ဖတ်စာထဲက ခရီး (၂)

Category: ,

တကယ်တော့ ဖတ်စာထဲကခရီးစဉ်အကြောင်း အပိုင်း(၂) ကို မနှစ်ကတည်းက ကျွန်မရေးခဲ့သင့်သော်လည်း အကြောင်းကြောင့်မရေးဖြစ်ခဲ့။ ဒီနှစ် facebook memory မှာ ကျွန်မသွားခဲ့သောခရီးစဉ်လေးပြန်ပေါ်လာမှ အမေရိကန်ပြည်ထောင်စု၊ မင်နီစိုးတား (Minnesota) ပြည်နယ်မှ ဟိုးလ်ဒင်းဖို့ဒ် (Holdingford) အမည်ရသော မြို့ငယ်လေးကို အရောက်သွားခဲ့သည့်အကြောင်းရေးရန် ကျန်နေပါသေးလားဟု သတိရသွားခဲ့သည်။ ကျွန်မ၏ မှတ်စုစာအုပ်သေးသေးလေးထဲက ပထမဆုံးနေရာကိုသွားကြည့်ခွင့်ရပြီး နောင်ခြောက်နှစ်အကြာမှာ ဒုတိယမြောက်နေရာသို့ ကျွန်မ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း (၅၀) ရှိသည့်အနက် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိသော မင်နီစိုးတားပြည်နယ်ကို တကူးတကသွားကြည့်ချင်အောင် လှုံ့ဆော်ခဲ့သောပင်မရင်းမြစ်မှာ ‘ဂစ်ရစ်ဆင်ကိုင်လာ’ (Garrison Keillor) ရေးသားခဲ့သော ‘ပရေရီ (ဝေါဘီဂွန်) မြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ (Lake Wobegon Days) ဟူသော စာတစ်အုပ်ကြောင့်ဖြစ်သည်။ အဲ့သည်စာအုပ်လေးကို ကျွန်မ စတုတ္ထတန်းနှစ်မှာ အမေရိကန်သံရုံးမှဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်မ၏ဦးလေးတော်စပ်သူက အမေ့ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ စာဖတ်ဝါသနာအရင်းခံရှိသော ကျွန်မသည် နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်စင်ပေါ်မှ အမေလက်ဆောင်ရထားသော ‘အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီ၏ရုပ်ပုံလွှာ’ အတ္ထုပတ္တိနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဖွယ်နေ့များ’ စာအုပ်နှစ်အုပ်စလုံးကို စတင်မြည်းစမ်း ဖတ်ကြည့်ခဲ့သည်။ အဲ့သည်အချိန်က ရုပ်ပြကာတွန်းများသာအဖတ်များပြီး ဘာသာပြန်စာအုပ်ကို စစကိုင်ချင်းမို့ ကျွန်မအတွက် စာလေးပေလေးကြီးလိုဖြစ်နေရကား ဖတ်ရမသွက်သောကြောင့် နှစ်အုပ်လုံးကိုပြီးအောင် ဆက်မဖတ်နိုင်ခဲ့။


ဉ္စမတန်းနွေရာသီကျောင်းပိတ်ရက်မှာ ဝေါဘီဂွန်စာအုပ်ကို ကျွန်မ ကြိုးစားထပ်ဖတ်သည်။ အရင်ကထက် နဲနဲပိုဖတ်လို့ရလာသည်။ ဖတ်ရင်းဖတ်ရင်းနှင့် ကျွန်မ နှစ်ခြိုက်လာသည်။ ဆမတန်းကျောင်းပိတ်ရက်မှစ နောင်နှစ်စဉ်နွေကျောင်းပိတ်ရက် ရောက်သည့်အခါတိုင်း ဂယ်ရစ်ဆင်ကိုင်လာ၏စာအုပ်ကို ကျွန်မအမြဲဖတ်သည်။ သည်လိုနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ စာအုပ်သည် ကျွန်မဖတ်ခဲ့ဖူးသမျှစာအုပ်အားလုံးထဲတွင် အကြိမ်အရေအတွက်အများဆုံး စာရင်းဝင်သွားခဲ့သည်။ ကျွန်မက စာအုပ်ဖတ်နေရင်း တခစ်ခစ်ရယ်နေသဖြင့် မောင်လေးကလည်း စိတ်ဝင်တစားရှိလာကာ သူပါ အဲ့သည့်စာအုပ်ကို လိုက်ဖတ်သည်။ သူလည်း သဘောကျသွားပုံပေါ်ပါသည်၊ သူနှစ်သက်ရာအခန်းများကို မကြာခဏ ရွေးဖတ်လေ့ရှိရုံသာမက သူအနှစ်သက်ဆုံးအခန်းကိုလည်း ခဲတံဖြင့်အမှန်ခြစ် ခြစ်ထားခဲ့သည်။  စာအုပ်လေးခမျာ ကျွန်မတို့မောင်နှမနှစ်ယောက်လက်ထဲမှာပင် အတော်ဟောင်းနွမ်းသွားခဲ့ရှာသည်။

တကယ်တော့ စာရေးဆရာဂယ်ရစ်ဆင်ကိုင်လာသည် ကျွန်မတို့ငယ်စဉ်က ရုပ်မြင်သံကြားတွင် လူကြိုက်များသော ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်သည့် ‘A Little House on the Prairie’ ၏ မူလပဲ့ကိုင်ရှင်ဖြစ်သည်။ ၁၉၇၄ခုနှစ်တွင် အမေရိကန်နိုင်ငံတ၀ှမ်း ရေဒီယိုအသံလွှင့်ဇာတ်လမ်းအဖြစ် စီစဉ်တင်ဆက်ခြင်းကို ပရိသတ်များအကြိုက်တွေ့သဖြင့် နောက်ပိုင်းတွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ် ဆက်လက်ထုတ်လွှင့်ရာ တခဲနက်အောင်မြင်မှုရခဲ့ပြန်သည်။ ‘ဝေါဘီဂွန်နေ့များ’ စာအုပ်သည် သူရေးသားခဲ့သော ဇာတ်လမ်းများထဲမှ ကောင်းနိုးရာရာကို စုစည်းပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မြန်မာဘာသာပြန်ဆရာ ‘မဟာမိ’ ၏ ပြန်ဆိုမှုအောက်တွင် စာအုပ်လေးသည် ဆေးစက်ကျရာအရုပ်ထင်သောဇာတ်ကောင်များနှင့် ရုပ်လုံးကြွအသက်ဝင်ခဲ့ပြီး စာအုပ်ထဲတွင်ဖန်တီးထားသော ဝေါဘီဂွန်မြို့နှင့်မြို့သူမြို့သားများကို သွားကြည့်ချင်စိတ်ပေါ်အောင် ကျွန်မကို ထူးခြားစွာ ဆွဲဆောင်နိုင်ခဲ့သည်။ စိတ်ကူးယဉ်ဝေါ်ဘီဂွန်မြို့သည် တော့တိုးကျန်စာအုပ်ထဲက မီးရထားတွဲစာသင်ခန်းလို ပြင်ပမှာအမှန်တကယ် မတည်ရှိခဲ့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မ အမေရိကန်ပြည်ထောင်စုသို့ရောက်ခဲ့လျှင် စာအုပ်ထဲကမြို့နှင့် အနီးစပ်ဆုံးတည်ရှိသည့်နေရာသို့ ရောက်အောင်သွားမည်ဟု ပြင်းပြသောဆန္ဒ ထိုစဉ်ကတည်းက ဖြစ်တည်ခဲ့သည်။

၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၂ ရက် ဆောင်းဦးပေါက်ရာသီတွင် Delta လေကြောင်းလိုင်းဖြင့် ၀ါရှင်တန်ဒီစီလေဆိပ်မှ မင်နီစိုးတားပြည်နယ် မင်နီယာပိုလစ္စ်/စိန့်ပေါလ် လေဆိပ်သို့ ကျွန်မရောက်ရှိခဲ့သည်။ လေယာဉ်ပေါ်ရောက်ကတည်းက လေယာဉ်စီးခရီးသည်များ၏ ထူးခြားသောရုပ်ဆင်းသာန်ကို သတိပြုမိသည်။ အဲ့သည့်ခရီးစဉ်မတိုင်မီက အမေရိကန်အရှေ့ခြမ်းမှနေပြည်တွင်းလေကြောင်းလိုင်းအသီးသီးဖြင့် အနောက်ဘက်ရှိကယ်လီဖိုးနီးယားပြည်နယ်နှင့် တောင်ပိုင်းရှိတက္ကဆက်ပြည်နယ်များကို ခရီးနှင်ခဲ့ဖူးသည်။ ထိုစဉ်အခါက ကျွန်မ၏ရှေ့နောက်ဝဲယာတွင် ထိုင်နေကြသော ခရီးသည်များ၏ အသားအရောင်မျက်နှာပေါက်များသည် အာရှ၊ ဥရောပ၊ လက်တင်အမေရိက သွေးပေါင်းစုံနှောထားခြင်းခံရသော သူလိုကိုယ်လို အမေရိကန်ကပြားများ၏ ရုပ်ရည်များပင်။ မင်နီစိုးတားပြည်နယ်သို့သွားသောခရီးစဉ်တွင်မူ လေယာဉ်ပေါ်တွင်လိုက်ပါလာသောလူအများစုသည် အသားဖြူလျော်လျော်၊ မျက်နှာနီစပ်စပ်နှင့် အအေးထူကဲသော ဥရောပမြောက်ပိုင်းမှ စကဲန်ဒီနေးဗီးယားနိုင်ငံသူနိုင်ငံသားများ၏ မျက်နှာမျိုးဖြစ်နေသည်။ အင်းလေ… အဲသည့်ပြည်နယ်ကို ပထမဆုံးအခြေချခဲ့သည်လူမျိုးများသည် နော်ဝေးနိုင်ငံသားများဖြစ်သည်ဟု စာအုပ်ထဲမှာ ဖော်ပြထားသည် မဟုတ်ပါလား။

စက်တင်ဘာလ ၂၃ရက်တွင် စာရေးဆရာဇာတ်အိမ်ဖွဲ့တည်ရာ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ Google Map ၏ အကူညီဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့သည်။ မင်နီစိုးတားခရီးစဉ်မသွားခင် အင်တာနက်မှနေ ဂယ်ရစ်ဆင်ကိုင်လာနှင့်သူ့စာအုပ်အကြောင်းရှာဖတ်ရင်း သူစိတ်ကူးဖြင့် ဖန်တီးခဲ့သောမြို့သည် ဟိုးလ်ဒင်းဖို့ဒ်နှင့် အနီးစပ်ဆုံးတူညီကြောင်း တွေ့ရှိသွားခဲ့သည်။ စာအုပ်ထဲတွင်ပါသော မင်နီယာပိုလစ်္စ၊ စိန့်ပေါလ်၊ စိန့်ကလောက်၊ စိန့်ဂျိုးဇက်ဖ်၊ အေဗွန်၊ အယ်လ်ဘာနီ၊ ဖရီးပို့တ် မြို့များအားလုံးကိုလည်း ဂူဂဲလ်မြေပုံမှာ ကျွန်မရှာတွေ့သည်။

ဟိုးလ်ဒင်းသည် အိမ်ခြေ(၃၀၀)ကျော်၊ လူဦးရေစုစုပေါင်း(၇၀၀)ခန့်သာရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည်။ လူဦးရေ၏(၉၇)ရာခိုင်နှုန်းသည် ဥရောပတိုက်မြောက်ပိုင်းမှဆင်းသက်လာသော လူဖြူမျိုးနွယ်စုများဖြစ်ကြသည်။ မြို့လေးကိုကားဖြင့်တစ်ပတ်ကြည့်ပြီး သန့်စင်ခန်းဝင်ရန် ကုန်စုံဆိုင်လေးတစ်ဆိုင်ရှေ့မှာ ရပ်နားသည်။ ထိုကုန်စုံဆိုင်လေး၏အရောင်းကောင်တာတွင် ရပ်နေသောလူငယ်လေးသည် စာအုပ်ထဲမှ ဂယ်ရီ့စကားဖြင့်ညွှန်းဆိုရလျှင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းကိုကိုယ်စားပြုသော ကျေးလက်တောသားအသွင်ကို သိသိသာသာဆောင်နေသည်။ အိမ်တစ်အိမ်ရှေ့တွင် နေပူစာလှုံနေသော အဖိုးအိုးတစ်ဦး၏ ခေတ်နောက်ပြန်ဆွဲသော မျက်လုံးများသည် တနယ်တကျေးကလာသော အာရှတိုက်သားကျွန်မကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ စာအုပ်ထဲမှာဖော်ပြထားသော ရာ့ဖ်ကုန်စုံဆိုင်နှင့် ဘန်ဆင်မော်တော်ကားရောင်းဝယ်ရေးဆိုင်များရှိလေမလားဟု ကျွန်မရှာကြည့်သော်လည်း မတွေ့ခဲ့ပါ။

သို့သော် 'Gateway to Lake Wobegon' ဆိုသည့် ဆိုင်းဘုတ်ကြီးကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုဆိုင်းဘုတ်ရှေ့တွင် ကျွန်မယူဆောင်သွားခဲ့သော မူရင်းနှင့်ဘာသာပြန်စာအုပ်နှစ်အုပ်ချပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည်။ ဟိုးလ်ဒင်းဖို့ဒ်မှအပြန် စိန့်ကလောက်မြို့တွင် နေ့လယ်စာဝင်စားခဲ့သည်။ စာအုပ်ထဲက တိုနီဟုအမည်ရသော ဝေါဘီဂွန်မြို့သားဇာတ်ကောင်တစ်ဦးနှင့် ဂွတီးဂွကျသူ့ဆွေမျိုးတောသားတစ်အုပ် စိန့်ကလောက်မြို့သို့ ပထမဆုံးအကြိမ်ရောက်လာပုံအခန်းကို ပြန်လည်မြင်ယောင်ရင်းပြုံးမိသည်။ ကျွန်မ၏ ဝေါဘီဂွန်ခရီးစဉ်လေး အတော်အသင့် ပြည့်စုံခဲ့ပြီဟု ဆိုနိုင်ပါသည်။

ဂယ်ရစ်ဆင်ကိုင်လာသည် အမေရိကားတိုက်/အမေရိကန်ပြည်ထောင်စုကို သူများနှင့်မတူသောအမြင်ဖြင့် ကြည့်တတ်မြင်တတ်အောင် ကျွန်မကို မိတ်ဆက်ပေးခဲ့သည်။ ဝေါဘီဂွန်စာအုပ်ကြောင့် ကျွန်မအလယ်တန်းကျောင်းသူဘ၀ထဲကပင် အမေရိကန်နိုင်ငံကို အကြိမ်ကြိမ်ရင်းနှီးခဲ့သည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးပေါင်းစုံတို့ ပြောင်းရွှေ့အခြေချနေထိုင်ရာ နိုင်ငံကြီးတစ်နိုင်ငံသို့ ရောက်ရှိခဲ့သော မူလဇာတိဇစ်မြစ်ဘိုးဘွားများ၏ ခံယူချက်၊ သဘောထားတို့ကို စာအုပ်ထဲမှတဆင့် ကျွန်မဖောက်ထွင်းသိမြင်ခွင့်ရခဲ့သည်။ လက်ရှိတိုးတက်ထွန်းကားနေသောအခြေအနေနှင့် ကွာဟဒွန်တွဲစွာတည်ရှိနေသော အမေရိကန်ပြည်ထောင်စု၏ လူသိမများလှသော သမိုင်းတစိတ်တပိုင်းကို လေ့လာမှတ်သားခဲ့ရသည့်အတွက် ထိုစာအုပ်လေးဖတ်ခွင့်ရခြင်းကို ကျွန်မ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။

ကျွန်မရင်တွင်းမှာ အနှစ်အနှစ်အလလ ကိန်းအောင်းခဲ့သော ဆန္ဒတစ်စုံကို အောင်မြင်စွာ အကောင်ထည်ဖော်ခွင့်ရခြင်းအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရသလို၊ ကျွန်မ ဖတ်(ခဲ့ဖူးသော)စာများထဲက ဒုတိယမြောက်နေရာဖြစ်သော အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းရှိ မင်နီစိုးတားပြည်နယ်က ဝေါဘီဂွန်တစ်ဖြစ်လဲ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်အရောက်သွားပြီး ခြေချခွင့်ရခြင်းသည် ကျွန်မ၏အမေရိကားခရီးစဉ်ပန်ချီးကားတစ်ချပ်ကို ပိုမိုပြည့်စုံအောင် ဆေးခြယ်ဖြည့်စွက်လိုက်သကဲ့သို့ပင် ရှိပါတော့သည်။

ဇွန်မိုးစက်
၂၂ စက်တင်ဘာ ၂၀၁၉
နေ့လယ် ၁နာရီး ၅၂မိနစ်

ဖတ်စာထဲက ခရီး (၁)

Comments ( 2 )

အတော် စာဖတ် ကျေ တဲ့ ၅ တန်းကျောင်းသူပဲ.. တော်ယုံစိတ်ဓါတ်တော့ မဟုတ်ဘူး..ငါးတန်းထဲက စာအုပ်ကို ပါ အပါ ယူသွားနိုင်တာ :)

ငယ်ငယ်ကမှတ်ဉာဏ်လည်းကောင်း၊ အစွဲအလန်းကလည်း အရမ်းကြီး၊ စိတ်ကူးလည်းယဉ်တတ်တော့ စာအုပ်တွေက အသက်ဝင်ဝင်လာတာ မကေရေ။ အသက်ကြီးမှဖတ်ဖြစ်တဲ့စာအုပ်တွေကို အဲသလောက်မမှတ်မိတော့ ခုဆိုစာမကျေနိုင်တော့ဘူးလို့ပဲ ပြောရမယ်ထင်တယ်။ :D