တနင်္ဂနွေနဲ့ သင်ပုန်းကြီးဖတ်စာ

Category: ,




တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို (အကြောင်းထူးမရှိရင်) တစ်ခြားဘယ်မှမသွားဘဲ အမြဲ reserve လုပ်ထားပါတယ်။ တရားစခန်း၊ တရားပွဲနဲ့ကြုံကြိုက်တဲ့အခါမျိုး၊ နေမကောင်းတဲ့အခါ၊ ဟိုတစ်ခါ စာပေဟောပြောပွဲကို သွားတဲ့အခါမျိုးလောက်မှာ စာသင်သွားဖို့ ပျက်ကွက်ပါတယ်။  အိမ်မှာအချိန်ပြည့်မပေးနိုင်တဲ့ တနင်္ဂနွေဟာ အားလပ်ရက်မပီပေမယ့် ကိုယ်ကျေနပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အချိန်ပေးရကျိုးလည်း နပ်ပါတယ်။

စိတ်ကူးယဉ်ဆရာမဘ၀မှာ ပထ၀ီနဲ့အင်္ဂလိပ်စာပဲ သင်ကြည့်ဖူးပါတယ်။ မြန်မာစာတစ်ခါမှ မသင်ဖူးပါဘူး။ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် ဂုဏ်ယူလေးစားတဲ့ စိတ်ရယ်၊ အဝေးရောက်ကလေးများကို မြန်မာစာတတ်စေချင်တဲ့စိတ်ရယ်၊ မြန်မာစာကတစ်ဆင့် ဘုရားစာ၊ ပါဠိစာပေတွေတတ်မြောက်ပြီး ဘာသာတရားနဲ့ ကလေးတွေကို ပိုမိုနီးစပ်စေချင်တဲ့စိတ်ရယ်ပေါင်းပြီး တစ်ပတ်မှာ လုပ်အားပေးစာသင်ချိန် ၃နာရီ (ခွဲ)၊ ခရီးအသွားအပြန် ၂နာရီ စုစုပေါင်း ၅နာရီကနေ ၆နာရီအချိန်ပေးပြီး Sembawang  က SMC  မှာ မြန်မာမိဘဖွား မြန်မာကလေးတွေကို မြန်မာစာသင်ပေး ဖြစ်ခဲ့ပါတယ်။ 

အဲဒီ့အချိန်လေးကို ကိုယ်သိပ်ကြည်နူးပါတယ်။ ကလေးတွေကို သင်ပုန်းကြီးဖတ်စာသင်ပေးရင်း ကိုယ်ကိုယ်တိုင် ငယ်ငယ်ကစာသင်ချိန်တွေ ပြန်ရောက်သွားသလို ခံစားရလို့ပါ။ ပြီးတော့  ဝေးကွာနေတဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အဲဒီ့အချိန်ပိုင်းလေးမှာ ပိုပြီးနီးနီးစပ်စပ် ခံစားရတာလည်းပါပါတယ်။ စာသင်သားအဖြစ် စာတွေအံခဲ့တုန်းက ခံစားချက်နဲ့ အခုစာသင်သူအဖြစ် ခံစားချက်က မတူညီတော့ပါဘူး။

စာတွေသင်ပေးရင်း ကောင်းလိုက်တဲ့ မြန်မာစာသင်ရိုးညွှန်းတမ်းပါလားလို့ အကြိမ်ကြိမ်တွေးမိပါတယ်။ ချစ်စရာ့ ကဗျာလေးတွေ၊ အတုယူလိုက်နာကျင့်သုံးဖွယ် အမူအကျင့်စည်းကမ်းတွေကို သင်ခန်းစာတွေကတစ်ဆင့် ပေးသွားတာ ကိုယ်သိပ်သဘောကျပါတယ်။ ဘာသာစကား၊ စာပေတင်မက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိတရားလေးတွေကို သင်ခန်းစာအလိုက် ပေးပေးသွားတာ ခုကိုယ်တိုင်စာသင်မှ သေသေချာချာပိုမြင်လာပါတယ်။

မြန်မာစာခက်တယ်လို့ ညည်းတဲ့ကလေးကညည်း၊ အသီးအနှံအရွက် သူတို့မစားဘူး၊ မမြင်ဘူးတဲ့ဟာ မေးတန်မေးနဲ့ စာသင်ခန်းလေးက ဆူညံနေပါတယ်။ ကိုယ့်မှာ မြန်မာစာတင်မက အင်္ဂလိပ်စာပါ ပြန်ပြန်နွှေးရတာ၊ သူတို့မသိတာလေးတွေ အင်္ဂလိပ်လို ပြန်ပြောလို့ရအောင်လို့။ ပဲပြုတ်မစားဖူးသူ၊ ခရမ်းသီးမသိသူ၊ ထန်းပင်မမြင်ဖူးသူ၊ လယ်ကွင်း၊ ကျေးရွာ၊ စပါးလှေ့ စတာတွေနဲ့ မရင်းနှီးတဲ့သူလေးတွေကို သူတို့မြင်အောင်သိသွားအောင် ပုံဖော်ပြောဆိုရတဲ့ ဆရာမတွေ ခေါင်းစား အလုပ်များ ပင်ပန်းကြပါတယ်။ 

ပညာရေးစနစ်ကွာခြားမှုအောက်မှာ ကြီးပြင်းလာသူတွေဖြစ်တော့ ကိုယ်တို့ငယ်ငယ်တုန်းကလို ဆရာဒါဆိုဒါ မလိုက်တာ သိသိသာသာတွေ့ရပါတယ်။ Complain သိပ်တက်တဲ့ ကလေးတွေလည်းရှိတယ်။ သင်ခန်းစာတစ်ခုမှာ “လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ” လို့ ဘေးက လဲနေသူကို ဆွဲထူပေးတဲ့ပုံလေးတွေ့တော့ ကိုယ့်တပည့် ကျောင်းသူလေးက ကြည့်ပြီးမေးပါတယ်။ “ဘာလို့ သူ့ဖာသာသူ မထတာလဲတဲ့”။ ကိုယ့်တုန်းကတော့ အဲလိုမတွေးမိတာ အမှန်ပါ။ လဲနေသူဆို ထူပေးရမယ်ဆိုတဲ့အသိပဲ ၀င်သွားတာ။ မြန်မာစာကို (စိတ်ပါပါ မပါပါ) ကြိုးစားသင်အံနေကြတာမြင်ရင်ပဲ စိတ်ကြည်နူးရပါတယ်။ 

မမသီတာပြောတဲ့စကားလေး အမှတ်ရမိပါတယ်။ မြန်မာစာတတ်တာမတတ်တာတစ်ပိုင်း၊ ဒါပေမယ့် စာသင်ရင်းကနေ စာတွေကတစ်ဆင့် မြန်မာပြည်နဲ့ရင်းနှီးသွားပြီး မြန်မာပြည်ချစ်စိတ်ကလေးတွေ  သူတို့ရင်ထဲမှာ ကိန်းအောင်း ၀င်ရောက်သွားတယ်ဆိုတာပါ။ ကိုယ်လည်း အဲလိုပဲ ယုံကြည်မိတယ်။ အသိအလိမ္မာပေးတဲ့ ချစ်စရာ သူငယ်တန်းဖတ်စာ တစ်ချို့ ကိုယ်ကောက်နုတ်ထားတာလေးတွေ ဖတ်ကြည့်ပါဦး။

“စားစရာ လာယူပါ။
ညီညီညာညာ လာပါ။
လုမယူရ။
အတူတူစားပါ။”

“ဖေဖေ မေမေ
မာပါစေ။
မေမေ့ စကား
အရေးထား။
ဖေဖေ့ စကား
သား လေးစား။”

“သူသည် နုနယ်၏။
လဲနေသူ ထူပေးပါ။
အားငယ်သူ အားပေးပါ။
အတူတူ သယ်ယူပါ။”

“မိဘဆရာ ရိုသေပါ။
ရိုးရိုးသားသား နေပါ။
သာသာယာယာ စကားဆိုပါ။
အဘိုးအိုကို ကန်တော့ပါ။”

“ပညာကို ရှာမှီးပါ။
အမှားအမှန် ခွဲခြားပါ။
သတိရှိရမည်။
သနားညှာတာမှု ရှိကြပါ။” 

ဒီလိုဖတ်စာတွေသင်အံရင်း သူတို့ရင်ထဲ အတိုင်းအတာတစ်ခုအထိ အသိအလိမ္မာ ယဉ်ကျေးမှုဓလေ့တွေ ၀င်ရောက်ခဲ့မယ် ဆိုရင်ဖြင့် ကိုယ်ရဲ့တနင်္ဂနွေဟာ သိပ်ကို တန်ဖိုးရှိသွားမှာပါပဲလို့။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 10 )

ဟိုတခါ စာပေဟောပြောပွဲတုန်းက ဆရာ နေ၀င်းမြင့်ပြောသွားသလိုပေါ့ ညီမရယ်၊
ဦးဏှောက်အဟာရနဲ့ နှလုံးသားအဟာရ၊
မြန်မာစာမှာ စိတ်အဟာရ ကိုပါ ထည့်သွင်း သင်ပေးသွားတာ၊ စိတ်ရဲ့နူးညံ့မူကိုပါ သင်ပေးခဲ့တာပေါ့၊
အချိန်ပေးပြီး သင်ပေးနိုင်တာ ဂုဏ်ယူစရာပါ။

အလွန်ကောင်းသော မှန်ကန်သော လုပ်ရပ်တစ်ခုပါပဲ၊ များစွာဂုဏ်ယူမိပါသည်၊ မတောင်းပဲဆုတွေပြည့်ပါလိမ့်မည်။

ပညာရေးစနစ်ကွာတာရယ်အပြင်၊ သူတို့က new generation ဖြစ်တာရယ်လဲ ပါမယ်ထင်တယ် ဇွန်။

ဇွန်လုပ်နိုင်တာ အားကျမိပါတယ်။

ညီမဇွန်ရေ...အရမ်း အကျိုးရှိတဲ့ တနင်္ဂနွေပေါ့ ညီမရယ်...ခု ကလေးတွေက ဒါဆိုဒါ မဟုတ်တော့ဘူး တွေးခေါ်အားကောင်းလာကြတာ သိတ်ကောင်းတယ်။ ဆရာမကြီး ခေါင်းခြောက်အောင် ရှင်းပြနေရမှာပေါ့....:)
လုပ်နိုင်တာ ဂုဏ်ယူစရာပါ ညီမရေ...:)

ဆရာမကြီးဆီမှာ ဆရာမ ပေါက်စလေးက စာသင်ပုံသင်နည်း နည်းနာနိသယတွေ ပြန်ပြီး သင်ယူရဦးမယ်... :D


ဂျင်ဂျင်း

လေးနက်တဲ့ရည်ရွယ်ချက်တွေနဲ့ အစ်မဇွန်ရဲ့ မွန်မြတ်တဲ့အလုပ်ကို သိပ်လေးစားမိပါတယ်။ အားလည်း ကျမိပါတယ်။ နိုင်ငံရပ်ခြားမှာ မွေးဖွားကြီးပြင်းတဲ့ မြန်မာကလေးတွေအတွက် မြန်မာပြည်နဲ့နီးစပ်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်နော်။ ညီမလည်း အဲဒီလိုလေး လုပ်အားပေးဖို့ အကြံရဖူးပေမယ့် စာသင်ဖို့ ကိုယ့်ဘာသာ ယုံကြည်မှုမရှိလို့ မလုပ်ဖြစ်ခဲ့ပါဘူး။ တကယ်လေးစားမိပါတယ် အစ်မရယ်...

မမကို ကျေးဇူးလည်းတင် လေးလည်းလေးစားလျှက်
သာယာချမ်းမြေ့ပါစနော်
မိုး

ချစ်စရာ လိမ်မာတဲ့ ညီမလေးပဲ...
တကယ်ကို ချီးကျူးပါတယ်...း))

ပျော်စရာလေး။ ဆက်လုပ်ပါ။ သိပ်ကောင်းတဲ့
အရာပါ။

လေးစားအားကျ သာဓုခေါ်ပါတယ် မဇွန်ရေ။
မမင်းကတော့ မြန်မာဖတ်စာမှာ ဒီဟာလေးအကြိုက်ဆုံးပါ...
ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲ ကျွံနေသည်၊
ကူ၍တွန်ပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျင် ရွေ့ နိုင်ပါသည်။
အဲဒါ.. မမင်းကမြန်မာပြည်ကြီးကို တွန်းကြည့်ချင်နေသေးတာလေ ဟိဟိ