အမှတ်တရ မကာအို (၄)

Category: ,

ပထမဆုံးပုံက Venetian ထဲမ၀င်ခင်လေး အပြင်ဘက်ကို ခပ်မြန်မြန်ရိုက်လိုက်တော့ အဆောက်အဦတစ်ခုလုံး မမိလိုက်ဘူး။ ပြန်ထွက်မှရိုက်မယ်ဆိုပေမယ့် ထပ်မရိုက်ဖြစ်တော့ဘူး။ goolge image ကနေ ရိုက်ထည့်ပြီး ရှာကြည့်လို့ရတယ်။ အောက်ကပုံက အတွင်းထဲအ၀င်မှာရိုက်တာ။ ဒါပေမယ့် ကာစီနိုကစားခန်းမတွေကို ဓာတ်ပုံရိုက်ခွင့်မပြုပါဘူး။


ဒါက Venetain အတွင်းထဲက food court ပေါ့။ မျက်နှာကျက်ကို ကောင်းကင်သဏ္ဍာန် ဖန်တီးထားတာ ကိုယ်သိပ်သဘောကျတယ်။ ကောင်းကင်ပြာနဲ့တိမ်တွေအောက်မှာ တစ်ညနေစာ ကိုယ်စားခဲ့တယ်။


အောက်ပုံကတော့ ကိုယ့်ရဲ့ အိပ်မက်မြို့တော်ယောင်ပေါ့။


အတွင်းဆီလင်ဒီဇိုင်းကို သဘောကျလို့။ တကယ်တော့ ဓာတ်ပုံရိုက်လို့မရတဲ့နေရာ ရောက်နေပြီ။ မြန်မြန်ရိုက်တော့ လက်တုန်ပြီး သိပ်မကြည်တော့ဘူး။


အောက်မှာ ကစားဝိုင်းတွေ တွေ့လား။ ရှူးတိုးတိုး... ကိုယ်ခိုးရိုက်လာတာ။


ဒါက ကိုယ်တို့သွားခဲ့တဲ့ ဖိလစ်ပင်းနိုးကလပ်လေ။ ရှေ့တည့်တည့်ကတစ်ယောက် တော်တော်သီချင်းဆိုကောင်းတယ်။ မကာအိုမှာ အများဆုံးနိုင်ငံခြားသားဦးရေက ဖိလစ်ပီးနိုးတွေလို့ ဧည့်လမ်းညွှန်ကပြောပါတယ်။


တစ်ယောက်ယောက်ရဲ့စံအိမ်ဖြစ်ခဲ့ဖူးတယ်။ ကိုယ်မမှတ်မိတော့ဘူး။


ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်မှုပေးတဲ့ ကမ္ဘာ့ဒဿမအမြင့်ဆုံး မကာအိုတာဝါ


အဲဒီ့အချိန်က ဆောက်လက်စ Casino Hotel Lisboa နဲ့ မြို့မြင်ကွင်းကို မကာအိုရဲ့ အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ Guia Hill ပေါ်က ရိုက်ထားတာပါ။


Guia Hill ပေါ်မှာ ၁၆၀၀ ပြည့်နှစ်လောက်က ဆောက်လုပ်ခဲ့တဲ့ ခံတပ်ဟောင်း၊ မီးပြတိုက်နဲ့ ပန်းခြံနဲ့ ဘုရားကျောင်းဆောင်ငယ်လေးတွေ ရှိပါတယ်။


ခံတပ်အပေါ်ဆုံးကနေ ရိုက်ထားတာ။


အောက်က နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲ (Princess' Hours) ထဲမှာပါတဲ့ Typical Square ဆိုတဲ့နေရာ။ ကိုယ့်အကျင့်က စာအုပ်ထဲဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာဖြစ်ဖြစ် နေရာတစ်ခုကို သဘောကျမိရင် အခွင့်ကြုံရင် ၀င်လည်ဖို့ နေရာတွေ မှတ်ထားပြီး သွားတတ်ပါတယ်။ ကိုယ်သတိထားမိတာက ပေါ်တူဂီတွေရဲ့ ဗိသုကာလက်ရာပါ။ အဆောက်အဦလက်ရာထက် ရင်ပြင်တွေမှာမြင်ရင်တဲ့ ကျောက်ခင်းဒီဇိုင်းတွေက သာမန်ပြောင်ဒီဇိုင်းထက် အောက်ကပုံမှာလို လှိုင်းတွန့်ပုံစံ အရစ်အခွေဒီဇိုင်းမျိုး အသုံးများတာ တွေ့ရပါတယ်။


Fisherman's Wharf


ဒါက ကိုယ်ရေပုလင်းဝင်ယူခဲ့တဲ့ ဆာနို့စ် ကာစီနို

တစ်မြို့လုံးနီးပါး ကာစီနိုရုံတွေပါပဲ။ အထက်တန်းကျောင်းပြီးသူ ၃၀ရာခိုင်နှုန်းလောက်သာ တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးကြပြီး ကျန်တဲ့သူအများစုက ၀င်ငွေကောင်းတဲ့ ကာစီနိုဝန်ထမ်းများအဖြစ်  ၀င်ရောက်လုပ်ကိုင်ကြတယ်လို့ ဧည့်လမ်းညွှန်က ဆိုပါတယ်။ ဒါကြောင့် အစိုးရက ပညာတတ်ဦးရေ နည်းပါးမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။


သွားရာလမ်းတစ်လျှောက် တွေ့ခဲ့တဲ့ ပုံစံဆန်းဆန်း ကာစီနိုနဲ့ entertainment complex တွေ





ရောမမြို့က ကိုလီစီယမ်ပုံစံဖန်တီးထားတဲ့ ဟင်းလင်းပြင်ဇာတ်ရုံ (Area around Fisherman's Wharf)

ကိုယ့်စိတ်ထဲ ရောမခေတ်ရောက်သွားသလိုလို

လေဆိပ်ရှိရာ တိုင်ပါကျွန်းနဲ့ မကာအိုကျွန်းဆွယ်ကို ဆက်ထားတဲ့ တံတားရှည်ကြီးပေါ့။
အပေါ်ပုံက ဟောင်ကောင်ကျွန်းသွားတဲ့ ferry terminal၊ မြင်နေရတဲ့ ferry တွေနဲ့ကူးကြတာ။


ဥရောပစတိုင် အဆောက်အဦးများ


ကိုယ်မြို့ထဲ လျှောက်သွားပြီး လမ်းပျောက်နေတုန်းက ရိုက်ခဲ့တာ။


မြို့တွင်းတစ်နေရာ


Les Vegas ပိုင် Wynn Casino


ဓာတ်ပုံသာရိုက်ခဲ့တာ ဘာမှန်း၊ ဘယ်လိုခေါ်မှန်းမသိတဲ့အရာတွေပါ။ :D


ပေါ်တူဂီရဲ့ ကာစီနိုအခွဲ Lisboa


၁၉၉၉မှာ ပေါ်တူဂီကိုလိုနီမှ တရားဝင်လွတ်မြောက်ခြင်းအထိမ်းအမှတ်ဆောက်လုပ်ခဲ့တဲ့ ရွှေကြာရင်ပြင် (Golden Lotus Square)


တရုတ်ပြည်နယ်စပ်မြို့ Zhuhai

၁၅၈၂ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ စိန့်ပေါလ် ကက်သလစ်ဘုရားရှိခိုးကျောင်း


၁၈၃၅မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် နောက်ပိုင်းတစ်ခုလုံးမီးလောင်ခံသွားရလို့ ရှေ့ပိုင်းပဲ ကျန်ပါတော့တယ်။


မကာအိုမျှော်စင်အပြင်ဘက်


မျှော်စင်အတွင်းမှ ကြည့်မိသောအခါ


၂၂၃မီတာအမြင့်မှ အောက်ကိုပြန်ကြည့်ခြင်း(338 meter at highest point)


မျှော်စင်အပြင်ထွက်၍ skywalk လျှောက်နေကြသူများ (at observing point, 223 meter)

ကိုယ်မကာအိုမသွားခင်က Amazing Race Series မှာ Team members တွေ အဲဒီ့မျှော်စင်က Bungee Jump ခုန်တာကြည့်ပြီး သွားကြည့်ချင်လိုက်တာလို့ စိတ်ထဲဖြစ်မိပါတယ်။ bungee မခုန်ရဲပေမယ့် skywalk လောက်တော့ လျှောက်ကြည့်ချင်ပါတယ်။ ဒါပေမယ့် အဖော်မရှိလို့ မလျှောက်ခဲ့ရပါဘူး။

ဓာတ်ပုံမျှော်နေသူတွေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။း)

ဒီထဲမှာ ကိုယ်ရောက်ခဲ့ပြီး ဓာတ်ပုံမရိုက်ဖြစ်ခဲ့တဲ့နေရာတွေရှိပါတယ်။ A-Ma Temple  (ရှေးတရုတ်ဘုံကျောင်း)နဲ့ နာမည်ကျော်စီနိုဒါရင်ပြင်တို့ပါ။ တတိယနေ့ ခရီးစဉ်နောက်ဆုံးမှာ သွားခဲ့တဲ့နေရာမို့ လူက အရမ်းပင်ပန်းသွားပြီး ဓာတ်ပုံရိုက်ချင်စိတ်ရော၊ အရိုက်ခံချင်စိတ်ပါ မရှိတော့လို့။ 

အစားအသောက်နဲ့ပတ်သက်ပြီး တစ်ပုံမှ မရိုက်ဖြစ်ခဲ့၊ ရိုက်ဖို့လည်း သတိမရခဲ့၊ စားဖို့ပဲ သိတာဆိုတော့လေ :D ။ ခုလို ဘလော့ဂ်တွေဘာတွေမှာ တင်ဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ရိုက်ထားမိမှာပေါ့နော်။ ;) 

နာမည်ကျော် Portugese Egg Tart နဲ့ မကာအိုထွက် မုန့်မျိုးစုံထုတ်လုပ်တဲ့ စက်ရုံလည်း ရောက်ခဲ့ပါတယ်။
နောက်ဆုံးနေ့က စားခဲ့ရတဲ့ မကန်းနိစ် (Macanese) (ပေါ်တူဂိစ်နဲ့တရုတ်တောင်ပိုင်းက ဟင်းချက်နည်းတို့ ပေါင်းစပ်ထားတဲ့) ညနေစာကတော့ မမေ့နိုင်စရာပါပဲ။ အရှေ့နဲ့အနောက်ချက်နည်းရောမွှေထားတဲ့  ဂဏန်းဟင်းက တော်တော်စားလို့ကောင်းတယ်။ အဲဒါလည်း ကိုယ်တို့တိုးဂိုက်က မပြန်ခင် မကန်းနိစ်ညနေစာကို စားဖြစ်အောင်စားပါလို့ တိုက်တွန်းတာနဲ့ စားဖြစ်သွားတာ။

ညနေစာ စား၊ ဟိုတယ်ပြန်၊ ပစ္စည်းသိမ်း၊ တစ်ချို့က အချိန်ပိုနေတုန်း ဟိုတယ်အောက်ထပ်နဲ့ အနီးအနားက ကာစီနိုတွေမှာ သွားကစားသေးတယ်။ ကိုယ်နဲ့နောက်နှစ်ယောက်က မကစားဘဲ အနီးအနားတစ်ဝိုက်လျှောက်ကြည့်ပြီး ပြန်လာခဲ့တယ်။ သုံးညအိပ်လေးရက်ဆိုပေမယ့် လေးရက်နေ့မနက်အစောကြီး flight နဲ့ ပြန်လာတာပါ။ အလာခရီးမှာရေငတ်လို့ ဈေးကြီးပေးပြီး ရေ၀ယ်ခဲ့ရတဲ့ကိုယ် အပြန်ခရီးမှာလည်း ဗိုက်ဆာလို့ ဘာဂါတစ်လုံး ဈေးကြီးပေးပြီး ၀ယ်စားခဲ့ရ ပါသေးတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 12 )

ဓါတ်ပုံတွေ တစ်ဝကြီး ကြည့်ခွင့်ရလို့ ကျေးဇူးပါ မမရေ...မမပုံလည်း မပါပါ့လား... :)))

ဦးဦးဖျားဖျားမန့်ရတာ အရသာတယ်ရှိ...


ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

ညီမ ဇွန်...အရင်ပိုစ့်တွေကို ရုံးကနေ လာဖတ်ပြီးသား ဒီပိုစ့်ကျမှ အိမ်မှာ အေးဆေး ဖတ်ရတာ...
ပုံတွေ လှလိုက်တာ...၊ အမလဲ ပေါ်တူဂီ Egg Tart ကြိုက်တယ်၊ ဓါတ်ပုံတွေ ကြည့်မှ အရမ်းသွားချင်စိတ် ပေါက်သွားပြီ...:)
ဇွန့် သတ္တိ နဲ့ ထက်မြက်မှုကို သဘောကျသွားတယ်...

ဓါတ်ပုံတွေ အရမ်းကောင်းတယ်။ ကျေးဇူး။

Bravo Zon!
:)

သွားချင်လိုက်တာ မဇွန်ရေ..


တနေ့နေ့ပေါ့..


ဓာတ်ပုံတွေကြည့်ပြီး ပိုသွားချင်သွားတာလေ..

ပွေလီ နေတာနဲ့ ခုမှ လာကြည့်ရတယ် ဇွန် ရေ...တင်ထားတာ သိတယ်..အေးဆေး ကြည့်မယ် ဆိုပြီး နေတာ..လှလိုက်တာ...ကိုယ် မရောက်ဖူးတဲ့ နေရာတွေ မြင်ရတော့ သွားများသွားဖြစ် ခဲ့ရင်ပေါ့...မှတ်မိနေအောင် သေချာ ကြည့်သွားတယ်...း)

ဝါး...
မကာအိုကို လည်လည်သွားလိုက်တယ်..
10Q. :)

ဒါမို့ ဖုန်းခေါ်မရတာကိုး ... သိလိုက်ဘူးရယ် ...

ခုမှသွားတာလား ... အရင်ကသွားထားတာလားဟင် ... အရှေ့ကဟာတွေမဖတ်ရသေးဘူး ... ဖုန်းခေါ်တာတော့မရဘူးကွယ် ...

တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်မှာအတူနေတဲ့ အစ်မတစ်ယောက်လည်း မကာအိုကို ဟိုးတလောလေးကပဲ သွားလည်သေးတယ် အစ်မဇွန်။ သူ့ဓာတ်ပုံတွေကြည့်ပြီး သဘောကျနေတုန်း အစ်မဆီမှာလည်း တဝကြီး ထပ်ကြည့်လိုက်ရလို့ ကျေးဇူးပါ။ တကယ်ကို လည်ပတ်လို့ကောင်းမယ့် နေရာကောင်းတစ်ခုပါပဲနော်။

သွားချင်လိုက်တာ ..း)
လမ်းပျောက်နေတာတောင် ဓါတ်ပုံ ရိုက်ဖို့ သတိရသေးတယ်နော် .. :D

ကျနော်လည်း အဲဒီထဲမှာ ခိုးရိုက်ခဲ့တယ်၊ ဂျန်တင်းလို ဝင်ဝင်ချင်း ကင်မရာတွေ စစ်တာပြုတာ မရှိဘူး၊ အထဲမှာ လစ်ရင် လစ်သလို ရိုက်ခဲ့တာပဲ။