ကျွန်တော့်ကို အမေက နွေဦး (ကုမ်ရာသီ) မှာ မွေးခဲ့လို့လား မပြောတတ်ပါ။ နွေဦးကိုရောက်တိုင်း ခံစားမှု တစ်မျိုး လွင့်လာတတ်ကာ အလွန်စွဲလန်းသော အာရုံဖြင့် ရှိနေတတ်ပါသည်။ နွေဦးဝင်ပြီဆိုသည်နှင့် တိုက်မြဲ မြောက်လေကလေး ဖယ်ဆုတ်ရာက တောင်လေကလေး သုန်လာတတ်သည်။ အမေက ဘာလိုလိုနဲ့ တောင်လေကလေးတောင် သွေးပြန်ပါပကောလို့ မှတ်မှတ်ရရ ပြောတတ်မြဲလည်း ဖြစ်သည်။ တောင်လေကလေး ပြက်သည်နှင့် နွေနံ့တွေ ကြိုင်ကြိုင်လှောက်လာတော့သည်။ နွေ၏ရနံ့သည် ပန်းရနံ့တွေလည်းမဟုတ်၊ ဖုန်ခိုး မီးနံ့လည်းမဟုတ်။ မြေခိုးမြေငွေ့တွေ အူလာလို့လည်းမဟုတ်။ နွေဦးရာသီကပဲ သယ်ဆောင်လာသည့် သဘာဝရနံ့ဖြစ်သည်။ နွေလေကပဲ သစ်ရွက်ဟောင်းတွေ ခြွေချပေးသည်။ ရွက်ခြွေလေ တစ်ချက်သုတ်လိုက်သည်နှင့် ရွက်ဟောင်းတွေ ဝေ့ဝေ့၀ဲဝဲ ကြွေကြရသည်။ ကျွန်တော်တို့ငယ်ငယ်က သစ်ရွက်ကြွေဖမ်းတမ်း ကစားကြသည်။ မှို့သီးလဲသီးကွဲတွေက လွင့်ပါလာတတ်ကြသော လဲစမှို့စ လူးလူးလိမ့်လိမ့်ကလေးတွေကို လိုက်ဖမ်းရတာကလည်း ပျော်စရာ ဖြစ်ရသည်။ နွေဦးမှာ မွှေ့တတ်ဝှေ့တတ်သော လေပွေခေါ်ကြသည့် “လေပူကတော့” ကို ကျွန်တော် ကြောက်တတ်သည်ဟု အမေပြောဖူးသည်။ “လေပူကတော့” ကြီးတွေက အချိန်အခါမရွေး၊ နေရာမရွေး လေပူချင်း ဆိုင်မိလျှင် ဖုန်နှင့် အမှိုက်တွေကို ဆွဲတင်သွားတတ်တာကို ကလေးပီပီ ကြောက်ခဲ့တာဖြစ်လိမ့်မည်။ ကျွန်တော်တို့ခြံထဲက မာလကာပင်၊ သြဇာပင်၊ ဂွေးသီးပင်၊ သလဲပင် တွေကလည်း အရွက်တွေမကျန်အောင် “ခါ” တတ်သည်။ ညအခါ ကောင်းကင်ရောင်နောက်ခံမှာ အရိုးစုကြီးတွေ ရပ်နေကြသည်နှင့်တူသည်။
စည်းရိုးစပ်မှာရှိကြသော ငုပင်နှင့်ပေါက်ပင်ကတော့ တစ်မျိုးလှကြသည်။ ငုဝါရောင်က ပိတောက်နှင့်မတူ။ ရွှင်သော အ၀ါရောင်ဖြစ်သည်။ ငုတစ်ပင်လုံး ခဲနေအောင် ပွင့်သည့်အတွက် မြင်ရသည်ပင် ခူးချင့်စဖွယ်။ ပေါက်ကတော့ အပင်ကြီးမျိုးဖြစ်သည်။ ပွင့်စမှာ နီနီမြန်းမြန်း၊ တစ်ရက်နှစ်ရက်ကြာတော့ လိမ္မော်ရောင်ဘက်ကူးကာ တစ်သွေး လှနေတော့သည်။ နွေဦးမှာ အမှတ်တရအရှိဆုံးကတော့ ဥသြတွန်သံဖြစ်သည်။ ဥသြတွန်သံကို ခံစားမိရခြင်းမှာလည်း အဓိပ္ပာယ်ရှိသည်။ ဥသြတွေ တွန်ပြီဆိုလျှင် အဖေရောက်လာတော့မည်။ ကျွန်တော် လူမှန်းသိစကတည်းက အဖေက ရန်ကုန်မှာ အလုပ်လုပ်နေသည်။ ကျွန်တော်နှင့်အမေက ရွာမှာ။ တစ်နှစ်တစ်ခါ နွေကျောင်းပိတ်ချိန်မှာ အဖေ ရောက်လာတတ်သည်။ ဟိုတုန်းက သည်ခေတ်လို သွားရေးလာရေး လွယ်လှသည်မဟုတ်။ ရန်ကုန် ပြည် ဘတ်စ်ကား စီးရသည်။ ပြည်ရောက်တော့ တစ်ညအိပ်။ ပြည် ကူးတို့ သဘောင်္ကြီးတွေ စီးကာ သင်္ဘောပေါ်မှာ တစ်ညအိပ်။ သံကိုင်းဆိပ်ကိုရောက်မှ ဆင်းကာ မြင်းလှည်းနှင့် ကုန်းဇောင်းကို လာရသည်။ အဖေရောက်လာတော့ စစ်သုံးတာပေါ်လင် အိပ်ရာလိပ်ကြီးပါသည်။ တစ်လုံးချိုင့်ခေါ်သည့် ထမင်းချိုင့်ပါသည်။ အ၀တ်အစားတွေကတော့ အိပ်ရာလိပ်ထဲမှာ။ အဖေ့အကြောင်း ကျွန်တော်ရေးလျှင် သည်အရုပ်တွေ အရိပ်တွေ မပါလို့မရ။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်က ပြန်လာသော ဂျမဒါတစ်ယောက်နှင့်တူသည်ဟု ကျွန်တော်ရေးဖူးသည်။ အဖေရောက်လာသည့်ရက်တွေက နွေဦး။ ဥသြတွန်တဲ့ လရာသီ။ နှစ်စဉ် ဥသြတွန်သံကြားလျှင် အမေက “မင်းအဖေ လာတော့မယ်” လို့ ပြောတတ်သည်။ အမေလည်း ဥသြတွန်သံကို မျှော်နေတာများလား။
ဥသြတွန်သံက ချိုမြိန်သော အလွမ်းဓာတ်ကလေး ပါသည်။ အလွမ်းဓာတ်ကဲသော သံချိုလို့လည်း ပြောနိုင်သည်။
ဥသြသံက နွေဦး၏ ဖွားဖက်တော်ဖြစ်သည်။
ရှင်အုံးညို၏ ဂါထာ ၆၀ ပျို့မှာ “ရဂုံတောဝယ်၊ ဥသြကျေးငှက်၊ ယှဉ်ဖက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ” လို့ ဖွဲ့သည်။ “ကြွေးရင့်မညံ” သည် မဆူမညံ နားချမ်းသာသော အသံကို ဆိုလိုပုံရသည်။ ကွမ်းရေတော်ကိုင် ဦးယာကတော့ ဥသြကို အလွမ်းဘက်ကို ကူးကာ ခံစားသည်။ သူ၏တပေါင်းလ ဘွဲ့တစ်ပုဒ်မှာ “မြိုင်ခွင်တစ်ကြော၊ ဥသြရင့်ကြွေး၊ ကျူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ ရွှေသည်းညှာလည်း၊ ကြွေရှာလုဖွယ်” လို့ ဖွဲ့သည်။ အသည်းကြွေမတတ် ခံစားရသော မြိုင်ဦးက ဥသြသံကို သူလည်း ခံစားပုံရသည်။
ဥရောပနွေဦးကို ကျွန်တော် ကြုံခဲ့ဖူးသည်။ သူတို့ နွေဦးကို သူတို့ကလည်း မျှော်မောတကြီး ရှိကြတာ သတိထားမိပါသည်။ သူတို့နွေဦးဆိုသော်လည်း သူတို့ပထ၀ီနှင့် အစပ်မတည့်လှသော ကျွန်တော့်အဖို့ နွေဦးလို့မထင်။ ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှာ သမုဒ္ဒရာပိုင်းရာသီဥတုရှိသည်။ တောင်ပိုင်းမှာက မြေထဲပင်လယ်ရာသီဥတု။ အရှေ့နှင့် ဗဟိုပိုင်းမှာတော့ ကွန်တီနင်တယ် ရာသီဥတု ခေါ်ကြသည်။ ကုန်းမြေထုနှင့်ဆိုင်သော ရာသီဥတု ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့တစ်နိုင်ငံလုံး၏ နွေဦးသည် အေးမြ၍ ခြောက်သွေ့သော လေတွေ တိုက်နေတတ်သည်။ ဆီးနှင်းမိုး ရွာတတ်သော နွေဦးဖြစ်သည်။ မိုးနှင့် နှင်းကြွင်း၊ မြူနှင့် ဆောင်းနံ့ထုံသောရာသီကို နွေဦး ခေါ်နေကြသည်။ နွေဦးမှာမှ မြင်ရတတ်သော သစ်ရွက်တွေကတော့ အရောင်ဆန်းပါသည်။ ဒန်ရောင်၊ ဖန်ရောင်၊ သံမဏိရောင်တွေပင် ပါလိုက်သေးသည်။ ပါရီမှာပင် သဘာဝသစ်တော၊ မြို့လယ်ရပ်ကွက်အလိုက်သစ်တော၊ အမျိုးသားသစ်တော စသည်ဖြင့်ရှိသည်။ သဘာဝ သစ်တောများကို ပသာဒဖြစ်အောင် ပြုပြင်ထားသဖြင့် စိုက်ခင်းသစ်တော ထင်စရာရှိသော်လည်း တောကြီးဟေ၀န်မှန်း သိသာပါသည်။ ကျွန်တော် သတိထားမိသလောက်တော့ အောက်ချင်းသောင်းသောင်း၊ ဥဒေါင်းထိတ်ထိတ်၊ ကရ၀ိတ်သံသာ၊ ခါလည်းငေါ်ငေါ်၊ ငှက်တော်သဲသဲ၊ လင်းဆွဲသက်သက်၊ ဆက်ရက်လေးမျိုး၊ ကျေးရှစ်မျိုးနှင့် ချိုးမျိုးလေးတန်၊ သိန်းစွန် ခင်ပုပ်တို့ မြိုင်လုံးချုပ်အောင် ရှိနိုင်သော်လည်း သည်ကန္တာတောခြေတွေမှာ နွေဦးဥသြသံ မကြားခဲ့ရ။ ဥရောပကဗျာတွေမှာ ဥသြ (cuckoo)၊ ဥသြသံထွက်သည့် သံစုံနာရီ (cuckoo clock) ဆိုတာတွေ ကျွန်တော်ဖတ်ဖူးပါလျက် ဥသြသံကို အကြောင်းမဆိုက်၍ဘဲလားမသိ။ ကျွန်တော် မကြားခဲ့ရိုး အမှန်။
မနေ့တစ်နေ့ကမှ ရောက်ခဲ့ရသော မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာတော့ ဥသြသံတွေ အီလောက်အောင် ကြားခဲ့ရသည်။ ဥသြသံမှ ဥသြတွန်သံအစစ်။ အထပ်မြင့်တိုက်ခန်းတွေမှာ နေခွင့်ရခဲ့သဖြင့် ကွာလာလမ်ပူတစ်မြို့လုံးကို ဆီးမြင်နေရသော ကျွန်တော့်မှာ သည်ဥသြသံ ဘယ်ကလာသလဲ မရှာတတ်အောင် ဖြစ်နေရသည်။ ကျွန်တော် မြင်ရသလောက် အထပ်အထပ် လမ်းမကြီးတွေ၊ မြင့်မားသော မိုးမျှော်တိုက်ကြီးတွေ၊ ကွန်ကရိ တံတားကြီးတွေသာ ရှိသည်။ ရှိနေသည့် သစ်ပင်တွေကလည်း ဥသြခိုလောက်စရာ မရှိ။ တောမြိုင်ခြေလမ်း မဟုတ်။
“ဥသြသံက သည်မှာ ဆယ့်နှစ်ရာသီကြားရတယ်။ ကျွန်တော်တို့လည်း ရောက်စက ဥသြသံကြားတော့ ဇာတိ လွမ်းရသေးတယ်။ မဟုတ်ဘူးဗျ၊ ဥသြက တစ်နှစ်လုံး တွန်နေတာ။ အီကွေတာရာသီဥတု ရှိလို့လားတော့ မပြော တတ်ဘူး”
မလေးရှားရောက် မြန်မာမိတ်ဆွေတွေက ပြောပြခြင်းဖြစ်သည်။ မလေးရှားတွင်နေရသည့် ရက်များအတွင်း ကွာလာလမ်ပူမြို့ကြီး၏ တောင်ပိုင်းမှာရော မြောက်ပိုင်းမှာပါ တည်းခိုခွင့် ရခဲ့ပါသည်။ ဥသြသံကိုတော့ နေရာတိုင်းမှာ ကြားခဲ့ရသည်။ ကေဒါ (ကဒါး) ပြည်နယ်၊ ဆလန်ဂေါပြည်နယ်တွေ ရောက်တော့လည်း ကြားခဲ့ရသည်။ တောစိုး သစ်ပင်ကြီးတွေပေါ်က တဖွဲ့တနွဲ့ လွမ်းယဲ့ယဲ့ကြားရတာမျိုးတော့ မဟုတ်။ ဖုတ်ပူမီးတိုက် တွန်းသံမျိုးဖြစ်သည်။ မလေးရှားသည် ပထ၀ီဝင်အရ ပင်လယ်လွှမ်းမိုးမှုရှိသော ရာသီဥတုရှိသည်။ အိန္ဒိယသမုဒ္ဒရာလေထုနှင့် တောင်တရုတ် ပင်လယ်လေထုက ရာသီဥတုနှစ်မျိုးကို ဖြစ်ပေါ်စေသည်။ ပျမ်းမျှ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်ကြားမှာ ရှိနေတတ်သည်။ ညှို့လာသောမိုးက ရွာချင်ရွာသလို လင်းလာသော နေက သာချင်သာသည်။ ပုံမှန်အားဖြင့် နွေးနွေးထွေးထွေး ရာသီဥတုမျိုးဟု ဆိုနိုင်သည်။
“အရှေ့မြောက်မုတ်သုံရာသီနဲ့ အနောက်တောင်မုတ်သုံရာသီရယ်လို့ နှစ်မျိုးရှိတယ်။ စိုထိုင်းစလည်း များတယ်။ ဒါပေမဲ့ အပူပိုင်း အီကွေတာ ရာသီဥတုရယ်လို့လည်း ရှိပြန်တယ်။ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အနောက်ဘက် ကမ်းရိုးတန်းတွေမှာ ခြွင်းချက်ရှိပေမဲ့ ပုံမှန်အားဖြင့် နွေဦးနဲ့ဆင်တယ်”
ဥသြတို့ မျက်စိလည်ကြပုံပေါ်သည်။ သည်တော့လည်း ကြားရဖန်များတော့ ကျွန်တော့်မှာ မချိုစကောင်း ချိုစကောင်း ဖြစ်ရသည်။ မလွမ်းစကောင်း လွမ်းစကောင်း ဖြစ်ရသည်။
စင်ကာပူမှာလည်း ဥသြသံကြားရသည်။ မြို့ပြခေတ်ဆန်မှုတွေကြားက ကြားရသော ဥသြသံကို ကျွန်တော် နားမလည်နိုင်ဘဲ ရှိခဲ့သည်။ ကျွန်တော် တည်းနေသည့်တိုက်ခန်းက ကြည့်လျှင် ကုန်သင်္ဘောကြီးတွေပေါ်ကို ကုန်သေတ္တာ ကြီးတွေ တင်ပေးနေသော စင်ကာပူဆိပ်ကမ်း လုပ်ငန်းခွင်ကြီးကို မြင်နေရသည်။ ခေတ်လွန် ဗိသုကာ အဆောက်အအုံ တွေကို မြင်နေရသည်။ သည်ကြားထဲက ဥသြတွန်သံ ကြားရခြင်းဖြစ်သည်။ လွမ်းစရာမကောင်းလိုက်ပုံများ။
သည်ရက်ထဲမှာပဲ အညာခေါင်ခေါင်နယ်မြို့ကလေးတွေဆီ ရောက်ခဲ့သည်။ ဘယ်ကိုကြည့်ကြည့် ကျောက်စရစ်ကုန်းနှင့် အင်တိုင်းတောခြောက်ကိုသာ မြင်နေရသည်။ တောခြောက်တွေထဲက တောပန်း တောင်ပန်းတွေ မြင်ရသည်။ လက်ပံပွင့် ၀တ်ရည်ချိုကို သောက်ကြရင်း မူးယစ်နေကြသော ဆက်ရက်တွေကို မြင်ရသည်။
“ကြောင်ရှာနှင့် နဘဲ၊ ရှင်ကစ္စဲနှင့် ရှင်ပါကူ၊ လဲလူ မ ဖို၊ ကုတ်ကိုနှင့် ကုတ်ဟီး၊ မန်ကျည်းနှင့် သနပ်၊ ဒဟပ်နှင့် သန်းထိမ်၊ ကျည်းဖြူနှင့် ပျဉ်းတော်သိမ်၊ လွန်လိမ်ဖလန်၊ သီးပေါင်မဲ့ ဆီးခံ၊ လက်ပံနှင့် လပ်ခုပ်၊ ကြက်မအုပ် ကြက်မောက်၊ တောရှောက်ခပေါင်း၊ ထနောင်းနှင့် ထောက်ရှာ၊ ယင်းမာနှင့် ရင်းတိုက်”
အင်တိုင်းတောကလေးတွေဆီက ဥသြသံကိုပါ ကြားရသည်။ သည်တစ်ခါတော့ အလွမ်းဓာတ်ပါသော သံအေးချိုချိုသည် ကျွန်တော့်ရင်ကို ပုတ်နှိုးလိုက်သည်။ မြန်မာ့နွေဦးနှင့် မြန်မာ့ဥသြ အတူနှောပါမှ လွမ်းရသည်ကော။
နေ၀င်းမြင့်

-----------------------------------------------------------------------------------------------------------------------
ဒီမှာကြားရတဲ့ ဥသြတွန်သံနဲ့ ပတ်သက်ပြီး ခံစားချက်ခြင်း သွားတူနေကြတဲ့ သူငယ်ချင်းမိတ်ဆွေများအတွက် ဆရာနေ၀င်းမြင့်ရဲ့ “ချစ်သူနှင့် ခရီးသွားခြင်း” (အနယ်နယ်အရပ်ရပ် စာပေဟောပြောပွဲ အတွေ့အကြုံ ခရီးသွား ဆောင်းပါးများ စုစည်းမှု) စာအုပ်မှ “နွေဦးနှင့် ဥသြ” ကို ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။း)
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
သိပ်ကောင်းတယ် ဇွန်။
ထိသွားတာပဲ။
:)
မမ...ဆရာနေ၀င်းမြင့် ရေးတဲ့စာတွေဖတ်ဘူးပေမယ့် ဒီစာလေးလို မြန်မာစာစကားလုံး လှလှလေးတွေနဲ့သီဖွဲ့ထားတာမျိုးကို ဖတ်မိတာ ဒါပထမဆုံးပဲ....နွေဦးအကြောင်းကို ရေးထားတာများ ချစ်စရာကောင်းလိုက်တာ... မြန်မာစကားမှာ ဒီလို ဝေါဟာရလှလှလေးတွေ၊ စကားလုံး အသုံးအနှုန်းလှလှလေးတွေ ရှိတာကိုလည်း သိပ်ဂုဏ်ယူမိတယ်...ပြောရရင်နဲနဲများ လွန်ရာကျမလား...ညီမလေးကတော့ မြန်မာပြည်ရဲ့နွေဦးရာသီလောက် လှပတဲ့ရာသီ ဘယ်မှာမှ မရှိဘူးလို့ထင်မိတယ်...တကယ်တော့ နွေဦးရဲ့အလှနဲ့ရနံ့ဟာ မျက်စိထဲမှာ ပုံပေါ်လာအောင် ဘယ်လိုမှချရေးပြလို့မှီမယ် မထင်ပါဘူး...နှလုံးသားနဲ့ ခံစားကြည့်ရှုတတ်တဲ့သူတွေသာ မြင်နိုင်ခံစားနိုင်တဲ့ အလှနဲ့ ရနံ့ပါပဲ...
ဂျင်ဂျင်း
လာပြီးဖတ်သွားတယ်အကို ထာဝရပျော်ရွင်ပါစေနော်...
ှုဥသြ ဥသြ လို့ သူ့ အမည်လေးကို တွန်တဲ့သံလေးက တကယ့်ကို နားထောင်ကောင်းတယ်နော် အမ
သာယာချမ်းမြေ့ပါစနော်
မိုး
ဥသြတွေ မျက်စေ့လည်နေကြတာ ထင်တယ်...
ဥတု ရာသီ တောကိုမှီ၏ တဲ့...
ရာသီမသိ ပန်းနဲ့ ညှိ တဲံ...
တောလဲ မရှိ၊ ရာသီလဲ မရှိ တဲ့ ဒီနိုင်ငံမှာ ပန်းတွေရော ဥသြတွေပါ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ် ထင်တာပါပဲ ညီမရယ်...
၂၄ နာရီ
သုံး ရာသီ
လွမ်းတေးမပီ ဖွဲ့ဆိုသည်။
ဒါက ခြင်္သေ့မြေရဲ့ ဥသြ ထင်ပါရဲ့နော်...။
ဒီ ဥသြသံက မြန်မာ့နွေမှာ တေးသီသလို လည်း မချို၊
မြန်မာ့မြေမှာ ဖွဲ့ဆိုသလိုလည်း မနွဲ့....။
သြော်.. ကျွန်တော်တို့ရဲ့ စိတ်တွေကိုယ်နှိုက်က ရာသီသဘာဝကို ပြောင်းလဲ မခံစားပေးနိုင်တာ နေမှာပါ...။
ခုလည်း
ဘယ်ကိုရည်မှန်းရမည်မသိတဲ့... နွေရာသီထဲမှာပေါ့...
အူကြောင်ကြောင်နိုင်လိုက်ပုံများ အမေသိလား.... Singaporeမှာ မိုးရာသီကြီး စိုစိုစွတ်စွတ်နဲ့ သမီးထိုင်နေတဲ့ ခုံတန်းနောက်ကတောအုပ်ကနေ ဥသြတစ်ကောင်အော်နေလိုက်တာများ။ အော်ပုံကိုက ဆောင့်ကြွားကြွားနိုင်လိုက်တာ။
(မမင်း ဒီရောက်ကာစက လွန်ခဲ့တဲ့ ၂နှစ်လောက်က အမေ့ဆီရေးတဲ့ စာတွေထဲက စာသားတချို့ ကို သတိယမိလိုက်တာပါ။)