အနောက်ဘက်ခြမ်းက အမှတ်တရများ

7

Category:

လွန်ခဲ့တဲ့ ဆယ်စုနှစ်တိတိက ကမ္ဘာ့မြေပုံရဲ့ အနောက်ဘက်ခြမ်းကို စရောက်ဖူးတယ်။ အဲ့ဒီမတိုင်ခင် တစ်နှစ်လောက်က ခြင်္သေ့ကျွန်းလေးမှာ နေခဲ့သူမို့ စက်လှေကားအဆင်းအတက် ဘယ်ခြမ်းကပ်ရပ်တဲ့ အကျင့်ရှိသူကိုယ်ဟာ ဘက်မှားရပ်နေမှန်း အမ်စတာဒမ်လေဆိပ်အရောက်မှာ သိလိုက်ရတယ်။ သူတို့ဆီမှာ ညာခြမ်းကပ်ရပ်ပေးပြီး ကျော်သွားချင်သူတွေက ဘယ်ခြမ်းကနေ အပြေးအလွှား သွားကြတာကိုး။ ဒါကြောင့် နောက်ပိုင်း သူတို့ဆီကလူတွေ အရှေ့တိုင်းကိုလာလို့ ညာဘက်မှာကပ်ရပ်နေတာတွေ့ရင် နားလည်ပေးတတ်သွားတယ်။

ကားလမ်းဖြတ်ကူးတော့လည်း တစ်ချို့ကားတွေဟာ သိသိသာသာ စိတ်ရှည်လက်ရှည် ရပ်ပေးတာကို တွေ့ရပြန်တယ်။ အဲ… မီးပွိုင့်ဖြတ်ကူးသူတစ်ချို့ကတော့ မီးစိမ်းအောင် စောင့်မနေဘဲ ကားမရှိရင် မရှိသလို ကူးကြတာပါပဲ။ လမ်းပေါ်မှာ ကားတွေက ဥရောပထုတ် ချစ်စရာ ကားငယ်လေးတွေများတော့ လိုက်ငေးနေရသေးတယ်။ ကားဝယ်တော့လည်း အတော်လေးလွယ်ကူတယ်။ ကျောင်းသားတစ်ယောက် တစ်ပတ်ရစ်ကားဝယ်တာ ဘာမှ အထောက်အထား ထွေထွေထူးထူး ပြစရာမလိုဘူးရယ်။ ဆေးရုံတက်နေတဲ့သူက ပူဆာတာနဲ့ ကိုယ်ဟာ ကားအမျိုးအစားကလွဲပြီး ကားအကြောင်း သိပ်မသိဘဲ သတင်းစာထဲမှာတွေ့တဲ့ ကားအရောင်းဌာနကို ရောက်သွားပြီး ခပ်တည်တည်နဲ့ ကားသွားကြည့်ပေးရတယ်။

အင်တာနေရှင်နယ်လိုင်စင်လည်းမရှိ၊ ဂီယာထိုးတတ်ရုံနဲ့ ဘီးလှိမ့်ရုံပဲ မောင်းတတ်တဲ့ကိုယ်ဟာ ကားကို ဘေး၊ ဘယ်၊ ညာ လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့တယ်။ ဘယ်ဘက်ဘမ်ပါမှာ ချိုင့်ရာနဲနဲရှိတာကလွဲလို့ ကားသန့်ကြောင်း ဆေးရုံပေါ်ကသူ့ကို အကျိုးအကြောင်းပြောပြတဲ့အခါ သူက ခေါ်ဈေး ပေါင်ကိုးရာနဲ့ တစ်ခါတည်း ၀ယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ဆေးရုံဆင်းတဲ့နေ့မှာပဲ သူ ကားလေးတစ်စီး ၀ယ်စီးဖြစ်သွားတယ်။ ခရီးတိုတစ်ချို့ကလွဲပြီး သိပ်လည်းမသွားဖြစ်ခဲ့၊ တစ်နှစ်အတွင်း မောင်းခဲ့တဲ့မိုင်တိုင်ကလည်း သိပ်မရှိတော့ ဖို့ဒ်စက်ရုံထုတ် စိမ်းပြာရောင်ကားလေးဟာ သိပ်မဟောင်းသွားခဲ့ဘူး။ ပြန်လာခါနီးမှာ ebay ကနေပဲ လေလံဆွဲပြီး ပေါင်ရှစ်ရာလောက်နဲ့ ပြန်ရောင်းလိုက်တယ်။ အင်္ဂလိပ်သားအဖနှစ်ယောက် ကားတစ်စီးနဲ့လာ၊ ချက်လက်မှတ်ပေးပြီး၊ အပြန်မှာ သားဖြစ်သူက ဖို့ဒ်ကားလေးကို ပြန်မောင်းသွားတယ်။ ယူကေမှာ ကားတစ်စင်းဝယ်ပြီး ပြန်ရောင်းဖို့ ဘာမှ သိပ်အခက်အခဲ မရှိလိုက်ဘူး။

အဲဒီ့ကားလေးနဲ့ အမှတ်တရ သွားခဲ့ဖူးတဲ့ ခရီးအချို့ရှိတယ်။ ဘွဲ့ယူတုန်းက ဝေလပြည်နယ်ရဲ့ မြို့တော် Cardiff ကို သွားခဲ့တာရယ်၊ နာမည်ကျောက် ကျောက်စက်ဝိုင်းတွေရှိရာ Stonehenge ကို သွားရင်း သိပ်လှတဲ့ Bath မြို့ကို အမှတ်မထင် ရောက်သွားခဲ့တာရယ်။ တစ်ခါက Nottingham အသွား လမ်းခွဲမှားဝင်မိလို့ Leicester ထဲရောက်သွားတာနဲ့ ညကြီးမိုးချုပ် လမ်းကလည်း မကျွမ်းကျင်တော့ အဝေးပြေးလမ်းမ ရောက်အောင် အတော်ပတ်ပြီးမောင်းလိုက်ရတယ်။ သူကားမောင်းတိုင်း မြေပုံကြည့်ပြီး လမ်းညွှန်တဲ့ ကိုယ့်ကို အဲဒီ့ကစပြီး အယုံအကြည် မရှိတော့ဘူး။ တကယ်တော့ သူတို့လမ်းညွှန်ဆိုင်ဘုတ်အတိုင်းမောင်းတာ အကောင်းဆုံးပဲ။ လမ်းမှားစရာအကြောင်း မရှိအောင် ညွှန်ထားတာတွေ သိပ်ရှင်းတာကိုး။ မြေပုံကြည့်ရတာကမှ အလုပ်ရှုပ်သေး၊ လွဲချော်နိုင်သေးတာ။

တစ်မြို့နဲ့တစ်မြို့ ရထားစီးသွားရတာကိုလည်း ကြိုက်တယ်။ ရောက်စတုန်းက နော့တင်ဟမ်နဲ့ လန်ဒန်ကို တစ်ယောက်တည်း ရထားစီးပြီး သွားခဲ့တယ်။ အိမ်သာသွားချင်တော့ ကျောပိုးအိတ်နဲ့ ခရီးဆောင်အိတ်ကို သယ်မသွားချင်တာနဲ့ နေရာမှာ ဒီအတိုင်းထားပြီး သွားလိုက်တယ်။ ပြန်လာတော့လည်း ဒီတိုင်းပါပဲ။ ဘာမှ အပျောက်အရှ မရှိဘူး။ ကံကောင်းလို့လားတော့ မသိဘူး၊ တစ်ခါစီမှာ ကျကျန်ရစ်တဲ့ ပိုက်ဆံအိတ်နှစ်လုံးစလုံးလည်း ပကတိအတိုင်း ပြန်ရတယ်။ ရထားစီးတုန်းက ကြုံခဲ့ဖူးတဲ့ အမှတ်တရတစ်ခုရှိသေးတယ်။ ရထားလက်မှတ်တွေ အစားစားရှိတဲ့အထဲမှာ သူဝယ်မိတဲ့လက်မှတ်က peak hour ဆို စီးလို့မရတဲ့ လက်မှတ်ဖြစ်နေတယ်။ အဲဒါကို မသိဘဲ နှစ်ယောက်စလုံး မနက်ရထားကို သွားစီးမိတယ်။ လက်မှတ်စစ် အင်္ဂလိပ်အဖိုးကြီးက ရောက်လာပြီးစစ်တော့ နှစ်ယောက်စလုံး ဒဏ်တပ်ခံရတယ်။ ဒဏ်ကြေးပေးရမယ်ပေါ့။

ကိုယ်တို့လဲ ဘာမှ မတတ်နိုင်ဘူး ပေးလိုက်တာပေါ့ဆိုပြီး ပေးမယ်လုပ်တယ်။ သူက လက်မှတ်ဖြတ်စက်ကလေးကို ဂျောက်ဂျက်၊ ဂျောက်ဂျက်နှိပ်ပြီး ကိုယ်တို့ကို ပေးရမယ့်ဒဏ်ကြေးပြောတယ်။ ဒါပေမဲ့သူက နင်တို့ မပေးနဲ့ဦး၊ ငါ့စက်က receipt ထုတ်မရသေးလို့ ထုတ်လို့ရမှ ပေးပါလို့ပြောတယ်။ ဒါနဲ့ ကိုယ်တို့လည်း ပေးဖို့ကို စောင့်နေတာ၊ သူလည်း အနားက ဖြတ်သွားလိုက်၊ အသစ်တက်လာတဲ့ ခရီးသည်တွေကို လက်မှတ်စစ်လိုက်၊ ဖြတ်ပေးလိုက်လုပ်နေတာ လန်ဒန်ကနေ နော့တင်ဟမ်သာ ရောက်သွားတယ်၊ ဒဏ်ကြေးမပေးလိုက်ရဘူး။ receipt မလိုဘူး၊ ဒီအတိုင်းပေးမယ် ပြောပေမယ့် သူ့စက်က ပြေစာဖြတ်မယ့် function ပျက်သွားလို့ ဒဏ်ကြေးကို လုံးဝယူမသွားဘူး။ ဘုတ်အုတ်ကြီးထဲက စည်ကမ်းအတိုင်း တစ်သွေမတိမ်း လိုက်နာတဲ့သူလို့ သူက မှတ်ချက်ချပေမယ့် သူ့အပြုအမူနဲ့ လုပ်ရပ်ကို နှစ်ယောက်စလုံး သဘောကျမိတာအမှန်ပဲ။ ပိုက်ဆံမပေးလိုက်ရလို့တော့ မဟုတ်ခဲ့ဘူး…။

သူတို့ဆီမှာလည်း နယ်ဘက်က လူတွေက ပိုယဉ်ကျေးတာ တွေ့ရတယ်။ ရှော့ပင်းစင်တာတွေက တံခါးတွေကို ရှေ့က ၀င်သွားတဲ့သူတွေက နောက်ဝင်လာသူတွေကို စောင့်ပြီး စိတ်ရှည်လက်ရှည် ဖွင့်ထားပေးတတ်ကြတယ်။ နှုတ်ဆက်စကားလည်း ပိုချိုတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ သွားသုတ်သုတ်၊ လာသုတ်သုတ်တွေ များတယ်။ အင်္ဂလိပ်စကားအသံထွက်လည်း တစ်နယ်နဲ့တစ်နယ် ကွာခြားပြန်တယ်။ နော့တင်ဟမ်လို ကျောင်းသားများတဲ့ မြို့မှာ ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ပုံမှန် ဟိုင်း၊ ဟယ်လိုကနေ ဟိုင်းရား ဆိုပြီး နှုတ်ဆက်ကြတယ်။ ရားက ဘယ်ကနေ ဘယ်လိုပါလာသလဲတော့ မသိဘူး။ အဲဒီ့မြို့မှာတော့ သိသိသာသာ တရုတ်ကျောင်းသားတွေ များတာပါပဲ။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တရုတ်ကျောင်းသားတွေ အများဆုံး တွေ့ရတယ်။ ဟော…. လန်ဒန်ကျတော့ အမျိုးစုံလှတဲ့ အိန္ဒိယ၊ ပါကစ္စတန် နွယ်ဖွားတွေရယ်၊ လူမည်းတွေရယ် အများကြီး တွေ့ရပြန်တယ်။

အင်္ဂလိပ်အမျိုးသမီးတွေဟာ ထင်ထားတာလောက် အရမ်းထွားကြိုင်းပြီး အရပ်ရှည်မနေကြဘူး။ ဂျာမန်နဲ့ ဟော်လန်က အမျိုးသမီးတွေကတော့ အင်္ဂလိပ်မတွေထက် ပိုထွားကြိုင်း အရပ်မြင့်မားတယ်။ အနောက်နိုင်ငံ ရောက်တယ်ဆိုလို့ အဆောက်အဦ မြင့်မြင့်တွေလည်း တွေ့ရမှာ မဟုတ်ဘူး။ မျက်စိထဲမှာ အနောက်နိုင်ငံဆို နယူးယောက်ကို ပြေးပြေးမြင်မိတဲ့ ကိုယ်တို့ဟာ လန်ဒန်က Canary Wharf လို အဆောက်အဦမြင့်မြင့်ရှိတဲ့နေရာကိုမှရွေးပြီး ဓာတ်ပုံသွားရိုက်ကြတယ်။ အဲ… စက်လှေကားတွေကတော့ အမြင့်ကြီးပဲ။ အဲဒီအချိန်က ခြင်္သေ့ကျွန်းမှာ အစိမ်းနဲ့အနီ နှစ်လိုင်းသာ ရှိသေးတာမို့ စီးတီးဟောက စက်လှေကားကို ရှည်လှပြီ ထင်ခဲ့တာ၊ ကနေရီဝှဖ် ဘူတာက စက်လှေကားစီးရမှပဲ အတော်ရှည်ပါလားလို့ သိလိုက်ရတယ်။ အင်းလေ…. ရှည်ဆို… သိမ်းစ်မြစ်အောက်ထိအောင် ဖောက်ထားတာကိုး။ 

ရထားလိုင်းတွေကလည်း အများကြီးပဲ။ လန်ဒန်မှာ မြေအောက်ရထားစီးရတာ ပင်ပန်းတယ်လို့ ထင်မိတယ်။ သွားနေကျ မဟုတ်တော့ တစ်ဘူတာနဲ့တစ်ဘူတာ အတက်အဆင်း လုပ်ရတာ တစ်မျှော်တစ်ခေါ် တရှည်တလျားပဲ။ တစ်ခါတစ်လေ သပိတ်မှောက်တာနဲ့များကြုံရင် အောက်မှာ ပိတ်မိချင် မိနေတတ်တာ။ အဲလိုမှ မဟုတ်လည်း အပေါ်ကို ရောက်အောင် မနည်း ပြန်ထွက်ရတယ်။ တစ်ခါတုန်းက အဲလိုပဲ အပေါ်ပြန်တက်တော့ ခပ်တည်တည်နဲ့ ကိုယ်က ရှေ့ကသွား၊ နောက်ကလူအုပ်ကြီးကလည်း ကိုယ့်နောက်လိုက်၊ လှေကားထစ်တွေ တက်လိုက်ရတာ ဟောဟဲ…ဟောဟဲနဲ့ အပေါ်ရောက်မှ သိတယ် လှေကားအထစ်ပေါင်း တစ်ရာကျော်ရှိတာကို သတိပေးထားတဲ့ဟာ ကိုယ်က ရှန်းပြီး စာသေချာမဖတ်၊ ဓာတ်လှေကားရှိရာမသွားဘဲ တွေ့တဲ့လှေကား တက်ချသွားတာ၊ နောက်က လူအုပ်ကလည်းပါတော့ လှည့်တောင် မကြည့်တော့ဘူး… အပြေးတက်သွားလိုက်တာ ဒူးတောင်ချောင်သွားတယ်။ နောက်ပိုင်း ဘူတာမှာ လှေကားမြင်ရင် ကြောက်သွားတယ်။

ဘတ်စ်ကားစီးတဲ့အခါ သဘောကျတာလေးတစ်ခုက ဒရိုင်ဘာကို ခရီးသည်တိုင်းလိုလိုက ကျေးဇူးတင်စကား ပြောကြတာကိုပါပဲ။ ကျောင်းအပို့အကြိုကားပဲဖြစ်ဖြစ်၊ အများသုံးဘတ်စ်ကားပဲဖြစ်ဖြစ် ဒရိုင်ဘာနားနီးတဲ့ ရှေ့ပေါက်က ဆင်းတဲ့အခါတိုင်း ကျေးဇူးတင်စကားပြောကြတယ်။ အဲဒီ့အလေ့ကို သဘောကျတာနဲ့ ဒီရောက်တော့ ပြန်ပြောကြည့်လိုက်သေးတယ်။ သိပ်အသုံးမတည့်လှဘူး၊ အပြောခံရတဲ့ ဒရိုင်ဘာက အူကြောင်ကြောင်နဲ့ ပြန်ကြည့်တော့ ပြောမိတဲ့ကိုယ်သာ အပြစ်ရှိသွားသလိုလို၊ ဘာလိုလို။ နောက်တော့လည်း မပြောဖြစ်တော့ပါဘူး။

ကိုယ်ရောက်ဖူးတဲ့ အဲဒီ့က မြို့တော်တော်များများမှာ အမှိုက်ပုံးတွေ အလွယ်တကူ တွေ့မြင်ရပေမယ့် လန်ဒန်မြို့လယ်မှာ သိပ်မတွေ့ရဘူး။ ဒါနဲ့ ကိုယ်က စပ်စုကြည့်တော့ အိုင်ယာလန်အကြမ်းဖက်သမားတွေ ဗုံးထည့်မှာစိုးလို့ အမှိုက်ပုံးတွေ သိပ်မထားဘူးလို့ သူငယ်ချင်းတစ်ယောက်က ပြောတာပဲ။ ဗြိတိသျှပြတိုက်ရှေ့က အမှိုက်ပုံးထားပုံလေးကိုတော့ သဘောကျတယ်။ ထိုင်ခုံအောက်မှာ ၀ှက်ထားတာ။

တကယ်တော့ လန်ဒန်လိုမြို့ကြီးမှာ လည်စရာတွေ အပုံကြီးပေမယ့် ကိုယ်မရောက်ခဲ့တဲ့၊ မရောက်ဖြစ်လိုက်တဲ့ နေရာတွေ ရှိသေးတယ်။ ကိုယ်နေတာ အခြားမြို့ဆိုတော့ အကြောင်းကိစ္စရှိမှပဲ လန်ဒန်ကို ရောက်ဖြစ်တယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာနိုင်ငံတော်သံရုံးရှိရာ မြို့တော်လန်ဒန်ကို သွားခဲ့တယ်။ အရင်က သံရုံးကို တစ်ခါမှ မရောက်ဖူးတော့ မေးမြန်းရင်းနဲ့ သံရုံးရှိတဲ့လမ်းကို ရောက်သွားတယ်။ အရောင်လွင့်နေတဲ့ မြန်မာနိုင်ငံတော်အလံကြီး တွေ့လိုက်ရတော့ ပျော်သွားတာပေါ့။ ဒါနဲ့အလံရှိရာ အဆောက်အဦဆီ ၀မ်းသာအားရ ချီတက်ရင်း စိတ်ထဲမှာ တို့နိုင်ငံသံရုံးက ဘယ်ဆိုးလို့လဲ… ခမ်းနားသားပဲပေါ့။ အံမယ် အစောင့်ကလဲ အင်္ဂလိပ်လူငယ်လေးတစ်ယောက်၊ သူ့ကိုဖြတ်ပြီး အထဲဝင်မယ်လုပ်တော့ သူက ယဉ်ယဉ်ကျေးကျေးပဲ ပြန်မေးပါတယ်။ ဘယ်ကိုလာတာလဲတဲ့။ မြန်မာသံရုံးလို့ ဖြေလိုက်တော့ ဟိုဘက်အခြမ်းပါလို့ ပြုံးရယ်ပြီး ပြောတယ်။ 

ဒီလိုမှားပြီး ၀င်တာ ကိုယ်တို့ပဲတော့ ဟုတ်ဟန်မတူဘူး။ နေ့စဉ် သူပြောနေကျစကားမျိုး ပြောလိုက်သလိုက်ပဲ။ ဒါနဲ့ ကိုယ်လည်းရှက်ရှက်နဲ့ လှေကားက ပြန်ဆင်းပြီး ဟိုဘက်ကို ၀င်သွားရတယ်။ အင်း… ဒါမှ မြန်မာသံရုံးအစစ်၊ အ၀င်ဝကတည်းက မြန်မာနဲ့တူနေတာ၊ စောစောက မှားဝင်သွားတဲ့အခန်းတံခါးကအစ ခမ်းနားလွန်းနေတယ်လေ။ ပြောဆိုဆက်ဆံပုံကအစ တို့မြန်မာသံရုံးက ဘယ်နေရာရောက်ရောက် မြန်မာနဲ့တူနေတာပါပဲ။ အဲဒီတုန်းက အထဲမှာ မိတ္တူကူးစက်မရှိလို့ အပြင်တစ်ခေါက်ထွက် ဆိုင်ရှာပြီး ကူးရတာ မှတ်မိသေးတယ်။ ရာသီဥတုကအေး၊ ကိုယ်သွားနေကျနေရာမဟုတ်လို့ မိတ္တူဆိုင်က ဘယ်နေရာမှာ ရှိမှန်းမသိနဲ့ အတော့်ကို စိတ်တိုခဲ့ရသေးတာ။ ခုတော့လည်း…. အနောက်ဘက်ခြမ်းမှာ ကြုံခဲ့ရတဲ့ အမှတ်တရတွေထဲက တစ်ခုအဖြစ်နဲ့ ကျန်ရစ်ခဲ့တာပေါ့လေ။


ဇွန်မိုးစက်

ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ...

2

Category:

ဇွန်တွေ့ဖူးသမျှ စလုံးအမျိုးသားတွေထဲမှာ သူဟာ စိတ်ထားအလွန်ရည်မွန်ပြီး စကားပြောရင် လည်း နူးညံ့ချိုသာ အေးဆေးတာမို့ အစက သူ့ကို  ရုပ်ရည်ချောမော အရပ်အမောင်း ကောင်းတဲ့ gay တစ်ယောက်များ ဖြစ်နေမလား လို့တောင် ထင်မှတ်မှားခဲ့ဖူးပါတယ်။ သူအလုပ်မပြောင်းခင် ဇွန်နဲ့နှစ်ပတ်သာ ဆုံတွေ့ လိုက်ရပေမယ့် သူဟာ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်မို့ မမေ့ခဲ့ပါဘူး။

သူနဲ့ဇွန်နေတဲ့ ရပ်ကွက်ကလည်း တူတာမို့ တစ်ခါတစ်လေ ရုံးအပြန် ရထားစီးတဲ့အခါ ဆုံတတ်ပါတယ်။ လမ်းသွားရင်း သူ့မိသားစုအကြောင်း ပြောပြတတ်တဲ့သူက ဇွန့်ထက် တစ်နှစ်ငယ်ပါတယ်။ သူက ပိုလီ ဒီပလိုမာ ကျောင်းဆင်းဖြစ်လို့ ဒီဂရီရထားတဲ့ ဇွန့်ကို အားကျတယ်လို့ ပြောပါတယ်။ တကယ်တမ်း သူက အလုပ် အလွန်ကြိုးစားသူ ဖြစ်တာကြောင့် Business Development Executive တစ်ယောက်အနေနဲ့ ဇွန်တို့ ရုံးက ထွက်ပြီး နှစ်နှစ်အတွင်းမှာပဲ Product Manager ဖြစ်သွားသူပါ။ သူအလုပ်ထွက်ပြီး နောက်ပိုင်း အပြင်မှာ သုံးကြိမ်လောက်ပဲ ဆုံလိုက်ပေမယ့် မျက်နှာစာအုပ်မှာ မိတ်ဆွေအဖြစ် ရှိနေတဲ့သူ ကားဝယ်စီးတာ၊ ခရီးတွေသွားတာ၊ Fullerton မှာ မင်္ဂလာဆောင်တာတွေ အားလုံးကို သိနေခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်က မျက်နှာစာအုပ်မှာ သူ့ status update ရုတ်တရက် တက်လာတဲ့အခါ ဖတ်လိုက်ရတဲ့သူအဖို့ အတော်လေး အံ့သြတုန်လှုပ်ရပါတယ်။ သူ့အမျိုးသမီးက သူ့ wall ကနေပြီး မနေ့နေ့လည်က သူငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီး ဖြစ်တဲ့အတွက် အသုဘရှုဖို့ အိမ်လိပ်စာပေးပြီး ရေးလိုက်တာပါ။ ကိုယ့်မျက်စိကို ကိုယ် မရုံနိုင် လောက်အောင် အံ့အားသင့်ခဲ့ရတာ ဇွန်တစ်ယောက်တည်း မဟုတ်မှန်း အောက်က မှတ်ချက်တွေ တစ်ခုချင်း လိုက်ဖတ်ကြည့်မှ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာမှ ကင်ဆာရှိမှန်း သိရပြီး နှစ်လခွဲအကြာမှာ ဆုံးသွားခဲ့တာပါ။ သူဆုံးသွားတဲ့အချိန်မှာ သူ့အိမ်ထောင်သက်က ၈လပဲ ရှိပါသေးတယ်။ များသောအားဖြင့် ကင်ဆာဆိုရင် ခြောက်လတစ်နှစ်အထိ ခံကြပေမယ့် သူ့အတွက်တော့ သိပ်ကို မြန်သလိုပါပဲ။ သူ့လို လူကောင်း တစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ကျန်ရစ်ခဲ့သူ အားလုံးက နှမြောတသ စိတ်မကောင်း ဖြစ်ရပါတယ်။ သူက ရောက်တဲ့နေရာမှာ စိတ်ထားကောင်းသူ အဖြစ်၊ အလုပ်အလွန်ကြိုးစား တာဝန်သိတတ်သူ တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရတဲ့သူမို့ သူအလုပ်ဝင်ခဲ့ဖူးသမျှ လုပ်ငန်းခွင်က လူတွေအားလုံး သူ့အသုဘကို လာကြည့်ကြပါတယ်။

အသက်အရွယ်၊ ရာထူး၊ ငွေကြေးဥစ္စာ အတန်အသင့် ပြည့်စုံပြီး အိမ်ထောင်တစ်ခု ထူထောင်ပြီးကာစ သူလိုလူရွယ် တစ်ယောက် လူ့လောကထဲကနေ ထွက်သွားပြန်ပါပြီ။ သေခြင်းတရားဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ ရှောင်လွှဲလို့ မရနိုင်တဲ့ သင်္ခါရသဘောမှန်း သိနေပါရက်နဲ့ ကိုယ်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တစ်ခါပြန်ကြုံရတဲ့ အခါတိုင်း အံ့သြတုန်လှုပ်မှု ဖြစ်ရပြန်ပါတယ်။ နေ့စဉ်ညတိုင်း ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်လေး အတွင်းမှာ လူတွေသေဆုံးသွားတာ ဘယ်နှစ်ယောက်များ ရှိနေပြီလဲလို့ တွေးမိပါတယ်။ အသက်ရှင်ခိုက် အချိန်လေးမှာ ကုသိုလ်စိတ်လေး တတ်နိုင်သမျှ သတိထားမွေးဖို့ ခုတလော အတ္တကြီးပြီး အလွယ်တကူ စိတ်တိုနေတတ်တဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း မှတ်သားဖူးတဲ့ “မနာပ ဒါယီ ဆရာတော်” ရဲ့ သံဝေဂလင်္ကာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။


ဇွန်မိုးစက်

အရောင်မဲ့ မျက်ဝန်းများ

3

Category:

လွန်ခဲ့သော ၆ လခန့်က မမျှော်လင့်ဘဲ ကြည့်ရှုခဲ့ရသော မှတ်တမ်းရုပ်ရှင်ကား တစ်ခုထဲက မျက်ဝန်းတွေကို မြင်ယောင် နေမိသည်။ အပြုံးအရယ်မဲ့သော၊ မျှော်လင့်ချက်ကင်းမဲ့သော၊ ပိုင်ဆိုင်မှုတို့ ဘယ်တော့မှ ပြန်မရနိုင်တော့သော၊ ချစ်ခင်သူများကို မျက်စိရှေ့မှောက် လက်တွဲဖြုတ်ခွဲခွာခဲ့ရသော၊ တစ်စုံတစ်ခုကို ဒေါသထွက် နာကြည်းနေသော၊ ယုံကြည်အားကိုးမှု ပျောက်ဆုံးနေသော၊ အားငယ်ဝမ်းနည်းသော အနုတ်လက္ခဏာ ဆောင်သည့် မျက်လုံးများ…။ 

သူတို့ဘ၀ပြန်လည်ရပ်တည်ဖို့ကလွဲပြီး ဘာတစ်ခုမှစိတ်ဝင်တစားမရှိခဲ့။ သူတို့ကို ကင်မရာတစ်လက်နှင့် မှတ်တမ်းယူနေမှန်း သိချင်လည်းသိမည်၊ သိချင်မှလည်း သိလိမ့်မည်ဖြစ်သော်လည်း ဟိုစဉ်အခါလို ဗွီဒီယိုကင်မရာအရိုက်ခံရသည့်အခါ ဖြစ်ပေါ်လာသည့် ရိုးသားရှက်ဝံ့တတ်သော ပြုံးစစ မျက်နှာပေးများ တစ်ယောက်တစ်လေမှ မရှိခဲ့။ နင်တို့တတွေ ဒါကြီးကိုင်ပြီး ဘာလာလုပ်တာလဲဟူသော အတွေးမျိုးသာ ရှိချင်ရှိခဲ့လိမ့်မည်။ သူတို့အားလုံး၏ တူညီသော ခံစားချက်တွေက မျက်ဝန်းအစုံတိုင်းမှာ ထင်ဟပ်လို့နေသည်။ သူတို့၏ မျက်ဝန်းများ ကြည်လင်တောက်ပမှုမရှိ၊ မျက်ရည်တို့သာ စွတ်စိုရစ်ဝဲလျက် မရေရာသော အနာဂတ်ကို မရဲတရဲ စိုးရိမ်စိတ်ဖြင့် လှမ်းမျှော်ပုံဖော်ဖို့ရာ လုံလောက်သော အားအင်တို့ မရှိခဲ့။ 

နေရာထိုင်ခင်း၊ အ၀တ်အစား၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ဆွေမျိုးသားချင်း မိတ်ဆွေအားလုံး ညတွင်းချင်း ပျက်စီးဆုံးရှုံးဗလာကျင်း ကျန်ရစ်ခဲ့သော သူတို့အားလုံး၏ မျက်လုံးများသည်လည်း တူညီစွာ အရောင်အဆင်းကင်းမဲ့ ဗလာကျင်းလျက်…။

ကြည့်ရှုခံစားမိသူ ကိုယ်တိုင်လည်း မဆည်နိုင်သော မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေမိခဲ့….။

---------------------------------------------------------------------------

ရသအလင်း ၆လပြည့်အထိမ်းအမှတ်ပွဲမှာ ပြသခဲ့တဲ့ “သည်မော်နိုင်” ရဲ့ “The Nargis” လို့ ခေါင်းစဉ်ပေးထားတဲ့ Documentary အမျိုးအစား ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကားပါ။ မုန်တိုင်းဖြစ်ပြီးစ ၂၀၀၈ မေလ တစ်ပတ်ကနေ တစ်လအထိ အကူအညီတွေတောင် မရောက်နိုင်၊ မရောက်ခဲ့တဲ့ နေရာတွေအထိ ထဲထဲဝင်ဝင် သွားရောက်ပြီး နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့၊ သောက်ရေသန့်တစ်ပုလင်းတောင် အကူအညီ မရခဲ့ကြရှာတဲ့၊ ကြေကွဲစရာကောင်းတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူ ရွာသူရွာသားတွေရဲ့ အဖြစ်မှန်တွေကို မေးမြန်းစုစည်းပြီး ရိုက်ကူးထားခဲ့တာပါ။ ကိုယ်ထင်မှတ်ထားတာထက်ပိုပြီး အများကြီးဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရရှာတဲ့ သူတို့အဖြစ်တွေကို ကြည့်နေရင်းက မျက်ရည်လည်းကျရ၊ ၀မ်းနည်းဒေါသတွေလည်း ထွက်ရပါတယ်။ 

အခက်အခဲတွေကြားကနေ ရအောင်သွားရောက်ရိုက်ကူးပြီး သေသေချာချာ တည်းဖြတ်ထုတ်လုပ်ခဲ့တဲ့ ကိုသည်မော်နိုင်နဲ့အဖွဲ့ကို တကယ်ပဲလေးစားချီးကျူးမိပါတယ်။ “The Nargis” ကားကို မင်းထင်ကိုကိုကြီး ရိုက်ကူးခဲ့တဲ့ “အင်းသီး” ထက်ကို ပိုကြိုက်ပါတယ်။ ဇာတ်လမ်းကို ကြိုတင်ပြင်ဆင်ပြီး ရိုက်ကူးခဲ့တာ မဟုတ်ပေမယ့် ရိုက်ကူးထားတဲ့အထဲက မှတ်တမ်းတွေကိုပဲ အစအဆုံး စုစည်းချိတ်ဆက်ပြီး ပြသသွားတာ အရမ်းကောင်းပါတယ်။ တစ်ချိန်က ရွာရှိခဲ့ဖူးတယ်ဆိုတာကို ကျိန်ပြမှယုံရမယ့် ဟင်းလင်းပြင်ဖြစ်ခဲ့ရတဲ့ မြစ်ကမ်းနံဘေးနုန်းရွှံ့မြေမှာ အရောင်မဲ့ မျက်ဝန်းတွေနဲ့ ကလေးမလေးတစ်ယောက် ဟိုးအဝေးကို လှမ်းမျှော်ကြည့်နေခဲ့တဲ့  ဇာတ်သိမ်းခန်းကလည်း အဓိပ္ပာယ်အများကြီး ဆောင်ပါတယ်။

မြန်မာလူမျိုး အနုပညာရှင်တစ်ယောက်အနေနဲ့ ဖန်တီးခဲ့တဲ့ နိုင်ငံတကာကို ပြသနိုင်တဲ့ အဆင့်မြင့်တဲ့ မှတ်တမ်းရုပ်ရှင်ကားမို့ ကျေနပ်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အဲဒီ့ကားကြည့်ပြီးကတည်းက နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ရိုးသားတဲ့ ရွာသူရွာသားတွေရဲ့ အရာင်မဲ့မျက်လုံးတွေနဲ့ ဟင်းလင်ပြင်ဖြစ်ခဲ့ရတဲ့ သူတို့တတွေရဲ့ပုံရိပ်နဲ့ ဘ၀ကို ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ လေးနှစ်ကြာခဲ့ပေမယ့်၊ လူတွေက သူတို့ကို ကူညီစောင့်ရှောက်ဖို့ မေ့သွားကောင်းမေ့သွားကြပေမယ့် သူတို့တတွေကတော့ အိပ်မက်ဆိုးတွေ ထပ်တလဲလဲမက်ရင်း ခက်ခဲကြမ်းရှလှတဲ့ ဘ၀တွေကို ကြိုးစားရှင်သန် ရုန်းကန်နေကြရဦးမှာပါ။



ဇွန်မိုးစက်