ယူကေမှာကျောင်းတက်တုန်းက အဆောင်မှာ ဆုံတွေ့ခဲ့ရတဲ့ ရေခြားမြေခြားက အဆောင်သူနဲ့ အဆောင်သားတွေ အကြောင်း အမှတ်တရပါ။
ကိုယ်ပထမဆုံးနေတဲ့ ကျောင်းကစီစဉ်ပေးတဲ့အဆောင်က သုံးထပ်ဆောင်ရဲ့ အပေါ်ဆုံးထပ်ဘယ်ခြမ်းမှာ။ တစ်ခြမ်းမှာ ခုနစ်ခန်းရှိပါတယ်။ ရောက်ရောက်ချင်း ကိုယ့်ကို ပျူပျူငှာငှာ ခရီးဦးကြိုနှုတ်ဆက်လာသူက ကနေဒါနိုင်ငံသူလေး ကယ်ရိုလင်းပါ။ အစစအရာရာ အသစ်အဆန်းဖြစ်နေတဲ့ ကိုယ့်ကို တစ်ခြားအဆောင်သူတွေနဲ့ပါ မိတ်ဆက်ပေးပြီး အနေမခက်အောင်၊ စိတ်အားမငယ်အောင် ကူညီပေးခဲ့သူမို့ သူ့ကို သတိတရ ရှိလှပါတယ်။ ကိုယ်မလုပ်တတ်မှာစိုးလို့ ထမင်းပါတဲ့ ရယ်ဒီမိတ်ဗူးပေါ်က အလူမီနီယံဖွိုင်ကို ခက်ရင်းနဲ့ဖောက်ပြီး အာဗန်ထဲကိုထည့်ပေးရုံသာမက ကိုယ်အသင့်စားဖို့ ပန်းကန်နဲ့ဇွန်းခက်ရင်းအစ ထမင်းစားပွဲပေါ်မှာ ချထားပေးတာ။ မနက်နိုးရင် နွားနို့တစ်ခွက်နဲ့ ယိုသုတ်ထားတဲ့ပေါင်မုန့်ပေါ်မှာ ငှက်ပျောသီးကို အ၀ိုင်းလိုက်လေးတွေလှီးပြီး တင်စားတတ်သူ ကာရိုလင်းက ပြင်သစ်မိဘများက ပေါက်ဖွားလာသူပါ။ ဒါကြောင့်ပဲ သူပြောဆိုတတ်မြောက်ခဲ့တဲ့ ပထမဆုံးဘာသာစကားဟာ ပြင်သစ်ဘာသာ ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ ကိုယ်က အလိုက်မသိသူပီပီ ပြင်သစ်နိုင်ငံက ပြင်သစ်လူမျိုးတွေဟာ မယဉ်ကျေးဘဲ ရိုင်းပျတတ်တာ ကြားဖူးကြောင်း ကိုယ်ပြောတော့ သူက လုံးဝမငြင်းဘဲ လက်ခံပါတယ်။ ပြီးတော့ ကိုယ့်ကိုပြောပြလိုက်ပါသေးတယ်။ ဥရောပလူမျိုးတွေထဲမှာ အိုင်းရစ်လူမျိုးတွေက အဖော်ရွေဆုံးပါတဲ့။ သူပြောတာ မှန်ကြောင်း ကိုယ်နောက်ပိုင်းမှာ သိခဲ့ပါတယ်။ အဲဒီ့အချိန်က ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန်ဖြစ်တော့ သူက ပြင်သစ်ဘက်က အားပေးသူပီပီ အုပ်စုပတ်လည် ပွဲဦးထွက်မှာပဲ ချန်ပီယံပြင်သစ် မလှမပ ရှုံးနိမ့်သွားတော့ သူ့ခမျာ အားမလို အားမရတွေ ဖြစ်လို့။ ဒေးဗစ်ဘက်ခမ်ကို သဘောကျပြီး ကိုယ်နဲ့တွေ့ချိန်မှာ အသက်၂၂နှစ်ရှိတဲ့ မွန်ထရီရယ်လ်မြို့သူလေးဟာ ရည်းစားတစ်ခါမှ မထားဘူးသူဆိုလို့ ကိုယ့်မှာအံ့သြရပါသေးတယ်။ သူသဘောကျဖူးတဲ့ ကောင်လေးတစ်ယောက်ရှိပေမယ့် သြစတြေးလျနိုင်ငံကဖြစ်နေလို့ သိပ်ဝေးလွန်းလို့ မစဉ်းစားတော့ဘူးလို့ ကိုယ့်ကို ပြောပြပါတယ်။ အခြား တစ်ဆောင်တည်းနေသူတွေက အမေရိကန်နိုင်ငံသူတွေပါ။ သူတို့တွေနဲ့ ကိုယ်သိပ်မရင်းနှီးခဲ့ ပါဘူး။ ဒါပေမယ့် ကိုယ်မှတ်ချက်ချမိလိုက်တာတစ်ခုက ကနေဒီယန်နဲ့ အမေရိကန်တွေဟာ အခြားအနောက်နိုင်ငံက လူမျိုးတွေထက်ပိုပြီး ဖော်ရွေခင်မင်စရာကောင်းတယ်ဆိုတာပါ။
နောက်တစ်ယောက်က ကိုယ့်အတန်းဖော်သူငယ်ချင်း အင်ဒိုနီးရှန်းတရုတ်မလေးအေမီရဲ့ အဆောင်က ပြင်သစ်သူပါ။ သူ့နာမည်ကိုယ်မမှတ်မိတော့ဘူး။ တစ်ရက်အေမီ့ဆီမှာ ညနေစာသွားစားဖြစ်ပါတယ်။ သူတို့တွေက ကိုယ့်အဆောင်က လူတွေအားလုံး သဘောကောင်းတော့ ကိုယ့်ဆီမှာပဲ လာစားတာများတယ်။ အေမီ့အဆောင်ကိုတော့ အဲဒီ့နေ့ကမှ ရောက်သွားတာ။ ထမင်းစားခန်းနဲ့တွဲရက် မီးဖိုဆောင်ကျယ်ထဲ ၀င်လိုက်ပြီဆိုတာနဲ့ စာတွေကပ်ထားတာ အများကြီးပဲ။ ရေခဲသေတ္တာအပြင်ဘက်မှာရော အတွင်းမှာရော စာတမ်းတွေနဲ့။ အေမီ့ကိုမေးကြည့်မှ အဲဒါပြင်သစ်သူကပ်ထားပါတဲ့။ သူကသိပ်စည်းကမ်းကြီးတာဆိုပဲ။ အဆောင်တွေမှာ ထုံးစံအတိုင်း လူစုံတော့ (အထူးသဖြင့် ရေခဲသေတ္တာထဲက အစားအသောက်တွေ) သူ့ဟာကိုယ့်ဟာ ရောကုန်မှာစိုးလို့ ကပ်ထားတာရော၊ ပစ္စည်းတွေကို စည်းကမ်းတကျသုံးစွဲဖို့ ညွှန်ကြားထားတာတွေဖြစ်ကြောင်း ကိုယ်သဘောပေါက်လိုက်ပါတယ်။ အဲဒီ့နေ့က သူက ပီဇာကို ဂျူံနယ်တာကစပြီး နောက်ဆုံး ဘေစ့်လုပ်ပြီး အပေါ်မှာ ချိစ်ဖြူးတာ၊ အစာထည့်တာအထိ အစအဆုံးလုပ်သွားတာ ပီဇာကြိုက်သူကိုယ်က ငေးရတာပေါ့လေ။ သူ့မျက်နှာက ခပ်တည်တည်ပဲ။ ကိုယ်တို့ကို တွေ့တော့လည်း ဖော်ဖော်ရွေရွေသိပ်မရှိဘဲ မရယ်မပြုံးနဲ့။ သူ့အလုပ်ပဲသူလုပ်နေတာ။ သူ့ကြောင့် ကိုယ်တို့အုပ်စု နည်းနည်းအနေရခက်တာပေါ့လေ။ စားပြီးသောက်ပြီးသွားတော့ အေမီက အ၀တ်တစ်ခုယူပြီး စားပွဲကို ရေဆွတ်ပြီးသုတ်ပါတယ်။ အဲဒါကို ပြင်သစ်သူမမ မြင်တော့ အလွန်တရာအံ့သြတဲ့ မျက်လုံးမျိုးနဲ့ကြည့်လို့။ သူ့လက်သုတ်ဝတ်နဲ့ယူပြီး အားရပါးရသုတ်နေတဲ့ အေမီလည်း တန့်သွားပြီး၊ ငါတို့က ဒီလိုပဲ ထမင်းစားပြီးရင် ထမင်းစားပွဲကို သန့်ရှင်းရေးလုပ်တာ၊ different people different culture လို့ ရယ်ကျဲကျဲနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့မှ လက်သုပ်ဝတ်ကို သေချာလျှော်ဖွတ်ပေးခဲ့ရတာ။ တော်သေးတာပေါ့ ကြည့်ရုံပဲကြည့်ပြီး ဘာမှမပြောလိုက်လို့။ တစ်ခါဆို တစ်ခါပါပဲ နောက်ထပ် အေမီ့အဆောင်မှာ ထမင်းမစားဖြစ်တော့ပါဘူး။ စည်းကမ်းကြီးတဲ့ ပြင်သစ်အဆောင်သူမမကို ကိုယ်တို့အားလုံး လန့်သွားတယ်ဆိုတာ ဖွင့်ပြောစရာမလိုဘဲ သိလိုက်ပါတယ်။
နောက်နှစ်မှာတော့ အပြင်ဆောင်ကို ရွှေ့ရပါတယ်။ ကျောင်းနဲ့မနီးမဝေးက လုံးချင်းအိမ်လေးတွေမှာ ကျောင်းသားတွေစုပြီး နေကြတာပါ။ ကိုယ်နေရတဲ့အဆောင်မှာ အင်္ဂလိပ်သူ ကလယ်ရာနဲ့ ကိုယ်တို့နှစ်ယောက်ပဲ မိန်းကလေးပါ။ ကျန်တဲ့သုံးယောက်က ယောက်ျားလေးတွေပါ။ တရုတ်ပြည်မကြီးက တိုနီ၊ ဂရိနိုင်ငံသား ဂျော်ဂျီနဲ့ အင်္ဂလန်တောင်ပိုင်းက ကျွန်းသား အက်ဒ်ဝုဒ်တို့ပါ။ သူတို့တွေအားလုံး သဘောကောင်းကြပါတယ်။
မိသားစုအရေးသိပ်မပြေလည်သူ၊ ချွေတာတတ်သူ ကလယ်ရာက တစ်နေကုန်ကျောင်းတက်၊ ရသလောက် အချိန်ပိုင်း အလုပ်လုပ်ပြီး ပိုက်ဆံစုသူပါ။ နွေရာသီကျောင်းပိတ်ရက်မှာ စုထားတဲ့ပိုက်ဆံနဲ့ တစ်နေရာရာကို ခရီးထွက်လေ့ရှိပါတယ်။ ကိုယ်နဲ့မတွေ့ခင်နှစ်က အရှေ့တောင်အာရှတစ်ဝိုက် ခရီးထွက်ခဲ့သူပါ။ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံဘော်ဒါကတစ်ဆင့် ၀င်ရောက်လည်ပတ်ကြည့်ချင်ပေမယ့် ဗီဇာအလွယ်တကူမရလို့ ၀င်မလည်ခဲ့ရကြောင်း၊ ကမ္ဘောဒီးယားကတော့ ဗီဇာလွယ်လို့ ၀င်လည်ဖြစ်ခဲ့ကြောင်း ပြောပြပါတယ်။ အမေရိကကို သွားလည်တုန်းက အင်္ဂလိပ်နဲ့ အမေရိကန် လေယူလေသိမ်းအတော်ကွာခြားပုံ၊ ဓလေ့စရိုက်ကွဲပြားပုံတွေ တွေ့ရတော့ သူတော်တော် အံ့အား သင့်မိကြောင်း ကိုယ့်ကိုပြောပြပါသေးတယ်။ သူ့ boyfriend က စနေ၊ တနင်္ဂနွေဆို လာတတ်ပါတယ်။ တစ်ချို့အပတ်တွေမှာတော့ သူတို့နှစ်ယောက် အင်္ဂလန်နိုင်ငံထဲက အခြားတစ်မြို့မြို့ကို သွားလည်ကြပါတယ်။ သူနဲ့ သူ့ boyfriend ပြတ်သွားတာ ကိုယ်မသိလိုက်ပါဘူး။ ကိုယ်မမြင်ဘူးတဲ့ ကောင်လေးနောက်တစ်ယောက် သူ့ဆီလာလည်နေတာတော့ တွေ့ပါတယ်။ ကိုယ်နဲ့တွေ့တော့ သူ့ cousin လို့ မိတ်ဆက်ပေးပါတယ်။ ကိုယ်လည်း ယုံပါတယ်။ ဒါပေမယ့် တစ်ခုသောညခင်းအပြီးမှာ အဲဒီ့ကောင်လေးဟာ သူ့ cousin မဟုတ်နိုင်ကြောင်း ကိုယ်သိသွားပါတယ်။ သူ့ဘာလို့များ ကိုယ့်ကိုလိမ်ခဲ့ရတာပါလိမ့်လို့ စဉ်းစားမရဖြစ်ခဲ့ပါတယ်။ အဲဒီ့နှစ် နွေရာသီ ကျောင်းပိတ်ရက်မှာတော့ သူနဲ့သူ့ငယ်ချင်းတို့ သွားလည်ဖို့ ရွေးချယ်ခဲ့တဲ့ နိုင်ငံက ကျူးဘားဆိုတာ ကိုယ်မှတ်မိလိုက်ပါတယ်။
ရေမြေခြားက အဆောင်သားများအကြောင်းကို မနက်ဖြန်မှာ ဆက်ပါ့မယ်။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

စိတ်ဝင်းစားစရာပဲ
အဆက်ကိုမျှော်နေမယ်
သူတို့လည်း လျှိုတတ်တယ်ပေါ့နော် ..း)
တကယ် စိတ်ဝင်စားမိပါတယ်။
ကိုယ်လည်း သူငယ်ချင်းတွေအကြောင်း ရေးဦးမယ်။ ဒါပေမဲ့ တချို့ဆို မေ့ကုန်ပြီ။ ဒိုင်ယာရီရေးကျင့် မရှိခဲ့တာ အဲဒါ တခုတော့ ဆိုးတယ်။ နောက်လဲ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ :)
မှတ်မိသလောက် ဘလော့ပေါ် ပြန်ချရေးထားမှ။
အားတဲ့ရက်မှ ဇွန့် ပို့စ် အဟောင်းတွေ ပြန်ဖတ်ဦးမယ်။
UK trip မျှော်နေတာကြာပြီ အားပေးနေပါတယ်
...ကိုယ်က အလိုက်မသိသူပီပီ ပြင်သစ်နိုင်ငံက ပြင်သစ်လူမျိုးတွေဟာ မယဉ်ကျေးဘဲ ရိုင်းပျတတ်တာ ကြားဖူးကြောင်း ကိုယ်ပြောတော့ သူက လုံးဝမငြင်းဘဲ လက်ခံပါတယ်။
တခါတခါ သူတို့ နှလုံးသွင်းပုံက သတိထားမိအောင် လေးစားစရာကောင်းတယ်
ဆက်ရန်မျှော်နေတယ်နော် ဇွန်
မမရေ...အားကျလိုက်တာ...ညီမလေးက ယူကေမှာ အရမ်းကျောင်းတက်ချင်ခဲ့တဲ့သူလေ...အခြေအနေက အဲဒီလို မတတ်နိုင်ခဲ့တော့ မမရဲ့ ပိုစ့်လေးတွေကိုပဲ အားကျစွာနဲ့ စောင့်ဖတ်မယ်နော်...များများရေးပေး...
ချစ်ခင်လေးစားတဲ့
ဂျင်ဂျင်း
အဆောင်မှာနေရတာ ပျော်ဖို့ကောင်းတယ်
အဆောင်ကို ယူအက်အယ်တက်တုန်းကပဲ နေဖူးတယ်။
ဆရာများဆောင်မှာ နေဖူးတာပါ။ အပျော်လေးပေါ့။ အခုတော့ သတိရသွားပါတယ်။
ဆက်ရေးပါဦး ငါ့ညီမရေ။ နိုင်ငံတကာ ဗဟုသုတပေါ့။ cultural gap အကြောင်းလေးတွေ request လုပ်ပါရစေလား..
different people different culture ဟိဟိ.. စိတ်ဝင်စားဖို့ကောင်းတယ်