Posted by
ဇွန်မိုးစက်
|
Posted on
Sunday, January 27, 2013
Category:
Birthday
,
Wishes
နေသာရဲ့လား ဖေဖေ…။
တလောက ဆေးစစ်ချက်အဖြေထွက်လာတာနဲ့ ပတ်သက်ပြီး
ဖေဖေ စိတ်ဓာတ်များ ကျနေမလား။ မကျပါနဲ့ ဖေဖေ…. ခန္ဓာရှိတဲ့သတ္တ၀ါတိုင်း အိုနာသေကို မလွဲမသွေကြုံကြရတာပါ။
သမီးတို့ ထမင်းစားနေကျကင်တင်းမှာ ပန်းကန်တွေလိုက်သိမ်းပြီး စားပွဲတွေသန့်ရှင်းရေးလုပ်နေကြတဲ့
အဖိုးအို၊ အဖွားအိုတွေ တွေ့တိုင်း သမီးဆင်ခြင်မိတာက ငါလဲ သူတို့လို တစ်နေ့အိုရမယ်၊
နာရမယ်၊ သေရမယ် ဆိုတာကိုပါပဲ။
လူ့ဘ၀ဆိုတာ တိုတိုလေးပါ ဖေဖေ။ အဲဒီ့ထက်ပိုပြီးဖြည့်ပြောရရင်
လူ့ဘ၀ဆိုတာ ဧည့်သည်လိုပါပဲတဲ့။ ရခဲလှတဲ့ဘ၀မှာ ယောကျာ်းလည်း ဖြစ်ခွင့်ရ၊ ရဟန်းလည်း ပြုခွင့်ရ၊
မြတ်ဗုဒ္ဓရဲ့ တရားဓမ္မလည်း နားကြားခွင့်ရ၊ ဘာဝနာလည်း အားထုတ်ခွင့်ရမို့ ဘယ်လောက်ကံကောင်းလိုက်သလဲ
ဖေဖေ။ အသက်ရာကျော်ရှည်တာ မရှည်တာထက် တစ်မနက်၊ တစ်ရက်တာ အသက်ရှင်နေခိုက်လေးမှာ တရားဘာဝနာအားထုတ်ခွင့်ရတာလောက်
လူဖြစ်ရကျိုးနပ်တာ မရှိဘူးဆိုတဲ့အကြောင်း မဟာစည်ဆရာတော်ဘုရားကြီးက လင်္ကာလေးနဲ့ ဒီလို
မိန့်ကြားခဲ့တယ် ဖေဖေ။
“ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ
တစ်ရာအသက်၊ ရှည်သည်ထက်လည်း
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍
တစ်ရက်တာမျှ၊ သက်ရှင်ရသော်
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်
မြတ်စွာဗုဒ္ဓ၊ မိန့်ခွန်းတည်း။”
ဖေဖေ့ကျန်းမာရေးအတွက်တော့ စိတ်မပျက်ပါနဲ့ဖေဖေ။
အရေးကြီးဆုံးက ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးမှန်မှန်သောက်ပြီး ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး
ဂရုစိုက်ပြီးနေဖို့ပါ။ နောက်ပြီး အချိန်ရတိုင်း တရားဓမ္မနာကြားပြီး ဘာဝနာအားထုတ်ပေးပါ
ဖေဖေ။ သမီးက ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သမီးအဝေးကိုရောက်နေချိန်မှာ စာထဲကတစ်ဆင့်
မိဘကျေးဇူးကို တရားအသိလေးနဲ့ဆပ်ဖို့ ကြိုးစားနေတယ်လို့ပဲ မှတ်ယူပေးပါ ဖေဖေ။ ရွှေမြင့်မိုရ်ဆရာတော်ကလည်း
ဒီလိုရေးစပ်ပြီး သတိပေးထားပြန်တယ် ဖေဖေရဲ့။
“အမြဲနှစ်လို ထိုခန္ဓာကို
ထိုထိုဝတ်စား ဆေးဝါးများနှင့်
မခြားနေ့ည ပြုစုကြလည်း
မရဏမင်း သူ့ခံတွင်းသို့
သက်ဆင်းလိုက်ကာ ပါရရှာ၏
အသေမဦးခင်၊ မြတ်မဂ္ဂင်ကို
အသင်ကြိုးစား ရှုမှတ်ပွားလော့” တဲ့။
ဒါကြောင့် အို၊ နာ၊ သေအတွက်တော့ ဖေဖေ
ဘယ်တော့မှ မကြောင့်ကြပါနဲ့။ အသက်ရှင်စဉ်အခိုက်အတန့်လေးမှာ ဒါန၊ သီလ၊ ဘာဝနာသာ ခိုင်မြဲအောင်သာ
ကြိုးစားပါ။ သမီးတို့ မောင်နှမနှစ်ယောက်အတွက်လည်း စိတ်မပူပါနဲ့ ဖေဖေ။ နှစ်ယောက်စလုံး
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြပြီမို့ ဖေဖေ အထူးတလည် ကြောင့်ကြစရာ မလိုတော့ပါဘူး။
သမီးတို့မိသားစုကို ဖေဖေ သူများအောက်မကျအောင် ထားပေးခဲ့၊ ရှာဖွေကျွေးမွေးခဲ့တဲ့ ကျေးဇူးကိုလည်း
အမြဲအောက်မေ့သတိရပါတယ်။ ခုဆို ဖေဖေ အလုပ်ကအနားယူလိုက်နိုင်တဲ့အတွက်လည်း ၀မ်းသာမိတယ် ဖေဖေ။
ဒီကနေ့ဆို ဖေဖေ ၆၃နှစ် ပြည့်ပြီပေါ့။
ဖေဖေ့မွေးနေ့ကို ရည်စူးပြီး မနေ့က ဖားအောက်တောရမှာ သမီးနေ့ဆွမ်းကပ်လှူခဲ့တယ်။ ဖေဖေ
သာဓုခေါ်ပါနော်။ ဘာဝနာအားထုတ်ရင်းနဲ့ ဖေဖေ့ရောဂါတွေ သက်သာပျောက်ကင်းသွားရင် ဒီ့ထက်ပိုပြီး
အသက်ရှည်ရှည်နေခွင့်ရဦးမှာပါ။ ဒါကြောင့် ဒီစာလေးကို ဖေဖေ့မွေးနေ့အမှတ်တရ သမီး ရေးလိုက်တာ။
သြော်…ဖေဖေရေ… နောက်ထပ်သမီးကြိုက်ပြီး
စိတ်ထဲက ခဏခဏရွတ်ဆိုမိတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ သံဝေဂလင်္ကာလေးကိုလည်း မွေးနေ့လက်ဆောင်အနေနဲ့
ထည့်ရေးပေးလိုက်တယ်။ ဖေဖေလည်း မကြာခဏ ရွတ်ဆိုပေးပါ။ ဒါမှ သံဝေဂအသိကနေ အကျင့်ဖြစ်အောင်
အားထုတ်ဖို့ အမှတ်ရပြီး အထောက်အကူဖြစ်သွားအောင်လို့ပါ။ သမီးရွတ်ပြမယ်… ဖေဖေနားထောင်နော်…
၁။
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။
တဏှာစေရာ မနေသာ ဖွေရှာ ဆက်ရသည်။
၃။
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်။
၎။
တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။
ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
၆။
ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက် နီးခဲ့ပြီ။
၇။
ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြှိက်တော့သည်။
၈။
မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။
ဒါန၊ သီလ၊ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်။
၁၀။
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
ကဲ…ဖေဖေရ
မဂ္ဂင်ယာဉ်ကြီး အမြန်စီးပြီး ခရီးထွက်ဖို့ အချိန်တန်ပြီလို့ သမီး ထပ်ပြီး
သတိပေးပါရစေ။ ဖေဖေ့အပေါ် သမီး ပြောမှားဆိုမှားရှိခဲ့တာတွေအတွက်လည်း ခွင့်လွှတ်ပေးပါ
ဖေဖေ။
ဖေဖေ
ကျန်းမာရွှင်လန်းပြီး အသက်ရှင်သမျှနေ့ရက်တိုင်းမှာ ကောင်းမှုကုသိုလ်တွေ ဆထက်တိုးလို့
ပြုလုပ်ဆောင်ရွက်နိုင်ပါစေလို့ သမီးဆုတောင်းပေးနေပါတယ်။
ပျော်ရွှင်မင်္ဂလာအပေါင်းနှင့်
ပြည့်စုံသောမွေးနေ့ ဖြစ်ပါစေ... ဖေဖေ။
ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
ဇွန်မိုးစက်