ခရီးများခဲ့တဲ့ ၂၀၁၂

7

Category:

၂၀၁၂ကတော့ ဇွန့်အတွက် ခရီးသွားနှစ်လို့ ဆိုရမယ် ထင်ပါတယ်။ တစ်နှစ်အတွင်း မြန်မာပြည် သုံးခေါက်၊ အင်ဒိုနီးရှား နှစ်ခေါက်ရောက်လိုက်ပြီး၊ မလေးရှားနဲ့ဂျပန်ကို တစ်ခေါက်စီ ရောက်သွားပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းကနေ ၂၀၁၂ ဇန်န၀ါရီလလယ်ပိုင်းအထိ စင်္ကာပူကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ တရားပွဲကိစ္စနဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာရှိတဲ့ ကျောက်ကွင်းရွာ၊ အဲဒီကနေမှ ရန်ကုန်ကိုပြန်၊ ပြီးတော့ မန္တလေး၊ အမရပူရ၊ ပြင်ဦးလွင်ခရီးတွေဆက်ပြီး ရန်ကုန်ကနေ စင်္ကာပူကို ပြန်ရောက်လာပါတယ်။ ဖေဖော်ဝါရီကနေ ဧပြီလအထိကတော့ စာမေးပွဲတစ်ခုဖြေဖို့ရှိနေတာကြောင့် ဘယ်မှ မသွားဖြစ်ခဲ့ပေမယ့် မေလကနေ နိုဝင်ဘာအထိ လစဉ် ခရီးတိုလေးတွေ ထွက်ဖြစ်တာနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ခရီးစဉ်အားလုံးလိုလိုက အဝေးကြီးကတည်းက ကြိုတင်စီစဉ်ခဲ့တာမဟုတ်ဘဲ အနီးကပ်မှ လက်မှတ်ဝယ်ပြီး ကောက်ခါငင်ခါ သွားဖြစ်တာမျိုးတွေပါ။

မြန်မာတွေ အင်ဒိုနီးရှားသွားရင် ဗီဇာလျှောက်စရာမလိုတော့ဘူးလို့ သိရတဲ့အချိန်ကစပြီး သွားမယ်တပြင်ပြင် ဖြစ်နေခဲ့တာပါ။ ရောက်ချင်တာက ဘာလီ၊ သွားဖြစ်တော့ ဘာတမ်။ ရှေ့က “ဘာ” တော့အတူတူပါပဲနော်။ ဘာတမ်ခရီးစဉ်အကြောင်းကို ညိုလေးနေက ဒီမှာ ရေးထားပါတယ်။ မေလထဲမှာ ဘာတမ်ကို တစ်ညအိပ်နှစ်ရက်ခရီးသွားလည်ပြီး ဇွန်လထဲမှာ ရန်ကုန်ကို တစ်ခေါက်ပြန်ဖြစ်ပါတယ်။ မိသားစုလေးယောက် မျက်နှာချင်းဆိုင် မဆုံညီခဲ့တာ ၆နှစ်တာရှိသွားပြီမို့ အဖေရန်ကုန်ပြန်ရောက်ခိုက် ဆုံတောင့်ဆုံခဲ ကြုံရတဲ့ ဇွန့်မွေးနေ့အလှူကို မြန်မာပြည်မှာပြန်လုပ်ချင်တာနဲ့ ခွင့်သုံးရက်ယူပြီး ငါးရက်ခရီးပြန်လိုက်တာပါ။ တစ်ခါဇူလိုင်လရောက်တော့ ဖားအောက်တောရရဲ့ ဘာတမ်ရိပ်သာက သိမ်ဖွင့်ပွဲကို တစ်ညအိပ်နှစ်ရက်ခရီးသွားပြီး တက်ရောက်လိုက်ပါသေးတယ်။ သြဂုတ်လမှာ မြန်မာပြည်ကို အကြောင်းကိစ္စတစ်ခုနဲ့ တစ်ခေါက်ပြန်ဖြစ်ပါတယ်။ လေးညအိပ် ငါးရက်ခရီးပါပဲ။

လတိုင်းခရီးသွားနေရလို့ ပင်ပန်းတယ်၊ နောက်လ ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်ပြီး သိပ်မကြာခင်မှာပဲ ရုံးကလူတွေစုပြီး ဂျန်းတင်းကို သွားကြမယ်ဆိုပြီး ဇွန့်ကိုလာခေါ်ကြပါတယ်။ အရင်က မလေးရှားကို တစ်နှစ်တစ်ခေါက်နှုန်းနဲ့ ငါးကြိမ်လောက်ရောက်ခဲ့ပေမယ့် ဂျန်းတင်းတစ်ခါမှ မရောက်ဖူးသေးတာရယ်၊ အလုပ်ကလူတွေနဲ့ တစ်ခါမှ ခရီးမထွက်ဖူးသေးတာရယ်ပေါင်းပြီး စက်တင်ဘာလထဲမှာ နှစ်ညအိပ် သုံးရက်ခရီးတို တစ်ခေါက် ထွက်ခဲ့ပြန်ပါတယ်။ အောက်တိုဘာလရောက်တော့ ၂၀၁၂ မတိုင်ခင် အနောက်ဘက်ကို ခရီးထွက်ရင်ကောင်းမလား ကြံစည်ခဲ့သေးပေမယ့် တကယ်တမ်းရောက်သွားတော့ အရှေ့စွန်းပါ။ စွန်းတာမှ သူ့ရှေ့မှာ ပင်လယ်နဲ့သမုဒ္ဒရာပဲ ရှိပါတော့တယ်။ တိုကျိုခရီးစဉ်က အောက်တိုဘာ ၃၁ရက်ကစပြီး နိုဝင်ဘာ၇ရက်မှာ အဆုံးသတ်ပါတယ်။ ခွင့်တွေလည်း ကုန်ပါပြီ၊ လူလည်း ပင်ပန်းပြီ၊ ပိုက်ပိုက်လည်း အတော်အသင့် ကုန်သွားပြီမို့ ဒီနှစ်အတွက် ခရီးသွားခြင်း တစ်စခန်း ရပ်ပါပြီ။

ရှေ့နှစ်ထဲရောက်ရင် ဒီနှစ်လောက် ခရီးသွားဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘ၀ခရီးကို သုံးရာခြောက်ဆယ့်ငါးနဲ့လေးပိုင်းတစ်ပိုင်းရှိတဲ့ ရက်လရာသီနှစ်စက်ဝန်းထဲမှာ ဆက်ပြီးရွက်လွှင့်နေရဦးမှာပါ။ ဇွန့်အတွက်တော့ အတက်အကျတွေများတဲ့ ၂၀၁၂ မှာ ကံမကောင်းခြင်းတွေကို ထားခဲ့နှုတ်ဆက်ပြီး ကြုံတွေ့လာတဲ့ အပြောင်းအလဲတွေနဲ့အတူ ၂၀၁၃ ကို စိတ်လှုပ်ရှားခြင်းများစွာနဲ့ ကြိုဆိုလိုက်ပါတယ်။

စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများအားလုံးအတွက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသော၊ ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်အခါသမယ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။း)

စာကြွင်း။        ။ ခရီးစဉ်တစ်ခုချင်းစီက ပုံလေးတွေကို ၂၀၁၂ရဲ့ နောက်ဆုံးပို့စ်အတွက် အမှတ်တရ ထပ်ထည့်လိုက်ပါတယ်။ 

ဒီပုံလေးကတော့ သာသနာ့သမိုင်းမှတ်တိုင် နှစ်ကြိမ်တိုင်တိုင်စိုက်ထူနိုင်ခဲ့တဲ့ ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်နယ်အတွင်းက ကျောက်ကွင်းကျေးရွာရဲ့ ရွာဦးကျောင်းလမ်းအ၀င်လေးပါ။

ဒါကတော့ မန္တလေးရတနာပုံဈေးဘေးလမ်းတစ်နေရာပါ။ ရောက်တုန်းရောက်ခိုက်ဆိုပြီး ပုံမှာတွေ့ရတဲ့မုန့်တွေ အမျိုးစုံအောင်ဝယ်ပြီး စားပစ်ခဲ့တာ။ :D

မေမြို့က သာယာလှပတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ပေါ့

ဘာတမ်ကျွန်းမှာရှိပေမယ့် မြန်မာတွေ အရောက်အပေါက်နည်းတဲ့ တူရီကမ်းခြေက အပန်းဖြေစခန်း

ဇွန်လအတွင်းက ဇွန်ရဲ့ ရန်ကုန်ခရီးစဉ်အမှတ်တရ (ရန်ကုန်လေဆိပ်မှာတွေ့ရတဲ့ ပန်းချီကားကို သဘောကျလို့ ရိုက်ယူခဲ့တာပါ)

ဘာတမ်းကျွန်းစုဝင်သုံးခုမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ရမ်ပန်(Rempang) က သိမ်ဖွင့်ပွဲတက်ရောက်စဉ်

၈လပိုင်း ရန်ကုန်ခရီးစဉ်မြင်ကွင်း (ကရ၀ိတ်အနီး ကန်တော်ကြီးက ရိုက်ထားတာပါ)

 စက်တင်ဘာ ဂျန်းတင်းခရီးမှတ်တမ်း (ဒီကောင်းကင်ကားက အရှေ့တောင်အာရှမှာ အမြင့်ဆုံးလို့ သိရပါတယ်။ အမြင့်ကြောက်တတ်သူများအတွက်ကတော့ စီးချိန် အသွားအပြန်စုစုပေါင်း နာရီဝက်ဟာ တစ်ကမ္ဘာလောက် ထင်ရတာပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ဇွန့်အကြိုက်ဆုံးက ဒီစကိုင်းဝေးကေဘယ်လ်ကား စီးရတာကိုပါ)

 ဒါကတော့ ၂၀၁၂ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နေမင်းကြီးရဲ့ကျွန်းမြေလို့တင်စားခေါ်ဝေါ်ကြတဲ့ နိပွန်ခေါ်ဂျပန်ရဲ့ ခရီးသွားဟန်လွှဲ အမှတ်တရ ပုံရိပ်တစ်ခုပါ။


တစ်နှစ်တာပတ်လုံး လာရောက်အားပေးဖတ်ရှုကြတဲ့ စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများအားလုံးကို အစဉ်ကျေးဇူးတင်လျက်... ^_^


ဇွန်မိုးစက်

တိုကျိုအချပ်ပို

9

Category:



တိုကျိုခရီးစဉ်ပြီးပြီးချင်း ရေးဖို့ပြင်ခဲ့ပေမယ့် အချိန်သိပ်မရတာရယ်၊ စက်က နဲနဲထွေချင်ပြီး word က ပြဿနာတက်သွားတာရယ်ပေါင်းပြီး ကြန့်ကြာနေတာနဲ့ ခုမှရေးဖြစ်ပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးလာတဲ့သူငယ်ချင်းတွေအတွက်နဲ့ ကူညီပေးခဲ့ကြတဲ့ တိုကျိုက သူငယ်ချင်းများကို အမှတ်တရကျေးဇူးလည်း တင်ချင်တာမို့ အချပ်ပိုလေး ထပ်ရေးဖြစ်သွားတာပါ။


နှစ်ပတ်အတွင်း ဖုတ်ပူမီးတိုက် စီစဉ်သွားခဲ့ရတဲ့ ဇွန်တို့ရဲ့ ရက်သတ္တပတ်သာသာ ဂျပန်ခရီးစဉ်လေးက တော်တော်ခရီးရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုကျိုမြို့ရဲ့ မြောက်ဘက် ကားနဲ့သုံးနာရီကြာမောင်းရတဲ့ နိကို၊ အနောက်တောင်အရပ်မှာရှိတဲ့ဖူဂျီ၊ တောင်ဘက်က ကာမာကုရနဲ့အဲနိုရှိးမားကျွန်းလေးကိုလည်း ရောက်ခဲ့ပါတယ်။ တော၊ တောင်၊ ရေတံခွန်၊ ကျွန်း၊ မြို့သစ်၊ မြို့ဟောင်း၊ ငါးဈေး၊ တိုကျိုတက္ကသိုလ်၊ ဒစ်စနေလန်း နေရာစုံပါတယ်။ တိုကျိုမြို့ထဲမှာတော့ ဂင်ဇာ၊ အဆာကူဆာ၊ ရှင်ဂျူကု၊ ဟာရဂျူကု၊ အစ်ခီဘုကုရို၊ နိပိုရီ၊ ရှိဘူရ၊ ဂျီယူကအိုကာ၊ အိုဒိုင်းဘား၊ စကိဂျိ စတဲ့ အထင်ကရ နေရာတွေကို ရောက်ခဲ့ပါတယ်။

Free & Easy ခရီးဖြစ်လို့ နေ့ရက်အလိုက် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာတွေကို ကြိုတင်အစီအစဉ်ဆွဲထားတာကြောင့်လည်း ပါပါတယ်။ အချို့ရက်တွေမှာ အခြေအနေအရ ပြောင်းလိုက်ရတာတွေ ရှိပေမယ့် အဆင်ပြေပြေနဲ့ ရောက်သင့်တဲ့နေရာမှန်သမျှ ရောက်သွားခဲ့တာ ပြန်တွေးကြည့်တိုင်း ကျေနပ်စရာကောင်းပါတယ်။ ရထားတွေလည်း အစုံစီးခဲ့ပါတယ်။ မြေအောက်ရထား၊ မြေပေါ်ရထား၊ လူနေရပ်ကွက်ထဲကနေဖြတ်ပြီးသွားတဲ့ မိုနိုရထား၊ မြို့လယ်ကောင်က တိုက်အမြင့်ကြီးတွေကြားထဲ ဖြတ်သွားတဲ့ ရထား၊ ကျည်ဆန်ရထား စုံလို့ပါပဲ။ လေဆိပ်အ၀င်ကို နာရီတာမှာ ဆိုက်ပြီး အပြန်ကျတော့ ဟနဲဒါက စီးရတာမို့ တိုကျိုမြို့ရဲ့ နိုင်ငံတကာလေဆိပ်နှစ်ခုလုံး ရောက်လိုက်ပါတယ်။

ခရီးစဉ်ထဲထည့်ထားပြီး မသွားဖြစ်ခဲ့တာ ဒါရိုက်တာမီရာဇာကီရဲ့ ပြတိုက်ပါ။ သွားဖို့ကြိုးစားခဲ့ပေမယ့် အချိန်နည်းနေတာရယ်၊ ခရီးလမ်းမသင့်ခဲ့တာကြောင့်ရယ် မရောက်လိုက်ပါဘူး။ ဟခုန်းနဲက ရေကန်ကြီးကို အရမ်းရောက်ချင်ပေမယ့်၊ ဖူဂျီခရီးစဉ်ထဲမှာလည်းပါလို့ ရွေးချယ်ခဲ့ပေမယ့် ကားလမ်းကြပ်ပြီး အချိန်တွေကုန်ခဲ့တာကြောင့် ညမှရောက်ပြီး ရေကန်ထဲမှာ သင်္ဘောစီး၊ ဓာတ်ပုံရိုက်ခွင့် မရလိုက်ပါဘူး။ ကီမိုနိုဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ဖို့လည်း ကြံစည်ထားခဲ့ပေမယ့် မှန်းထားတဲ့ဈေးထက်နှစ်ဆလောက်ပိုပြီး များနေတာကြောင့် လက်လျှော့လိုက်ရပါတယ်။ မေပယ်လ်ရွက်နီနီတွေ မြင်ခဲ့ရတယ်၊ စကိဂျိငါးဈေးက ဆိုင်မှာ ဆူရှီနဲ့ဆရှိမိ စားခွင့်ရခဲ့တယ်။ ဖူဂျီတောင်ကြီးနဲ့ အမှတ်တရဓာတ်ပုံရိုက်ခွင့်ရခဲ့တယ်၊ တော့တိုးကျန်ရဲ့ ရထားတွဲကျောင်းလေးတည်ရှိရာနေရာကို တကူးတက အရောက်သွားနိုင်ခဲ့တယ်ဆိုရင်ပဲ ဇွန့်အတွက် ဒီခရီးစဉ်လေး ခြေဆန့်ရကျိုးနပ်ပါပြီ။

ဂျပန်လူမျိုးတွေ စည်းကမ်းရှိတယ်၊ စနစ်ကျတယ်၊ ယဉ်ကျေးတယ်၊ ၀န်ဆောင်မှုကို အရမ်းအလေးပေးတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ကြုံရပါတယ်။ နေရာတိုင်းလည်း သန့်ရှင်းသပ်ရပ်နေပါတယ်။ ဂျပန်စကားကိုပဲ အသုံးပြုတဲ့အတွက် ဂျပန်စာမတတ်တဲ့ ခရီးသွားများအဖို့ အခက်အခဲတော့ ရှိပါတယ်။ စက်မှုတိုးတက်ထွန်းကားတဲ့နိုင်ငံရယ်လို့ လေဆိပ်ကထွက်ပြီး မြို့ထဲမရောက်ခင်အထိတွေ့ရတဲ့ စက်မှုဇုန်ကြီးက သက်သေထူပါတယ်။ ဆိုင်အ၀င်ဝမှာကတည်းက စက်နဲ့ရွေးချယ်မှာယူ ငွေချေပြီးမှ ထွက်လာတဲ့ တိုကင်ပြားလေးနဲ့မှာစားရတာ ဇွန့်တို့အတွက် အတွေ့အကြုံ အသစ်အဆန်းပါ။ ရွေးချယ်စရာ ခလုတ်တွေများပြားလှတဲ့ ရေအိမ်ကမုတ်အိုးကိုလည်း ဂျပန်ရောက်မှ တွေ့ဖူးပါတယ်။ တပိုတပါးမသွားမီ ဘယ်ခလုတ်ကဘာဆိုတာ အရမ်းစူးစမ်းလေ့လာရပါသေးတယ်။

အမျိုးသမီးနဲ့ကလေးငယ်တွေကို အရမ်းဦးစားပေးတယ်လို့လည်း သိရပါတယ်။ ရထားတွဲမှာတောင် မနက်ရုံးသွားချိန်နဲ့ ရုံးပြန်ချိန်မှာ အမျိုးသမီးချည်းပဲ ထိုင်စီးခွင့်ရှိတဲ့ တွဲတွေပါပါတယ်။ အမျိုးသားတွေကတော့ မတ်တပ်ရပ်စီးပေါ့။ တိုကျိုက ရထားတွဲတွေပေါ်မှာ အစာစားခွင့်၊ ရေသောက်ခွင့်ရှိပေမယ့် ဖုန်းပြောခွင့်မရှိပါဘူး။ အလုပ်ထဲမှာလည်း ဖုန်းမကိုင်ကြပါဘူး။ အိုဆာကာက ရထားပေါ်မှာတော့ ဖုန်းပြောကြတယ်၊ ပြောလို့ရတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။ လူနေရပ်ကွက်နဲ့နီးတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာ ဆူညံသံကိုလျှော့ချပေးတဲ့နံရံတွေ ကာရံထားတာ တွေ့ရပါတယ်။

အမှိုက်ပစ်တဲ့အခါမှာလည်း ဆိုင်တိုင်း၊ နေရာတိုင်းမှာ စနစ်တကျနဲ့ အမျိုးအစားခွဲပြီး စွန့်ပစ်ကြပါတယ်။ နိကို၊ ဖူဂျီခရီးတွေ သွားတုန်းက ဧည့်လမ်းညွှန်က ကားပေါ်မှာ မုန့်ထုတ်အခွံတွေ၊ ဖော့ဘူး၊ သံဘူး၊ ပလတ်စတစ် အစရှိတဲ့အမှိုက်တွေကို ဆိုင်ရာအိတ်အသီးသီးမှာ ခွဲပစ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ ခရီးသည်အားလုံးကလည်း ကားပေါ်ကအဆင်းမှာ ကိုယ့်အမှိုက်ကို စည်းကမ်းရှိရှိနဲ့ ခွဲထည့်ပေးကြပါတယ်။ KFC လို fast food ဆိုင်မှာတောင် စားသုံးသူတွေကပဲ အအေးခွက်ထဲက ကျန်နေတဲ့ ရေခဲကိုသီးခြားထည့်၊ ကျန်တာကိုလည်း အမျိုးအစားခွဲပြီးမှ စွန့်ပစ်ပေးသွားကြတာ အတုယူဖွယ် မြင်ရပါတယ်။

သဘာဝဘေးအန္တရာယ်တွေသာမရှိခဲ့ရင် ဂျပန်ဟာ နေချင်စရာနိုင်ငံတစ်ခုပါပဲ။ ဂျပန်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဂျပန်ဧည့်လမ်းညွှန်ကိုကြီးငါးက ဂျပန်ဟာ လှပချစ်စရာကောင်းပြီး အလည်အပတ်သွားသင့်တဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း ဂျပန်မရောက်သေးတဲ့အခြားမိတ်ဆွေတွေကို ပြောပြပေးပါလို့ ခေါင်းလေးညွှတ်ပြီး တောင်းဆိုခဲ့တာကို အမှတ်ရမိပါတယ်။ ဇွန့်အနေနဲ့လည်း ဂျပန်ဟာ အလည်သွားသင့်တဲ့ နိုင်ငံတစ်ခုလို့ ထောက်ခံပါတယ်။ ခရီးသွားတယ်ဆိုတာ ကံပေါ်မူတည်တာမို့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကြိုပြီး မသိနိုင်လို့ မှန်းဖို့ခက်ပါတယ်။ ဇွန်တို့ သွားတဲ့အချိန်မှာတော့ ကံကောင်းထောက်မစွာနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ တောင်တန်းတွေများပြီး မြေပြန့် ၂၀ရာခိုင်နှုန်းပဲရှိတဲ့ ဂျပန်နိုင်ငံမှာ မီးတောင်ရှင်ပေါင်း၁၀၀ကျော်ရှိပါတယ်။ မြို့တော်တိုကျိုမှာ ငလျင်ဒဏ်အကြီးစားတစ်ခုလှုပ်နိုင်ဖွယ်ရှိလို့ တစ်ချို့တွေက မြို့တော်ကို နေရာရွှေ့ချင်တဲ့ဆန္ဒရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အချက်အချာကျတဲ့မြို့မို့ ငလျင်အပြင်းစားသာ တိုကျိုကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ရင် ဂျပန်နိုင်ငံတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမယ်လို့ ဆိုကြပါတယ်။ 

တိုကျိုမှာကြုံတွေ့နေကြရတဲ့ အခက်အခဲတစ်ခုကတော့ မူကြိုကျောင်းရှားပါးနေခြင်းပါပဲ။ စရိတ်ကြီးတဲ့မြို့တော်မှာ မိဘနှစ်ပါးလုံး နေထိုင်အလုပ်လုပ်ကြရတာမို့ ကလေးရလာတဲ့အခါ ကလေးကို မူကြိုကျောင်းမှာအပ်နှံနိုင်မှ အဆင်ပြေပါတယ်။ မူကြိုကျောင်းကလည်း ကိုယ်အပ်ချင်တဲ့ကျောင်းတိုင်း အပ်ခွင့်မပေးပါဘူး။ သူ့မြို့နယ်အလိုက်မှာရှိတဲ့ကျောင်းမှာပဲ အပ်ခွင့်ရပါတယ်တဲ့။ မူကြိုကျောင်းမှာ အပ်နှံခွင့်မရတဲ့အခါ မိခင်ဖြစ်သူက ကလေးငယ်ကိုပြုစုစောင့်ရှောက်ဖို့ အလုပ်ထွက်လိုက်ရပါတယ်။ ဒါကြောင့် ဂျပန်အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ၀င်ငွေကို နှစ်အလိုက် အချိုးချကြည့်တဲ့အခါ အမျိုးသမီးတွေရဲ့ဝင်ငွေက အမျိုးသားများဝင်ငွေအောက် ထက်ဝက်သာသာ လျော့ကျသွားတယ်လို့ ဧည့်လမ်းညွှန်ဟိရိုက ပြောပြပါတယ်။ ကလေးမူလတန်းလောက်ရောက်မှ အိမ်ထောင်ရှင်ဇနီးသည်တွေက အလုပ်ထဲပြန်ဝင်ကြပါတယ်။ မြို့တော်ရဲ့  ကလေးမွေးနှုန်းကလည်း သိသိသာသာကျဆင်းနေဆဲပါပဲ။

လူနေမှုအဆင့်အတန်းမြင့်တဲ့နိုင်ငံမို့ ထင်ပါတယ်၊ တွေ့ရတဲ့လူအားလုံးလိုလိုရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေက အကောင်းစားတွေချည်းပါပဲ။ လူအတော်များများရဲ့ ရုပ်ရည်ကလည်း ရည်မွန်သန့်ပြန့်နေပါတယ်။ ညိုလေးနေက တစ်စုံတစ်ခုကို သတိပြုမိပြီး ဇွန်မိုးစက်ကို ပြောပါတယ်။ နင်သတိထားမိလား၊ သူတို့အားလုံးလိုလို ကြည့်ကောင်းနေတာ နှာခေါင်းကြောင့်နော်။ အာရှပေမယ့် ဂျပန်တွေ နှာခေါင်းချွန်ကြတယ်။ သူပြောတာနဲ့ ဇွန်လည်း သတိထားကြည့်မိတော့… ဟုတ်တယ်၊ ရထားပေါ်မှာ၊ လမ်းမှာ၊ လေဆိပ်မှာ တွေ့ခဲ့ရတဲ့ ဂျပန်လူမျိုးအကုန်နီးပါး နှာခေါင်းပြားမနေဘဲ ချွန်ကြတယ်။ ဒါကြောင့် သူတို့ကြည့်ကောင်းတာကိုး။ သူငယ်ချင်းကိုလည်း မေးကြည့်ကြသေးတယ်၊ သူတို့တွေ ကိုးရီးယားမှာလို ဆာဂျရီများလုပ်ထားသေးလားလို့၊ တစ်ချို့က ခွဲစိပ်ပြုပြင်မှု လုပ်ချင်လုပ်ထားမှာပေါ့၊ ဒါပေမယ့် သူသိသလောက် အများစုက အော်ရီဂျင်နယ်ပါပဲတဲ့။ ယောက်ျားလေးတွေ မျက်ခုံးရိပ်တာ ခေတ်စားနေတာလည်း တွေ့ခဲ့တယ်။ ကိုယ်က မိန်းခလေးဖြစ်ပေမယ့် မျက်ခုံးရိတ်တာမကြိုက်တဲ့သူဆိုတော့ ယောက်ျားလေး မျက်ခုံးရိတ်ထားတာကိုမြင်ရတာ စိတ်ထဲတစ်မျိုးပဲ။ မျက်လုံးတောက်တောက်နဲ့ ဂျပန်မလေးတွေကတော့ ချစ်စရာကောင်းကြတယ်။ အားလုံးကလည်း ချောချောလှလှလေးတွေချည်းပဲဆိုတော့ မြင်တွေ့သမျှ လိုက်ငေးနေရတာ။

သဘာဝအလှအပ အမြောက်အမြားနဲ့ လည်ပတ်စရာတွေ သိပ်များတဲ့နိုင်ငံမို့ တစ်ပတ်ခရီးလေးက နည်းလွန်းတယ်လို့ ပြောရပါမယ်။ ခရီးသွားဟန်လွှဲတွေ့သမျှ တိုးရစ်တွေက အနည်းဆုံး နှစ်ပတ်တစ်လနေပြီး လည်ပတ်ကြသူတွေပါ။ ဇွန်တို့ကတော့ ကိုယ့်ဘတ်ဂျက်အတိုင်းအတာရယ်၊ ခွင့်အရေအတွက်ပေါ်ရယ်မူတည်ပြီး သွားရတာကြောင့် သိပ်ကြာကြာမနေနိုင်ပါဘူး။ ဂျပန်ကို သွားလည်ဖို့ အကောင်းဆုံးအချိန်ကတော့ ချယ်ရီပွင့်ချိန်နွေဦးရာသီ ဧပြီလ၊ ဒါမှမဟုတ်လည်း မေပယ်လ်ရွက်တွေ အရောင်ပြောင်းချိန် နိုဝင်ဘာလပါ။ အဲဒီအချိန်မှာ ရာသီဥတုက အပူအအေးသိပ်မပြင်းလို့ လည်လို့ကောင်းပါတယ်။ ဇွန်တို့သွားချိန်က အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းဖြစ်နေတော့ တိုကျိုမြို့ထဲက အရွက်တွေ အရောင်မပြောင်းသေးပေမယ့် မြောက်ပိုင်းကျတဲ့ဒေသတွေမှာတော့ အရောင်ပြောင်းစပြုနေပါပြီ။ လာဗန်ဒါနဲ့နေကြာပန်းခင်းတွေ၊ နှင်းတွေမြင်ရဖို့ဆိုရင်တော့ ဟော့ကိုင်းဒိုးအထိ သွားရမှာပါ။ အစက ဟော့ကိုင်းဒိုးအထိ သွားကြည့်ချင်တဲ့ဆန္ဒရှိပေမယ့် ရက်နည်းတာကြောင့် မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ပြီး တိုကျိုနဲ့အနီးတစ်ဝိုက်ကို ခြေဆန့်နိုင်သမျှ အရောက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

တိုကျိုခရီးစဉ်ကို ချန်ညီအစ်ကိုများခရီးသွားအေးဂျင့်ကနေ ပရိုမိုးရှင်းပေးတုန်း ၀ယ်ခဲ့တာဖြစ်ပါတယ်။ ဗီဇာကလည်း ထင်မှတ်ထားတာထက်ပိုပြီး လွယ်လွယ်ကူကူနဲ့ လျှောက်လို့ရပါတယ်။ စာရွက်စာတမ်းပြည့်စုံရင် ၃ရက်အတွင်း ချပေးပါတယ်။ မြန်မာပတ်စ်ပို့ကိုင်ဆောင်သူမို့ အနည်းဆုံး ခရီးသွားတစ်ဦးကိုယ်တိုင် သွားလျှောက်ဖို့တော့ လိုပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာ ဗီဇာတင်လိုက်တယ်ဆိုရင်ပဲ သောကြာနေ့လည်မှာလာယူဖို့ တစ်ခါတည်း ပြောလိုက်ပါတယ်။ အဓိကက လေယာဉ်ခရီးစဉ်နဲ့ တည်းမယ့်ဟိုတယ်မှာ ဘွတ်ကင်လုပ်ထားတဲ့ အေးဂျင့်ကထုတ်ပေးတဲ့စာရွက်ရယ်၊ အလုပ်အကိုင်ရှိကြောင်းထောက်ခံစာရယ်ပါပဲ။ စင်္ကာပူပီအာဆိုရင်တော့ ဘဏ်စာရင်းပြစရာမလိုပါဘူး။ တခြားပတ်စ်ကိုင်ထားတဲ့သူတွေဆိုရင်တော့ နောက်ဆုံးတစ်လစာဘဏ်စာရင်းပြဖို့ လိုအပ်ပါတယ်။ သံရုံးဝက်ဘ်ဆိုဒ်က ဒီမှာပါ

ဒီလင့်ခ်လေးကတော့ ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတဲ့ ဂျပန်ဧည့်လမ်းညွှန်ဝက်ဘ်ဆိုဒ်မို့ ဇွန်တို့လို ပထမဆုံးအကြိမ်အဖြစ် free & easy သွားရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက် အရမ်းကို အကျိုးရှိအသုံးဝင်ပါတယ်။ ကိုယ်နှစ်သက်ရာ တစ်ရက်စာခရီးစဉ်လေးတွေကိုလည်း အဲဒီမှာ ညွှန်းထားတဲ့ City Discovery ကနေပဲ ကြိုဝယ်သွားလိုက်တာ အစစ အဆင်ပြေပါတယ်။

တိုကျိုခရီးစဉ် မသွားခင်ကတည်း နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်ပြီး သိချင်တာမှန်သမျှ ပြောပြစီစဉ်ပေးတဲ့ သူငယ်ချင်းဘလော့ဂါ ကျော်နှင်းဆီလွင်၊ တနင်္ဂနွေအားလပ်ရက်ကို အနားမယူဘဲ ကာမာကုရကို စိတ်ရှည်သဘောကောင်းစွာ လိုက်ပို့ပေးတဲ့ မောင်ငယ်ဝင်းထွဋ်၊ ၁၆နှစ်တိုင်ကွဲကွာခဲ့ရပေမယ့် တိုကျိုမှာ ပြန်ဆုံပြီး အခင်မင်မပျက် သူငယ်ချင်းနှစ်ယောက်လုံး ဆန္ဒရှိတဲ့နေရာမှန်သမျှကို မညည်းမညူ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ အတန်းဖော်ငယ်သူချင်းအညွန့်တို့ကို အရမ်းပဲ ကျေးဇူးတင်ရပါတယ်။

အခွင့်သာခဲ့မယ်ဆိုရင် အရှေ့စွန်းက နေ၀န်းရဲ့ ကျွန်းမြေဆီ ချယ်ရီပွင့်ချိန် နောက်တစ်ခေါက် ထပ်ပြီးသွားချင်ပါသေးတယ်။း)


ဇွန်မိုးစက်

ရက်စွဲများနှင့် ဖြတ်သန်းခြင်း

6

Category: ,

အချိန်အပိုင်းအစလေးများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ကျွန်မတို့ဘ၀တွင် ရက်စွဲများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်လျက် ရှိကြသည်။

တစ်စုံတစ်ယောက်က ကျွန်မကို အမှတ်ရများဆုံး ရက်စွဲများအကြောင်း မေးလာပါလျှင် မွေးနေ့များဟုသာ ဖြေရပေမည်။ အမှန်တကယ်ပင် ကျွန်မချစ်ခင်ရသော မိသားစု၊ မိတ်ဆွေသူငယ်ချင်းအတော်များများ၏ မွေးနေ့ကို ငယ်စဉ်ကတည်းက မှတ်မိတတ်သည်။ မမေ့ဘဲ အမှတ်ရနေအောင် မှတ်သားထားသည့်အကျင့်ကလည်း ရှိသည်။ ဥပမာ ဒိုင်ယာရီစာအုပ်၏ ရှေ့ပိုင်းစာမျက်နှာတစ်ရွက်ရွက်မှာ ပါတတ်သော တစ်နှစ်စာ ပြက္ခဒိန်ပေါ်မှာ တစ်ယောက်စီ၏ မွေးနေ့ကို လအလိုက် ခဲတံဖြင့် ၀ိုင်းကာ မှတ်သားထားခြင်းမျိုးဖြစ်သည်။

တစ်ချို့မွေးနေ့တွေက အထူးတလည် မှတ်သားစရာမလိုဘဲ အလိုလို မှတ်မိနေတာမျိုးလည်း ရှိသည်။ ကျွန်မ လွန်ခဲ့သော ၁၁နှစ်က စင်္ကာပူရောက်စမှာ ခင်မင်ခဲ့သော အစ်မကြီးတစ်ယောက်၏ မွေးနေ့က ဒီဇင်ဘာ ၇ရက်။ သူနှင့်ကျွန်မ အမြဲအဆက်အသွယ်မရှိသော်လည်း သူ့မွေးနေ့ရောက်တိုင်း ကျွန်မ သတိတရ ဖုန်းကနေ လှမ်းနှုတ်ဆက်ဆုတောင်းပေးသည်ကို လက်ခံရရှိသောသူမက နှစ်တိုင်း အံ့သြသည်။ ပြီးခဲ့သော ၇ရက်နေ့က ကျွန်မကို ဖုန်းပြန်ခေါ်ပြီး ညည်းငါ့မွေးနေ့ကို မှတ်မိနေတယ်နော်ဟု ၀မ်းသာအားရပြောတော့ ကျွန်မ ပြုံးနေမိသည်။ တကယ်တော့ ကျွန်မတို့နှစ်ယောက် လူချင်းမဆုံကြသည်မှာ ၃နှစ်လောက်ပင်ရှိပြီ။ သူ့ကို ကျွန်မ အမြဲသတိမရသော်လည်း သူ့မွေးနေ့ရောက်လျှင်တော့ ထူးထူးခြားခြား သတိရတတ်သည်မှာ ကိုယ့်ကိုယ်ကိုပင် အံ့သြရသည်။

ဟိုအရင်တုန်းကတော့ ကျွန်မက အခြားသူတွေ၏ မွေးနေ့ကို မှတ်မိသလိုမျိုး ကျွန်မ၏ မွေးနေ့ကိုလည်း သူငယ်ချင်းတွေက သတိရတာမျိုး ဖြစ်စေချင်ခဲ့သည်။ အရင်းနှီးဆုံးသူငယ်ချင်းစာရင်းဝင် တစ်ယောက်ယောက်က မမှတ်မိလျှင်တော့ ကျွန်မ စိတ်ဆိုးချင်သည်။ မျက်နှာစာအုပ်ခေတ်မှာတော့ မွေးနေ့ သတိပေး အီးမေးလ်များ ရောက်တတ်သည်မို့ အလုပ်များပြီး မေ့တတ်သူများပင်လျှင် အလွယ်တကူ ဆန္ဒပြုဆုတောင်းဖို့ သတိရသွားတတ်သည်။ မွေးနေ့ကိုသတိမရဘဲ နှုတ်ဆက်ဖို့မေ့လျှင် ကျွန်မလို စိတ်ဆိုးစိတ်ကောက်ချင်သူများရှိကြောင်း မတ်ခ်ဇုက်ကာဘက်က သိနေပုံရသည်။

မွေးနေ့မဟုတ်သည့် အချို့သောရက်စွဲများကိုလည်း ကျွန်မက မှတ်မှတ်ထင်ထင် ရှိတတ်ပြန်သည်။ တစ်ခါတုန်းက ကမာရွတ်မှာ ဖြစ်ပွားခဲ့သည့် ၉တန်းကျောင်းသူလေး အသတ်ခံရသော နိုဝင်ဘာ ၃၀ရက်လိုမျိုး။ ကျွန်မ ဘွဲ့ယူသောနေ့က အောက်တိုဘာ ၃၁ရက်၊ ကျွန်မချစ်သူဖြစ်လာမည့်သူနှင့် ပထမဆုံး ဆုံတွေ့သောနေ့က ဇူလိုင် ၂၂ရက်၊ ကျွန်မ ပထမဆုံးနိုင်ငံရပ်ခြားသို့ ထွက်ခွာသောနေ့က သြဂုတ်လ ၂၄ ရက်၊ ကျွန်မ ချစ်သူနှင့် နောက်ဆုံးတွေ့ဆုံခဲ့သောရက်က ဇန်န၀ါရီ ၁၁ရက်… စသည့်ရက်စွဲများသည် ကျွန်မ အထူးတလည် မှတ်သားထားခြင်းမျိုးမဟုတ်ဘဲ အလိုလို မှတ်မိနေတာမျိုးဖြစ်သည်။

မွေးနေ့မွေးရက်များကို အမှီပြုပြီး ကိန်းဂဏန်းနံပါတ်များသည်လည်း လူအတော်များများကြားတွင် အရေးပါကြပြန်သည်။ ဥပမာ ၇ရက်နေ့မွေးသောသူများသည် ကံကောင်းတတ်ကြပြီး၊ ၉ရက်နေ့ ဖွားမြင်သူများကျတော့ လှုပ်ရှားရုန်းကန်ရသော ဘ၀ကို ပိုင်ဆိုင်ရတတ်သည်ဟု အဆိုရှိကြသည်။ အနောက်တိုင်းလူမျိုးများအတွက် ၁၃ရက် ဒါမှမဟုတ် ဂဏန်းနံပါတ် ၁၃ သည် ကံမကောင်းခြင်းများကို သယ်ဆောင်လာသည်ဟူသော အယူရှိကြပြီး တရုတ်လူမျိုးများအတွက်တော့ ၈ ဂဏန်းသည် ကံကောင်းခြင်းနံပါတ်တစ်ခုဟု ယုံကြည်ကြပြန်သည်။ သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကံကောင်းခြင်းနံပါတ်များကတော့ ထပ်တူမကျနိုင်ပါ။

ကျွန်မကိုယ်တိုင် ရက်စွဲနံပါတ်များအပေါ် အယုံကြည်အစွဲလန်း သိပ်မရှိသော်လည်း ကျွန်မဘ၀မှာ အရေးပါသည်ဟု ထင်ရသော ပြောင်းလဲမှုကြားက တူညီတိုက်ဆိုင်မှုတွေ ရှိနေသော ခုနှစ်ကိန်းဂဏန်း ရက်စွဲတစ်ချို့အပေါ်မှာတော့ စိတ်ဝင်တစား ရှိပါသည်။

၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်သည် ကျွန်မအတွက်တော့ သာမန်ရိုးစင်းသော နေ့ကလေးတစ်နေ့ဖြစ်သော်လည်း MRCP Part II ဖြေဆိုမည့် ကျွန်မသူငယ်ချင်းတစ်ယောက်အတွက် စိတ်လှုပ်ရှားစရာကောင်းသောနေ့ ဖြစ်သည်။ လက်ထပ်မင်္ဂလာပွဲဆင်နွှဲကြမည့် သတို့သား သတို့သမီးတို့အတွက် ရင်ခုန်ပျော်ရွှင်ရသော နေ့ရက်ဖြစ်သော်လည်း ကွာရှင်းပြတ်စဲမည့် ဇနီးမောင်နှံတို့အတွက် စိတ်ထိခိုက်ရသောနေ့ဖြစ်သည်။ ဤကမ္ဘာမြေပေါ်သို့ လူသားငယ်လေးတစ်ဦး ရောက်ရှိလာမည့်နေ့ ဖြစ်သလို ချစ်ခင်သူများကို ခွဲခွာမည့် တစ်စုံတစ်ယောက်၏ နောက်ဆုံးနေ့ရက်လည်း ဖြစ်နိုင်သည်။  

ကျွန်မတို့ဘ၀တစ်လျှောက် ဖြတ်သန်းခဲ့သော အမှတ်တရ ရက်စွဲများပေါ်က အရောင်မတူ သဏ္ဍာန်ကွဲသည့် အရိပ်များသည် သက္ကရာဇ်များတိုး၍ ပြက္ခဒိန်စာရွက်များ ဖြဲဆုတ်ခြင်းခံရသည့်တိုင် စိတ်နှလုံးမှတ်ဉာဏ်မှာ အလိုလို စွဲထင်ကျန်ရစ်နေဦးမှာဖြစ်သည်။


ဇွန်မိုးစက်
 ----------------------------------------------------------------------------------------------------------------------
၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက် အတွက် တီတင့်ရဲ့ တဂ်ပို့စ်လေးပါ။ ရေးဖို့အစီအစဉ်မရှိဘဲ မနက်က AAB ရဲ့ status မှာတွေ့လို့ ခုည ၁၀နာရီမှ ကောက်ရေးဖြစ်သွားတာပါ။ အမှတ်တရ ရေးဖြစ်သွားအောင် သတိတရ တဂ်လှန့်ဆော်သြော်ပေးတဲ့ အန်တီတင့်ကို ကျေးဇူးတင်ပါတယ်။း)

ယွန်းခဲ့သည် အရှေ့စွန်း နေ၀န်း၏ ကျွန်းမြေဆီ (၆)

4

Category:

ဂျပန်ခရီးစဉ်၏ နောက်ဆုံးနေ့တွင် မေမြို့မိုး မဟုတ်သော တိုကျိုမိုးက မရပ်မနား တဖွဲဖွဲရွာသွန်းကာ ခရီးသွားနှစ်ယောက်အား နှုတ်ဆက်လေသည်။ အစီအစဉ်အရ ဟိုတယ်မှ check out လုပ်ပြီး ခရီးဆောင်အိတ်များ အပ်နှံကာ စကိဂျိငါးဈေးသို့သွားပြီးလျှင် တိုကျိုဒစ်စနီလန်းသို့ ဆက်သွားကြမည်။ လေယာဉ်ချိန်မှာ ည ၁၁နာရီခွဲမှဖြစ်၍ ဟိုတယ်သို့ ညနေ၆နာရီအရောက် ပြန်လာပြီး အိတ်များယူ၊ တက္ကစီဖြင့် ဘူတာသို့သွား၊ ထိုမှတစ်ဆင့် ရထားဖြင့် ဟနဲဒါ လေဆိပ်သို့ ဆင်းရန်ဖြစ်သည်။

 စကိဂျိငါးဈေးသို့ရောက်ရန် မီးတစ်ပွိုင့်သာလိုတော့သည်

အနှီခရီးသွားတို့ စကိဂျိငါးဈေးကို မဖြစ်မနေသွားရမည့်အကြောင်းရင်းမှာ နှစ်ချက်ရှိသည်။ တစ်အချက်မှာ ဟိုတယ်မှ ငါးမိနစ်သာသာ လမ်းလျှောက်လျှင်ရောက်သော ကမ္ဘာ့အကြီးဆုံးစာရင်းဝင် နာမည်ကျော် ငါးဈေးကို ရောက်ဖူးချင်၍ဖြစ်ပြီး နောက်တစ်ချက်မှာ ဆူရှီနှင့်ဆရှိမိကို ငါးဈေးတန်းကဆိုင်မှ လတ်လတ်ဆတ်ဆတ် စားချင်သောကြောင့်ဖြစ်သည်။ မိုးဖွဲဖွဲမှာ နှစ်ယောက်သား ထီးဆောင်းကာ ငါးဈေးကို ပတ်ကြသည်။ ငါးဈေးကို လာရောက်ကြည့်ရှုလေ့လာကြသော သူလိုကိုယ်လိုတိုးရစ်တွေက မိုးရွာထဲမှာပင် မနည်းမနော။ 

 ငါးဈေး မျက်စောင်းထိုးမှာရှိတဲ့ ဇန်ဘုရားကျောင်း

ငါးဈေးထဲမှာ

အရွယ်စုံဓါးတွေ ရမယ်နော်

ဝယ်ကြဦးမလား ပင်လယ်စာ

လူအများ တန်းစီစောင့်ဆိုင်းနေသော ထိုဆိုင်ကလေးသည် နာမည်အတော်ကြီးပုံရသည် (ခရီးသွားနှစ်ယောက်လုံး စိတ်ဝင်စားသော်လည်း အချိန်မပေးနိုင်၍ မ၀င်ဖြစ်ခဲ့ပါ)
ဈေးအတန်အသင့်ရှိမည်ထင်သော ဆိုင်မှာဝင်၍ မိုးခိုရင်း မနက်စာအဖြစ် နှစ်ယောက်တစ်ပွဲရှယ်ပြီး မှာစားလိုက်သည်။ ဂျပန်ငါးဈေးနား ဆိုင်ထဲတွင် မိမိမှာလိုသော ဆူရှိနှင့်ဆရှိမိကို ကောင်တာရှေ့မှာ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပြီးမှ ချပေးသည်ကို မြင်ရသော ခရီးသွားတစ်ယောက်၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို လွန်စွာ လွမ်းဆွတ်တမ်းတလျက် ရှိနေတော့သည်။ 

ဒီဆိုင်လေးမှာ စားရအောင်

အဲဒီ့က ခုံတန်းတွေမှာ ထိုင်မလား?
ဟင့်အင်း... ကောင်တာရှေ့တည့်တည့်က ခုံမှာပဲထိုင်မယ်

တစ် နေရာယူ၊ နှစ် အသင့်ပြင်

 သုံး စားနိုင်ပြီ

ဆိုင်မှပြန်ထွက်သော် မိုးသည် စဲမသွားဘဲ သည်းထန်စွာရွာသွန်းလျက်ရှိရာ ခရီးသွားနှစ်ယောက်မှာ ဒစ်စနေလန်းသို့ ဆက်သွားသင့် မသွားသင့် ဆုံးဖြတ်ရန် အခက်ကြုံနေလေသည်။ 

ဟဲ့ နေဦး... ဂျင်းဖတ်ဝယ်သွားလိုက်ဦးမယ် 

မိုးသည်းထဲမှာ ဟိုတယ်၌ ပြန်နေဖို့လည်း မဖြစ်နိုင်။ ချက်ခ်အောက်လုပ်ပြီးဖြစ်၍ နောက်တစ်ခါ ချက်ခ်အင်ဝင်လျှင် တစ်ရက်စာထပ်ပေးရမည်။ ညမအိပ်ရဘဲနဲ့တော့ ပိုက်ဆံထပ်အကုန်မခံချင်။ အပြင်တစ်နေရာမှာပဲ ညနေထိအချိန်ကုန်အောင် လျှောက်သွားရမည်။ သွားစရာ နေရာကလည်း စုံသလောက်ရှိနေပြီမို့ ဒစ်စနေလန်းတစ်ခုသာ ကျန်တော့သည်။ တိုကျိုရောက်ပြီးမှ ဒစ်စနေသို့ မရောက်ခဲ့လျှင် သူများပြောစရာဖြစ်နေဦးမည်။ အို… ရွာချင်သလောက်ရွာ၊ အစိုခံပြီး သွားလိုက်မယ်။ ဖျားချင်ရင်လည်း ဖျားပစေ…ဟု ဒေါင်းတင်မောင်းတင်ကာ ထီးဆောင်းခရီးသွားနှစ်ယောက်သည် ဒစ်စနေမြေသို့ ရထားဆက်စီးကာ ထွက်ခွာလာကြတော့သည်။

ဟယ်... မစ်ကီပုံဖော်ထားတဲ့ ရထားတွဲက ချစ်စရာလေး

ဒစ်စနေလန်းသို့ရောက်သော် မူးတတ်သော ခရီးသွားတစ်ယောက်ကြောင့် ကုန်းဘက်ကို မသွားဘဲ နောက်မှအသစ်ဖွင့်လှစ်သော ဒစ်စနေပင်လယ်ဘက်သို့သာ သွားရန်ဆုံးဖြတ်ကြသည်။ မိုးကား မရပ်မနားရွာဆဲဖြစ်ရာ ထီးဆောင်းရုံဖြင့် မလုံလောက်သော ခရီးသွားတို့သည် မိုးကာအင်္ကျီနှစ်ထည် ၀ယ်လိုက်ရလေသည်။ ဒစ်စနေပင်လယ်ဝင်းကျယ်ကြီးထဲတွင် လာရောက်လည်ပတ်ကြသူများအားလုံးလိုလို မိုးကာ တကားကားဖြင့် သွားလာဆော့ကစားနေကြသည်ကိုမြင်သော် ခရီးသွားနှစ်ယောက် အားတက်သွားပြီး လမ်းတစ်လျှောက် တွေ့သမျှ မှတ်တမ်းတင်၊ ယာဉ်မြင်လျှင်တက်စီး၊ ရုံမြင်လျှင်ဝင်ကြည့်ပြီး မိုးရွာနေသည်ကိုပင် မေ့လျော့သွားကြတော့သည်။
 
ကိုယ်လာပြီ ဒစ်စနေ

လက်မှတ်မ၀ယ်ခင် ဒီနားလေးမှာ ဓာတ်ပုံရိုက်ဦးစို့

ဟယ်... ငါတို့ အီတလီရောက်နေပြီ

ဗင်းနစ်မှာ ဂွန်ဒလားစီးမယ်

လှော်သူရော၊ ခရီးသည်ပါ မိုးရွာထဲမှာ စီးကြတယ်

လှည့်ပတ်ကြည့်ရှုဆော့ကစားစီးဖို့တွေ များပြားလွန်းရကား တစ်ရက်တာနှင့်ပင် မလောက်ငှချင်။ မိုးတစိုစိုနှင့်မို့ အချို့နေရာတွေမှာ ကြန့်ကြာမှုရှိသွားရတာလည်းပါသည်။ အမေရိကန်တံငါရွာ၊ မြေထဲပင်လယ်ဆိပ်ကမ်း၊ ပျောက်ဆုံးသွားသော မြစ်ဝကျွန်းပေါ်၊ အာရေးဗီးယန်းကမ်းခြေ၊ ရေသူမကန်ငယ်နှင့် ထူးဆန်းထွေလာ ကျွန်းမာယာ စသည့်ဖြင့် သူ့နေရာနှင့်သူ စိတ်ဝင်စားစရာ ကောင်းသည်ချည်းဖြစ်သည်။  

 Hangar Stage ၏ ဖျော်ဖြေတင်ဆက်မှုမြင်ကွင်း (ဤဓာတ်ပုံတွင် အမှတ်မထင်ဘဲ ၀င်ပါနေသော အမျိုးသမီးမှာ စာရေးသူတို့နှင့် လားလားမျှ မပတ်သက်ကြောင်း အသိပေးအပ်ပါသည်)

မာယာမြို့ဟောင်းလည်းရှိတယ်

အာရပ်ပြည်ကို ကပ္ပတိန်လေးဆင်းဘတ်နဲ့ လည်လည်သွားခဲ့သေးတယ်

မစ္စတာဂျူံးစ်နဲ့အတူတူ စွန့်စားမယ်

ကမ္ဘာ့အလယ်ဗဟိုချက်ထိလည်း ခရီးဆန့်လိုက်ဦးမယ်

စကားပြန်မပါလာသော ဤခရီးသွားနှစ်ယောက်အတွက် အနည်းငယ် ဖီလင်အောက်သည်မှာ ၀န်ထမ်းများအားလုံးက ဂျပန်လိုပြောဂျပန်လိုသီချင်းဆို ဂျပန်လိုဖျော်ဖြေကပြသီဆိုကြခြင်းဖြစ်ရာ အဓိပ္ပာယ်ကို ကောင်းစွာနားမလည်၍ မှန်းသန်းကာ နားလည်ချင်ယောင်ဆောင်ပြီး လက်ခုပ်လက်ဝါးတီးပေးရခြင်းဖြစ်သည်။ ဗင်းနစ်မြို့ပုံတူမှာ ဂွန်ဒလားစီးကြသော် လှေလှော်ရင်း ဗင်းနစ်မြို့အကြောင်း ဂျပန်လိုပြောကာ အီတာလျံသီချင်းကို ဂျပန်ဘာသာဖြင့် ပြန်ဆိုသည်ကိုကြားရသော် ခရီးသွားတို့ မချင့်မရဲဖြစ်ကြသည်။ အန္တရာယ်ကင်းခါးပတ် ပတ်ခိုင်းရာ၊ မိုးကာချွတ်ခိုင်းရာ အားလုံးလိုလို ဂျပန်လိုပြောခြင်းဖြစ်၍ ခရီးသွားတို့မှာ အူကြောင်ကြောင် မျက်နှာပေးဖြင့် ပြန်ကြည့်သော်မှ အပြည်ပြည်ဆိုင်ရာ လက်ဟန်ခြေဟန် ဘာသာစကားကို အသုံးပြုပေးကြတော့သည်။

မယ်ရီဂိုးရောင်းလည်း အလွတ်မပေးခဲ့ပေါင်

တိုက်တန်းနစ်မဟုတ်တဲ့ ယူအက်စ်ကိုလံဘီယာ သင်္ဘောကြီး

ပြန်ရမှာ နှမြောလိုက်တာ၊ မီးပန်းဖောက်တာတွေ မကြည့်ရတော့ဘူး

ငါးရက်ဆက်တိုက် မရပ်မနား သွားလာလှုပ်ရှားထားသောကြောင့် အတော်လေး ပင်ပန်းနွမ်းနယ်နေကြသော်လည်း ခရီးသွားနှစ်ယောက်မှာ ဒစ်စနေပင်လယ်ထဲမှ တော်တော်နှင့် ပြန်မထွက်နိုင်ကြ။ ဒါလေးဝင်ကြည့်ပြီး ပြန်မယ်၊ မပြန်ခင် ဟိုမှာ ဓာတ်ပုံရိုက်ရအောင်၊ ဒီတစ်ခါ နောက်ဆုံးအနေနဲ့ ရေနွေးငွေ့သင်္ဘောလေးတော့ စီးဦးမှ ….။ ယခင် ၆နာရီပြန်ထွက်မည်ဟု တိုင်ပင်ထားသော်လည်း ၆နာရီခွဲသည်အထိ မပြန်နိုင်သေး။ သို့သော် နောက်ဆုံးနေ့တွင် ဒစ်စနေမှာ အလည်လွန်ပြီး မြို့ထဲပြန်ရောက်တာနောက်ကျသွား၍ လေယာဉ်လွဲသည်အထိ ဖြစ်သွားလျှင် ကျော်မကောင်း ကြားမကောင်း ဖြစ်မှာစိုးသည်နှင့် စိတ်ကို ဒုံးဒုံးချပြီး သံယောဇဉ်ဖြတ်ကာ ဒစ်စနေမှ မပြန်ချင့်ပြန်ချင်ဖြင့် လှည့်ပြန်လာရလေသည်။

ငါးညတိုင်တိုင် အနားယူ အိပ်စက်ခဲ့တဲ့ ဟိုတယ်ကို ပြန်ခါနီး မှတ်တမ်းယူ

အပြန်ခရီးတွင် နှစ်ဆတိုးပွားလာသော ခရီးဆောင်အိတ်များကို ဟိုတယ်မှ ပြန်ဝင်ယူပြီး လေဆိပ်ကို မိုနိုမီးရထားဖြင့် ဆင်းခဲ့ကြသည်။ 

 ဟနဲဒါလေဆိပ်ရောက်ပြီ

အလာတုန်းက အင်မီဂရေးရှင်းမှာ အစစ်အဆေး အမေးအမြန်း မကြုံခဲ့ဘဲ အပြင်သို့ မြန်မြန်ဆန်ဆန်ထွက်နိုင်ခဲ့သော်လည်း အဲလိုင်းမှာ ချက်ခ်အင်ဝင်သော် မထင်မှတ်ဘဲ ကြန့်ကြာနေလေသည်။ အကြောင်းမှာ အင်္ဂလိပ်စကားကို အမေရိကန်လေသံဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်သော လေကြောင်းလိုင်းဝန်ထမ်း အမျိုးသမီးချောချောလေးက မြန်မာပတ်ပို့စ်ကိုကြည့်ပြီး ကွန်ပျူတာကို တချောက်ချောက်နှိပ်ကာ ခေါင်းစားနေခြင်းကြောင့်ဖြစ်သည်။ လူမျိုး မြန်မာ၊ နေထိုင်သည်က စင်္ကာပူ၊ ကိုင်ဆောင်သည်က မြန်မာနိုင်ငံကူးလက်မှတ်... ထိုအထိတော့ အိုကေသည်။ အဲ… နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်နိုင်ငံက စင်္ကာပူဖြစ်နေသည်ကို သူမ နားလည်ပုံမပေါ်၍ အခြားဝန်ထမ်းတစ်ယောက်ကို လှမ်းမေးသည်။ ပြီးတော့ စင်္ကာပူ၏ အမြဲနေထိုင်ခွင့်ကတ်လေးကိုကိုင်ပြီး နိုင်ငံပေါင်းစုံမှ ကတ်ပေါင်းများစွာ၏ မိတ္တူတွေကူးထည့်ထားသော အနားရှိ ဖိုင်တစ်ဖိုင်ကိုဖွင့်ကာ တိုက်စစ်သည်။ တူပြီဆိုသောအခါမှ ကတ်ပြန်ပေးပြီး အချိန်ကြန့်ကြာသွားသည့်အတွက် တောင်းပန်စကားပြောကြားသည်။ 

Boarding Pass ကိုယ်စီရသောအခါမှ ဟင်း...ချပြီး ညစာစားရန် အပေါ်ထပ်သို့ တက်ကြသည်။ အနှီခရီးသွားနှစ်ယောက်ထဲက တစ်ယောက်မှာ ဟနဲဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟုပါသော စာသားနှင့် ဓာတ်ပုံရိုက်ချင်သည်ဆို၍ စာသားပါသော အအေးဗူးထုတ်စက်မှာ စိတ်လက်လက်ရှည်ဖြင့် လူရှင်းသည့်တိုင် စောင့်ဆိုင်းပြီး ဓာတ်ပုံရိုက်ပေးခဲ့ရသေးသည်။

 ဂျပန်မြေပေါ်က နောက်ဆုံးညစာ

လေဆိပ်နှင့်မတူ တမူထူးခြားနေသော ဂျပန်ရိုးရာ အငွေ့အသက် အပြင်အဆင်များနှင့် ဟနဲဒါကို တခမ်းတနားနှင့် နေရာတကာ ကော်ဇောခင်းကာ သွေးကြီးပုံဆောင်သော ချန်ဂီထက် ပိုချစ်သည်

 တကယ့်ကို အဆုံးမရှိအောင် လည်ပတ်ကြည့်ရှုစရာတွေ များလှတဲ့ နေ၀န်းရဲ့တိုင်းပြည်ပါပဲ

 ဆာယိုနာရာ... နိပွန်

အလာတုန်းက လူနည်းသဖြင့် အလယ်လေးခုံမှာ တစ်ယောက်စီ နေရာယူကာ အိပ်စက်ကြသော ဂျပန်ခရီးသည်များလို ပြုမူလုပ်ဆောင်ရန် နှစ်ယောက်သား တိုင်ပင်ထားသော်လည်း အပြန်လေယာဉ်မှာ လူအပြည့်ဖြစ်နေ၍ အခွင့်မသာခဲ့။ အအေးမိမှာစိုး၍ တစ်နေကုန် မိုးစိုခဲ့သော ခြေအိတ်ကို လေယာဉ်ပေါ်ရောက်မှ လဲရသည်။ ခရီးစဉ်တစ်လျှောက် ပင်ပန်းညောင်းညာခဲ့သော ခြေထောက်နှစ်ချောင်းခမျာ လေယာဉ်ပေါ်ရောက်မှပင် ခြေဆန့်အနားယူခွင့် ရရှာသည်။ သူမဘေးမှ ခရီးသွားဖော်ကတော့ လာကျွေးသောမုန့်ပင်မစားနိုင်၊ မျက်လုံးစုံမှိတ်ကာ အိပ်နေလေပြီ။ ခရီးသွားလျှင် အိပ်မပျော်တတ်သော သူမကတော့ မုန့်စားရင်း အီကလဲဟု အမည်ရသော ဂျပန်ကားလေးတစ်ကားကို ကြည့်ရှုရင်း အရှေ့စွန်းမှသည် တောင်ဘက်အီကွေတာအရပ်သို့ စီးနင်းလိုက်ပါလာခဲ့တော့သည်။ 



ဇွန်မိုးစက်
-------------------------------------------------------------------------------------------------------------------
တိုကျိုခရီးစဉ်အကြောင်း ဇွန် အစက ရေးဖို့ မရည်ရွယ်ထားပါဘူး။ (တစ်ခြားကြောင့် မဟုတ်ပါဘူး၊ ခရီးသွားပို့စ်တွေက တစ်ခါရေးရင် လေး၊ငါး၊ဆယ်ပိုင်းလောက်အထိ ဖြစ်သွားတတ်လို့ပါ။ ပြီးတော့ ဓာတ်ပုံတွေတင်ဖို့ ပုံတွေထောင်ချီတဲ့အထဲကမှ ပြန်ရွေးရ၊ file size တွေ ပြန်ချုံ့ရနဲ့မို့ တော်တော်လေး အချိန်ပေးရပါတယ်။) သူငယ်ချင်း ညိုလေးနေက မရေးဖြစ်ရင် ငါတို့ခရီးစဉ်လေး နှမြောစရာဖြစ်မယ်ဆိုပြီး သူက စရေးလိုက်ပါတယ်။ သူရေးဖြစ်တော့ ဒါဆို ငါတို့နှစ်ယောက်လုံး မပင်ပန်းအောင် တစ်ယောက်တစ်ပိုင်းစီ ခွဲရေးကြရအောင် အကြံပြုပြီး နောက်တစ်ပိုင်းကို ဇွန် ရေးလိုက်ပါတယ်။ စုစုပေါင်း သွားခဲ့တဲ့ရက်က ၆ရက်မို့ တစ်ယောက်ကို သုံးရက်စီရေးလို့ အဆင်ပြေသွားပါတယ်။ ဒီလိုလေးရေးဖြစ်သွားတာ သူငယ်ချင်းနှစ်ယောက်အနေနဲ့ အမှတ်တရလည်းဖြစ်၊ ခရီးသွားပို့စ်တစ်ပုဒ်တည်းကိုပဲ ဘလော့ဂါနှစ်ယောက်အနေနဲ့ တစ်ရက်စီခွဲပြီး တွဲရေးလိုက်တာမို့ ထူးခြားမှုလည်း ရှိသွားပါတယ်။ တစ်ယောက်အချောသတ်ရေးပြီးတဲ့အခါ Publish မလုပ်သေးဘဲ နောက်တစ်ယောက်က ထိုင်စောင့်ပြီး ဖတ်ပေးပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး လိုအပ်လွဲမှားနေတာလေးတွေရှိရင် အပြန်အလှန် ပြင်ပေးလို့ရအောင်ပါ။ 

အပိုင်း (၁) ကနေ အပိုင်း (၆) အထိ စဉ်ဆက်မပြတ် လာရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူများအားလုံးကို ဇွန်မိုးစက်နဲ့ညိုလေးနေက ကျေးဇူးတင်ပါတယ်လို့…။း))