Showing posts with label Thoughts/Views. Show all posts
Showing posts with label Thoughts/Views. Show all posts

မြစ်ကြီး ဧရာဝတီ

10

Category: ,


(၁)

ဆရာမောင်ထွန်းသူက အမေရိကန်စာရေးဆရာ မတ်ခ်တွိန်း၏ မစ္စစ္စပီမြစ်ကြောင်းတစ်လျှောက် ရေနွေးငွေ့သင်္ဘောမောင်းနှင်လိုက်ပါရင်း ရရှိခဲ့သော မစ္စ္စစ္စပီမြစ်ဝန်းကျင်နှင့် ဘ၀အတွေ့အကြုံများအကြောင်း အမှတ်တရစာအုပ်ကို ”မြစ်ကြီး မစ္စစ္စပီ” အမည်ဖြင့် ဘာသာပြန်ဆို ရေးသားခဲ့ပါသည်။ ထိုစာအုပ်အမှာစာတွင် ဆရာက အချိန်လည်းပေးနိုင်မည်၊ အသက်ရှည်ကျန်းမာရေးလည်း ကောင်းနေပါလျှင် မတ်ခ်တွိန်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ အထင်ကရနှင့် အဓိကအကျဆုံးသော မြစ်တစ်စင်းဖြစ်သည့် ”ဧရာဝတီ” ကို အောက်မှအထက်သို့ဆန်တက်ပြီး မြစ်ကြောင်းတစ်လျှောက် အတွေ့အကြုံများကို  “မြစ်ကြီး ဧရာဝတီ” ဟု ခေါင်းစဉ်ပေးပြီး စာတစ်အုပ် ရေးသားပြုစုချင်သော ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ကျွန်မကိုယ်၌ကလည်း စာရေးဝါသနာပါသည်ကတစ်ကြောင်း၊ ငယ်စဉ်ကလေးဘ၀က အဖေစက်ဦးစီးချူပ်ဖြင့် မောင်းနှင်သော သင်္ဘောကို အောက်မြန်မာပြည် ရန်ကုန်တစ်ဝိုက်မှ အထက်ပြည် မန်းစက်တော်ရာ ရောက်သည်အထိ ရက်ရှည်ခရီး စီးနင်းလိုက်ပါခဲ့ဖူးသည်ကတစ်ကြောင်း၊ မြစ်ကြီးမစ္စစ္စပီစာအုပ်ထဲမှာ ပြောပြသွားသော မတ်ခ်တွိန်း၏ မြစ်ကြောင်းတစ်လျှောက် အတွေ့အကြုံများကို သဘောကျမိသောကြောင့်လည်းကောင်း အကယ်၍များ ဆရာမောင်ထွန်းသူက အကြောင်းကြောင်းကြောင့် “မြစ်ကြီး ဧရာဝတီ” ကို စာတစ်အုပ်အဖြစ် ပြုစုရေးသားခွင့် မရခဲ့လျှင် ကျွန်မ ရေးသားမည်၊ ကျွန်မရေးသားချင်သည်ဟု တိတ်တခိုးဆန္ဒ ဖြစ်ပေါ်ခဲ့မိပါသည်။ သို့သော်…

(၂)

သို့သော်… တစ်ကြိမ်တစ်ခါ ရှိခဲ့ဖူးသော ကျွန်မ၏အိပ်မက်ဆန္ဒများ အကောင်အထည်ဖော်ခွင့်မရဘဲ ပျောက်ကွယ်သွားတော့မည်လားဟု စိုးရိမ်ပူပန်ရသော အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ လူတစ်ဦးတစ်ယောက်တည်းနှင့်မရဘဲ တစ်မျိုးသားလုံး ကယ်တင်ပါမှ အသက်ရှင်နိုင်မည့် မြစ်ကြီးဧရာဝတီ၏ အဖြစ်ကို တွေးမိလေတိုင်း ၀မ်းနည်းဒေါသ ယူကျုံးမရ ဖြစ်ရပါသည်။

(၃)

ကချင်ပြည်နယ်မြစ်ဆုံဒေသမှာ ရေကာတာဆောက်တော့မည်ဖြစ်သောကြောင့် မြစ်ဆုံ၏အလှအပများကို မြင်တွေ့ခွင့်ရနိုင်တော့မှာ မဟုတ်ကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့်ကြားခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က။ အဲဒီအချိန်ထိ မြစ်ဆုံ၏ သဘာဝအလှအပကို ထိခိုက်စေသော အကြောင်းတစ်ရပ်အနေဖြင့်သာ တွေးမိကာ နှမြောတသ ဖြစ်ခဲ့သော်လည်း ဆည်တည်ဆောက်မှုကြောင့် မြစ်အောက်ပိုင်းနှင့် ဧရာဝတီတစ်ကြောလုံးကို ထိခိုက်နစ်နာစေမည့် ဆိုးကျိုးများအကြောင်းကို မသိခဲ့။ ယခုသိလိုက်ရသော အချိန်မှာ အတန်ပင် နောက်ကျနေပြီလား။ သေချာသည်ကတော့ ဧရာဝတီကို ချစ်မြတ်နိုး အဆုံးရှုံးမခံနိုင်သော မြန်မာပြည်သူပြည်သားများအားလုံး၏ စိုးရိမ်ပူပန်မှုတွေက အထွဋ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း မြစ်ဆုံစီမံကိန်းကို သဘောမတူ ကန့်ကွက်ကြောင်း အင်တာနက်မှနေ၍ လက်မှတ်ရေးထိုးနိုင်သည့် Online Petition Website များ၊ ဧရာဝတီကို ထာဝရရှင်သန်စေလိုသော အဖွဲ့များ ပေါ်ပေါက်လာကာ မြစ်ဆုံစီမံကိန်း ရပ်တန့်ပြီး ဧရာဝတီ ဆက်လက်ရှင်သန် စီးဆင်းရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်သူများ ရှိလာကြခြင်းဖြစ်သည်။

(၄)

သို့ပေမယ့် လက်မှတ်အရေအတွက်၊ တက်ကြွမှုအရေးကိစ္စနှင့် ပတ်သက်ပြီး ကျွန်မစိတ်ထဲ မချင့်မရဲ ဖြစ်မိတာတွေရှိသည်။ ယခုအနေအထားနှင့်ဆိုလျှင် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေထိုင်ကြသော မြန်မာလူမျိုးအရေအတွက် မနည်းလှသော်လည်း အွန်လိုင်းပီတီရှင်းမှာ မူလသတ်မှတ်ထားသော ဆိုင်းထိုးသည့် အရေအတွက် ၁,၀၀၀ ပြည့်ရန် တစ်လကြာအောင် စောင့်ရသည်။ ဒါတောင် လက်မှတ် ၁,၀၀၀ လုံး မြန်မာနိုင်ငံသားများ ရေးထိုးထားခြင်းမဟုတ်။ ရက်အစောပိုင်းမှာ အခြားနိုင်ငံသားတွေ လာရောက် ရေးထိုးထားကြခြင်းဖြစ်သည်။ အွန်လိုင်းမှာ ဆိုင်းထိုးလျှင် နာမည်အမှန်မပေးချင်လည်းရသည်၊ နိုင်ငံအမှန် မပေးချင်လည်း ရသည်။ မြန်မာပြည်တွင်းက ဦးကျော်သူတို့လို နိုင်ငံသား မှတ်ပုံတင်အမှတ်နှင့်တကွ ရေးထိုး ဖော်ပြစရာမလို။ နာမည် မဖော်ပြလိုလျှင်လည်း ရသည်။

မြန်မာလူမျိုးနှစ်သိန်းနီးပါးရှိသော စင်္ကာပူနိုင်ငံတွင်လည်း ယခုအချိန်အထိ “လမ်းပြကြယ်” မှ ကောက်ခံရရှိသော လက်မှတ်ပေါင်းမှာ ၄၀၀ ကျော်သာရှိသေးသည်။ မသိလို့ မထိုးတာလား၊ သိရက်နဲ့ တစ်စုံတစ်ရာကိုကြောက်လို့ လျစ်လျူရှုထားတာလား၊ လက်မှတ်ထိုးရုံနဲ့ မြစ်ဆုံဆည် အရေးကိစ္စ ပျက်ပြယ်မသွားနိုင်ဟု အတွေးရှိနေသောကြောင့်လား…။ အဝေးမှနေ၍ လက်မှတ်တစ်ခုထိုးဖို့ကိုသော်မျှ တွန့်ဆုတ်တွေဝေ နှောင့်နှေးတတ်သော လူမျိုးကြားက မြစ်ဆုံနှင့် ဧရာဝတီ ဆုံးရှုံးပျောက်ကွယ်ခြင်းသည် အံ့သြစရာမကောင်းကြောင်း သားမြေးမြစ်တို့လက်ထက်တွင် ပြောစမှတ်တွင် ကျန်ရစ်ရုံသာ။

တကယ်တော့ ဧရာဝတီကို ကာကွယ်ခြင်းသည် တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု အာဏာရအောင် ကူညီထောက်ပံ့သော နိုင်ငံရေး ပြုလုပ်ခြင်းမှ မဟုတ်ဘဲ။ နိုင်ငံရေးနှင့် တစ်မျိုးသားလုံးအရေးကိုတော့ သေသေချာချာ ခွဲခြားနားလည်နိုင်ရမည်။ ဒီလိုကိစ္စမျိုးက ကိုယ်လုပ်လို့လည်း မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူးဟူသော စစ်မရောက်ခင် မြှားကုန်သည့် အတွေးမျိုး ၀င်နေလျှင်တော့ အောင်မြင်မှုရာခိုင်နှုန်း နည်းသွားပါလိမ့်မည်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်သော်လည်း နှမ်းစေ့တွေ အများကြီးဖြစ်လာလျှင် ဆီဖြစ်လာပါလိမ့်မည်။ ကိုယ်တိုင်က နှမ်းတစ်စေ့အနေနှင့် ပါဝင်အားထုတ်ရန်သာ လိုအပ်ပါသည်။ 

(၅)

တကယ်ဆို ဟိုး… မြန်မာပြည်မြောက်ဖျားက မေခနှင့် မလိခ မြစ်နှစ်သွယ် ပေါင်းဆုံယှက်နွယ်ရာမှ ဖြစ်ပေါ်လာသော ဧရာဝတီသည် ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံး၏ ကျေးဇူးရှင် ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှထွက်သော ဆန်စပါးများကို စားသုံးပြီး ကျွန်မတို့ ကြီးပြင်းလာကြသည် မဟုတ်ပါလား။ မြန်မာပြည်မှာမွေး၍ ထမင်းစားဖူးသူတိုင်း ဧရာဝတီ၏ ကျေးဇူးနှင့် မကင်းပါ။ မြန်မာပြည်ကို မိခင်တစ်ဦးအနေနှင့် တင်စားမည်ဆိုပါက ဧရာဝတီသည် ထိုမိခင်၏ နို့ချိုထွက်ရာ သားမြတ်ဖြစ်သည်။ မြစ်ဆုံသည် ထိုမိခင်၏ လည်တိုင်ထက် ၀တ်ဆင်ထားသော လှပအဖိုးထိုက်တန်သော ပတ္တမြားလည်ဆွဲပမာ ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် မြစ်ဆုံနှင့်ဧရာဝတီကို ချစ်မြတ်နိုးတန်ဖိုးထားကြသော ကျွန်မတို့ မြန်မာပြည်သူ ပြည်သားများအားလုံး ပေါင်းစုညီညာ တွဲလက်ဖြာ၍ ဧရာဝတီ၏ ကျေးဇူးကို မြစ်ဆုံနှင့်တကွ ဧရာဝတီမြစ်ကြီး မတိမ်ကော၊ မပျက်စီးအောင် စောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့် ကာကွယ်ကြပါစို့လား။

ဤကမ္ဘာမြေတွင် မြန်မာပြည် တည်ရှိနေသရွေ့ မြစ်ကြီးဧရာဝတီကိုလည်း အစဉ်ထာဝရ ရှင်သန်စီးဆင်းစေချင်သည်မှာ ကျွန်မတို့အားလုံး၏ ထပ်တူညီသော ဆန္ဒဖြစ်မည်ဟု ကျွန်မ ယုံကြည်လျက်ရှိနေဆဲ...။

 
ဇွန်မိုးစက်

ရိုင်ယန်

4

Category: ,

ဇွန်မြန်မာပြည်ခရီးက ပြန်ရောက်ပြီး ရုံးပြန်တက်တဲ့အခါ ဇွန်တို့ဌာနမှာ ရုံးအကူဝန်ထမ်းအသစ်တစ်ဦး ရောက်နေပါတယ်။ သူက စလုံးပေါက် တရုတ်လူမျိုး ရိုင်ယန် (Ryan) ပါ။ ဖော်ရွေသွက်လက်တဲ့ လူငယ်တစ်ဦးလို့ မှတ်ချက်ပေးလို့ရပါတယ်။ သူ့စကားသံကြားမိတဲ့အခါမှာတော့ သူဟာ ပုံမှန်မဟုတ်ဘူးဆိုတာ စိတ်ထဲက အလိုလို သိနေပါတယ်။ အမှန်တကယ်လည်း သူရဲ့ဉာဏ်ရည်က သာမန်ထက် သိသာစွာ နည်းပါးနေပါတယ်။ သူ့ကို အများကြီးအလုပ်ပေးလို့ မရပါဘူး။ တစ်ခါပြောပြပြီးရင် ခဏလေးနဲ့ မေ့သွားတတ်လို့ ခဏခဏပြန်မေး၊ အခေါက်အခေါက်အခါခါ ရှင်းပြနဲ့ အတော်စိတ်ရှည်ရပါတယ်။ သူလိုလူမျိုးကိုမှ ဘာကြောင့်ခန့်ထားတာလဲလို့ မေးကြည့်မိတဲ့အခါ၊ ခန့်ထားတာ မဟုတ်ဘဲ… သူ့မိဘများက သူ့သားတစ်ခြားမှာ အလုပ်သွားဝင်ရင် အနိုင်ကျင့်ခံရမှာစိုးတဲ့အတွက် သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ဇွန်တို့ သူဌေးရဲ့ ကုမ္ပဏီမှာ လာအပ်ထားတဲ့ သဘောပါ။ ရေရှည်မဟုတ်ဘဲ ယာယီအနေနဲ့ လက်ခံထားတာလို့ သိရပါတယ်။

တကယ်တော့ သူ့မိဘများဟာ အလွန်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူနဲ့ထမင်းအတူသွားစားရင်း၊ စကားပြောရင်းနဲ့ သူ့အကြောင်းတွေ သိလာတဲ့အခါ ဇွန့်ကို ပြန်ပြောပြကြပါတယ်။ သူ့အိမ်က Botanical Garden အနီးက Tanglin ရပ်ကွက်မှာ ရှိပါတယ်။ သူက ဟော်ကာစင်တာ (Hawker center) တွေမှာ ထမင်းစားလေ့မရှိဘဲ သူ့မိဘတွေနဲ့အတူတူ restaurant တွေမှာပဲ အမြဲစားနေကြမို့  food court က အစားအသောက်တွေ မကြိုက်ဘူးပါတဲ့။ သူ့အမေက Ferrari မောင်းပြီး၊ သူ့အဖေက Rolls-Royce စီးပါတယ်။ ကားတွေကို ဖုန်းကင်မရာကတစ်ဆင့် ဇွန်တို့ကို ပြပါသေးတယ်။ စင်္ကာပူမှာ ဒီလို ကား၂စင်းပိုင်တဲ့ အနေအထားမှာ သူတို့ကြွယ်ဝမှုအတိုင်းအတာကို ခန့်မှန်းလို့ ရပါတယ်။ ဒါတောင် သူ့ဘေးခြံက အိမ်နီးချင်းက Porsche မောင်းတာကို သူက အားကျနေသေးတာတဲ့။ လာမယ့်မေလကျရင် ဥရောပကို ဟောလီးဒေးလ်ခရီးထွက်ဦးမယ်လို့ ပြောပါတယ်။ သူ့ကို ကြည့်ရတာ ဘ၀ကို မပူမပင် မကြောင့်မကျနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေရလို့ တစ်ခြား S’porean Colleague တွေကတောင် သူ့လိုဘ၀မျိုး ရချင်လိုက်တာလို့ ပြောလာကြတဲ့အထိပါပဲ။ 

သူ့ကိုကြည့်ပြီး… ဇွန်တွေးမိလိုက်တာရှိပါတယ်။ သူဟာ အတိတ်ဘ၀က ဒါနအားကောင်းခဲ့လို့  ခုဘ၀မှာ ချမ်းချမ်းသာသာ နေထိုင်ရတယ်။ ဒါပေမဲ့ ဉာဏ်ရည်မှာတော့ အများနည်းတူမရှိဘဲ နိမ့်ကျနေတာ သူလှူခဲ့စဉ်အခါက ဉာဏ်ပညာမစိုက်ဘဲ ဒါနပြုခဲ့တဲ့အတွက်ကြောင့်ဆိုတာကိုပါ။ သူပြုခဲ့သော ဒါနများဟာ လောကအတွက်၊ သာသနာအတွက် ကျေးဇူးမများသော ဉာဏ်မယှဉ်တဲ့ ဒါနများဖြစ်ခဲ့အတွက် ယခုဘ၀မှာ ဥစ္စာပစ္စည်း ပြည့်စုံကုံလုံသော်ငြား ဉာဏ်နည်းပါးတဲ့ သူဖြစ်ရတယ်လို့ ဆရာတော် အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်မှာ ရေးသားထားတာကို အမှတ်ရမိပါတယ်။ 

ဒီလိုပုဂ္ဂိုလ်တွေဟာ ဒွိဟိတ်ဉာဏ်ယှဉ်ပြီး မွေးလာသူတွေဖြစ်တဲ့အတွက် ဒီဘ၀မှာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်အားထုတ် တရားထူးတရားမြတ် မရနိုင်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ ဒါနပြုတဲ့အခါ ဉာဏ်ယှဉ်ပြီးလှူဖို့ အလွန်အင်မတန်မှ အရေးကြီးဆိုတာ ထပ်တွေးမိပါတယ်။ လှူတဲ့အခိုက်အတန့်လေးမှာ အများကြီးအာရုံစိုက်စရာမလိုဘဲ “နိဗ္ဗာန်နဿ ပစ္စယောဟောတု”  လို့သာ အာရုံစိုက်လိုက်နိုင်ရင် ကိုယ်လှူလိုက်တဲ့ဒါနက နိဗ္ဗာန်ရောက်သည်အထိ အထောက်အပံ့ပေးသွားမှာပါ။ ဒီအချက်က သဒ္ဓါတရား အလွန်ထက်သန်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထူးဂရုပြုသင့်တဲ့အချက်လို့ ဇွန်မြင်ပါတယ်။ လှူတဲ့အခါမှာလည်း အများသူငါတိုက်တွန်းလို့ လှူရတာထက် ကိုယ်တိုင်ကိုယ်ကျ စေတနာသုံးတန်ပြဌာန်းပြီး စိတ်နှလုံးကြည်ကြည်လင်လင်နဲ့ နိဗ္ဗာန်ရောက်ကြောင်း ရည်စူးပြီးလှူဒါန်းနိုင်ရင်ဖြင့် အလှူရှင်အတွက် သိပ်ကိုအကျိုးများသွားမှာ အသေအချာပါ။ 

သူငယ်ချင်းမိတ်ဆွေ စာဖတ်သူများအားလုံးလည်း နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကျန်းမာစွာဖြင့် ဉာဏ်ယှဉ်သော ဒါနများကို ပြုနိုင်ပါစေလို့ ဇွန်က ဒီပို့စ်လေးနဲ့ နှစ်သစ်ဆုတောင်းခြွေလိုက်ပါတယ်။


ဇွန်မိုးစက်
------------------------------------------------------------------------------------------------------------------------
ဒွိဟိတ်ပုဂ္ဂိုလ် - အလောဘနှင့်အဒေါသ ၂ပါးယှဉ်၍ ဒါနပြုခဲ့သော်လည်း အမောဟ (ပညာ) ဉာဏ် မစိုက်ခဲ့သူ
တိဟိတ်ပုဂ္ဂိုလ် - အလောဘ၊ အဒေါသ၊ အမောဟ (ပညာ) သုံးပါးယှဉ်၍ လှူဒါန်းခဲ့သူ (တိဟိတ်ပုဂ္ဂိုလ်များဟာ ယခုဘ၀မှာတင်ပဲ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးရသည်အထိ အားထုတ်နိုင်သူများ ဖြစ်ပါတယ်)

ကျမ်းကိုး - အဘိဓမ္မာ

ဟိုဟို...ဒီဒီ...

11

Category:

မဲလ်ဝဲစွဲမစွဲ စစ်မနေတော့ဘဲ လင့်ခ်တွေအားလုံး ပြန်ချိတ်လိုက်ပြီ။း) virus attack လုပ်ခံရပြီး လင့်ခ်ပျောက်သွားတဲ့ ဘလော့ဂ်တစ်ချို့ကလွဲလို့ အရင်ချိတ်ထားခဲ့တဲ့ ဘလော့ဂ်တွေအကုန် ပြန်ချိတ်လိုက်ကြောင်း အသိပေးလိုက်ပါတယ်။ 

ခုတလောအလုပ်မှာ stress တွေ သိပ်များတယ်။ stress ရတော့ ပိုစားမိတယ်။ ကိုယ်က စိတ်ဖိစီးမှုများရင် အစားပိုစားတတ်သူဆိုတော့ ၀ိတ်ကျမကျတောင် မဆန်းစစ်နိုင်တော့ဘဲ ကိုယ့်ကိုယ်ကို သနားညှာတာပြီး စားလိုက်မိတယ်။း( ဆရာမတစ်ယောက် ပြောဖူးတာ သတိရတယ်။ ကိုယ့်ကိုယ်ကို မညာနဲ့၊ မညှာနဲ့ဆိုတာ။ ကိုယ့်ကိုယ်ကို ညာမညာ မသေချာပေမယ့် ညှာတတ်တာတော့ သေချာတယ်။ သြော်...လူသားဆန်တဲ့ အတ္တလို့ပြောရင် မှားမယ်မထင်ဘူးနော်။

လူကသာ မအားပေမယ့် ရုပ်ရှင်တွေ ကြည့်ချင်သေးတာ။ ဟိုကားကြည့်မယ်၊ ဒီကားကြည့်မယ်နဲ့ တကယ့်တကယ်တမ်း ဘာကားမှ မကြည့်ဖြစ်လိုက်ဘူး။ အော်စကာဆုပေးပွဲတောင် ပြီးသွားပြီ။ နေ့လည်က အလုပ်များနေတဲ့ကြားထဲက Yahoo ထဲဝင်ပြီး ဆုရစာရင်းကို ခပ်မြန်မြန်ဝင်ကြည့်လိုက်တယ်။ ကိုယ်ရစေချင်တဲ့ Christian Bale က Best Supporting Actor ရသွားလို့ ပျော်ပေမယ့် 127 Hours က တစ်ဆုမှ မချိတ်လိုက်လို့ စိတ်မကောင်းဖြစ်သွားတယ်။ Social Network က ၂ဆုချိတ်သွားတော့ မဆိုးဘူးလို့ ပြောရမယ်။ ၂၀၁၀ထဲမှာ ကိုယ်ကြိုက်ခဲ့တဲ့ Inception ဇာတ်ကားက ၄ဆုလား ရသွားတယ်။ မင်းသမီး၊ မင်းသား၊ ဇာတ်ကား၊ ဒါရိုက်တာဆု အားလုံးမှန်းထားတဲ့အတိုင်း ရသွားကြပါတယ်။ တကယ်တော့ Christian Bale ကို ငယ်ငယ်က ကိုယ်သိပ်မကြိုက်ခဲ့ဘူး။ သူကို စစကြည့်မိချင်းကားက American Psycho ဖြစ်နေလို့လား မသိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်လေးကတည်းက talent ရှိပြီး သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဆိုတာ Empire of the Sun ကြည့်ဖူးရုံနဲ့ သိနိုင်တာပါ။  

ပြန်စဉ်းစားကြည့်တော့ တစ်ချို့ငယ်ငယ်က သိပ်မကြိုက်ခဲ့တဲ့ မင်းသားတွေကို ကြီးမှ ကြိုက်လာတာ သတိပြုမိတယ်။ ဥပမာ တွမ်ခရုစ်လိုပေါ့။ ငယ်ငယ်က ကိုယ်ကြိုက်တဲ့မင်းသားထဲမှာ သူမပါဘူး။ နှစ်တွေတော်တော်ကြာပြီးလို့ "Tonight Show with Jay Leno"  မှာ အရယ်သန်တဲ့သူ့ကိုကြည့်ပြီး သဘောကျရင်းနဲ့မှ ကြိုက်သွားတာ၊ တစ်မျိုးပဲနော်။ Nicolas Cage ကျတော့ စကြည့်ကတည်း ကြိုက်တာ။  Con-Airနဲ့ Face Off ကြည့်တုန်းမှာ ခိုက်သွားပြီး City of Angels မှာ နတ်သားအဖြစ်သရုပ်ဆောင်တဲ့ သူ့ကို ကြွေသွားတာ။ Tom Hanks ကတော့ ကိုယ့်အကြိုက်ဆုံး မင်းသားစာရင်းထဲမှာ ထိပ်ဆုံးပေါ့။ Forrest Gump နဲ့ Philadelphia မှာ သူသရုပ်ဆောင်သွားတာကို ဘယ်လိုမှ အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။ ခုတော့ မင်းသားတွေလည်း ကိုယ့်မျက်စိရှေ့မှာတင် တဖြည်းဖြည်း ကြီးရင့်သွားလိုက်တာ တစ်ချိန်က အသည်းကျော် ဒေါက်တာအင်ဒီယာနာဂျူန်း တစ်ဖြစ်လဲ Harrison Ford တောင် ဖိုးဖိုးအရွယ်ဖြစ်နေပေါ့။ 

စကားမစပ် ပြီးခဲ့တဲ့စနေတနင်္ဂနွေမှာ ဖားအောက်တောရ တစ်လတရားစခန်းမှာ လုပ်အားပေးသွားကူတုန်း ပျောက်နေတဲ့ ဘလော့ဂါတစ်ယောက်နဲ့ သွားဆုံတယ်။ သူနဲ့အရင်က ဘုန်းကြီးကျောင်းမှာ ဆုံဖြစ်ပေမယ့် စကားမပြောဖူးဘူး။ ဒီတစ်ခေါက်တွေ့မှ စကားပြောဖြစ်တယ်။ သူက ဘလော့ဂ်ကို သံယောဇဉ်ဖြတ်နိုင်တယ်ဆိုလို့ အံ့သြရသေးတယ်။ စာတွေဆက်ရေးဖြစ်ပေမယ့် ဘလော့ဂ်မှာ publish မလုပ်တော့ဘူးတဲ့။ ဒါ့ထက်ပိုပြီး ကိုယ့်ကိုအံ့အားသင့်စေတာက အခုတစ်လတရားစခန်းကို အလုပ်ထွက်ပြီး ၀င်တယ်ဆိုတာကိုပါ။ ကိုယ် သူ့ကိုချီးကျူးပြီး သာဓုခေါ်မိတယ်။ တကယ်ပဲ သူ့ရဲ့သဒ္ဓါတရားကို လေးစားမိပါတယ်။ ကိုယ်သာ ရည်ရှည်တရားစခန်းတွေ ၀င်လိုတဲ့ဆန္ဒရှိပေမယ့် အလုပ်ထွက်ပြီး ၀င်ရလောက်အောင်ထိ မဆုံးဖြတ်ရသေးဘူး။ ပြီးတော့ သူက ယောက်ျားလေးဆိုလို့ ကိုယ်က ပိုချီးကျူးမိတယ်။ တရားထူးတရားမြတ်ရသည်အထိ အားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

တရားစခန်းမှာလုပ်အားပေးနေတုန်းမှာပဲ လွန်ခဲ့တဲ့ ၁၉၊ ၁၈နှစ်လောက်က ကျောင်းကားအတူစီးဖူးတဲ့ ညီမငယ်နဲ့တစ်ယောက်နဲ့ မထင်မှတ်ဘဲ ပြန်ဆုံရသေးတယ်။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးပါလားလို့ တွေးမိတယ်။ စင်္ကာပူက ပိုလို့သေးငယ်ကျဉ်းမြောင်းတော့ အနှစ်နှစ်အလလက ကွဲကွာခဲ့တဲ့သူများနဲ့ ပြန်ဆုံခွင့်ရတာလည်း ခဏခဏပါပဲ။ မြန်မာတွေကလည်း သိပ်များလာတော့ ခုဆို အရောင်းစာရေးတို့၊ တက္ကစီဒရိုင်ဘာတို့ဆိုတာ ဟိုတုန်းကလို နင်တို့ဘာလူမျိုးလဲ မမေးတော့ဘဲ၊ နင်တို့မြန်မာမဟုတ်လားဆိုတာ တန်းပြောနိုင်ကြတဲ့အဆင့်ကို ရောက်လာကြပြီ။

ဒီနေ့ညနေရုံးအဆင်း ပင်နီဆူလာရောက်တုန်း ပဲပြုတ်တစ်ထုပ်ဝယ်ခဲ့တယ်။ မနက်ဖြန်မနက်စာ အီကြာကွေးနဲ့ပဲပြုတ် စားသွားမယ် စိတ်ကူးတယ်။ ခုတော့ အိပ်လိုက်ဦးမယ်။  အားလုံးပဲ ကောင်းသောညပါ။


ဇွန်မိုးစက်

သြော်... မဲလ်ဝဲလား ... ရှိတယ်

7

Category:


ခုတလော အလုပ်တွေများပြီး အချိန်တွေလုနေရတုန်း မဲလ်ဝဲကိစ္စက ပေါ်လာတယ်။ မိတ်ဆွေဘလော့ဂါတွေ အသီးသီးရှင်းလင်းရေးလုပ်နေချိန်မှာ ဇွန်မိုးစက်တစ်ယောက် ဘလော့ဂ်ဘက်ခြေဦးကို မလှည့်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ဂ်ကို ပစ်ထားလိုက်ရတယ်။ ဒီလိုကိစ္စမျိုးမှာ ကိုယ့်ဘလော့ဂ်လည်း သိသိသာသာ  effect ဖြစ်လိမ့်မယ်ဆိုတာ တွေးမိတယ်။ အခြားသူတွေလိုပဲ ကိုယ့်လင့်ခ်လေးပြန်ထည့်ကြည့်တော့ မဲလ်ဝဲရှိနေတာပါပဲ။ ကိုယ့်ဘလော့ဂ်မှာရှိတဲ့ တစ်ခြားလင့်ခ်တွေကိုလည်း ဒီလိုပဲ လိုက်ထည့်ကြည့်မိတော့ မဲလ်ဝဲကင်းတဲ့ဘလော့ကကင်း၊ မကင်းတဲ့ဘလော့က ရှိနေတာပါပဲ။ ဘလော့ဂ်စပေါ့မှဖြစ်တာလားထင်ပြီး ဒေါ့ကွမ်းတွေကို စစ်ကြည့်တော့လည်း ရှိနေတာပါပဲ။ တစ်ပတ်လောက်အကြာမှာ အရင်ကင်းသွားတဲ့ ဘလော့ဂ်တစ်ချို့ကို ပြန်ထည့်ပြီး စစ်ကြည့်တော့ တစ်ချို့က ပြန်ရှိနေတယ်။ ဒါကြောင့် လင့်ခ်တွေဖြုတ်လိုက်ရုံ၊ ပို့စ်နဲ့ ကော်မန့်တွေ ဖြုတ်ထားလိုက်ရုံနဲ့ မဲလ်ဝဲထာဝရကင်းစင်သွားပြီလားဆိုတာကို သံသယ၀င်မိတာ အမှန်ပဲ။ ပြန်ချိတ်ရင် မဲလ်ဝဲပြန်ရှိမယ့် သဘောပဲလို့ ထင်ပါတယ်။ 

ကိုယ့်အမြင်အရ blogspot က Google က provide လုပ်ထားတဲ့ feature တစ်ခုဆိုတော့ blogspot တွေအားလုံး  malware effect ဖြစ်ပြီး blacklist ထဲရောက်သွားမယ့်အဖြစ်မျိုးကို Google က လက်ပိုက်ပြီး ကြည့်နေလိမ့်မယ်လို့တော့ မထင်ပါဘူး။ blogspot user သန်းနဲ့ချီရှိနေတော့ အဲလိုသာဖြစ်မယ်ဆိုရင် Google အတွက်လည်း  နစ်နာထိခိုက်မှုတွေ ရှိလာမှာ အမှန်ပါပဲ။ ဘယ်အရာမှ မဖြစ်ပါဘူးလို့ မပြောနိုင်၊ မယုံကြည်နိုင်ပေမယ့် လောလောဆယ်တော့ Google ကို ယုံကြည်ပြီး blogspot လေးနဲ့ ချီတက်နေဦးမှာပါ။ 

ဒါပေမဲ့ ကိုယ့်ဘလော့ဂ်လေး  မဲလ်ဝဲစွဲလို့ အပယ်ခံဘလော့ဂ်အဖြစ် ရောက်ရမှာမျိုးကိုလည်း မကြုံချင်တော့ ရှားပါးတဲ့ အားလပ်ချိန်ထဲကနေပဲ  စိတ်မကောင်းစွာနဲ့ လင့်ခ်တွေ၊ ပို့စ်နဲ့ ကော်မန့်တွေဖြုတ်ပြီး မဲလ်ဝဲကင်းစင်ကြောင်း သက်သေယူလိုက်ရပါတယ်။ အားလုံးကို ပြန်ချိတ်ပေးမှာပါ။ အားလုံးပြန်ချိတ်ပြီးလို့ နောက်တစ်ခါ ထပ်စစ်လို့ မဲလ်ဝဲ ဖြစ်နေပါတယ်ဆိုရင်တော့လည်း မဖြုတ်တော့ဘဲ ဒီအတိုင်းထားလိုက်မယ်လို့ စိတ်ကူးတယ်။ စစ်လိုက်၊ ပြန်ဖြုတ်လိုက်၊ ကင်းစင်ကြောင်းသက်သေယူလိုက်နဲ့ အဲ့ဒီ့အတွက်ကို ခဏခဏ အချိန်မပေးချင်၊ မပေးနိုင်လို့ပါ။ အဲဒီ့အခါ ကိုယ့်ဘလော့ဂ်လေးကို မချိတ်ဘူး၊ ဖြုတ်မယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ လာဖတ်မယ့်သူမရှိတော့ရင်လည်း ကိုယ့်ပို့စ်ကို Word ထဲမှာပဲရိုက်ပြီး သိမ်းထားလိုက်တော့မယ်။ တကယ်လို့များ Sucuri ကသာ အခကြေးငွေမယူဘဲ မဲလ်ဝဲအားလုံး သန့်စင်အောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ သူ့စစ်ချက်နဲ့ရလဒ်ကို အကြွင်းမဲ့ ယုံကြည်မိမလားဘဲ။ ခုတော့.... သူ့ကိုလည်း ကိုယ်သိပ်မယုံဘူးလားလို့။


ဇွန်မိုးစက်

Update: မဲလ်ဝဲ၊ Sucuri နဲ့ ပတ်သက်ပြီး အမြင်ချင်း အတွေးချင်းတူနေတဲ့ ကိုညီလင်းသစ်ရဲ့ပို့စ် ပါ။

ပေးသူနဲ့ယူသူ

30

Category:

ပြီးခဲ့တဲ့တနင်္ဂနွေက စင်္ကာပူနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို သွားရောက်နားထောင်ခဲ့ပါတယ်။ ဒီနှစ်တော့ ခင်မင်နီးစပ်ရာ ဘလော့ဂါမောင်နှမများနဲ့အတူ သွားရောက်ခဲ့လို့ ပျော်လည်းပျော် အမှတ်တရလည်း ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဆရာအော်ပီကျယ်တို့ သုတရသစုံလင်စွာနဲ့ အားပါးတရ ဟောပြောသွားကြပါတယ်။ အမှန်တော့ စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး ရေးဖို့စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ စိတ်အခန့်မသင့်စရာတစ်ခုနဲ့ ကြုံကြိုက်ခဲ့တာကြောင့် ရေးချင်စိတ် ပေါ်သွားပါတယ်။

ဒီနှစ်က မနှစ်ကလို ခုံနံပါတ်မပေးဘဲ လက်မှတ်မှာ free seating လို့ ပါတာကြောင့် နေရာကောင်းကောင်းရချင်သူ၊ နေရာကောင်းမရမှာ စိုးရိမ်သူအများစုက ၀ိရီယထားပြီး အစောကြီးကတည်းက နေပူပူမှာ သွားရောက်တန်းစီကြပါတယ်။ ၀င်လို့ရပြီဟေ့ဆိုတာနဲ့ ကိုယ်နဲ့မိတ်ဆွေများအတွက် အကောင်ဆုံးဖြစ်မယ်ထင်ရတဲ့နေရာကို အပြေးအလွှားသွားလို့ နေရာဦးကြပါတယ်။ ဇွန်တို့လည်း ခန်းမအလယ် အရှေ့ဘက်နဲနဲပိုကျမယ်ထင်တဲ့အတန်းမှာ နေရာယူလိုက်ကြပါတယ်။ နောက်သိပ်မကြာခင်မှာဘဲ တစ်ရုံလုံးနီးပါး ပြည့်သွားပါတယ်။ 

ပွဲစကတည်းက ဟောပြောပွဲထဲ စိတ်ပါဝင်စားသွားလိုက်တာ ဘရိတ်တိုင်းမ်ပေးတဲ့ အချိန်ထိပါပဲ။ ညနေစာဒံပေါက်စား၊ သူငယ်ချင်းများနဲ့ စကားစမြည်ပြောဆိုပြီး အထဲပြန်ဝင်ထိုင်တော့ တစ်စုံတစ်ခုကို မသိစိတ်က သတိပြုမိပါတယ်။ အဲဒါက တစ်ခြားမဟုတ်ပါဘူး၊ ဇွန်တို့ရှေ့တည့်တည့်အတန်းမှာ အရင်ထိုင်နေကျသူတွေ  မဟုတ်ဘဲ လူပြောင်းနေလို့ပါ။ အရင်လူတွေက လူကြီးတွေ၊ အခုလာထိုင်နေတဲ့သူတွေက လူငယ်သုံးယောက်၊ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါ။ တစ်ယောက်က လက်ပ်တော့ဖွင့်ပြီး သုံးနေပါတယ်။ 

သိပ်မကြာခင် အဲဒီ့နေရာက မူလထိုင်ခုံပိုင်ရှင် အမျိုးသားနှစ်ယောက်ရောက်လာပြီး နေရာဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့လူငယ်သုံးယောက်က ခပ်တည်တည်ပါပဲ၊ လုံးဝဖယ်မပေးပါဘူး။ ဟိုလူနှစ်ယောက်ကလည်း ပြောမရတော့ အနောက်ကိုထွက်သွားရပါတယ်။ နောက်တော့ နေရာပိုင်ရှင်အစ်မကြီးတစ်ယောက် (သူတို့နဲ့ဆို အမေအဒေါ်အရွယ်ပါ) ရောက်လာပြီး ဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့အစ်မအမျိုးသားကလည်း ၀င်ပြောပါတယ်။ သူတို့အကြောင်းပြချက်က ပထမပိုင်းမှာ နေရာကောင်းမရဘဲ နောက်ဆုံးကနေကြည့်ရလို့ ဒုတိတယပိုင်းမှာ နေရာကောင်းကောင်းမှာကြည့်ချင်လို့ ဘရိတ်တိုင်းမ်မှာ လွတ်နေတဲ့ထိုင်ခုံကို ၀င်ထိုင်တာပါတဲ့။ (တော်သေးတယ် ဇွန်တို့က Goodie Bag တွေ ထားခဲ့မိလို့) ခပ်တည်တည်ပဲပြောပြီး လုံးဝလုံးဝ မထပေးပါဘူး။ 

တကယ်ဆို လူကြီးနဲ့လူငယ်၊ သူတို့ကပဲ သူများနေရာဝင်ထိုင်သေး၊ သူတို့မှာ ဖယ်ပေးစရာအကြောင်းမရှိဘူးဆိုတာကို နောက်တန်းကမြင်နေကြားနေရတဲ့ ဇွန်တို့တွေက မနေနိုင်လို့ ၀င်ပြောကြပါတယ်။ ဇွန်က သူတို့လုပ်ရပ်ကို တော်တော်ချဉ်သွားတော့ သိပ်ရိုင်းတာပဲလို့ ပြောလိုက်ပါတယ်။ ဒါနဲ့လက်ပ်တော့နဲ့တစ်ယောက်က သူတို့ရိုင်းတဲ့စကား တစ်ခွန်းမှ မပြောပါဘူးတဲ့။ ဒါနဲ့ဇွန်က မပြောပေမယ့် မင်းတို့လုပ်ရပ်က သက်သေပြနေတာပဲလို့ ဒေါသထွက်ထွက်နဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ 

သူတို့ရှေ့တန်းက တစ်ခုံမှာ နေရာလွတ်ရှိတယ်၊ အဲဒီ့ကိုပြောင်းထိုင်ပေးပါလို့ အစ်မကြီးရဲ့အမျိုးသားကပြောတာတောင် မထပေးသေးဘူး။ အဲလိုအခြေအတင်ဖြစ်နေလို့ တိုက်ပုံဝတ်လူငယ်လေးနှစ်ယောက်လည်း ရောက်လာပါတယ်။ ဇွန်လည်း တိုနေတဲ့စိတ်ကိုပြန်လျှော့ပြီး သူတို့ကို လျစ်လျူရှုမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံး သူတို့သုံးယောက်ထဲက ကောင်လေးတစ်ယောက်က ၀င်ဖျန်ဖြေတောင်းပန်ပြီးတော့မှ ထပေးသွားကြပါတယ်။ သူတို့ထသွားမှ စောစောက နေရာအလုခံလိုက်ရတဲ့ လူနှစ်ယောက်လည်း ပြန်လာထိုင်ခွင့်ရသွားပါတယ်။ အဲဒီ့တော့မှ ကိုယ့်မှာဖြစ်နေတဲ့ အကုသိုလ်ဒေါသစိတ်တွေလည်း တခါတည်း ပြေပျောက်သွားပါတော့တယ်။

တကယ်လို့များ ဒီကလေးတွေက စာပေဟောပြောပွဲကို အမှန်တကယ်လိုလိုလားလားနဲ့ စာပေချစ်မြတ်နိုးစိတ်၊ ဆရာများကိုလေးစားစိတ်နဲ့ တက်ရောက်သူများဖြစ်ခဲ့မယ်ဆိုရင်၊ အစောပိုင်းက ဆရာများပြောသွားတဲ့စကားတွေသာ မှတ်သားခဲ့မယ်ဆိုရင် ကိုယ်ရတဲ့နေမှာပဲ ကိုယ်ထိုင်ပြီး ဒီလိုသူများနေရာဝင်လုထိုင်တဲ့ ကိစ္စမျိုးဖြစ်လာနိုင့်ပါ့မလားလို့ ဇွန်တွေးမိပါတယ်။  တခြားများများ တွေးစရာမလိုပါဘူး။ ဆရာမောင်စိန်ဝင်းပြောသွားတဲ့ ပေးသူနဲ့ယူသူ သူရဲကောင်းတို့အကြောင်း  နားလည်သဘောပေါက်ခဲ့မယ်ဆိုရင်.... 

တကယ်လို့များ ဆရာတို့အားထား ပုခုံးထမ်းတင်ပေးချင်တဲ့ နောက်မျိုးဆက်သစ် လူငယ်လူရွယ်တွေမှာ ပေးသူထက် ယူသူများနေခဲ့ရင် တံခါးတွေခေါက်လို့ အောင်စိတ်မွေးပြီး လိုရာပန်းတိုင် အရောက်လှမ်းကြရင်တောင်မှ ခရီးမတွင်ဘဲ ဝေးနေရဦးမှာပါ။


ဇွန်မိုးစက်

C for Convenience

6

Category:


 

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တိုက်ရှေ့က ကုန်းမြေမြင့်မှာ ယာယီအမိုးနဲ့လျှောက်လမ်းတွေ ခင်းနေတာ သတိထားမိပါတယ်။ တစ္တေကြီးပွဲပြီးချိန်မှာ တစ်ခုခုပြုလုပ်ကျင်းပဖို့အတွက် လုပ်နေကြတာလို့ပဲ စိတ်မှာထင်ထားတာပါ။ ယာယီလှေကားထစ်နှစ်ခုလည်းတွေ့တော့ ဘာအတွက်များလဲလို့ တွေးလိုက်ပါသေးတယ်။

ဒီတစ်ပတ် စနေတနင်္ဂနွေမှာ Clementi နဲ့ Jurong East ကြား MRT Service မရှိပါဘူး။ (လက်ရှိ  Platform တွေမှာ တိုးချဲ့ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက်ပါ) တိုက်ဆိုင်စွာနဲ့ ကိုယ်ကလည်း စနေနေ့မှာ Jurong East ကို ကိစ္စတစ်ခုနဲ့ သွားဖို့ရှိနေတယ်။ MRT မရှိတော့ ဘတ်စ်နဲ့ပဲသွားမယ်လို့ စိတ်ကူးပြီး မီးပွိုင့်စောင့်ရင်း ကားဂိတ်ရှိရာကို သွားမယ်ပြင်တုန်း ကိုယ်တို့တိုက်ရှေ့မှာ SMRT နှစ်စီးတွဲ Bus တွေ တစ်စီးပြီးတစ်စီး လာရပ်နေတာ သတိပြုမိတာနဲ့ သေချာ ကြည့်လိုက်တော့မှ Jurong East ကို သွားတဲ့ Free Shuttle Bus တွေ ဖြစ်နေပါပေါ့လား။ ဒါနဲ့ ဒီဘက်ကပွိုင့်ကို ပြန်ကူးပြီး SMRT bus ပေါ်တက်လိုက်ခဲ့တယ်။

ရထားနဲ့ သွားရင် ၄ မိနစ်စာပဲ စီးရတဲ့ ခရီးက ဘတ်စ်နဲ့ကျတော့ မိနစ်၂၀လောက်စီးရပါတယ်။ Commonwealth Ave ကနေ Clementi Road၊ West Coast Road နဲ့ Science Center Road  တို့ကိုဖြတ်ကျော်ပြီး J.E MRT ကိုသွားတာပါ။ MRT နားရောက်ခါနီးရင် traffic ရှိတာကြောင့် အချိန်နဲနဲ ပိုကြာပါတယ်။ Service disruption ဖြစ်နေပေမယ့် မြောက်မြားစွာသော ခရီးသွားပြည်သူတွေ သွားရေးလာရေး အဆင်ပြေပြေရှိစေဖို့ စနစ်တကျ စီစဉ်ပေးထားတာ ချီးကျူးကျေနပ်စရာပါ။


Jurong East MRT ကနေ Clementi MRT အထိ သယ်ယူပို့ဆောင်ပေးဖို့ ခုလိုကားတွေက အဆင်သင့် စီတန်းစောင့်ဆိုင်းလို့

နှစ်ရက်စာအတွက် ယာယီလုပ်ထားပေးတဲ့ အမိုးနဲ့လျှောက်လမ်းပေါ်က ခရီးသွားပြည်သူများ

ဘတ်စ်အစင်းပေါင်း ၇၀ကျော်က သုံးမိနစ်မခြား ဆိုက်ရောက်ပြီး ခရီးသည်တွေကို အခမဲ့ အပို့အကြိုလုပ်ပေးပါတယ်။ စနေနေ့ကတော့ ကိုယ့်အဖို့ လိုရာခရီးကို အသွားအပြန် တစ်ပြားတစ်ချပ်မှ မကုန်ကျဘဲ အရောက်သွားနိုင်ခဲ့လိုက်ပါတယ်။ :P

စင်္ကာပူမှာ ကိုယ်သိပ်သဘောအကျဆုံးတစ်ခုက လမ်းပန်းဆက်သွယ် သွားလာရေး အဆင်ပြေချောမွေ့မှုပါ။ ခုလို service shutdown ဖြစ်ခဲ့ရင်တောင်မှ အခြားတစ်ဖက်ကနေ အဆင်ပြေအောင် လုပ်ပေးထားတာတွေ မကြာခဏ သတိပြုမိပါတယ်။ ရထားတွေ သိပ်ကြပ်နေတဲ့အခါမျိုးမှာ ရထားအလွတ်တစ်စင်းလုံး လွှတ်ပေးတာမျိုး၊ ရုံးတက်ချိန် မြေအောက်မှာ ရထားတွေ တစ်စုံတစ်ခု ချို့ယွင်းမှုကြောင့် ဆက်မသွားနိုင်ဘဲ ရပ်သွားတဲ့အခါ သက်ဆိုင်ရာ ကားမှတ်တိုင်ကို ဘတ်စ်ကားတွေအရောက်လာပြီး သယ်ယူပို့ဆောင်ပေးတာမျိုးတို့ကို လိုအပ်သလို အဆင်ပြေအောင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စီစဉ်ပေးပါတယ်။

ဘူတာကနေ အိမ်အရောက် လျှောက်လမ်းနဲ့ အမိုးတွေ မထားပေးလည်း ရပါတယ်။ ဒါပေမဲ့ နေပူမိုးရွာဒဏ်ကလွတ်ပြီး သွားလာရလွယ်ကူအောင် လုပ်ထားပေးတာပါပဲ။ အမိုးမရှိတဲ့ ကုန်းကျော်တံတား အတော်များများကိုလည်း အမိုးတွေတပ်ဆင်ပေးတာ တွေ့ရပါတယ်။ အမိုးမတပ်ပေးလည်း ရတာပါပဲ။ နေပူမိုးရွာတဲ့အခါ လူတွေက ထီးဆောင်းပြီး သွားမှာပါပဲ။

ဒါပေမဲ့... ဒါပေမဲ့ပေါ့လေ... အခွန်ကောက်ထားတဲ့၊ CPF တွေဖြတ်ထားတဲ့ ၀င်ငွေထဲကနေပဲ တိုင်းပြည်အတွက်၊ တိုင်းပြည်ထဲမှာ သွားလာနေထိုင်သူ လူများအားလုံးအတွက် အဆင်ပြေလွယ်ကူ သက်တောင့်သက်သာရှိအောင် ပါးနပ်တဲ့အစိုးရပီပီ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ လုပ်ပေးနေတာကတော့ အတိုင်းအတာတစ်ခုအထိ ကျေနပ်ကျေးဇူးတင်စရာ ကောင်းပါတယ်။ 


ဇွန်မိုးစက်

ပြောင်းလဲသွားသော...

20

Category: ,

ပြီးခဲ့တဲ့ရုံးပိတ်ရက်မှာ ဦးနုရဲ့ “ကာမတဏှာ” စာအုပ် ဖတ်ဖြစ်တယ်။ သိပ်ကောင်းတဲ့ စာတစ်အုပ်ကို ခုမှဖတ်ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖတ်ဖြစ်ရင် စာရေးသူရည်ရွယ်ချက်နဲ့ စာတန်ဖိုးကို ခုလောက် နားလည်ချင်မှ နားလည်မှာ။  အခုချိန်မှ ဖတ်ဖြစ်တော့ ဖတ်ရင်းနဲ့ တရားသဘောကို တခါတည်း ဆင်ခြင်မိသွားတယ်။ စာဖတ်နေရင်းနဲ့ ကိုယ်သတိပြုမိတာ  ပြောင်းလဲသွားတဲ့ ကိုယ့်စိတ်အတွေးတွေ...။ 

ငယ်ငယ်က ၀တ္ထုထဲမှာဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာဖြစ်ဖြစ် မင်းသား မင်းသမီး၊ တစ်ယောက်ယောက်ကများ ဘုန်းကြီးတို့ သီလရှင်တို့ အပြီးဝတ်သွားတယ်ဆို သိပ်စိတ်မကောင်းဖြစ်တာ။ ကျန်ခဲ့တဲ့သူကို သနားတာလည်း ပါတာပေါ့လေ။ ဖတ်နေ၊ကြည့်နေရင်းနဲ့ မ၀တ်ဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းလိုက်သေးတယ်။ ကာမတဏှာဖတ်နေတုန်းမှာတော့ မခင်မေသီလရှင် မ၀တ်ဖြစ်ဘဲ အိမ်ထောင်ကျသွားမှာကို အရမ်းစိုးရိမ်ခဲ့တာ။ ကိုသိန်းနဲ့လက်ထပ်ဖြစ်သွားတော့ သီလရှင်မ၀တ်ဖြစ်တော့ဘူးဆိုပြီး နှမြောလိုက်တာ။ မောင်မြင့်ဆွေအလှည့်မှာလည်း အဲဒီ့တိုင်းပဲ။ မောင်မြင့်ဆွေ ဘုန်းကြီးမ၀တ်ဖြစ်လိုက်မှာကို စိတ်ထဲမှာ သိပ်ပြီးပူပန်နေတာ။ စာဖတ်ပြီးတော့ ကိုယ့်ရဲ့ပြောင်းလဲမှုကို ပြန်စဉ်းစား မိလိုက်တယ်။

ကိုယ်ငယ်ငယ်က ငါးဟင်းလုံးဝမကြိုက်ဘူး။ ကြီးလာတော့ တစ်ခြားဟင်းတွေထက် ငါးဟင်းကို ပိုကြိုက်တယ်။ အသီးအရွက်လည်း ကြီးမှ ပိုကြိုက်တတ်၊ စားတတ်လာတယ်။ ခုနောက်ပိုင်း အသားဟင်းဆို သိပ်မတပ်မက်တော့ဘူး။ ထမင်းစားလို့ အသားမပါရင်နေ အသီးအရွက်တစ်ခု မပါရင် စားရတာ တစ်ခုခုလိုနေသလိုပဲ။ ဒါက အစားအစာနဲ့ ပတ်သက်လို့ပါ။ တခြားနေရာတွေမှာလည်း ကိုယ့်စိတ်အတွေးတွေ အထိုက်အလျောက် ပြောင်းလဲသွားတယ်။

ဟိုတုန်းက ကိုယ်သိပ်သွားချင်၊ ဘ၀ကိုရှာဖွေချင်ခဲ့တဲ့ နိုင်ငံတစ်ခုမှာ အခုနေ နေထိုင်ခွင့်ထီ ပေါက်ခဲ့မယ်ဆိုရင်တောင် သွားချင်စိတ်မရှိတော့ဘူး။ တတိယအရွယ်ရောက် မိဘများနဲ့ အဝေးကြီးမှာ မနေချင်တော့တဲ့စိတ်ရဲ့ ပြောင်းလဲမှုတစ်ခုလို့ ကိုယ်နားလည်တယ်။ ငယ်ငယ်က မိဘကို တိုက်တာ၊ ကား၊ ခြွေရံသင်းပင်းတွေနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တဲ့ ကျေးဇူးဆပ်ခြင်းမျိုးကိုပဲ နားလည်ခဲ့တာ။ ခုတော့  လောကီဥစ္စာစည်းစိမ်ထက် လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ချင် စိတ်က ပိုလာတယ်။ အဖေနဲ့အမေကို  အချိန်ရသလောက် တရားနာ၊ တရားအားထုတ် တရားနဲ့ပဲ မွေ့လျော်စေချင်တယ်။ မိဘတွေရဲ့ နောက်ဆုံးအချိန်မှာ ကိုယ်က အနားမှာရှိနေပြီး သူတို့ဘ၀ကူးကောင်းအောင် တတ်စွမ်းသရွေ့ လုပ်ဆောင် ပေးနိုင်တဲ့ သားသမီးတစ်ယောက်အနေနဲ့ ကျေးဇူးပြုခွင့်၊ ဆပ်ခွင့်ရချင်တယ်။

ပြီးတော့... ရှိသေးတယ်။ တစ်ချိန်က မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ထဲက ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲမျိုးထက် ပကာသနမပါတဲ့ ရိုးရှင်းတဲ့ လက်ထပ်ပွဲတစ်ခုသာ ပြုလုပ်ချင်တော့တယ်။ အိမ်ထောင်ပြုပြီးတဲ့အခါ ဟိုးအရင်က စိတ်ကူးခဲ့တဲ့ သားသမီး ဘယ်နှစ်ယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာတွေထက် သားသမီး ယူသင့် မယူသင့်ကို စဉ်းစားမိတယ်။ တကယ်လို့ သားသမီး ရလာတဲ့အခါမှာတောင် ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ဖို့ထက် သာသနာ့အာဇာနည်ဖြစ်ဖို့ကို  ပိုပြီးလိုလားနေတယ်။ ဒီနေရာမှာ ကိုယ့်အတွေးအမြင် ပြောင်းလဲခြင်းကို ကိုယ်တိုင် အံ့သြနေမိတယ်။

အသက်အရွယ်၊ အခြေအနေ၊ အချိန်အခါနဲ့ အခုဘ၀မှာ သိခွင့်ရတဲ့ တရားသဘောတွေ ပေါင်းစပ်ပြီး ပြောင်းလဲသွားတယ် ထင်ပါရဲ့လေ။ 


ဇွန်မိုးစက်

မျက်နှာစာအုပ်ပေါ်ဝယ်

11

Category:

လွန်ခဲ့တဲ့သုံးနှစ်က ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ဖိတ်တာနဲ့ facebook လို့ခေါ်တဲ့ မျက်နှာစာအုပ်ရဲ့ အသင်းဝင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက friendster ခေါ် မိတ်ဆွေကွန်ယက်မှာ  ဟိုသွားဒီလည်၊ ဓာတ်ပုံတွေတင်နဲ့ တော်တော်လေး အလုပ်များနေခဲ့တာ။ friendster မှာပဲ သုံးနေကျဖြစ်လို့ မျက်နှာစာအုပ်မှာ အသင်းဝင်ထားပါသော်လည်း တော်တော်နဲ့ active မဖြစ်ပါဘူး။ စစချင်း used to မဖြစ်သေးတာလည်းပါတယ်။ နောက်ခြောက်လလောက်နေမှ သူငယ်ချင်းရဲ့ သူငယ်ချင်းစာရင်းက တစ်ဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အတန်းဖော်ငယ်သူငယ်ချင်း အိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံတွေ့ပြီးနောက်ပိုင်း မကြာခဏ ၀င်ကြည့်ဖြစ်ရင်းမှပဲ တဖြည်းဖြည်း အကျွမ်းဝင်လာခဲ့ပါတယ်။

ငယ်သူငယ်ချင်းတွေ ပြန်တွေ့လို့က အရင်ဆုံး relationship status ကို ကြည့်ရတာ။ ဘယ်သူကဖြင့် အိမ်ထောင်ကျသွားပြီ။ ဘယ်သူက ကလေးဘယ်နှစ်ယောက်ရနေပြီ။ ဟယ် ... သူက သူ့ရည်းစားနဲ့ မယူဖြစ်ဘဲ တစ်ခြားတစ်ယောက်နဲ့ ရသွားတာ။ အော်... သူက ခုချိန်ထိ အပျိုကြီးပဲ။ ဟိုတစ်ယောက်ကတော့ သူ့ရည်းစားနဲ့ ခုထိ မယူဖြစ်သေးဘူး။ တစ်ယောက်ကဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုအခြေကျနေတာ။ ဟဲ့... သူယောက်ျားက သူ့ထက် အသက်အများကြီး ကြီးတယ် သိလား... စသဖြင့်... တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတိုင်း ကိုယ်ကကြည့်ပြီး သူငယ်ချင်းတွေကို ပြန်ပြောရသေးတာ။ တစ်ယောက်မင်္ဂလာဆောင်တိုင်း ဓာတ်ပုံတွေကြည့်ရ၊ အားကျရတာလည်း အမော။ ကလေးမွေးတော့လည်း မွေးတဲ့အလျောက် ကြည့်ရသေး။ အဖေတူလား၊ အမေတူလား၊ အသားဖြူသလား၊ ညိုသလား၊ ချောလား၊ ချစ်စရာကောင်းလား... ကိုယ့်မှာ မရှိတော့ သူများကလေးတွေပဲ လိုက်ကြည့်ရတာပေါ့လေ။

နောက်ပိုင်း အပျင်းပြေဆော့စရာ၊ မေးခွန်းဖြေစရာ application တွေ ပေါ်လာတော့ အဲဒီ့နောက် လိုက်သွားမိပြန်ရော။ Quiz တွေ ဖြေကြည့်ရတာ တစ်နေ့တစ်နေ့ မေးခွန်းပေါင်း မနည်းဘူး။ လက်ဆောင်တွေလည်း အပြန်အလှန်ပို့ကြတာ ပျော်စရာတစ်မျိုးပါပဲ။ နောက် သူငယ်ချင်းတစ်ယောက်ပြောလို့ လယ်စိုက်တာ အစွဲကြီးစွဲသွားလို့ တစ်နေ့တစ်နေ့ လယ်စိုက်ရတာ အပြင်မှာ အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းသေး။ လူ့လောဘကြောက်စရာကောင်းလိုက်ပုံများ တကယ်မဟုတ်တဲ့ ကွန်ပျူတာစကရင်ပေါ်က လယ်ကွက်ကိုတောင် အသာမပေးဘဲ တိုးပွားအောင်၊ အိမ်ကြီးရခိုင် ပိုင်ဆိုင်အောင် ကြိုးစားရိတ်သိမ်းပြီး သူများဆီမှာ သူရင်းငှားတောင် ကျေကျေနပ်နပ် လုပ်လိုက်သေးတာ အံ့ရော။ တစ်ခါကများဆို ပိုက်ဆံတွေအပိုရချင် အိမ်ဝယ်ချင်လွန်းလို့ သူများလယ်အငှားသွားရိတ်တာ နာရီနဲ့ချီအောင် ကြာသွားပြီး ပြန်ထမှ ခါးတွေညောင်း၊ မျက်စိတွေကိုက်ပြီး ဆီးပါအောင့်သွားလို့ ... သြော်... အပြင်မှာ ငါအဲသလောက် အလုပ်ကြိုးစားရင်တော့လား...ဆိုပြီး တွေးလိုက်မိသေး။ ကိုယ်သင်ပေးလိုက်လို့ ကိုယ့်စီနီယာပါ စွဲသွားပြီး နောက်ပိုင်း သူက လယ်စိုက်ရုံတင်မကဘဲ ဆိုင်ဖွင့် ဟင်းချက်၊ အကောင်တွေမွေးနဲ့ ကိုယ့်ထက် သာသွားတယ်။ ကိုယ်က အိမ်တစ်လုံးပိုင်ဆိုင်ပြီးနောက်ပိုင်း ကစားတာတွေ ရပ်လိုက်ပြီး ပုံမှန်ပဲ ဆက်သုံးဖြစ်တယ်။

မွေးနေ့ဆုတောင်းတာ၊ အိမ်တက်ဖိတ်တာ၊ သတင်းတွေ မျှဝေတာ ကိစ္စအတော်များများကို မျက်နှာစာအုပ်ကနေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ။ တစ်ခုခုဆို အရင်တုန်းကလို ဖုန်းမက်ဆေခ်ျ့ကထက် မျက်နှာစာအုပ်ကနေပဲ ဆက်သွယ်ပြောဆိုကြတာ ပိုများတယ်။ ကိုယ်ပျော်နေလား၊ ၀မ်းနည်းနေလား၊ နေမကောင်းဘူးလား၊  စိတ်ဆိုးနေလား၊ ပင်ပန်းနေလား..  ခံစားချက် အကုန်အစုံ လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့ နေရာတစ်ခုဖြစ်တော့  တစ်ခုခု ရေးမိလိုက်တယ် ဆိုရင်ပဲ တစ်ယောက်မဟုတ် တစ်ယောက်က လာပြီး မေးမြန်းကြ နှစ်သိမ့်အားပေးကြနဲ့ မျက်နှာစာအုပ်က  ကိုယ်တွေရဲ့ daily life မှာ အတော့်ကို အရေးပါလာတာပါလား။

ကိုယ့်မှာရှိတဲ့ သူငယ်ချင်းစာရင်းကြည့်လိုက်ရင် သုံးပုံနှစ်ပုံလောက်က အတန်းဖော်ငယ်သူငယ်ချင်းတွေနဲ့  စင်္ကာပူ ရောက်ပြီးနောက်ပိုင်း ခင်မင်ရတဲ့ သူငယ်ချင်းတွေ များပါတယ်။ Professional အရ ကြည့်လိုက်တော့ ဆရာဝန်တွေ များတယ်။  များဆို အတန်းဖော်သူငယ်ချင်းတွေ တော်တော်များများက ဆေးကျောင်းရောက်ကြတာကိုး။ ကျန်တာတော့ celebrity အနည်းငယ်၊ မိတ်ဆွေတစ်ချို့နဲ့  ဘလော့ဂါမိတ်ဆွေအချို့ပါ။ ကိုယ်က နာမည်ရင်းနဲ့ပဲ ဖွင့်ထားသူဆိုတော့ သိတဲ့သူလည်းသိ၊ မသိသေးတဲ့လူလည်း မသိပေါ့။ သူများတွေက ဘလော့ဂါအနေနဲ့ရော၊ အမည်ရင်းအနေနဲ့ပါ အကောင့်နှစ်ခုတောင် ထားကြတာ။ အမှန်အတိုင်းပြောရရင် ကိုယ်လည်း true identity နဲ့ blogger identity ကို သီးခြားဖြစ်ချင်တာ။ ဘလော့ဂ်နာမည်နဲ့ အကောင့်တစ်ခု ထပ်ယူရင်ကောင်းမလား တွေးမိသေးပေမယ့် နောက်ထပ်  handle မလုပ်နိုင်တော့တာ၊ မလုပ်ချင်တော့တာနဲ့ မဖွင့်ဖြစ်တော့ပါဘူး။ တစ်ချို့က ဘလော့ဂ်မှာ စာဆက်မရေး ဖြစ်တော့ပေမယ့် မျက်နှာစာအုပ်မှာ active ဖြစ်နေတော့ အဆက်အသွယ် ပြတ်မနေဘူးပေါ့။

ရုံးပိတ်ရက်ရောက်ရင် ဘယ်သူက ဘာချက်ပြီးကျွေးဦး.. အဲလေ.. တဂ်ဦးမှာလဲ မျှော်ရသေးတယ်။ ဘောလုံးပွဲ ရာသီချိန်မှာတော့ ကိုယ့်အကြိုက် သူ့အကြိုက် အသင်းတွေ အပြန်အလှန် အားပေးကြ၊  ဂျာစီလေးတွေ ၀တ်ကြ၊ နိုင်ရင်ပျော်ကြ၊ ရှုံးရင်ဝမ်းနည်းကြ၊ တောက်တွေခေါက်ကြနဲ့။ ပွဲမစခင်တစ်ခါ၊ ပထမပိုင်းပြီးချိန်တစ်ခါ status ကို ရေးရ တင်ရ update လုပ်ရ။ ပွဲပြီးတာနဲ့ မျက်နှာစာအုပ်ထဲ ချက်ခြင်းဝင်ပြီး ဘယ်လိုဘယ်ဝါ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ပြီး ကျေပွဲ၊ မကျေပွဲကို မျက်နှာစာအုပ်မှာ ထပ်နွှဲလိုက်သေးတာ။ နိုင်ငံအသီးသီးက တစ်ချိန်တည်း၊ တပြိုင်နက်တည်း ခံစားချက်တွေ ဖလှယ်ခွင့်ရတာ မျက်နှာစာအုပ်ပေါ်မှာပေါ့။

ညစဉ် ဂျီမေးလ်၊ မျက်နှာစာအုပ်နဲ့ ဘလော့ဂ်မှာအချိန်တွေ ကုန်သွားတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်ကြည့်တယ်။ တကယ်ဆို ကိုယ့်မှာ တစ်ခြားလုပ်စရာတွေ ရှိနေတဲ့အထဲကကိုပဲ ဘယ်လိုကနေ ဘယ်လို အဲဒါတွေအတွက် အချိန်ပေးမိနေမှန်း မသိဘူး။ ကိုယ့်အကောင့်ကို  deactivate လုပ်လိုက်ရင်ကောင်းမလား စဉ်းစားမိတာ နှစ်ခါမက တော့ဘူး။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ချင်တာ တစ်ခုတည်းကြောင့်ပဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာစာအုပ်က ကိုယ့်ကို ၀မ်းနည်း စိတ်ညစ်စရာထက် ၀မ်းသာစရာ အမှတ်တရတွေကို ပေးခဲ့တာအမှန်ပါ။ ရှင်သန်နေထိုင်ရာ ဘ၀တစ်ခုအတွက် နေ့စဉ်လှုပ်ရှား ပင်ပန်းနေတဲ့ကြားကပဲ မိတ်ဆွေတွေနဲ့အတူ မျက်နှာစာအုပ်မှာ  အတူဝေမျှခံစားခွင့်ရတာကိုက  အမောပြေနည်းတစ်ခု မဟုတ်ပါလား။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

နာမ်စား

10

Category: ,

ကိုအန်ဒီရဲ့ ဒီပို့စ် ကိုဖတ်ပြီး ရေးဖြစ်သွားတယ်လို့ ၀န်ခံပါရစေ။ ဘလော့ဂ်စရေးမယ်ဆိုကတည်းက ဘာနာမ်စားသုံးပြီး ရေးမလဲဆိုတာ တွေးမိပါတယ်။ အမျိုးသမီးဖြစ်နေတော့ ကျွန်မလို့သုံးတာ အသင့်တော်ဆုံးလို့ စဉ်းစားမိပေမယ့် အပြင်မှာ ကျွန်မလို့ ပြောနေမကျတော့ ကျွန်မဆိုတဲ့နာမ်စား သုံးပြီးရေးရမှာ တစ်မျိုးဖြစ်နေတယ်။ ကိုယ်လည်နေကျ ဘလော့ဂါမမတွေထဲမှာ “ကိုယ်” နဲ့ သုံးတာတွေ တွေ့ဖူးနေတော့ “ကိုယ်” ပဲ သုံးဖြစ်သွားတယ်။ အပြင်မှာ “ကိုယ်” လို့ သုံးနေကျတော့ မဟုတ်ဘူး။ ဘလော့ဂ်ရေးမှပဲ သုံးဖြစ်သွားတာပါ။

“ကိုယ်” သုံးတာနဲ့ ပတ်သက်ပြီး ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းက ပြောဖူးတယ်။ စာအရေးအသားနဲ့ ပတ်သက်ပြီး သိပ်ဝေဖန်စရာမရှိပေမယ့် နင် “ကိုယ်” လို့သုံးတာ ဖတ်ရတော့ တစ်မျိုးကြီးပဲတဲ့။ နဂိုရင်းနှီးပြီးသားသူအနေနဲ့ “ကိုယ်” လို့ဖတ်ရတာ တစိမ်းဆန်သွားမယ်ထင်တယ်လို့ ကိုယ်တွေးမိသေးတယ်။ အဝေးရောက် ကိုယ့်သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကလည်းပဲ ကိုယ်နာမ်စားသုံးတာနဲ့ ပတ်သက်ပြီး မေးဖူးတယ်။ ကိုယ့်အကြိုက်ပို့စ်မှာ ဇွန်လို့  ထည့်သုံးလို့ နင်က နင့်ကိုယ်နင် ဘာလို့ ဇွန်လို့ ထည့်ထည့်ပြောရတာလဲတဲ့။ သူက ကိုယ့်နာမည်ရင်းနဲ့ပဲ တစ်လျှောက်လုံး သိခဲ့ခင်မင်ခဲ့သူကိုး။ သူ့အတွက် ကိုယ် ဇွန်လို့သုံးတာ တစ်မျိုးဖြစ်နေပုံရတယ်။ ကိုယ်က သူ့ကို ပြန်ရှင်းပြရသေးတယ်။ pen name အနေနဲ့ သုံးတာပါလို့။ နောက်တစ်ချို့ပို့စ်တွေပေါ်မူတည်ပြီး သူမ၊ ကျွန်မလို့လည်း သုံးဖြစ်တယ်။ ဒါပေမယ့် မှတ်မှတ်ရရ ကျွန်မလို့သုံးခဲ့တာ ချစ်သူ့ဝိုင် ပို့စ်တစ်ပုဒ်တည်းပဲ။ အက်ဆေးတစ်ချို့နဲ့ ၀တ္ထုတိုမှာ  ကိုယ်၊ ကျွန်မ ထက် သူမနဲ့ သုံးဖြစ်တယ်။ စကားပြောပို့စ်အားလုံးလိုလို “ကိုယ်” လို့ သုံးဖြစ်တယ်။ စောစောက ကိုယ့်  male friend ကတော့ သူ့အမြင်ကို gtalk မှာ ဒီလိုပြောသွားတယ်။ “ငါကတော့ ကျမ ဆိုတာပဲ ကြိုက်တယ်။ အဖြောင့်ဆန်တယ်... ဘယ်ဘက်မှ မယိုင်ဘူးလို့ထင်တယ်” တဲ့။

အသက်အရွယ်လိုက် ကိုယ့်နာမ်စားတွေ ပြောင်းလဲသုံးနှုန်းရသလို (ကိုယ့်အတွက်) ရေးတဲ့ပို့စ်အပေါ်လိုက်ပြီး နာမ်စား ပြောင်းလဲမှုလေးတွေရှိပါတယ်။ comment ပေးဖြစ်ရင်တော့ ရီတာ့ ဆီမှာလွဲလို့ တစ်ခြားဘလော့ဂ်တွေမှာ ညီမ သို့မဟုတ် ဇွန် လို့ သုံးဖြစ်တာများတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုအန်ဒီ့ပို့စ်မဖတ်မိသေးခင် နှစ်ပတ်လောက်က ရီတာ့ကိုတောင် မေးကြည့်ဦးမယ်လို့။ ရီတာ အရင်က ကျွန်မလို့ နာမ်စားသုံးပြီး နောက်မှ ကိုယ်လို့သုံးဖြစ်သွားတာ ဘာကြောင့်လဲလို့။ ကိုအန်ဒီ့ပို့စ်ဖတ်မိတော့ ကိုယ်သိချင်တဲ့အဖြေကို ရီတာရဲ့ comment မှာ တွေ့လိုက်ရပါတယ်။း)

ခုလောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့ နာမ်စားပြဿနာက တစ်မျိုး။ ကိုယ့်ဘလော့ဂ်ကတစ်ဆင့် ခင်မင်ကြသူများက ဇွန်၊ မဇွန်ဆိုပြီး ကိုယ့်ကို ခေါ်ကြတယ်။ အဲ...ကိုယ်က ဖုန်းပြောရင်ဖြစ်စေ၊ အပြင်မှာတွေ့လို့ ပြောမိရင် ကိုယ့်နာမည်ရင်းကိုပဲ ထည့်ပြောတာအကျင့်ပါနေတော့ တစ်ဖက်က ပြောသူနဲ့ ဒီဘက်က ကိုယ့်မှာ စည်းဝါးမကိုက်ဘဲ တစ်ခုခုလွဲနေသလို ခံစားနေရတာပဲ။ အိမ်မှာဖုန်းလာလို့  မဇွန်ရှိလားလို့ တစ်ဖက်ကမေးရင် အိမ်ကညီမလေးတွေ ချက်ချင်းမဖြေနိုင်ဘဲ ကြောင်ကြောင်သွားလို့ မေးသူက နာမည်ရင်းပြောင်းမေးရတယ်။ သူတို့မပြောနဲ့ ကိုယ်တောင် ဖုန်းထူးလိုက်လို့ တစ်ဘက်က ဇွန်လားဟင်.. မဇွန်လားဟင်... လို့မေးလာရင် ကြောင်တတ်သေးတယ်။ ပြောနေမှ မကျဘဲကိုး။ ဒီတော့ အလိုက်အထိုက်ဖြစ်အောင် ကိုယ့်ကို ဇွန်မိုးစက်လို့ သိထားတဲ့ ဘလော့ဂါမိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကို ဇွန်လို့ပြောတတ်အောင် ကျင့်ယူထားရမယ့်ပုံပဲ။ နာမည်ရင်းနဲ့ သိထားသူများနဲ့တွေ့တော့ နာမည်ရင်းနဲ့ပြောပေါ့နော်။ နာမ်စားနှစ်မျိုးနဲ့ “ကိုယ်” ပေါ့လေ။း)

အမျိုးသားဘလော့ဂါဖြစ်ရတာ ဒီနေရာမှာ တစ်ပန်းသာသွားပြန်တာပဲ။ “ကျွန်တော်” နာမ်စား တစ်ခုတည်းနဲ့တင် ပြီးရော။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Changes

17

Category: ,

သူမ ဒီကျွန်းလေးကို စရောက်ချိန် ၂၀၀၁နှစ်ခုမှာ ဆောက်လက်စ ဒိုဗာမှတ်တိုင် ဘူတာရုံ မပြီးသေး။ ထိုစဉ်ကတည်းက ရုပ်လုံးပေါ်နေပြီဖြစ်သော Esplanade အဆောက်အဦလည်း အပြီးမသတ်ရသေး။ ခရမ်းရောင်ရထားလိုင်း မပေါက်သေး။ ချန်ဂီလေဆိပ်ကို ရထားဖြင့် တိုက်ရိုက်မသွားနိုင်သေး။  ပထမဆုံး အဲကွန်းဘတ်စ်အင်တာချိန်း ဖြစ်သော တိုးပါးရိုးအင်တာချိန်းက under construction အဆင့်မှာ။ အမ်အာတီကတ်ပြားကို ယခုလို tap လုပ်ရုံနှင့် ဖြတ်သွားနိုင်သော စနစ်မဟုတ်ခဲ့သေး။ Spass ဆိုသော  Work Pass အမျိုးအစားလည်း မပေါ်သေး။ GST က ၃ ရာခိုင်နှုန်းသာ။ 

သူမ ရောက်ပြီး သိပ်မကြာမီပင် ဒိုဗာဘူတာရုံဖွင့်သည်။ ချန်ဂီလေဆိပ်အထိလည်း ရထားဖြင့်သွားနိုင်ပြီ။ ၂၀၀၂ ထဲမှာပင် Esplanade လည်း ဖွင့်လှစ်ခဲ့သည်။ အသက် ၅၀ နှစ်အရွယ်ရှိ Software Engineer အမျိုးသားတစ်ဦး၏ စွမ်းဆောင်မှုဖြင့် MRT ကတ်ပြားများကို စက်အတွင်း ထိုးထည့်ပြီး ပြန်ထွက်လာမှ ယူစရာမလိုဘဲ tap လုပ်ရုံဖြင့် ဖြတ်သွားနိုင်သော စနစ်ကို ကလင်မသီဘူတာရုံတွင် ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုနှစ်က ဖြေရသော Software Engineer ဘာသာရပ်တွင် စနစ်သစ်ကတ်ပြားကို သုံးစွဲခြင်းဖြင့် ရလာမည့် ကောင်းကျိုးဆိုးကျိုးတို့ကို အဓိကထားပြီး စာမေးပွဲတွင် ထည့်မေးသွားခဲ့သေးသည်။ GST လည်း ၅ ရာခိုင်နှုန်းသို့ တက်တော့မည်။

တစ်နှစ်တာပညာသင်ယူအပြီး ထိုကျွန်းပေါ်မှ ထွက်သွားပြီး နောက်လေးနှစ်အကြာပြန်ရောက်တော့  အပြောင်းအလဲတွေ အများကြီးတွေ့လိုက်ရသည်။  ခရမ်းရောင် ရထားလိုင်း စဖွင့်ပြီ။ အ၀ါရောင် စက်ဝိုင်းလိုင်းလည်း ဖောက်နေပြီ။ အစိမ်းလိုင်းကလည်း ယခင် Boonlay မှ Joo Koon အထိ တိုးချဲ့နေခဲ့ပြီ။  Downtown လိုင်း အသစ်လည်း မကြာမီ လာတော့မည်။ အဲကွန်းဘတ်စ်အင်တာချိန်းအသစ်တွေတောင်  ထပ်မံဆောက်လုပ်နေပြီ။ GST က ၂၀၀၇ မှာ ၇ ရာခိုင်နှုန်းသို့ တက်မည်ဆို၍ ထုံးစံအတိုင်း ပြည်သူများထံမှ အသံတွေ ကြားနေရပြီ။ Spass ဆိုသော Work Pass အမျိုးအစားက ရှိနှင့်ပြီးသား WP၊ EP Status များကို ကျော်လွန်ကာ အတော်လေး Popular ဖြစ်နေခဲ့ပြီ။  Marina Bay မှာ ကာစီနိုပရောဂျက်အတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ဒာလုပ်သမားများ နေ့မအား ညမအား အလုပ်တွေ များနေခဲ့ကြပြီ။

Santosa မှ "Sound of the Sea" ကို ယခင်ကလို အခမဲ့ ကြည့်ရှုခွင့်မရတော့။ များမကြာမီက ဖွင့်လှစ်သော Orchard MRT မှာ Ion၊ Somerset မှာ  313  shopping mall  အသစ်များဖြင့် ဘူတာအထွက်ကို မျက်စိလည်ခဲ့စေသည်။ မြန်မာလူမျိုး၊ မြန်မာစကားသံတွေ နေရာတိုင်း၊ ရပ်ကွက်တိုင်းမှာ မြင်ရကြားရလောက်အောင် များပြားလာသလို ပတ်ပို့စ်ပြောင်းကိုင်သူ အရေအတွက်လည်း အထိုက်အလျောက် များလာခဲ့ပြီ။  ဟိုတုန်းက တိုက်တန်းနစ်လိုကားမျိုး ဆင်ဆာဖြတ်ပြီးမှ ပေးကြည့်သော၊ Sex and the City ဇာတ်လမ်းတွဲကို ရုပ်မြင်သံကြားမှာ မပြသခဲ့သော အနေအထားမှ ယှဉ်ကြည့်လိုက်လျှင် ယခုအခြေအနေမှာ  အရင်ကထက် အများကြီးပိုပြီး သိသာ ပွင့်လင်းသော အနေအထားတစ်ခု ဖြစ်နေခဲ့ပြီ။

ဝန်ကြီးချုပ် လီကွမ်ယုမှ ဂိုချောက်တောင်သို့၊ ဂိုချောက်တောင်မှ လီရှန်လွန်းသို့ ပြောင်းလဲသွားသော်လည်း တိုင်းပြည်လေးက အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲ၊ အားကောင်းစွာ ဖွံ့ဖြိုးနေဆဲ၊ စီမံကိန်း အသစ်အသစ်တွေဖြင့် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းသော တိုးတက်ပြောင်းလဲခြင်းတွေ မြင်တော့ အားကျမိသည်။

သူမ၏ မွေးရပ်မြေတွင်လည်း ပြောင်းလဲခြင်းတွေ မရှိမဟုတ်၊ ရှိနေပါသည်။ သို့ပေမယ့် ထိုပြောင်းလဲခြင်းတွေက အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲခြင်းမဟုတ်ဘဲ အနုတ်လက္ခဏာဆောင်သော ပြောင်းလဲခြင်းတွေ ဖြစ်နေသည်က ၀မ်းနည်းစရာကောင်းလှသည်။ ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်ဖို့ သူမတို့လိုလားသည့် ပြောင်းလဲခြင်းက ယခုတိုင်မပြောင်းလဲသည်မှာ ဘာကြောင့်မှန်း သူမ စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ကံ ကံ ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်သော်လည်း ထိုမပြောင်းလဲသေးသော ပြောင်းလဲခြင်းနှင့် ပတ်သက်လျှင်တော့ ယခုတိုင် ဇဝေဇ၀ါ ဖြစ်နေရဆဲ...။


ဇွန်မိုးစက်

တနင်္ဂနွေနဲ့ သင်ပုန်းကြီးဖတ်စာ

10

Category: ,




တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို (အကြောင်းထူးမရှိရင်) တစ်ခြားဘယ်မှမသွားဘဲ အမြဲ reserve လုပ်ထားပါတယ်။ တရားစခန်း၊ တရားပွဲနဲ့ကြုံကြိုက်တဲ့အခါမျိုး၊ နေမကောင်းတဲ့အခါ၊ ဟိုတစ်ခါ စာပေဟောပြောပွဲကို သွားတဲ့အခါမျိုးလောက်မှာ စာသင်သွားဖို့ ပျက်ကွက်ပါတယ်။  အိမ်မှာအချိန်ပြည့်မပေးနိုင်တဲ့ တနင်္ဂနွေဟာ အားလပ်ရက်မပီပေမယ့် ကိုယ်ကျေနပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အချိန်ပေးရကျိုးလည်း နပ်ပါတယ်။

စိတ်ကူးယဉ်ဆရာမဘ၀မှာ ပထ၀ီနဲ့အင်္ဂလိပ်စာပဲ သင်ကြည့်ဖူးပါတယ်။ မြန်မာစာတစ်ခါမှ မသင်ဖူးပါဘူး။ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် ဂုဏ်ယူလေးစားတဲ့ စိတ်ရယ်၊ အဝေးရောက်ကလေးများကို မြန်မာစာတတ်စေချင်တဲ့စိတ်ရယ်၊ မြန်မာစာကတစ်ဆင့် ဘုရားစာ၊ ပါဠိစာပေတွေတတ်မြောက်ပြီး ဘာသာတရားနဲ့ ကလေးတွေကို ပိုမိုနီးစပ်စေချင်တဲ့စိတ်ရယ်ပေါင်းပြီး တစ်ပတ်မှာ လုပ်အားပေးစာသင်ချိန် ၃နာရီ (ခွဲ)၊ ခရီးအသွားအပြန် ၂နာရီ စုစုပေါင်း ၅နာရီကနေ ၆နာရီအချိန်ပေးပြီး Sembawang  က SMC  မှာ မြန်မာမိဘဖွား မြန်မာကလေးတွေကို မြန်မာစာသင်ပေး ဖြစ်ခဲ့ပါတယ်။ 

အဲဒီ့အချိန်လေးကို ကိုယ်သိပ်ကြည်နူးပါတယ်။ ကလေးတွေကို သင်ပုန်းကြီးဖတ်စာသင်ပေးရင်း ကိုယ်ကိုယ်တိုင် ငယ်ငယ်ကစာသင်ချိန်တွေ ပြန်ရောက်သွားသလို ခံစားရလို့ပါ။ ပြီးတော့  ဝေးကွာနေတဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အဲဒီ့အချိန်ပိုင်းလေးမှာ ပိုပြီးနီးနီးစပ်စပ် ခံစားရတာလည်းပါပါတယ်။ စာသင်သားအဖြစ် စာတွေအံခဲ့တုန်းက ခံစားချက်နဲ့ အခုစာသင်သူအဖြစ် ခံစားချက်က မတူညီတော့ပါဘူး။

စာတွေသင်ပေးရင်း ကောင်းလိုက်တဲ့ မြန်မာစာသင်ရိုးညွှန်းတမ်းပါလားလို့ အကြိမ်ကြိမ်တွေးမိပါတယ်။ ချစ်စရာ့ ကဗျာလေးတွေ၊ အတုယူလိုက်နာကျင့်သုံးဖွယ် အမူအကျင့်စည်းကမ်းတွေကို သင်ခန်းစာတွေကတစ်ဆင့် ပေးသွားတာ ကိုယ်သိပ်သဘောကျပါတယ်။ ဘာသာစကား၊ စာပေတင်မက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိတရားလေးတွေကို သင်ခန်းစာအလိုက် ပေးပေးသွားတာ ခုကိုယ်တိုင်စာသင်မှ သေသေချာချာပိုမြင်လာပါတယ်။

မြန်မာစာခက်တယ်လို့ ညည်းတဲ့ကလေးကညည်း၊ အသီးအနှံအရွက် သူတို့မစားဘူး၊ မမြင်ဘူးတဲ့ဟာ မေးတန်မေးနဲ့ စာသင်ခန်းလေးက ဆူညံနေပါတယ်။ ကိုယ့်မှာ မြန်မာစာတင်မက အင်္ဂလိပ်စာပါ ပြန်ပြန်နွှေးရတာ၊ သူတို့မသိတာလေးတွေ အင်္ဂလိပ်လို ပြန်ပြောလို့ရအောင်လို့။ ပဲပြုတ်မစားဖူးသူ၊ ခရမ်းသီးမသိသူ၊ ထန်းပင်မမြင်ဖူးသူ၊ လယ်ကွင်း၊ ကျေးရွာ၊ စပါးလှေ့ စတာတွေနဲ့ မရင်းနှီးတဲ့သူလေးတွေကို သူတို့မြင်အောင်သိသွားအောင် ပုံဖော်ပြောဆိုရတဲ့ ဆရာမတွေ ခေါင်းစား အလုပ်များ ပင်ပန်းကြပါတယ်။ 

ပညာရေးစနစ်ကွာခြားမှုအောက်မှာ ကြီးပြင်းလာသူတွေဖြစ်တော့ ကိုယ်တို့ငယ်ငယ်တုန်းကလို ဆရာဒါဆိုဒါ မလိုက်တာ သိသိသာသာတွေ့ရပါတယ်။ Complain သိပ်တက်တဲ့ ကလေးတွေလည်းရှိတယ်။ သင်ခန်းစာတစ်ခုမှာ “လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ” လို့ ဘေးက လဲနေသူကို ဆွဲထူပေးတဲ့ပုံလေးတွေ့တော့ ကိုယ့်တပည့် ကျောင်းသူလေးက ကြည့်ပြီးမေးပါတယ်။ “ဘာလို့ သူ့ဖာသာသူ မထတာလဲတဲ့”။ ကိုယ့်တုန်းကတော့ အဲလိုမတွေးမိတာ အမှန်ပါ။ လဲနေသူဆို ထူပေးရမယ်ဆိုတဲ့အသိပဲ ၀င်သွားတာ။ မြန်မာစာကို (စိတ်ပါပါ မပါပါ) ကြိုးစားသင်အံနေကြတာမြင်ရင်ပဲ စိတ်ကြည်နူးရပါတယ်။ 

မမသီတာပြောတဲ့စကားလေး အမှတ်ရမိပါတယ်။ မြန်မာစာတတ်တာမတတ်တာတစ်ပိုင်း၊ ဒါပေမယ့် စာသင်ရင်းကနေ စာတွေကတစ်ဆင့် မြန်မာပြည်နဲ့ရင်းနှီးသွားပြီး မြန်မာပြည်ချစ်စိတ်ကလေးတွေ  သူတို့ရင်ထဲမှာ ကိန်းအောင်း ၀င်ရောက်သွားတယ်ဆိုတာပါ။ ကိုယ်လည်း အဲလိုပဲ ယုံကြည်မိတယ်။ အသိအလိမ္မာပေးတဲ့ ချစ်စရာ သူငယ်တန်းဖတ်စာ တစ်ချို့ ကိုယ်ကောက်နုတ်ထားတာလေးတွေ ဖတ်ကြည့်ပါဦး။

“စားစရာ လာယူပါ။
ညီညီညာညာ လာပါ။
လုမယူရ။
အတူတူစားပါ။”

“ဖေဖေ မေမေ
မာပါစေ။
မေမေ့ စကား
အရေးထား။
ဖေဖေ့ စကား
သား လေးစား။”

“သူသည် နုနယ်၏။
လဲနေသူ ထူပေးပါ။
အားငယ်သူ အားပေးပါ။
အတူတူ သယ်ယူပါ။”

“မိဘဆရာ ရိုသေပါ။
ရိုးရိုးသားသား နေပါ။
သာသာယာယာ စကားဆိုပါ။
အဘိုးအိုကို ကန်တော့ပါ။”

“ပညာကို ရှာမှီးပါ။
အမှားအမှန် ခွဲခြားပါ။
သတိရှိရမည်။
သနားညှာတာမှု ရှိကြပါ။” 

ဒီလိုဖတ်စာတွေသင်အံရင်း သူတို့ရင်ထဲ အတိုင်းအတာတစ်ခုအထိ အသိအလိမ္မာ ယဉ်ကျေးမှုဓလေ့တွေ ၀င်ရောက်ခဲ့မယ် ဆိုရင်ဖြင့် ကိုယ်ရဲ့တနင်္ဂနွေဟာ သိပ်ကို တန်ဖိုးရှိသွားမှာပါပဲလို့။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်