုန်းမှာမြင့်မားနေပြီး ထိုးကြိတ်ရန်ဖြစ် မူးယစ်ရမ်းကားမှုတွေ နေ့စဉ်နှင့်အမျှ သတင်းထဲမှာ မြင်နေရသည်။ လွန်ခဲ့သော ဆယ်နှစ်ကနှင့်ယှဉ်လျှင်ပင် သေနစ်ပစ်သေဆုံးမှုတွေ သိသိသာသာများလာသည်ဟု ဆိုပါသည်။ တစ်ချိန်က အနောက်ဥရောပ အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုဖြင့် ဆောက်တည်ဖွံ့ဖြိုးခဲ့သောနိုင်ငံဖြစ်သော်လည်း ယခုအခါ အမေရိကန်ယဉ်ကျေးမှုက အမြောက်အမြား လွှမ်းမိုးနေရာယူလာပြီဖြစ်သည်။

ကျွန်မသည် အိမ်နှင့်ကျောင်း၊ အိမ်နှင့်မြို့ထဲကို ရထားထက် ဘတ်စ်ကားဖြင့်သာ နေ့စဉ်သွားလာ ခရီးနှင်ဖြစ်ပါသည်။ ဆစ်ဒနီမှာ ဘတ်စ်ကားစောင့်ချိန်ကြာတတ်သော်လည်း ဘတ်စ်ကားစီးရသည့်အခါ အလွန်စိတ်ချမ်းသာရပါသည်။ အထူးသဖြင့် ဘတ်စ်ကားဒရိုင်ဘာများ၏ စိတ်ရှည်သည်းခံသဘောကောင်းသည်ကို မြင်ရသည့်အခါ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ ခရီးသည်မေးသမျှ စိတ်ရှည်ကျနစွာ ပြန်ရှင်းပြခြင်း၊ ကလေးသူငယ် သက်ကြီးရွယ်အိုများ နေရာတကျ ထိုင်ပြီး၊ ဆင်းပြီးသည်အထိ စောင့်ပြီးမှ မောင်းခြင်း၊ လက်မှတ်မပါလျှင် (သို့မဟုတ်) ကုန်သွားလျှင် ငေါက်ငမ်းဗွေမယူဘဲ အလကားပေးစီးခြင်း၊ လူကူးမျဉ်းအတွက် မီးနီနေသော်လည်း လူတစ်ချို့ စိမ်ပြေနပြေကူးနေသည်ကို စိတ်တိုခြင်း၊ မြန်တွန်တောက်တီးခြင်း အလျဉ်းမရှိဘဲ ရပ်စောင့်ခြင်းတို့ကို လူဖြူဒရိုင်ဘာများက အေးဆေးစွာပင် ပြုမူလေ့ရှိကြသည်။ အချို့သောအာရှနွယ်ဖွား ဒရိုင်ဘာများကမူ သူတို့လောက် စိတ်မရှည်ကြသည်မှာ ဘာကြောင့်လဲဟု ကျွန်မ တွေးမိပါသည်။ မည်သို့ပင်ဖြစ်စေ ယူကေမှာတုန်းက ကားပေါ်မှဆင်းလျှင် ကားမောင်းသူကို ကျေးဇူးတင်ကြောင်းပြောကျင့်ရခဲ့သောကျွန်မ အခုဒေါင်းအန်ဒါမှာ ပြန်ပြောခွင့်ရတော့ ၀မ်းသာကျေနပ်မိသည်မှာ အမှန်ပင်။

ဒေါင်းအန်ဒါက ကားနံပါတ်ပလိတ်ပြားတွေမှာ ကျွန်မသဘောကျမိတာတစ်ခု ရှိပါသေးသည်။ နံပါတ်ပြားတွေပေါ်မှာ ကိုယ်နေထိုင်ရာ ပြည်နယ်ကိုယ်စားပြုစာသားလေးတွေ ရေးထိုးထားခြင်းဖြစ်သည်။ ဥပမာ ကားတစ်စီးက နယူးဆောက်ဝေးလ်ပြည်နယ်ကဆိုလျှင် ‘The Premier State’၊ ဗစ်တိုးရီးယားဆိုလျှင် ‘The Place to be’၊ အက်ဒီလိတ်ကျတော့ ‘The Festival State’၊ ကွင်းစလန်မှကားဆိုလျှင် ‘Sunshine State’၊ အေစီတီ, ကင်ဘာရာကကားတွေမှာ ‘The Nation’s Capital’၊ တက်စ်မေးနီးယားက ကားတွေမှာတော့ နှစ်မျိုးရေးကြတာတွေ့ရသည်။ အများစုက ‘Explore the Possibilities’ ဟုရေးထိုးထားလေ့ရှိကြပြီး တချို့ကားတွေက ‘Your Natural State’ ဟူ၍ရေးထားကြခြင်းဖြစ်သည်။ မြောက်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်က ကားတွေမှာ ဘယ်လိုရေးထားသလဲဟု သိချင်မိ၍ သတိထားပြီး လိုက်ကြည့်သော်လည်း ယခုချိန်ထိ ကျွန်မ မတွေ့ရသေးပါ။

ငှက်ပျောသီးမကြိုက်သော ကျွန်မ ဒေါင်းအန်ဒါမှာ ငှက်ပျောသီးတွေ မမြင်ချင်အဆုံး မြင်ရသည်။ စူပါမားကတ်များတွင်သာမက Seven Eleven လို ဆိုင်မျိုး၊ ကျောင်းကင်တင်း ကော်ဖီဆိုင်မျိုးက ငွေရှင်းကောင်တာနားမှာ အလွယ်တကူ ၀ယ်ယူနိုင်အောင် ငှက်ပျောသီးခြင်းတစ်ခြင်းထားပြီး ရောင်းလေ့ရှိသည်ကို သတိထားမိသည်။ အော်စီတို့ငှက်ပျောသီးအလွန်စားကြောင်း ကျွန်မဖတ်ဖူးသော သင်ခန်းစာတစ်ခုကို သွားအမှတ်ရသည်။ ငှက်ပျောသီးအပြင် ထောပတ်သီးလည်း ကြိုက်ကြသည်။ အော်စီအိမ်တိုင်းမှာ ရှိတတ်သော၊ အော်စီမဟုတ်လျှင် ကြိုက်လေ့မရှိသော အစားအစာတစ်မျိုးကိုတော့ ကျွန်မ ကြိုက်နှစ်သက်သွားပါသည်။ ဗက်ဂျီမိုက် (Vegemite) ဟုခေါ်သော ငန်သလိုခါးသလိုအရသာရှိသည့် ဂျုံ၊ဘာလီမှ ပြုလုပ်ထားသော ယိုတစ်မျိုးဖြစ်သည်။ ပထမဆုံးအကြိမ် စားကာစ ကျွန်မ မျက်နှာရှုံ့တွပြီး နောက်မစားတော့ဘူးဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းသူတစ်မျိုးထဲထက်ပို၍ ထောပတ်နှင့်တွဲပြီးသုတ်စားလျှင် အရသာရှိကြောင်း သိသွားသဖြင့် မနက်စာ ပါမုန့်မီးကင်ထောင်ပတ်သုတ်စားတိုင်း ဗက်ဂျီမိုက်မပါလျှင် မစားတတ်သလိုပင် ဖြစ်သွားတော့သည်။

ဒေါင်းအန်ဒါ၏ နွေရာသီပြယုဂ်တစ်ခုတွင် ယင်ကောင်များလည်း အပါအ၀င်ဖြစ်သည်။ ထိုအကြောင်းကို စာတစ်အုပ်ထဲမှာ ဖတ်ဖူးထားသော်လည်း သတင်းထောက်များစကားပြောသည့်အခါ၊ စပျစ်ခင်းအထက် မင်္ဂလာဆောင်မှ သတို့သားနှင့် သတို့သမီးတို့ မျက်နှာရှေ့က ယင်ကောင်များကို လက်ဖြင့်သပ်၍ မကြာခဏ ဖယ်ရှားရှင်းလင်းနေရသည်ကို မြင်ရသည့်အခိုက်မှာတော့ ဒါ… အော်စီနွေအစစ်ပဲဟု သတိချပ်မိတော့သည်။ နှစ်စဉ်ပွင့်လင်းရာသီရောက်လျှင် တောမီးများ လောင်ကျွမ်းလေ့ရှိသောကြောင့် မီးသတ်သမားများ သက်စွန့်ဆံဖျား အလုပ်များကြရသည်။ ဒေါင်းအန်ဒါရှိ အန္တရာယ်အများဆုံးနှင့် ခြိမ်းခြောက်မှုအရှိဆုံး သဘာဝဘေးဒဏ်မှာလည်း လေပင့်လျှင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းတတ်သော ချူံမီး၊ တောမီးများပင် ဖြစ်သည်။ အလယ်ပိုင်းကန္တာရဒေသမှ ပူပြင်းခြောက်သွေ့သော လေများ ကျွန်း၏တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ ရိုက်ခတ်သည့်အခါ နွေရာသီရောက် အမြင့်ဆုံးအပူချိန်မှာ ၄၀ဒီဂရီစင်တီဂရိတ်ကို ကျော်သွားတတ်ပါသည်။ သို့ရာတွင် ပင်လယ်သမုဒ္ဒရာဘက်မှ လေအေးများတိုက်ခတ်ချိန်တွင်မူ ပျမ်းမျှအပူအချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်မှာရှိ၍ နေလို့ကောင်းပါသည်။ ယခုနှစ်အတွက် တိမ်အုံ့ဆိုင်းပြီး မိုးဖွဲများဖြင့် စိုစွတ်သော နွေရာသီမှ ခရစ္စမတ်အခါသမယကို ဒေါင်းအန်ဒါမှာ ကျွန်မ ကြံကြိုက်ရပြီဖြစ်သည်။


ဇွန်မိုးစက်

ဘယ်သူနဲ့တူသေးလဲကွယ်

11

Category:

တစ်နေ့က စာမေးပွဲဖြေအသွား ဇွန်စီးလာတဲ့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင် မျက်လုံးထောင့်စွန်းက ရိပ်ခနဲ ဖျတ်ပြေးသွားတဲ့ ရွှေရောင်ဆံပင်နောက် လိုက်ကြည့်မိတဲ့အခါ ကားဘယ်ခြမ်းပြတင်းကပ်ရပ်မှာထိုင်ပြီး ဇွန့်လိုပဲ စာမေးပွဲဖြေဖို့ စာကြည့်နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ မြင်ရတဲ့ ဘေးတိုက်အနေအထားက မင်းသားဘရတ်ပစ်အလား ထင်မှတ်မှားစရာပါ။ လက်ဖျံရိုးကလည်း ဘရက်ပစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ လက်ချောင်းတွေကတော့ မင်းသားဘရတ်ပစ်က ပိုလှမယ်ထင်ပါတယ်။ ဒါနဲ့ ဇွန်လည်း စာကြည့်လိုက်၊ ဘရတ်ပစ်… အဲ ရွှေရောင်ဆံပင်နဲ့ကိုယ်တော်လေးကို လှမ်းကြည့်လိုက်နဲ့ ကျောင်းရောက်သွားပါတယ်။ သူကလည်း ဆစ်ဒနီယူနီက ကျောင်းသားမို့ မှတ်တိုင်အတူတူပဲ ဆင်းပါတယ်။ သူဆင်းတော့မှ ရှေ့မျက်နှာကို သေသေချာချာ မြင်ရတဲ့အခါမှာတော့ ဘရက်ပစ်နဲ့ မတူတော့ပါဘူး။ ဘရတ်ပစ်က ပိုချောတယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ တလောကလည်း ဘာသာရပ်တစ်ခုမှာ လက်ခ်ချာလာပေးတဲ့ ဧည့်ဆရာတစ်ယောက်က မင်းသားဘရတ်လေကူးပါးနဲ့ တော်တော်ဆင်ပါတယ်။ အတိအကျဆင်တူနေတာမျိုး မဟုတ်ပေမယ့် မျက်နှာအနေအထား၊ အသက်အရွယ်၊ လှုပ်ရှားပြုမူတာတွေ တူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူက အပြောလည်းကောင်းတော့ တပည့်(မ)တွေအတွက် အတော့်ကို  ဆွဲဆောင်မှုရှိတဲ့ ဆရာတစ်ယောက်ပါပဲ။ :)

လူတူမရှား၊ နာမည်တူမရှားဆိုတဲ့ မြန်မာစကားပုံလေး ခေါင်းထဲဝင်လာရင်း ကိုယ့်အကြောင်းကို ပြန်သတိရသွားပါတယ်။ ဇွန်ငယ်ငယ်က ကိုယ်နဲ့တူတဲ့သူ မရှိဘူးလို့ပဲ ထင်ခဲ့ပါတယ်။ မွေးချင်းညီအစ်မလည်းမရှိ၊ တစ်နေရာစီ ကွဲကွာနေတဲ့ အမြွှာတွေဘာတွေမျိုးလည်း မရှိ၊ ၀မ်းကွဲညီအစ်မတွေထဲမှာလည်း ကိုယ်နဲ့ရုပ်ချင်းဆင်တဲ့သူ မရှိခဲ့ပါဘူး။ ဇွန်သိသလောက် ကိုယ်နဲ့ရုပ်တူတာဆိုလို့ အမေပဲရှိပါတယ်။ လူတွေက ဇွန့်ကိုမြင်တာနဲ့ အမေ့သမီးလို့ တန်းပြောနိုင်ကြတာ ခဏခဏကြုံခဲ့ရလို့ပါ။ (လွန်ခဲ့တဲ့နှစ်အစိတ်ကမေမေ့ကို အန်တီစုနဲ့တူတယ်လို့ လမ်းထဲက လူတွေက ပြောကြပါတယ်) အမေနဲ့သမီးတူတာတော့ အဆန်းတကြယ်မဟုတ်လှပါဘူး။ ဒါပေမယ့် ကိုယ်နဲ့လုံးဝ မပတ်သက်တဲ့၊ လူချင်းတောင် မမြင်ဘူး၊ မရင်းနှီးတဲ့ တစိမ်းတရံဆံလူတွေနဲ့ တူတယ်လို့ အပြောခံရတဲ့အခါမှာတော့ ဇွန် အံ့သြရပါတယ်။

ပထမဆုံး ကိုယ်လုံးဝမသိတဲ့ တစ်စုံတစ်ယောက်နဲ့ တူတယ်လို့ အပြောခံရတာ ဇွန် ၇တန်းနှစ်လောက်ကပါ။ အစ်ကိုဝမ်းကွဲတစ်ယောက်က အိမ်လာလည်ရင်း ညီမလေးက သူတက်နေတဲ့ဘုရားရှိခိုးကျောင်းက ကောင်မလေးတစ်ယောက်နဲ့ အရမ်းတူတာပဲလို့ အမေနဲ့ဇွန့်ကိုပြောပါတယ်။ ဇွန်လည်း အံ့သြသွားပြီး အဲဒီကောင်မလေးကို အရမ်းတွေ့ချင်စိတ်ပေါ်သွားပါတယ်။ ဘယ်လိုတူတာလဲ၊ ဘယ်လောက်တူသလဲဆိုတာ သိချင်သွားတာနဲ့ ဘုရားကျောင်းလိုက်တက်မယ်လို့ အစ်ကို့ကို ပြောမိပါသေးတယ်။ ဒါပေမယ့် အကြောင်းမသင့်စွာနဲ့ ဘုရားကျောင်း လိုက်မလည်ဖြစ်ခဲ့တော့ မတွေ့လိုက်ရပါဘူး။

နောက်တစ်နှစ်လောက်အကြာ စာမေးပွဲခန်းထဲမှာ စာဖြေနေတုန်း အတန်းစောင့်ဆရာမက ဇွန့်အနားလာရပ်ပြီး မေးပါတယ် “သမီးက မေမီလင်းရဲ့ ညီမလား” တဲ့။ ဇွန်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး “ဟင့်အင်း မဟုတ်ပါဘူး ဆရာမ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဆရာမက “သြော်… တီချယ်က သမီးကို သူ့ညီမအောက်မေ့လို့၊ သမီးနဲ့ရုပ်တော်တော်ဆင်တယ်နော်” လို့ ပြောတော့ ဇွန်မှာ အံ့လည်းသြ၊ ၀မ်းလည်းသာပေါ့။ မေမီလင်းရဲ့ ညီမလို့ အထင်ခံရနည်းလားဆိုပြီး...။ သူက လသာ၂ကျောင်းသူဟောင်းလည်းဖြစ်၊ ရုပ်လည်းချော၊ အသံလည်းကောင်း၊ ပြီးတော့ အဲဒီအချိန်က တီဗီမှာ အောင်ရင်နဲ့ နှလုံးသားကျမ်းစာသီချင်းကို စုံတွဲဆိုပြီး နာမည်ကြီးနေတာဆိုတော့… သူနဲ့ရုပ်ချင်းဆင်တယ်လို့ အပြောခံရတာကိုပဲ ဇွန့်မှာ သဘောတကျနဲ့ အကျေနပ်ကြီး ကျေနပ်ခဲ့ပါတယ်။ :D

နောက်တစ်ခါ တူတယ်လို့ အပြောခံရချိန်မှာတော့ အောင့်သက်သက်ဖြစ်ရပါတယ်။ ဒီတစ်ခါလည်း အဆိုတော်ပါပဲ။ ဒါပေမယ့် သူက ယောက်ျားလေး ဖြစ်နေပါတယ်။ သူ့နာမည်က မိုးနဲ့စတာ ဇွန်မှတ်မိပေမယ့် နာမည် အပြည့်အစုံ သုံးလုံးကိုတော့ မမှတ်မိတော့ပါဘူး။ မြန်မာ့အသံကနေ သူ့ရဲ့တစ်ပုဒ်တည်းသော သီချင်းကို မကြာခဏ လွှင့်တတ်ပါတယ်။ Richard Marx ရဲ့ Right Here Waiting For You သီချင်းကို မြန်မာလိုကော်ပီပြန်ဆိုထားတာပါ။ ညက သူ့သီချင်းတီဗီမှာလွှင့်ပြီး နောက်နေ့မနက်ကျောင်းကားပေါ်မှာ သူငယ်ချင်းတွေက ဇွန့်ကို သူနဲ့တူတယ်လို့ ၀ိုင်းပြောကြတော့ ဇွန်က အီလည်လည်ဖြစ်သွားပြီး မတူပါဘူးလို့ အတင်းပြန်ငြင်းပါတယ်။ ကိုယ့်စိတ်ထဲ တူတယ်လို့ မထင်သည့်တိုင် မိန်းကလေးချင်းတူတယ်လို့ အပြောခံရတာခံသာပေမယ့် ယောက်ျားလေးတစ်ယောက်နဲ့ ရုပ်တူတယ်လို့ အပြောခံရတာကျတော့ စိတ်ထဲ တစ်မျိုးဖြစ်ပါတယ်။ သူငယ်ချင်းတွေက ဇွန်မကြိုက်မှန်းသိလို့ သူနဲ့တူတယ်လို့ မကြာခဏ တမင်စတတ်ပါတယ်။

အဲ့ဒီနောက်ပိုင်းတော့ ဘယ်သူနဲ့တူပါတယ်လို့ ထပ်ပြီး အပြောမခံရတော့တာ စင်္ကာပူရောက်တဲ့အထိပါပဲ။ စင်္ကာပူဖားအောက်တောရကျောင်း မကြာခဏသွားဖြစ်တဲ့အခိုက်မှာ တွေ့ရတဲ့၊ မျက်မှန်းတန်းနေတဲ့ အစ်မတစ်ယောက်က တကူးတက လာနှုတ်ဆက်ပြီး ကျောင်းတုန်းက သူ့သူငယ်ချင်းနဲ့အရမ်းတူတဲ့အကြောင်း လာပြောပါတယ်။ ဇွန့်ကို မြင်မြင်ချင်း သူ့သူငယ်ချင်းလို့ပဲ ထင်ခဲ့တာဆိုတော့ တော်တော်လေးတူပုံရပါတယ်။ လူမှားရလောက်အောင် တူတဲ့သူရှိတယ်ဆိုတော့ ဇွန့်မှာထပ်ပြီး အံ့သြရပြန်ပါတယ်။ သူ့သူငယ်ချင်းမဟုတ်မှန်း သေချာသွားပေမယ့်လည်း နောက်ပိုင်း ဇွန်တို့နှစ်ယောက် ဓမ္မမိတ်ဆွေအဖြစ် ခင်မင်ရင်းနှီး သွားပါတယ်။

မြန်မာပြည်က အဆိုတော်နှစ်ယောက်နဲ့ တူတယ်လို့ အပြောခံရဖူးတဲ့ဇွန်ဟာ ဟောလီးဝုဒ်က မင်းသမီးနဲ့တူတယ်လို့ ထင်ကြေးပေးခံရပြန်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အတူနေတဲ့ ညီမလေးတွေ Night at the Museum ရုပ်ရှင်ကြည့်ပြီး ပြန်လာတော့ အဲ့ဒီကားထဲက မင်းသမီး အေမီအဒမ်စ်က ဇွန်နဲ့တူတယ်လို့ တညီတညွတ်တည်း မှတ်ချက်ပေးကြတဲ့အခါ ဇွန် အံ့အားသင့်မိပါတယ်။ ပုံမှန်မျက်နှာချင်းယှဉ်ကြည့်ရင် ဘယ်လိုမှ တူစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲဒီကားထဲမှာ အေမီက အမျိုးသမီးလေယာဉ်မှူးအဖြစ် ၀တ်စားသရုပ်ဆောင်ထားတဲ့အတွက် နဲနဲဆင်သွားတာလို့ ဖြစ်မှာလို့ ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ Enchanted တို့၊ Julie & Julia ဇာတ်ကားထဲက အေမီအဒမ်စ်နဲ့တော့ ဇွန် မတူတာ သေချာပါတယ်။ သူတို့အဲလိုပြောမှ တစ်ခုသတိရသွားပါတယ်။ ဇွန့်ကို  Mary Poppins ကားထဲက မင်းသမီး ဂျူလီအန်ဒရူးနဲ့ တူတယ်လို့ မေမေနဲ့မောင်လေးပြောဖူးတာကိုပါ။ အဲဒီတုန်းက ဇွန် ၅တန်းပဲ ရှိပါသေးတယ်။ အဲဒီကျမှ Mary Poppins အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျူလီနဲ့ Night at the Museum က ပိုင်းလော့အေမီတို့ မျက်နှာကျချင်း ဆင်တာကို သတိပြုမိပါတယ်။ ဒါပေမယ့် ဇွန့်အနေနဲ့ သူတို့နှစ်ယောက်နဲ့ ဘယ်နေရာမှာ ဘယ်လိုတူနေသလဲဆိုတာတော့ ခုချိန်ထိ မကြည့်တတ်ပါဘူး။

ဟိုးတုန်းက မဂ္ဂဇင်းတစ်စောင်မှာ မျက်နှာချင်းဆင်တဲ့ အနုပညာရှင်ကြယ်ပွင့် အကျော်အမော်တွေအကြောင်း ဓာတ်ပုံနဲ့ယှဉ်ပြီး ရေးထားတာကို ဖတ်ဖူးပါတယ်။ ဥပမာ ရှနိုင်းယားတွိုင်းနဲ့ ဆန်ဒရာဘူးလော့ခ်တို့ မျက်နှာဆင်တာမျိုး။ အဲဒီ့ဆောင်းပါးမဖတ်ခင်ကတည်းက သူတို့နှစ်ယောက်ရုပ်ချင်းဆင်တယ်လို့ ဇွန့်ဖာသာမှတ်ချက်ပေးဖူးပါတယ်။ စာရင်းထဲမှာမပါတဲ့ တူတယ်လို့ ဇွန်တို့မောင်နှမနှစ်ယောက်ထင်မိတဲ့ မင်းသားနှစ်ယောက်ရှိပါသေးတယ်။ မြန်မာပြည်မှာ ပြဖူးတဲ့ တရုတ်မင်းသမီးချောပိုင်ဟွေ့နဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသားတစ်ယောက်က မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ငယ်စဉ်က မျက်နှာပေးနဲ့ တော်တော်ဆင်ပါတယ်။ အထူးသဖြင့် ဘေးတိုက်ကြည့်ရင် အတော်လေးတူပါတယ်။ 

တခြားမျက်နှာချင်းဆင်ကြတဲ့ အဆိုတော်တွေ၊ မင်းသား၊ မင်းသမီး၊ အားကစားသမားတွေလည်း အများကြီးရှိဦးမှာပါ။ သူတို့ကတော့ တစ်ယောက်တည်းနဲ့ သိသိသာသာ ဆင်တူတာပါ။ ဇွန့်ကျမှ ဘယ့်နှယ်လုပ်ပြီး လူတွေအများကြီးနဲ့ တူနေရတာလဲလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ် သွေးနှောထားလို့ပဲ ဇွန့်မျက်နှာက ဟိုလူနဲ့တူသလိုလို၊ ဒီလိုနဲ့တူသလိုလို ဖြစ်နေတာလား။ နောက်ထပ် ဘယ်သူနဲ့တူတယ်လို့ အပြောခံရဦးမလဲဆိုတာကို ကိုယ်တိုင်စိတ်ဝင်စားသွားတဲ့အဖြစ်ပါ။ အင်း… ဘယ်လောက်ပဲရုပ်တူတူ၊ စိတ်ချင်းတော့ ဘယ်လိုမှ တူနိုင်မယ် မထင်ပါဘူးလေ…နော်။ :)

 
ဇွန်မိုးစက်

ညို့အတွက်...

4

Category: ,

ငါ့ရင်ထဲရှိတာတွေ နင်မြင်ခဲ့သလို
နင့်ခံစားချက်တွေ ငါနားလည်ခဲ့တယ်၊
 
နင့်ရင်ထဲက စကားသံတွေ ငါနားထောင်ပေးခဲ့သလို
ငါ့အရှုံးတွေလည်း နင်မျှဝေခံစားခဲ့တယ်၊

ငါ့ပုခုံးထက် နင်ငိုရှိုက်ဖူးသလို
နင့်အားပေးစကားနဲ့ ငါမျက်ရည်တိတ်ခဲ့ဖူးတယ်၊

အခက်အခဲတွေကို အတူတူဖြေရှင်း
တစ်ယောက်အကူအညီ တစ်ယောက်ဖြည့်ဆည်းရင်းနဲ့
သူငယ်ချင်းကောင်းဆိုတဲ့ ခေါင်းစဉ်အောက်
အပြန်အလှန် အားပေးထူမခဲ့ကြတယ်။

တစ်ယောက်တစ်နေရာစီ
မိုင်ထောင်ချီဝေးကွာခဲ့ပေမယ်
ချစ်ခင်ရင်းနှီးမှု သံယောဇဉ်က
လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်ကအတိုင်း
မပြောင်းမလဲ စွဲမြဲခိုင်ကျည်နေဆဲ...။

နင်အလုပ်များတာ ငါသိသလို
ငါမအားလပ်တာလည်း နင်နားလည်မှာပါ
ဒါပေမယ့် ချစ်ခင်သူကြား 
မအားဘူးဆိုတာ အသာထားလို့ 
တခဏတာ အချိန်ပေး
အလွမ်းတွေကြားခံရင်းနဲ့ပဲ
ငါချစ်တဲ့ နင့်အတွက်
လက်ချောင်းလေးတွေ လှုပ်ရှား
စာကြောင်းများအဖြစ် ရေးဖွဲ့သီ စီကုံးမိသွား...။

ညို ရေ....
ကာရန်မညီ ကဗျာအသွင် မပီပြင်ပေမယ့်
ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော
မွေးနေ့ရက်မြတ်ဖြစ်ပါစေကြောင်း
ဇွန် ဆုတောင်းလိုက်တယ်နော်...။



ညိုရဲ့
ချစ်သူငယ်ချင်း ဇွန်
၁၇ အောက်တိုဘာ ၂၀၁၃

သူမနှင့်ကောင်းကင်ပြာ

8

Category:


ကောင်းကင်ပြာသည် ကျွန်မအတွက် အဆုံးမသတ်နိုင်သော ပန်းချီကားတစ်ချပ်ဖြစ်သည်၊ အပြီးသတ်ရေးဖွဲ့ဖို့ ခဲယဉ်းသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။

အဲ့သည် ပြာလွင်သော ကောင်းကင်ထက်မှာ ကြိုတင်မမြင်နိုင်သော ကျွန်မ၏အနာဂတ်ရှိသည်၊ ကြိုးစားပြီးမေ့ပစ်သော အတိတ်၏အရိပ်တချို့ရှိသည်။ ပစ္စုပ္ပန်တည့်တည့်မှာတော့ အနားသတ်မဲ့သော ကောင်းကင်ပြာကို ကျွန်မ ရပ်ကြည့်မျှော်ငေးနေမိသည်။

ကောင်းကင်ပြာကို ဘယ်အရွယ်ကတည်းက စတင်နှစ်ခြိုက်သဘောကျခဲ့မှန်း အတိအကျ မမှတ်မိတော့သော်လည်း ကျွန်မ ပတ်ဝန်းကျင်ကို လေ့လာခံစား တတ်သိနားလည်ချိန်မှစပြီး မီးရထား၊ ကား၊ သင်္ဘောများနှင့် ခရီးသွားခွင့်ကြုံသည့်အခါတိုင်း လမ်းတလျှောက်လုံး ကောင်းကင်ပြာနှင့် ဖြူလွလွတိမ်တိုက်တွေကိုပဲ ကျွန်မ မရိုးနိုင်စွာ မျက်စိတဆုံး လိုက်ကြည့်မိတတ်သည်။ စိတ်ကူးအတွေးတွေ ဖြန့်ကျက်မိတတ်သည်။ ကျွန်မအတွက်တော့ ကောင်းကင်ပြာက စိတ်ကူးပင်လယ်နှင့်တူပြီး တိမ်စိုင်တိမ်လိပ်ဖြူတွေကတော့ ထိုအတွေးစိတ်ကူးများကို နီးစပ်အကောင်အထည်ဖော်ဖို့ ထပ်ဆင့်အတောင်တပ်၊ ရွက်လွှင့်ပေးသည့် စိတ်ကူးလှေနှင့်တူပါသည်။ တိမ်တိုက်ဖြူကိုစီးပြီး ကျွန်မ ကမ္ဘာတစ်လွှားလျှောက်သွားနိုင်သည်။ မျက်စိဖြင့် တပ်အပ်မမြင်နိုင်သော ကောင်းကင်ပြာထက်က နတ်ဘုံနတ်နန်းသို့လည်း ရောက်ရှိ ခရီးနှင်နိုင်သည်။ ကောင်းကင်ပြာနှင့် ဖြူဖွေးသောတိမ်တောင်တို့ကို မြင်ရသည့်အခါတိုင်း ကလေးဘ၀ကလိုပင် စိတ်ကူးတည့်ရာ လျှောက်တွေးသည့်နောက်ကို ကျွန်မ အတားအဆီးမရှိ လိုက်သွားချင်နေဆဲဖြစ်သည်။

ကောင်းကင်ပြာသည် ကျွန်မ၏ စိတ်အတွေးအာရုံများကို တဒင်္ဂအားဖြင့် ရပ်တန့်မိန်းမောစေနိုင်သည့် အစွမ်းသတ္တိရှိကြောင်း လွန်ခဲ့သော လအနည်းငယ်အတွင်း ကျွန်မ ပိုသိလာရသည်။ ကျွန်မစာကြည့်နေရင်း ညာဘက်ပြတင်းမှ ကြည်စင်သော ကောင်းကင်ပြာကို မြင်ရလျှင် စာဆက်မကြည့်နိုင်ဘဲ တခဏလောက်တော့ ငြိမ်သက်သွားရမြဲဖြစ်သည်။ ကျောင်းအသွားလမ်းမှာ ကောင်းကင်ပြာကို တမေ့တမောကြည့်ရင်း လမ်းလျှောက်မိသည့်အတွက် တစ်ကြိမ်မက ခလုပ်တိုက်မိတတ်သည်။ ကျောင်းစာကြည့်တိုက်မှာ စာဖတ်နေရင်း မှန်ပြတင်းမှ ပြာလဲ့နေသော ကောင်းကင်ကို လှမ်းမြင်ရလျှင် ဖတ်လက်စစာအုပ်ကိုချပြီး ဝေဟင်မှာ ပျံသန်းနေသော လေယာဉ်များနှင့် ကောင်းကင်ပြာထဲ မိနစ်အနည်းငယ် လွင့်မျောတိုးဝင်မိပြန်သည်။

တစ်ခါက အဝေးပြေးကားနှင့် သုံးနာရီကြာ သွားရမည့် ခရီးတစ်ခုမှာ လမ်းတစ်လျှောက်ဖတ်ရန် ကျူတိုရီရယ်နှင့်ပတ်သက်သော ဆောင်းပါး ဆယ်စောင်လောက် ကျွန်မ ယူသွားခဲ့သည်။ တကယ်တမ်း အသွားအပြန် စုစုပေါင်း ခြောက်နာရီခရီးမှာ ကျွန်မ ဆောင်းပါးတစ်စောင်သာ ဖတ်ဖြစ်ခဲ့သည်။ လမ်းခရီးတစ်လျှောက်လုံးနီးပါး ကျယ်ပြောပြာလွင်သည့် ကောင်းကင်ကို တငေးတမောကြည့်ရင်း ကျွန်မလိုက်ပါသွားသောကြောင့်ဖြစ်သည်။ 

တလောကလည်း စိတ်ဖိစီးမှုလျှော့ချရန် အိမ်နှင့် မဝေးလှသော ကမ်းခြေသို့ သွားဖြစ်သည့်အခါ ပြာလွင်တည်ငြိမ်သောကောင်းကင်ပြင်ကိုသာ ငေးမော့ကြည့်သောအချိန်များခဲ့သဖြင့် ပင်လယ်ရေနှင့်ထိတွေ့ဖို့ပင် ကျွန်မမေ့လျော့သွားခဲ့သည်။ ကင်မရာထဲမှ ပုံရိပ်များ ကွန်ပျူတာထဲသို့ ပြောင်းထည့်သည့်အခါ ကျွန်မရိုက်ယူခဲ့သော ပုံအတော်များများမှာ ကောင်းကင်ပြာတို့၏ ပုံရိပ်များဖြစ်နေကြောင်း ကျွန်မ အံ့သြစွာ တွေ့ရှိသိလိုက်ရပြန်သည်။

တခါတရံ ကောင်းကင်ပြာအောက်က ကမ္ဘာ့တောင်ခြမ်းတစ်နေရာမှာ ကျွန်မတစ်ယောက်တည်း စိတ်အားငယ်မိသည့်အခါ၊ ခွဲခွာပေးဆပ်ခဲ့သော အရာများနှင့် ကျွန်မ၏ ဆုံးဖြတ်ချက်တို့ မှန်ကန်ထိုက်တန်ရဲ့လားဟု အတွေးဝင်မိသည့်အခါ ကျွန်မတွေဝေသွားခဲ့သော်လည်း ပြာလဲ့သောကောင်းကင်ကို မြင်ရသည့်တခဏမှာတော့ ထိုအတွေးတို့ေ၀၀ါးလွင့်ပြယ်သွားခဲ့ပါသည်။ 

အခိုက်အတန့်ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့ပေမယ့် ကြည့်လိုက်တိုင်း ကျွန်မချစ်သော ကောင်းကင်ပြာကို အမြဲတစေ ကြည်ကြည်စင်စင် မြင်ရသော နေရာတစ်ခုမှာ ရောက်ရှိနေသည့်အတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်မိကြောင်း ကျွန်မ၀န်ခံပါသည်။

ပြာလွင်ကြည်စင်သော ကောင်းကင်ကို လှမ်းမော့ကြည့်ရင်း မြန်မာပြည်မှာ ရှိစဉ်တုန်းက ကြည့်ဖူးသော ဂျပန်ဇာတ်လမ်းတွဲတစ်ခုက ကျွန်မအတွေးထဲ ဖျတ်ခနဲ ၀င်လာခဲ့သည်။ ငယ်စဉ်ကလေးဘ၀မှာကွဲကွာပြီး အတန်ကြာမှ ပြန်လည်တွေ့ဆုံသော အဖေနှင့်သမီးကြားက အဆင်မချောလှသော ဆက်ဆံရေး၊ အဖုအထစ်၊ အဖြစ်အပျက်တို့ကို မိဘမေတ္တာနှင့်ယှဉ်ပြီး ရိုက်ပြသွားသော အခန်းဆက်ဇာတ်လမ်းတွဲဖြစ်သည်။ သမီးဖြစ်သူက ၀မ်းနည်းသည့်အခါတိုင်း ကောင်းကင်ကို မော့ကြည့်တတ်သော အကျင့်ရှိသည်။ အဲသည်လိုမော့ကြည့်တတ်အောင် သင်ပေးခဲ့သူမှာ ဖခင်ဖြစ်ကြောင်း အစောပိုင်းဇာတ်လမ်းတွဲတစ်ခု၏အဆုံးမှာ လှပစွာ ပြသသွားခဲ့သည်ကို ကျွန်မ မှတ်မိနေဆဲဖြစ်သည်။ မိခင်ဖြစ်သူနှင့် တရားဝင်လမ်းခွဲသည့်နေ့မှာ ငိုရှိုက်နေသည့်သမီးငယ်ကို အားမငယ်ဖို့၊ ၀မ်းနည်းမျက်ရည်ကျမိသည့်အခါ ကောင်းကင်ပြာကို မော့ကြည့်အားတင်းဖို့ ဖခင်က မှာကြားသွားခဲ့သည်။

ကောင်းကင်ပြာကြောင့် ကျွန်မစိတ်တွေ ကြည်နူးရသည်။ ကျွန်မအတွေးတွေ လွင့်မျောပျံသန်းခွင့်ရသည်။

ကောင်းကင်ပြာကြောင့်ပင် ကျွန်မ စာတစ်ပုဒ်ရေးဖွဲ့ဖြစ်သည်။

ပြီးတော့… ကောင်းကင်ပြာကို မော့ကြည့်ပြီး ကျွန်မ၏ မျက်ရည်များကို သိမ်းဆည်းတတ်ခဲ့ပြီ ဖြစ်သည်။ 


ဇွန်မိုးစက်

Black & White

13

Category: ,

အဖြူနဲ့အမည်းဆိုလို့ လူဖြူလူမည်း အကြောင်းလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ထွက်ခဲ့တဲ့ ဂီတပွဲတော်အခွေထဲက ဟေမာနေ၀င်းသီဆိုခဲ့တဲ့ ကိုယ်ကအဖြူဆို သူက အမည်း၊ ဒီအဖြေလေးက ရှင်းနေသားပဲ သီချင်းစာသားနဲ့များ ပတ်သက်နေမလားလို့ အတွေးရောက်ချင် ရောက်သွားနိုင်ပါတယ်။ တကယ်တော့ ကာလာကင်မရာခေတ်မတိုင်ခင် ရိုက်ထားခဲ့တဲ့ အဖြူအမည်းဓာတ်ပုံတွေကို ဆိုလိုချင်တာပါ။

ပြီးခဲ့တဲ့အခေါက် ဇွန် မြန်မာပြည်ပြန်တုန်းက အဖြူအမည်း ဓာတ်ပုံလေးတွေကို စုစည်းယူဆောင်ပြီး စကဲန်ဖတ်ထားခဲ့ပါတယ်။ အစကတော့ စက်တင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် မေမေ့မွေးနေ့မှာ ဇွန်ငယ်ငယ်က မေမေနဲ့နှစ်ယောက်အတူ ရိုက်ထားတဲ့ ပုံလေးတွေစုပြီး အမှတ်တရ တင်မယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် အဖြူ၊ အမည်းပုံလေးတွေ ပြန်မြင်တော့ စိတ်ပြောင်းပြီး ကိုယ့်မှာရှိသမျှ ပုံလေးတွေကို တစ်စုတစ်စည်းတည်း တင်ချင်စိတ်ပေါ်သွားပါတယ်။ အဲဒါနဲ့ပဲ ဒီပို့စ်လေးက ဇွန့်ရဲ့ Black & White photo collection ဖြစ်သွားတယ် ဆိုပါတော့။း)


ဒီပုံက ဇွန် အခါလည်မတိုင်မီ မန္တလေးကို လည်လည်သွားတုန်းက ရိုက်ခဲ့တာ။ ဖေဖေရယ်၊ မေမေရယ်၊ နောက်ပြီး အစ်မ၀မ်းကွဲနှစ်ယောက်ရယ်နဲ့ပေါ့။

ဒီဓာတ်ပုံလေးနောက်မှာ မေမေ ရေးမှတ်ထားတာကို ကြည့်လိုက်တော့ ဇွန် တစ်နှစ်ပြည့်မွေးနေ့မှာ ရိုက်ခဲ့တာ။ 

မိသားစုဝင်ထဲမှာ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ အမေနဲ့သမီး အနေဘယ်လောက်ဝေးဝေး စိတ်ထဲအမြဲနီးနေခဲ့တဲ့အတွက်ရော၊ အမေ့သမီးဖြစ်ခဲ့တဲ့အတွက်ရော ၀မ်းသာကျေနပ်မိတယ်။

ဝက်သက်ပေါက်လို့ ကတုံးရိပ်ခံထားရတဲ့ ဇွန်ရဲ့ သုံးနှစ်ပြည့်မွေးနေ့မှာလည်း  ရွှေတိဂုံဘုရားကို ရောက်ပါတယ်။


စစ်တွေက ပွိုင့်အမည်ရတဲ့ ကမ်းခြေမှာရိုက်ခဲ့တာလို့ သေသေချာချာ မှတ်မိနေတယ်။


အခုချိန်မှာ စာတွေများလို့စိတ်ရှုပ်နေတဲ့ ဇွန့်မျက်နှာက အဲတုန်းကလို ရှုံ့မဲ့မဲ့လေး ဖြစ်နေတယ်လို့ မြင်ယောင်ကြည့်လို့ရတယ်နော်။း)


ပထမဆုံး ကျောင်းဝင်ကတ်ပြားအတွက် ရိုက်ခဲ့တဲ့ပုံလေးကို ကြည့်မိတိုင်း ငါးနှစ်သမီးဇွန်က ယောက်ျားလေးနဲ့တောင် ပိုတူနေသလိုပဲ မှတ်ချက်ချမိတယ်။


ဒီပုံလေးကတော့ ဇွန်ရိုက်ခဲ့သမျှ အဖြူအမည်းပုံတွေထဲမှာ နောက်ဆုံးလို့ ပြောလို့ရတယ်။ အဲ့ဒီနောက်ပိုင်းရိုက်ဖြစ်တဲ့ ပုံအားလုံးက အရောင်နဲ့ဖြစ်သွားပြီကိုး။

တစ်ချိန်က အမှတ်တရကာလတွေကို ပြန်အောက်မေ့ သတိရရင်း အသက်ခြောက်ဆယ်ပြည့်သွားတဲ့ မေမေ့ရဲ့ မွေးနေ့မင်္ဂလာအတွက် အဝေးကနေလှမ်းပြီး ဆုတောင်း လိုက်ပါတယ်။ ချစ်သောမေမေ သက်ရှည်ကျန်းမာ ပျော်ရွှင်မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော မွေးနေ့ရက်မြတ်ကို ကောင်းမှုကုသိုလ်တွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့။  



ဇွန်မိုးစက်