ဒီဇင်ဘာဘလော့ဂ်မှသည် ... နိုဝင်ဘာနှင်းဆီသို့

Category:


Coral Reef blog လေးရဲ့ သက်တမ်းဟာ ဒီကနေ့ (၁၁) နှစ်တိတိ ပြည့်မြောက်ခဲ့ပါပြီ။ ဇွန့်ဘဝရဲ့ ထူးခြားဖြစ်စဉ်တွေတိုင်း အရေးပါလေ့ရှိတဲ့ ‘ဆယ့်တစ်’ ဂဏန်းဟာ ၂၀၂၀ မှာလည်း ပါဝင်ပတ်သက်လာခဲ့ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၁၁ လပိုင်း နိုဝင်ဘာမှာ စာအုပ်ကလေး တစ်အုပ် စီစဉ် ထုတ်ဝေနိုင်ခဲ့ခြင်းပါပဲ။ မဂ္ဂဇင်းအချို့နဲ့ ဘလော့ဂ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တဲ့ ဝတ္ထုတို (၁၂) ပုဒ်ရယ်၊ ဘယ်မီဒီယာမှာမှ မဖော်ပြရသေးတဲ့ ဝတ္ထုတိုအသစ် (၃) ပုဒ်ရယ်.... စုစုပေါင်း (၁၅) ပုဒ်ကို စုစည်းထားတဲ့ ‘ဇွန်မိုးစက်’ ရဲ့ ‘နှင်းဆီတစ်ပွင့်၏ နံနက်ခင်းနှင့် အခြားဝတ္ထုတိုများ’ စာအုပ်လေး ပေါ်ထွက်လာခဲ့ပါပြီ။

အနှစ်နှစ်အလလက ရှိနှင့်ခဲ့တဲ့ ဇွန့်အိပ်မက်ကလေးကို ကိုဗစ်ကာလ အခက်အခဲ အကြပ်အတည်းကြားမှာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအတွက် ကြည်နူးဝမ်းမြောက်ရသလို ဒီ Coral Reef blog ကိုလည်း ကျေးဇူးတဖွဖွ တင်မိပါတယ်။ ဒီဘလော့ဂ်လေးကြောင့်သာမဟုတ်ရင် ဇွန် စာတွေ အများကြီး ရေးဖြစ်မှာ မဟုတ်ပါဘူး။ အခု စာအုပ်ထဲမှာပါတဲ့ ဝတ္ထုတိုတော်တော်များများကို ဘလော့ဂ်မှာ ရေးခဲ့သလို ခေါင်းစဉ်ဝတ္ထုဟာလည်း ဘလော့ဂ်မှာ လူကြိုက်များခဲ့တဲ့ စာတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

နောက်ပြီး စာအုပ်လေးရဲ့ မျက်နှာဖုံးပန်းချီနှင့် အတွင်းပန်းချီများကို မေတ္တာဖြင့် ရေးဆွဲပေးသူများဟာ တစ်ချိန်က ဘလော့ဂ်ပေါ်မှာ စာရေးဖော်ရေးဖက် ညီအမတွေ ဖြစ်ခဲ့ကြတဲ့ အမချစ် (ချစ်ကြည်အေး) နှင့် မမေ (မေဓာဝီ) တို့ ဖြစ်နေခြင်းဟာလည်း ချစ်စရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။ အဲဒါတင် မကသေးပါဘူး။ ဇွန့်စာအုပ်လေး ထွက်ဖို့ရှိတယ်လို့ သိသိချင်း (ဘာစာအုပ်မှန်း သေသေချာချာ မသိရခင်ထဲက) ၁၀ အုပ် ယူမယ်လို့ ပထမဆုံး မှာယူအားပေးခဲ့တာ အမသက်ဝေ ဖြစ်နေပြန်ပါတယ်။ စာအုပ်လေးထွက်လာပြန်တော့ စာအုပ်အဖုံးရဲ့ theme နှင့် လိုက်ဖက်အောင် နှင်းဆီပန်းနှင့် ဓာတ်ပုံရိုက်ချင်တဲ့ ဇွန့်စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်ပေးခဲ့သူဟာ တစ်ချိန်က ‘မိုးကုတ်သား’ နာမည်နဲ့ ဘလော့ဂ်ရေးခဲ့တဲ့ ကိုဗိုခီ ဖြစ်နေတာပါ။ ဇွန့်ဘလော့ဂ်လေးကို ပထမဆုံးအသက်သွင်းဖို့အတွက် ကူညီပြောပြပေးခဲ့တာဟာလည်း ကိုမိုးကုတ်သား ဖြစ်ခဲ့တာမို့ အမှတ်တရ တိုက်ဆိုင်မှုတစ်ခုလို့တောင် ဆိုရမှာပါပဲ။

စာအုပ်ထွက်လာတဲ့အခါ ဝိုင်းဝန်းအားပေး ပရီအော်ဒါ အမှာတင်ပေးကြတဲ့ စာရေးဖော် ဘလော့ဂါမိတ်ဆွေမောင်နှမများနဲ့ ဇွန့်ဘလော့ဂ်ကို တစိုက်မတ်မတ် အားပေးဖတ်ရှုခဲ့ကြတဲ့ စာဖတ်သူမိတ်ဆွေ သူငယ်ချင်းများအားလုံးကို ချစ်ခြင်းများစွာနဲ့ ကျေးဇူးတင်မိပါတယ်။ ကုန်လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်တာအတွင်း ဇွန့်ဘဝမှာ မထင်မှတ်ထားတဲ့ အချိုးအကွေ့ ပြောင်းလဲမှုများစွာကို မောပန်းနာကျင်စွာ ရင်ဆိုင်ခဲ့ရသူမို့ စာအုပ်လေး ဖြစ်မြောက်လာခြင်းဟာ ဇွန့်အတွက် ဝမ်းသာပျော်ရွှင်စရာကို ဆောင်ယူလာတဲ့ ရှားပါးသက်မဲ့ အရာဝတ္ထုလေးတစ်ခု ဖြစ်သွားခဲ့တာပါ။

သက္ကရာဇ် ၂၀၂၀ မှာ ကိုဗစ်နိုင်တင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံး အလူးအလဲ ခံခဲ့ရတာမို့ ခါးသီးတဲ့ ခုနှစ်တစ်ခုအဖြစ် သမိုင်းဝင်သွားခဲ့ပေမယ့် ဇွန့်အတွက်တော့ ကိုယ်ထူကိုယ်ထ မှတ်တိုင်လေးတစ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် အမှတ်တရ ရှိသွားခဲ့ရလို့ အတိုင်းအတာတစ်ခုအထိ ကျေနပ်ဝမ်းမြောက်မိတဲ့အကြောင်း Coral Reef ဘလော့ဂ်လေးရဲ့ ဆယ့်တစ်နှစ်မြောက်ပို့စ်အဖြစ် ရေးသားဝေမျှရင်း... ဟိုတုန်းက စည်ကားသိုက်မြိုက်ခဲ့တဲ့ ဘလော့ဂ်ရွာလေးကို တစ်ဖန် တမ်းတ လွမ်းရ ပါတော့တယ်။

5 December 2020

10:20 PM

Saturday

P.S. ဘလော့ဂ်ပေါ်မှာ စာတွေမရေးဖြစ်တော့ပေမယ့် facebook ‌ပေါ်က ‘ဇွန်မိုးစက်’ page မှာတော့ စာတွေ ဆက်လက်ရေးသားနေပါတယ်။


Comments ( 5 )

Love you Zun...
You are a beautiful rose too... 🌹

Thank you, ama @Thet Wai. Love you too. <3

Congratulations!!!! စာအုပ်လေးသွားရှာဝယ်မယ်
မိုးငွေ့

@ ကျေးဇူးပါ မမိုးငွေ့ရေ <3

tHANK YOU